← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အပိုင်း (၁၂၃)

“သုံး… နှစ်… တစ်”

ယွင်ကျုံးဟဲ့၏ နောက်ပြန် ရေတွက်မှု ပြီးဆုံးသွား၏။

ထို့နောက် သူက နတ်ဝင်သည် တစ်ယောက်အလား ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။ “ကောင်းကင်ဘုံရဲ့ တရားမျှတမှု… ကောင်းကင်ဘုံရဲ့ မိုးကြိုး… လောကကြီးရဲ့ မတရားမှု အားလုံးကို ရှင်းလင်းပေးတော်မူပါ။ “မိုးကြိုး ကျလာစေ… လျှပ်စီး ကျလာစေ။”

ယွင်ကျုံးဟဲ့၏ အသံ ဆုံးသွားသည်နှင့်တပြိုင်နက် နောက်ထပ် အံ့မခန်း ကြီးမားသည့် လျှပ်စီးကြောင်းကြီး တစ်ခု ပြင်းထန်စွာ ပစ်ချလာပြန်၏။

“ဝုန်း…”

ယွင်ကျုံးဟဲ့ ညွှန်ပြခဲ့သော မြောက်ဘက်ရှိ ထိုသစ်ပင်ကြီး၏ ဦးတည်ရာသို့ တည့်တည့် ပစ်ချလိုက်ခြင်းပင် ဖြစ်သည်။

တကယ်တော့ ထိုလျှပ်စီးက သစ်ပင်ကြီး၏အထက် ကောင်းကင်ယံတွင် ပေါက်ကွဲသွားခြင်းဖြစ်ပြီး သစ်ပင်ကြီးကို တိုက်ရိုက် မထိမှန်ခဲ့ချေ။ သို့ပေမည့် ကြည့်ရသည့် ရှုထောင့်အရ ထိုသစ်ပင်ကြီးဆီသို့ တည့်တည့် ပစ်ချလိုက်သကဲ့သို့ ဖြစ်နေ၏။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

ထို့နောက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက ဆက်လက် ဖြစ်ပေါ်လာတော့၏။

ယွင်ကျုံးဟဲ့က ဆက်လက် အော်ဟစ်နေသည်။ “ကောင်းကင်ဘုံရဲ့ တရားမျှတမှု… ကောင်းကင်ဘုံရဲ့ မိုးကြိုး ကျဆင်းလာပေးပါ။ ဒီနေရာ… ဟိုနေရာ… ဒီနေရာ… ဟိုနေရာ… ဒီနေရာ… ဟိုနေရာ…”

ယွင်ကျုံးဟဲ့၏ ဘယ်လက်ရော ညာလက်ပါ အဆက်မပြတ် လှုပ်ရှားနေ၏။

လေထဲသို့ ဟိုဘက်ဒီဘက် အဆက်မပြတ် ညွှန်ပြနေတော့သည်။

“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”

လျှပ်စီးကြောင်း တစ်ခုပြီးတစ်ခုက ရူးသွပ်စွာ ပစ်ချလာတော့သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုလျှပ်စီးကြောင်းများက နဂါးများအလား တွန့်လိမ်ပျံသန်းနေကြ၏။

ကမ္ဘာကြီး တစ်ခုလုံးက ယွင်ကျုံးဟဲ့ တစ်ယောက်တည်း၏ ဇာတ်ခုံကြီး ဖြစ်သွားသကဲ့သို့ပင်။ ကြည့်ရသည်မှာ သူ ညွှန်ပြလိုက်သော နေရာတိုင်းသို့ လျှပ်စီးများက ပစ်ချနေသကဲ့သို့ ဖြစ်နေသည်။

တစ်ခု… ဆယ်ခု… ဆယ်ဂဏန်းမကသော လျှပ်စီးကြောင်းများ ပစ်ချနေပြီး ကြည့်ရသည်မှာ သူ တကယ်ပင် ကောင်းကင်ဘုံမှ မိုးကြိုးများကို အကန့်အသတ်မရှိ ခေါ်ယူနေသကဲ့သို့ ဖြစ်နေ၏။

ကမ္ဘာကြီး တစ်ခုလုံး အရောင်ပြောင်းသွားပြီး မြေကြီး တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါနေတော့သည်။

ချက်ချင်းပဲ မော့ယိုမှာ မြေပြင်ပေါ်သို့ ခွေကျသွားကာ ကြောက်လန့်တကြားဖြင့် သေးများပင် ထွက်ကျသွား တော့သည်။ သူ၏ ဘဝအမြင်နှင့် လောကအမြင်များ အားလုံး လုံးဝ ပြောင်းပြန်လှန်ခံလိုက်ရပြီ ဖြစ်၏။

လူတိုင်းမှာ မျက်နှာများ ဖြူရော်သွားကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေကြတော့သည်။

ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒီသေခြင်းရှင်ခြင်း စာချုပ်က အတည်ပဲလား။ ဒီသစ်ရွက်ကြွေနယ်မြေကို ခင်ဗျားတို့ မော့မိသားစုက ပြန်ပေးမှာလား… မပေးဘူးလား။ မပေးဘူးဆိုရင် ခင်ဗျားတို့ မော့မိသားစု တစ်ခုလုံး မျိုးဖြုတ်ခံရလိမ့်မယ်။”

ထို့နောက် ယွင်ကျုံးဟဲ့က အောင်နိုင်သူ တစ်ဦးအလား သစ်ရွက်ကြွေနယ်မြေ ပြန်လည်ပေးအပ်ရေး စာချုပ်ကို ကိုင်ဆောင်ကာ မြို့စား မော့ရယ်ရှေ့သို့ တိုက်ရိုက် သွားရောက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ “လက်မှတ်ထိုးစမ်း… အခုချက်ချင်း လက်မှတ်ထိုးစမ်း။”

မြို့စား မော့ရယ်ကမူ အပြင်ဘက်မှ အသံများကို လုံးဝ မကြားတော့သည့်အလား သားဖြစ်သူ မော့ချို၏ ခန္ဓာကိုယ်ကို ဖက်ထားကာ မလှုပ်မယှက် ဖြစ်နေ၏။

သို့ပေမည့် သူ တုံ့ပြန်မှု မရှိလျှင်လည်း ပြဿနာ မရှိပေ။ ထန်ထိုင်မိသားစုက အသိအမှတ်ပြုရန်သာ လိုအပ်သည်။

