အခန်း (၁၄၀၈-၁၄၁၀)
Vol. 94 Ch. 1408-1410
အခန်း (၁၄၀၈) ကြည်ညိုလေးစားခြင်း
“ကျုပ်က အလုံအလောက် မလေးနက်လို့လား” လျန့်ယွီဖုန်းက စိတ်ရှုပ်ထွေးသွားလေသည်။
ယွင်ထုံရှောင်ကလည်း ပြောလိုက်သည်။
“ကျုပ်က အမြဲတမ်းလေးနက်ပြီးတော့ သူ့အတွက် နှလုံးသားကိုတောင် ထုတ်ယူရဲတယ်”
လျန့်ယွီဖုန်းက ယွင်ထုံရှောင်ကို ထူးထူးဆန်းဆန်း ပြောလိုက်သည်။
“လောင်စစ် မင်းရဲ့ နှလုံးသားကို ထုတ်ယူလိုက်ရင် မဲနေမှာ စိုးရတယ်”
“အာ့ရှစ်ရှိုး ကျွန်တော်တို့တွေ တစ်လှေတည်းစီးနေတာကို ကိစ္စတွေကို ခက်ခဲအောင်မလုပ်ပါနဲ့”
နှစ်ဦးသားက သက်ပြင်းချပြီးသည့်နောက်တွင် သူတို့၏ လက်အောက်ငယ်သားများကို ကြည့်လိုက်ကြသည်။
“သူက ဘယ်ကရောက်လာတာလဲ။ သူက ဘာလို့ အဲ့လောက် အားကောင်းနေရတာလဲ”
လျန့်ယွီဖုန်းက ရင်ဘတ်ကို သပ်လိုက်သည်။ ယခု၌ပင် သူက နာကျင်မှုကို ခံစားနေမိဆဲ ဖြစ်၏။
“ဒါက အရမ်းကြီး မသိသာပေမဲ့ သူ့ရွှေရောင်စွမ်းအားထဲမှာ ခပ်ဖျော့ဖျော့ အပြာရောင်လည်း ရှိနေတယ်။ ကြည့်ရတာ သူ့ရဲ့ အထွတ်အမြတ် အမွေအနှစ်ဆီက လာတာထင်တယ်။ မဟာဆရာသခင်တစ်ယောက်က တကယ်ကို အားကောင်းတာပဲ” ယွင်ထုံရှောင်က ပြောလိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“ကျုပ်တို့တွေက ပြင်ပကမ္ဘာကနေ ခွဲထွက်နေတာ အတော်လေးကို ကြာပြီ။ ကျုပ်တို့တွေ နောက်ကောက်ကျ ကျန်ခဲ့ပြီလားမသိဘူး”
“ရှစ်စွင်းက မဟာလေဟာနယ်နဲ့ သဘောတူညီချက် ယူထားတော့ သူက ထွက်သွားလို့မရပေမဲ့ အဲဒီသဘောတူညီချက်က ငါတို့ ထွက်သွားဖို့တော့ မတားဆီးနိုင်ဘူး။ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် သိပ်မကောင်းဘူး။ တကယ်လို့ ငါတို့က မထွက်ဘဲ တခြားသူတွေက ဝင်ရောက်လာနိုင်တယ်။ ဒီနေ့ ဖြစ်ပျက်လာတာက နမူနာကောင်းပဲ။ ငါတို့တွေက ကျူးကျော်ခံရတဲ့အထိ စောင့်ဆိုင်းနေလို့မရဘူး။ အဲဒီအချိန်ကျရင် နောင်တရသွားလိမ့်မယ်”
လျန့်ယွီဖုန်းက ပြောလိုက်သည်။
“အာ့ရှစ်ရှိုး ပြောတာ မှန်တယ်။ ပြီးတော့ တစ်ခုခုသာ ဖြစ်ခဲ့ရင်…”
လျန့်ယွီဖုန်းက ယွင်ထုံရှောင်အား အသံတိတ်ဖို့ အချက်ပြလိုက်သည်။ အမူအရာက အလေးအနက်နှင့် ဘယ်ညာကို ကြည့်ရင်း ဖြတ်သန်းသွားသည့် နေဝင်ဂိုဏ်းမှ ဂိုဏ်းချုပ် ယန်းမူကို မြင်လိုက်ရသည်။ ထိုအခိုက်အတန့်၌ သူက ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”
ယွီထုန်ရှောင်က ခေါင်းညိတ်လိုက်သည်။
…………………………………………………………….
ယန်းမူက လုကျိုးနောက်ကို လိုက်မမှီသည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်လာလေသည်။
ထိုအခိုက်အတန့်၌ လျန့်ယွီဖုန်းက သူမကို မေးလာခဲ့သည်။
“မင်းက ဘယ်သူလဲ”
ယန်းမူက ပြန်ဖြေလိုက်သည်။
“ဒုတိယသခင်လေးကို ဂါရဝပြုပါတယ်။ ကျုပ်က နေဝင်ဂိုဏ်းချုပ် ယန်းမူပါ”
“ခင်ဗျားက အဲဒီလောင်ချန်းပေ့နဲ့ ရင်းနှီးလား”
ယန်းမူက သူ့ရင်ဘတ်ကိုကော့ကာ လုကျိုးကို သိကြောင်း ပြောလိုသော်လည်း လုကျိုးက လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်တို့ကို လက်ဖဝါးတစ်ချက်တည်းဖြင့် လွင့်စဉ်သွားစေသည်ကို အမှတ်ရသွားသည့်အခါ သူသည်လည်း ပါဝင်ပတ်သက်လာမည်ကို စိုးထိတ်နေမိသည်။ ထို့ကြောင့် သူက အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
“မဟုတ်ပါဘူး။ သူနဲ့ မသိရပါဘူး”
“အဲ့လိုဆိုရင် သူ့နောက်ကနေ ဘာလို့ခေါ်ပြီး ပြေးလိုက်ရတာလဲ။ ထွက်သွားစမ်း”
လျန့်ယွီဖုန်းက ပြောလိုက်သည်။
ယန်းမူ “…”
ယန်းမူက ငေးမောနေသည်ကို မြင်သည့်အခါ ယွင်ထုံရှောင်က ပြောလိုက်သည်။
“အခုထိ ထွက်မသွားသေးဘူးလား”
ယန်းမူက ငိုချင်သော်လည်း မျက်ရည်မကျပေ။ သူက လှည့်ကာ ထွက်သွားလိုက်၏။ သူက လျန့်ယွီဖုန်းက သက်ပြင်းချလိုက်သည်။
“ပြင်ပလောကမှာ ဒီလိုအကောင်ကြီးကြီးမျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားမိဘူး”
“တစ်ယောက်ထက် ပိုနေမှာကိုပဲ စိုးမိတယ်”
ယွင်ထုံရှောင်ကလည်း ပြောလိုက်သည်။
……………………….
