အခန်း (၅၁၁-၅၁၂)
Vol. 52 Ch. 511-512
အခန်း (၅၁၁) - တားဆီးမရနိုင်သော ကံဆိုးမှု ၊အရေးကြီးအစည်းအဝေး ၊ ပညာရှိလေး ရှောင်ရန်၊ဖူးစာကံမြှင့်တင်ခြင်း
"အယ်... ဒါက ဘယ်လိုဖြစ်တာလဲ"
လီယန်ချူ၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားရသည်။
"လီတာအိုဆရာကြီး... ကျွန်မမှာ အသက်ရှင်ဖို့ လမ်းရှိသေးရဲ့လားဟင်"
လီယန်ချူ၏ လေးနက်တည်ကြည်လွန်းသော မျက်နှာပေးကို မြင်လိုက်ရသဖြင့် လျူကျွင်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"မင်းရဲ့ အခြေအနေက တော်တော်လေး ထူးခြားနေတယ်၊ သာမန် နှောက်ယှက်ခံရတာမျိုး မဟုတ်ဘူး၊ ငါကိုယ်တိုင်တောင် ဘာမှားနေလဲဆိုတာ အသေသေချာချာ မပြောနိုင်သေးဘူး"
လီယန်ချူက ဆိုသည်။
"အာ..." လျူကျွင်းက အလန့်တကြား အာမေဍိတ်သံ ပြုလိုက်မိပြီး မျက်နှာလေးမှာလည်း သွေးဆုတ်ဖြူလျော်သွားတော့သည်။
"ဒါဆို... ဒါဆို ကျွန်မ ဘာလုပ်ရမလဲဟင်"
လျူကျွင်းက တုန်တုန်ရင်ရင်ဖြင့် မေးရှာသည်။
"ငါထင်တာတော့ ဒီကိစ္စကို အားလုံးစုပြီး အစည်းအဝေးလုပ်ပြီးမှ အဖြေရှာသင့်တယ်ထင်တယ်"
"......" လျူကျွင်း
ထို့ကြောင့် ထိုနေ့ညမှာပင် ချင်းယွန်းတာအိုကျောင်းနှင့် ထိုက်ဖင်တည်းခိုခန်းတို့ ပူးပေါင်း၍ ပထမဆုံးသော တရားဝင် အစည်းအဝေးကြီးကို ကျင်းပခဲ့ကြသည်။
ချင်းယွန်းတာအိုကျောင်းဘက်မှ တက်ရောက်သူများမှာ လီယန်ချူနှင့် ကြောင်ဝါလေး တို့ ဖြစ်ကြသည်။
ထိုက်ဖင်တည်းခိုခန်းဘက်မှမူ ဆိုင်ရှင်မ ၊ ဖန့်ချင်းလန်၊ ယွင်နျန်း နှင့် ရှောင်ရန် တို့ တက်ရောက်ကြ၏။
ယွင်နျန်းမှာ ထိုနေရာတွင် နေသည်မှာ ကြာပြီဖြစ်၍ အားလုံးက လက်ခံထားကြပြီးသား ဖြစ်သည်။
သို့သော် ရှောင်ရန်နှင့် ကြောင်ဝါလေးမှာမူ ရောက်ရှိလာသည်မှာ မကြာသေးပေ။
အထူးသဖြင့် ရှောင်ရန်မှာ အလွန်ပင် ထက်မြက်လွန်းလှပြီး လီယန်ချူကိုလည်း တစ်ချက်ကြည့် တစ်ချက်ကြည့်ဖြင့် စိုက်ကြည့်နေတတ်ရာ ဆိုင်ရှင်မမှာ သူမအပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ရန်မှာ အခုတလော ဆိုင်ရှင်မ၏ လက်ပါးစေအဖြစ် တည်းခိုခန်းတွင် ကြိုးစားပမ်းစား အလုပ်လုပ်နေသဖြင့် အခြေအနေမှာ မဆိုးလှဟု ဆိုရမည်။
ချန်နိုင်ငံ တာအိုလောက၏ နာမည်ကြီး အလှပန်းလေးတစ်ဦးမှာ ယခုအခါ တည်းခိုခန်းတွင် အောက်ခြေသိမ်း အလုပ်လုပ်နေရသည်ကို တခြားသူများ သိသွားလျှင်မူ တကယ့်ကို မျက်လုံးပြူးသွားကြပေလိမ့်မည်။
လီယန်ချူမှာ တစ်ဦးချင်းစီ လိုက်မေးနေရသည်ကို အလုပ်ရှုပ်သည်ဟု ယူဆသဖြင့် ညဘက်တွင် အားလုံးစုပေါင်းကာ အဖြေရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ငါကြည့်ရတာတော့ ရှစ်ပုံတစ်ပုံလောက်ကတော့ သေဖို့ပဲ ရှိတော့တယ်၊ ကံကြမ္မာအရှိန်အဝါတောင် ကုန်သလောက် ဖြစ်နေပြီ၊ ဒီလူက အသက်ရှင်နိုင်ပါဦးမလား"
ကြောင်ဝါလေးက ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"ဟုတ်တယ်"
"ငါလည်း အဲဒီလိုပဲ ထင်တယ်"
"ကံကြမ္မာအရှိန်အဝါ ကုန်သွားပြီဆိုတာ ဒီလူ့လောကမှာ ရှိနေတဲ့ သက်သေအထောက်အထား ပျောက်သွားတာပဲ၊ မကယ်နိုင်တော့ဘူး"
