← Chapters

အခန်း (၁၃၇၅-၁၃၇၇)

Vol. 92 Ch. 1375-1377

အခန်း (၁၃၇၅-၁၃၇၇)

Vol. 92 Ch. 1375-1377

အခန်း (၁၃၇၅) ဖန်းလိုင်ပြဿနာတက်နေ

လူအိုကြီးအိုးရန်က လုကျိုးကို ကျောပေးထားလျက်ပြောလိုက်သည်။ "ဒီမှာ နတ်မီးဇာမဏီရဲ့ အရှိန်အဝါအကြွင်းအကျန်တွေရှိတယ်။ တွေ့မိလား”

လုကျိုးက မေးလိုက်၏။ “ခင်ဗျား မီးဇာမဏီကိုရှာနေတာလား”

လူအိုကြီးအိုးရန်က လှည့်လာသည်။ သူ၏သွင်ပြင်က သာမန်အဖိုးအိုတစ်ဦးနှင့်တူပြီး သူ၏အကြည့်က ဘဝအတက်အကျများစွာကို ပြောပြနေ၏။ ဘဝ၏ကံကြမ္မာအပြောင်းအလဲများစွာကို ပြောပြနေသည်။ လုကျိုးကို ကြည့်ပြီး ခေါင်းညိတ်ပြကာ ထောက်ခံသည့်သဘောထုတ်ပြလိုက်သည်။ “မင်းက အဲ့ဒီမဟာဆရာသခင်မလား။ ရန်လိုဖို့မလိုဘူး။ ငါက မီးဇာမဏီကိုရှာဖို့ပဲလာတာ”

လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “သူ ထွက်သွားပြီ။ ခင်ဗျားရဲ့ အသိပညာအရ ကျုပ် အဲ့တာကို အနိုင်ယူနိုင်ခြေ ရှိမယ်ထင်နေတာလား”

လူအိုကြီးအိုးရန်သည် အစောတုန်းက မြောက်ဖက်လေ့ကျင့်ရေးခန်းမဖြစ်ခဲ့သည့် အပျက်အစီးပုံကို ကြည့်ကာ ပြောလိုက်၏။ "မင်း မှန်တယ်။ ငါ ဒီနေ့ မင်းကို ရန်စခဲ့မိတယ်။ မင်းရဲ့ကျင့်ကြံဆင့်နဲ့ ပါရမီက နှစ်ရက်လုံးမြင့်တယ်။ ငါတို့နောင်ကျ ထပ်တွေ့ရင်တွေ့မှာပေါ့။ ဒီမဟာလေဟာနယ်ဆေးလုံးက မင်းကို ကူညီပေးနိုင်လောက်တယ်။ လျော်ကြေးအဖြစ်သတ်မှတ်လိုက်”

လုကျိုးကအနည်းငယ် အံ့အားသင့်သွားတော့သည်။ ယင်းက ကိစ္စကြီးမဟုတ်ပေ။ လျော်ကြေးပေးရန် လိုမည်လော။ ဤအဘိုးအို မည်သည်ကို တွေးနေမှန်း သူ မသိပေ။

မဟာလေဟာနယ်ဆေးလုံးသည် သာမန်ဆေးလုံးမဟုတ်ပေ။ ထိုဆေးကြောင့် ထောပါစစ်ချန်းသည် သူ၏ကျင့်ကြံမှုနောက်တစ်ဆင့်ကိုရောက်ရန် ဤဆေးလုံးကို အားကိုးခဲ့ရ၏။ ဤဆေးလုံးဖြင့် လုကျိုးက နောက်ထပ်အဆင့်ကို အလွယ်တကူချိုးဖြတ်တတ်နိုင်သည်။ ဤဆေးလုံးဖြင့်ဆို လုကျိုးသည် နောက်ထပ် အဆင့်အလွယ်တက်နိုင်လိမ့်မည်။

လုကျိုးက ဇဝေဇဝါဖြစ်သွားကာ မေးလိုက်လေ၏။ “ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူး။ ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို ဘာလို့ ကျုပ်ဆီပေးတာလဲ”

လုကျိုးသည် လတ်တလော၌ ကိစ္စရပ်များက အတော်လေး ထူးဆန်းသည်ဟု ခံစားမိသည်။ ပထမဆုံး ကျယ်ကျင့်အန်း၊ ယခုဆို မျိုးရိုးအိုးရန်အမည်ဖြင့် အဖိုးအို။ နှစ်ယောက်လုံးသည် ဘာမှပြန်မတောင်းဘဲ ရတနာများပေးလာ၏။ သူတို့လူမှားနေပြီလော။ လုထျန်းထုံသည် ထိုကဲ့သို့ပညာရှင်များနှင့် အဆက်အသွယ်ကောင်း ရှိနေသည်လော။

“နေပါဦး” လုကျိုးက လှမ်းခေါ်လိုက်၏။ ကျယ်ကျင့်အန်းမထွက်သွားခင် သူက မေးခွန်းမေးရန် အခွင့်အရေးမရခဲ့ပေ။ ယခုအခေါက်၌ သူသည် လူအိုကြီးအိုးရန်ဆီမှ အဖြေတချို့ရချင်သည်။

“ငြိမ်းချမ်းမှုလာနေပြီ။ တစ်ခုခု လုပ်စရာရှိသေးတယ်”

ဘီး

စွမ်းအင်သံပြန့်လွင့်လာပြီး လူအိုကြီးသည် မြင်ကွင်းထဲမှ ပျောက်သွားလေ၏။

မြောက်ဖက်လေ့ကျင့်ရေးခန်းမရှိ ကျင့်ကြံသူနှစ်ဦးသည် အဝေးရှိဝေဟင်ဆီ ပျံသန်းသွားပြီး မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။

လုကျိုးက စိတ်ရှုပ်ထွေးသွားလေ၏။ သူ မျက်မှောင်အနည်းငယ်ကျုံ့သွားကာ ရှင်းလင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်၏။ “ငြိမ်းချမ်းရေး ရောက်လာပြီလား”

တစ်ချိန်တည်းတွင် လူအိုကြီးအိုးရန်နှင့် သူ၏လက်အောက်ငယ်သားနှစ်ဦးက မြောက်ဖက်ခြမ်းရှိတောင်ထွတ်ပေါ်တွင် ပေါ်လာသည်။

လူအိုကြီးအိုးရန်က သူ့လက်အောက်ငယ်သားကိုကြည့်ပြီးမေးလိုက်၏။ “မီးဇာမဏီရဲ့အရှိန်အဝါက အပျက်အစီးနယ်မြေထဲမှာ အလွန်ပြင်းထန်တယ်။ မီးဇာမဏီက ဝေးဝေးမရောက်လောက်သေးဘူး။ ဘာကြောင့် မရှာတာလဲ” လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။

လူအိုကြီးအိုးရန်သည် သူ့မျက်လုံးထောင့်ကနေ သူ့လက်အောက်ငယ်သားကို ကြည့်ကာ မေးလိုက်သည်။

“မင်း ငါ့ကို အမေးထုတ်နေတာလား”

“မမေးရဲပါဘူး။ မီးဇာမဏီကို မသေမျိုးငှက်အဖြစ် သိကြတယ်။ မင်းရဲ့ခွန်အားနဲ့ သူ့ကို ဖမ်းနိုင်မယ်ထင်လား” လူအိုကြီးအိုးရန်က မေးလိုက်သည်။

“ဒါပေမဲ့ လူကြီးမင်းက ကျွန်တော်တို့နဲ့ရှိနေတာ” လက်အောက်ငယ်သားက ပြောလိုက်သည်။

“ငါ အနားယူဖို့ အစိမ်းရောင်ကြာနယ်မြေကို လာတာ။ ငါ ပြဿနာရှာဖို့ မပြင်ဆင်ထားဘူး။ ဒါ့အပြင် ငါ မီးဇာမဏီကို အနိုင်မယူနိုင်ဘူး” လူအိုကြီးအိုးရန်က ပြောလိုက်၏။

“...”

“သွားတော့ ... ငါ တစ်ယောက်တည်းနေချင်တယ်”

“ဟုတ်ကဲ့”

လက်အောက်ငယ်သားနှစ်ဦးသည် လှစ်ကနဲထွက်သွားသည်။

ခဏအကြာတွင် အနား၌ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။ “အစ်ကိုအိုးရန် မတွေ့တာကြာပြီ”

“အစ်ကိုတဲ့လား” လူအိုကြီးအိုးရန်က မျက်မှောင်ကျုံ့မိသွားသည်။

“ကျုပ်က နောက်နေရုံပဲ။ ဘာကြောင့် ဒီလောက်လေးနက်နေတာလဲ။ ကျုပ်တို့အသက်ကြီးနေပြီ။ တစ်ချိန်လုံး မျက်နှာတည်တည်ထားရတာ ပျင်းဖို့ကောင်းတယ်”

လူအိုကြီးအိုးရန်က ပြောလိုက်သည်။ "ဒီအဓိပ္ပာယ်မရှိစကားတွေကို ပြောဖို့လာတွေ့တာမဟုတ်ဘူး”

“ဟုတ်ပြီ ဟုတ်ပြီ” အနက်ရောင်ပုံရိပ်က ရယ်မောလိုက်သည်။ ပြီးနောက် သူက မေးလိုက်သည်။

“သူ့ကိုတွေ့ခဲ့လား”

“တွေ့တယ်”

“ဘယ်လိုထင်လဲ”

“ငါ့မှာ ထင်မြင်ချက်မရှိဘူး” လူအိုကြီးအိုးရန်က ပြောလိုက်၏။

“ဖွီး ... ခင်ဗျားက မဟာလေဟာနယ်ကလူ”

“ငါ သူ့ကို မဟာလေဟာနယ်ဆေးလုံးပေးခဲ့တယ်” လူအိုကြီးအိုးရန်က ပြောလိုက်သည်။

"မင်းရဲ့အကဲဖြတ်မှု မမှားဖို့မျှော်လင့်တယ်”

“ကျုပ် မှားခဲ့ရင် ကျုပ် ကျယ်ကျင့်အန်းက ခင်ဗျားဆီ ခေါင်းဖြတ်ပေးလိုက်မယ်”

လူအိုကြီးအိုးရန်သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားတော့သည်။ ဝေဟင်မှ အလင်းကြောင့် သူ၏မျက်နှာက လင်းနေပြီး ဘဝ၏ကံကြမ္မာအပြောင်းအလဲများစွာကို ဖြတ်ကျော်ခဲ့ရသောကြောင့် ပျော်ရွှင်မှုတို့ ကင်းမဲ့နေပုံပေါ်၏။ သူ သက်ပြင်းချလိုက်မိကာ သူ မမှတ်မိလိုသည့်အတိတ်ကို ပြန်တွေးမိသွားကာ ပြောလိုက်၏။ “မင်း မှန်ဖို့မျှော်လင့်တယ်”

ကျယ်ကျင့်အန်းက ရယ်မောလျက် ပြောလိုက်သည်။ "ဒီလောကကြီးမှာ မဟာလေဟာနယ်နဲ့ အဆုံးမဲ့သမုဒ္ဒရာအပါအဝင် ကျုပ်တစ်ယောက်ပဲ သူ့ကိုရှာနိုင်မှာ”

လူအိုကြီးအိုးရန်က ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ “ဒီတော့ မင်း တစ်သက်လုံးပုန်းနေဖို့ ပြင်ဆင်ထားတာလား”

“ပုန်းတာလား” ကျယ်ကျင့်အန်းက ခေါင်းခါပြီးပြောလိုက်သည်။ "ကျုပ်က လောကကြီးထဲ ခရီးနှင်နေရုံပဲ။ ဘာလို့လဲ ခန်းမထဲက အမူးသမားတသိုက်က ကျုပ်ကို ဖမ်းနိုင်မယ်များထင်နေလား”

လူအိုကြီးအိုးရန်က ခေါင်းခါလိုက်၏။ “မင်း မှားနေပြီ။ သူတို့မင်းကို မဖမ်းနိုင်တာမဟုတ်ဘူး။ သူတို့က မင်းကို စိတ်ထဲမထားကြတာ။ မင်း ဂရုစိုက်တာပိုကောင်းလိမ့်မယ်”

ကျယ်ကျင့်အန်း၏အမူအရာက လေးနက်တည်ကြည်သွားတော့သည်။ “ကျုပ် သွားတော့မယ်။ စကားသိပ်မပြောချင်ဘူး”