နှစ်မြွှာကြာနယ်မြေမှ လူများက ပြင်ပ၌ မစူးစမ်းရသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်၏။ တာ့ဟန်၏ ကျင့်ကြံသူများနှင့် အင်အားစုတိုင်းကို သူတော်စင်၏ နေရာမှ ချုပ်ကိုင်ထားလေသည်။
လျန့်ယွီဖုန်းက လုကျိုး ထွက်ခွာသွားသည့်ဘက်ကို ကြည့်ရင်း ပြောလိုက်သည်။
“သင်္ကေတလမ်းကြောင်းက ဒီမှာ ရှိနေတုန်းပဲ”
“အာ့ရှစ်ရှိုး ကျေးဇူးပြုပြီး မလုပ်ပါနဲ့” ယွင်ထုံရှောင်က ပြောလိုက်သည်။
“ငါက စကားအဖြစ် ပြောရုံပါပဲ” လျန့်ယွီဖုန်းက ပြန်ပြောလိုက်သည်။
နှစ်ဦးသားက သက်ပြင်းချလိုက်ကြ၏။
သူတို့၏ လက်အောက်ငယ်သားများက စုစည်းပြီး လေထဲအထက် ပျံသန်းလာသည့်အခါ လူတစ်သန်းကျော်က ဆောင်းဦးနှင်းစက်တောင်ဆီ ဆိုးဆိုးရွားရွား အခြေအနေဖြင့် ပျံသန်းသွားလိုက်ကြသည်။
…………………
တစ်ချိန်တည်းဆိုသလို
ချင်နိုင်ဟယ်က သင်္ကေတလမ်းကြောင်း လင်းလက်လာသည်ကို မြင်သည့်အခါ အဝေးတစ်နေရာရှိ သစ်ပင်ကြီးဆီမှ အပြေးအလွှား သွားလိုက်သည်။ ထင်ထားသည့်အတိုင်း သူက သင်္ကေတလမ်းကြောင်းအတွင်း လုကျိုးနှင့် နတ်ခြင်္သေ့ ရပ်နေသည်ကို မြင်လိုက်ရ၏။
“မျှော်နန်းသခင်”
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။
“အရင်ရက်ပိုင်းအတွင်း ဒီနေရာမှာ မူမမှန်မှုတွေ ရှိသေးလား”
ချင်နိုင်ဟယ်က ခေါင်းယမ်းလိုက်သည်။
“အားလုံးက ပုံမှန်ပါပဲ”
သူက သိချင်စွာ မေးလိုက်သည်။
“မျှော်နန်းသခင် သူတော်စင်နဲ့ တွေ့ခွင့်ရခဲ့လား”
လုကျိုးက ပြန်ဖြေလိုက်သည်။
“ချန်ဖုက အမှားနဲ့ အမှန်ကို ခွဲခြားနိုင်တဲ့သူလို့ မှတ်ယူရမှာပဲ။ ငါ ပြန်လည်အသက်သွင်းခြင်း စာလိပ်ကို တွေ့ခဲ့တယ်လေ”
ချင်နိုင်ဟယ်က ထိုစကားကို ကြားကာ ပျော်ရွှင်သွားလေသည်။ သူက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်၏။
“သတ္တမသခင်လေးက ကယ်တင်ခံရပြီ”
သူက ခေါင်းယမ်းလိုက်သည်။
“ပြောဖို့ စောလွန်းသေးတယ်။ ဒီစာလိပ်ကို ဘယ်လိုသုံးရမလဲဆိုတာ အဖြေထုတ်ဖို့ လိုနေသေးတယ်”
ယခုအထိ လုကျိုးက ပြန်လည်အသက်သွင်းရေးစာလိပ်ကို သုံးပြီး သေလူများကို မည်သို့ အသက်ပြန်သွင်းရမည်မှန်း မသိသေးပေ။ ထိုသူက ထိုစာလိပ်ကို အသုံးပြုခြင်းက ကောင်းကင်ဘုံ၏ အမျက်ဒေါသကို နှိုးဆွမည်ဟု ပြောထားခဲ့၏။ သူက ကောင်းကင်ဘုံ၏ အမျက်ဒေါသသည် မည်သို့ဖြစ်ကြောင်း မသိသေးသည့်အတွက် အလျင်စလို မပြုရဲပေ။ ဤသည်က သေခြင်းရှင်ခြင်းကိစ္စ ဖြစ်၏။ ဤကိစ္စကို သေသေချာချာ သတိကြီးကြီးကိုင်တွယ်သည်က အကောင်းဆုံး ဖြစ်ပေသည်။ တစ်စုံတစ်ယောက်ကို သတ်ဖို့ထက် ကယ်တင်ခြင်းက ပိုမိုခက်ခဲတတ်၏။
ချင်နိုင်ဟယ်တို့က အစိမ်းရောင်ကြာနယ်မြေ၏ ပျောက်ဆုံးနယ်မြေထဲ ခေတ္တမျှ အနားယူပြီးသည့်နောက် ချင်မျိုးနွယ်၏ တောင်ဖက်လေ့ကျင့်ရေးခန်းမဆီ ပျံသန်းလာလိုက်ကြသည်။
……………….
ညနေဖက်၌
လုကျိုးနှင့် ချင်နိုင်ဟယ်တို့က တောင်ဖက်လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိလာကြသည်။
ယွမ်လန်က နှစ်ဦးသားရောက်ရှိလာမှုကို ချင်ရန်ယွဲ့ဆီ တင်ပြပေးခဲ့သည်။
ချင်ရန်ယွဲ့က လုကျိုးအား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုဖို့ ထွက်လာခဲ့သည်။
ချင်ရန်ယွဲ့က ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။
“အစ်ကိုလု”
“ငါ ဒီမှာ တစ်ညနေဦးမယ်” လုကျိုးက ပြောလိုက်သည်။
“အခု ဘာမှအားနာနေဖို့ မလိုဘူး။ တစ်ညမဟုတ်ဘူး ဒီမှာ ကြိုက်သလောက်နေလို့ရတယ်”
“ကျေးဇူးပဲ”
လေ့ကျင့်ရေးခန်းမထဲ ဝင်ရောက်ပြီးသည့်နောက်တွင် ချင်ရန်ယွဲ့နှင့် စကားစမြည်ပြောနေရင်း ချင်နိုင်ဟယ်နှင့် တခြားသူများကမူ ဘေးဖက်၌ ရပ်နေကြသည်။
ချင်ရန်ယွဲ့က မေးလိုက်၏။
“အစ်ကိုလု သူတော်စင်နဲ့ တွေ့ခဲ့လား။ တွေ့ဆုံတာရော ဘယ်လိုလဲ”
အားလုံးက သူတော်စင်အကြောင်း သိချင်နေကြလေသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“အကုန်လုံး အဆင်ပြေပါတယ်။ ချန်ဖုက ထင်ထားသလို အေးစက်ပြီး မာနကြီးတာမျိုး မရှိဘူး”
ချင်ရန်ယွဲ့က တလေးတစား အမူအရာမျိုး ထွက်ပေါ်လာကာ
“ကျုပ် သူတော်စင်နဲ့ မတွေ့နိုင်တာ နှမြောဖို့ကောင်းလိုက်တာ”
“မင်းက သူတော်စင်ကို အဲ့လောက်တောင် လေးစားတယ်လား” လုကျိုးက မေးလိုက်သည်။
ချင်ရန်ယွဲ့က အလျင်အမြန် တုံ့ပြန်လိုက်၏။ သူက သဝန်တိုမှု အရိပ်အမြွက်ကို ခံစားမိသည့်အတွက် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။
“မဟုတ်ပါဘူး။ အစ်ကိုလုအတွက် လေးစားမှုနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ သူတော်စင်ဆိုပေမဲ့ ကျုပ်တို့ရဲ့ ညီအစ်ကိုဆက်ဆံရေးကို ပြောရမယ်ဆိုရင် သူက အစ်ကိုလုနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ”
လုကျိုး “…”
“မင်းအတွေးလွန်နေပြီ။ မင်းသူနဲ့ တွေ့ချင်တယ်ဆိုရင် နောက်တစ်ခေါက်ကျရင် ခေါ်သွားပေးမယ်” သူက ပြောလိုက်သည်။
ချင်ရန်ယွဲ့ကလည်း အံ့အားသင့်သွားလေ၏။ သူက ထုတ်ပြောလိုက်သည်။
“တကယ်လား”
လုကျိုးက ချင်ရန်ယွဲ့သည် ချန်ဖု၏ နောက်ထပ် အမာခံပရိတ်သတ်တစ်ယောက်ဖြစ်မည်ဟု သံသယရှိမိသည်။ ချင်ရန်ယွဲ့က သူသည် အပြုအမူ နည်းနည်းလျော့ရဲသွားကြောင်း သတိထားမိသွား၏။
သူက ဆရာသခင်တစ်ယောက် ဖြစ်ပေသည်။ အတိတ်က သူသည် အစိမ်းရောင်ကြာနယ်မြေ၏ ဆရာသခင်လေးယောက်အနက် တစ်ယောက်ဖြစ်ခဲ့လေ၏။ ယခုတွင်မူ အစိမ်းရောင်ကြာနယ်မြေ၏ ဆရာသခင်နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေခဲ့သည်။ သူ့အဆင့်အတန်းက မဆိုးလှပေ။ သူ့တွင် ထောက်ပံ့ခံသူ မြောက်များစွာ ရှိ၏။ သူက သူ၏ မိမိုက်နေမှုကို မည်သို့ ဆုံးရှုံးခံမည်နည်း။
လုကျိုးက ချင်ရန်ယွဲ့ကို ကြည့်ကာ ချင်ရန်ယွဲ့က ကယ်တင်ဖို့ရာ မကယ်တင်နိုင်လောက်တော့သည့် အမာခံပရိသတ်တစ်ယောက် ဖြစ်နေသည်ဟူသော အကြည့်မျိုး ပါဝင်နေသည်။
ချင်ရန်ယွဲ့က ပိုမိုမျက်နှာပူမိသွား၏။ သူက အလျင်အမြန် ပြောလိုက်သည်။
“အခု နောက်ကျနေပြီဆိုတော့ အစ်ကိုလု အနားယူတာကို မနှောင့်ယှက်တော့ပါဘူး။ ကျုပ်သွားလိုက်ဦးမယ်”
ချင်ရန်ယွဲ့ ထွက်ခွာသွားပြီးသည့်နောက်တွင် တခြားသူများကလည်း နောက်မှလိုက်ပါသွားကြသည်။
