← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 11 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 11 Ch. 117-118

အပိုင်း (၁၁၇)

ယွင်ကျုံးဟဲ့က သတိပေးလိုက်၏။ “ဒီတစ်ခါ သိုင်းပြိုင်ပွဲက အလွန် အရေးကြီးတယ်။ ကျုပ်ရဲ့ တာဝန် အောင်မြင်မှုအတွက် သာမက အသက်အန္တရာယ်နဲ့ပါ သက်ဆိုင်နေတယ်။”

သို့ပေမည့် လူနာများကမူ မည်သည့် တုံ့ပြန်မှုမှ မပြကြချေ။ ဆရာဝန်ကြီး၏ သေရေးရှင်ရေးကို ဂရုမစိုက်ကြပုံ ရသည်။

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “ဒါကြောင့် နောက်တစ်လအတွက် အမှတ် (၈) လူနာ ဘီသိုဗင်ကို အလွန် လိုအပ်နေတယ်။ သူ့ကို တိုက်ရိုက် ရွေးချယ်လို့ ရမလား။”

ခဏအကြာတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ “မရပါဘူး။ မဲစနစ် စလို့ ရပြီလား။”

ယွင်ကျုံးဟဲ့က တုံ့ပြန်လိုက်၏။ “စလိုက်ပါ။”

အခန်းငယ်လေးက မှောင်ကျသွားကာ အလင်းတန်းက စတင် လည်ပတ်နေပြီဖြစ်၏။ အလင်းတန်းက တဖြည်းဖြည်း မြန်လာကာ နေရာအနှံ့ ရွှေ့လျားနေသည်။

ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်… နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားကာ အလင်းတန်းက ရပ်တန့်သွား၏။

ယွင်ကျုံးဟဲ့ ဝမ်းသာသွားသည်။ အလင်းတန်းက ဘီသိုဗင်၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသောကြောင့် ဖြစ်၏။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် အလင်းတန်းက အမှတ် (၉) လူနာ ကွမ်တမ်ဆီသို့ ရွှေ့သွားတော့သည်။

ယွင်ကျုံးဟဲ့မှာ ဆွံ့အသွားရသည်။ သူ လိုချင်သည်မှာ ဘီသိုဗင် ဖြစ်သော်လည်း ကွမ်တမ်ကို ရရှိခဲ့ခြင်း ဖြစ်၏။

ကွမ်တမ်ကလည်း ညည်းညူလိုက်သည်။ “ဘာလို့ ကျုပ်လဲ။ အပြင်မထွက်ချင်ပါဘူး။ ဒီနေရာကနေ မခွာချင်ဘူး။”

ယွင်ကျုံးဟဲ့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ဆေးရုံကြီးက ယွင်ကျုံးဟဲ့ လိုအပ်သောအရာကို သူ့ထက်ပင် ပိုသိနေသကဲ့သို့ ဖြစ်နေ၏။ သူ အမှန်တကယ် လိုအပ်သည့် လူနာကို အမြဲတမ်း ရွေးချယ်ပေးတတ်သော်လည်း သူ တောင်းဆိုသည့်အတိုင်းတော့ တစ်ခါမှ မရခဲ့ဖူးပေ။

ကွမ်တမ်က မချိတင်ကဲဖြင့် မတ်တတ်ရပ်လိုက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကွမ်တမ်… ကျုပ်က လူတစ်ယောက်နဲ့ သိုင်းပြိုင်ရမယ်။ သူ့သိုင်းပညာက ကျုပ်ထက် အဆတစ်သောင်းလောက် မြင့်တယ်။ သူ့လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ ကျုပ် သေသွားနိုင်တယ်။ သူ့ကို ဘယ်လို အနိုင်ယူရမလဲ။”

ကွမ်တမ်က ပြန်ဖြေ၏။ “အခုလောလောဆယ်တော့ မသိသေးဘူး။ အချက်အလက်တွေ မလုံလောက်သေးလို့ လက်တွေ့ အခြေအနေကို တွက်ချက်လို့ မရသေးဘူး။”

ယွင်ကျုံးဟဲ့က ကျိန်ဆဲလိုက်မိသည်။ ထိုအချိန်တွင် ရှေ့ခုံမှ ဘီသိုဗင်လည်း ပျောက်သွားပြန်၏။ မြေအောက်ခန်းသို့ ပြန်ရောက်သွားခြင်း ဖြစ်ရမည်။

ဤဆေးရုံကြီးမှာ အလိုအလျောက် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတတ်ပုံ ရ၏။ ကွမ်တမ်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ရွှီအန်းထင်က မျက်နှာသစ်ပေးပြီး နံနက်စာ ပြင်ဆင်ပေး၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အန်းထင်… သီချင်းအသစ် ရေးထားတာ ရှိလား။”

ဤသည်မှာ သူတို့နှစ်ဦးကြားရှိ လျှို့ဝှက်ဆက်သွယ်မှု သင်္ကေတပင် ဖြစ်သည်။ ဘေးတွင် အခြားသော အစေခံများ ရှိနေသောကြောင့် လွတ်လပ်စွာ စကားပြောရန် အဆင်မပြေချေ။ ဖုန်းရှင်းမြဲ့ထံမှ သတင်းများ အားလုံးကို သူမကတစ်ဆင့် ယွင်ကျုံးဟဲ့ထံသို့ ပေးပို့ခြင်း ဖြစ်၏။

ရွှီအန်းထင်က ပြန်ဖြေ၏။ “ရှိပါတယ်။ သခင်လေး နားထောင်မလား။”

ယွင်ကျုံးဟဲ့က ဆိုလိုက်သည်။ “သေချာပေါက်ပေါ့။”

နံနက်စာ စားပြီးနောက် အစေခံများက ပန်းကန်များ သိမ်းဆည်းကြပြီး အချို့က အခန်းကို သန့်ရှင်းရေး လုပ်ကြသည်။

ရွှီအန်းထင်က စောင်းစတင် တီးခတ်၏။ အစေခံ နှစ်ဦးက အပြင်မထွက်ဘဲ အလုပ်ဆက်လုပ်နေကြသည်။ ထိုအစေခံများထဲတွင် လန်ပိ စီစဉ်ပေးထားသူများ ပါဝင်သလို ချူကျောင်းရန် စီစဉ်ပေးထားသူများလည်း ပါဝင်၏။

လေခွင်းမြို့၏ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးတွင် လန်ပိ၏ သူလျှိုများ ရှိနေတတ်သည်။ ဤသည်မှာ သာမန် စောင့်ကြည့်မှုမျှသာ ဖြစ်သည်။