ဤစာချုပ်၏ အမြင့်ဆုံး အဆုံးအဖြတ်ပေးသူမှာ ထန်ထိုင်မိသားစု ဖြစ်ပြီး နယ်စားများ မဟာမိတ်အဖွဲ့၏ အာဏာကိုပါ အသုံးပြုထားခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ထိုစာချုပ်ကို ကိုင်ဆောင်ကာ ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးရှေ့သို့ သွားရောက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ထန်ထိုင်မိသားစုက ပိုင်ရှင်မဲ့ နယ်မြေရဲ့ ခေါင်းဆောင်မိသားစုအနေနဲ့ ဒီနေ့ရဲ့ အမြင့်ဆုံး အဆုံးအဖြတ်ပေးသူအနေနဲ့ ဒီရလဒ်ကို အသိအမှတ်ပြုပါသလား။”

ချက်ချင်းပဲ လူတိုင်း၏ အကြည့်များက ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးသို့ ရောက်သွားကြပြီး ဖိအားအားလုံးက သူ၏ ခေါင်းပေါ်သို့ ကျရောက်သွားတော့၏။

ဤရလဒ်ကို အသိအမှတ်ပြုရမည်လား။ ထန်ထိုင်မိသားစု၏ အကျိုးစီးပွားနှင့် မကိုက်ညီချေ။ သို့ပေမည့် အသိအမှတ် မပြုပါကလည်း ထန်ထိုင်မိသားစု၏ ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ထန်ထိုင်မိသားစုအတွက် ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

ယနေ့ အဖြစ်အပျက်များ အားလုံးကို လူအများရှေ့တွင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ကြခြင်း ဖြစ်၏။

မော့ချိုက လဲကျသွားပြီး ယွင်အောက်ထျန်းက နောက်ဆုံး အနိုင်ရရှိသူ ဖြစ်သည်။ ဤရလဒ်ကို ငြင်းပယ်ပါက နယ်စားများမဟာမိတ်အဖွဲ့၏ အာဏာက ဘယ်မှာ ရှိတော့မည်နည်း။ ထန်ထိုင်မြဲ့မင်၏ ဩဇာကကော ဘယ်မှာ ရှိတော့မည်နည်း။

သို့ပေမည့် ဤမျှ ကြီးမားသော ကိစ္စရပ်ကို ဤစာရေးတော်ကြီးက ကိုယ်တိုင် ဆုံးဖြတ်ချက် မချရဲချေ။

ထိုအချိန်တွင် ဘေးရှိ ထန်ထိုင်ကျင့်က ပြောလိုက်သည်။ “တံဆိပ်တုံး ယူခဲ့။”

ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးက တံဆိပ်တုံး နှစ်ခုလုံးကို အမြန် ကမ်းပေးလိုက်သည်။ တစ်ခုက နယ်စားများ မဟာမိတ်အဖွဲ့၏ တံဆိပ်တုံး ဖြစ်ပြီး နောက်တစ်ခုက ထန်ထိုင်မြဲ့မင်၏ ကိုယ်ပိုင် တံဆိပ်တုံး ဖြစ်၏။

ကိုယ်ပိုင် တံဆိပ်တုံးပေါ်တွင် အထီးကျန်တောင်တန်း အဘိုးအို (ထန်ထိုင်မြဲ့မင်၏ ဘွဲ့အမည်) ကို ရေးထိုးထားသည်။

ထန်ထိုင်ကျင့်က စာချုပ်ကို ယူကာ စာရေးလိုက်၏။ “ဤသိုင်းပြိုင်ပွဲတွင် ယွင်အောက်ထျန်း အနိုင်ရရှိသည်။ မော့မိသားစုသည် သတ်မှတ်ရက်အတွင်း သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုထံ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်သည်။”

ထို့နောက် သူက တံဆိပ်တုံး နှစ်ခုစလုံးကို တိုက်ရိုက် နှိပ်လိုက်၏။

ဤအရာအားလုံး ပြီးစီးသွားပြီးနောက် သူက မတ်တတ်ရပ်ကာ ချက်ချင်း ထွက်ခွာသွား၏။ အစမှ အဆုံးတိုင်အောင် ထန်ထိုင်ကျင့်သည် ယွင်ကျုံးဟဲ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့သလို စကားတစ်ခွန်းမှလည်း မဆိုခဲ့ချေ။

သူ ထွက်သွားသည်နှင့် ထန်ထိုင်မိသားစု၏ စစ်သည်များ၊ နယ်စားများမဟာမိတ်အဖွဲ့၏ စစ်သည်များကလည်း နောက်မှ လိုက်ပါသွားကြသည်။

ထို့နောက် ပိုင်ရှင်မဲ့ နယ်မြေ၏ မြို့စားများ အားလုံးနှင့် ဧည့်သည်များကလည်း ထန်ထိုင်ကျင့်၏ နောက်မှ လိုက်ပါသွားကြတော့၏။

သိုင်းပြိုင်ကွင်း တစ်ခုလုံးတွင် ကျင်းမိသားစုနှင့် မော့မိသားစု နှစ်စုသာ ကျန်ရစ်တော့သည်။

မြို့စား မော့ရယ်က မီးလောင်ကျွမ်းနေသော မော့ချို၏ ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်ပြီး လုံးဝ ပြိုလဲသွားသူ တစ်ဦးအလား မလှုပ်မယှက် ဖြစ်နေသည်။ မော့ယိုမှာလည်း မြေပြင်ပေါ်တွင် ခွေကျနေပြီး မလှုပ်မယှက် ဖြစ်နေ၏။

ယွင်ကျုံးဟဲ့က ရှေ့တိုးကာ ပြောလိုက်သည်။ “မြို့စား မော့ရယ်… ခုနစ်ရက်ပဲ လိုပါတော့တယ်။ ဇွန်လ ၁၇ ရက်နေ့မှာ ကျုပ်တို့က သစ်ရွက်ကြွေနယ်မြေ တစ်ခုလုံးကို တရားဝင် လာရောက် လွှဲပြောင်းယူမှာဖြစ်လို့ လွှဲပြောင်းပေးဖို့ ပြင်ဆင်ထားပါ။”

မြို့စား မော့ရယ်က မလှုပ်မယှက် ဖြစ်နေဆဲပင်။

ယွင်ကျုံးဟဲ့က စိတ်မဆိုးဘဲ လှည့်ထွက်လာခဲ့၏။

“ကျင်းကျုံးယွဲ့… ယွင်အောက်ထျန်း… ကျုပ် သေရင်တောင် သစ်ရွက်ကြွေနယ်မြေကို ခင်ဗျားတို့ဆီ မပေးဘူး။” မြို့စား မော့ရယ်က သွေးပျက်ဖွယ်ကောင်းသည့်အသံဖြင့် အော်ဟစ်လိုက်သည်။

