အခန်း (၁၄၆၈-၁၄၇၀)
Vol. 98 Ch. 1468-1470
အခန်း (၁၄၆၈) လူအိုကြီး ၂
“လှည့်စားတယ်ဆိုတဲ့ စကားလုံးက ကြားရတာမကောင်းဘူး။ ဆရာက ဖခင်တစ်ယောက်လိုပဲဆိုတာ မင်း မကြားဖူးဘူးလား။ မင်းကိုယ်မင်း ပြန်သုံးသပ်သင့်တယ်” လုကျိုးက ပြောလိုက်၏။ ပြီးနောက် သူသည် လက်နောက်ပစ်လျက် ရှေ့ကိုလျှောက်သွားကာ တွမ့်မူထျန်းကို အာရုံမစိုက်တော့ပေ။ တွမ့်မူထျန်းက သက်ပြင်းချလိုက်လေ၏။
ထိုစဉ် တွမ့်မူရှန်းသည် တွမ့်မူထျန်းဘေးသို့လျှောက်လာပြီး အသံတိုးတိုးဖြင့်ပြောလိုက်၏။ “ဒါဆို ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ ဘိုး... ဘိုးဘေးကြီးလား”
ထုလူပေါ်ရှိလူရိုင်းအမျိုးသားသည် ဝတ်ရုံဖြူကျင့်ကြံသူများကို ပြောပြီးနောက် သူတို့သည် ရှေ့သို့လျှောက်သွားလျက် အဖြူရောင်ဝါးခမောက်များကို တစ်ခုပြီးတစ်ခု ချွတ်လိုက်တော့သည်။ ပြီးနောက် သူတို့ထဲမှတစ်ယောက်ကမေးလာ၏။ “ချန်းပေ့ရဲ့နာမည်ကို သိလို့ရမလား”
လုကျိုးသည် သူတို့၏ယဉ်ကျေးမှုကြောင့် စိတ်ထဲ၌ အံ့ဩသွားတော့သည်။ ဆိုရလျှင် သူတို့၏သွင်ပြင်က နုနယ်ပုံပေါ်သော်ငြား သူ့ထက်ပိုပြီးအသက်ကြီးသည့် မကောင်းဆိုးဝါးအိုကြီး ဖြစ်လောက်သည်။ “ကျုပ် မျိုးရိုးနာမည်က လု” လုကျိုးက ပြန်ပြောလိုက်၏။
ဦးဆောင်သည့်ဝတ်ရုံဖြူသည် မျက်မှောင်အနည်းငယ်ကျုံ့မိသွားပြီး ထုလူ၏ကျောပေါ်ရှိလူကို ကြည့်ကာ ပြောလိုက်သည်။
“မကိုက်ညီဘူး”
“ဒါပေမဲ့ ကဗျာကို ရွတ်လိုက်တဲ့အချိန်မှာ သူ ဒါကိုသိတယ်”
ဝတ်ရုံဖြူကျင့်ကြံသူက လုကျိုးကို လှည့်ကြည့်ပြီးမေးလိုက်၏။ “ချန်းပေ့ ကဗျာရဲ့ဇာစ်မြစ်ကိုသိလား”
“သိတာပေါ့”
“ဘယ်သူရေးတာလဲ”
“ကျန့်ကျိုးလင်” လုကျိုးက ပြောလိုက်၏။ ဤကဗျာသည် အမှန်တကယ်ကိုပင် ကမ္ဘာမြေပေါ်ရှိ သူ့အတိတ်ဘဝမှ ကဗျာဖြစ်ပြီး ကဗျာဆရာကလည်း ကျန့်ကျိုးလင်ပဲဖြစ်သည်။
ဝတ်ရုံဖြူကျင့်ကြံသူက မျက်မှောင်ကျုံ့လျက် ခေါင်းခါလိုက်ကာ သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။
“မဟုတ်သေးဘူး”
လုကျိုး “...”
ကျန့်ကျိုးလင်က တကယ်သောက်စာရေးသူပဲ။
ထိုစဉ် ယွီကျန့်ဟိုင်က ကြည်လင်သောအသံဖြင့် ပြောလိုက်၏။ “ကျုပ် ရှစ်စွင်းရဲ့နာမည်က ကျိ။ သူက ကျင့်ကြံခြင်းလောကနဲ့ အမည်မသိကုန်းမြေကို လှည့်လည်သွားလာတဲ့အချိန် လုမျိုးရိုးနာမည်ကိုပဲ သုံးတယ်”
“ဪ” ဝတ်ရုံဖြူကျင့်ကြံသူ၏မျက်မှောင်က အနည်းငယ် ပြေလျော့သွားပြီး မျက်လုံး လက်လာလေ၏။
ယွီကျန့်ဟိုင်က ဆက်ပြောလိုက်သည်။ “ကဗျာကို ကျုပ်ရဲ့ရှစ်စွင်းရေးတာ”
လုကျိုး “...”
တောင်းပန်ပါတယ်။ ကျန့်ကျိုးလင်ရေ ကျုပ် ဒီတစ်ခါတော့ အရှက်မဲ့ပြီး နာမည်ကောင်းယူရတော့မယ်။
အစ၌ လုကျိုးသည် ဤကဗျာအကြောင်း သိသည့် ကျိထျန်းတောက်ကဲ့သို့သောသူနှင့် တွေ့ခဲ့တာ ဖြစ်လောက်သည်ဟု ထင်မိသေးသည်။ ဖြစ်ချင်တော့ သူ အတွေးလွန်နေတာပဲဖြစ်သည်။
ခေါင်းဆောင်ဝတ်ရုံဖြူကျင့်ကြံသူက လုကျိုးဖက်လှည့်လာပြီးပြောလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့”
ကျန်သည့် ဝတ်ရုံဖြူကျင့်ကြံသူ၉ယောက်ကလည်း ဦးညွတ်ပြီးလိုက်ပါနှုတ်ဆက်တော့သည်။
“မင်းတို့ ငါ့ကိုသိလား။ ဒါမှမဟုတ် ငါ့အကြောင်းကြားဖူးတာလား” လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်တော့၏။
“ချန်းပေ့က ကျုပ်တို့စောင့်နေတဲ့ ရေစက်ပါတဲ့သူပါ။ ကျေးဇူးပြုပြီး ကြွပါ” ဝတ်ရုံဖြူကျင့်ကြံသူက ပြောပြီးနောက် ကျန်သည့်ဝတ်ရုံဖြူကျင့်ကြံသူများကို လမ်းဖယ်ပေးခိုင်းလိုက်ပြီး ကျော့အယ်၏ ဖျက်ဆီးခြင်းတိုင်လုံးရှိရာလမ်းကို ထုတ်ပြလိုက်သည်။
တိုင်လုံးကို ဝင်သည့်ဖြစ်စဉ်က မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့နေပြီး တခဏမျှ မည်သူမှမလှုပ်ရဲဖြစ်သွားသည်။
လုကျိုးက မျက်မှောင်ကျုံ့မိသွားကာ မေးလိုက်တော့သည်။ “ဒီကဗျာကို ဘယ်လိုလုပ်သိတာလဲ”
“ချန်းပေ့ ကျေးဇူးပြုပြီးမမေးပါနဲ့။ ကျုပ်တို့က အမိန့်အတိုင်းလိုက်နာရုံပဲ။ ကျန်တာဘာမှမသိဘူး”
“မင်းတို့မသိဘူးလား”
“ကျုပ်တို့ရှစ်စွင်းရဲ့အမိန့်ကိုနာခံရုံပဲ” ဝတ်ရုံဖြူကျင့်ကြံသူက ပြောလိုက်၏။
“မင်းတို့ရဲ့ဆရာက ဘယ်သူလဲ” လုကျိုးက မေးလိုက်၏။
ဝတ်ရုံဖြူကျင့်ကြံသူ၁၀ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့မည်သူမှန်း သူတို့ဆရာမည်သူမှန်း မသိသည့်သူတစ်ယောက်ရှိလိမ့်မည်ဟု မထင်ထားပေ။
ခေါင်းဆောင်ဝတ်ရုံဖြူကျင့်ကြံသူသည် ယဉ်ကျေးစွာဖြေလိုက်၏။ “အဖြူရောင်ဧကရာဇ်ပါ”
“အဖြူရောင်ဧကရာဇ်အကြောင်း တစ်ခါမှ မကြားဖူးဘူး” လုကျိုးသည် ကျိထျန်းတောက်က ရွှေကြာနယ်မြေကို မအုပ်စိုးခင် ကြီးမြတ်လှသောသူနှင့် မိတ်ဆွေဖွဲ့ခဲ့သလားဟု သိချင်မိသည်။
“...”
