← Chapters

အခန်း (၁၄၈၆-၁၄၈၈)

Vol. 100 Ch. 1486-1488

အခန်း (၁၄၈၆-၁၄၈၈)

Vol. 100 Ch. 1486-1488

အခန်း (၁၄၈၆) မဟာလေဟာနယ်က တစ်လှမ်းနောက်ကျသွားပြီ ၂

ကျဲ့ကျင်းအန်းက လက်နောက်ပစ်လျက် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျုပ်က မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးက လာတာမို့လို့လေ”

လုကျိုးသည် ကျဲ့ကျင်းအန်းကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ မဟာအသူရာမြေခရီးစဉ် တစ်လျှောက်လုံးတွင် ခေါင်းသုံးလုံးမျိုးနွယ်မှလွဲ၍ ကြမ်းတမ်းခက်ထန်သားရဲများနှင့် တောင်ပံမျိုးနွယ်များကိုသာ တွေ့ခဲ့ရသည်။ လူသားဟူ၍ လုံးဝ မတွေ့ခဲ့ရပေ။ ကျဲ့ကျင်းအန်းက မဟာအသူရာမြေမှ လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။

ကျဲ့ကျင်းအန်းက ဆက်ပြောလိုက်သည်။

“ဒါတင်မကသေးဘူး။ အဖြူရောင်ဧကရာဇ်ဆီက စာဆိုတာလည်း အကြီးအကဲမင်သဲ့ကို လှည့်စားဖို့ ကျုပ် လုပ်လိုက်တာ။ မဟုတ်ရင် ခင်ဗျားတို့ မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးကနေ ထွက်လာဖို့ ခက်ခဲလိမ့်မယ်”

လက်တွေ့တွင် ကျဲ့ကျင်းအန်းက နောက်ကွယ်မှနေ၍ ကူညီပေးနေခြင်း ဖြစ်သည်။

“ကျေးဇူးတင်မနေပါနဲ့။ ကျုပ်က အမြဲတမ်း သဘောထားကြီးပါတယ်။ ခင်ဗျားက ကျုပ်ကို လူဆိုးလို ဆက်ဆံခဲ့ပေမဲ့ ကျုပ်က အငြိုးမထားပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို တောင်းပန်လိုက်ရင်တော့ ကောင်းမယ်” ကျဲ့ကျင်းအန်းက ပြောလိုက်သည်။

လုကျိုး မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။ သူ့စိတ်ထဲတွင် အားနာစိတ် အနည်းငယ် ဖြစ်ပေါ်လာသော်လည်း ဤစကားကို ကြားလိုက်ရသည်နှင့် ထိုစိတ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက မေးလိုက်သည်။

“ဒီအကြောင်းကို အကြီးအကဲမင်သဲ့ဆီ ပြန်ပြောလိုက်မှာ မကြောက်ဘူးလား”

“ဟမ်”

ကျဲ့ကျင်းအန်း ကြောင်အသွားသည်။ သူ မိုက်မဲစွာဖြင့် လုကျိုးလက်ထဲ သက်သေအပ်လိုက်မိမှန်း အခုမှ သဘောပေါက်သွားပုံရသည်။ မျက်လုံးအနည်းငယ် ပြူးကျယ်သွားပြီး မေးလိုက်သည်။

“ခင်ဗျား ကျေးဇူးကန်းလို့ မဖြစ်ဘူးလေ... ဟုတ်တယ်မလား”

“ငါ ဘယ်လိုလူမျိုးလဲဆိုတာ မင်း သိသင့်ပါတယ်” လုကျိုးက လေသံအတက်အကျမရှိ ပြန်ပြောလိုက်သည်။

ကျဲ့ကျင်းအန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး အတင်းကာရော ပြုံးလိုက်ကာ ပြောလိုက်သည်။

“စနောက်နေတာပါဗျာ။ တောင်းပန်ပန် မပန်ပန် ကိစ္စမရှိပါဘူး။ လိုရင်းကိုပဲ ပြောကြရအောင်။ ခင်ဗျား မဟာအသူရာမြေကို လာလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ ခင်ဗျားက တကယ် သတ္တိကောင်းတာပဲ”

လုကျိုးက ပြောလိုက်သည်။ “မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီ လာတာက ငါ့အစီအစဉ်ထဲမှာ အမြဲတမ်း ပါပြီးသားပါ”

ကျဲ့ကျင်းအန်းက ပြောလိုက်သည်။

“ခင်ဗျား ကံကောင်းတယ်။ အဖြူရောင်ဧကရာဇ်ရဲ့ လူတွေ ရောက်လာတယ်လို့ ကြားတုန်းက ကျုပ် စိတ်မဝင်စားခဲ့ရင် ခင်ဗျားမှန်း သိလိုက်မှာ မဟုတ်ဘူး။ အကြီးအကဲမင်သဲ့က ရိုးရှင်းတဲ့သူ မဟုတ်ဘူး။ သူက တောင်ပံမျိုးနွယ်ရဲ့ အသန်မာဆုံး တာအိုသူတော်စင်ပဲ။ ဟုန်ကျန့်က အကြီးအကဲမင်သဲ့ရဲ့ နံပါတ်တစ် လက်ပါးစေပဲ။ သူက မင်သဲ့ရဲ့ မကောင်းမှုမှန်သမျှ လုပ်ပေးရတာ။ အခု ဟုန်ကျန့် သေသွားပြီဆိုတော့ ခင်ဗျား သတိထားမှ ရမယ်”