လှစ်ကနဲပင် ကျယ်ကျင့်အန်းက မြင်ကွင်းထဲမှ ပျောက်သွားလေ၏။

တောင်ဖက်လေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။

လုကျိုးသည် လူအိုကြီးအိုးရန်၏ အစောတုန်းက စကားကို ရေရွတ်ပြောလိုက်သည်။ “ငြိမ်းချမ်းရေး ရောက်လာနေပြီလား။ ငြိမ်းချမ်းရေးငှက်လား”

သူသည် စီးဝူယာ့၏ထူးဆန်းသော အကျင့်ကို သတိရသွား၏။ သူက အမြင်စွမ်းအားကို တိတ်တဆိတ်ရွတ်ဆိုလိုက်တော့သည်။

အခန်းထဲတွင် စီးဝူယာ့က သူ့ပစ္စည်းကို ထုပ်ပိုးပြီး ခြေအသာဖော့နင်းပြီး ပြောလိုက်၏။ “မနက်ဖြန် ဖန်းလိုင်ကို သွားမယ်။ ငါနဲ့လိုက်ခဲ့”

“မင်းနဲ့အတူ ဖန်းလိုင်ကိုသွားတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးတောင်အကြောင်း မေ့ထားလို့ရတယ်” ကျန်းအိုက်ကျန့်က ပြောပြီး ခေါင်းခါလိုက်တော့သည်။

စီးဝူယာ့က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်၏။ “ငါ့ဆီမှာ ပြိုင်ဖက်ကင်းဓားသုံးလက်ရှိတယ်။ ကောင်းကင်ကျောင်းတော်က သွန်းလုပ်ပေးထားတာ။ သွင်ပြင်က နည်းနည်းရုပ်ဆိုးတာကြောင့် ဘယ်သူမှ မလိုချင်ဘူး။ ငါ ဒါတွေကို အရည်ဖျော်ပြီး မနက်ဖြန်ပြန်သွန်းလုပ်ဖို့ ပြင်ဆင်နေတာ”

“မလုပ်နဲ့။ မလုပ်နဲ့ ဓားတိုင်းက တန်ဖိုးရှိတယ်။ မင်းက တကယ်နှလုံးသားမရှိတာပဲ။ နောင်ကျ မင်း မိန်းမတစ်ယောက် ယူနိုင်မှာမဟုတ်ဘူး” ကျန်းအိုက်ကျန့်က ပြောလိုက်၏။

စီးဝူယာ့က ပြုံးရုံသာပြုံးလိုက်သည်။

ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ "ကောင်းပြီ ငါ့မှာရွေးချယ်စရာရှိလို့လား။ ဒါပေမဲ့ ဓားတွေက ငါ့ဟာနော်”

“အပေးအယူဖြစ်ပြီ”

ကျန်းအိုက်ကျန့်က သိချင်စိတ်ဖြင့်မေးလိုက်သည်။ “ငြိမ်းချမ်းရေးတောင်ဆီ သွားဖို့ ဘာကြောင့် ခေါင်းမာနေတာလဲ”

“အဲ့ဒီမှာ မိုးနဲ့မြေအတားအဆီးအကြောင်း သတင်းအသစ်ရှိတယ်။ ငါ အတည်ပြုဖို့လိုတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ဒီဆင်ခြေကလည်း ချော်ချွတ်ချွတ်နိုင်လိုက်တာ။ ငါ့ကိုမပြောချင်ရင် မေ့လိုက်တော့ ဟေ့ကောင်”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ ပြီးနောက် သူက လှည့်ထွက်သွားကာ တံခါးဝဆီလျောက်သွားလျက် ပြောလိုက်တော့သည်။ “ငါ့ရဲ့ဓားတွေကို မမေ့နဲ့”

စီးဝူယာ့က ပြုံးကာ ခေါ်လိုက်သည်။ “ကျန်းအိုက်ကျန့်”

“ဘာလဲ။ ပြောစရာရှိရင် မြန်မြန်ပြော” ကျန်းအိုက်ကျန့်က ပြောလိုက်၏။

“မင်းရဲ့အသက်ရှည်ရေးလမ်းကြောင်းက ဘာလဲ” စီးဝူယာ့က မေးလိုက်သည်။

ကျန်းအိုက်ကျန့်သည် တံခါးအပြင်ဖက်ရှိ မြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။ "ငါ့ရဲ့လမ်းကြောင်းက အမြဲတမ်းတူနေတာ။ တသတ်မှတ်တည်းဖြစ်လွန်းတယ်ဆိုပြီး ငါ့ကိုယ်ငါ အပြစ်မတင်နိုင်ဘူး။ ငါ မကျင့်ကြံချင်သလို တစ်သက်လုံးအသက်မရှင်ချင်ဘူး။ ငါ ဒီလောကကြီးထဲက ဓားကောင်းတွေ အားလုံးကို စုစည်းချင်ရုံပဲ။ ငါ သေသွားရင် မျိုးဆက်ပေါင်းများစွာ ငါ့ကိုစောင့်ကြပ်ပေးဖို့ လှပတဲ့ဓားတွေပြည့်နေတဲ့ အုတ်ဂူတစ်ခုထဲမြှုပ်နှံခံရချင်တယ်။ အား ... ဒါ ဘယ်လောက်တောင် ကောင်းလိမ့်မလဲ”

ဘယ်လောက်တောင် ပိန်းတဲ့လမ်းစဉ်လဲ ...

“ငါတို့ မနက်ဖြန်သွားမယ်”

“ဟုတ်ပြီ”

လုကျိုးက အနည်းငယ်အံ့ဩသွားတော့သည်။ သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။

“ငြိမ်းချမ်းရေးတောင်က တစ်ခုခုဖြစ်လို့လား”

သူက စီးဝူယာ့ကို ဆက်လက်လေ့လာနေသည်။ သို့သော် စီးဝူယာ့သည် သူ့စားပွဲ၌သာ ဆက်လက်အလုပ်လုပ်နေသောကြောင့် သူက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။

ထိုစဉ် ယန်ကျန်းလော့နှင့် လုလီက လေ့ကျင့်ရေးခန်းမ အပြင်ဖက်တွင် ပေါ်လာသည်။

“မျှော်နန်းသခင်”

“ဝင်လာခဲ့”

ယန်ကျန်းလော့နှင့် လုလီတို့သည် လေ့ကျင့်ရေးခန်းမထဲ ဝင်လာလေ၏။

လုလီက ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလိုက်၏။ "မျှခြေမညီမျှမှုဆိုးလာပြီ။ ရွှေကြာနယ်မြေဆီ ဦးတည်နေတဲ့ ကြမ်းတမ်းခက်ထန်သားရဲ တော်တော်များတယ်”

လုကျိုး မျက်မှောင်ကျုံ့မိသွား၏။ သူက မဟာဆရာသခင်တစ်ပါးမဟုတ်ပေ။ မဟာဆရာသခင်တစ်ပါး ရှိနေချိန်တွင် ထော့ပါစစ်ချန်းနှင့် ယဲ့ကျန်းတို့သေဆုံးသွားသည့်နေရာတွင် ဟန်ချက် ထိန်းပေးနိုင်လောက်၏။ မျှခြေမညီမျှမှုက ပိုမကောင်းလာသည့်အပြင် ပိုဆိုးလာပြီး ကြမ်းတမ်းခက်ထန်သားရဲများကိုပါ ကျူးကျော်လာစေ၏။

“ရွှေကြာနယ်မြေထဲ ဘာလို့လဲ”

“မသိပါဘူး။ တတိယသခင်လေးနဲ့ လု

ဝူက မြူတောအုပ်ထဲ စောင့်ကြပ်နေပါပြီ။ အချိန်အတိုင်းအတာတစ်ခုအထိ ဘယ်ကြမ်းတမ်းခက်ထန်သားရဲမှ ရွှေကြာနယ်မြေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆုံးမဲ့သမုဒ္ဒရာထဲက ပင်လယ်သားရဲတွေ မလာဘူးလို့ အာမမခံနိုင်ဘူး” လုလီက ပြောလိုက်သည်။

“အဆုံးမဲ့သမုဒ္ဒရာရဲ့ အရှေ့ဖက်ခြမ်းမှာ လှုပ်ရှားမှုရှိနေပြီ။ ငါးရက်မပြည့်မီ သူတို့ဖန်းလိုင်ကိုရောက်မှာ။ ဖန်းလိုင် ပြဿနာတက်မှာစိုးရတယ်။ ကျွန်တော် တကယ်သိချင်မိပါရဲ့ ဘာကြောင့် ရွှေကြာနယ်မြေလဲ”

…

အခန်း (၁၃၇၆) မဟာလေဟာနယ်ဆီ သဲလွန်စများ

လုကျိုးက ဖန်ကျုံး ချန်ထားခဲ့သည့် စားပွဲပေါ်မှ ပန်းချီကားကို ကြည့်လိုက်သည်။ သူက ရှေးဟောင်း ဆိတ်သားရေမြေပုံအကြောင်း တွေးမိသွား၏။ ထိုအရာကလည်း ဤပန်းချီကားနှင့် အတော်လေး ဆင်တူနေသည်။ ရှေးဟောင်းဆိတ်သားရေမြေပုံက သူ့ထံ အမည်မသိကုန်းမြေကို ထုတ်ဖော်ပြသခဲ့သော်လည်း အဖြေထက် မေးခွန်းများစွာ ရှိနေသည်က ကံဆိုးလှ၏။

အမည်မသိကုန်းမြေက ကျယ်ပြောလှသည်။ ရွှေကြာနယ်မြေက သေးငယ်ပြီး သိပ်မကြာသေးခင်က ထွက်လာခဲ့သည့် ရွက်သစ်နှင့် တူလေသည်။ ကျယ်ပြောလှသည့် အမည်မသိကုန်းမြေနှင့် နှိုင်းယှဉ်ပါက နယ်မြေ ၉ခုသည် အမှန်တကယ် သေးငယ်လွန်းလှ၏။ နယ်မြေ၉ခုက အမည်မသိကုန်းမြေကို ပွင့်ချပ်၉လွှာသဖွယ် ဝိုင်းထားလေ၏။ တချို့က ပိုမိုကြီးမားကာ တချို့က ပိုမိုသေးငယ်ပြီး တချို့က ပိုမိုဝေးကွာကာ တချို့က ပိုမိုနီးကပ်ကြသည်။

အဝါရောင်ကြာနယ်မြေက ရွှေကြာနယ်မြေနှင့် သိပ်မဝေးကွာလှပေ။

လုကျိုးက ရွှေကြာနယ်မြေသည် အမည်မသိကုန်းမြေမှ ခွဲထုတ်ထားသည်ဆိုလျှင် အဝါရောင်ကြာနယ်မြေက ရွှေကြာနယ်မြေမှ ကွဲထွက်သွားတာလားဟု စဉ်းစားနေမိ၏။ ဤသို့ဖြစ်နိုင်ခြေ ရှိသည်ဟု တွေးခဲ့မိသည်။ ပင်လယ်သားရဲများက ကမ်းခြေသို့လာကာ လူသားများအား တိုက်ခိုက်ရသည့်အကြောင်းအရင်းကိုပင် စဉ်းစားနေမိသည်။

ခဏအကြာတွင် သူက လုလီကို မေးလိုက်သည်။

“လုလီ မင်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ရှိနေတုန်းက ပင်လယ်သားရဲဘုရင်က အနီရောင်ကြာနယ်မြေဆီ ရောက်လာတဲ့ အကြောင်းအရင်းကို သိထားလား”

လုလီက ပြန်ဖြေလိုက်သည်။

“မျှော်စင်ပေါ်က တာအိုသင်္ကေတသုံးထောင်က ခုခံမှုအတွက်ပဲ မဟုတ်ဘူး။ မျှော်စင်ရဲ့ ထိပ်ဆုံးမှာ လေးထောင့်အစီအရင်က မိုးမြေရဲ့ စွမ်းအားနဲ့ သဟဇာတဖြစ်နေတာ။ တာအိုသင်္ကေတသုံးထောင်ကို ထည့်ပေါင်းလိုက်ရင် သူတို့က သားရဲတွေရဲ့ နေရာကို ရှာဖွေနိုင်တယ်။ ဒါပေမဲ့ သားရဲဘုရင်အဆင့်အောက်ကသူတွေကိုပဲ အာရုံခံနိုင်တာ။ ဉာဏ်ရည်မြင့်မားတဲ့ သားရဲတွေနဲ့ တိုက်ခိုက်ဖို့တော့ အသုံးမဝင်ဘူးပေါ့။ ဉာဏ်ကောင်းတဲ့ ခက်ထန်သားရဲတွေက လူသားတွေရဲ့ အာရုံစိုက်မှုကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ သိကြတယ်လေ။ တစ်ခါတစ်လေ ကျုပ်တို့က ပင်လယ်သားရဲတွေကို လျှော့တွက်သလိုမျိုး မဟာလေဟာနယ်က ကျုပ်တို့ကို အဲ့လိုလုပ်နေတာလားလို့ ခံစားမိတယ်”