ရွှီအန်းထင်က စောင်းတီးပြသည်။ အလွန် နားထောင်ကောင်းလှ၏။ သို့ပေမည့် ယွင်ကျုံးဟဲ့ ကြားနေရသည်မှာ ဂီတသံစဉ်များ မဟုတ်ဘဲ ကိန်းဂဏန်းများသာ ဖြစ်၏။

ယွင်ကျုံးဟဲ့က စောင်းသံများကို နားထောင်ရင်း စိတ်ထဲတွင် ဂီတသင်္ကေတပြ စာရွက်အဖြစ် မြင်ယောင်ကာ သတင်းအချက်အလက်များကို ဘာသာပြန်ယူလိုက်သည်။

ပထမဆုံး သတင်းကပင် သူ့ကို အလွန် အံ့ဩသွားစေ၏။ “ယွင်ဝမ်ရွှယ်က ငါတို့ဘက်က သူလျှို”

‘ဘာ… ထပ်ပြီးတော့လား။’

ယခင်က ဝမ်ရှန်းကို သတ်လိုက်ရာ မိမိတို့ဘက်မှ လူဖြစ်နေခဲ့သည်။ ယခု ယွင်ဝမ်ရွှယ်ကို သတ်လိုက်ပြန် တော့လည်း မိမိတို့ဘက်မှ လူဖြစ်နေပြန်ပြီလား။

ထန်ထိုင်မိသားစုက ယွင်ဝမ်ရွှယ်သည် တောင်ပိုင်းကျိုးအင်ပါယာမှ သူလျှိုဟု ဝန်ခံခဲ့ကြောင်း ပြောခဲ့သည် မဟုတ်ပါလား။ ယခုတော့ တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှို ဖြစ်နေပြန်ပြီလား။ ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို လှည့်စားရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ရမည်။

“ဒါပေမဲ့ ယွင်ဝမ်ရွှယ်က အဓိက သူလျှို မဟုတ်ဘူး။ လောဘကြီးပြီး ယုတ်မာတယ်။ သစ္စာစောင့်သိမှု လုံးဝ မရှိဘူး။ သူ့ကို အသက်အန္တရာယ်နဲ့ ထိန်းချုပ်ထားရတာ ဖြစ်လို့ သေသွားတာလည်း နှမြောစရာ မရှိပါဘူး။”

ထိုစကားကြောင့် ယွင်ကျုံးဟဲ့ အနည်းငယ် သက်သာရာ ရသွား၏။ သို့ပေမည့် ဤသို့ဆိုလျှင် ထိုရတနာ ပုလဲကြီးကို ထန်ထိုင်မြဲ့မင်ထံ လက်ဆောင်ပေးရန် ယွင်ဝမ်ရွှယ်ကို ခိုင်းစေခဲ့သူမှာ တာယင်အင်ပါယာပင် ဖြစ်သည်။

ထန်ထိုင်မြဲ့မင်ကို သတ်ချင်နေသူမှာ တာယင်အင်ပါယာ ဖြစ်နေ၏။ သို့သော် ယခုတော့ ယွင်ကျုံးဟဲ့က ဝင်ရောက် ကယ်တင်ပေးလိုက်မိပြီ ဖြစ်သည်။ တကယ့်ကို တိုက်ဆိုင်လွန်းလှ၏။

“မင်းက ထန်ထိုင်မြဲ့မင်ကို ကယ်တင်ပေးခဲ့ပေမဲ့ ပြဿနာ မရှိပါဘူး။ တစ်ခုလုံးသော ပိုင်ရှင်မဲ့ နယ်မြေမှာ မင်းက အမြင့်ဆုံး သူလျှိုဖြစ်ပြီး မင်းရဲ့ စစ်ရေးဗျူဟာတာဝန်က အရေးအကြီးဆုံးပဲ။ အဲဒီအတွက် ကျန်တာ အကုန်လုံး အလျှော့ပေးလို့ ရတယ်။

အင်ပါယာကြီး နှစ်ခုရဲ့ စစ်တပ်ကြီးတွေ စုရုံးပြီးပြီ။ ဒီနှစ်အတွင်း စစ်ပွဲကြီး သေချာပေါက် ဖြစ်လိမ့်မယ်။ မင်းရဲ့ တာဝန်ကို အမြန်ဆုံး အကောင်အထည်ဖော်ပါ။

ငါတို့ရဲ့ ခန့်မှန်းချက်အရ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ထောက်လှမ်းရေးခေါင်းဆောင် ယန်ဖြန်ရှန်က ပိုင်ရှင်မဲ့ နယ်မြေကို ဝင်ရောက်လာပြီ။ လေခွင်းမြို့ကို လာပြီး လောက်ချန်းနဲ့ ဆက်သွယ်လိမ့်မယ်။ သေချာ စောင့်ကြည့်ပါ။

စစ်ပွဲကြီး ဖြစ်တော့မယ်။ နင်ချင်းကို တာယင်အင်ပါယာက ကယ်ထုတ်ပေးမယ်။ ရက်အနည်းငယ်ကြာရင် လီထိုက်အာက တာရှီ စာသင်ကျောင်းကို လာပြီး စာသင်ပြလိမ့်မယ်။ နင်ချင်းက သူ့ဆရာနဲ့အတူ မြောက်ဘက်ကို ခရီးထွက်ရင်း တာယင်အင်ပါယာကို ဝင်ရောက်လာလိမ့်မယ်။”

ဤသတင်းက ယွင်ကျုံးဟဲ့ကို အလွန် အံ့ဩသွားစေသည်။ သူ တောင်းဆိုရန် စဉ်းစားနေဆဲ ရှိသေးသော်လည်း ဟေးလုံထိုင်က ကြိုတင် စီစဉ်နေပြီ ဖြစ်၏။

လီထိုက်အာကို စေလွှတ်ပေးခြင်းက သူ့အပေါ် တာယင်အင်ပါယာက မည်မျှ တန်ဖိုးထားကြောင်း ပြသနေခြင်းပင်။ သူ၏ စိတ်ထဲတွင် တာယင်အင်ပါယာအပေါ် သစ္စာစောင့်သိမှုနှင့် အားကိုးလိုစိတ်များ ပိုမို နက်ရှိုင်းလာတော့သည်။

“လောက်ချန်းကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပါ။ အမြန်ဆုံး ရှာဖွေဖော်ထုတ်ပါ။ အမြန်ဆုံး ရှာဖွေဖော်ထုတ်ပါ။”

ရွှီအန်းထင်က ထိုသတင်းစကားကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ တီးခတ်ပြ၏။

ဟေးလုံထိုင်က ဤကိစ္စကို အလွန် အလေးထားကြောင်း သိသာလှပေသည်။ ယွင်ကျုံးဟဲ့၏ တာဝန် အောင်မြင်လုနီးပါး အချိန်တွင် ဆန့်ကျင်ဘက် သူလျှိုကို မဖော်ထုတ်နိုင်ပါက အန္တရာယ် ပိုမို ကြီးမားလာနိုင်သောကြောင့် ဖြစ်သည်။