လုကျိုးက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “သူသာ ငါ့ဆီ လာရဲရင် ပြန်လမ်းမရှိစေရဘူး”

ကျဲ့ကျင်းအန်းက ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားရဲ့ ကျင့်ကြံမှု ဒီလောက် တိုးတက်လာမယ်လို့ မထင်ထားမိဘူး။ ဪ... ဒါနဲ့ ပျက်စီးသွားတဲ့ နတ်ဝိညာဉ်ပုလဲက အသုံးမဝင်တော့ဘူး”

လုကျိုးသည် မှိန်ဖျော့နေသော နတ်ဝိညာဉ်ပုလဲကို ထုတ်လိုက်သည်။ ၎င်းဆီမှ မည်သည့် စွမ်းအင်ကိုမျှ အာရုံမခံနိုင်တော့ပေ။

ကျဲ့ကျင်းအန်းက ပြောလိုက်သည်။

“ဟုန်ကျန့်က ပုလဲထဲက စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်တာတောင် ခင်ဗျားကို မသတ်နိုင်ခဲ့ဘူး။ သူသာ အသက်ရှင်နေသေးရင် ပုလဲကို ပြန်လှုံ့ဆော်နိုင်ဦးမှာ။ နှမြောစရာပဲ”

ခွပ်

ကျဲ့ကျင်းအန်း၏ အသံဆုံးသည်နှင့် နတ်ဝိညာဉ်ပုလဲသည် ကွဲကြေသွားတော့သည်။

လုကျိုးသည် မြေပြင်ပေါ် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး ဟုန်ကျန့်၏ နောက်ဆုံးစကားများကို ပြန်ကြားယောင်မိလိုက်သည်။ ထို့နောက် ကျဲ့ကျင်းအန်းက သူ့ကို အခမဲ့ ကူညီပေးခဲ့ပုံကို တွေးမိပြီး သူ့ကိုယ်ပိုင် အထောက်အထားကို သံသယဝင်မိသွားသည်။ ယခင်က လူတိုင်းက သူ့ကို လုထျန်းထုံဟု အထင်မှားခဲ့ကြသည်။ သူ မည်မျှပင် ပြင်ပေးစေကာမူ သူတို့ မယုံကြည်ခဲ့ကြပေ။ နောက်ဆုံးတွင် သူလည်း ရှင်းပြရတာ ပျင်းသွားတော့သည်။ ယခု သူ့အထောက်အထားက ထပ်ပြောင်းသွားပြန်ပြီဟု ထင်ရသည်။

ဧကရာဇ်အိုကြီး၏ ဂူသင်္ချိုင်းမှ ယင်းကော်မှသည် ကျဲ့ကျင်းအန်း၊ နောက်ကျ ဟုန်ကျန့်အထိ သူတို့အားလုံး သူ့ကို အထင်လွဲနေကြပုံရသည်။

ကျိထျန်းတောက်၊ လုထျန်းထုံနှင့် ဖုတ်ကောင်ဘုရင် ယင်းကော်တို့တွင် တူညီသော အချက်တစ်ချက် ရှိကြသည်။ သူတို့အားလုံး ကျင့်ကြံခြင်းလမ်းစဉ်သစ်ကို ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်။

သူက ကောင်းကင်ကျမ်းစာ သုံးစောင်ကို ကျင့်ကြံထားသောကြောင့် သူ့ပြိုင်ဘက်များက အထင်လွဲနေကြခြင်းပေလောဟု လုကျိုး တွေးမိသည်။

ထိုအချိန်၌ ကျဲ့ကျင်းအန်းက ရှောင်ယွမ်အာကို ကြည့်ပြီး ပြောလိုက်သည်။

“မိန်းကလေး... မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုတာ ခံရမယ်လို့ မထင်ထားဘူး။ ဂုဏ်ယူပါတယ်”

ရှောင်ယွမ်အာက ပုံမှန်မဟုတ်ဘဲ ယဉ်ကျေးစွာ ပြောလိုက်သည်။ “စောစောက ကယ်တင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်”

ကျဲ့ကျင်းအန်း သဘောကျသွားသည်။ သူက လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။

“ကိစ္စသေးလေးပါ။ မင်းဆရာနဲ့ ကျုပ်က... အဲ... ထားလိုက်ပါတော့... ကျုပ် သူ့ကို မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူရဲကောင်းချင်း ကိုယ်ချင်းစာတယ်ဆိုသလိုပဲ။ မင်းကို ကယ်တင်တာ မှန်ကန်ပါတယ်”

လုကျိုးက သဘာဝကျစွာပင် ကျဲ့ကျင်းအန်းကို မယုံကြည်ပေ။ လောကကြီးတွင် အလကားရသော နေ့လယ်စာဟူ၍ မရှိချေ။ သို့သော်လည်း ကျဲ့ကျင်းအန်းက သူ့ကို များစွာကူညီခဲ့သည်မှာ ငြင်းမရပေ။ အကယ်၍ ကျဲ့ကျင်းအန်း၌ မကောင်းသော ရည်ရွယ်ချက်ရှိပါက သူ့ကိုသတ်ရန် သို့မဟုတ် ရှောင်ယွမ်အာကို ဖမ်းခေါ်သွားရန် အခွင့်အရေးများစွာ ရှိခဲ့သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ကောင်းပြီ... ခင်ဗျားမှာ တောင်းဆိုစရာ ရှိရင် ပြောလို့ရတယ်”

