← Chapters

အခန်း (၁၅၀၁-၁၅၀၂)

Vol. 151 Ch. 1501-1502

အခန်း (၁၅၀၁-၁၅၀၂)

Vol. 151 Ch. 1501-1502

အခန်း (၁၅၀၁) - ငရဲမင်း၏ ဘွဲ့နှင်းအပ်ခြင်း

"ဒီနေ့လား"

ရှဲ့အာမန်မှာ အနည်းငယ် မှင်သက်သွားပြီးနောက် စဉ်းစားဟန်ဖြင့်

"မင်း သူမနဲ့ ဆုံတွေ့ခဲ့တာ တစ်နှစ်ဝန်းကျင်ပဲ ရှိသေးတာ၊ သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား"

"အတန်အသင့်တော့ ရှိပါတယ်၊ တကယ်လို့ အဆင်မပြေရင်လည်း တခြားနည်းလမ်းတစ်ခုကိုပဲ စဉ်းစားရတော့မှာပေါ့"

ဖန့်ချန်က ဆိုသည်။

တာအိုဆရာ လူအိုကြီးက ရယ်မောလိုက်ရင်း

"အဆင်မပြေရင်တော့ တခြားနည်းလမ်း မရှိတော့ဘူးဟေ့၊ အခု အခွင့်အရေးက သိပ်မများဘူးဆိုပေမဲ့ အနည်းဆုံးတော့ နည်းနည်းပါးပါး ရှိသေးတယ်လို့ ပြောလို့ရတာပေါ့"

သူက ခေတ္တရပ်လိုက်ပြီး

"တကယ်လို့ တို့တွေ ထွက်မသွားနိုင်ရင်လည်း နောက်ဆို ဒီမှာပဲ အေးအေးဆေးဆေး နေကြတာပေါ့၊ ဟားဟားဟား"

"သေချာပေါက် ထွက်သွားနိုင်ရမယ်၊ ကျမကတော့ ဒီမှာ တစ်သက်လုံး အိုမင်းမခံနိုင်ဘူး"

ရှဲ့အာမန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

"မိန်းကလေးရယ်... ကျုပ်ကို မျက်စောင်းထိုးလည်း မထူးပါဘူးဗျာ"

တာအိုဆရာ လူအိုကြီးက ပြုံး၍ ခေါင်းခါယမ်းလိုက်သည်။

'သူတို့အမြင်မှာတော့ အခွင့်အရေးက နည်းနေလိမ့်မယ်၊ ဒါပေမဲ့...'

ဖန့်ချန်၏ အသိစိတ်ထဲတွင် ရွှေချင်းဟယ်၏ ပုံရိပ် ပေါ်လာသည်။

သူ့အမြင်တွင်မူ အခွင့်အရေးမှာ ရှိနေဆဲဖြစ်ပြီး သေးငယ်လှသည်မဟုတ်။

ချင်းဟယ်ဆရာလေး၏ အတိတ်ဇာတ်လမ်းက အခွင့်အရေးတစ်ခု ဖြစ်သလို၊ငရဲမင်းတံဆိပ်တော် ၏ ဘွဲ့နှင်းအပ်ခြင်း ကလည်း အခွင့်အရေးတစ်ခု ဖြစ်သည်။

ထိုနှစ်ခုကို အသုံးပြုပြီး လှုံ့ဆော်ပေးလျှင် ဟွာကျိသိုက် ဝိညာဉ်မယ်တော် ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိစေနိုင်ကောင်း ရရှိစေနိုင်လိမ့်မည်။

သို့သော် မှတ်ဉာဏ်ပြန်ရပြီးနောက် ဘာဆက်ဖြစ်မလဲဆိုသည်ကတော့ တာအိုဆရာ လူအိုကြီး လိမ်မပြောခဲ့ဖို့ကိုသာ ဆုတောင်းရမည် ဖြစ်သည်။

သူသည် ရွှေချင်းဟယ်ကို တစ်နှစ်နီးပါး အကဲခတ်ခဲ့ရာ သူမသည် အမှန်တကယ်ပင် မှတ်ဉာဏ်များ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုအချက်ကို သေချာသွားပြီဖြစ်၍ အချိန်ထပ်ဖြုန်းနေရန် မလိုတော့ချေ။

နံနက်ခင်းတွင် ရွှေချင်းဟယ်သည် ဖန့်ချန်ကို ခေါ်ကာ မိဘမဲ့နှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုသို့ ရောက်လာခဲ့သည်။

ဤနေရာသည် မဟာရှနိုင်ငံ ရှိ ကရုဏာတော်ဂေဟာ နှင့် ဆင်တူပြီး အိုမင်းမစွမ်းသူများနှင့် ကလေးငယ်များကို လက်ခံစောင့်ရှောက်ထားသည့် နေရာဖြစ်သည်။

"အုပ်ချုပ်ရေးမှူးမလေး "

ကလေးငယ်များသည် ရွှေချင်းဟယ်ကို မြင်သည်နှင့် တဟားဟား ရယ်မောရင်း ပြေးထွက်လာကြသည်။

သူတို့၏ အဝတ်အစားများမှာ နွမ်းပါးလှသော်လည်း သန့်သန့်ပြန့်ပြန့် ရှိကြသည်။

"ဖန့်အကိုကြီး..."

