အခန်း (၁၄၈၉-၁၄၉၁)
Vol. 100 Ch. 1489-1491
အခန်း (၁၄၈၉) ကျင့်ကြံခြင်းနယ်မြေ (၂)
“တကယ်ကြီး ပျံနိုင်တာလား”
ကျူးဟုန်ကုန်း အလွန်အမင်း အံ့အားသင့်သွားသည်။ အဆုံးမဲ့သမုဒ္ဒရာတွင် ကြုံတွေ့ခဲ့ရသော အချိန်များကို ပြန်တွေးမိသောအခါ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။
“မှန်တယ်။ ဘာပဲဖြစ်ဖြစ် ပျံသန်းနိုင်တဲ့ ပင်လယ်သားရဲတွေ အများကြီး ရှိတာကိုး” ခုံဝမ်က ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“လုံလောက်ပြီ။ ဘာပဲဖြစ်ဖြစ် အားလုံး ဘေးကင်းကြတာ ကောင်းပါတယ်။ သွင့်ကျန်းကို မပြန်ခင် ဒီမှာ အနားယူကြတာပေါ့”
ထိုစကားကို ကြားသောအခါ ကျောင်းဟုန်ဖုက ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။
“မျှော်နန်းသခင်... နှစ်ရက်လောက် ဒီမှာ နားရင်ကော ဘယ်လိုလဲ။ သွင့်ကျန်းကို သွားဖို့ သင်္ကေတလမ်းကြောင်း ဆောက်ပေးပါ့မယ်”
လုကျိုးက ခေါင်းခါလိုက်သည်။
“မဟာအသူရာမြေရဲ့ အနီးအနား ဒါမှမဟုတ် အတွင်းထဲမှာ ဘာသင်္ကေတလမ်းကြောင်းမှ မထားခဲ့နဲ့။ ငါတို့ ဘာခြေရာလက်ရာမှ ချန်ထားခဲ့လို့ မဖြစ်ဘူး”
“နားလည်ပါပြီ”
အကယ်၍ သူတို့ သွင့်ကျန်းသို့ လာခဲ့သောလမ်းအတိုင်း ပြန်သွားပါက အချိန်သိပ်မကြာမည့်အပြင် ပို၍လည်း စိတ်ချရသည်။
ယခုအခါ လုကျိုး၏ တပည့်အားလုံးသည် ဖျက်ဆီးခြင်းတိုင်လုံးများ၏ အသိအမှတ်ပြုမှုကို ရရှိပြီးဖြစ်ရာ အနာဂတ်တွင် သူတော်စင်များနှင့် အထွတ်အထိပ်သက်ရှိများ ဖြစ်လာရန် ခက်ခဲတော့မည် မဟုတ်ပေ။ မလိုအပ်ဘဲ အသက်စွန့်စရာ အကြောင်းမရှိတော့။
လုကျိုးသည် သစ်ပင်တစ်ပင်ကို ရှာပြီး ၎င်း၏အောက်တွင် အနားယူလိုက်သည်။
ယင်းကို မြင်သောအခါ အကြီးအကဲလေးဦးသည် သက်ပြင်းချကာ ထွက်ခွာသွားကြသည်။
“တပည့်တစ်ယောက် ဆုံးရှုံးလိုက်ရပြီးတဲ့နောက် မျှော်နန်းသခင်က ပိုပြီး သတိထားတတ်လာတယ်နော်”
“ကံတရားဆိုတာ ကြိုမှန်းဆလို့ မရနိုင်ဘူးလေ။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက မကြာခင် အထွတ်အထိပ်ကို ရောက်တော့မှာလို့ ငါ ယုံကြည်တယ်။ သတ္တမသခင်လေးသာ ရှိနေသေးရင် တပည့်ဆယ်ယောက်လုံး အနာဂတ်မှာ သူတော်စင်တွေ၊ အထွတ်အထိပ်သက်ရှိတွေ ဖြစ်လာကြမှာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အနာဂတ်ကို ငါ တကယ် မျှော်လင့်မိတယ်” လန်လော့က ပြောလိုက်သည်။
“ငါတို့ အရိုးအိုကြီး လေးယောက်က ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာ နှမြောစရာပဲ”