တောင်ဘက်လေ့ကျင့်ရေးခန်းမမှ ထွက်ခွာလာပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က ကောင်းကင်ကို မော့ကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“အဲဒါဆိုတော့ သူတော်စင်က အသက်ရှင်နေသေးတယ်ပေါ့”
ယွမ်လန်ကလည်း အသံတိုးတိုးဖြင့် ပြောလာသည်။
“ဆရာသခင် သူတော်စင်တွေက နှစ်တစ်သိန်းကျော် အသက်ရှင်နိုင်တယ်လို့ ပြောကြတယ်လေ။ သူတော်စင်ချန်က နှစ်တစ်သိန်းလောက်တော့ ရှိသင့်နေပြီမလား။ အဲဒါဆိုတော သူက နောက်ထပ် အဆင့်တက်လှမ်းမှု ရှိတာလား”
“ငါတို့တွေ ဒီဖြစ်နိုင်ခြေကိုတော့ ချန်ထားလို့မရဘူး။ မဟာလေဟာနယ်က နှစ်မြွာကြာနယ်မြေနဲ့ ဘယ်တုန်းကမှ ထိပ်တိုက်ရင်မဆိုင်ခဲ့ဘူးလေ။ သူတို့က သူတော်စင်ချန်ကို ကြောက်နေတာဖြစ်နိုင်တယ်”
ချင်ရန်ယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကပ်ဘေး ရောက်လာတော့မလိုမျိုး ခံစားမိနေတယ်”
“ဆရာသခင် ဘာမှစိုးရိမ်ဖို့မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးက နောက်ဆုံးထွက်သက်အထိ ချင်မျိုးနွယ်နဲ့အတူ ရှိနေမှာပါ” ယွမ်လန်က ပြောလိုက်သည်။
ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။
“ငါ အတွေးလွန်နေတာဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု ဆက်ပြီး တည်ဆောက်ထားရမယ်”
“ဆက်ဆံရေးကောင်း ဆက်ပြီး တည်ဆောက်ရမှာလား” ယွမ်လန်က ခေါင်းကုတ်လိုက်၏။ သူက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်သွားပြီးပြီ မဟုတ်ပါလော။
သူက မည်သို့ အဆင့် ဆက်လက်တိုးရမှန်း မသိတော့ပေ။
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“လိုအပ်လာတဲ့အခါ ဓားသမား ၄၉ဦးက မိစ္ဆာဝေဟင်မျှော်နန်းဆီသွားပြီးတော့ ကူညီပေးသင့်တယ်”
“ဟုတ်ကဲ့။ နားလည်ပါပြီ” ယွမ်လန်က ပြောလိုက်သည်။
“ဒါနဲ့ ဒီလိုပြောတော့မှ အရင်တုန်းက စတုတ္ထသခင်လေးက ကျုပ်တို့ကို ခေါ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ်က ငြင်းလိုက်တာ။ ဓားသမား၄၉ဦးက မိစ္ဆာဝေဟင်မျှော်နန်းကို မစေလွှတ်နိုင်ပေမဲ့ ချင်မျိုးနွယ်ကိုတော့ သစ္စာမဖောက်နိုင်ဘူးလေ”
ချင်ရန်ယွဲ့က အနည်းငယ် အံ့အားသင့်သွားလေ၏။
“အဲ့လိုဖြစ်ခဲ့သေးတာလား”
“ဟုတ်ပါတယ်”
“တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ … ”
ယွမ်လန်က အလျင်စလို ဖြတ်ပြေးလိုက်သည်။
“ဆရာသခင် မစိုးရိမ်ပါနဲ့။ နောက်ထပ်ဖြစ်မလာပါဘူး”
“ငါပြောချင်တာက နောက်ထပ် အဲ့လိုဖြစ်လာမယ်ဆိုရင် ငါ့ကိုပါ မေ့မထားနဲ့ဦး” ချင်ရန်ယွဲ့က ပြောပြီးသည့်နောက်တွင် ဖျတ်ခနဲ ပျောက်ကွယ်သွားလေ၏။
ယွမ်လန် “…”
……………..
နောက်တစ်ရက် မနက်စောစော
လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းလျက် သူနှင့် ချင်နိုင်ဟယ်တို့က သင်္ကေတလမ်းကြောင်းဆီ ပျံသန်းလာကြသည်။
ချင်ရန်ယွဲ့၊ ဓားသမား ၄၉ဦးနှင့် တပည့်များက လိုက်လံပို့ဆောင်ကြ၏။
ဤကြီးကျယ်ခမ်းနားလှသည့် ပို့ဆောင်မှုက လုကျိုးအား အံ့အားသင့်သွားစေသည်။ သူက အားလုံးကို ကြည့်ကာ မေးလိုက်သည်။
“ချင်ရန်ယွဲ့ ဘာတွေဖြစ်နေတာလဲ”
ချင်ရန်ယွဲ့က ပြန်ဖြေလိုက်သည်။
“ချင်မျိုးနွယ်ရဲ့ တပည့်တွေက အစ်ကိုလုကို လေးစားပြီးတော့ အစ်ကိုလုကို ကြာကြာကြည့်ချင်ကြတာလေ။ အစ်ကိုလု စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်ပြီး ချင်ရန်ယွဲ့၏စကားများကြောင့် အံ့အားသင့်ခြင်းမရှိပေ။ သူက ချန်ဖုထက် ပိုမိုကြီးကျယ်ခမ်းနားဟန်ပေါ်၏။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းကလည်း ပြောကြားလာသည်။ လူများအတွက် သူ့ကို ကိုးကွယ်ကြည်ညိုကြသည်က သာမန်သာဖြစ်၏။
“သွားပြီ။ ငါ သွားတော့မယ်” လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သင်္ကေတလမ်းကြောင်းအတွင်း ဝင်ရောက်လိုက်သည်။
ချင်ရန်ယွဲ့က လှမ်းခေါ်လိုက်၏။
“ဓားသမား ၄၉ယောက်”
“ဆရာသခင် အမိန့်ရှိပါ”
ဓားသမား ၄၉ဦးက ပြိုင်တူ ရှေ့တိုးလာကြသည်။
“အစ်ကိုလုကို လိုက်ပို့လိုက်ကြ”
“ဟုတ်ကဲ့”
ထို့နောက် ဓားသမား ၄၉ဦးလုံးက ဝင်ရောက်လာကြသည်။
လုကျိုး “…”
ချင်ရန်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီသင်္ကေတလမ်းကြောင်းက ကြီးလို့တော်သေးတာပေါ့”
ယွမ်လန်က ဦးဆောင်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“ဆရာသခင် မစိုးရိမ်ပါနဲ့ ။ကျုပ်တို့တွေ လုချန်းပေ့ကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဘေးကင်းကင်းနဲ့ သေချာပေါက် ပို့ဆောင်ခဲ့ပါမယ်”
ပို့ဆောင်တာလား။ ဘေးကင်းကင်းတဲ့လား…
လုကျိုးက အနည်းငယ် လူရှုပ်နေသည်ဟု ခံစားမိပြီး တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲတွင် ယွမ်လန်က သင်္ကေတလမ်းကြောင်းကို အသက်သွင်းပြီး ပြောလိုက်သည်။
“မျှော်နန်းသခင်လု ကျုပ်တို့ကို ဂရုစိုက်ပေးပါဦး”
“…”
...
အခန်း (၁၄၀၉) သေခြင်းတရား
လုကျိုးနှင့် ဓားသမား၄၉ယောက်တို့သည် ဧရာမသင်္ကေတလမ်းကြောင်းကနေ ရွှေကြာနယ်မြေဆီ ပျံသန်းလာလေ၏။
ရွှေကြာနယ်မြေရှိ ဝေဟင်က မဲမှောင်နေသေးသည်။ ရာသီဥတုက အမြဲတစေပြောင်းလဲနေပြီး ကြမ်းတမ်းခက်ထန်သားရဲများက နေရာတိုင်းတွင်သောင်းကျန်းနေကြသည်။ အလောင်းများက မြေပြင်ပေါ်တွင် ပြည့်နေလေ၏။ ကြမ်းတမ်းခက်ထန်သားရဲတချို့၏ အသေကောင်များကလည်း လူသားများက သူတို့၏အသက်ဓာတ်နှလုံးသားများကို ထုတ်ယူပြီးနောက် ဖြတ်တောက်ခံထားရပြီး ဖြစ်သည်။
လုကျိုးက ရှေ့ကနေဦးဆောင်ပျံသန်းလျက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်နေကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းသို့ရောက်ချိန်၌ မွန်းတည့်ချိန်ရောက်ကာနီးပြီဖြစ်သည်။
ယွမ်လန်သည် ရွှေနန်းဥယျာဉ်တောင်ထိပ်မှ ပတ်ဝန်းကျင်ကို ကြည့်ပြီးခေါင်းညိတ်ကာ ချီးကျူးမှုများအပြည့်ဖြင့် ပြောလိုက်လေ၏။ “မိစ္ဆာဝေဟင်မျှော်နန်းက ဒီလောက်အထိ ငြိမ်သက်အေးချမ်းပြီး ရည်မွန်လိမ့်မယ်လို့ မထင်ထားဘူး။ ထင်ထားတာထက် ပိုကောင်းတာပဲ”
ချင်နိုင်ဟယ် “...”