ဝတ်ရုံဖြူကျင့်ကြံသူ၁၀ယောက်၏ အမူအရာက သဘာဝမကျဖြစ်သွားတော့သည်။
“ချန်းပေ့ ကျော့အယ်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးထဲ ကျေးဇူးပြုပြီးဝင်ပါ”
လုကျိုးသည် သူတို့၏ဖော်ရွေသော သဘောထားကိုမြင်သောအခါ ခေါင်းခါပြီးသက်ပြင်းချလျက် လက်နောက်ပစ်ကာ လျှောက်သွားသည်။
ယွီရှန်းရုန်နှင့် ရှောင်ယွမ်အာကလည်း ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးထဲ လုကျိုးနှင့်ပါလာသည်။ ကျန်သည့်သူများက အပြင်ဖက်တွင် စောင့်နေလေ၏။
သုံးယောက်သားက ဖျက်ဆီးခြင်းတိုင်လုံးထဲဝင်ပြီးနောက် ဝတ်ရုံဖြူကျင့်ကြံသူများသည် အတန်းလိုက် ရပ်ထားကာ ဝင်ပေါက်ကိုပိတ်ဆို့ထားလျက် ကျန်သည့်သူများကို မျက်နှာချင်းဆိုင်နေ၏။ သူတို့က ဝင်ပေါက်ကို စောင့်ကြပ်သည့်ခွေးများနှင့်တူသည်။
ထိုစဉ် တွမ့်မူထျန်းက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။ “အရှင်မင်းကြီးက အဆုံးမဲ့သမုဒ္ဒရာမှာ ရှိနေတယ်လို့ ထင်နေတာ။ ဘာကြောင့် အမည်မသိကုန်းမြေကို ရောက်နေတာလဲ”
ဝတ်ရုံဖြူကျင့်ကြံသူများက ဆိတ်ဆိတ်သာနေလေ၏။
တွမ့်မူထျန်းက မေးလိုက်ပြန်သည်။ “မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးရဲ့ဘေးကင်းလုံခြုံမှုကို အလေးထားတယ်။ မဟာလေဟာနယ်ကို စော်ကားမိမှာမကြောက်ဖူးလား”
ဝတ်ရုံဖြူကျင့်ကြံသူက တွမ့်မူထျန်းကို မတုံ့ပြန်သေးပေ။
တွမ့်မူထျန်းက ဒေါသအနည်းငယ်ထွက်သွားတော့သည်။ “မင်းတို့က မောက်မာထောင်လွှားလွန်းတယ်”
မဟာသူတော်စင်တစ်ပါးသည် မည်သည့်နယ်မြေသို့ရောက်စေကာမူ လူပေါင်းသောင်းချီ၏ လေးစားမှုကို ခံရသူဖြစ်သည်။ သို့သော် ဤဝတ်ရုံဖြူကျင့်ကြံသူများသည် တွမ့်မူထျန်းကို အမြင်ကောင်းမပြသခဲ့ပေ။
တွမ့်မူထျန်း၏ကိုယ်ပေါ်၌ ရောင်ခြည်ဖျော့ဖျော့ပေါ်လာ၏။ ၎င်းသည် ကြယ်တာရာဒိုင်ခွက်ကဲ့သို့ မတောက်ပသော်ငြား ၎င်း၏အရှိန်အဝါက ထူးကဲသာလွန်ပေ၏။ သူ၏ကြယ်တာရာဒိုင်ခွက်ကို သရုပ်ပြခဲ့လျှင် ပိုတောင်ခမ်းနားထည်ဝါပေမည်။
ယင်းကိုမြင်သောအခါ ဝတ်ရုံဖြူကျင့်ကြံသူခေါင်းဆောင်က အံ့ဩမှုကြောင့် မျက်လုံး ပြူးကျယ်သွားသည်။ “မဟာသူတော်စင်လား” ပြီးနောက် ဝတ်ရုံဖြူကျင့်ကြံသူသည် တွမ့်မူထျန်းကို ဦးညွှတ်ပြီးနောက် ပြောလိုက်သည်။ “ဒါက အဖြူရောင်ဧကရာဇ်ဆီက အမိန့်ပါ။ ကျုပ်တို့ဘာမှမသိပါဘူး။ ဒါအမှန်ပါပဲ”
“အဖြူရောင်ဧကရာဇ်က လောင်လုကို အကြောင်းပြချက်မရှိ ကူညီပေးဖို့ မင်းကို အမိန့်ပေးထားတယ်လား” တွမ့်မူထျန်းက မျက်မှောင်ကျုံ့လျက် သူ့ဖာသာသူ စဉ်းစားလိုက်သည်။ “လောင်လုနဲ့ အဖြူရောင်ဧကရာဇ်ကြားမှာ ကိစ္စတချို့ရှိရမယ်။ ဒီကမ္ဘာပေါ်မှာ အခမဲ့နေ့လယ်စာဆိုတာ မရှိဘူး”
“ဒီမေးခွန်းကို အဖြူရောင်ဧကရာဇ်ပဲ ဖြေနိုင်မှာပါ” ဝတ်ရုံဖြူကျင့်ကြံသူက ပြန်ပြောလိုက်သည်။
တွမ့်မူထျန်းက ခေါင်းခါလိုက်၏။ သူ နံရံကို စကားပြောနေရသလိုပင်။
ဘီး
ထိုစဉ် အရံအတား၏အသံသည် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးအတွင်းမှ ပေါ်လာ၏။ လူတိုင်း အပျော်လွန်သွားတော့သည်။
“ကျိုရှစ်မေ့ပဲဖြစ်မယ်”
“အာ့ရှစ်ရှိုးဖက်ကို လောင်းကြေးထပ်တယ်”
“ကျိုးရှစ်မေ့”
“အာ့ရှစ်ရှိုး”
“ကျိုးရှစ်မေ့”
“အာဟုတ်သား ... ကျိုရှစ်မေ့”
ခဏအကြာ၌ ဝတ်ရုံဖြူကျင့်ကြံသူ၁၀ယောက်သည် တစ်ယောက်ကို တစ်ယောက် တအံ့တဩ ကြည့်ပြီးနောက် ဖျက်ဆီးခြင်းတိုင်လုံးဖက်ကို လှည့်ကြည့်လိုက်သည်။
၁၅မိနစ်အကြာ၌ လုကျိုး၊ ယွီရှန်းရုန်နှင့် ရှောင်ယွမ်အာတို့သည် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးထဲမှ ထွက်လာသည်။ တချက်ကြည့်ရုံဖြင့် သူတို့သည် ကျော့အယ်၏ ဖျက်ဆီးခြင်းတိုင်လုံးအသိအမှတ်ပြုမှုကို မည်သူရယူနိုင်ခဲ့ကြောင်း ပြောနိုင်ပြီဖြစ်သည်။
ယွီရှန်းရုန်၏အမူအရာက တည်ငြိမ်နေ၏။ သူ ပျော်နေလား ဒေါသထွက်နေလား မည်သူမှမပြောနိုင်။
ဆန့်ကျင်ဖက်အနေဖြင့် ရှောင်ယွမ်အာက နှုတ်ခမ်းဆူနေပြီး မကျေမချမ်းဖြစ်နေတော့သည်။ ဤနည်းဖြင့် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးအသိအမှတ်ပြုမှုကို မည်သူရခဲ့ကြောင်း သူတို့မသိဘဲနေမည်နည်း။
ကျူးဟုန်ကုန်းက ရှေ့တလှမ်းတိုးကာ ဂုဏ်ပြုစကားပြောလိုက်တော့သည်။ “ဂုဏ်ပြုပါတယ် ကျိုရှစ်မေ့”
“...”
