← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 11 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 11 Ch. 125-126

အပိုင်း (၁၂၅)

ဇွန်လ ၁၆ ရက်နေ့

နှစ်ရက်ခန့် ကြာပြီးနောက် ကျင်းကျုံးယွဲ့ ဦးဆောင်သော စစ်သည် နှစ်ထောင်သည် သစ်ရွက်ကြွေနယ်မြေ အဝင်ဝရှိ ခံတပ်အောက်သို့ ရောက်ရှိလာကြ၏။

“မြို့စားမင်း… ရောက်လာကြပြီ။” စာရေးတော်ကြီး ယန်ရွေ့ရှန်က ပြောလိုက်သည်။

မြို့စား မော့ရယ်က မျက်လုံးကို မှေးကျဉ်းကာ အလွန် မုန်းတီးသော အကြည့်များဖြင့် ကြည့်လိုက်၏။ “ကျင်းကျုံးယွဲ့၊ ယွင်အောက်ထျန်း… မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပေါ့။ တကယ်ပဲ စစ်သည် နှစ်ထောင်တည်း ခေါ်လာတာပဲ။

ယွင်အောက်ထျန်း… ကျုပ် ခင်ဗျားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ဖို့ စောင့်နေတာ။ ကျုပ် ကိုယ်တိုင် ခင်ဗျားကို တစ်ပိုင်းချင်းစီ ခုတ်ထစ်ပစ်မယ်။

ကျင်းကျုံးယွဲ့… မင်းက အလွန် လှပတဲ့သူလေးပဲ။ ဒီနေ့ ကျုပ်လက်ထဲ ရောက်လာရင် ယွင်အောက်ထျန်း ရှေ့မှာတင် မင်းကို အသက်ရှင်လျက်နဲ့ သေချင်စိတ် ပေါက်လာအောင် နှိပ်စက်ပစ်မယ်။

ကျင်းကျုံးယွဲ့ သေသွားရင် ကျန်တဲ့ ကျင်းဝူပြန်းဆိုတဲ့ အသုံးမကျတဲ့ကောင်နဲ့ ကျင်းမိသားစုက လုံးဝ ပျက်စီးသွားပြီပဲ။ ပြီးရင် ကျုပ်က စစ်တပ်ကြီးကို ဦးဆောင်ပြီး လေခွင်းမြို့ထဲ ဝင်ကာ ကျင်းမိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ်။ ကျင်းမိသားစုက မိန်းမတွေ အကုန်လုံးကို နှိပ်စက်သတ်ဖြတ်ပြီး ကျုပ်သား မော့ချိုအတွက် ကလဲ့စားချေမယ်။”

……………….

ကျင်းကျုံးယွဲ့၏ စစ်သည် နှစ်ထောင်က ခံတပ်နှင့် တဖြည်းဖြည်း နီးကပ်လာ၏။ သို့ပေမည့် မီတာ တစ်ထောင်ခန့် အကွာသို့ ရောက်ချိန်မှာတော့ ကျင်းကျုံးယွဲ့က ချက်ချင်း အမိန့်ပေးလိုက်သည်။ “ရပ်… ဒီနေရာမှာ စခန်းချမယ်။”

ကျင်းကျုံးယွဲ့က ခံတပ်ကို တိုက်ရိုက် မတိုက်ခိုက်သောကြောင့် မြို့စား မော့ရယ် အနည်းငယ် စိတ်ပျက်သွား၏။ သို့ပေမည့် ဤသည်မှာ မထူးဆန်းလှချေ။ ကျင်းကျုံးယွဲ့၏ စစ်သည် နှစ်ထောင်မှာ ခရီးမိုင်တစ်ရာကျော် လျှောက်လာရသောကြောင့် ပင်ပန်းနေမည်ဖြစ်ရာ တိုက်ရိုက် တိုက်ခိုက်၍ မဖြစ်နိုင်ပေ။

ထို့နောက် ကျင်းကျုံးယွဲ့ ခေါ်ဆောင်လာသော အထူးစစ်သည် နှစ်ထောင်က စခန်းချရန် ပြင်ဆင်ကြတော့၏။

ချက်ချင်းပဲ မြို့စား မော့ရယ်မှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ဤအချိန်တွင် ကျင်းကျုံးယွဲ့၏ စစ်သည် နှစ်ထောင်က ပင်ပန်းနေချိန် ဖြစ်ရာ အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုက်ပါက သူတို့ကို အလစ်အငိုက် ဖမ်းနိုင်မှာ ဖြစ်၏။ သို့ပေမည့် ကိုယ်တိုင် ထွက်တိုက်မည်ဆိုပါက ခံတပ်၏ အားသာချက်ကို ဆုံးရှုံးသွားမည် မဟုတ်ပါလား။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် မြို့စား မော့ရယ်က ထိုသွေးဆောင်မှုကို ငြင်းပယ်လိုက်ပြီး ခံတပ်ကိုသာ ဆက်လက် ကာကွယ်ကာ ကျင်းကျုံးယွဲ့ လာရောက် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။

ယွင်ကျုံးဟဲ့က ကောင်းကင်မှ ပူပြင်းလှသော နေမင်းကြီးကို မော့ကြည့်လိုက်မိသည်။ တကယ်ကို ပူပြင်းလွန်းလှပြီး လူကိုပင် ကျက်သွားစေနိုင်မည့် အပူချိန်မျိုး ဖြစ်၏။ အဆိပ်သင့် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော မော့မိသားစု၏ စစ်သည်များ အဆိပ်သင့်လုနီးပါး သို့မဟုတ် စတင် အဆိပ်သင့်နေလောက်ပြီ ဖြစ်သည်။

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။

သုံးရက်မြောက်နေ့သို့ပင် ရောက်ရှိနေပြီဖြစ်၏။ သို့ပေမည့် ကျင်းကျုံးယွဲ့က စခန်းချထားဆဲ ဖြစ်ပြီး တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မပြချေ။ ဤသည်မှာ ယွင်ကျုံးဟဲ့၏ အလိုဆန္ဒအတိုင်းပင် ဖြစ်သည်။

ရာသီဥတုက တကယ်ကို ပူပြင်းလွန်းလှသည်။ ယွင်ကျုံးဟဲ့ ဆက်သခဲ့သော သံချပ်ကာဝတ်စုံ သုံးထောင်မှာ အလွန် ကောင်းမွန်သောကြောင့် ထိုဝတ်စုံများကို ဝတ်ဆင်ထားသော မော့မိသားစု၏ စစ်သည် သုံးထောင်မှာ အတော်ဆုံး စစ်သည်များ ဖြစ်ကြပြီး အရေးကြီးသော ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြရသည်။

တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ဤသံချပ်ကာဝတ်စုံများကို ချွတ်၍ မရချေ။ ယခင်က ကျင်းမိသားစု၏ စစ်တပ် မလာသေးချိန်တွင် မဝတ်ဘဲ နေ၍ ရသော်လည်း ယခု ကျင်းကျုံးယွဲ့ ရောက်ရှိလာပြီ ဖြစ်ရာ သံချပ်ကာဝတ်စုံများကို အချိန်ပြည့် ဝတ်ဆင်ထားရမှာ ဖြစ်၏။

အိပ်ချိန်တွင်ပင် ဝတ်ဆင်ထားရ၏။ ရန်သူက ညဘက် လာရောက် တိုက်ခိုက်လျှင် အချိန်သည် အသက်၊ အချိန်သည် အောင်ပွဲ ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ရာသီဥတုက အလွန် ပူပြင်းလွန်းသောကြောင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေတော့၏။ နေ့ဘက် နေပူထဲတွင် အတွင်းခံ အင်္ကျီများကို မချွတ်ရဲသော်လည်း ညဘက်ရောက်ချိန်မှာတော့ စစ်သည် အများစုက သည်းမခံနိုင်တော့ဘဲ အတွင်းခံ အင်္ကျီများကို ချွတ်ကာ သံချပ်ကာဝတ်စုံများကို တိုက်ရိုက် ဝတ်ဆင်ကြတော့သည်။ ထိုမှသာ အတော်လေး အေးမြသွား၏။

သို့ပေမည့် ဤသံချပ်ကာဝတ်စုံများက အနည်းငယ် ကြမ်းတမ်းပြီး ထက်ရှသော နေရာများ ရှိသောကြောင့် ပွတ်တိုက်မိရာမှ အရေပြားများ ပွန်းပဲ့ထိခိုက်မှုများ ရှိလာသည်။ ထိုစစ်သည်များက အသားအရေ ထူထဲကြမ်းတမ်းကြသောကြောင့် ဤပွန်းပဲ့မှု အနည်းငယ်ကို ဂရုမစိုက်ကြချေ။

ညဘက် သံချပ်ကာဝတ်စုံကို တိုက်ရိုက် ဝတ်ဆင်ရသည်မှာ အတော်လေး သက်သောင့်သက်သာ ရှိပြီး အေးမြကာ အပူလည်း မြန်မြန် စွန့်ထုတ်နိုင်သည် မဟုတ်ပါလား။

ဤသို့ဖြင့် သံချပ်ကာဝတ်စုံပေါ်ရှိ အာဆင်းနစ် အဆိပ်များက ဒဏ်ရာမှတစ်ဆင့် သွေးကြောထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားတော့၏။ ဤအဆိပ်က မီလီဂရမ် ရာဂဏန်းလောက်ဖြင့်ပင် သေစေနိုင်စွမ်း ရှိသည်။

အစပိုင်းတွင် သတိမထားမိကြသော်လည်း တဖြည်းဖြည်းနှင့် ထိုစစ်သည်များမှာ ခေါင်းမူးလာကာ အိပ်ချင်စိတ်များ ဖြစ်ပေါ်လာကြ၏။

သို့ပေမည့် မည်သူကမှ ထူးခြားသည်ဟု မထင်ကြချေ။ ရာသီဥတု ပူပြင်းသောကြောင့် အပူရှပ်ခြင်းသာ ဖြစ်မည်ဟု ယူဆကာ ခေါင်းမူးလျှင် အိပ်လိုက်ရုံဖြင့် သက်သာသွားမည်ဟု ထင်နေကြသည်။

ဤသည်မှာ အာဆင်းနစ် အဆိပ်သင့်ခြင်း၏ ပုံမှန် လက္ခဏာများဖြစ်သော ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ မော့မိသားစု၏ အထူးစစ်သည်များ အဆိပ်သင့်မှု ပိုမို ပြင်းထန်လာတော့သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကုန်ဆုံးသွား၏။

ဤသံချပ်ကာဝတ်စုံများ မော့မိသားစုထံ ရောက်ရှိလာသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ရာ ယခင်က ဘာကြောင့် အဆိပ်မသင့်ဘဲ ယခုမှ အဆိပ်သင့်ရသနည်းဟု အချို့က မေးကောင်း မေးနိုင်ပေသည်။

အကြောင်းမှာ ပိုင်ရှင်မဲ့ နယ်မြေတွင် သံချပ်ကာဝတ်စုံများက အလွန် ရှားပါးပြီး တန်ဖိုးကြီးမားသောကြောင့် သာမန် လေ့ကျင့်ရေး အချိန်များတွင် မည်သူကမှ အချိန်ကြာမြင့်စွာ မဝတ်ဆင်ရက်ကြချေ။

တကယ့် တိုက်ပွဲ ဖြစ်ပွားမည့် အချိန်ရောက်မှသာ တစ်ကိုယ်လုံး ဝတ်ဆင်ကြခြင်း ဖြစ်၏။ ထိုသံချပ်ကာ ဝတ်စုံများကို ပုံမှန်အားဖြင့် သေချာစွာ သိမ်းဆည်းထားကြပြီး သံချေးမတက်စေရန် ရက်အနည်းငယ်ခြား တစ်ခါ ဆီသုတ်ကာ ပြောင်လက်နေအောင် တိုက်ချွတ်ကြရသည်။

သံချပ်ကာဝတ်စုံ တစ်စုံလျှင် ငွေတုံး ရာချီ တန်ဖိုးရှိသောကြောင့် အလွန် အဖိုးတန်လှပေသည်။ စစ်ချီရာတွင်ပင် သံချပ်ကာဝတ်စုံများကို နွားလှည်းများဖြင့် တင်ဆောင်ကြရ၏။ အလွန် လေးလံသောကြောင့် ကိုယ်တိုင် ဝတ်ဆင်၍ စစ်ချီပါက အလွန် နှေးကွေးသွားမှာ ဖြစ်သောကြောင့်ပင်။

ဤသို့ဖြင့် သုံးရက်အတွင်း အာဆင်းနစ် အဆိပ်များက မော့မိသားစု၏ စစ်သည်များ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်သွားတော့၏။

အဆိပ်သင့်နေသော စစ်သည်များက စတင် အော့အန်လာပြီး ဝမ်းလျှောလာကြသည်။ လက္ခဏာများက ပိုမို သိသာလာကာ အရေအတွက်လည်း ပိုများလာသည်။

