← Chapters

အခန်း (၁၅၀၉-၁၅၁၀)

Vol. 151 Ch. 1509-1510

အခန်း (၁၅၀၉-၁၅၁၀)

Vol. 151 Ch. 1509-1510

အခန်း (၁၅၀၉) - ဝိညာဉ်နယ်မြေသို့ တစ်ခေါက်ပြန်ခြင်း

"ဘာဖြစ်တာလဲ ဘာလို့ မင်းတစ်ယောက်တည်း ယင်လောကက ပြန်တက်လာတာလဲ၊ ဟိုကောင်လေးကော "

ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာသည် ဝမ်ချုံစန်း နိုးလာသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး ဝိညာဉ်ကူးပြောင်းနေဆဲဖြစ်သော ဖန့်ချန်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"မမျှော်လင့်ထားတဲ့ အခြေအနေလေး နည်းနည်းရှိလို့ပါ၊ အဲ့ဒီကောင်လေးကတော့ အချိန်နည်းနည်း ထပ်ယူရဦးမယ် ထင်တယ်"

ဝမ်ချုံစန်းသည် အောက်ဘက်တွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်တွေးတောမိကာ သက်ပြင်းချလိုက်ပြီး

"ဒါပေမဲ့ ဒီက တားမြစ်ချက် ပိတ်ဆို့မှုတွေကတော့ တကယ်ပဲ ပြယ်သွားပါပြီ။ ဒီတစ်ခေါက် စီနီယာ ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့... စီနီယာအနေနဲ့ ကုသိုလ်ယူရင်းနဲ့ပဲ ဒီမှာ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေး ဘယ်လောက်ကျန်သေးလဲဆိုတာ ရှာပေးပါလား၊ ပြီးရင် ကျနော်တို့ နှစ်ယောက် တစ်ဝက်စီ ခွဲယူကြတာပေါ့ "

"မင်း စိတ်ကူးယဉ်တာ တကယ် လှပတာပဲ"

တာအိုဆရာက နှာမှုတ်ကာ လှောင်ပြောင်လိုက်ပြီး

"စကားအပိုတွေ ပြောမနေနဲ့တော့၊ အခုချက်ချင်း စိတ်ဝိညာဥ်တောင် ကို သွားကြမယ်။ မင်းပြောသလို တရားထိုင်စင်မြင့် က တကယ်ပဲ ဖျက်ဆီးခံလိုက်ရပြီလားဆိုတာ ငါကိုယ်တိုင် ကြည့်ရမယ်"

"အခုချက်ချင်းလား အခုတော့ မဖြစ်နိုင်သေးဘူး ထင်..."

ဝမ်ချုံစန်း၏ စကားပင် မဆုံးသေးမီမှာပင် တာအိုဆရာက သူ၏ လက်အင်္ကျီကို ခါယမ်းလိုက်ရာ သူတို့နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

တာအိုဆရာသည် မထွက်ခွာမီ ဖန့်ချန် ဝိညာဉ်ကူးပြောင်းနေစဉ် ပြင်ပမှ အနှောင့်အယှက် မဖြစ်စေရန် ဖန့်ချန်၏ ပတ်ဝန်းကျင်တွင် ကာကွယ်ရေး အစီရင်တစ်ခုကိုလည်း ချမှတ်ပေးခဲ့သေးသည်။

အချိန်ကာလသည် တစ်စတစ်စ ကုန်လွန်သွားရာ ဆယ်ရက်ကျော် ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ကလေးငယ် သည် ကစားကွင်းထဲရှိ ဆန်းသစ်သော အရာမှန်သမျှကို မရိုးနိုင်အောင် ဆော့ကစားနေခဲ့သည်။

တစ်လျှောက်လုံးတွင် သူသည် ဆော့ကစားခြင်း၌သာ အာရုံနစ်ဝင်နေခဲ့ပြီး မြို့ပျက်ကြီးအတွင်း၌ သူ၏ တခိခိ ရယ်မောသံများမှာ မကြာခဏ ပဲ့တင်ထပ်နေတတ်သည်။

တစ်နေ့တွင်မူ... ထိုကလေးငယ်သည် ရုတ်တရက် အားကုန်သကဲ့သို့ ပြေးလာကာ ဖန့်ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

"အိပ်ပျော်သွားတာလား"

ဖန့်ချန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ကလေးငယ်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း အေးစက်နေပြီး ထိတွေ့လိုက်လျှင် နွေးထွေးမှု အစအနမျှ မရှိပေ။

ဖန့်ချန်သည် လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ကစားကွင်းသည် ယင်အရှိန်အဝါများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

ထို့နောက် သူသည် ဝိညာဉ်ကလေးငယ်ကို ပွေ့ချီကာ ထိုမြို့ပျက်ကြီးအတွင်း လှည့်လည်ကြည့်ရှုနေခဲ့သည်။

ဤနေရာတွင် ကျန်ရှိနေသော သဲလွန်စများကို ကြည့်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲ အခြေအနေကို သူ ပြန်လည် ပုံဖော်ကြည့်နေမိသည်။

"ဒါက..."