“တကယ်လား” ကျဲ့ကျင်းအန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

“တကယ်ပေါ့”

“ကျုပ်ရဲ့ တောင်းဆိုမှုက လွန်ကျွံနေရင်ကော”

“ငါ လုပ်ပေးနိုင်တဲ့ အတိုင်းအတာအတွင်းပေါ့” လုကျိုးက ဖျော့တော့စွာ ပြောလိုက်သည်။

“ကောင်းတာပေါ့။ နောက်မှ တောင်းဆိုလို့ ရမလား” ကျဲ့ကျင်းအန်းက မေးလိုက်သည်။

“ရတယ်”

မင်း ငါ့ကို လေးစားရင် ငါ ပြန်ပေးဆပ်ရမှာပေါ့။

ကျဲ့ကျင်းအန်းသည် လုကျိုး၏ အဖြေကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

“လူကြီးလူကောင်းက ကတိတည်ရမယ်နော်”

“ငါက လူကြီးလူကောင်း မဟုတ်ဘူး။ ဒါပေမဲ့ ကတိတော့ မပျက်စေရဘူး”

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ” ကျဲ့ကျင်းအန်းက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။ “ရှစ်စွင်း... ဒီလူက နည်းနည်း ကောက်ကျစ်သလို ခံစားရတာ ဘာလို့လဲ”

အမှန်တကယ်တွင် ကျဲ့ကျင်းအန်း၏ မျက်နှာထားက အနည်းငယ် ကောက်ကျစ်ပုံ ပေါက်နေသည်။

ကျဲ့ကျင်းအန်းက ပြောလိုက်သည်။ “မိန်းကလေး... မင်းက မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရထားတာ။ နောင်ကျ ကျင့်ကြံခြင်းလောကမှာ မင်းနာမည်က သေချာပေါက် ကျော်ကြားလာမှာ၊ မင်းဆရာကို ကူညီဖို့ မမေ့နဲ့”

ခဏကြာတော့ တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ကျဲ့ကျင်းအန်းက မေးလိုက်သည်။

“အဖြူရောင်ဧကရာဇ်နဲ့ ဘယ်တုန်းက အဆက်အသွယ် ရသွားတာလဲ”

“ကျုပ် အဖြူရောင်ဧကရာဇ်နဲ့ လုံးဝ မရင်းနှီးဘူး” လုကျိုးက ရိုးသားစွာ ဖြေလိုက်သည်။

ကျဲ့ကျင်းအန်းက လုကျိုးကို လက်မထောင်ပြလိုက်သည်။ “ခင်ဗျား တကယ် တော်တာပဲ။ မဟာအသူရာမြေက လူတွေကို အဖြူရောင်ဧကရာဇ် နာမည်သုံးပြီး လှည့်စားရဲတယ်”

ထို့နောက် ကျဲ့ကျင်းအန်းက ဘယ်ညာကြည့်ကာ တောင်ပံမျိုးနွယ်သား လေးယောက်၏ အလောင်းများကို လေ့လာပြီးနောက် ပြောလိုက်သည်။

“အချိန်လင့်နေပြီ။ မင်သဲ့က ဟုန်ကျန့်ကို အလကား အသေခံမှာ မဟုတ်ဘူး။ သူက တာအိုသူတော်စင်မို့လို့ ခင်ဗျား သတိထားရမယ်။ ကျုပ် ဒီတစ်ခေါက် တိုင်လုံးက ထွက်လာတာမို့လို့ သူ သေချာပေါက် သံသယဝင်နေလိမ့်မယ်။ ကျုပ် ခင်ဗျားကို အချိန်တစ်ခုလောက် လာတွေ့နိုင်မှာ မဟုတ်ဘူး”

“ကောင်းပြီ” လုကျိုးက ပြောလိုက်သည်။

ကျဲ့ကျင်းအန်းက ရှောင်ယွမ်အာကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုတာ ခံထားရပြီဆိုတော့ ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်။ သွားခွင့်ပြုပါဦး”

ဝှစ်

ကျဲ့ကျင်းအန်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မဟာအသူရာမြေဘက်သို့ ဦးတည်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိုးကုပ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားတော့သည်။

…

အခန်း (၁၄၈၇) မဟာလေဟာနယ်က တစ်လှမ်းနောက်ကျသွားပြီ (၃)

ကျဲ့ကျင်းအန်း ထွက်ခွာသွားပြီးနောက် ရှောင်ယွမ်အာက ပြောလိုက်လေ၏။

“ရှစ်စွင်း... သူက လူကောင်းပုံ မပေါက်ဘူး။ တပည့်တို့ သတိထားမှ ဖြစ်မယ်”

လုကျိုးက မေးလိုက်သည်။ “ကလေးမလေး... မင်းက ဘယ်တုန်းကများ လူတွေကို သံသယဝင်တတ်သွားတာလဲ” ထို့နောက် သူက ဆက်လက်ရှင်းပြလိုက်၏။