“အားမငယ်ပါနဲ့။ ပါရမီအပိုင်းမှာ ငါတို့က တပည့်ကျော်ဆယ်ယောက်ကို မယှဉ်နိုင်ပေမဲ့ ငါတို့က တစ်ချိန်တုန်းက ထိပ်တန်းပညာရှင်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ငါတို့မှာ အတွေ့အကြုံတွေ ရှိနေသေးတာပဲ။ ငါတို့လည်း ထိပ်ဆုံးကို ရောက်မှာပါ”
အကြီးအကဲလေးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့သည် မဟာအသူရာမြေဘက်သို့ လှမ်းကြည့်လိုက်ရာ ထူထဲသော မြူများကို ဖောက်ထွင်းထွက်ပေါ်နေသည့် အလင်းတန်းကို အဝေးမှနေ၍ တွေ့လိုက်ရသည်။
ထိုအချိန်တွင် အခြားသူများသည် ရှောင်ယွမ်အာကို ချက်ချင်း ဝိုင်းအုံလိုက်ကြပြီး မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံး၏ အတွင်းပိုင်းအကြောင်းကို မေးမြန်းကြတော့သည်။
ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် သူတို့ မြင်တွေ့ကြုံကြိုက်ခဲ့ရသည်များကို စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ပြောပြကြသည်။
မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးတွင် နေရောင်ခြည် ရှိကြောင်း ကြားလိုက်ရသောအခါ လူတိုင်း အံ့ဩသွားကြသည်။
“ဘာပဲဖြစ်ဖြစ် ကျိုရှစ်မေ့က မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီ။ ဒါ သတင်းကောင်းပဲ။ ဂုဏ်ယူပါတယ်ဗျာ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
ယွီရှန်းရုန်က ဖျော့တော့သော အပြုံးဖြင့် ပြောလိုက်သည်။
“ကျိုရှစ်မေ့က မူလကတည်းက ပါရမီ အရမ်းကောင်းတာပါ။ အခု တိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီဆိုတော့ မကြာခင် ရှစ်ရှိုးကို ကျော်တက်သွားတော့မှာပဲ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“အာ့ရှစ်ရှိုးက စနေပြန်ပြီ။ ညီမလေးမှာ ကြွားစရာ ဘာမှမရှိပါဘူး။ အာ့ရှစ်ရှိုးနဲ့ ယှဉ်ရင် ညီမလေးက လိုပါသေးတယ်”
ယွီကျန့်ဟိုင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ကျိုရှစ်မေ့ ဒီလောက် နှိမ့်ချတာ တွေ့ရခဲတယ်။ ဒါ ကောင်းတဲ့ကိစ္စပဲ။ ငါတို့အားလုံး အနာဂတ်မှာ ဆက်ပြီး ကြိုးစားသွားကြရအောင်”
“ဟုတ်ကဲ့... ဟုတ်ကဲ့”
နောက်တစ်နေ့ နံနက်စောစောတွင် လုကျိုးသည် လူတိုင်းကို ဦးဆောင်ကာ မိုင်တစ်သောင်းကျယ်ဝန်းသော တောအုပ်ကြီးကို ဖြတ်ကျော် ပျံသန်းလေ၏။
ရက်အနည်းငယ် ကြာသောအခါ ယခင်က တွမ့်မူထျန်း ခေါ်ဆောင်သွားဖူးသော သင်္ကေတလမ်းကြောင်းသို့ ရောက်ရှိလာသည်။ ထိုမှတစ်ဆင့် သူတို့ သွင့်ကျန်းသို့ ပြန်ရောက်လာကြသည်။
သွင့်ကျန်းအနီးရှိ ခြံဝန်းငယ်တစ်ခု၌။
သင်္ကေတလမ်းကြောင်းမှ စွမ်းအင်အတက်အကျကို အာရုံခံမိလိုက်သည်နှင့် တွမ့်မူထျန်း မျက်လုံးဖွင့်လိုက်သည်။ လှစ်ခနဲ လှုပ်ရှားလိုက်ရုံဖြင့် သူ ပျောက်ကွယ်သွားပြီး သင်္ကေတလမ်းကြောင်းအနီးတွင် ပြန်ပေါ်လာသည်။