မျှခြေမညီမျှမှုကြောင့် ကြမ်းတမ်းခက်ထန်သားရဲ၏အသေကောင်များက မြေပြင်ပေါ်တွင် လက်လက်ထနေ၏။ နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ရာသီဥတုက ခန့်မှန်း၍မရ။ မှုန်မှိုင်းနေ၏။ မည်သည့်နေရာကများ ငြိမ်သက်အေးချမ်းနေပြီး ရည်မွန်နေမည်နည်း။
ယွမ်လန်၏ မျက်နှာချိုသွေးသော အရည်အချင်းက ယှဉ်၍မရဟု ချင်နိုင်ဟယ်တွေးမိသွားသည်။
လူတိုင်းက လုကျိုးပြန်လာတာကိုသိပြီး ပင်မခန်းဆောင်၌ စုဝေးလိုက်လေ၏။
“ပြန်လာတာ ကြိုဆိုပါတယ် မျှော်နန်းသခင်”
လုကျိုးက နှုတ်ဆက်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့သည် ဓားသမား၄၉ယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။
ချင်နိုင်ဟယ်က ဦးဆောင်ပြီးပြောလိုက်သည်။ “ဒါက ဆရာသခင်ချင်ရဲ့ဓားသမား ၄၉ယောက်ပါ။ သူတို့အားလုံးက ကျွမ်းကျင်တဲ့ဓားသမားတွေ ဖြစ်ပြီး မျှော်နန်းသခင်ကို ကူညီပေးဖို့ရောက်လာတာပါ”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
ယွမ်လန်က ချင်နိုင်ဟယ်ကို တံတောင်ဖြင့် တွတ်လိုက်ကာ ပြောလိုက်သည်။ “ငါ မင်းကို တကယ်အားကျတယ်”
ချင်နိုင်ဟယ်က အသံတိုးတိုးဖြင့်မေးလိုက်၏။ “ဒီစကားပြောလို့ ဆရာသခင်ချင် ဒေါသထွက်မှာကို မကြောက်ဘူးလား”
“ဆရာသခင်ချင်က ပြောတယ် မိစ္ဆာဝေဟင်မျှော်နန်းက ငါ့ကို ခေါ်ဖို့ကြိုးစားတယ်ဆိုရင် ငါ သူ့ကိုလည်း မမေ့ထားသင့်ဘူးတဲ့” ယွမ်လန်က ပြောလိုက်၏။
ချင်နိုင်ဟယ် “...”
အတိတ်တုန်းက ချင်နိုင်ဟယ်သည် တွင်းတစ်တွင်းထဲ ခုန်ချမိသည်ဟု တွေးခဲ့သော်ငြား ထိုသို့မဟုတ်ခဲ့ပုံပေါ်၏။ သူ တကယ်ကံကောင်းလှပေသည်။ သူ များများစားစား မလုပ်ခဲ့သော်ငြား ရွှေရောင်အခွင့်အရေးကို ဖက်တွယ်နိုင်ခဲ့သည်။
လုကျိုး၏အကြည့်က လူတိုင်းဆီ သိမ်းကြုံးဖြတ်တိုက်သွားလေ၏။ တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ကျူးဟုန်ကုန်းနှင့် သင်္ကေတပညာရှင် ကျောင်းဖုမှလွဲလျှင် လူတိုင်းရှိနေ၏။
“ကောင်းပြီ။ မင်းတို့တစ်ယောက်နဲ့ တစ်ယောက် သိကြမှာပဲ” ပြီးနောက် သူက ယဲ့ထျန်းရှင်းကို ပြောလိုက်သည်။ “ငါ့ကို လောင်ချီဆီ ခေါ်သွားပေး”
ယဲ့ထျန်းရှင်းက ဦးညွှတ်လိုက်၏။
“ဟုတ်ကဲ့”
လုကျိုးနှင့် ယဲ့ထျန်းရှင်းက တောင်ဖက်မျှော်နန်းဆီလျှောက်သွားသည်။
ချင်နိုင်ဟယ်က ဆက်လက်မိတ်ဆက်ပေးပြီး ပြောလိုက်၏။ “ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲလေးယောက်ပါ”
တောင်ပိုင်းမျှော်နန်းတွင်ဖြစ်သည်။
လုကျိုးက ချက်ချင်းမဝင်သွားပေ။ ထိုအစားသူက ယဲ့ထျန်းရှင်းကို ကြည့်လိုက်၏။ သူမ၏ ကျင့်ကြံမှုအတော်လေး တိုးတက်လာတာကို တွေ့သွားသောကြောင့် သူမကို လမ်းပြခိုင်းချင်တာပဲ ဖြစ်သည်။ သူက ပြောလိုက်သည်။ “မင်းရဲ့ကျင့်ကြံဆင့် တော်တော်လေး တိုးတက်လာတာပဲ”
ယဲ့ထျန်းရှင်းက ပျော်ရွှင်စွာ ပြောလိုက်လေ၏။ “ချီးကျူးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း။ ပိုကြိုးစားဖို့ လိုပါသေးတယ်”
“အဖြူရောင်မျှော်စင်ထဲက လန်ရှီဟယ်ရဲ့ လေ့ကျင့်ရေးခန်းမထဲမှာ လေ့ကျင့်တာက မင်းအတွက် အကျိုးရှိစေတာပဲ။ အဖြူရောင်မျှော်စင်မှာ ရှိနေတုန်း လန်ရှီဟယ်က မူမမှန်တာတွေ ရှိသေးလား”
လုကျိုးက မေးလိုက်၏။
ငြိမ်းချမ်းရေးငှက်အဖြစ်အပျက်ကြောင့် လုကျိုး သတိထားရမည်။
ယဲ့ထျန်းရှင်းကလည်း စီးဝူယာ့ ဖြစ်ပျက်ခဲ့တာကိုကြားပြီး အလွန်သတိထားနေ၏။ သူမက ပြောလိုက်သည်။ “မျှော်နန်းသခင်ဆီက ထူးဆန်းတဲ့လှုပ်ရှားမှု မရှိပါဘူး။ ဒါပေမဲ့ တပည့်အတော်လေး သိချင်မိတယ်။ အရင်တုန်းက ငြိမ်းချမ်းရေးငှက်က တပည့်တို့ကို ကူညီပေးခဲ့တာ။ ဘာကြောင့်များ ချီရှစ်တိအပေါ် ဒီလောက် ရက်စက်ရတာလဲ”
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “လူတွေရဲ့စိတ်နှလုံးက ခန့်မှန်းဖို့ခက်ခဲတယ်။ ဒါကြောင့် မင်းကို ပြန်ခေါ်လာတာပဲ”
“နားလည်ပါပြီ”
လန်ရှီဟယ်သည် သူတို့နှင့်ဆက်ဆံရေး မကောင်းတာမျိုးမရှိသော်ငြား သူမ လှုပ်ရှားလိမ့်မည်ဟု မည်သူမှမသိနိုင်ပေ။
ယဲ့ထျန်းရှင်းက သိချင်စိတ်ဖြင့် ပြောလိုက်သေး၏။ “မျှော်စင်သခင်လန်မှာ သိုသိပ်တဲ့လှုပ်ရှားမှုတွေ ရှိမယ်ဆိုရင် အဲ့ဒီတုန်းက သူ့ကိုယ်သူဘာကြောင့်ဖော်ထုတ်လိုက်တာလဲ။ လင်ကွမ်းကို သူ သိသင့်တယ်မလား။ ဘာအကြောင်းပြချက်ကြောင့် ချီရှစ်တိကိုသတ်ရမှာလဲ”
လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။ ယင်းက အဖြေမရှိသောမေးခွန်းပေ။ အဆုံးကျ သူက ပြောလိုက်သည်။ “လန်ရှီဟယ်ပဲ ဒီမေးခွန်းကို ဖြေနိုင်မှာ”
ယဲ့ထျန်းရှင်းက တလေးတစား ခေါင်းညိတ်လိုက်တော့သည်။
လုကျိုးက ထပ်မေးလိုက်တော့သည်။ အကြောင်းအရာပြောင်းလိုက်သည်။ “အခုမင်းမှာ မွေးဖွားဇယားချပ် ဘယ်လောက်ရှိလဲ”
“တပည့်နည်းနည်း ကံကောင်းသွားလို့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တပည့်ကို အဆုံးမရှိ အသက်ဓာတ်နှလုံးသားတွေ ထောက်ပံ့ပေးတယ်လေ။ အခုမွေးဖွားဇယားချပ် ၈ခုရှိပါပြီ”
