← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 11 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 11 Ch. 115-116

အပိုင်း (၁၁၅)

ချက်ချင်းပဲ မော့ချိုက အေးစက်စွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ဒါက သာမန် သိုင်းပြိုင်ပွဲ မဟုတ်ဘူး။ သေရေးရှင်ရေး သိုင်းပြိုင်ပွဲဖြစ်ပြီး လူသေနိုင်တယ်။ သေရေးရှင်ရေး စာချုပ်ကို လက်မှတ်ထိုးရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြုံးလျက် ဖြေသည်။ “ကျုပ် စောစောတည်းက ပြောပြီးသားပါ။ သေရေးရှင်ရေး စာချုပ်ကို လက်မှတ်ထိုးဖို့ ကျုပ် ဆန္ဒရှိပါတယ်။ တစ်ပွဲတည်းနဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်မယ်၊ တစ်ပွဲတည်းနဲ့ သစ်ရွက်ကြွေနယ်မြေ ပိုင်ဆိုင်မှုကို ဆုံးဖြတ်မယ်။”

မော့ချိုက ပြောလိုက်၏။ “ကောင်းပြီလေ… ခင်ဗျား ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆိုလိုတာက ခင်ဗျား သဘောတူလိုက်ပြီပေါ့။”

မော့ချိုက ပြန်ဖြေ၏။ “ဇွန်လ ၁၀ ရက်နေ့၊ ခင်ဗျားနဲ့ ကျုပ်၊ လေခွင်းချိုင့်ဝှမ်းနဲ့ ရှီးယွီမြို့ နယ်စပ်မှာ သေရေးရှင်ရေး သိုင်းပြိုင်ကြမယ်။ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အကုန်လုံး သက်သေအဖြစ် လာရောက် ကြည့်ရှုကြမယ်။ တစ်ပွဲတည်းနဲ့ သေရေးရှင်ရေး ဆုံးဖြတ်မယ်၊ တစ်ပွဲတည်းနဲ့ သစ်ရွက်ကြွေနယ်မြေ ပိုင်ဆိုင်မှုကို ဆုံးဖြတ်မယ်။”

ယွင်ကျုံးဟဲ့က အတည်ပြုလိုက်သည်။ “ကောင်းပြီ… ကတိတည်ပါစေ။”

“ကတိတည်ပါစေ။”

ထူးဆန်းလှသော လေထု ပတ်ဝန်းကျင်ထဲ၌ ယွင်ကျုံးဟဲ့နှင့် မော့ချိုတို့က သေရေးရှင်ရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြ၏။ တစ်စောင်တည်း မဟုတ်ဘဲ စုစုပေါင်း ငါးစောင်တိတိ ဖြစ်၏။

ဤစာချုပ်များကို ပြာကျသွားအောင် မည်သို့ လုပ်ပြမည်ကို စောင့်ကြည့်ရပေတော့မည်။ ထို့ကြောင့် စာချုပ်များကို အလိုအလျောက် မီးလောင်ပြာကျစေသည့် လှည့်ကွက်မျိုးကို အကြိမ်ကြိမ် အသုံးမပြုသင့်ချေ။

တစ်ကြိမ် အသုံးပြုပြီးသွားသည်နှင့် နောက်ထပ် ချုပ်ဆိုမည့် မည်သည့် စာချုပ်ကိုမဆို လူတိုင်းက အလွန် သတိထားလာကြမည်သာ ဖြစ်၏။ နောင်တွင် လျှို့ဝှက်စာချုပ်များ ချုပ်ဆိုရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ဤစာချုပ်ပေါ်တွင်လည်း ကျင်းကျုံးယွဲ့က လက်မှတ်ရေးထိုးကာ တံဆိပ်တုံး နှိပ်ပေးရန် လိုအပ်ဆဲဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ်တွင် သူမ၏ တံဆိပ်တုံးကို လူတိုင်းရှေ့တွင် ရေဆေးကြောသန့်စင်စေပြီးနောက် ထန်ထိုင်မိသားစုက ပြင်ဆင်ပေးထားသော တံဆိပ်တုံးမင်ကို အသုံးပြုကာ နှိပ်စေခြင်း ဖြစ်သည်။

သေရေးရှင်ရေး စာချုပ် ငါးစောင်စလုံး အပြီးသတ်သွား၏။

လူတိုင်း၏ အကြည့်များက ယွင်ကျုံးဟဲ့အပေါ်သို့ ကျရောက်လာရာတွင် သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ မော့ချိုကို ကြည့်သည့် အကြည့်များကမူ အနည်းငယ် ရှုပ်ထွေးနေ၏။ အလွန် လွယ်ကူသော အနိုင်ရလဒ်ကို အလကားနီးပါး ရရှိသွားသကဲ့သို့ ခံစားနေရကြောင်း သိသာလှပေသည်။

ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။ “ဇွန်လ ၁၀ ရက်နေ့ကျရင် ကျုပ်နဲ့ သခင်လေး မော့ချိုရဲ့ သိုင်းပြိုင်ပွဲကို လာကြည့်ဖို့ မမေ့ကြနဲ့ဦး။ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းမှာ သေချာတယ်။”

လူတိုင်းက သေချာပေါက် သွားရောက် ကြည့်ရှုကြမည်သာ ဖြစ်၏။ ဤသည်မှာ သမိုင်းတစ်လျှောက် အင်အား အကွာဟဆုံးသော သိုင်းပြိုင်ပွဲကြီး ဖြစ်လာမှာ ဖြစ်သောကြောင့်ပင်။

ထို့အပြင် မျက်တောင်မခတ်ဘဲ ကြည့်ရှုရန် လိုအပ်ပေမည်။ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် သိုင်းပြိုင်ပွဲ ပြီးဆုံးသွားကာ ယွင်အောက်ထျန်းက မြေပြင်ပေါ်တွင် အလောင်းတစ်လောင်း ဖြစ်သွားမည်မှာ သေချာလွန်းလှသည်။

ယွင်ကျုံးဟဲ့ ဖိတ်ခေါ်နေစရာပင် မလိုဘဲ ထိုနေရာရှိ မြို့စားများအားလုံးသာမက မိသားစုဝင်များပါ သွားရောက် ကြည့်ရှုကြပေလိမ့်မည်။ ထိုနေ့၌ ကြည့်ရှုသူ အရေအတွက် ထောင်နှင့်ချီ ရှိလာနိုင်၏။

ပထမအချက်မှာ မြို့စားမိသားစု တစ်ခု၏ ရှင်သန်ရေး သို့မဟုတ် ပျက်စီးရေးကို အဆုံးအဖြတ်ပေးမည့် ပွဲဖြစ်သောကြောင့် အလွန် အရေးကြီးလှသည်။ ဒုတိယအချက်မှာ ဤမျှ ယုတ္တိမတန်သော ပြိုင်ပွဲမျိုးကို လက်လွတ်ခံ၍ မဖြစ်နိုင်သောကြောင့်ပင်။

