အခန်း (၁၅၀၅-၁၅၀၆)
Vol. 151 Ch. 1505-1506
အခန်း (၁၅၀၅) - သွေးတွေက နေရာအနှံ့ ပက်ဖြန်းခံထားရတာပဲ
"မင်း ဘာကို ဆိုလိုတာလဲ အဲ့ဒီ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ကောင်က သေသွားရုံတင်မကဘဲ သူ့သွေးတွေကိုပါ နေရာအနှံ့ ပက်ဖြန်းထားခဲ့တယ်လို့ ပြောချင်တာလား"
ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
ဝမ်ချုံစန်းက ချော့မော့သည့် အပြုံးဖြင့်
"ဒါမျိုးလည်း ဖြစ်နိုင်တာပဲလေ..."
အစီရင်ဗဟိုချက် များသည် ရှေးဟောင်းတားမြစ်နယ်မြေများအတွင်း နေရာအနှံ့ ရှိနေသည်မှာ အမှန်ပင်။
သို့သော် ထိုအရာများသည် ထိုပုဂ္ဂိုလ်ကြီး မသေဆုံးမီက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားခြင်း ဟုတ်မဟုတ်ကိုမူ မည်သူမျှ အတပ်မပြောနိုင်ချေ။
"သေတာတောင် သိပ်ပြီး သိက္ခာမရှိလှပါလား..."
တာအိုဆရာက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများ ဝင်းလက်သွားသည်။
"ဒါဆို သူသေပြီဆိုရင် ငါ့အတွက် အထက်ကို တက်လှမ်းဖို့ အခွင့်အရေး ရပြီပေါ့ ဟုတ်လား "
"စီနီယာ... စီနီယာက အခုဆိုရင် ထူးခြားသူ တစ်ယောက် ဖြစ်နေပြီ မဟုတ်လား "
ဖန့်ချန်က သတိပေးလိုက်သည်။
"ထူးခြားသူ အော်... ဟုတ်သားပဲ၊ ငါ ဒီအချက်ကို ဘယ်လိုများ မေ့သွားရတာလဲ၊ ငါ့မှတ်ဉာဏ်က တကယ်ကို မကောင်းတော့ဘူးပဲ"
တာအိုဆရာက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လက်ခါပြလိုက်သည်။
"သွားကြစို့၊ တို့သုံးယောက် အတူတူ သွားရှာကြတာပေါ့၊ အဲ့ဒီကောင် ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေးတွေ ရှိမရှိ သွားကြည့်ရအောင်"
"ဟုတ်ကဲ့ပါခင်ဗျာ"
ဝမ်ချုံစန်းက တက်ကြွစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖန့်ချန်ထံသို့ စိတ်ချင်းဆက်သွယ်ကာ စကားပါးလိုက်သည်။
"ငါတို့တွေ အချိန်မလောက်မှာ စိုးနေတာ မဟုတ်လား၊ သူသာ လှုပ်ရှားရင် တိုက်ပွဲမစခင်မှာ ဒီကိစ္စကို အပြီးသတ်နိုင်ကောင်း ပါလိမ့်မယ်"
"မျှော်လင့်ရတာပေါ့"
ဖန့်ချန်က ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။
လမ်းခရီးတွင် တာအိုဆရာသည် အစီရင်ဗဟိုချက်၏ သဲလွန်စများကို အမှန်တကယ်ပင် အပူတပြင်း ရှာဖွေနေခဲ့သည်။
"ယွမ်ချွဲစီနီယာ... စီနီယာက ယင်နတ်သားရဲ နဲ့ မိုးကြိုးနတ်သားရဲ တို့ကိုရော မှတ်မိသေးလား"
ဖန့်ချန်က အခွင့်အရေး ရသည်နှင့် ရုတ်တရက် မေးမြန်းလိုက်သည်။
သူသည် တာအိုဆရာ၏ မျက်နှာအမူအရာကို အမြဲစောင့်ကြည့်နေခဲ့သည်။
တကယ်လို့ တစ်ဖက်လူက အနည်းငယ်မျှ မှတ်မိနေသေးလျှင်ပင် မျက်နှာထား ပြောင်းလဲသွားမည်မှာ အသေအချာပင်။
အကြောင်းမှာ တာအိုဂိုဏ်း၏ နတ်သားရဲ သုံးပါးသည် နတ်နန်းအတွင်း၌ အတူတကွ ပူဇော်ပသမှုကို ခံယူကြသူများ ဖြစ်သဖြင့် သူတို့ကြားက ပတ်သက်မှုမှာ မသေးလှပေ။
"အာချန် နဲ့ အာယဲ့ လား မှတ်မိတာပေါ့၊ သူတို့အကြောင်းကို ဘာလို့ မေးတာလဲ"
တာအိုဆရာက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေသည်။
"ယွမ်ချွဲစီနီယာ မသိသေးတာ ဖြစ်နိုင်ပါတယ်၊ အခုချိန်မှာ တာအိုဂိုဏ်းက ဆုတ်ယုတ်နေပြီး ဂိုဏ်းခွဲတွေကလည်း စိတ်ဝမ်းကွဲနေကြတာပါ။ အချို့နေရာတွေမှာဆိုရင် နတ်သားရဲ သုံးပါးကိုတောင် ပူဇော်ခြင်း မပြုကြတော့ပါဘူး"
ဖန့်ချန်က စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ
"တကယ်လို့ စီနီယာနဲ့ ကျန်တဲ့ နှစ်ပါးသာ လူမြင်ကွင်းမှာ ပေါ်ထွက်လာပြီး တာအိုဂိုဏ်းရဲ့ ဂုဏ်သတင်းကို ပြန်မြှင့်တင်ပေးမယ်ဆိုရင် ဖြစ်နိုင်ကောင်း..."
"ဒါတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ ဒါတွေက မင်းဆရာ လုပ်ရမယ့် အလုပ်တွေ မဟုတ်လား"
တာအိုဆရာက ဖန့်ချန်ကို မျက်စောင်းထိုးကြည့်ကာ
"အရင်တုန်းက ငါတို့တွေ သဘောတူထားပြီးသားပဲ၊ တို့သုံးယောက်က နာမည်ခံပေးရုံပဲ၊ သူ့အတွက် အင်အားပြပေးရုံပဲလေ။ အခု တာအိုဂိုဏ်းကို ဒီအခြေအနေအထိ ရောက်အောင် လုပ်ခဲ့တာက သူ့တစ်ယောက်တည်းရဲ့ တာဝန်ပဲ၊ ဒီရှုပ်ထွေးနေတဲ့ အမှိုက်ပုံကြီးကို ရှင်းဖို့ ငါတို့ကို လာမခေါ်နဲ့"
"ဟဲဟဲ..."
ဝမ်ချုံစန်းက ဘေးမှနေ၍ ရယ်မောလိုက်သည်။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဝမ်ချုံစန်းမှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်ပုံစံ ဖြစ်နေသဖြင့် ဆက်မပြောတော့ဘဲ တာအိုဆရာနှင့်သာ စကားဆက်ပြောနေတော့သည်။
ကျန်ရှိသော နတ်သားရဲ နှစ်ပါးနှင့် ယွမ်ဟယ် ဆရာ၏ အကြောင်းကို သူ ပိုမို သိရှိလိုသည်။
ယခု သူ အတတ်သေချာနိုင်သည်မှာ ဆရာယွမ်ဟယ်သည် တစ်ချိန်က လူ့လောက ကိုးနယ်မြေ တွင် ကောင်းကင်ဘုံလမ်းစဉ်နှင့် အနီးစပ်ဆုံး တူညီသော တန်ခိုးစွမ်းအားရှင် ဖြစ်ခဲ့ရမည်ဟူ၍ပင်။
သို့မဟုတ်ပါက နတ်သားရဲ သုံးပါးနှင့် ဤမျှ ရင်းနှီးသော ပတ်သက်မှု ရှိလိမ့်မည်မဟုတ်။
သို့သော် နောက်ပိုင်းတွင် မြေဝက်ဝံဂြိုလ် ပေါ်တွင်မူ ဆရာယွမ်ဟဲးယ်သည် လီဝူဝမ့် တစ်ယောက်ကို ရင်ဆိုင်ရန်ပင် အတော်လေး အင်အားသုံးခဲ့ရသည်။
ထိုအချက်အရ သူသည် ထူးခြားသူတစ်ယောက် ဖြစ်သွားပြီးနောက် တစ်စုံတစ်ရာကို ကြုံတွေ့ခဲ့ရသဖြင့် သူ၏ နည်းပရိယာယ်နှင့် ကျင့်ကြံမှုအဆင့်မှာ အထွတ်အထိပ်ကာလကထက် အဆပေါင်းများစွာ လျော့နည်းသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"ယွမ်ချွဲစီနီယာ... ကျန်တဲ့ နတ်သားရဲ နှစ်ပါးက အခု ဘယ်မှာလဲ "
"အဲ့ဒါက... အင်း... ငါ မမှတ်မိတော့ဘူး"
"ဒါဆို ကျနော့်ဆရာက အရင်တုန်းက ဒဏ်ရာတစ်ခုခု ရခဲ့ဖူးလား "
"မင်းဆရာက ဘာဒဏ်ရာ ရမှာလဲ သူက ဘယ်တော့မှ အရှုံးမခံတတ်တဲ့ကောင်ပဲ။ ငါက သူ့ကွယ်ရာမှာ တစ်ခွန်းလောက် ဆဲမိတာကို သူက ငါ့ကို မသေမျိုးဆေးကြောကန် ထဲ ပစ်ချလိုက်လို့ ငါ့ရဲ့ ကျင့်ကြံမှုတွေ အကုန်လုံးနီးပါး ပျက်စီးသွားမလို့ ဖြစ်ခဲ့သေးတယ်"
တာအိုဆရာက အေးစက်စွာ ရယ်မောသော်လည်း သူ၏ မျက်ဝန်းများမှာ ကောင်းကင်ဘုံလမ်းစဉ် သွေးစက်များ၏ သဲလွန်စကိုသာ အသည်းအသန် ရှာဖွေနေဆဲပင်။
"တကယ်လို့ တစ်ယောက်ယောက်က သူ့ကို အရှုံးပေးအောင် လုပ်နိုင်တယ်ဆိုရင်တော့ ငါ အရင်ဆုံး သုံးကြိမ်လောက် ကျယ်ကျယ်လောင်လောင် ရယ်ပစ်မယ်။ ဒါပေမဲ့ သူ အရှုံးပေးရပြီဆိုရင်တော့ တစ်ဖက်လူက ပိုပြီး ဆုံးရှုံးရမှာကတော့ အသေအချာပဲ"
ဖန့်ချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မေးလိုက်သည်။
"စီနီယာကော... ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး ထူးခြားသူ ဖြစ်သွားခဲ့လဲဆိုတာ မှတ်မိသေးလား "
"အော်... ဟုတ်သားပဲ၊ ငါက ဘာလို့ ယန်နတ်ဘုရားလမ်းစဉ်ကို လျှောက်ခဲ့ရတာလဲ၊ ဒီလမ်းက သေလမ်းပဲဟာ။ ငါက မဟာနေမင်းစစ်မှန်သောယန်မသေမျိုး ပဲ ဥစ္စာ..."
