အခန်း (၁၅၀၃-၁၅၀၄)
Vol. 151 Ch. 1503-1504
အခန်း (၁၅၀၃) - ယန်နတ်သားရဲ မု
ဖန့်ချန်သည် ထိုက်ရွှီမသေမျိုး၏ နောက်သို့လိုက်ကာ သူ၏ မသေမျိုးလှေပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုက်ရွှီမသေမျိုးက တားမြစ်အစီရင်တစ်ခုကို ချမှတ်လိုက်ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းပင် မေးမြန်းတော့သည်။
ဖန့်ချန်၏ ပြောပြချက်အရ အကြောင်းစုံကို သိရှိသွားပြီးနောက် ဝမ်ချုံစန်းမှာ မချိတင်ကဲ ရေရွတ်မိတော့သည်။
"ဟွာကျိသိုက် ဝိညာဉ်မယ်တော်က တကယ်ပဲ ဝိညာဉ်အစအနလေးကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒီနေရာမှာ လူသားမျိုးနွယ်ရဲ့ မျိုးစေ့တွေကို ချန်ထားခဲ့နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး"
"ဝမ်အိုကြီး... မင်းကော ဘယ်လိုထင်လဲ၊ ဝိညာဉ်မယ်တော်က ဒီကိစ္စတွေရဲ့ အမှန်တရားကို သိနေတယ်လို့ ထင်လား"
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်
"သူမက ဖော်ပြလို့မရတဲ့ အဲ့ဒီလျှို့ဝှက်ချက်တွေကို သိနေတာများလား"
"ငါလည်း မသေချာဘူး၊ သူမက လူသားမျိုးနွယ်ရဲ့ ဝိညာဉ်တွေကို ကာကွယ်ပေးချင်တဲ့ စိတ်သက်သက်လည်း ဖြစ်နိုင်တာပဲ။ ဒီယင်လောက ဝိညာဉ်ဗုဒ္ဓဟာ ယင်လောကမှာ ဗုဒ္ဓအဖြစ် အသိအမှတ်ပြုခံရတာက သူမရဲ့ စိတ်ထားကြောင့်ပဲလေ"
ဝမ်ချုံစန်းက စဉ်းစားဟန်ဖြင့်
"ကောင်းမှုတွေသာ လုပ်ပါ၊ အနာဂတ်အတွက် မတွေးပါနဲ့... ဒါဟာ တစ်ချိန်က အဆင့် ၉ တစ်ယောက်က ဝိညာဉ်မယ်တော်ကို ပေးခဲ့တဲ့ မှတ်ချက်ပဲ"
"ပြီးတော့ မင်းပြောတဲ့ ဟို ယွမ်ချွဲတာအိုဆရာ ဆိုတဲ့လူ... အဲ့ဒီလူရဲ့ နောက်ခံကတော့ သိပ်မသေးဘူး"
ဝမ်ချုံစန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း
"အဲ့ဒီအဖိုးကြီး ငါတို့ကို အမှောင်ထဲကနေ ချောင်းကြည့်နေမလားတောင် မသိဘူး"
"ဘယ်လိုနောက်ခံမို့လို့လဲ"
ဖန့်ချန် သိလိုစိတ် ပြင်းပြသွားသည်။
"မင်းရဲ့ တောက်ပသော နတ်ဘုရားမျက်လုံး က ဘယ်ကလာတာလဲ"
ဝမ်ချုံစန်းက ပြန်မေးလိုက်သည်။
"တောက်ပသော နတ်ဘုရားမျက်လုံး ဆိုတာ တာအိုဂိုဏ်းရဲ့ ယန် နတ်သားရဲ မု ရဲ့ အမွေအနှစ်ပဲ... မင်းပြောချင်တာက... ယွမ်ချွဲတာအိုဆရာက အဲ့ဒီနတ်သားရဲ လား"
ဖန့်ချန် တုန်လှုပ်သွားရသည်။
"မှားစရာ မရှိပါဘူး၊ ၁၀၀ ရာခိုင်နှုန်းတော့ သေချာပေါက် မပြောနိုင်ပေမဲ့ ငါရရှိထားတဲ့ သဲလွန်စတွေအရဆိုရင်တော့ ဒီယွမ်ချွဲဟာ မင်းတို့ တာအိုဂိုဏ်းရဲ့ ယန်နတ်သားရဲ ပဲ။ သူက မဟာနေမင်းစစ်မှန်သောယန်မသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းသူပဲ၊ ဒီမသေမျိုးလမ်းစဉ်ကို သူကိုယ်တိုင် ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတစ်ယောက်တည်းပဲ လျှောက်ဖူးတာ၊ တခြားသူတွေကတော့ အဲ့ဒီတံခါးဝကိုတောင် ရှာမတွေ့ကြဘူး"
ဝမ်ချုံစန်းက နှမြောတသဟန်ဖြင့်
"သူက မင်းကို ယွမ်ဟဲ ရဲ့ အမွေခံဆိုတာ သိသိကြီးနဲ့ ဘာလို့ မဟာနေမင်းစစ်မှန်သောယန်မသေမျိုး လမ်းစဉ်ကို လက်ဆင့်မကမ်းခဲ့တာလဲ မသိဘူး။ တကယ်လို့ မင်းသာ အဲ့ဒီလမ်းစဉ်ကို လျှောက်ခွင့်ရရင် နောက်ဆို အဆင့် (၉) မသေမျိုးဖြစ်ဖို့က သေချာပေါက်ပဲ"
"ငါ့မှာ လျှောက်လှမ်းနေတဲ့ မသေမျိုးလမ်းစဉ် ရှိပြီးသားပဲလေ၊ ဒါကို..."
