အခန်း (၅၁၇-၅၁၈)
Vol. 52 Ch. 517-518
အခန်း (၅၁၇) - ဟင် အဲဒီမိစ္ဆာတွေက အရိပ်လို ပျောက်ကွယ်သွားတာလား ၊ လော့ဖုန်းတောင်ရဲ့ ဖီးနစ်ငှက်
ဆရာတော် ဟွေကျိန်းသည် ထိုရဟန်းအိုအား ကယ်တင်ရန် ကြိုးစားလိုက်သော်လည်း သူ၏ရှေ့တွင် အေးစက်စွာ စိုက်ကြည့်နေသော သမင်မိစ္ဆာက ရုတ်တရက် လမ်းပိတ်ရပ်လိုက်သည်။
ဆရာတော်က ဗုဒ္ဓဂုဏ်ရည်ဆောင် ကင်ဂန်းကို ထုတ်သုံးလိုက်သည့် အချိန်မှစ၍ ဤသမင်မိစ္ဆာသည် ဟာကွက်ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး အကာအကွယ် အစီရင်တွင် အနည်းငယ်မျှသော အက်ကြောင်းတစ်ခု ပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်သာ ကျားမိစ္ဆာနှင့် ဆိတ်မိစ္ဆာတို့က အခွင့်ကောင်းယူကာ အစီရင်ထဲသို့ ကျူးကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သမင်မိစ္ဆာသည် ဆရာတော် ဟွေကျိန်းအား ဟန့်တားထားပြီးနောက် ချက်ချင်းပင် မူလအသွင်ဖြစ်သော မဲနယ်ရောင်အစက်အပြောက်များပါသည့် သမင် အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် အေးစက်လှသော အအေးဓာတ်များ ဖြာထွက်နေပြီး ဆရာတော် ဟွေကျိန်းအား ပြင်းထန်စွာ တိုက်ခိုက်တော့သည်။
ဝုန်း
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
သမင်မိစ္ဆာနှင့် ဆရာတော် ဟွေကျိန်းတို့အကြားတွင် ကြည်လင်သော လေလှိုင်းများ ရိုက်ခတ်သွားသည်။ နှစ်ဖက်စလုံး ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့သော်လည်း ဆရာတော်မှာမူ ရဟန်းအိုအား ကယ်တင်ရန် အကောင်းဆုံး အချိန်ကို လွဲချော်သွားခဲ့လေပြီ။
ရဟန်းအို၏ စိတ်ထဲတွင် သွားပြီ ဟု တွေးလိုက်မိစဉ်မှာပင် ချွန်ထက်လှသော ဆိတ်ဦးချိုများက သူ၏ ဝမ်းဗိုက်ကို ဖောက်ထွက်တော့မည့်အလား အရှိန်ဖြင့် တိုးဝင်လာသည်။
ရုတ်တရက်
လူငယ်တာအိုဆရာတစ်ဦး ပေါ်ပေါက်လာပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
ဂျောက် ဗုန်း
တောဆိတ်ကြီး၏ ချွန်ထက်လှသော ဦးချိုများမှာ ချက်ချင်းပင် ကျိုးပဲ့သွားရသလို ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလည်း ထိုပြင်းထန်လှသော စွမ်းအားကြောင့် မြေပြင်ပေါ်သို့ လွင့်စင်ကာ မှောက်ခုံလဲကျသွားတော့သည်။
ဤမြင်ကွင်းက တိုက်ပွဲအတွင်းရှိ မိစ္ဆာအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
ထိုတောဆိတ်ကြီးမှာ ကြွက်သားအမြောင်းမြောင်းနှင့် သာမန်ရေကျွဲတစ်ကောင်ထက် နှစ်ဆခန့် ပိုမိုကြီးမားသော်လည်း ယခုအခါ သူ၏ မျက်ဝန်းထဲ၌ ဒေါသမီးများ တောက်လောင်နေသည်။ သူသည် မြေပြင်မှ ပြန်ထကာ လေးလံသော ခြေလှမ်းများဖြင့် မြေကြီးတုန်ဟီးသွားစေလျက် လူငယ်တာအိုဆရာအား အားကုန်သုံးကာ ပြေးတိုက်တော့သည်။
"သတိထား ဒီဆိတ်မိစ္ဆာက ခွန်အား အလွန်ကြီးတယ်၊ အတင်းအကျပ် အားမပြိုင်နဲ့ "
ဆရာတော် ဟွေကျိန်းက အော်ဟစ်ကာ သတိပေးလိုက်သည်။
သူသည် ဤလူငယ်တာအိုဆရာမှာ ဝေမြို့ တွင် သူနှင့် သိကျွမ်းခဲ့သော လီတာအိုဆရာ ဖြစ်ကြောင်း မှတ်မိသွားသည်။ ထိုတောဆိတ်မှာ ခွန်အားကြီးမားလှသလို မိစ္ဆာခန္ဓာကိုယ်မှာလည်း အလွန်မာကျောသဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်။ ပြင်းထန်သော စွမ်းအားများ ပိုင်ဆိုင်ထားသဖြင့် အတင်းအကျပ် အားပြိုင်ပါက လီတာအိုဆရာ အထိနာသွားမည်ကို သူ စိုးရိမ်နေမိသည်။