စကားအနည်းငယ် ပြောလိုက်ရုံဖြင့် လျူကျွင်းကို အသေစာရင်း သွင်းလိုက်ကြသလို ဖြစ်သွားတော့သည်။ လျူကျွင်းမှာမူ မျက်ရည်များမှာလည်း ထိန်းမရအောင် စီးကျလာတော့၏။ အစည်းအဝေးလုပ်ပြီး အဖြေရှာမယ်ဆိုပြီးမှ အခုတော့ သေမိန့်ပေးနေကြပြီ မဟုတ်ပါလား။
"သူ့ပြဿနာက အရမ်းထူးဆန်းတယ်၊ နှောက်ယှက်ခံရတာနဲ့ မတူဘူး၊ ကိုယ်ပေါ်မှာလည်း ယင်ဓာတ် မရှိဘူး၊ ဒါပေမဲ့ ကံကြမ္မာတွေကတော့ တောက်လျှောက် ယိုစီးနေတယ်၊ အဲဒါကြောင့်ပဲ သူ ကံဆိုးမှုတွေ ဆက်တိုက် ကြုံနေရတာ"
"ကျွန်မကြည့်ရတာတော့ ဒါဟာ ဝိဇ္ဇာအတတ် နဲ့ တူတယ်"
ရှောင်ရန်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူမ၏ အမြင်ကို တင်ပြလိုက်သည်။
"ဝိဇ္ဇာအတတ်"
လီယန်ချူက ရှောင်ရန်ကို တစ်ချက် ကြည့်လိုက်သည်။ ဤမိန်းကလေးမှာ ငယ်ရွယ်နုပျိုသော်လည်း သိတာတွေက မနည်းလှပေ။
"ဟုတ်တယ်"
ရှောင်ရန့်က ခေါင်းညိတ်ပြကာ
"ဝိဇ္ဇာအတတ်တွေက အခုအခါမှာ လျောင်တုန်း ဒေသမှာပဲ အတွေ့ရများပေမဲ့၊ အဲဒီအတတ်ရဲ့ အရင်းအမြစ်က ရှေးဦးကာလ အထိ ပြန်လိုက်လို့ ရတယ်"
"ဝိဇ္ဇာအတတ်ရဲ့ အစက ဝိဇ္ဇာနတ်ဘုရား ဆီက လာတာပဲ၊ ဒါပေမဲ့ ဝိဇ္ဇာနတ်ဘုရားက ရှေးဦးကာလကတည်းက ပျောက်ကွယ်သွားခဲ့ပြီ"
"လျူကျွင်းရဲ့ ကံကြမ္မာအရှိန်အဝါတွေ ပျောက်ဆုံးနေတဲ့ ပုံစံက ရှေးဟောင်း ဝိဇ္ဇာအတတ်တစ်ခုရဲ့ လက်ချက်နဲ့ တူနေတယ်၊ အဲဒီတုန်းက ဝိဇ္ဇာနတ်ဘုရားက လူ့လောကရဲ့ ကံကြမ္မာတွေကို အစွမ်းထက်တဲ့ အရာတွေနဲ့ လုယူခဲ့ဖူးတယ်လို့ ဆိုကြတယ်"
"ဝိဇ္ဇာနတ်ဘုရား... အဲဒီလို ပုဂ္ဂိုလ်မျိုး တကယ်ရှိတာလား"
လီယန်ချူက စိတ်ဝင်တစား မေးလိုက်သည်။
ချန်နိုင်ငံ၏ နတ်ဘုရားပုံပြင်များမှာ သူ၏ ယခင်ဘဝက ပုံပြင်များနှင့် မတူပေ။ အဓိကအားဖြင့် လူအများကြား ပြောစမှတ်ပြုနေကြခြင်း ဖြစ်သဖြင့် တစ်ခါတစ်ရံ ပုံစံချင်း မတူတာမျိုးလည်း ရှိသည်။ အခုလို နတ်ဘုရားအရှိန်အဝါများ ပြတ်တောက်နေသော ခေတ်တွင် နတ်ဘုရားခြေရာလက်ရာများမှာ မရှိသလောက် ရှားပါးနေပြီ ဖြစ်သည်။
"ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေလိုပေါ့၊ ရှိချင်လည်း ရှိမယ်၊ မရှိချင်လည်း မရှိဘူး၊ ဒါမှမဟုတ်လည်း အလွန်အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ဦးဦးကို လူတွေက ပါးစပ်ရာဇဝင်အရ နတ်ဘုရားအဖြစ် တင်စားလိုက်တာလည်း ဖြစ်နိုင်တာပဲ"
"ကျွန်မ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီလို ဝိဇ္ဇာအတတ်အကြောင်း ဖတ်ဖူးတယ်၊ လျူကျွင်းရဲ့ အခြေအနေက အလွန်အစွမ်းထက်တဲ့ ဝိညာဉ်တစ်ခုခုရဲ့ အငြိုးတေးခံထားရတဲ့ ပုံစံပဲ၊ အဲဒီ ချည်မျှင်က သူမနဲ့ အဲဒီဝိညာဉ်ကြားမှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပဲ"
"ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား"
လီယန်ချူက မေးသည်။
"အဲဒီ ဝိညာဉ်တွေက တစ်နည်းအားဖြင့် ဝိဇ္ဇာနတ်ဘုရား ဖန်တီးခဲ့တဲ့ အရာတွေပဲ၊ သူတို့မှာ ရုပ်ခန္ဓာ မရှိဘူး၊ ဒါမှမဟုတ် ပိုပြီး နက်နဲတဲ့ ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေကြတာ၊ အဲဒါကြောင့် ငါတို့ သူတို့ကို ဖယ်ရှားလို့ မရတာပဲ၊ အဲဒါကို သတ်ပစ်နိုင်မှပဲ ရမယ်၊ မဟုတ်ရင် ဗုဒ္ဓကျမ်းစာ ဒါမှမဟုတ် တာအိုကျမ်းစာတွေနဲ့လည်း ဒီဆက်နွှယ်မှုကို ဖြတ်တောက်ဖို့ ခက်လိမ့်မယ်"