ရှောင်ယွမ်အာသည် စိတ်အခြေအနေဆိုးရွားနေပြီးသားဖြစ်သည်။ သူသည် ကျူးဟုန်ကုန်း၏စကားကို ကြားပြီး သူ၏မျက်နှာထက်ရှိ အပြုံးကိုမြင်သည်နှင့် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ဖြစ်သွားတော့သည်။ သူမဒေါသထွက်တော့မည့်အချိန်၌ သူ ပြောတာကို ကြားလိုက်ရ၏။
“ကျိုရှစ်မေ့ ညီမက ရန့်တင်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးဆီက အသိအမှတ်ပြုမှုရမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ အမည်မဲ့ကုန်းမြေရဲ့အလယ်မှာရှိတဲ့ ရန့်တင်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးက အကြီးဆုံးနဲ့အခမ်းနားဆုံးပဲ။ ကျိုရှစ်မေ့ရဲ့ ပါရမီစိတ်နေသဘောထားနဲ့ကိုက်ညီတယ်”
ရှောင်ယွမ်အာက စိတ်ထဲထိုသို့တွေးမိပြီးထောက်ခံလိုက်သည်။ ပြီးနောက် သူ၏မျက်နှာပေါ်၌ ဝမ်းသာရွှင်မြူးသည့် အမူအရာပေါ်လာပြီး ချက်ချင်းပြောလိုက်တော့သည်။ “ဟုတ်တယ် ရန့်တင်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက ညီမဟာပဲ”
ဝတ်ရုံဖြူကျင့်ကြံသူ၁၀ယောက် “...”
တွမ့်မူထျန်း “...”
ဝတ်ရုံဖြူကျင့်ကြံသူခေါင်းဆောင်များက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။ “ဂုဏ်ပြုပါတယ်”
လုကျိုးက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။ “ပြော ဘာလိုချင်လဲ”
ဝတ်ရုံဖြူကျင့်ကြံသူသည် လုကျိုး၏စကားကြောင့် ထိတ်လန့်ပြီးအံ့အားသင့်သွားတော့၏။ ပြီးနောက် သူ ခေါင်းခါပြီးပြောလိုက်တော့သည်။ “ဘာမှမလိုချင်ပါဘူး”
လုကျိုးက ပိုတောင်စိတ်ရှုပ်ထွေးသွားတော့သည်။ ကျိထျန်းတောက်က အဖြူရောင်ဧကရာဇ်ကို သိလျှင်တောင် ထို့အတွက် အကြောင်းအရင်းတစ်ခုတော့ရှိရမည်။
ဝတ်ရုံဖြူကျင့်ကြံသူက ဆက်ပြောလိုက်သည်။ “အဖြူရောင်ဧကရာဇ်က ရန့်တင်းဆီလည်း လူလွှတ်ထားပါတယ် ချန်းပေ့။ ရန့်တင်းဆီ သွားမယ်ဆိုရင် ဒီတံဆိပ်ပြားကိုယူသွားပေးပါ”
ပြီးနောက် ဝတ်ရုံဖြူကျင့်ကြံသူသည် သူ၏အိတ်ကပ်ထဲမှ ကျောက်စိမ်းတံဆိပ်ကိုထုတ်လိုက်ပြီး လုကျိုးအား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
ကျောက်စိမ်းတံဆိပ်နှင့်ကဗျာကို တွေ့လိုက်ပြီး ၎င်းက စီးဝူယာနှင့်သက်ဆိုင်နေသလားဟု ရုတ်တရက် တွေးမိသွား၏။ သူက ကျောက်စိမ်းတံဆိပ်ကို မယူခဲ့ပေ။ ထိုအစား မျက်လုံးမှိတ်လျက် အမြင်စွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။ သူ၏ပစ်မှတ်က စီးဝူယာဖြစ်၏။
“တင်း ... ပစ်မှတ်ရှာမတွေ့ပါ”
၎င်းသည် လုကျိုး၏ယူဆချက်ကို ဖယ်ချခဲ့၏။ စီးဝူယာ့သည် ပင်လယ်ကြမ်းပြင်၌ရှိစဉ် တနည်းနည်းဖြင့် ပြန်ရှင်လာလိမ့်မည်ဟု သူ တွေးနေတာပဲဖြစ်သည်။ သူ အတွေးလွန်နေပုံပေါ်၏။
လုကျိုး မျက်လုံးဖွင့်လျက် ကျောက်စိမ်းတံဆိပ်ကို လက်ခံပြီးနောက် မေးလိုက်သည်။
“အဖြူရောင်ဧကရာဇ်က ဘယ်မှာလဲ”
“အရှင်မင်းကြီးက အဆုံးမဲ့သမုဒ္ဒရာထဲမှာပါ” ဝတ်ရုံဖြူကျင့်ကြံသူက ပြန်ဖြေလိုက်၏။
လုကျိုးသည် မေးခွန်းထပ်မေးချင်သည်။ ကံဆိုးသည်မှာ သူ့ရှေ့ရှိဝတ်ရုံဖြူကျင့်ကြံသူများက ဘာမှသိပုံမပေါ်။ အဆုံးကျ သူက ပြောလိုက်၏။ “အဖြူရောင်ဧကရာဇ်ကို စကားပါးပေးပါ။ ကိစ္စရှိရင် ကျုပ်ကို ကိုယ်တိုင်လာရှာလို့ရတယ်။ ကျုပ် ကွေ့ဝိုက်ပြောနေရာတာ သဘောမကျဘူး။ တခြားသူတွေကို အမြတ်ထုတ်ရတာ ကျုပ် ပုံစံမဟုတ်ဘူး”
ထိုစဉ် တွမ့်မူထျန်းက အမြန်ဖြတ်ပြောလိုက်၏။ “ဖျက်ဆီးလိုက်လို့မရဘူးနော်”
လုကျိုးက တချက်တောင်မနားဘဲ ဆက်ပြောလိုက်၏။ “ငါ လက်ခံလိုက်မယ်”
ဝတ်ရုံဖြူကျင့်ကြံသူသည် ဦးညွှတ်ပြီးနောက် သူ၏အဖော်များကို ပြောလိုက်၏။ “ကျုပ်တို့ဒီမှာ နှစ်ပေါင်း၂၀ စောင့်ခဲ့တာ။ နှစ်ပေါင်း၂၀က လက်ဖျောက်တချက်တီးစာလောက်ပဲ။ အတိတ်ကာလက တိမ်တိုက်နဲ့ အခိုးအငွေ့တွေလို အားလုံးပဲ တာဝန်ပြီးသွားပြီ” ပြီးနောက် လုကျိုးဖက်လှည့်ပြီးပြောလိုက်၏။ “ဂရုစိုက်ပါ”
ဤနည်းဖြင့် လုကျိုးနှင့်ကျန်သည့်သူများ တုံ့ပြန်လာမှာကို မစောင့်တော့ဘဲ ဝတ်ရုံဖြူကျင့်ကြံသူ၁၀ယောက်က အတူတကွ စုဝေးလျက် ပျံသန်းသွားကြသည်။ မကြာမီ၌ အရှေ့ဖက်၌ အလင်းတန်းလှစ်ကနဲပေါ်လာပြီး သူတို့မြင်ကွင်းထဲမှ ပျောက်သွားလေ၏။
“အဖြူရောင်ဧကရာဇ်က တကယ်သဘောထားကြီးတာပဲ။ ခရီးနှင်ဖို့အတွက် ကျောက်စိမ်းအဆောင်ကိုတောင် သုံးတယ်” တွမ့်မူထျန်းက ပြောလိုက်၏။