ဖန့်ချန်သည် အပျက်အစီးပုံကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။

ဤနေရာတွင် ပြိုပျက်နေသော နံရံများနှင့် တိုင်လုံးများသာ ရှိတော့ပြီး၊ ထိုအထဲတွင် ကိုယ်တစ်ပိုင်း ကျိုးပဲ့နေသော ရုပ်ထုတစ်ခု ရှိနေသည်။

ရုပ်ထု၏ အောက်ပိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ဖုန်မှုန့်ဘဝသို့ ရောက်သွားပုံရသည်။

အပေါ်ပိုင်း ပုံသဏ္ဌာန်မှာမူ ရွှေချင်းဟယ် နှင့် တစ်ပုံစံတည်း တူညီနေသော်လည်း သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာမူ ပိုမို ခန့်ညားထည်ဝါလှသည်။

"ဝိညာဉ်မယ်တော် ရဲ့ ရုပ်ထုပဲ"

ဖန့်ချန်သည် ကလေးငယ်ကို ပွေ့ချီလျက် ရုပ်ထု၏ ရှေ့သို့ တိုးသွားလိုက်သည်။

ထိုနေရာတွင် ဝိညာဉ်မယ်တော်၏ ရုပ်ထု ရှိနေခြင်းမှာ တစ်ချိန်က သူမကို ဤနေရာတွင် ကိုးကွယ်ပူဇော်ခဲ့ကြကြောင်း သို့မဟုတ် ထိုနေရာသည် သူမ ယင်လောကတွင် ရှိစဉ်က တရားကျင့်ကြံ ရာဌာန ဖြစ်နိုင်ကြောင်း သက်သေပြနေသည်။

"မေမေ... မေမေ..."

ဝိညာဉ်ကလေးငယ်သည် ရုတ်တရက် နိုးလာပြီး ရုပ်ထုကို လက်ညှိုးထိုးကာ မပီမသ အသံလေးဖြင့် ခေါ်နေရှာသည်။

"ဒါ မင်းရဲ့ မေမေလား မင်းက ဝိညာဉ်မယ်တော်နဲ့ တကယ်ပဲ ပတ်သက်မှု ရှိနေတာပဲ၊ ဒါကြောင့်လည်း ဒီလောက် ကျင့်ကြံမှု မြင့်နေတာကိုး"

ဖန့်ချန်က ကလေးငယ်ကို ကြည့်ကာ ပြောလိုက်သည်။

ကလေးငယ်မှာမူ အီအီအာအာဖြင့် ဆက်လက် ခေါ်နေဆဲ ဖြစ်သည်။

သူသည် ဖန့်ချန်၏ ကိုယ်ပေါ်မှ ဆင်းကာ ရုပ်ထုပေါ်သို့ တွယ်တက်သွားပြီး၊ ရုပ်ထု၏ ရင်ခွင်ထဲတွင် မှီတွယ်လျက် ကျေနပ်သော မျက်နှာထားဖြင့် ရှိနေသည်။

"ငါ မင်းရဲ့ မေမေကို သွားခေါ်ပေးရမလား "

ဖန့်ချန်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ကာ မေးလိုက်သည်။

ယခုအချိန်တွင် ဤဝိညာဉ်ကလေးငယ်၏ နောက်ခံအကြောင်းအရင်းကို ဝိညာဉ်မယ်တော် တစ်ဦးတည်းသာ ရှင်းပြနိုင်တော့မည်ဖြစ်သည်။

ဝိညာဉ်ကလေးငယ်မှာမူ ဘာမှ ပြန်မပြောဘဲ ပြန်လည် အိပ်ပျော်သွားပုံရသည်။

ဖန့်ချန်သည် ထိုနေရာတွင် ခေတ္တမျှ ရပ်ကြည့်နေပြီးနောက် လှည့်ထွက်လာခဲ့သည်။

လူ့လောကသို့ ပြန်တက်သည့် ခရီးမှာ ချောမွေ့လှသည်။

ဝိညာဉ်ကလေးငယ်မှာ နိုးမလာသကဲ့သို့ သူ့ကိုလည်း လာရောက် မတားဆီးခဲ့ပေ။

"ဝမ်ချုံစန်းနဲ့ စီနီယာတာအိုဆရာတို့ ဘယ်ရောက်ကုန်တာလဲ "

ဖန့်ချန်သည် မိမိ၏ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။

သို့သော် တာအိုဆရာ ချန်ထားခဲ့သော အစီရင်ကိုမူ သူ ခံစားသိရှိနိုင်သဖြင့် ခေတ္တမျှ စဉ်းစားပြီးနောက် နဂါးနက်လှေ ကို ထုတ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်း ထွက်ခွာသွားတော့သည်။

ရှဲ့အာမန်ကို သွားရှာသည့် လမ်းတွင် ဖန့်ချန်သည် သူမထံမှ ဗုဒ္ဓပုတီးစေ့ ကို မည်သို့ ခဏချေးယူရမလဲဟု တွေးတောနေခဲ့သည်။

သို့သော် သူမနှင့် တွေ့ဆုံလိုက်သည့်အခါတွင်မူ ရှဲ့အာမန်က သူမနှင့် အသွေးအသားနန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော် တို့အကြား ပြုလုပ်ခဲ့သော သဘောတူညီချက်များကို အရင်ဆုံး ရှင်းပြလေသည်။

ဖန့်ချန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အင်အားကြီး ဂိုဏ်းသုံးဂိုဏ်း၏ အစီရင်လှေများကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။

ဤနေရာမှာ ကျွယ်မင်နန်းတော် စောင့်ကြပ်သော တားမြစ်နယ်မြေ ဖြစ်သဖြင့် သူတို့သည် သတ်မှတ်ထားသော နေရာတွင်သာ နေရပြီး လျှောက်သွား စူးစမ်းခွင့် မရှိကြချေ။