တာအိုဆရာ၏ ကိုယ်ဟန်မှာ ရုတ်တရက် တန့်သွားပြီး မျက်မှောင်ကြုတ်ကာ အသည်းအသန် စဉ်းစားနေတော့သည်။
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့၏ စကားကိုလည်း လုံးဝ ပြန်မဖြေတော့ချေ။
"ကြည့်ရတာ သူက အရင်တုန်းက ယန်နတ်ဘုရားတွေထဲမှာ ခေါင်းဆောင်နေရာကနေ ပါဝင်ခဲ့ပုံရတယ်၊ ဒါကြောင့် သူ့ရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးတာက ပိုပြီး ပြင်းထန်နေတာ"
ဝမ်ချုံစန်းက တိုးတိုးလေး စကားပါးလိုက်သည်။
"တကယ်လို့ အဲ့ဒီလိုသာဆိုရင် ငါတို့တွေ အခု ဒီမှာ အေးအေးဆေးဆေး ရှိနေနိုင်တာကလည်း ဒီစီနီယာက ပေးဆပ်မှုကြီးကြီးမားမား လုပ်ခဲ့လို့ပဲ"
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး
"ဒီလို ဘေးထွက်ဆိုးကျိုးတွေကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ နည်းလမ်းမရှိဘူးလား "
"သူတို့တွေ အဲ့ဒီအကွက်ကို လက်မလွှတ်သရွေ့တော့ မရဘူး။ ဒါပေမဲ့ မင်း စဉ်းစားကြည့်ဖူးလား၊ တကယ်လို့ သူတို့သာ လက်လွှတ်လိုက်မယ်ဆိုရင် ဒီကမ္ဘာကြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အရှင်သခင် ပြောင်းသွားလိမ့်မယ်၊ အဲ့ဒီ မိစ္ဆာတွေ စိုးမိုးတဲ့ လူ့လောက ကိုးနယ်မြေ ဖြစ်သွားလိမ့်မယ်"
ဝမ်ချုံစန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"မင်းပြောချင်တာက... နှစ်ဖက်လုံးရဲ့ တိုက်ပွဲက အခုထိ မပြီးဆုံးသေးဘူးပေါ့ အဲ့ဒီ ထူးခြားသူတွေက အခုထိ အဲ့ဒီအတတ်ပညာအတွက် သူတို့ရဲ့ စွမ်းအားတွေကို မပြတ်တမ်း ထောက်ပံ့နေရတုန်းပဲလား "
ဖန့်ချန်မှာ အလွန်အံ့အားသင့်သွားရသည်။
သူ့အမြင်တွင်တော့ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက တိုက်ပွဲမှာ ပြီးဆုံးခဲ့ပြီဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
ယန်နတ်ဘုရား များ မှတ်ဉာဏ်ပျောက်ဆုံးခြင်းမှာ တိုက်ပွဲပြီးနောက် ကျန်ရစ်သော နောက်ဆက်တွဲ ဝေဒနာဟုသာ ယူဆခဲ့သည်။
သို့သော် ဝမ်ချုံစန်း၏ စကားအရဆိုလျှင် ယွမ်ချွဲ အပါအဝင် ထူးခြားသူအားလုံးသည် ယနေ့ထက်တိုင် ထိုနောက်ဆက်တွဲ ဝေဒနာကို ခံစားနေရခြင်းမှာ သူတို့က တစ်ကြိမ်တစ်ခါမျှ... လက်မလွှတ်ခဲ့ကြသောကြောင့်လော။
ကြာနီနတ်မိမယ် ရဲ့ နေရပ်မှာလည်း အခုထိ လက်မလွှတ်ဘဲ တိုက်ပွဲဝင်နေကြတုန်းလား။
နှစ်ဖက်စလုံးက အရှင်သခင်ကြီးတွေဟာ အဲ့ဒီလောက် ရှေးကျတဲ့ ခေတ်ကနေ ဒီနေ့အထိ တိုက်နေကြတုန်းပဲလား။
"၈၀၊ ၉၀ ရာခိုင်နှုန်းလောက်ကတော့ သေချာတယ်။ ငါသိသလောက်ဆိုရင် ဒီထူးခြားသူတွေသာ အဆက်မပြတ် ဖိအားပေးမနေရင် လူ့လောက ကိုးနယ်မြေဟာ နေရာတိုင်းမှာ မိစ္ဆာတွေနဲ့ ပြည့်နေလောက်ပြီ"
ဝမ်ချုံစန်းက အေးစက်စွာ ရယ်မောလိုက်သည်
"ဒါကြောင့်ပဲ ဟိုဘက်ကနေ လူတွေကို အဆက်မပြတ် ပို့နေတာပေါ့။ တကယ်လို့ တိုက်ပွဲသာ ပြီးသွားရင် လူ့လောက ကိုးနယ်မြေမှာ ကလေးငိုသံ ကြားရဖို့တောင် အတော်လေး ကြာဦးမှာပဲ"
ဖန့်ချန်က ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဝမ်ချုံစန်းလည်း တစ်ခုခု ထူးခြားနေသည်ကို ခံစားမိသွားသည်။