စာချုပ်များ ချုပ်ဆိုပြီးစီးပြီးနောက် ကျင်းကျုံးယွဲ့၊ ယွင်ကျုံးဟဲ့နှင့် ကျင်းဝူပြန်းတို့က ထန်ထိုင်မိသားစုကို နှုတ်ဆက်ကာ လေခွင်းမြို့သို့ ပြန်ရန် ပြင်ဆင်ကြတော့၏။

ယွင်ကျုံးဟဲ့က နင်ချင်းကိုပါ နှုတ်ဆက်ရမှာဖြစ်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဆရာမ နင်ချင်း… လေခွင်းမြို့ကို လိုက်ခဲ့မလား။”

ယခင်က ချင်းအာဟု ခေါ်ဝေါ်ခဲ့သော်လည်း ယခုတော့ ဆရာမ နင်ချင်း ဖြစ်သွားခဲ့သည်။

နင်ချင်းက အေးစက်စွာ ပြုံးလိုက်၏။ “အရင်က ယွင်ဝမ်ရွှယ်ဆိုတဲ့ ခြိမ်းခြောက်မှု ရှိနေသေးတယ်။ အခု သူ သေသွားပြီဆိုတော့ ကျွန်မ အိမ်ကိုပဲ ပြန်တော့မယ်။”

နင်ချင်း၏ အိမ်ဆိုသည်မှာ မည်မျှ ခြောက်ကပ်နေမည်ကို ယွင်ကျုံးဟဲ့ ခန့်မှန်းနိုင်ပေသည်။

ယွင်ကျုံးဟဲ့နှင့် သူမ၏ ပတ်သက်မှုများကို လူသိရှင်ကြား မထုတ်ပြန်ခဲ့သော်လည်း အချို့သူများက ရိပ်မိနေကြပြီဖြစ်ရာ တာရှီ စာသင်ကျောင်းသို့ ပြန်ရန် မဖြစ်နိုင်တော့သလို နယ်စားများ မဟာမိတ် အဖွဲ့တွင်လည်း ရာထူး ဆက်လက် ထမ်းဆောင်နိုင်မည် မဟုတ်တော့ချေ။ နင်မိသားစုထံသို့လည်း ပြန်၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် နင်ချင်းမှာ သွားစရာ နေရာမဲ့နေပြီ ဖြစ်၏။ ကျင်းကျုံးယွဲ့၏ လေခွင်းမြို့သို့ သူမ မည်သို့မှ လိုက်ပါသွားလိုမည် မဟုတ်ချေ။

ဤသို့ဆိုလျှင် သူမ သွားနိုင်သော နေရာတစ်ခုတည်းသာ ကျန်တော့သည်။ ထိုနေရာမှာ တာယင်အင်ပါယာသို့ သွားရောက်ကာ ဟေးလုံထိုင်တွင် စာရေးစာချီ တာဝန်ထမ်းဆောင်ရန်ပင် ဖြစ်၏။

ယခုအချိန်တွင် ပိုင်ရှင်မဲ့ နယ်မြေ၌ ယွင်ကျုံးဟဲ့၏ အင်အား သေးငယ်နေသေးသည်ဟု ထင်ရသော်လည်း တာယင်အင်ပါယာ ဟေးလုံထိုင်တွင်မူ သူ၏ အဆင့်အတန်းက အလွန် မြင့်မားနေပြီ ဖြစ်သည်။

သူ့တစ်ယောက်တည်းအတွက် ဟေးလုံထိုင်က သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူအားလုံးကို ရုပ်သိမ်းခဲ့ပြီး ရွှီအန်းထင်နှင့် ဖုန်းရှင်းမြဲ့တို့နှင့်သာ တိုက်ရိုက် ဆက်သွယ်ခွင့် ပြုထား၏။

ထို့အပြင် ပိုင်ရှင်မဲ့ နယ်မြေရှိ ဟေးလုံထိုင် ဌာနခွဲမှ အဆင့်မြင့် အရာရှိများကိုပါ အားလုံး အစားထိုး လဲလှယ်ခဲ့သည်။

လျှို့ဝှက်သူလျှို တစ်ယောက်အတွက်နှင့် အမတ်အဆင့် အရာရှိများကိုပါ အကြိမ်ကြိမ် လဲလှယ်ပေးခဲ့ခြင်း ဖြစ်၏။

ယခုအခါ ယွင်ကျုံးဟဲ့၏ ကိုယ်ရေးအချက်အလက်များကို ဖုန်းရှင်းမြဲ့၊ အကြီးအကဲရွှီ၊ ဟေးလုံထိုင် အကြီးအကဲနှင့် ဧကရာဇ်မင်းမြတ်တို့သာ သိရှိကြတော့သည်။

နင်ချင်းကို တာယင်အင်ပါယာအတွင်းသို့ မည်သူမှ မသင်္ကာမဖြစ်စေဘဲ မည်သို့ ပြောင်းရွှေ့ပေးရမည်ကို ယွင်ကျုံးဟဲ့ စဉ်းစားနေမိ၏။

တာယင်အင်ပါယာက စာဆိုတော်ကြီး လီထိုက်အာကိုပင် ပိုင်ရှင်မဲ့ နယ်မြေသို့ ခရီးလှည့်လည်ရန် စေလွှတ်ပေးနိုင်စွမ်း ရှိကြောင်း သူ သိထားသည်။

နင်ချင်းမှာ လီထိုက်အာ၏ တပည့်ဖြစ်ရာ ဆရာဖြစ်သူနှင့်အတူ လိုက်ပါသွားခြင်းက အလွန် သဘာဝကျပြီး ယုတ္တိတန်လှသည်။ သို့ပေမည့် အနည်းငယ် စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့က ထိုအကြံကို ခေတ္တ ဆိုင်းငံ့ထားလိုက်၏။

လက်ရှိ အခြေအနေက ထိုမျှအထိ ဆိုးရွားမနေသေးသလို ဤကိစ္စငယ်လေးအတွက် အင်ပါယာတစ်ခုလုံးကို လှုပ်ခတ်စေခြင်းက သိပ်ပြီး လေးနက်မှု မရှိဟု ယူဆသောကြောင့်ပင်။ သို့ပေမည့် လိုအပ်လာပါက နင်ချင်းကို သေချာပေါက် ပြောင်းရွှေ့ပေးရပေလိမ့်မည်။

အခြားသူများ မသိသော်လည်း အင်ပါယာကြီး နှစ်ခု၏ စစ်တပ်ကြီးများ နယ်စပ်တွင် စုရုံးနေကြပြီဖြစ်ကြောင်း ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ သိထားသည်။ ယခုနှစ်အတွင်း စစ်ပွဲကြီး ဖြစ်ပွားရန် ရာခိုင်နှုန်း အလွန် များပြားလှ၏။