လုကျိုးက ခေါင်းညိတ်ပြီး ဆက်မပြောတော့ပေ။ သူက တောင်ဖက်မျှော်နန်းဆီ ဆက်လျှောက်သွားတော့သည်။
တောင်ဖက်မျှော်နန်းထဲရှိ အခန်းတစ်ခန်းထဲတွင်ဖြစ်သည်။
စီးဝူယာ့က ခုတင်ပေါ်တွင်လှဲလျက် လှုပ်ရှားမှုကင်းမဲ့နေ၏။ သူ၏ကိုယ်ပေါ်၌ အသက်သင်္ကေတ မရှိတော့ပေ။
“ဆရာ အဝေးမှာ ရှိနေတုန်း ရှစ်ရှိုးနဲ့ တခြားသူတွေက ချီရှစ်တိကို အလှည့်ကျ ဂရုစိုက်ပေးကြတယ်။ ဒါပေမဲ့ ...” ယဲ့ထျန်းရှင်းက သူမ ပြီးအောင်ပြောရမှာ တုန့်ဆိုင်းနေ၏။ “မင်းပြောချင်တာကို သိတယ်”
လုကျိုးက ပြောလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများမဆိုထားနှင့် လုကျိုးကိုယ်တိုင်တောင် ပြန်လည်ရှင်သန်ခြင်းစာလိပ်က စီးဝူယာ့ကို ကယ်တင်နိုင်ခြင်းရှိမရှိ မသိပေ။
ယခုအချိန်တွင် လုကျိုးက ကောင်းကင်စွမ်းအားကိုအသုံးပြုလျက် စီးဝူယာ့ဆီ ကြာပွင့်ကို တွန်းထုတ်လိုက်သည်။
ကြာပွင့်မှ အသက်စွမ်းအင်သည် စီးဝူယာ့ဆီတိုးဝင်သွား၏။ တချိန်တည်းတွင် လုကျိုးက စီးဝူယာ့၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူ နှလုံးခုန်နေသော်ငြား သူ၏ ထူးကဲချီသွေးကြောရှစ်ခုက ယခုပိတ်ဆို့ခံထားရ၏။ အသက်စွမ်းအားမရှိရုံသာမက သေခြင်းတရား အငွေ့အသက်က ပိုအားကောင်းလာသည်။ ဂရုတစိုက်ကြည့်လျှင် သူ၏အသားအရောင် ပိုဖြူဖျော့နေတာကိုတွေ့လိမ့်မည်။
လုကျိုးသည် ခရမ်းရောင် တောက်ပသံကျောက်ကို ထုတ်ပြီးနောက် စီးဝူယာ့ဘေးတွင် ထားလိုက်၏။ ၎င်း၌ အေးခဲစေနိုင်သည့်စွမ်းအားရှိသောကြောင့် အသုံးဝင်လိမ့်မည်။
ပြီးနောက် သူ သက်ပြင်းချပြီး အခန်းထဲမှ ထွက်သွားတော့သည်။ “ကျန်းအိုက်ကျန့် ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။
“ကျွန်းသခင်ဟွမ်နဲ့ မိန်းကလေးကျင်းရီတို့က သူ့ကိုဖန်းလိုင်ဆီပြန်ခေါ်သွားတယ်။ သူ့မှာ စွမ်းအင်အနည်းအကျဉ်း ကျန်နေတာကြောင့် ဖန်းလိုင်က သူ ပြန်လည်ကုစားဖို့သင့်တော်တဲ့ နေရာတစ်ခုပဲ”
“သူ့မှာစွမ်းအင်ကျန်နေလား” လုကျိုးက အံ့အားသင့်သွား၏။
“သူ့ကိုကယ်တင်ထားတဲ့သွေးစွမ်းအင်ဖြစ်လောက်တယ်” ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “တပည့်လည်း သေချာမသိပါဘူး”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ကျန်းအိုက်ကျန့် အဆင်ပြေနေတယ်ဆိုရင် သူ့ကို အခု ထားလိုက်ဦးမယ်”
ယဲ့ထျန်းရှင်းက မေးလိုက်တော့သည်။ “ရှစ်စွင်း ချီရှစ်တိကို ကယ်နိုင်မှာလား”
“ငါ သေချာမသိဘူး” လုကျိုးက အမှန်အတိုင်းဖြေလိုက်၏။
“...”
“မင်း သွားလို့ရပြီ” လုကျိုးက ပြောလိုက်၏။
“ဟုတ်ကဲ့” ယဲ့ထျန်းရှင်းက ဦးညွှတ်ပြီး ထွက်သွားသည်။
လှစ်ကနဲပင် လုကျိုးက အရှေ့ဖက်မျှော်နန်းဆီ ပြန်ရောက်သွားသည်။
ယဲ့ထျန်းရှင်းက ဦးညွှတ်လျက် ချက်ချင်းမထွက်သွားပေ။ သူမအခန်းဆီ ပြန်သွားကာ စီးဝူယာ့၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်၏။ သူမ အကြိမ်မည်မျှစစ်ဆေးစေကာမူ သူ့သွေးခုန်နှုန်းက လူသေသွေးခုန်နှုန်းသာ ပြနေသည်။
ယဲ့ထျန်းရှင်း၏ အမူအရာက ဝမ်းနည်းမှုများ စွက်နေလျက် နောက်သို့ဆုတ်မိသွား၏။ သူမ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ညင်သာစွာပြောလိုက်တော့သည်။ “ချီရှစ်တိ နောက်ဘဝကျ မင်း သာမန်လူဖြစ်ဖို့ မျှော်လင့်တယ်”
ပြီးနောက် သူမရင်ထဲရှိ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်လျက် ရှုပ်ထွေးနေသောအတွေးကို စုစည်းကာ တောင်ပိုင်းမျှော်နန်းမှ ထွက်သွားတော့သည်။
အရှေ့ဖက်မျှော်နန်းထဲတွင်ဖြစ်သည်။
လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကို ထုတ်ပြီး မြေပြင်ပေါ်တွင် ဖိထားလိုက်၏။ ၎င်း၏ အကျယ်အဝန်းကို ချိန်ညှိပြီး အရှေ့ဖက်မျှော်နန်းတစ်ခုကိုသာ အာနိသင်ရှိအောင် လုပ်ထားလိုက်သည်။
“ခရမ်းရောင်တောက်ပသံကျောက်မရှိဘဲ မင်းကိုပဲ အားကိုးနိုင်မှာ”
ယခုအချိန်တွင် သူ လုပ်ဖို့လိုအပ်သည့်အရာနှစ်ခုရှိသည်။ ပထမတစ်ခုက ပြန်လည်ရှင်သန်ခြင်းစာလိပ်၏ လျှို့ဝှက်ချက်ကို ရှာတွေ့ရန်ဖြစ်ပြီး နောက်တစ်ခုက သူ၏ခွန်အားကို လျင်မြန်စွာမြှင့်တင်ရန်ဖြစ်သည်။ သို့မှသာ ပြန်လည်ရှင်သန်စာလိပ်အသုံးပြုခြင်း၏ နောက်ဆက်တွဲကို ဖြေရှင်းနိုင်မှာပဲဖြစ်သည်။
သူ၏အမြင်တွင် ကောင်းကင်စွမ်းအားက အနှိုင်းမဲ့၏။ သူ၏ပြဿနာကို ဖြေရှင်းရာ၌ ၎င်းက သူ့ကိုကူညီပေးလောက်သည်။
လုကျိုးက ထိုအကြောင်းအရာကို ခဏတဖြုတ်စဉ်းစားပြီးနောက် မတည်မြဲခြင်းတိုင်လုံး၏အရှိန်ကို အဆတစ်ထောင်မြှင့်လိုက်သည်။ သက်တမ်းက အရေးကြီးသော်ငြား ယခုသူ့ဘဝသက်တမ်းကို ချွေတာရမည့်အချိန်မဟုတ်ပေ။
သူ၏သက်တမ်းကို စစ်ဆေးလိုက်သည်။
ကျန်ရှိသောသက်တမ်း- ၁၀၃၈၇၅၀၉ (၂၈၄၅၈ နှစ်)
သူ့၌ ကျင့်ကြံရန်သက်တမ်းလုံလုံလောက်လောက်ရှိသည်။
သူ၏ပြန်လည်ရှင်သန်ခြင်းစာလိပ်ကိုဆွဲထုတ်ပြီးနောက် ဖြည်လိုက်၏။