“ကျဲ့ကျင်းအန်းက မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးက လာတာပဲ။ အဲဒီတော့ သူသာ တိုက်ခိုက်ချင်ရင် ငါတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူ ငါတို့ကို မတိုက်ခိုက်ခဲ့ဘူး”

ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်သည်။ သူမသည် တောင်ပံမျိုးနွယ်သားများ၏ အလောင်းများကို ကြည့်ပြီး ပြောလိုက်သည်။

“ရှစ်စွင်း... ဒီနေရာကနေ မြန်မြန်ထွက်သွားကြရအောင်”

လုကျိုး ခေါင်းညိတ်လိုက်၏။

ဟုန်ကျန့် သေဆုံးသွားပြီဖြစ်သည်။ သူတို့အနေဖြင့် ဤနေရာတွင် ဆက်နေရန် အန္တရာယ်များလွန်းလှသည်။

ထို့ကြောင့် လုကျိုးသည် ရှောင်ယွမ်အာနှင့် ခရုလေးကို ခေါ်ဆောင်ကာ ကြွေလွင့်နတ်ဘုရားတောင်တန်းမှ ထွက်ခွာသွားတော့သည်။

မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးရှိ မင်သဲ့ခန်းမဆောင်။

အကြီးအကဲမင်သဲ့သည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့များ ဖြာထွက်နေသည်။

ထိုအချိန်တွင် တောင်ပံမျိုးနွယ်သားတစ်ဦး ခန်းမထဲသို့ ပျံသန်းဝင်ရောက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ လျှောက်တင်လိုက်သည်။

“အကြီးအကဲမင်သဲ့... ဟုန်ကျန့်နဲ့ ကျန်တဲ့လေးယောက် ကြွေလွင့်နတ်ဘုရားတောင်တန်းမှာ သေဆုံးသွားပါပြီ”

အကြီးအကဲမင်သဲ့၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

“သူတို့ သေသွားပြီလား”

“သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်သယ်လာခဲ့ပါပြီ”

အကြီးအကဲမင်သဲ့သည် မျက်မှောင်ကျုံ့လျက် အတွေးနက်သွားလေ၏။ တိတ်ဆိတ်မှုက အချိန်အတန်ကြာ လွှမ်းမိုးသွားပြီးနောက် သူက ပြောလိုက်သည်။

“ဒီကိစ္စကို အထက်ကို သတင်းပို့ဖို့ မလောနဲ့ဦး”

“အကြီးအကဲမင်သဲ့... ဟုန်ကျန့်သေဆုံးမှုက ကိစ္စကြီးပါတယ်။ တောင်ပံမျိုးနွယ်မှာ ဒီလိုကိစ္စမျိုး မဖြစ်ခဲ့တာ ကြာပါပြီ။ ကျွန်တော်...”

“ငါပြောတာကို နားမလည်ဘူးလား” အကြီးအကဲမင်သဲ့၏ အသံက အေးစက်နက်ရှိုင်းသွားသည်။

“နားလည်ပါပြီ” တောင်ပံမျိုးနွယ်သားက ပြောဆိုပြီးနောက် ရိုသေစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။

ခဏကြာသောအခါ နောက်ထပ် တောင်ပံမျိုးနွယ်သားတစ်ဦး ခန်းမထဲသို့ ဝင်ရောက်လာသည်။ သူက ဦးညွှတ်လျက် ပြောလိုက်သည်။

“အကြီးအကဲမင်သဲ့... ကောင်းကင်ဘုံက လူတစ်ယောက် ရောက်နေပါတယ်”

“မြန်မြန် ဖိတ်ခေါ်လိုက်” အကြီးအကဲမင်သဲ့က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ဆယ်မိနစ်ပင် မကြာလိုက်ပေ။ တောင်ပံမျိုးနွယ်သားသည် လူတစ်ယောက်ကို ခေါ်ဆောင်လျက် ပြန်ရောက်လာသည်။

အကြီးအကဲမင်သဲ့သည် အလျင်စလို ရှေ့တိုးသွားကာ ကြိုဆိုလိုက်သည်။ ယခင်က ရှိခဲ့သော သူ၏ မောက်မာမှုများသည် ယခုအချိန်၌ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် ပြောလိုက်သည်။

“တာအိုသူတော်စင်ကျန့် ဖြစ်နေတာကိုး”

ကျန့်ဝမ်ရွှီက ပြုံးလိုက်သည်။ “အကြီးအကဲမင်သဲ့... မတွေ့ရတာ ကြာပြီပဲ”

“ထိုင်ပါဦး” အကြီးအကဲမင်သဲ့က ဖိတ်ခေါ်လိုက်သည်။

“ခင်ဗျားနဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ။ ကြာကြာမနေပါဘူး” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။ သူ ထိုင်ဖို့ ရည်ရွယ်ချက် မရှိပေ။

“တာအိုသူတော်စင်ကျန့်... ခင်ဗျား ရောက်လာမှတော့ ကျုပ်နဲ့လိုက်ခဲ့ပြီး ဧကရာဇ်ယွီနဲ့ တွေ့ပါလား။ ကျုပ်တို့ အတူတူ ဆွေးနွေးလို့ ရတာပေါ့”

“မလိုပါဘူး။ အသေးအဖွဲ ကိစ္စလေးတစ်ခုပါ။ ဧကရာဇ်ယွီကို အနှောင့်အယှက် ပေးစရာ မလိုပါဘူး”