ယွင်ကျုံးဟဲ့က ပခုံးတွန့်ကာ ဂရုမစိုက်ဟန် ပြလိုက်၏။

မြို့စား မော့ရယ်က ဆက်ပြောသည်။ “ယွင်ကျုံးဟဲ့… တောအုပ်ထဲမှာ အမြင့်ဆုံး သစ်ပင်က လေတိုက်ခံရတာ ပိုများတယ်တဲ့။ ခင်ဗျား ဒီနေ့ ဒီလောက် အစွမ်းပြခဲ့ပြီဆိုတော့ သေဖို့ သိပ်မလိုတော့ပါဘူး။”

ယွင်ကျုံးဟဲ့က လုံးဝ ဂရုမစိုက်ချေ။ “ရက်အနည်းငယ် ကြာရင် သစ်ရွက်ကြွေနယ်မြေကို တရားဝင် လာလွှဲယူမယ်။”

ထို့နောက် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က ခန့်ညားစွာ ထွက်ခွာသွားကြတော့၏။

လေခွင်းမြို့သို့ ပြန်ရောက်ချိန်မှာတော့ ကျင်ယီဝေ တပ်မှူးချုပ် ချူကျောင်းရန်က ယွင်ကျုံးဟဲ့ရှေ့သို့ ရုတ်တရက် ရောက်လာကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။

“သခင်လေး ယွင်အောက်ထျန်း… အရင်က ကျောင်းရန် စော်ကားမိတာတွေ ရှိခဲ့ရင် ဒီနေရာကနေပဲ တောင်းပန်ပါတယ်။”

ဤသဘောထားက အတော်လေး အံ့ဩစရာ ကောင်းလှ၏။ ယခင်က ချူကျောင်းရန်သည် အလွန် မာနကြီးပြီး ယွင်ကျုံးဟဲ့ကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့သူ မဟုတ်ပါလား။ ယခုတော့ ဤမျှ နှိမ့်ချနေပြီလား။

ယွင်ကျုံးဟဲ့က ထိုလူကို မျက်လုံးမှေးကျဉ်းကာ စိုက်ကြည့်လိုက်သည်။ သူက တောင်ပိုင်းကျိုးအင်ပါယာက လေခွင်းမြို့တွင် ထားရှိသော အမြင့်ဆုံး သူလျှို လောက်ချန်း များလား။ ကြည့်ရသည်မှာ မတူချေ။

“ရပါတယ်… ရပါတယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

ထို့နောက် လေခွင်းမြို့ တစ်ခုလုံးက အတော်လေး အနေရခက်သော လေထုထဲသို့ ကျရောက်သွားတော့သည်။ အကြောင်းမှာ သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိသည်နှင့် ကျင်းကျုံးယွဲ့ကို တရားဝင် လက်ထပ်ခွင့် တောင်းမည်ဟု ယွင်ကျုံးဟဲ့က ယခင်က ပြောခဲ့ဖူး၏။ ယခု အောင်မြင်သွားပြီဟု ဆိုနိုင်သည် မဟုတ်ပါလား။

ယွင်ကျုံးဟဲ့ တင်ပြခဲ့သော အဆင့်လေးဆင့် အစီအစဉ်သည် နှစ်ဝက်ကျော် ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့က ယခုတိုင် လက်ထပ်ခွင့် မတောင်းသေးရာ လေထုက ပို၍ အနေရခက်သွားတော့၏။

ယွင်ကျုံးဟဲ့၏ အမြင်တွင်မူ ဆန်စပါး တင်းပေါင်း သန်းချီကို လက်ဝယ်ရရှိပြီး သစ်ရွက်ကြွေနယ်မြေကို အလုံးစုံ သိမ်းပိုက်နိုင်မှသာ အောင်မြင်မှု အစစ်အမှန် ဖြစ်မည်ဟု ယူဆထား၏။ ထိုအချိန်ရောက်မှသာ တရားဝင် လက်ထပ်ခွင့်တောင်းမှာ ဖြစ်သည်။

………………….

ထန်ထိုင်မိသားစု အိမ်တော်၌ ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် မြို့စားကြီး၊ မိမိကိုယ်ကို အထီးကျန်တောင်တန်း အဘိုးအိုဟု ခေါ်ဝေါ်သော ထန်ထိုင်မြဲ့မင်သည် လက်ဖက်ရည် ကျိုနေဆဲ ဖြစ်၏။

ယခု နယ်စားများမဟာမိတ်အဖွဲ့၏ လက်ဝဲအမတ် ဖြစ်နေသော ထန်ထိုင်မိသားစု၏ စာရေးတော်ကြီးက သိုင်းပြိုင်ပွဲ၏ ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြန်လည် တင်ပြနေသည်။

ထိုစကားများကို ကြားချိန်မှာတော့ ထန်ထိုင်မြဲ့မင်၏ မျက်နှာက အနည်းငယ် တုန်လှုပ်သွားကာ လက်ဖက်ရည် ကျိုနေသော လက်များပင် တုန်ယင်သွားတော့၏။

သူလည်း လုံးဝ အံ့ဩမှင်တက်သွားကြောင်း သိသာလှပြီး သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ယွင်အောက်ထျန်းဆိုသည့် လူက အလွန် ထူးဆန်းပြီး တွေးတော၍ပင် မရနိုင်ချေ။

ထို့နောက် သူက လက်ဖက်ရည်ကို ဆက်လက် ကျိုနေလိုက်၏။

“ယင်ယန်ပညာကို ကျွမ်းကျင်ပြီး နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကိုပါ သိနားလည်တဲ့ ပါရမီရှင်ပဲ။ ဉာဏ်ပညာက နတ်ဆိုးတစ်ကောင်လောက် နီးပါး ရှိနေပြီလား။”

ထန်ထိုင်မြဲ့မင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “သူက ဘယ်ဖက်က လူဖြစ်မယ်လို့ မင်း ထင်လဲ။ ပိုင်ရှင်မဲ့ နယ်မြေကနေ ဒီလို ပါရမီရှင်မျိုး ထွက်လာနိုင်ပုံ မပေါ်ဘူး။”

စာရေးတော်ကြီးက ပြောလိုက်၏။ “မသိပါဘူး။”

