အခန်း (၁၂၁-၁၂၂)
Vol. 11 Ch. 121-122
အပိုင်း (၁၂၁)
ယွင်ကျုံးဟဲ့ သိလိုက်ပြီ ဖြစ်သည်။ အပြောင်းအလဲများ ဖြစ်ပေါ်တော့မည် မဟုတ်ကြောင်း၊ လျှပ်စီးကြောင်းက အချိန်ကိုက် ပစ်ချလာမည်ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
သို့ပေမည့် ပြဿနာက ယခုအချိန်မှာ ၁၂ နာရီ ၃၁ မိနစ်သာ ရှိသေးရာ လျှပ်စီးပစ်ချမည့် အချိန်နှင့် လေးမိနစ်ခန့် လိုနေသေးခြင်းပင်။ မော့ချိုကို စက္ကန့်အနည်းငယ် သို့မဟုတ် တစ်မိနစ်ခန့် အချိန်ဆွဲထားရန် ဖြစ်နိုင်သော်လည်း လေးမိနစ်ခန့် အချိန်ဆွဲထားရန်မှာမူ မဖြစ်နိုင်ချေ။
ပြိုင်ပွဲစတင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် မော့ချိုက တစ်စက္ကန့်အတွင်း ပြေးလာကာ ယွင်ကျုံးဟဲ့ကို နှစ်ပိုင်းပိုင်းပစ်နိုင်စွမ်း ရှိ၏။ ယခုလည်း ပြိုင်ပွဲစတင်မည့် ခေါင်းလောင်းသံက မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ယွင်ကျုံးဟဲ့က ခေါင်းလောင်းသံကို အချိန်ဆွဲရန် စကားပြောရန် ပြင်လိုက်၏။ လျှပ်စီးပစ်ချမည့် အချိန်နှင့် သုံးမိနစ်ကျော် လိုနေသေးသည်။ ဤအချိန်တွင် ပြိုင်ပွဲစတင်လိုက်ပါက ယွင်ကျုံးဟဲ့ သေချာပေါက် သေရတော့မည် ဖြစ်၏။
သို့ပေမည့် ယခုအချိန်တွင် ကွမ်တမ်၏ အခြေအနေတွင် ရှိနေသောကြောင့် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ဘဲ အလွန် အေးစက်စွာဖြင့် မလှုပ်မယှက် ရပ်နေမိသည်။
မေ့သွားခဲ့သည်။ ဤစိတ်ဝေဒနာရှင်က သေရမည်ကို လုံးဝ မကြောက်တတ်ချေ။
“ဒေါင်”
ပြိုင်ပွဲစတင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့၏။
‘သေစမ်း...’
တစ်ခန်းလုံးရှိ လူတိုင်းက မျက်လုံးများ ပြူးကျယ်ကာ စောင့်ကြည့်နေကြ၏။ အဘယ်ကြောင့်ဆိုသော် မကြာမီ စက္ကန့်ပိုင်းအတွင်း ယွင်ကျုံးဟဲ့ အသတ်ခံရတော့မည် ဖြစ်သောကြောင့်ပင်။
မော့ချိုအနေဖြင့် ယွင်အောက်ထျန်းကို နှစ်ပိုင်းပိုင်းပစ်ရန် စက္ကန့်ဝက်ပင် အချိန်ယူမည် မဟုတ်ချေ။ ဤသည်မှာ လုံးဝ အပြောင်းအလဲ မရှိနိုင်သော ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ထို့ကြောင့် မျက်တောင်မခတ်ရန် အရေးကြီး၏။ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် ပြိုင်ပွဲ ပြီးဆုံးသွားမည် ဖြစ်သည်။
သို့ပေမည့် မော့ချိုက လက်တွေ့ပုံဖော်မှုတွင်ကဲ့သို့ ချက်ချင်း အရေးယူ လှုပ်ရှားခြင်း မရှိခဲ့ချေ။ သူ၏ အကြည့်များက ထန်ထိုင်ကျင့် ဆီသို့ ရောက်သွား၏။
ယွင်ကျုံးဟဲ့ နားလည်သွားပြီ ဖြစ်၏။ ထန်ထိုင်ကျင့်၏ မထင်မှတ်ဘဲ ရောက်ရှိလာမှုက မော့ချိုကို ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု ဖြစ်စေခဲ့သည်။
မော့ချို၏ အမြင်တွင် သူသည်လည်း ပိုင်ရှင်မဲ့ နယ်မြေ၏ တောက်ပသော သခင်လေး တစ်ပါး ဖြစ်၏။ သို့ပေမည့် ထန်ထိုင်ကျင့် ရောက်လာသည်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့၏။
‘ထန်ထိုင်ကျင့်… ခင်ဗျားက ကျုပ်ထက် နောက်ခံကောင်းပြီး ကျုပ့်ထက် ပိုချောရုံလေးပဲလေ။ အကြံအစည်နဲ့ ဉာဏ်ပညာပိုင်းမှာ ကျုပ် မော့ချိုက ခင်ဗျားထက် မနိမ့်ကျပါဘူး။ ဘာလို့ လူတိုင်းက ခင်ဗျားကို အနာဂတ်ရဲ့ ဘုရင်တစ်ပါးလို သဘောထားပြီး ပိုင်ယွင်မြို့မှာလည်း ခင်ဗျားက အဓိက တပည့်ဖြစ်နေရတာလဲ။ ကျုပ် မော့ချိုကတော့ ခေါင်းတွေပူအောင် စဉ်းစားပြီး ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး သစ်ရွက်ကြွေ နယ်မြေလေးကို ရဖို့ ကြိုးစားနေရတယ်။
ခင်ဗျား ထန်ထိုင်ကျင့်က ဘာလို့ မွေးတည်းက အရာအားလုံးကို ပိုင်ဆိုင်ထားပြီး အနာဂတ်မှာ ဘုရင်တောင် ဖြစ်လာအုံးမှာလဲ။ ဘာလို့ လူတိုင်းက ခင်ဗျားနဲ့ ကျင်းကျုံးယွဲ့ကို တကယ့် ဖူးစာရှင်တွေလို့ ထင်နေကြတာလဲ။ ကျုပ်နဲ့ ကျင်းကျုံးယွဲ့က တကယ့် ဖူးစာရှင်တွေလို့ ဘာလို့ မပြောကြတာလဲ။ ကျုပ် မော့ချိုက ဘယ်လောက်တောင် ဉာဏ်ကောင်းပြီး အကြံအစည် ကြီးမားလိုက်သလဲ။ ဘယ်လောက်တောင် ရက်စက်သလဲ။ ဘယ်နေရာကများ ကျုပ်က ခင်ဗျား ထန်ထိုင်ကျင့်ထက် နိမ့်ကျနေလို့လဲ။’