ယန်ကျန်းလော့က ပြောလိုက်သည်။

“အဲဒါက တုံးအတာပဲ။ ငါ့အမြင်မှာတော့ နတ်သားရဲတွေက လူသားတွေထက် ပိုပြီးတော့ အားကောင်းတယ်။ လူသားတွေက အခုထိ အသက်ရှင်ခဲ့တာ ကံကောင်းလို့ပဲ။ သူတို့က ကုန်းမြေသားရဲနဲ့ ယှဉ်နိုင်တယ်”

လုလီက ယန်းကျန်းလော့၏ ကိစ္စများကို ပြန်လည်မချေပပေ။

လုကျိုးက ပြောလိုက်၏။

“မင်းတို့က ထွက်သွားလို့ရပြီ။ တကယ်လို့ တစ်ခုခုရှိတယ်ဆိုရင် အကြောင်းကြား”

“ဟုတ်ကဲ့”

ယန်ကျန်းလော့နှင့် လုလီတို့က လေ့ကျင့်ရေးခန်းမမှ ထွက်ခွာသွားပြီးသည့်နောက်တွင် လုကျိုးက အမြင်စွမ်းအားကို အသက်သွင်းပြီး စီးဝူယာ့ကို စောင့်ကြည့်လိုက်သည်။ သို့သော်လည်း စီးဝူယာ့ အိပ်စက်နေသည်ကို မြင်သည့်အခါ အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။

ထို့နောက် သူက ကျယ်ပြောကောင်းကင်အိတ်ကို ထုတ်ကာ မဟာလေဟာနယ်ဆေးလုံး၊ နတ်ဘုရားအမှတ်အသားသေတ္တာနှင့် ကုံချန်၏ အသက်ဓာတ်နှလုံးသားတို့ကို ထုတ်ယူလိုက်သည်။

“ကုံချန်ရဲ့ အသက်ဓာတ်နှလုံးသားက ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ မသင့်တော်ဘူး”

လုကျိုးက ရေရွတ်ပြီးသည့်နောက်တွင် ကျယ်ပြောကောင်းကင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။

ထို့နောက် သူက နတ်ဘုရားအမှတ်အသား ပိုးသေတ္တာကို ကြည့်လိုက်၏။ ထိုအရာက သူသည် ဂူသင်္ချိုင်းမှ ရရှိလာခြင်း ဖြစ်သည်။ ယခု သူက မဟာဆရာသခင်တစ်ယောက် ဖြစ်လာပြီဖြစ်၍ ထိုသေတ္တာကို ဖွင့်နိုင်မလားဟု စဉ်းစားနေမိသည်။

သူက ပိုးသေတ္တာပေါ် လက်တင်လိုက်သည့်အခါ အသက်ဓာတ်စွမ်းအင်တို့က ထွက်ပေါ်ပြီး ပိုးသေတ္တာထဲ ဝင်ရောက်သွားလေသည်။

ဝုန်း

အသံကျယ်တစ်ခု ထွက်ပေါ်လာလေသည်။

ပိုးသေတ္တာက ပွင့်သွားလေ၏။

လုကျိုးက အဖုံးကို လှပ်လိုက်သည်။ သူမြင်လိုက်သည်က အားကောင်းသည့် ကျင့်ကြံရေးနည်းလမ်း၊ လက်နက် သို့မဟုတ် ရတနာများ မဟုတ်ပေ။ ထိုအစား အိုဟောင်းနေသည့် တာအိုဝတ်ရုံတစ်ခုသာ ဖြစ်၏။

“တာအိုဝတ်ရုံလား” လုကျိုးက ထိုအဝတ်အစားတစ်ခုကို ရှာတွေ့လိမ့်မည်ဟု ထင်မှတ်မထားပေ။

ဒါက ဘာလို့ သုံးရမှာလဲ။ ဒါပေမဲ့ ဒီဝတ်ရုံကို ဂူဗိမာန်ထဲမှာ ထည့်ထားတာဆိုတော့ သူတို့က အဖိုးမတန်တဲ့အရာကို ထည့်ပါ့မလား။ စမ်းကြည့်ရအောင်…

လုကျိုးက လက်ကို ဝှေ့လိုက်ပြီး မီးတောက်ကို ထုတ်ကာ ဝတ်ရုံဆီ ပစ်ခတ်လိုက်သည်။

ဝှစ်

“ဟမ်”

ကံမီးတောက်က ဝတ်ရုံနှင့် လက်မဝက် အကွာတွင် ရပ်တန့်သွားလေ၏။ ထိုအရာက ဝတ်ရုံအနား ထပ်မံ မနီးကပ်နိုင်တော့ပေ။

ထင်ထားသည့်အတိုင်း ဝတ်ရုံက သာမန်ဝတ်ရုံမဟုတ်ပေ။

သူက ကံမီးတောက်ဖြင့် အနီးကပ်သွားဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း ကံမီးတောက်က ဝတ်ရုံနား မကပ်နိုင်ပေ။ ကံမီးတောက်က ဝတ်ရုံနှင့် ထိတွေ့မိခြင်း မရှိလျှင်ပင် သူတို့ကြားတွင် လက်မဝက် အကွာအဝေး ရှိနေဆဲသာ ဖြစ်၏။ ဝတ်ရုံက ကံမီးတောက်၏ အပူချိန်ကြောင့် သက်ရောက်ခံရသင့်ပေသည်။ သို့သော်လည်း ဝတ်ရုံက အကောင်းအတိုင်းရှိနေဆဲသာ ဖြစ်၏။

သူက ရှောင်ယွမ်အာ၏ တိမ်တိုက်ငှက်မွေး အဝတ်အစားအကြောင်း အမှတ်ရသွားလေ၏။ ထိုအာနိသင်ကလည်း အတူတူ ဖြစ်ပေသည်။ ငှက်မွေးအဝတ်အစားက အစီအရင်ဆရာများမှ ရွှေကြိုးနှင့် ငွေကြိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ဤပိုးသေတ္တာထဲမှ တာအိုဝတ်ရုံသည်လည်း မရိုးရှင်းကြောင်း အဖြေထုတ်ဖို့ သိပ်မကြာပေ။

လုကျိုးက သူ့ကံမီးတောက်ကို ရုတ်သိမ်းပြီး အမည်မဲ့ကို ဓားအသွင် ထုတ်ဖော်လိုက်သည်။ သူက အမည်မဲ့ကို ဝတ်ရုံဆီ ထိုးသွင်းဖို့ စီစဉ်နေလေ၏။ သို့သော်လည်း သူက ချုပ်နှောင်ရေး စည်းတံဆိပ်သည်ပင် အမည်မဲ့ကို မခုခံနိုင်ကြောင်း တွေးမိသွားလေသည်။ ထိုအစား သူက နောက်ထပ်လက်နက်တစ်ခုနှင့် စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်၏။

လုကျိုးက ဝတ်ရုံကို သူနှင့် ယူဆောင်ပြီး လေ့ကျင့်ရေးခန်းမမှ ဖျတ်ခနဲ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူက ဓားတစ်ချောင်းကို ထုတ်ကာ ဝတ်ရုံကို အကြိမ်ရေအနည်းငယ် ထိုးသွင်းဖို့ ကြိုးစားကြည့်ခဲ့၏။

ဝှစ် ဝှစ် ဝှစ်

ထင်ထားသည့်အတိုင်း ဝတ်ရုံက ပျက်စီးသွားခြင်း မရှိပေ။

စိတ်ဝင်စားစရာပဲ

သာမန်လက်နက်များက အသုံးမဝင်ခဲ့ပေ။

ထို့နောက် သူက စွမ်းအင်ဓားများကို ထိုဝတ်ရုံဆီ ပစ်ခတ်လိုက်သည်။ ယခင်နှင့် တူညီလှစွာ ဝတ်ရုံက နည်းနည်းလေးမှ အပျက်အစီးမရှိပေ။

“ယင်ဝတ်ရုံက သာမန်စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့တွေကို တားဆီးနိုင်တယ်ဆိုပေမဲ့ ဒီဝတ်ရုံက အဲဒါထက်တော့ သာလွန်နေတယ်” လုကျိုးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထို့နောက် သူက အမည်မဲ့ကို ဓားသဏ္ဌာန်ဖြင့် ထပ်မံထုတ်ဖော်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူက အမည်မဲ့ကို ဝှေ့ယမ်းလိုက်၏။

ဝှစ်

လေထဲ အဝတ်ပဲသွားသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ လုကျိုးက သေချာ ကြည့်လိုက်သည့်အချိန် ဝတ်ရုံပေါ်၌ သေးငယ်သည့် ပြဲရာတစ်ခုကို တွေးနိုင်သည်။

သူက ခေါင်းအသာယမ်းပြီး အနည်းငယ် စိတ်ပျက်သွားလေသည်။

“ဒါက အသုံးမဝင်ဘူး”

ထိုအရာက အမည်မဲ့၏ တိုက်ကွက်ကို မခုခံနိုင်သည့်အတွက် အသုံးမဝင်ပေ။

သူက ထိုဝတ်ရုံကို လျစ်လျူရှုတော့မည့်ဆဲဆဲတွင် မှော်ဆန်သည့်အရာတစ်ခု ဖြစ်ပျက်လာလေ၏။ သူက ဝတ်ရုံသည် သူ့အလိုလိုကောင်းပြီး နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။

လုကျိုးက အနည်းငယ် အံ့အားသင့်သွားမိ၏။ လူသားများက သူတို့၏ ဒဏ်ရာများကို ကုစားနိုင်သော်လည်း ဝတ်ရုံများက အပျက်အစီးကို ယခုအခါ ကုစားနိုင်ပြီလား။

ထိုဝတ်ရုံကို မည်သို့ပြုလုပ်ထားသည်ကို တွေးမိသွားလေ၏။

လုကျိုးက အမည်မဲ့ကို ယူကာ ထပ်မံထိုးသွင်းလိုက်သည်။

ဤတစ်ကြိမ် စုတ်ပြဲရာက ယခင်ကထက် ပိုမိုကြီးမားလေသည်။ ယခင်နှင့် တူညီစွာ စုတ်ပြဲရာက စက္ကန့်ပိုင်းလေးအတွင်း ပြန်လည်ကောင်းမွန်သွားသည်။ ကြိုးမျှင်များက တစ်ခုနှင့်တစ်ခုရောယှက်ပြီး ပြန်လည်ဆက်နွယ်သွားလေ၏။

“ဒါက တကယ့်ကို ရတနာပဲ”

လုကျိုးက ဝတ်ရုံထဲ ကနဦးချီကို ထည့်သွင်းပြီး တစ်စုံတစ်ခုကို ရှာဖို့ ကြိုးစားလိုက်သည်။

ဝှစ်

မျက်စိတစ်မှိတ်အတွင်း သူက ပန်းချီဆေးခြယ်ထားသည့် အိပ်မက်တစ်ခုအတွင်း ကျရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူက လျှို့ဝှက်ဆန်းကြယ်ကာ အဆုံးမဲ့ကြယ်စင်စုထဲ ရောက်ရှိနေသလိုမျိုး ဖြစ်၏။ စကြဝဠာကြီးက ငွေရောင်ကြိုးမျှင်များဖြင့် ရက်လုပ်ထားပြီး အစီအရင်တစ်ခုနှင့် ဖြစ်ပေါ်နေသည်။ ထိုအခိုက်အတန့်၌ သူက ငွေရောင်ကြိုးမျှင်တစ်ခုသာရှိကြောင်း တွေ့ရှိသွားလေသည်။ အစမှအဆုံးထိ ငွေရောင်ကြိုးမျှင်တစ်ခုတည်းက ရှေ့မှနောက် ကူးသန်းနေပြီး တာအိုဝတ်ရုံကို ရက်လုပ်နေသည်။