“မြို့စားမင်း… ဒုက္ခရောက်ပါပြီ။ ဒုက္ခရောက်ပါပြီ။ စစ်တပ်ထဲမှာ ကပ်ရောဂါ ဖြစ်နေပါပြီ။ စစ်သည် အများအပြား အော့အန် ဝမ်းလျှော ဖြစ်နေကြပြီး ကူးစက်ခံရသူ အရေအတွက်က ပိုပိုများလာပါတယ်။” စာရေးတော်ကြီး ယန်ရွေ့ရှန်က ထိတ်လန့်တကြားဖြင့် သတင်းပို့လိုက်၏။

မြို့စား မော့ရယ် အလွန် အံ့ဩသွားကာ ခမ်းနားသော တဲအိမ်ထဲမှ ချက်ချင်း ပြေးထွက်လာသည်။ တပ်စခန်းထဲတွင် အလွန် ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်နေပြီး စစ်သည် အများအပြားမှာ အော့အန်ခြင်း၊ ဝမ်းသွားခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ကပ်ရောဂါ၏ လက္ခဏာများပင် ဖြစ်၏။ ဤအချိန်အထိ မြို့စား မော့ရယ်က သံချပ်ကာဝတ်စုံများတွင် အဆိပ်ရှိသည်ဟု မထင်သေးဘဲ ကပ်ရောဂါဟုသာ ထင်နေသေးသည်။ ထို့အပြင် ယွင်ကျုံးဟဲ့၏ အကြံအစည်ဟု ယူဆထား၏။

ယွင်ကျုံးဟဲ့က စစ်တပ်ကို ကပ်ရောဂါ မည်သို့ ကူးစက်စေခဲ့သည်ကို မသိရသော်လည်း သူ၏ အဆိပ်ပြင်းသော အကြံအစည် ဖြစ်မည်မှာ သေချာလှသည်။ မဟုတ်လျှင် သူတို့ မလာမီက ဘာမှမဖြစ်ဘဲ သူတို့ ရောက်လာမှ ကပ်ရောဂါ ဖြစ်ရမည်လား။

“မကောင်းတော့ဘူး။ ဒါက ယွင်အောက်ထျန်းရဲ့ အကြံအစည်ပဲ။ ဒါကြောင့် ဒီရက်ပိုင်း ကျင်းကျုံးယွဲ့က လာမတိုက်ဘဲ နေနေတာ။ ဒါက ယွင်အောက်ထျန်းရဲ့ အဆိပ်ပြင်းတဲ့ အကြံပဲ။ ကျုပ်တို့ စစ်တပ်ကို ကပ်ရောဂါ ကူးစက်စေပြီး စစ်တပ်ကြီး တစ်ခုလုံး ပြိုကွဲသွားအောင် လုပ်တာပဲ။”

မြို့စား မော့ရယ်က ဒေါသတကြီး မေးလိုက်၏။ “အခု ကပ်ရောဂါ ကူးစက်ခံရတဲ့ စစ်သည် ဘယ်လောက် ရှိလဲ။”

“ခြောက်ရာ၊ ခုနစ်ရာလောက် ရှိပါတယ်။ ပြီးတော့ ကူးစက်ခံရသူ ပိုပိုများလာနေတယ်။” စာရေးတော်ကြီး ယန်ရွေ့ရှန်က ဖြေလိုက်သည်။

ခြောက်ရာ၊ ခုနစ်ရာဆိုသည်မှာ စုစုပေါင်း အင်အား၏ ဆယ်ပုံတစ်ပုံပင် မပြည့်သေးချေ။ ဤအရေအတွက်က မများသောကြောင့် စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းရည်ကို မထိခိုက်နိုင်သေးပေ။

မြို့စား မော့ရယ်မှာ အလွန် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရမည့် အခြေအနေသို့ ရောက်ရှိသွား၏။ ဆက်လက်၍ ခံစစ် ယူထားရမည်လား။ ဤသို့ဆိုလျှင် ကပ်ရောဂါ ကူးစက်ခံရသူ ပိုများလာမည်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းရည်များ ကျဆင်းလာမည် ဖြစ်သည်။ စစ်တပ်ကို ပြန်ဆုတ်ရန်မှာလည်း လုံးဝ မဖြစ်နိုင်ချေ။

ဤသို့ဆိုလျှင် လမ်းတစ်လမ်းသာ ကျန်တော့၏။ ကိုယ်တိုင် သွားရောက် တိုက်ခိုက်ရန်ပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပါက ခံတပ်၏ အားသာချက်ကို ဆုံးရှုံးသွားမည် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကပ်ရောဂါ ကူးစက်ခံရသူ ပိုများလာပါက ပို၍ အခြေအနေ ဆိုးရွားသွားမှာ ဖြစ်သည်။

ယခုအချိန်တွင် မြို့စား မော့ရယ်လက်အောက်၌ စစ်သည် ခုနစ်ထောင်ခန့် ကျန်ရှိနေသေးရာ ကျင်းကျုံးယွဲ့ထက် သုံးဆခန့် ပိုများနေသေးပြီး အနိုင်ရနိုင်ခြေ ရှိနေဆဲ ဖြစ်သည်။ အကျအဆုံး အနည်းငယ် များမည်သာ ဖြစ်၏။

ထို့ကြောင့် မြို့စား မော့ရယ်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ “စစ်တပ် အားလုံး စုဝေးပြီး ကျင်းကျုံးယွဲ့ကို သွားတိုက်မယ်။”

မြို့စား မော့ရယ်၏ အမိန့်ပေးသံနှင့်အတူ မော့မိသားစုက စစ်သည် တစ်ထောင်ကို ခံတပ်တွင် ချန်ထားခဲ့ပြီး ကျန်စစ်သည် ခြောက်ထောင်က စတင် စုဝေးကြတော့၏။

“မြို့စားမင်း… မော့မိသားစုရဲ့ စစ်တပ်တွေ စုဝေးနေကြပါပြီ။ လာတိုက်ဖို့ ပြင်နေပုံ ရတယ်။” ကျင်းကျုံးယွဲ့ဘက်မှလည်း သတင်းချက်ချင်း ရရှိလိုက်သည်။

ယွင်ကျုံးဟဲ့မှာ အနည်းငယ် လန့်သွား၏။ ‘မော့ရယ်က ဒီလောက် မြန်မြန် ဆုံးဖြတ်ချက် ချလိုက်တာလား။’