ထိုအချိန်တွင် တာအိုဆရာ၏ မျက်နှာမှာ အလွန်အမင်း နာကျင်ခံစားနေရပုံ ပေါ်နေပြီး တစ်စုံတစ်ခုကို မှတ်မိသွားပုံရကာ သူ၏ မျက်ဝန်းများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာနေသည်။
သူတို့နှစ်ဦးမှာ တာအိုဆရာ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိမှုကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် မနှောက်ယှက်ရဲကြချေ။
သူတို့က တာအိုဆရာသည် ထိုစဉ်က စစ်ပွဲကြီးကို သတိရသွားပြီဟု ယူဆနေကြသည်။
သို့သော် နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ တာအိုဆရာ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စောစောက ဖြစ်ပျက်ခဲ့သမျှမှာ အိမ်မက်တစ်ခုလိုပင်။
"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ ကောင်းကင်ဘုံလမ်းစဉ် သွေးကို ရှာမှာ မဟုတ်ဘူးလား"
တာအိုဆရာက သူတို့နှစ်ဦးကို မကျေမနပ် ကြည့်လိုက်ပြီး
"ငါတောင် မပျင်းဘဲ ရှာနေတာကို မင်းတို့က အရင် ပျင်းနေကြပြီလား အခုခေတ် လူငယ်တွေက ဒီလိုပဲလား၊ တက်ကြွမှုဆိုတာ အစအနတောင် မရှိဘူး။ မြန်မြန် ရှာကြစမ်း၊ ငါကတော့ ဒီမှာ အကြာကြီး မနေချင်ဘူး "
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"
ဝမ်ချုံစန်းက မျက်နှာချိုသွေးကာ ပြုံးပြရင်း ဖန့်ချန်ကို မျက်ရိပ်ပြလိုက်သည်။
ဖန့်ချန်သည် တာအိုဆရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စောစောက ကိစ္စကို လုံးဝ မဟတော့သည်ကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် အလိုလို နာကျင်သွားရသည်။
ဤထူးခြားသူများမှာ... ကာလရှည်ကြာလာသည်နှင့်အမျှ ကပ်ကမ္ဘာများစွာတိုင်အောင် ထိုကဲ့သို့ပင် ဝေဝေဝါးဝါး ရှင်သန်နေကြရပေဦးမည်။
အချို့သူများ၏ မျက်စိထဲတွင် သူတို့က ဘာကြောင့် ထူးဆန်းသော သတ္တဝါများအဖြစ် မြင်နေရသနည်းဆိုသည်မှာ မဆန်းတော့ချေ။
မသေမျိုးပင် မဖြစ်သေးသည့် ကျင့်ကြံသူအချို့ကပင် သူတို့ကို အထင်သေးနိုင်ကြသည်။
သူတို့ရဲ့ နည်းစနစ်တွေက ဘယ်လောက်ပဲ အစွမ်းထက်ပါစေဦးတော့၊ သူတစ်ပါး အမြင်မှာတော့ လူအ သလိုမျိုး အကြည့်ခံနေကြရရှာသည်။
ဖန့်အဖိုးကြီး ကော အရင်တုန်းက ဒီလိုပဲလား
ဆရာယွမ်ဟယ် ရော အရင်တုန်းက ဒီလိုပဲလား
နောင်တစ်ချိန်မှာ သူ့အဖေ၊ သူ့အမေတွေကော သူတို့လိုမျိုး ဝေဝေဝါးဝါး ဖြစ်ကုန်ကြတော့မှာလား။
"ဝမ်အိုကြီး... ငါတို့တွေ ကြိုးစားကြရမယ်"
ဖန့်ချန်က ဝမ်ချုံစန်း၏ ပုခုံးကို အသာအယာ ပုတ်လိုက်သည်။
ဝမ်ချုံစန်းမှာ ဘာကြောင့်မှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"ငါက မကြိုးစားလို့လား"
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် တာအိုဆရာသည် နေရာတစ်ခုကို အံ့အားသင့်စွာ လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်တော့သည်။
"တွေ့ပြီ "
အခန်း (၁၅၀၆) - သတ်မှတ်ချက်များ ညှိနှိုင်းခြင်း
"တွေ့ပြီလား..."