ဝတ်ရုံပေါ်ရှိ သင်္ကေတများက အစီအရင်ကြောင့် အလင်းဖြင့် တောက်ပနေလေ၏။ လက်ဖျားများတွင် ထိုက်ကျိ ယင်ယန်သင်္ကေတ ရှိနေလေသည်။

လုကျိုးက ထိုအင်မတန် အသေးစိတ်လှသည့် ရက်လုပ်ရေး နည်းစနစ်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ဝတ်ရုံက တကယ်ကို အစက်အပြောက် ကင်းမဲ့လှသည်။ ဖုန်တင်လာသည့် အချိန်တိုင်း ထိုအရာက အလိုအလျောက် ဖယ်ရှားပစ်မည် ဖြစ်၏။

“ဒါက တကယ်ကိုရတနာပဲ” လုကျိုးက ရေရွတ်လိုက်သည်။

လုကျိုးက သူ့ဝတ်ရုံကို ဖယ်ရှားပြီး တာအိုဝတ်ရုံကို ဝတ်ဆင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူက သူ့ချီသွေးကြော ၈ခုသည် ထိုဝတ်ရုံနှင့် ဆက်နွယ်သွားသလို ခံစားလိုက်ပြီး သဟဇာတဖြစ်လာလေ၏။

ခံစားချက်က သက်သောင့်သက်သာ ဖြစ်လာသည်။ ခဏအကြာတွင် လုကျိုး၏ ခန္ဓာကိုယ်က သူ့အလိုလို ကျင့်ကြံလာ၏။

“တကယ်ကို အံ့ဖွယ်ပဲ” ထိုဝတ်ရုံဖြင့် သူသည် ကျင့်ကြံနေခြင်းမရှိလျှင်ပင် သူ့ကနဦးချီတို့က နဂိုကထက်ပိုမို မြန်ဆန်စွာ ကောင်းမွန်လာလိမ့်မည်။

ထိုအရာက သူ့အံ့ဖွယ်စွမ်းအားကိုပင် ကောင်းမွန်စေလိမ့်မည်။ ခရမ်းရောင်တောက်ပသံကျောက်နှင့် မတည်မြဲခြင်းတိုင်လုံးတို့ဖြင့် ပေါင်းစည်းလိုက်သည့်အခါ အံ့ဖွယ်စွမ်းအား ပြန်လည်ကောင်းမွန်ဖို့ နေ့တစ်ဝက်ခန့်သာ အချိန်ယူရလိမ့်မည်။ အကယ်၍ သူ့တွင် အဆုံးမဲ့အံ့ဖွယ်စွမ်းအားထောက်ပံ့မှု ရှိနေပါက သူတော်စင်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

တကယ်ကို အံ့ဩဖို့ကောင်းတယ်…

လုကျိုးက လေ့ကျင့်ရေးခန်းမဆီ ပြန်လာပြီးသည့်နောက်တွင် ဆက်လက်ကျင့်ကြံလိုက်သည်။ ဝတ်ရုံ၏ အာနိသင်က ယာယီမျှသာ ဖြစ်နေလျှင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယခု အခွင့်ကောင်းကို ယူသည်က အကောင်းဆုံး ဖြစ်၏။

လုကျိုးက သက္ကတကျမ်းကို ထုတ်ယူလိုက်ပြီး ကောင်းကင်ကျမ်းနှင့်အတူ စတင်ဆင်ခြင်လိုက်သည်။

ဝတ်ရုံက မမြင်နိုင်ဖွယ် စွမ်းအားတစ်ခုကိန်းအောင်းနေသလိုမျိုး သူ့အသိစိတ်ကို ထိုကျမ်းအတွင်း ဆွဲခေါ်သွားလေသည်။

“သက္ကတကျမ်းဆိုတာ ဘာလဲ။ တာအိုကို ကျင့်ကြံတာလား။ သူတို့က အလကားပဲ”

“ငါ့တစ်ဘဝလုံး သွေးချွေးနဲ့ မျက်ရည်တွေကို ရှင်းပြီးတော့ မိုးမြေရဲ့ အနှောင်အဖွဲ့တွေကို ချိုးဖောက်ဖို့ ကုစားခဲ့ရတယ်။ တကယ်ကို နှမြောဖို့ကောင်းတယ်။ မိစ္ဆာဆိုတာက ဘာလဲ။ ငါက ကမ္ဘာကြီးကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တယ်။ အားလုံးက မိစ္ဆာပဲ။ အားလုံးက ငါ့ကို မိစ္ဆာလို့ ခေါ်မှတော့ တကယ့်မိစ္ဆာက ဘာလဲဆိုတာကို ပြရသေးတာပေါ့”

လုကျိုး၏ အသိစိတ်က သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်နေသည့် မှောင်မဲမဲနေရာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ထို့နောက် အသံများနှင့် တိုက်ခိုက်သံများက သူ့နားထဲ ပဲ့တင်ထွက်သွားလေ၏။

“သတ်ပစ်”

“သတ်ပစ်”

တိုက်ခိုက်သံများက နားကွဲလုမတတ် ဆူညံလာသည်။

ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ၊ အဖြူရောင်ကြာနယ်မြေ၊ ခရမ်းရောင် ကြာနယ်မြေ၊ အစိမ်းရင့်ကြာနယ်မြေ၊ ကျောက်စိမ်းကြာနယ်မြေတို့မှ ကျင့်ကြံသူတို့က သူ့မျက်စိရှေ့ ပျံသန်းလာလေ၏။ တစ်ယောက်ချင်းစီက ခက်ထန်ပြီး သူတို့၏ လက်နက်များကို သူ့ဆီ ဆွဲကိုင်လာလေသည်။ သူတို့၏ မျက်နှာက ဒေါသနှင့် အမုန်းတရားတို့ဖြင့် လောင်မြိုက်နေလေ၏။

“မိစ္ဆာက ဒီကမ္ဘာကြီးမှာ မတည်ရှိသင့်ဘူး”

“မင်းက သေဖို့ ထိုက်တန်တယ်”

“ဒီလိုမျိုးဆိုးယုတ်တဲ့သူက ဟောပြောပို့ချဖို့ အရည်အချင်းရှိလို့လား”

“သေလိုက်စမ်း”

ထိုစဉ် လုကျိုး၏ မျက်လုံးက ရုတ်တရက် ပွင့်လာလေသည်။ သူက ချက်ချင်းဆိုသလို ကျင့်ကြံရေးကို ရပ်တန့်လိုက်၏။

သူ့နဖူးအထက် ချွေးများစို့နေလေသည်။ သူက ထိုအရာကြောင့် အံ့အားသင့်မိသွား၏။ သူ စတင်ကျင့်ကြံကတည်းက ချွေးမထွက်သည်မှာ ကြာမြင့်လှပြီဖြစ်၏။

သာမန်အခြေအနေအောက်တွင် ကျင့်ကြံသူများက သာမန်လူများကဲ့သို့ မောပန်းမှုမျိုးကို တွေ့ကြုံခံစားရလေ့မရှိပေ။ ဤဟောပြောချက်ကို လေ့လာခြင်းကမူ သူ့အား ချွေးထွက်လာစေ၏။

ယခင်က သူသည် ကောင်းကင်ကျမ်း စာလိပ်များစွာကို ရယူပြီး သက္ကတကျမ်းမှ စွမ်းအားကို ရယူနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ယခု သူ ထင်ထားသည့်အတိုင်း ဖြစ်မလာရုံသာမကဘဲ အကြောက်တရားဖြင့် ကိန်းအောင်းလာမိ၏။

သူက ဝမ်းနည်းမှု၊ ဒေါသ၊ မောက်မာမှု၊ အကြောက်တရားနှင့် စိတ်ခံစားချက်များစွာကို တွေ့ကြုံခံစားခဲ့ရသည်။ ကံကောင်းစွာဖြင့် သူက ထိုစိတ်ခံစားချက်များ၌ နစ်မြောသွားခြင်းမရှိပေ။

“ဒီဝတ်ရုံကြောင့်လား” လုကျိုးက ထိုဝတ်ရုံကို သံသယဖြင့် ကြည့်လိုက်သည်။ သူက ထိုဝတ်ရုံနှင့် သက္ကတကျမ်းတို့သည် ယခင်အခြေအနေကို ဖြစ်ပေါ်လာစေသည်ဟု သံသယရှိမိ၏။

ဆေးခြယ်ထားသည့် အိပ်မက်က ဝေဝါးကာ လျှို့ဝှက်ဆန်းကြယ်လှ၏။ ထိုသက္ကတကျမ်း၏ ပိုင်ရှင်က ဤသို့သော အားကောင်းသည့် စိတ်ခံစားချက် အကြွင်းအကျန်များကို ချန်ထားလောက်အောင် မည်သည့်အရာများကို တွေ့ကြုံခံစားခဲ့ရမည်နည်း။

လုကျိုးက ခေါင်းအသာယမ်းပြီး သက်ပြင်းချလိုက်၏။ သူက မသက်မသာခံစားနေမိသည်။

သက္ကတကျမ်းကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုးက သူ့ကျန်ရှိနေသည့် လက်ကျန်သက်တမ်းကို ကြည့်လိုက်သည်။

“ရက်သုံးဆယ် ကုန်သွားပြီလား”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ယခု ခေတ္တမျှဟုသာ ခံစားခဲ့ရသော်လည်း ရက်သုံးဆယ် ကုန်ဆုံးသွားခဲ့လေသည်။

ရက်သုံးဆယ်က မတည်မြဲခြင်းတိုင်လုံးကြောင့် အဆတစ်ရာ ဖြစ်၏။ မတည်မြဲခြင်းတိုင်လုံးမရှိလျှင် သူက နေ့တစ်ဝက်မျှသာ ကုန်ဆုံးရသေးသည်။

လုကျိုးက စီးဝူယာ့အကြောင်း တွေးမိသွားကာ အမြင်စွမ်းအားကို အလျင်အမြန်အသက်သွင်းလိုက်သည်။

…………………………………………………..

ကောင်းကင်လွန်းက အမှောင်တိမ်တိုက်များကြား ဖြတ်သန်းလာသည်။

စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်တို့က ကုန်းပတ်ပေါ်တွင် ရပ်ရင်း ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေသည်။

“ကျိချန်းပေ့ကို အရင်သွားမရှာတော့ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

စီးဝူယာ့က ပြောလိုက်၏။

“စိတ်မပူနဲ့။ ငါ သတင်းပို့ထားပြီးပြီ”

“ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ငါ့ဓားတွေကိုတော့ မမေ့နဲ့နော်”

စီးဝူယာ့က ပြုံးကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ငါမမေ့ပါဘူး”

…………………………………………………………………………………..

ထို့နောက် လုကျိုးက အဆောင်မှ လှုပ်ရှားမှု ရှိကြောင်း ပြန်လည်အမှတ်ရသွားသော်လည်း သူသည် ကျင့်ကြံရေးထဲတွင် နစ်မြောနေသည့်အတွက် အာရုံမစိုက်ခဲ့မိပေ။

သူက အမြင်စွမ်းအားဖြင့် ဆက်လက်စောင့်ကြည့်နေပြီး အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။

အကြောင်းအရာများက အင်မတန် ရိုးရှင်းလှ၏။

မိုးမြေရဲ့ တားဆီးမှုနဲ့ ပတ်သက်ပြီး အသစ်ရှာဖွေတွေ့ရှိထားတာ ရှိလို့ ကျွန်တော် ငြိမ်းချမ်းရေးတောင်ဆီ သွားလိုက်ပါဦးမယ်။ မစိုးရိမ်ပါနဲ့

……………………………………………………………….

