အခန်း (၁၁၉-၁၂၀)
Vol. 11 Ch. 119-120
အပိုင်း (၁၁၉)
ယွင်ကျုံးဟဲ့က အချိန်အတန်ကြာ စဉ်းစားနေမိ၏။
တတိယအကြိမ် ပုံဖော်မှု စတင်လိုက်၏။ သူတို့နှစ်ဦးက သိုင်းပြိုင်ကွင်းပေါ်ရှိ ယင်ယန်ပုံစံ၏ အစက်နှစ်ခုပေါ်တွင် ဆယ်မီတာခန့် အကွာအဝေးဖြင့် ရပ်နေကြသည်။
ယွင်ကျုံးဟဲ့က အသံကို နှိမ့်ကာ လေးနက်စွာ ပြောလိုက်၏။ “မော့ချို… သခင်ကြီး ယန်ဖြန်ရှန်က ခင်ဗျားကို မေးခိုင်းလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။”
ချက်ချင်းပဲ မော့ချိုမှာ အလွန် အံ့ဩသွားကာ နေရာတွင် ခေတ္တမျှ ရပ်တန့်သွားတော့သည်။
‘ဒီစကားက အလုပ်ဖြစ်တယ်။ ဒီစကားက အလုပ်ဖြစ်တာပဲ။’
ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မော့မိသားစုသည် တောင်ပိုင်းကျိုးအင်ပါယာ၏ ထိုးဖောက် ဝင်ရောက်မှုကို အပြင်းအထန် ခံထားရပြီး ယန်ဖြန်ရှန်နှင့် မော့ချိုတို့ကြားတွင် ဆက်သွယ်မှု ရှိနေပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ထို့အပြင် မော့ချိုကို တောင်ပိုင်းကျိုးအင်ပါယာက အပြည့်အဝ သိမ်းသွင်းထားပြီး ဖြစ်ပုံရသည်။ ယခင်က ထန်ထိုင်မိသားစုကို ဆန့်ကျင်ရဲခဲ့ခြင်းမှာလည်း တောင်ပိုင်းကျိုးအင်ပါယာက မော့မိသားစု၏ အဓိက ကျောထောက်နောက်ခံ ဖြစ်နေခြင်းကြောင့်သာ ဖြစ်ရပေမည်။
ထို့ကြောင့် ယန်ဖြန်ရှန်၏ နာမည်ကို ကြားလိုက်ရချိန်တွင် မော့ချို၏ အာရုံက ချက်ချင်း အဖမ်းစားခံလိုက်ရပြီး ယွင်ကျုံးဟဲ့ကို သတ်ရန် ချက်ချင်း မပြေးလာခဲ့ခြင်း ဖြစ်၏။
“ဝုန်း”
စက္ကန့်အနည်းငယ် အကြာတွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကြီး တစ်ခု ပစ်ချလာ၏။
ချက်ချင်းပဲ မော့ချိုမှာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းကာ မြေပြင်ပေါ်သို့ အဖြစ်ဆိုးစွာ လဲကျသွားတော့သည်။
လက်တွေ့ပုံဖော်မှု အောင်မြင်သွားပြီ ဖြစ်၏။ သို့ပေမည့် တစ်ကြိမ်တည်း အောင်မြင်ရုံဖြင့် မလုံလောက်သေးချေ။
ထို့နောက် ယွင်ကျုံးဟဲ့က ထိုစကားကိုပင် အသုံးပြု၍ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ် ထပ်မံ ပုံဖော်ကြည့်၏။
ရလဒ်တိုင်းက အတူတူပင် ဖြစ်သည်။ အကြိမ်တိုင်းတွင် မော့ချိုက ယွင်ကျုံးဟဲ့၏ စကားကြောင့် အာရုံဖမ်းစားခံလိုက်ရပြီး သူ့ကို သတ်ရန် ချက်ချင်း မပြေးလာခဲ့ချေ။ ထို့နောက် လျှပ်စီးကြောင်းကြီး ပစ်ချလာကာ မော့ချိုကို ထိမှန်သွားတော့သည်။
အကြိမ်တိုင်း၏ ပုံဖော်မှုက အောင်မြင်ခဲ့ပြီး အလွန် ပြီးပြည့်စုံလွန်းလှပေ၏။
အောင်မြင်သွားပြီဖြစ်သည်။ ဤအခြေအနေအတိုင်းဆိုလျှင် ကွမ်တမ် ပြောခဲ့သည့်အတိုင်း မနက်ဖြန် သိုင်းပြိုင်ပွဲတွင် သေချာပေါက် နိုင်မည်ဖြစ်ပြီး အားစိုက်ထုတ်စရာပင် လိုမည်မဟုတ်ချေ။
ထို့နောက် ယွင်ကျုံးဟဲ့က အစွမ်းပြဟန်ဆောင်မည့် အကွက်များကို စတင် စဉ်းစားတော့၏။ အလွန် အံ့မခန်းဖြစ်ပြီး တုန်လှုပ်ဖွယ် ကောင်းကာ တစ်ခန်းလုံးကို ထိတ်လန့်သွားစေရမည်။
ယွင်အောက်ထျန်းက လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်ဘုံမှ လျှပ်စီးများကို ခေါ်ယူကာ မော့ချိုကို ပစ်သတ်လိုက်သည့် မြင်ကွင်းမျိုးကို ဖန်တီးရမှာဖြစ်၏။
ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း... ဤအရာက ထိုနေရာတွင် ရှိနေသူအားလုံးကို အချိန်အတန်ကြာအောင် ကြောက်ရွံ့တုန်လှုပ်သွားစေမည်မှာ သေချာလှသည်။
ကမ္ဘာမြေကြီးကို ဇာတ်ခုံအဖြစ် အသုံးပြုခွင့် ရခဲ့ပြီဖြစ်ရာ အလွန် ခမ်းနားကြီးကျယ်သော အစွမ်းပြမှုကြီး တစ်ခုကို သေချာပေါက် ပြုလုပ်ရမည် မဟုတ်ပါလား။
ဤမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံး တုန်ယင်လာကာ အလွန် စိတ်လှုပ်ရှားနေတော့၏။ ဤမြင်ကွင်းကို တွေးကြည့်ရုံဖြင့်ပင် အလွန် ကျေနပ်စရာ ကောင်းလှပေသည်။
X စိတ်ကျန်းမာရေးဆေးရုံ၏ ရွေးချယ်မှုက အမှန်တကယ်ပင် မှန်ကန်လှ၏။ ယွင်ကျုံးဟဲ့အတွက် မည်သည့် လူနာက အသင့်တော်ဆုံး ဖြစ်မည်ကို သူတို့က အသိဆုံးပင်။