ကျန့်ဝမ်ရွှီက ငြင်းပယ်လိုက်သည်။

“ကောင်းပါပြီ... ပြောပါ”

“ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ လူတွေလာပြီး တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ ကြိုးစားနေကြတယ်ဆိုပြီး မဟာလေဟာနယ်က သတင်းရထားတယ်။ မဟာအသူရာမြေက တိုင်လုံးက ဗဟိုချက်မကျလို့ သာမန်လူတွေ လာဖို့ ခက်ခဲတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်များ အနားကပ်လာခဲ့ရင် ကျေးဇူးပြုပြီး မဟာလေဟာနယ်ကို ချက်ချင်း အကြောင်းကြားပေးစေချင်တယ်” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။

အကြီးအကဲမင်သဲ့ ဆွံ့အသွားသည်။

'သူတောင် ထွက်သွားပြီ... အခုမှ လာပြောနေတာ ငါ့ကို နောက်နေတာများလား'

အကြီးအကဲမင်သဲ့သည် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသော်လည်း အပြင်ပန်းတွင်မူ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ဒါပေမဲ့ တာအိုသူတော်စင်ကျန့် ပြောတဲ့ လူတွေက ဘယ်သူတွေများလဲ”

ကျန့်ဝမ်ရွှီသည် လက်နောက်ပစ်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ပြောလိုက်သည်။

“မျှခြေမညီမျှမှုတွေ ပိုဆိုးလာတာကြောင့် တရားမျှတမှုချိန်ခွင်က ဆရာသခင်တွေနဲ့ သူတော်စင်တွေရဲ့ လှုပ်ရှားမှုကို အာရုံခံဖို့ ခက်ခဲလာတယ်။ သေချာတာတစ်ခုကတော့ နယ်မြေကိုးခုမှာ ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေပြီး ပါရမီရှင် ကျင့်ကြံသူများစွာ မွေးဖွားလာနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ ပါရမီရှင်တွေနဲ့ ပညာရှင်တွေကို ခေါ်ယူခဲ့ပေမဲ့ မဟာလေဟာနယ်က လူအင်အား လိုအပ်ချက် ရှိနေတုန်းပဲ။ မဟာလေဟာနယ်က နယ်မြေကိုးခုက ပါရမီရှင် ကျင့်ကြံသူတွေကို ထပ်ပြီး ခေါ်ယူချင်နေတယ်။ ပြောစရာတောင် မလိုပါဘူး... တိုင်လုံးတွေရဲ့ အသိအမှတ်ပြုမှုကို ရတဲ့သူတွေက အဓိက ရွေးချယ်ခံရမဲ့သူတွေပဲ”

အကြီးအကဲမင်သဲ့၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။ တောင်ပံမျိုးနွယ်တွင်လည်း ထိုကဲ့သို့ အတွေးမျိုး ရှိခဲ့သည်။ သူသည် စောစောက မိန်းမငယ်အကြောင်းကို ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“တကယ်တော့... မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရထားတဲ့သူ တစ်ယောက် ရှိတယ်”

ကျန့်ဝမ်ရွှီက တုန်လှုပ်သွားသည်။ သူ၏ မျက်နှာထားနှင့် လေသံများ ပြောင်းလဲသွားပြီး မေးလိုက်သည်။

“ဘယ်သူလဲ။ အဲဒီလူ အခု ဘယ်မှာလဲ”

“အဲဒီမိန်းကလေးရဲ့ ပါရမီက အံ့မခန်းပဲ။ တွေ့ရခဲတဲ့ ပါရမီရှင်မျိုးပေါ့။ ဒါပေမဲ့... သူ ထွက်သွားပါပြီ”

မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျန့်ဝမ်ရွှီသည် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

“ဒီနေရာက တိုင်လုံးရဲ့ အသိအမှတ်ပြုခံရသူတွေက နှစ်ပေါင်း ၃၀၀၀ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်မလား။ ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ”

အကြီးအကဲမင်သဲ့က ပြောလိုက်သည်။ “သူက အဖြူရောင်ဧကရာဇ်ရဲ့ လူတစ်ယောက် ဖြစ်နေလို့ပါ”

“အဖြူရောင်ဧကရာဇ်လား” ကျန့်ဝမ်ရွှီ မျက်မှောင်ကျုံ့လိုက်သည်။

အကြီးအကဲမင်သဲ့သည် ဟုန်ကျန့်ကို သူစေခိုင်းလိုက်သည့် ကိစ္စကို သဘာဝကျစွာပင် ထုတ်ပြောမည် မဟုတ်ပေ။ ကျန့်ဝမ်ရွှီ၏ မျက်နှာထား မည်းမှောင်လာသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်သည်။

“အဲဒီမိန်းကလေးက သူ့ရဲ့ မွေးဖွားနန်းဆောင်ကို အပြည့်အဝ ချဲ့ထွင်ထားနိုင်တယ်။ ပြီးတော့ သူ့မှာ လူသားဧကရာဇ် တစ်ပါးရဲ့ လက္ခဏာရပ်တွေ ရှိတယ်။ တာအိုသူတော်စင်ကျန့်... ဒီအပေါ်မှာ ဘယ်လိုသဘောရလဲ”