ကလေးအချို့က ဖန့်ချန်ကို လှမ်းနှုတ်ဆက်ကြသည်။

ဖန့်ချန်သည် ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးဖြစ်၍ ဂေဟာရှိ လူကြီးလူငယ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

ရွှေချင်းဟယ်က ဖန့်ချန်ကို အလုပ်ခိုင်းစေပြီး နှစ်ဦးသား မွန်းတည့်ချိန်အထိ အလုပ်ရှုပ်နေကြသည်။

ထို့နောက် သူမသည် ဖန့်ချန်အတွက် ထမင်းတစ်ပန်းကန် ခပ်ပေးကာ နှစ်ဦးသား လှေကားထစ်ပေါ်တွင် ထိုင်၍ စားသောက်နေကြစဉ်

"နှစ်သစ်ကူးတော့မယ်၊ အဲ့ဒီအချိန်ကျရင် ရာသီဥတုက အေးလာတော့မှာ၊ ဒီက မီးသွေးတွေက လောက်မှာမဟုတ်ဘူး"

ရွှေချင်းဟယ်က တတွတ်တွတ် ပြောဆိုနေရင်း သူမ၏ ရင်ခွင်ထဲကို စမ်းသပ်လိုက်ကာ တိုးတိုးလေး ဆိုသည်။

"မနက်ဖြန်ကျရင် တို့တွေ တစ်အိမ်တက်ဆင်း မီးသွေးနည်းနည်းစီ သွားချေးကြမယ်၊ နှစ်သစ်ကူးပြီးမှ သူတို့ကို ပြန်ဆပ်ဖို့ နည်းလမ်းရှာရမှာပေါ့"

"ကောင်းပါပြီ"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြုံး၍ ဆိုသည်။

"ရွှေမိန်းကလေး... မင်းကို ကျနော် ပုံပြင်တစ်ပုဒ် ပြောပြရမလား"

"ပုံပြင် ဟုတ်လား ကောင်းသားပဲ၊ ရှင်ပြောတာကို ကျမ နားထောင်မယ်။ တကယ်လို့ နားထောင်လို့ ကောင်းရင် နောက်ပိုင်း ကလေးတွေကို ပြန်ပြောပြခိုင်းရမယ်"

ရွှေချင်းဟယ်က စိတ်ဝင်တစား ရှိနေသည်။

ဖန့်ချန်က မျက်စိမမြင်ရသည်ကို သူမ သိထားသဖြင့် ဖန့်ချန်၏ မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

သူမ ရှိနေသည့် အနေအထားအရ ဖန့်ချန်၏ မျက်နှာတစ်ခြမ်းကိုသာ မြင်ရသော်လည်း ထိုမျက်နှာတစ်ခြမ်းမှာပင် အလွန်တရာ ချောမောခန့်ညားလွန်းနေသည်။

ကြည့်ရင်းကြည့်ရင်းနှင့် ရွှေချင်းဟယ်က ရုတ်တရက် လက်လှမ်းကာ ဖန့်ချန်၏ ပါးကို ဆွဲညှစ်လိုက်သည်။

"ဘာလုပ်တာလဲ"

"ဘာမှမဟုတ်ပါဘူး၊ ရှင့်ပုံပြင်ကို ရှင်ဆက်ပြောလေ၊ ခုနက ကျမ လက်နည်းနည်း ယားသွားလို့"

"အင်း..."

ဖန့်ချန်က လေသံကို ခပ်အေးအေးထားကာ စတင်ပြောဆိုသည်။

"ဟိုးအရင်တုန်းက မီးတောက်နိုင်ငံ လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်၊ အဲ့ဒီမှာ လမင်းပုန်းကွယ်လို့ ခေါ်တဲ့ သီလရှင်ကျောင်းလေး တစ်ကျောင်း ရှိတယ်..."

"အဲ့ဒီနောက်တော့ ဘာဖြစ်သွားလဲ အဲ့ဒီ ချင်းဟယ်ဆရာလေးက ဘယ်ကို ရောက်သွားတာလဲ"

"အဲ့ဒီနောက်ပိုင်းတော့ အဆက်အသွယ် သိပ်မရှိတော့ဘူး၊ သူမမှာ လုပ်စရာ အလုပ်တွေ ရှိနေတော့ တစ်နေရာပြီးတစ်နေရာ လှည့်လည်သွားလာနေမှာပေါ့"

"လှည့်လည်သွားလာနေတာ ဟုတ်လား"

ရွှေချင်းဟယ်က ဖန့်ချန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ရှင့်ပုံပြင်က ကျမအကြောင်းကို ပြောနေတာလား ကျမက သီလရှင် မဟုတ်ဘူးနော်၊ အခုထိ အိမ်ထောင်မပြုရသေးဘူး ဆိုပေမဲ့ သီလရှင်တော့ မဟုတ်ဘူး"