သို့ပေမည့် ယခု အရေးအကြီးဆုံးမှာ မော့ချိုကို အနိုင်ယူရေးသာ ဖြစ်၏။ ထို့ကြောင့် ယွင်ကျုံးဟဲ့က အခြားသော ကိစ္စများအားလုံးကို ခေတ္တ ဘေးဖယ်ထားကာ မော့ချိုနှင့် သိုင်းပြိုင်ပွဲအတွက်သာ အာရုံစိုက်ထားရတော့၏။

ဇွန်လ ၁၀ ရက်နေ့အတွက် လေးရက်သာ လိုတော့၏။ ဘီသိုဗင်ကို မရရှိခဲ့ဘဲ အမှတ် (၉) လူနာ ကွမ်တမ်ကိုသာ ရရှိခဲ့၏။ သူ၏ အစွမ်းမှာ အချက်အလက်များ လုံလောက်ပါက အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်ခြင်းသာ ဖြစ်သည်။

သို့ပေမည့် ဤအစွမ်းဖြင့် မော့ချိုကို မည်သို့ အနိုင်ယူမည်နည်း။ ယွင်ကျုံးဟဲ့က အလွန် အားနည်းသူ ဖြစ်ရာ မော့ချို အနည်းငယ် ထိလိုက်ရုံဖြင့် သေဆုံးသွားမည်မှာ သေချာနေ၏။

မော့ချိုကို အနိုင်ယူရန်အတွက် သိုင်းပြိုင်မည့် ကွင်းပြင်သို့ သွားရောက်ကာ အချက်အလက်များ စုဆောင်းရန် လိုအပ်ကြောင်း ကွမ်တမ်က ပြောထားသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က သိုင်းပြိုင်မည့် နေရာသို့ ကြိုတင် သွားရောက်ခဲ့သည်။ ကွင်းပြင်ကို လေခွင်းချိုင့်ဝှမ်းနှင့် ရှီးယွီမြို့ နယ်စပ်တွင် နှစ်ဖက်စလုံးက တည်ဆောက်ထားပြီး နယ်စားများ မဟာမိတ်အဖွဲ့က ကြီးကြပ်ထားခြင်း ဖြစ်၏။

ကွမ်တမ် အသက်ဝင်လာပြီးနောက် ယွင်ကျုံးဟဲ့က မြင်းစီးကာ ကွင်းပြင်၏ ပတ်လည် မိုင်အနည်းငယ်အတွင်း ဟိုဟိုဒီဒီ ပြေးလွှား၍ အချက်အလက်များ လိုက်လံ စုဆောင်းနေရသည်။

မည်သည့် အချက်အလက်များ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ နားမလည်သလို မေး၍လည်း မရချေ။ နှစ်ရက်နှင့် နှစ်ညတိတိ စုဆောင်းခဲ့ရ၏။

......................

ဇွန်လ ၈ ရက်နေ့ ည

သဘက်ခါဆိုလျှင် သေရေးရှင်ရေး သိုင်းပြိုင်ပွဲကြီး စတင်တော့မည် ဖြစ်သည်။ နောက်ဆုံးတွင် ကွမ်တမ်က အချက်အလက်များ လုံလောက်ပြီဟု ဆိုကာ ရပ်တန့်ခိုင်းလိုက်၏။ ထို့နောက် ယွင်ကျုံးဟဲ့၏ ဦးနှောက်က တဖြည်းဖြည်း ပူပြင်းလာကာ ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။

အချက်အလက်ပေါင်း မြောက်မြားစွာကို အသည်းအသန် တွက်ချက်နေသောကြောင့် ဖြစ်၏။ နာရီအနည်းငယ် ကြာပြီးနောက် တွက်ချက်မှုများ အားလုံး ရပ်တန့်သွားသည်။ ယွင်ကျုံးဟဲ့၏ ဦးနှောက်လည်း ပြန်လည် အေးမြသွား၏။

ယခုအချိန်မှာ ဇွန်လ ၉ ရက်နေ့ နံနက်စောစောဖြစ်ရာ မော့ချိုနှင့် သိုင်းပြိုင်ပွဲအတွက် တစ်ရက်သာ လိုတော့သည်။

ယွင်ကျုံးဟဲ့က အလောတကြီး မေးလိုက်၏။ “ဘယ်လိုလဲ… မော့ချိုကို အနိုင်ယူဖို့ နည်းလမ်း ရှာတွေ့ပြီလား။ ဒီပွဲမှာ နိုင်နိုင်ပါ့မလား။”

ကွမ်တမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ “ရှာတွေ့ပြီ။ သေချာပေါက် နိုင်မယ်။ အားစိုက်ထုတ်စရာတောင် မလိုဘူး။”

ထို့နောက်ပိုင်း ရက်များအတွင်းတွင် အမှတ် (၉) လူနာ ကွမ်တမ်က ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ဦးနှောက်ထဲတွင် အခြေအနေများကို အဆက်မပြတ် ပုံဖော်တွက်ချက်နေ၏။

ထိုအချိန်မှသာ ကွမ်တမ်၏ ဦးနှောက် အလုပ်လုပ်ပုံကို ယွင်ကျုံးဟဲ့ အမှန်တကယ် နားလည်သွားတော့သည်။ ၎င်းသည် အလွန်အမင်း တိကျသေချာပြီး တင်းကျပ်လွန်းလှသော ပုံဖော်တွက်ချက်မှုမျိုး ဖြစ်၏။ အရာအားလုံးကို လက်တွေ့ အခြေအနေအတိုင်း ပုံဖော်ထားသည်။

ထိုနေရာ၊ ထိုသိုင်းပြိုင်ကွင်းပင် ဖြစ်၏။ လာရောက် ကြည့်ရှုမည့် ဧည့်သည်များအတွက် ထိုင်ခုံ ထောင်ပေါင်း များစွာကို မည်သို့ နေရာချထားသည်ကအစ လက်တွေ့နှင့် တစ်ပုံစံတည်း ဖြစ်အောင် ပုံဖော်ထား၏။

ထိုမျှမက ရာသီဥတု၊ အလင်းရောင် အခြေအနေ၊ သိုင်းပြိုင်ကွင်း၏ သစ်သားတုံးတိုင်းကိုပင် လက်တွေ့နှင့် ထပ်တူကျအောင် ဖန်တီးထားသေးသည်။

အသေးစိတ် အချက်အလက်တိုင်းကို ရာနှုန်းပြည့် အစစ်အမှန်အတိုင်း ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့အပြင် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ ရာသီဥတု အချက်အလက်များ အားလုံးကိုပါ ဖမ်းယူတွက်ချက် ထားသေး၏။