သို့သော်လည်း လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
သူသည် ကျန်ကျောင်းဓား ကို ဆွဲထုတ်လိုက်ပြီး တစ်ချက်တည်း ခုတ်ချလိုက်သည်။
ဓားအလင်းတန်း တစ်ချက် လက်သွားသည်။
ကြီးမားလှသော ဆိတ်ခေါင်းကြီးမှာ ဘုတ်ခနဲ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထို့နောက် ခေါင်းမရှိတော့သော တောဆိတ်ကြီး၏ ကိုယ်ထည်ကြီးမှာ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများမှာ မြစ်တစ်စင်းကဲ့သို့ အဟုန်ဖြင့် စီးထွက်လာတော့သည်။
"......" ဆရာတော် ဟွေကျိန်း
ထိုအချိန်တွင် ဆရာတော်၏ ကင်ဂန်းကို ရိုက်ချလိုက်သော ကျားမိစ္ဆာသည် သူ၏ အဖော် သေဆုံးသွားခြင်းအတွက် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဟိန်းဟောက်လိုက်ရင်း လီယန်ချူထံသို့ ပြေးဝင်လာတော့သည်။ သူ၏ ဟိန်းသံတွင် ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော စွမ်းအားများ ပါဝင်နေသည်။
တစ်ချိန်တည်းမှာပင် ကျားမိစ္ဆာ၏ ပါးစပ်မှ ရေတွက်၍မရနိုင်သော ချန်းကွေ ( မိစ္ဆာ၏ စေခိုင်းမှုကို ခံရသော ဝိညာဉ်များ) များ ပျံထွက်လာကြသည်။ ထိုဝိညာဉ်များမှာ ငရဲတံခါးဝမှ တက်လာသော သရဲစိမ်းများကဲ့သို့ လီယန်ချူအား အတင်းအကျပ် ဆွဲခေါ်သွားရန် ကြိုးစားကြသည်။
ကျားမိစ္ဆာများတွင် မိမိသတ်ထားသော လူ၏ ဝိညာဉ်ကို ချုပ်နှောင်ကာ လက်ပါးစေအဖြစ် အသုံးချနိုင်သည့် အစွမ်းရှိသည်။ ဤသည်မှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှသော နည်းလမ်းဖြစ်ပြီး သေဆုံးသူကို လူပြန်မဝင်နိုင်အောင် ချုပ်နှောင်ထားခြင်းပင်။
လီယန်ချူ၏ လက်ထဲရှိ ကျန်ကျောင်းဓားမှာ အလွန်ပင် ချွန်ထက်လှသည်။ သူသည် ပြေးဝင်လာသော ကျားမိစ္ဆာကို အေးစက်စွာ ကြည့်နေရင်း နောက်ထပ် ဓားတစ်ချက် ခုတ်ချလိုက်ပြန်သည်။
ဗုန်း
နောက်ထပ် ကြီးမားလှသော ကျားခေါင်းကြီးတစ်ခု မြေပေါ်သို့ လိမ့်ကျသွားပြန်သည်။ ကျားမိစ္ဆာမှာ နေရာမှာတင် အသက်ပျောက်သွားတော့သည်။
အင်အားကြီး မိစ္ဆာကြီး နှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်နိုင်ခြင်းက ပတ်ဝန်းကျင်ရှိ မိစ္ဆာအုပ်စုကို ထိတ်လန့်သွားစေသည်။
"တိုက်ကြ စစ်ကူ ရောက်လာပြီ"
ဆရာတော် ဟွေကျိန်းက ကြွေးကြော်လိုက်သည်။
သူ၏ ဘေးရှိ ရဟန်းအိုများမှာလည်း ဗုဒ္ဓနည်းလမ်းများကို အသုံးပြုကာ ရန်သူများကို တိုက်ခိုက်ကြတော့သည်။ ဤလူငယ်တာအိုဆရာက အင်အားကြီး မိစ္ဆာနှစ်ကောင်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် ယနေ့ သူတို့၏ ဘေးအန္တရာယ်မှာ ကျော်လွှားနိုင်ပြီ ဖြစ်သည်။
ဆရာတော် ဟွေကျိန်းသည် သမင်မိစ္ဆာကို အတင်းအကျပ် ဖိအားပေးလိုက်သည်။
"သောက်တိရစ္ဆာန်"
"ဒီနေ့တော့ မင်းလည်း သူများက ဝိုင်းထားတဲ့ အရသာကို ခံစားကြည့်ဦးပေါ့ "
ဆရာတော်၏ ခန္ဓာကိုယ်မှာ ရွှေရောင်သွန်းထားသလို တောက်ပနေပြီး ကင်ဂန်းကို ဝှေ့ယမ်းကာ သမင်မိစ္ဆာနှင့် အသက်ကို ရင်း၍ တိုက်ခိုက်တော့သည်။ ဗုဒ္ဓအလင်းတန်းများမှာ တိုက်ပွဲတစ်ခုလုံးတွင် ဟိုမှသည် ပျံ့နှံ့နေသည်။