ထို့နောက် ယွင်ကျုံးဟဲ့က မေးခွန်းတစ်ခုကို မေးလိုက်မိ၏။ “ကွမ်တမ်… မနက်ဖြန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြကွက်အတွက် အဓိက သော့ချက်က အဲဒီ လျှပ်စီးကြောင်းကြီးပဲ။ မွန်းတည့် ၁၂ နာရီ၊ ၃၅ မိနစ်၊ ၄၅ စက္ကန့်၊ ဒသမ ၂၉ မှာ အတိအကျ ပစ်ချရမယ်။ ဒီအချက်က မမှားနိုင်ဘူး မှတ်လား။ တကယ်လို့ မှားသွားခဲ့ရင် အရာအားလုံး အလဟဿ ဖြစ်သွားမှာနော်။”
ကွမ်တမ်က ပြန်ဖြေသည်။ “ဒီနေရာရဲ့ ရာသီဥတုစနစ်က အလွန် တည်ငြိမ်တယ်။ ကျုပ် အကြိမ်ပေါင်းများစွာ တွက်ချက်ထားပြီးပြီမို့လို့ များသောအားဖြင့်တော့ မမှားနိုင်ပါဘူး။”
“များသောအားဖြင့်လား။”
ယွင်ကျုံးဟဲ့မှာ အနည်းငယ် တုန်လှုပ်သွားကာ မေးလိုက်၏။ “အဲဒီ များသောအားဖြင့်ဆိုတာက ရာခိုင်နှုန်း ဘယ်လောက်လဲ။ ဒါက အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာနော်။ တကယ်လို့ ခင်ဗျား တွက်တာ မှားသွားပြီး လျှပ်စီးက အချိန်ကိုက် မပစ်ချဘူးဆိုရင် ကျုပ် သေချာပေါက် သေရမှာပဲ။ ပြီးတော့ အပိုင်းပိုင်း အခုတ်ခံရမှာနော် အစ်ကိုကြီးရေ...”
အမှတ် (၉) လူနာ ကွမ်တမ်က ဖြေလိုက်သည်။ “တိကျမှု ရာခိုင်နှုန်း ရှစ်ဆယ့်ခြောက် ရာခိုင်နှုန်း ရှိတယ်။”
ချက်ချင်းပဲ ယွင်ကျုံးဟဲ့မှာ သေးထွက်ကျမတတ် လန့်သွားရ၏။
ဆိုလိုသည်မှာ မတိကျနိုင်သည့် ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်း ရှိနေသေးသည်လား။ ကွမ်တမ်၏ ယခင် သမိုင်းကြောင်းများကို ပြန်တွေးကြည့်မိသည်။
သူ၏ အနာဂတ်ဟောကိန်းများက အကြိမ်ပေါင်းများစွာ မှားယွင်းခဲ့ဖူးပြီး တစ်ဝက်မှန်၊ တစ်ဝက်မှား အခြေအနေမျိုးပင် ရှိခဲ့ဖူး၏။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့မှာ မိမိကိုယ်ကို သေမင်းနှင့် ကစားနေသကဲ့သို့ ခံစားလိုက်ရသည်။
အမှတ် (၉) လူနာ ကွမ်တမ်က ပြောလိုက်၏။ “စိတ်ချပါ… တကယ်လို့ ကျုပ် တွက်တာ မှားသွားလို့ ခင်ဗျား အသတ်ခံရမယ်ဆိုရင် ကျုပ်လည်း လုံးဝ သေသွားမှာပါပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျား သေရမှာ မကြောက်ဘူးလား။”
အမှတ် (၉) လူနာ ကွမ်တမ်က ပြန်ဖြေ၏။ “မကြောက်ပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ပြီးတာပဲလေ။”
အမှတ် (၉) လူနာ ကွမ်တမ်က မေးလိုက်ပြန်၏။ “ဒါဆို ခင်ဗျားကော သေရမှာ ကြောက်လား။”
ယွင်ကျုံးဟဲ့မှာ အနည်းငယ် ကြောင်အသွားရသည်။ ဟုတ်ပေသည်။ သူ သေရမည်ကို ကြောက်သလား။
ယခင်က သူသည် သေရမည်ကို မကြောက်ခဲ့သည့်အပြင် သေကြောင်းကြံရန်ပင် အလွန် ဝါသနာပါခဲ့သူ ဖြစ်၏။ သို့ပေမည့် ယခုတော့ အနည်းငယ် ကြောက်လာပြီဖြစ်၏။
အဘယ့်ကြောင့်နည်း။ ကျင်းကျုံးယွဲ့ကြောင့်လား။ ရွှီအန်းထင်နှင့် သူမ ဗိုက်ထဲက ကလေးကြောင့်လား။ သို့မဟုတ် ဤလောကကြီးကြောင့်လား။ ယွင်ကျုံးဟဲ့သည် ဤလောကရှိ လူများအပေါ် သံယောဇဉ် တွယ်လာခြင်းကြောင့်လား။
ထို့နောက် ယွင်ကျုံးဟဲ့က သူ၏ ခေါင်းကို ပုတ်ကာ တွေးလိုက်၏။ သေရမှာကို ဘာကြောက်စရာ ရှိသနည်း။ ယခင်က အောင်မြင်နိုင်ခြေ ၅၀ ရာခိုင်နှုန်းသာ ရှိချိန်တွင်ပင် အကြိမ်ကြိမ် စွန့်စားရဲခဲ့သည် မဟုတ်ပါလား။ ယခု ၈၆ ရာခိုင်နှုန်းတောင် ရှိနေသည်ကို မစွန့်စားရဲတော့ဘူးလား။ သိပ်ကို သတ္တိနည်းလွန်းနေပြီဖြစ်၏။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့က အတွေးများကို ဖယ်ရှားလိုက်ကာ မနက်ဖြန်အတွက် အပြည့်အဝ ပြင်ဆင်ထားလိုက် တော့၏။ မည်သို့ပင်ဆိုစေ သူ လုပ်နိုင်သမျှ အရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။
အမှတ် (၉) လူနာ ကွမ်တမ်၏ အကူအညီဖြင့် လက်တွေ့ပုံဖော်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အားလုံး အောင်မြင်ခဲ့ကာ အလွန် ပြီးပြည့်စုံခဲ့ပြီ ဖြစ်၏။
ပြဿနာ ဖြစ်လာနိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုလျှပ်စီးကြောင်းကြီးက အချိန်ကိုက်၊ နေရာကိုက် ပစ်ချနိုင်မည်လား ဆိုသည်သာ ဖြစ်သည်။