ကောင်းကင်လွန်းအောက်တွင် ပင်လယ်ကခက်ထန်နေသည်။ သူတို့က အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းနေကြခြင်း ဖြစ်၏။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“မိုင်နှစ်ရာလောက်ကျရင် ဘယ်ဖက်ကို ကွေ့လိုက်။ အဲဒီမှာ ဖန်းလိုင်ကျွန်းကို ရောက်လိမ့်မယ်။ အဲဒီမှာ ရပ်ချင်သေးလား။ ငါ့ရဲ့ဆရာက မင်းတို့အားလုံးကို လွမ်းနေတာ”

စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။

“ကျွန်းသခင်ဟွမ်းနှင့် မိန်းကလေးကျင်းယီတို့က ဘယ်လိုလဲ”

“ကောင်းပါတယ်။ ပင်လယ်မျက်နှာပြင် မြင့်တက်လာတော့ ကျွန်းငယ်လေးနှစ်ကျွန်းလုံး မြုပ်သွားတယ်လေ။ အဲဒီတော့ ကျန်တဲ့ဟာ ကြီးကြီးမားမားတော့ မရှိပါဘူး” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“တစ်ချက်လောက် သွားကြည့်ရအောင်”

“ကောင်းပြီ”

ဖန်းလိုင်ကျွန်းကို ရောက်ရှိဖို့ သိပ်မကြာမြင့်ခဲ့ပေ။

စီးဝူယာ့က ကျန်းအိုက်ကျန့် ပြောခဲ့သလိုမျိုး ကျွန်းငါးကျွန်းအနက် နှစ်ကျွန်းမြုပ်သွားကြောင်း သတိထားမိခဲ့သည်။

အလယ်တွင်ရှိနေသည့် ကျွန်းက လေထဲတွင် မြင့်တက်နေဆဲဖြစ်ပြီး အချိန်တစ်ခုကြာအထိ စိုးရိမ်စရာ မလိုသေးပေ။ သို့သော်လည်း ရေမျက်နှာပြင်မြင့်တက်လာမှုက စိုးရိမ်ဖွယ် ကောင်းလှ၏။ ဤသို့သာ ဆက်ဖြစ်နေပါက အမြင့်ဆုံးကျွန်းပင် နစ်မြုပ်သွားဖို့ သိပ်ကြာမြင့်မည် မဟုတ်ပေ။

ထိုစဉ် ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့က တခြားတပည့်များနှင့် အတူပျံသန်းကာ ရောက်ရှိလာလေ၏။

အချင်းချင်း နှုတ်ဆက်ပြီးသည့်နောက်တွင် ဟွမ်းရှစ်ကျဲက စီးဝူယာ့သည် ငြိမ်းချမ်းရေးတောင်ဆီ သွားမည့်အကြောင်း သိထားသောကြောင့် တအံ့တဩ ရေရွတ်လိုက်သည်။

“ငြိမ်းချမ်းရေးတောင်ဆီ သွားမှာလား”

“ဟုတ်ပါတယ်။ ကျွန်တော် အဲဒီမိုးမြေရဲ့ အနှောင်အဖွဲ့နဲ့ ပတ်သက်ပြီး ထူးဆန်းနေမိတာ။ ငြိမ်းချမ်းရေးတောင်က လက်ရှိမှာ အရှေ့ဆုံး ကျတဲ့နေရာပဲ။ အဲဒါကြောင့် အဲဒီမှာ အဖြေများ တွေ့နိုင်မလားလို့” စီးဝူယာ့က ပြန်ဖြေလိုက်၏။

လီကျင်းယီက ပြုံးကာ ပြောလိုက်၏။

“သတ္တမသခင်လေးက မိုးမြေရဲ့ အနှောင်အဖွဲ့တွေအကြောင်း လေ့လာနေတာဆိုတော့ တကယ်ကို လေးစားဖို့ကောင်းပါတယ်”

“ဟေး ဟေး ရှစ်မေ့ … ငါလည်း လေးစားဖို့ကောင်းတယ်မလား” ကျန်းအိုက်ကျန့်က ဝင်နောက်လိုက်သည်။

လီကျင်းယီက အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။

ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။

“ငြိမ်းချမ်းရေးတောင်က ဖန်းလိုင်ကျွန်းနဲ့ မိုင်ထောင်ချီ ဝေးတယ်။ ဒါက အရမ်းကို အန္တရာယ်များတုန်းပဲ။ ဒီခရီးစဉ်မှာ ကျင်းယီနဲ့ ငါလည်း မင်းတို့နောက်က အဖော်ပြုပေးမယ်”

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ရွှေကြာနယ်မြေ၏ ကျင့်ကြံရေးကန့်သတ်ချက်က ချိုးဖောက်သွားလေသည်။ သူတို့က တိုးတက်မှုတချို့ရှိလာသည်ဟု မှတ်ယူ၍ ရပေသည်။ သို့သော်လည်း သူတို့က ဘုံတစ်ထောင်လေပွေအဆင့်နှင့် အလှမ်းဝေးနေဆဲသာ ဖြစ်သည်။ အင်မတန် ပါရမီထူးကဲသည့် ကျန်းအိုက်ကျန့်ပင် ပွင့်ချပ်ဆယ်လွှာမျှသာ ရှိသေး၏။

ကိစ္စများက ယခင်ကကဲ့သို့ မဟုတ်သည့်အတွက် စီးဝူယာ့က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဘာမှမလိုပါဘူး။ ကျွန်တော် ကျန်းအိုက်ကျန့်နဲ့ပဲ သွားလိုက်ပါ့မယ်”

“လူတစ်ယောက်အပိုရှိတာက အပိုအင်အားတစ်ခုရှိတာနဲ့ အတူတူပဲပေါ့။ မငြင်းပါနဲ့တော့။ အစ်ကိုကျိက ဖန်းလိုင်ကျွန်းအတွက် အများကြီးလုပ်ပေးခဲ့တာ။ ငါက မင်း ငြိမ်းချမ်းရေးတောင်ဆီ သွားတာကို ဘေးရပ်ပြီး ကြည့်မနေနိုင်ဘူး” ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။

သူက စီးဝူယာ့ ထပ်မံငြင်းဆန်တော့မည်ကို ခံစားမိသည့်အခါ အလျင်အမြန် ထပ်ပြောလိုက်သည်။

“အဲ့လိုဆိုရင် သတ်မှတ်ပြီးသွားပြီ။ ငါ မင်းအချိန်ကို မဖြုန်းတော့ဘူး။ အခုသွားရအောင်။ အားလုံး နောက်ဆုတ်ကြ”

“ဟုတ်ကဲ့” ဖန်းလိုင်၏ တပည့်များက ကျွန်းဆီ ပြန်လည်ရောက်ရှိလာကြသည်။

စီးဝူယာ့က နစ်မြုပ်နေသည့် ကျွန်းများကို ကြည့်ကာ ပြောလိုက်၏။

“ကျွန်းသခင်ဟွမ်း ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူးလား”

ဟွမ်းရှစ်ကျဲက သက်ပြင်းချလိုက်၏။

“ဖန်းလိုင်က ငါ့ရဲ့ မွေးရပ်မြေဇာတိလေ။ သစ်ပင်က အမြစ်မရှိဘဲ ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလား။ မျှခြေမညီမျှမှုက မကြာခင် အဆုံးသတ်သွားဖို့ပဲ မျှော်လင့်မိတယ်”

စီးဝူယာ့က တခြားဘာမှမပြောတော့ပေ။

ကောင်းကင်လွန်းက အရှေ့ဖက်ဆီ ဆက်တိုက် ပျံသန်းနေလေ၏။

လှိုင်းသံများနှင့် ပင်လယ်သားရဲအော်သံများက အောက်မှ ထွက်ပေါ်လာလေသည်။

ကောင်းကင်လွန်းက အသံ ထွက်ပေါ်လာ၏။

“အားလုံး သတိထားကြ။ သာမန်အခြေအနေအောက်မှာဆိုရင်တော့ သားရဲတွေက ဒီအထိ တက်မလာနိုင်ဘူး။ ဒါပေမဲ့ မျှခြေမညီမျှမှုကြောင့် အာမခံချက်တော့ မရှိဘူး" စီးဝူယာ့က သတိပေးလိုက်သည်။

ဝှစ်

သိပ်သည်းလှသည့် မြူခိုးအတွင်း ပင်လယ်သားရဲတစ်ကောင်က လေးကြိုးကိုင်းသဖွယ် ခုန်တက်လာသည်။

ကျန်းအိုက်ကျန့်က အံ့အားသင့်သွားလေ၏။

“မင်းက ကျိန်စာတိုက်နေတာလား”

ပင်လယ်သားရဲက ပင်လယ်ထဲ ပြန်လည်ပြုတ်ကျသွားခဲ့သည်။

စီးဝူယာ့က မဖြေပေ။ ထိုအစား သူက ကောင်းကင်လွန်း၏ အရှိန်ကိုသာ မြှင့်တင်လိုက်၏။

…………………………………………………..

လုကျိုးက စီးဝူယာ့၏ အကြည့်အတိုင်းလိုက်ကာ သိပ်သည်းလှသည့် မြူခိုးမှတဆင့် ပင်လယ်မျက်နှာပြင်အောက် အနက်ရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

အနက်ရောင်ပုံရိပ်က ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့်အတွက် မည်မျှကျယ်ပြောပြီး မည်မျှရှည်လျားသည်ကို ပြောဖို့ရာ ခက်ခဲ၏။ ထို့နောက် လုကျိုးက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။

“ဟေး”

ဝှစ် ဝှစ် ဝှစ်

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက လုကျိုး၏ အသံကိုကြားသည့်အခါ အပြေးအလွှား ရောက်ရှိလာလေ၏။

“မျှော်နန်းသခင် အမိန့်ရှိပါ”

“အားလုံးကို စုဝေးလိုက်။ ငါတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို သွားမယ်”

“ဟုတ်ကဲ့ပါ”

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက လုကျိုး၏ အမိန့်ကို တခြားသူများထံ အလျင်အမြန် ပို့ဆောင်လိုက်ကြသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ချက်ချင်းဆိုသလို လက်ရည်စမ်းမှုကို ရပ်တန့်လိုက်ကြ၏။ သူတို့က ရှောင်ကျိုးနှင့် ရှောင်ဝူတို့အား နှုတ်ဆက်ဖို့ပင် အချိန်မရဘဲ လေ့ကျင့်ရေးခန်းမဆီ ပျံသန်းကာ ရောက်ရှိလာကြသည်။ ယန်ကျန်းလော့နှင့် လုလီတို့ဆီ ရောက်ရှိလာသည့်အခါ ရှောင်ယွမ်အာနှင့် ခရုလေးတို့က လေ့ကျင့်ရေးခန်းမအတွင်း ရောက်ရှိနေကြပြီ ဖြစ်၏။

အားလုံးကို စုဝေးဖို့ရာ သိပ်မကြာမြင့်လိုက်ပေ။

...

အခန်း (၁၃၇၇) နတ်ဘုရားကဲ့သို့ သွင်ပြင်ဖြင့် ပေ၂၀၀၀မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်လာခြင်း

လူတိုင်းသည် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်သွားရန် ရုတ်တရက် ဆုံးဖြတ်ချက်ကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။ အထူးသဖြင့် ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုနှင့် နီးစပ်နေပြီဖြစ်သည့် ယွီကျန့်ဟိုင်အတွက် ဖြစ်သည်။ သူသည် ယခုအခေါက်အတွင်း ကောင်းကင်ကြိုးတန်းကို ဖြတ်ကျော်ရန် နည်းလမ်းမျိုးစုံကိုလေ့လာနေခဲ့တာဖြစ်သည်။ သူတို့မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်သွားပါက ယင်းသည် သူ၏အစီအစဉ်ကို နှောင့်ယှက်လိမ့်မည်။ ထို့ကြောင့် သူက အရင်ဆုံးမေးလိုက်လေ၏။

“ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ဘာလို့ ရုတ်တရက်ကြီးပြန်တာလဲ”

လုကျိုးက ပြန်ပြောလိုက်သည်။ "လောင်ချီက စီးတော်သားရဲငြိမ်းချမ်းရေးငှက်ဆီသွားပြီ။ အဲ့တာက အဲ့ဒီမှာ အင်မတန်အန္တရာယ်များတယ်။ ဖန်းလိုင်ကနေ စီးတော်သားရဲငြိမ်းချမ်းရေးငှက်ဆီကို အင်အားကြီးတဲ့ပင်လယ်သားရဲ အများကြီးသွားနေကြတာ”