"မင်းက သီလရှင် မဟုတ်ဘူး၊ မင်းက ဝိညာဉ်ဗုဒ္ဓ... ဟွာကျိသိုက် ဝိညာဉ်မယ်တော် ပဲ"

ဖန့်ချန်က ရွှေချင်းဟယ်ကို စိုက်ကြည့်လိုက်သည်။

သူမ၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ ထိုခဏ၌ ဖော်ပြရခက်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားပုံရသည်။

"ဟွာကျိသိုက် ဝိညာဉ်မယ်တော် "

ရွှေချင်းဟယ်သည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖူး ကနဲ ရယ်မောလိုက်သည်။

"ဖန့်သခင်လေး... ရှင်ပြောတာတွေ တစ်ခုမှ ကျမ နားမလည်ဘူး၊ ရှင့်အနေနဲ့ ကျမကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား"

"မင်းက တစ်ချိန်က ယင်လောကရဲ့ ဝိညာဉ်ဗုဒ္ဓ ဖြစ်ခဲ့တယ်လို့ လူအချို့က ပြောကြတယ်၊ တိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့လို့ ဝိညာဉ်နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ဒီနယ်မြေထဲက နောက်ဆုံး ကျန်ရစ်တဲ့ သက်ရှိတွေကို ကာကွယ်ပေးထားတာတဲ့"

"ဒီသက်ရှိတွေက သူတို့ကိုယ်သူတို့ သေဆုံးသွားပြီဆိုတာ မသိကြဘူး၊ မင်းရဲ့ အကာအကွယ်အောက်မှာ သူတို့က ထာဝရ ရှင်သန်နေကြတာ။ သူတို့မှာ ယင်သက်တမ်းလည်း မလိုဘူး၊ လူ့သက်တမ်းလည်း မလိုဘူး"

"နှမြောစရာ ကောင်းတာက သူတို့က ဒီအမှန်တရားကို မသိကြဘဲ နေ့စဉ်ရက်ဆက် ဒီဘဝကိုပဲ ထပ်တလဲလဲ ဖြတ်သန်းနေကြရတာပဲ"

"ဥပမာ ဘုရားကျောင်းဟောင်းက သူတောင်းစားတွေ... သူတို့ ထမင်းမစားရရင်တောင် ငတ်သေမှာ မဟုတ်ဘူး"

"ဒီဂေဟာက အိုမင်းမစွမ်းသူတွေ... ဆောင်းတွင်းမှာ မီးသွေးမရှိရင်တောင် အေးခဲသေဆုံးမှာ မဟုတ်ဘူး"

"...ဖန့်သခင်လေး၊ ရှင်ပြောတာတွေက... အရမ်းကို ထူးဆန်းလွန်းနေပြီ"

ရွှေချင်းဟယ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"ကျမက ကျမပါပဲ၊ သူတို့ကလည်း သူတို့ပါပဲ၊ ဘယ်လိုလုပ်ပြီး မသေနိုင်မှာလဲ ဆောင်းတွင်းမှာ ကျမ ချမ်းတတ်တယ်၊ နွေရာသီမှာ ပူတတ်တယ်။ ထမင်းမစားရရင် ဗိုက်ဆာတတ်သလို၊ ရေမသောက်ရရင်လည်း ရေငတ်တတ်တာပဲလေ"

"ဒါဆိုရင်တော့... နောက်ဆုံးနည်းလမ်းပဲ ကျန်တော့တယ်"

ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲမင်းတံဆိပ်တော် မှာ ဖြည်းညှင်းစွာ လှုပ်ရှားလာသည်။

သူ၏ စိတ်ဖြင့် ဆယ်ဂဏန်းမကသော ယင်သက်တမ်း များမှာ ဘွဲ့နှင်းအပ်ခြင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေချင်းဟယ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

ရွှေချင်းဟယ်မှာ မှင်သက်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် မြောက်တက်သွားကာ လေထဲတွင် ဝဲပျံနေတော့သည်။

ရှေးဟောင်းကဗျာဆန်ပြီး ရှုပ်ထွေးလှသော ဘွဲ့နှင်အပ်ခြင်း စာလုံးအမှတ်အသားများမှာ သူမ၏ ကိုယ်ပေါ်တွင် အဆက်မပြတ် လည်ပတ်နေသည်။

သူမ၏ မျက်ဝန်းအစုံမှာ ဖြည်းညှင်းစွာ ပိတ်ကျသွားပြီး နာကျင်သည့် အမူအရာ ပေါ်လာသည်။

သူမကို ဗဟိုပြု၍ ပတ်ဝန်းကျင်မြင်ကွင်းများမှာ အက်ကွဲသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး အရာအားလုံးမှာ ဆွေးမြည့်ကာ မီးခိုးရောင် သန်းသွားတော့သည်။

ထိုအက်ကွဲမှုမှာ ဒီရေလှိုင်းကဲ့သို့ပင် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။

၎င်းသည် ဖန့်ချန်ကို ကျော်ဖြတ်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ စီးဝင်သွားတော့သည်။

အနီးအနားရှိ အိုမင်းမစွမ်းသူအချို့အပေါ်သို့ ဤစွမ်းအား ကျရောက်သွားသောအခါ သူတို့၏ မျက်နှာများမှာ သွေးစုပ်ခံလိုက်ရသလို ဖြူဖျော့သွားပြီး ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ရပ်တန့်သွားကြသည်။

ယခုကြည့်လျှင် သူတို့မှာ လူသားများနှင့် မတူတော့ဘဲ လွင့်မျောနေသည့် ဝိညာဉ်များနှင့် ဆင်တူနေတော့သည်။

"ငရဲမင်းရဲ့ ဘွဲ့နှင်းအပ်ခြင်း..."