"သေချာပေါက် ဖယ်ရှားပစ်လို့ ရတာပေါ့၊ နတ်ဘုရားလောကမှာ မသေမျိုးဆေးကြောကန် ဆိုတာ ရှိတယ်။ အခုချိန်မှာ အဲ့ဒီဘက်က နည်းနည်း အန္တရာယ်များတယ် ဆိုပေမဲ့ အဆင့် ၉ နေရာအတွက်ဆိုရင်တော့ စွန့်စားရကျိုး နပ်ပါတယ်"
ဝမ်ချုံစန်းက ဆိုသည်။
'မသေမျိုးဆေးကြောကန် '
ဖန့်ချန်မှာ မှင်သက်သွားရသည်။
မသေမျိုးလမ်းစဉ်ကို ဖယ်ရှားပစ်၍ ရသည်ဆိုသည်မှာ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
သူက ခေတ္တစဉ်းစားပြီး မေးလိုက်သည်
"ဒီယွမ်ချွဲတာအိုဆရာက အခုဆိုရင် ထူးခြားသူ ဖြစ်နေပြီပေါ့ "
"သေချာတာပေါ့၊ အဲ့ဒီခေတ်က လူတွေအားလုံး ထူးခြားသူ တွေ ဖြစ်ကုန်ကြပြီ၊ မဖြစ်တဲ့သူတွေလည်း အစောကြီးကတည်းက သေကုန်ကြပြီ။ ဝိညာဉ်မယ်တော်လိုမျိုး ဝိညာဉ်အစအနလေး ကျန်နေတဲ့သူ ရှိမရှိကတော့ မသိရဘူး"
ဝမ်ချုံစန်းက သက်ပြင်းချလိုက်သည်
"ငါတို့ရဲ့ နည်းလမ်းတွေက သိပ်ကို နုံချာလွန်းသေးတယ်။ အထက်ကို တက်လှမ်းဖို့ ကြိုးစားနေရင်း တစ်ဖက်ကလည်း အထက်ကလာမယ့် အန္တရာယ်တွေကို ကာကွယ်နေရသေးတယ်၊ နေရာတိုင်းမှာ ကန့်သတ်ချက်တွေနဲ့ဆိုတော့ အလုပ်လုပ်ရတာ မလွယ်ဘူး"
"တကယ်လို့ ယန်နတ်သားရဲ တောင် ထူးခြားသူ ဖြစ်သွားတယ်ဆိုရင် ယင် နတ်သားရဲ ယဲ့ လည်း ဒီလောကထဲမှာ ရှိနေနိုင်တာပဲ"
ဖန့်ချန်က ဆိုသည်။
"ဒါကတော့ ဟုတ်တာပေါ့၊ ဒီကောင်တွေမှာ အသက်ဘေးက လွတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာပဲ။ ဒါပေမဲ့ သူက လူ့လောကမှာလား၊ ယင်လောကမှာလား၊ ဒါမှမဟုတ် မသေမျိုးလောကငယ် ထဲမှာလား ဆိုတာပဲ မသိတာ"
ဝမ်ချုံစန်းက ခေါင်းညိတ်သည်။
"ဝမ်အိုကြီး... အစီရင်ဗဟိုချက် ရော ရခဲ့လား ဒီတစ်ခေါက် တာ့လေယင်ပေါ်က တားမြစ်ချက်ကို ဖြေလျှော့နိုင်ရင် ဝိညာဉ်မယ်တော်တို့ကို ယင်လောကကို ပို့ပေးလို့ရမယ်"
ဖန့်ချန်က မေးလိုက်သည်။
"ဘယ်မှာ လွယ်ပါ့မလဲကွာ၊ နေရာတိုင်းမှာ မျက်စိဒေါက်ထောက် ကြည့်နေကြတာ။ ငါ့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် အစီရင်ဗဟိုချက် ရခဲ့ရင်တောင် ကျွယ်မင်နန်းတော်ကိုပဲ အပ်ရမှာ"
ဝမ်ချုံစန်းက မျက်လုံးလှန်ကြည့်လိုက်သည်။
"တစ်ခုလောက်တော့ ခိုးဝှက်ပြီး သိမ်းထားလို့ မရဘူးလား မင်းက ရှေးဟောင်းမသေမျိုး တစ်ယောက်ပဲဟာ"