ထို့နောက် ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် သူနှင့် မော့ချိုတို့၏ သိုင်းပြိုင်ပွဲကို စတင် ပုံဖော်ကြည့်တော့သည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်… ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ်နှစ်ရာ…

အကြိမ်တိုင်း၏ ရလဒ်က အတူတူပင် ဖြစ်၏။ ယွင်ကျုံးဟဲ့က ချက်ချင်းဆိုသလို အသတ်ခံရသည်။ အချိန်တိုအတွင်း အသတ်ခံရသည်ဟု ဆိုရုံမျှဖြင့် မလုံလောက်ချေ။

စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်း အသတ်ခံရခြင်း ဖြစ်သည်။ ပြိုင်ပွဲစတင်ပြီး စက္ကန့်၏ ဆယ်ပုံတစ်ပုံပင် မပြည့်မီ ယွင်ကျုံးဟဲ့၏ ခေါင်းပြတ်သွားခြင်း သို့မဟုတ် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခြင်း ဖြစ်သွားတော့၏။ အကြိမ်တိုင်းတွင် သူ၏ အလောင်းက အကောင်လိုက်ပင် မကျန်ခဲ့ချေ။ အလွန် အဖြစ်ဆိုးလှပေသည်။

ယွင်ကျုံးဟဲ့က မချိတင်ကဲဖြင့် ပြောလိုက်၏။ “ကွမ်တမ်… ဒါက ခင်ဗျားပြောတဲ့ သေချာပေါက် နိုင်မယ်၊ အားစိုက်ထုတ်စရာတောင် မလိုဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ခင်ဗျားပြောတာ လုံးဝ ပြောင်းပြန် ဖြစ်နေပြီလို့ ကျုပ် ထင်တယ်။ ကျုပ်က ချက်ချင်း အသတ်ခံရပြီး မော့ချိုက အားစိုက်စရာတောင် မလိုဘဲ နိုင်သွားတာလေ။”

ကွမ်တမ်ကလည်း အလွန် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။ “ခင်ဗျားက ဘာလို့ အဲဒီ အချိန်ကို အတိအကျ မမိရတာလဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်အချိန်ကိုလဲ။”

“ဝုန်း”

နောက်တစ်စက္ကန့်တွင် အလွန် ကျယ်လောင်သော အသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကြီး တစ်ခုက ပြင်းထန်စွာ ပစ်ချလိုက်သည်ကို မြင်လိုက်ရသည်။

မူလက ကွင်းပြင်ပေါ်သို့ ပစ်ချမည် ဖြစ်သော်လည်း သိုင်းပြိုင်ကွင်းဘေးရှိ သစ်ပင်ကြီးက အမြင့်ဆုံး ဖြစ်နေသောကြောင့် ထိုသစ်ပင်ကြီးကို တိုက်ရိုက် ပစ်ချလိုက်ခြင်း ဖြစ်သည်။ ထိုသစ်ပင်ကြီးမှာ အလွန် ဖြောင့်မတ်ပြီး မော့မိသားစု၏ နယ်မြေဘက်အခြမ်းတွင် ရှိနေ၏။

ကွမ်တမ်ပြောသော သေချာပေါက် နိုင်မည်၊ အားစိုက်ထုတ်စရာ မလို ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း ယခုမှ ယွင်ကျုံးဟဲ့ နားလည်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် မနက်ဖြန် မွန်းတည့်ချိန်တွင် အံ့မခန်း လျှပ်စီးကြောင်းကြီး တစ်ခု ပစ်ချလိမ့်မည် ဖြစ်၏။ ယွင်ကျုံးဟဲ့ လုပ်ရမည့်အရာမှာ ထိုလျှပ်စီးကြောင်းဖြင့် မော့ချိုကို ပစ်သတ်ရန်သာ ဖြစ်၏။ တကယ်ကို အားစိုက်ထုတ်စရာ မလိုချေ။ ဟန်ဆောင်နေရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

X စိတ်ကျန်းမာရေးဆေးရုံက အဘယ်ကြောင့် ဘီသိုဗင်ကို မရွေးချယ်ဘဲ ကွမ်တမ်ကို ရွေးချယ်ပေးခဲ့သည် ကိုလည်း ယခုမှ နားလည်သွားတော့၏။

ဤနည်းလမ်းဖြင့် မော့ချိုကို အနိုင်ယူခြင်းက ပို၍ တုန်လှုပ်ဖွယ် ကောင်းပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း ခံရသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။ ယွင်ကျုံးဟဲ့ အစွမ်းပြ ဟန်ဆောင်ရန်အတွက် ပို၍ သင့်တော်လှပေသည်။

သို့ပေမည့် ဤရည်မှန်းချက်ကို အောင်မြင်ရန်မှာ အလွန် ခက်ခဲလှ၏။

မှန်ပေသည်။ လျှပ်စီးလက်ခြင်းမှာ ရှားပါးသော ကိစ္စတော့ မဟုတ်ချေ။ ယခုက ဇွန်လ၏ ပူပြင်းသော နွေရာသီ ဖြစ်ပြီး ပိုင်ရှင်မဲ့ နယ်မြေမှာ မကြာမီ မိုးရာသီသို့ ကူးပြောင်းတော့မည် ဖြစ်သည်။

မကြာသေးမီက လျှပ်စီးလက်ခြင်း သိပ်မရှိခဲ့သော်လည်း နောင်တွင် မကြာခဏ ဖြစ်ပေါ်လာပေတော့မည်။

သိုင်းပြိုင်ပွဲ ကျင်းပမည့် နေရာမှာ ရှီးယွီမြို့နှင့် လေခွင်းချိုင့်ဝှမ်း နယ်စပ်ရှိ ကွင်းပြင်ကျယ်ကြီး ဖြစ်သောကြောင့် လျှပ်စီးပစ်ခံရနိုင်ခြေ အလွန် နည်းပါးသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ယွင်ကျုံးဟဲ့ လုပ်ရမည်မှာ မော့ချိုကို လျှပ်စီးပစ်ချမည့် နေရာတည့်တည့်သို့ ရောက်အောင် ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။

......................