"နံပါတ်ကိုး... ဒီအားပြိုင်ပွဲမှာ အနိုင်ရပြီးရင် မင်းနဲ့ငါ အဲ့ဒီ ဗုဒ္ဓတိုင်းပြည်ကို တစ်ခေါက် ထပ်သွားကြမယ်၊ အဲ့ဒီက ဝိညာဉ်မယ်တော်ကို သွားတွေ့ရမယ်"

ရှဲ့အာမန်က ပြုံးလျက်

"နန်းတော်ကနေ ကျွယ်မင်ယင်လောက ထဲက ယင်မသေမျိုး တစ်ပါးကို လွှတ်ပေးဖို့ စီစဉ်ထားတယ်။ သူက ငါတို့နဲ့အတူ ဗုဒ္ဓတိုင်းပြည်ထဲ လိုက်လာလိမ့်မယ်၊ ယင်မသေမျိုးတစ်ပါးအတွက်ရော အဲ့ဒီနေရာက ထိန်းချုပ်ရ ခက်ခဲနေဦးမလားဆိုတာ ကြည့်ရတာပေါ့"

"ယင်မသေမျိုး"

ဖန့်ချန် အနည်းငယ် မှင်တက်သွားသည်။

"မင်း အရင်က တစ်ခါတွေ့ဖူးပါတယ်၊ နတ်ဘုရားဝိညာဥ်မျှော်စင်က မြွေယင်ကျွင်း လေ။ သူက လူ့ဘဝတုန်းကတည်းက ယင်လောကကူးပြောင်းတာ ကျွမ်းကျင်ပြီး ယင်လောက အကြောင်းကို အတော်လေး နှံ့စပ်သူပဲ"

"ဝိညာဉ်မယ်တော် ဒီနေရာမှာ ပေါ်လာတယ်ဆိုတာ သိတော့ သူကိုယ်တိုင် စူးစမ်းဖို့ အဆိုပြုလာတာ။ ကြည့်ရတာ သူက ဝိညာဉ်မယ်တော် အကြောင်းကို တစ်စုံတစ်ရာ သိထားပုံရတယ်"

ဟု ရှဲ့အာမန်က ဆိုသည်။

"ဒါဆိုရင်တော့ အတော်ပဲပေါ့"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူ၏ စိတ်ထဲတွင်မူ အနည်းငယ် လေးလံသွားသည်။

ထိုမြွေယင်ကျွင်းက မိမိဘာသာ အဆိုပြုလာခြင်းမှာ အခြား ရည်ရွယ်ချက်များ ရှိနေနိုင်သည် မဟုတ်ပါလား။

သို့သော် ဤနေရာသည် ဝိညာဉ်မယ်တော်၏ နယ်မြေဖြစ်ရာ တာအိုဆရာကဲ့သို့ ပုဂ္ဂိုလ်ပင် ရမ်းကား၍ မရချေ။

ထို့ကြောင့် မြွေယင်ကျွင်းတွင် အစီအစဉ်များ ရှိနေလျှင်တောင် အရာထင်လိမ့်မည် မဟုတ်ဟု တွေးတောမိသည်။

ထိုသို့တွေးပြီးနောက် ဖန့်ချန်က ပြုံးကာ မေးလိုက်သည်။

"စီနီယာအစ်မကြီး... မြွေယင်ကျွင်းက ဝိညာဉ်မယ်တော်ကို သိလို့လား "

"သူတို့က ခေတ်ပြိုင်တွေတော့ မဟုတ်ကြပါဘူး"

"အလွန်ဆုံးရှိလှ သိထားတာ နည်းနည်းပါးပါးပဲ ဖြစ်မှာပါ။ အခြေအနေမှန်ကိုတော့ သူ ရောက်လာမှပဲ သိရတော့မယ်"

ဟု ရှဲ့အာမန်က ဆိုသည်။

စကားကို ခေတ္တရပ်ကာ

"အခု နယ်မြေလုပွဲက မကြာခင် စတော့မယ်။ မင်းဆီမှာ အစီရင်အတတ် နှစ်မျိုးရှိတာကို သူတို့ သိထားကြတော့ မင်းကို ပစ်မှတ်ထားကြလိမ့်မယ်။"

"တကယ်လို့ မင်းကို နောက်ဆုံးမှ ထားရင် ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ ငါက ပြန်ညှိဖို့ အချိန်မရမှာ စိုးရတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ မင်းကို ငါ့ရဲ့ နောက်မှာပဲ ထားမယ်။ ငါက ရှောင်ကွမ်းယင် ကို အရင် ရှင်းထုတ်ပြီးရင် မင်းက ဆက်လက် တိုက်ခိုက်ပေးပေါ့"

"စီနီယာအစ်မကြီး ရဲ့ အစီအစဉ်အတိုင်းပါပဲ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"နယ်မြေလုပွဲ မစခင်မှာ...နံပါတ်သုံး တို့က ဗုဒ္ဓတိုင်းပြည်ထဲကို တစ်ခေါက် ထပ်ဝင်ကြည့်ဖို့ အကြံပြုထားကြတယ်။ ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စတွေကို ရမလားလို့လေ"