"ဒါမှမဟုတ် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်၊ အဲဒါကတော့ လျူကျွင်းရဲ့ ကံကြမ္မာအရှိန်အဝါကို အရမ်းကြီးမားအောင် လုပ်လိုက်ဖို့ပဲ၊ အဲဒါဆိုရင် အဲဒီဝိညာဉ်က သူမကို ခဏလေးအတွင်း စုပ်ယူလို့ မနိုင်တော့ဘူး"
ရှောင်ရန့်က ဆိုသည်။
ဒုတိယနည်းလမ်းမှာ လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူလှပေ။ ကံကြမ္မာအရှိန်အဝါ ဆိုသည်မှာ အလွန်ပင် ဆန်းကြယ်လှသော အရာ ဖြစ်သည်။ ကံကြမ္မာကို ကိုယ်တိုင်တိုးပွားအောင် လုပ်နိုင်သူ ရှိသည်ဟု မကြားဖူးသေးပေ။
သို့သော် လီယန်ချူမှာမူ ထိုစကားကို ကြားလိုက်သည်နှင့် မျက်လုံးများ တောက်ပသွားတော့သည်။
"ကံကြမ္မာအရှိန်အဝါကိုတော့ မတိုးပွားစေနိုင်ပေမဲ့၊ တခြားနည်းလမ်းတစ်ခုနဲ့တော့ စမ်းကြည့်လို့ ရတယ်"
လီယန်ချူက ဆိုသည်။
လီယန်ချူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဒိုချန်ပုတီး ထွက်ပေါ်လာတော့သည်။
"ဒိုချန်ပုတီး"
"ဒါက ချင်းချန်တောင် ရဲ့ ရတနာ မဟုတ်လား"
ရှောင်ရန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
လီယန်ချူက ထိုပုတီးကို လျူကျွင်းအား ပေးလိုက်တယ်။
"ဒီပုတီးက ကောင်းချီးမင်္ဂလာ ပေးနိုင်တယ်၊ စမ်းကြည့်ပါဦး၊ အလုပ်ဖြစ်မလားလို့"
လျူကျွင်းမှာ ရှောင်ရန်၏ အံ့ဩနေသော ပုံစံကိုကြည့်ကာ ဤပုတီးမှာ အလွန်တန်ဖိုးကြီးကြောင်း သိလိုက်သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စိတ်လှုပ်ရှားစွာဖြင့် ထိုပုတီးကို လက်ခံလိုက်သည်။ သူမကိုယ်တိုင်မှာမူ ဘာထူးခြားမှုမှ ချက်ချင်း မခံစားရသေးပေ။
သို့သော် လီယန်ချူက ရှစ်ခွင်မှန်ဖြင့် ထပ်မံကြည့်ရှုလိုက်သောအခါ မူလက ကုန်ခန်းလုနီးပါး ဖြစ်နေသော လျူကျွင်း၏ ကံကြမ္မာအရှိန်အဝါမှာ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။
"အလုပ်ဖြစ်ပုံရတယ်"
ရှောင်ရန်က စိတ်လှုပ်ရှားစွာ ဆိုသည်။
"ဒိုချန်ပုတီး က ဆုတောင်းမေတ္တာပို့သဖို့ သုံးတဲ့ ရတနာပဲ၊ ကံကြမ္မာကို တိုက်ရိုက် မတိုးစေနိုင်ပေမဲ့ ဖူးစာကံ ကိုတော့ တိုးပွားစေနိုင်တယ်၊ အတိုင်းအတာတစ်ခုအထိတော့ လျူကျွင်းကို ကာကွယ်ပေးနိုင်မှာပါ"
လျူကျွင်း၏ ဒဏ်ရာများကိုမူ လီယန်ချူ ပေးထားသော ကျန်းထင်ရှန်းမှ အသီးတစ်လုံးဖြင့် ကုသပေးထားပြီး ဖြစ်သည်။ သာမန်လူတစ်ယောက်အတွက်မူ ဤဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်လှသည် မဟုတ်ပေ။
"ကဲ... မင်း ဒုတိယထပ်ကနေ အောက်ကို ပြေးဆင်းကြည့်ပါဦး၊ ဒီတစ်ခါရော ခြေထောက် ကျိုးဦးမလားလို့"
လီယန်ချူက အကြံပြုလိုက်သည်။
"............" လျူကျွင်း
အားလုံးကလည်း လီယန်ချူကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤနည်းလမ်းမှာ အမှန်တကယ်ပင် စမ်းသပ်ရန် အကောင်းဆုံး ဖြစ်ပေသည်။ လျူကျွင်း၏ အခုတလော ကံဆိုးနေပုံအရဆိုလျှင် အခြေအနေ မကောင်းပါက ဒုတိယထပ်မှ ပြေးဆင်းရုံဖြင့် ခြေထောက်ကျိုးရန် သေချာနေပြီး လည်ပင်းတောင် ကျိုးသွားနိုင်ပေသည်။
