အခန်း (၁၄၁၁-၁၄၁၃)
Vol. 95 Ch. 1411-1413
အခန်း (၁၄၁၁) လက်သည်းကိုးခု နဂါးနက်ကို ဒေါသတကြီးသတ်ဖြတ်ခြင်း
လုကျိုးက သူ့လက်ကို မြှောက်လိုက်လေ၏။ ကနဦးချီကို ရစ်ပတ်ထားသည့်လက်ကို တွန်းထုတ်လိုက်သော်ငြား သူ ရုတ်တရက်ရပ်တန့်လိုက်သည်။ သူ၏လက်က အနည်းငယ် တုန်ယင်နေလေ၏။ သူ အဘယ်ကြောင့် ဘာကိုမျှ မခံစားမိဘဲ နေမည်နည်း။ တစ်ရက်တာဆရာသည် တစ်သက်တာအဖ ဖြစ်၏။ မည်သည့်ဖခင်ကများ သူ့ကလေးကို ဤသို့လုပ်နိုင်မည်နည်း။
လုကျိုး တုံ့ဆိုင်းတွေဝေနေသည်။ သူက ကျရှုံးမှုကို ရင်ဆိုင်ရန် ခက်ခဲနေလေ၏။ သူ၏စိတ်က ယခုအချိန်တွင် အတွေးမျိုးစုံဖြင့် ရှုပ်ထွေးနေတော့သည်။ သူ ဤနေရာသို့ မကူးပြောင်းလာခဲ့လျှင် သူ၏တပည့်များကို မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်လာရန် ဖိအားမပေးခဲ့လျှင် သူသာ ပွင့်ချပ်ရှစ်လွှာအဆင့်၌ ရပ်တန့်ခဲ့လျှင် ဤသို့ဖြစ်လာပါဦးဟု တွေးမိသည်။
ခဏအကြာ၌ သူသည် ရှုပ်ထွေးနေသော အတွေးမျိုးစုံကို ဖယ်ရှားလျက် လက်ကို တွန်းထုတ်လိုက်ပြန်၏။
ရွှေရောင်လက်ဝါးစည်းတံဆိပ်က စီးဝူယာ့ပေါ်ရောက်သည့်အချိန်တွင် ၎င်းသည်များစွာသော စည်းတံဆိပ်များအသွင် ပြောင်းလဲသွားလေ၏။ ယင်းက ကောင်းကင်ပညာရှင်ဂိုဏ်း၏ ချိပ်ပိတ်ခြင်းနည်းစနစ်ပဲ ဖြစ်သည်။
အတိတ်တုန်းက ဤလက်ဝါးစည်းတံဆိပ်သည် တာအိုဆရာများကြားထဲတွင် မထင်ရှားဆုံးနည်းလမ်း ဖြစ်၏။ ခန္ဓာချည်နှောင်ခြင်း စည်းတံဆိပ်နှင့်ယှဉ်လျှင် ဤစည်းတံဆိပ်ကနှေးကွေးပြီး ပိုရှုပ်ထွေး၏။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများက ၎င်းကို ကျင့်ကြံနိုင်ပြီး သူတို့၏အဋ္ဌမမြောက်ပွင့်ချပ် ဖူးပွင့်လာချိန်တွင် မဟာစွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည်။ ထိုအရာအပြင် ၎င်း၌ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုရှိသေး၏။ ၎င်းက ပစ်မှတ်တစ်ခုကိုချိတ်ပိတ်ထားနိုင်ပြီး မူလအနေအထားထဲတွင် ထိန်းသိမ်းထားတာပဲဖြစ်သည်။
တာအိုဆရာများဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များဖြစ်စေ သူတို့သည် ဤသူကို ပို့ဆောင်ရန် ဤနည်းစနစ်ကို မကြာခဏသုံးလေ့ရှိ၏။
လုကျိုးသည် သူ၏တပည့်ပေါ်၌ ဤနည်းစနစ်သုံးရမည့်နေ့ရောက်လာမည်ဟု မထင်ထားပေ။
သူ ခေါင်းခါကာ သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်သည်။ သူ၏တပည့်များက အရည်အချင်းရှိ၏။ သူတို့သည် ရိုက်နှက်၍မရသော ပိုးဟပ်များပမာပင်။ သူတို့ဆရာကို သတ်ရန်နည်းလမ်းများတောင် စဉ်းစားခဲ့ကြသည်။
လက်တွေ့၌ အတက်အကျများ၊ အံ့ဩဖွယ်ရာများပြည့်နေတော့သည်။ ကျင့်ကြံခြင်းလမ်းစဉ်၌ ရွက်လွင့်ခြင်းက မည်ကဲ့သို့ချောမွေ့နိုင်မည်နည်း။ မည်ကဲ့သို့သော ကျင့်ကြံခြင်းလမ်းစဉ်က သွေးမစွန်းဘဲ နေမည်နည်း။
ထိုစဉ် စီးဝူယာ့၏ကိုယ်ပေါ်သို့ စည်းတံဆိပ်တစ်ခုပြီးတစ်ခု ကျရောက်သွားသည်။ ပြီးနောက် ၎င်းတို့က ပေါင်းစည်းသွားကာ ပိုတောင်ကြီးမားသည့် စည်းတံဆိပ်တစ်ခုဖွဲ့တည်လျက် ခေါင်းကနေ ခြေထောက်အထိ လွှမ်းထားလိုက်သည်။
စီးဝူယာ့၏ကိုယ်ထဲမှ တဝီဝီဆူညံသံက ရုတ်တရက်ပေါ်ထွက်လာလေ၏။
လုကျိုးက မော့ကြည့်လိုက်ချိန်တွင် စီးဝူယာ့၏ စွမ်းအားဗဟိုချက်ချီပင်လယ်ထဲမှ အပြာရောင်အလင်းလုံး ထွက်လာတာကို တွေ့လိုက်ရ၏။
“မဟာလေဟာနယ်မျိုးစေ့”
ယင်းသည် စီးဝူယာ့၏ သေဆုံးခြင်းကို တစ်ဖန် အတည်ပြုပေးလိုက်ရုံသာရှိသည်။
လုကျိုးသည် သူ စီးဝူယာ့အား မဟာလေဟာနယ်မျိုးစေ့ ပေးခြင်းကို ပြန်တွေးမိသွား၏။
စီးဝူယာ့က မေးလိုက်တော့သည်။ “ရှစ်စွင်း ဒါဘာလဲ”
“ဒါ ဆေးတစ်မျိုးပဲ။ မင်းကို စားခိုင်းရင်စားလိုက် ဘာလို့မေးခွန်းတွေ မေးနေတာလဲ”
“အဆိပ်ရှိလား”
“မင်းကို အဆိပ်ခပ်ချင်တယ်ဆိုရင် ဒီလိုယုတ်မာကောက်ကျစ်တဲ့နည်းလမ်းကို သုံးဖို့လိုလို့လား။ ဆေးလုံး စားပြီးရင် မင်းရဲ့စွမ်းအားဗဟိုချက် ချီပင်လယ်တည်ငြိမ်တဲ့အထိ တောင်နောက်မှာ တစ်လနေရမယ်။ မလုပ်နိုင်ရင် မင်း ဘယ်တော့မှ ထွက်လာလို့မရဘူး”
ကျိထျန်းတောက်က သူတို့အပေါ် ကောင်းကောင်းမွန်မွန်သွန်သင်ပြီး သူက ကြမ်းတမ်းခက်ထန်လွန်းခဲ့တာများလား။
အတိတ်ကို ပြန်မတွေးနိုင်ပေ။
လုကျိုးက လက်သီးကျစ်ကျစ်ဆုပ်မိသွား၏။ မဟာလေဟာနယ်မျိုးစေ့ ချိတ်ပိတ်ထားသည့်အချိန်တွင် ၎င်းက စီးဝူယာ့၏ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲသို့ ပြန်တွန်းခံလိုက်ရ၏။ ပြီးနောက် လှုပ်ရှားမှု မရှိတော့ပေ။ ခဏအကြာ၌ စည်းတံဆိပ်က လှိုင်းထလာ၏။
“သေခြင်းတရားရောင်ဝါက သန်မာလွန်းနေတာလား” လုကျိုးသည် သွေဖယ်နေသောအတွေးများကို ရှင်းလင်းလျက် နောက်ထပ်လက်ဝါးစည်းတံဆိပ်အချို့ကို ထုတ်သုံးလိုက်သည်။
ဤနည်းစနစ်ကို ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများက ပြီးပြည့်စုံစွာ ထုတ်သုံးနိုင်လေရာ သူ့ကဲ့သို့ မဟာဆရာသခင်တစ်ပါးဆိုလျှင် ပြောရန်မလိုအပ်တော့ပေ။ တစ်စုံတစ်ခုလွဲချော်နေတာကို ခံစားမိ၏။
“ချိပ်ပိတ်မယ်”
အစွမ်းထက်သော ကနဦးချီပါဝင်သည့် ဧရာမစည်းတံဆိပ်နှစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး သေခြင်းတရားရောင်ဝါကို ပိတ်ဆို့လိုက်သည်။ လုကျိုးသည် သေခြင်းတရားရောင်ဝါ သန်မာပုံကြောင့် အံ့ဩနေမိ၏။ တကယ်တော့ တားမြစ်၍မရပုံပေါ်သည်။ ယင်းက မဟာလေဟာနယ်မျိုးစေ့နှင့် တစ်ခုခုသက်ဆိုင်နေသလားဟု တွေးမိသွားသည်။
သူ၏ကောင်းကင်စွမ်းအားကို အသုံးပြုပြီး ကြာပွင့်တစ်ခုဖွဲ့တည်လိုက်သည်။
သူသည် ပြန်လည်ရှင်သန်ခြင်းစာလိပ်ထဲ အချိန်ကုန်ခဲ့တာ များလွန်းသောကြောင့် သူ့စိတ်က ကြည်ကြည်လင်လင် မရှိသေးတာဖြစ်ဟန်တူသည်။