ထို့ကြောင့် သူ့အတွက် အချိန်သိပ်မရတော့ချေ။ နှစ်ဝက်အတွင်း ကျင်းကျုံးယွဲ့ကို သိမ်းသွင်းကာ တာယင်အင်ပါယာဘက်သို့ လုံးဝ ရပ်တည်လာစေရန်နှင့် လေခွင်းမြို့ကို စစ်ရေးဗျူဟာ အချက်အချာ နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်ပေသည်။

ယွင်ကျုံးဟဲ့ အခိုင်အမာ ယုံကြည်ထားသည်မှာ တောင်ပိုင်းကျိုးအင်ပါယာကလည်း ကြိုတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်းပင်။ အင်ပါယာကြီး နှစ်ခု၏ အင်အားများက ပိုင်ရှင်မဲ့ နယ်မြေအတွင်းသို့ စိမ့်ဝင်နေပြီ ဖြစ်သော်လည်း လျှို့ဝှက်သူလျှိုများမှတစ်ဆင့် အသံတိတ် လှုပ်ရှားနေကြခြင်းသာ ဖြစ်၏။

ယန်ဖြန်ရှန်၏ သစ္စာဖောက်မှုကြောင့် တာယင်အင်ပါယာ၏ ပိုင်ရှင်မဲ့ နယ်မြေအတွင်းရှိ အင်အားစုများမှာ တောင်ပိုင်းကျိုးအင်ပါယာထက် အလွန် အားနည်းနေခဲ့၏။သို့ ပေမည့် ယခုအခါ တာယင်အင်ပါယာတွင် ယွင်ကျုံးဟဲ့ဟူသော အဖိုးတန် အင်အားစုတစ်ခု ရှိနေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်ကို သွားရောက် နှုတ်ဆက်လိုက်သည်။

ယွင်ကျုံးဟဲ့က ဆေးဘူးလေးတစ်ဘူးကို ကမ်းပေးရင်း ပြောလိုက်၏။ “ဒီဆေးက ပိုတက်စီယမ် အိုင်အိုဒိုက်လို့ ခေါ်ပါတယ်။ သခင်ကြီး အနေနဲ့ မပြတ် သောက်သုံးဖို့ လိုအပ်ပါတယ်။”

သို့ပေမည့် ထန်ထိုင်မြဲ့မင်က ထိုဆေးကို သောက်သုံးမည် မဟုတ်ကြောင်း သူ သေချာပေါက် သိနေ၏။ ထန်ထိုင်မြဲ့မင်က သူ၏ ရောဂါ ပျောက်ကင်းသွားပြီဟု ယုံကြည်နေသလို ယွင်ကျုံးဟဲ့က သူ့ကို အဆိပ်ခတ်မည်ဟုလည်း သံသယရှိနေဆဲပင်။

မဟာမိတ်အဖွဲ့ အစည်းအဝေးတွင် သူတို့နှစ်ဦး လုံးဝ မျက်နှာချင်းဆိုင် ရန်သူတွေ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။ ထန်ထိုင်မြဲ့မင်က သူ့ကို သတ်ချင်နေကြောင်း ယွင်ကျုံးဟဲ့ ရိပ်မိမည်ကိုလည်း သိထားပြီး ဖြစ်သည်။

ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “အောက်ထျန်း… မပြန်ခင်မှာ မင်းကို အကြံပေးစကား တစ်ခွန်းလောက်တော့ ပြောချင်တယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… ပြောပါ။”

ထန်ထိုင်မြဲ့မင်က ဆက်ပြော၏။ “မင်းက အလွန် ဉာဏ်ကောင်းတယ်။ ငါ တစ်ခါမှ မမြင်ဖူးလောက်အောင် ဉာဏ်ကောင်းတဲ့သူပဲ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ မင်းက အလွန် မိုက်မဲတယ်။ မင်းရဲ့ ဉာဏ်ပညာကို ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ မင်း မသိဘူး။ အခုချိန်မှာ လေခွင်းချိုင့်ဝှမ်းက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့သာ ကျင်းကျုံးယွဲ့က မင်းကို အသုံးချနေတာ။ ကပ်ဘေး ပြီးသွားတာနဲ့ သူက မင်းကို သည်းခံနိုင်တော့မှာ မဟုတ်ဘူး။”

ထွက်ခွာခါနီးအချိန်လေးတွင်ပင် သွေးခွဲစကား ဆိုလိုက်သေးသည်။

ယွင်ကျုံးဟဲ့က ဦးညွှတ်လိုက်၏။ “သခင်ကြီးရဲ့ ဆုံးမစကားအတွက် ကျေးဇူးတင်ပါတယ်။”

ထန်ထိုင်မြဲ့မင်က ရုတ်တရက် မေးလိုက်သည်။ “အရင်တစ်ခေါက်က ကျင်းကျုံးယွဲ့ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ငွေတုံး တစ်သန်းကျော်ကို တောင်ပိုင်းကျိုးအင်ပါယာမှာ ပန်းချီကား သွားရောင်းပြီး ရလာခဲ့တာဆို။ ရှန်ကျင်း ကျုံးယွမ်ည ပန်းချီကား မှတ်လား။”

ယွင်ကျုံးဟဲ့က အလွန် ထိတ်လန့်သွားဟန်ဆောင်ကာ ခေါင်းခါရမ်း၍ ငြင်းပယ်လိုက်၏။

ထန်ထိုင်မြဲ့မင်က ဘာမှထပ်မပြောတော့ဘဲ လက်ကာပြလိုက်သည်။ “ခရီးဝေး ပို့ဆောင်ပေးရပေမဲ့ နောက်ဆုံးတော့ လမ်းခွဲရမှာပါပဲ။”

သူက တစ်လှမ်းမျှပင် လိုက်မပို့ခဲ့ချေ။

ယွင်ကျုံးဟဲ့က နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။ “သွားခွင့်ပြုပါအုံး။”

ထိုနေရာမှ ထွက်ခွာလာပြီးနောက် ခြံဝင်းအပြင်ဘက်သို့ ရောက်သည်နှင့် သူတို့သည် မျက်နှာချင်းဆိုင် ရန်သူများ ဖြစ်သွားပြီဖြစ်ကြောင်း ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ သိလိုက်သည်။ အသက်ကယ်ကျေးဇူး ရှိခဲ့သည့်တိုင် ထန်ထိုင်မြဲ့မင်က သူ့ကို သတ်ရန်ဆုံးဖြတ်ထားမှုမှာ အလွန် သိသာနေဆဲ ဖြစ်၏။