ကွမ်တမ်က ၈၆ ရာခိုင်နှုန်း သေချာသည်ဟု ဆိုခဲ့၏။ ကျန်သည့်အပိုင်းကိုတော့ ကောင်းကင်ဘုံ၏ အလိုအတိုင်းသာ ထားလိုက်တော့မည်။
မိမိဘက်မှ အစွမ်းကုန် ကြိုးစားပြီးပြီဖြစ်ရာ ကျန်သည်ကိုတော့ ကံတရားအပေါ် ပုံအပ်ထားရန်သာ ကျန်တော့၏။
ယွင်ကျုံးဟဲ့က တပ်စခန်းမှ ထွက်လာချိန်မှာတော့ ကျင်းကျုံးယွဲ့မှာ တည်ဆောက်ထားသော သိုင်းပြိုင်ကွင်းကို ငေးကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမက ယွင်ကျုံးဟဲ့ထက်ပင် ပို၍ စိုးရိမ်နေပုံ ရသည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “တကယ်တော့ ကျွန်မက အရာအားလုံးကို ရှင့်အပေါ် ပုံချမထားသင့်ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ်က ကျေကျေနပ်နပ် လုပ်ပေးတာပါ။ ခင်ဗျား ဘယ်လောက် စိတ်မွန်းကြပ်နေမယ်ဆိုတာ ကျုပ် သိပါတယ်။ ခင်ဗျားရဲ့ စရိုက်အရဆိုရင် စစ်တပ်ကြီးကို ဦးဆောင်ပြီး ရန်သူတွေကို အမြစ်ပြတ် ချေမှုန်းနေလောက်ပြီ။ ဒါပေမဲ့ ကျုပ်ရဲ့ စစ်ရေးဗျူဟာတွေကြောင့် ခင်ဗျားက အမြဲတမ်း အလျှော့ပေးနေရလို့ စိတ်ဖိစီးနေရတာပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “မနက်ဖြန် သိုင်းပြိုင်ပွဲအတွက် ယုံကြည်မှု ရှိရဲ့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရှစ်ဆယ့်ခြောက် ရာခိုင်နှုန်း ရှိတယ်။”
ကျင်းကျုံးယွဲ့ အနည်းငယ် ကြောင်သွားရသည်။ ဤမျှ တိကျသော ကိန်းဂဏန်းဖြင့် ပြောဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့နောက် ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ကျွန်မဆီမှာ နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိသေးတယ်။ စဉ်းစားကြည့်မလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာများလဲ။”
ကျင်းကျုံးယွဲ့က ပြော၏။ “ဟွာမန်လုကို ယွင်အောက်ထျန်းအဖြစ် ဆက်ဟန်ဆောင်ခိုင်းပြီး မော့ချိုနဲ့ သွားပြိုင်ခိုင်းမယ်။”
ယွင်ကျုံးဟဲ့၏ အကြည့်များက မလှမ်းမကမ်းရှိ သူတောင်းစား ဟွာမန်လုဆီသို့ ရောက်သွား၏။
ဤသူက အလွန် ထူးဆန်းသူ ဖြစ်သော်လည်း အရည်အချင်းရှိသူ တစ်ဦးလည်း ဖြစ်သည်။ ထန်ထိုင်မိသားစုတွင် သူ၏ စွမ်းဆောင်ရည်က အလွန် ပြောင်မြောက်ခဲ့သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့၏ အကြည့်ကို မြင်ချိန်မှာတော့ ဟွာမန်လုက ဦးညွှတ်ကာ ဖားယားသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
ကျင်းကျုံးယွဲ့က လက်ယပ်ခေါ်လိုက်ရာ ဟွာမန်လုက ခါးကို ကိုင်းကာ ခြေဖျားထောက်လျက် ပြေးလာသည်။
“မြို့စားမင်း…၊ သခင်လေး” ဟွာမန်လုက ခါးကို ၉၀ ဒီဂရီ ကိုင်းလျက် အရိုအသေပေးလိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဟွာမန်လု… မနက်ဖြန် ရှင်က ယွင်အောက်ထျန်းအဖြစ် ဆက်ဟန်ဆောင်ပြီး မော့ချိုနဲ့ သွားပြိုင်ရမယ်။ ရှင် သဘောတူလား။”
ချက်ချင်းပဲ ဟွာမန်လု၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ မျက်ရည်များပင် ကျလာတော့၏။ ‘မြို့စားမင်း… ခင်ဗျားက ကျုပ်ကို သေတွင်းထဲ ပို့နေတာပဲ။’
ကျင်းကျုံးယွဲ့က အေးစက်စွာ မေးလိုက်သည်။ “ဘာလဲ… ရှင် သဘောမတူဘူးလား။”
ဟွာမန်လုက ဒူးထောက်ချလိုက်ကာ ငိုယိုလျက် ပြောလိုက်၏။ “မြို့စားမင်း… အဲဒီလို လုပ်ရင် ကျုပ် သေရတာက ကိစ္စမရှိပေမဲ့ သိုင်းပြိုင်ပွဲ ရှုံးသွားလိမ့်မယ်လေ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင် သေရမှာ ကြောက်လို့လား။”
ဟွာမန်လုက မြေပြင်ပေါ်တွင် ဝပ်တွားလျက် ဖြေ၏။ “ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ ကျုပ် အသက်က မြို့စားမင်း ပေးထားတာပါ။ တကယ်လို့ သွားပြိုင်ခိုင်းရင်လည်း ပြိုင်ရမှာပေါ့။ ဒါပေမဲ့ သိုင်းပြိုင်ပွဲ ရှုံးသွားရင် သစ်ရွက်ကြွေနယ်မြေကို အမြဲတမ်း လက်လွှတ်လိုက်ရမှာနော်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “လက်လွှတ်ရရင်လည်း လက်လွှတ်ရပါစေ။ သစ်ရွက်ကြွေနယ်မြေက ဆန်စပါးတွေက မကြာခင် ရိတ်သိမ်းရတော့မယ်။ ကျွန်မက စစ်တပ်ကို ဓားပြအသွင်ပြောင်းပြီး ဆန်စပါးတွေကို သွားလုမယ်။