ရှဲ့အာမန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်

"မင်း ပြီးခဲ့တဲ့တစ်ခေါက် ဝိညာဉ်မယ်တော်ကို နှိုးလိုက်တုန်းက သူမရဲ့ သဘောထားက ဘယ်လိုလဲ ငါတို့ တစ်ခေါက် ထပ်ဝင်ရင် သူမ စိတ်ဆိုးသွားနိုင်မလား "

ဗုဒ္ဓပုတီးစေ့ကို ချေးနေစရာ မလိုတော့ပြီ။

ဖန့်ချန်သည် စိတ်ထဲမှ သက်ပြင်းချကာ ပြုံး၍ ပြောလိုက်သည်။

"ဟို စီနီယာကြီး ပြောသလိုပါပဲ၊ ဝိညာဉ်မယ်တော်က သဘောထား အလွန် နူးညံ့သိမ်မွေ့ပြီး ယုတ္တိရှိတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်က အခြေအနေမှန်ကို ရှင်းပြလိုက်တော့ သူမက ကျနော်တို့ကို အပြင်ကို ပြန်ပို့ပေးခဲ့တာပဲလေ"

"ဒါဆိုရင်တော့ အတော်ပဲ၊ အချိန်မဆိုင်းဘဲ ငါနဲ့ လိုက်ခဲ့တော့"

ရှဲ့အာမန်သည် ဖန့်ချန်ကို ခေါ်ကာ ချန်အင်ရွှယ်တို့အုပ်စုထံသို့ သွားလိုက်သည်။

ထို့နောက် ကြာနီနတ်မိမယ် ကိုပါ ခေါ်ယူကာ အားလုံးသည် ဗုဒ္ဓတိုင်းပြည် ရှိရာဘက်သို့ ပျံသန်းသွားကြတော့သည်။

ဒီတစ်ခေါက်တွင်မူ ရည်ရွယ်ချက်က ရှင်းလင်းနေပြီး ထွက်ခွာမည့် နည်းလမ်းကိုလည်း သိရှိထားသဖြင့် ခရီးစဉ်မှာ အလွန် ချောမွေ့လှသည်။

အားလုံး ဗုဒ္ဓတိုင်းပြည်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားသောအခါ ရှဲ့အာမန်သည် လူတိုင်းကို ရွှေချင်းဟယ် ရှိရာသို့ ခေါ်ဆောင်သွားသည်။

"ဒီနေရာက ယင်လောကနဲ့တော့ တကယ် မတူဘူးပဲ။ တကယ်လို့ အမှန်တရားကိုသာ ငါ မသိခဲ့ရင် ငါ့ကိုယ်ငါ ဝိညာဉ်တစ်ခုပဲ ကျန်တော့တယ်ဆိုတာ သတိထားမိမှာ မဟုတ်ဘူး"

ချန်အင်ရွှယ်က မိမိ၏ အခြေအနေကို စစ်ဆေးရင်း မှတ်ချက်ပေးသည်။

"စီနီယာအစ်မကြီး... ကျနော်တို့ ဒီထဲကို ဝင်လာတာ ပြိုင်ပွဲနဲ့ လွဲသွားတာမျိုး မဖြစ်နိုင်ဘူးလား "

နန်မင်ရုယွဲ့က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။

လီရှမ်းဇီ တို့အုပ်စုကမူ မကြောက်ကြချေ။

ပြိုင်ပွဲနှင့် လွဲသွားလျှင်တောင် ဘာဖြစ်သနည်း။

တကယ်လို့သာ အခြားအဖွဲ့တွေထက် အရင်ဦးဆုံး ဤနေရာတွင် ဗုဒ္ဓလမ်းစဉ်၏ လမ်းစဉ်သဲလွန်စကို ရရှိခဲ့လျှင် ထိုရလဒ်သည် နံပါတ် ၉၇ ရှေးဟောင်းတားမြစ်နယ်မြေ တစ်ခုလုံးထက်ပင် တန်ဖိုး များစွာ ပိုကြီးမားလှပေသည်။

"မဖြစ်ပါဘူး၊ ငါ အချိန်တွက်ထားပြီးသား။ အရင်တစ်ခေါက်က ငါတို့ သုံးယောက် ဒီမှာ အကြာကြီး နေခဲ့ရတာက ဘယ်လိုထွက်ရမလဲ မသိလို့လေ။ ဒီတစ်ခေါက်တော့ မြန်မြန်ဆန်ဆန်ပဲ လုပ်ကြမယ်၊ သဲလွန်စ မတွေ့ရင် ချက်ချင်း ပြန်ထွက်ကြတာပေါ့"

ရှဲ့အာမန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"စီနီယာအစ်မကြီး... ဒီကို တစ်ခေါက် ထပ်လာတယ်ဆိုကတည်းက တစ်စုံတစ်ရာကို ပြောပြသင့်ပြီ မဟုတ်လား စီနီယာအစ်မကြီး မှာ ယုံကြည်ချက် တစ်ခုခု ရှိနေလို့သာ ဒီကို တစ်ခေါက် ထပ်လာတာ ဖြစ်မှာပါ"

ချန်အင်ရွှယ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့ အလျင်စလို ဖြစ်နေတာလဲ၊ အချိန်တန်ရင် နံပါတ်ကိုး ကို အရင် စမ်းခိုင်းကြည့်မယ်၊ ငါတို့က စောင့်ကြည့်နေရုံပဲ"