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့၏ အာရုံစိုက်မှုအားလုံးသည် ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာထံသို့ ရောက်ရှိသွားကြသည်။
တစ်ဖက်လူသည် ကိုယ်ယောင်ဖျောက်ကာ လျှပ်တစ်ပြက်အတွင်းမှာပင် နက်ရှိုင်းပြီး မှောင်မည်းနေသော တောင်ကြားတစ်ခုအတွင်းသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
ထိုတောင်ကြားသည် နှစ်ဖက်စလုံးတွင် တောင်တန်းများ ဝန်းရံထားပြီး အလယ်တွင် မြေအောက်မြစ်တစ်ခု စီးဆင်းနေသည်။
မြစ်၏ အလယ်ပိုင်းသည်သာ မြေပြင်ပေါ်တွင် ပေါ်နေပြီး ရှေ့ပိုင်းနှင့် နောက်ပိုင်းတို့မှာ မြေအောက်ထဲတွင် နစ်မြုပ်နေခြင်း ဖြစ်သည်။
ဖန့်ချန်တို့နှစ်ဦး နောက်မှ လိုက်သွားသည့်အခါ တာအိုဆရာသည် မြေအောက်မြစ်ထဲသို့ ငုပ်လျှိုးသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် များမကြာမီမှာပင် သူသည် စိမ်းလန်းနေသော အစီရင်ဗဟိုချက် တစ်ခုကို လက်ဝါးဖြင့် ပင့်မကာ ရေပေါ်သို့ ပြန်လည် ထွက်ပေါ်လာတော့သည်။
ဝမ်ချုံစန်း၏ မျက်လုံးများ ဝင်းလက်သွားပြီး
"တကယ်ပဲ တွေ့တာပဲ၊ စီနီယာကြီးက တကယ်ကို တော်တာပဲဗျာ။ ဒီလောက်ဝေးတဲ့ နေရာကနေတောင် အစီရင်ဗဟိုချက်ကို ရှာတွေ့နိုင်တယ်"
ထိုအချိန်ကျမှသာ ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ အစီရင်ဗဟိုချက်သည် စတင်တုံ့ပြန်မှု ရှိလာပြီး တာအိုဆရာ၏ လက်ထဲမှ အစီရင်ဗဟိုချက်နှင့် ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
"ဖပ်... ဖပ်...ဖပ်..."
တာအိုဆရာသည် သူ၏လက်ထဲမှ အစီရင်ဗဟိုချက်ကို ကြည့်ကာ တစ်ချက်ချင်း ရိုက်၍ မချိတင်ကဲ လှောင်ပြောင်သံဖြင့်.....
"မင်းတို့ ပြောကြည့်စမ်း... အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သိက္ခာကို အသက်ထက်တန်ဖိုးထားတဲ့ကောင်က အခုတော့ သေပြီးတဲ့နောက် သူ့သွေးတွေကို နေရာအနှံ့ ပက်ဖြန်းခံထားရတာဆိုတော့... တကယ်ပဲ ကံဆိုးလွန်းရာ မကျဘူးလား "
"..."
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း စကားတစ်ခွန်းမျှ မဟကြချေ။
သူတို့၏ ကျင့်ကြံမှုအဆင့်နှင့် ဝါစဉ်အရ တစ်ချိန်က လူ့လောက ကောင်းကင်ဘုံလမ်းစဉ်ကို ဝေဖန်ပိုင်းခြားရန် အရည်အချင်း မရှိကြပေ။
ထို့ပြင် သူတို့သည် တာအိုဆရာနှင့် မတူပေ။
တာအိုဆရာသည် အကြောင်းအရာများစွာကို မေ့လျော့နေပြီး ထိုစဉ်က တိုက်ပွဲအကြောင်း မှတ်ဉာဏ်လည်း မရှိသဖြင့် ယခုလောကကြီး၏ အခြေအနေမှန်ကို မသိရှိချေ။
တကယ်လို့သာ အမှန်တရားကို သိရှိခဲ့လျှင် တစ်ချိန်က လူ့လောက ကောင်းကင်ဘုံလမ်းစဉ်ကို ဤကဲ့သို့ လှောင်ပြောင်ရန် စိတ်ကူးရှိလိမ့်မည် မဟုတ်ပေ။
တစ်ဖက်လူ ထိုကဲ့သို့ ဖြစ်သွားရခြင်းမှာလည်း ထိုစစ်ပွဲကြီးနှင့် အလွန်တရာ ပတ်သက်နေသောကြောင့် ဖြစ်သည်။
"ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေးကို ရပြီဆိုရင်တော့ ဒီနေရာက တားမြစ်ခြင်းအတတ်ကို ဖြေရှင်းလို့ ရပြီ"
ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ
"မင်းရဲ့ အမွေအနှစ်က ယင်လောကမှာ အသာစီးရတာဆိုတော့၊ အဲ့ဒီအခါကျရင် အဲ့ဒီက လွင့်မျောနေတဲ့ ဝိညာဉ်တွေကို ပို့ဆောင်ပေးဖို့က မင်းရဲ့ တာဝန်ပဲနော်"
"ဒါကတော့ အသေအချာပါပဲ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ဝမ်ချုံစန်း သတိမပေးလျှင်ပင် သူကိုယ်တိုင် ဤကိစ္စကို လုပ်ဆောင်မည် ဖြစ်သည်။
တစ်ဆက်တည်းမှာပင် တာ့လေယင် နှင့် သက်ဆိုင်သော ယင်လောကမြို့တော်တွင် ရှေးဟောင်းသစ်ပင် ကဲ့သို့သော ဖြစ်တည်မှုမျိုး ရှိမရှိကိုလည်း သူ စစ်ဆေးလိုသေးသည်။
"စီနီယာ... အချိန်မဆိုင်းဘဲ အခုပဲ တားမြစ်ချက်ကို သွားဖြေရှင်းကြရအောင် "
ဝမ်ချုံစန်းက အလျင်အမြန် ဆိုလိုက်သည်။
"ငါ့ကို အကျိုးအမြတ်တစ်ခုခုတော့ ပေးရမယ်၊ ငါက အလကား သက်သက်တော့ မကူညီနိုင်ဘူး"
တာအိုဆရာက ရုတ်တရက် ခပ်အေးအေး ပြုံးကာ ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီကောင်လေးက ငါ့ကို လွတ်မြောက်အောင် ကူညီခဲ့လို့ ဒီတစ်ခေါက် သူ့ကို ထည့်မတွက်ဘူး။ ဒါပေမဲ့ မင်းကတော့..."