လေခွင်းချိုင့်ဝှမ်းမှာ ကျန်နေသေးတဲ့ လူနှစ်သိန်းကျော်ကို မကျွေးနိုင်ဘူးဆိုတာ ကျွန်မ မယုံဘူး။ ပြီးတော့ အင်ပါယာကြီး နှစ်ခုကလည်း မကြာခင် စစ်ဖြစ်တော့မှာဆိုတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တယ်။ ကျွန်မတို့ လေခွင်းချိုင့်ဝှမ်းအတွက် အသက်ရှင်ပေါက် လုံးဝ မရှိဘူးလို့ ပြောလို့မရဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မြို့စားကျင်း… ခင်ဗျားကများ…”
ကျင်းကျုံးယွဲ့က အေးစက်စွာ ဖြတ်ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ အင်ပါယာကြီး နှစ်ခုစလုံးက ကျွန်မနဲ့ ရန်သူတွေချည်းပဲ။ သေရင်တောင် ဘယ်အင်ပါယာကိုမှ သွားမခိုလှုံဘူး။ အင်ပါယာကြီး နှစ်ခု စစ်ဖြစ်ရင် ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလိမ့်မယ်။ နှစ်ဖက်စလုံး အထိနာကြလိမ့်မယ်။ အဲဒါက ကျွန်မတို့ လေခွင်းချိုင့်ဝှမ်းအတွက် အသက်ရှင်ပေါက်ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ သစ်ရွက်ကြွေနယ်မြေကို ပြန်ရပြီး ဆန်စပါးတွေ အကုန်ရမှသာ လေခွင်းချိုင့်ဝှမ်းက အင်အားကြီးလာမှာလေ။ အဲဒီအခါကျမှ နောက်ထပ် ဖြစ်လာမယ့် အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်မှာပေါ့။”
ကျင်းကျုံးယွဲ့က အချိန်အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို ကျင်းမိသားစုအတွက် အသက်စွန့်ပြီး စွန့်စားခိုင်းစရာ အကြောင်းမရှိဘူးလို့ ပြောချင်တာလေ။”
ဟွာမန်လုမှာ ချက်ချင်းပဲ ငိုချင်စိတ် ပေါက်သွားတော့၏။ ‘ယွင်အောက်ထျန်းရဲ့ အသက်က တန်ဖိုးရှိပြီး ကျုပ် ဟွာမန်လု၏ အသက်ကတော့ တန်ဖိုးမရှိဘူးပေါ့။ အလွယ်တကူ စတေးလိုက်လို့ ရတယ်ပေါ့။ လူတွေရဲ့ အဆင့်အတန်း ကွာဟချက်က ဒီလောက်တောင် ကြီးမားသလား။’
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဟွာမန်လု… ကျွန်မကို မှန်မှန် ဖြေပါ။ ရှင် ယွင်အောက်ထျန်းကိုယ်စား သိုင်းပြိုင်ပေးဖို့ သဘောတူလား။”
ဟွာမန်လုက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ပျော့ခွေနေသော ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး ပြတ်သားစွာ ဖြေလိုက်၏။ “ကျုပ် သဘောတူပါတယ်။ လေခွင်းချိုင့်ဝှမ်းအတွက်၊ မြို့စားမင်းအတွက် ကျုပ် သဘောတူပါတယ်။ ဒါပေမဲ့ မနက်ဖြန်ဆိုရင် ကျုပ် သေရတော့မှာဆိုတော့ ဒီည ပြည့်တန်ဆာ သွားခေါ်လို့ ရမလား။”
တကယ်ကို ထူးခြားသူပင် ဖြစ်၏။ ငွေတစ်ဝက်ဖြင့် တစ်ညလုံး ငှားရသည့် အမျိုးအစားကို ခေါ်မည်လား။
“ဟား ဟား…”
ယွင်ကျုံးဟဲ့က ဟွာမန်လုကို ကြည့်ကာ ရယ်မောလိုက်သည်။ “ကဲပါ… ခင်ဗျားရဲ့ စိတ်ဓာတ်ကို ကျုပ် အတော်လေး လေးစားသွားပါပြီ။ ဒါပေမဲ့ ခင်ဗျား သွားသေစရာ မလိုပါဘူး။”
ထို့နောက် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “မြို့စားကျင်း… ခင်ဗျားရဲ့ ဒီစိတ်ဓာတ်လေးကို သိရတာနဲ့တင် လုံလောက်ပါပြီ။ မနက်ဖြန် သိုင်းပြိုင်ပွဲကို ကျုပ် ကိုယ်တိုင်ပဲ သွားပြိုင်ပါ့မယ်။ သေချာပေါက် နိုင်မယ်လို့ ကတိပေးပါတယ်။
ပြီးတော့ အလွန် ခမ်းနားကြီးကျယ်တဲ့ ပြကွက်ကြီး တစ်ခုကိုလည်း တင်ဆက်ပေးပါအုံးမယ်။ လူတိုင်းကို ထိတ်လန့်သွားစေရမယ်။ တစ်သက်လုံး မေ့မရအောင် လုပ်ပေးမယ်။ နောက်ပြီး သစ်ရွက်ကြွေနယ်မြေကို အပြီးတိုင် ပြန်ရပြီးတဲ့အခါ လူတိုင်းရှေ့မှာ မြို့စားကျင်းကို တရားဝင် လက်ထပ်ခွင့် တောင်းပါ့မယ်။”
နောက်တစ်နေ့... ဇွန်လ ၁၀ ရက်နေ့သို့ ရောက်ရှိလာခဲ့၏။
ယွင်ကျုံးဟဲ့နှင့် မော့ချိုတို့၏ သမိုင်းတစ်လျှောက် အင်အား အကွာဟဆုံးသော သိုင်းပြိုင်ပွဲကြီး တရားဝင် စတင်တော့မှာဖြစ်သည်။
……………….