“သူ့ရဲ့ မွေးဖွားနန်းဆောင်ကို အပြည့်အဝ ချဲ့ထွင်ထားတယ် ဟုတ်လား” ကျန့်ဝမ်ရွှီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မှန်ပါတယ်။ တာအိုသူတော်စင်ကျန့်... ကျုပ်နောက်ကို လိုက်ခဲ့ပါ”

အကြီးအကဲမင်သဲ့သည် ကျန့်ဝမ်ရွှီကို အခြားခန်းမဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီးနောက် ပုံရိပ်ယောင်ခင်းကျင်းမှုကို ဖွင့်ပြလိုက်သည်။ ထိုအထဲတွင် ရှောင်ယွမ်အာသည် အရံအတားထဲသို့ ဝင်ရောက်သွားပြီး မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံး၏ အသိအမှတ်ပြုမှုကို ရယူနေပုံများ ပေါ်လာလေတော့သည်။

…

အခန်း (၁၄၈၈) ကျင့်ကြံခြင်းနယ်မြေ (၁)

ကျန့်ဝမ်ရွှီသည် မှတ်တမ်းကို ကြည့်ရှုပြီးနောက် မျက်နှာထက်၌ အံ့အားသင့်ရိပ်များ ထင်ဟပ်လာကာ ပြောလိုက်သည်။

“ဒီမိန်းကလေးက တကယ့်ကို ရှားပါးပါရမီရှင်တစ်ယောက်ပဲ။ အရံအတားက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိဘူး။ သူ့ရဲ့ မွေးဖွားနန်းဆောင်ကို အပြည့်အဝ ဖွင့်လှစ်ထားနိုင်ပြီဆိုတော့ လူသားမျိုးနွယ်မှာ နောက်ထပ် အထွတ်အထိပ်သက်ရှိတစ်ပါး သေချာပေါက် ပေါ်ထွန်းလာတော့မယ်”

“တာအိုသူတော်စင်ကျန့်တောင်မှ ဒီမိန်းကလေးကို အထင်ကြီးနေတာပဲ။ မဟာလေဟာနယ်ကသာ သူ့ကို အသုံးမချနိုင်ရင် တော်တော်လေး နှမြောစရာ ကောင်းလိမ့်မယ်” အကြီးအကဲမင်သဲ့က ပြောလိုက်သည်။

ကျန့်ဝမ်ရွှီက အကြီးအကဲမင်သဲ့ကို အကဲခတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“တောင်ပံမျိုးနွယ်မှာကော လိုချင်တပ်မက်တဲ့ စိတ်ကူးမျိုး လုံးဝမရှိဘူးလို့တော့ မပြောနဲ့နော်...”

အကြီးအကဲမင်သဲ့က ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ရှိတာပေါ့။ ဒါပေမဲ့ သူက အဖြူရောင်ဧကရာဇ်ရဲ့ လူတစ်ယောက် ဖြစ်နေတာကိုး”

ကျန့်ဝမ်ရွှီက ခေါင်းညိတ်လိုက်ပြီး လုကျိုးကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“သူက ဘယ်သူလဲ”

“သူက အဲဒီမိန်းကလေးရဲ့ ဆရာပါ။ သူသာ မရှိရင် အဲဒီမိန်းကလေးက တောင်ပံမျိုးနွယ်ဆီ ဝင်လာမှာ”

အကြီးအကဲမင်သဲ့က ပြုံးလျက် ပြန်ဖြေလိုက်သည်။

“သူ့နောက်ခံက ဘာလဲ” ကျန့်ဝမ်ရွှီက မေးလိုက်သည်။

“မသေချာသေးဘူး။ အဖြူရောင်ဧကရာဇ်ရဲ့ ဘေးနားမှာ ဒီလိုလူရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ဒီနှစ်ပိုင်းအတွင်း ပေါ်လာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လောက်တယ်”

ကျန့်ဝမ်ရွှီက မေးလိုက်ပြန်သည်။ “သူ တခြား ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ သွားသေးလား”

“ကျုပ်တို့က တခြားတိုင်လုံးတွေကို အာရုံမစိုက်ပါဘူး။ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုလုံးရဲ့ အခြေအနေကို အမှန်တကယ် နားလည်တာက မဟာလေဟာနယ်ပဲ ရှိတာ”

“ဒါဆို သူ အခု ဘယ်မှာလဲ”

အကြီးအကဲမင်သဲ့သည် ဤမေးခွန်းကြောင့် ဆွံ့အသွားသည်။ ဟုန်ကျန့်သည် တာဝန်ကို အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။ ဟုန်ကျန့် သေဆုံးသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ တစ်ဖက်လူကလည်း အရူး မဟုတ်သည့်အတွက် သဲလွန်စ ချန်ထားခဲ့မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူသည် ကျန့်ဝမ်ရွှီ၏ မေးခွန်းကို ခေါင်းခါ၍သာ တုံ့ပြန်လိုက်ရသည်။

ကျန့်ဝမ်ရွှီက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ဒီကိစ္စကို စုံစမ်းဖို့ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။ ဘယ်လိုသဘောရလဲ”

“ကျုပ်ကို တာဝန်ပေးမယ် ဟုတ်လား” အကြီးအကဲမင်သဲ့ မျက်မှောင်ကျုံ့လိုက်သည်။

“ကျုပ်က ဒီကိစ္စကို ဘုရားကျောင်းသခင်ဆီ တင်ပြလိုက်မယ်” ကျန့်ဝမ်ရွှီက ပြုံးလျက် ပြောလိုက်သည်။