ထန်ထိုင်မြဲ့မင်က ဆက်ပြောသည်။ “ဒီလို ပါရမီရှင်မျိုးကို အခု ကျုပ်ကို ပေးရင်တောင် ကျုပ် အသုံးမချရဲတော့ဘူး။ သူ့ရဲ့ အတွေးတွေကို ခန့်မှန်းရ အရမ်းခက်ပြီး ထိန်းချုပ်ဖို့ သိပ်ခက်ခဲလွန်းတယ်။”

စာရေးတော်ကြီးက ထောက်ခံလိုက်၏။ “ဟုတ်တယ်။ သူက အန္တရာယ်များလွန်းတယ်။”

ထန်ထိုင်မြဲ့မင်က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ပြင်ဆင်မှုတွေ စလုပ်တော့။ ဒီလူကို သတ်ပစ်မယ်။”

စာရေးတော်ကြီးက မေးလိုက်၏။ “ကောင်းပါပြီ… ဘယ်လို သတ်ရမလဲ။”

ထန်ထိုင်မြဲ့မင်က ဖြေလိုက်သည်။ “လူကို သတ်ရုံတင် မကဘူး၊ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးပစ်ရမယ်”

စာရေးတော်ကြီးက တုန်ယင်နေသည့် လေသံဖြင့် တီးတိုးရေရွတ်လိုက်၏။ “လူကို သတ်ပြီး စိတ်နှလုံးသားကိုပါ ဖျက်ဆီးပစ်ရမယ် ဟုတ်လား။”

ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဘယ်လောက်ပဲ စျေးကြီးကြီး ပေးရပါစေ၊ ဒီရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ရမယ်။”

…………………

လေခွင်းမြို့အတွင်းတွင် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို သွားရောက် တွေ့ဆုံ၏။

အဘယ်ကြောင့်မှန်း မသိချေ။ ယနေ့ ကျင်းကျုံးယွဲ့၏ ဝတ်စားဆင်ယင်မှုက အလွန် ထူးခြားနေသည်။

ယခင်က ကျင်းကျုံးယွဲ့သည် ယောက်ျား၊ မိန်းမ မကွဲပြားသော ဝတ်စုံများကိုသာ ဝတ်ဆင်လေ့ရှိပြီး အထူးသဖြင့် ယောက်ျားလေး ဝတ်စုံများကို ပိုမို နှစ်သက်လေ့ရှိ၏။

သို့ပေမည့် သူမ၏ ရုပ်ရည်က ယောက်ျားဆန်ခြင်း လုံးဝ မရှိဘဲ အလွန် မိန်းမဆန်ကာ လောကတွင် ပြိုင်ဘက်ကင်းသော အလှတရားမျိုး ရှိသည်။

ထိုကဲ့သို့သော အမျိုးသမီးက ယောက်ျားလေး ဝတ်စုံကို ဝတ်ဆင်ထားချိန်မှာတော့ ပို၍ပင် ဆွဲဆောင်မှု ရှိပြီး ညို့ငင်နိုင်စွမ်း ရှိနေတတ်၏။

သို့ပေမည့် ယနေ့တွင်မူ သူမက တကယ့် မိန်းမဝတ်စုံစစ်စစ်ကို ဝတ်ဆင်ထားပြီး အနီရောင် ဂါဝန်ကို ဆင်မြန်းထားသည်။

ချက်ချင်းဆိုသလို သူမ၏ အလှက ပိုမို တောက်ပလာကာ ယှဉ်ပြိုင်ဘက်ကင်းသော အလှတရားက ပိုမို ပေါ်လွင်လာတော့၏။

အဘယ်ကြောင့် ဤမျှအထိ လှပနေအောင် ဝတ်ထားရတာသနည်း။ အနည်းငယ် မြှူဆွယ်ချင်နေသည့် ပုံစံပင် ပေါက်လို့နေသည်။

ယွင်ကျုံးဟဲ့ ဝင်လာသည်ကို မြင်ချိန်မှာတော့ သူမ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရ၏။

“ကိစ္စ ရှိလို့လား။” ကျင်းကျုံးယွဲ့က မေးလိုက်ပြီးနောက် လက်နှစ်ဖက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။

ယွင်ကျုံးဟဲ့မှာ အနည်းငယ် ကြောင်အသွားရ၏။ ဤမိန်းမက တကယ်ကို လှလွန်းလှသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူကို ကျောက်ရုပ်ဖြစ်သွားစေနိုင်စွမ်း ရှိ၏။

‘ဒီမျက်နှာလေးက ဘယ်လို ဖန်တီးထားတာလဲ။ ဒီလောက်တောင် ပြည့်စုံလွန်းနေတာ။ ဒီလောက် လှပနေတာကို နိုင်ငံတွေကို ဖျက်ဆီးတဲ့ အလှမယ် မလုပ်ဘဲ ဘာလို့ မိန်းမ မြို့စား လာလုပ်နေရတာလဲ။ ပြီးတော့ သိုင်းပညာကလည်း ဒီလောက် မြင့်နေသေးတယ်။

ဒါပေမဲ့ ကျင်းကျုံးယွဲ့… ခင်ဗျား အခု တော်တော်လေး စိတ်လှုပ်ရှားနေတယ် မှတ်လား။ အသက်ရှူသံတွေတောင် မြန်နေပြီ။ ဒါက ကိစ္စမရှိပေမဲ့ အချို့နေရာတွေက အရမ်း နိမ့်ချည်မြင့်ချည် ဖြစ်နေတော့ တော်တော်လေး ဆွဲဆောင်မှု ရှိလွန်းနေတယ်။’

ကျင်းကျုံးယွဲ့ကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။

……………

အပိုင်း (၁၂၄)

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မြို့စားကျင်း… စစ်တပ်ကို ပြင်ဆင်ပြီးပြီလား။”

ကျင်းကျုံးယွဲ့ အနည်းငယ် ကြောင်သွားအကာ မေးလိုက်သည်။ “ရှင် လာတာ ဒါအတွက်ပဲလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “သေချာတာပေါ့… နယ်စားများမဟာမိတ်အဖွဲ့က သစ်ရွက်ကြွေနယ်မြေကို ကျုပ်တို့ဆီ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပေမဲ့ မြို့စား မော့ရယ်က ဒီတိုင်း လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။ သူ သေချာပေါက် စစ်တပ်နဲ့ ပြန်ခုခံလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့က အင်အားသုံးပြီး သစ်ရွက်ကြွေနယ်မြေကို ပြန်လုဖို့ ပြင်ဆင်ထားရမယ်။ ဒါက မြို့စားကျင်း အလိုချင်ဆုံး အရာ မဟုတ်ဘူးလား။ ခင်ဗျား အစွမ်းပြရမယ့် အချိန် ရောက်လာပြီလေ။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “အထူးစစ်သည် နှစ်ထောင် ပြင်ဆင်ပြီးပြီ။ အချိန်မရွေး ထွက်ခွာလို့ ရပြီ။”