လီယန်ချူသည်လည်း သူ၏ ရတနာများဖြစ်သော ကျောက်ထျန်းတံဆိပ် ၊ မီးကျီးကန်းတစ်သောင်း အိုး နှင့် နဂါးငါးပါး စက်ဝိုင်း တို့ကို ထုတ်သုံးလိုက်သည်။
ချက်ချင်းပင် တစ်လောကလုံး မီးဟုန်းဟုန်း တောက်သွားတော့သည်။
နေမင်းကြီးက ကမ္ဘာမြေကို လောင်ကျွမ်းစေသကဲ့သို့ပင်။
ရေတွက်၍မရသော နတ်မီးလျှံများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး မိစ္ဆာများအားလုံးကို ဝါးမြိုလိုက်တော့သည်။ ပြင်းထန်လှသော မီးနဂါးကြီးများမှာလည်း မိစ္ဆာအုပ်ကြားတွင် ဟိန်းဟောက်ကာ သောင်းကျန်းနေကြသည်။
ဟင်းလင်းပြင် တစ်ခုလုံးတွင် နတ်မီးများမှာ မြစ်ရေကြီးသကဲ့သို့ စီးဆင်းသွားပြီး မိစ္ဆာများမှာ ထွက်ပြေးရန် အချိန်မရလိုက်ဘဲ မီးတောက်ကြားတွင် အော်ဟစ်ရင်း ပြာကျသွားကြသည်။
ထိုနတ်မီးလျှံများမှာ အသက်ဝင်နေသကဲ့သို့ပင် လင်ရှီးဘုရားကျောင်းမှ ရဟန်းများကိုမူ အစွန်းအထွက်လေးပင် မထိခိုက်အောင် ရှောင်ကွင်းသွားသည်။ မီးရှို့သည့် အတတ်တွင် လီယန်ချူမှာ သူတို့၏ အဖိုးအဆင့်ပင် ဖြစ်ပေသည်။
သမင်မိစ္ဆာ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ ထိုလူငယ်တာအိုဆရာက ဘယ်ကလာသနည်း။
သူသည် ဆရာတော် ဟွေကျိန်း၏ လက်မှ လွတ်မြောက်အောင် အတင်းရုန်းကန်သော်လည်း ဆရာတော်က သူ့အား အသက်နှင့်လဲ၍ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ စောစောက သူ ဆရာတော်ကို ပိတ်ဆို့ခဲ့သည့်အတိုင်း ပြန်လည် ကြုံတွေ့နေရခြင်းပင်။
ဤသည်ကို "ကံတရားသည် စက်ဝိုင်းလို လည်ပတ်နေသည်" ဟု ဆိုရမည်လော။
အဆုံးတွင်တော့ ထိုအစွမ်းထက်လှသော သမင်မိစ္ဆာမှာ ဆရာတော်၏ ပိတ်ဆို့မှုကို မကျော်လွှားနိုင်ခဲ့ပေ။ လီယန်ချူသည် ဓားကို ကိုင်ကာ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အစက်အပြောက်ပါသည့် သမင်ကြီးမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။
"......" ဆရာတော် ဟွေကျိန်း
"......" လင်ရှီးဘုရားကျောင်းမှ ရဟန်းအိုများ
လီယန်ချူမှာ အစွမ်းထက်မှန်း သူတို့ သိကြသော်လည်း ဤမျှအထိ အစွမ်းကြီးလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ကြပေ။ စောစောက သူတို့သည် ထိုမိစ္ဆာအုပ်၏ ဝိုင်းရံမှုကို ခံထားရပြီး အင်အားကြီး မိစ္ဆာသုံးကောင်၏ အကြည့်အောက်မှာ အချိန်မရွေး မိစ္ဆာအစာ ဖြစ်သွားနိုင်သည့် အခြေအနေ ဖြစ်ခဲ့သည်။
မထင်မှတ်ဘဲ လူငယ်တာအိုဆရာ ပေါ်လာသည်နှင့် မိစ္ဆာအားလုံးကို ပြာပုံဘဝသို့ အလွယ်တကူ ပို့ဆောင်ပေးလိုက်လေပြီ။
"ဆရာတော်... ဆင်းရဲသား ရဟန်း လာပါပြီ "
အိုမင်းရင့်ရော်သော အသံတစ်ခု ထွက်ပေါ်လာသည်။
စောစောက ရွှေရောင်ဘုရားရုပ်တုကို ပိုက်ကာ ထွက်ပြေးသွားသော ရဟန်းအိုမှာ နောက်ကြောင်းပြန်လှည့်ကာ တိုက်ခိုက်ရန် ရောက်ရှိလာခြင်းပင်သူ၏ လက်ထဲရှိ ရွှေရောင်ဘုရားရုပ်တုမှာ လင်ရှီးဘုရားကျောင်း၏ အမြတ်နိုးဆုံး ရတနာဖြစ်သည်။
ဆရာတော် ဟွေကျိန်းသည် မိစ္ဆာများ၏ ဝိုင်းရံမှုကို ခံလိုက်ရစဉ်က ထိုရဟန်းအိုအား အစွမ်းကုန်သုံးကာ ကယ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လမ်းတွင် ဝံပုလွေမိစ္ဆာအုပ်နှင့် ထပ်မံကြုံတွေ့ခဲ့ရသည်။
ထိုဝံပုလွေမိစ္ဆာများမှာ ဤမိစ္ဆာအုပ်စုတွင် ထိပ်တန်းအဆင့်ရှိပြီး ဝိုင်းရံတိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်ကာ မိစ္ဆာနိုင်ငံ၏ ကင်းထောက်များ ကဲ့သို့ လုပ်ဆောင်ကြသူများ ဖြစ်သည်။