“ယောကျ်ား… ယောကျ်ား…” ထန်ထိုင်ဝူယန်၏ အော်ဟစ်သံများက အခန်းတွင်းမှ ထွက်ပေါ်လာသည်။

သူမကို ကုလားထိုင်တွင် ကြိုးဖြင့် တုပ်နှောင်ထားပုံရသည်။ မဟုတ်လျှင် သူမ၏ စေ့စပ်ထားသူနှင့်အတူ လေခွင်းချိုင့်ဝှမ်းသို့ သေချာပေါက် လိုက်ပါလာရမှာဖြစ်၏။

“ကျွန်မကို လွှတ်ပေးကြ။ ယောကျ်ားနဲ့အတူ အိမ်ပြန်မယ်။ ယောကျ်ား… ကျွန်မကို ခေါ်သွားပါ။ ခေါ်သွားပါ။”

ကျင်းဝူပြန်းက ယွင်ကျုံးဟဲ့ကို ကြည့်ကာ သနားကြင်နာသော မျက်ဝန်းများဖြင့် အကူအညီ တောင်းနေသည်။

ယွင်ကျုံးဟဲ့က ကတိပေးလိုက်၏။ “စိတ်ချပါ။ တစ်နေ့နေ့ကျရင် သူမကို သေချာပေါက် လာခေါ်မှာပါ။ ထန်ထိုင်မိသားစု တစ်ခုလုံးမှာ သူမ တစ်ယောက်တည်းကသာ စိတ်ထားဖြူစင်တဲ့ မိန်းကလေး ဖြစ်လိမ့်မယ်။”

ဤစကားက ချဲ့ကားပြောဆိုခြင်း လုံးဝ မဟုတ်ချေ။ ထန်ထိုင်ဖူဖင်းကော စိတ်ထားကောင်းသူ မဟုတ်ဘူးလား။

သူမ၏ ဖခင်က ယွင်ကျုံးဟဲ့ကို သတ်ချင်နေမှန်း သူမ သိထားသည့်တိုင် တစ်ခွန်းမှ ဝင်မပြောခဲ့သလို သတိပေး အရိပ်အမြွက်ပင် မပြခဲ့ချေ။ ဖခင်၏ အသက်ကို ကယ်တင်ပေးခဲ့သည့်တိုင် ဤသို့ပင် တုံ့ပြန်ခဲ့ခြင်း ဖြစ်၏။

ထွက်ခွာချိန်တွင်လည်း ခန်းမအတွင်း၌ အေးစက်စက်သာ ရပ်ကြည့်နေခဲ့သည်။ ယွင်ကျုံးဟဲ့က လက်ပြ နှုတ်ဆက်သော်လည်း သူမက မျက်နှာသေဖြင့်သာ နေခဲ့၏။

ရထားလုံးအတွင်းမှနေ၍ ဝေးကွာသွားသော ထန်ထိုင်ရဲတိုက်ကြီးကို ယွင်ကျုံးဟဲ့ ငေးကြည့်နေမိ၏။

ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်သည်။ “မြို့စားကျင်း… အခုချိန်မှာ ပိုင်ရှင်မဲ့ နယ်မြေကြီးက အရမ်း တိတ်ဆိတ်နေတယ်။ ကျုပ်တို့ တစ်ဖွဲ့တည်းကသာ လှုပ်ရှားရုန်းကန်နေရတာပဲ။”

မှန်ပေသည်။ အလွန် တိတ်ဆိတ်နေ၏။ ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများအားလုံးက ငြိမ်သက်စွာ ပုန်းအောင်း နေကြသည်။ ရှီးယွီမြို့ မော့မိသားစုပင်လျှင် လေခွင်းချိုင့်ဝှမ်းကြောင့်သာ မလွှဲမရှောင်သာ လှုပ်ရှားနေရခြင်း ဖြစ်သည်။

အဘယ်ကြောင့် ဤမျှ တိတ်ဆိတ်နေသနည်း။ မြို့စားများ၏ အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်လှသောကြောင့် ဖြစ်၏။

အင်ပါယာကြီး နှစ်ခု၏ စစ်တပ်ကြီးများ နယ်စပ်တွင် စုရုံးနေကြပြီဖြစ်ရာ စစ်ပွဲစတင်သည်နှင့် ထိုတပ်ကြီးများက ပိုင်ရှင်မဲ့ နယ်မြေအတွင်းသို့ ဒီရေလှိုင်းများအလား ဝင်ရောက်လာကြမှာဖြစ်သည်။

မည်သို့သော ပုံစံဖြင့် စတင်မည်ကိုသာ မသိရသေးခြင်း ဖြစ်၏။ ယခုအချိန်တွင် မြို့စားများက ရေအောက်တွင် ပုန်းအောင်းနေကြပြီး မည်သူက မည်သည့် ဇာတ်ရုပ်မှ ပါဝင်မည်ကိုမူ မည်သူမှ မသိနိုင်ချေ။

...........

ရထားလုံးအတွင်း၌ ကျင်းကျုံးယွဲ့က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေသော်လည်း မည်သည့်အရာကိုမှ အာရုံစိုက်နေပုံ မရချေ။

သူမ၏ လှပသော မျက်နှာလေးနှင့် သွယ်လျကျော့ရှင်းသော ကိုယ်ဟန်အချိုးအစားက အလွန် ညှို့ငင်နိုင်စွမ်း ရှိလှသည်။

ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့သည် ပိုင်ရှင်မဲ့ နယ်မြေ၏ အလှဆုံး အမျိုးသမီးဖြစ်ကြောင်း အပြည့်အဝ အတည်ပြုနိုင်ပြီ ဖြစ်၏။

သို့ပေမည့် ထိုနံပါတ်တစ် အလှတရားပိုင်ရှင်လေးမှာ ယခုအချိန်တွင် ပျော်ရွှင်နေပုံ မရပေ။

သူမက ယှဉ်ပြိုင်ဘက်ကင်း သိုင်းပညာကို ပိုင်ဆိုင်ထားသော ကျားရိုင်းတစ်ကောင် ဖြစ်သော်လည်း ယွင်ကျုံးဟဲ့၏ စစ်ရေးဗျူဟာများအတွက် အမြဲတမ်း အလျှော့ပေးရသော အခန်းကဏ္ဍမှ ပါဝင်နေရသောကြောင့် သူမ၏ စရိုက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

ယွင်ကျုံးဟဲ့က နှစ်သိမ့်လိုက်သည်။ “စိတ်ချပါ မြို့စားကျင်း... မကြာခင်မှာ ခင်ဗျားရဲ့ သိုင်းပညာတွေကို အစွမ်းကုန် ပြသခွင့် ရတော့မှာပါ။ စစ်တပ်ကြီးကို ဦးဆောင်ပြီး ရန်သူတွေကို အမြစ်ပြတ် ချေမှုန်းခွင့် ရတော့မှာပါ။”

ကျင်းကျုံးယွဲ့က လှည့်ကြည့်ကာ မေးလိုက်၏။ “ယွင်အောက်ထျန်း… ကျွန်မက လေခွင်းမြို့စားရာထူးနဲ့ မသင့်တော်ဘူးလို့ ရှင် ထင်လား။”

ယွင်ကျုံးဟဲ့က အနည်းငယ် စဉ်းစားပြီးနောက် ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ အလွန် သင့်တော်ပါတယ်။”

ကျင်းကျုံးယွဲ့က ဆက်မေး၏။ “မော့ချိုနဲ့ သိုင်းပြိုင်ရမှာကို ရှင် ယုံကြည်မှု ရှိရဲ့လား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “ယုံကြည်မှုတော့ မရှိဘူး။ ဒါပေမဲ့ ကျုပ်က အရူးတစ်ယောက်လေ။”

.............