ရွှေချင်းဟယ်၏ နှုတ်မှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟွာကျိသိုက် ဝိညာဉ်မယ်တော်... မင်း နိုးကြားလာပြီလား"

ဖန့်ချန်က လေးနက်စွာ မေးလိုက်သည်။

"ငရဲမင်း သေဆုံးသွားပြီပဲ... နင်က ဘယ်သူလဲ"

ရွှေချင်းဟယ်က ရုတ်တရက် ခေါင်းလှည့်ကာ ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။

"ဒီခေတ်ရဲ့ ငရဲမင်းပဲ"

"ဒီခေတ်ရဲ့ ငရဲမင်းက... ဒီလောက် ကျင့်ကြံမှုအဆင့်ပဲ ရှိတာလား "

ရွှေချင်းဟယ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ဆိုသည်။

"ငါ့ကို ဘာလို့ နှိုးရတာလဲ ယင်လောက ပျက်စီးသွားပြီ၊ ငါ့မှာလည်း နောက်ဆုံး ကျန်ရစ်တဲ့ ဝိညာဉ်အစအနလေးပဲ ရှိတော့တာ။ တကယ်လို့ ငါ နိုးလာရင် ဒီနယ်မြေက လုံးဝ တည်ရှိတော့မှာ မဟုတ်ဘူး။ သူတို့တွေလည်း ယင်လောကထဲကို ဝင်လို့ရမှာမဟုတ်သလို၊ သူတို့ရဲ့ သက်တမ်းကုန်ဆုံးသွားတာနဲ့ မြေမှုန့်အဖြစ် ပြောင်းလဲပြီး ဒီလောကထဲကနေ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်"

"ဒီနယ်မြေရဲ့ ပိတ်ဆို့ထားတဲ့ တားမြစ်ချက်တွေကို ဖြေလျှော့လိုက်တာနဲ့ မရဏလမ်းကို ဖွင့်လို့ရမယ်။ သူတို့တွေလည်း ယင်လောကကို သွားလို့ရသလို မင်းလည်း သွားလို့ရလိမ့်မယ်"

ဖန့်ချန်က ဆိုသည်။

"ဒီတားမြစ်ချက်တွေကို ဘယ်လို ဖြေလျှော့မှာလဲ"

ရွှေချင်းဟယ်က စဉ်းစားဟန်ဖြင့်

"ငါ မှတ်မိသလောက်တော့... သူတို့ရဲ့ နည်းလမ်းတွေက ငါတို့ထက် အများကြီး သာလွန်တယ်။ ငါတို့တွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာ။ ငါတို့တွေက... ဒီတားမြစ်ချက်ကို ဖြေလျှော့နိုင်မယ့် နည်းလမ်းကို လုံးဝ ရှာမတွေ့ခဲ့ဘူး"

"အခုတော့ ရှိပြီ"

ဖန့်ချန်၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"အခု ရှိပြီ ဟုတ်လား "

ရွှေချင်းဟယ်သည် တစ်ဖန် တိတ်ဆိတ်သွားပြန်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"ငါ လောင်းကြေး မထပ်ရဲဘူး။ တကယ်လို့ ရှုံးနိမ့်သွားရင် ဒီမှာ ရှိသမျှ အရာအားလုံးက ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်"

"မင်း ငါတို့ သုံးယောက်ကို အရင်ဆုံး အပြင်ကို ပို့ပေးလိုက်ပါ။ ဒီက တားမြစ်ချက်ကို ဖြေလျှော့ပြီးရင် တစ်ခါ ထပ်ဝင်လာပြီး မင်းကို နှိုးမယ်။ အဲ့ဒီအခါကျရင် မင်းက သူတို့နဲ့အတူ ယင်လောကကို လိုက်ခဲ့လို့ရတယ်"

ဖန့်ချန်က အကြံပြုသည်

"ဒီနည်းလမ်းက ဖြစ်နိုင်မလား "

"အော်... နင်က ဒီထဲမှာ ပိတ်မိနေလို့ ထွက်မရတာလား ငရဲမင်းလို့ အမည်ခံထားပေမဲ့ ကျင့်ကြံမှုကတော့ တကယ်ကို... နိမ့်လွန်းနေသေးတာပဲ"

ရွှေချင်းဟယ်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွားကာ ပြုံးယောင်သန်းသွားသည်။

