← Chapters

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း (၁၃၅၁) မျှခြေထိန်းသိမ်းသူ

လူတိုင်းက ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လီတောင်တန်းရဲ့ အကြီးအကဲလေးယောက် အခုဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

“ကျုပ်တို့လေးယောက် သွားမှာမဟုတ်ဘူး” ချွေ့မင်ကွမ်းက ပြောလိုက်သည်။

ဤနေရာသို့လာစဉ် သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက် အချိန်းအချက် ပြုလုပ်ပြီးဖြစ်ကာ သူတို့အချင်းချင်း၏ လုပ်ရပ်ကို သဘောမတူခဲ့တာ သိသာ၏။ သူတို့အားလုံး သဘောထား တိုက်ဆိုင်တာကို မြင်တွေ့ရတာ ရှားပါးလွန်းပေသည်။

လုကျိုးက သူတို့လေးယောက်ကို ပြောလိုက်တော့သည်။ “ဂူသင်္ချိုင်းက သက်ရှိတွေအတွက် နေရာ မဟုတ်ဘူး”

အကြီးအကဲလေးယောက်က တပြိုင်နက်တည်း ကန်တော့လိုက်တော့သည်။

“ဂုဏ်ထူးဆောင်နှောင်းဧကရာဇ်က ကျုပ်တို့လေးယောက်အပေါ် ကြင်နာခဲ့တယ်။ အရှင်မင်းကြီးကြောင့်သာ မဟုတ်ရင် လီတောင်တန်းရဲ့အကြီးအကဲလေးယောက် ရှိလာမှာမဟုတ်ဘူး။ ချန်းပေ့က ကျုပ်တို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်” ချွေ့မင်ကွမ်းက ပြောလိုက်၏။

တကယ်တော့ လုကျိုးသည် လီတောင်တန်း၏အကြီးအကဲလေးယောက်အပေါ် အငြိုးအတေးမရှိ။ သူတို့က ပုံစံ မတူတာဖြစ်သည်။ ထို့အပြင် သူတို့ကို မုန့်မင်ရှစ်က ထိန်းချုပ်ထားတာဖြစ်သည်။ သူတို့အပြစ်ပေးခံထားရပြီးဖြစ်၏။ သူတို့မွေးဖွားဇယားချပ်များစွာ ဆုံးရှုံးခဲ့သည်။

ကျီရှစ်က ပြောလိုက်တော့သည်။ “ကျုပ်တို့ ကတိတည်ပြီး ခင်ဗျားကို ဂူသင်္ချိုင်းထဲ လမ်းပြခဲ့ပေးတယ်။ စကားတည်ဖို့ မျှော်လင့်ပါတယ်။"

ချင်ရန်ယွဲ့၏မျက်လုံးထဲတွင် သဘောမတွေ့သည့်အရိပ်အယောင်ပေါ်လာ၏။ “ခင်ဗျားတို့မှာ ဒါကို ပြောပိုင်ခွင့်ရှိလို့လား။ ခင်ဗျားတို့လေးယောက် မရှိရင်တောင် ကျုပ်တို့တွေ သခင်လေးကျောင်းရဲ့ အကူအညီနဲ့ ဒီနေရာကိုလာနိုင်သေးတယ်။ ဒါ့အပြင် အစ်ကိုလုက အစွမ်းထက်လွန်းလို့ ယင်ကောတောင် သူ့ကို ကြောက်ရွံ့ရတယ်။ ခင်ဗျားတို့ အကူအညီမပါရင်တောင် ဒီစုတ်ချာတဲ့အုတ်ဂူထဲလာဖို့ အစ်ကိုလုကို တားနိုင်မယ်လို့ ထင်နေလား” စိတ်ထဲတွင် သူ ထပ်ထည့်ပြောလိုက်သည်။ ဒါ့အပြင် အစ်ကိုလုမှာ ကံမီးတောက်တပည့်တစ်ပုံကြီးနဲ့။ နောင်ကျ အထွတ်အထိပ်အဖြစ်တည်ရှိနိုင်တဲ့ မဟာလေဟာနယ်မျိုးစေ့ရှိတဲ့ တပည့်တွေ ပိုင်ဆိုင်ထားတာ။

လီတောင်တန်း၏ အကြီးအကဲလေးဦး၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင် လှစ်ကနဲ ပေါ်လာတော့သည်။

လုကျိုးက ပြောလိုက်တော့သည်။ “ငါက အမြဲတမ်းစကားတည်တယ်။ မင်းတို့နေချင်တယ်ဆိုရင် နေ”

ထိုစကားကို ကြားသောအခါ ချင်ရန်ယွဲ့က ပြောလိုက်သည်။ "အစ်ကိုလု ဒါက တော်ဝင်ဂူဗိမာန်။ ယင်ကောက ဒီမှာရှိနေတာ။ သူတို့တွေ တစ်နည်းနည်းနဲ့ ယင်ကောကို အသုံးချခဲ့မယ်ဆိုရင် ...”

ဆရာသခင်တစ်ပါးအနေဖြင့် ချင်ရန်ယွဲ့က အကောင်းမြင်နိုင်မှာမဟုတ်ပေ။ လူသားတို့၏နှလုံးက မှန်းဆ၍မရ။ တစ်ခါတရံတွင် သတိထားနေဖို့လိုအပ်သည်။

ကျီရှစ်က အလျင်စလိုပြောလိုက်သည်။ “ဆရာသခင် ခင်ဗျားက စိုးရိမ်လွန်းနေတာပဲ။ ပြောရရင် ချောက်တံခါးပိတ်ပြီးတာနဲ့ ကျုပ်တို့တွေ ထဖွင့်နိုင်တော့မှာ မဟုတ်ဘူး။ ကျုပ်တို့ထွက်သွားနိုင်ခဲ့ရင်တောင် ယင်ကောနား မကပ်နိုင်ပါဘူး။ ဒုတိယအချက်က ယင်ကောက ချန်းပေ့ကို ကြောက်လန့်နေတာ။ ကျုပ်တို့ တစ်ခုခုလုပ်ခဲ့ရင် ကိုယ့်သေတွင်းကိုယ်တူးနေတာာ မဟုတ်ဘူးလား။ နောက်ဆုံးအချက်ကတော့ ကျုပ်တို့တွေ အသက်ဆက်မရှင်ချင်တာကြောင့် ဒီမှာနေတာပါ။ ဒီလိုသာဆို ကျုပ်တို့တွေ လှည့်စားနေစရာ အကြောင်းရှိပါဦးမလား”

ချင်ရန်ယွဲ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ကျုပ် တကယ်နားမလည်နိုင်ဘူး။ ဂုဏ်ထူးဆောင်နှောင်းဧကရာဇ်ရဲ့ခန္ဓာတောင် ဒီမှာမရှိတာတောင် အုတ်ဂူအလွတ်ကို စောင့်ကြပ်နေလို့ ဘာအကျိုးထူးမှာမလို့လဲ”

ချွေ့မင်ကွမ်းက သက်ပြင်းချပြီးပြောလိုက်သည်။ "အခု ဒီနေရာကနေထွက်သွားရင်တောင် ကျုပ်တို့ဘာလုပ်နိုင်မှာလဲ”

ချွေ့မင်ကွမ်း၏စကားသည် ချင်ရန်ယွဲ့အား သူတို့ကို အမေးဆက်မထုတ်နိုင်အောင် တားမြစ်လိုက်၏။ သူလည်းစိတ်ထဲမထားတော့ပေ။ သူက လှည့်ထွက်ပြီးပြောလိုက်၏။ "သွားကြမယ်။"

ဓားသမား၄၉ယောက်က တညီတညွတ်တည်း ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့။"

ဝှစ်

ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ယောက်သည် အုတ်ဂူထဲမှ ပျံသန်းလာ၏။ လုကျိုးသည် အပေါ်က ဖြာကျနေသည့် အလင်းတန်းနှင့် ကျောက်တလားနှစ်ခုကိုကြည့်ကာ သူ့စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာ၏။ ငါ အရင်တုန်းက ဒီနေရာကိုလာခဲ့ဖူးလား။

“ရှစ်စွင်း” ရှောင်ယွမ်အာ၏စကားသည် သူ့အသိစိတ်ကို ပြန်ကပ်လာစေ၏။ သူက ခြေအသာ ဖော့နင်းလျက် အုတ်ဂူထဲမှ ပျံသန်းလာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည်လည်း သူ့နောက်မှနီးကပ်စွာလိုက်ပါလာသည်။

ကျောက်တလားအပြင်ဖက်သို့ ဆင်းသက်ပြီးနောက် လုကျိုးက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။

ကျားဖြူနဂါးကျောက်စိမ်းသည် ကျောက်တံခါးကနေ ပြန်ထွက်လာပြီး ပြုတ်ကျချိန်၌ ၎င်းက အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

ဘီး

ကျောက်တံခါး ပိတ်သွားသောအခါ လူတိုင်းသည် တံခါး၏အက်ကွဲကြောင်းကနေ လီတောင်တန်း၏ အကြီးအကဲလေးယောက်ကို ကြည့်လိုက်လေ၏။ သူတို့မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေသေးဆဲဖြစ်ကာ ခေါင်းတလားကို မျက်နှာမူလျက် တပြိုင်နက်တည်း ကန်တော့လိုက်ကြသည်။

ကျောက်တံခါးနောက်ဆုံး၌ ပိတ်သွားပြီးနောက် ယင်ကောကို ချောင်းကြည့်လိုက်ကြသည်။ သူက ထိုနေရာတွင် ရှိနေသေးဆဲဖြစ်သည်။

လုကျိုးနှင့်ချင်ရန်ယွဲ့က ကျန်သည့်သူများကို ဂူတံခါးအပြင်ဖက်သို့ ခေါ်သွားလိုက်၏။

လုကျိုးနှင့်ကျန်သည့်သူများထွက်သွားပြီး မကြာမီ အကြီးအကဲလေးဦးသည် အုတ်ဂူထဲရှိ ဆူညံသံတစ်သံကို ကြားလိုက်ရသည်။

ပြီးနောက် သူတို့ကြည့်နေချိန် စတေးခံစစ်သည်တော်သောင်းချီက အသက်ဝင်လာလျက် သူတို့၏ ပုဆိန်များကို တညီတညွတ်တည်းမြှောက်ကာ ရွှံ့သားများကို ခုတ်ပိုင်းနေတာကို တွေ့လိုက်ရ၏။ ပြီးနောက် အသံတစ်သံ ပေါ်ထွက်လာ၏။ “ဆိုးယုတ်သူရောက်လာပြီ လောကကြီး အဆုံးသတ်တော့မယ်”

လီတောင်တန်း၏ အကြီးအကဲလေးဦးသည် အထိတ်တလန့် ထရပ်ပြီးနောက် အလျင်စလို နောက်ဆုတ်သွားကာ မဟာရန်သူကို ရင်ဆိုင်နေရသည့်ပမာ စတေးခံစစ်သည်များကို ကြည့်လိုက်၏။