သူသည် မဟာလေဟာနယ်နှင့် မိုးနှင့်မြေ အတားအဆီးအကြောင်း ထည့်မပြောခဲ့ပေ။ သူ၏တပည့်များက မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသောကြောင့် သူသည် သူတို့အထွတ်အထိပ်တည်ရှိမှုများ ဖြစ်လာစေရန် ဖြည်းဖြည်းချင်း ကူညီပေးမှာပဲဖြစ်သည်။ အချိန်ကျလာချိန်တွင် သူတို့အားလုံး မဟာလေဟာနယ်မှ ထိုလူများကို ရင်ဆိုင်ရန် သူတို့အတွက် ပိုလွယ်ကူသွားလိမ့်မည်။ သို့သော်ငြား အလျင်မလိုရမှန်း သိနေလေ၏။ ယခုအချိန်တွင် မဟာလေဟာနယ်အကြောင်း သဲလွန်စများကို ဆက်လက်စုဆောင်းရမည်။ လိုရင်းပြောရပါက ၎င်းငြီးငွေ့ဖွယ်ကောင်းသည့်နည်းကို အသုံးပြုခြင်းက ပိုကောင်းပေ၏။

ယွီကျန့်ဟိုင်က စဉ်းစားဆင်ခြင်လျက် ပြောလိုက်သည်။ "လောင်ချီက ကိစ္စရပ်တွေဆောင်ရွက်တဲ့အချိန် အမြဲသတိထားတတ်တာ။ သူ့ကိုယ်သူ အလွယ်တကူအန္တရာယ်ဖြစ်ခံမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ဘာကြောင့်များ စိတ်လိုက်မာန်ပါ အဆင်ခြင်မဲ့လုပ်ရတာလဲ”

“ပညာရှိတောင်မှ အမှားမလုပ်မိဖို့မဖြစ်နိုင်ဘူး” ယွီရှန်းရုန်က မထောက်ခံကြောင်းပြောလိုက်၏။ "အရင်တုန်းက လောင်ချီက ရှစ်ရှိုးကို ကူညီတဲ့အချိန် သူ အမှားတွေအများကြီးလုပ်ခဲ့တယ်”

ယွီရှန်းရုန်သည် လောင်ချီက ရှစ်ရှိုး ပုန်ကန်ရန် ကူညီပေးစဉ်က ဟူသည့်စကားလုံးကို မြိုချလိုက်ရ၏။

ယွီကျန့်ဟိုင်က ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်၏။

“အဲ့ဒါက လောင်ချီရဲ့အမှားမဟုတ်ဘူး။ သူက ဗျူဟာချတာတော်ပြီး ပန်းတိုင်ရောက်အောင် လုပ်နိုင်ပေမဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဦးဆောင်တဲ့နေရာမှ ကျွမ်းကျင်မှုမရှိဘူး”

ထိုစဉ် လုကျိုးက သူတို့နှစ်ယောက်ကို ဖြတ်ပြောလိုက်၏။ "အားလုံး ဒီရောက်နေပြီဆိုတော့ သွားကြမယ်”

“ဟုတ်ကဲ့”

ထိုစဉ် ချင်ရန်ယွဲ့က လုကျိုးနှင့် ကျန်သည့်သူများ ထွက်ခွာတော့မည့်သတင်းကို ကြားပြီးသည်နှင့် ဓားသမား၄၉ယောက်ကို သူနှင့်အတူ တပါးတည်းခေါ်လာကာ အလျင်စလိုပြန်လာလေ၏။ သူက သူတို့ဆက်နေအောင်ဖြောင့်ဖျဖို့ ပြင်ဆင်ထားသည်။

ချင်ရန်ယွဲ့သည် လုကျိုးနှင့်ကျန်သည့်သူများက သူရောက်လာချိန်တွင် ဝေဟင်ထဲပျံသန်းနှင့်နေပြီးတာကို မြင်သောအခါ လှမ်းခေါ်လိုက်၏။ “အစ်ကိုလု စောင့်ပါဦး။ ဘာကြောင့် အလျင်စလိုထွက်သွားရတာလဲ”

လုကျိုးက ပျံသန်းလာနေသော ချင်ရန်ယွဲ့ကို လှည့်ကြည့်ပြီးပြောလိုက်သည်။ "ငါ အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးလို့ ဒါကြောင့် ထပ်မနေတော့ဘူး”

ချင်ရန်ယွဲ့က နှမြောနေသောအမူအရာဖြင့် ပြောလိုက်တော့သည်။ “အစ်ကိုလုကို ကောင်းကောင်း ဧည့်မခံရသေးဘူးလေ။ အစ်ကိုလုမှာ တစ်ခုခု လုပ်စရာရှိတယ်ဆိုတော့ အစ်ကိုလု နေဖို့ မဖျောင်းဖျတော့ပါဘူး။ ယွမ်လန်”

“ဟုတ်ကဲ့ပါ ဆရာသခင်ချင်” ယွမ်လန်က ရှေ့တိုးလိုက်၏။

“အစ်ကိုလုကို သင်္ကေတလမ်းကြောင်းဆီ ခေါ်သွား”

“ဟုတ်ကဲ့”

လုကျိုးက ခေါင်းအနည်းငယ်ညိတ်ကာ ပြောလိုက်တော့သည်။ “အခြေအနေတွေ ငြိမ်သွားတာနဲ့ ငါ ထပ်လာလည်မယ်”

“လာလည်ဖို့ အချိန်မရွေးကြိုဆိုနေပါတယ်”

ဤနည်းဖြင့် ယွမ်လန်က မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့ကိုရွှေကြာနယ်မြေဆီဦးတည်ပြီး ချင်မျိုးနွယ်ထဲတွင် ရှိသည့် သင်္ကေတလမ်းကြောင်းဆီသို့ ဦးဆောင်သွားသည်။

ရွှေကြာနယ်မြေ ...

အံ့ဖွယ်မြို့တော်၏ မြောက်ဖက်မိုင် ၃၀အကွာတွင်ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ အလင်းတန်းရုတ်တရက်ပေါ်လာပြီး ယွမ်လန်ပါ ပေါ်လာလေ၏။ ယွမ်လန်သည် သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ပတ်ဝန်းကျင်သည် မှောင်မည်းအုံ့ဆိုင်းနေပြီး မှုန်မှိုင်းနေသည့်ဝေဟင်ထဲတွင် ပျံသန်းနေသည့် သားရဲများကို မြင်သောအခါ သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။ "ရွှေကြာနယ်မြေထဲက မျှခြေမညီမျှမှုက အတော်လေး ပြင်းထန်တယ်။ မဟာဆရာသခင်လု ... လိုအပ်လာရင် ဓားသမား၄၉ယောက်က ရွှေကြာနယ်မြေကို ကူညီဖို့ဆန္ဒရှိပါတယ်”

မိစ္ဆာဝေဟင်မျှော်နန်း၏ ယေဘူယျအင်အားက မဆိုးသော်ငြား အရေအတွက်က သူတို့မျှသာရှိသည်။ ဆိုရလျှင် သူတို့ကိုယ်သူတို့လည်း လူမခွဲနိုင်။ ထို့အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲရှိ ပညာရှင်အရေအတွက်ကလည်း အကန့်အသတ်ရှိ၏။ ဓားသမား ၄၉ယောက်ထံမှ ပံ့ပိုးမှုဖြင့် အံ့ဖွယ်မြို့တော်က ပိုပြီးဘေးကင်းလိမ့်မည်။

ယှဉ်ကြည့်လျှင် ရွှေကြာနယ်မြေက အတော်လေးအဆင်ပြေနေသေးပြီး ယခုအချိန်၌ အကူအညီ လိုအပ်မှာ မဟုတ်ပေ။ ထိုအကြောင်းအရင်းများကြောင့် လုကျိုးက ခေါင်းညိတ်လိုက်သည်။

ယင်းကို မြင်သောအခါ ယွမ်လန်က ပြောလိုက်၏။ "မနက်ဖြန်မှ လူခေါ်လာပါမယ်”

ထိုစဉ် မင်ရှစ်ရင်က ယွမ်လန်ဘေး လျှောက်သွားကာ ယွမ်လန်ကို တံတောင်ဖြင့်တို့လိုက်၏။ သူက ကြံစည်နေသော လေသံဖြင့်ပြောလိုက်၏။ "မင်းက အတော်စိတ်ဝင်စားဖို့ကောင်းသားပဲ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့ စိတ်ဝင်စားလား”

ယွမ်လန် “...”

လုကျိုးက လှည့်မေးလျက်ပြောလိုက်၏။ “ဟုတ်ပြီ အချိန်မဖြုန်းနဲ့တော့”

ဤနည်းဖြင့် လူတိုင်းသည် လုကျိုး၏ဦးဆောင်မှုနောက်လိုက်ကာ အံ့ဖွယ်မြို့တော်ဆီပျံသန်းသွားသည်။

ယွမ်လန်က ခေါင်းကုတ်လျက် အဝေးသို့ပျံသန်းသွားသည့် လူတစ်စုကိုကြည့်ကာ ရေရွတ်ပြောလိုက်တော့သည်။ “ငါ လက်ခံဖို့နှေးသွားလွန်းတာများလား”

လုကျိုးနှင့်ကျန်သည့်သူများသည် အံ့ဖွယ်မြို့တော်ထဲပျံသန်းသွားသောအခါ ကျင့်ကြံသူများစွာ သိချင်စိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။

အချိန်မည်မျှဖြစ်စေကာမူ အံ့ဖွယ်မြို့တော်၌ ပျံသန်းနိုင်သည့်နေရာမရှိပေ။ မည်သည့်အချိန်တွင် ဖြစ်စေကာမူ အံ့ဖွယ်မြို့တော်က မပျံသန်းရသည့်နေရာဖြစ်သည်။ ပျံသန်းရဲသည့်သူများက ပုဂ္ဂိုလ်ကြီးများသာ ဖြစ်လိမ့်မည်။

ထိုစဉ် မြို့ရိုးဆီမှ ခရာသံပေါ်ထွက်လာ၏။

တောင်ဝင်နန်းတော်ဆီမှ ပညာရှင်များသည် မြို့ရိုးပေါ် ကမန်းကတန်းတက်လာလျက် ရန်သူကို ထိပ်တိုက်တွေ့ရန် ပြင်ဆင်ကြသည်။

လုကျိုးက တော်ဝင်မြို့တော်ဆီ ပျံသန်းတော့မည့်အချိန်တွင် ...

ဝှစ်

တောင်ဝင်မြို့တော်အတွင်းထဲကနေ လုကျိုးဆီ ဦးတည်သည့်ရွှေရောင်မြှားတစ်စင်းပေါ်ထွက်လာ၏။ အောက်ရှိကျင့်ကြံသူများက စိုးရိမ်ပူပန်ခြင်းမရှိကြချေ။ သူတို့က ဝေဟင်ထဲရှိလူတို့နောက် သိချင်စိတ်ဖြင့် လိုက်လာ၏။ ရွှေရောင်မြှားကို မြင်သောအခါ သူတို့က ပိုတောင်ယုံကြည်ချက်ရှိလာ၏။

ရွှေရောင်မြှားသည် အံ့ဖွယ်မြို့တော်ထဲရှိ နံပါတ်တစ် နတ်လေးရှင်ဟွားယွဲ့ရှင်းဆီမှ လာတာပဲဖြစ်သည်။

ဟွားယွဲ့ရှင်းသည် တော်ဝင်မြို့တော်ကို နှစ်ပေါင်းများစွာကြာ စောင့်ကြပ်ခဲ့ပြီး မရေမတွက်နိုင်သော ကြမ်းတမ်းခက်ထန်သားရဲများကို သတ်ဖြတ်ခဲ့၏။ သူမသည် လူငယ်ကျင့်ကြံသူများ၏အတော်ဆုံး နတ်လေးရှင်အဖြစ် အသိအမှတ်ပြုတာခံထားရတာ ကြာပြီဖြစ်ကာ အတိတ်တုန်းက နတ်လေးရှင်ချန်ကျူးထက် သာလွန်သွားပြီဖြစ်သည်။

ဝှစ်

‌ရွှေရောင်မြှားသည် နားစည်ထိုးဖောက်နိုင်သည့်အသံဖြင့် မီတာတစ်ရာအကွာကနေ လုကျိုးရှေ့သို့ ရောက်လာ၏။

လုကျိုးက လက်မြှောက်လျက် ရွှေရောင်မြှားကို အလွယ်တကူဖမ်းလိုက်သည်။ ပြီးနောက် ရွှေရောင်စွမ်းအင်မြှားသည် ကနဦးချီအဖြစ်ပျော်ဝင်သွားပြီး စကြဝဠာဆီပြန်ရောက်သွား၏။