"နင်က ငါ့ကို ဘွဲ့နှင်းအပ်လို့ မရပါဘူး၊ ဒါပေမဲ့ ဒီဘွဲ့နှင်းအပ်ခြင်းက ငါ့ဝိညာဉ်ကို ခဏတာ နိုးကြားစေနိုင်တယ်။ ယင်သက်တမ်းတွေကိုလည်း အလကား မဖြုန်းတီးပါနဲ့တော့။ နင်တို့တွေ ဒီမှာ ရှိနေတာကို ငါ သိလိုက်ပါပြီ၊ အခုပဲ နင်တို့ကို အပြင်ပို့ပေးမယ်"

ချက်ချင်းပင် ဖန့်ချန်သည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင်မူ သူ၏ရှေ့၌ ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

အခန်း (၁၅၀၂) - လွတ်မြောက်ခြင်း

"နိုးလာပြီလား... ဒါဆိုရင် သူတို့လည်း နိုးလာလောက်ပြီ"

ဝတ်ရုံဖြူလူငယ်က ဖန့်ချန်ကို ပြုံးပြရင်း ရှဲ့အာမန်နှင့် ကြာနီနတ်မိမယ်လေး တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အမျိုးသမီးနှစ်ဦးမှာ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးပွင့်လာကြပြီး ၎င်းတို့၏ မျက်ဝန်းအစုံတွင် ဝေဝေဝါးဝါးဖြစ်နေသည့် အရိပ်အယောင်များ ယှက်သန်းနေသည်။

"စီနီယာအစ်မကြီး နိုးလာပြီဟေ့"

နန်မင်ရုယွဲ့ နှင့် အခြားသူများမှာ ထိုအခါမှသာ သက်ပြင်းချနိုင်တော့ပြီး ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိလိုဇောဖြင့် အပြေးအလွှား သွားရောက်မေးမြန်းကြတော့သည်။

"မောင်လေးကိုး မင်း အောင်မြင်သွားပြီပဲ"

ရှဲ့အာမန်က ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ဆိုသည်။

"စီနီယာအစ်မကြီး... ဘာတွေ အောင်မြင်တာလဲဗျ၊ အခုတစ်လော ဘာတွေဖြစ်နေကြတာလဲ၊ ဘာလို့ ဝိညာဉ်ကူးပြောင်းနေတဲ့ အခြေအနေမျိုး ဖြစ်နေရတာလဲ"

လီရှမ်းဇီ က သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလေသည်။

"ဒီတစ်ခေါက် ကိစ္စက နည်းနည်းတော့ ထူးဆန်းတယ်၊ အများကြီး မမေးကြနဲ့တော့"

ရှဲ့အာမန်က လက်ကာပြလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ

"ဟို တာအိုဆရာ လူအိုကြီးကိုရော မြင်ကြသေးလား"

သူမ ပတ်ပတ်လည်ကို အသေအချာ ရှာဖွေသော်လည်း ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာ၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

တကယ်လို့ သူတို့တွေ ဝိညာဉ်မယ်တော်ရဲ့ ဝိညာဉ်နယ်မြေထဲကနေ လွတ်လာပြီဆိုရင် ထိုတာအိုဆရာလည်း သေချာပေါက် လွတ်မြောက်လာသင့်သည် မဟုတ်ပါလား။

"ဘယ်တာအိုဆရာမှ ပေါ်မလာပါဘူး၊ မင်းတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို အသေးစိတ် ပြန်ပြောပြပါဦး၊ ငါ အထက်ကို ပြန်တင်ပြရမှာမို့လို့"

ဝတ်ရုံဖြူလူငယ်က ဆိုသည်။

ရှဲ့အာမန်သည် စိတ်ချင်းဆက်သွယ်သည့် နည်းလမ်း ဖြင့် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အစမှအဆုံး ပြောပြလိုက်သည်။

ဝတ်ရုံဖြူလူငယ်မှာ နားထောင်ရင်း တဆက်တည်း ခေါင်းညိတ်နေမိသော်လည်း ဟွာကျိသိုက် ဝိညာဉ်မယ်တော် ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင်မူ သူ၏ မျက်နှာထားမှာ လေးနက်တည်ကြည်သွားတော့သည်။

"အဆင့် ၉... မင်းတို့ ဒီထဲမှာ ပိတ်မိနေတာ မဆန်းပါဘူး၊ တော်သေးတာက သူမက ကျိုးကြောင်းဆင်ခြင်တတ်လို့ပေါ့၊ အကြောင်းစုံသိသွားလို့ လွှတ်ပေးလိုက်တာ၊ မဟုတ်ရင်တော့..."