"သတ္တိရှိရှိ သွားစမ်းပါကွာ၊ ဒီမှာ လူတွေအများကြီးပဲ၊ မင်း မျက်စိရှေ့တင် သေခွင့်ပေးပါ့မလား"
လီယန်ချူက အားပေးလိုက်သည်။
လျူကျွင်းမှာ မတတ်သာတော့ဘဲ စိတ်ကိုတင်းကာ ဒုတိယထပ်သို့ တက်သွားပြီးနောက် ဒုန်းဒုန်းဒုန်းဖြင့် ပြေးဆင်းလာတော့သည်။ သူမ၏ ဆံပင်နှစ်ဖက်မှာလည်း နောက်ဘက်တွင် ယိမ်းထိုးနေ၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်အမင်း ဆွဲဆောင်မှုရှိသော ပုံစံမျိုး မဟုတ်သော်လည်း ယခုလို ပြေးဆင်းလာသည့် ပုံစံမှာ တော်တော်လေးကို မျက်စိကျစရာ ကောင်းလှသည်။
လျူကျွင်းမှာ ဘေးကင်းစွာဖြင့် အောက်သို့ ရောက်လာခဲ့သည်။ ခြေလှမ်းတစ်ချက် ယိုင်သွားသော်လည်း တစ်လမ်းလုံး ဘာအန္တရာယ်မှ မကြုံခဲ့ရပေ။
"တကယ် အလုပ်ဖြစ်တာပဲ"
ရှောင်ရန်က ရယ်မောကာ ဆိုသည်။ ထိုက်ဖင်တည်းခိုခန်းတွင် သူမ၏ တည်ရှိမှုမှာ ဘာမှ မဟုတ်သလို ဖြစ်နေရသဖြင့် အခုလို ထူးခြားသော အသိပညာများကို ပြသခွင့်ရသည့်အတွက် လီယန်ချူ၏ ရှေ့တွင် အမှတ်ရသွားပြီဟု သူမ ယူဆလိုက်သည်။
"မင်း ဘယ်လို ခံစားရလဲ" လီယန်ချူက လျူကျွင်းကို မေးသည်။
လျူကျွင်းက ခေတ္တစဉ်းစားပြီးနောက် အလေးအနက် ဖြေကြားလိုက်သည်။
"အရင်က ရင်တုန်နေတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူပေမဲ့ အများကြီး ပိုပြီး အားနည်းသွားသလိုပဲ၊ ကျွန်မ တော်တော်လေး သတိထားပြီး ပြေးလာတာတောင် ခြေထောက်က ဘာကြောင့်မှန်းမသိ တစ်ချက် ပျော့သွားသေးတယ်၊ ကံကောင်းလို့ သိပ်မပြင်းထန်တာ"
ယခုအခါ လျူကျွင်းကိုယ်တိုင် ပြောပြချက်အရ အားလုံးက နှိုင်းယှဉ်ချက် ရသွားကြသည်။ ဤ ဒိုချန်ပုတီး မှာ လျူကျွင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည် ဖြစ်သော်လည်း၊ ဤအာနိသင်က မည်မျှ ကြာရှည်ခံမည်နည်း။နောက်ပိုင်းတွင် သူမ၏ ကံကြမ္မာများ ထပ်မံယိုစီးသွားလျှင် ဤပုတီးက ဆက်လက် ကာကွယ်နိုင်ပါဦးမည်လော။
"ဒါက အပေါ်ယံပဲ ကုသနိုင်တာ၊ အမြစ်ပြတ်အောင်တော့ မလုပ်နိုင်သေးဘူး"
လီယန်ချူ၏ မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
အခန်း (၅၁၂) - ဆိုင်ရှင်မ၏ အရှိန်အဝါ ၊ မိစ္ဆာရဟန်း ဖာနန် ၊ ဒီလူတစ်စုက ဗီဇပြောင်းနေတဲ့ အရူးတွေများလား
ဆိုင်ရှင်မသည် ကျေနပ်ဂုဏ်ယူနေသော ရှောင်ရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို အသာဖိလိုက်သည်။
"ငါ့မှာတော့ နည်းလမ်းတစ်ခု ရှိတယ်၊ အဲဒီ ချည်မျှင်ကို တခြားတစ်ယောက်ယောက်ရဲ့ ခေါင်းပေါ် ပြောင်းချည်လိုက်လို့ ရတယ်"
ဆိုင်ရှင်မ၏ စကားအဆုံးတွင် အခန်းထဲရှိ လူအားလုံးမှာ သူမထံသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ဖုံးဖိ၍မရသော အံ့ဩရိပ်များ ပြည့်နှက်နေ၏။
ဒီလိုမျိုးလည်း လုပ်လို့ရတာပဲလား... လီယန်ချူသည် ဆိုင်ရှင်မကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"အဲဒီလူအတွက် ဘာကန့်သတ်ချက်တွေ ရှိသလဲ"
"ဘာမှ အထူးတလည် မရှိပါဘူး၊ ဘယ်သူဖြစ်ဖြစ် ရတယ်"
ဆိုင်ရှင်မက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"ဟူး..."