မူလက မော့ချိုအနေဖြင့် ယွင်အောက်ထျန်းနှင့် သိုင်းပြိုင်ရခြင်းကို မိသားစု အကျိုးစီးပွားအတွက်ဟု သဘောထားကာ သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
သို့ပေမည့် ယခု ထန်ထိုင်ကျင့် ရှိနေချိန်တွင် ယွင်အောက်ထျန်းကဲ့သို့ အသုံးမကျသူ တစ်ဦးနှင့် သိုင်းပြိုင်ရခြင်းမှာ အလွန် ရှက်စရာကောင်းသည်ဟု ခံစားလာရ၏။ ထန်ထိုင်ကျင့်က စကားတစ်ခွန်းမှ မပြောသော်လည်း သူ၏ မျက်ဝန်းများမှ အထင်သေးမှုကို မော့ချို ခံစားနေရသည်။
မော့ချိုမှာ ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေပြီး လူသတ်ချင်စိတ်များ ပေါက်ကွဲနေတော့၏။ ထို့ကြောင့် ပြိုင်ပွဲစတင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်တိုင် ချက်ချင်း မလှုပ်ရှားဘဲ ဓားကိုလည်း မဆွဲထုတ်ခဲ့ချေ။
သူက ကွင်းပြင်တစ်ခုလုံးကို ဖြည်းညင်းစွာ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏ အကြည့်များက ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
“ယွင်အောက်ထျန်း… ခင်ဗျားနဲ့ ဒီသိုင်းပြိုင်ကွင်းပေါ်မှာ ရပ်နေရတာကိုက ကြီးမားတဲ့ အရှက်ကွဲမှု တစ်ခုပဲ။ ခင်ဗျားက ကြက်လေးတစ်ကောင်တောင် မဖမ်းနိုင်တဲ့အပြင် လမ်းဘေးလူမိုက်၊ ခွေးလေခွေးလွင့်လို၊ ကြွက်လို ကောင်မျိုးပဲ။
ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ဉာဏ်ကောင်းတယ်လို့ ထင်ပြီး လှည့်ကွက်လေးတွေနဲ့ လူတွေကို လိမ်စားနေတာ။ ဒါပေမဲ့ ခင်ဗျားက မိန်းမကို အားကိုးပြီး အောက်တန်းကျတဲ့ နည်းလမ်းတွေပဲ သုံးတတ်တဲ့လူပဲ။ ခင်ဗျားလို ကပ်ပါးကောင်မျိုးက ကျုပ်နဲ့ သိုင်းပြိုင်ဖို့ မတန်ဘူး။ ခင်ဗျားကို သတ်ရတာ ကျုပ်ဓားကို ညစ်ပတ်သွားလိမ့်မယ်။”
မော့ချို၏ အမြင်တွင် ထိုနေ့က စာပေပြိုင်ပွဲ၌ ရေးဖွဲ့ခဲ့သော ကဗျာများနှင့် စာများမှာ ယွင်ကျုံးဟဲ့ ရေးဖွဲ့ခဲ့ခြင်း မဟုတ်ဘဲ နင်ချင်းက ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ထား၏။ လီထိုက်အာ၏ နာမည်ကို အသုံးပြုထားသည် မဟုတ်ပါလား။
နင်ချင်းသည် လီထိုက်အာ၏ အမာခံ ပရိသတ်တစ်ဦး ဖြစ်သည်။ ယွင်ကျုံးဟဲ့ကဲ့သို့ လမ်းဘေးလူမိုက်၊ သူတောင်းစား ဘဝမှ လာသူတစ်ဦးက ဤမျှ မြင့်မားသော ကဗျာစာပေများကို ရေးဖွဲ့နိုင်မည်ဟု သူ လုံးဝ မယုံကြည်ချေ။ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့ဆိုသည်မှာ ကောက်ကျစ်စဉ်းလဲမှုနှင့် အောက်တန်းကျသော နည်းလမ်းများကိုသာ အသုံးပြုတတ်သူ ဖြစ်သည်ဟု သတ်မှတ်ထားသည်။
ယခုအချိန်တွင် မော့ချိုက ယွင်ကျုံးဟဲ့ကို အစွမ်းကုန် စော်ကားပြောဆိုနေခြင်းမှာ ထန်ထိုင်ကျင့်ကြောင့် ဖြစ်ပေါ်လာသော ဒေါသများကို ဖြေဖျောက်ရန်ပင် ဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ကမူ အဆဲခံရလေ ပိုသဘောကျလေ ဖြစ်နေ၏။ ‘ဆက်ဆဲပါ… ဆက်ပြီး အချိန်ဆွဲပေးပါအုံး။’
မော့ချိုက ဆက်ပြောလိုက်သည်။ “ဒီနေ့ ကျုပ် ယှဉ်ပြိုင်ရတာ ကျုပ်အတွက် မဟုတ်ဘူး။ ပိုင်ရှင်မဲ့ နယ်မြေအတွက် ယွင်အောက်ထျန်းဆိုတဲ့ လူယုတ်မာကို ရှင်းလင်းပြီး နယ်မြေအတွက် အန္တရာယ်ကို ဖယ်ရှားပေးတာပဲ။
မြို့စားကျင်း… ခင်ဗျားရဲ့ လေခွင်းချိုင့်ဝှမ်း ဘာလို့ ဒီလောက် အခြေအနေ ဆိုးနေရသလဲဆိုတာ ခင်ဗျား သိလား။ ခင်ဗျားရဲ့ ကိုယ်ကျင့်တရား မကောင်းလို့ပဲ။ ယွင်အောက်ထျန်းလို လမ်းဘေးလိမ်လည်သူကို နေရာပေးထားလို့ပဲ။ ယနေ့ ကျုပ်က ဒီကောင်စုတ်ကို သတ်ပေးမယ်။ ကျေးဇူးတင်စရာ မလိုဘူး။”
အချိန်က တော်တော်လေး နီးကပ်လာပြီ ဖြစ်၏။ ၁၂ နာရီ ၃၅ မိနစ်၊ ၂၀ စက္ကန့်။ လျှပ်စီးပစ်ချမည့် အချိန်နှင့် ၂၅ စက္ကန့်သာ လိုတော့၏။
ကောင်းကင်ယံရှိ တိမ်မဲများက အလွန် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်မိုက်နေပြီ ဖြစ်သည်။ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာတော့မည့် အသွင် ရှိနေ၏။ ကမ္ဘာမြေကြီး တစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေပြီး လေပြေလေး တစ်ချက်ပင် မတိုက်ခတ်တော့ချေ။