အခန်းထဲရှိ မြင်ကွင်းက ဆက်တိုက်ပြောင်းလဲနေ၏။ မြူ၊ တောအုပ်များ၊ တောင်တန်းများ၊ မြစ်များနှင့်ကုန်းမြေ၊ အဆုံးမဲ့သမုဒ္ဒရာနှင့် ပင်လယ်အောက်ရှိ ရှုခင်းများ၊ တောက်ပသောအလင်းရောင်၊ အဆုံးမဲ့အမှောင်ထုနှင့် နောက်ဆုံး၌ ကုသိုလ်ကျောက်တုံး။
လုကျိုးသည် ကုသိုလ်ကျောက်တုံးပေါ်တွင် မျောလွင့်နေသော စာတစ်ကြောင်းပြီးတစ်ကြောင်းကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ရွှေရောင်တဖျပ်ဖျပ်လက်နေသည့် လိပ်ပြာများပမာ အမှောင်ထုကို လင်းချင်းသွားစေသည်။
လုကျိုးသည် အသက်အောင့်ထားပြီး သူ၏စိတ်ကိုစုစည်းကာ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ကို လှည့်ပတ်လိုက်၏။ ဤနည်းဖြင့် သူ၏စိတ်က ရုတ်တရက်ကြည်လင်သွားတော့သည်။
အခန်းထဲရှိ မြင်ကွင်းပြောင်းလဲသွားသောအခါ သူသည် စီးဝူယာ့၏ကိုယ်ထဲသို့ ရွှေရောင်စာများ တိုးဝင်လာတာ တွေ့လိုက်ရသည်။ ဤနည်းဖြင့် သေခြင်းတရား အရှိန်အဝါများက ချက်ချင်း ပျောက်သွားတော့သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ချိပ်ပိတ်မှုက ပြီးမြောက်သွား၏။ လုကျိုးသည် သူ၏လက်ဝါးကိုကြည့်မိချိန်၌ မဟုတ်တာ ဘာမှမရှိ။ အရာအားလုံးပုံမှန်အတိုင်းသာဖြစ်သည်။
“သက္ကတကျမ်းက ထူးဆန်းလိုက်တာ။ လူတွေက သူ့ကိုဆိုးယုတ်သူတစ်ပါးလို့ခေါ်တာ အံ့ဩစရာမရှိဘူးပဲ” သူသည် သက္ကတကျမ်းထဲ၌ နားမလည်နိုင်သည့်စွမ်းအားများနှင့် ဖုံးကွယ်ထားသည့်လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်ဟု အမြဲတစေခံစားခဲ့မိသည်။
သူ၏ခန္ဓာကိုယ်အနည်းငယ် တောင့်တင်းသွားတာ ခံစားမိသောအခါ သူ၏သက်တမ်းကို အလိုလိုကြည့်လိုက်မိ၏။ သူ မျက်မှောင်အနည်းငယ်ကျုံ့မိသွားတော့သည်။
“တကယ် နှစ်၁၀၀၀ ဆုံးရှုံးသွားတာလား”
မတည်မြဲခြင်းတိုင်လုံးကို လှည့်ပတ်သည့်အရှိန် အဆ တစ်ထောင်တိုးထားချိန်တွင်တောင် တိုင်လုံးအတွင်း၌ သူ၏ ခုနစ်ရက်နေခြင်းအတွက် ရက် ၇၀၀၀စာ ဆုံးရှုံးသွား၏။ အဘယ်ကြောင့် နှစ်တစ်ထောင်ဖြစ်သွားသနည်း။
လုကျိုးက ထိုအကြောင်းကို စဉ်းစားနိုင်ချိန်မရသေးပေ။ သင်္ကေတကျမ်းစာဖြစ်စေ၊ ကုသိုလ်ကျောက်တုံးဖြစ်စေ ကနဦးချိတ်ပိတ်မှုနည်းလမ်းဖြစ်စေ မည်သည့်အရာမှ စီးဝူယာ့ကို အသက်ပြန်မရှင်လာစေပေ။ နှစ် ၁၀၀၀က ဘာနှင့်များယှဉ်နိုင်မည်နည်း။
စီးဝူယာ့၏ သေခြင်းတရားအရှိန်အဝါများ ပျောက်ကွယ်သွားပုံပေါ်ကာ သေခြင်းတရားရောင်ဝါများ စီးဝူယာ့၏ သေလုနီးပါးဖြူဖတ်ဖြူရော်ဖြစ်နေပုံက ပျောက်ကွယ်သွားပုံပေါ်၏။ သေခြင်းတရား ရောင်ဝါများ မရှိတော့ပေ။
လုကျိုးက သက်ပြင်းချလိုက်၏။ သူ ခေါင်းခါလိုက်တော့သည်။ သူ များစွာ ရင့်ရော်သွားပုံပေါ်၏။ ပြီးနောက် သူ လှည့်လာကာ အခန်းထဲမှ ထွက်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းက တောင်ပိုင်းမျှော်နန်းထဲတွင် စောင့်နေကြတော့သည်။
“ရှစ်စွင်း”
လုကျိုး၏ အမူအရာနှင့် အကြည့်က ယခင်ကနှင့် တူနေသည်။ သူက လူတိုင်းကို မော့ကြည့်ပြီးနောက် လေသံအတက်အကျမရှိ ပြောလိုက်၏။ “သင့်တော်တဲ့ မြှုပ်နှံမှုနေရာကို ပြင်ဆင်”
“...”
ယွီကျန့်ဟိုင်က အသက်ရောက်ခံရဆုံးဖြစ်ပုံပေါ်သည်။ သူ နောက်သို့ယိုင်သွားပြီးနောက် သူ့အသက်တဝက် ဆုံးရှုံးသွားသည့်ပမာ မျက်နှာက ဖြူဖျော့သွားတော့သည်။
အကြီးအကဲလေးယောက်က ခေါင်းငုံ့ထားမိသည်။ ညလေပြေက တောင်ပေါ်မှ တိုက်ခတ်လာပြီး ညှိုးခြောက်နေသော သစ်ပင်များကို မွှေနှောက်သွားလေ၏။
သုံးရက်ကြာပြီးနောက် ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းက စိတ်ဓာတ်တက်ကြွမှု ကင်းမဲ့နေသည်။ အကြီးအကဲလေးယောက်နှင့် အစောင့်အရှောက်များသည် တောင်ဖက်မျှော်နန်းအပြင်ဖက်တွင် ရပ်နေလေ၏။
ဖန်ကျုံးသည် အဝေးကနေလျှောက်လာပြီး ခေါင်းခါကာ ပြောလိုက်တော့၏။ “ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့ ဒီသုံးရက်လုံးထွက်မလာကြဘူး။ သူတို့က တချိန်လုံးစကားတစ်ခွန်းမှ မပြောဘဲ မြောက်ပိုင်းမျှော်နန်းထဲမှာ အခေါင်းလုပ်ဖို့ပဲ ပြင်ဆင်နေကြတယ်”
ဖန်လီထန်းက သက်ပြင်းချလိုက်၏။ “သူတို့ကို အခုလွှတ်ထားလိုက်ဦး။ ဒီအချိန်မှာ သွားမနှောင့်ယှက်နဲ့”
ကျိုးကျစ်ဖုန်းက မေးလိုက်၏။ “ကျွန်တော်တို့ နောက်ထပ်ဘာလုပ်ကြမလဲ”
“ပထမသခင်လေး ပြောတာတော့ သတ္တမသခင်လေးက သူသေသွားပြီးရင် ပင်လယ်ကို ပြန်သွားချင်တယ်တဲ့။ မနက်ဖြန်ကျရင်...” ဖန်ကျုံးသည် သူ၏စကားကို ပြီးအောင်မပြောနိုင်ခဲ့ပေ။
ကျော့ယွီရှုက သက်ပြင်းချလိုက်၏။ “ငါ့ရဲ့အစ်ကိုကို ဒီလိုပုံမျိုး တခါမှမတွေ့ဖူးဘူး။ သူ အရှေ့ဖက်မျှော်နန်းမှာ ရှိနေပြီး လုံးဝမလှုပ်ဘူး။ သူ ကျင့်ကြံနေတဲ့ပုံလည်း မပေါ်ဘူး”
“ဆရာတစ်ယောက်က အဖေတစ်ယောက်လိုပဲ။ သူ ဘယ်လိုလုပ် ဘာမှမခံစားဘဲ နေနိုင်မှာလဲ။ အဲ့ဒီမိန်းကလေးနှစ်ယောက်တောင် အပြင်မထွက်လာတာကြာပြီ” ဖန်လီထန်းသည် လေထုအခြေအနေကို ဖြေလျော့ပေးဖို့ ကြိုးစားလိုက်၏။ “သောင်းကျန်းမဲ့သူတို့မရှိတော့ တစ်ခုခုလိုနေသလို ခံစားရတယ်”
“တတိယသခင်လေး၊ ပဉ္စမသခင်မလေးနဲ့ အဋ္ဌမသခင်လေးတို့ စိတ်ခံစားချက်မသက်ရောက်အောင် သူတို့ကို အကြောင်းမကြားတာ ပိုကောင်းလိမ့်မယ်”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
“မဟူရာကွန်ယက်က လူတွေကိုကော အကြောင်းကြားသင့်လား”
“ကြားရမှာပေါ့။ သူတို့တွေက သွေးသောက်ညီနောင်တွေပဲ”
“ဟုတ်ပြီလေ”
ဤနည်းဖြင့် အဝါရောင်တောင်ထွတ်ပေါ်သို့ သတင်းက လျင်မြန်စွာ ပို့ခံလိုက်ရသည်။
နောက်တစ်နေ့တွင် အရှေ့ဖက်မျှော်နန်း၌ ဖြစ်၏။ နောက်နေ့နံနက် အရှေ့ဖက်မျှော်နန်းတွင်ဖြစ်သည်။