လုကျိုးက ဘာမှမပြောပေ။ သူသည် ကျော့အယ်၏ဖျက်ဆီးခြင်းတိုင်လုံးကိုသာ လှည့်ကြည့်လိုက်သည်။ ထိုစဉ် ယွီကျန့်ဟိုင်က ယွီရှန်းရုန်ဘေးလျှောက်လာပြီး ပြောလိုက်၏။ “ဂုဏ်ပြုပါတယ် အာ့ရှစ်တိ မင်းလိုချင်တာရပြီ”
“ဒီလိုပါပဲ”
တွမ့်မူထျန်းက ပြောလိုက်၏။ “တခုခုတော့ ရှိရမယ်။ ကိစ္စတွေချောမွေ့လွန်းနေတာက မကောင်းဘူး။ လောင်လု အဖြူရောင်ဧကရာဇ်က ရှေးသူတော်စင်တွေနဲ့ပေါင်းပြီး ဒါမှမဟုတ် ရှေးသားရဲတွေနဲ့ပေါင်းပြီး မိစ္ဆာဝေဟင်မျှော်နန်းကို အမြစ်ပြတ်သုတ်သင်မလား မသိဘူး”
ထိုစကားကိုကြားသောအခါ လူတိုင်း၏မျက်နှာထက်၌ ဝေခွဲမရဖြစ်မှုပေါ်လာသည်။ တကယ်ပင် အရှေ့ပိုင်းရှိ ဖျက်ဆီးခြင်းတိုင်လုံးတချို့ကို သွားရောက်လည်ပတ်ရာ၌ မလွယ်ကူခဲ့ပေ။ ပင်မဧရိယာသို့ ကပ်လာလေလေ ပိုခက်ခဲသင့်သည်။ ထိုအစား တစ်ခုခုလွဲချော်နေလေ၏။ အဆိုးဆုံးအခြေအနေကို ဦးတည်နေသလိုပင်။
“အဖြူရောင်ဧကရာဇ်က ငါတို့ကို ဘာလို့ကူညီလဲ။ ငါ တကယ်နားမလည်ဘူး”
…
အခန်း (၁၄၆၉) မဟာအသူရာမြေ အပိုင်း ၁
“ဘာက ဒီလောက်ထူးဆန်းနေလို့လဲ။ ကျွန်မရှစ်စွင်းကို မျက်နှာချိုသွေးချင်တဲ့သူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပဲ။ အဖြူရောင်ဧကရာဇ်က ကျွန်မရဲ့ရှစ်စွင်းအကြောင်း ကြားဖူးပြီး သူ့ကို မျက်နှာသာပေးတာနေမှာပေါ့” ရှောင်ယွမ်အာက အလေးအနက်ပြောလိုက်၏။
တွမ့်မူထျန်းသည် ရှောင်ယွမ်အာကို ဆွံ့အစွာကြည့်နေပြီးနောက် မေးလိုက်တော့သည်။ “မိုက်မဲလှတဲ့ မိန်းကလေး။ အဖြူရောင်ဧကရာဇ် ဘယ်သူမှန်းသိလား”
ရှောင်ယွမ်အာသည် တွမ့်မူထျန်း၏ထူးဆန်းသော အမူအရာကို သတိပြုမိသောကြောင့် ပြောလိုက်၏။ “သူက အင်မတန် အစွမ်းထက်တဲ့လူဖြစ်ရမယ်မှန်းသိတယ်။ ဒါပေမဲ့ ကျွန်မရှစ်စွင်းကလည်း အရမ်းအရမ်း အစွမ်းထက်တာ”
သိပ်ကောင်းတယ်။ တကယ်ပဲ ဦးနှောက်မရှိတဲ့ပရိသတ်တွေနဲ့ ကျိုးကြောင်းသင့်ပြောလို့မရဘူး။
တွမ့်မူထျန်းက ရှင်းပြလိုက်သည်။ “အဖြူရောင်ဧကရာဇ်က ဒီနတ်ဘုရားငါးပါးထဲက တစ်ပါးပဲ။ သူ့ရဲ့နာမည်အစစ်က ပိုင်ကျောက်ခွေ့။ ကုန်းမြေမကွဲအက်ခင်တုန်းက သူက အလွန်နာမည်ကျော်ကြားခဲ့တယ်။ သူက ပင်လယ်သားရဲတွေရဲ့ဇစ်မြစ်ကို ရှာဖွေဖို့အတွက် မဟာဝဲဩဂကို တစ်ယောက်တည်းသွားခဲ့ဖူးတာ”
တွမ့်မူထျန်းက ပြောနေစဉ် လုကျိုးကို ဤသို့ပြောနေသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဘာရေးကြီးခွင်ကျယ် ရှိလို့လဲ။ လောင်လု မင်း ဘယ်လိုပုံစံလဲဆိုတာ ငါ သိတယ်။
လုထျန်းထုံသည် နာမည်ကြီးသော်ငြား သူ၏ဂုဏ်သတင်းသည် အနက်ရောင်ကြာနယ်မြေတွင်သာ ကန့်သတ်ခံထားရ၏။ အနက်ရောင်ကြာနယ်မြေတစ်ခုတည်း အခြားသောနယ်မြေများ၊ အမည်မသိကုန်းမြေနှင့် အဆုံးမဲ့သမုဒ္ဒရာနှင့်ယှဉ်ပါက သေးငယ်သွား၏။ လောကကြီးက တကယ်ကျယ်ပြောလွန်းလှသည်။
တွမ့်မူထျန်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှောင်ယွမ်အာက ပြန်ပြောလိုက်၏။ “ဪ အစွမ်းထက်လိုက်တာ”
“ဒါပေါ့”
ထိုစဉ် ထုလူ၏ကျောပေါ်ရှိ လူရိုင်းကျင့်ကြံသူက ပြုံးလျက်ပြောလိုက်သည်။ “အဖြူရောင်ဧကရာဇ် ဘယ်သူမှန်း မသိဘူးလို့ ထင်တယ်။ သိတယ်ဆိုမှတော့ သူ့ကိုလေးစားသင့်တယ်လို့ထင်တယ်။ အခုထွက်သွားလို့ရပြီ”
လုကျိုးသည် ပြန်လှည့်လာလျက် ထုလူများကို ကြည့်ကာမေးလိုက်တော့သည်။ “ဒီက အစောင့်အရှောက်လား”
“အမည်မသိကုန်းမြေမှာနေတဲ့ သားရဲထိန်းကျောင်းသူတစ်ယောက်ပါပဲ” ထိုလူက ပြောလိုက်၏။
မင်ရှစ်ရင်သည် ထိုလူ့ဘေးသို့သွားကာ ပြောလိုက်တော့၏။ “မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ပြီး ငါ့ရဲ့ရှစ်စွင်းနောက်လိုက်ဖို့ စိတ်ဝင်စားလား”
သားရဲထိန်းကျောင်းသူက ခေါင်းခါပြီးပြောလိုက်သည်။ “ခင်ဗျားရဲ့ရည်ရွယ်ချက်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျော့အယ်မှာတသက်လုံးနေဖို့ ပြင်ဆင်ထားတယ်”
“ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ” လုကျိုးက မေးလိုက်တော့သည်။
သားရဲထိန်းကျောင်းသူ၏မျက်နှာပေါ်ရှိ ဆုံးဖြတ်ချက်ပြတ်သားနေသည်ကိုမြင်သောအခါ မင်ရှစ်ရင်သည် သူ့ကို မဖျောင်းဖျတော့ပေ။ သူက ခေါင်းခါလျက် သက်ပြင်းချလိုက်၏။
“မင်း မဟာအခွင့်အရေးကို လွဲချော်ခဲ့တာပဲ”
“အားလုံးပဲ ကျေးဇူးပြုပြီး” သားရဲထိန်းကျောင်းသူသည် ဖိတ်ခေါ်သည့်ဟန်ပြလိုက်၏။ လုကျိုးက နတ်ခြင်္သေ့ကျောပေါ်တက်ကာ လူတိုင်းကို သင်္ကေတလမ်းကြောင်းဆီခေါ်သွားသည်။ သူ သူတော်စင်တစ်ပါးဖြစ်လာချိန်မှစပြီး အချို့သောကိစ္စများအပေါ် အမြင်က ကွဲပြားလာ၏။