သူတို့သည် ဂုဏ်ထူးဆောင်နှောင်းဧကရာဇ်နောက်လိုက်ပြီး ကုန်းမြေကို အုပ်စိုးခဲ့ကြသည့် စစ်သည်များပဲဖြစ်သည်။ သူတို့က ရဲစွမ်းသတ္တိရှိကာ အကြောက်တရားကင်းမဲ့ပြီး တိုက်ရည်ခိုက်ရည် ထူးချွန်သည်။ သို့သော် သူတို့အားလုံးယခုအချိန်တွင် သူတို့အားလုံး၏မျက်နှာထက်၌ ကြောက်ရွံ့သည့် အမူအရာ ရှိနေပြီး ခန္ဓာကိုယ်များတုန်ယင်နေတော့သည်။

ပြီးနောက် သူတို့သည် သူတို့ကို လွှမ်းခြုံထားသည့် ရွှံ့စေးများနည်းတူ ပြိုလဲသွားကြပြီး သေသွားကြပြန်၏။ ခဏအတွင်း စတေးခံစစ်သည်တစ်သောင်းကျော်က ကျောက်စကျောက်နအဖြစ် ပြောင်းလဲသွားတော့သည်။

လုကျိုးနှင့်ချင်ရန်ယွဲ့က ဦးဆောင်လျက် လူတိုင်းသည် ဂူသင်္ချိုင်းထဲမှ ဘေးကင်းစွာထွက်လာခဲ့သည်။

လူတိုင်းသည် ဂူသင်္ချိုင်းအပြင်ဖက်သို့ရောက်သောအခါ လတ်ဆတ်သောလေကို အားရပါးရ ရှူသွင်းလျက် တောက်ပသောနေရောင်ခြည်ကို ခံစားနေကြသည်။ သူတို့ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရ၏။ ဂူသင်္ချိုင်းထဲတွင် ရှိနေသည့်အချိန်က မတူညီသည့်ဘဝလိုပင်။

“အပြင်ကို ရောက်လာတာကကောင်းလိုက်တာ” ရှောင်ယွမ်အာက ပြုံးလျက် ပြောလိုက်တော့သည်။

“ညီမလည်း သဘောတူတယ်” ခရုလေးက ပြန်ပြောလိုက်သည်။

ချင်ရန်ယွဲ့သည် ကံမီးတောက် ပိုင်ဆိုင်ထားသည့် လုကျိုး၏ တပည့်များကို ကြည့်မိချိန်၌ တကယ် အားကျနေမိသည်။ သူ့၌ကံမီးတောက်ရှိသည့် တပည့်တချို့ ရှိနေပါက ချင်မျိုးနွယ်ကို စိုးရိမ်ပူပန်စရာ မလိုအပ်တော့ပေ။ သူတို့ကဲ့သို့ပါရမီရှိသည့် တပည့်များကို ရှာတွေ့နိုင်ဖို့က တကယ်ခက်ခဲသည်။ စိတ်ထဲတွင် ထိုအတွေးဖြင့်သူက ချင်မော့ရှန်းကို သတိရကာ သက်ပြင်းချလိုက်တော့သည်။

ချင်ရန်ယွဲ့သည် ဝေဟင်ကို မော့ကြည့်လျက် မေးလိုက်လေ၏။ “အစ်ကိုလု ကျုပ်ရဲ့လေ့ကျင့်ရေးခန်းမကို လာလည်ပါလား”

လုကျိုးသည် ချက်ချင်းမတုန့်ပြန်ခဲ့ပေ။ သူက ကောင်းကင်ကိုမော့ကြည့်ပြီး သူ့ဖာသာသူတွေးလိုက်၏။ “ငါတို့ထွက်လာတုန်းက ကောင်းကင်မှာ တိမ်မရှိသေးဘူး။ အခုတိမ်တွေပိုစုဝေးလာပြီ။ ရာသီဥတုက တကယ်ထူးဆန်းတယ်”

ထိုစဉ် လေပြည်အေးတချက် တိုက်ခတ်လာလေ၏။

“ရာသီဥတုက တကယ်ပြောင်းလဲတာပဲ။ ဒီနေရာက မြန်မြန်သွားကြမယ်” ရှောင်ယွမ်အာက ပြောပြီးနောက် လုကျိုးဆီ ပြေးသွားလိုက်၏။ ပြီးနောက် သူမ နတ်ခြင်္သေ့ကို ဝေ့ယမ်းလိုက်၏။ နတ်ခြင်္သေ့က နာနာခံခံ ပျံသန်းလာသည်။

လုကျိုးက ခေါင်းညိတ်လိုက်တော့သည်။ “ဒါ ငါ့ရည်ရွယ်ချက်ပဲလေ”

ဝှစ်

နောက်ထပ်လေအေးတချက် ဖြတ်တိုက်သွားတော့သည်။

မင်ရှစ်ရင်က တုန်ယင်နေတော့သည်။ “ဒီသောက်ရာသီဥတုက ဘာဖြစ်နေတာလဲ”

သူတို့က ကျင့်ကြံသူများဖြစ်၏။ သူတို့အအေးဒဏ်ကိုခံနိုင်သည်။ သို့သော် ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် သူတို့မူမမှန်မှုကို ရှာမတွေ့ခဲ့ကြပေ။ အဆုံးကျ သူတို့ချင်မျိုးနွယ်ဆီသို့ သွားလိုက်ကြသည်။

တစ်ချိန်တည်းတွင် မိုင်ပေါင်းထောင်ချီအကွာရှိ ဝေဟင်ထဲတွင်ဖြစ်သည်။

စစ်ပုဆိန်ရှည်ကို ကိုင်ဆောင်ထားသည့် ဝတ်ရုံဖြူကျင့်ကြံသူတစ်ယောက်သည် ဥက္ကာခဲတစ်စင်းပမာ တိမ်တိုက်များကြား ဖြတ်သန်းလာ၏။ ဝတ်ရုံဖြူကျင့်ကြံသူ ရပ်တန့်လိုက်ချိန်တွင် သူ၏တောက်ပသောအကြည့်က မြေပြင်ကို သိမ်းကြုံးကြည့်သွားလေ၏။ ဝတ်ရုံဖြူကျင့်ကြံသူသည် လီတောင်တန်းကို ကြည့်မိချိန်၌ မျက်မှောင်တချို့ကျုံ့မိသွားသည်။ သူက အဆောင်ကိုထုတ်ကာ မီးမြှိုက်ပြီး ပြောလိုက်တော့သည်။ “အစိမ်းရောင်ကြာနယ်မြေထဲက မျှခြေမညီမျှမှုက ပိုဆိုးလာတာပဲ။ လောကကြီးရဲ့ ပျက်စီးမှုကို ဆောင်ယူလာမှာ စိုးရိမ်မိတယ်။ နောက်ထပ်ဘာလုပ်သင့်လဲ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ”

ခဏအကြာတွင် အဆောင်က ပိုတောင်တောက်ပစွာ လောင်ကျွမ်းလာပြီး လေထဲ၌ အသံတစ်သံ ပေါ်ထွက်လာသည်။

“ဖျက်ဆီးခြင်း ထောက်တိုင် ၁၀ခုကိုကြည့်ကြည့်။ မူမမှန်တာတွေ့ရင် ချက်ချင်း သတင်းပို့”

ဤနည်းဖြင့် ဝတ်ရုံဖြူကျင့်ကြံသူသည် မီးငြိမ်းပြီးနောက် အသက်ရှိုက်စာအတွင်း သူသည် လီတောင်တန်းပေါ် ဆင်းသက်ပြီးနောက် တော်ဝင်ဂူဗိမာန်အတွင်းဝင်ရောက်သွား၏။ ခဏတဖြုတ် ကြည့်ပြီးနောက် တစ်စုံတစ်ခုကိုအာရုံခံမိကာ မျက်လုံးအနည်းငယ်ပြူးကျယ်သွားတော့သည်။

“ဖုတ်ကောင်ဘုရင်လား” သူ့အမူအရာက လေးနက်တည်ကြည်သွားလျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့သည်။ “ဒီနေရာမှ ဖုတ်ကောင်ဘုရင်ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး။" သူ အချိန်တချို့ဖြတ်သန်းသွားပြီးနောက် သစ်သားတံတားပေါ်ရောက်သွားတော့သည်။ သူ ငုံ့ကြည့်မိချိန်တွင် သံကြိုးလေးခုဖြင့် ထိန်းချုပ်ခံထားရသည့် ယင်ကောကို မြင်သောအခါ မျက်မှောင်ကျုံ့မိသွားသည်။ "ယင်ကော”

ထိုစဉ် ‌ယင်ကော၏မျက်လုံးက ပွင့်လာ၏။ သူက ဝတ်ရုံဖြူကျင့်ကြံသူကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး အစွယ်ထုတ်လျက် ဟိန်းဟောက်လိုက်သည်။ “လူသား မင်းရဲ့အပြစ်ကိုသိလား”

ယင်ကောက မြှားတစ်စင်းပမာ ပေါ်ထွက်လာလျက် သွားအဖြီးသားဖြင့် မေးရိုးကိုဟလိုက်သည်။ ချိန်းကြိုးလေးခုကြောင့် မြဲမြံစွာချုပ်နှောင်ခံထားရပြီး ရှေ့ဆက်မသွားနိုင်ပေ။

ဝတ်ရုံဖြူကျင့်ကြံသူက အသံတိုးတိုးဖြင့်ပြောလိုက်တော့သည်။ “ဒီတော့ ထိန်းချုပ်ခံထားရတာကိုး”

ယင်ကောသည် အိပ်စက်နေရာမှနိုးလာပြီးနောက် ဒေါသထွက်သွားပြန်၏။ သူက ရုန်းကန်နေကာ ဝတ်ရုံဖြူကျင့်ကြံသူကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

ဝတ်ရုံဖြူကျင့်ကြံသူက ယင်ကော ဤမျှရန်လိုနေလိမ့်မည်ဟု မထင်ထားပေ။ သူက သိချင်စိတ် မရှိတော့ဘဲ ယင်ကောကို စိတ်ထဲမထား။ ထိုအစား ရှေ့သို့ပျံသန်းသွားလျက် အုတ်ဂူထဲဝင်ရန် ရည်ရွယ်လိုက်သည်။

ဘန်း

ကျောက်တုံးပေါ်တွင် မြှုပ်နှံထားသည့် ကျားဖြူရစ်ခွေကျောက်စိမ်းက လင်းလာလျက် သူ့ကို အထဲမဝင်အောင် တားလိုက်သည်။

‌ဝတ်ရုံဖြူကျင့်ကြံသူက မျက်မှောင်ကျုံ့မိသွား၏။ “သီးခြားလေဟာနယ် အစီအရင်လား”

နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သော်ငြား သူ မဝင်နိုင်ခဲ့ပေ။ အကြိမ်အနည်းငယ် ရှေ့နောက်ပျံသန်းပြီးနောက် သူ လက်လျှော့လိုက်ရသည်။ သူ ငုံ့ကြည့်မိချိန်တွင် မြေပြင်ပေါ်ရှိ ကျားဖြူကျောက်စိမ်းအပိုင်းအစကို တွေ့လိုက်ရသည်။ ထိုစဉ် သူသည် နောက်ဆုံး၌ မကောင်းဆိုးရွားများ၏ လောင်ကျွမ်းနေသော အလောင်းများကိုလည်း သတိပြုမိသွား၏။ ခြေရာလက်ရာများက သစ်နေသေးသည်။ တစ်စုံတစ်ယောက် ဤနေရာသို့ ရောက်လာပြီး ထွက်သွားတာ သိသာ၏။

‌ဝတ်ရုံဖြူကျင့်ကြံသူက ယင်ကောဆီသွားလိုက်သည်။ “မင်းကိုမေးဦးမယ်”

ထန်း ထန်း ထန်း

ယင်ကောက ဟိန်းဟောက်လျက် ထွက်လာသည်။ သူ၏စစ်ပုဆိန်ကို မြှောက်လျက် တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ “မင်းအတွက် ဘာကောင်းမှန်း မသိဘူးပဲ”

သူ၏စစ်ပုဆိန်ကို လွှဲယမ်းကာ မရေမတွက်နိုင်သော စွမ်းအင်စည်းတံဆိပ်များကို ထုတ်လိုက်၏။ ၎င်းက ယင်ကောင်ပမာ ပြင်းထန်စွာကျရောက်လာသည်။

အကြိမ်တချို့တိုက်ခိုက်ပြီးနောက် ယင်ကော ထိခိုက်ဒဏ်ရာမရရုံသာမက ၎င်းက ပိုတောင်ဒေါသထွက်လာသည်။

သူက မျက်မှောင်ကျုံ့လျက် မြင့်မြတ်ခန်းမဆီသို့ ဤကိစ္စကို သတင်းပို့လိုက်သည်။ အကြောင်းပြန်ကြားမှုကို ရရှိပြီးနောက် ‌ယင်ကောကိစ္စကို ဘေးချိတ်ထားလျက် ပျက်စီးခြင်းတိုင်လုံးများကို ရှေးဦးစွာ သွားကြည့်ရန် ပြင်ကာ နှာခေါင်းရှုံ့ လိုက်တော့သည်။ “ခန်းမက အမိန့်ကြောင့်သာ မဟုတ်ရင် မင်းကိုသတ်ပစ်မှာ”

ထိုစဉ် ယင်ကောသည် စကားတစ်ခုဖြင့် ရုတ်တရက် ပြောလိုက်တော့သည်။ “အထွတ်အထိပ် တည်ရှိမှု”

“မင်းရဲ့သခင်ကို ခြောက်လှန့်ဖို့ကြိုးစားနေတာ အကျိုးမရှိဘူး” ပြီးနောက် ယင်ကောက နှာခေါင်းရှုံ့ပြီးနောက် ထပ်ပြောလိုက်၏။ "ဆိုးယုတ်သူ ၁"

“မဖြစ်နိုင်တာ ယင်ကော။ မင်းရဲ့တာဝန်က အုတ်ဂူကို စောင့်ကြပ်ဖို့ပဲ။ မင်းရဲ့စကားနဲ့ လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့မဟုတ်ဘူး။ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ထပ်ပြောနေရင် မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ မြင့်မြတ်တဲ့ခန်းမကို သတင်းပို့လိုက်မယ်" ‌ဝတ်ရုံဖြူကျင့်ကြံသူက ဒေါသတကြီးပြောလိုက်သည်။

ယင်ကောက ကြောက်လန့်သွားခြင်း မရှိ။ သူက ပိုတောင် ဒေါသထွက်လာ၏။ သူက ထိပ်ကို ပျံသန်းသွားလျက် ချိန်းကြိုးကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

‌ဝတ်ရုံဖြူကျင့်ကြံသူ “...”

ယခုအချိန်တွင် တိုက်ခိုက်မည်ဆိုပါက ယင်ကောကို သတ်ဖြတ်နိုင်စရာအကြောင်း မရှိပေ။ ခဏအကြာ၌ သူက နှာခေါင်းရှုံ့လျက် ထွက်သွားတော့သည်။

ညနေစောင်းတွင် ချင်မျိုးနွယ်၏ လေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။

ချင်ရန်ယွဲ့က သေရည်ခွက်ကို မြှောက်လျက် လုကျိုးကို ပြောလိုက်သည်။ "အစ်ကိုလု လာလည်တာ ရှားပါးတယ်။ ကျုပ်တို့အရင်က နားလည်မှုလွဲခဲ့တာကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး...’

ထိုသို့ပြောပြီးနောက် ချင်ရန်ယွဲ့သည် သူ့ခွက်ထဲရှိ သေရည်ကို တစ်ကျိုက်တည်းသောက်လိုက်၏။

ကျင့်ကြံသူများသည် ဆရာသခင်အဆင့်သို့ ရောက်ရှိပြီးသောအခါ သူတို့သည် သေရည်ကဲ့သို့ အရာမျိုးကို တပ်မက်ခြင်း မရှိတော့ပေ။ သို့သော်ငြား တချို့သောကျင့်ဝတ်ထုံးစံများသည် သူတို့စိတ်ထဲနက်ရှိုင်းစွာဆွဲထင်နေ၏။

လုကျိုးသည် တစ်ငုံမျှသာ သောက်လိုက်၏။ ပြီးနောက် သူသည် တဲ့ထိုးပြောလိုက်တော့၏။

“လူသားတွေက ကျင့်ကြံနေပြီး ကြမ်းတမ်းခက်ထန်သားရဲတွေနဲ့ တိုက်ခိုက်ခဲ့တာကြာလှပြီ။ မဟာလေဟာနယ် ဘယ်မှာလဲ။ ဘယ်သူမှမသိဘူးလား”

ချင်ရန်ယွဲ့သည် အကြောင်းအရာရုတ်ချည်းပြောင်းလဲမှုကြောင့် အနည်းငယ်ထိတ်လန့်သွားလေ၏။ သူ အသိစိတ်ပြန်ကပ်လာသောအခါ ပြောလိုက်တော့သည်။ “မသိဘူး။ ဒါပေမဲ့ တည်ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ မျှခြေထိန်းသိမ်းသူတွေကို မြင်ဖူးတဲ့သူတွေရှိတယ်။ ခရမ်းရောင်ကြာနယ်မြေက ဆရာသခင် တွမ့်ဝူက မဟာလေဟာနယ်ဆီသွားတယ်လို့ ကြားခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ တုန်းကပဲ မဟာလေဟာနယ်က အမည်မသိကုန်းမြေထဲက တစ်နေရာရာမှ တည်ရှိနေတယ်လို့ သတင်းထွက်တာပဲ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ ယခုအချိန်တွင် သူ၏ဆောင်ရွက်ချက်များက အမည်မသိကုန်းမြေ၏ အစပ်နားထိသာ သွားနိုင်သေးသည်။ သူက ယွီကျုံးဆီသွားစဉ်က အမည်မသိကုန်းမြေအလယ်ဆီသို့ သွားနိုင်ခဲ့၏။

မြေပုံအရ အမည်မသိကုန်းမြေကို အဓိကဒေသသုံးခု ပိုင်းခြားနိုင်သည်။ အပြင်ပိုင်းဒေသ၊ အလယ်ဒေသနှင့် ဗဟိုဒေသတို့ဖြစ်သည်။ ဒေသတစ်ခုချင်းစီ၌ ဖျက်ဆီးခြင်းတိုင်လုံး ၃ခုစီက တည်ရှိနေပြီး ဒဿမမြောက်သည် အမည်မသိကုန်းမြေ၏အလယ်တွင် တည်ရှိသည်။

“ဗဟိုဒေသကိုရောက်ဖူးလား” လုကျိုးက မေးလိုက်သည်။

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ “ကျုပ် ရောက်ဖူးတယ်။ ဒါပေမဲ့ ကြာကြာမနေခဲ့ဘူး။ ဗဟိုဒေသတွေမှာ အမြင်အာရုံထက်မြတ်တဲ့ အံ့ဖွယ်သားရဲတွေရှိတယ်။ ဒါ့အပြင် အဲ့ဒီက အံ့ဖွယ်သားရဲတွေက အထွတ်အထိပ်သက်ရှိတွေနဲ့လည်း ယှဉ်နိုင်တယ်။ မဟာလေဟာနယ်က ဖုတ်ကောင်ဘုရင်နဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တွေကို ဗဟိုဒေသတွေမှာ ရှာတွေ့နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကိုသွားတဲ့သူတွေကို သေချင်းတရားပဲစောင့်ကြိုနေမှာ”

ယွီကျန့်ဟိုင်က သိချင်စိတ်ဖြင့် မေးလိုက်လေ၏။ “ကျုပ် သိသလောက်တော့ နယ်မြေတွေအားလုံးထဲမှာ ဆရာသခင်တွေက အသန်မာဆုံးပဲ။ လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲကြား ခွန်အားကွာဟချက်က ကြီးလွန်းမနေဘူးလား။ မျှခြေဘယ်မှာလဲ”

ချင်ရန်ယွဲ့က ရယ်မောလိုက်၏။ “ဒါက မင်းတွေးတဲ့ပုံလေ။ မဟာလေဟာနယ်ထဲက လူသားတွေက အုပ်ချုပ်တယ်။ လူသားတွေရဲ့တည်ရှိမှုက ထူးဆန်းတဲ့သတ္တဝါတွေပဲ။ ကျုပ်တို့တွေက မျှခြေအကြောင်းပြောနေပေမဲ့ ကိုယ့်မျိုးစိတ်အတွက်ပဲ ဘက်လိုက်နေကြတာ။ ကျုပ်က အထွတ်အထိပ်သက်ရှိဆိုရင် လူသားတွေကို ကြမ်းတမ်းခက်ထန်သားရဲတွေ တိုက်ခိုက်မှာကို ခွင့်ပြုမှာမဟုတ်ဘူး။ မင်း ဘယ်လိုထင်လဲ”

ကျင့်ကြံခြင်းလောကထဲရှိ ကောလဟလများအရ ကျင့်ကြံသူတစ်ယောက်သည် သတ်မှတ်ထားသော နယ်ပယ်တစ်ခုသို့ရောက်သွားလျှင် သူ့ကိုမျှခြေထိန်းသိမ်းသူက ခေါ်သွား၏။ လူသားများက ကပ်ဘေးတစ်ခုကို ခံစားရလျှင် မဟာလေဟာနယ်ထဲ၌ သွေးသစ်မရှိတော့ဟု ဆိုလိုသည်မဟုတ်ပါလော။

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်၏။ "ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်”

ထိုစဉ် လုကျိုးက ရုတ်တရက်မေးလိုက်လေ၏။ “လုထျန်းထုံကို သိလား”