“သူ လူဘယ်လောက် စုထားလဲ။ အမြင့်ကနေ ကြည့်ရသလောက် မော့မိသားစု စစ်တပ်ထဲမှာ ကပ်ရောဂါ ကူးစက်ခံရသူ များလား။” ယွင်ကျုံးဟဲ့က အလောတကြီး မေးလိုက်သည်။

ကင်းထောက်က ပြန်ဖြေ၏။ “မြို့စား မော့ရယ်က လူခြောက်ထောင်လောက် စုထားတယ်။ ကပ်ရောဂါ ကူးစက်ခံရသူ သိပ်မများဘူးလို့ ထင်ရတယ်။ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိမယ်။”

ယွင်ကျုံးဟဲ့မှာ ခက်ခဲသွားပြီဟု ခံစားလိုက်ရ၏။ အခြေအနေက သူထင်ထားသလို မကောင်းမွန်လှချေ။ မူလက သူ မျှော်လင့်ထားသည်မှာ မော့မိသားစု စစ်တပ်တွင် အဆိပ်သင့်သူ ပိုမို များပြားလာကာ လဲကျသူများလာပြီး ကပ်ရောဂါဟု ထင်မှတ်ကာ စစ်တပ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားစေရန် ဖြစ်သည်။

ထိုအခါမှ စိတ်ဓာတ်ကျဆင်းနေသော စစ်တပ်ကို အလွယ်တကူ တိုက်ခိုက်ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သို့ပေမည့် မြို့စား မော့ရယ်က ဤမျှ ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကပ်ရောဂါ စတင်ဖြစ်ပွားသည်ဟု ထင်လိုက်သည်နှင့် တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ဤအချိန်တွင် မော့မိသားစု စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ မထိခိုက်သေးသလို စိတ်ဓာတ်လည်း တက်ကြွနေဆဲ ဖြစ်၏။

ကွင်းပြင်တိုက်ပွဲ ဖြစ်လျှင်တောင်မှ နှစ်ထောင်နှင့် ခြောက်ထောင်ဆိုသည်မှာ အင်အားကွာဟချက် အလွန် ကြီးမားနေသေးသည်။

ကျင်းကျုံးယွဲ့က အလွန် အစွမ်းထက်ပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကြောင်း ကြားဖူးသော်လည်း သူမက တစ်ယောက်တည်းသာ ဖြစ်သည်။ မြို့စား မော့ရယ်မှာလည်း စစ်မြေပြင် အတွေ့အကြုံရင့် စစ်သူကြီး တစ်ဦး ဖြစ်၏။

ကျင်းကျုံးယွဲ့၏ စစ်သည် နှစ်ထောင်က သုံးဆမျှ များပြားသော ရန်သူကို ရင်ဆိုင်ရမည်ဆိုသည်မှာ အလွန် အန္တရာယ်များလှ၏။ အကယ်၍ ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားပါက လေခွင်းချိုင့်ဝှမ်းလည်း လုံးဝ ပျက်စီးသွားတော့မှာ ဖြစ်သည်။

ဤအချိန်တွင်မှ ဤလောကတွင် ပြီးပြည့်စုံသော အစီအစဉ်ဆိုသည်မှာ လုံးဝ မရှိကြောင်း ယွင်ကျုံးဟဲ့ အသေအချာ နားလည်သွားတော့၏။ သို့ပေမည့် လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ပြန်ဆုတ်၍ မရတော့ချေ။ ဤတိုက်ပွဲက မလွှဲမရှောင်သာ ဖြစ်ပွားရတော့ပေမည်။

ကျင်းကျုံးယွဲ့က အနီရောင် ခြုံလွှာကို တိုက်ရိုက် ဝတ်ဆင်လိုက်ကာ သူမ၏ လှံရှည်ကို ကိုင်ဆောင်လိုက်၏။ ဤလှံရှည်ကမှ သူမ၏ စစ်မြေပြင် လက်နက်စစ်စစ် ဖြစ်ပုံရသည်။

“စစ်တပ် အားလုံး စုဝေး… တိုက်ပွဲအတွက် ပြင်ဆင်။”

ကျင်းကျုံးယွဲ့၏ အမိန့်ပေးသံနှင့်အတူ လေခွင်းချိုင့်ဝှမ်း၏ စစ်သည် နှစ်ထောင် စတင် စုဝေးကာ တပ်ဖြန့်လိုက်ကြ၏။

နှစ်နာရီခန့် အကြာတွင် မော့မိသားစု၏ စစ်သည် ခြောက်ထောင်နှင့် ကျင်းမိသားစု၏ စစ်သည် နှစ်ထောင်တို့ အားလုံး စုဝေးပြီးစီးသွားကြပြီ ဖြစ်သည်။

မီတာ နှစ်ထောင်ခန့် အကွာမှ မြို့စား မော့ရယ်က မြင်းဖြူပေါ်တွင် ရှိနေသော ကျင်းကျုံးယွဲ့ကို မြင်တွေ့လိုက်ရ၏။

အနီရောင် အစက်လေး တစ်စက်မျှသာ ဖြစ်သော်လည်း မြို့စား မော့ရယ်၏ ရင်ထဲတွင်မူ နက်ရှိုင်းလှသော အမုန်းတရားများ ပြည့်နှက်နေသည်။

‘ကျင်းကျုံးယွဲ့… ကျုပ်ရဲ့ လူခြောက်ထောင်နဲ့ မင်းရဲ့ လူနှစ်ထောင်ကို တိုက်မှာလား။ မင်း ရှုံးမှာ သေချာတယ်၊ သေရမှာ သေချာတယ်။ မင်းက အပျိုစင်လေးပဲ ရှိအုံးမယ် ထင်တယ်။ ခဏနေကျရင် မင်းကို အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်လောက် နှိပ်စက်ပြီး ဒီလောကမှာ လူလာဖြစ်ရတာကို နောင်တရသွားအောင် လုပ်ပစ်မယ်။ လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစု… ဒီနေ့ ပျက်စီးသွားပြီပဲ။’

………………………

အပိုင်း (၁၂၆)

ကျင်းကျုံးယွဲ့၏ လှပကျော့ရှင်းလှသော ကိုယ်လုံးလေးက မြင်းဖြူပေါ်တွင် ရှိနေကာ မော့မိသားစု၏ စစ်သည် ခြောက်ထောင်ကို စိုက်ကြည့်နေသည်။ ထို့နောက် သူမက ယွင်ကျုံးဟဲ့ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