အားလုံးက အသက်ရှူမှားမတတ် အံ့ဩသွားကြသည်။ လျူကျွင်းမှာမူ အလွန်ပင် စိတ်လှုပ်ရှားသွားတော့၏။
"ကြည့်ရတာ လျူကျွင်းရဲ့ အခြေအနေက တော်တော်လေး ထူးခြားတယ်၊ သာမန်လူသာဆိုရင် ဒီလို ဝိဇ္ဇာအတတ်မျိုးနဲ့ ကြုံရရင် ခဏလေးအတွင်းမှာတင် အသက်ပျောက်သွားနိုင်တယ်၊ သူကတော့ အခုလို ကံဆိုးရုံပဲ ကြုံရတာဆိုတော့ ကံတော်တော်ကြီးတယ်လို့ ပြောရမယ်"
တစ်နည်းအားဖြင့်ဆိုသော် လျူကျွင်းမှာ တောင့်ခံနိုင်စွမ်း အလွန်ကောင်းနေခြင်း ဖြစ်သည်။
ဆိုင်ရှင်မက ဆက်ပြောသည်မှာ
"ဒီချည်မျှင်ကို တခြားတစ်ယောက်ဆီ ပြောင်းချည်လိုက်ရင် အဲဒီလူက ချက်ချင်းဆိုသလိုပဲ သွေးထွက်သံယို ဘေးဒုက္ခတွေ ကြုံရပြီး အသက်ပါ ဆုံးရှုံးသွားနိုင်တယ်"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ ဆိုင်ရှင်မတွင် ဤကဲ့သို့ လက်စွမ်းလက်စ ရှိနေခြင်းမှာ နတ်ဘုရားတစ်ပါး၏ အတတ်ပညာနှင့်ပင် တူနေတော့သည်။
"အခု ပြဿနာက ဒါကို ဘယ်သူ့ပေါ် သွားချည်မလဲ ဆိုတာပဲ"
ဆိုင်ရှင်မက ဆိုသည်။
ဟုတ်ပေသည်။ အားလုံး ငြိမ်ကျသွားကြသည်။ ဤသည်မှာ အသက်တစ်ချောင်းနှင့် တစ်ချောင်း လဲလှယ်ရမည့် ကိစ္စ ဖြစ်နေသည်။ လျူကျွင်းအတွက် မည်သူက အသက်စွန့်ပြီး ဒီဝိဇ္ဇာအတတ်ကို လက်ခံရဲပါမည်နည်း။
လျူကျွင်းသည် ခေါင်းငုံ့ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ဤနည်းလမ်းမှာ အသက်တစ်ချောင်းကို သတ်ပြီးမှ မိမိရှင်ရမည့် နည်းလမ်း ဖြစ်နေသည် မဟုတ်ပါလား။ တကယ်တမ်းဆိုလျှင် ဤနေရာတွင် ရှိနေသူအားလုံးမှာ ကံကြမ္မာအရှိန်အဝါ ရှိကြသူများ ဖြစ်သည်။ အထူးသဖြင့် လီယန်ချူဆိုလျှင် သူ၏ ကံကြမ္မာမှာ အားမကောင်းလှသော်လည်း သူ၏ ဇာတာမှာမူ သာမန်ထက် ထူးကဲစွာ မာကျောလှပေသည်။
"ဘာလို့ အဲဒီလောက်ကြီး အလေးအနက်တွေ ဖြစ်နေကြတာလဲ"
"ဒါက ကိစ္စမရှိပါဘူး၊ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ယောက်ကို သွားဖမ်းလာတာ ဖြစ်ဖြစ်၊ သေဒဏ်ကျနေတဲ့ ရာဇဝတ်ကောင် တစ်ယောက်ယောက်ကို ရှာတာဖြစ်ဖြစ် လုပ်လို့ရတာပဲ"
လီယန်ချူက ဝင်ပြောလိုက်သည်။
ဤဝိဇ္ဇာအတတ်မှာ အလွန်ဆန်းကြယ်လှသည်။ ၎င်းမှာ တိုက်ရိုက် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုး မဟုတ်သဖြင့် ဝိဇ္ဇာနတ်ဘုရားထံမှ ဆင်းသက်လာသော ထို ဝိညာဉ် ၏ စုပ်ယူမှုကို မိမိကိုယ်တိုင် ခံနိုင်ရည် ရှိ၊ မရှိ ဆိုသည်ကို လီယန်ချူပင် အာမမခံနိုင်ပေ။ ထို့ကြောင့် အရိုးရှင်းဆုံး နည်းလမ်းကို သုံးလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အားလုံး ခေတ္တမျှ ကြောင်သွားပြီးနောက် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
"အသက်ရှင်နေတဲ့ ဗောဓိသတ်တွေတော့ အများကြီး မြင်ဖူးပါတယ်၊ အသက်ရှင်နေတဲ့ ယမမင်း ကိုတော့ ဒါ ပထမဆုံး မြင်ဖူးတာပဲ"
ဖန့်ချင်းလန်က အေးအေးစတိုင်ဖြင့် ဆိုလိုက်သည်။
အခန်းတွင်းရှိ တင်းမာမှုများမှာ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။
"ငါ သွားပြီး ရှာလာခဲ့မယ်" လီယန်ချူက အေးဆေးစွာ ဆိုလိုက်သည်။