ဘေးတွင်ထိုင်နေသော လုလီက ဆွံ့အသွားလေ၏။ ဘိုးဘေးဘာလုပ်နေတာလဲ။ တခြားသူတွေကို လှည့်စားဖို့ ကြိုးစားနေပြန်ပြီလား။

အပြင်ပိုင်းတွင်မူ လုလီက ခါတိုင်းလိုပင် တည်ငြိမ်ပြီး ကျက်သရေရှိနေ၏။ စိတ်ထဲတွင်မူ ထူးဆန်းသောအတွေးများစွာ ပေါ်လာပြီဖြစ်သည်။ သူသည် သေရည်ခွက်ကိုကိုင်ကာ တစ်ငုံသောက်လျက် သူ၏အရသာခံမှုများအထိ ပြန့်နှံ့လာသည့် သေရည်၏သင်းရနံ့များကို ခံစားနေသည်။

ဘိုးဘေးက ပွဲလုပ်ချင်တယ်ဆိုရင် ငါကလည်း ပွဲကိုခံစားရုံပေါ့။

ချင်ရန်ယွဲ့က အနည်းငယ်အံ့အားသင့်သွားလေ၏။ “ဆရာသခင်လုလား။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းတုန်းက အနက်ရောင်ကြာနယ်မြေကသူလေ”

“ဟုတ်တယ်”

“သူ့အကြောင်း ကြားဖူးတယ်။ အနီရောင်မျဉ်းကြောင့်သာမဟုတ်ရင် ကျုပ် သူနဲ့ မိတ်ဆွေဖြစ်လောက်တယ်။ သူက အနက်ရောင်ကြာနယ်မြေကို အုပ်စိုးခဲ့ပြီး လူတိုင်းရဲ့လေးစားမှုကို ရပြီး နောင်လာနောက်သားတွေကို ထိတ်လန့်စေခဲ့တယ်လို့ ကြားဖူးတာ။ သူက ကျင့်ကြံရေးလောကထဲမှာ ဒဏ္ဍာရီပဲ။ သူ့အကြောင်းသိပ်မသိခဲ့တာ နှမြောဖို့ကောင်းတယ်။ အစ်ကိုလု ကျုပ်ရဲ့မသိတတ်မှုအတွက် အထင်မသေးဖို့မျှော်လင့်မိပါတယ်”

လုလီသည် ချင်ရန်ယွဲ့ကို လက်မထောင်ပြလိုက်၏။ ဆရာသခင်တစ်ပါးက ထင်သည့်အတိုင်းပင်။ သူ၏မျက်နှာချိုသွေးသည့် အရည်အချင်းကတောင် လူငယ်မျိုးဆက်အတွက် သာဓကဖြစ်ရန် ထိုက်တန်သည်။

ချင်ရန်ယွဲ့က လုလီလက်မထောင်ပြတာကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေလေ၏။ သို့သော်ငြား လုလီသည် ဧည့်သည်ဖြစ်သောကြောင့် သူက ပြုံးရုံသာပြုံးပြလိုက်သည်။

လုလီက ခေါင်းညိတ်ပြီးပြုံးပြပြီးနောက် သူက ဆက်သောက်လိုက်သည်။

ချင်ရန်ယွဲ့ကလည်း ခေါင်းညိတ်ပြီးပြုံးလိုက်လေ၏။

လုလီသည် သူ့ဖာသာသူစဉ်းစားလိုက်သည်။ တကယ်ထက်မြတ်တဲ့သူတွေက မတူဘူးပဲ။ သူတို့စကားက ကြားရတာ နားဝင်ချိုတယ်။

ထိုစဉ် လုကျိုးက ပြောလိုက်၏။ "လုထျန်းထုံက တကယ်ရှားပါးတဲ့ဒဏ္ဍာရီပဲ။ ကျုပ် အနက်ရောင်ကြာနယ်မြေမှာ ရှိတုန်းက သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကို မကြာခဏ ကြားဖူးတယ်။ ကျုပ် မြွေလိမ်မြွေကောက်ကိုးခု ပုံရိပ်ယောင်အစီအရင်ထဲမှာ ရှိတုန်းက သူ့ရဲ့မှတ်စုကို ဖတ်မိပြီး တာအိုစွမ်းအားကို နားလည်သဘောက်ပေါက်ခဲ့တယ်”

“အဲ့လိုလား။ အစ်ကိုလုက အဲ့ဒီအစီအရင်ကနေ အကျိုးအမြတ်ရခဲ့တာ။ ဆရာသခင်လုရဲ့ ကျင့်ကြံမှုက သူတော်စင်တစ်ပါးနဲ့ အလွန်နီးစပ်နေတာပဲဖြစ်ရမယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

တစ်ဖန်လုလီက လက်မြှောက်လျက် ချင်ရန်ယွဲ့ကို လက်ဝါးထောင်ပြလိုက်သည်။

ချင်ရန်ယွဲ့ “...”

မည်သို့ပင်ဆိုစေ ချင်ရန်ယွဲ့က လုလီကိုတုန့်ပြန်သည့်အနေဖြင့် ယဉ်ကျေးစွာပြုံးပြလိုက်သည်။

လုကျိုးက ပြောလိုက်သည်။ “အဲ့ဒီလူက သူတောင်စင်တစ်ပါးဖြစ်လာဖို့ တကယ်နီးစပ်နေပြီ။ သူ့ရဲ့မှတ်တမ်းတွေအရ သူက သူတော်စင်တစ်ပါးဖြစ်လာဖို့ တစ်လှမ်းပဲလိုတာ”

“နှမြောစရာပဲ။ သူ့ကိုမဟာလေဟာနယ်က လူတွေပစ်မှတ်ထားနေမှာစိုးတယ်” ချင်ရန်ယွဲ့က သက်ပြင်းချပြီး ပြောလိုက်သည်။

ယွီကျန့်ဟိုင်က မဟာလေဟာနယ်ပေါ် အမြင်ကောင်းမရှိပေ။ သူက မေးလိုက်၏။ “ပိုင်နက်တွေထဲက ဘယ်သူကမှ သူတော်စင်တစ်ပါးဖြစ်ခွင့်မရှိဘူးလို့ ဆိုလိုတာလား”

“မဟုတ်ဘူး” ချင်ရန်ယွဲ့က ပြော၏။

"အမွှာကြာပိုင်နက်နယ်မြေမှာ သူတောင်စင်တစ်ပါးရှိတယ်။ နယ်မြေအားလုံးထဲက တစ်ဦးတည်းသော သူတောင်စင်၊”

လုကျိုးသည် ထိုစကားကိုကြားသောအါ စိတ်လှုပ်ရှားသွားလေ၏။ “ခင်ဗျားပြောတာ အမှန်ပဲလား”

“ဟုတ်တယ်” ချင်ရန်ယွဲ့က ပြုံးလိုက်သည်။ “ဒီအကြောင်း လူတော်တော်များများ မသိဘူး။ ဖြစ်ချင်တော့ ကျုပ်က ဒီအကြောင်းကိုသိတဲ့ လူနည်းစုထဲကတစ်ယောက်”

...

အခန်း (၁၃၅၂) ကောင်းကင် ကြိုးတန်း

အားလုံးက သိချင်နေကြသည်။

သူတို့က သောက်လက်စကို ရပ်ပြီး ခွက်ကို စားပွဲပေါ်တင်ကာ ချင်ရန်ယွဲ့အား ကြည့်လိုက်ကြသည်။

ချင်ရန်ယွဲ့က အာရုံစိုက်မှုကြောင့် အနည်းငယ် မျက်နှာပူမိသွား၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ အခုတော့ လျှို့ဝှက်ချက်ကြီး မဟုတ်တော့ဘူး။ ကောလဟာလတွေက အတော်လေး ပျံ့နှံ့နေတာ”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ပိုမိုသိချင်နေသည်ကို မြင်သည့်အခါ သူက ခေတ္တမျှရပ်ပြီး ပြောလိုက်သည်။

“သူတော်စင်တွေက အပြိုင်အစိမ်းရောင်ကြာနယ်မြေမှာ နေကြတယ်။ အဲဒီကိုသွားဖို့အတွက် သင်္ကေတလမ်းကြောင်း မရှိဘဲနဲ့ဆိုရင် ဆရာသခင်တစ်ယောက်အတွက် အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းပြီး အဲဒီကို ရောက်ဖို့ နှစ်လကြာမြင့်လိမ့်မယ်။ နယ်မြေနှစ်ခုက အစကတည်းက ဇစ်မြစ်တူနေပေမဲ့ အစကတည်းက တစ်ခုတည်းမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က တစ်ခုနဲ့ တစ်ခု အတော်လေးနီးကပ်တယ်။ နောက်ပိုင်းကျတော့ အမည်မသိစွမ်းအားတချို့ကြောင့် သူတို့က ပိုမိုနီးကပ်သွားတာ။ အဲဒါကြောင့် တောင်တန်းတွေဖြစ်ပေါ်လာပြီးတော့ ဇစ်မြစ်တွေက တစ်ခေါက် ဆက်သွယ်သွားတာပဲ။ အဲဒါကြောင့် သူတို့ကို အစိမ်းရောင်ကြာနယ်မြေလို့ ခေါ်ကြတာ”

“အဲဒါကို စဉ်းစားကြည့်ရင် မူလတုန်းက လူသားတွေနဲ့ သားရဲတွေက ဆက်နွယ်မှု မရှိဘူး။ ဒါပေမဲ့ အမည်မသိစွမ်းအားတချို့ကြောင့် အတူတကွ ဆွဲယူခံလိုက်ရတာ။ အဲဒါနဲ့ဆိုရင် ဘာဖြစ်လာမယ်လို့ ထင်လဲ”

အားလုံးက ထိုစကားကို ကြားပြီးသည့်နောက်တွင် ပိုမိုသိချင်လာလေသည်။

ထို့နောက် လုလီက ပြောလိုက်၏။

“စစ်ပွဲ”

ချင်ရန်ယွဲ့က လုလီအား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ စစ်ပွဲရှိလာလိမ့်မယ်။ အစိမ်းရောင်နယ်မြေနှစ်ခုက စစ်ပွဲဖြစ်နေတာ နှစ်တစ်သောင်းနီးပါးလောက် ရှိပြီ။ လူတွေက အသက်ရှင်ဖို့ ရုန်းကန်နေကြတယ်ဆိုပေမဲ့ ကျင့်ကြံရေးလောကထဲက အင်အားစုတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက် လိုက်ရှာနေကြတာလေ။ နယ်မြေနှစ်ခုက အဆုံးမဲ့တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတာ”

ထိုသို့ပြောပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က သက်ပြင်းချလိုက်သည်။

လုကျိုးက မေးလိုက်၏။

“ဘယ်သူကမှ အဲဒီကို မသွားကြဘူးလား”