လုကျိုးနှင့် ကျန်သည့်သူများက အတားအဆီးမရှိ ဆက်လက်ပျံသန်းသွားသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ထိုကဲ့သို့မြင်ကွင်းကို အသားကျနေပြီဖြစ်သောကြောင့် တည်ငြိမ်နေကြလေ၏။

တစ်ဖက်တွင်မူ အဝေးရှိဝေဟင်ထဲပျံဝဲနေသော ဟွားယွဲ့ရှင်းသည် သူမ၏စွမ်းအင်မြှားအလျင်စလို ပျော်ဝင်သွားတာကို မြင်မိသောအခါ မျက်မှောင်ကျုံ့မိသွား၏။ အင်အားကြီးသည့်ရန်သူများ မြို့တော်သို့ ကျူးကျော်လာသည်ဟု တွေးမိသောကြောင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ အကူအညီတောင်းခံရန် အဆောင်ကို အလျင်စလို မီးမြှိုက်လိုက်၏။

ထိုစဉ်

“ဟွားယွဲ့ရှင်း”

လုကျိုး၏ ခမ်းနားသောအသံသည် ပြန့်လွင့်လာ၏။

ဟွားယွဲ့ရှင်းသည် ရှေ့ရှိလူကိုမမှတ်မိသော်ငြား အသံက သူမစိတ်ထဲအလွန်လတ်ဆတ်နေသေး၏။ သူမက အထိတ်တလန့် ပြောလိုက်မိသည်။ “မျှော်နန်းသခင်လား”

ထိုစဉ် အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူများ ဝေဟင်ထဲပျံသန်းလာကြသည်။

မျှခြေမညီမျှမှုကို ကျော်လွှားရန်အတွက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် ငြိမ်းချမ်းရေး ယူထားတာဖြစ်သည်။

ဝေဟင်ထဲ၌ စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခုပြီးတစ်ခု ချဉ်းကပ်လာသည်။ သူတို့၏သခင်များက ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုနား ချဉ်းကပ်နိုင်ရန် မအပ်စပ်သေးသော်ငြား သူတို့က ရွှေကြာနယ်မြေထဲတွင် အင်အားကြီးသူများဖြစ်နေသေးသည်။

မွေးဖွားဇယားချပ် ၇ခု ၈ခုရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်များသည် ၇၀၀-၇၅၀ခန့်မြင့်ပေ၏။ သူတို့က အတော်လေးရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။

ထိုကျင့်ကြံသူများသည် အံ့ဖွယ်မြို့တော်၏ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ သူတို့ရှိလျှင် မြို့တော်၌ ငြိမ်းချမ်းမှုဆက်လက်တည်ရှိလိမ့်မည်။

ဘီး

စွမ်းအင်သံက ပဲ့တင်သံထပ်နေလေရာ ယင်းသည် ဝေဟင်ထဲတွင် ရုတ်တရက်ပေါ်ပေါက်လာသည့် စိတ်ဝိညာဉ်သဏ္ဌာန်ထက်တောင် ကျယ်လောင်သေး၏။

အသံလာရာဖက်ဆီသို့ ကျင့်ကြံသူများစွာ တညီတညွတ်တည်းကြည့်လိုက်ကြသည်။

တလက်လက်တောက်ပသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာသည်။

သူတို့က ခေါင်းနောက်စေ့ကပ်သည့်အချိန်ထိ ကြည့်လိုက်သည့်အချိန်တွင်တောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့် အပြည့်ကို မမြင်နိုင်သေးပေ။

ကျင့်ကြံသူများသည် စိတ်ဝိညာဉ်သဏ္ဌာန်၏အမြင့်နှင့်ခန္ဓာကို အခြေခံပြီး ကျင့်ကြံဆင့် အကဲဖြတ်လေ့ရှိ၏။

ထိုတလက်လက်တောက်ပနေသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အံ့ဖွယ်မြို့တော်၏ မြို့ပိုင်းရှိ အရာအားလုံးထက်မြင့်သည်။ နတ်ဘုရားက ဝေဟင်ကနေ ဆင်းသက်လာသလိုပင်။

လုကျိုးက လှမ်းခေါ်လိုက်၏။ “ကျောင်းယွဲ့”

ထိုစဉ် တော်ဝင်မြို့တော်ထဲမှ အမျိုးသမီးတစ်ဦး အလျင်စလို ပျံထွက်လာ၏။ အထိတ်တလန့်ဖြင့် သူမ ဝေဟင်ထဲတွင် ဒူးထောက်ချကာ ပြောလိုက်သည်။ "ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”

ထိုစကားကို ကြားသောအခါ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ လူများအပါအဝင် မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများက တညီတညွတ်တည်းဦးညွတ်လိုက်တော့သည်။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်လု”

“နှုတ်ခွန်းဆက်ပါတယ် ကျိချန်းပေ့”

“တင်း ... လူပေါင်း ၂၃၅၀၏ ကိုးကွယ်ယုံကြည်မှုရရှိပါတယ်။ ဆုလာဘ် ကုသိုလ်မှတ် ၂၃၅၀”

အံ့ဖွယ်မြို့တော်ရှိ အရပ်သားများသည် အရူးများမဟုတ်ကြပေ။ မြို့တော်၏အင်အားကြီး ပုဂ္ဂိုလ်အားလုံးက တလေးတစား ဦးညွှတ်နေတာကို မြင်ပြီး သူတို့က ဒူးထောက်ပြီးဦးညွှတ်လေ၏။

“နတ်ဘုရားကဲ့သို့ပုဂ္ဂိုလ်ရောက်ရှိလာမှုကြောင့် ရွှေကြာနယ်မြေသည် ဘေးကင်းပြီဖြစ်သည်။

“တင်း ... လူပေါင်း ၁၀၅၅၀၀၏ ကိုးကွယ်ယုံကြည်မှုရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၅၅၀၀”

လုကျိုးသည် အံ့ဖွယ်မြို့တော်သို့ သူ ပြန်ရောက်လာကြောင်း ကြေညာရန် စိတ်ဝိညာဉ်သဏ္ဌာန်ကိုသာ ဖွဲ့တည်ရသေး၏။ ဤမျှများပြားသည့် ကုသိုလ်မှတ်များရလိမ့်မည်ဟု မထင်မှတ်ထားပေ။

ယွီကျန့်ဟိုင်ကို ကူညီပြီး မြို့တော်ကို ထိန်းပေးခဲ့စဉ်က သူသည် ထိုမျှများပြားသည့် ကုသိုလ်မှတ် မရရှိခဲ့ပေ။ မြို့တော်က နည်းပါးပုံပေါ်၏။

လမ်းပေါ်တွင် အမျိုးသားများ၊ အမျိုးသမီးများ၊ လူကြီးလူငယ်များက ပေ ၂၀၀၀ခန့်မြင့်မားသည့် ရွှေကြာကို မော့ကြည့်နေကြသည်။

ယခင် ရွှေကြာကျင့်ကြံသူတို့သည် အနက်ရောင်ကြာကျင့်ကြံသူနှင့် အဖြူရောင်ကြာကျင့်ကြံသူများကို မြင်သည့်အချိန်၌ ရွှေကြာကျင့်ကြံသူများသည် သိမ်ငယ်သလိုခံစားရ၏။ သို့သော် ယခုမူ သူတို့သည် အရာအားလုံးကို လွှမ်းနိုင်သည့် ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ ဂုဏ်ယူဝင့်ကြွားမှု၊ လေးစားမြတ်နိုးမှု၊ ကိုးကွယ်ယုံကြည်မှု၊ လေးစားရိုကျိုးမှုများပြည့်လာတော့သည်။

လုကျိုးသည် သူက ယခုအချိန်တွင် ကုသိုလ်မှတ်ထပ်မရလောက်တော့ဘူးဟု တွေးမိပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။

ချက်ချင်းပင် ကျန်သည့်ကျင့်ကြံသူများသည် သူတို့ပခုံးပေါ်ရှိ လေးလံသောဝန်ထုပ်ပေါ့သွားသလို ခံစားလိုက်ရသည်။

“ထပြီးပြော” လုကျိုးက ထိုသို့ပြောပြီး ကျောင်းယွဲ့ရှေ့သို့ လှစ်ကနဲရောက်သွား၏။

ကျောင်းယွဲ့က ထိတ်လန့်နေသည်။ သူမဆရာကို မတွေ့သည့်နှစ်များ၌ သူ၏ကျင့်ကြံမှုများက များစွာတိုးတက်လာသည်။

ထိုစဉ် အဝေးကနေ ဟွားယွဲ့ရှင်းက အလျင်စလို ရောက်လာချလာသည်။ သူမက အမြန် ဒူးထောက်လိုက်၏။ “တောင်းပန်ပါတယ် မျှော်နန်းသခင်ပြန်ရောက်လာမှန်း ကျွန်မ မသိလိုက်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

တစ်ချိန်တည်းတွင် ယန်ကျန်းလော့က မိတ်ဆက်ပေးလိုက်၏။ “ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နတ်လေးရှင် ဟွားယွဲ့ရှင်း”

ခုံဝမ်နှင့် သူ၏ညီနောင်များသည် ဟွားယွဲ့ရှင်းကို နှုတ်ဆက်ရန် လက်သီးဆုပ်မိုးလိုက်ကြသည်။

ဟွားယွဲ့ရှင်းက ကြင်နာစွာတုန့်ပြန်လိုက်၏။ သူမက အရူးတစ်ယောက်မဟုတ်ပေ။ ခုံဝမ်နှင့် သူ၏ညီနောင်များသည် မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားအသစ်များဖြစ်ကြောင်း သိသွား၏။

လုကျိုးက ပြောလိုက်လေ၏။ “မင်းရဲ့လေးအတတ်က အတော်တိုးတက်လာတာပဲ။ အခုကျင့်ကြံဆင့် ဘယ်လောက်ရှိပြီလဲ”

ဟွားယွဲ့ရှင်းက မဝံ့မရဲပြောလိုက်၏။ "ဒီနှစ်တွေထဲ တိုးတက်မှုကို ပြောရမှာ ရှက်စရာပါပဲ။ ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်ကာစပဲရှိသေးတယ်”

တကယ်တော့ ဟွားယွဲ့ရှင်းသည် ကျင့်ကြံရေးပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည်။ လူအများစုအဖို့ ၁၀နှစ်အတွင်း ဘုံတစ်ထောင်လေပွေအဆင့်သို့ရောက်ရှိရန်မလွယ်ကူပေ။ လူများစွာက ပိတ်မိနေကြပြီး တိုးတက်ရန်နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်။

လုလီက ပြောလိုက်၏။ "တကယ်တော့ ဒီမှာရှိတဲ့အချိန် တစ်စုံတစ်ခုကို သတိပြုမိခဲ့တယ်။ အဲ့ဒါကို တွေးပူနေတာ။ ရွှေကြာကျင့်ကြံသူတွေရဲ့အရှိန်က တခြားသူတွေထက် တိုးတက်မှုနှုန်း မြန်ဆန်တယ်။ မိန်းကလေးယွဲ့ရှင်းကလည်း အတော်လေးပါရမီရှိတာပဲ။ တခြားသူတွေအဖို့ ဒီလိုတိုးတက်မှုတွေဆိုတာ ရှားတယ်”

“ရွှေကြာကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအရှိန်က ပိုမြန်နေတယ်တဲ့လား”

“မြန်တယ်။ ဒါပေမဲ့ အကြောင်းအရင်းကို သေချာမသိဘူး။ ဒီနေရာက မြေနဲ့ရေက ဒီကလူတွေက အာဟာရဖြည့်ပေးနေတာ ဖြစ်လောက်တယ်” လုလီက ပြောလိုက်သည်။

လူတိုင်းက ရယ်မောရုံသာရယ်လျက် ၎င်းကို ချီးကျူးသည်အဖြစ်သဘောထားက နက်နက်နဲနဲမတွေးကြပေ။

ကျောင်းယွီက မေးလိုက်လေ၏။ “ရှစ်စွင်း ဘာလို့ပြန်လာတာလဲ”

“ဒီအကြောင်းကို ပြီးရင်ပြောကြမယ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ခန်းမထဲတွင်ဖြစ်သည်။