သူက ဝမ်ချုံစန်းကို ကြည့်ကာ
"မင်း ငါ့ကို အကျိုးအမြတ်တစ်ခုခု ပေးရမယ်"
"ဘာအကျိုးအမြတ်လဲ ခင်ဗျာ"
ဝမ်ချုံစန်းက သက်ပြင်းချလိုက်သည်
"စီနီယာ့ရဲ့ ကျင့်ကြံမှုက ကျနော့်ထက် အများကြီး သာလွန်တာပဲ၊ စီနီယာ လိုချင်တာ မှန်သမျှ ရနိုင်တာပဲဟာ၊ ကျနော်က ဘာများ ပေးနိုင်မှာမို့လို့လဲ "
"ပေးနိုင်တာပေါ့၊ မင်းက စိတ်ဝိညာဥ်တောင် က မဟုတ်လား ငါ့ကို မင်းတို့ဂိုဏ်းရဲ့ တရားထိုင်စင်မြင့် မှာ သုံးရက်သုံးည ထိုင်ခွင့်ပေးမလား "
တာအိုဆရာက ထူးဆန်းသော အသံဖြင့် ရယ်မောလိုက်သည်။
"အရင်တုန်းက မင်းတို့ စိတ်ဝိညာဥ်တောင်က လူတွေကို အထင်သေးခဲ့ကြတာ။ ငါ ကိုယ်တိုင် တံခါးဝအထိ လာတောင်းဆိုတာတောင် ငါ့ကို ငြင်းလွှတ်ခဲ့ကြတယ်။ အခုတော့ မင်းတို့က ငါ့ကို ပြန်တောင်းပန်ရမယ့် အလှည့် ရောက်လာပြီပေါ့"
"တရားထိုင်စင်မြင့်..."
ဝမ်ချုံစန်းမှာ ခေတ္တမျှ ကြောင်သွားရပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"ကျနော် ငြင်းတာ မဟုတ်ပါဘူး စီနီယာ၊ ဒါပေမဲ့ အဲ့ဒီ တရားထိုင်စင်မြင့်က ဖျက်ဆီးခံလိုက်ရပြီ။ အခုဆိုရင် အပျက်အစီးပုံပဲ ကျန်တော့တာမို့ စီနီယာ့ရဲ့ တောင်းဆိုချက်ကို ကျနော် မဖြည့်ဆည်းပေးနိုင်တော့ဘူး"
"တရားထိုင်စင်မြင့်တောင် ဖျက်ဆီးခံလိုက်ရပြီလား မဖြစ်နိုင်တာ... မင်းတို့ စိတ်ဝိညာဥ်တောင်က ဒီလောက်အထိ ဆုတ်ယုတ်သွားရတာလား ငါမှတ်မိသလောက်ဆိုရင် အဲ့ဒီ ယွမ်ဟယ် ဆိုတဲ့ ကောင်တောင် မင်းတို့ စိတ်ဝိညာဥ်တောင်မှာ အဖမ်းခံရမလို့ ဖြစ်ခဲ့သေးတာ"
တာအိုဆရာက အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်သည်။
"ငါ့ကို ညာနေတာတော့ မဟုတ်ပါဘူးနော် "
"ကျနော်က ဘယ်လိုလုပ်ပြီး လိမ်ရဲပါ့မလဲ စီနီယာ မယုံရင် စီနီယာ့ကို အဲ့ဒီ တရားထိုင်စင်မြင့်ဆီ သုံးရက်သုံးည ခေါ်သွားပေးပါ့မယ်။ စီနီယာ ကိုယ်တိုင် မြင်ရရင် ကျနော် လိမ်မလိမ် သိပါလိမ့်မယ်"
ဝမ်ချုံစန်းက ရိုးသားစွာ ဆိုလိုက်သည်။
"ကောင်းပြီ တကယ်လို့ မင်းလိမ်နေတာ သိရင်တော့ ငါ့ရဲ့ အမျက်ဒေါသကို ခံရမယ်လို့သာ မှတ်ထားလိုက်"
တာအိုဆရာက နှာမှုတ်ကာ အစီရင်ဗဟိုချက်ကို ဝမ်ချုံစန်းထံသို့ လွှဲပေးလိုက်သည်။
သူတို့ သုံးဦးသည် မူလလမ်းအတိုင်း ပြန်လာခဲ့ကြပြီး မကြာမီမှာပင် ဝေဝေဝါးဝါး မြင်တွေ့နေရသော တောင်ကြီး၏ ရှေ့သို့ ရောက်ရှိလာကြသည်။
ဖန့်ချန်သည် ဝမ်ချုံစန်းက အစီရင်ဗဟိုချက်ကို အသုံးပြုကာ ကောင်းကင်ဘုံလမ်းစဉ် သွေးဖြင့် ဤတောင်၏ တားမြစ်ပိတ်ဆို့ချက်များကို ဆေးကြောသန့်စင်နေသည်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
တစ်လျှောက်လုံးတွင် ဝမ်ချုံစန်း၏ အမူအရာမှာ အနည်းငယ် တင်းမာနေပြီး ထိုအစီရင်ဗဟိုချက်က မလောက်ငှမှာကို စိုးရိမ်နေပုံရသည်။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံးက ချောမွေ့သွားခဲ့သည်။