ရှဲ့အာမန်က ချန်အင်ရွှယ်ကို တစ်ချက်ကြည့်ကာ မျက်စောင်းထိုးလိုက်ပြီးနောက် ဖန့်ချန်ကို လမ်းသေချာကြည့်ရန်နှင့် လမ်းမမှားစေရန် သတိပေးလိုက်တော့သည်။

အခန်း (၁၅၁၀) - ဝိညာဉ်မယ်တော်၏ အမှန်တရား

"နံပါတ်ကိုးကို အရင်သွားစမ်းခိုင်းမယ် ဟုတ်လား "

လူတိုင်းမှာ ခဏမျှ မှင်တက်သွားကြပြီး ဖန့်ချန်ကို စဉ်းစားဟန်ဖြင့် လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းများထဲတွင် သိချင်စိတ်များ၊ အံ့အားသင့်မှုများ ရောပြွမ်းနေသည်။

ပြီးခဲ့သည့်တစ်ခေါက် သူတို့သုံးဦး ဗုဒ္ဓတိုင်းပြည်ထဲသို့ ဝင်ရောက်ခဲ့စဉ်က အသေးစိတ် အခြေအနေများကို သူတို့ မသိရှိကြသလို၊ ထိုသုံးဦး ပြန်လည်လွတ်မြောက်လာနိုင်ခြင်းမှာ ဖန့်ချန်နှင့် သက်ဆိုင်နေသည်ကိုလည်း မသိကြပေ။

"ဘာတွေ လျှို့ဝှက်ထားတာလဲ"

ချန်အင်ရွှယ်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဖန့်ချန်နားသို့ ပြုံးစိစိဖြင့် ကပ်သွားသည်။

"နံပါတ်ကိုး... စီနီယာအစ်မသုံး ကို ပြောပြစမ်းပါဦး၊ အရင်တစ်ခေါက်က တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ "

"စီနီယာအစ်မသုံး... စီနီယာအစ်မကြီး ပြောပြီးသားပဲလေ၊ ဒါက အရေးမကြီးပါဘူးဆိုတာ"

ကြာနီနတ်မိမယ်က ချန်အင်ရွှယ်ကို တစ်ချက်ကြည့်ကာ ဝင်ပြောလိုက်သည်။

"ငါက မင်းရဲ့ အချစ်တော်လေးကို လုယူမှာမှ မဟုတ်တာ၊ ဘာလို့ ငါ့ကို ဒီလောက် ရန်လိုနေရတာလဲ ငါက နံပါတ်ကိုးကို မေးရုံတင်ပါ၊ လာမတားနဲ့"

ချန်အင်ရွှယ်က ကြာနီနတ်မိမယ်ကို မျက်စောင်းထိုးလိုက်ပြီး ဖန့်ချန်ကို ပြုံးပြရင်း ဆက်ပြောသည်။

"နံပါတ်ကိုး... အစ်မကြီးလိုမျိုး လျှို့ဝှက်ချက်တွေ သိမ်းမထားပါနဲ့။ ဒီနေရာမှာ ဘာတွေ ရှောင်ရမလဲဆိုတာ စီနီယာအစ်မကို ပြောပြဦး၊ မဟုတ်ရင် အစ်မသာ အန္တရာယ်တွေ့ရင် ဘယ်လိုလုပ်မလဲ "

ကျန်ရှိနေသောသူများလည်း စိတ်လှုပ်ရှားသွားပြီး ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။

သူတို့အားလုံးသည်လည်း ထိုနေရာရှိ ရှောင်ရမည့် အချက်များကို ကြောက်ရွံ့နေကြသည်။

မဟုတ်လျှင် အစွမ်းထက်လှသော သူတို့သုံးဦးမှာ အဘယ်ကြောင့် ဤမျှ ကြာရှည်စွာ ပိတ်မိနေခဲ့ရမည်နည်း။

"ကဲပါ... သူသိချင်နေမှတော့ ပြောပြလိုက်ပါတော့"

ရှဲ့အာမန်က ချန်အင်ရွှယ်ကို စိတ်မရှည်သလို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြကာ ခရီးဆက်ခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။

"ဒီနေရာမှာ ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်၊ ဒီနယ်မြေဟာ သူမ သေဆုံးပြီးနောက် ဖြစ်ပေါ်လာတဲ့ ဝိညာဉ်နယ်မြေပဲ။ တကယ်လို့ ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စသာ ရှိနေမယ်ဆိုရင် သူမဆီမှာပဲ ရှိလိမ့်မယ်"

ဖန့်ချန်က ရှင်းပြသည်

"အဲ့ဒီ ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်က သူမရဲ့ အရင်ဘဝ မှတ်ဉာဏ်တွေကို မေ့လျော့နေတယ်။ ကျနော် ဒီနေရာမှာ အချိန်အတော်ကြာ နေခဲ့ဖူးတော့ သူမနဲ့ ရင်းနှီးမှု အနည်းငယ် ရှိတယ်၊ စကားပြောလို့ ရပါတယ်"

"ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ် ဘယ်လောက်တောင် အစွမ်းထက်တာလဲ...အဆင့် ၉ မသေမျိုး လား..."