“လောင်လု”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများအားလုံး သင်္ကေတလမ်းကြောင်းထဲမှ ထွက်လာသည်ကို မြင်သောအခါ တွမ့်မူထျန်း အလွန်ဝမ်းသာသွားသည်။
တွမ့်မူထျန်း ဘာမေးမည်ကို လုကျိုး သိနေသောကြောင့် သူက ဦးအောင် ပြောလိုက်သည်။
“အားလုံး အဆင်ပြေတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို မပြန်ခင် ဒီမှာ ခဏလောက် အနားယူဖို့ လိုတယ်”
ထိုစကားကို ကြားသောအခါ တွမ့်မူထျန်းက ပြောလိုက်သည်။
“အဲဒါတော့ ဖြစ်နိုင်မယ် မထင်ဘူး”
လူတိုင်းက တွမ့်မူထျန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ ဆိုရလျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာသူတော်စင်က မျှော်နန်းသခင်ကို လူရှေ့သူရှေ့ ငြင်းဆန်လေ့မရှိပေ။
“ဘာလို့လဲ” လုကျိုးက မေးလိုက်သည်။
တွမ့်မူထျန်းသည် လက်နောက်ပစ်လျက် ပြောလိုက်သည်။
“ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုကို လှည့်လည်စစ်ဆေးနေတဲ့ မဟာလေဟာနယ်က ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိတယ်။ သူ သွင့်ကျန်းကိုတောင် ရောက်လာခဲ့ပြီးပြီ။ ဒါကိုကြည့်ရင် မဟာလေဟာနယ်က တိုင်လုံးဆယ်ခုရဲ့ အခြေအနေကို ဘယ်လောက် အလေးထားလဲဆိုတာ သိသာတယ်။ မင်းတို့အတွက် အမည်မသိကုန်းမြေမှာ နေဖို့ မလုံခြုံတော့ဘူး”
မင်ရှစ်ရင်က ပြုံးလျက် ပြောလိုက်သည်။
“ငါတို့ ကိစ္စပြီးမှ သူတို့ ရောက်လာကြတာကိုး။ တကယ် နှေးကွေးကြတာပဲ”
“မဆိုင်ပါဘူး” တွမ့်မူထျန်းက ပြောလိုက်သည်။ “အရင်တုန်းက အလင်းခန်းမဆောင်ရဲ့ မွန်မြတ်တဲ့မိန်းမပျို လန်ရှီဟယ်တောင် အမည်မသိကုန်းမြေကို မကြာခဏ လာစစ်ဆေးဖူးတယ်။ ရွှမ်ယီနန်းတော်က အနက်ရောင်အစောင့်တွေလည်း လွှတ်ထားတာ ကြာပြီ။ ပြီးတော့ ထူဝေ့ခန်းမက ငွေရောင်ချပ်ဝတ်အစောင့် ၃၀၀၀ လည်း ရှိသေးတယ်။ ဒါတွေက အမည်မသိကုန်းမြေက မျှခြေမညီမျှမှုကို ထိန်းသိမ်းဖို့ လုံလောက်သင့်တာ။ ဒါပေမဲ့ ဒီတစ်ခါ မဟာလေဟာနယ်က မျှခြေမညီမျှမှုရဲ့ ပြင်းထန်ပုံကို လျှော့တွက်လိုက်တာပဲ။ တိုင်လုံးတချို့မှာ အက်ကွဲကြောင်းတွေ ပေါ်လာပြီးတဲ့နောက် တာအိုသူတော်စင်တွေနဲ့ မဟာတာအိုသူတော်စင်တွေတောင် စေလွှတ်လိုက်ပြီ။ ထူဝေ့ခန်းမက ငွေရောင်ချပ်ဝတ် ၃၀၀၀ သုတ်သင်ခံလိုက်ရလို့ ကျန့်ဝမ်ရွှီသေချာပေါက် ဒေါသထွက်နေလောက်ပြီ”
လုကျိုးက ရုတ်တရက် လက်မြှောက်ကာ ဖြတ်ပြောလိုက်သည်။ “နေဦး”
“ဘာဖြစ်လို့လဲ”
“မင်း အခု ကျန့်ဝမ်ရွှီလို့ ပြောလိုက်တာလား”
တွမ့်မူထျန်းက ခေါင်းညိတ်လိုက်သည်။