ပြီးနောက် လက်ကိုဖိချကာအသိစိတ်တစ်မျှင်ကို ပို့လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် မဲမှောင်သည့်ဖိနှိပ်နိုင်သောနေရာတွင် နှိပ်စက်နိုင်သောနေရာတွင် ရောက်နေတာကို တွေ့လိုက်ရ၏။ သူ ဘာမှမတွေ့နိုင်ပေ။
“ငါ ဘယ်မှာလဲ” လုကျိုးက လှည့်ပတ်ကြည့်လိုက်၏။ ဘာမှမတွေ့ရသောကြောင့် ငရဲဝံပုလွေဘုရင်၏ စွမ်းအားကို အသုံးပြုလိုက်သည်။ သူသည် အရပ်မျက်နှာအနှံ့ပင်လယ်ရေကို တွေ့လိုက်သည်။
ငါ ရေအောက်ထဲမှာလား။
ပင်လယ်ရေတို့က လျင်မြန်စွာလှည့်နေ၏။ သူ၏ခန္ဓာကိုယ်သည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိပုံမပေါ်။ ရေစီးကြောင်းများကြောင့် ဆွဲချခံလိုက်ရသည်။ ပင်လယ်ထဲရှေ့ရောက်နောက်ရောက်ဖြစ်နေ၏။ မကြာမီ၌ စီးကြောင်းက သူ့ကိုဆွဲချသွားသည်။ သူ ရေနက်ဆန်းကျယ်ဂူထဲရှိ ချောက်နက်ထဲခုန်ချစဉ်က ကဲ့သို့ပင် အဆုံးမဲ့အမှောင်ထုက သူ့ကိုဖိချထား၏။ ယင်းက တကယ်နှိပ်စက်ကလူပြုနေတာပဲဖြစ်သည်။ ယင်းက တကယ်ဖိနှိပ်နေတာပဲဖြစ်သည်။
“ဘဝက ဘာလဲ။ သေခြင်းတရားက ဘာလဲ။ ရှင်သန်ခြင်းက အလင်းဆို သေခြင်းတရားက အမှောင်လား” နက်နဲသောအသံက သူ၏နားထဲရောက်ရှိလာ၏။
လုကျိုးက စိတ်ထဲ၌ အံ့ဩနေလေ၏။ ဒါ ဆိုးယုတ်သူတစ်ပါးလား။
အသံပိုင်ရှင်သည် လုကျိုးပြောတာကို ကြားဟန်မတူ ဆက်ပြောလိုက်၏။ “မှန်ကန်ဖြောင့်မတ်ဖို့ အကောင်းဆုံးကြိုးစားကြသူတွေ သေကြတယ်။ မိုးနဲ့မြေအတားအဆီးကို ဖြတ်ကျော်ဖို့ ကြိုးစားသူတွေက ရလဒ်ကောင်းရှိမှာမဟုတ်ဘူး”
“မွေးရာပါ ဝိညာဉ်ရဲ့အမြော်အမြင်ရှိမှုက ခံနိုင်ရှိတယ်”
လုကျိုး မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “ခင်ဗျား ကျုပ်ကို ပြောနေတာလား” အမှောင်ထုထဲ၌ တိတ်ဆိတ်မှုသာရှိနေသည်။
...
အခန်း (၁၄၁၀) ကုသိုလ်ကျောက်တုံး
“ထွက်လာခဲ့” လုကျိုးက အသံမြှင့်ကာ ပြောလိုက်သည်။
သူ့အသံက အမှောင်ထုထဲ အချိန်အတော်ကြာ ပဲ့တင်ထွက်သွားသော်လည်း တုံ့ပြန်မှုဟူ၍ မရှိပေ။
ပင်လယ်မျက်နှာပြင်လား…
လုကျိုးက သူသည် ရေအောက်ထဲတွင် ရှိနေသင့်ကြောင်း သေချာနေလေ၏။ သို့သော်လည်း သူက တွေဝေနေမိသည်။
သူက အဘယ်ကြောင့် ဤနေရာကို ရောက်ရှိနေရသနည်း။ စာလိပ်ထဲတွင် ကူးသန်းပြောင်းရွှေ့ရေးသင်္ကေတ ရှိနေတာလားဟု စဉ်းစားနေမိသည်။ သို့သော်လည်း သူက ကူးသန်းပြောင်းရွှေ့ခံရသည်ကို မခံစားမိပေ။
လုကျိုးက ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာနေလိုက်သည်။
ဗွမ်း
ထို့နောက် ဧရာမပစ္စည်း ရေထဲ ဖြတ်သန်းလာသလို အသံမျိုးကို ကြားလိုက်ရသည်။
“ခက်ထန်သားရဲလား”
လုကျိုးက လက်ဝါးစည်းတံဆိပ်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
လက်ဝါးစည်းတံဆိပ်မှ အလင်းဟူ၍ မရှိဘဲ လျှပ်တစ်ပြက်တွင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် လုကျိုးက သဘောပေါက်သွားလေ၏။
ငါ့အသိစိတ်ပင်လယ်က စာလိပ်ထဲက ကမ္ဘာထဲ ရောက်လာတာကို သိသင့်တာ…
သူက ခက်ထန်သားရဲ၏ ဧရာမခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ထိုအရာက အနည်းဆုံးပေတစ်သောင်း ရှည်လျား၏။ ထိုအရာအားလုံး ရွေ့လျားလာသည့်အခါ ပင်လယ်ကြမ်းပြင်က လှုပ်ခတ်လာသည်။
သူ့ကောက်ချက်ချမှုကို စမ်းသပ်ဖို့ရာအတွက် သူသည် ထိုနေရာ၌ မလှုပ်မယှက် ငြိမ်နေလိုက်သည်။ ခဏအကြာတွင် ခက်ထန်သားရဲငယ်တစ်ကောင်က ကူးခတ်လာလေ၏။ ထို့နောက် ထိုအရာက လုကျိုး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ထင်ထားတဲ့အတိုင်းပဲ…
လုကျိုးက စာလိပ်ထဲတွင် ရှိနေသည့် လျှို့ဝှက်ချက်များကို စဉ်းစားနေစဉ် သူ့နားထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး။ ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး”
ထို့နောက် အားပါးတရ ရယ်သံလည်း ထွက်ပေါ်လာသည်။
ထိုအသံက ပိုမိုဝေးကွာလာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
“ဘယ်သူကမှ ထာဝရ အသက်မရှင်နိုင်ဘူးတဲ့လား”
လုကျိုးက ကျန့်ဝမ်ရွှီချန်ထားခဲ့သည့် စာလိပ်ကို အမှတ်ရသွားလေသည်။ ထိုစာလိပ်၌ မည်သူကမှ ထာဝရအသက်မရှင်နိုင်ကြောင်းဟူသော စာကြောင်းတစ်ခု ရှိလေသည်။
မဖြစ်နိုင်တာ။ ကျန့်ဝမ်ရွှီက ရွှေကြာနယ်မြေထဲ ဆိုးယုတ်သူ ချန်ထားခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုလား…
ခဏအကြာတွင် လုကျိုးက ခေါင်းယမ်းလိုက်ပြီး ထိုကောက်ချက်ချမှုကို ပယ်ရှားလိုက်၏။ အကယ်၍ ဤသည်က အမှန်ဆိုပါက သူသည် အတော်လေး စိတ်ပျက်မိလိမ့်မည်။ သူက ကျန့်ဝမ်ရွှီအပေါ် ဆိုးရွားသည့် အမြင်မျိုးရှိလေ၏။ ကျန့်ဝမ်ရွှီက ရွှေကြာနယ်မြေအတွင်း နှစ်များစွာတိုင် အာဏာရှင်တစ်ယောက်လိုမျိုး ပြုမူခဲ့လေသည်။ သူက ဖြစ်ပျက်သမျှအရာအားလုံးနောက်ကွယ်တွင် ရှိနေသည့် ကြိုးကိုင်လှုံ့ဆော်သူ တစ်ယောက်ဖြစ်ပြီး အာဏာ ဆုပ်ကိုင်ထားသူတစ်ယောက် ဖြစ်ပေသည်။ အကယ်၍ ကျန့်ဝမ်ရွှီက ဆိုးယုတ်သူတစ်ယောက်၏ ပုံရိပ်ယောင်တစ်ခု ဖြစ်နေသည်ဆိုပါက သူ ရရှိထားသည့် သဲနာရီနှင့် ပိုးသေတ္တာတို့ကို စွန့်ပစ်လိုက်ရမည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