မော့ချိုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒီနေ့ ကျုပ် ယွင်အောက်ထျန်းကို သတ်တာ ခွေးတစ်ကောင်၊ ဝက်တစ်ကောင်ကို သတ်တာနဲ့ အတူတူပဲ။ ဒီကောင်စုတ်ကို သတ်ပြီးရင် ကျုပ်ဓား ညစ်ပတ်သွားပြီမို့လို့ ဒီဓားကို ထပ်မသုံးတော့ဘူး။ ဒီနေ့ ဒီလို အောက်တန်းကျတဲ့ ကောင်စုတ်ကို သတ်ရတာ ကျုပ် မော့ချိုအတွက် အရှက်ရစရာ ဖြစ်ပေမဲ့ မသတ်လို့လည်း မရဘူး။ ပိုင်ရှင်မဲ့ နယ်မြေအတွက် အန္တရာယ်ကို ရှင်းလင်းပေးရမယ်။”
ထို့နောက် မော့ချိုက ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို ခုတ်ပိုင်းရန် ပြေးဝင်လာတော့သည်။
လူတိုင်းက မျက်လုံးများ ပြူးကျယ်ကာ စောင့်ကြည့်နေကြ၏။ ‘လာပြီ… လာပြီ။ ယွင်အောက်ထျန်း သေတော့မယ်။ ဒီအရှိန်နဲ့ဆိုရင် သေချာပေါက် နှစ်ပိုင်းပြတ်သွားတော့မှာပဲ။ မျက်တောင် မခတ်ကြနဲ့… မျက်တောင် မခတ်ကြနဲ့။ စက္ကန့်ပိုင်းအတွင်း သေချာပေါက် အသတ်ခံရတော့မယ်။’
ယခုအချိန်တွင် နတ်မင်းကြီး ကိုယ်တိုင် ဆင်းလာလျှင်တောင် ယွင်ကျုံးဟဲ့၏ အသက်ကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။
မော့ချိုက သူ၏ ခွန်အားနှင့် အတွင်းအား အားလုံးကို စုစည်းကာ အမြောက်ဆံတစ်ခုအလား ပြေးဝင်လာပြီး ယွင်အောက်ထျန်းကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်တော့မည် ဖြစ်၏။ နှစ်ပိုင်းပြတ်ရုံသာမက တစ်စစီ ဖြစ်သွားအောင် ခုတ်ထစ်တော့မည် ဖြစ်သည်။
“သေစမ်း… သေစမ်း… သေလိုက်စမ်း ယွင်အောက်ထျန်း...”
ထိုအခိုက်အတန့်တွင် ယွင်ကျုံးဟဲ့က အသံကို နှိမ့်ကာ ပြောလိုက်၏။ “သခင်လေး မော့ချို… သခင်ကြီး ယန်ဖြန်ရှန်က ခင်ဗျားကို မေးခိုင်းလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။”
ချက်ချင်းပဲ မော့ချိုမှာ အလွန် အံ့ဩသွားကာ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသည်။
ထိုနာမည်က မော့ချိုကို ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့ပြီး သူ၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ်များစွာကို ပြန်လည် နိုးကြားလာစေခဲ့သည်။ ယန်ဖြန်ရှန်… ၎င်းသည် နတ်ဆိုးတစ်ကောင်၏ နာမည်ဖြစ်ပြီး မော့ချို တစ်သက်လုံး မြင်ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အတော်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က ရုတ်တရက် လက်ကို မြှောက်လိုက်သည်။
ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မော့ချိုဆိုတဲ့ လူယုတ်မာက ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးကို ဖန်တီးပြီး အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်။ ကောင်းကင်ဘုံက ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ။ ဒီလို လူယုတ်မာမျိုးကို ကောင်းကင်ကော မြေကြီးကပါ ခွင့်မလွှတ်ဘူး။
မော့မိသားစုက ကျုပ်တို့ ကျင်းမိသားစုရဲ့ သစ်ရွက်ကြွေနယ်မြေကို အဓမ္မ သိမ်းပိုက်ထားတာ တရားမျှတမှု လုံးဝ မရှိဘူး။ ကျုပ် ယွင်အောက်ထျန်းက တရားမျှတမှုကို ကိုယ်စားပြုပြီး၊ ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး ခင်ဗျားကို သေဒဏ်ပေးမယ်။ ကောင်းကင်ဘုံ… ဒီလူယုတ်မာကို အပြစ်ပေးတော်မူပါ။”
ယွင်ကျုံးဟဲ့က အစွမ်းကုန် အော်ဟစ်လိုက်ပြီး အမှတ် (၉) လူနာ ကွမ်တမ်၏ ထူးဆန်းသော အသံကိုပါ အသုံးပြုလိုက်ရာ ချက်ချင်းပဲ တစ်ကွင်းလုံးသို့ ပဲ့တင်ထပ်သွားတော့၏။
မော့ချို အနည်းငယ် ကြောင်သွားပြီးနောက် မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ‘ယွင်အောက်ထျန်း.... သေခါနီးအချိန်ရောက်နေတာတောင် ရူးနှမ်းပြီး အော်ဟစ်နေသေးတယ်ပေါ့။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က တကယ်ကို နတ်ဝင်ပူးနေသူ တစ်ယောက်အလား ရူးသွပ်စွာ အော်ဟစ်နေ၏။
မော့ချိုက အတွင်းအားများကို ထပ်မံ စုစည်းကာ ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ရန် ပြေးထွက်လာတော့သည်။ “သေစမ်း… သေစမ်း… သေစမ်း။”
“ကောင်းကင်ဘုံက မော့ချိုကို အပြစ်ပေးပါစေ။” ယွင်ကျုံးဟဲ့က လက်ညှိုးကို ကောင်းကင်သို့ ထိုးကာ အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ တိမ်မဲများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