အပိုင်း (၁၁၈)

ဤကိစ္စက အလွန် ခက်ခဲလှ၏။ နေရာ အတိအကျ မှန်ကန်ရန် လိုအပ်သလို အချိန်လည်း တစ်စက္ကန့်ပင် လွဲချော်၍ မရချေ။ အကြိမ်ပေါင်းများစွာ ပုံဖော်တွက်ချက်နေရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ထို့နောက် နောက်ထပ် အကြိမ်ဆယ်ဂဏန်းမက ပုံဖော်တွက်ချက်ပြီးနောက် ထိုကြောက်မက်ဖွယ် လျှပ်စီးကြောင်းကြီး ပစ်ချမည့် အချိန်ကို တိကျစွာ မှတ်တမ်းတင်နိုင်ခဲ့၏။

ဇွန်လ ၁၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ၊ ၃၅ မိနစ်၊ ၄၅.၂၉ စက္ကန့်…

မှန်ပေသည်။ ကွမ်တမ်၏ တိကျသော တွက်ချက်မှုများအရ လျှပ်စီးပစ်ချမည့် အချိန်ကို တစ်စက္ကန့်၏ တစ်ရာပုံတစ်ပုံ (0.01 second) အထိပင် တိကျစွာ သိရှိထားပြီး ဖြစ်သည်။

သို့ပေမည့် ပြဿနာတစ်ခု ရှိနေသည်။ အကြိမ်တိုင်းတွင် လျှပ်စီးက သိုင်းပြိုင်ကွင်းဘေးရှိ ထိုသစ်ပင်ကြီးကိုသာ ပစ်ချနေခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသစ်ပင်ကြီးက အမြင့်ဆုံး ဖြစ်နေသောကြောင့်ပင်။

ဤသို့ဆိုလျှင် မည်သို့မှ လျှပ်စီးကို မော့ချို၏ ခေါင်းပေါ်သို့ ဆွဲခေါ်နိုင်မည် မဟုတ်ချေ။ ထိုသစ်ပင်ကြီးကို ခုတ်လှဲပစ်ရမည် ဖြစ်ပြီး သိုင်းပြိုင်ကွင်းကို ငါးမီတာခန့် ရွှေ့ပေးရန် လိုအပ်သည်။

သို့ပေမည့် သိုင်းပြိုင်ကွင်း တည်ဆောက်မှုမှာ တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်ရာ ငါးမီတာ ရွှေ့ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

မကြာမီမှာပင် ယွင်ကျုံးဟဲ့က ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ငါးမီတာ ရွှေ့၍ မရလျှင် သိုင်းပြိုင်ကွင်းကို ဆယ်မီတာခန့် ထပ်မံ ချဲ့ထွင်လိုက်ရန် ဖြစ်၏။

ထိုသစ်ပင်ကြီးကို ခုတ်လှဲပြီး ကျန်ရစ်သော သစ်ငုတ်တိုကို သိုင်းပြိုင်ကွင်း၏ တိုင်တစ်တိုင်အဖြစ် အသုံးပြုပြီး သိုင်းပြိုင်ကွင်း၏ အချင်းကို ဆယ်မီတာ ချဲ့လိုက်ပါက ထိုသစ်ငုတ်တိုမှာ ကွင်းထဲသို့ အလိုလို ရောက်ရှိသွားမည် ဖြစ်၏။ ထိုသို့ဆိုလျှင် လျှပ်စီးက ထိုနေရာသို့ သေချာပေါက် ပစ်ချလိမ့်မည်။

သိုင်းပြိုင်သည့်အချိန်တွင် မော့ချိုက ထိုသစ်ငုတ်တိုပေါ်တွင် ရပ်နေမည်ဆိုပါက ရာနှုန်းပြည့် အတိအကျ မှန်ကန်သွားမည် ဖြစ်၏။ လျှပ်စီးပစ်ချလိုက်သည်နှင့် မော့ချိုကို သေချာပေါက် ထိမှန်မည်သာ ဖြစ်သည်။

အချိန်က ကပ်နေပြီဖြစ်ရာ ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ထံသို့ ချက်ချင်း သွားရောက် အသိပေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြို့စားကျင်း… သိုင်းပြိုင်ကွင်းဘေးက သစ်ပင်ကြီးကို ကျုပ်တို့ ခုတ်ပစ်ဖို့ လိုတယ်။”

ထို့နောက် သစ်ပင်ကို အဘယ်ကြောင့် ခုတ်ပစ်ရမည်ကို သူက အကြောင်းပြချက်များ ဖန်တီး၍ ရှင်းပြရန် ပြင်လိုက်၏။

သို့ပေမည့် ကျင်းကျုံးယွဲ့က စကားတစ်ခွန်းမှ ပြန်မပြောဘဲ ထက်မြက်သော ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်သွားပြီး ထိုသစ်ပင်ကြီးရှေ့တွင် ရပ်လိုက်သည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘယ်လောက်အမြင့်ကနေ ခုတ်ရမလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “သုံးပေခွဲအမြင့်ကနေပါ။ ကျန်တဲ့ သစ်ငုတ်တိုကို သိုင်းပြိုင်ကွင်းရဲ့ တိုင်အဖြစ် သုံးမယ်။”

“ကောင်းပြီ။” ကျင်းကျုံးယွဲ့က ဓားကို မြှောက်ကာ ပြင်းထန်စွာ ခုတ်ချလိုက်၏။

“ဝုန်း… ဝုန်း… ဝုန်း…”

ထိုသစ်ပင်ကြီး၏ အချင်းမှာ တစ်ပေခွဲခန့် ရှိသော်လည်း ကျင်းကျုံးယွဲ့က ဓားချက်အနည်းငယ်ဖြင့်ပင် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ဝုန်း”

ကျယ်လောင်သော အသံကြီးနှင့်အတူ ထိုသစ်ပင်ကြီး ပြိုလဲသွားတော့၏။

ယွင်ကျုံးဟဲ့မှာ အံ့ဩမှင်တက်သွားရသည်။ ဤအမျိုးသမီး၏ ခွန်အားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။

အရေးအကြီးဆုံးမှာ သူမ၏ ခွန်အားကို အသုံးပြုပုံက အလွန် သေသပ်ပြီး ကျွမ်းကျင်လွန်းလှပေသည်။ ဤမျှ ကြီးမားသော သစ်ပင်ကြီးကို ပုဆိန် မသုံးဘဲ ဓားဖြင့် သုံးချက်တည်းဖြင့် ခုတ်ပိုင်းနိုင်ခဲ့သည် မဟုတ်ပါလား။

‘ကျင်းကျုံးယွဲ့… ခင်ဗျားရဲ့ သိုင်းပညာက သိပ်ကို အံ့မခန်း ဖြစ်လွန်းတယ်။’

အဓိက အကျဆုံးအချက်မှာ သူမ ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် သူမ၏ သွယ်လျကျော့ရှင်းသော ကိုယ်ဟန်လေးနှင့် လှပသော ကောက်ကြောင်းများက အဆက်မပြတ် တုန်ခါနေခြင်းပင် ဖြစ်၏။