“အကြီးအကဲမင်သဲ့က ဒီလူကို ရှာတွေ့နိုင်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးကို ကျုပ်တို့ ရှာကို ရှာရမယ်”

အကြီးအကဲမင်သဲ့သည် စိတ်ထဲတွင် ကျန့်ဝမ်ရွှီကို ကျိန်ဆဲလိုက်သည်။ သူက ဒုက္ခကို လွှဲပြောင်းပြီး မဟာလေဟာနယ်ကို ဖြေရှင်းခိုင်းရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့မှသာ အဖြူရောင်ဧကရာဇ်က သတိထားရပေမည်။ ကျန့်ဝမ်ရွှီက ဒီကိစ္စကို သူ့ဆီ ပြန်တွန်းပို့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ဧကရာဇ်ယွီရဲ့ သဘောထားကို အရင်မေးရလိမ့်မယ် ထင်တယ်” နောက်ဆုံးတွင် အကြီးအကဲမင်သဲ့သည် ဧကရာဇ်ယွီ၏ အမည်ကို ထုတ်သုံးလိုက်ရတော့သည်။ သူက မဟာလေဟာနယ်ကို အလကားသက်သက် အကျိုးမပြုလိုပေ။

ကျန့်ဝမ်ရွှီသည် တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

“မျှခြေမညီမျှတဲ့ ကာလအတွင်းမှာ ဖျက်ဆီးခြင်းတိုင်လုံးတွေက မဟာလေဟာနယ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဘုရားကျောင်းသခင်က အမိန့်ထုတ်ထားတယ်။ ခန်းမဆယ်ခုတောင်မှ ခြွင်းချက် မရှိဘူး”

အကြီးအကဲမင်သဲ့သည် မဟာလေဟာနယ်၏ သဘောထားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူက မေးလိုက်သည်။

“မြင့်မြတ်တဲ့ဘုရားကျောင်းက ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုကို ဒီလောက်တောင် တန်ဖိုးထားတာလား”

ယခင်က ဤကဲ့သို့ တစ်ခါမျှ မရှိခဲ့ဖူးပေ။

“ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။ ဒီကိစ္စက အရေးကြီးတယ်။ ကျုပ်တို့ ပေါ့ဆလို့ မရဘူး။ ကျုပ် လုပ်စရာ ကိစ္စကြီးတွေ ရှိသေးတယ်။ ဧကရာဇ်ယွီကို ခင်ဗျားဘာသာ ရှင်းပြလိုက်ပါ” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။ ထို့နောက် သူက အသံကိုနှိမ့်လျက် ဆက်ပြောလိုက်သည်။

“ဒီမိန်းကလေးမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတယ်လို့ ကျုပ် သံသယရှိတယ်။ မဟာလေဟာနယ်က မျိုးစေ့တွေကို အတန်ဖိုးထားဆုံးပဲဆိုတာ ခင်ဗျား သိပါတယ်။ ဒီကိစ္စကို သေသေချာချာ စဉ်းစားပါ”

ပြောပြီးသည်နှင့် ကျန့်ဝမ်ရွှီက အကြီးအကဲမင်သဲ့ကို လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ပြီး တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဧကရာဇ်ယွီကို မနှုတ်ဆက်နိုင်ခဲ့တာ ခွင့်လွှတ်ပေးပါ။ ကျုပ်ရဲ့ နှုတ်ဆက်စကားကို ပါးပေးပါဦး။ ကျုပ် သွားတော့မယ်”

“တာအိုသူတော်စင်ကျန့် ဘယ်ကို သွားမလို့လဲ သိခွင့်ရှိမလား” အကြီးအကဲမင်သဲ့က မေးလိုက်သည်။

“မဟာလေဟာနယ်က လူအင်အား နည်းပါးနေတယ်။ နယ်မြေကိုးခုဘက် သွားကြည့်ဖို့ ဘုရားကျောင်းသခင်က အမိန့်ပေးထားတယ်။ ခင်ဗျားစိတ်ထဲမှာ သင့်တော်တဲ့သူများ ရှိလား”

ကျန့်ဝမ်ရွှီက မေးလိုက်သည်။

“အစိမ်းရောင်ကြာနယ်မြေက ဆရာသခင် တချို့ ရှိပါတယ်။ ချန်ဖုနဲ့ သူ့တပည့်တွေကလည်း မဆိုးပါဘူး”

ကျန့်ဝမ်ရွှီက အကြီးအကဲမင်သဲ့၏ အကြံပြုချက်ကို အထင်မကြီးပေ။ သူက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

“အဲဒီ ချန်ဖုက နှစ်မြွှာကြာနယ်မြေကို အကြောင်းပြပြီး မဟာလေဟာနယ်ကို ခြိမ်းခြောက်ခဲ့တာ။ သူက မဟာလေဟာနယ်နဲ့ ဘာမှမပတ်သက်ချင်ဘူးတဲ့လေ။ ဘုရားကျောင်းသခင်က သူ့ကို အပြစ်ပေးပြီးပြီ။ သူ အသက်ရှည်ရှည် နေရတော့မှာ မဟုတ်ဘူး။ သူ့တပည့်တွေက ပါရမီရှိပေမဲ့ ကြည့်ရတာ မျက်စိစပါးမွေးစူးစရာ ကောင်းတယ်”