“ရှစ်စွင်း အချိန်ကျပါပြီ” ယဲ့ထျန်းရှင်းသည် အရှေ့ဖက်မျှော်နန်းအပြင်ကနေ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“အရင်သွားနှင့်။ ငါ တစ်ယောက်တည်းနေချင်တယ်” လုကျိုးက ပြောလိုက်သည်။ တစ်ချိန်လုံး သူ မျက်လုံးကို မှိတ်ထားလေ၏။
“နားလည်ပါပြီ”
ထိုစဉ် လူတိုင်းက တောင်ဖက်မျှော်နန်း၌ စုဝေးနေလေ၏။ သူတို့သည် သင်္ကေတများထွင်းထားသည့် အနက်ရောင်ခေါင်းတလားကို ကြည့်မိသွားကြသည်။ ယနေ့က ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်လာရန် ကံမပါလာပေ။
“အခေါင်းကိုမ”
“မလိုဘူး။ မင်းတို့ဒီတိုင်းနေ” ယွီကျန့်ဟိုင်က မျက်နှာသေဖြင့် ခေါင်းတလားပေါ် လက်ဖိလိုက်၏။
ယွီရှန်းရုန်က လှည့်ထွက်သွားကာ အဝေးသို့ ပျံသန်းသွားပြီး ယွီကျန့်ဟိုင်နည်းတူ မျက်နှာသေဖြင့် ဖြစ်နေ၏။
ကျန်သည့်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။
“ချီရှစ်တိက ဒါမျိုးတိတ်ဆိတ်မှုကို သဘောကျတယ်။ သူ ပျော်နေမှာပဲ” ယွီကျန့်ဟိုင်က သိမ်းကြုံးကြည့်လျက် ပြောလိုက်သည်။ ပြီးနောက် သူ့လက်ထဲရှိချီကို စုစည်းကာ အားတင်းပြုံးလျက် ပြောလိုက်လေ၏။ “သွားကြမယ်”
ယွီကျန့်ဟိုင်သည် ခေါင်းတလားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းအပြင်သို့ ပျံသန်းသွားလိုက်သည်။
ပြီးနောက် မင်ရှစ်ရင်၊ ယဲ့ထျန်းရှင်း၊ ရှောင်ယွမ်အာ၊ ခရုလေး၊ ကျိုးကျစ်ဖုန်း၊ လန်လော့၊ ဟွားဝူတောက်၊ ဖန်လီထျန်း၊ ကျော့ယွီရှု၊ မုန့်ချန်းတုံ့၊ ရှန်းရှီ၊ လီရှောင်မော့၊ ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့်သူ၏ညီနောင်များ၊ ချင်နိုင်ဟယ်နှင့် ချင်မျိုးနွယ်မှ ဓားသမား ၄၉ယောက်၊ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ အမျိုးသမီးကျင့်ကြံသူတို့သည် ဝေဟင်ဖက် တညီတညွတ်တည်း ဦးညွတ်လိုက်လေ၏။
အဆုံးမဲ့သမုဒ္ဒရာတွင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်က တည်ငြိမ်လွန်းနေပြီး မျှခြေမညီမျှမှု မရှိပုံပေါ်၏။
ယွီကျန့်ဟိုင်သည် ခေါင်းတလားကို ကြည့်ပြီးနောက် ပင်လယ်ကိုလက်ညှိုးထိုးကာ ပြောလိုက်တော့သည်။
“အရင်တုန်းက မင်းမှာတစုံတစ်ခု မကောင်းတာဖြစ်တိုင်း မင်း ပင်လယ်ကိုပြန်သွားချင်တယ်လို့ ပြောတာ ငါ မှတ်မိသေးတယ်”
သူက ပြုံးလျက် ဆက်ပြောလိုက်၏။ “ပင်လယ်ထဲမှာ သားရဲတွေရှိတယ်။ မင်းရဲ့စိတ် မပြောင်းချင်ဘူးလား” ယွီကျန့်ဟိုင်က ခေါင်းတလားကို အသာလေးပုတ်လိုက်သော်ငြား ၎င်းက တိတ်ဆိတ်နေလေ၏။ တုံ့ပြန်မှုမရှိပေ။
“ပင်လယ်သားရဲတွေက ကိုယ့်မျိုးနွယ်ကိုမမှတ်မိကြဘူး။ သူတို့မင်းကို အပိုင်းပိုင်းအစိတ်စိတ် ဆုတ်ဖြဲပစ်လိုက်မယ်။ ဒီခေါင်းတလားနဲ့ ရှစ်စွင်းရဲ့ချိတ်ပိတ်မှု နည်းစနစ်က မင်းကို အချိန်အကြာကြီးကာကွယ်ပေးမှာ မဟုတ်ဘူး”
ပင်လယ်က တည်ငြိမ်နေသေး၏။
ယွီကျန့်ဟိုင်သည် လေထဲအချိန်အတော်ကြာ ပျံဝဲနေသည်။ နောက်ဆုံး၌ သူ၏အပြုံးပျောက်ကွယ်သွားကာ ပြောလိုက်သည်။ “အစ်ကိုကြီးက အသုံးမကျပါဘူး။ မင်းက ငါ့ကိုအသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပေမဲ့ ငါ မင်းကို ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး”
ယွီကျန့်ဟိုင်က မျက်လုံးမှိတ်ထားလျက် သူ၏ညာလက်ကို တွန်းထုတ်လိုက်၏။
ခေါင်းတလားကို စွမ်းအင်စည်းတံဆိပ်များက ဝိုင်းထားပြီး ၎င်းက ပင်လယ်ရေမျက်နှာပြင်ပေါ် ဆောင်ယူလာသည်။
ယွီကျန့်ဟိုင်က ဤအတိုင်းတစ်ရက်တစ်ညထိန်းထား၏။ ညမရောက်ခင် အရုဏ်ဦးအချိန် ရောက်လာပြန်၏။
ယွီကျန့်ဟိုင်၏လက်တို့ တုန်ယင်ပြီးထုံကျဉ်လာသည့်အချိန်တွင် ပြောလိုက်၏။ “အဆုံးမဲ့သမုဒ္ဒရာထဲက ရေက အရမ်းအေးတယ်။ မင်း အေးတယ်ဆိုရင် ငါတို့ဆီပြန်လာဖို့ သတိရဦး”
ဗွမ်း
ခေါင်းတလားက ပင်လယ်ထဲသို့နစ်မြှုပ်သွားစဉ် သင်္ကေတတစ်ခုပြီးတစ်ခု လင်းလာ၏။ ၎င်းသည် ပင်လယ်ဝါးမြိုတာ ခံရသည်အထိ ဆက်လက်ပြုတ်ကျသွားတော့သည်။
အရှေ့ဖက်မျှော်နန်းထဲတွင်ဖြစ်သည်။ လုကျိုးက မျက်လုံးဖွင့်လိုက်လေ၏။ သူက လှစ်ကနဲပင် မိစ္ဆာဝေဟင်မျှော်နန်းထက်သို့ ရောက်သွား၏။
အမှောင်ထုထဲတွင် အချိန်အတော်ကြာအောင် မလှုပ်မယှက်ရပ်နေသော ယွီရှန်းရုန်သည် ရုတ်တရက် ဇဝေဇဝါဖြင့် လှည့်လာကာ အနည်းငယ်အံ့ဩသွား၏။ “ရှစ်စွင်းလား”
ဝှစ်
လုကျိုးသည် မြင်ကွင်းမှ ပျောက်သွား၏။ သူ အဆုံးမဲ့သမုဒ္ဒရာသို့ မသွားခဲ့ပေ။ ထိုအစား တောအုပ်ထဲရှိ သင်္ကေတလမ်းကြောင်းသို့ သွားလေ၏။
ညအချိန်တွင်ဖြစ်သည်။ အစိမ်းရောင်ကြာနယ်မြေရှိ ချင်မျိုးနွယ်၏တောင်ဖက်လေ့ကျင့်ရေးခန်းမထဲတွင် ဖြစ်သည်။
ချင်ရန်ယွဲ့က တရားထိုင်ပြီးကျင့်ကြံနေစဉ် နားထဲအသံတစ်သံပေါ်လာ၏။
“ဆရာသခင်ချင် မင်းရဲ့သင်္ကေတလမ်းကြောင်းကို ငှားချင်တယ်”
“အစ်ကိုလု”
ချင်ရန်ယွဲ့က ထိတ်လန့်သွားလေ၏။ သူက လှစ်ကနဲပင် အသံလာရာဖက်ကို ပျံသန်းသွား၏။ သူ၏ ဆင်ခြင်တုံတရားဖြင့် ဖိနှိပ်ထားရသည့် ဒေါသဖြစ်ပုံပေါ်သည်။ ချင်ရန်ယွဲ့က လုကျိုးဝေဟင်ထဲ ပျံဝဲနေတာကို မြင်သောအခါ မေးလိုက်၏။ “ဘယ်သွားနေတာလဲ အစ်ကိုလု”
“အမည်မသိကုန်းမြေထဲက ယွီကျုံးကို”
“အမည်မသိကုန်းမြေလား။ အခုလား” ချင်ရန်ယွဲ့က စိတ်ရှုပ်ထွေးသွားလေ၏။ သူက ဖြစ်ပျက်နေတာကို သတိမပြုမိသေးပေ။
“ဟုတ်တယ် အခု” လုကျိုးက ပြောလိုက်သည်။ လုကျိုး၏လေးနက်တည်ကြည်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာကို မြင်သောအခါ ချင်ရန်ယွဲ့က လုကျိုးနောက်နေတာ မဟုတ်မှန်း သိသွားသည်။ သူက ပြောလိုက်သည်။ “ကောင်းပြီ အစ်ကိုလုနဲ့လိုက်ပေးမယ်”
သင်္ကေတလမ်းကြောင်းကနေ ခရီးနှင်လာပြီးနောက် နှစ်ယောက်သားသည် အမည်မသိကုန်းမြေထဲ ဖြတ်သန်းသွားလေ၏။
နှစ်နာရီကြာပြီးနောက် နှစ်ယောက်သားသည် နောက်ဆုံး၌ ယွီကျုံးသို့ရောက်သွားသည်။ ဖျက်ဆီးခြင်းတိုင်လုံးက ရှိနေသေးပြီး ၎င်းက ဘယ်တော့မှ ပြိုလဲသွားမည့်ပုံမပေါ်ပေ။