အလွန် လှပလွန်းလှသည်။ ထိုခွန်အားများ ပြည့်ဝနေသော အသွင်အပြင်က အလွန် ညှို့ငင်နိုင်စွမ်း ရှိပြီး ဆွဲဆောင်မှု အပြည့် ရှိလှ၏။ တကယ့်ကို နတ်ဆိုးမလေး တစ်ပါး၏ ကိုယ်ဟန်အချိုးအစားမျိုးပင်။

ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံး ချက်ချင်း ပူနွေးလာတော့၏။

ကျင်းကျုံးယွဲ့… ကျုပ် ခင်ဗျားနဲ့ အတူတူ အိပ်ချင်တယ် ဟူသော စကားမှာ သူ၏ နှုတ်ဖျားမှ ထွက်ကျလုနီးပါး ဖြစ်သွားသည်။

ဤမိန်းမက အပြင်ပန်းတွင် ဤမျှ ကျော့ရှင်းလှပသော်လည်း အတွင်းစိတ်က ဤမျှ ကြမ်းတမ်းနေသည်လား။ ဤဆန့်ကျင်ဘက် အသွင်အပြင်များက သူမ၏ ဆွဲဆောင်မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေ၏။

အကယ်၍ လက်ထပ်ပြီးပါက ယွင်ကျုံးဟဲ့သည် နေ့စဉ်နှင့်အမျှ နိဗ္ဗာန်နှင့် ငရဲကြားတွင် လူးလာခေါက်တုံ့ ဖြစ်နေရမည်မှာ သေချာလှပေသည်။

သစ်ပင်ကြီး ပြိုလဲသွားချိန်မှာတော့ ရှီးယွီမြို့ မော့မိသားစု၏ စာရေးတော်ကြီး ယန်ရွေ့ရှန်က ချက်ချင်း ပြေးလာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ ဘာလုပ်တာလဲ။ ခင်ဗျားတို့ ဘာလုပ်နေတာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ခင်ဗျားမှာ မျက်လုံး မပါဘူးလား။ သိုင်းပြိုင်ကွင်း ဆောက်ဖို့ သစ်သား မလောက်လို့ သစ်ပင် ခုတ်နေတာလေ။”

ယန်ရွေ့ရှန်က ဒေါသတကြီး ပြောလိုက်၏။ “ကြက်လေးတစ်ကောင်တောင် မဖမ်းနိုင်တဲ့ ခင်ဗျားရဲ့ အခြေအနေနဲ့ ဒီသိုင်းပြိုင်ပွဲက ချက်ချင်း ပြီးသွားမှာပဲ။ သိုင်းပြိုင်ကွင်းတောင် ဆောက်ဖို့ မလိုပါဘူး။ ပြီးတော့ ဒီသစ်ပင်က မော့မိသားစုရဲ့ နယ်မြေထဲမှာ ပေါက်နေတာ။ မော့မိသားစုရဲ့ သစ်ပင်ပဲ။ ခင်ဗျားက ဘာလို့ ခုတ်တာလဲ။”

ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလိုက်သည်။ “ခုတ်ပြီးသွားပြီလေ။ မကျေနပ်ရင်လည်း ပြန်ဆက်ထားလိုက်ပေါ့။”

မော့မိသားစု၏ စာရေးတော်ကြီး ယန်ရွေ့ရှန်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားကာ အေးစက်စွာ ပြုံးလိုက်၏။ “ခင်ဗျားတို့ ဘာစဉ်းစားနေတယ်ဆိုတာ ကျုပ် မသိဘူး မထင်နဲ့။ ဒီသစ်ပင်က သစ်သားဓာတ်ကို ကိုယ်စားပြုပြီး ကျုပ်တို့ မော့မိသားစုရဲ့ နာမည်နဲ့ ဆက်စပ်နေတယ်။ ဒီသစ်ပင်ကို ခုတ်လိုက်တာက ကျုပ်တို့ရဲ့ ဖုန်းရွှေကို ဖျက်ဆီးပြီး မော့မိသားစုရဲ့ ကံကြမ္မာကို ထိခိုက်အောင် လုပ်တာပဲ။”

တကယ်ကို ဆက်စပ်တွေးတောတတ်သူပင် ဖြစ်၏။ သို့ပေမည့် နားထောင်ကြည့်လျှင် အတော်လေး ယုတ္တိတန်လို့နေလေသည်။

ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဟုတ်တယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ ဖုန်းရွှေကို ဖျက်ဆီးချင်လို့ပဲ။ ခင်ဗျားတို့ရဲ့ သစ်သားဓာတ်နဲ့ မော့ဆိုတဲ့ နာမည်ကို ခုတ်ပိုင်းပစ်ချင်လို့ပဲ။ ဘာဖြစ်လဲ။”

ယန်ရွေ့ရှန်က အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား စောင့်ကြည့်နေလိုက်။”

ထို့နောက် သူက မော့ချိုနှင့် မြို့စား မော့ရယ်တို့ထံ ပြန်သွားကာ တိုင်ပင်ဆွေးနွေးတော့၏။

“ဒီယွင်အောက်ထျန်းနဲ့ ကျင်းကျုံးယွဲ့တို့က ကျုပ်တို့ဘက်က သစ်ပင်ကို ခုတ်လိုက်တာ မကောင်းတဲ့ အကြံအစည်နဲ့ပဲ။ ကျုပ်တို့ရဲ့ ကံကြမ္မာကို ဖျက်ဆီးချင်လို့။ သစ်ပင်ရဲ့ ခေါင်းကို ခုတ်လိုက်တာက မော့မိသားစုရဲ့ ခေါင်းကို ခုတ်လိုက်တာနဲ့ အတူတူပဲ။” ယန်ရွေ့ရှန်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။

မော့ချိုက ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။ “ဒါတွေက လမ်းဘေး ဗေဒင်ဆရာတွေရဲ့ လိမ်ညာတဲ့ စကားတွေပါ။”

ယန်ရွေ့ရှန်က ဆက်ပြောလိုက်သည်။ “သေချာတာပေါ့… ဒီလို ယုံတမ်းစကားတွေကို အပြည့်အဝ ယုံကြည်လို့ မရပေမဲ့ လုံးဝ မယုံဘဲ နေလို့လည်း မရဘူး။ ဒီလောက် အရေးကြီးတဲ့ အချိန်မှာ သူတို့က နယ်စပ်က သစ်ပင်တစ်ပင်ကို ခုတ်လိုက်တာ တကယ်ကို နိမိတ်မကောင်းဘူး။