ကံဆိုးစွာဖြင့် သူတို့သည် လီယန်ချူနှင့် ဦးစွာ တိုးခဲ့သဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
ထိုရဟန်းအိုသည် အသက်ရှူနှုန်း ပြန်မှန်လာသည်နှင့် အသက်ကို ပဓာနမထားဘဲ ပြန်လာခဲ့သော်လည်း ယခုအခါ အလွတ်အတိုင်း ဖြစ်နေသည့် တောင်ကြားကို ကြည့်ကာ မျက်မှောင်ကြုတ်သွားမိသည်။
"ဟင်"
"စောစောလေးကတင် တောင်ကြားထဲမှာ မီးတွေဟုန်းဟုန်းတောက်နေတာ မြင်လိုက်ပါသေးတယ်၊ ဘယ်လိုဖြစ်လို့ မျက်တောင်တစ်ခတ်အတွင်းမှာ အဲဒီမိစ္ဆာတွေအားလုံး မရှိတော့တာလဲ "
သူ အံ့ဩသွားမိသည်။ အဲဒီမိစ္ဆာတွေက အရိပ်လို ပျောက်ကွယ်သွားတာလား နတ်ဝင်သည်လို ထူးဆန်းစွာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေကြတာလား တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
"အဲဒီမိစ္ဆာတွေအားလုံးကို လီတာအိုဆရာက သတ်လိုက်ပြီ၊ တစ်ကောင်မှ မကျန်ဘူး"
"ဪ... ဒါနဲ့၊ ဒီသမင်မိစ္ဆာရဲ့ အလောင်းတစ်ခုပဲ ကျန်ခဲ့တယ်"
ဆရာတော် ဟွေကျိန်းက ခေါင်းပြတ်နေသော သမင်မိစ္ဆာ အလောင်းကြီးကို လက်ညိုးညွှန်ပြလိုက်သည်။
ရဟန်းအို "......"
"ဆရာတော် ဟွေကျိန်း၊ ဒါတွေက ဘယ်လိုဖြစ်ရတာလဲ ဘာလို့ ဒီမှာ မိစ္ဆာတွေ အများကြီး ရှိနေတာလဲ ခင်ဗျားတို့က ခေါင်းတလားနောက်ကို လိုက်လာတာ မဟုတ်ဘူးလား"
"ဒါကလည်း ထူးဆန်းတယ်ဗျာ၊ကျုပ်တို့က အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားနောက်ကို လိုက်ရင်း ဒီလော့ဖုန်းတောင်ထဲ ရောက်လာတာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီမိစ္ဆာအုပ်နဲ့ တိုးတာပဲ။ သူတို့က တစ်ခုခု ကြီးကြီးမားမား ကြံစည်နေပုံရတယ်၊ အဲဒါကို ကျုပ်တို့က သိသွားလို့ သူတို့က နှုတ်ပိတ်ဖို့ ကြိုးစားကြတာပဲ"
ဆရာတော် ဟွေကျိန်းသည်လည်း နားမလည်နိုင်စွာ ဆိုသည်။ လော့ဖုန်းတောင်ထဲတွင် ဤမျှ မိစ္ဆာများ ရှိနေမည်ဆိုပါက လင်ရှီးဘုရားကျောင်းမှာ ကြာလှပြီ ပျက်စီးသွားပေလိမ့်မည်။
"အင်း..." လီယန်ချူ၏ မျက်ခုံးတစ်ချက် လှုပ်သွားသည်။
"ဒါဆိုရင် သူတို့က ဒီမှာ အရင်ကတည်းက ရှိနေတာပေါ့၊ ခေါင်းတလားကြောင့် ရောက်လာတာ မဟုတ်ဘူးပေါ့ "
"အခုကြည့်ရတာတော့ အဲဒီလိုပဲ၊ အဲဒီခေါင်းတလား ဘယ်ရောက်သွားမှန်းလည်း မသိရသေးဘူး။ ကျုပ်တို့လို အသုံးမကျတဲ့ ရဟန်းတွေတောင် ဒီမှာတင် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီနေ့တော့ လီတာအိုဆရာရဲ့ ကျေးဇူးကြောင့်သာပေါ့"
ဆရာတော် ဟွေကျိန်းက သက်ပြင်းချရင်း ဆိုသည်။ လင်ရှီးဘုရားကျောင်း၏ မျိုးဆက်မှာ သူ၏ လက်ထဲတွင် ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရလေပြီ။
"ဆရာတော် ဟွေကျိန်း၊ ကျုပ်တို့က မိတ်ဟောင်းဆွေဟောင်းတွေပဲ၊ ဒီလိုစကားမျိုး ပြောနေဖို့ မလိုပါဘူး"
လီယန်ချူက ပြန်ပြောလိုက်သည်။
ဟိန်း
ထိုအချိန်တွင် တောင်ကြားထဲမှ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ တစ်ခုခု ကြောက်မက်ဖွယ်ကောင်းသော အရာကြီး နိုးထလာသကဲ့သို့ပင်။
ထိုဟိန်းသံတစ်ခုတည်းနှင့်ပင် လူကို စိတ်နှလုံး တုန်လှုပ်သွားစေနိုင်သည်။