အပိုင်း (၁၂၀)
ယနေ့၏ ရာသီဥတုကပင် တစ်စုံတစ်ခုသော အဖြစ်ဆိုးကို ပံ့ပိုးပေးနေသကဲ့သို့ ရှိ၏။ ယခင်ရက်များက ကောင်းကင်က ကြည်လင်နေခဲ့သော်လည်း ယနေ့တွင်မူ မဲမှောင်သော တိမ်တိုက်များက ဖုံးလွှမ်းနေသည်။
သို့ပေမည့် မြို့စားများအတွက်မူ ဤသို့သော ရာသီဥတုက ပို၍ ကောင်းမွန်လှ၏။ အနည်းဆုံးတော့ မပူတော့ချေ။
ပိုင်ရှင်မဲ့ နယ်မြေ၏ နွေရာသီမှာ အလွန် ပူပြင်းလွန်းလှပြီး နေ့စဉ်နှင့်အမျှ လူများကို ကင်နေသကဲ့သို့ ခံစားရတတ်သည်။ အထူးသဖြင့် နေရောင်တိုက်ရိုက် ကျရောက်နေချိန်တွင် လူ၏ အရေခွံကိုပင် ဆုတ်ခွာပစ်ချင်စိတ် ပေါက်သွားတတ်၏။
များပြားလှသော မြို့စားများက အင်ပါယာကြီး နှစ်ခု၏ စစ်တပ်ကြီးများ စုရုံးပြီးဖြစ်လျက်နှင့် ယခုတိုင် စစ်မစသေးခြင်းမှာ ရာသီဥတု ပူပြင်းလွန်းသောကြောင့် ဖြစ်ပြီး ရာသီဥတု အေးမြလာချိန်မှသာ စစ်ပွဲစတင်မည်ဟု ခန့်မှန်းနေကြသည်။
မကြာသေးမီက ပိုင်ရှင်မဲ့ နယ်မြေတွင် အရေးကြီးသော ကိစ္စများစွာ ဖြစ်ပျက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လာရောက် ကြည့်ရှုသူ အများဆုံး ဖြစ်သည်။ အကြောင်းမှာ မကြာမီက ဖြစ်ရပ်များက တစ်ဆင့်ပြီးတစ်ဆင့် ပိုမို အရှိန်မြင့်လာသောကြောင့် ဖြစ်၏။
အထူးသဖြင့် ယနေ့ သိုင်းပြိုင်ပွဲမှာ အလွန် ယုတ္တိမတန်လွန်းပြီး အင်အား အလွန်အမင်း ကွာဟလွန်း သောကြောင့်ပင်။ လူတစ်ယောက် သေဆုံးသွားခြင်းနှင့် မိသားစုတစ်ခု ပျက်သုဉ်းသွားခြင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရခြင်းက အတော်လေး အဓိပ္ပာယ်ရှိလှပေသည်။
ယနေ့ သိုင်းပြိုင်ပွဲတွင် မည်သည့် အပြောင်းအလဲမှ မရှိနိုင်ကြောင်းနှင့် ရလဒ်မှာ ကြိုတင် သတ်မှတ်ပြီးသား ဖြစ်ကြောင်း အားလုံးက သိထားကြ၏။
သို့ပေမည့် လူဆိုသည်မှာ အလွန် ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသည်။ ရလဒ် သိပြီးသား ကိစ္စမျိုးကိုပင် အလွန် သိချင်စိတ် ပြင်းပြနေတတ်ကြသည်။
နံနက်ပိုင်းတွင် မော့မိသားစုနှင့် ကျင်းမိသားစု၏ စစ်သည်များ၊ နယ်စားများမဟာမိတ်အဖွဲ့၏ လုံခြုံရေး စစ်သည်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။ စုစုပေါင်း လူအင်အား ငါးထောင်ကျော် ရှိ၏။
ထို့နောက် သာမန် ဧည့်သည်များ တဖြည်းဖြည်း ရောက်ရှိလာကြသည်။
မွန်းတည့်ချိန်သို့ ရောက်ချိန်မှာတော့ နယ်စားများမဟာမိတ်အဖွဲ့မှ အရေးကြီး ပုဂ္ဂိုလ်များ အားလုံး ရောက်ရှိလာကြပြီ ဖြစ်၏။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စား သုံးဆယ်ကျော်အနက် နှစ်ဆယ်ကျော်ခန့် ကိုယ်တိုင် တက်ရောက်လာကြပြီး ကျန်မြို့စားများကလည်း သူတို့၏ သားများကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ကြသည်။
နောက်ဆုံးမှာတော့ ကျင်းကျုံးယွဲ့နှင့် မြို့စား မော့ရယ်တို့ ရောက်ရှိလာကြသည်။ သို့ပေမည့် အမြင့်ဆုံးနှင့် အခမ်းနားဆုံး ထိုင်ခုံကြီး တစ်လုံးက လွတ်နေဆဲ ဖြစ်၏။
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားရသည်။ ထန်ထိုင်မြဲ့မင် ကိုယ်တိုင် လာမည်လား။ ပုံမှန်ဆိုလျှင် ထန်ထိုင်ဖူဖင်းကသာ ကိုယ်စားလှယ်အဖြစ် လာလေ့ရှိသည် မဟုတ်ပါလား။
မိနစ်အနည်းငယ် အကြာတွင် ထန်ထိုင်မိသားစု၏ စစ်သည်များ ခြံရံလျက် ခမ်းနားလှသော ဝတ်ရုံကို ဆင်မြန်းထားသည့် သခင်လေးတစ်ပါး ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
ချက်ချင်းပဲ ကွင်းပြင်ထဲရှိ လူထောင်ပေါင်းများစွာက တပြိုင်နက်တည်း မတ်တတ်ရပ်ကာ သူ၏ ရောက်ရှိလာမှုကို ကြိုဆိုလိုက်ကြသည်။ တကယ့်ကို ကြယ်တာရာများက လမင်းကြီးကို ဝန်းရံနေသကဲ့သို့ပင်။