လင်ကွေ့ကြယ်တာရာ ပေါ်မှာလိုပင် တားမြစ်ခြင်းအတတ်သည် လွယ်ကူစွာ ပျောက်ကွယ်သွားသည့်အခါ ဖန့်ချန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
"အခုဆိုရင် ယင်လောကကို ဆင်းသွားလို့ ရပြီ ထင်တယ်"
"မင်း အရင်ဆင်းကြည့်လိုက်ပါဦး၊ အောက်မှာ ဘာအန္တရာယ်မှ မရှိဘူးဆိုရင် ဗုဒ္ဓတိုင်းပြည် ထဲက ဝိညာဉ်မယ်တော် ဆီကို သွားလိုက်ပါ"
ဝမ်ချုံစန်းက ဆိုသည်။
ဖန့်ချန် ခေတ္တ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
တာ့လေယင် ၏ အပြင်ဘက်တွင်မူ အစီရင်မသေမျိုးလှေ များ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာကြသည်။
ရှဲ့အာမန် သည် နဂါးနက်လှေ ပေါ်တွင် ရပ်နေရင်းမှ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် အေးချမ်းဆိတ်ငြိမ်သော တောင်ကြားတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် ရှေးဟောင်း စားပွဲဝိုင်းများ ပေါ်လာပြီး ၎င်းတို့အပေါ်တွင် အသီးများနှင့် အရက်ချိုများ အစီအရီ တည်ခင်းထားသည်။
"အာမန်မမ... ကျနော် ပြန်လာပြီနော်"
ထိုက်ယီမသေမျိုးဂိုဏ်း မှ ရှန်းယွဲ့ကွမ်း သည် အမာခံတပည့်တစ်စုနှင့်အတူ တောင်ကြားသို့ ရောက်ရှိလာပြီး ရှဲ့အာမန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ရှဲ့အာမန်၏ နောက်တွင်မူ ချန်အင်းရွှယ် တို့ အပါအဝင် အစီရင် မသေမျိုးအတတ်ကို အသုံးပြုနိုင်သော ကျွယ်မင်နန်းတော်၏ အမာခံများ အားလုံး ရှိနေကြသည်။
ရှန်းယွဲ့ကွမ်း က တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ဖန့်ချန်ကို မတွေ့သဖြင့် ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားရသည်။
"ဒီတစ်ခါလည်း မင်းပဲ လာတာလား "
ရှဲ့အာမန်က ခပ်ပြုံးပြုံးဖြင့်
"မင်းတို့ ထိုက်ယီမသေမျိုးဂိုဏ်းက ဒီတစ်ခေါက် ဘယ်လို သဘောထားမျိုး ရှိသလဲ "
ရှန်းယွဲ့ကွမ်း ၏ နောက်ကွယ်မှ အမာခံတပည့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း စကားမဆိုကြချေ။
ဒီတစ်ကြိမ်တွင်လည်း ရှန်းယွဲ့ကွမ်း ကသာ အလုံးစုံကို ကိုယ်စားပြု ပြောဆိုနေခြင်း ဖြစ်သည်။
"သဘောထားကတော့ ရိုးရှင်းပါတယ်၊ ဒီတစ်ခေါက်မှာ ကျွယ်မင်နန်းတော်ကို တာ့လေယင်ကို ကာကွယ်ဖို့ သေချာပေါက် ကူညီပေးမှာပါ။ ဒါပေမဲ့ ကျုပ်တို့ ထိုက်ယီမသေမျိုးဂိုဏ်းကလည်း အကျိုးအမြတ်အချို့တော့ ရချင်တယ်၊ ကျုပ်တို့တွေ ဗုဒ္ဓတိုင်းပြည်ထဲကို အတူတူ ဝင်ရောက် ကြည့်ရှုခွင့် ရချင်ပါတယ်"
ရှန်းယွဲ့ကွမ်း က ခပ်ရို့ရို့ ဆိုလိုက်သည်။
ချန်အင်ရွှယ်က မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
"နင်တို့ ထိုက်ယီမသေမျိုးဂိုဏ်းက သတင်းကတော့ တကယ်ကို မြန်တာပဲ။ ကြည့်ရတာ ငါတို့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတွေထဲမှာ နတ်ရိုသေနန်းတော် က ကျင့်ကြံသူတွေ အတော်များများ ရှိနေပုံရတယ်"
ရှန်းယွဲ့ကွမ်း က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး
"တကယ်တော့ အားလုံးက အတူတူပါပဲ၊ နတ်ရိုသေနန်းတော် ကျင့်ကြံသူတွေတင် မကပါဘူး၊ ဝိညာဥ်နတ်ဘုရားဂိုဏ်း နဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာန က လူတွေလည်း ရှိနေနိုင်တာပဲ၊ အားလုံးက နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေကြတာလေ"
ရှဲ့အာမန်သည် ထိုအကြောင်းအရာကို ဆက်လက် ငြင်းခုံရန် အစီအစဉ် မရှိသဖြင့် ပြတ်ပြတ်သားသားပင် ခေါင်းညိတ်လိုက်သည်။
"ဒီတောင်းဆိုချက်ကို ငါ သဘောတူပေးနိုင်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓတိုင်းပြည်ထဲကို ဝင်ဖို့က လွယ်ပေမဲ့ ပြန်ထွက်ဖို့ကတော့ မရိုးရှင်းဘူးနော်။ ငါနဲ့ တခြား နှစ်ယောက်ဟာ အဲ့ဒီထဲမှာ နှစ်ပေါင်း ဆယ်ဂဏန်းလောက် ပိတ်မိနေခဲ့တာကိုလည်း မင်းတို့ သိထားသင့်တယ်"
ရှန်းယွဲ့ကွမ်း နှင့် သူ၏လူများမှာ မျက်နှာပျက်သွားကြသည်။
သူတို့လည်း ထိုသတင်းကို ကြားဖူးနားဝ ရှိကြသည်။
ရှဲ့အာမန်ကဲ့သို့ အဆင့် ၈ ရှေးဟောင်းမသေမျိုးတောင်မှ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်ဆိုလျှင် ထိုဗုဒ္ဓတိုင်းပြည်သည် မည်မျှအထိ နက်နဲဆန်းကြယ်သည်ကို ခန့်မှန်းနိုင်ပေသည်။
သို့သော် ထိုအချက်ကြောင့်ပင် သူတို့က ပို၍ ဝင်ရောက်ကြည့်ရှုချင်နေကြခြင်း ဖြစ်သည်။
"အထက်က လူကြီးတွေ ပြောတာကတော့... မင်းတို့ ကျွယ်မင်နန်းတော်က ဒီသတ်မှတ်ချက်ကို သဘောတူမယ်ဆိုရင်၊ ဒီတစ်ခေါက်မှာ ကျုပ်တို့ ထိုက်ယီမသေမျိုးဂိုဏ်းက အင်အား ပိုစိုက်ထုတ်ပေးပါ့မယ်၊ တာ့လေယင်ကို သေချာပေါက် ကာကွယ်ပေးမှာပါ။ အဲ့ဒီ ဘုန်းကြီးတွေ တာ့လေယင်ကို ပြန်ရသွားရင်တောင် ကျုပ်တို့ကို ဗုဒ္ဓတိုင်းပြည်ထဲ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး၊ ဒါကြောင့် ကျုပ်တို့က ကျွယ်မင်နန်းတော်နဲ့ပဲ ပူးပေါင်းမှာပါ၊ စိတ်မပြောင်းပါဘူး"
ရှန်းယွဲ့ကွမ်း က ဆိုသည်။
စကားအဆုံးတွင် သူက ပြုံးစိစိဖြင့်
"ဒါနဲ့... ဟိုတစ်ခေါက်က အသစ်တက်လာတဲ့ အမာခံတပည့်လေးကော သူက ဒီမှာ မစောင့်ဘူးလား "
"အော်... သူကတော့ စူးစမ်းစရာရှိတာ သွားစူးစမ်းနေတယ်။ မင်းသိတဲ့အတိုင်း လူငယ်ဆိုတော့ စိတ်က သိပ်မငြိမ်ဘူးလေ၊ အားပြိုင်ပွဲ စတဲ့အခါကျရင် သူ့ကို တွေ့ရမှာပါ"
ရှဲ့အာမန်က ခပ်ပြုံးပြုံးပင် ဖြေလိုက်သည်။
"ဒါဆိုရင်တော့ အတော်ပဲပေါ့၊ အတော်ပဲ"
ရှန်းယွဲ့ကွမ်း က ပြုံးရွှင်စွာ ခေါင်းညိတ်ပြသည်။
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် အသွေးအသားနန်းတော် မှ ယဲ့ချင်းချိုး နှင့် ကြယ်တစ်သောင်းနန်းတော် မှ လင်ပုချိ တို့လည်း ရောက်ရှိလာကြသည်။
သူတို့သည် အဝေးကြီးသို့ သွားမနေဘဲ အနီးအနားမှာပင် စောင့်ဆိုင်းနေခဲ့ကြဟန် တူသည်။
"ရှဲ့အာမန်... နင် ရှန်းယွဲ့ကွမ်း တို့နဲ့ သတ်မှတ်ချက်တွေ ညှိနှိုင်းပြီးပြီလား "
ယဲ့ချင်းချိုးသည် ရှန်းယွဲ့ကွမ်း ၏ မျက်နှာတွင် အပြုံးပန်းဝေနေသည်ကို တွေ့လိုက်ရသဖြင့် သံသယဖြစ်စွာဖြင့် ရှဲ့အာမန်ကို လှမ်းမေးလိုက်တော့သည်။