ညအချိန်၌ ယွီကျုံးသည် အခြားသောနယ်မြေကိုးခုနှင့်တူညီလုနီးပါးရှိပြီး ကောင်းကင်ကို အနက်ရောင်မြူများက ဖုံးကွယ်ထားသေး၏။ ယခင်နည်းတူ ဘာမှမမြင်ရသေးပေ။
ချင်ရန်ယွဲ့က လုကျိုးကိုကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့ ယွီကျုံးရောက်ပြီ”
လုကျိုး၏အမူအရာက ပြောင်းလဲမှုမရှိပေ။ သူက ခေါင်းမော့လျက် ဝေဟင်ကိုကြည့်ကာ ပြောလိုက်သည်။ “ဒီ ငါ မိုးကို ဖောက်ပစ်မယ်”
ဝှစ်
လုကျိုးသည် လျှပ်ပြက်သောအရှိန်ဖြင့်လှုပ်ရှားလျက် ဝေဟင်ထဲပျံသန်းသွားတော့သည်။
ချင်ရန်ယွဲ့သည် လုကျိုးကိုတားရန်လက်မြှောက်လိုက်ပြီး ကြောက်လန့်မှုကြောင့် မျက်နှာ ဖြူဖျော့သွားလေ၏။ လုကျိုးသည် ယခုအချိန်၌ ချင်ရန်ယွဲ့စကားကို မည်သို့နားထောင်နိုင်မည်နည်း။ ချန်ဖုတောင် သူ့ကိုယခင်က ထိုရူးသွပ်သောအကွက်ကို မလုပ်ရန် မတားနိုင်ခဲ့ပေ။
ချင်ရန်ယွဲ့က စိတ်ပူပန်မှု ပိုတောင်တိုးလာသည်။ သူက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းလျက် အော်ပြောလိုက်၏။ “အစ်ကိုလု လုပ်လို့မရဘူး။ ယွီကျုံးထက်က ဝေဟင်ထဲမှာ လက်သည်းကိုးခု နဂါးနက်ပုန်းနေတယ်။ သူက အင်မတန်အစွမ်းထက်တာ”
လုကျိုးသည် နောက်ပြန်မကြည့်ဘဲ မှောင်မည်းနေသောမြူထဲဝင်သွားသည်။
ချင်ရန်ယွဲ့က လေထဲရပ်တန့်သွားလေ၏။ သူ၏ကျင့်ကြံဆင့်က ကောင်းကင်ဘုံကို အန်တုရလောက်အောင် မသန်မာပေ။ ထို့ကြောင့် ဤနေရာတွင် ရပ်နေရုံသာတတ်နိုင်၏။ သူ တစ်လှမ်းလှမ်းမိပါက ကံဆိုးမိုးမှောင်ကျသွားနိုင်သည်။ “ဘာလို့လဲ” ချင်ရန်ယွဲ့က မဖော်ထုတ်နိုင်သေးပေ။ သူက အနက်ရောင်မြူကို စိုးရိမ်ပူပန်စွာကြည့်လိုက်မိပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိ စွမ်းအင်အတက်အကျကို အာရုံခံမိကာ သူသည် မြူအောက်၌ အရှေ့အနောက်ပျံသန်းနေကာ လုကျိုး၏အရိပ်အယောင်ကို ဖမ်းဆုပ်နိုင်မလားဟု ကြည့်နေသည်။ ဘာမှမမြင်ရ မကြားရပေ။
အနက်ရောင်မြူထဲ၌ လုကျိုးသည် မရပ်မနားဘဲ တန်းတန်းမတ်မတ်ပျံသန်းသွားလေ၏။ သူ ပျံသန်းနေတာ အချိန်မည်မျှကြာသွားသည်မသိ။ ဖိနှိပ်နေသော ခံစားချက်က ပေါ်လာ၏။ ဤနည်းဖြင့် သူသည် လက်သည်းကိုးခု နဂါးနက်၏ပိုင်နက်ထဲ ရောက်သွားပြီမှန်း သိလိုက်သည်။ “ထွက်လာစမ်း” လုကျိုးက အော်ပြောလိုက်တော့သည်။
ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့်အသံလှိုင်းတို့သည် မျက်စိတစ်မှိတ်အတွင်း အရပ်မျက်နှာအနှံ့ ပြန့်နှံ့သွား၏။ ကောင်းကင်ထဲ မိုးခြိမ်းသံပမာ အားကောင်းလှပေသည်။
ချင်ရန်ယွဲ့သည် ကောင်းကင်ထဲတွင် ပဲ့တင်သံထပ်သွားစေသည့် မိုးခြိမ်းသံကိုကြားသောအခါ ခေါင်းမော့လိုက်ကာ လှမ်းအော်လိုက်၏။ “အစ်ကိုလု” သူ၏အသံသည် အနက်ရောင်မြူကို ထိုးဖောက်သွားပြီး ပတ်ဝန်းကျင်ထဲရှိ ထူးဆန်းသော စွမ်းအင်အတက်အကျကို ထိုးဖောက်နိုင်၏။ ပြီးနောက် သူသည် အသံသဲ့သဲ့ကြားလိုက်ရတော့သည်။ သူက ကြက်သီးမွေးညင်း ထသွားတော့၏။ “လက်သည်းကိုးခု နဂါးနက်”
လုကျိုးသည် နောက်ဆုံး၌ ဓားသွားကဲ့သို့ထက်မြေ့သည့် ဧရာမတောင်ပံများ အမှောင်ထုထဲမှ ပေါ်ထွက်လာတာကို မြင်သောအခါ အသေရိုက်ချက်ကတ်သုံးကတ်ကို ပြတ်ပြတ်သားသား ချေမွလိုက်၏။
“ဒီနေ့ မင်းအသက်ကို ရအောင်ယူမယ်”
လက်ဝါးစည်းတံဆိပ်သုံးခုသည် တလက်လက်တောက်ပသော ရွှေရောင်ဓားသွားများပမာ ဘေး၌ ပေါ်လာပြီး ပေပေါင်းသောင်းချီ ပြန့်ကားသွား၏။
ဘန်း ဘန်း ဘန်း
အနက်ရောင်တောင်ပံသည် လက်ဝါးစည်းတံဆိပ်နှင့်တိုက်မိသည့်အချိန်တွင် တောင်ပံက သက်ညှာမှုမရှိ ချေမှုန်းခံလိုက်ရ၏။
လေထဲရှိ စူးရှသောအော်သံသည် သိပ်သည်းသောမြူထဲမှ ပေါ်ထွက်လာတော့သည်။
ဖုန်း ဖုန်း ဖုန်း
ပေါက်ကွဲသံများက အနက်ရောင်မြူထဲမှ ပေါ်ထွက်လာပြီး ချင်ရန်ယွဲ့ကို ပိုတောင်ထိတ်လန့်သွားစေ၏။ သူက အနက်ရောင်မြူကို ဖောက်မြင်ရန် ကြိုးစားသော်ငြား အချည်းနှီးသာဖြစ်နေသည်။ သူ ကြားရသမျှက ပေါက်ကွဲသံများနှင့် စူးရှသည့်အော်သံများသာဖြစ်သည်။
လုကျိုးသည် အနက်ရောင်တောင်ပံတဖျပ်ဖျပ်ခတ်လျက် အဝေးသို့ပျံသန်းသွားရန် ကြိုးစားနေတာကို မြင်သောအခါ ဒေါသတကြီးအော်လိုက်၏။ “အေးခဲစေ”
လုကျိုးသည် သဲနာရီ၏စွမ်းအား အားလုံးကို ထုတ်သုံးလိုက်သည်။
ယွီကျုံးထက်ရှိ ကောင်းကင်ထဲတွင် အပြာရောင်လျှပ်စီးများ ပေါ်လာပြီး ထိုပုံရိပ်ကို အေးခဲသွားစေ၏။
လုကျိုးက လှစ်ကနဲပင် လက်သည်းကိုးခု နဂါးနက်ဆီပျံသန်းသွားပြီး နောက်ထပ်လက်ဝါးစည်းတံဆိပ်နှစ်ခုက ကျရောက်လာ၏။
သူ၏ဒေါသက ကုသိုလ်မှတ်ကို ဂရုမစိုက်တော့ပေ။ သူသည် အရှုံးအမြတ်ကို စိုးရိမ်ပူပန်တာ ရပ်တန့်လိုက်၏။ သူ၏သတ်ဖြတ်လိုစိတ်က တုံ့ဆိုင်းများဖြင့် ဆောင်ရွက်စေသည်။
ကျယ်ပြန့်သည့် ကောင်းကင်စွမ်းအား စည်းတံဆိပ်နှစ်ခုသည် သိပ်သည်းသောမြူများကို လှည်းကျင်းလျက် လက်သည်းကိုးခု နဂါးနက်ကို ထိမိသွားသည်။
စူးရှကျယ်လောင်သည့်အသံသည် ၁၅မိနစ်တင်းတင်း ကြာညောင်းခဲ့ပြီး လူတို့၏နားစည်ကို ထိုးဖောက်စေနိုင်ခဲ့သည်။
ချင်ရန်ယွဲ့သည် အသံလာရာဖက်ကို ကြည့်ပြီး မျက်လုံးပြူးသွားလေ၏။ သူ ရေရွတ်ပြောလိုက်တော့သည်။ “အစ်ကိုလု ခင်ဗျား ဘာမှဖြစ်လို့မရဘူး” ပြီးနောက် ချင်ရန်ယွဲ့သည် သူ့ဘဝ၌ ဘယ်တော့မှမေ့မှာမဟုတ်သည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
တောင်ပံခေါက်လျက်သား လက်သည်းကိုးခု နဂါးနက်၏ပုံရိပ်သည် အနက်ရောင်မြူထဲမှ ပြုတ်ကျလာပြီး ယွီကျုံးရှိ မြေပြင်ပေါ် ဖုတ်ကနဲ ကျလာ၏။
ထိုစဉ် လုကျိုးက အနက်ရောင်မြူထဲမှ ထွက်လာသည်။ ပြီးနောက် သူသည် ကောင်းကင်ထဲပျံဝဲလျက် လက်သည်းကိုးခုနဂါးနက်ကို ကြည့်လိုက်တော့သည်။
...