အပိုင်း (၁၁၆)

ယနေ့က ဇွန်လ ၅ ရက်နေ့ ဖြစ်ပြီး မနက်ဖြန် ဇွန်လ ၆ ရက်နေ့တွင် လူနာအသစ် လဲလှယ်ရတော့မည် ဖြစ်သည်။ ယွင်ကျုံးဟဲ့က လာမည့်လအတွက် အမှတ် (၈) လူနာ ဘီသိုဗင်ကို ရွေးချယ်ရန် ကြိုတင် စီစဉ်ထားပြီး ဖြစ်၏။

လက်ခြောက်ချောင်း စောင်းမိစ္ဆာ ဘီသိုဗင် - သူက စိတ်ကျန်းမာရေးဆေးရုံ တစ်ခုလုံးတွင် အန္တရာယ် အများဆုံးနှင့် သတ်ဖြတ်နိုင်စွမ်း အမြင့်ဆုံး လူနာဖြစ်ရာ အချိန်ပြည့် မြေအောက်ခန်းထဲတွင်သာ သော့ခတ် ပိတ်လှောင်ထားရသူ ဖြစ်သည်။

သူ၏ နောက်ပိုင်း ဂီတများက အသံတိတ် သတ်ဖြတ်နိုင်စွမ်း ရှိသော သေမင်းတမန် ဂီတများ ဖြစ်သောကြောင့်ပင်။

ဘီသိုဗင်၏ ဂီတက လူသတ်နိုင်စွမ်း ရှိမရှိ အမှတ် (၂၄) လူနာကို ယွင်ကျုံးဟဲ့ အကြိမ်ကြိမ် မေးမြန်းခဲ့ဖူး၏။ ဘီသိုဗင်ကိုသာ လွတ်လပ်စွာ တီးခတ်ခွင့်ပေးလိုက်ပါက အလွန် ကြောက်မက်ဖွယ်ကောင်းမည်ဟု သူမက အတည်ပြုခဲ့သည်။

မော့ချိုကဲ့သို့ သိုင်းပညာ မြင့်မားသူကိုကော သတ်နိုင်သလားဟု မေးချိန်မှာတော့ ပို၍ပင် လွယ်ကူကြောင်း ဖြေခဲ့၏။

သိုင်းပညာ မြင့်မားသူများက အသံလှိုင်းများကို ပို၍ အာရုံခံနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ဘီသိုဗင်၏ ဂီတက အသံလှိုင်း ကြိမ်နှုန်းအမျိုးမျိုးဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ကမ္ဘာမြေတွင် အသံကြိမ်နှုန်း လက်နက်များစွာ ရှိ၏။ အသံကြိမ်နှုန်းနိမ့် လက်နက်များ၊ အသံကြိမ်နှုန်းမြင့် လက်နက်များ အစရှိသဖြင့် များစွာ ရှိ၏။

ဘီသိုဗင်၏ သေမင်းတမန် ဂီတမှာမူ အသံကြိမ်နှုန်းနိမ့် တိုက်ခိုက်မှုများကို အစွမ်းကုန် အသုံးပြုနိုင်စွမ်း ရှိသည်။

အသံကြိမ်နှုန်းနိမ့် လက်နက်များတွင် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ အာရုံကြောစနစ်ကို တိုက်ခိုက်ခြင်း ဖြစ်ပြီး လူ၏ ဦးနှောက်ကြိမ်နှုန်းနှင့် တူညီသော တုန်ခါမှုများ ဖန်တီးကာ အာရုံကြောများကို ဖျက်ဆီးခြင်း ဖြစ်၏။

နောက်တစ်မျိုးမှာ ခန္ဓာကိုယ် အတွင်းကလီစာများကို တုန်ခါစေကာ သေဆုံးစေခြင်း ဖြစ်သည်။ ဤအရာများမှာ ယုတ္တိကင်းမဲ့စွာ ပြောဆိုနေခြင်း မဟုတ်ဘဲ သိပ္ပံနည်းကျ အခြေခံများ ရှိပြီးသား ဖြစ်သည်။

ဘီသိုဗင်ဟူသော လူနာမှာမူ ထိုကဲ့သို့သော လက်နက်များကို ဂီတဖြင့် အသက်သွင်းနိုင်စွမ်း ရှိသူ ဖြစ်သည်။ တကယ့်ကို အသံတိတ် သတ်ဖြတ်နိုင်သူပင်။

သို့ပေမည့် မသတ်ဖြတ်မီ ပစ်မှတ်၏ ဦးနှောက်ကြိမ်နှုန်းနှင့် ခန္ဓာကိုယ် အတွင်းပိုင်း အချက်အလက်များကို အသေးစိတ် သိရှိရန် လိုအပ်သည်။

ထိုနေရာတွင် အမှတ် (၂၄) လူနာ၏ အစွမ်းက အသုံးဝင်လာတော့၏။ သူမက သာမန်လူများ မကြားနိုင်သော ခန္ဓာကိုယ် အတွင်းပိုင်း အသံများကိုပါ ကြားနိုင်စွမ်း ရှိသည်။ ဦးနှောက် လည်ပတ်သံ၊ အတွင်းကလီစာများ၏ လှုပ်ရှားသံများကိုပါ ကြားနိုင်၏။

ယခင်ကာလများအတွင်း သူမက မော့ချို၏ ခန္ဓာကိုယ် အချက်အလက်များကို အသေးစိတ် နားထောင်ကာ အသံလှိုင်းများဖြင့် အလုံးစုံ စစ်ဆေးထားပြီး ဖြစ်သည်။

ဤကဲ့သို့သော အစွမ်းများမှာ ယွင်ကျုံးဟဲ့၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့သည်။ ထိုအချက်အလက်များကို အခြေခံ၍ ဒါဗင်ချီက မော့ချို၏ ခန္ဓာဗေဒ လေ့လာမှု ပုံကြမ်းများ ဆယ်ဂဏန်းမက ရေးဆွဲပေးထားပြီး ဖြစ်၏။