ချင်ရန်ယွဲ့က ပြန်ဖြေလိုက်သည်။

“ဘယ်သူကမှ အဲဒီအချိန်တုန်းက မသွားချင်ကြဘူးလေ။ ပြီးတော့ နှစ်တစ်သောင်း ကြာမြင့်တဲ့စစ်ပွဲကလည်း အတော်လေးကြာပြီ။ လက်ရှိခေတ်ကာလနဲ့ဆိုရင် အတော်လေးကို ကြာသွားခဲ့ပြီ။ အဲဒီအချိန်တုန်းက ကျင့်ကြံရေးလောကက အခုလောက် မရင့်ကျက်ကြသေးဘူး။ ရှေးခေတ်အချိန်တုန်းက လူသားတွေက အမည်မသိကုန်းမြေမှာ နေထိုင်ပြီးတော့ အစတုန်းက တစ်သားတည်းပဲ။ နောက်ပိုင်းကျတော့ အမည်မသိကုန်းမြေမှာ ဖရိုဖရဲဖြစ်လာပြီးတော့ လူသားတွေက နယ်မြေကိုးခု ပျံ့နှံ့သွားတာ။ အမည်မသိကုန်းမြေကလည်း ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့ လူသားတွေ နေထိုင်ဖို့ ပိုမိုနည်းပါးသွားတာပေါ့။ လူသားတွေက အမည်မသိကုန်းမြေကနေ ရွှေ့ပြောင်းမှုတွေကြောင့် နယ်မြေတွေ ဖြစ်တည်လာတာ”

“နှစ်တစ်သောင်းစစ်ပွဲ အဆုံးသတ်သွားတဲ့အကြောင်းအရင်းကတော့ အဲဒီသူတော်စင်ကြောင့်ပဲ။ အနက်ရောင်ကြာနယ်မြေက ဆရာသခင်လုလိုမျိုး သူက တစ်နေရာက ပေါ်ထွက်လာပြီး နယ်မြေကို အုပ်စိုးခဲ့တာ။ အင်အားစုအားလုံးက သူ့အောက်မှာ အညံ့ခံပြီးတော့ စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ အဲဒီနောက် သူတော်စင်က လောကီရေးရာတွေကို ဂရုမစိုက်ဘဲနဲ့ သီးသန့်ကျင့်ကြံဖို့ ရောက်သွားခဲ့တာ”

လုကျိုးက ပြောလိုက်သည်။

“သူတော်စင်တွေက ဆရာသခင်တွေထက် ပိုပြီး အားကောင်းတာပဲ။ တကယ်လို့ အဲဒီသူတော်စင်သာ ရည်မှန်းချက်ကြီးတယ်ဆိုရင် ကမ္ဘာကြီးက အန္တရာယ်ကြား ကျရောက်မသွားဘူးလား”

“အစ်ကိုလု ပြောတာ မှန်တယ်။ အဲဒီသူတော်စင်က ရည်မှန်းချက် မကြီးဘူး။ သူတော်စင်တွေက သူတော်စင် ဖြစ်နေတာက သူတို့က ကမ္ဘာကြီးရဲ့ သဘာဝတွေကို မြင်တွေ့ဖူးလို့ပဲ။ အာဏာ၊ အဆင့်အတန်း၊ ပိုင်ဆိုင်မှုတွေက သူတော်စင်ရဲ့ မျက်လုံးမှာ လွင့်မျှောသွားတဲ့ တိမ်တိုက်တွေလိုမျိုးပဲ။ သူတော်စင်တွေက မဟာတာအိုလမ်းစဉ်နောက်ကို လိုက်တယ်။ ဒါပေမဲ့ သူက ရည်မှန်းချက်ရှိပြီးတော့ နယ်မြေကိုးခုလုံးကို အုပ်စိုးချင်တယ်ဆိုရင်တောင် သူက မဟာလေဟာနယ်နဲ့ ရင်ဆိုင်ရဦးမှာ။ မဟာလေဟာနယ်က မျှခြေကို ထိန်းသိမ်းထားတယ်လေ”

“နယ်မြေ ၉ခုလုံးကို အုပ်စိုးနိုင်တဲ့ သူတော်စင်တစ်ယောက်အတွက် မျှခြေအတွက် ခြိမ်းခြောက်မှု ဖြစ်နေမှာပဲ။ ဆရာသခင်တွေကိုတောင် အပြောင်းအလဲအနေနဲ့ မှတ်ယူထားသေးတာဆိုတော့ တချို့လေဟာနယ်က ဖယ်ရှားပစ်တယ်လေ။ အဲဒါဆိုတော့ သူတော်စင်ကို ဘာလို့ ဘာမှမလုပ်ရတာလဲ” ယန်ကျန်းလော့က သိချင်စွာ မေးလိုက်သည်။

“အဲဒါက မေးခွန်းကောင်းပဲ။ ဒါကို သူတော်စင် အခွင့်ထူးခံလို့ ခေါ်တယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

“သူတော်စင်အခွင့်ထူးခံလား”

“အားကောင်းတဲ့ ကျင့်ကြံသူပဲဖြစ်ဖြစ်၊ ခက်ထန်သားရဲပဲဖြစ်ဖြစ်ပါ။ မဟာလေဟာနယ်က သတိကြီးကြီး ထားလေ့ရှိတယ်။ သူတော်စင်တွေက အဆင့်တက်လှမ်းပြီးတော့ အထွတ်အထိပ်သက်ရှိဖြစ်ဖို့ အခွင့်အရေး အမြင့်ဆုံးလူတွေလေ။ အထွတ်အထိပ်သက်ရှိတွေကို ထည့်ပေါင်းလိုက်ရင် လူသားတွေရဲ့ စွမ်းအားက တိုးပွားလာလိမ့်မယ်။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် လုံလုံလောက်လောက် အားကောင်းလာမယ်ဆိုရင် စည်းမျဉ်းတွေကို ပြောင်းလဲလို့ရတယ်။ အဲဒါကို သူတော်စင် အခွင့်ထူးခံလို့ခေါ်တာ” ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။

နမူနာအနေဖြင့် အနီရောင်ကြာနယ်မြေရှိ ဧကရာဇ် လီယွင်ကျန်း ဖြစ်၏။ သူ့ကို လီယွင်ကျန်းက ဆရာဘိုးဘိုးဟု ခေါ်ဆိုရပေသည်။ တိုင်းပြည်အုပ်ချုပ်သူအနေဖြင့် အမြင့်မားဆုံး အဆင့်အတန်း မရှိပေ။ စည်းမျဉ်းများက ပြောင်းလဲနိုင်ပြီး ကျင့်ကြံရေးလောကထဲတွင် အားကောင်းသည့် ကျင့်ကြံသူများက စည်းမျဉ်းများမှ သက်ရောက်မှု မရှိပေ။

“ဒီလိုအချိန်ကြာကြီး ပြောပြီးတဲ့နောက်မှာ သူ့နာမည်ကို မပြောရသေးဘူး” လုကျိုးက ပြောလိုက်သည်။

ချင်ရန်ယွဲ့က နဖူးကို အသာရိုက်ပြီး မလုံမလဲပြုံးလိုက်သည်။

“သူ့မျိုးရိုးက ချန်။ သူ့နာမည်က ဖု”

“ ချန်ဖု” လုကျိုးက ထိုနာမည်နှင့် နည်းနည်းလေးမှ မရင်းနှီးပေ။

“သူက ကွန်ဖြူရှပ်သဘောတရားကို လိုက်နာတာ။ သူက သမာသမတ်ကျတဲ့သူတစ်ယောက်ပဲ။ သာမန်ကျင့်ကြံသူတွေအတွက် သူ့အဆင့်ထိ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“သူက မဟာလေဟာနယ်ရဲ့ နေရာကို သိမယ်လို့ ထင်လား” လုကျိုးက မေးလိုက်သည်။

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။

“သူ သိသင့်တယ်လို့ ထင်တယ်။ သူက မဟာလေဟာနယ်က မျှခြေထိန်းညှိသူတွေနဲ့ ဖြေရှင်းဖူးတယ်လေ။ အစ်ကိုလု သူ့ကိုသွားရှာဖို့ စီစဉ်နေတာလား”

“ဘာလို့လဲ”

“သူက သူ့ကန့်သတ်ချက်ကို ရောက်ပြီး ကမ္ဘာကြီးက ထွက်သွားလောက်ပြီလို့ ထင်နေတာ” ချင်ရန်ယွဲ့က သက်ပြင်းချလိုက်သည်။

“အားလုံးက ထိုစကားများကြောင့် အံ့အားသင့်သွားကြ၏။

“သူတော်စင်တစ်ယောက်ကတောင် မိုးမြေအနှောင်အဖွဲ့တွေကနေ မလွတ်မြောက်နိုင်ဘူးလား” ယန်ကျန်းလော့က ထိုစကားများကို ယုံကြည်ဖို့ အခက်တွေ့နေလေ၏။

“မွေးဖွားစမ်းသပ်ချက် ၃ခု ဖြတ်ကျော်ပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ် တစ်ခုချင်းစီက သက်တမ်းနှစ်တစ်သောင်းကို ချီးမြှင့်လိမ့်မယ်။ ဆရာသခင်တွေက နှစ်သုံးသောင်း ရရှိထားတယ်။ တခြားအချက်တွေ ထည့်မတွက်ရင်တောင် မွေးဖွားဇယားချပ် ၆ခုက သက်တမ်း ၆သောင်းရှိနေပြီလေ။ ဆိုလိုတာက သူတော်စင်တွေက သက်တမ်း ကိုးသောင်းလောက်အထိ ရှိနိုင်တယ်။ အမြွာကြာနယ်မြေနှစ်ခုရဲ့ တိုက်ပွဲက သက်တမ်း တစ်သိန်းလောက်ရှိပြီ။ တကယ်လို့ သူက အဆင့် ချိုးဖောက်နိုင်ခဲ့မယ်ဆိုရင်တောင် …” ချင်ရန်ယွဲ့က သက်ပြင်းချကာ ခေါင်းအသာယမ်းလိုက်သည်။

ဆရာသခင်တစ်ယောက်က ထိုသို့ပြောသည့်အတွက် တခြားသူများက မည်သို့ပြောနိုင်မည်နည်း။

လုကျိုးက ပြောလိုက်သည်။

“မင်း ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ချန်ဖုက ၄ခုမြောက် မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီးတော့ မဟာလေဟာနယ်နဲ့ ဆက်နွယ်ခဲ့ရင် သူ့အနေနဲ့ အဆင့်တက်လှမ်းနိုင်ချေ အတော်လေး မြင့်မားတယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေအတွက် မွေးဖွားဇယားချပ် ၃၆ခု လမ်းစဉ်ရဲ့ အဆုံးသတ်ကို လျှောက်လှမ်းဖို့ဆိုတာက အိပ်မက်တစ်ခု မဖြစ်သင့်ဘူး”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“အစ်ကိုလု ပြောတာ မှန်ပါတယ်။ သူက အမြင်သိပ်မရှိဘူး ဖြစ်သွားတယ်”