တွမ့်မူထျန်းက သက်ပြင်းချလိုက်သည်။ “အဲ့ဒီသားရဲထိန်းကျောင်းက ဘယ်သူ့အတွက်ပဲ အလုပ်လုပ်ပေး လုပ်ပေး သူက ကျော့အယ်ရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေတယ်ဆိုတော့ အင်မတန် သန်မာတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ အဖြူရောင်ဧကရာဇ်နဲ့ တစ်ခုခု သက်ဆိုင်နေမယ်လို့ ခံစားမိတယ်။ လောင်လု ငါ မင်းရဲ့ကံတရားကို နည်းနည်း မနာလိုဖြစ်မိတယ်”
“ကံလား” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ တွမ့်မူထျန်းက အမြန်ပြန်ပြောလိုက်သည်။
“ခွန်အားကို ပြောတာ”
သူတို့သည် နောက်ဆုံးမထွက်ခွာခင် သင်္ကေတလမ်းကြောင်းကို ကျောင်းဟုန်ဖု တည်ဆောက်ပြီးစီးမှာကို စောင့်နေ၏။
ဟွမ်တန်၏ ဖျက်ဆီးခြင်းတိုင်လုံး
ဝေဟင်ထဲရှိ မှောင်မည်းနေသောမြူထဲတွင် ဧရာမအရိပ်တစ်ခုကို မြင်ရပေ၏။ ထိုစဉ် အရိပ်သည် ဟွမ်တန်၏ဖျက်ဆီးခြင်းတိုင်လုံးရှေ့၌ ရေလှိုင်းများပမာပေါ်လာတော့သည်။ ပြီးနောက် လကဲ့သို့ အလင်းလုံးနှစ်လုံးက အမှောင်ထုထဲတွင်ပေါ်လာပြီး ကုန်းမြေကိုလင်းထိန်သွားစေသည်။
“မင်းလား” မုန့်ကျန်းက မေးလိုက်၏။
“ကြုံကြိုက်မိလို့စကားလာပြောတာ” ရေပမာပုံရိပ်က ပြောလေ၏။
“ဆင်ခြေပဲ။ ငါ့ကိုတုံးတယ်များထင်နေတလား” မုန့်ကျန်းက နှာမှုတ်လျက်ပြောလိုက်၏။
ရေပမာပုံသဏ္ဌာန်က ရယ်မောလျက်ပြောလိုက်သည်။ “မင်းက ငါ့အတွက် ဟွမ်တန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ကာကွယ်ပေးနေတာ။ မင်း တုံးတယ်လို့ ငါ ဘယ်လိုလုပ်တွေးမှာလဲ” ထိုစကားများပြောလိုက်သည်နှင့် ပေပေါင်းရာချီကျယ်ဝန်းသည့် မိုးကြိုးတစ်ခု တိုက်ခတ်ချလာသည်။
ရေပမာပုံရိပ်သည် လက်ကို ၁၅ဒီဂရီခန့်မြှောက်ပြီးနောက် ဝေ့ယမ်းလိုက်၏။ ရောင်ခြည်တစ်ခု ပေါ်လာပြီး မိုးကြိုးကို ပိတ်ဆို့လိုက်သည်။ နောက်ထပ်လက်တဖက်ဝေ့ယမ်းလိုက်သောအခါ မိုးကြိုးက မြေပြင်ပေါ်ကျသွားသည်။
“ဆိုးလိုက်တဲ့ဒေါသ” ထိုစကားများပြောလိုက်သော်ငြား ရေပမာပုံရိပ်သည် ဒေါသထွက်သွားပုံမပေါ်။ မုန့်ကျန်းက လေးနက်စွာပြောလိုက်၏။ “ငါ လောကကြီးအတွက် တိုင်လုံးကို ကာကွယ်ပေးတာ မင်းအတွက် မဟုတ်ဘူး”
“ငါလည်းအတူတူပဲ” ရေပမာပုံရိပ်က ပြောလေ၏။
ရေပမာပုံရိပ်သည် မုန့်ကျန်း၏သူနှင့်ငြင်းနေရသည့် အကြောင်းအရင်းကို နားမလည်ပေ။ သူ ဆွံ့အနေလေ၏။ ခဏအကြာ၌ ပြောလိုက်သည်။
“ငါ မေးစရာရှိတယ်”
မုန့်ကျန်းက ရယ်မောလျက် နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်သည်။ “မြင့်မြတ်တဲ့ဘုရားကျောင်းရဲ့ ဘုရားကျောင်းသခင်ကတောင် မသိတဲ့အရာရှိသတဲ့လား”
ရေပမာပုံရိပ်သည် မုန့်ကျန်းနှင့်စကားများရန် ရည်ရွယ်ချက်မရှိပေ။ သူက မေးလိုက်သည်။
“ထူးခြားတဲ့ကျင့်ကြံသူတွေ ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်လာလား”
“ဒီတိုင်လုံးကို စောင့်ကြပ်နေတာ ဘယ်သူကချဉ်းကပ်ရဲမှာလဲ” မုန့်ကျန်းက ပြန်မေးလိုက်၏။
“တကယ်လား”
“ငါ့ကိုမယုံရင် မေးနေတာဘာအကျိုးထူးမှာလဲ” မုန့်ကျန်းက အမေးဖြင့်တုံ့နှင်းပြီးနောက် နှုတ်ဆက်စကားမဆို စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားတော့သည်။
ပြီးနောက် မုန့်ကျန်းသည် မျက်လုံးမှိတ်လျက် စိတ်ကျေနပ်သွားတော့သည်။
တချိန်တည်းတွင် ပေပေါင်းထောင်ချီမြင့်သော ရှေးသစ်ပင်များထိပ်၌ ဧရာမသားရဲပျံတို့သည် ရံဖန်ရံခါ ဝေဟင်ထဲ၌ ပျံသန်းနေကြလေ၏။
“မဟာအသူရာမြေက ယခုအချိန်မှာ ရန့်တင်းလို့ သိကြတယ်။ လူသားမျိုးနွယ်ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ လူသားမျိုးနွယ်ရဲ့အောင်ပွဲခံမှုကို ကိုယ်စားပြုတာပဲ။ လူသားနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေက တစ်ခါတုန်းက ကောင်းကင်နဲ့ဘဝကို ရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့ဖူးတယ်” တွမ့်မူထျန်းက တောအုပ်ကိုညွှန်ပြလျက် ပြောလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် တအံ့တဩဖြစ်ကုန်သည်။
“ရန့်တင်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးကို ဘယ်သူစောင့်ကြပ်တာလဲ”
တွမ့်မူထျန်းက ခေါင်းခါပြီးပြောလိုက်သည်။ “ငါ မသိဘူး။ ဒီနေရာက မိုင်တစ်သောင်းတောအုပ်က ရန့်တင်းရဲ့ အစိတ်အပိုင်းငယ်လေးတစ်ခုပဲရှိသေးတာ။ ဒီနေရာကို ဖြတ်ကျော်ဖို့ သင်္ကေတလမ်းကြောင်းကို တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ဒီကနေပဲ ပျံသန်းနိုင်တာ။ ရန့်တင်းက ကျယ်ပြီးအစွမ်းထက်တဲ့သားရဲတွေနဲ့ ပြည့်နေတယ်။ အတွင်းထိရောက်ဖို့က ကောင်းကင်ကိုတက်လှမ်းခွင့်ရတာထက်တောင် ပိုခက်ခဲတယ်”