ဖန့်ချန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ငါကိုယ်တိုင် အရင်ရှာတွေ့မှ ဖြစ်မှာပေါ့၊ အဲ့ဒီ အမာခံတပည့်တွေ ဘာလို့ အစီရင်ဗဟိုချက်ကို အလွယ်တကူ တူးဖော်နိုင်လဲ မင်းသိလား အဲ့ဒါက မင်းတို့ကိုယ်တိုင်က အစီရင်ဗဟိုချက်ကို ပိုင်ဆိုင်ထားလို့ပဲ၊ အနားရောက်တာနဲ့ အာရုံခံနိုင်ကြတာ "
ဝမ်ချုံစန်းက အေးစက်စွာ ရယ်မောလိုက်သည်
"ငါ့မှာတော့ ဘာမှမရှိဘူး၊ ဘယ်လိုသွားရှာမလဲ ရှေးဟောင်းမသေမျိုးဆိုတာ ရှေးဟောင်း ဆိုတဲ့ စာလုံးလေး ပိုနေတာပါပဲ၊ ရှေးဟောင်းမသေမျိုးဆိုတာနဲ့ အရာရာကို လုပ်နိုင်တယ်လို့ ထင်နေလား အဆင့် ၈ ရှေးဟောင်းမသေမျိုး မုန့်ထျန်းရှူ ဘယ်လိုသေသွားလဲဆိုတာ မင်းမျက်မြင်ပဲ မဟုတ်လား"
"ဒါဆိုရင်တော့ စီနီယာအစ်မကြီးဆီကနေ တစ်ခုလောက် ဝယ်လို့ရမလား သွားတောင်းရမှာပဲ"
ဖန့်ချန် သက်ပြင်းချလိုက်သည်။
"သူမက အရင်တစ်ခေါက် အစီရင်ဗဟိုချက်တစ်ခုကို စွန့်စားပြီး ထုတ်ပေးခဲ့တာတုန်းက အန္တရာယ်အများကြီး ရင်ဆိုင်ခဲ့ရတာ၊ ဒီတစ်ခေါက်တော့ သူမကို ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး၊ ငါတို့ဘာသာ ပဲ ကြိုးစားရမယ်"
ဝမ်ချုံစန်းက ဆိုသည်
"ငါ အရင်က သတင်းစုံစမ်းထားတာ ရှိတယ်၊ ဘယ်နေရာတွေမှာ အစီရင်ဗဟိုချက် ထွက်ဖူးလဲ၊ ဘယ်နေရာတွေကိုတော့ ရုလိုင်ကျောင်းတော်က မစူးစမ်းရသေးဘူးလဲ ဆိုတာတွေကိုပေါ့။ ငါနဲ့ လိုက်ခဲ့၊ တကယ်လို့ တစ်ခုလောက် ရခဲ့ရင်တော့ ငါတို့ဘာသာပဲ အပိုင်သိမ်းလိုက်ကြတာပေါ့"
"မှီပါ့မလား နောက်တစ်ကြိမ် တိုက်ပွဲစဖို့ အချိန်သိပ်မကျန်တော့ဘူး၊ ရုလိုင်ကျောင်းတော်ကလည်း အစွမ်းကုန် ကြိုးစားလာမှာ"
ဖန့်ချန်က စဉ်းစားဟန်ဖြင့်
"တိုက်ပွဲပြီးမှ အစီရင်ဗဟိုချက်ကို ရှာရင် ပိုမကောင်းဘူးလား"
"မဖြစ်ဘူး၊ တကယ်လို့ ကျွယ်မင်နန်းတော် ရှုံးသွားရင် ငါတို့တွေ ဒီထဲကို ခိုးဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး"
ဝမ်ချုံစန်း၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်
"မင်း စိုးရိမ်တာလည်း ဟုတ်တာပဲ၊ အချိန်က တကယ် မလောက်ဘူး။ အဲ့ဒီတော့ အမာခံတပည့် တစ်ယောက်ယောက်ကို သတ်ပြီး အစီရင်ဗဟိုချက်ကို လုယူလိုက်ရင်ကော ဒါမှမဟုတ်လည်း မင်းရဲ့ အစီရင်ဗဟိုချက်နဲ့ပဲ တားမြစ်ချက်ကို ဖြေလျှော့လိုက်လေ၊ မင်းရဲ့ ပါရမီနဲ့ဆိုရင် ကျွယ်မင်နန်းတော်က နောက်တစ်ခု ထပ်ပေးမှာပဲ၊ အခု သူတို့လက်ထဲမှာ အပိုတွေ ရှိနေတယ်လို့ ငါကြားတယ်"
"ကောင်းပြီလေ"
ဖန့်ချန်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး
"ဒါဆို လီရှမ်းဇီကိုပဲ သတ်ကြတာပေါ့"
"..."