ပြောပြီးသည်နှင့် ကျန့်ဝမ်ရွှီ လှည့်ထွက်သွားတော့သည်။

ကျန့်ဝမ်ရွှီ ထွက်သွားသည်ကို သေချာအောင် စောင့်ကြည့်ပြီးနောက် အကြီးအကဲမင်သဲ့က ဒေါသတကြီး ပြောလိုက်သည်။

“ယုတ်မာလိုက်တာ။ မင်းကများ ငါ့ကို လုပ်ကြံကြံစည်ရဲတယ်။ ငါ့ရဲ့ မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးကသာ ကောင်းကင်ကို ထောက်မထားမပေးရင် မင်းတို့ ဘယ်ရောက်သွားမလဲ”

အကြီးအကဲမင်သဲ့ ဒေါသထွက်နေသော်လည်း အမိန့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

“မဟာလေဟာနယ်မျိုးစေ့...” အကြီးအကဲမင်သဲ့ ရေရွတ်လိုက်သည်။ စောစောက ထိုမိန်းကလေး၏ ကျင့်ကြံမှုကို သေချာ မစစ်ဆေးခဲ့မိသည့်အတွက် နောင်တရမိသွားသည်။

ကျင့်ကြံခြင်းလောကတွင် အများလက်ခံထားသော ယုံကြည်ချက်တစ်ခု ရှိသည်။ ကျင့်ကြံနှုန်း အလွန်မြန်ဆန်သူများသည် မဟာလေဟာနယ်မျိုးစေ့များ သို့မဟုတ် မဟာလေဟာနယ်စွမ်းအင်နှင့် ပတ်သက်ဆက်နွယ်မှု ရှိကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဟာလေဟာနယ်မျိုးစေ့များ မည်မျှ တန်ဖိုးရှိကြောင်း သိသာထင်ရှားလှသည်။

အကြီးအကဲမင်သဲ့သည် ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ရေရွတ်လိုက်သည်။

“ဟုန်ကျန့် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရှင်းပြချက်တစ်ခုတော့ ရှိရမယ်။ အဲဒီမိန်းကလေးကိုသာ ဖမ်းမိရင် ဧကရာဇ်ယွီကိုလည်း ငါ ရှင်းပြလို့ ရပြီ”

ထိုအချိန်တွင် လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် မဟာအသူရာမြေအနီးရှိ ကျယ်ပြောလှသော တောအုပ်ကြီးတစ်ခု၌ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ပြန်လည်ဆုံတွေ့ကြသည်။

အခြားသူများက သူတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။

“မျှော်နန်းသခင်”

“ရှစ်စွင်း”

လုကျိုး မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် မေးလိုက်သည်။

“အားလုံး အဆင်ပြေကြရဲ့လား”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးနားမှာ ကြီးမားလွန်းတဲ့ သားရဲကြီးတစ်ကောင် လှည့်ပတ်နေတာ တွေ့လို့ ကျွန်တော်တို့ အချိန်မီ ဆုတ်ခွာခဲ့ကြပါတယ်။ သူ့အရှိန်က သိပ်မမြန်လို့ ကျွန်တော်တို့ အန္တရာယ်မရှိခဲ့ပါဘူး”

လုကျိုးက ခုံဝမ်ကို ကြည့်ပြီး မေးလိုက်သည်။

“ခုံဝမ်... အဲဒါ ဘာသားရဲလဲဆိုတာ မင်း သိလား”

ခုံဝမ်က ပြန်ဖြေလိုက်သည်။

“ရှေးဟောင်း သားရဲမှတ်တမ်းတွေအရဆိုရင် အဲဒီလောက် အရွယ်အစားရှိတဲ့ ကြမ်းတမ်းခက်ထန်သားရဲ သိပ်မရှိဘူး။ အဆုံးမဲ့သမုဒ္ဒရာထဲမှာ ခွန်ရှိတယ်။ အမည်မသိကုန်းမြေရဲ့ အလယ်ဗဟိုမှာ ကျူကျောက်ရှိပြီး မဟာလေဟာနယ်ထဲမှာ ယင်းလုံရှိတယ်။ မုန့်ကျန်းကိုလည်း ထည့်သွင်းစဉ်းစားလို့ ရပေမဲ့ မှတ်တမ်းထဲမှာ မပါဘူး။ အဲဒီတုန်းက မြူတွေထူနေလို့ ကျွန်တော် သေချာ မမြင်ခဲ့ရဘူး”

“ခွန် ဟုတ်လား။ အဲဒါက မျှခြေထိန်းညှိသူလို့ ရှစ်စွင်း ပြောဖူးတယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ရှေးဟောင်းမှတ်တမ်းတွေအရ ခွန်က မိုင်ပေါင်း ၉ သောင်းဖြန့်ကျက်နိုင်တဲ့ တောင်ပံတစ်စုံကို ဖန်တီးနိုင်တယ်။ အကယ်၍ သူက မျှခြေထိန်းညှိသူသာဆိုရင် မဟာအသူရာမြေကို ပြန်လာဖို့ အခွင့်အရေး ရှိတယ်” ခုံဝမ်က ပြောလိုက်သည်။

All Chapters