အလွန် တောက်ပသော အလင်းရောင်နှင့်အတူ လျှပ်စီးကြောင်းကြီး တစ်ခုက ကောင်းကင်မှ မြေပြင်သို့ နဂါးတစ်ကောင်အလား ပြင်းထန်စွာ ပစ်ချလာ၏။
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါသွားသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး အရောင်ပြောင်းသွား၏။ စက္ကန့်ပိုင်းအတွင်း ထိုအံ့မခန်း လျှပ်စီးကြောင်းကြီးက မော့ချို ရှိနေသော နေရာတည့်တည့်သို့ ပစ်ချလိုက်ခြင်းပင်။
“ဝုန်း… ဝုန်း… ဝုန်း”
လျှပ်စီးကြောင်းက ဓားကို မြှောက်ထားသော မော့ချိုကို တိုက်ရိုက် ထိမှန်သွား၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောက်ပသော အလင်းဖြူကြီး လင်းလက်သွားသည်။
မော့ချို၏ ခန္ဓာကိုယ်မှာ လျှပ်စီးကြောင့် မီတာရာနှင့်ချီ လွင့်စင်သွားတော့သည်။ သိုင်းပြိုင်ကွင်း တစ်ခုလုံး မှာလည်း အပေါက်ကြီး တစ်ပေါက် ဖြစ်သွား၏။ အခုတ်ခံထားရသော သစ်ငုတ်တိုမှာလည်း နှစ်ပိုင်း ကွဲသွားတော့၏။
သဘာဝတရား၏ အစွမ်းက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ ကမ္ဘာမြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ တောက်ပသော အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သိုင်းပြိုင်ကွင်းပေါ်တွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ လက်ညှိုးကို ကောင်းကင်သို့ ထိုးလျက် ရပ်ကျန်နေခဲ့၏။
မော့ချိုမှာမူ မီတာအတော်အလှမ်းဝေးသော နေရာတွင် လဲကျနေပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းကာ မီးခိုးများ ထွက်နေပြီး မလှုပ်မယှက် ဖြစ်နေတော့သည်။
ယွင်ကျုံးဟဲ့က လက်ညှိုးကို သေနတ်ပုံစံ လုပ်ကာ ပါးစပ်ဖြင့် မှုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်က ကောင်းကင်က မိုးကြိုးကို ခေါ်ပြီး မော့ချိုဆိုတဲ့ လူယုတ်မာကို သတ်လိုက်ပြီ။”
ဤနေရာတွင် သိုင်းပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၏။ မော့ချိုက စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
……………..
“ဂျိန်း”
အသံလှိုင်းများ၏ သွားနှုန်းက အလင်းတန်းများထက် နှေးကွေးသောကြောင့် မော့ချို လွင့်စင်သွားပြီး နောက်မှသာ ကျယ်လောင်သော မိုးကြိုးသံကြီး ထွက်ပေါ်လာ၏။
ဤမိုးကြိုးသံကြီးက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
တစ်ကွင်းလုံးရှိ လူတိုင်းမှာ အလန့်တကြား တုန်လှုပ်သွားကြ၏။
တာ့လျန်နိုင်ငံမှ စပျစ်ဝိုင်ကို သောက်သုံးနေသော မြို့စားတစ်ဦးဆိုလျှင် မိုးကြိုးသံကြောင့် လန့်သွားပြီး လက်ထဲရှိ ဖန်ခွက်ကိုပင် အမှုန့်ဖြစ်အောင် ဆုပ်ချေမိသွားတော့သည်။
လျှပ်စီးလက်၊ မိုးကြိုးသံကြီး ထွက်ပေါ်လာပြီးနောက် တစ်ကွင်းလုံးမှာ သေမင်းတမန်များ ရောက်လာသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။
မည်သူကမှ စကားမဆိုကြချေ။ အချိန်အတန်ကြာမှသာ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်မိကြသည်။
‘စောစောက ဘာဖြစ်သွားတာလဲ။ ကျုပ် မျက်တောင်တောင် မခတ်လိုက်ရဘူး။ ဒါပေမဲ့ တစ်ခုခုကို လွတ်သွားသလို ခံစားနေရတယ်။’
‘ဒီလောကကြီးက အရမ်း ထူးဆန်းနေတာလား၊ ဒါမှမဟုတ် ကျုပ်ပဲ နားမလည်တာလား။ ဒီသိုင်းပြိုင်ပွဲက သမိုင်းတစ်လျှောက် အင်အား အကွာဟဆုံးနဲ့ ရလဒ် သိသာဆုံး ပွဲမဟုတ်ဘူးလား။ ယွင်အောက်ထျန်းဆိုတဲ့ သူတောင်းစားက ချက်ချင်း အသတ်ခံရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုလို ဖြစ်သွားရတာလဲ။’
‘ယွင်ကျုံးဟဲ့က သိုင်းပြိုင်ကွင်းပေါ်မှာ အကောင်းပကတိအတိုင်း မတ်တတ်ရပ်နေပြီး မော့ချိုကတော့ မြေပြင်ပေါ်မှာ လဲကျနေပြီ။ တစ်ကိုယ်လုံး မီးလောင်ကျွမ်းပြီး မီးခိုးတွေ ထွက်နေတယ်။ လူရုပ်တောင် မပေါ်တော့ဘူး။’
‘ကျုပ် ဇာတ်လမ်းရဲ့ အစကို ခန့်မှန်းမိပေမဲ့ အဆုံးသတ်ကိုတော့ မခန့်မှန်းနိုင်ခဲ့ဘူး။ တကယ်ကို စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရတာပဲ။ ဒါပေမဲ့ အသတ်ခံလိုက်ရတာက မော့ချို ဖြစ်နေတယ်။ ဒီဖြစ်ရပ်က တကယ်ကို ထူးဆန်းလွန်းတယ်။’
.....................