ဒီသိုင်းပြိုင်ပွဲမှာ ဘာအပြောင်းအလဲမှ မရှိနိုင်ဘဲ ယွင်အောက်ထျန်း သေချာပေါက် သေရမယ်ဆိုတာ မှန်ပေမဲ့ အနာဂတ်မှာ ကျုပ်တို့ရဲ့ ဖုန်းရွှေ ကံကြမ္မာ ထိခိုက်သွားနိုင်တယ်။ အရင်က ဒီသစ်ပင်ကြီးဘေးမှာ သိုင်းပြိုင်ဖို့ ရွေးချယ်ခဲ့တာလည်း နိမိတ်ကောင်းတစ်ခု ယူချင်လို့ပဲလေ။ ပူပြင်းတဲ့ နွေရာသီမှာ သစ်ပင်ရိပ်က အေးမြတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။”

မော့ချိုက မေးလိုက်၏။ “ဒါဆို ခင်ဗျားအမြင်က ဘယ်လိုလုပ်သင့်တယ် ထင်လဲ။”

ယန်ရွေ့ရှန်က အကြံပြုလိုက်သည်။ “သိုင်းပြိုင်ကွင်းကို ပေသုံးဆယ်လောက် ထပ်ချဲ့ဖို့ နည်းလမ်းရှာရမယ်။ အဲဒီ သစ်ငုတ်တိုကိုပါ ကွင်းထဲထည့်ပြီး ကွင်းရဲ့ တိုင်အဖြစ် သုံးရမယ်။ ပြီးရင် သိုင်းပြိုင်ကွင်းပေါ်မှာ ယင်ယန်ပုံစံကြီး တစ်ခု ဆွဲမယ်။

အဲဒီ သစ်ငုတ်တိုရဲ့ မျက်နှာပြင်ကို ယင်ယန်ရဲ့ ယန်(အလင်း/အဖိုဓာတ်) အခြမ်းအဖြစ် သတ်မှတ်မယ်။ သစ်ပင်က ယင်(အမှောင်/အမဓာတ်) ကို ကိုယ်စားပြုတယ်။ ဒီလို ယင်ယန် နှစ်ခု ပေါင်းစပ်လိုက်ရင် အဲဒီ နိမိတ်မကောင်းတဲ့ အကျိုးသက်ရောက်မှုကို ချေဖျက်နိုင်သွားလိမ့်မယ်။”

မော့ချိုက ဤသို့ လုပ်ဆောင်ရန် မလိုအပ်ဟု ထင်နေသည်။ ဤသည်မှာ ဗေဒင်ဆရာများ၏ ယုံတမ်းစကားများသာ ဖြစ်ပြီး လုံးဝ အခြေအမြစ် မရှိဟု ယူဆနေ၏။

သို့ပေမည့် မြို့စား မော့ရယ်က ဆုံးဖြတ်လိုက်သည်။ “ဒီလို အသေးစိတ်အချက်တွေကိုတော့ ဂရုစိုက်သင့်ပါတယ်။ ဖုန်းရွှေဆိုတာ အလေးထားရမယ့် ကိစ္စပဲ။ စာရေးတော်ကြီးယန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”

ထို့နောက် မော့မိသားစုက ကျင်းမိသားစုထံသို့ ရာဇသံ ပေးပို့လိုက်သည်။ ကျင်းကျုံးယွဲ့က နယ်စပ်ရှိ မော့မိသားစုပိုင် သစ်ပင်ကို ခုတ်လှဲခဲ့သောကြောင့် သိုင်းပြိုင်ကွင်းကို ပေသုံးဆယ် ချဲ့ထွင်ရမှာဖြစ်ပြီး မော့မိသားစု နယ်မြေဘက်သို့ ဦးတည်၍ ချဲ့ထွင်ရမည်ဟု တောင်းဆိုလိုက်သည်။

လေခွင်းချိုင့်ဝှမ်း၏ စစ်ဗျူဟာမှူး ဆရာကြီး ဇိုအန်က လုံးဝ သဘောမတူဘဲ ငြင်းဆိုခဲ့၏။

နောက်ဆုံးတွင် ထန်ထိုင်မိသားစု၏ ကိုယ်စားလှယ်ကသာ အဆုံးအဖြတ် ပေးခဲ့ရသည်။

ကျင်းကျုံးယွဲ့က အကြောင်းမဲ့ သစ်ပင်ကို ခုတ်လှဲခဲ့သောကြောင့် မော့မိသားစု၏ တောင်းဆိုချက်ကို လက်ခံပေးရမည် ဖြစ်ပြီး သိုင်းပြိုင်ကွင်းကို ပေသုံးဆယ် ချဲ့ထွင်ကာ မော့မိသားစု နယ်မြေဘက်သို့ ဦးတည်၍ ချဲ့ထွင်ရမည်ဟု ဆုံးဖြတ်လိုက်၏။

ဤကိစ္စက နိုင်ငံရေးတွင် အသေးအဖွဲ ကိစ္စဟူ၍ မရှိကြောင်းနှင့် အသေးစိတ်အချက်အလက်တိုင်းကိုပင် အပြင်းအထန် အငြင်းပွားတတ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။

လူအင်အား များပြားမှုက အလွန် အသုံးဝင်လှပေသည်။ မော့မိသားစုက လူတစ်ထောင်ခန့် စေလွှတ်လိုက်ရာ နာရီအနည်းငယ်အတွင်းမှာပင် သိုင်းပြိုင်ကွင်းကို ဆယ်မီတာခန့် ချဲ့ထွင်ပြီးစီးသွား၏။

ထို့အပြင် ဖုန်းရွှေအတွက် သိုင်းပြိုင်ကွင်းပေါ်တွင် ကြီးမားသော ယင်ယန် ပုံစံကြီး တစ်ခုကိုလည်း ရေးဆွဲထားသေးသည်။

အခုတ်ခံလိုက်ရသော ထိုသစ်ငုတ်တိုက သိုင်းပြိုင်ကွင်း၏ တိုင်များထဲမှ တစ်တိုင် ဖြစ်သွားပြီး ၎င်း၏ မျက်နှာပြင်က ယင်ယန်ပုံစံ၏ ယန် (အလင်း) အခြမ်းရှိ အစက်နေရာတွင် အတိအကျ ကျရောက်နေ၏။

ဤသို့ဖြင့် မော့မိသားစုမှာ စိတ်သက်သာရာ ရသွားကြပြီး သစ်ပင်အခုတ်ခံရခြင်း၏ နိမိတ်မကောင်းသော အကျိုးသက်ရောက်မှုကို ချေဖျက်နိုင်ပြီဟု ယုံကြည်သွားကြသည်။

ယွင်ကျုံးဟဲ့မှာမူ ပို၍ပင် သက်သောင့်သက်သာ ဖြစ်သွားရ၏။

ဤသို့ဖြင့် မနက်ဖြန် သိုင်းပြိုင်ပွဲအတွက် သူတို့နှစ်ဦး၏ နေရာများကို ကြိုတင် သတ်မှတ်ပြီးသား ဖြစ်သွားပြီ ဖြစ်သည်။