ဝမ်ချုံစန်းက ရယ်မောလိုက်ပြီး
"သူက ငါ့တပည့်ရဲ့ အစ်ကိုအရင်းပဲလေ၊ ငါ့ကိုလည်း အများကြီး ကူညီပေးဖူးပါတယ်"
"အဲ့ဒီတော့ ငါ့ရဲ့ အစီရင်ဗဟိုချက်ကိုကျတော့ အလကားယူချင်တာလား ငါကော မင်းကို အများကြီး မကူညီဖူးဘူးလား"
ဖန့်ချန်က လှောင်ပြောင်လိုက်သည်
"အသုံးဝင်မယ့် နည်းလမ်းပဲ စဉ်းစားစမ်းပါ၊ ကျွယ်မင်နန်းတော်က အမာခံတွေထဲမှာ ငါနဲ့ ရန်ငြိုးကြီးကြီးမားမား ရှိတဲ့သူလည်း မရှိဘူး။ သူတို့ရဲ့ အစီရင်ဗဟိုချက်ကို သုံးပြီး ဒီကတားမြစ်ချက်ကို ဖြေလျှော့မယ့်အစား၊ တိုက်ပွဲဖြစ်တဲ့အချိန်ကျမှ ရုလိုင်ကျောင်းတော်က အမာခံတွေရဲ့ အစီရင်ဗဟိုချက်ကို လုတာကမှ ပိုကောင်းဦးမယ်"
"အသုံးဝင်မယ့် နည်းလမ်း... ဟို အဖိုးကြီးသာ ရှိရင် ကောင်းမှာပဲ၊ သူက တစ်ချိန်က ကောင်းကင်ဘုံလမ်းစဉ် ကို လုယူဖို့ ကြိုးစားခဲ့ဖူးတာဆိုတော့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲ..."
ဝမ်ချုံစန်း၏ မျက်ဝန်းများ ဝင်းလက်သွားပြီးနောက် စကားပင် ထပ်မပြောတော့ဘဲ မသေမျိုးလှေကို အမြန်နှုန်းဖြင့် မောင်းနှင်လိုက်ရာ ဖန့်ချန်နှင့်အတူ ကျိကန်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"ဖန့်အမာခံက ဘယ်ကို..."
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်သက်နေကြသည်။
"ကိစ္စမရှိပါဘူး၊ ဖန့်အမာခံက ငါ့ဆရာနဲ့ အတူရှိနေတာဆိုတော့ တာ့လေယင်ပေါ်မှာ အန္တရာယ် မကြုံနိုင်တော့ဘူး"
ကျိကန်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
သို့သော် အခြားသူများကတော့ စိုးရိမ်နေကြဆဲပင်။
အရင်တစ်ခေါက်က ဖန့်ချန်သည် စီနီယာအစ်မကြီးနှင့် အတူရှိနေတာတောင် ထူးဆန်းတဲ့ ကိစ္စတွေ ကြုံခဲ့ရသေးသည် မဟုတ်ပါလား။
ထိုက်ရွှီမသေမျိုးသည် ခုနစ်ဆင့် ရှေးဟောင်းမသေမျိုး ဖြစ်သော်လည်း စီနီယာအစ်မကြီးနှင့် ယှဉ်လျှင်မူ အဆင့်အတန်းက အတော်လေး ကွာခြားလှပေသည်။
"ဝမ်အိုကြီး... ငါတို့တွေ ဘယ်ကို သွားနေတာလဲ မင်း တကယ်ပဲ ငါ့ကို ပြန်ပေးဆွဲပြီး ငါ့ရဲ့ အစီရင်ဗဟိုချက်ကို သုံးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော် ငါ့အထင်တော့ ဝိညာဉ်မယ်တော်တို့က အခုအထိ တောင့်ခံထားနိုင်သေးတာဆိုတော့ အလျင်စလို လုပ်စရာ မလိုသေးဘူး ထင်တာပဲ၊ ငါ့မှာ နည်းလမ်းရှိပါတယ်၊ အချိန်လေး နည်းနည်းပဲ လိုတာ"
ဖန့်ချန်က ဝမ်ချုံစန်းကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း အများကြီး တွေးမနေနဲ့၊ ငါကတော့ ယွမ်ချွဲတာအိုဆရာသာ ဝိညာဉ်မယ်တော်ရဲ့ ဝိညာဉ်နယ်မြေကနေ လွတ်လာပြီဆိုရင်၊ သူ မှတ်ဉာဏ်တွေ ပျောက်နေရင်တောင် ဒီနေရာက ထူးဆန်းနေတာကို သတိထားမိလိမ့်မယ်လို့ ထင်လို့ပဲ။ တားမြစ်နယ်မြေ ပိတ်ဆို့ထားတဲ့ နေရာမှာ သူ့ကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်၊ သူ့မှာ နည်းလမ်း ရှိမရှိ သွားမေးကြည့်ရအောင်"
ဝမ်ချုံစန်းက နှာမှုတ်ရင်း ဆိုသည်။
ဖန့်ချန်လည်း ထိုအခါမှ သဘောပေါက်သွားတော့သည်။
ခန့်မှန်းခြေအားဖြင့် ရက်ဝက်ခန့် ကြာပြီးနောက် မသေမျိုးလှေ ၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားသည်။