နယ်မြေအားလုံး၌ အားနည်းသူနှင့် အားကြီးသူဟူ၍ ရှိပေသည်။ အားကြီးသူများက အားနည်းသူကို နှိမ့်ချလေ့ရှိပြီး အားနည်းသူများက ရေတွင်းတွင် နေထိုင်သည့် ဖားသူငယ်သဖွယ် ဖြစ်နေလေ၏။ မဟာလေဟာနယ်ကလည်း အစိမ်းရောင်ကြာနယ်မြေကို နိမ့်ချလိမ့်မည်။

ထို့နောက် အားလုံးက တခြားအကြောင်းအရာကိုသာ ပြောဆိုကြပြီး သူတော်စင်များအကြောင်း မပြောတော့ပေ။

ထိုစဉ် ချင်ရန်ယွဲ့က ပြောလိုက်၏။

“အစ်ကိုလု ခင်ဗျားရဲ့ တပည့်တွေကို သေချာလေ့လာပြီးသွားပြီ။ သူတို့အားလုံးက အတော်လေးကို ပါရမီထူးကဲတယ်။ အထူးသဖြင့် ဒီလူပေါ့”

ချင်ရန်ယွဲ့က ဘယ်ဖက်တွင် ထိုင်နေသည့် မင်ရှစ်ရင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

အားလုံးက မင်ရှစ်ရင်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။

မင်ရှစ်ရင်က သူ့ကိုယ်သူ ချုပ်ထိန်းကာ သိုသိုသိပ်သိပ် နေထိုင်နေသည်။ သူက ချောင်းအသာဟန့်ပြီး ပြောလိုက်၏။

“ဆရာသခင်ချင်က ချီးကျူးလွန်းနေပါပြီ။ ကျုပ်ညီအစ်ကိုတွေနဲ့ ယှဉ်လိုက်ရင် ကျုပ်က လိုအပ်နေတုန်းပါပဲ”

ချင်ရန်ယွဲ့က ပြောလိုက်၏။

“မင်းက နှိမ့်ချလွန်းနေပြီ။ မင်းဆီမှာ ထူးကဲတဲ့ အရည်အသွေးတစ်ခု ရှိတယ်”

ချင်ရန်ယွဲ့က ထူးကဲအရည်အသွေးအစား မဟာလေဟာနယ်မျိုးစေ့ကို ပြောလိုသော်လည်း တိုက်ရိုက်ဖြစ်သွားမည်ကို ခံစားမိလိုက်သည်။ ဤသည်က မဟာလေဟာနယ်မျိုးစေ့တစ်ခုက အစိမ်းရောင်ကြာနယ်မြေတွင် ပေါ်ထွက်လာသည့် ကောလဟာလများရှိနေသည့်အတွက် မဟာလေဟာနယ်မျိုးစေ့အကြောင်း ဆက်တိုက်ပြောဆိုနေသည်က မယဉ်ကျေးရာ ကျပေသည်။ ရတနာပိုင်ဆိုင်ထားမှုအတွက် ပြဿနာကြား ကျရောက်သွားတတ်သည့် အပြစ်ကင်းသူ ရှိပေ၏။ ရည်ရွယ်ချက်ရှိပြီး မဟာလေဟာနယ်မျိုးစေ့ကို မျက်စိကျနေသည့်သူဟူ၍ မရှိဘဲနေမည်လား။

“ကျုပ်က နှိမ့်ချနေတာ မဟုတ်ဘူး။ အမှန်အတိုင်းပြောနေတာပါ” မင်ရှစ်ရင်က ပြောလိုက်သည်။

ချင်ရန်ယွဲ့က ပြုံးလိုက်၏။ သူ သိထားသလောက် မင်ရှစ်ရင်သည် အနာဂတ် အထွတ်အထိပ်သက်ရှိလောင်း ဖြစ်၏။ မင်ရှစ်ရင်၏ အနာဂတ်က အတိုင်းအတာကင်းမဲ့ပေသည်။ မဟာလေဟာနယ်မျိုးစေ့တစ်ခုတည်းဖြင့် သူသည် မင်ရှစ်ရင်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ အခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။

“မင်းကို ကူညီပေးချင်တယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

ထိုစကားများကို ကြားကာ ဓားသမား၄၉ယောက်၊ ရှေးမျိုးနွယ်များ၊ တပည့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက အားကျသွားကြသည်။ ဆရာသခင်တစ်ယောက်၏ အကူအညီကို ရခြင်းက ကျင့်ကြံသူများ အိပ်မက်ပင် မက်ရဲနေတာမျိုးမဟုတ်ပေ။

မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်၏။

“ဆရာသခင်ချင်က အတော်လေးရက်ရောလွန်းနေပါပြီ။ ဒါပေမဲ့ ကျုပ်က ကိုယ့်ကိုယ်ကို မှီခိုရတာကို ပိုသဘောကျတယ်”

“အရင်ဆုံး ငါ့စကားကို နားထောင်ပြီးမှ ဆုံးဖြတ်ပေါ့” ချင်ရန်ယွဲ့က ပြောလိုက်သည်။

လုကျိုးက လက်ကိုမြှောက်ကာ မင်ရှစ်ရင်အား တားပြီးသည့်နောက်တွင် ချင်ရန်ယွဲ့အား ဆက်ပြောခိုင်းလိုက်သည်။

လုကျိုးက ချင်ရန်ယွဲ့ဘက်လှည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ကျုပ်သာ မမှားရင် ခင်ဗျားရဲ့ တပည့်တွေက ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်တော့မှာမလား။ ပြီးတော့ တချို့က လတ်တလောလေးက ဖြတ်ကျော်ပြီးသွားပြီ။ ကျုပ်အနေနဲ့ မွေးဖွားစမ်းသပ်ချက် ပထမတစ်ခုနဲ့ ဒုတိယတစ်ခုကို ဘာမှမလုပ်နိုင်ပေမဲ့ သူတို့ရဲ့ တတိယမွေးဖွားစမ်းသပ်ချက်ကိုတော့ ကူညီပေးနိုင်တယ်”

ထိုစကားကို ကြားကာ မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားအားလုံးက အကြည့်များ တောက်ပလာကြ၏။

မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ဖို့ရာက ကြမ်းတမ်းခက်ထန်သည့် ပတ်ဝန်းကျင်မျိုး လိုအပ်ပေသည်။ အကယ်၍ ပထမနှင့် ဒုတိယ မွေးဖွားစမ်းသပ်ချက်လောက် မခက်ခဲလျှင်ပင် မွေးဖွားစမ်းသပ်ချက် အောင်မြင်သည့် လိုအပ်ချက်က ပိုမိုတင်းကြပ်လာမည်ဖြစ်၏။ ထိုပြဿနာက မင်ရှစ်ရင်အတွက်သာ မကဘဲ ဝေဟင်အားလုံးရှိ တပည့်အားလုံးအတွက် သက်ရောက်မှုရှိလေသည်။ တကယ်တော့ ထိုအရာက လုကျိုးအတွက်ပင် စိုးရိမ်ပူပန်မှုဖြစ်စေ၏။

ချင်ရန်ယွဲ့၏ အမြင်တွင် လုကျိုးက ဆရာသခင်တစ်ယောက်ထက်ပင် ပိုမိုအားကောင်းသည့်အတွက် သူက လုကျိုးကို ကူညီပေးနိုင်လိမ့်မည်ဟု မထင်ပေ။

လုကျိုးက မေးလိုက်၏။

“တတိယမြောက် မွေးဖွားစမ်းသပ်ချက်အတွက် သင့်တော်မဲ့နေရာကိုများ သိထားလား”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“ပျံလွှားတောင်ထိပ်ရဲ့ ကောင်းကင်ကြိုးတန်းက တတိယမြောက် မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ဖို့ အကောင်းဆုံးနေရာပဲ။ ဒါပေမဲ့ အစ်ကိုလုရဲ့ အမြင်မှာတော့ အဲဒီနေရာက ဘာမှမဟုတ်လောက်ဘူး”

...

အခန်း (၁၃၅၃) ဆရာသခင်တစ်ပါးက ထင်ထားတဲ့အတိုင်း

“ကျုပ်မှာ တပည့်တွေအများကြီးရှိတယ်။ ဒီတော့ အပိုရွေးစရာတစ်ခုရှိတာလည်း မဆိုးဘူး။ ဒါ့အပြင် ကျုပ်ရဲ့နည်းလမ်းက ကြမ်းတမ်းတယ်။ သူတို့အတွက် မသင့်တော်လောက်ဘူး” လုကျိုးက ပြောလိုက်၏။

လုကျိုးစကားနောက်ကွယ်ရှိ သွယ်ဝိုက်ပြောဆိုမှုကို သဘောပေါက်သောချင်ရန်ယွဲ့က အပျော်လွန်သွားကာ ပြောလိုက်တော့သည်။

“ကောင်းလိုက်တာ။ အစ်ကိုလုကို ကူညီခွင့်ရတာ ဂုဏ်ယူစရာပါပဲ”

ချင်ရန်ယွဲ့ ပြောပြီးသည်နှင့် သူက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ တစ်နေ့ကျ သူသည် အထွတ်အထိပ်သက်ရှိ မင်ရှစ်ရင်ကို ကူညီခဲ့ဖူးကြောင်း ကျန်သည့်သူများကို ကြွားလုံးထုတ်နိုင်လိမ့်မည်ဟု သူ့ဖာသာသူတွေးလိုက်လေ၏။

မင်ရှစ်ရင်သည် ချင်ရန်ယွဲ့၏မျက်လုံးထဲရှိ စိတ်အားထက်သန်မှုများ တောက်လောင်နေသည်ကို မြင်သောအခါ ကြက်သီးထသွားတော့သည်။ သူက ပြောလိုက်တော့သည်။ “ကျုပ်ကို မေ့ထားလိုက်ပါ။ ကျုပ်က တတိယမြောက်မွေးဖွားစမ်းသပ်မှုကိုရင်ဆိုင်ဖို့က ဝေးလွန်းနေသေးတယ်။ ဒီအခွင့်အရေးကောင်းကို ကျုပ်ရဲ့ရှစ်ရှိုး နှစ်ယောက်ဆီထားလိုက်မယ်”

ချင်ရန်ယွဲ့သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကိုကြည့်ပြီးနောက် ရှောင်ယွမ်အာနှင့်ခရုလေးကို ကြည့်လိုက်လေ၏။ သူသည် လုကျိုး၏ကျန်သည့်တပည့်များကိုလည်း အထင်ကြီးသည်။ ဆိုရလျှင် သူတို့က ကံမီးတောက်များ ပိုင်ဆိုင်ထားတာဖြစ်၏။ သို့သော် ကံမီးတောက်က မဟာလေဟာနယ်မျိုးစေ့နှင့်ယှဉ်လျှင် ဝေးကွာလွန်းနေသေးသည်။ မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသည့် အမြင့်ဆုံးတပည့်ကိုသာ တွေးနေမိ၏။ အဆုံးကျ သူက ပြုံးလျက်ပြောလိုက်တော့သည်။ “အလျင်မလိုဘူး။ စောင့်နိုင်ပါတယ်”