“ထူဝေ့ခန်းမသခင်က တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ သူကပဲ ထူဝေ့ခန်းမက ငွေရောင်ချပ်ဝတ် ၃၀၀၀ ကို တာဝန်ယူထားတာ။ အာဏာအကုန်လုံးက သူ့လက်ထဲမှာပဲ”
“ကျန့်ဝမ်ရွှီက ငွေရောင်ချပ်ဝတ်အစောင့်တွေကို တာဝန်ယူထားတာလား” လုကျိုးက ထပ်မေးလိုက်သည်။
“ဟုတ်တယ်။ မင်း သူ့ကို သိလို့လား”
တွမ့်မူထျန်းသည် သူနှင့် လုထျန်းထုန်း မဟာလေဟာနယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပုံကို ပြန်စဉ်းစားလိုက်သည်။ လုထျန်းထုန်းနှင့် ကျန့်ဝမ်ရွှီကြား မည်သည့် ပတ်သက်ဆက်နွယ်မှုမှ ရှိခဲ့သည်ကို သူ မမှတ်မိပေ။
မင်ရှစ်ရင်က ပြုံးလျက် ပြောလိုက်သည်။
“ကျန့်ဝမ်ရွှီက ရွှေကြာနယ်မြေက တာ့ယန်ရဲ့ မင်းဆရာဖြစ်ခဲ့ဖူးသလို အနောက်ဘက်ဒေသက တိုင်းတစ်ပါးသားတွေရဲ့ ဆရာလဲ လုပ်ခဲ့ဖူးတယ်။ သူက အာဏာရှင်လုပ်ပြီး ရွှေကြာနယ်မြေက လူသားတွေရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းကို ထိန်းချုပ်ချင်ခဲ့တာလေ။ နောက်ဆုံးကျတော့ ရှစ်စွင်းရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်။ ကြည့်ရတာ အဲဒီ မင်းဆရာဆိုတာက ပုံရိပ်ယောင်ပဲ ဖြစ်မယ်”
တွမ့်မူထျန်း “...”
လုကျိုးက တွမ့်မူထျန်းကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ဘာလို့ ဒီလောက် လန့်သွားရတာလဲ”
တွမ့်မူထျန်းက သက်ပြင်းကြီးချလိုက်သည်။
“ကြည့်ရတာ အတိတ်ဘဝတုန်းက ငါ မင်းကို တကယ် အကြွေးတင်ခဲ့ပုံရတယ်။ ငါ့ရဲ့ မျိုးဆက်တောင် မင်းယဉ်ပါးအောင် လုပ်တာ ခံလိုက်ရပြီ။ လောင်လု... မင်း ငါ့ကို တကယ် သတ်ဖို့ ကြိုးစားနေတာပဲ။ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုကြား ဟိုပြေးဒီပြေးလုပ်ပြီး မင်းကိုယ်မင်း အန္တရာယ်တွင်းထဲ ပို့တာကို ငါ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ မင်းက ကျန့်ဝမ်ရွှီရဲ့ ပုံရိပ်ယောင်ကိုတောင် သတ်ရဲတယ်ပေါ့။ အဲဒီလူက အသေးအဖွဲ ကိစ္စလေးအတွက်နဲ့တောင် ကလဲ့စားချေတတ်လို့ နာမည်ကြီးတာကွ”
လုကျိုးက ပြန်မပြောပေ။ သူသည် တွမ့်မူထျန်းကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
…
အခန်း (၁၄၉၀) ကျင့်ကြံခြင်းနယ်မြေ (၃)
တွမ့်မူထျန်းက သေချာသည့် လေသံဖြင့် ထပ်မေးလိုက်သည်။
“ပြောစရာတောင် မလိုပါဘူး။ မဟာအသူရာမြေကို သွားတုန်းကလည်း တစ်ယောက်ယောက်ကို ပြဿနာ သွားရှာခဲ့သေးတယ်မလား”
လုကျိုးက ပြန်မဖြေရသေးခင် ရှောင်ယွမ်အာက မနေနိုင်တော့ဘဲ မဲ့ပြုံးပြုံးလျက် ဝင်ပြောလိုက်သည်။
“ဘာလဲ... ရှစ်စွင်းက ပြဿနာ သွားရှာတယ် ဟုတ်လား။ အဲဒီလူတွေကသာ ရှစ်စွင်းကို ပြဿနာလာရှာတာ။ အဲဒါကြောင့် သူတို့ သေသင့်တာပေါ့”
တွမ့်မူထျန်း “...”