ရှေ့မလှမ်းမကမ်းတွင် ဝေဝေဝါးဝါး မြင်တွေ့နေရသော တောင်ကြီးတစ်တောင် ပေါ်လာပြီး ထိုတောင်တစ်ခုလုံးတွင် သံချေးတက်နေသော သံကြိုးကြီးများနှင့် တားမြစ်အစီရင် စာရွက်များဖြင့် ပိတ်ဆို့ထားသည်။
ထိုမြင်ကွင်းကို ဖန့်ချန်နှင့် ဝမ်ချုံစန်း နှစ်ယောက်တည်းသာ မြင်တွေ့နိုင်သည်။
ထိုအချိန်တွင်ပင် ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာတစ်ဦးသည် တောင်ရှေ့တွင် ရပ်ကာ အထက်သို့ မော့ကြည့်၍ ငေးမောနေလေသည်။
အခန်း (၁၅၀၄) - ပုရွက်ဆိတ်ငယ်တို့သည် ကောင်းကင်အကြောင်း အဘယ်မှာ ဆိုနိုင်ပါအံ့နည်း
"ဒီလူပဲလား"
ဝမ်ချုံစန်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဖန့်ချန်က ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်၊ သူပဲ"
"မင်းတို့ ရောက်လာကြပြီလား လာ... ဒီဘက်ကို လာကြည့်ကြစမ်း"
ညစ်ပတ်စုတ်ပြတ်နေသော တာအိုဆရာက သူတို့နှစ်ဦးကို လက်လှမ်းခေါ်လိုက်သည်။
ဝမ်ချုံစန်းက မသေမျိုးလှေကို သိမ်းဆည်းလိုက်ပြီး ဖန့်ချန်နှင့်အတူ တာအိုဆရာ၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
"မင်းက အရင်တုန်းက စိတ်ဝိညာဥ်တောင် က မဟုတ်လား "
တာအိုဆရာက ဝမ်ချုံစန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏ နောက်ခံအရင်းအမြစ်ကို တစ်ခွန်းတည်းဖြင့်ပင် ဗူးပေါ်သလို ပေါ်အောင် ပြောချလိုက်တော့သည်။
ဝမ်ချုံစန်းမှာ ခေတ္တမျှ မှင်သက်သွားရသော်လည်း ချက်ချင်းပင် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"စီနီယာ မု ရဲ့ မျက်လုံးတွေက တကယ်ပဲ စူးရှလှပါတယ်"
တာအိုဆရာက ထိုစကားကို ငြင်းဆိုခြင်းမပြုဘဲ ဝေဝေဝါးဝါး မြင်တွေ့နေရသော တောင်ကြီးကိုသာ လှမ်းကြည့်လိုက်ပြီး
"စိတ်ဝိညာဥ် တောင်ရဲ့ အခြေခံအရင်းအမြစ်ကလည်း မဆိုးပါဘူး။ ကဲ... ဒီတောင်က ဘာဖြစ်နေတာလဲဆိုတာ မင်းကြည့်ပေးစမ်းပါဦး။ ငါတော့ တစ်ခုခုကို မှတ်မိသလိုလိုရှိပေမဲ့ နည်းနည်းတော့ မေ့နေသလိုပဲ"
"စီနီယာ... ဒီအပေါ်က တားမြစ်ပိတ်ဆို့ချက်တွေကို ဖြေရှင်းဖို့ နည်းလမ်းရှိမလားခင်ဗျာ တကယ်လို့ ဖြေရှင်းနိုင်ရင် ဝိညာဉ်မယ်တော်လည်း ပြန်နိုးလာနိုင်မှာပါ၊ ဒုက္ခပင်လယ်ထဲမှာ ဆက်ပြီး နစ်မြုပ်နေစရာ မလိုတော့ဘူးပေါ့"
ဝမ်ချုံစန်းက မေးလိုက်သည်။
"အေး... ငါ စဉ်းစားကြည့်ဦးမယ်"
တာအိုဆရာက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် သူသည် ထိုတောင်ကြီး၏ အနီးအနားတွင် လှည့်ပတ်ကြည့်ရှုနေတော့သည်။
ဝမ်ချုံစန်းကတော့ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေသည်။
"ဒီလူကသာ နည်းလမ်းသစ်တစ်ခုခုကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါတို့တွေရဲ့ ကိစ္စတွေက အများကြီး တိုးတက်လာလိမ့်မယ်။ ဒီခြေလှမ်းက ငါတို့အတွက် အသာစီးရမယ့် အကွက်ပဲ"
ဝမ်ချုံစန်းက ခေတ္တရပ်ကာ
"စောစောက သူ့ကို စီနီယာ မု လို့ ခေါ်တာကို သူ မငြင်းဘူး၊ ဒါကြောင့် ငါ့ရဲ့ တွက်ချက်မှုက မှန်နေပြီ။ သူက မင်းတို့ တာအိုဂိုဏ်းရဲ့ ယန်နတ်သားရဲပဲ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့်များက တာအိုဆရာဆီမှ မခွာချေ။