ပို၍ လွန်ကဲသည်မှာ ထိုအချိန်တွင် ကောင်းကင်ယံရှိ မဲမှောင်နေသော တိမ်တိုက်များက ရုတ်တရက် ကွဲဟသွားပြီး နေရောင်ခြည်က ထိုသခင်လေး၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်လာခြင်းပင် ဖြစ်၏။
ထိုနေရောင်ခြည်ကြောင့် သူ၏ အသွင်အပြင်မှာ ရွှေရောင်များ လွှမ်းခြုံသွားကာ ပို၍ပင် ချောမောခန့်ညားပြီး မြင့်မြတ်သော အသွင်ကို ဆောင်သွားတော့သည်။
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အံကြိတ်ကာ တွေးလိုက်မိ၏။ ‘ကျုပ်ထက် ချောတဲ့ကောင်တွေ အကုန် သေသင့်တယ်။’
သို့ပေမည့် ထိုသခင်လေးက သူ့ထက် ပိုချောသည်ကိုတော့ ယွင်ကျုံးဟဲ့ လုံးဝ ဝန်ခံလိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ထိုသခင်လေး၏ ချောမောမှုက အလွန် အဆင့်အတန်းမြင့်ကာ ခန့်ညားပြီး အေးစက်သော အသွင်မျိုး ရှိသည်ကိုတော့ မငြင်းနိုင်ပေ။
မြင်လိုက်သည်နှင့် ကောင်းကင်ဘုံက ဖန်တီးပေးထားသော ပါရမီရှင်တစ်ဦးမှန်း သိသာလှ၏။ သူ၏ ဟန်ပန်နှင့် မျက်ဝန်းများက တစ်လောကလုံးကို အထက်စီးမှ ကြည့်ရှုနေသကဲ့သို့ ရှိသည်။
တကယ်ကို လွန်လွန်းလှပေသည်။ ယနေ့ပွဲ၏ အဓိက ဇာတ်လိုက်မှာ ယွင်ကျုံးဟဲ့ ဖြစ်သော်လည်း ဤသူ ရောက်လာသည်နှင့် သူ၏ အရှိန်အဝါ အားလုံးကို လုယူသွားခဲ့ပြီ မဟုတ်ပါလား။ ဘာသဘောနည်း။
ယွင်ကျုံးဟဲ့က ချက်ချင်းပဲ ထိုသူကို မှတ်မိသွား၏။ ထန်ထိုင်မိသားစု၏ သခင်လေး၊ ပိုင်ယွင်မြို့စား၏ တပည့်၊ ထန်ထိုင်ကျင့် ပင်ဖြစ်သည်။
ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် အချောဆုံး အမျိုးသား၊ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် သခင်လေး၊ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် လူငယ် သိုင်းပညာရှင် ဟု ကျော်ကြားသူလည်း ဖြစ်၏။
ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ကျင်းကျုံးယွဲ့၏ လျှို့ဝှက် စေ့စပ်ထားသူလည်း ဖြစ်ခဲ့ဖူး၏။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးတွင် ကျင်းကျုံးယွဲ့နှင့် ထိုက်တန်သူမှာ သူ တစ်ဦးတည်းသာ ရှိသည်ဟု လူတိုင်းက သတ်မှတ်ထားကြသည်။
ကျင်းအဲ့နှင့် ထန်ထိုင်မြဲ့မင်တို့က လျှို့ဝှက် လက်ထပ်စာချုပ် ချုပ်ဆိုထားခဲ့ကြပြီး သူတို့နှစ်ဦးမှာ ပိုင်ရှင်မဲ့ နယ်မြေ၏ ရွှေမင်းသားနှင့် ရွှေမင်းသမီးအဖြစ် လူသိများခဲ့ကြ၏။
သို့ပေမည့် နောက်ပိုင်းတွင် ကျင်းဝူပြန်း၏ ဦးနှောက် ချို့ယွင်းသွားသောကြောင့် ကျင်းကျုံးယွဲ့က မြို့စားရာထူးကို ဆက်ခံရန် အကြောင်းဖန်လာခဲ့ရာ သူမအနေဖြင့် အိမ်ထောင်ပြု၍ အခြားမိသားစုသို့ သွားရောက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ဤလက်ထပ်စာချုပ်မှာ အလိုအလျောက် ပျက်ပြယ်သွားခဲ့ရသည်။
ယွင်ကျုံးဟဲ့ကသာ သူ၏ အစစ်အမှန် ရုပ်ရည်ကို အပြည့်အဝ ဖော်ပြကာ ထန်ထိုင်ကျင့်၏ ဘေးတွင် ရပ်နေမည်ဆိုပါက မည်သို့ ရှိမည်နည်း။ သူကလည်း အလွန် ချောမောလှပကာ ညို့ငင်နိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်၏။
သို့ပေမည့် ထန်ထိုင်ကျင့်၏ အသွင်က ပို၍ ခန့်ညားပြီး အဆင့်အတန်း မြင့်မားပုံ ပေါက်နေသည်။ ယွင်ကျုံးဟဲ့၏ မျက်နှာကမူ ဇာတ်လမ်းများထဲမှ ဗီလိန် သို့မဟုတ် လူယုတ်မာ တစ်ယောက်၏ မျက်နှာမျိုးနှင့် တူနေသည်။
သူတို့နှစ်ဦး၏ နောက်ခံ သမိုင်းကြောင်းများကလည်း ကွာခြားလွန်းလှပေသည်။ ယွင်ကျုံးဟဲ့မှာ သူတောင်းစားများက မွေးစားခဲ့ပြီး လမ်းဘေးလူမိုက် တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်၏။