ပြီးနောက် အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်၏။ “တိုက်ခိုက်ကြ… သတ်”

ထို့နောက် သူမက တစ်ယောက်တည်း မြင်းစီးကာ မော့မိသားစု၏ စစ်သည် ခြောက်ထောင်ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ယွင်ကျုံးဟဲ့မှာ ရူးသွပ်လုမတတ် ဖြစ်သွား၏။ ‘သောက်ကျိုးနည်း… ကျင်းကျုံးယွဲ့… ခင်ဗျား ရူးသွားပြီလား။ ခင်ဗျားက လူနှစ်ထောင်ကို ဦးဆောင်ပြီး လူခြောက်ထောင်ကို သွားတိုက်မှာလေ။ အခု တစ်ယောက်တည်း ပြေးဝင်သွားတာလား။ ဒီလောက် ရူးသွပ်မနေပါနဲ့။ ခင်ဗျား သေသွားရင် ကျုပ်က ဘယ်သူ့ကို သွားလက်ထပ်ရမှာလဲ။ ကျုပ် ခင်ဗျားကို လက်ထပ်ခွင့်တောင် မတောင်းရသေးဘူးလေ။’

ယွင်ကျုံးဟဲ့မှာ လေခွင်းမြို့စားအိမ်တော်မှာတည်းက လက်ထပ်ခွင့် တောင်းခဲ့သင့်သည်ဟု တွေးလိုက်ကာ အနည်းငယ် နောင်တရသွားမိသည်။

သို့ပေမည့် ကျင်းကျုံးယွဲ့က ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။ ယွင်ကျုံးဟဲ့၏ အစီအစဉ်များအတွက် သူမက အလျှော့ပေး သည်းခံနေခဲ့ရသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီ ဖြစ်၏။

ဤနှစ်ဝက်အတွင်း လူတိုင်းက ကျင်းကျုံးယွဲ့ကို အသုံးမကျသူ၊ သတ္တိမရှိသူ၊ ကြောက်တတ်သူအဖြစ် ထင်မြင်လာကြ၏။ ရန်သူများသာမက သူမ၏ လက်အောက်ငယ်သားများကပင် ထိုသို့ ထင်မြင်လာကြသည်။

သူမ၏ စစ်တပ်က သစ္စာရှိဆဲ ဖြစ်သော်လည်း သူမကို ကြည့်သည့် အကြည့်များက သံသယများ ပြည့်နှက်နေကြပြီ ဖြစ်၏။ သူမ အလွန် စိတ်မွန်းကြပ်နေခဲ့ရသည်။ သူမအနေဖြင့် ရူးသွပ်စွာ ပေါက်ကွဲထွက်ရန် လိုအပ်နေပြီး တိုက်ပွဲတစ်ခု၊ ရူးသွပ်သော သတ်ဖြတ်မှု တစ်ခုကို လိုအပ်နေခဲ့၏။

‘ဒီနေ့… တကယ့် ကျင်းကျုံးယွဲ့ဆိုတာ ဘယ်လိုလဲ၊ တကယ့် နတ်ဆိုးမလေးဆိုတာ ဘယ်လိုလဲဆိုတာ ရှင်တို့ကို ပြသပေးမယ်။’

မြို့စား မော့ရယ်က ကျင်းကျုံးယွဲ့ တစ်ယောက်တည်း ပြေးဝင်လာသည်ကို မြင်ချိန်မှာတော့ အလွန် အံ့ဩသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားတော့၏။ ချက်ချင်းပဲ သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

“တိုက်… တိုက်… တိုက်… သူ့ကို သတ်လိုက်။ မဟုတ်ဘူး… မဟုတ်ဘူး… အရှင်ဖမ်း။ ကျုပ် သူ့ကို မုဒိမ်းကျင့်ပြီးမှ သတ်ပစ်မယ်။ မုဒိမ်းကျင့်ပြီးမှ သတ်ပစ်မယ်။”

သူ၏ အမိန့်ပေးသံနှင့်အတူ စစ်သည် ခြောက်ထောင်က ဒီရေလှိုင်းများအလား ကျင်းကျုံးယွဲ့ဆီသို့ ပြေးဝင်လာကြတော့၏။ မြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေ၏။

ကျင်းကျုံးယွဲ့၏ နောက်မှ စစ်သည် နှစ်ထောင်မှာလည်း ရူးသွပ်လုမတတ် ဖြစ်သွားကြ၏။ အထူးသဖြင့် မြင်းစီးသူရဲ တစ်ထောင် ဖြစ်သည်။ မြို့စားကျင်းက ဤမျှ ရူးသွပ်စွာ တစ်ယောက်တည်း ပြေးဝင်သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြချေ။

“မြန်မြန်… မြန်မြန်… မြန်မြန်… မြို့စားမင်းကို သွားကာကွယ်… မြို့စားမင်းကို သွားကာကွယ်ကြ…” မြင်းစီးတပ်မှူးက အော်ဟစ်လိုက်ရာ ကျင်းမိသားစု၏ မြင်းစီးသူရဲ တစ်ထောင်က ရူးသွပ်စွာ ပြေးထွက်သွားကြတော့၏။

ကျန်ရှိသော ခြေလျင်စစ်သည် တစ်ထောင်ကလည်း ရူးသွပ်စွာ ပြေးထွက်လာကြပြီး ကျင်းကျုံးယွဲ့ကို မှီအောင် အသည်းအသန် လိုက်ကြသည်။

သို့ပေမည့် ကျင်းကျုံးယွဲ့ စီးနှင်ထားသည်မှာ မိုင်တစ်ထောင် ပြေးနိုင်သော မြင်းကောင်းတစ်ကောင် ဖြစ်ရာ အလွန် မြန်ဆန်လွန်းသောကြောင့် နောက်မှ ကျင်းမိသားစု၏ စစ်တပ်က လုံးဝ မှီအောင် မလိုက်နိုင်တော့ချေ။

သူမ၏ အရှိန်က ပိုပို မြန်လာ၏။ ပို၍လည်း ရူးသွပ်လာသည်။ အနီရောင် ခြုံလွှာကို ဝတ်ဆင်ထားသောကြောင့် ယခုအချိန်တွင် သူမက တကယ့်ကို မီးတောက်ကြီး တစ်ခုအလား ဖြစ်နေ၏။