အဘယ်ကြောင့် အထူးစစ်သည် နှစ်ထောင်သာ ခေါ်သွားနိုင်သနည်း။ လေခွင်းမြို့၏ စစ်တပ်အင်အားက ထိုမျှမက ရှိသည် မဟုတ်ပါလား။

အကြောင်းမှာ လေခွင်းမြို့ကို ကာကွယ်ရန် စစ်တပ် ချန်ထားခဲ့ရမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ ကျင်းကျုံးယွဲ့က စစ်တပ်ကြီးကို ဦးဆောင်ကာ သစ်ရွက်ကြွေနယ်မြေကို သွားရောက် သိမ်းပိုက်ချိန်တွင် မြို့ကို တစ်ပါးသူ လာရောက် တိုက်ခိုက်ပါက အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။

လေခွင်းမြို့ကို လာတိုက်မယ့်သူ ရှိနေသည်လား။ ဘေးနားရှိ ချိုရွှေမြို့က လေခွင်းချိုင့်ဝှမ်းကို အမြဲတမ်း မျက်စိကျနေပြီး ရန်ငြိုးများစွာ ရှိနေသည် မဟုတ်ပါလား။

သေချာပေါက် ပိုင်ရှင်မဲ့ နယ်မြေတွင် စည်းကမ်းချက်များ ရှိနေသေးသည်။ ထို့ကြောင့် ချိုရွှေမြို့အနေဖြင့် တိုက်ရိုက် စစ်တပ်စေလွှတ်၍ မတိုက်ခိုက်နိုင်သော်လည်း ဓားပြအမည်ခံ၍ ဖြစ်စေ၊ ပိုင်ယင်နယ်စား၏ ကျန်ရစ်သော သူပုန်များ အမည်ခံ၍ ဖြစ်စေ လာရောက် တိုက်ခိုက်နိုင်ပေသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့က သစ်ရွက်ကြွေနယ်မြေကို သွားသိမ်းမယ်ဆိုရင် လေခွင်းမြို့ကို ဘယ်သူ့ကို စောင့်ခိုင်းမလဲ။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “လေခွင်းမြို့ဝန် ဝမ်တောက်ဖူနဲ့ ချူကျောင်းရန်”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ ဤသူများက သင့်တော်သော ရွေးချယ်မှုပင် ဖြစ်၏။

“သတင်းတွေအရ မော့မိသားစုက ဒီရက်ပိုင်းအတွင်း လူတစ်သိန်းကျော် သုံးပြီး သစ်ရွက်ကြွေနယ်မြေက ဆန်စပါးတွေကို ရိတ်သိမ်းနေတယ်။ ဆန်စပါးတွေက တောင်လို ပုံနေပြီတဲ့”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တွက်ချက်မှုအရ ဇွန်လ ၁၇ ရက်နေ့မှာ သစ်ရွက်ကြွေနယ်မြေက ဆန်စပါးတွေ အကုန် ရိတ်သိမ်းပြီးလောက်ပြီ။ ကျုပ်တို့က သစ်ရွက်ကြွေနယ်မြေကို ပြန်ရရုံတင်မကဘူး၊ ဆန်စပါးတွေကိုပါ တစ်ခါတည်း အပိုင်သိမ်းနိုင်လိမ့်မယ်။”

ယခုအချိန်တွင် လေခွင်းချိုင့်ဝှမ်းသည် ဆန်စပါး လုံးဝ ပြတ်လပ်နေပြီ ဖြစ်ပြီး နေ့စဉ် ဆန်ပြုတ်ကိုသာ သောက်နေကြရ၏။ နောက်ထပ် လဝက်ခန့် ဆန်စပါး မရှိပါက လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး အလုံးစုံ ပျက်စီးသွားပေတော့မည်။

ထန်ထိုင်မိသားစုက လေခွင်းချိုင့်ဝှမ်းအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းကြောင်း တရားဝင် ကြေညာခဲ့သော်လည်း လေခွင်းချိုင့်ဝှမ်းကို ဆန်စပါး ရောင်းချမည့်သူ ယခုတိုင် မရှိသေးချေ။ ရောင်းချမည်ဆိုလျှင်တောင် လေခွင်းချိုင့်ဝှမ်းတွင် ဝယ်ယူရန် ငွေကြေး မရှိတော့ပေ။

ထို့ကြောင့် ယခုအချိန်တွင် အောင်ပွဲများ ဆက်တိုက် ရရှိထားသောကြောင့် လေခွင်းချိုင့်ဝှမ်းသည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေသော်လည်း တစ်ဖက်တွင်လည်း အန္တရာယ်အများဆုံး အခြေအနေတွင် ရှိနေခြင်း ဖြစ်၏။

လဝက်အတွင်း ဆန်စပါး မလုယူနိုင်ပါက၊ သစ်ရွက်ကြွေနယ်မြေကို ပြန်လည် မသိမ်းပိုက်နိုင်ပါက ရန်သူများ လာတိုက်စရာပင် မလိုဘဲ လေခွင်းချိုင့်ဝှမ်းက သူ့အလိုလို ပြိုကွဲသွားမှာ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သစ်ရွက်ကြွေနယ်မြေကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ပြီး ဆန်စပါး အမြောက်အများကို ရရှိသွားပါက အကျပ်အတည်း အားလုံး ပြီးဆုံးသွားမည်ဖြစ်ပြီး နောင်တွင် လေခွင်းချိုင့်ဝှမ်းသည် လျင်မြန်စွာဖြင့် အင်အားကြီးထွားလာပေလိမ့်မည်။

နယ်စားများမဟာမိတ်အဖွဲ့က ပိတ်ဆို့အရေးယူရန် ကြိုးစားလျှင်တောင် အကြောင်းပြချက် ရှာတွေ့မည် မဟုတ်တော့ချေ။

ငွေကြေးရှိပြီး ဆန်စပါး ရှိနေပါက မည်သူကမှ တိုက်ရိုက် စစ်တပ်စေလွှတ်၍ လာရောက် တိုက်ခိုက်ခြင်းမှလွဲ၍ ဘာမှလုပ်၍ မရနိုင်တော့ပေ။