ယခု ယုံကြည်မှု ရှိ၊ မရှိ မေးလာလျှင် ဘီသိုဗင်ကိုသာ ရရှိမည်ဆိုပါက သေချာပေါက် အနိုင်ရမည်ဟု ယွင်ကျုံးဟဲ့ ရဲဝံ့စွာ ပြောနိုင်၏။ ဘီသိုဗင်၏ အကူအညီဖြင့် အလွန် ထူးဆန်းသော နည်းလမ်းသုံးကာ မော့ချိုကို အသေသတ်နိုင်မှာ သေချာသည်။

သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိမည့်အပြင် တစ်ခန်းလုံးကိုပါ အံ့ဩမှင်တက်သွားစေမည့် အံ့ဖွယ်ဖြစ်ရပ်ကို ဖန်တီးနိုင်မည် ဖြစ်သည်။ ယခု လိုအပ်နေသည်မှာ ဘီသိုဗင်ကို အောင်မြင်စွာ ရွေးချယ်နိုင်ရေးပင် ဖြစ်၏။

မနက်ဖြန် ဇွန်လ ၆ ရက်နေ့တွင် လူနာလဲလှယ်နိုင်မည် ဖြစ်သည်။ အမှတ် (၂၃) နှင့် အမှတ် (၂၄) တို့ကို လက်လွှတ်ရမည်မှာ နှမြောစရာ ကောင်းလှ၏။ ဒါဗင်ချီကို အသုံးပြုနိုင်ရန် တစ်ရက်သာ ကျန်တော့သည်။

ထိုအချိန်တိုလေးအတွင်း နုဧကရာဇ်၏ သင်္ချိုင်းဂူ မြေပုံကို နောက်ဆုံးအကြိမ် လေ့လာရန် ယွင်ကျုံးဟဲ့ ဆုံးဖြတ်လိုက်၏။

လွန်ခဲ့သော နှစ်ဝက်အတွင်း အကြိမ်တစ်ထောင်မက လေ့လာခဲ့ပြီး ဖြစ်သည်။ ဒါဗင်ချီက မြေပုံကို အဆတစ်ရာ ချဲ့ကာ ပြန်ဆွဲကြည့်ခဲ့ပြီး အလွှာများ ခွဲထုတ်ကာ အမျှင်လေးများအထိပင် လေ့လာခဲ့သော်လည်း မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ရချေ။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ယွင်အောက်ထျန်း… ဒီမြေပုံအတွက် အချိန်ကုန် မခံပါနဲ့တော့။ ဒါက ကျင်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် ရတနာမို့လို့သာ၊ မဟုတ်ရင် ကျွန်မ မီးရှို့ပစ်တာ ကြာပြီ။”

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသည်။ မီးရှို့ပစ်ရမည်လား။ တစ်ခါတစ်ရံတွင် ဖျက်ဆီးပစ်လိုက်မှသာ အသစ်ပြန်လည် မွေးဖွားလာနိုင်သည် မဟုတ်ပါလား။

သို့ပေမည့် မီးရှို့လိုက်၍ ဘာမှ မရှိတော့လျှင် အခွင့်အရေး လုံးဝ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်ရပြန်၏။ ထိုသို့ဆိုလျှင် နောက်ထပ် လေ့လာစရာပင် ကျန်တော့မှာ မဟုတ်ချေ။

...............

တစ်ရက်နှင့် တစ်ည ကြာပြီးနောက် ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးသဟဲ့တို့ လေခွင်းမြို့သို့ ပြန်လည် ရောက်ရှိလာကြသည်။ ညအချိန် ရောက်နေပြီဖြစ်ရာ မြို့တစ်ခုလုံး ခြောက်ကပ်နေ၏။ မြို့စားအိမ်တော်မှာလည်း ခြောက်ကပ်နေသည်။

ဆန်စပါး ပြတ်လပ်မှု အကျပ်အတည်းက အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ လေခွင်းချိုင့်ဝှမ်း၏ မျှော်လင့်ချက် အားလုံးက သစ်ရွက်ကြွေနယ်မြေနှင့် ထိုနေရာမှ ရိတ်သိမ်းခါနီး ဆန်စပါးများအပေါ်တွင်သာ တည်ရှိနေတော့၏။

မော့မိသားစု၏ စစ်သည် တစ်သောင်းကျော်က ထိုဆန်စပါးများကို ရိတ်သိမ်းရန် စောင့်ကြပ်နေကြ၏။ ဆန်စပါး တင်းပေါင်း သန်းချီရှိရာ လေခွင်းချိုင့်ဝှမ်းအတွက် တစ်နှစ်စာ လုံလောက်ပေသည်။

အိမ်တော်သို့ ပြန်ရောက်သည်နှင့် ယွင်ကျုံးဟဲ့က မည်သူ့ကိုမှ နှုတ်မဆက်တော့ဘဲ ချက်ချင်း အိပ်ရာဝင်လိုက်၏။

ရွှီအန်းထင်က မေးလိုက်သည်။ “သခင်လေး… ခြေထောက် မဆေးတော့ဘူးလား။”

ယွင်ကျုံးဟဲ့က ထရပ်ကာ သူမ၏ ဗိုက်ကလေးကို နမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ “သွားအိပ်တော့လေ။”

စစ်ပွဲကြီး မစတင်မီ ရွှီအန်းထင်ကို တာယင်အင်ပါယာသို့ လုံခြုံစွာ ပြောင်းရွှေ့ပေးရမှာ ဖြစ်သည်။ ထို့နောက် ယွင်ကျုံးဟဲ့က လျင်မြန်စွာ အိပ်မောကျသွားတော့၏။

မော့ချိုကို သိုင်းပြိုင်ပွဲတွင် အနိုင်ယူနိုင်ရေး၊ သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရယူနိုင်ရေး၊ လေခွင်းချိုင့်ဝှမ်း၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရေး၊ ကျင်းကျုံးယွဲ့ကို လက်ထပ်နိုင်ရေးတို့မှာ ဘီသိုဗင်အပေါ်တွင်သာ မူတည်နေတော့သည်။

ယွင်ကျုံးဟဲ့ကမူ X စိတ်ကျန်းမာရေးဆေးရုံအပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေ၏။ သူ အမှန်တကယ် လိုအပ် နေသည့် လူနာကို ဆေးရုံက အမြဲတမ်း ရွေးချယ်ပေးတတ်သည် မဟုတ်ပါလား။ သူတောင်းဆိုသည်ထက်ပင် ပိုမို တိကျစွာ ရွေးချယ်ပေးတတ်သည်။

“ဟူး…”

အိပ်မက်ထဲတွင် သက်ဝင်လှုပ်ရှားနေသော X စိတ်ကျန်းမာရေးဆေးရုံသို့ ယွင်ကျုံးဟဲ့ ရောက်ရှိသွား၏။

လူနာ ၂၃ ယောက်က နေရာအသီးသီးတွင် စနစ်တကျ ထိုင်နေကြ၏။ ဘီသိုဗင်ကို ရွေးချယ်နိုင်မည်လား ဆိုသည်မှာ ယခုအချိန်တွင် ဆုံးဖြတ်ရပေတော့မည်။

………..