ချန်အင်ရွှယ်နှင့် ကျန်သူများမှာ စဉ်းစားဟန်ဖြင့် တိတ်ဆိတ်သွားကြသည်။

အဆင့် ၉ မသေမျိုး အဆင့်လောက်ရှိမှသာ သေဆုံးပြီးနောက်တွင်ပင် ထိုကဲ့သို့ နယ်မြေတစ်ခု ဖန်တီးနိုင်ပြီး ရှဲ့အာမန်ကဲ့သို့ ပုဂ္ဂိုလ်ကို နှစ်ပေါင်းများစွာ ပိတ်လှောင်ထားနိုင်မည် မဟုတ်ပါလား။

"ဒါဆိုရင် အဲ့ဒီ ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်ဆီမှာ အဆင့် ၉ မသေမျိုးရဲ့ ဗုဒ္ဓလမ်းစဉ် သဲလွန်စ ရှိနိုင်တာပေါ့။ ဒါက အရေးကြီးတဲ့ ကိစ္စပဲ၊ နန်းတော်သခင်ဘက်ကကော..."

နန်မင်ရုယွဲ့က တွေးတောစွာ ဆိုသည်။

"လမ်းစဉ်သဲလွန်စ တစ်ခုတည်းအတွက်တော့ နန်းတော်သခင်တို့က တိုက်ရိုက် ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် နယ်မြေလုပွဲမှာ ရုလိုင်ဘုရားကျောင်းက သွေးဝိညာဉ်ဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ အကူအညီကို ရထားတာဟာ နန်းတော်သခင်တို့ဘက်က ညှိနှိုင်းမှုတွေရဲ့ ရလဒ်လည်း ဖြစ်နိုင်တယ်"

ရှဲ့အာမန်က ခပ်အေးအေးပင် ဆိုလိုက်သည်။

"သူတို့တွေသာ ကြားဝင်မညှိနှိုင်းရင် သွေးဝိညာဉ်ဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနက ဘယ်လိုလုပ်ပြီး တစ်အိုးတည်း ထမင်းစားနိုင်မှာလဲ"

ဖန့်ချန် စိတ်ထဲတွင် ရှင်းလင်းသွားသည်။

ထိုမေးခွန်းကို သူ အခွင့်အရေးရလျှင် ရှဲ့အာမန်ကို မေးရန် ကြံရွယ်ထားသော်လည်း ယခုမှ အဖြေရတော့သည်။

နန်မင်ရုယွဲ့နှင့် ကျန်သူများမှာလည်း ယခုမှ သိလိုက်ရသဖြင့် အံ့အားသင့်သွားကြပြီး စကားဝိုင်းမှာ ဗုဒ္ဓတိုင်းပြည်မှသည် နယ်မြေလုပွဲဆီသို့ ကူးပြောင်းသွားသည်။

"စီနီယာအစ်မကြီး... အစ်မ ဒါကို သိနှင့်နေတာလား တကယ်လို့ ဒါဟာ နန်းတော်သခင်တို့ ညှိနှိုင်းထားတဲ့ ရလဒ်ဆိုရင် ဒီတစ်ခေါက် ရုလိုင်ဘုရားကျောင်းနဲ့ ကျမတို့ရဲ့ အနိုင်အရှုံးက ငါးဆယ် ငါးဆယ်ပဲ ရှိတော့မှာပေါ့"

နံပါတ်လေးက တင်းမာသော မျက်နှာထားဖြင့်

"ဘာလို့ ဒီလိုဖြစ်ရတာလဲ သွေးဝိညာဉ်ဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနက ရုလိုင်ဘုရားကျောင်းကို အစွမ်းကုန် ကူညီမှာလား ဒါမှမဟုတ် ရုလိုင်ဘုရားကျောင်းမှာ တခြား ဝှက်ဖဲတွေ ရှိနေသေးလို့လား "

"တိုက်ပွဲစမှပဲ သိရမှာပါ၊ စိုးရိမ်မနေပါနဲ့။ အဆိုးဆုံးကတော့ ဒီနေရာကို လက်လွှတ်လိုက်ရရုံပေါ့။ ဒါပေမဲ့ ငါမပါဘဲနဲ့တော့ သူတို့ ဗုဒ္ဓတိုင်းပြည်ထဲကို ဝင်ဖို့ မစဉ်းစားနဲ့"

ရှဲ့အာမန်က ပြုံးလျက် ဆိုသည်။

လူတိုင်းမှာ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

နှစ်အနည်းငယ် ကုန်လွန်ပြီးနောက် ၊ ဖန့်ချန်တို့အဖွဲ့သည် ရွှေချင်းဟယ် ရှိရာသို့ တစ်ဖန် ရောက်ရှိလာကြသည်။

"နံပါတ်ကိုး... သွားကြည့်လိုက်ဦး၊ အဲ့ဒီလူက အရင်ဘဝ မှတ်ဉာဏ်တွေ ပြန်ရနေပြီလား၊ ဒါမှမဟုတ် အရင်အတိုင်းပဲလားဆိုတာ"

ရှဲ့အာမန်က ညွှန်ကြားသည်။

"ကျ နံပါတ်ကိုးနဲ့ လိုက်သွားမယ်"

ချန်အင်ရွှယ်က ရယ်မောရင်း ဆိုသည်။

"အားလုံး အတူတူ သွားကြရင် မကောင်းဘူးလား"

လီရှမ်းဇီက အကြံပြုသည်။

ဖန့်ချန်ကတော့ သူတို့ကို ခေါ်သွားရန် ဆန္ဒမရှိပေ။

သူတို့ပါလာလျှင် ငရဲမင်းအမိန့်ပြား ကို အသုံးပြုရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