အခန်း (၁၄၁၂) ကောင်းကင်ဘုံကို တိုက်ခိုက်ခြင်း
ချင်ရန်ယွဲ့က လက်သည်းကိုးဖက် နဂါးနက်ကို တငေးတမော ကြည့်လိုက်သည်။ သူ့အနေဖြင့် သူ မြင်နေရသည့်အရာကို လက်ခံဖို့ အချိန်တစ်ခု ကြာမြင့်ခဲ့၏။ သူက လက်သည်းကိုးခုနဂါးနက်နှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာကို ကြားခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က ယွီကျုံး၏ ဖျက်ဆီးခြင်းတိုင်လုံးအနီးတွင် စောင့်ရှောက်သည့် အစောင့်အရှောက်ဟု ဆိုကြသည်။ တချို့ကမူ မဟာကျတ်တီးကုန်းမြေ၏ မျှခြေထိန်းညှိသူဟု ဆိုကြသည်။ ထို့အပြင် မဟာလေဟာနယ်မှ မွေးမြူထားသည့် ခက်ထန်သားရဲတစ်ကောင် ဖြစ်သည်ဟုလည်း ဆိုကြပေသည်။
လက်သည်းကိုးခု နဂါးနက်က မိုက်ရူးရဲဆန်သည့်သူများ၏ အသက်များကို ခြွေခဲ့သည်။ ဉာဏ်ကြီးသူများက နောက်မျိုးဆက်အား အမည်မသိကုန်းမြေထဲ၌ ပုန်းအောင်းနေသည့် ခက်ထန်သားရဲတစ်ကောင်ရှိကြောင်း ရှေးဟောင်းစာအုပ်များထဲ၌ ချန်ထားခဲ့သည်။ သူတို့၏ သတိပေးချက်က အမြဲတမ်း အတူတူသာဖြစ်၏။
ထိုအရာကို သွား၍ စိန်မခေါ်ဖို့ရာသာ ဖြစ်၏။
လက်သည်းကိုးခုနဂါးနက်က ပြိုင်ဘက်ကင်းကြောင်း မျိုးဆက်တစ်ခုမှ တစ်ခု ပျံ့နှံ့လာပြီး ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် ယွီကျုံး၌ လက်သည်းကိုးခုနဂါးနက်က လဲလျောင်းနေလေသည်။ ထိုအရာက ရုန်းကန်းနေရင်း တောင်ပံခတ်လိုက်၏။
အနီးနားရှိ သစ်ပင်တောင်များက လက်သည်းကိုးခုနဂါးနက်ကြောင့် ကြေမွသွားလေသည်။
နောက်ဆုံးတွင် ချင်ရန်ယွဲ့က သူ့ကိုယ်သူဖိအားပေးကာ လုကျိုးအနားတွင် ပေါ်ထွက်လာကာ မေးလိုက်သည်။
“အစ်ကိုလု သူ့ကို သတ်လိုက်တာလား”
“သူက သေဖို့ ထိုက်တန်တယ်” လုကျိုးက ပြောလိုက်သည်။
“…”
ချင်ရန်ယွဲ့က ဘာပြောရမှန်း မသိတော့ပေ။ စိတ်ထဲ၌ သူက တွေးလိုက်၏။
လက်သည်းကိုးခု နဂါးနက်က ရှေးဟောင်းသားရဲလေ။ ဘယ်တုန်းကများ အစ်ကိုလုကို ရန်စလိုက်တာတုန်း။ အာ မဟုတ်သေးပါဘူး။ ဒါက အဓိကအချက်မဟုတ်သေးဘူး…
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“လက်သည်းကိုးခုနဂါးနက် အဲဒါက သူတော်စင်တွေကိုတောင် မကြောက်ဘူး။ ဒါက…”
ချင်ရန်ယွဲ့က သူ့ရှေ့တွင်ရှိနေသည့် လက်သည်းကိုးခုနဂါးနက်သည် အတုလားဟု မေးချင်လာမိသည်။
လုကျိုးက ချင်ရန်ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။
“မဟာဆရာသခင်တွေက မသတ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ”
အပြုအမူက လေလုံးထက် ပို၍အဓိပ္ပာယ်ရှိပေသည်။
ချင်ရန်ယွဲ့က အံ့အားသင့်နေရာမှ ပြန်လည်အသိပြန်မကပ်သေးပေ။ သူက လက်သည်းကိုးခု နဂါးနက်အကြောင်း ဒဏ္ဍာရီက ချဲ့ကားထားသည်ဟု တွေးမိသွား၏။ ထိုအရာက ကောလာဟလများလောက် အားကောင်းခြင်း မရှိပေ။
ထိုအခိုက်အတန့်၌ လက်သည်းကိုးခုနဂါးနက် ရုန်းကန်နေရင်း ငြိမ်ကျသွားလေသည်။
“တီ လက်သည်းကိုးခု နဂါးနက်ကို သတ်နိုင်တဲ့တွက် ကုသိုလ်ရမှတ် ငါးသောင်း ရရှိပါတယ်”
ချင်ရန်ယွဲ့က လက်သည်းကိုးခု နဂါးနက် သေဆုံးသွားကြောင်း သိသည့်အခါ ပျော်ရွှင်လာမိသည်။ သူက လုကျိုးကို လှည့်ကာ ဂုဏ်ပြုစကားဆိုတော့မည့်ဆဲဆဲတွင် လုကျိုးက အမူအရာကင်းမဲ့စွာ ရှိနေလေ၏။
ချင်ရန်ယွဲ့က အချိန်အတော်ကြာ အသက်ရှင်ခဲ့သည်။ သူက လုကျိုးကို ကြည့်လေလေ လုကျိုးက သူ့ဒေါသကို ဖိနှိပ်ထားမှန်း ပိုမိုသိလာလေလေ ဖြစ်၏။
ထိုအခိုက်အတန့်၌ လုကျိုးက အမည်မဲ့ကို ဓားအသွင်ထုတ်ကာ ပျံသန်းသွားလိုက်သည်။ ထို့နောက် အလောင်းဝန်းကျင်တွင် စွမ်းအင်ဓားတစ်သောင်းထွက်ပေါ်လာလေ၏။
ဘန်း ဘန်း ဘန်း
လက်သည်းကိုးခု နဂါးနက်၏ အရေခွံက အတော်လေး မာကြောသော်လည်း အမည်မဲ့ဖြင့် အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။
လူသားများအနေဖြင့် မီတာတစ်သောင်းရှည်လျားသည့်အရာကိုမဖွင့်နိုင်လုနီးပါးဖြစ်သွားသည်။ သို့သော်လည်း လုကျိုးကမူ မဟာဆရာသခင်တစ်ယောက်ဖြစ်ပြီး ၁၅မိနစ်အတွင်း စွမ်းအင်ဓားများဖြင့် သုံးပိုင်းပိုင်းနိုင်ခဲ့သည်။
သိပ်မကြာခင် ချင်ရန်ယွဲ့က ဆဌဂံကြယ်စင်အတိုင်း နေရာယူထားသည့် အသက်ဓာတ်နှလုံးသား ၆ခုကို မြင်လိုက်ရသည်။
“အသက်ဓာတ်နှလုံးသားလေ”
လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်ပြီး အသက်ဓာတ်နှလုံးသား ၆ခုကို ကျယ်ပြောကောင်းကင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။
ချင်ရန်ယွဲ့ “…”
မဟာဆရာသခင်ဆိုတဲ့အတိုင်းပဲ…
…………………………………………
လက်သည်းကိုးခု နဂါးနက် သေဆုံးသွားသည်နှင့် အထွတ်အမြတ်ခန်းမရှေ့တွင်ရှိနေသည့်ချိန်ခွင်က ဆူဆူညံညံအသံတစ်သံ ထွက်ပေါ်လာသည်။
ဝှစ် ဝှစ် ဝှစ်
ထို့နောက် အထွတ်အမြတ်ခန်းမရှေ့တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အကြီးအကဲတစ်ဦးက လေထဲတွင် ဝဲပျံနေရင်း ပြောလိုက်သည်။
“မဟာကျတ်တီးကုန်းမြေမှာ ရုတ်ရုတ်သဲသဲဖြစ်တယ်။ လက်သည်းကိုးခု နဂါးနက်က ပျောက်ဆုံးသွားပြီ”
အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
“လက်သည်းကိုးခု နဂါးနက်က ပျောက်ဆုံးသွားတာလား။ ဘယ်သူက မဟာလေဟာနယ်ရဲ့ အထွတ်အမြတ်သားရဲကို ရင်ဆိုင်ရလောက်အောင် သတ္တိကောင်းနေတာလဲ”
“ငါတို့တွေ သေလားရှင်လားဆိုတာ မသိရသေးဘူး။ တကယ်လို့ အသတ်ခံရတယ်ဆိုရင်တော့ သံသယဝင်စရာနှစ်ခုပဲရှိတယ်။ တရားခံက အမည်မသိကုန်းမြေထဲက ပင်မနေရာက ရှေးဟောင်းနတ်သားရဲဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ ချန်ဖုပဲ ဖြစ်လိမ့်မယ်။ ချန်ဖုက လွဲရင် နယ်မြေတစ်ခုမှာ တခြားသူတော်စင်မရှိဘူး”
“ကျုပ်တော့ သဘောမတူဘူး။ မျှခြေမညီမျှမှုက ဖြစ်လာတာကြာလှပြီ။ အချိန်အတွင်းမှာ အားကောင်းတဲ့ ကျင့်ကြံသူတွေအများကြီး ပေါ်ထွက်လာတာ။ ပြီးတော့ နှစ်သုံးရာခန့်က ပျောက်ဆုံးသွားတဲ့ မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုကို မမေ့နဲ့ဦး”
“မဖြစ်နိုင်ဘူး” ကောင်းကင်ယံတွင်ရှိနေသည့် လူအိုကြီးက လက်ကိုဝှေ့ကာ ပြောလိုက်သည်။
“မဟာလေဟာနယ်မျိုးစေ့နဲ့ဆိုရင်တောင် အချိန်တိုအတွင်း ဆရာသခင်တစ်ယောက်ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ သူတော်စင်ဆိုတာ ထည့်ပြောဖို့တောင် မလိုတော့ဘူး။ ပြီးတော့ လက်သည်းကိုးခု နဂါးနက်က ဘယ်လောက်အားကောင်းလဲဆိုတာ သိကြတာပဲ”
“ငြင်းခုန်မနေကြနဲ့တော့။ ခန်းမသခင်ပြောတာပဲ နားထောင်ကြတာပေါ့”
အားလုံးက တိတ်ဆိတ်သွားကြသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခန်းမထဲမှ အသံတစ်သံ ပျံ့လွင့်လာလေ၏။
အားလုံးက ချက်ချင်းဦးညွှတ်လိုက်ကြသည်။