‘တကယ့် ကျင်းကျုံးယွဲ့ဆိုတာ ဘယ်လိုလဲဆိုတာ မင်းတို့ကို ပြသပေးမယ်။ တကယ့် လေခွင်းမြို့စား ကျင်းကျုံးယွဲ့၊ ပိုင်ရှင်မဲ့ နယ်မြေရဲ့ တစ်ဦးတည်းသော မိန်းမမြို့စားဆိုတာ ဘယ်လိုလဲဆိုတာ ပြသပေးမယ်။’

ထို့အပြင် ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ သေရေးရှင်ရေး ရွေးချယ်မှု တစ်ခုကို စဉ်းစားနေ၏။ မည်သူ့ကိုမှ ပြောပြ၍ မရသော ကံကြမ္မာ၏ ရွေးချယ်မှုတစ်ခု ဖြစ်ပြီး အချစ်နှင့် သစ္စာတရားကြားမှ ရွေးချယ်မှုတစ်ခုပင် ဖြစ်သည်။

ဤရူးသွပ်သော စိတ်ခံစားမှုများကြားတွင် မီးတောက်တစ်ခုအလား လှပလွန်းလှသော ကျင်းကျုံးယွဲ့က တစ်ယောက်တည်း မော့မိသားစု၏ စစ်သည် ခြောက်ထောင်ကြားသို့ ပြင်းထန်စွာ ဝင်ရောက်သွားတော့၏။

စက္ကန့်ပိုင်းအတွင်း သူမက ရန်သူများကြားတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

………….

ယွင်ကျုံးဟဲ့က အမြင့်တွင် ရပ်နေရင်း အလွန် စိုးရိမ်ပူပန်နေ၏။

မီတာ တစ်ထောင်ခန့် အကွာအဝေးမှနေ၍ သေချာ မမြင်ရဘဲ ကျင်းကျုံးယွဲ့၏ မြင်းဖြူနှင့် အနီရောင် ခြုံလွှာကိုသာ မှေးမှိန်စွာ မြင်နေရသည်။

သို့ပေမည့် ယခုအချိန်တွင် ထိုအနီရောင် အရိပ်လေးမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပြီး အလွန် အန္တရာယ်များနေပုံ ရ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အာ့တိုင်… လန်ပိ… ခင်ဗျား မြို့စားမင်းကို သွားမကာကွယ်ကြတော့ဘူးလား။”

လန်ပိက အေးစက်စက် ပြန်ဖြေ၏။ “မြို့စားမင်းရဲ့ အမိန့်က ကျွန်မတို့ကို ရှင့်ကို ကာကွယ်ခိုင်းထားတာ။”

သို့ပေမည့် နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့ လုံးဝ အံ့ဩမှင်တက်သွားရတော့သည်။ ‘သောက်ကျိုးနည်း…. ဒါက မျက်လှည့်ပြနေတာလား။’

ကျင်းကျုံးယွဲ့၏ မီးတောက်များအလား အနီရောင် အရိပ်လေးကို မမြင်ရတော့သော်လည်း မော့မိသားစု၏ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ လွင့်စင်လာသည်ကို မြင်လိုက်ရ၏။ ပန်းပွင့်လေးများ ကြွေကျသကဲ့သို့ ရူးသွပ်စွာ လွင့်စင်လာကြ၏။

ကျင်းကျုံးယွဲ့က လှံရှည်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ထိုးခွဲပစ်နေခြင်း ဖြစ်သည်။ ထိုးရုံသာမက လွှင့်ပစ်နေခြင်းလည်း ဖြစ်သည်။

သူမ၏ လှံရှည် ထိမှန်သွားသူတိုင်းမှာ အရိုးအဆစ်များ ကျိုးကြေကာ အတွင်းကလီစာများ ပေါက်ကွဲပြီး မီတာဆယ်ဂဏန်းခန့် လွင့်စင်သွားကြသည်။ မြေပြင်ပေါ်သို့ မကျမီကပင် အသက်ကုန်သွားကြပြီ ဖြစ်၏။

အချိန်တိုလေးအတွင်းမှာပဲ သူမ၏ ဘေးပတ်လည်တွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူမကို ဝိုင်းရံထားသော ရန်သူအားလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။

‘သေစမ်း… ဒီလောက်တောင် ကြမ်းရလား။ ခင်ဗျား နိုင်ငံတွေကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ လှပလွန်းတဲ့ မိန်းမလှလေး တစ်ယောက်လေ။ ဒီလောက် နုနယ်သိမ်မွေ့တဲ့ မိန်းမလေးမှာ ဒီလောက် ကြီးမားတဲ့ ခွန်အားတွေ ဘယ်က ရလာတာလဲ။’

“တိုက်… တိုက်… တိုက်” မြို့စား မော့ရယ်မှာလည်း အလွန် အံ့ဩသွားပြီး ရူးသွပ်စွာ အမိန့်ပေးနေတော့၏။

ထို့နောက် မော့မိသားစု၏ စစ်သည်များက ကျင်းကျုံးယွဲ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြပြန်၏။ သူမကို ဝိုင်းရံလာသော ရန်သူများ ပိုပိုများလာသည်။

“သူ့ကို မြားနဲ့ ပစ်သတ်ကြ။”

မြို့စား မော့ရယ်၏ အမိန့်ပေးသံနှင့်အတူ လေးသည်တော်များက ရူးသွပ်စွာ မြားများ ပစ်လွှတ်ကြတော့၏။

“ရွှီး… ရွှီး… ရွှီး…”

မြားများက မိုးရွာချသကဲ့သို့ ကျင်းကျုံးယွဲ့ဆီသို့ ကျရောက်လာသည်။

ကျင်းကျုံးယွဲ့က လှံရှည်ကို ထိုးခွဲခြင်းမှ ဝှေ့ယမ်းခြင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်၏။

လှံရှည်ကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ရာ အရှိန်အလွန် မြန်ဆန်လွန်းသောကြောင့် သူမ၏ တစ်ကိုယ်လုံးတွင် အကာအကွယ် ဒိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

ရေပက်၍ မဝင်၊ လေတိုက်၍ မပေါက်နိုင်သော အကာအကွယ်မျိုး ဖြစ်ပြီး ကျရောက်လာသော မြားများအားလုံး လွင့်စင်သွားကြသည်။

ပြေးဝင်လာသော ရန်သူများမှာလည်း လေဆင်နှာမောင်းနှင့် တိုက်မိသကဲ့သို့ အဝေးသို့ လွင့်စင်သွားကြတော့၏။

ကျင်းကျုံးယွဲ့၏ လှံရှည် မုန်တိုင်းအတွင်း ဝင်ရောက်မိသူတိုင်း ချက်ချင်း သေဆုံးရသည်။