"မဟုတ်ရင်တော့ ကျမတို့ သေတာနဲ့ ဘာမှမထူးတော့ဘူးပေါ့၊ သေတာထက်တောင် ပိုဆိုးဦးမယ်"

ရှဲ့အာမန်က ရယ်မောကာ ဆိုသည်။

သေသွားရင်တောင် ယင်လောကမှာ ကျင့်ကြံနိုင်သေးသော်လည်း၊ ထိုဝိညာဉ်နယ်မြေထဲတွင်မူ မှတ်ဉာဏ်များ တဖြည်းဖြည်း ပျောက်ဆုံးသွားကာ ထာဝရရှင်သန်ခွင့် ရသော်ငြား အသိစိတ်မဲ့သော အလောင်းကောင်များကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

"မင်းတို့ လွတ်မြောက်လာပြီဆိုတော့လည်း ငါ့တာဝန် ပြီးဆုံးပြီ၊ ငါ အရင် ပြန်နှင့်တော့မယ်"

ဝတ်ရုံဖြူလူငယ်က လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ နဂါးနက်လှေ တစ်စင်း အားလုံး၏ ရှေ့တွင် ပေါ်လာသည်။

သူ ထွက်ခွာရန် ပြင်လိုက်စဉ် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုသည်။

"ဖန့်ချန်... မင်းရဲ့ ကိစ္စတွေကို နန်းတော်သခင် ကြားပြီးပြီ၊ ဒီတစ်ခေါက် ငါတို့ကျွယ်မင်နန်းတော်က တာ့လေယင်ကို တိုက်ခိုက်သိမ်းပိုက်နိုင်တာ မင်းရဲ့ အားထုတ်မှုတွေ အများကြီး ပါခဲ့တာပဲ။ ပြီးတော့ မသေမျိုးအစီရင်အတတ် နှစ်မျိုးကိုပါ နားလည်သဘောပေါက်ခဲ့သေးတယ်၊ နောင်ကျရင် မင်းက တို့ဂိုဏ်းရဲ့ အဓိကပျိုးထောင်မယ့် မျိုးစေ့ တစ်ခု ဖြစ်လာလိမ့်မယ်။ မင်း ဆန္ဒရှိရင် အခုပဲ အတူပြန်လိုက်ခဲ့လို့ ရတယ်၊ နောက်ထပ်လာမယ့် လုယက်တိုက်ခိုက်ပွဲမှာ ပါဝင်နေဖို့ မလိုတော့ဘူး"

နန်မင်ရုယွဲ့နှင့် အခြားသူများမှာ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

ထိုစကားမှာ နန်းတော်သခင် ကိုယ်တိုင် ပြောခိုင်းလိုက်သည့် စကားဖြစ်ကြောင်း ထင်ရှားလှသည်။

သူတို့အားလုံးသည် ဖန့်ချန်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်နေမိကြသည်။

ဤညီလေးမှာ ကျွယ်မင်နန်းတော်သို့ ဝင်ရောက်လာသည်မှာ မကြာသေးသော်လည်း နန်းတော်သခင်၏ မျက်စိကျခြင်းကို ခံနေရပြီဖြစ်သည်။

နောင်နှစ်အနည်းငယ် ကြာလျှင် စီနီယာအဖွဲ့ ထဲတွင် သူ နေရာတစ်နေရာ ရလာနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက်

"ကျနော် တာ့လေယင်မှာပဲ ဆက်နေပါဦးမယ်၊ နောက်ထပ် တိုက်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ပါ့မယ်"

ဟု ပြန်ဖြေလိုက်သည်။

"ဒီလိုဆိုလည်း ကောင်းတာပေါ့"

ဝတ်ရုံဖြူလူငယ်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး နဂါးနက်လှေပေါ်သို့ တက်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

"နံပါတ် ၃ ရော"

ရှဲ့အာမန်က မေးသည်။

"စီနီယာအစ်မ ၃ က အခုရောက်လာတဲ့ အမာခံအဖွဲ့ဝင်အသစ်တွေနဲ့ နောက်ထပ်တိုက်ပွဲအတွက် အသေးစိတ် တိုင်ပင်နေပါတယ်။ နတ်ရိုသေနန်းတော် ဆီကနေ ဝယ်ယူထားတဲ့ သတင်းတွေအရဆိုရင် ရုလိုင်ကျောင်းတော်ဟာ တာ့လေယင်ကို ပြန်လုဖို့အတွက် အခုတစ်ခေါက် အစွမ်းကုန် ကြိုးစားလာလိမ့်မယ်"

ဟု နန်မင်ရုယွဲ့က ဆိုသည်။

"အစွမ်းကုန် ကြိုးစားလာမှာလား... ဒါဆို ငါတို့တွေလည်း အစွမ်းကုန် ပြန်ချရမှာပေါ့"

ရှဲ့အာမန်က စဉ်းစားဟန်ဖြင့် ပြောဆိုပြီးနောက် ထပ်မံမေးမြန်းသည်။

"ဒီနှစ်တွေအတွင်းမှာ အစီရင်ဗဟိုချက် တွေရော တူးဖော်ရမိသေးလား"

ဖန့်ချန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် တာ့လေယင်ရှိ တားမြစ်ချက်များကို ဖြေလျှော့ရန်၊ ထိုအရပ်ရှိ မရဏလမ်းကို ဖွင့်လှစ်ရန်နှင့် ဝိညာဉ်မယ်တော်တို့အဖွဲ့အား ယင်လောကသို့ ပို့ဆောင်ရန်အတွက် အစီရင်ဗဟိုချက် တစ်ခုကို အပူတပြင်း လိုအပ်နေသည်။