“ခန်းမက မျှခြေအပေါ်မှာ အာရုံစိုက်ပြီးတော့ နယ်မြေ ၉ခုရဲ့ တည်ငြိမ်မှုကို အလေးထားခဲ့တာ။ ငါတို့တွေက မသေချာတဲ့ အချက်အလက်တွေအားလုံးကို ရှင်းထုတ်ပစ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကောက်ချက်ချမစောနဲ့ဦး။ တစ်စုံတစ်ယောက်ကို စုံစမ်းဖို့ လွှတ်လိုက်။ ကိုယ့်ကိုယ်ကို အရူးမလုပ်မိစေနဲ့”
“ဟုတ်ကဲ့”
“အိုးရန် ဒီကိစ္စကို မင်းဆီအပ်ထားလိုက်မယ်” အထွတ်အမြတ်ခန်းမသခင်က ပြောလိုက်သည်။
အိုးရန်က ဦးညွှတ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့”
…………………………………………………
အမည်မသိကုန်းမြေ၏ ယွီကျုံး
လုကျိုးက အသက်ဓာတ်နှလုံးသားစာအုပ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ခေါင်းကိုမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ သူ့ဒေါသက ပျောက်ကွယ်သွားခြင်း မရှိပေ။
လက်သည်းကိုးခု နဂါးနက်သေဆုံးသွားမှုကြောင့် ယွီကျုံးရှိ မျှခြေမညီမျှမှုက ပိုမိုဆိုးရွားလာလေသည်။ မြူခိုးများက လှိမ့်တက်လာပြီးလေက ပိုမိုပြင်းထန်လာသည်။
ယွီကျုံးရှိ ဖျက်ဆီးခြင်းတိုင်လုံးအနီးတွင်လည်း လေမုန်တိုင်းများ လှည့်ပတ်လာကာ ခက်ထန်သားရဲများစွာကလည်း အဝေးတစ်နေရာ၌ ပေါ်ထွက်လာလေသည်။
ချင်ရန်ယွဲ့က လေဟုန်သံကြား အသံကြားရအောင် ငဲ့ပြောလိုက်သည်။
“ကျုပ်တို့တွေ မဟာလေဟာနယ်ရဲ့ အာရုံကို ဖမ်းယူမှာ စိုးမိတယ်။ အစ်ကိုလု သွားကြစို့”
လုကျိုးက ဘာမှမပြောပေ။ သူက အနက်ရောင်မြူခိုးများကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။ မဟာလေဟာနယ်ကလူတွေ ပေါ်ထွက်လာမည်လား။
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“ငါက လုံလုံလောက်လောက်တောင် မသတ်ရသေးဘူး။ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ”
ချင်ရန်ယွဲ့က အံ့အားသင့်သွားပြီး အလျင်စလိုမေးလိုက်သည်။
“အစ်ကိုလု ကောင်းကင်ယံအထိ တိုက်ခိုက်ဖို့များ ရည်ရွယ်နေတာလား”
လုကျိုးက ပြောလိုက်သည်။
“မဟာလေဟာနယ်က ငါ့တပည့်ရဲ့ သေဆုံးမှုကို ဖြစ်စေခဲ့တယ်။ တကယ်လို့ ငါသာ သူ့အတွက် လက်စားချေမပေးနိုင်ဘူးဆိုရင် ဆရာလို့ အခေါ်ခံရဖို့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”
ချင်ရန်ယွဲ့က ထိုအရာကို ကြားသည့်အခါ တုံ့ဆိုင်းသွားလေသည်။ သူက သူ့အသက်ကို စတေးကာ လုကျိုးကို ဆွဲယူဖို့ ပြင်ဆင်ထားခဲ့သော်လည်း ထိုစကားများကို ကြားပြီးသည့်နောက်တွင် သူ့အတွေးများကို ဖယ်ရှားလိုက်သည်။ နောက်ဆုံးတွင် သူက လုကျိုး၏ ဒေါသနောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သွားလေ၏။
ကမ္ဘာပေါ်တွင် ရှိသမျှအရာအားလုံးက အကျိုးနှင့်အကြောင်း ရှိလေသည်။
ချင်ရန်ယွဲ့က လုကျိုးကို မတားတော့ပေ။ ထိုအစား သူက လုကျိုးဘေးတွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်ပြီး မေးလိုက်သည်။
“ဒီလိုလုပ်ချင်တာ သေချာရဲ့လား”
“ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးဆိုတော့ မင်းသွားလို့ရတယ်” လုကျိုးက ပြောလိုက်သည်။
ချင်ရန်ယွဲ့က ပြုံးလိုက်၏။
“ဟာသပဲ။ တကယ်လို့ ကျုပ်ထွက်သွားမယ်ဆိုရင် ကျုပ်က မိတ်ဆွေအဖြစ် မှတ်ယူလို့ ရပါဦးမလား”
“မင်း နောင်တမရဘူးလား”
ထိုစကားများကို ကြားကာ ချင်ရန်ယွဲ့က ကိစ္စများစွာကို ပြန်လည်တွေးတောရင်း ကောင်းကင်ယံတွင် ဖြစ်နေသည့် အနက်ရောင်မြူခိုးလုံးကို ကြည့်လိုက်သည်။ သူက မြောက်ဖက်လေ့ကျင့်ရေးခန်းမတွင် မီးတောက် ဇာမဏီလောင်ကျွမ်းခဲ့သည့် ဖြစ်ရပ်များကိုပင် ပြန်လည်အမှတ်ရသွားမိသည်။ ထို့နောက် သူက ခေါင်းကိုခါပြီး ပြောလိုက်သည်။
“ကျုပ်ဘဝမှာ နောင်တရတာတွေ အများကြီးပဲ။ ဒါပေမဲ့ ဒါက ကျုပ်နောင်တရမဲ့ အကြောင်းအရင်းမရှိတဲ့ ကိစ္စပဲ။ ကျုပ်က မော့ရှန်ရဲ့ သေဆုံးမှုကိုလည်း နောင်တမရခဲ့ဖူးဘူး။ အစ်ကိုလုဘေးမှာ တိုက်ခိုက်ရမဲ့အကြောင်းဆိုရင် ထည့်ပြောဖို့တောင် မလိုတော့ဘူး”
“ကောင်းပြီလေ” လုကျိုးက ထိုသို့ပြောပြီးသည့်နောက်တွင် အံ့ဖွယ်စွမ်းအားကိန်းအောင်းနေသည့် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် လက်ဝါးစည်းတံဆိပ်က ချင်ရန်ယွဲ့ကို တွန်းမပို့လိုက်ခင် လုကျိုးက လက်သည်းကိုးခု နဂါးနက်၏ အသက်ဓာတ်နှလုံးသားတစ်ခုကို ချင်ရန်ယွဲ့ဆီ ပစ်ပေးလိုက်သည်။
“အစ်ကိုလု ဘာတွေလုပ်နေတာလဲ” ချင်ရန်ယွဲ့က သတိတကြီး ဖြစ်သွားလေသည်။ သူက မဟာဆရာသခင်တစ်ယောက်အတွက် ပြိုင်ဖက်မဟုတ်ပေ။ သူက သူတို့၏ တာအိုစွမ်းအားကို လုံးလုံးမယှဉ်နိုင်ပေ။
ချင်ရန်ယွဲ့ကို မီတာတစ်ထောင်အထိ တွန်းပို့ပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က ပြောလိုက်၏။
“ထိုမိတ်ဆွေဖြင့် မှတ်ယူမယ်ဆိုရင် ဒီမှာနေပြီး ငါ့ကို ဆွဲမချနဲ့။ အသက်ဓာတ်နှလုံးသားကို ယူပြီး ထွက်သွားတော့”
“…”
ပြင်းထန်သည့်လေဟုန်များက ပြန်လည်တိုက်ခိုက်လာလေသည်။
ချင်ရန်ယွဲ့က လုကျိုးပေးထားသည့် လက်သည်းကိုးခု နဂါးနက်၏ အသက်ဓာတ်နှလုံးသားကို ကြည့်လေလေ ပိုမိုဒေါသထွက်လာလေလေ ဖြစ်၏။ သူက စိတ်ခုစွာ ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို မိတ်ဆွေအဖြစ် ဆက်ဆံတာ။ ခင်ဗျားက ကျုပ်ကို မိတ်ဆွေအဖြစ် မှတ်ယူရဲ့လား”
ချင်ရန်ယွဲ့က ထွက်မသွားပေ။ ထိုအစား သူက လုကျိုးဘေး၌ ပြန်သွားလိုက်သည်။
ထိုစဉ် ချင်ရန်ယွဲ့အနားတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူက သတိကြီးကြီးဖြစ်သွားလေသည်။
ထို့နောက် လေထဲ၌ လက်ဝါးစည်းတံဆိပ်ဒါဇင်ချီ ပျံ့လွင့်လာသည်။
“ဘယ်သူလဲ”
ပုံရိပ်က ချင်ရန်ယွဲ့၏ လက်ဝါးစည်းတံဆိပ်များကို အလွယ်တကူ ရှောင်ရှားလိုက်သည်။
“မင်းက မှန်ကန်ပြီးတော့ သမာသမတ်ကျတယ်။ ဒါပေမဲ့ အခု မင်းအနေနဲ့ မဆင်မခြင်ပြုမူရမဲ့ အချိန်မဟုတ်ဘူး”
လုကျိုးက လှည့်ကြည့်သည့်အချိန် ချင်ရန်ယွဲ့အနားတွင် ရပ်နေသည့်သူကို မြင်လိုက်ရသည်။
“ကျယ်ကျင့်အန်းလား”
ကျယ်ကျင့်အန်းက လုကျိုးကို ကြည့်ကာ မေးလိုက်သည်။
“ငါ့ကို မှတ်မိတယ်လား”
“ခင်ဗျား ပြာအဖြစ် ပြောင်းသွားရင်တောင် မှတ်မိသေးတယ်” လုကျိုးက ပြောလိုက်သည်။
ကျယ်ကျင့်အန်းက နေရခက်စွာ ရယ်မောပြီး ပြောလိုက်သည်။
“အား ကျုပ်က ဟာသလုပ်တာပါ။ စိတ်ထဲမထားပါနဲ့”
“ခင်ဗျားတို့က အချင်းချင်းသိနေတာလား” ချင်ရန်ယွဲ့က မေးလိုက်သည်။
ကျယ်ကျင့်အန်းက ခေါင်းယမ်းလိုက်၏။
“မသိဘူး”
“တကယ်လို့ အချင်းချင်းမသိဘူးဆိုရင် ဘာလို့ တရင်းတနှီးပြောနေတာလဲ။ ရူးနေတာလား”
ချင်ရန်ယွဲ့က စိတ်ရှုပ်ထွေးသွားလေ၏။
ထိုစဉ် ကျယ်ကျင့်အန်းက ပြောလိုက်သည်။
“ဒီနေရာမှာ ရပ်မနေနဲ့။ မဟာလေဟာနယ်ကသူတွေ ရောက်လာပြီ။ သွားကြစို့”
...