လုကျိုးပြန်ရောက်လာသည့်အကြောင်း သတင်းကြားသည့်အခါ အထိန်းတော်လီယွင်ကျောက်သည် မယ်တော်ကြီးကို အမြန်ခေါ်လာ၏။ အခြားသော ကျင့်ကြံသူများ၏အမြင်ကို သူ ဂရုမစိုက်ခဲ့ပေ။

လုကျိုးသည် ကြာကြာနေဖို့ မရည်ရွယ်ထားချေ။ သူက ခဏတဖြုတ်အနားယူပြီး ဖန်းလိုင်သို့ခရီးဆက်ရန် ပြင်ဆင်ထား၏။ မယ်တော်ကြီးကိုမြင်သောအခါ သူ ဇဝေဇဝါဖြစ်ကာ မေးလိုက်လေသည်။

မယ်တော်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။ “မျှော်နန်းသခင်ကျိ ... ရောက်လာတာ ကြားမိလို့ ကျွန်မရဲ့ခန္ဓာကိုယ် ထိခိုက်နိုင်ရင်တောင် ရှင့်ကို လာတွေ့ဦးမှာပဲ။"

လီယွင်ကျောက်က ပြောလိုက်လေ၏။ “ကျိချန်းပေ့ ဒီလိုပါ။ မယ်တော်ကြီးက လတ်တလောနှစ်ထဲ ပြန်သက်သာလာပြီး မှတ်ဉာဏ်အများစု ပြန်ရလာပါတယ်။ လူကြီးမင်းကို မေးစရာရှိလို့”

လုကျိုးက ခေါင်းညိတ်လိုက်၏။ “ပြောပါ”

မယ်တော်ကြီးသည် ကျောင်းယွဲ့၏အဖွားဖြစ်သောကြောင့်သူက သူမကို အကြောင်းပြချက်မရှိဘဲ မလွှတ်နိုင်ပေ။

မယ်တော်ကြီးက ခေါင်းအနည်းငယ်ညိတ်လျက် ဖြည်းဖြည်းချင်းပြောလိုက်၏။ "ကျန်းအိုက်ကျန့်က ငါရဲ့သနားစရာမြေးလေး လျှိုကျန့် ဟုတ်တယ်မလား”

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။

စကားပြောခန်းကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ မည်သူမှ ဝင်မဖြတ်ရဲချေ။ နိဂုံးချုပ်ခါနီးပြီဖြစ်သော အဘွားအိုက ဤသို့မှတ်မိလိမ့်မည်ဟု သူတို့မထင်ထားပေ။

“ဟုတ်တယ်” လုကျိုးက ပြောလိုက်၏။

မယ်တော်ကြီးသည် သူမရင်ထဲ၌ အဖြေကို သိပြီးဆိုသော်ငြား အတည်ပြုချက်ကိုကြားသောအခါ အနောက်သို့ ယိုင်သွားသည်။ ပြီးနောက် သူမက စတင်ငိုရှိုက်လေ၏။

လီယွင်ကျောက်က သူမကိုအလျင်အမြန်ကူတွဲပေးလိုက်သည်။ ပြီးနောက် သူသည် အနီးက ခုံတစ်လုံးကိုဆွဲလျက် သူမကို ထိုင်ခိုင်းပြီးနောက် နှစ်သိမ့်လိုက်၏။

မယ်တော်ကြီးက ပြောလိုက်သည်။ “ငါ အားလုံးမှတ်မိပြီ။ အခုအားလုံး မှတ်မိပြီ။ သနားစရာကလေး အခုဘယ်မှာလဲ”

လုကျိုးက ပြောလိုက်၏။ "သူက ကောင်းကောင်းနေနေပါတယ်”

“ဒါဆို ဘာလို့ပြန်မလာတာလဲ။ သူ့ကိုတွေ့ချင်တယ်။ ဧကရာဇ်နဲ့ငါ သူ့ကိုအကြွေးတင်နေခဲ့တာ”

“ခင်ဗျားကိုယ်ခင်ဗျား အပြစ်တင်ဖို့မလိုပါဘူး။ တော်ဝင်မိသားစုက အလွန်ရှုပ်ထွေးတာ။ ခင်ဗျားကိုယ်ခင်ဗျား ထိန်းချုပ်နိုင်တာလည်းမဟုတ်ဘူး။ ဖန်းလိုင်ကျွန်းဆီသွားပြီး အဲ့ဒီမှာတပည့် လုပ်နေတယ်။ သူ ပြန်မလာတဲ့အကြောင်းအရင်းကို သိမှာပဲ။ ဒါကြောင့် ရှင်းပြဖို့ မလိုတော့ဘူး”

လုကျိုးက ပြောလိုက်၏။

ယွီကျန့်ဟိုင်က ထိုစကားများကိုကြားသောအခါ မျက်မှောင်ကျုံ့မိသွားလျက် ခေါင်းခါလိုက်သည်။ ကံကောင်းသည်မှာ ထိုကိစ္စများက ဝူချီနှင့်ဘာမှမသက်ဆိုင်ပေ။ ဝူချီအန်းတို့သည် ပလ္လင်ကို သိမ်းပိုက်စဉ်က လျှိုချန်းမိသားစု၏သနားစဖွယ်ဖြစ်ရပ်က ဖြစ်နှင့်နေပြီးသားပေ။

မယ်တော်ကြီးက အငိုရပ်လျက်မေးလိုက်သည်။ “ဖြစ်နိုင်ရင် မျှော်နန်းသခင်ကျိ သူ့ကိုခေါ်လာပေးလို့ရမလား”

လုကျိုးသည် သူက ကျန်းအိုက်ကျန့်ကို သူ့မိသားစု အသိအမှတ်ပြုဖို့ပြန်လာရန် လုပ်နိုင်ကြောင်း သိထားသည့်တိုင် တပါးသူတို့ကို ဖိအားပေးရန်မနှစ်သက်ပေ။

လုကျိုး၏တုန့်ဆိုင်းနေမှုကိုမြင်သောအခါ မယ်တော်ကြီးက သတိလစ်သွားတော့သည်။

လီယွင်ကျောက်က သွေးခုန်နှုန်းကို အမြန်စမ်းပေးလိုက်၏။ သူက သက်ပြင်းချကာ ခေါင်းခါလိုက်၏။

“ဝမ်းနည်းလွန်းသွားတာ။ မယ်တော်ကြီးက အရှင့်သားကို မှတ်မိချိန်ကစပြီး ဝမ်းနည်းပက်လက်နဲ့ နေ့တိုင်းငိုနေရှာတာ။ ကျန်းမာရေးက ယိုယွင်းလာပြီး ရှင်သန်ဖို့နေ့တွေ သိပ်မကျန်တော့ဘူး။ အရှင့်သားကို တွေ့ဖို့ဆုံးဖြတ်ချက်ကြောင့်သာမဟုတ်ရင် စိုးရိမ်ရတာက သူ ..."

လီယွင်ကျောက်သည် ပြီးအောင်မပြောရဲချေ။

လုကျိုးက လက်မြှောက်လျက် အပြာရောင်ကြာပွင့်တစ်ခုကို မယ်တော်ကြီးဆီပို့လွှတ်လိုက်၏။

အပြာရောင်ကြာပွင့်၏ ထူးကဲသာလွန်သောကုသမှုဖြင့် မယ်တော်ကြီးက အလွန်လျင်မြန်စွာ သတိပြန်ဝင်လာ၏။ ကြာပွင့်သည် ရင်ထဲရှိဝမ်းနည်းမှုကိုမကုသနိုင်ပေ။

မယ်တော်ကြီးက သက်ပြင်းချလိုက်၏။ “ဒါ ဒါက နောက်ဆုံးဆန္ဒ”

လုကျိုးက ထရပ်လျက် ရှေ့နောက်လျှောက်လိုက်သည်။ ခဏစဉ်းစားပြီးနောက် ပြောလိုက်လေ၏။

“သူ့ကိုပြန်ခေါ်လာခဲ့မယ်”

“တကယ်လား” မယ်တော်ကြီးက အပျော်လွန်သွား၏။ သူက တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို လျစ်လျူရှုထားလျက် လူတိုင်းရှေ့တွင် ဒူးထောက်လိုက်သည်။ “မယ်တော်ကြီး ...”

“အဘွား”

လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ ညင်သာသောစွမ်းအင်က ပေါ်ထွက်လာပြီး မယ်တော်ကြီးကို ပြန်ဆွဲခေါ်လိုက်၏။

“ခင်ဗျားရဲ့ကျန်းမာရေးက မကောင်းဘူး။ ဒါကြောင့် ဒီလိုကျင့်ဝတ်တွေမလိုဘူး။" ပြီးနောက် လုကျိုးသည် လီယွင်ကျောက်ကို တချက်ကြည့်ပြီးပြောလိုက်သည်။ "လီယွင်ကျောက်”

“ကျွန်တော်မျိုး နားလည်ပါပြီ။ နားလည်ပါပြီ” လီယွင်ကျောက်က အလျင်စလိုပြောလိုက်၏။ သူက ရှေ့တိုးကာ မယ်တော်ကြီးကို ညင်သာစွာထယူလျက် ခန်းမအပြင်ဖက်သို့ ခေါ်ထုတ်သွားသည်။

လူတိုင်း သက်ပြင်းချမိသွား၏။ လုကျိုးက ထိုင်ချကာ လူတိုင်းကို သိမ်းကျုံးကြည့်ပြီးနောက် မေးလိုက်သည်။ “အံ့ဖွယ်မြို့တော်ထဲက အခြေအနေက လတ်တလောနှစ်တွေထဲ ဘယ်လိုလဲ။"

ကျောင်းယွဲ့က ဦးညွှတ်လျက်ပြန်ပြောလိုက်သည်။ "အနက်ရောင်မျှော်စင်အဖွဲ့အစည်း၊ အဖြူရောင်မျှော်စင်အဖွဲ့အစည်း အကူအညီနဲ့ အားလုံးအဆင်ပြေနေပါတယ်။ အရင်တုန်းက စန်းရှစ်ရှိုးက အစိမ်းရောင်ကြာနယ်မြေက ပိုင်ယိကို အနိုင်ယူခဲ့တယ်”

အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူတို့သည် တညီတညွတ်တည်းလက်သီးဆုပ်မိုးလိုက်၏။

လုကျိုးက ပြောလိုက်သည်။ “အတော်လေး ကောင်းကျိုးဆောင်ခဲ့တာပဲ။ တောင်းဆိုစရာရှိရင် လွတ်လွတ်လပ်လပ်ပြော။ အကောင်းဆုံးဖြည့်ဆည်းပေးမယ်”

အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ယောက်သည် လက်မြှောက်လျက်ပြောလိုက်၏။

"ဒါက ကျုပ်တို့ရဲ့ တာဝန်ပါ။ အဖြူရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေက အတူတကွသေအတူရှင်မကွာဘဲလေ။ ဆုလာဘ်မတောင်းရဲပါဘူး”

ပြီးနောက် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ယောက်သည် ကြည်လင်သောအသံဖြင့် ပြောလိုက်၏။ "မျှော်နန်းသခင်လု မျှော်နန်းသခင်ရဲ့ကြင်နာမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဆုလာဘ်အတွက် ဒီကိုရောက်လာတာမဟုတ်ပါဘူး”

“ကောင်းပြီ”

ပြီးနောက် လုကျိုးသည် လေဝိညာဉ်လေးကိုထုတ်ကာ ဟွားယွဲ့ရှင်းအားပေးလိုက်၏။ “ဒီလေးက မင်းကို အကူအညီပေးလိမ့်မယ်။ ကောင်းကောင်းသုံး”

ဟွားယွဲ့ရှင်းက လေးကိုဖမ်းလိုက်၏။ သူမသည် လေဝိညာဉ်လေးမှ ဆန်းကျယ်မှုကို ခံစားမိသောအခါ သူမလက်ထဲရှိ စန္ဒကြွေလေးက ချို့တဲ့သွားသလိုပင်။ သူမက ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”

ပြီးနောက် ဟွားယွဲ့ရှင်းက ဘေးသို့ပြန်လည်ဆုတ်ခွာသွားကာ လေးအသစ်ကို သဘောကျကြည့်နေလေ၏။

အနက်ရောင်ကြာနဲ့ အဖြူရောင်ကြာကျင့်ကြံသူများ “...”

သူတို့အစောတုန်းက စိတ်လိုက်မာန်ပါရှိလွန်းသည်ဟု ခံစားမိသည်။

All Chapters