သို့သော်ငြား သင့်လျော်သော အကြောင်းပြချက် မရှိဘဲ စစ်စတင်ရန် မဖြစ်နိုင်ချေ။ အဓိက အကျဆုံးမှာ လေခွင်းမြို့ကို လာတိုက်မည်ဆိုလျှင် စစ်တပ်အင်အား မည်မျှ လိုအပ်မည်နည်း။ သုံးသောင်းလား၊ ငါးသောင်းလား။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြို့စားကျင်း… ကျုပ်တို့ ဒီတစ်ခါ စစ်ထွက်တာက သစ်ရွက်ကြွေနယ်မြေကို ပြန်လုဖို့တင် မကဘူး၊ အဓိက အကျဆုံးက ဆန်စပါး အမြောက်အများကို လုယူဖို့ပဲ။ တကယ်လို့ ဆန်စပါး မရခဲ့ဘူးဆိုရင်၊ ဒါမှမဟုတ် ဆန်စပါးတွေကို မော့မိသားစုက ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ကျုပ်တို့ အရင်က ကြိုးစားခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားမှာပဲ။ လေခွင်းချိုင့်ဝှမ်းလည်း လုံးဝ ပျက်စီးသွားလိမ့်မယ်။ ကျုပ်တို့ဆီမှာ ဆယ်ရက်စာ ဆန်စပါးတောင် မကျန်တော့ဘူး။”

ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောလိုက်သည်။ “တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာရင်တော့ ကျွန်မက ရှင်တို့ကို ခေါ်ပြီး ဓားပြ သွားလုပ်တော့မယ်။ နေရာအနှံ့ လိုက်လုမယ်။ ဒါက ကျွန်မရဲ့ အိပ်မက်ပဲ။”

‘ဟမ်… ခင်ဗျားရဲ့ အိပ်မက်က တော်တော် ထူးဆန်းတာပဲ။’

……………

ဇွန်လ ၁၄ ရက်နေ့

ကျင်းကျုံးယွဲ့က အထူးစစ်သည် နှစ်ထောင်ကို ဦးဆောင်ကာ လက်နက် အပြည့်အစုံ တပ်ဆင်လျက် ငါးရက်စာ ရိက္ခာကိုသာ ယူဆောင်ပြီး လေခွင်းမြို့မှ ထွက်ခွာကာ သစ်ရွက်ကြွေနယ်မြေသို့ ချီတက်သွားတော့၏။

ကျင်းကျုံးယွဲ့၏ စစ်တပ် ထွက်ခွာသွားသည်နှင့်တပြိုင်နက် လေခွင်းမြို့ဝန် ဝမ်တောက်ဖူက မြို့တံခါးကို ချက်ချင်း ပိတ်လိုက်သည်။

ယနေ့မှစ၍ ကျင်းကျုံးယွဲ့ ဆန်စပါးများနှင့်အတူ အောင်ပွဲခံ၍ ပြန်မလာမချင်း လေခွင်းမြို့တံခါးကို ပြန်ဖွင့်မည် မဟုတ်တော့ချေ။

ကျင်းကျုံးယွဲ့၏ စစ်တပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း လေခွင်းမြို့ဝန် ဝမ်တောက်ဖူက သက်ပြင်းတစ်ချက် ချလိုက်၏။

ချူကျောင်းရန်က မေးလိုက်သည်။ “မြို့ဝန်ကြီး… ဘာလို့ သက်ပြင်းချတာလဲ။”

လေခွင်းမြို့ဝန် ဝမ်တောက်ဖူက ဖြေလိုက်၏။ “ဒီယွင်အောက်ထျန်းက ဉာဏ်ပညာ ပြိုင်ဘက်ကင်းတယ် ဆိုပေမဲ့ သူသွားနေတဲ့ လမ်းက အရမ်း အန္တရာယ်များလွန်းတယ်။ အနည်းငယ်လေး မှားယွင်းသွားတာနဲ့ အရာအားလုံး ပျက်စီးသွားနိုင်တယ်။ ရေရှည် အန္တရာယ်များတဲ့ အလုပ်တွေချည်း လုပ်နေတာက အရည်အချင်းရှိတဲ့ မြို့စားတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး။”

ချူကျောင်းရန်ကလည်း ထိုသို့ ထင်မြင်သော်လည်း ဤစကားကို သူ ထုတ်မပြောရဲတော့ချေ။ ဝမ်တောက်ဖူက ပြော၍ ရသော်လည်း သူက မရပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်တောက်ဖူသည် အသက်အရွယ်ကြီးရင့်ပြီး လေးစားခံရသူ တစ်ဦး ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ လုပ်ရပ်များက အလွန် အန္တရာယ်များလွန်းလှသည်ဟု သူလည်း ထင်မြင်မိ၏။ ဥပမာအားဖြင့် ယခုတစ်ကြိမ် စစ်ထွက်ခြင်းသည် ချောက်ကမ်းပါးယံတွင် လမ်းလျှောက်နေသကဲ့သို့ပင်။

မြို့စားကျင်းက စစ်သည် နှစ်ထောင်တည်းနှင့် သစ်ရွက်ကြွေနယ်မြေကို သွားရောက် သိမ်းပိုက်မည် ဆိုသည်မှာ သေချာပေါက် ရန်သူက နှစ်ဆ၊ သုံးဆခန့် ပိုများနေမည် ဖြစ်ပြီး ရန်သူက ခံစစ်အနေအထားတွင် ရှိနေမှာဖြစ်သည်။

မြို့စား မော့ရယ်သည် ဆက်ခံသူကို ဆုံးရှုံးလိုက်ရသည်သာမက အလွန် ဒေါသထွက်နေချိန်လည်း ဖြစ်၏။

ထို့အပြင် သူ့အနေနှင့် သစ်ရွက်ကြွေနယ်မြေကို ကာကွယ်ရန်အတွက် အစွမ်းကုန် တိုက်ခိုက်မည်မှာ သေချာလှသည်။

ဝမ်းနည်းနေသော စစ်တပ်က သေချာပေါက် နိုင်မည် ဟူသော စကားလည်း ရှိသည် မဟုတ်ပါလား။ ယခု မြို့စား မော့ရယ် ဦးဆောင်နေသည်မှာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော ဝမ်းနည်းနေသည့် စစ်တပ်ပင် ဖြစ်၏။

လေခွင်းချိုင့်ဝှမ်း၏ ဆန်စပါး လက်ကျန်မှာ ဆန်ပြုတ် သောက်မည်ဆိုလျှင်ပင် ဆယ်ရက်ခန့်သာ ခံပေလိမ့်မည်။

အကယ်၍ ဆယ်ရက်အတွင်း သစ်ရွက်ကြွေနယ်မြေကို မသိမ်းပိုက်နိုင်ဘဲ ဆန်စပါး မလုယူနိုင်ပါက လေခွင်းချိုင့်ဝှမ်း အလုံးစုံ ပျက်စီးသွားတော့မှာ ဖြစ်၏။ တကယ်ကို အလွန် အန္တရာယ်များလွန်းသည့် အခြေအနေပင်။

……………….