သူ့ဦးနှောက်က ဘာမှမဖြစ်ဘဲနှင့်တော့ ဆိုင်ရှင်မကို ဒီချည်မျှင်အား မိမိခေါင်းပေါ် ချည်ခိုင်းမည် မဟုတ်ပေ။
အကယ်၍ ထိုဝိညာဉ်ကို သူ မနှိမ်နင်းနိုင်ပါက အလကားသက်သက် အသက်ဆုံးရှုံးသွားမည် မဟုတ်ပါလား။ လျူကျွင်းနှင့်ကလည်း ရင်းနှီးမှု့ကြီးကြီးမားမား မရှိလှပေ။ အမှန်အတိုင်းဆိုလျှင် သူသည် သူမ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်သည့်အပြင် အလုပ်အကိုင်ပါ ရှာပေးထားပြီး အဖိုးတန်လှသော ကျန်းထင်ရှန်းမှ အသီးတစ်လုံးကိုပင် ပေးထားခဲ့သူ ဖြစ်သည်။ လူကို ကယ်တင်ခြင်းမှာ ပြဿနာမရှိသော်လည်း မိမိအသက်နှင့် လဲ၍ ကယ်တင်ရမည်ဆိုသည်မှာမူ အဓိပ္ပာယ်မရှိလှပေ။
သူသည် ရှစ်ခွင်မှန်ကို ထုတ်ယူကာ ဝေမြို့ တစ်မြို့လုံးကို လွှမ်းခြုံ စစ်ဆေးလိုက်သည်။ ထိုနေရာအတွင်းရှိ မိစ္ဆာအငွေ့အသက်များကို သေချာစွာ အာရုံခံကြည့်လိုက်၏။ သို့သော် သူ အံ့ဩသွားသည်မှာ ကျယ်ပြောလှသော ဝေမြို့အတွင်း၌ မိစ္ဆာအယူရှိသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ခြင်းပင်။ မြို့တစ်ခုလုံး သန့်ရှင်းစင်ကြယ်နေတော့သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က အကုန်သတ်ပစ်လိုက်တာ ပြောင်သွားလို့လား"
လီယန်ချူ စိတ်ထဲမှ ဆိုလိုက်သည်။
သူ ရှစ်ခွင်မှန်ကို စတင်အသုံးပြုစဉ်က ဝေမြို့ရှိ မိစ္ဆာအငွေ့အသက်နှင့် နာကျည်းမှုများကို စောင့်ကြည့်ကာ လူသားစား မိစ္ဆာများနှင့် မိစ္ဆာကျင့်စဉ် ကျင့်သူအားလုံးကို သုတ်သင်ပစ်ခဲ့သည် မဟုတ်ပါလား။ မတတ်နိုင်သည့်အဆုံး လီယန်ချူသည် တိမ်စီးကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ကျန်ရှိနေသူများမှာမူ တည်းခိုခန်းထဲတွင် လက်ဖက်ရည်သောက်၊ အစေ့ထုတ်စားကာ စကားပြောနေကြသည်။ ဤကိစ္စမှာ လျူကျွင်း၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်ပြီး သူမနှင့် အားလုံးမှာလည်း ရင်းနှီးမှု မရှိလှသဖြင့် အားလုံး၏ အမူအရာမှာ ပေါ့ပါးနေကြသည်။
ပုံမှန်ဆိုလျှင် လှပသော အမျိုးသမီးများစွာ ရှိနေပြီး အားလုံးက လီယန်ချူနှင့် ဆက်နွှယ်နေကြသဖြင့် တစ်ဦးနှင့်တစ်ဦး အားပြိုင်မှုများ ရှိသင့်သော်လည်း ဆိုင်ရှင်မ၏ အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ နန်းတွင်းသူကြီးကဲ့သို့ အရှိန်အဝါမျိုး ရှိနေသော ဤအမျိုးသမီးက အခြေအနေကို ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်၏။ အမှန်စင်စစ် သူမဘက်တွင် ဖန့်ချင်းလန် တစ်ယောက်သာလျှင် လီယန်ချူ၏ မိန်းကလေးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယွင်နျန်းမှာ မီးဖိုချောင်မှ ထမင်းချက်ဖြစ်ပြီး၊ ရှောင်ရန်မှာ အလုပ်သမား၊ လျူကျွင်းမှာလည်း အလုပ်သမားသစ်သာ ဖြစ်သည်။
ကြောင်ဝါလေးမှာမူ ချင်းယွန်းတာအိုကျောင်းတွင် အလကားလာနေသူသာ ဖြစ်ရာ ဆိုင်ရှင်မအနေဖြင့် သူတို့နှင့် အပြိုင်အဆိုင် သဝန်တိုနေစရာ အကြောင်းမရှိပေ။
လီယန်ချူသည် ရက်စက်ကြမ်းကြုတ်သော ရဟန်းတစ်ပါးကို ဆွဲခေါ်ကာ တည်းခိုခန်းသို့ ပြန်ရောက်လာသောအခါ အားလုံးက အစေ့ထုတ်ကာ လက်ဖက်ရည်သောက်နေကြသည်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းပင် ယိုင်သွားမတတ် ဖြစ်သွားရသည်။