၎င်းမှာ သူ ထိုနေရာတွင် ဆက်နေချင်ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

ဝိညာဉ်မယ်တော် ယင်လောကကို ရောက်သွားမှသာ သူမ၏ အသိစိတ်များ အလိုအလျောက် ပြန်နိုးလာလိမ့်မည်ဟု သူ ယူဆထားသည်။

စောစောက အချိန်တိုအတွင်း ဘွဲ့နှင်းအပ်ခြင်း ပြုလုပ်ခဲ့စဉ်မှာပင် သူ၏ ယင်သက်တမ်းများစွာ ကုန်ဆုံးသွားခဲ့ရာ ယခု ငရဲမင်းတံဆိပ်တော်ထဲတွင် နှစ်ပေါင်း တစ်သိန်းကျော်ခန့်သာ သုံးစွဲရန် ကျန်တော့သည်။

"သုံးခု ရထားပါတယ်၊ အခုတော့ စီနီယာအစ်မ ၃ ဆီမှာ ရှိနေတယ်"

ဟု နန်မင်ရုယွဲ့က ဆိုသည်။

"သုံးခုပဲလား... ကြည့်ရတာ အနှစ်သာရတွေကိုတော့ ရုလိုင်ကျောင်းတော်က စားသွားခဲ့ပုံပဲ။ သူတို့ ဒီမှာ အနှစ် တစ်ထောင်ကျော် အခြေချခဲ့တာဆိုတော့ တို့တွေအတွက် ကျန်ခဲ့တာက အစအနလေးတွေပဲ ဖြစ်လိမ့်မယ်"

ရှဲ့အာမန်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

'စီနီယာအစ်မကြီးက အရင်တုန်းက ဝမ်ချုံစန်း ဆီကို အရင်စီရင်ဗဟိုချက် တစ်ခု ပို့ပေးခဲ့ဖူးတယ်၊ အဲ့ဒါက ဂိုဏ်းက ပေးထားတဲ့ အခွင့်အာဏာကြောင့်လား၊ ဒါမှမဟုတ် သူမကိုယ်တိုင် ရှာတွေ့ပြီး မအပ်နှံဘဲ ထားခဲ့တာလား မသိဘူး'

ဖန့်ချန်သည် ရှဲ့အာမန်ထံမှ အစီရင်ဗဟိုချက် တစ်ခု ဝယ်ယူနိုင်မည့် ဖြစ်နိုင်ခြေကို တွေးတောနေမိသည်။

ဝမ်ချုံစန်း ကိုယ်တိုင် ပေါ်မလာသရွေ့ ဖြစ်နိုင်ခြေ သိပ်မရှိလှပေ။

ကံကောင်းသည်မှာ လီရှမ်းဇီလည်း ထိုနေရာတွင် ရှိနေသဖြင့် ဝမ်ချုံစန်းသည်လည်း တာ့လေယင်ပေါ်တွင် ရှိနေဆဲ ဖြစ်ပေလိမ့်မည်။

"စီနီယာအစ်မကြီး... စောစောက ဟိုစီနီယာကြီး ပြောသွားတဲ့ ဗုဒ္ဓနိုင်ငံတော် ဆိုတာက ဘာလဲဟင် ရုလိုင်ကျောင်းတော်က တာ့လေယင်ကို အဲ့ဒီလောက် အလေးထားနေတာက ဒီဗုဒ္ဓနိုင်ငံတော်ကြောင့်လား"

နံပါတ်လေး က ရုတ်တရက် ဝင်မေးသည်။

"အချို့စကားတွေကို မင်းတို့ကို ပြောဖို့ မသင့်တော်သေးဘူး၊ နံရံမှာ နားရှိတယ်၊ မင်းတို့ သိသွားရင် တခြားအဖွဲ့အစည်းတွေလည်း သိကုန်မှာပေါ့။ ဒါပေမဲ့ ဗုဒ္ဓနိုင်ငံတော် ကိစ္စကတော့ ဖုံးဖိထားလို့ မရတော့ပါဘူး။ ငါတို့ သုံးယောက်ရဲ့ ဒီနှစ်တွေအတွင်း အတွေ့အကြုံကို ရုလိုင်ကျောင်းတော်က ရိပ်မိထားလောက်ပြီ၊ ဒါကြောင့် ငါတို့တွေ ရင်ဆိုင်ရမယ့် တိုက်ပွဲက အလွန်အန္တရာယ် များလိမ့်မယ်"

ရှဲ့အာမန်က အေးအေးဆေးဆေး ပြုံး၍ ဆိုသည်။

အားလုံးက လေးနက်စွာ ခေါင်းညိတ်ကြပြီး ရှဲ့အာမန်၏ စကားထဲမှ ဆိုလိုရင်းကို နားလည်သွားသဖြင့် ထပ်မမေးကြတော့ချေ။