အခန်း (၁၄၁၃) မဟာလေဟာနယ်ကိုရင်ဆိုင်ခြင်း
ကျယ်ကျင့်အန်းက မျက်စိတစ်မှိတ်အတွင်း လုကျိုးရှေ့သို့ရောက်လာပြီး လုကျိုး၏လက်ကို ဖမ်းဆုပ်လိုက်လေ၏။
လုကျိုးက ချာကနဲလှည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ကောင်းကင်စွမ်းအားဖြင့်ပေါင်းစည်းထားပြီး ကျယ်ကျင့်အန်းကိုရှောင်ကာ မေးလိုက်တော့သည်။ “ကျုပ် ဒီရောက်နေတာ ခင်ဗျား ဘယ်လိုသိလဲ”
ကျယ်ကျင့်အန်းက စိုးရိမ်ပူပန်စွာပြောလိုက်၏။ “ရှင်းပြနေဖို့ အချိန်မရှိဘူး ငါနဲ့အရင်လိုက်ခဲ့”
“ငါက မဟာလေဟာနယ်ကိုကြောက်တယ်လို့ ထင်နေလား”
“ခင်ဗျား မကြောက်မှန်း ကျုပ် သိတာပေါ့။ ခင်ဗျားရဲ့အကျင့်စရိုက်မှ မဟုတ်တာ။ ဒါပေမဲ့ အခုက မဟာလေဟာနယ်ရဲ့ရန်သူဖွဲ့ဖို့ အချိန်မတန်သေးဘူး” ကျယ်ကျင့်အန်းက မခံမရပ်နိုင်သောပုံဖြင့် ပြောလိုက်သည်။
“ငါ ထင်တဲ့အတိုင်းပဲ။ မင်းက မဟာလေဟာနယ်ကပဲ” လုကျိုးက ပြောလိုက်သည်။
ဝေဟင်ထဲရှိ မြူတို့က ဆက်လက်လောင်ကျွမ်းနေပြီး ဖျက်ဆီးခြင်းတိုင်လုံးသည် လတစ်စင်းပမာ လင်းထိန်လာလျက် ယွီကျုံးကို အလင်းပေးနေတော့သည်။
ကျယ်ကျင့်အန်းက ယင်းကို မြင်သောအခါ မျက်မှောင်ကျုံ့မိသွားလေ၏။
“တောက်ပသံကျောက်လင်းလာပြီ။ သွားကြရအောင်”
ကျယ်ကျင့်အန်းက သူ၏လက်ကိုတွန်းထုတ်လိုက်ရာ သုံးယောက်သားရှေ့၌ ကြယ်တာရာဒိုင်ခွက်ပေါ်လာသည်။ လေပွေတစ်ခုပေါ်လာပြီး လေဟာနယ်က အေးခဲသွားကာ သုံးယောက်ကို ခေါ်ယူသွားလေ၏။
ဝေးလံသော တောင်နားရှိ စမ်းချောင်းတွင်ဖြစ်သည်။
လုကျိုး၊ ကျယ်ကျင့်အန်းနှင့် ချင်ရန်ယွဲ့တို့က မြေပြင်ပေါ်ဆင်းသက်လိုက်၏။ သူတို့က ယွီကျုံးရှိရာဖက်သို့ ချက်ချင်းကြည့်လိုက်သည်။ အကွာအဝေးကြောင့် သူတို့သည် ဖျက်ဆီးခြင်းတိုင်လုံးထဲရှိ ခရမ်းရောင်တောက်ပသံကျောက်မှ အလင်းဖျော့ဖျော့သာမြင်တွေ့ရပြီး ကျန်တာကို မမြင်နိုင်ပေ။
ဝေဟင်ထဲရှိ သားရဲပျံတို့သည် အလင်းကိုကြောက်ရွံ့ပုံပေါ်ကာ အနားမကပ်ရဲကြဘဲ အရပ်မျက်နှာအနှံ့ပျံသန်းသွားကြသည်။ သူတို့ထဲတွင် သားရဲဧကရာဇ်များ မပြတ်လပ်ပေ။
လုကျိုးက မေးလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ”
“ဒီလောက်သံသယများမနေနဲ့။ ငါသာမင်းရဲ့ရန်သူဆိုရင် မင်းကို ကူညီမှာမဟုတ်ဘူး။ မင်းကို လက်ဆောင်တောင် ပေးခဲ့သေးတာ” ကျယ်ကျင့်အန်းက ပြောလိုက်၏။
ချင်ရန်ယွဲ့က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူးလို့ ပြောခဲ့သလားလို့”
ကျယ်ကျင့်အန်းက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်၏။ “မသိဘူးလေ”
“...”
“ငါ သူတို့ကို မယှဉ်နိုင်ဘူးလို့ မင်း ထင်လား” လုကျိုးက မေးလိုက်၏။
ကျယ်ကျင့်အန်းက လုကျိုးမေးတာကို ပြန်မဖြေခဲ့ပေ။ ထိုအစား သူသည် ယွီကျုံးထဲရှိ ဖျက်ဆီးခြင်းတိုင်တွင်ရှိသော မြူကိုညွှန်ပြပြီးပြောလိုက်၏။ “ကြည့်ကြည့်”
ဝတ်ရုံဖြူကျင့်ကြံသူတစ်ဦးသည် ရေထဲနဂါးတစ်ကောင်ကို စီးနင်းလျက် ဝေဟင်ထဲဖြတ်သန်းသွား၏။ သူက ယွီကျုံးကို ပတ်သွားပြီးနောက် တောင်ဆီသို့ဦးတည်လိုက်သည်။
ကျယ်ကျင့်အန်းက နဂါးကိုကြည့်ပြီးပြောလိုက်၏။ “လက်သည်းကိုးခု နဂါးနက်သေသွားကြောင်း သတင်းရတာနဲ့ အမြန်ဒီကိုလာတာပဲ။ ခင်ဗျား ဒီမှာရှိနေမယ်လို့ မထင်ထားဘူး။ ကျုပ်သာ တစ်လှမ်းနောက်ကျသွားရင် ခင်ဗျား မဟာလေဟာနယ် ပစ်မှတ်ထားတာ ခံရမှာ”
ပြီးနောက် ကျယ်ကျင့်အန်းသည် ရေခဲနဂါးဖက်ညွှန်ပြကာ လုကျိုးနှင့်ချင်ရန်ယွဲ့တို့ကို ဘေးဖယ်ခိုင်းလိုက်၏။
ချင်ရန်ယွဲ့က ထိတ်လန့်သွားတော့သည်။ “တကယ်ရေခဲနဂါးလား”
“မဟာလေဟာနယ်ထဲမှာ အစွမ်းထက်တဲ့သတ္တဝါမပြတ်လပ်ဘူး။ ဒါက ရေခဲစိုင်ထိပ်ဖျားလောက်ပဲရှိသေးတယ်။ မဟာလေဟာနယ်က အတိတ်တုန်းကလို အစွမ်းထက်တုန်းပဲ။ မဟာလေဟာနယ်က မင်းကို သေစေချင်ရင် မင်း သေရမယ်ဆိုတာ ချဲ့ကားပြောတာမဟုတ်ဘူး” ကျယ်ကျင့်အန်းက ပြောလိုက်တော့သည်။
ချင်ရန်ယွဲ့က သုန်မုန်သောအမူအရာဖြင့် ပြောလိုက်လေ၏။ “မဟာလေဟာနယ်က ထင်တဲ့အတိုင်းပဲ။ ဒါနဲ့ သူ့ရဲ့ကျင့်ကြံဆင့်ကကော ဘာတဲ့လဲ”
ရေခဲနဂါးကိုစီးနေသည့် ဝတ်ရုံဖြူကျင့်ကြံသူသည် တောင်စီးကြောင်းကိုဖြတ်ပြီး မြင်ကွင်းမှ ပျောက်သွားလေ၏။
ကျယ်ကျင့်အန်းက ပြန်ပြောလိုက်သည်။ “သူက သာမန်ကင်းလှည့်အဖွဲ့တစ်ဖွဲ့ကပဲ။ သန်မာတယ်လို့ သတ်မှတ်လို့မရဘူး။ သန်မာတာက ရေခဲနဂါး အဲ့ဒီရေခဲနဂါးက မဟာလေဟာနယ်မှာ ရှိနှင့်နေပြီးသား ရေခဲနဂါး သုံးကောင်ထဲက တစ်ကောင်လေ။ သူတို့တွေက ရှေးဟောင်းနတ်သားရဲတွေပဲ”
ချင်ရန်ယွဲ့က မှင်တက်သွားလေ၏။ ပြီးနောက် သူက မေးလိုက်တော့သည်။ “ဒါဆို မီးဇာမဏီနဲ့ယှဉ်ရင် ဘယ်သူက ပိုသန်မာလဲ”
အံ့ဖွယ်နတ်သားရဲတစ်ကောင်၏ခွန်အားသည် ချင်ရန်ယွဲ့၏နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေ၏။
ကျယ်ကျင့်အန်းက ပြောလိုက်သည်။ “သူတို့ကို ယှဉ်နိုင်စရာအကြောင်းမရှိဘူး။ မီးဇာမဏီက ပြန်လည်မွေးဖွားနိုင်ပြီး ရေခဲနဂါးက ပြန်မမွေးဖွားနိုင်ဘူး။ မီးဇာမဏီက စစ်မှန်တဲ့မီးနဲ့ ထိခိုက်မှု ဖြစ်စေနိုင်ပြီး ရေခဲနဂါးက ရေကိုထိန်းချုပ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ခွန်အားနဲ့ ဉာဏ်ရည်အရာမှာဆို ရေခဲနဂါးက ပိုသန်မာတယ်”
“ဘယ်လောက်သန်မာလဲ” ချင်ရန်ယွဲ့က မေးလိုက်၏။
“ကြမ်းတမ်းခက်ထန်သားရဲအားလုံးကိုထိန်းကျောင်းနိုင်တယ်။ တချို့ကဆို လူသားတွေလောက် ဉာဏ်ရည်မြင့်ပြီး ပိုတောင်ကြောက်ဖို့ကောင်းသေးတယ်” ကျယ်ကျင့်အန်းက လေးနက်တည်ကြည်စွာပြောလိုက်၏။
ထိုစဉ် လုကျိုးက ပြောလိုက်တော့သည်။ “မင်း တစ်စုံတစ်ခုကို မေ့သွားတဲ့ပုံပဲ”
“ဘာလဲ” ကျယ်ကျင့်အန်းက ဇဝေဇဝါဖြစ်သွားလေ၏။
ချင်ရန်ယွဲ့က ကျယ်ကျင့်အန်းကို သတိပေးလိုက်လေ၏။ “လက်သည်းကိုးခုနဂါးနက်လေ” ကျယ်ကျင့်အန်း “...”