ယင်ယန်ပုံစံ၏ အစက်နှစ်ခုတွင် မော့ချိုက ယန် (အလင်း) အခြမ်း၌ ရပ်မည်ဖြစ်ပြီး ယွင်ကျုံးဟဲ့က ယင် (အမှောင်) အခြမ်း၌ ရပ်မည် ဖြစ်၏။

မော့ချို ရပ်မည့် နေရာမှာ အခုတ်ခံလိုက်ရသော သစ်ငုတ်တိုနေရာပင် ဖြစ်ပြီး ထိုနေရာက လျှပ်စီးပစ်ချမည့် နေရာ အတိအကျပင် ဖြစ်သည်။ အလွန် ပြီးပြည့်စုံလှပေသည်။

နေရာ အတိအကျ သတ်မှတ်ခြင်း အောင်မြင်သွားပြီ ဖြစ်၏။

ထို့နောက် အချိန်ကို အတိအကျ သတ်မှတ်ရန်သာ ကျန်တော့သည်။ စက္ကန့်၏ ဆယ်ပုံတစ်ပုံ (0.1 second) အထိ တိကျရမည် ဖြစ်ပြီး အနည်းငယ်မှ လွဲချော်၍ မရချေ။

အကယ်၍ အနည်းငယ် လွဲချော်သွားပါက မော့ချိုက ရွေ့လျားသွားမည် ဖြစ်ပြီး ယွင်ကျုံးဟဲ့ကို သတ်ပစ်မည် ဖြစ်၏။ ထိုအချိန်တွင် လျှပ်စီးပစ်ချလိုက်ပါကလည်း မော့ချိုကို ထိမှန်တော့မည် မဟုတ်ပေ။

မော့ချိုက ယွင်ကျုံးဟဲ့ကို သတ်ရန် တကယ်ကို စက္ကန့်၏ ဆယ်ပုံတစ်ပုံသာ လိုအပ်ပြီး ယွင်ကျုံးဟဲ့မှာ ခုခံနိုင်စွမ်း လုံးဝ မရှိကြောင်း သေချာလှသည်။

ထို့နောက် ယွင်ကျုံးဟဲ့က ကွမ်တမ်ကို အသုံးပြု၍ ဦးနှောက်ထဲတွင် လက်တွေ့ သိုင်းပြိုင်ပွဲကို ထပ်မံ ပုံဖော်ကြည့်ပြန်၏။

ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်…

ရလဒ်တိုင်းက အလွန် အဖြစ်ဆိုးလှသည်။ အကြိမ်တိုင်းတွင် ယွင်ကျုံးဟဲ့က ချက်ချင်း အသတ်ခံရသည်။ ခေါင်းပြတ်သွားခြင်း သို့မဟုတ် နှစ်ပိုင်းပြတ်သွားခြင်းသာ ဖြစ်၏။ ထိုစက္ကန့်၏ ဆယ်ပုံတစ်ပုံကို အတိအကျ ကိုက်ညီအောင် လုပ်ရန်မှာ အလွန် ခက်ခဲလွန်းလှပေသည်။

စုစုပေါင်း အကြိမ်နှစ်ဆယ်ခန့် ပုံဖော်ကြည့်ရာတွင် တစ်ကြိမ်တည်းသာ လျှပ်စီးက မော့ချိုကို ထိမှန်ပြီး သေဆုံးစေခဲ့၏။ သို့ပေမည့် ထိုတစ်ကြိမ်မှာလည်း တိုက်ဆိုင်မှု သက်သက်သာ ဖြစ်ပြီး ပုံမှန်အခြေအနေဟု ယူဆ၍ မရနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ အပြောင်းအလဲများစွာရှိသော သတ္တဝါဖြစ်ပြီး တိုက်ဆိုင်မှုများစွာ ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်၏။

ဤအဖြစ်ဆိုးကို ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ယွင်ကျုံးဟဲ့က အချိန်ကို ကြိုတင် ထိန်းချုပ်ထားရန်ပင် ဖြစ်သည်။

လျှပ်စီးမပစ်ချမီ မော့ချိုကို မလှုပ်ရှားစေရန်၊ သူ့နေရာတွင် အနည်းဆုံး စက္ကန့်အနည်းငယ်ခန့် မလှုပ်မယှက် ရပ်နေစေရန် လုပ်ဆောင်ရမည်။ ထိုမှသာ လျှပ်စီးက သူ့ကို သေချာပေါက် ပစ်သတ်နိုင်မှာ ဖြစ်၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့က မော့ချိုကို အချိန်ဆွဲထားရန် နည်းလမ်း ရှာရပေမည်။ စကားတစ်ခွန်းပြောကာ သူ၏ အာရုံကို ဖမ်းစားထားရမည်။

မည်သည့်စကားမျိုး ပြောရမည်နည်း။ မော့ချို၏ တွေးခေါ်မှုကို ရပ်တန့်သွားစေပြီး သူ့နေရာတွင် စက္ကန့်အနည်းငယ်ခန့် ရပ်နေစေမည့် စကားမျိုးပင်။

ယွင်ကျုံးဟဲ့က စတင် ပုံဖော်ကြည့်လိုက်၏။ ပထမအကြိမ် ပုံဖော်မှုတွင် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မော့ချို… ခင်ဗျားရဲ့ စေ့စပ်ထားတဲ့ မိန်းမနဲ့ ကျုပ် အိပ်ခဲ့ဖူးတယ်။ အရသာ တော်တော်ရှိတယ်။”

မော့ချိုက ချက်ချင်း ပြေးလာကာ ယွင်ကျုံးဟဲ့ကို ဓားဖြင့် သုံးပိုင်းပိုင်းလိုက်သည်။။ ကျရှုံးသွား၏။

ဒုတိယအကြိမ် ပုံဖော်မှုတွင် ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “မော့ချို… ခင်ဗျားရဲ့ အမေကို ကျုပ် စော်ကားခဲ့ဖူးတယ်။ အရသာ တော်တော်ရှိတယ်။”

မော့ချိုက ချက်ချင်း ပြေးလာကာ ယွင်ကျုံးဟဲ့ကို နှစ်ပိုင်းပိုင်းလိုက်သည်။ ကျရှုံးသွားပြန်၏။

အောက်တန်းကျသော နည်းလမ်းများက အလုပ်မဖြစ်ကြောင်း သိသာလှပေသည်။ မော့ချို၏ အာရုံကို ဖမ်းစားနိုင်မည် မဟုတ်ဘဲ သူ့ကို ပို၍ ဒေါသထွက်စေရုံသာ ရှိပေလိမ့်မည်။

.............................

All Chapters