ထန်ထိုင်ကျင့်က အလွန် မာနထောင်လွှားသူ ဖြစ်သည်။ ကွင်းထဲသို့ ဝင်လာချိန်တွင် တစ်ခန်းလုံးရှိ လူတိုင်းကို ပုရွက်ဆိတ်များအလား သဘောထားကာ သူ၏ အကြည့်များက ကျင်းကျုံးယွဲ့ တစ်ယောက်တည်းအပေါ်၌သာ တည်ရှိနေသည်။
သူ၏ အကြည့်များက အလွန် ကြီးစိုးလိုစိတ် ပြင်းပြနေပြီး မာနလည်း ကြီးလွန်းလှသည်။ ကျုပ်က ခင်ဗျားကို မြှူဆွယ်ဖို့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးမှာ ကျုပ်နဲ့ ထိုက်တန်တဲ့ မိန်းမဆိုလို့ ခင်ဗျားဆိုတဲ့ ကျင်းကျုံးယွဲ့ တစ်ယောက်တည်းပဲ ရှိတယ် ဆိုသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးတွင် ကျင်းကျုံးယွဲ့ အနေဖြင့် ထန်ထိုင်ကျင့်မှလွဲ၍ အခြား မည်သည့် အမျိုးသားကိုမှ သင့်တော်သူအဖြစ် ရှာတွေ့နိုင်မည် မဟုတ်ချေ။
လာရောက် နှုတ်ဆက်ကြသော မြို့စားများကို အပေါ်ယံမျှသာ တုံ့ပြန်ပြီးနောက် ထန်ထိုင်ကျင့်က အခမ်းနားဆုံး ထိုင်ခုံကြီးတွင် ဝင်ထိုင်လိုက်၏။
ထူးဆန်းသည်မှာ ထိုနေရာရှိ မြို့စားများက ထန်ထိုင်ကျင့်ကို ဆက်ဆံရာတွင် ဖခင်ဖြစ်သူ ထန်ထိုင်မြဲ့မင်ထက်ပင် ပို၍ ဖားယားနေကြခြင်း ဖြစ်သည်။
ဤသို့ ဖြစ်ရခြင်းမှာ အကြောင်းအရင်း ရှိ၏။ ထန်ထိုင်မြဲ့မင် လက်ထက်တွင် ပိုင်ရှင်မဲ့ နယ်မြေကို အလုံးစုံ စည်းရုံးကာ ဘုရင်တစ်ပါး ဖြစ်လာမည်၊ မဖြစ်လာမည်ကို မသေချာသော်လည်း ထန်ထိုင်ကျင့်၏ လက်ထက်တွင်မူ သေချာပေါက် ဘုရင်ဖြစ်လာမည်ဟု လူတိုင်းက ယုံကြည်ထားကြသောကြောင့်ပင်။ မည်သည့် နည်းလမ်းဖြင့်မဆို သူက ဘုရင်ဖြစ်လာမည်သာ ဖြစ်၏။
အကယ်၍ အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲတွင် တစ်ဖက်ဖက်က အပြတ်အသတ် နိုင်သွားပါက ထန်ထိုင်မိသားစုက အချိန်ကိုက် ဝင်ရောက် ပူးပေါင်းကာ ပိုင်ရှင်မဲ့ နယ်မြေ၏ နယ်စားဘုရင်အဖြစ် ခန့်အပ်ခံရမည် ဖြစ်သည်။
အကယ်၍ အင်ပါယာကြီး နှစ်ခုက အနိုင်အရှုံး မပေါ်ဘဲ အထိနာသွားကြပါကလည်း ထန်ထိုင်မိသားစုက အခွင့်အရေးယူကာ အင်အားကြီးထွားလာပြီး နောက်ဆုံးတွင် ဘုရင် ဖြစ်လာမည်သာ ဖြစ်၏။
ထို့ကြောင့် မြို့စားများ၏ မျက်လုံးထဲတွင် ထန်ထိုင်ကျင့်သည် သာမန် သခင်လေး တစ်ပါး မဟုတ်တော့ဘဲ အနာဂတ်၏ ဘုရင်တစ်ပါးအဖြစ် မြင်နေကြခြင်း ဖြစ်သည်။
သို့ပေမည့် သူ မည်မျှ ကြီးကျယ်ပါစေ ယနေ့၏ အဓိက ဇာတ်လိုက်များမှာ ယွင်ကျုံးဟဲ့နှင့် မော့ချိုတို့သာ ဖြစ်၏။ ပို၍ တိတိကျကျ ဆိုရလျှင် လူတိုင်း၏ အမြင်တွင် ယနေ့၏ အဓိက ဇာတ်လိုက်မှာ မော့ချို တစ်ဦးတည်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့မှာ သေရတော့မည့်သူ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့မှာမူ အလွန် စိုးရိမ်ပူပန်နေရ၏။ ထန်ထိုင်ကျင့် ရောက်လာပြီးနောက် ကောင်းကင်ယံရှိ တိမ်မဲများ ကွဲဟသွားကာ နေရောင် ထွက်လာသောကြောင့် ဖြစ်၏။
‘သေစမ်း။ ဒီလိုဆိုရင် လျှပ်စီးကြောင်းကြီးက အချိန်ကိုက် ပစ်ချပါအုံးမလား။ ကွမ်တမ်က ၈၆ ရာခိုင်နှုန်း သေချာတယ်လို့ ပြောတယ်ဆိုပေမဲ့ ကျန်တဲ့ ၁၄ ရာခိုင်နှုန်းက လွဲချော်နိုင်သေးတယ်။ ထန်ထိုင်ကျင့် ရောက်လာတာကြောင့် လျှပ်စီးကြောင်းက အချိန်ကိုက် မဖြစ်တော့ဘူးလား။ တကယ်တမ်း အဲဒီလိုသာ ဆိုရင်တော့ ဒုက္ခပါပဲ။ ထန်ထိုင်ကျင့်… ခင်ဗျားက ပိုင်ယွင်မြို့မှာ အေးအေးဆေးဆေး နေပါတော့လား။ ဘာလို့ ဒီလာပြီး အစွမ်းပြနေတာလဲ။’
မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်...