“ရွှပ်… ရွှပ်… ရွှပ်…”

သူမ၏ ဘေးပတ်လည် နှစ်မီတာ ပတ်လည်တွင် မည်သူမှ မဝင်နိုင်သော ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သူမ၏ လှံရှည်က နှစ်မီတာကျော် ရှည်လျားသောကြောင့် လှံရှည် ဝှေ့ယမ်းရာ လမ်းကြောင်းတစ်လျှောက်ရှိ ရန်သူအားလုံး မြက်ပင်များအလား လွင့်စင်သွားကြသည်။

သူမ၏ အတွင်းအားများက လှံရှည်ထဲသို့ ဝင်ရောက်ကာ ရူးသွပ်စွာ ပေါက်ကွဲထွက်နေ၏။

ရူးသွပ်သော သတ်ဖြတ်မှုကြီး ဖြစ်သည်။ တကယ့်ကို သတ်ဖြတ်ပွဲကြီးပင် ဖြစ်၏။ ကြည့်နေရင်းနှင့်ပင် မျက်စိပြာသွားမတတ် ဖြစ်ရသည်။

ထိုအချိန်တွင် ကျင်းမိသားစု၏ မြင်းစီးသူရဲ တစ်ထောင်ကလည်း ရောက်ရှိလာကြပြီ ဖြစ်၏။

“တိုက်… တိုက်… တိုက်”

ဤမြင်းစီးသူရဲ တစ်ထောင်က မော့မိသားစု၏ စစ်တပ်အတွင်းသို့ ရူးသွပ်စွာ ပြေးဝင်လာကြပြီး ပြင်းထန်စွာ ဝင်တိုက်ကြတော့၏။ လေထု တစ်ခုလုံးတွင် စစ်တပ်နှစ်ခု၏ တိုက်ခိုက်သံများသာ ဖုံးလွှမ်းနေသည်။

“ဒိုင်း… ဒိုင်း… ဒိုင်း”

အရိုးများ ကျိုးသံ၊ လက်နက်များ ကျိုးပဲ့သံ၊ သံချပ်ကာဝတ်စုံများ ကွဲအက်သံများ ထွက်ပေါ်နေ၏။

“ကျုပ်တို့ ကျင်းမိသားစုက ဒီနှစ်ဝက်လုံးလုံး ခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေ အားလုံးကို ဒီနေ့ အကုန်လုံး ပေါက်ခွဲပစ်လိုက်မယ်။ သတ်… သတ်… သတ်…”

ခဏအကြာတွင် ကျင်းမိသားစု၏ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ခြေလျင်စစ်သည် တစ်ထောင် ကလည်း ရောက်ရှိလာကြပြီ ဖြစ်ကာ စစ်တပ်နှစ်ခု လုံးဝ ရောထွေးကာ သတ်ပုတ်နေကြပြီ ဖြစ်သည်။

ကျင်းမိသားစု၏ မြင်းစီးသူရဲ တစ်ထောင်က ဝင်တိုက်ပြီးနောက် ကျင်းကျုံးယွဲ့၏ ဘေးပတ်လည်တွင် အလိုအလျောက် စုစည်းသွားကြ၏။

မြင်းစီးသူရဲ တစ်ထောင်က ဓားသွားတစ်လက်အလား၊ ကျင်းကျုံးယွဲ့က ဓားထိပ်ဖျားအလား ရန်သူ့စစ်တပ် အတွင်းသို့ ရူးသွပ်စွာ ထိုးဖောက်ဝင်ရောက်နေကြသည်။

မော့မိသားစုတွင်လည်း မြင်းစီးတပ် ရှိသော်လည်း သူတို့၏ မြင်းစီးတပ်မှူးက ကျင်းကျုံးယွဲ့နှင့် အလွန် ကွာခြားလွန်းလှ၏။

သူက အလွန် ရဲစွမ်းသတ္တိ ရှိသော်လည်း ကျင်းကျုံးယွဲ့နှင့် ဝင်တိုက်မိသည်နှင့်တပြိုင်နက် မော့မိသားစု၏ မြင်းစီးတပ်မှူးမှာ သံတူရွင်းကြီးနှင့် ထုခံလိုက်ရသကဲ့သို့ မြင်းပေါ်မှ လွင့်စင်သွားကာ သံချပ်ကာဝတ်စုံများ အစိတ်စိတ်ကွဲပြီး အတွင်းကလီစာများ ပေါက်ကွဲကာ သေဆုံးသွားတော့သည်။

ထို့နောက် ကျင်းကျုံးယွဲ့က မြင်းစီးသူရဲ တစ်ထောင်ကို ဦးဆောင်ကာ အကြိမ်ကြိမ် ဝင်ထွက် တိုက်ခိုက်နေသည်။ သူမ ဖြတ်သန်းသွားသော နေရာတိုင်းရှိ မော့မိသားစု၏ စစ်သည်များမှာ ငရဲပြည် ရောက်သွားသကဲ့သို့ အော်ဟစ်နေကြတော့၏။

မြို့စား မော့ရယ်မှာ လုံးဝ အံ့ဩမှင်တက်သွားတော့သည်။ ‘ဒီမိန်းမက ဒီလောက်တောင် ကြမ်းရလား။ သူ့အဖေ ကျင်းအဲ့တောင် ဒီလောက် မစွမ်းပါဘူး။ မင်းက လူနှစ်ထောင်နဲ့ ငါ့လူခြောက်ထောင်ကို အသာလေး ဖိတိုက်နေတာလား။ ဒီတိုက်ပွဲ အခြေအနေက သိပ်မကောင်းတော့ဘူး။’

“မြို့စားမင်း… ဟိုဘက်မှာ ယွင်အောက်ထျန်း ရှိတယ်။ သူ့ဘေးမှာ လူတစ်ရာတောင် မပြည့်ဘူး။” စာရေးတော်ကြီး ယန်ရွေ့ရှန်က ရုတ်တရက် ပြောလိုက်၏။

မြို့စား မော့ရယ်က ထိုတောင်ကုန်းလေးဆီသို့ လှမ်းကြည့်လိုက်၏။ မျက်နှာကို သေချာ မမြင်ရသော်လည်း ရှုပ်ပွနေသော ဆံပင်များနှင့် ထူးဆန်းသော ဝတ်စားဆင်ယင်မှုက ယွင်အောက်ထျန်းမှန်း သေချာနေသည်။

“လူငါးရာနဲ့ သွားပြီး သူ့ကို သတ်လိုက်။”