ဘုန်း
ထိုရက်စက်ကြမ်းကြုတ်သော ရဟန်းမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
သူသည် ချက်ချင်းပင် လူးလဲထလိုက်ပြီး စိုးရိမ်ထိတ်လန့်သော မျက်နှာပေးဖြင့် ရှိနေ၏။
"ဒါကို ဘယ်ကနေ ဖမ်းလာတာလဲ" ဖန့်ချင်းလန်က မေးသည်။
ဤလူ၏ ကိုယ်ပေါ်တွင် အမှန်တကယ်ပင် သွေးဆာနေသော မိစ္ဆာအငွေ့အသက်များနှင့် နာကျည်းမှုများ ဖုံးလွှမ်းနေသည်။
အနည်းငယ်မျှ ပညာရှိသူတိုင်း ထိုအေးစိမ့်လှသော အငွေ့အသက်ကို အထင်အရှား ခံစားနိုင်ကြပေလိမ့်မည်။
"အယ်... ဒါ မိစ္ဆာရဟန်း ဖာနန် မဟုတ်လား"
ရှောင်ရန်က အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်သည်။
"မျက်လှည့်အတတ်တွေ၊ မှော်ဝင်အတတ်တွေနဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ မထင်နဲ့၊ သိတတ်ရင် ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း"
မိစ္ဆာရဟန်း ဖာနန်က အသံမာမာဖြင့် ဆိုလိုက်သည်။
အစောပိုင်းက ထိုလူငယ်တာအိုဆရာကို မြင်လိုက်စဉ်က သူလည်း လန့်သွားခဲ့သည်။ ရုတ်တရက်ကြီး ပေါ်လာပြီးနောက် သူကိုယ်တိုင်ပင် မလှုပ်နိုင်တော့ပေ။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုသူက ကလောင်တံတစ်ချောင်း ထုတ်ယူကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို ချိတ်ပိတ်ပစ်လိုက်ခြင်းပင်။ ထို့အပြင် တိမ်စီးသည့် အတတ်ကိုပါ သုံးပြသွားသေးသည်။
ဖာနန်ကမူ ဒါဟာ မျက်လှည့်နဲ့ မှော်ဝင်အတတ်တွေပဲ ဖြစ်ရမယ်ဟု ယူဆနေသည်။
မဟုတ်လျှင် ဤမျှ ငယ်ရွယ်သောသူက မည်သို့ တိမ်စီးနိုင်ပါမည်နည်း။ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်က နတ်ဘုရား ဖြစ်နေရမည် မဟုတ်ပါလား။
"မင်း သူ့ကို သိလား" လီယန်ချူက မေးသည်။
"ဒီလူက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက်ပဲ၊ လူသတ်ပြီး ကျင့်စဉ်ကျင့်တတ်သလို လူ့အရေခွံ ခွာရတာကိုလည်း ဝါသနာပါတဲ့သူ၊ အရမ်း ရက်စက်ကြမ်းကြုတ်တယ်၊ ကျွန်မရဲ့ စီနီယာအစ်မတစ်ယောက်က သူ့အကြောင်း ပြောဖူးတယ်"
ရှောင်ရန်က အလေးအနက် ဆိုသည်။
"ငါက ဆရာကြီး ခုန်းချန်း ရဲ့ တပည့်ရင်းပဲ၊ မင်းတို့ ငါ့ကို ထိရဲရင် ဆရာကြီး ခုန်းချန်းရဲ့ လက်စားချေမှုကို ခံရလိမ့်မယ်"
"တော်စမ်းပါ၊ မင်းရဲ့ နောက်ခံတွေကို ငါ့ကို လာမပြောနဲ့၊ ခဏလေးအတွင်း ပြီးသွားမှာပါ"
လီယန်ချူက ထိုလူ၏ စကားကို ဖြတ်ပြောလိုက်သည်။
မိစ္ဆာရဟန်း ဖာနန်သည် ထိုလူငယ်တာအိုဆရာကို စိုက်ကြည့်ရန် ကြိုးစားသော်လည်း၊ တစ်ဖက်လူ၏ တည်ငြိမ်လွန်းသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ မတတ်သာဘဲ ခေါင်းငုံ့သွားရတော့သည်။
"စလိုက်တော့" လီယန်ချူက ဆိုသည်။
မိစ္ဆာရဟန်း ဖာနန်မှာ ချက်ချင်းပင် စိုးရိမ်လာတော့သည်။
ဤလူငယ်တာအိုဆရာက သန်းခေါင်ယံအချိန်ကြီးတွင် သူ့ကို တည်းခိုခန်းသို့ ဖမ်းခေါ်လာပြီး ဘာလုပ်မလို့ပါလိမ့် သူ သေချာ မစဉ်းစားရသေးခင်မှာပင် ရူပါရုံအပြည့်နှင့် ရင့်ကျက်လှပသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ဖာနန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဤအမျိုးသမီးမှာ အလွန်လှပလှသဖြင့် ထိုလူငယ်တာအိုဆရာ၏ ချစ်သူ ဖြစ်ရမည်။