ထိုစကားကိုကြားသောအခါ လုကျိုးသည် ကျိထျန်းတောက်၏နည်းလမ်းများကို လေးစားမိသွားပြန်၏။ ထိုစကားများသည် ကျိထျန်းတောက်၏စွမ်းရည်ကို စမ်းသပ်ချင်တာဖြစ်သည်။ ဆိုရလျှင် ကျိထျန်းတောက်သည် မဟာလေဟာနယ်မျိုးစေ့ ၁၀ခုလုံးကို လုယူနိုင်ခဲ့ပြီး သူ၏ကျင့်ကြံဆင့် သို့မဟုတ် ခွန်အားကြောင့် ဤသို့ရယူနိုင်တာမဟုတ်တာသေချာသည်။
တွမ့်မူထျန်းက ဆက်ပြောလိုက်၏။ “မုန့်ကျန်းနဲ့ အဖြူရောင်ဧကရာဇ်ရဲ့ပေါ်ပေါက်လာမှုနဲ့ဆို အစောင့်အရှောက်က ရှေးသူတော်စင်သတ်ဖြတ်သူဖြစ်မှာ သေချာသလောက်ပဲ။ ဒီနေရာက အန္တရာယ်များတယ်။ သူတော်စင်သတ်ဖြတ်သူကိုတွေ့ဖို့ အရည်အချင်းမပြည့်မှီလောက်ဘူး”
…
အခန်း (၁၄၇၀) မဟာအသူရာမြေ ၂
ယင်ကျောက်သည် အော်သံအနည်းငယ်ပြုလျက် ခေါင်းညိတ်လိုက်သည်။
ခရုလေးက ပြောလိုက်လေ၏။ “ချန်းပေ့တွမ့်မူ ပြောတာကို ယင်ကျောက်ထောက်ခံတယ်”
တွမ့်မူထျန်းက ယင်ကျောက်ကိုကြည့်ပြီးပြောလိုက်တော့သည်။ “ပါးနပ်လိုက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲ။ မဆိုးဘူး မဆိုးဘူးပဲ”
လုကျိုးက မေးလိုက်သည်။ “ဒီနေရာကို အရင်တုန်းက ဘယ်သူလာခဲ့လဲ”
တွမ့်မူထျန်းက ပြောလိုက်လေ၏။ “သွင့်ကျန်းက ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်ဖို့ တာဝန်ရတုန်းက တစ်ခေါက်လာဖူးတယ်။ ဒါပေမဲ့ အတွင်းထဲထိမသွားခဲ့ဘူး။ ဟုတ်ပြီ မင်းကို ဒီနေရာထိပဲလိုက်ပို့ပေးမယ် ငါ မသွားခင်။ လက်လျော့ချိန်တန်လာရင် ခေါင်းမမာဖို့အကြံပေးချင်တယ်”
ပြီးနောက် တွမ့်မူထျန်းသည် ကျောက်စိမ်းအဆောင်သုံးခုကိုထုတ်လျက် လုကျိုးတို့အားပေးကာ ပြောလိုက်၏။ “ဒီကျောက်စိမ်းအဆောင်သုံးခုက မင်းကို သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးဆီ ပို့ပေးလိုက်မယ်”
ကျောက်စိမ်းအဆောင်များကို ယူပြီးနောက် လုကျိုးကပြောလိုက်သည်။ “ငါ ဘာလုပ်ရမယ်မှန်း သိတယ်”
ပြီးနောက် တွမ့်မူထျန်းသည် တွမ့်မူရှန်းဘေးသို့သွားလျက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ကလေး မင်း ကြောက်တယ်ဆိုရင် ငါနဲ့လိုက်ခဲ့။ သွင့်ကျန်းမှာနေ ငါ မင်းကို ကာကွယ်ပေးနိုင်တယ်”
တွမ့်မူရှန်းက ပြောလိုက်၏။ “တွမ့်မူမျိုးနွယ်က ဘယ်တော့မှလက်မလျှော့ဘူး။ သေမှာကြောက်တာက တွမ့်မူမျိုးနွယ်ရဲ့ပုံစံမဟုတ်ဘူး”
တွမ့်မူထျန်းက မှင်တက်သွားတော့သည်။ ပြီးနောက် သူသည် ကျယ်လောင်စွာရယ်လျက် တွမ့်မူရှန်း၏ပခုံးကိုလှုပ်ကာ ပြောလိုက်လေ၏။
“ငါတို့တွမ့်မူမျိုးနွယ်ရဲ့ပါရမီရှင်ဆိုတဲ့ အတိုင်းပဲ” တွမ့်မူရှန်းသည် ဆိတ်ဆိတ်သာနေလေ၏။ တွမ့်မူထျန်းက တွမ့်မူရှန်း၏ပခုံးကို ပြင်းထန်စွာပုတ်လျက် ထပ်မေးလိုက်ပြန်သည်။ “မင်း တကယ်မကြောက်ဘူးလား”
“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ပြီးချိန်မှစပြီး မကြောက်တော့ဘူး” တွမ့်မူရှန်းက ပြန်ပြောလိုက်သည်။
“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ်” တွမ့်မူထျန်းက ပြောလိုက်သည်။ ပြီးနောက် သူက သက်ပြင်းချလျက် တွန့်ဆုတ်နေပုံဖြင့် ဆက်ပြောလိုက်၏။ “တကယ်တော့ ငါ ကြောက်လို့ထွက်သွားတာမဟုတ်ဘူး။ ငါ့မှာရွေးချယ်စရာရှိရင် နေမှာပဲ” ထိုစကားကိုကြားသောအခါ တွမ့်မူရှန်းသည် တွမ့်မူထျန်းကို မော့ကြည့်လိုက်၏။
တွမ့်မူထျန်းသည် တွမ့်မူရှန်းက သူ့ကိုရှုံ့ချလိမ့်မည်ဟု ထင်ထား၏။ တွမ့်မူရှန်းက သူ့ကိုစကားတချို့ပြောလာမည်ဟု မထင်ထားပေ။ “ကျွန်တော်နားလည်တယ်။ အခြေအနေအလုံးစုံက ပိုအရေးကြီးတယ်”
တွမ့်မူရှန်းသည် မဟာလေဟာနယ်၌ အတွင်းလူအဖြစ် တွမ့်မူထျန်းရှိနေတာ အကြံကောင်းဟုထင်သည်။ အမြဲတမ်းခေါင်းမာနေ၍မရပေ။ ထိုစကားကိုကြားပြီး တွမ့်မူထျန်းက ရင်ထဲထိသွားတော့သည်။ ပြီးနောက် သူက လူတိုင်းကို ပြောလိုက်၏။ “ဂရုစိုက်ကြပါ”
လူတိုင်းက ဦးညွှတ်လိုက်ကြသည်။ “ဂရုစိုက်ပါ ချန်းပေ့”
တချိန်တည်းတွင်
“တင်း ... သင့်တပည့်များထဲမှ တစ်ယောက်ဖြစ်တဲ့တွမ့်မူရှန်းက ပညာသင်ဖို့ပြီးဆုံးဖို့လိုအပ်ချက် ပြည့်မှီသွားပြီ။ ပညာသင်ကြားမှုပြီးမြောက်စေလိုပါသလား”
“တင်း ... တပည့်များသည် သူတို့ဆရာဆီမှထွက်ခွာသွားပြီး လောကကြီးထဲဝင်ရောက်ချိန်၌ ဆုလာဘ်များ ပိုမိုထောက်ပံ့ပေးလိမ့်မည်”
“...”