"စီနီယာ အစ်ကိုတွေ အစ်မတွေ... သူမက ဒီနေရာမှာ မှတ်ဉာဏ်မရသေးဘူးဆိုရင် သာမန်လူတစ်ယောက်ပါပဲ။ ရုတ်တရက် စိမ်းသက်တဲ့ မျက်နှာတွေ အများကြီး မြင်လိုက်ရရင် သူမက ကျနော်နဲ့တောင် စကားပြောချင်မှ ပြောတော့မှာ။ ကျနော် အရင်သွားပြီး အခြေအနေ ကြည့်လိုက်ပါ့မယ်"

ဖန့်ချန်က ဖျောင်းဖျလိုက်သည်။

"မင်းတို့တွေ လိုက်မသွားကြနဲ့တော့။ နံပါတ်ကိုးက အရင်တစ်ခေါက်တုန်းက သူမနဲ့ ကောင်းကောင်း ဆက်ဆံနိုင်ခဲ့တာဆိုတော့ ဒီတစ်ခေါက်လည်း ပြဿနာရှိမှာ မဟုတ်ဘူး"

ရှဲ့အာမန်က အခြားသူများကို တားမြစ်လိုက်ပြီး ဖန့်ချန်ကို သတိပေးလိုက်သည်။

"နံပါတ်ကိုး... ဒီတစ်ခေါက် ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စအကြောင်း မေးဖို့ မမေ့နဲ့ဦး။ ဒီလို ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်တွေကလည်း အရင်က ထူးခြားသူ တွေလိုပဲ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားချင်ကြမှာပဲ"

ထူးခြားသူ တွေလိုပဲ ဟုတ်လား

လူတိုင်းမှာ စဉ်းစားဟန် ဖြစ်သွားကြသည်။

တကယ်လို့သာ အဲ့ဒီအတိုင်းဆိုရင်တော့ အလုပ်က အများကြီး ပိုလွယ်သွားပြီဖြစ်သည်။

နေရာအသီးသီးရှိ ထူးခြားသူများသည် စကားပြောရ အလွန်လွယ်ကူပြီး၊ ကံပါလျှင် အမွေအနှစ်အချို့ ချန်ထားပေးတတ်ကြသည်။

ဥပမာအားဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က ဝူရှန့်ငရဲတွင် ကျွယ်မင်နန်းတော် ရရှိခဲ့သော တောက်ပသောလောသေမျိုး လမ်းစဉ်ကဲ့သို့ပင်။

ဖန့်ချန်သည် ဖုန့်ဟွာလမ်းကြားလေးထဲသို့ ရောက်ရှိလာသည်။

လွန်ခဲ့သော နှစ်အနည်းငယ်နှင့် ဘာမျှ မထူးခြားပေ။

ဤနေရာရှိ လူများသည်ပင် အရင်အတိုင်းပင် ဖြစ်ကာ အိုမင်းခြင်း မရှိကြသလို၊ ကလေးငယ်များလည်း ကြီးထွားခြင်း မရှိကြပေ။

သူတို့သည် ဖန့်ချန်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီး အချို့က ရှေ့သို့တိုးကာ ဖန့်ချန် လွန်ခဲ့သော နှစ်အနည်းငယ်က ဘယ်နေရာသို့ ရောက်နေသနည်းဟု နှုတ်ဆက်မေးမြန်းကြသည်။

ဖန့်ချန်က အလိုက်သင့် ပြန်လည်ပြောဆိုပြီးနောက် ရွှေချင်းဟယ် ရှိရာ အိမ်ဂေဟာလေးသို့ ရောက်ရှိလာခဲ့သည်။

သူမသည် ခြံဝန်းအတွင်း၌ လျှော်ဖွပ်ပြီးသော အဝတ်အထည်များကို လှန်းနေသည်။

ထိုအထဲတွင် မိဘမဲ့ကလေးများနှင့် အထီးကျန်လူအိုများအတွက် အဝတ်အစားများစွာ ပါဝင်သည်။

"မင်းလား မင်းတို့တွေ ပြန်ဝင်လာကြပြန်ပြီပေါ့"

ရွှေချင်းဟယ်က ဖန့်ချန်ကို ခပ်အေးအေးပင် တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

ဖန့်ချန် ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံး၍ မေးလိုက်သည်။

"အဲ့ဒီအချိန်ကတည်းက စီနီယာရဲ့ မှတ်ဉာဏ်တွေ ရှိနေတာလား "

"မင်းက ဒီနေရာက ပိတ်ဆို့မှုကို တကယ်ပဲ ဖျက်ဆီးနိုင်မလားဆိုတာ ငါလည်း သိချင်နေတာ။ မင်း ဒီတစ်ခေါက် ဝင်လာတာ အဲ့ဒီကိစ္စအတွက်လား "

ရွှေချင်းဟယ်က ဖန့်ချန်အတွက် ထိုင်ခုံတစ်ခု ပေးရင်း မေးလိုက်သည်။

"ဒီနေရာက ပိတ်ဆို့မှုက ပွင့်သွားပါပြီ။ စီနီယာအနေနဲ့ ဒီနေရာက ဝိညာဉ်တွေကို ခေါ်ပြီး ယင်လောကကို အချိန်မရွေး ပြန်သွားလို့ ရပါပြီ။ အဲ့ဒီအခါကျရင် သူတို့တွေလည်း ဒီနေရာမှာတင် ပိတ်မိမနေတော့ဘူးပေါ့"