တစ်ဖက်လူသည် ဝမ်ချုံစန်း၏ အခေါ်အဝေါ်ကို မငြင်းဆိုခဲ့သည့်အပြင် အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကိုပါ အရိပ်အမြွက် ပြောပြခဲ့သေးသည်။
အရင်တုန်းက စိတ်ဝိညာဥ်တောင်ကလား
ဒီစကားကို စာသားအတိုင်း အဓိပ္ပာယ်ဖွင့်ရလျှင် ဝမ်ချုံစန်း၏ အတိတ်ကို ပြောခြင်းပင်။
သို့သော် ဝမ်ချုံစန်းသည် ယခုလက်ရှိတွင်လည်း စိတ်ဝိညာဥ်တောင်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါလျက်နှင့် ဘာကြောင့် အရင်တုန်းက ဟု သုံးနှုန်းရသနည်း။
'ဒီ အရင်တုန်းက ဆိုတာက သူ့ရဲ့ အတိတ်ဘဝကို ပြောတာလား ဒါမှမဟုတ် ဝမ်ချုံစန်းရဲ့ ဒီလောကထဲက ပထမဆုံးဘဝကို ပြောတာလား '
ဖန့်ချန် ရင်ထဲတွင် တွေးတောနေမိသည်။
ယခုအခါ ဝမ်ချုံစန်းအကြောင်းကို သူ သိထားသလောက်ဆိုလျှင် ဤလူသည် ပထမဆုံးအသုတ်တွင်ပင် လူဝင်စားလာခဲ့သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။
ထိုစဉ်က တစ်ဖက်ကနေ ပို့လိုက်သည့် ပထမဆုံးအသုတ် ပုဂ္ဂိုလ်များသည် ယန်နတ်သား ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် အများစုမှာ အိုမင်းသေဆုံးကုန်ကြပြီး ပြန်လည်ဝင်စားခွင့် မရခဲ့ကြချေ။
ဝိညာဉ်များပင်လျှင် ကပ်ကမ္ဘာပေါင်းများစွာ တိုက်စားမှုကြောင့် ပျက်စီးကုန်ကြရသည်။
ဝမ်ချုံစန်းကဲ့သို့ ထိပ်တန်းအင်အားစုကြီးများ ထိန်းချုပ်ထားသော ယင်လောက အပိုင်းအစလေးများအတွင်း ပြန်လည်ဝင်စားခွင့်ရသူမှာ အလွန်နည်းပါးလိမ့်မည်။
"ဒီတားမြစ်ပိတ်ဆို့ချက်က စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒါက တားမြစ်ခြင်းအတတ် ပဲ"
တာအိုဆရာက အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့နှစ်ဦးအနားသို့ ပြန်ရောက်လာကာ ထိုတောင်ကြီးကို လက်ညှိုးထိုးပြရင်း ဆိုသည်။
"ဒီလို တားမြစ်ခြင်းအတတ်မျိုးကို အရင်တုန်းက အသုံးပြုနိုင်တဲ့သူ သိပ်မရှိဘူး။ ငါ့အမြင်အရတော့ ဒီအတတ်က ငါသိတဲ့ ဘယ်သူနဲ့မှလည်း မတူသလိုပဲ။ ဒါကို သုံးခဲ့တဲ့သူက ငါမသိတဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ်လည်း ငါ့မှတ်ဉာဏ်တွေ ပျောက်ဆုံးနေလို့ ဒီလူက ဘယ်သူလဲဆိုတာ ခဏတာ မေ့နေတာလည်း ဖြစ်နိုင်တာပဲ"
"စီနီယာ... ဒါက တကယ်ပဲ တားမြစ်ခြင်းအတတ်ပါ၊ ဒါကို အသုံးပြုဖို့ ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းကြီးပါတယ်။ အဆင့် ၉ ကျင့်ကြံသူ အတော်များများရဲ့ အသက်ဝိညာဉ်ကို အရင်းအနှီးပြုပြီးမှ လုပ်နိုင်တာပါ"
ဝမ်ချုံစန်းက ခေါင်းညိတ်လျက်
"ဒါကို ကျနော်တို့ သိပါတယ်၊ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိမရှိပဲ သိချင်တာပါ"
"ဒီအတတ်ကို အသုံးပြုဖို့ အဆင့် ၉ အတော်များများရဲ့ အသက်နဲ့လဲခဲ့ရမှန်း မင်းသိနေတာတောင်၊ ငါ့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိမယ်လို့ ဘာလို့ ထင်နေရတာလဲ "
တာအိုဆရာက မျက်လုံးလှန်ကြည့်ကာ ပြန်မေးလိုက်သည်။
"ဒါမှမဟုတ် မင်းက ငါ့ကို အဆင့် ၉ တွေထက် ပိုပြီး အစွမ်းထက်တယ်လို့ ထင်နေတာလား "
"စီနီယာက ဗဟုသုတ ကြွယ်ဝတာပဲဟာ၊ ကျုပ်တို့အစွမ်းနဲ့ အတင်းအဓမ္မ မချိုးဖျက်နိုင်ရင်တောင် တခြား နူးညံ့တဲ့ နည်းလမ်းလေးတွေတော့ ရှိနိုင်တယ် မဟုတ်လား "