သစ်ရွက်ကြွေနယ်မြေ၏ အဝင်ဝတွင် မြို့စား မော့ရယ်က စစ်သည် ရှစ်ထောင်ကို ဦးဆောင်ကာ ဤသုံးမိုင်ပင် မပြည့်သော ဂိတ်တံခါးတွင် ခံစစ်ပြင်ထား၏။ သူတပ်စွဲထားရာ နေရာမှာ တောင်ကြားတစ်ခု ဖြစ်ပြီး တကယ့် မြို့ရိုးကြီး မရှိဘဲ သစ်သားများဖြင့် တည်ဆောက်ထားသော ခံတပ်သာ ရှိသည်။

ထို့အပြင် ဤနေရာမှာ တကယ့် နိုင်ငံတစ်ခု မဟုတ်ဘဲ ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားတစ်ဦး၏ နယ်မြေသာ ဖြစ်နေ၏။

သို့ပေမည့် သစ်သားခံတပ် ဖြစ်လျှင်ပင် အမြင့် သုံးမီတာခန့် ရှိပြီး တောင်ကြားကို ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် တိုက်ခိုက်ရန် အလွန် ခက်ခဲပြီး ကာကွယ်ရန် လွယ်ကူသော နေရာမျိုး ဖြစ်သည်။

ကျင်းကျုံးယွဲ့က စစ်သည် နှစ်ထောင်ဖြင့် စစ်သည် ရှစ်ထောင် ကာကွယ်နေသော ခံတပ်ကို တိုက်ခိုက်မည် ဆိုသည်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှပေမည်။

ဤခံတပ်၏ နောက်ကွယ်တွင် သစ်ရွက်ကြွေနယ်မြေ ရှိပြီး နောက်ထပ် မိုင်အနည်းငယ် အကွာတွင် လယ်ယာမြေ ဧက တစ်သန်းခန့် ရှိ၏။

ထိုနေရာတွင် ဆန်စပါးများ တောင်လို ပုံနေပြီ ဖြစ်သည်။ မော့မိသားစုက လူတစ်သိန်းကျော် အသုံးပြုကာ ဆန်စပါး ရိတ်သိမ်းခြင်းမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နောက်ထပ် တစ်ရက်ခန့်ဆိုလျှင် ဆန်စပါး အားလုံး ရိတ်သိမ်းပြီးစီးတော့မှာ ဖြစ်သည်။

ထို့ကြောင့် သစ်ရွက်ကြွေနယ်မြေ တစ်ခုလုံးတွင် ဆန်စပါးပုံများ နေရာအနှံ့ ရှိနေပြီး တောင်လို ပုံနေတော့၏။ ယခုနှစ်တွင် အထွက်နှုန်း အလွန် ကောင်းမွန်ပြီး တစ်ဧကလျှင် ပိဿာ နှစ်ဆယ်ခွဲခန့် (၂၅၀ ကျင်း) အထိ စံချိန်တင် ထွက်ရှိခဲ့ရာ သစ်ရွက်ကြွေနယ်မြေ တစ်ခုလုံးမှ ဆန်စပါး တင်းပေါင်း သန်းချီ ထွက်ရှိခဲ့၏။

ဤပမာဏမှာ လေခွင်းချိုင့်ဝှမ်းရှိ လူအားလုံး နှစ်နှစ်နီးပါးခန့် စားသုံးရန် လုံလောက်ပေသည်။

မြို့စား မော့ရယ်က ခေါင်းတွင် အဖြူရောင် ပုဝါကို စည်းနှောင်ထားပြီး သစ်ရွက်ကြွေနယ်မြေ ခံတပ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။

“ဘာ… လေခွင်းချိုင့်ဝှမ်းက စစ်တပ် နှစ်ထောင်ပဲ လာတယ် ဟုတ်လား။” မြို့စား မော့ရယ်မှာ အလွန် အံ့ဩသွားပြီးနောက် အလွန် ဝမ်းသာသွားသလို ဒေါသလည်း အနည်းငယ် ထွက်သွား၏။

ဝမ်းသာရခြင်းမှာ ကျင်းကျုံးယွဲ့က စစ်တပ် နှစ်ထောင်သာ ခေါ်လာသောကြောင့် ဖြစ်သည်။ ဒေါသထွက်ရခြင်းမှာ ကျင်းကျုံးယွဲ့က မော့မိသားစုကို အလွန် အထင်သေးလွန်းပြီး သူ့ကိုပါ အထင်သေးလွန်းသောကြောင့် ဖြစ်သည်။

သူက စစ်သည် ရှစ်ထောင်ဖြင့် ခံတပ်ကို ကာကွယ်နေသည်ကို သူမက စစ်သည် နှစ်ထောင်တည်းဖြင့် လာရောက် တိုက်ခိုက်သည်မှာ ရူးသွားပြီလား။

ဤနှစ်ဝက်အတွင်း ကျင်းကျုံးယွဲ့က အလွန် သည်းခံနေခဲ့သောကြောင့် လူတိုင်းက သူမ၏ ကြမ်းတမ်း ရက်စက်မှုကို မေ့လျော့နေကြပြီး သူမကို အသုံးမကျသော အမျိုးသမီး တစ်ယောက်ဟုပင် ထင်မှတ်လာကြ၏။

ယခင်က ချိုရွှေမြို့နှင့် တိုက်ပွဲတွင်လည်း အပေါ်ယံ ဟန်ရေးပြရုံသာဖြစ်ပြီး ချိုရွှေမြို့က အသုံးမကျလွန်း၍သာ ထိုမျှ ဆိုးရွားစွာ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။

မြို့စား မော့ရယ်က မေးလိုက်၏။ “ယွင်အောက်ထျန်း ပါလာလား။”

“ပါလာပါတယ်။”