ဖန့်ချန်က ခေါင်းညိတ်ပြသည်။

"ငါ အခု ပြင်ပက အခြေအနေကို မသိနိုင်ဘူး။ တကယ်လို့ မင်းစကားကို ယုံပြီး ငါ့ရဲ့ မူလအတတ်ပညာကို ဖျက်လိုက်ရင် ပြန်လှည့်လို့ မရတော့တဲ့ လမ်းကို လျှောက်ရသလို ဖြစ်သွားမယ်။ တကယ်လို့ မင်းက ငါ့ကို ညာတာဆိုရင် ဒီက ဝိညာဉ်တွေအားလုံး သေကျေကုန်လိမ့်မယ်"

ရွှေချင်းဟယ်က သက်ပြင်းတစ်ချက် ချလိုက်သည်

"ငါ့ကို ထပ်ပြီး စဉ်းစားခွင့်ပေးဦး"

"စီနီယာ... ကျနော် ယင်လောကကို ဝိညာဉ်ကူးပြောင်းပြီး သွားခဲ့ပါတယ်။ အဲ့ဒီမှာ ဖြူဖြူဖွေးဖွေးနဲ့ ကျင့်ကြံမှု မြင့်မားတဲ့ ကလေးငယ်တစ်ဦးကို တွေ့ခဲ့တယ်။ သူက စီနီယာရဲ့ ရုပ်ထုကို မြင်တော့ မေမေ လို့ ခေါ်နေခဲ့တာပါ"

ဖန့်ချန်က ရွှေချင်းဟယ်ကို ကြည့်ကာ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းက ဟွာကျိသိုက်ဝိညာဉ် ကို တွေ့ခဲ့တာကိုး"

ရွှေချင်းဟယ်သည် ထူးဆန်းသော မျက်နှာထားဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။

"ဒီစကားကို ပြောနိုင်တယ်ဆိုရင်တော့ မင်း ငါ့ကို မညာဘူးဆိုတာ သေချာသွားပါပြီ။ ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး ယင်လောကကနေ အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်တာလဲ "

"ဟွာကျိသိုက် ဝိညာဉ်"

ဖန့်ချန် မှင်တက်သွားသည်။

"အရင်တုန်းက လူတွေက ငါ့ကို ဝိညာဉ်မယ်တော်လို့ ခေါ်ကြတာဟာ ငါက သူ့ကို တရားပြပြီး လမ်းမှန်ရောက်အောင် လုပ်ပေးနေလို့ပဲ။ သူကလည်း ငါ့ကို မိခင်လို ရိုသေတယ်။ ငါ့ရဲ့ တရားပြမှုအောက်မှာ သူဟာ လောကသုံးပါးကို ဒုက္ခမပေးနိုင်တော့ဘူး"

ရွှေချင်းဟယ်က သက်ပြင်းတစ်ချက် ချလိုက်သည်

"ဒါပေမဲ့ အဲ့ဒီတုန်းက တိုက်ပွဲပြီးနောက် ငါက ဝိညာဉ်နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ယင်လောကကို မပြန်နိုင်တော့ဘူး။ သူကတော့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ ရမ်းကားနေလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ငါ့ကို မိခင်အဖြစ် သတ်မှတ်နေဆဲဆိုတာကတော့ အံ့သြစရာပဲ"

'စီနီယာက သူ့ကြောင့်...ဝိညာဉ်မယ်တော် လို့ အခေါ်ခံရတာလား '

ဖန့်ချန် စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်သွားသည်။

သူမ၏ ဘွဲ့အမည်မှာ ဟွာကျိသိုက် ဟု ထင်ထားခဲ့သော်လည်း၊ အမှန်စင်စစ်မှာ ထိုဝိညာဉ်ကလေးငယ်၏ အမည် ဖြစ်နေသည် မဟုတ်ပါလား။

လောကသုံးပါးကို ဒုက္ခပေးနိုင်တယ်တဲ့...

အရင်တုန်းက အဆင့် ၉ မသေမျိုး ပုဂ္ဂိုလ်ကြီးကတောင် ထိုမျှအထိ ကြောက်ရွံ့ခဲ့ရသည့် ထိုဝိညာဉ်ကလေးငယ်သည် အဘယ်မျှအထိ အစွမ်းထက်ပြီး မည်သည့် နောက်ခံရှိနေသနည်း။

"ဝိညာဉ်နယ်မြေကို ဖျက်သိမ်းဖို့ အချိန်နည်းနည်း လိုလိမ့်မယ်၊ ခုနစ်ရက်လောက်ပေါ့။ ပြီးရင် ငါ မင်းတို့ကို အပြင်ကို ပို့ပေးမယ်"

ရွှေချင်းဟယ်က ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။

သူမသည် အရင်တစ်ခေါက်ကကဲ့သို့ ဖန့်ချန်ကို ပို့ဆောင်ပေးရန် ပြင်လိုက်သော်လည်း ဖန့်ချန်က ကြားဖြတ်တားမြစ်လိုက်သည်။

"စီနီယာ ခဏစောင့်ပါဦး၊ ကျနော်မှာ ပြောစရာ ကျန်ပါသေးတယ်"

"ပြောလေ"

"စီနီယာအနေနဲ့ ဗုဒ္ဓလမ်းစဉ်ရဲ့ လမ်းစဉ်သဲလွန်စကို အမွေပေးခဲ့လို့ ရမလား "

All Chapters