လီယန်ချူနှင့် ဆရာတော် ဟွေကျိန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်ဝန်းထဲ၌ အံ့ဩထိတ်လန့်မှုများ ရှိနေသည်။
"ပိုင်ကျီမိစ္ဆာနိုင်ငံကလူတွေ သူတို့အကြံအောင်မြင်သွားပြီး ကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးတစ်ခုကို လွှတ်ပေးလိုက်တာများလား "
ဆရာတော် ဟွေကျိန်း၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။
လော့ဖုန်းတောင်၊ လော့ဖုန်းတောင်... ဒီတောင်ပေါ်မှာ တကယ်ပဲ ဖီးနစ်ငှက်တစ်ကောင် သေဆုံးခဲ့တာများလား။
ထိုစဉ်မှာပင် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဝါမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
အခန်း (၅၁၈) - ဖီးနစ်ချန်ရစ်ခဲ့သော စွမ်းအား ၊ မိစ္ဆာလောက၏ လုံအော်ထျန်း ၊ မီးချီလင်
ဒုန်း ဒုန်း ဒုန်း
မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားတော့သည်။
တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းနေသော လူရိပ်တစ်ခုသည် တောင်ကြားအနက်ပိုင်းမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ အဝေးက လှမ်းကြည့်ရုံမျှနှင့်ပင် တစ်ဦးတစ်ယောက်၏ ဝိညာဉ်မှာ မီးလောင်ကျွမ်းခံရသကဲ့သို့ ခံစားလိုက်ရသည်။
ကြည့်လိုက်လျှင် ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းသန်မာပြီး ချောမောခန့်ညားသော လူငယ်တစ်ဦးဖြစ်ကာ သူ၏ ပတ်ပတ်လည်တွင် မီးလျှံများ ဝိုင်းရံထားသည်။
သူ၏ အသားအရေပေါ်တွင် ကျောက်စိမ်းကဲ့သို့သော အရောင်အဝါများ မှိန်ပျပျ ထွက်ပေါ်နေပြီး မျက်ဝန်းများမှာ လျှပ်စီးတန်းများကဲ့သို့ စူးရှလှသည်။ အရှိန်အဝါမှာလည်း အလွန်ပင် မာန်ဝင့်ပြီး အစွမ်းထက်လှပေသည်။
"အောင်မြင်ပြီ... ငါ နောက်ဆုံးတော့ အောင်မြင်ပြီ"
"ဒီနေရာမှာ တကယ်ပဲ ဖီးနစ်ငှက် ချန်ရစ်ခဲ့တဲ့ စွမ်းအားတွေ ရှိနေတာကိုး "
ထိုလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော ထွားကျိုင်းသည့် လူငယ်မှာ အလွန်ပင် နှစ်ခြိုက်ကျေနပ်နေသော မျက်နှာထား ရှိနေသည်။ ယခုအခါ သူ၏ အရှိန်အဝါမှာ အရိုးလဲ အသားလဲ ဖြစ်သွားခဲ့လေပြီ။ သူ၏ မျက်လုံးထဲတွင် တစ်လောကလုံးမှာ အသွင်တစ်မျိုး ပြောင်းလဲသွားခဲ့သည်။
အသက်ရှူလိုက်တိုင်း အလွန်အားကောင်းလှသော သက်စောင့်အဆီအနှစ် များကို ခံစားနေရသည်။ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများမှာလည်း သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောလှပြီး မည်သည့်အခါမျှ ခန်းခြောက်သွားမည်မဟုတ်ဟု ထင်ရသည်။
သို့သော်လည်း သူ မျှော်လင့်ထားသည့် တုံ့ပြန်မှုကိုမူ မကြားရပေ။ သူ၏ အတွေးထဲတွင် သူ ထွက်လာသည်နှင့် ဤနေရာ၌ တောင်ပြိုလဲမတတ် သောင်းသောင်းဖျဖျ ကြိုဆိုသံများကို ကြားရမည်ဟု ထင်ထားခဲ့သည်။ မိစ္ဆာအုပ်စုက သူ့ကို ဘုရင်အဖြစ် တင်မြှောက်ပြီး ကြယ်အပေါင်း ဝန်းရံထားသော လမင်းကြီးကဲ့သို့ ဖြစ်နေရမည် မဟုတ်ပါလား။
မာန်ဝင့်လှသော ထိုလူငယ်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထိုအခါ ရဟန်းအို အနည်းငယ်နှင့် ဓားရှည်တစ်လက်ကို ကိုင်ထားသော လူငယ်တာအိုဆရာတစ်ဦးကိုသာ တွေ့လိုက်ရသည်။
"ဟော... ဒီတာအိုဆရာလေးက ရုပ်ရည်တော့ တော်တော်သန့်တာပဲ"