ဝမ်ချုံစန်းက ထိုလူကြီးအား နက်နက်ရှိုင်းရှိုင်း တွေးတောလာအောင် ဆွဲဆောင်ရန် ကြိုးစားနေသည်။
တစ်ဖက်လူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများကို အခြေခံပြီး ထိုတားမြစ်ခြင်းအတတ်ကို ချိုးဖျက်ရန် ပိုမိုလွယ်ကူသည့် နည်းလမ်းတစ်ခုခုကို စဉ်းစားခိုင်းနေခြင်း ဖြစ်သည်။
"နည်းလမ်းကတော့ ရှိတာပေါ့၊ တကယ်လို့ အဲ့ဒီကောင်သာ လက်ဖျားနဲ့ တို့လိုက်ရင် ဒီတားမြစ်ခြင်းအတတ်ကို အလွယ်တကူ ဖယ်ရှားပစ်နိုင်မှာပဲ။ ပြောရရင် ဒီနေရာက သူ့ပိုင်နက်ပဲလေ၊ ဘယ်လို တားမြစ်ခြင်းအတတ်မျိုးမှ ရှိမနေသင့်ဘူး။ သူ လက်ခံနိုင်တဲ့ အကန့်အသတ်က ကောင်းကင်ဘုံလှည့်စားခြင်းအတတ် အဆင့်လောက်ပဲ"
တာအိုဆရာက စဉ်းစားနေရင်းမှ ပြုံးရွှင်စွာဖြင့် ဆက်ပြောသည်။
"ဒီလိုလုပ်... မင်းတို့ ဒီမှာ ခဏစောင့်နေကြ၊ ငါ သူ့ကို သွားရှာလိုက်ဦးမယ်။ သူ့ကိုလာပြီး ဒီတားမြစ်ချက်ကို ဖြေရှင်းခိုင်းလိုက်မယ်။ ဘယ်သူကများ ဒီလောက်အထိ ကိုယ်ကျင့်တရား မရှိဘဲ ဒီလိုနေရာမှာ တားမြစ်ခြင်းအတတ်ကို လာလုပ်ထားတာလဲ မသိဘူး၊ မတရားလိုက်တာ"
သူသည် တတွတ်တွတ် ရေရွတ်ရင်း ထွက်ခွာရန် ပြင်လိုက်သည်။
ဝမ်ချုံစန်းက အလျင်အမြန်ပင် တားလိုက်ရသည်။
"စီနီယာ... နေပါဦး၊ ခဏလောက် စောင့်ပါဦး"
"မင်းက ငါ့ကို ဘာလို့ တားနေတာလဲ ဒါမှမဟုတ် မင်းမှာ နည်းလမ်းရှိလို့လား အဆင့် ၇ လေးနဲ့များ တကယ်ပဲ နည်းလမ်းရှိလို့လား "
တာအိုဆရာက ဝမ်ချုံစန်းကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်၊ ဒီလောကမှာ ပထမတန်းစားထဲတောင် မပါဘူး။ ဒီလို ထိပ်တန်းအဆင့် တားမြစ်ခြင်းအတတ်ကို မင်း ဘယ်လိုလုပ်ပြီး ချိုးဖျက်မှာလဲ "
"စီနီယာ အထင်လွဲနေပါပြီ၊ ကျနော် တားတာက စီနီယာ အလကား သက်သက် အပင်ပန်းခံရမှာ စိုးလို့ပါ"
ဝမ်ချုံစန်းက သက်ပြင်းချလိုက်ပြီး
"စီနီယာ ပြောတဲ့ အဲ့ဒီလူဆိုတာက... လူ့လောကရဲ့ ကောင်းကင်ဘုံလမ်းစဉ် ကို ပြောတာလား "
'ဒီလူလည်း အတော်လေး သိထားတာပဲ'
ဖန့်ချန်က ဝမ်ချုံစန်းကို တစ်ချက်ကြည့်လိုက်သည်။
ယန်နတ်သားရဲ မု သည် တစ်ချိန်က ကောင်းကင်ဘုံလမ်းစဉ် နေရာကို လုယူရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
'တကယ်လို့ အဆင့် ၉ က လူ့လောကရဲ့ ထိပ်တန်းဆိုရင်၊ ကောင်းကင်ဘုံလမ်းစဉ် နေရာက... အဆင့် ၉ ရဲ့ အထက်မှာလား'
ဖန့်ချန် စိတ်ထဲတွင် တွေးတောနေသော်လည်း တာအိုဆရာဆီမှ အကြည့်မခွာခဲ့ပေ။
"ကြည့်ရတာ မင်းလည်း အတော်သိတာပဲ၊ ဟုတ်တယ်... သူပဲ။ အဲ့ဒီလူက ကောင်းကင်ဘုံလမ်းစဉ် နေရာကို ရသွားတော့ ဘဝင်မြင့်ပြီး အရာရာကို မေ့လျော့နေတာပေါ့။ ဒီနေရာမှာ တစ်ယောက်ယောက်က တားမြစ်ခြင်းအတတ်ကို သုံးနေတာတောင် သူ ဂရုမစိုက်ဘူး"
တာအိုဆရာက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ငါ ဒီတစ်ခေါက် သူ့ကိုတွေ့ရင် သေသေချာချာ မေးခွန်းထုတ်ရမယ်။ တကယ်လို့ သူ မလုပ်နိုင်ဘူးဆိုရင်လည်း ငါ့ကို ပေးလုပ်ခိုင်းလိုက်၊ ဘာလို့များ အချောင်နေရာယူထားပြီး ဘာမှမလုပ်ဘဲ နေနေရတာလဲ"
"စီနီယာ... လူ့လောကရဲ့ ကောင်းကင်ဘုံလမ်းစဉ်က... သေသွားပြီ ဖြစ်နိုင်ပါတယ်..."