မြို့စား မော့ရယ်က အမိန့်ပေးလိုက်သည်။ “ခံတပ်က စောင့်နေတဲ့ လူတွေထဲက သိုင်းပညာရှင် ငါးရာကို ခေါ်ပြီး ယွင်အောက်ထျန်းကို သွားသတ်ကြစမ်း။”

မြို့စား မော့ရယ်က တစ်ခါတစ်ရံ ယွင်ကျုံးဟဲ့ဟု ခေါ်ပြီး တစ်ခါတစ်ရံ ယွင်အောက်ထျန်းဟု ခေါ်လေ့ရှိသည်။ ယွင်ကျုံးဟဲ့၏ အမည်ရင်းကို သူ သိထားသောကြောင့် ဖြစ်၏။

ချက်ချင်းပဲ မော့မိသားစု၏ သိုင်းပညာရှင် ငါးရာက တိုက်ပွဲပြင်ပရှိ တောင်ကုန်းလေးဆီသို့ ရူးသွပ်စွာ ပြေးထွက်သွားကြတော့သည်။ ယွင်ကျုံးဟဲ့ကမှ မြို့စား မော့ရယ်၏ တကယ့် ရန်သူ ဖြစ်သည် မဟုတ်ပါလား။

ခဏအကြာတွင် မော့မိသားစု၏ သိုင်းပညာရှင် ငါးရာက ယွင်ကျုံးဟဲ့ ရှိနေသော တောင်ကုန်းလေးအောက်သို့ ရောက်ရှိလာကြပြီး ရူးသွပ်စွာ ပြေးတက်လာကြ၏။

“ယွင်အောက်ထျန်းကို သတ်ကြ။”

“သခင်လေးအတွက် ကလဲ့စားချေဖို့ ယွင်အောက်ထျန်းကို သတ်ကြ။”

လန်ပိက စကားတစ်ခွန်းမှ မဆိုဘဲ ဓားကို ဆွဲထုတ်လိုက်သည်။ အာ့တိုင်ကလည်း ဓားကို ဆွဲထုတ်လိုက်၏။ သွေးနက်ဂိုဏ်းမှ သိုင်းပညာရှင် တစ်ရာကလည်း ဓားများကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို အလယ်တွင် ထား၍ ကာကွယ်ရေးစက်ဝိုင်း တစ်ခု ဖန်တီးလိုက်ကြသည်။

စက္ကန့်ပိုင်းအတွင်း အင်အားစု နှစ်ခု ဝင်တိုက်မိသွားကြသည်။ လူငါးရာနှင့် လူတစ်ရာ တိုက်ပွဲ ဖြစ်၏။

ဤသူများက သာမန် စစ်သည်များထက် သိုင်းပညာရှင်များနှင့် ပိုတူကြ၏။ သူတို့၏ တိုက်ခိုက်ပုံကလည်း သိုင်းသမားများ၏ တိုက်ခိုက်ပုံမျိုး ဖြစ်သည်။

အချိန်တိုလေးအတွင်းမှာပင် သွေးထွက်သံယို တိုက်ပွဲ ဖြစ်ပွားသွားတော့၏။ မော့မိသားစု၏ သိုင်းပညာရှင် ငါးရာက ကာကွယ်ရေးစက်ဝိုင်းကို ဖောက်ထွက်ကာ ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ရန် ရူးသွပ်စွာ ကြိုးစားနေကြ၏။

လန်ပိနှင့် အာ့တိုင်တို့ ဦးဆောင်သော သွေးနက်ဂိုဏ်းမှ သိုင်းပညာရှင် တစ်ရာကလည်း အံကြိတ်ကာ အသက်စွန့်၍ ကာကွယ်နေကြ၏။ ခြေလက်များ ပြတ်တောက်ကာ လွင့်စင်နေပြီး လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြသည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့၏ ဘေး၌ လူတစ်ယောက်တည်းသာ ရှိတော့သည်။ သူတောင်းစား ဟွာမန်လုပင် ဖြစ်၏။ ထိုသူက ယွင်ကျုံးဟဲ့၏ ထာဝရ ခွေးတစ်ကောင်၊ ရူးသွပ်သော တပည့်တစ်ယောက် ဖြစ်သည်ဟု ကြွေးကြော်ထားသူ ဖြစ်၏။

“ခင်ဗျား… ခင်ဗျား ဘာလုပ်နေတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

ဟွာမန်လုက ပြန်ဖြေလိုက်၏။ “ကျုပ် သခင်လေးကို ကာကွယ်နေတာလေ။ လေခွင်းချိုင့်ဝှမ်းမှာ ကျုပ် ဟွာမန်လု မရှိလို့ ရတယ်၊ လန်ပိ မရှိလို့ ရတယ်၊ ချူကျောင်းရန် မရှိလို့ ရတယ်။ ဒါပေမဲ့ သခင်လေး ယွင်အောက်ထျန်း မရှိလို့ မဖြစ်ဘူး။ သခင်လေးက ကျင်းမိသားစုရဲ့ ကျောက်ဆူးကြီးပဲ။ သခင်လေးက ကျင်းမိသားစုရဲ့ လမ်းပြကြယ်ပဲ။”

ယွင်ကျုံးဟဲ့က ကြောင်အသွားသည်။ “ဒီအချိန်ရောက်နေတာတောင် ခင်ဗျားက ဖားယားဖို့ မမေ့သေးဘူးလား။ ဒါပေမဲ့ ခင်ဗျားလက်ထဲက ဓားလေးက သုံးလက်မလောက်ပဲ ရှိတာလေ။ ပြီးတော့ ခင်ဗျားရဲ့ ပုံစံကလည်း ကြောက်လန့်တကြားနဲ့ တုန်ယင်နေတာ။ ဒီလို ပုံစံမျိုးနဲ့ ကျုပ်ကို ကာကွယ်နိုင်ပါ့မလား။”

ဟွာမန်လုက ဆက်ပြောလိုက်၏။ “ကာကွယ်နိုင်တာ မကာကွယ်နိုင်တာက စွမ်းဆောင်ရည် အပိုင်းပါ။ ကာကွယ်မယ်၊ မကာကွယ်ဘူး ဆိုတာကတော့ စိတ်ဓာတ်ပိုင်းပါ။ ကျုပ်က သခင်လေးအပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုနဲ့ လေးစားမှုက ထျန်းကျန်းမြစ်ရေလို အဆုံးအစမရှိ စီးဆင်းနေတာပါ။”

....................

All Chapters