မြို့စား မော့ရယ်က အေးစက်စွာ ပြောလိုက်သည်။ “လာတာ အတော်ပဲ။ ဒီတိုက်ပွဲကို အခွင့်ကောင်းယူပြီး ကျင်းကျုံးယွဲ့ရဲ့ စစ်တပ် နှစ်ထောင်ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်။ ကျင်းကျုံးယွဲ့… မင်း တကယ် ရူးသွားတာပဲ။ သစ်ရွက်ကြွေနယ်မြေကို လာလုဖို့ စစ်သည် နှစ်ထောင်ပဲ ခေါ်လာရဲတယ်။ မင်းက နယ်စားများမဟာမိတ်အဖွဲ့က မင်းအတွက် တရားမျှတမှုကို ရှာပေးမယ်လို့ တကယ်ကြီး ထင်နေတာလား။ တကယ်လို့ အဲဒီလိုသာဆိုရင် ဒီနေ့ တိုက်ပွဲဆိုတာ ရှိလာမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့သည် ဤမျှအထိ လုံးဝ မရိုးအခဲ့ချေ။ ထန်ထိုင်မိသားစုက နယ်စားများမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုကာ မော့မိသားစုကို သစ်ရွက်ကြွေနယ်မြေ ပြန်ပေးရန် တရားဝင် အမိန့်ချမှတ်ခဲ့သော်လည်း သူတို့က လေခွင်းချိုင့်ဝှမ်းအတွက် စစ်တပ် စေလွှတ်ပေးမည် မဟုတ်ကြောင်း သေချာ၏။

အများဆုံး လုပ်ပေးနိုင်သည်မှာ လေခွင်းချိုင့်ဝှမ်းအနေဖြင့် သစ်ရွက်ကြွေနယ်မြေကို လာရောက် လုယူရန် တရားဝင် အကြောင်းပြချက် ရှိသွားစေခြင်းနှင့် နောက်ပိုင်းတွင် ပိတ်ဆို့အရေးယူမှုများ မခံရစေရန်သာ ဖြစ်သည်။

ထိုသို့ဆိုလျှင် ကျင်းကျုံးယွဲ့ ဦးဆောင်သော စစ်သည် နှစ်ထောင်က မြို့စား မော့ရယ်၏ စစ်သည် ရှစ်ထောင်ကို အနိုင်ရနိုင်မည်လား။ ထို့အပြင် ရန်သူက ခံတပ်ကိုပါ ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလား။

နားထောင်ကြည့်လျှင် လုံးဝ မဖြစ်နိုင်ဟု ထင်ရပေသည်။ မြို့စား မော့ရယ်မှာလည်း အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ယခင်က မြို့စားကျင်းအဲ့နှင့် အကြိမ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ဖူး၏။

သူ မနိုင်ခဲ့သော်လည်း ကျင်းအဲ့ သစ်ရွက်ကြွေနယ်မြေကို ပြန်မယူနိုင်ခဲ့ခြင်းက ပြဿနာကို ရှင်းလင်းစွာ ဖော်ပြနေသည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် အင်အား ကွာဟချက်ကလည်း အလွန် ကြီးမားနေ၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ နိုင်နိုင်ခြေ ရှိသည်။

ယွင်ကျုံးဟဲ့က မော့မိသားစုထံ ဆက်သခဲ့သော သံချပ်ကာဝတ်စုံနှင့် လက်နက် သုံးထောင်ကို မှတ်မိသေးသည်လား။

ထိုသံချပ်ကာဝတ်စုံများနှင့် လက်နက်များမှာ လေခွင်းချိုင့်ဝှမ်းက ဈေးကြီးပေး ဝယ်ယူခဲ့ရသော အလွန် ကောင်းမွန်သည့် ပစ္စည်းများ ဖြစ်၏။ ယခု ထိုသံချပ်ကာဝတ်စုံများကို မော့မိသားစု၏ အတော်ဆုံး စစ်သည် သုံးထောင်က ဝတ်ဆင်ထားကြသည်။

သေချာပေါက် ယွင်ကျုံးဟဲ့က အလွန် ကောက်ကျစ်စဉ်းလဲပြီး ရက်စက်သူဖြစ်ရာ ဤသံချပ်ကာဝတ်စုံများတွင် ပြဿနာ ရှိမည်ကို မော့မိသားစုက စိုးရိမ်ခဲ့ကြ၏။

ထို့ကြောင့် မော့ရယ်က အတော်ဆုံး ပညာရှင်များကို ခေါ်ယူကာ စစ်ဆေးစေခဲ့ပြီး ထန်ထိုင်မိသားစုမှ လူများကိုပင် လာရောက် စစ်ဆေးစေခဲ့သေးသည်။

သံချပ်ကာဝတ်စုံ အချို့ကို ခွဲခြမ်းကြည့်ကာ အရည်ကျို၍ ပြန်လည် ပုံလောင်းကြည့်သည့်တိုင် မည်သည့် ပြဿနာကိုမှ မတွေ့ရှိခဲ့ရချေ။ အလွန် ကောင်းမွန်သော သံချပ်ကာဝတ်စုံများ ဖြစ်နေ၏။

ပြဿနာ ရှာတွေ့နိုင်လျှင်မှ ထူးဆန်းနေမည် ဖြစ်သည်။ ယွင်ကျုံးဟဲ့က အာဆင်းနစ်အဆိပ်ကို သံချပ်ကာ ဝတ်စုံများ၏ သံရည်များထဲသို့ ရောနှောထည့်သွင်းထားခြင်း ဖြစ်သည်။

ဤကဲ့သို့သော အဆိပ်ခတ်သည့် နည်းလမ်းမှာ ဤခေတ်ကာလ၏ အသိပညာထက် အလွန် ကျော်လွန်နေပြီ ဖြစ်ရာ လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

ထို့အပြင် မော့မိသားစုက သံချပ်ကာဝတ်စုံများ လိုအပ်နေပြီး ယခုကဲ့သို့ အရေးကြီးသော တိုက်ပွဲတွင် မြို့စား မော့ရယ်အနေဖြင့် မိမိ၏ စစ်တပ်ကို ဤသံချပ်ကာဝတ်စုံများ မဝတ်ဆင်ခိုင်းဘဲ နေမည်လား။ ထို့အပြင် ကျင်းမိသားစု၏ သံချပ်ကာများကို ဝတ်ဆင်၍ ကျင်းမိသားစုကို တိုက်ခိုက်ခြင်းက ကျင်းကျုံးယွဲ့ကို ပို၍ ဒေါသထွက်စေမည် မဟုတ်ပါလား။

……………..

All Chapters