ဝမ်ချုံစန်းက လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ဆိုလိုက်သည်။
"သေသွားပြီ ဟုတ်လား "
တာအိုဆရာ၏ မျက်မှောင်များ ကြုံ့သွားပြီး ဝမ်ချုံစန်းကို အထက်အောက် ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"မင်းပြောတာက ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကြီးကို လက်ညှိုးထိုးပြီး ကောင်းကင်ကြီး သေသွားပြီလို့ ပြောနေတာနဲ့ ဘာထူးမှာလဲ ပုရွက်ဆိတ်ငယ်တို့သည် ကောင်းကင်အကြောင်း အဘယ်မှာ ဆိုနိုင်ပါအံ့နည်း"
"စီနီယာ... ဒါကို ကျနော် ပြောတာ မဟုတ်ပါဘူး၊ အခုရှိနေတဲ့ အခြေအနေတွေ အားလုံးက လူ့လောက ကောင်းကင်ဘုံလမ်းစဉ် သေဆုံးသွားပြီဆိုတာကို ညွှန်ပြနေလို့ပါ။ မယုံရင် ဒီကောင်လေးကို ကြည့်လိုက်ပါ၊ သူ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေး ရှိနေတယ်"
ဝမ်ချုံစန်းက ချက်ချင်းပင် ဖန့်ချန်ကို ထိုးကျွေးလိုက်တော့သည်။
တာအိုဆရာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်၏ ရှေ့သို့ ရောက်လာပြီး လက်ညှိုးတစ်ချောင်းဖြင့် ဖန့်ချန်၏ မျက်ခုံးနှစ်ခုကြား ကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။
ဖန့်ချန်သည် နာကျင်မှုကို မခံစားရသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ စတင်ဆူပွက်လာသလို ခံစားလိုက်ရသည်။
စိမ်းဖျော့ဖျော့ အလင်းတန်းတစ်ခုသည် သူ၏ မျက်ခုံးကြားမှ ထွက်ပေါ်လာပြီး တာအိုဆရာ၏ လက်ညှိုးကို အသည်းအသန် ခုခံတွန်းလှန်နေပုံရသည်။
"တကယ်ပဲ... ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေးပဲ..."
တာအိုဆရာက တိုးတိုးလေး ရေရွတ်လိုက်သည်
"မဖြစ်နိုင်တာ၊ တကယ်လို့ သူ မသေဘူးဆိုရင် ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေးက ဒီကောင်လေးရဲ့ ကိုယ်ထဲကို ဘယ်လိုရောက်နေမှာလဲ။ တကယ်လို့ သူ သေသွားပြီဆိုရင်လည်း... ပိုပြီး မဖြစ်နိုင်ဘူး၊ ကောင်းကင်ကြီးက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ"
"စီနီယာ... ရှေးခေတ်တုန်းက ထူးခြားတဲ့ ကိစ္စရပ်အချို့ ဖြစ်ပျက်ခဲ့ပါတယ်၊ စီနီယာ့ရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေလို့ ဒါတွေကို မေ့နေတာပါ။ ကျုပ်တို့တွေ ဒီတားမြစ်ခြင်းအတတ်ကို ဖြေရှင်းဖို့ တခြားနည်းလမ်း ရှိမရှိ ထပ်ပြီး စဉ်းစားကြည့်ကြရင် မကောင်းဘူးလား "
ဝမ်ချုံစန်းက ဆိုသည်။
"မရှိတော့ဘူး၊ ဒါက တားမြစ်ခြင်းအတတ်ပဲ။ အဲ့ဒီ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့ ကောင်ကလွဲလို့ ဘယ်သူမှ မဖြေရှင်းနိုင်ဘူး"
တာအိုဆရာက လက်ခါလိုက်ပြီး ဖန့်ချန်ကို အကဲခတ်ကြည့်ကာ ပြုံးစိစိဖြင့် ဆိုသည်။
"ဒီလိုလုပ်ပါလား... မင်းရဲ့ ကိုယ်ထဲက ကောင်းကင်ဘုံလမ်းစဉ်သွေးကို ထုတ်ပြီး ဒီတားမြစ်ချက်ပေါ်ကို တိုက်ရိုက် ပက်ဖျန်းလိုက်လေ၊ ဒါဆိုရင်တော့ ဒီအတတ်ကို ဖြေရှင်းနိုင်လောက်တယ်။ သူ့ရဲ့ သွေးက ခွေးနက်သွေးလိုပဲ၊ မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိတယ်၊ အသုံးဝင်တယ်"
"စီနီယာ... ကျနော်တို့ တခြားနည်းလမ်းကိုပဲ ထပ်စဉ်းစားရအောင်ပါ။ တကယ်လို့ အဆင်မပြေရင်လည်း လီရှမ်းဇီ ဆိုတဲ့ တစ်ယောက် ရှိပါသေးတယ်..."
"စီနီယာ... ဒီအနီးအနားမှာ တခြား ကောင်းကင်ဘုံလမ်းစဉ်ရဲ့ သွေးတွေ ရှိနေတာကို အာရုံခံမိသေးလား ခင်ဗျာ "
ဝမ်ချုံစန်းက ဖန့်ချန်၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်တော့သည်။