ထွားကျိုင်းသော လူငယ်မှာ မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လဲကျနေသော သမင်ဖြူအလောင်းကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားမိသည်။
"သမင်မိစ္ဆာ... မင်း သူ့ကို သတ်လိုက်တာလား"
ကြည့်ရသည်မှာ အနည်းငယ် အူကြောင်ကြောင် နိုင်သော ထိုလူငယ်က လီယန်ချူအား အေးစက်စွာ မေးလိုက်သည်။
"ဒါကတော့ ရှင်းနေတာပဲလေ"
လီယန်ချူက လက်ထဲမှ ကျန့်ကျောင်းဓားကို မြှောက်ပြလိုက်သည်။
ဒီနေရာမှာ ဓားကိုင်ထားတာ သူတစ်ယောက်တည်း ရှိသည်။ သမင်မိစ္ဆာရဲ့ ခေါင်းကို ပြတ်သားစွာ ခုတ်ချနိုင်သူမှာ သူမှလွဲ၍ မည်သူရှိဦးမည်နည်း။
"ကောင်းပြီ... လူငယ်လေး၊ မင်းက ငါ့အတွက် ကိစ္စရပ်တွေကို စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်ပေးလိုက်တာပဲ"
ထွားကျိုင်းသော လူငယ်က မာန်တက်စွာ ဆိုလိုက်သည်။ သူ၏ မျက်နှာမှာ အလွန်ပင် နက်နဲဆန်းကြယ်နေသယောင် ဖမ်းထား၏။
"......" လီယန်ချူ
ဒါ မိစ္ဆာလောကထဲက အူကြောင်ကြောင် လူငယ်လား။
လုံအော်ထျန်း (အစွမ်းအလွန်ထက်ပြီး မာန်ဝင့်သော ဇာတ်လိုက်မျိုး) လား။
လီယန်ချူက ဘာမှပြန်မပြောဘဲ နေသည်ကို မြင်သောအခါ ထိုလူငယ်က ခပ်အေးအေးပင် ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ လက်ပါးစေတွေကော ဘယ်မှာလဲ"
လီယန်ချူ ခဏမျှ ကြောင်သွားပြီးမှ
"စောစောက မိစ္ဆာတွေကို ပြောတာလား "
ထိုလူငယ်က မာန်ဝင့်စွာ ခေါင်းညိတ်ပြသည်။
"အားလုံးကို ငါ သတ်ပစ်လိုက်ပြီ"
လီယန်ချူက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
အလွန်အစွမ်းထက်လှသော ထိုလူငယ်၏ နှုတ်ခမ်းအစုံမှာ တစ်ချက်မျှ တွန့်သွားတော့သည်။
"ကောင်းပြီ... ငါ့ရဲ့ လက်ပါးစေတွေကို သတ်ရဲတဲ့အပြင် ငါ့ရှေ့မှာတောင် ဒီလောက် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာပဲ။ မင်းမှာ ငါ့လက်နဲ့ သေခွင့်ရဖို့ အရည်အချင်း ရှိသွားပြီ"
သူ၏ အမြင်တွင် လီယန်ချူသည် သူ၏ လက်ချက်ဖြင့် သေဆုံးရခြင်းမှာ အလွန်ကြီးမားသော ဂုဏ်သိက္ခာတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
"မင်းနာမည်က လုံအော်ထျန်း လား"
လီယန်ချူက မနေနိုင်ဘဲ မေးလိုက်သည်။
"ငါ့နာမည်က ဒီနေ့ကစပြီး ချီလင် ပဲ"
ထိုလူငယ်က အေးစက်စွာ ပြောလိုက်သည်။
သူ ထွက်လာကတည်းက လီယန်ချူသည် ဝိညာဥ်မျက်စိ ဖြင့် အကဲခတ်ပြီးသား ဖြစ်သည်။ ထိုကောင်မှာ တကယ့်ကို မီးချီလင်တစ်ကောင်မှ လူအသွင် ပြောင်းထားခြင်း ဖြစ်ပေသည်။ သို့သော် လီယန်ချူ အံ့ဩမိသည်မှာ ယခုခေတ်ကာလတွင် ချီလင်မျိုးနွယ် ရှိနေသေးခြင်းပင်။
"မင်း အရင်က ဘာနာမည်လဲ "
လီယန်ချူက ရုတ်တရက် ထူးထူးဆန်းဆန်း မေးလိုက်မိသည်။
ထိုလူငယ်က သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး
"လူသား... မင်း ခုကစားနေတာ မီးနဲ့နော်"
"......" လီယန်ချူ
ရုတ်တရက်
ထိုလူငယ်သည် ခြေတစ်လှမ်း တိုးလိုက်ပြီး လက်သီးတစ်ချက် ဝှေ့ယမ်းကာ ထိုးလိုက်သည်။
ဝုန်း
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လေထုမှာ မီးလောင်ကျွမ်းခံရသကဲ့သို့ ပူပြင်းလာသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာပြီး အဆုတ်ထဲတွင် မီးလောင်နေသကဲ့သို့ ခံစားရသည်။ ထိုလူငယ်၏ လက်သီးမှ ကြီးမားလှသော မီးလျှံမြစ်ကြီး တစ်စင်း ထွက်ပေါ်လာသည်။