“အမှတ် (၈) လူနာ ဘီသိုဗင်ကော။” ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ ရှေ့ရှိ စိတ်ဝေဒနာရှင်များ အထဲတွင် ဘီသိုဗင် မပါဝင်ချေ။

စိတ်ဝေဒနာရှင် တစ်ဦးက ဖြေလိုက်သည်။ “ဆရာဝန်ကြီး မေ့သွားပြီလား။ သူက မြေအောက်ခန်းထဲမှာ အမြဲတမ်း သော့ခတ်ခံထားရတာလေ။”

ယွင်ကျုံးဟဲ့က အံ့ဩစွာ ပြောလိုက်၏။ “ဟုတ်လို့လား။ အရင်တစ်ခေါက်က သူ ရှိနေပါသေးတယ်။”

စိတ်ဝေဒနာရှင် တစ်ဦးက ပြောလိုက်သည်။ “အဲဒါက ဆရာဝန်ကြီးရဲ့ အထင်ပါ။”

ယွင်ကျုံးဟဲ့က ညွှန်ကြားလိုက်၏။ “ဒါဆို မြေအောက်ခန်းသွားပြီး သူ့ကို သွားခေါ်ခဲ့ကြ။”

စိတ်ဝေဒနာရှင် တစ်ဦးက ပြောလိုက်သည်။ “မြေအောက်ခန်း သော့က ဆရာဝန်ကြီးဆီမှာပဲ ရှိတာလေ။ ကိုယ်တိုင် သွားခေါ်မှ ရမယ်။”

ယွင်ကျုံးဟဲ့မှာ အနည်းငယ် လန့်သွား၏။ ဤနေရာက အိပ်မက်ထဲတွင် ဖြစ်ပြီး ဤဆေးရုံကြီးမှာလည်း အစစ်အမှန် မဟုတ်ပေ။ ထိုသို့ ဖြစ်နေပါလျက် စူးစမ်းလေ့လာ၍ ရနေသည်လား။

ယခင်က သူ မည်သည့်နေရာကိုမှ မသွားခဲ့ဖူးချေ။ လူနာရွေးချယ်တိုင်း အလင်းတန်းက လည်ပတ်လေ့ရှိပြီး သူ၏ နေရာက အမြဲတမ်း ပုံသေဖြစ်နေတတ်၏။ ထို့အပြင် ဤအရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု ယူဆထားသောကြောင့် ဟိုဟိုဒီဒီ လျှောက်သွားရန်လည်း စိတ်ကူးမရခဲ့ပေ။

အမှတ် (၂၄) လူနာက ပြောလိုက်၏။ “ဆရာဝန်ကြီး… နောက်တစ်လအတွက် ကျွန်မတို့ရဲ့ အကူအညီ မလိုတော့ဘူးလား။ ဒီနှစ်ဝက်အတွင်း အတူတူ နေခဲ့ရတာ အရမ်း ပျော်ဖို့ကောင်းပါတယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ကျုပ်လည်း ပျော်ပါတယ်။ ဒါပေမဲ့ ခဏတော့ နားလိုက်အုံးမယ်။”

ချက်ချင်းပဲ အရိပ်မဲနှစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားကြ၏။ ၎င်းတို့မှာ ဒါဗင်ချီနှင့် အသံမိစ္ဆာတို့ပင် ဖြစ်သည်။ ထို့နောက် သူတို့၏ နေရာ အသီးသီးသို့ ပြန်သွားကြပြီး အနည်းငယ် နှမြောတသဖြစ်နေဟန်ရ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဗင်ချီ… အခုကစပြီး အချိန်တော်တော်ကြာကြာ တွေ့ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား။”

ဒါဗင်ချီက ပြောလိုက်၏။ “မေးပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဟိုမြေပုံကို အကြိမ်တစ်ထောင်မက လေ့လာခဲ့ပြီးပြီဆိုပေမဲ့ ဘာမှ မတွေ့ရသေးဘူး။ ခင်ဗျားအမြင်ကော ဒီမြေပုံက အစစ်ပဲလား။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူ တည်နေရာ တကယ် ရှိနေတာလား။”

ဒါဗင်ချီက ပြန်ဖြေ၏။ “ရှိမယ် ထင်တာပဲ။”

ယွင်ကျုံးဟဲ့က ဆက်မေးသည်။ “ဒါဆို ဒီမြေပုံကို ဘယ်လို ဆက်လုပ်သင့်တယ်လို့ ထင်လဲ။”

ဒါဗင်ချီက ဒေါသတကြီး ပြောလိုက်၏။ “အဲဒီအစုတ်ပလုတ်ကို မီးရှို့ပစ်လိုက်”

‘ဟမ်… တကယ်ကြီး မီးရှို့ပစ်ရမှာလား။’

ဒေါသထွက်၍ ပြောနေခြင်းလား၊ အတည်ပြောနေခြင်းလား မကွဲပြားချေ။

ပြီးခဲ့သည့် ကာလများအတွင်း ဒါဗင်ချီသည် ထိုမြေပုံကို လေ့လာရာတွင် မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ရသောကြောင့် အတော်လေး ဒေါသထွက်နေခဲ့ခြင်း ဖြစ်၏။

ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားကာ ဘီသိုဗင်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ လာမည့်အချိန်အတွက် အဓိက သတ်ဖြတ်ပေးမည့်သူမှာ ဘီသိုဗင်သာ ဖြစ်၏။ မော့ချိုကို အနိုင်ယူပြီး သစ်ရွက်ကြွေနယ်မြေကို ပြန်လည် ရယူနိုင်ရေးအတွက် အဓိက သော့ချက်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က နေရာမှ ထလိုက်သည်။ ဤနေရာမှာ ဆေးရုံ၏ အစည်းအဝေးခန်းမငယ်လေးတစ်ခု ဖြစ်ပြီး နံရံတွင် တံခါးတစ်ချပ် ရှိ၏။

တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ရှည်လျားသော စင်္ကြံလမ်းကို တွေ့ရပြီး ဘေးတစ်ဖက်တစ်ချက်တွင် လူနာခန်းများ ရှိ၏။ စင်္ကြံလမ်း၏ အဆုံးတွင် အပန်းဖြေခန်းနှင့် ထမင်းစားခန်း ရှိသည်။

စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားရင်း ဗိုလ်မှူးကြီးလီနှင့် သူမ၏ ခင်ပွန်း သိပ္ပံပညာရှင်ဝူတို့ကို တွေ့မည်ကိုပင် စိုးရိမ်နေမိ၏။ ထိုသို့သာဆိုလျှင် အလွန် အနေရခက်ပေမည်။

စင်္ကြံလမ်း၏ အခြားတစ်ဖက်သို့ ရောက်ချိန်မှာတော့ ထမင်းစားခန်းနှင့် အပန်းဖြေခန်း တံခါးကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် မည်သူမှ မရှိဘဲ အလွတ်ကြီး ဖြစ်နေ၏။

ထို့နောက် ယွင်ကျုံးဟဲ့က ဆေးရုံ အဆောက်အအုံကြီး တစ်ခုလုံးကို လှည့်လည်ကြည့်ရှုနေမိသည်။ အလွန် ကြီးမားကျယ်ဝန်းပြီး တစ်ထပ်လျှင် စတုရန်းမီတာ နှစ်ထောင်ခန့် ရှိကာ စုစုပေါင်း ဆယ့်ကိုးထပ် ရှိ၏။ အထက်ထပ်များတွင် အမျိုးမျိုးသော ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက် ရှိသည်။

သူ မသိသော စက်ပစ္စည်းများကိုပင် မြင်တွေ့နေရ၏။ အချို့ဓာတ်ခွဲခန်းများကို သူ တစ်ခါမှ မရောက်ဖူးခဲ့ သောကြောင့် အိပ်မက်၏ သဘောသဘာဝနှင့်ပင် ဆန့်ကျင်နေသလို ဖြစ်နေသည်။ အိပ်မက်ထဲတွင် အသေးစိတ်အချက်အလက်များက ဤမျှအထိ ပီပြင်နေခြင်းမှာ အလွန် ထူးဆန်းလှ၏။

စာကြည့်တိုက်ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်၍ ဖတ်ကြည့်ရာ စာမျက်နှာတိုင်းတွင် တိကျသော အကြောင်းအရာများ ရှိနေ၏။ ဤအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဆေးရုံကြီးထဲရှိ ကြီးမားသော စက်ကိရိယာများကို သွားရောက် ကိုင်တွယ်ကြည့်ရာ အားလုံး အလုပ် လုပ်နေကြ၏။ ဤသည်မှာ မည်သို့သော ကိစ္စနည်း။ ဤဆေးရုံကြီးက မည်သည့်အရာအတွက် တည်ရှိနေခြင်းနည်း။

ယွင်ကျုံးဟဲ့က အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားသည်။ ထိုနေရာကို ယခင်က သူ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ တံခါးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် မည်သူမှ မရှိပေ။

သို့ပေမည့် စတုရန်းမီတာ နှစ်ထောင်ခန့် ကျယ်ဝန်းသော ထိုနေရာတွင် စူပါကွန်ပျူတာကြီး တစ်လုံးသာ ရှိပြီး အလုပ်လုပ်နေဆဲ ဖြစ်၏။ ၎င်းကိုလည်း သွားရောက် အသုံးပြုနိုင်သော်လည်း သူ တွက်ချက်စရာ ဘာမှမရှိသောကြောင့် အသုံးမဝင်ချေ။

ထိတ်လန့်မှုကို ခေတ္တ ဖယ်ထားကာ ယွင်ကျုံးဟဲ့က မြေအောက်ခန်းသို့ ဆင်းလာခဲ့သည်။ ရှေ့ရှိ အခန်းငယ်မှာ ဘီသိုဗင်ကို ပိတ်လှောင်ထားသော နေရာပင် ဖြစ်၏။ သူက သော့ကို ထုတ်ယူလိုက်သည်။ သို့ပေမည့် သော့ကို မည်သည့်နေရာက ရလာသနည်းဟု သူ တွေးနေမိ၏။

တံခါးကို ဖွင့်လိုက်ချိန်မှာတော့ ဘီသိုဗင်ကို လျှပ်စစ်ကုလားထိုင်တွင် ကြိုးများ၊ သံကြိုးများဖြင့် တုပ်နှောင်ကာ မျက်လုံးနှင့် ပါးစပ်ကိုပါ ပိတ်ထားသည်ကို မြင်လိုက်ရသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဘီသိုဗင်… ကျုပ်က ဆရာဝန်ကြီးပါ။ ခင်ဗျားကို လွှတ်ပေးမယ်။ ပြဿနာ မရှာနဲ့နော်။ ထူးဆန်းတာက အရင်တစ်ခေါက် ခင်ဗျား ကျုပ်ဆီကို ရောက်လာခဲ့ပြီးပြီလေ။ ဘာလို့ အခု ဒီမှာ သော့ခတ်ခံထားရတာလဲ။”

ဘီသိုဗင်က စကားမဆိုချေ။ သူ့ကို လွှတ်ပေးနေစဉ် တစ်လျှောက်လုံး အလွန် ငြိမ်သက်နေ၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က လူတစ်ယောက်နဲ့ သိုင်းပြိုင်ရမယ်။ ဂီတနဲ့ လူသတ်ပေးနိုင်မလား။”

“ရတယ်။” ဘီသိုဗင်က လက်ချောင်းများကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ အသံလှိုင်းများ ထွက်ပေါ်လာကာ လူစကားသံအဖြစ် ပြောင်းလဲသွား၏။

ဤအစွမ်းက အလွန် အံ့မခန်း ဖြစ်နေသည်။ လက်ချောင်းလေးများ ဝှေ့ယမ်းရုံဖြင့် လူအသံ ထွက်ပေါ်လာစေသည် မဟုတ်ပါလား။

သူက ဆက်လက်၍ အသံထွက်ပေါ်စေသည်။ “ဒါပေမဲ့ ပစ်မှတ်ရဲ့ ခန္ဓာကိုယ် အချက်အလက်တွေ အကုန် လိုတယ်။ ဒါအတွက် အမှတ် (၂၃) နဲ့ အမှတ် (၂၄) တို့ရဲ့ အကူအညီ လိုအပ်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အကုန် အဆင်သင့် ဖြစ်နေပြီ။ ခန္ဓာဗေဒ ပုံကြမ်းတွေတောင် ဆယ်ဂဏန်းမက ရေးဆွဲထားပြီးပြီ။”

ထို့နောက် သူတို့နှစ်ဦး အစည်းအဝေးခန်းမသို့ ပြန်လာခဲ့ကြ၏။ ယခုအခါ လူနာ ၂၆ ယောက်စလုံး စုံလင်နေပြီ ဖြစ်သည်။

..............

All Chapters