ဤနည်းဖြင့် လုကျိုး၏တပည့်ဆယ်ယောက်တွင် ရှောင်ယွမ်အာနှင့် ခရုလေးသာလျှင် ပညာသင်ကြားမှု မပြီးမြောက်သေးတာဖြစ်သည်။ ယခင်က သူသည် သူတို့ကိုပညာသင်ကြားမှုပြီးမြောက်ခွင့်မပေးခဲ့ပေ။ ယခု တစ်နှစ်အကန့်အသတ်လွန်ပြီးဖြစ်ရာ အချိန်မရွေးပညာသင်ကြားမှုပြီးမြောက်စေနိုင်ပြီဖြစ်သည်။ နှစ်ပေါင်း ၁၀၀လွန်ပြီးနောက် သူ၏တပည့်များအားလုံး မငယ်ရွယ်ကြတော့ပေ။ သူတို့အားလုံး၏ ပညာသင်ကြားမှုပြီးဆုံးစေရန် အချိန်ဖြစ်လောက်သည်။ သူ ခဏတဖြုတ်စဉ်းစားပြီးနောက် ပြောလိုက်၏။ “ပညာသင်ကြားခွင့်ပြီးဆုံးမယ်”
“တင်း ... သင့်တပည့်တွမ့်မူရှန်းက ပညာသင်ကြားမှုအောင်မြင်စွာ ပြီးဆုံးသွားပါပြီ”
“တင်း ... ကျပန်းကတ်တစ်ကတ် ဆုရရှိပါတယ်။ ဒီကတ်ကိုအသုံးပြုတဲ့အချိန် ရှားပါးတဲ့အသုံးပစ္စည်းတစ်ခု ကျပန်းချီးမြှင့်ပါမယ်”
“တင်း ... တွမ့်မူရှန်းက ပညာသင်ကြားမှုပြီးဆုံးပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းထူထောင်ပြီး တပည့်များ လက်ခံနိုင်ပါပြီ။ အများဆုံးလက်ခံနိုင်တဲ့တပည့်အရေအတွက် သုံးယောက်”
“တင်း ... တွမ့်မူရှန်းကို သင်ကြားပြသပေးခြင်းအတွက် အမှတ်ရတော့မှာမဟုတ်ပါဘူး” လုကျိုးသည် ကျပန်းကတ်ကို မကြည့်ဘဲကျန်သည့်သူများကို ပြောလိုက်၏။ “သွားကြမယ်”
ဤနေရာရှိ ပတ်ဝန်းကျင်က အတော်လေးဆိုးရွားသည်။ လိုအပ်သည်ထက် ကြာကြာနေဖို့ မသင့်တော်ပေ။
မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် မဟာအသူရာချောက်ဆီပျံသန်းသွား၏။
တွမ့်မူထျန်းသည် သင်္ကေတလမ်းကြောင်းကနေ သွင့်ကျန်းသို့ပြန်လာ၏။ ခရီးစဉ်တလျှောက်တွင် ၁၅မိနစ်ခန့်သာ ယူလိုက်ရသည်။
သူက စိတ်ကောင်းဝင်နေပြီး အေးအေးလူလူပြန်လာသည်။ သူသည် သွင့်ကျန်း၏ဖျက်ဆီးခြင်းတိုင်လုံးရှိ ခြံဝန်းထဲသို့ ရောက်သည့်အချိန်တွင် သူ၏ခြံဝန်းထဲရှိ ကျောက်ကုလားထိုင်ပေါ်၌ လူတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရသည်။ “ဘုရားကျောင်းသခင်” တွမ့်မူထျန်းက ထိတ်လန့်သွားတော့သည်။
ရေပမာပုံရိပ်သည် ကုလားထိုင်ပေါ်၌ ရှေ့နောက်ရမ်းနေလျက် နှစ်ခြိုက်ခံစားနေပုံပေါ်သည်။ သူ၏မျက်လုံးကို မှိတ်ထားကာ ဤအခိုက်အတန့်ကိုခံစားပြီး သူ၏မျက်နှာထက်တွင် စိတ်ကျေနပ်သည့်အမူအရာ ရှိနေ၏။ သူက စကားလည်းမပြော ထရပ်ခြင်းလည်းမလုပ်ဘဲ ကုလားထိုင်ကိုသာ လှုပ်နေသည်။
တွမ့်မူထျန်းက ထိုလူရှေ့သို့သွားပြီးနောက် ဒူးထောက်လျက်ပြောလိုက်၏။ “ဘုရားကျောင်းသခင် လာမယ်မှန်းမသိပါဘူး။ မကြိုဆိုမိတာ တောင်းပန်ပါတယ်” ထိုစဉ် ရေပမာပုံရိပ်သည် အဝါရောင်ဝတ်ရုံဝတ်ထားပြီး သရဖူဆောင်းထားသည့် လူတစ်ဦးအသွင် ပြောင်းသွား၏။ သူ၏ခန္ဓာကိုယ်သည် တောက်ပသော သူတော်စင်အလင်းများ ရှိနေတော့သည်။ အချိန်မည်မျှကြာသွားသည်မသိ သူသည် နူးညံ့နွေးထွေးသောလေသံဖြင့် ပြောလာသည်။ “မင်း အဝေးရောက်နေတာ အချိန်တချို့ကြာသွားရုံပဲ”
“ကျုပ်ရဲ့စီးတော်သားရဲကို ဆုံးရှုံးသွားတာ အချိန်အတော်ကြာပါပြီ။ လတ်တလောကမှ ပြန်စုစည်းနိုင်ခဲ့တာ။ ပျော်လွန်းလို့ သူ့အတွက်အစားအသောက် အမဲလိုက်ပေးဖို့ တောင်ဖက်က တောင်ပေါ်သွားတာပါ။ အလိုလေး လက်ဗလာနဲ့ပြန်လာမိတယ်” တွမ့်မူထျန်းက ပြောလိုက်သည်။
ဘုရားကျောင်းသခင်က မျက်လုံးဖွင့်လျက် ကုလားထိုင်မှ ဖြည်းဖြည်းချင်းထလိုက်၏။ ပြီးနောက် သူက ပြောလိုက်သည်။ “ထပြီးပြော”
ထရပ်လိုက်ပြီးနောက် တွမ့်မူထျန်းက ပြောလိုက်သည်။ “ဒီနေရာက ဖျက်ဆီးခြင်းတိုင်လုံးဘေးကင်းနေပါတယ်။ ဘာများအမိန့်ရှိမလဲ သိခွင့်ရှိမလား ဘုရားကျောင်းသခင်”
ဘုရားကျောင်းသခင်သည် လက်နောက်ပစ်ထားလျက် အဆောက်အအုံငယ်လေးဘေးသို့ လျှောက်သွားသည်။ အဝေးရှိဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်ကာမေးလိုက်သည်။ “မဟာလေဟာနယ်မှာ မင်းရှိနေတာ ဘယ်လောက်ကြာပြီလဲ”
“နှစ်ပေါင်းနှစ်သောင်းလောက်ပါ” တွမ့်မူထျန်းက ပြန်ပြောလိုက်သည်။
“အချိန်ကုန်တာ တကယ်မြန်တာပဲ” ဘုရားကျောင်းသခင်က သက်ပြင်းချပြီးပြန်ပြောလိုက်သည်။ “အခု မင်းမှာ မွေးဖွားဇယားချပ်ဘယ်လောက်ရှိလဲ”
တွမ့်မူထျန်းက ရိုးရိုးသားသားဖြေလိုက်၏။ “၂၈ခု”
“သက်တမ်းတစ်သိန်းခုနစ်သောင်းနီးပါး မင်း ငယ်ရွယ်သေးတာပဲ” ဘုရားကျောင်းသခင်က ပြောလိုက်သည်။
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဘုရားကျောင်းသခင်” တွမ့်မူထျန်းက ပြောလိုက်လေ၏။ ဘုရားကျောင်းသခင်က လှည့်ပတ်ကြည့်ကာမေးလိုက်၏။ “လတ်တလောတိုင်လုံးနား တခြားချဉ်းကပ်သူတွေ လာသေးလား”
တွမ့်မူထျန်းက ပြန်ပြောလိုက်သည်။ “လာပါတယ်” ပြီးနောက် သူက ထပ်ပြောလိုက်၏။ “မိုးနဲ့မြေရဲ့ကျေးဇူးကို မသိတဲ့ ကျင့်ကြံသူတစုကို မောင်းထုတ်လိုက်တယ်။ သူတို့က တိုင်လုံးကို ဘယ်လိုလုပ်တပ်မက်ရဲတာလဲ။ ကျုပ် ဒီမှာရှိနေသရွေ့ သွင့်ကျန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်ဖို့အခွင့်အရေး ဘယ်သူမှမရစေရဘူး”
ဘုရားကျောင်းသခင်သည် တွမ့်မူထျန်းကိုကြည့်ပြီး ခေါင်းအနည်းငယ်ညိတ်လိုက်၏။ ပြီးနောက် သူသည် ခြံဝန်းအပြင်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဟုတ်ပြီ”
ပြီးနောက် ဘုရားကျောင်းသခင်သည် ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နေရတော့သည်။ ၎င်းသည် ရေပမာလှိုင်းဂယက်ထသွားပြီး သူတော်စင်အလင်းပျောက်သွားတော့၏။ ပြီးနောက် သူသည် အစိမ်းရောင်အငွေ့ပမာ မိုးကုပ်စက်ဝိုင်းဆီပျောက်သွား၏။