ကျယ်ကျင့်အန်းက သူ၏နဖူးကို အသာလေးရိုက်ပြီးနောက် လုကျိုးကို မေးလိုက်၏။ “ခင်ဗျား နဂါးနက်ကို ဘယ်လိုသတ်ခဲ့တာလဲ”
လုကျိုးသည် ကျယ်ကျင့်အန်းမေးတာကို မဖြေပေ။
ကျယ်ကျင့်အန်းက လုကျိုးကို အချိန်တချို့အံ့ဩနေပြီးနောက် ခေါင်းခါလိုက် ခေါင်းညိတ်လိုက်ဖြစ်နေ၏။ ခဏကြာပြီးနောက် သူ နောက်ဆုံးတွင် ခေါင်းခါလျက် ပြောလိုက်တော့သည်။ “မဖြစ်နိုင်တာ။ လုံးဝမဖြစ်နိုင်တာ”
ချင်ရန်ယွဲ့က ဆိတ်ဆိတ်သာနေလေ၏။ သူက အနက်ရောင်မြူအပြင်ဖက်တွင်ရှိနေခဲ့သောကြောင့် အထဲရှိအဖြစ်အပျက်ကို မမြင်နိုင်ချေ။ တကယ်တော့ သူသည်လည်း ယုံနိုင်ရန်ခက်ခဲနေ၏။ သို့သော် အခြေအနေကို ကြည့်လျှင် လုကျိုးက နဂါးနက်ကို တကယ်သတ်ခဲ့တာဖြစ်နိုင်ချေမြင့်သည်။
ဘီး
ထိုစဉ် ဖျက်ဆီးခြင်းတိုင်လုံးဆီမှ ထူးကဲသောအသံစွမ်းအင်က ပဲ့တင်သံထပ်လာ၏။
ယင်းကို ကြားသောအခါ ကျယ်ကျင့်အန်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားတော့သည်။ သူက ကောင်းကင်ထဲအနည်းငယ်တက်သွားပြီးနောက် ဖျက်ဆီးခြင်းတိုင်လုံးဖက်ကို ကြည့်လိုက်၏။ သူက လျင်မြန်စွာ ဆင်းသက်ကာ ပြောလိုက်၏။ “အဲ့တာ သူတော်စင်မိန်းမပျိုပဲ။ ငါ ပုန်းဖို့လိုတယ်။ မင်းတို့နှစ်ယောက် ဂရုစိုက်ကြ”
“နေဦး”
ကျယ်ကျင့်အန်းက မစောင့်နိုင်တော့ပေ။ သူ အမြန်ထွက်ခွာသွားရမည်။ သူသည် ပကတိမျက်လုံးဖြင့် လိုက်ဖမ်းရန် ခက်ခဲသည့်အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း အရှေ့မှ ပျောက်ကွယ်သွားလေ၏။
ချင်ရန်ယွဲ့က လုကျိုးဖက် လှည့်လာကာ မဝံ့မရဲခေါ်လိုက်တော့သည်။ “အစ်ကိုလုလား”
ချင်ရန်ယွဲ့သည် ထွက်သွားသင့်လား နေသင့်လား မသိပေ။ ထို့ကြောင့် လုကျိုး၏အမြင်ကို မေးရန်ဆုံးဖြတ်လိုက်၏။
လုကျိုးက လက်နောက်ပစ်ထားလျက် မတ်တပ်ရပ်နေကာ ပြောလိုက်သည်။ “စိတ်ပူဖို့မလိုဘူး”
ထိုစဉ် သူတို့နှစ်ယောက်သည် ဝေဟင်ထဲ၌ မြင့်မားလှသည့်အစိမ်းရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို တွေ့လိုက်ရ၏။ သူတို့အမြင်ကို မသိရပေ။ အစိမ်းရောင်ဝိညာဉ်နှစ်ခုပျောက်ကွယ်သွားသောအခါ တောင်စီးကြောင်းအပေါ်တွင် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ချင်ရန်ယွဲ့သည် မဟာလေဟာနယ်က ရှာတွေ့သွားမှာကို စိုးရိမ်ပူပန်နေစဉ် လုကျိုးပြောတာကို ကြားလိုက်ရ၏။ “မင်း ရောက်လာပြီပဲ”
“...”
ဝေဟင်ထဲရှိကျင့်ကြံသူနှစ်ယောက်က ငုံ့ကြည့်လိုက်ကြ၏။ လျှပ်တစ်ပြက်အတွင်း သူတို့သည် ခပ်နိမ့်နိမ့်ပျံသန်းကာ ဆင်းသက်လိုက်သည်။
ရင်းနှီးနေသောပုံရိပ်၊ ရင်းနှီးနေသော မျက်နှာ
“လန်ရှီဟယ်” လုကျိုးက လှမ်းခေါ်လိုက်သည်။ သူ စိတ်မပူရသည့်အကြောင်းအရင်းမှာ သူသည် ရနံ့ခံစွမ်းအားဖြင့် တစ်ဖက်လူ၏အရှိန်အဝါကို ရနံ့ခံနိုင်သော စွမ်းရည်ကြောင့်ဖြစ်သည်။ သူသည် အစောတည်းက ခေါင်းရမ်းပန်းနှင့် ပူရှိန်းသည့်လတ်ဆတ်သောရနံ့ကိုရနေပြီးသားဖြစ်သည်။
ကျန်သည့်လူက လန်ရှီဟယ်ဘေးတွင် အမြဲတစေရှိနေသည့် ဝတ်ရုံပြာအမျိုးသမီးလက်ထောက်ပဲဖြစ်သည်။
လန်ရှီဟယ်က မျက်မှောင်အနည်းငယ်ကျုံ့မိသွားကာ သူမ၏ကြည်လင်နေသော မျက်လုံးထဲတွင် သူမ၏အရိပ်အယောင်ပေါ်လာ၏။
“ရှင်လား”
“ကျုပ်ကို မှတ်မိနေတာ ကျေးဇူးပါပဲ” လုကျိုးက မျက်နှာသေဖြင့်ပြောလိုက်၏။
လန်ရှီဟယ်က မေးလိုက်တော့သည်။ “လက်သည်းကိုးခုနဂါးနက်ကို ရှင် သတ်ခဲ့တာလား”
“ဟုတ်တယ်။ ငါ သတ်ခဲ့တာ” လုကျိုးသည် ရိုးရိုးသားသားပြောရမှာမကြောက်ပေ။
လန်ရှီဟယ်က ပြောလိုက်၏။ “ရှင် တကယ်ရဲရင့်တာပဲ။ မဟာလေဟာနယ်အပြစ်ပေးမှာကို စိတ်မပူဘူးလား”
လန်ရှီဟယ်က အပြစ်ဒဏ်အကြောင်းပြောသည့်ပုံက သူမ၌ မြင့်မားသောရာထူးရှိကြောင်း ဖော်ပြနေပုံပေါ်၏။ သူမ စကားလုံးနှင့်အပြုအမူများသည် မြင့်မားသည့်ရာထူးကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်၏ ပုံစံမျိုးဆိုတာ သိသာ၏။
လုကျိုးက လန်ရှီဟယ်၏အမေးကိုမဖြေဘဲ မေးလိုက်တော့သည်။ “မင်း တစ်ယောက်ပဲလား”
လန်ရှီဟယ်သည် လုကျိုး၏အမေးကို မတုံ့ပြန်ဘဲ ပြောလိုက်တော့သည်။
“မျှော်နန်းသခင်လုက နဂါးနက်ကို မသတ်နိုင်ဘူးဆိုတာ ကျွန်မယုံတယ်။ ကျေးဇူးပြုပြီး ရှင့်ကိုယ်ရှင်ဂရုစိုက်ပါ။ သွားကြမယ်”
ထိုသို့ပြောပြီးနောက် လန်ရှီဟယ်နှင့်ဝတ်ရုံပြာ အမျိုးသမီးက လှည့်ထွက်သွားတော့သည်။
သို့သော် လုကျိုးက ဆက်ပြောလိုက်၏။ “မဟာလေဟာနယ်က လူတွေနဲ့တွေ့ဆုံဖို့အတွက် နဂါးနက်ကို တမင်တကာသတ်ခဲ့တာ”
“ဟမ်”
လန်ရှီဟယ်က လှည့်လာ၏။
လုကျိုးက ပြောလိုက်တော့သည်။ “မင်း မလှုပ်ရှားရင်အကောင်းဆုံးပဲ”
လန်ရှီဟယ်သည် ထိုသို့စကားများကို ကြားသောအခါ သူမ၏အမူအရာက အနည်းငယ်သဘာဝမကျ ဖြစ်သွားလေ၏။ သူမ ဇဝေဇဝါဖြစ်သွားတော့သည်။ လုကျိုး အဘယ်ကြောင့် ရန်လိုနေသနည်း။ သူမက ပြောလိုက်သည်။
“အဲ့ဒီတုန်းက မျှော်နန်းသခင်လု အဖြူရောင်မျှော်စင် လက်ရည်ယှဉ်ခဲ့တဲ့သူက အဖြူရောင်မျှော်စင်မှာ ကျွန်မချန်ထားခဲ့တဲ့ ပုံရိပ်လွှာတစ်ခုပဲ။ ကျွန်မကို အခုအနိုင်ယူမယ်လို့ ယုံကြည်ချက်ရှိလား” လန်ရှီဟယ်သည် လုကျိုးက အချိန်မရွေးလှုပ်ရှားရန်အသင့်ဖြစ်နေတာကို အာရုံခံမိသည်။
လုကျိုးက ပြောလိုက်၏။ “ခင်ဗျားက ကောင်းကနတ်ဘုရားဖြစ်စေ၊ ကမ္ဘာမြေပြင်က လူသားဖြစ်စေ ကိစ္စမရှိဘူး။ ကျုပ်ရဲ့တပည့်ကို သတ်ပစ်တာက ခွင့်မပြုနိုင်တဲ့ပြစ်မှုပဲ”
“ရှင့်ရဲ့တပည့်ကို သတ်တာလား”
“ငြိမ်းချမ်းရေးငှက်က ခင်ဗျားရဲ့စီးတော်သားရဲလား”
“ဟုတ်တယ်” လန်ရှီဟယ်က ပြန်ပြောလိုက်၏။
“မင်းရဲ့လုပ်ရပ်အတွက် တာဝန်ယူရဲတဲ့ပုံကြည့်ရတာ တော်တော်လေးသတ္တိရှိပုံပဲ။ အဲ့ဒီတုန်းက သင်ခန်းစာ လုံလုံလောက်လောက် မပေးခဲ့လို့လား” လုကျိုးက မှုန်မှိုင်းသောလေသံဖြင့် ပြောလိုက်တော့သည်။