မဟာလေဟာနယ်မျိုးစေ့နဲ့ဆို မင်းရဲ့တိုးတက်မှုက နှောင့်နှေးပါ့မလား။

ထိုစဉ် လုကျိုးက မေးလိုက်လေ၏။ “ကောင်းကင်ကြိုးတန်းအကြောင်း ထပ်ပြောပြဦး”

ချင်ရန်ယွဲ့က ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။ "ကောင်းကင်ကြိုးတန်းက အရှေ့တောင်ဖက်က ပျံလွှားတောင်ထိပ်မှာရှိတာ။ ကြိုးတန်းက တောင်ထိပ်နှစ်ခုကြားမှာရှိနေတယ်။ အဲ့ဒီပတ်ဝန်းကျင်က ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ တည်နေရာနဲ့ယှဉ်ရင် မနိမ့်ဘူး။ ကောင်းကင်ကြိုးတန်းကို ရှေးခေတ်ကာလက မဟာသူတော်စင်တွေချန်ခဲ့တာ။ မျှခြေထိန်းသိမ်းဖို့ အသုံးပြုခဲ့ပြီး ဖျက်ဆီးခြင်းထောက်တိုင်တစ်မျိုးလို့ ပြောလို့ရတယ်။ အဲ့ဒီကို စူးစမ်းချဲ့ထွင်မှုတွေအများအပြား လုပ်ပြီးတဲ့နောက် အဲ့ဒီနေရာက ကျင့်ကြံသူတွေ သူတို့ရဲ့တတိယမြောက်နဲ့ စတုတ္ထမြောက်မွေးဖွားစမ်းသပ်မှုကို ရင်ဆိုင်ဖို့သင့်တော်တဲ့နေရာဖြစ်လာတယ်”

“အဲ့ဒီမှာတတိယနဲ့ စတုတ္ထမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့တာလား” လုကျိုးက မေးလိုက်လေ၏။

“ဟုတ်တယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။ "မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်တဲ့လိုအပ်ချက်က ပြောရရင်အတူတူပဲ။ လိုအပ်ချက်တွေပြည့်မှီနေရွေ့ ပြဿနာမရှိလောက်ဘူး။ တကယ်တော့ မွေးဖွားစမ်းသပ်မှုကို ရင်ဆိုင်ဖို့နည်းလမ်းအသီးသီးရှိတယ်။ ဥပမာအနေနဲ့ ဖန်ကျုံးက သူ့ရဲ့တတိယမြောက် မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မိုးကြိုးဝဋ်ကြွေးကို သုံးခဲ့တာ။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက တကယ်အန္တရာယ်များတယ်။ အဲ့ဒီတုန်းက သူ့ရဲ့မွေးဖွားဇယားချပ်တွေကို ဆုံးရှုံးဖို့ဖြစ်ခဲ့တာ”

“အန္တရာယ်များလောက်ပေမဲ့ နည်းလမ်းကောင်းတစ်ရပ်ပဲ” လုကျိုးက ပြောလိုက်သည်။ မိုးကြိုးဝဋ်ကြွေးသည် သူ့အတွက်ပိုသင့်တော်မည်ဟု သူတွေးမိသည်။ ဆိုရလျှင် သေရေးရှင်ရေးအခြေအနေ၌ သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အဆင့်ကို တိုးစေရန် မိုးကြိုးကိုတောင် သုံးနိုင်သည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့်ဆို သူသည် မိုးကြိုးဝဋ်ကြွေးမှ ထိခိုက်မှု များများစားစား ခံစားရမှာမဟုတ်။ ထိုမျှမက သူ၏မွေးဖွားစမ်းသပ်ချက်ဖြတ်ကျော်ရာ၌လည်း ၎င်းက သူ့အတွက်ပိုလွယ်ကူစေလိမ့်မည်။

“တကယ်နည်းလမ်းကောင်းတစ်ရပ်ပဲ။ ဒါပေမဲ့ ခက်ခဲတာအပြင် ထည့်စဉ်းစားရမဲ့ တခြားအချက်တွေ ရှိသေးတယ်။ ဆိုရလျှင် မိုးကြိုးဝဋ်ကြွေးကို ဆင့်ခေါ်ဖို့ ရာသီဥတုအခြေအနေနဲ့ ကောင်းကင်ဘုံရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ်လည်း မူတည်နေသေးတာလေ။ မိုးကြိုးဝဋ်ကြွေးကို ဆင့်ခေါ်ဖို့ တစ်ခုတည်းသော နည်းလမ်းက အားကောင်းတဲ့အစီအရင်တွေနဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တွေကို သုံးဖို့ပဲ။ ဒါတွေနဲ့ဆိုရင် မိုးကြိုးဝဋ်ကြွေးကို ဆင့်ခေါ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ ဘယ်လောက်တောင် ခက်ခဲလဲ သိမှာပါ။ ဖန်ကျုံးက သူ့ရဲ့မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ မိုးကြိုးဝဋ်ကြွေးကို သုံးနိုင်တာက သူ ကံကောင်းသွားတာကြောင့်ပဲ။ တတိယမြောက် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့အတွက် မိုးကြိုးဝဋ်ကြွေးကို ထောက်ခံချက်မပေးချင်ဘူး။ စတုတ္ထမှုမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့သုံးရင် ပိုသင့်တော်လောက်တယ်” ချင်ရန်ယွဲ့က ပြောလိုက်၏။ မိုးကြိုးဝဋ်ကြွေးက တတိယမြောက်မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ရန် အကောင်းဆုံးနည်းလမ်းဟု သူ မထင်ပေ။

လုကျိုးသည် ချင်ရန်ယွဲ့ပြောတာ ထောက်ခံလိုက်၏။ သူသည် အဖြူရောင်မျှော်စင်၌ ရှိနေစဉ် မိုးကြိုးဝဋ်ကြွေးကို တွေ့ကြုံခဲ့ဖူး၏။ သင်္ကေတသုံးသောင်းကြောင့် မိုးကြိုးဝဋ်ကြွေးကို ဆင့်ခေါ်နိုင်ခဲ့တာပဲ ဖြစ်သည်။ မိုးကြိုးဝဋ်ကြွေးကို ဆင့်ခေါ်ဖို့က ခက်ခဲမှန်း သူ သိနေ၏။ မည်သည့်နည်းနှင့်မဆို သူသည် စတုတ္ထမြောက်မွေးဖွားစမ်းသပ်မှုအကြောင်း နောက်မှစဉ်းစားနိုင်၏။ သူ၏တတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရဦးမည်။

“ကောင်းကင်ကြိုးတန်းရဲ့ပတ်ဝန်းကျင်ကို ဘယ်လိုတောင့်ခံကြမလဲ” လုကျိုးက မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ လုကျိုးအပေါ် ချင်ရန်ယွဲ့၏လေးစားမှုက တိုးလာသည်။ သူ့တပည့်များကို ကူညီရန် သံသယများနှင့် ပြဿနာကိုဖြေရှင်းပြီး ဆရာကောင်းတစ်ယောက်သည် တပည့်များ၏ ပြဿနာများနှင့် သံသယများကို ဖြေရှင်းပေးပြီး ကူညီပေးကာ တပည့်များကို သွန်သင်ဆုံးမသည်။ လုကျိုးအဆင့်အတန်းအရ ထိုကဲ့သို့မေးခွန်းမျိုးကို တိုက်ရိုက်မေးရမှာ အတော်လေး ရှက်ရွံ့နေလောက်သော်ငြား လုကျိုးကမူ တပည့်အများအတွက် အရှက်မရှိပြုမူခဲ့သည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။ "ပျံလွှားတောင်ထွတ်က အတော်လေးမြင့်တယ်။ အဲ့ဒီက အသက်စွမ်းအင်တွေက နည်းပါးတယ်။ အဲ့ဒီကိုရောက်ရင် ကျင့်ကြံဆင့် သုံးပုံတစ်ပုံပဲ သုံးနိုင်တာ။ အစီအရင်အားလုံးကို ကြိုးတန်းပေါ်မှာ ထွင်းထုထားတယ်။ အဲ့ဒီအစီအရင်တွေက မတူညီတဲ့သူတွေအတွက် ကွဲပြားစွာတုန့်ပြန်တယ်။ ဥပမာအနေနဲ့ အစီအရင်က ခင်ဗျားရဲ့ အကြောက်တရားကို တုန့်ပြန်တာ”

ထိုစဉ် ဓားသမား၄၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်လန်က ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့ဓားသမား၄၉ယောက် အဲ့ဒီကိုသွားဖူးတယ်။ ကျွန်တော်က အအေးဒဏ်ကို အင်မတန်ကြောက်တယ်။ ဒါကြောင့် အဲ့ဒီကိုရောက်တဲ့အချိန် အစီအရင်က ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားပြီး အေးခဲနေအောင်လုပ်ထားတာ”

ထိုစကားကိုကြားသောအခါ လူတိုင်း၏စိတ်ဝင်စားမှုက နှိုးဆွခံလိုက်ရသည်။

“ဒီတော့ ကောင်းကင်ကြိုးတန်းပေါ်က အစီအရင်က လူတွေရဲ့နှလုံးသားကို မြင်နိုင်တယ်လို့ ပြောတာလား” မင်ရှစ်ရင်က မေးလိုက်၏။

“ဟုတ်တယ်” ချင်ရန်ယွဲ့က ယုံကြည်ချက်ရှိရှိဖြင့်ပြောလိုက်သည်။

“ယုံနိုင်စရာမရှိပေမဲ့ တွေ့ကြုံဖူးတဲ့အချိန်ယုံသွားရမှာပဲ”

ဓားသမား၄၉ယောက်က သူတို့၏ဒုတိယမြောက်မွေးဖွားစမ်းသပ်ချက်ကို မဖြတ်ကျော်သေးရဘူး။ ဒါတောင်မှ တတိယမြောက်မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ အဲ့ဒီနေရာကိုသုံးတယ်လား” မင်ရှစ်ရင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ရွမ်လန်က ရယ်မောလျက် ပြောလိုက်၏။ “ကျုပ်တို့က လေ့ကျင့်ဖို့အတွက်ပဲ အဲ့ဒီကိုသွားတာ။ မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့အတွက် ကြိုးတန်းအစကနေအဆုံးထိလျှောက်ဖို့လိုတယ်။ ကျုပ်တို့က လေးပုံတစ်ပုံပဲရောက်ခဲ့တာ။ ခင်ဗျားအဲ့တာကို မဖြတ်ကျော်နိုင်သရွေ့ အန္တရာယ်မရှိဘူး”

တကယ်တော့ ကောင်းကင်ကြိုးတန်းသည် လေ့ကျင့်ရေးနေရာတစ်ခုနှင့်ဆင်တူသည်။ ပတ်ဝန်းကျင်က ကြမ်းတမ်းခက်ထန်သော်ငြား မိမိသွားလာနေစဉ်၌ အန္တရာယ်ကို ထိန်းချုပ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ၎င်းသည် အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်သော်ငြား မိမိ၏ခွန်အားကို တိုးတက်အောင်တော့ ကူညီပေးနိုင်၏။ လုထျန်းထုံ ချန်ရစ်ခဲ့သည့် မြွေလိမ်မြွေကောက်ကိုးခုအစီအရင်ကဲ့သို့ပင်ဖြစ်သည်။