အပိုင်း (၁၂၂)
ယွင်အောက်ထျန်းကို ကြည့်လိုက်ချိန်မှာတော့ လက်တစ်ဖက်က မြေကြီးကို ညွှန်ပြနေပြီး နောက်လက်တစ်ဖက်က ကောင်းကင်ကို ထိုးထား၏။ တကယ့်ကို နတ်ဝင်သည် တစ်ယောက်လိုပင်။
‘စောစောက လျှပ်စီးနဲ့ မိုးကြိုးကို သူတကယ်ပဲ ခေါ်လိုက်တာလား။ မဖြစ်နိုင်ဘူး။ သူက သာမန်လူပဲလေ။ ဒီလို နတ်ဘုရားတွေ၊ တစ္ဆေတွေလို အစွမ်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။’
‘ဒါပေမဲ့ သူ ခေါ်လိုက်တာ မဟုတ်ဘူးဆိုရင် ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ။ အချိန်ကိုက်ကြီး မော့ချိုကို သွားထိမှန်တာလဲ။’
လူတိုင်းမှာ လုံးဝ အံ့ဩမှင်တက်သွားကြ၏။
အချိန်အတန်ကြာမှသာ မြို့စား မော့ရယ်က သွေးပျက်ဖွယ် အော်ဟစ်သံကြီးဖြင့် ပြေးထွက်လာကာ သားဖြစ်သူကို ပွေ့ဖက်လိုက်သည်။
သို့ပေမည့် သူ ပွေ့ဖက်လိုက်ရသည်မှာ လူရုပ်မပေါ်တော့သော သွေးသံရဲရဲ အသားပုံကြီး တစ်ခုသာ ဖြစ်၏။ တစ်ကိုယ်လုံး သွေးများ၊ အသားစများ ပေကျံနေပြီး ခန္ဓာကိုယ်တွင်လည်း အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသည်။ တစ်ဝက်ကျက်၊ တစ်ဝက်စိမ်း အခြေအနေမျိုး ဖြစ်နေကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
“အား… အား… အား…” မြို့စား မော့ရယ်က ယူကြုံးမရ အော်ဟစ်နေတော့သည်။
‘ဒါက ကျုပ်ရဲ့ ဆက်ခံသူလေ။ ကျုပ် အချစ်ရဆုံး သားလေးလေ။ ရှီးယွီမြို့ မော့မိသားစုရဲ့ အနာဂတ်လေ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဒီသိုင်းပြိုင်ပွဲက သေချာပေါက် နိုင်မယ့်ပွဲ မဟုတ်ဘူးလား။ တကယ်ပဲ ယွင်အောက်ထျန်း ပြောသလို မော့ချိုက ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးကို ဖန်တီးပြီး အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့လို့ ကောင်းကင်ဘုံက မိုးကြိုးနဲ့ ပစ်သတ်လိုက်တာလား။ ကျုပ်တို့ မော့မိသားစုက တကယ်ပဲ ကောင်းကင်ရဲ့ အမျက်တော်ကို ခံရလောက်အောင် ယုတ်မာခဲ့လို့လား။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က နတ်ဝင်သည် တစ်ယောက်အလား ပိုင်ယင်ဆားကွင်းဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်၏။ “အပြစ်မဲ့ သေဆုံးသွားကြတဲ့ ပြည်သူတွေ… ခင်ဗျားတို့ မျက်စိမှိတ်လို့ ရပါပြီ။ ကောင်းကင်ဘုံက ခင်ဗျားတို့အတွက် ကလဲ့စားချေပေးလိုက်ပါပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့က တစ်ကွင်းလုံးကို ဝေ့ဝဲကြည့်ရှုကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “မြို့စားမင်းများခင်ဗျာ… ယနေ့ သိုင်းပြိုင်ပွဲ ပြီးဆုံးသွားပါပြီ။ ကျုပ် နိုင်တယ် မှတ်လား။”
တစ်ကွင်းလုံး တိတ်ဆိတ်နေပြီး မည်သူကမှ ပြန်မဖြေကြချေ။ သီအိုရီအရ ဆိုရလျှင် ဤသိုင်းပြိုင်ပွဲတွင် နှစ်ယောက်စလုံး လက်မပါလိုက်ရချေ။ မော့ချိုက မိုးကြိုးအပစ်ခံရပြီး လဲကျသွားခြင်း ဖြစ်သည်။ ယွင်အောက်ထျန်းက အနိုင်ယူလိုက်ခြင်း မဟုတ်ပေ။
ထိုမိုးကြိုးကို ယွင်အောက်ထျန်းက ခေါ်လိုက်သည်ဟု ပြော၍ ရသော်လည်း အလွန် ယုတ္တိမတန်လွန်းလှသည်။
သို့ပေမည့် သေရေးရှင်ရေး စာချုပ်တွင် အလွန် ရှင်းလင်းစွာ ရေးသားထား၏။ မည်သည့် နည်းလမ်းကိုမဆို အသုံးပြု၍ တစ်ဖက်လူကို အသေသက်နိုင်ကြောင်း၊ လဲကျသွားသူက ရှုံးပြီး မတ်တတ်ရပ်နေသူက နိုင်ကြောင်း အတိအကျ ပါဝင်၏။
ယွင်ကျုံးဟဲ့က ထိုစာချုပ်ကို ထုတ်ပြကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒီသေရေးရှင်ရေး စာချုပ်မှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ ဒီသိုင်းပြိုင်ပွဲမှာ ကျုပ် နိုင်ရင် မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးရမယ်လို့။ ဒါက နယ်စားများမဟာမိတ်အဖွဲ့ အစည်းအဝေးမှာ လက်မှတ်ထိုးထားတာ ဖြစ်ပြီး လူတိုင်းက သက်သေပါပဲ။”
ထိုအချိန်တွင် ကျင်းကျုံးယွဲ့နှင့် လေခွင်းချိုင့်ဝှမ်းမှ လူတိုင်းက ယွင်ကျုံးဟဲ့ကို မလှုပ်မယှက် စိုက်ကြည့်နေကြ၏။
ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း... ဟုတ်ပေသည်။ ထိုခံစားချက်များ အကုန်ရှိသည်။ သို့ပေမည့် ပိုများသည်ကတော့ အံ့ဩမှင်တက်မှုနှင့် မယုံကြည်နိုင်မှုများသာဖြစ်သည်။
စောစောက မြင်ကွင်းက တကယ်ကို ယုံတမ်းပုံပြင်တွေထဲကလိုဖြစ်ပြီး အိပ်မက် မက်နေသလို ခံစားနေရ၏။
အထူးသဖြင့် ကျင်းကျုံးယွဲ့၊ လန်ပိ၊ ဇိုအန်၊ ဟွာမန်လု၊ ချူကျောင်းရန် တို့ဖြစ်သည်။ သူတို့က ယွင်ကျုံးဟဲ့၏ သေချာပေါက် နိုင်မယ်၊ သေချာတယ် ဆိုသည့် စကားများကို ကြားခဲ့ရသော်လည်း မည်သို့ အနိုင်ယူမည်ကိုမူ ယွင်ကျုံးဟဲ့က တစ်ခါမှ မပြောပြခဲ့ချေ။
ထို့ကြောင့် ထိုအချိန်က ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို သိုင်းပြိုင်ခွင့် ပေးခဲ့ခြင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွန့်စားမှု တစ်ခု ဖြစ်ခဲ့ပြီး ရူးသွပ်သော လုပ်ရပ်တစ်ခု ဖြစ်ခဲ့၏။
တစ်နည်းအားဖြင့် ဆိုရလျှင် ကျင်းကျုံးယွဲ့သည်လည်း ပုံမှန် အမျိုးသမီး တစ်ယောက် မဟုတ်ဘဲ သူမ၏ ဦးနှောက်ထဲတွင်လည်း ရူးသွပ်မှု အချို့ ရှိနေကြောင်း ပြသနေခြင်းပင်။
ယခု ယွင်ကျုံးဟဲ့က တကယ် အနိုင်ရရှိသွားချိန်မှာတော့ လူတိုင်းမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
‘တကယ်ကို ထူးဆန်းလွန်းတယ်။ ကြောက်စရာကောင်းလွန်းတယ်။ တကယ်ကြီး နိုင်သွားတာပဲ။ ပြီးတော့ ဒီလို ထူးဆန်းတဲ့ နည်းလမ်းနဲ့ နိုင်သွားတာ။ အရင်က တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့အပြင် တွေးတောင် မတွေးရဲတဲ့ နည်းလမ်းမျိုးနဲ့ပဲ။ ဒီယွင်ကျုံးဟဲ့က တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ။’
ချူကျောင်းရန်ကမူ သူသည် ဤကဲ့သို့သော ယွင်ကျုံးဟဲ့ကိုပင် ရန်သူအဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း တွေးမိကာ ကြက်သီးများပင် ထသွားတော့၏။
လန်ပိက မေးလိုက်သည်။ “ဟွာမန်လု… အဲဒီနေ့က ရန်ရှုလမ်းကြားမှာ ရှင် ယွင်အောက်ထျန်းကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်က ဒီနေ့လို ဖြစ်လာမယ်လို့ ထင်ခဲ့လား။”
သူတောင်းစား ဟွာမန်လုက ခေါင်းခါလိုက်၏။ “လုံးဝ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တည်းက သခင်လေး ယွင်အောက်ထျန်းဟာ သာမန်လူ မဟုတ်ဘူးဆိုတာကို ကျုပ် ရိပ်မိခဲ့ပါတယ်။ မီတာရာနဲ့ချီ ဝေးတဲ့နေရာ ကနေတောင် သူရဲ့ ကြီးမားတဲ့ ဆွဲဆောင်မှု အရှိန်အဝါကို ခံစားမိခဲ့လို့ သူ့ကို စောင့်ကြည့်ခဲ့တာပါ။”
ထို့နောက် ဟွာမန်လုက ချူကျောင်းရန်ဘက်သို့ လှည့်ကာ ဆက်ပြောသည်။ “ကျုပ် သေချာ ရှင်းပြချင်ပါတယ်။ အဲဒီတုန်းက ကျုပ် သခင်လေး ယွင်အောက်ထျန်းကို စောင့်ကြည့်ခဲ့တာ သူ့ကို မသင်္ကာလို့ လုံးဝ မဟုတ်ပါဘူး။ သူ့ရဲ့ အရှိန်အဝါကြောင့် အလိုလို ဆွဲဆောင်ခံလိုက်ရတာပါ။
ကျုပ် လုပ်ခဲ့သမျှ အရာအားလုံးက လေခွင်းချိုင့်ဝှမ်းအတွက် ဒီလို ပါရမီရှင်တစ်ယောက်ကို ရဖို့ ကြိုးစားခဲ့တာပါ။ တကယ်လည်း ကျုပ်ရဲ့ အမြင် မမှားခဲ့ပါဘူး။ အခုကစပြီး ကျုပ် ဟွာမန်လုက သခင်လေး ယွင်အောက်ထျန်းရဲ့ အစေခံ ခွေးတစ်ကောင်ပါပဲ။”
ချူကျောင်းရန်နှင့် လန်ပိတို့၏ မျက်နှာများမှာ ရှုံ့မဲ့သွားကြ၏။ ‘ဒီလောက်တောင် ဖားယားတတ်ပြီး အရှက်မရှိတဲ့ကောင်က ခင်ဗျား ဟွာမန်လု တစ်ယောက်ပဲ ရှိတယ်။’
ထို့နောက် ဟွာမန်လုက သိုင်းပြိုင်ကွင်းဘက်သို့ လှည့်ကာ ဒူးထောက်ချလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်တွားလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သခင်လေး ယွင်အောက်ထျန်း... အသက်ရာကျော် ရှည်ပါစေ။ သခင်လေး ယွင်အောက်ထျန်း... အမြဲတမ်း အောင်ပွဲခံပါစေ။
မြို့စားမင်းကို ဂုဏ်ပြုပါတယ်။ သခင်လေး ယွင်အောက်ထျန်းလို နတ်ဘုရားတွေ၊ တစ္ဆေတွေတောင် လန့်သွားနိုင်တဲ့၊ ကောင်းကင်နဲ့ မြေကြီးကိုပါ တုန်လှုပ်သွားစေနိုင်တဲ့ ပါရမီရှင် တစ်ယောက်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။