လီယန်ချူက ဓားဖြင့် တစ်ချက် ခုတ်ချလိုက်သည်
တောက်ပသော ဓားအလင်းတန်းနှင့် မီးလျှံမြစ်ကြီးတို့မှာ အရှိန်အဟုန်ဖြင့် ထိပ်တိုက်တွေ့ကြတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
တောင်ကြားတစ်ခုလုံးတွင် ကောင်းကင်သို့ ထိုးတက်သွားသော လေလှိုင်းများ ပေါက်ကွဲထွက်လာသည်။
ဆရာတော် ဟွေကျိန်း အပါအဝင် လင်ရှီးဘုရားကျောင်းမှ ရဟန်းများအားလုံး ထိုပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် နောက်သို့ လွင့်စဉ်သွားကာ သွေးများပင် အန်ထွက်ကုန်ကြသည်။ စောစောက မိစ္ဆာအုပ်နှင့် တိုက်ခိုက်စဉ်ကပင် သူတို့ ဤမျှအထိ ဒဏ်ရာမရခဲ့ဖူးပေ။
"......" ဆရာတော် ဟွေကျိန်း
"......" ရဟန်းအိုများ
မီးလျှံများကြားထဲတွင် မာန်ဝင့်လှသော ထွားကျိုင်းသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူသည် အလွန်ပင် တည်ငြိမ်နေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းတန်းများ လှည့်ပတ်နေကာ ကြည့်ရသည်မှာ နက်နဲပြီး အစွမ်းထက်လှသည်။
"ငါ့ရဲ့ ကျင့်စဉ်စွမ်းအား ၁၀ ရာခိုင်နှုန်းကို တားဆီးနိုင်တယ်ဆိုတော့ မဆိုးပါဘူး"
ထိုလူငယ်က ခပ်အေးအေးပင် ခေါင်းညိတ်ပြပြန်သည်။
ဒီကောင်က တကယ်ပဲ ရူးချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တကယ့်ကို အူကြောင်ကြောင်နိုင်နေတာလားဆိုတာ ခွဲခြားရ ခက်လှသည်။
လီယန်ချူက ခြေတစ်လှမ်း တိုးလိုက်ပြီး ဆရာတော် ဟွေကျိန်း၏ ရှေ့တွင် ရပ်လိုက်သည်။
"ဆရာတော် ဟွေကျိန်း... ခင်ဗျားတို့ အရင် ထွက်သွားကြပါ၊ ဒီကောင့်ကို ကျွန်တော် ကိုင်တွယ်လိုက်မယ်"
လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။
"သူတို့ ဘယ်မှ သွားလို့မရဘူး မင်းက ငါ့လက်ပါးစေတွေကို သတ်ခဲ့တယ်၊ ဒါကြောင့် ငါက မင်းရဲ့ သူငယ်ချင်းတွေကို ပြန်သတ်မယ် "
ထိုလူငယ်က လက်ကို ဖြန့်လိုက်သည်။
သူ၏ လက်ဝါးမှ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ ထွက်ပေါ်လာပြီး လင်ရှီးဘုရားကျောင်းမှ ရဟန်းများကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
နောက်တစ်စက္ကန့်တွင် ရွှေချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နတ်စစ်သည်တော်ကြီး တစ်ပါး ပေါ်လာပြီး ထိုမီးလျှံများကို ပိတ်ဆို့လိုက်သည်။
တာအို အစီရင်ဝတ်စုံ
ကောင်းကင်ယံမှ မီးလျှံများအားလုံး ထိုချပ်ဝတ်၏ တားဆီးမှုကို ခံလိုက်ရသည်။ ဆရာတော် ဟွေကျိန်းတို့မှာ ငရဲတံခါးဝသို့ ရောက်လုနီးပါး ဖြစ်သွားခဲ့ရသဖြင့် အလွန်ပင် ထိတ်လန့်သွားကြသည်။
"ဒီလူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဘယ်ကနေ တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ထွက်လာတာလဲ"
"ဒါဆိုရင် စောစောက ပိုင်ကျီမိစ္ဆာနိုင်ငံကလူတွေ ဒီမှာရှိနေတာ သူ့ကို အောင်မြင်အောင် လုပ်ပေးဖို့ပေါ့"
ရဟန်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ လော့ဖုန်းတောင်ထဲကို ခြေချကတည်းက သူတို့ဟာ သေမိန့်ကျပြီးသား ဖြစ်နေသည်ကို ယခုမှ သိလိုက်ရသည်။ အကယ်၍ လီတာအိုဆရာသာ မရှိပါက သူတို့သည် မိစ္ဆာလက်တွင် မသေလျှင်ပင် ဤကြောက်စရာကောင်းသော လူငယ်လက်တွင် သေကြရမည်သာ။