တွမ့်မူထျန်းက သက်ပြင်းချလိုက်သည်။ ပြီးနောက် သူသည် ကျောက်ကုလားထိုင်ကို ထိလိုက်၏။ သူက ရင်ထဲထိတ်ကနဲဖြစ်သွားတော့သည်။ “နွေးနေတယ်။ သူ့ရဲ့ခန္ဓာကိုယ်အစစ်နဲ့ ရောက်လာတာပဲ”
အမည်မသိကုန်းမြေ၏ အမြုတေဧရိယာထဲတွင် ဖြစ်သည်။
မိစ္ဆာဝေဟင်မှလူတို့သည် ငါးရက်ကြာပျံသန်းခဲ့သော်ငြား ဖျက်ဆီးခြင်းတိုင်လုံးကို မတွေ့ရသေးပေ။ နောက်ဆုံး၌ သူတို့သည် အနားယူပြီးကျင့်ကြံရန် တောအုပ်တစ်ခုထဲသို့ ဆင်းသက်လိုက်၏။
လုကျိုးက လူတိုင်းကို ကြည့်ပြီးနောက် ပြောလိုက်၏။ “ရှေးအစီအရင်ထဲမှာ မင်းတို့ရဲ့ကျင့်ကြံဆင့်တွေ တိုးတက်လာတယ်။ အခုမဟာအသူရာမြေကို ရောက်နေပြီဆိုတော့ မင်းတို့ရဲ့ကျင့်ကြံဆင့်ကို ငါ နည်းလည်သဘောပေါက်ဖို့လိုတယ်။ ယွီကျန့်ဟိုင် မင်း အရင်စ”
ယွီကျန့်ဟိုင်က ဦးညွှတ်လျက်ပြောလိုက်သည်။ “ရှစ်စွင်း ကျွန်တော်က အတော်လေးနှေးပါတယ်။ လတ်တလောကမှ ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့တယ်”
ယွီရှန်းရုန်ကလည်း ပြောလိုက်၏။ “ပွင့်ချပ်၁၃ခု”
ကြာပွင့်ဖြတ်တောက်သည့်ကျင့်ကြံခြင်းလမ်းစဉ်ကို ပုံမှန်အခြေအနေဖြင့် အကဲဖြတ်၍မရသောကြောင့် လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ပွင့်ချပ်၁၀ခုပြီးရင် မင်းဖူးပွင့်လိုက်တဲ့ ပွင့်ချပ်တိုင်းက မွေးဖွားဇယားချပ် ၆ခုနဲ့ညီမျှတယ်”
တွမ့်မူရှန်းက ပြောလိုက်၏။ “ကျွန်တော့်မှာ ပွင့်ချပ်၁၂ခုရှိတယ်”
“ယိုယွင်းတိုက်စားခြင်းစွမ်းအားနဲ့ဆို မင်းရဲ့ခွန်အားက ဆရာသခင်တစ်ပါးနဲ့ယှဉ်နိုင်တယ်။ ဖျက်ဆီးခြင်းတိုင်လုံးက အသိအမှတ်ပြုမှုနဲ့ မင်းရဲ့တိုးတက်မှုက ပိုမြန်လာလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
တွမ့်မူရှန်းက ထိုစကားကိုကြားသောအခါ ဝမ်းသာသွားတော့သည်။ “ချီးကျူးတာ ကျေးဇူးတင်ပါတယ်ရှစ်စွင်း”
ပြီးနောက် မင်ရှစ်ရင်က လေးနက်တည်ကြည်စွာပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော့်မှာ မွေးဖွားဇယားချပ် ၁၈ခုရှိပါတယ်”
လုကျိုးသည် မင်ရှစ်ရင်ကို မျက်တောင်မခတ်စိုက်ကြည့်နေ၏။ ကြွားလုံးထုတ်ခြင်းက မင်ရှစ်ရင်၏ပုံစံမဟုတ်ပေ။ ခဏအကြာ၌ သူက မေးလိုက်သည်။ “မင်းမှာတကယ်ပဲ မွေးဖွားဇယားချပ် ၁၈ခုပဲရှိတာလား”
မင်ရှစ်ရင်က မပြောရသေးခင် ရှောင်ယွမ်အာကပြောလိုက်၏။ “စစ်ရှစ်ရှိုး ရှစ်စွင်းက လိမ်ညာတဲ့မိစ္ဆာတွေကို ဖော်နိုင်တဲ့ရွှေရောင်ထိုက်ရွှီကြေးမုံရှိတယ်နော်။ ရိုးရိုးသားသားဖြေတာ ပိုကောင်းမယ်”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။ “အမှန်အတိုင်း ပြောနေတာပါ” ခဏအကြာ၌ သူက ပြောလိုက်၏။ “အမ်း လိမ်ညာတဲ့မိစ္ဆာတွေကို ဖော်ထုတ်တယ်ဆိုတာ ဘာကိုပြောတာလဲရှစ်မေ့။ ငါ့ကို လိမ်ညာတဲ့မိစ္ဆာလို့ ပြောလိုက်တာလား” ရှောင်ယွမ်အာက ရယ်မောလိုက်တော့သည်။
လုကျိုးက အသံမြှင့်လျက်ပြောလိုက်၏။ “တည်တည်ကြည်ကြည်နေ”
မင်ရှစ်ရင်က လည်ချောင်းရှင်းလျက် ပြောလိုက်၏။ “တာ့ရှစ်ရှိုးလိုပဲ ကျွန်တော့မှာ မွေးဖွားဇယားချပ် ၁၉ခု ရှိပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
မင်ရှစ်ရင်၏ ပါရမီသည် အစတည်းက မဆိုးရွားပေ။ ထို့အပြင် မဟာလေဟာနယ်မျိုးစေ့၏ အာနိသင်သည် သူ၏ပထမနှင့် ဒုတိယတပည့်နှင့်ယှဉ်လျှင် သူ့အပေါ်၌ အာနိသင်ပိုကောင်းသည်။ ထိုအရာအပြင် သူသည် ဖျက်ဆီးခြင်းတိုင်လုံး၏အသိအမှတ်ပြုမှုကို ပထမဆုံးရခဲ့သူလည်းဖြစ်၏။ ရှေးအစီအရင်ထဲတွင် နေပြီးနောက် သူ၏တိုးတက်မှုက ဤမျှဖြစ်လာတာ သဘာဝကျသည်။ ပြီးနောက် ကျောင်းယွဲ့က ဦးညွှတ်လျက်ပြောလိုက်သည်။
“တပည့်က ပါရမီမပါဘူး။ ပွင့်ချပ် ၁၂ခုပဲရှိတယ်”
“မင်း အရင်တုန်းက မကျင့်ကြံခဲ့ရဘူး။ ဒါကြောင့် တခြားသူတွေထက် နောက်ကောက်ကျနေတာ။ တခြားသူတွေနောက် အမှီလိုက်ဖို့ဆိုတာ မင်းအတွက်မလွယ်ဘူး။ ကိုယ့်ကိုကိုယ်အထင်မသေးနဲ့” လုကျိုးက ပြောလိုက်၏။
“ကျေးဇူးပါရှစ်စွင်း” ကျောင်းယွဲ့ကပြောပြီး အပျော်လွန်သွား၏။ ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “တပည့် ၁၆ခုမြောက် မွေးဖွားဇယားချပ် အသက်သွင်းကာစပါ”
“မင်းမှာချန်ဟွမ်းရဲ့အကူအညီနဲ့ လိပ်ပြာပန်းပွင့်ရဲ့အဆီအနှစ်ရှိတယ်။ ဆရာသခင်အဆင့်အောက်မှာ မင်းကို အနိုင်ယူနိုင်တဲ့သူမရှိဘူး” လုကျိုးက ပြောလိုက်သည်။
“ချီးကျူးတာ ကျေးဇူးတင်ပါတယ်ရှစ်စွင်း” ယဲ့ထျန်းရှင်းက ပြောလိုက်၏။
ထိုစဉ် ကျူးဟုန်ကုန်းက ရှေ့တလှမ်းတိုးလျက် ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။ “ကျွန်တော့်မှာ ပွင့်ချပ ၁၂ခုရှိတယ်။ ဒါပေမဲ့ ၁၃ခုမြောက်ပွင့်ချပ် ဖူးပွင့်တော့မယ်” ပြီးနောက် သူသည် သူ၏ရှစ်စွင်းချီးကျူးမှာကို စောင့်နေ၏။ အဆုံးကျ လုကျိုးက ပြောလာ၏။ “ကောင်းကောင်းဆက်လုပ်”
ရှောင်ယွမ်အာဖက်လှည့်ကြည့်ချိန်၌ လုကျိုး၏မျက်လုံးထဲ၌ မျှော်လင့်မှုအရိပ်အယောင်ပေါ်လာပြီး မေးလိုက်သည်။ “ယွမ်အာ မင်းကော”
ဆိုရလျှင် ရှေးအစီအရင်ထဲ မဝင်စဉ်က ရှောင်ယွမ်အာသည် မွေးဖွားဇယားချပ်၁၀ခု အသက်သွင်းထားပြီးဖြစ်၏။ မွေးဖွားဇယားချပ်များကို အသက်သွင်းနိုင်သည့်သူမ၏ စွမ်းရည်က တကယ်ပင် အားကျဖွယ်ကောင်းလွန်းလှသည်။