သခင်လေး ယွင်အောက်ထျန်း… အခုကစပြီး သခင်လေးက ကျုပ်ရဲ့ အမြင့်မြတ်ဆုံး ယုံကြည်ကိုးကွယ်ရာပါ။ ကျုပ်က သခင်လေးရဲ့ အသစ္စာအရှိဆုံး တပည့်ပါ။ သခင်လေးက ကျုပ်ရဲ့ ထာဝရ လမ်းပြကြယ်ပါ။ သခင်လေးက ကျုပ် ဟွာမန်လု တစ်သက်လုံး လိုက်မမီနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကျုပ်က မြေကြီးပေါ်က ဖုန်မှုန့်လေး တစ်မှုန့်အဖြစ် သခင်လေးရဲ့ ခြေဖဝါးအောက်မှာ အနင်းခံဖို့ ဆန္ဒရှိပါတယ်။”
ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက ဟွာမန်လုဆီသို့ ရောက်သွားကြ၏။ ‘ခင်ဗျားက သူတောင်းစားလေ။ အရမ်းကို နေရာဝင်လုနေတာပဲ။ လေခွင်းချိုင့်ဝှမ်းက ဘယ်လို နေရာကြီးလဲ။ သူတောင်းစားစခန်းလား။ ယွင်အောက်ထျန်း တစ်ယောက်တည်းနဲ့တင် မလောက်လို့ ဒီလို အရှက်မရှိတဲ့ သူတောင်းစား ဟွာမန်လုကိုပါ ခေါ်ထားသေးတာလား။’
ယွင်ကျုံးဟဲ့၏ အကြည့်များက ထန်ထိုင်ကျင့်နှင့် ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးဟောင်းတို့ဆီသို့ ရောက်သွားကာ အေးစက်စွာ ပြောလိုက်သည်။ “ဒီသိုင်းပြိုင်ပွဲရဲ့ အမြင့်ဆုံး သက်သေက ထန်ထိုင်မိသားစုပါပဲ။ ဒီစာချုပ်ပေါ်မှာ သခင်ကြီး ထန်ထိုင်မြဲ့မင်ရဲ့ လက်မှတ်လည်း ပါပါတယ်။ အခု ကျုပ် နိုင်ပြီဆိုတော့ မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးရတော့မယ် မဟုတ်လား။”
ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးက မတ်တတ်ရပ်ကာ စကားပြောရန် ပြင်လိုက်၏။ သို့ပေမည့် ထန်ထိုင်ကျင့်က လက်မြှောက်ကာ တားဆီးလိုက်သည်။ ဤကဲ့သို့သော အာဏာရှင်ဆန်ဆန် ဘုရင်တစ်ပါး၏ အမူအရာမျိုးက ယွင်ကျုံးဟဲ့ကို အလွန် အနေရခက်စေ၏။
ယွင်ကျုံးဟဲ့က ထိုနေရာရှိ အခြား မြို့စားများကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မြို့စားမင်းများခင်ဗျာ… အဲဒီနေ့က ခင်ဗျားတို့လည်း သက်သေအဖြစ် ရှိနေခဲ့ကြတာပဲလေ။ ဒါကို အသိအမှတ် မပြုချင်ကြတော့ဘူးလား။ အဲဒီလိုဆိုရင်တော့ အဖြူနဲ့ အမဲကို ပြောင်းပြန်လှန်တာပဲ။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို မကြောက်ကြဘူးလား။”
ထိုစကားကြောင့် မြို့စားများစွာမှာ တုန်လှုပ်သွားကြ၏။ ‘ယွင်အောက်ထျန်း… ခင်ဗျားစကားက ဘာအဓိပ္ပာယ်လဲ။ ကျုပ်တို့ကို မိုးကြိုးပစ်ခိုင်းမယ်လို့ ခြိမ်းခြောက်နေတာလား။’
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “မြို့စား မော့ရယ်… သေချင်ယောင် ဆောင်မနေပါနဲ့တော့။ မြို့စားမင်းများခင်ဗျာ… ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်မနေကြပါနဲ့တော့။ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးသင့်ပါပြီ။ စာချုပ်အတိုင်း လုပ်ဆောင်သင့်ပါပြီ။”
“ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေကို မပေးနိုင်ဘူး။” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်း လှည့်ကြည့်လိုက်ရာ မော့ချို၏ ညီဖြစ်သူ မော့ယို ပင် ဖြစ်သည်။ တာရှီ စာသင်ကျောင်း၏ နံပါတ်တစ် ပညာရှင်လည်း ဖြစ်၏။
တကယ်တမ်း စာပေပြိုင်ပွဲတွင် သူ ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ပညာစွမ်းရည်မှာ အလွန် မြင့်မားကြောင်း ယွင်ကျုံးဟဲ့ကိုယ်တိုင်ပင် အသိအမှတ်ပြုထားရသည်။ သို့ပေမည့် မော့ယိုသည် လူမှုဆက်ဆံရေးတွင် လုံးဝ အသုံးမကျဘဲ EQ အလွန် နိမ့်ကျသူ ဖြစ်၏။ တကယ့်ကို အူကြောင်ကြားလေး တစ်ယောက်ပင်။
ယွင်ကျုံးဟဲ့က အေးစက်စွာ မေးလိုက်သည်။ “မော့မိသားစုက ကတိဖျက်ချင်တာလား။”
မော့ယိုကလည်း အေးစက်စွာ ပြန်ဖြေလိုက်၏။ “ကျုပ်အစ်ကိုက ခင်ဗျားလက်ချက်နဲ့ ရှုံးသွားတာ မဟုတ်ဘူး။ မိုးကြိုးပစ်ခံရပြီး သေသွားတာ။ ခင်ဗျားက ဒီမိုးကြိုးကို ခင်ဗျားခေါ်တာလို့ ပြောနေတယ်ဆိုတော့ သက်သေပြလေ။ ဒီမိုးကြိုးကို ခင်ဗျားခေါ်တာဆိုတာ ကျုပ်တို့ကို သက်သေပြစမ်းပါ။ ခင်ဗျား သက်သေပြနိုင်ရင် ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးမယ်။ မဟုတ်ရင်တော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။”
‘သေစမ်း။ ဒီစကားက တကယ်ကို အရှက်မရှိတဲ့ စကားပဲ။ ဒီလိုကိစ္စမျိုးကို ဘယ်လို သက်သေပြရမှာလဲ။ မိုးကြိုးကို နာမည်ခေါ်လိုက်ရင် ထူးမလားလို့ မေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။’