လီယန်ချူသည် ထိုလူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက ကြည့်ရတာ စကားပြောရင် ကြွားဝါရတာကို ဝါသနာပါတဲ့ အူကြောင်ကြောင်ပုံစံ ဖြစ်နေပေမဲ့ တိုက်ခိုက်ရင်တော့ တကယ့်ကို ရက်စက်လှသည်။ အကယ်၍ သူသာ အစီရင်ဝတ်စုံကို ထုတ်မသုံးခဲ့လျှင် ဆရာတော်တို့မှာ စောစောက အပိုင်းပိုင်း ပြတ်သွားလောက်ပြီ ဖြစ်သည်။
ဒီကောင်က မီးရှို့တာ ပြိုင်ချင်နေတာလား
"ဆရာတော် ဟွေကျိန်းတို့ကို ခေါ်သွားလိုက် "
လီယန်ချူက အစီရင်ဝတ်စုံ ကို အမိန့်ပေးလိုက်သည်။
ဒီအစီရင်ဝတ်စုံကို သူ ကိုယ်တိုင်ယူလာခဲ့ခြင်း ဖြစ်သော်လည်း သစ်သားပြားအချို့ကိုမူ ဆိုင်ရှင်မ ဆီမှာ ချန်ထားပေးခဲ့သည်။ ဒါကလည်း ဆိုင်ရှင်မကိုယ်တိုင် တောင်းဆိုခဲ့တာကြောင့် ဖြစ်သည်။
ရွှေရောင်နတ်စစ်သည်တော်ကြီးမှာ ဆရာတော်တို့ကို ကာကွယ်ရင်း ဖြည်းညှင်းစွာ ဆုတ်ခွာသွားသည်။ ယခုတစ်ကြိမ်တွင်တော့ မီးလျှံလူငယ်က မတားဆီးတော့ဘဲ စိတ်ဝင်တစား ကြည့်နေပြန်သည်။
"ကိုယ်ပိုင်အသိစိတ်ရှိတဲ့ ရတနာပဲ... ကောင်းတာပေါ့"
သူက လီယန်ချူကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းကို သတ်လိုက်ရင် ဒီရတနာက ငါ့ဟာ ဖြစ်သွားမှာပဲ"
လီယန်ချူ၏ မျက်နှာမှာ အေးစက်သွားပြီး
"မင်းကလား"
သူ၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်
လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။
သူ၏ ကျောဘက်တွင် သိုင်းဝိညာဉ်ပံရိပ်တစ်ခု ထင်ဟပ်လာသလို လေးလံလှသော နတ်ဘုရားစွမ်းအား လည်း ပါဝင်နေသည်။ တောင်ကို ဖြိုနိုင်ပြီး မြစ်ကို တားနိုင်သည့် အရှိန်အဟုန်ပင်
ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ မျက်ဝန်းထဲ၌ပင် အံ့ဩမှုများ ဖြစ်ပေါ်သွားသည်။
သူသည် ချက်ချင်းပင် ဟုန်းဟုန်းတောက်နေသော မီးလျှံများ ဖုံးလွှမ်းနေသည့် မီးချီလင် အဖြစ် ပြောင်းလဲလိုက်သည်။ မီးချီလင်ကြီးမှာ ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ နတ်အလင်းတန်းများမှာ လှိုင်းထသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်အာဏာ တစ်ခုက လီယန်ချူ၏ ကြီးမားလှသော လက်သီးအရှိန်အဝါကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း
မီးချီလင်ကြီးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ဒဏ်ရာမရခဲ့သော်လည်း သူ၏ မျက်နှာမှာမူ အတော်လေး ပျက်သွားရလေပြီ။
"ငါက နတ်သားရဲ မီးချီလင်လေ... ဘယ်လိုဖြစ်လို့ သာမန်လူသားတစ်ယောက်ရဲ့ ရိုက်ချက်နဲ့ နောက်ကို ဆုတ်သွားရတာလဲ "
ထိုလူငယ်၏ စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိသည်။ အလွန်ပင် မကျေမနပ် ဖြစ်နေ၏။
သူသည် ဟိန်းဟောက်လိုက်ရင်း ကြောက်စရာကောင်းသော နတ်အာဏာတစ်ခုကို ထုတ်သုံးလိုက်ပြန်ရာ တောင်ကြားတစ်ခုလုံးမှာ ချက်ချင်းပင် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
စောစောက လီယန်ချူ ထုတ်သုံးခဲ့သော နတ်မီးလျှံများနှင့် မတူဘဲ ဤမီးလျှံများမှာ အရာအားလုံးကို လောင်ကျွမ်းစေကာ မြေကြီးကိုပင် အရည်ပျော်စေနိုင်သည်။ အရာရာကို ဖျက်ဆီးပစ်မည့် အငွေ့အသက်များ ပြည့်နှက်နေတော့သည်။