လူတိုင်း အစုံအလင် ရောက်ရှိလာကြပြီ ဖြစ်သည်။ လုံခြုံရေး စစ်သည်များနှင့် ဧည့်သည်များ အားလုံး ပေါင်းပါက ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှိမည် ဖြစ်၏။ တကယ့်ကို ကြီးကျယ်ခမ်းနားသော ပွဲကြီးပင်။
ထောင်နှင့်ချီသော ဧည့်သည်များက အလယ်ရှိ သိုင်းပြိုင်ကွင်းကို ဝိုင်းရံထားကြသည်။ မူလက သိုင်းပြိုင်ကွင်း၏ အချင်းမှာ ဆယ့်ငါးမီတာသာ ရှိသော်လည်း နောက်ပိုင်းတွင် ဆယ်မီတာ ထပ်မံ ချဲ့ထွင်ခဲ့သောကြောင့် အလယ်တွင် ကြီးမားသော ယင်ယန်ပုံစံကြီး ရှိနေ၏။ ယင်ယန်၏ အစက်နှစ်ခုမှာ မော့ချိုနှင့် ယွင်ကျုံးဟဲ့တို့ ရပ်ရမည့် နေရာများ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ယင် (အမှောင်) အခြမ်း၊ တနည်းအားဖြင့် ကျင်းမိသားစု၏ နယ်မြေဘက်တွင် ရပ်ရမည်ဖြစ်ပြီး မော့ချိုက ယန် (အလင်း) အခြမ်း၊ မော့မိသားစု၏ နယ်မြေဘက်တွင် ရပ်ရမည် ဖြစ်၏။
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…”
စည်တီးသံများ ထွက်ပေါ်လာသည်။ ယနေ့၏ အဓိက ဇာတ်လိုက် နှစ်ဦးဖြစ်သော ယွင်ကျုံးဟဲ့နှင့် မော့ချိုတို့ ထွက်ပေါ်လာကြ၏။
နယ်စားများမဟာမိတ်အဖွဲ့၏ လက်ဝဲအမတ်နှင့် ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးဟောင်းဖြစ်သူက သေရေးရှင်ရေး စာချုပ်ကို စတင် ဖတ်ကြားလိုက်သည်။
စာချုပ်ပါ အကြောင်းအရာများမှာ သိုင်းပြိုင်ကွင်းပေါ် ရောက်သည်နှင့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြု၍ တစ်ဖက်လူကို အသေသက်နိုင်ကြောင်း၊ နိုင်သူက ရှင်သန်မည်ဖြစ်ပြီး ရှုံးသူက သေဆုံးရမည် ဖြစ်ကြောင်း၊ အနိုင်ရရှိသူက သစ်ရွက်ကြွေနယ်မြေကို အမြဲတမ်း ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း စသည်တို့ ပါဝင်၏။
နောက်ဆုံးတွင် ဤစာချုပ်ပါ အချက်များကို သဘောတူညီမှု ရှိမရှိ မေးမြန်းလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သဘောတူပါတယ်။”
မောချိုကလည်း ပြောလိုက်သည်။ “သဘောတူပါတယ်။”
ထို့နောက် လူမှန် မမှန် စစ်ဆေးခြင်းကို ပြုလုပ်သည်။ ဤဖြစ်စဉ်က အလွန် ရှုပ်ထွေးလှ၏။ ရက်အနည်းငယ် တည်းက ထန်ထိုင်မြဲ့မင် ကိုယ်တိုင် သူတို့နှစ်ဦး၏ လက်မောင်းများတွင် အတုအပ လုပ်၍မရသော အမှတ်အသား တစ်ခုစီ ရိုက်နှိပ်ပေးထားခဲ့ပြီး ဖြစ်၏။
ပထမဦးစွာ ထိုအမှတ်အသားများကို စစ်ဆေးရပြီးနောက် လက်ဝါးရာနှင့် လက်ဗွေရာများကို စစ်ဆေးရ၏။ နောက်ဆုံးတွင် မျက်နှာသွင်ပြင်ကို စစ်ဆေးရသည်။ အားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လူမှန် မမှန် စစ်ဆေးခြင်း ပြီးဆုံးသွားကာ သူတို့နှစ်ဦး သိုင်းပြိုင်ကွင်းပေါ်သို့ တက်ရောက်လာကြသည်။
ယွင်ကျုံးဟဲ့က အချိန်ကို တိကျစွာ မှတ်သားထားပြီး တစ်စက္ကန့်မှပင် လွဲချော်ခွင့် မပေးထားချေ။ နောက်လာမည့် စက္ကန့်တိုင်းက အလွန် အဖိုးတန်လှပေသည်။ ယခုအချိန်တွင် သူသည် အမှတ် (၉) လူနာ ကွမ်တမ်၏ အခြေအနေတွင် အပြည့်အဝ ရှိနေသောကြောင့် အချိန်ကို အတိအကျ သိရှိနေခြင်း ဖြစ်၏။
ယခုအချိန်က မွန်းတည့် ၁၂ နာရီ၊ ၃၀ မိနစ်၊ ၃၉ စက္ကန့် ဖြစ်သည်။ လက်တွေ့ပုံဖော်မှုအရ လျှပ်စီးပစ်ချမည့် အချိန်နှင့် ငါးမိနစ်ခန့်သာ လိုတော့၏။ သို့ပေမည့် သူတို့က သိုင်းပြိုင်ကွင်းပေါ်သို့ ရောက်နေပြီ မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က အချိန်ဆွဲရန် နည်းလမ်းမျိုးစုံကို အသုံးပြုကာ အလွန် နှေးကွေးစွာ လျှောက်လှမ်းနေပြီး အခမ်းအနား အစီအစဉ်များ အားလုံးကို အချိန်ယူ၍ လုပ်ဆောင်နေ၏။
ဤကိစ္စကို လူတိုင်းက နားလည်ပေးနိုင်ကြသည်။ မော့ချိုကိုယ်တိုင်ပင် နားလည်ပေးနိုင်၏။ လူတိုင်း၏ အမြင်တွင် ယွင်ကျုံးဟဲ့သည် သေမင်းထံသို့ သွားနေရသူ ဖြစ်ရာ စောစော မသေချင်သည်မှာ သဘာဝပင် ဖြစ်သည်ဟု ယူဆထားကြသည်။
မည်သို့ပင်ဆိုစေ သိုင်းပြိုင်ကွင်းပေါ် ရောက်ပြီး ပြိုင်ပွဲစတင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ယွင်ကျုံးဟဲ့ သေချာပေါက် သေရပေတော့မည်။
ယွင်ကျုံးဟဲ့က မည်မျှပင် အချိန်ဆွဲနေပါစေ သိုင်းပြိုင်ကွင်းပေါ်သို့ တက်ရန် တစ်မိနစ်သာ အချိန်ယူနိုင်ခဲ့သည်။ သူတို့နှစ်ဦးက နေရာအသီးသီးသို့ ရောက်ရှိသွားကြ၏။ ယင်ယန်ပုံစံ၏ အစက်နှစ်ခုပေါ်တွင်ပင်။
နေရာက အတိအကျ မှန်ကန်သွားပြီ ဖြစ်သည်။ မော့ချို ရပ်နေသည့် နေရာမှာ လျှပ်စီးပစ်ချမည့် နေရာ အတိအကျပင် ဖြစ်၏။ ထိုအချိန်တွင် ကောင်းကင်ယံ၌ တိမ်များ ရွေ့လျားလာသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ကွဲဟသွားသော တိမ်မဲများက ပြန်လည် စုစည်းလာကာ ပို၍ နိမ့်ဆင်းလာ၏။
တိမ်မဲများ ဖုံးလွှမ်းလာမည့် အရှိန်အဝါက စတင်နေပြီ ဖြစ်သည်။ အလွန် လေးလံပြီး ဖိနှိပ်မှု ရှိလှ၏။ တိမ်မဲများ ဖုံးလွှမ်းလာသည့် မြင်ကွင်းက လူများကို အသက်ရှူကျပ်စေမတတ် ဖြစ်စေသည်။
ကမ္ဘာကြီး တစ်ခုလုံးက မှင်ရည်များ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပြီး ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပေါ်တော့မည့်အသွင် ရှိနေ၏။
..............