သို့သော်လည်း လုကျိုးက ထိုသို့ဖြစ်နိုင်ဟန် မထင်ပေ။ ကျန့်ဝမ်ရွှီက ရှေးရိုးဆန်ပြီး နည်းလမ်းဟောင်းများကို ဖက်တွယ်ထားလေ့ ရှိသည်။ ဆိုးယုတ်သူကမူ သမာသမတ်မကျသည့် အရာများကို လေ့လာပြီး လမ်းစဉ်အသစ်ကို ဖန်တီးခဲ့သည့်အတွက် ဆိုးယုတ်သူနှင့် မိစ္ဆာဟု အခေါ်ခံရခြင်း ဖြစ်၏။
လုကျိုးက အတွေးများကို စုစည်းကာ ပိုမိုနက်နက်နဲနဲ စဉ်းစားကြည့်လိုက်သည်။ ဤသည်က သူ့အသိစိတ်ပင်လယ်ဖြစ်သည့်အတွက် ဘာမှကြောက်နေဖို့ မလိုပေ။ ထိုစဉ် သူက အသိစိတ်ပင်လယ်အနက်ပိုင်းမှ မှိန်ဖျဖျ ရွှေရောင်အလင်းတန်းကို တွေ့လိုက်ရသည်။ ခဏအကြာတွင် သူက ထိုအရာသည် လေးထောင့်ရွှေရောင်သေတ္တာမှ ထွက်ပေါ်လာကြောင်း မြင်လိုက်ရ၏။
လုကျိုးက စိတ်လှုပ်ရှားပြီးသည့်နောက်တွင် ထိုအဆုံးမဲ့အမှောင်ထုအတွင်း အလင်းပျောက်တစ်ခုကို မြင်လိုက်ရသည်။ သူက ဆက်လက်နစ်မြုပ်သွားလေ၏။ သူက မည်မျှကြာမြင့်မှန်းမသိသော်လည်း ဧရာမပင်လယ်သားရဲကြီးများကို မြင်လိုက်ရသည်။ သူတို့က ပုံမှန်အားဖြင့် သူ့ကို မထိတွေ့နိုင်ပေ။
ရုတ်ခြည်းဆိုသလို
“မထိနဲ့” အမှောင်ထုထဲမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။
လုကျိုးက လှည့်ပတ်ကာ အမှောင်ထုထဲ လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။
“ဘယ်သူလဲ”
အကြောက်တရားက အမှောင်ထုမှ မွေးဖွားလာခြင်း ဖြစ်၏။ ပင်လယ်၏ ကြမ်းပြင်က မှောင်မဲပြီး လုကျိုး၏ အာရုံကြောများအား တင်းကြပ်လာစေသည်။ လုကျိုးက အသက်ပြင်းပြင်းရှူကာ လေးထောင့်ရွှေရောင်သေတ္တာကို ကြည့်လိုက်သည်။ ထိုသေတ္တာ၏ တစ်ဖက်ချင်းစီက သေးငယ်သည့် စတုရန်းတစ်ခု ရှိလေသည်။ ထို့နောက် ထိုသေးငယ်သည့် စတုရန်းတစ်ခုချင်းစီတွင် ရွှေရောင်စာလုံးတချို့ရှိနေလေသည်။
ရွှေရောင်စာလုံးတချို့က လုကျိုး၏ အာရုံကို ဖမ်းစားသွားလေ၏။
“ကုသိုလ်ကျောက်တုံးလား”
လုကျိုးက မေးလိုက်သည်။
“အဲဒါက ဘာလဲ”
ပို၍အရေးကြီးသည်က ထိုအရာသည် မိုးမြေ၏ အတားအဆီး သို့မဟုတ် ထာဝရအသက်ရဖို့အတွက် ဘာများ သက်ဆိုင်နေသနည်း။ သူတို့က ထိုအရာကို အဖြေမထုတ်နိုင်ပေ။
…………………………..
တစ်ချိန်တည်းဆိုသလို
ရှောင်ယွမ်အာနှင့် ခရုလေးတို့က အရှေ့ဖက်မျှော်နန်းဆောင်အပြင်ဘက်တွင်ရပ်နေရင်း အချင်းချင်း ကြည့်လိုက်ကြသည်။
“ရှစ်စွင်း အဆင်ပြေပါ့မလား”ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။
“ငါလည်း မသိဘူး” ခရုလေးက ပြန်ဖြေလိုက်၏။
ရှောင်ယွမ်အာက ခေါင်းကုတ်ကာ ပြောလိုက်သည်။
“သူက ဘာလို့ ငါတို့ နားမလည်တဲ့စကားတွေ ပြောနေပါလိမ့်”
ထိုစဉ် အရှေ့ဖက်မျှော်နန်းဆောင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဆိုးယုတ်သူ ထွက်လာခဲ့စမ်း” ရှောင်ယွမ်အာက ဆွံ့အသွားလေသည်။ ထို့နောက် သူမက ပြောလိုက်သည်။
“ကြည့်လိုက်လေ။ အံ့ဩဖို့မကောင်းဘူးလား။ ရှစ်စွင်းက အရင်တုန်းက အဲ့လိုမဟုတ်ပါဘူး”
ခရုလေးက လက်ကိုဖြန့်ကာ ကူကယ်ရာမဲ့မှုကို ပြသလိုက်သည်။
သူတို့၏ စိတ်ထဲ၌ သူတို့၏ ရှစ်စွင်းက အမြဲတမ်း စွမ်းအားကြီးပြီး အကြောက်တရားဟူ၍ မရှိပေ။ သူ ဒီလိုအော်ဟစ်နေသည်က အနည်းငယ် ထူးဆန်းနေလေ၏။
ခဏအကြာတွင် ရှောင်ယွမ်အာက ပြောလိုက်သည်။
“သွားကြစို့။ ငါတို့ တတ်နိုင်တဲ့အရာ မရှိတော့ဘူး”
“ကောင်းပြီလေ” ခရုလေးက ချက်ချင်းသဘောတူလိုက်၏။ ဤသို့ဖြင့် နှစ်ဦးသားက တောင်အနောက်ဖက်သို့ ပြေးထွက်သွားကြသည်။
…………………………………………
အမှောင်ထုထဲ
ထိုစဉ် လုကျိုးက သူ့အသိစိတ်အမျှင်သည် ပန်းချီကားထဲ ဖြည်းဖြည်းချင်း သဟဇာတဖြစ်သွားသည်ကို တွေ့သွားရင်း မျက်မှောင်ကြုတ်လိုက်သည်။
စာလိပ်ထဲတွင်ရှိနေသည့် အရာက အစစ်အမှန်ဖြစ်သည့်အတွက် မည်သည့်ပတ်ဝန်းကျင်တွင် ဖြစ်စေကာမူ သူက အလိုအလျောက်တုံ့ပြန်မိလိမ့်မည်။
ခံစားချက်က မသက်သောဖြစ်စေ၏။
သူက ကုသိုလ်ကျောက်တုံးအနားသို့ သွားဖို့ ကြိုးစားသည့်အခါ မမြင်နိုင်ဖွယ် စွမ်းအားမှ တားထားသည်ကို ခံစားရသည်။
“အနီးမသွားနဲ့”
လုကျိုးက မေးလိုက်သည်။
“ဘာလို့လဲ”
“ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး။ ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး။ ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး”
“ငါ လိုချင်တာက ထာဝရအသက် မဟုတ်ဘူး။ သေလူကို ပြန်ပြီးအသက်သွင်းချင်ရုံပဲ” လုကျိုးက ပြောလိုက်သည်။
“ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး”
ဤသည်က သူ မေးလိုက်သည့် မေးခွန်း၏ အဖြေမဟုတ်ပေ။ အကြည့်ရသည်မှာ အသံက ဆိုးယုတ်သူ ချန်ထားခဲ့သည့် အကြွင်းအကျန် စွမ်းအားတချို့ဖြစ်ဟန်ပေါ်သည်။
လုကျိုးက ခေါင်းအသာယမ်းလိုက်၏။
ဒါက ပြန်လည်ဝင်စားခြင်းစာလိပ် မဟုတ်တာများလား…
သို့သော်လည်း ချန်ဖုက လိမ်ညာဖို့ မလိုပေ။ လွန်ခဲ့သည့်နှစ်သုံးသောင်းခန့်က လုထျန်းထုံသည် အနက်ရောင်ကြာနယ်မြေကို အုပ်စိုးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