"သူ့ကို ဓားစာခံဖမ်းပြီး ဒီကနေ ဖောက်ထွက်လို့ ရမလား"
ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသမားများမှာ လွယ်လွယ်နှင့် အရှုံးပေးတတ်သူများ မဟုတ်ပေ။
ဆိုင်ရှင်မသည် သူ့အနားသို့ ချဉ်းကပ်လာသောအခါ ဖာနန်သည် ရုတ်တရက် ရှေ့သို့တိုးကာ ခါးကြားမှ အရေခွံခွာဓားကို ဆွဲထုတ်၍ ဆိုင်ရှင်မထံသို့ ပြေးဝင်လိုက်သည်။
ဘုန်း
ဆိုင်ရှင်မက ထိုမိစ္ဆာကောင်၏ ရင်ဘတ်ကို ခြေတစ်ချက်ဖြင့် ကန်ထုတ်လိုက်ရာ၊ ဖာနန်မှာ လွင့်ထွက်သွားတော့သည်။ မြေပြင်ပေါ်တွင် လူးလှိမ့်နေပြီး ပြန်ထရန်ပင် ခက်ခဲနေတော့၏။ ရင်ဘတ်မှာလည်း မီးစနှင့် ထိုးသကဲ့သို့ ပူလောင်နေပြီး နံရိုးမည်မျှ ကျိုးသွားသည်ကိုပင် မသိနိုင်ပေ။
ဆိုင်ရှင်မသည် သူမ၏ နုနယ်လှပသော လက်ချောင်းလေးများကို ဟင်းလင်းပြင်ထဲတွင် တစ်ချက်၊ နှစ်ချက် ဆွဲယမ်းလိုက်သည်။ ထို့နောက် လျူကျွင်းကို ခေါ်ယူကာ သူမ၏ ခေါင်းပေါ်တွင် တစ်ချက်၊ နှစ်ချက် ထပ်မံ ဆွဲယမ်းလိုက်ပြန်သည်။
လျူကျွင်းသည် အသက်ကို အောင့်ထားကာ မလှုပ်ဝံ့ဘဲ ရင့်ကျက်လှပသော ဆိုင်ရှင်မကို စိုးရိမ်တကြီး ကြည့်နေရှာသည်။ နောက်တစ်ခဏတွင် လျူကျွင်းသည် ထူးခြားသော အင်အားတစ်ခုက မိမိ၏ ဝိညာဉ်ကို ဆွဲထုတ်တော့မယည့်အလား ခံစားလိုက်ရသည်။
"တော်တော်လေး မြဲအောင် ချည်ထားတာပဲ"
ဆိုင်ရှင်မက မျက်ခုံးပင့်ကာ ဆိုသည်။
သို့သော် သူမ၏ လက်လှုပ်ရှားမှုမှာ ပို၍ ပြင်းထန်မလာဘဲ၊ အေးအေးဆေးဆေးပင် အသာအယာ တစ်ချက် ဆွဲလိုက်သည်။ လျူကျွင်း၏ နားထဲတွင် ကလပ် ခနဲ အသံတစ်ချက် ကြားလိုက်ရပြီး တစ်ခုခု ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အခန်းထဲရှိ လီယန်ချူ၊ ကြောင်ဝါလေး၊ ယွင်နျန်း နှင့် ရှောင်ရန် တို့အားလုံးမှာ ဆိုင်ရှင်မ မည်သည့်အတတ်ကို သုံးသွားသနည်း၊ သူမလက်ထဲတွင် ဘာကို ဆွဲကိုင်ထားသနည်း ဆိုသည်ကို လုံးဝ မြင်တွေ့ရခြင်း မရှိပေ။
ထို့နောက် ဆိုင်ရှင်မသည် ဟင်းလင်းပြင်ထဲတွင် မမြင်ရသော ချည်မျှင်တစ်ပင်ကို ချည်နှောင်နေသည့်အလား လက်ကို လှုပ်ရှားလိုက်သည်။
"ကဲ... အားလုံး အဆင်ပြေသွားပြီ" ဆိုင်ရှင်မက ပြုံးကာ ဆိုသည်။
"မင်းတို့ ငါ့ကို ဘာလုပ်လိုက်တာလဲ"
မိစ္ဆာရဟန်း ဖာနန်သည် ထိုလူစုကို ကြည့်ကာ စိတ်ထဲတွင် အေးစိမ့်သော ခံစားချက်ကို မထိန်းနိုင်အောင် ခံစားလိုက်ရသည်။ အကြောင်းမှာ သူသည် ခုနက ဘာကိုမျှ မခံစားလိုက်ရခြင်းကြောင့်ပင်။
"မြန်မြန်... မှန်နဲ့ တစ်ချက်လောက် ထိုးကြည့်လိုက်စမ်းပါ"
ကြောင်ဝါလေးက မစောင့်နိုင်တော့ဘဲ တိုက်တွန်းလိုက်သည်။
သူမ၏ မိခင်မှာ အစွမ်းထက်သော မိစ္ဆာကြီးဖြစ်သော်လည်း ဆိုင်ရှင်မ၏ ဤကဲ့သို့သော အတတ်ပညာမျိုးကို သူမ တစ်ခါမျှ မကြားဖူးပေ။ အားလုံး၏ အကြည့်များမှာ ထိုမိစ္ဆာကောင်ပေါ်သို့ စုပြုံကျရောက်သွားတော့သည်။
"......" မိစ္ဆာရဟန်း ဖာနန်။
ဒီလူတစ်စုက ဗီဇပြောင်းနေတဲ့ အရူးတွေများလား။