"တိုက်ပွဲစဖို့ ဘယ်နှစ်နှစ်လောက် လိုသေးလဲ"

"အင်း... ၂၃ နှစ်၊ ၂၄ နှစ်လောက်တော့ လိုသေးတယ်"

"၂၃ နှစ်လား... လောက်ပါလိမ့်မယ်။ အသွေးသားနန်းတော် ၊ ထိုက်ယီမသေမျိုးဂိုဏ်း နဲ့ ကြယ်တစ်သောင်းနန်းတော် တို့လည်း လာရောက် နှောက်ယှက်ကြဦးမှာပဲ၊ လူတွေလည်း စုံတော့မှာပါ"

ရှဲ့အာမန်က ကောင်းကင်ယံ အဝေးတစ်နေရာကို လှမ်းကြည့်ရင်း စဉ်းစားဟန်ဖြင့် ပြုံးလိုက်သည်။

"အရင်တစ်ခေါက်တုန်းက ရှောက်ကွမ်းယင် ဟာ သူတို့ကို အကူအညီ မတောင်းခဲ့ဘူး၊ ဒါပေမဲ့ အခုတစ်ခေါက်တော့ ငါတို့တွေက သူတို့ကို ရှေ့တန်းကနေ တိုက်ခိုင်းရလိမ့်မယ်"

နံပါတ်လေးက အံ့အားသင့်စွာဖြင့်

"သူတို့ကို ရှေ့တန်းက တိုက်ခိုင်းမယ် ဟုတ်လား ကျုပ်တို့ဘက်က ဘယ်လောက်တောင် အကျိုးအမြတ် ခွဲပေးရမှာလဲ"

"ငါတို့လက်ထဲမှာ ရှေးဟောင်းတားမြစ်နယ်မြေ ၂၀ ကျော် ရှိတယ်၊ အကျိုးအမြတ် နည်းနည်းပါးပါး ခွဲပေးတာက ပြဿနာ မရှိပါဘူး။ အဆိုးဆုံးတော့ သူတို့ ကျေနပ်လောက်တဲ့ စျေးနှုန်းတစ်ခု ပေးလိုက်မှာပေါ့။ ဘယ်ကိစ္စမဆို ညှိနှိုင်းလို့ ရပါတယ်၊ ရှောက်ကွမ်းယင် ညှိလို့မရတာကို ငါတို့တွေ ညှိကြတာပေါ့"

ရှဲ့အာမန်က အေးစက်စွာ ဆိုသည်

"ဒီတာ့လေယင်ကို ငါတို့တွေ အနည်းဆုံး နှစ်တစ်ထောင်လောက်အထိ တောင့်ခံထားရမယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ နိုင်မှဖြစ်မယ်၊ မရှုံးစေရဘူး။ အားလုံး ပြင်ဆင်ထားကြ"

အားလုံးက ရင်ထဲတွင် သက်ပြင်းချမိကြပြီး အချိန်တွေ ကုန်ဆုံးသွားတာ မြန်လိုက်လေခြင်းဟု ခံစားမိကြသည်။

အရင်တိုက်ပွဲ ပြီးသွားတာ မကြာသေးသလိုပင်၊ အခု နောက်ထပ် ရုလိုင်ကျောင်းတော်ရဲ့ တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ရတော့မည်။

နောက်ပိုင်းတွင် ရှဲ့အာမန်မှာ အလုပ်များလာပြီး တိုက်ပွဲအတွက် စတင်ပြင်ဆင်တော့သည်။

ဖန့်ချန်မှာမူ ကျိကန်း တို့နှင့် ပြန်လည်ဆုံတွေ့သည်။

အခုအချိန်အထိ မီယွီ လေးမှာ အိပ်ပျော်နေဆဲပင်။

သို့သော် အရင်တိုက်ပွဲ အတွေ့အကြုံအရ သူမသည် ထူးခြားသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေခြင်းဖြစ်ပြီး အိပ်စက်ခြင်းမှာ စွမ်းအားများ စုဆောင်းနေခြင်းဖြစ်ကြောင်း အားလုံး သိထားကြသည်။

"ဖန့်အမာခံ... မင်း ဒီဘက်ကို ခဏလာပါဦး၊ မင်းကို မေးစရာလေး ရှိလို့"

ထိုနေ့တွင် ထိုက်ရွှီမသေမျိုးရောက်ရှိလာပြီး ဖန့်ချန်ကို လှမ်းခေါ်လိုက်သည်။

"ဆရာ"

ကျိကန်းက အလျင်အမြန်ပင် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

ချင်အကြီးအကဲနှင့် အခြားသူများလည်း ရိုသေစွာဖြင့် အလေးပြုကြသည်။

ကျွယ်မင်နန်းတော်ရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုက်ရွှီမသေမျိုး ကဲ့သို့ အဆင့်သို့ ရောက်ရှိခြင်းမှာ စစ်သည်တော်တစ်ဦးက စစ်သေနာပတိချုပ် ဖြစ်လာသကဲ့သို့ပင် ဂုဏ်ယူဖွယ် ကောင်းလှပေသည်။

All Chapters