လမ်းမကြီးကို ခင်ဗျားပိုင်သည်ဆိုလျှင် လမ်းမကြီးကို နာမည်ခေါ်ကြည့်လေ… သူ ထူးမလားဆိုသည့် စကားမျိုးဖြစ်၏။ ထို့အပြင် ဤလျှပ်စီးက တကယ်တမ်း ယွင်ကျုံးဟဲ့ ခေါ်လိုက်ခြင်း မဟုတ်ချေ။ သူက မိုးကြိုးနတ်မင်း မဟုတ်ပေ။
မော့ယိုက အေးစက်စွာ ဆက်ပြော၏။ “ယွင်အောက်ထျန်း… ခင်ဗျားက နတ်ဝင်သည်လို ဟန်ဆောင်ပြီး လေလုံးထွားနေတာ။ တခြားသူတွေက ခင်ဗျားကို ကြောက်ရင် ကြောက်မယ်။ ကျုပ်ကတော့ မကြောက်ဘူး။ ခင်ဗျားက လိမ်လည်လှည့်ဖြားနေတဲ့ လမ်းဘေးလူမိုက် တစ်ယောက်ပဲ။
သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုဆီ ပြန်ပေးရမယ် ဟုတ်လား။ အိပ်မက်ထဲမှာပဲ သွားပေးလိုက်။ ကျုပ် အစ်ကိုကို ပစ်သတ်သွားတဲ့ မိုးကြိုးက ခင်ဗျားခေါ်တာလို့ သက်သေပြနိုင်မှ ရမယ်။ သက်သေပြလေ… သက်သေပြစမ်းပါ။ အားလုံး မြင်ကြတယ် မှတ်လား။ ဒီယွင်အောက်ထျန်းဆိုတာ လေလုံးထွားနေတဲ့ လမ်းဘေးလူမိုက်ပဲ။ စောစောက မိုးကြိုးက တိုက်ဆိုင်မှု သက်သက်ပဲ။ သူနဲ့ ဘာမှ မဆိုင်ဘူး။
ဒါကြောင့် ဒီသစ်ရွက်ကြွေနယ်မြေကို ကျုပ်တို့ မပေးနိုင်ဘူး။ လုံးဝ မပေးဘူး။ ယွင်အောက်ထျန်း… သက်သေပြစမ်းပါ။ ဒီမိုးကြိုးကို ခင်ဗျားခေါ်တာလို့ သက်သေပြစမ်းပါ။ ခင်ဗျားသာ မိုးကြိုးကို ခေါ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ရင် ကျုပ်တို့ စကားတစ်ခွန်းမှ မပြောဘဲ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးမယ်။”
ယွင်ကျုံးဟဲ့မှာ ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွား၏။ ‘ဒီကောင် မော့ယိုက တကယ် အရှက်မရှိဘူးပဲ။’
သို့ပေမည့် ဤကဲ့သို့သော အူကြောင်ကြားများကို ရင်ဆိုင်ရန်မှာ တကယ်ကို ခက်ခဲလှပေသည်။ အကျိုးအကြောင်း ပြသ၍ ရမည် မဟုတ်ချေ။
ချက်ချင်းပဲ ယွင်ကျုံးဟဲ့က အမှတ် (၉) လူနာ ကွမ်တမ်ကို အသက်သွင်းကာ တွက်ချက်မှုများ စတင်လိုက်၏။
တိမ်မဲများက ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး ကောင်းကင်ကြီးက မှောင်မိုက်နေဆဲ ဖြစ်ရာ လျှပ်စီးက တစ်ကြိမ်တည်းနှင့် ပြီးသွားမည် မဟုတ်ချေ။ နောက်ထပ် သေချာပေါက် လာဦးမည် ဖြစ်သည်။
ကွမ်တမ်၏ တွက်ချက်မှုများက အံ့မခန်း ဖြစ်သွား၏။
နောက်ထပ် လျှပ်စီးကြောင်း တစ်ခုတည်း မဟုတ်ဘဲ လျှပ်စီးကြောင်းပေါင်းများစွာ တဆက်တည်း လာတော့မည် ဖြစ်သည်။
ဆယ်ဂဏန်းမကသော လျှပ်စီးကြောင်းများ ဆက်တိုက် ပစ်ချတော့မည် ဖြစ်၏။ ထို့အပြင် ထိုလျှပ်စီးကြောင်းများက နောက်ထပ် ဆယ်စက္ကန့်ကျော်အကြာတွင် ရောက်ရှိလာပေတော့မည်။
လက်တွေ့ပုံဖော်မှုမှတစ်ဆင့် ယွင်ကျုံးဟဲ့က လျှပ်စီးကြောင်း တစ်ခုချင်းစီ၏ ဦးတည်ရာကို ချက်ချင်း မှတ်သားလိုက်၏။
ထို့နောက် ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မော့မိသားစု… ဒီလို အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး ကတိဖျက်ရဲတာ ကောင်းကင်ဘုံက မိုးကြိုးနဲ့ ခင်ဗျားတို့ မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်မှာ မကြောက်ဘူးလား။
ခင်ဗျားတို့လို အရှက်မရှိတဲ့ မိသားစုက ဒီလောကမှာ နေဖို့ ဘယ်လို မျက်နှာမျိုး ရှိသေးလို့လဲ။ ဒီကောင်းကင်က မိုးကြိုးကို ကျုပ် ခေါ်တာလို့ သက်သေပြခိုင်းနေတာလား။ ကောင်းပြီလေ… ကျုပ် သက်သေပြမယ်။ ဟိုသစ်ပင်ကို အားလုံး ကြည့်လိုက်။”
ယွင်ကျုံးဟဲ့က မြောက်ဘက်ရှိ သစ်ပင်ကြီး တစ်ပင်ကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။
ယွင်ကျုံးဟဲ့က နတ်ဝင်သည် တစ်ယောက်အလား ပြုမူကာ နောက်ပြန်ရေတွက်လိုက်သည်။ “ငါး… လေး… သုံး…”
လူတိုင်း၏ အကြည့်များက မြောက်ဘက်ရှိ ထိုသစ်ပင်ကြီးဆီသို့ ရောက်သွားကြသည်။ သူတို့၏ ရင်ထဲတွင်လည်း အလွန် စိုးရိမ်ပူပန်နေကြ၏။
နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားချိန်တွင် တကယ်ပဲ လျှပ်စီးကြောင်းက ထိုသစ်ပင်ကြီးကို ပစ်ချလိုက်မည်လား။ ထိုသို့သာဆိုလျှင် တကယ်ကို ထူးဆန်းလွန်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
……………………………….