“ကြိုးတန်းတစ်ခုလုံးကို သွားဖို့ဆိုရင် ရှားပါးပြီးတန်ဖိုးရှိတဲ့ အရည်အသွေးတစ်ခု ပိုင်ဆိုင်ထားမှရမယ်။ ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုတဲ့ပုံစံနဲ့အတူတူပဲ။ အဲ့ဒီမှာ ကျုပ်ရဲ့အတွေ့အကြုံအရ ထူးခြားတဲ့အရည်အသွေးက ကြိုးတန်းကိုဖြတ်ကျော်တဲ့အချိန် အတွေးနတ်ဆိုးကိုဖြတ်ကျော်ဖို့အများဆုံး ကူညီပေးနိုင်တာပဲ” ချင်ရန်ယွဲ့က ပြောလိုက်၏။

ယွီကျန့်ဟိုင်က ပြောလိုက်တော့သည်။ “ကျုပ် အဲ့တာကို ကြိုးစားကြည့်ချင်တယ်။ အဲ့တာ ကျုပ်အတွက် အန္တရာယ်များလား”

ချင်ရန်ယွဲ့က ယွီကျန့်ဟိုင်ကိုကြည့်ပြီးပြန်ပြောလိုက်သည်။ "မင်းရဲ့ပထမဆုံးမွေးဖွားစမ်းသပ်မှုကိုပဲ ဖြတ်ကျော်ရသေးတာ။ ဒီတော့ မင်းအတွက် ပိုတောင်အန္တရာယ်များလိမ့်မယ်”

“မစွန့်စားဘဲ ဘာမှမရနိုင်ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်လေ၏။

“မင်းက အတော်သတ္တိရှိတာပဲ။ ကောင်းကင်ကြိုးတန်းကိုသုံးပြီး ဒုတိယမြောက်မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ရင် တတိယမြောက်မွေးဖွားစမ်းသပ်မှုကိုဖြတ်ကျော်ဖို့က လွယ်သွားပြီ။ ဒါပေမဲ့ စွန့်စားမှုက များတယ်။ မလုပ်ဖို့အကြံပေးချင်တယ်” ထိုစဉ် သူက မင်ရှစ်ရင်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ "ဒါပေမဲ့ သူတော့ လုပ်သင့်တယ်”

“သူလား” ယွီကျန့်ဟိုင်က စဉ်းစားသွား၏။

မင်ရှစ်ရင် “...”

တာ့ရှစ်ရှိုး ... ရှစ်ရှိုးမျက်နှာပေါ်က စဉ်းစားနေတဲ့အမူအရာက ဘာလဲ။ ဒီမှာ လူတွေအများကြီးပဲ။ ကျွန်တော့်ကို သိက္ခာလေးနည်းနည်းလောက် ချန်ပေးနိုင်မလား။

ချင်ရန်ယွဲ့က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။ တချို့စကားများက ထုတ်မပြောသင့်။ ဆိုရလျှင် လူတချို့၏ မိမိကိုယ်ကိုတန်ဖိုးထားမှုအား ထိခိုက်စေနိုင်သည်။ မင်ရှင်ရင်၌ မဟာလေဟာနယ်မျိုးစေ့ရှိနေသောကြောင့် သူ့ကိုကွဲပြားခြားနားသည်ဟုပြော၍မရ။ ထိုစဉ် လုကျိုးက ပြောလိုက်၏။ “မင်းဆိုလိုတာက လောင်စစ်မှာ မဟာလေဟာနယ်မျိုးစေ့ရှိပြီး ယွီကျုံးထဲမှာ ဖျက်ဆီးခြင်းတိုင်လုံးအသိအမှတ်ပြုတာ ခံထားရတယ်။ ဒီတော့ သူက ကောင်းကင်ကြိုးတန်းကို အလွယ်တကူဖြတ်ကျော်နိုင်မယ်ပေါ့ ဟုတ်တယ်ဟုတ်”

ချင်ရန်ယွဲ့က ရယ်မောလျက်ပြောလိုက်သည်။ “အစ်ကိုလုက တကယ်ကျုပ်ကို ကောင်းကောင်းသိတာပဲ”

လုကျိုးက ခေါင်းညိတ်လျက်ဆက်ပြော၏။ “လောင်စစ်က တော်ပေမဲ့ သူ့ရဲ့ရှစ်ရှိုးနှစ်ယောက်နဲ့ယှဉ်ရင် သူ့ရဲ့သတ္တိနဲ့စိတ်အားထက်သန်မှုကင်းမဲ့နေတယ်။ နောင်ကျ ကျုပ်ရဲ့တပည့်ကြီးနှစ်ယောက် သူတို့ရဲ့မွေးဖွားစမ်းသပ်ချက် ကျော်ဖြတ်နိုင်အောင် ကူညီပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်”

မင်ရှစ်ရင်

ချင်ရန်ယွဲ့သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားသော်ငြား မျက်နှာထက်ရှိ အပြုံးကိုထိန်းထားလျက် ပြောလိုက်၏။ “ဒါပေါ့ ဒါပေါ့”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် တပြိုင်နက်တည်း ချင်ရန်ယွဲ့ဖက် လက်သီးဆုပ်လျက် ပြောလိုက်၏။

“ကျေးဇူးပါပဲ”

မင်ရှစ်ရင်၏မျက်နှာပေါ်ရှိ ထူးကဲနေသောအမူအရာကိုမြင်ပြီး ယွီကျန့်ဟိုင်က မေးလိုက်လေ၏။ “လောင်စစ် မင်းမှာ ကန့်ကွက်စရာရှိလား”

မင်ရှစ်ရင်က အလျင်စလိုပြောလိုက်သည်။ "မရှိဘူး။ မရှိဘူး။ မရှိဘူး။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးရဲ့ပါရမီက ကျွန်တော့်ထက်သာတယ်။ ရှစ်ရှိုးတို့ရှေ့မှာ ကျွန်တော်က မပြောပလောက်ပါဘူး”

ချင်ရန်ယွဲ့ “...”

အထွတ်အထိပ်သက်ရှိအလောင်းအလျာက တော်တော်နှိမ့်ချတတ်တာပဲ။

ချင်ရန်ယွဲ့သည် ချင်မော့ရှန်းသာ သူ့လောက်နှိမ့်ချတတ်လျှင် ထိုမျှလောက် သနားစဖွယ်ရလဒ်ကို တွေ့ရမှာမဟုတ်ဟု တွေးမိပြီး သက်ပြင်းချလိုက်မိသည်။

လုကျိုးကပြောလိုက်သည်။ "လောင်စစ် မင်းဆန္ဒရှိရင် ကြိုးစားလို့ရတယ်။ ပြောရရင် မင်းကို ဖျက်ဆီးခြင်းတိုင်လုံးက အသိမှတ်ပြုထားတာပဲ။ ဒါက မင်းရဲ့ကျင့်ကြံမှုကို အဆပေါင်းများစွာ တိုးသွားအောင် ကူညီပေးနိုင်တယ်”

မင်ရှစ်ရင်သည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွားလေ၏။ “ဟုတ်ကဲ့ ရှစ်စွင်း”

ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်သည်။ "တူတော်မင်ရှစ်က ကောင်းကင်ကြိုးတန်းကို ပထမဆုံးဖြတ်ကျော်နိုင်တဲ့သူဖြစ်မယ်လို့ ယုံတယ်”

မဟာလေဟာနယ်မျိုးစေ့အပြင် ချင်ရန်ယွဲ့က မင်ရှစ်ရင်၌ သူ အသက်မသွင်းရသေးသည့် အသက်ဓာတ်နှလုံးသားတစ်ခု မွေးဖွားနန်းဆောင်ထဲရှိနေသေးကြောင်း မမေ့ပေ။ မင်ရှစ်ရင်က ၁၁ချပ်မြောက် ပွင့်ချပ်ဖူးပွင့်ပြီး မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့သာ လိုအပ်၏။ သူ၏ပါရမီနှင့်အရှိန်က အထင်းသားပေါ်နေပြီးသားဖြစ်သည်။

မင်ရှစ်ရင်သည် ထိုစကားများကို ကြားသောအခါ ကြောင်အလျက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ "ဆရာသခင်ချင် ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ ကျုပ်ရဲ့တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးက ကျုပ်ထက် ပိုတော်တာသေချာတယ်”

ထိုစဉ် ရှောင်ယွမ်အာက ရုတ်တရက်ပြောလိုက်၏။ "ရှစ်စွင်း တပည့်သွားချင်တယ်”

လုကျိုးက ခေါင်းခါလိုက်၏။ “မင်းရဲ့အရည်အချင်းနဲ့ ပါရမီက အကောင်းဆုံးဆိုပေမဲ့ တတိ‌ယမြောက် မွေးဖွားစမ်းသပ်မှုကို ရင်ဆိုင်ဖို့ ဝေးလွန်းနေသေးတယ်။ အချိန်ကျလာရင် အခွင့်အရေးရှိလာမှာ”

ရှောင်ယွမ်အာက လက်မြှောက်လျက် လက်ချောင်းလေးများဖြင့် ရေတွက်လျက်ပြောလိုက်၏။ "တပည့်မှာ မွေးဖွားဇယားချပ်သုံးခုရှိနေပြီးပြီ။ ဒီနှုန်းနဲ့ဆို တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုးတို့ကို ၁၀နှစ်အတွင်း ကျော်ဖြတ်နိုင်မှာ”

“အရင်က ၅နှစ်အတွင်းကျော်တက်မယ်လို့ ပြောခဲ့တာမဟုတ်လား” လုကျိုးက မေးလိုက်လေ၏။

ရှောင်ယွမ်အာက မဝံ့မရဲပြောလိုက်တော့သည်။ “တပည့်ရဲ့ရှစ်ရှိုးတွေ ဆက်တိုးတက်နေတယ်ဆိုတာ ထည့်စဉ်းစားဖို့မေ့သွားလို့။ ရှစ်စွင်း ဒီတစ်ခါ သေချာတယ် ၁၀နှစ်ပဲ။ သူတို့ကို ၁၀နှစ်အတွင်း ကျော်ဖြတ်မယ်”

ချင်ရန်ယွဲ့ “...” ဒါက သူတို့ရဲ့ကျင့်ကြံမှုအရှိန်ကို တွက်ချက်တဲ့ပုံလား။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်ဝယ်တာထက် ပိုလွယ်တဲ့ပုံ ဘာလို့ပေါက်နေတာပါလိမ့်။ အစ်ကိုလုက တကယ်ဖော်ရွေတာပဲ။ သူ့ရဲ့တပည့်တွေနဲ့တောင် နောက်ပြောင်နေသေးတယ်။

All Chapters