ဘယ်နေရာက မှားသွားတာလဲ…
လုကျိုးက ထိုကိစ္စကို စဉ်းစားနေရင်း ကုသိုလ်ကျောက်တုံးက အလင်းရောင် တောက်ပလာကာ အရိပ်တစ်ခုက ကုသိုလ်ကျောက်တုံးဆီ ထွက်ပေါ်လာသည်။ ထို့နောက် ကုသိုလ်ကျောက်တုံးက စွမ်းအားကြီး ကျောက်တုံးအား ပေါက်ကွဲထွက်သွားပြီး ပင်လယ်ကြမ်းပြင်အား ပေါက်ကွဲထွက်သွားစေသည်။
အရိပ်က ချက်ချင်းဆိုသလို လွင့်စဉ်သွားလေသည်။
“မဖြစ်ဘူး”
ထို့နောက် အရိပ်က ပျောက်ကွယ်သွားပြီး ကုသိုလ်ကျောက်တုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ဒါက အတိတ်တုန်းက မြင်ကွင်းတွေလား” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ ထိုအရာက မှတ်ဉာဏ်ကျောက်တုံးနှင့် တူလေ၏။
“တာအိုကနေ စည်းမျဉ်းထောင်ချီကို အသုံးပြုနိုင်တယ်။ ဆရာသခင်တွေကနေ စရမယ်”
“အထွတ်အထိပ်သက်ရှိတွေကပဲ အချိန်ကို ပြောင်းပြန်လှန်နိုင်တယ်။ အထွတ်အထိပ်သက်ရှိတွေကပဲ သေလူကို ပြန်ပြီးအသက်သွင်းနိုင်တယ်”
ထိုအရာကိုကြားကာ လုကျိုးက ခေါင်းယမ်းလိုက်သည်။
“အထွတ်အထိပ်သက်ရှိတွေကပဲ သေလူကို ပြန်ပြီးအသက်သွင်းနိုင်တာလား”
ဝှစ်
ထိုစဉ် လုကျိုး၏ အသိစိတ်ပင်လယ်က သင်္ကေတစ်ခုကြောင့် ဆွဲယူခံလိုက်ရသည်။ ကမ္ဘာကြီးက ချာချာလည်နေပြီး ကြယ်စင်များက နေရာရွှေ့သွားလာကြသည်။
ထို့နောက် လုကျိုးက ရုတ်ခြည်းဆိုသလို မျက်လုံးပွင့်လာလေသည်။ သူ့အသိစိတ်ပင်လယ်က စာလိပ်ထံမှ ဆွဲယူလိုက်သည်။ သူက အိပ်မက်တစ်ခုမှ နိုးထလာသလိုမျိုး ခံစားနေရသည်။
သူက သက္ကတကျမ်းကို ကြည့်ပြီးသည့်နောက်တွင် အပြောင်းအလဲဟူ၍ မတွေ့ရပေ။
စာလိပ်ထဲက အသံနဲ့ ပုံရိပ်က ဘာအဓိပ္ပာယ်လဲ။
ဝုန်း
ထို့နောက် အလျင်စလို ခြေသံများနှင့် အသံတို့က အပြင်ဘက်ထွက်ပေါ်လာလေသည်။
“ရှစ်စွင်း အခြေအနေ မကောင်းတော့ဘူး”
“အထဲဝင်ခဲ့” ရှောင်ယွမ်အာက တံခါးကို တွန်းဖွင့်ကာ စိုးရိမ်စွာ ပြောလိုက်သည်။
“ချီရှစ်ရှိုးက သေသွားပြီ”
လုကျိုးက ဘာမှမပြောတော့ပေ။ သူက ချက်ချင်းဆိုသလို မတ်တပ်ရပ်ကာ လျှပ်တစ်ပြက်အတွင်း တောင်ဖက်မျှော်နန်းဆောင်ဆီ ရောက်ရှိလာလေသည်။
“ရှစ်စွင်း”
“သခင်”
အားလုံးက လုကျိုးအတွက် ချက်ချင်းလမ်းဖယ်ပေးလိုက်ကြသည်။
လုကျိုးက အခန်းအတွင်း ဝင်ရောက်လိုက်သည့်အခါ စီးဝူယာ့ကို ချက်ချင်းကြည့်လိုက်၏။ စီးဝူယာ့၏ ခန္ဓာကိုယ်အပေါ် မရဏအငွေ့အသက်တို့က အလျင်အမြန် စုဝေးလာလေသည်။ သို့သော်လည်း ခရမ်းရောင်တောက်ပသံကျောက်ကြောင့် ပုပ်သိုးသည့် အနံ့မျိုး မရှိပေ။ သို့သော်လည်း စီးဝူယာ့၏ အသားအရောင်က သိသိသာသာ ပြောင်းလဲနေလေသည်။
“ရှစ်စွင်းက သီးသန့်ကျင့်ကြံချိန်က ၇ရက် ကြာသွားပြီ။ ချီရှစ်ရှိုးက …”ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
လုကျိုးက သူမ၏ စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်သည်။
“ခုနစ်ရက်လား”
အားလုံးက တိတ်ဆိတ်သွားလေ၏။
လုကျိုးက ၇ရက်ကုန်သွားလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ အဆတစ်ထောင် မြန်ဆန်နေသည့် ကျင့်ကြံနှုန်းဖြင့် သူက အထဲ၌ ရက် ၇ထောင် ကုန်ဆုံးခဲ့ပြီဟု ဆိုလိုနေလေသည်။
ထိုသို့သော အရာမျိုးက ၇ရက်အတွင်း ကြီးကြီးမားမား ဖြစ်ပျက်သွားလေသည်။ သေခြင်းရှင်ခြင်းက အရေးကြီး၍ အားလုံးက စိုးရိမ်နေကြလေသည်။
မိစ္ဆာဝိညာဉ်မျှော်နန်းရှိ မည်သူကများ စီးဝူယာ့၏ သေခြင်းရှင်ခြင်းကို မစိုးရိမ်ဘဲ နေမည်နည်း။
လုကျိုးက ပြောလိုက်သည်။
“အားလုံး ထွက်သွားကြ”
“ဟုတ်ကဲ့”
နောက်ဆုံး၌ အခန်းထဲတွင် လုကျိုးတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူက စီးဝူယာ့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
အမှားမှ ပြန်လည်မလာနိုင်သည့် အချိန်မျိုးလည်း ရှိခဲ့လေသည်။
အကယ်၍ သူက စာလိပ်မှ ရယူထားသည်က အမှန်ဖြစ်နေခဲ့လျှင် သူက စီးဝူယာ့ကို ကယ်တင်နိုင်မည့် နည်းလမ်းရှိဟန် မပေါ်ပေ။
အခန်းက တိတ်ဆိတ်သွားလေသည်။
နေ့လယ်ဖက်မှ ညနေဖက်သို့ တိတ်တဆိတ် ကူးပြောင်းသွားလေသည်။
လုကျိုးက အခန်းအတွင်း တိတ်တဆိတ် ရပ်မိပြီးသား ဖြစ်၏။ အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ ပြောလိုက်သည်။
“အထွတ်အထိပ်သက်ရှိတွေကပဲ သေလူကို ပြန်ပြီးအသက်သွင်းနိုင်တာ။ ငါ လုပ်နိုင်တဲ့အရာ မရှိဘူး”
သူက ညင်သာစွာ ပြောလိုက်သည်။ ဤကမ္ဘာကြီးထဲ၌ မွေးဖွားခြင်း၊ အသက်ကြီးရင့်ခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တားဆီးနိုင်သည်ဟူ၍ မရှိပေ။
“မင်းက ကျန်းအိုက်ကျန့်ကို ကယ်ခဲ့တယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ဆုံးရှုံးခဲ့ရတယ်။ မင်းအမှားကို ပြင်ဆင်တဲ့အတွက် နောင်တရလား”
“ထားလိုက်ပါတော့။ ငါ ရှေးအကျဆုံးနည်းလမ်းနဲ့ မင်းကို ချိတ်ပိတ်မယ်”
“တကယ်လို့ နောက်ဘဝရှိလာမယ်ဆိုရင် မင်းကို ငါ့တပည့်အဖြစ် ထပ်ပြီး လက်ခံပေးမယ်”