'သွားပြီ... တကယ် သွားပြီ... အခု မိစ္ဆာဝေဟင်မျှော်နန်းကနေ နုတ်ထွက်မယ်ဆိုရင် နောက်ကျသွားပြီလား'
တွမ့်မူထျန်းသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို အားရပါးရ ကုတ်လိုက်ရာ ဗောက်များက နှင်းပွင့်များပမာ ကျဆင်းလာသည်။
လူတိုင်းက ရွံရှာသည့် အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။ ဒီလောက် ကျော်ကြားတဲ့ မဟာသူတော်စင်ကြီးက ဘာလို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်ရတာလဲ။
တွမ့်မူထျန်းက ပြောလိုက်သည်။
“လောင်လု... မင်း အသက်လုပြီး ပြေးသင့်တယ်” ထို့နောက် သူက နောက်လှည့်ပြီး အော်ခေါ်လိုက်သည်။
“လုဝူ!”
ဝေါင်း!
လုဝူသည် ကောင်းကင်မှ ဆင်းသက်လာပြီး လူတိုင်း၏ အနောက်တွင် နေရာယူလိုက်သည်။ ၎င်းသည် ခေါင်းငုံ့ပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကြည့်လိုက်သည်။
တွမ့်မူထျန်းက ပြောလိုက်သည်။
“အမည်မသိကုန်းမြေကို ဘယ်တော့မှ ထပ်မလာကြနဲ့။ နယ်မြေကိုးခုမှာက အမည်မသိကုန်းမြေလောက် အရင်းအမြစ်တွေ မပေါများပေမဲ့ ကောင်းတဲ့နေရာတွေ အများကြီး ရှိပါသေးတယ်။ မျှခြေမညီမျှမှုတွေ တိုးတက်လာပြီဆိုရင် အဆုံးမဲ့သမုဒ္ဒရာကို သွားပြီး ငြိမ်းချမ်းရေးတောင်လိုမျိုး ပျောက်ဆုံးနယ်မြေတွေမှာ အခြေချလို့ ရတာပဲ။ အဲဒီမှာ အုပ်စိုးဖို့ ဘာပြဿနာမှ မရှိဘူး။ မင်း ဒုတိယအဖြူရောင်ဧကရာဇ် ဖြစ်လာလိမ့်မယ်”
လုကျိုး ခေါင်းခါလျက် ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာ”
လုကျိုးသည် တွမ့်မူထျန်းကို လျစ်လျူရှုပြီး လက်နောက်ပစ်ကာ ခြံဝန်းငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။
အခြားသူများလည်း လုကျိုး၏ နောက်မှ လိုက်သွားကြသည်။
“???”
တွမ့်မူထျန်း စိတ်ပျက်သွားသည်။
တွမ့်မူထျန်း၏ ရှေ့မှ နောက်ဆုံးဖြတ်လျှောက်သွားသူမှာ သူ၏ မျိုးဆက်ဖြစ်သူ၊ မိစ္ဆာဝေဟင်မျှော်နန်း၏ တတိယတပည့် တွမ့်မူရှန်း ဖြစ်သည်။ သူက တွမ့်မူထျန်း၏ ဘေးနားတွင် ရပ်တန့်လိုက်သည်။
ယင်းကို မြင်သောအခါ တွမ့်မူထျန်းက သက်ပြင်းချပြီး ပြောလိုက်သည်။
“ငါ့မျိုးဆက်ကပဲ အားကိုးရဆုံးပါလား”
တွမ့်မူရှန်းက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ရဲ့ ဘိုးဘေးဖြစ်ပြီး အသက်နဲ့ ဝါစဉ်အရ ကျွန်တော့်ထက် ကြီးပေမဲ့ ခင်ဗျားရဲ့ အပြုအမူကို ပြန်သုံးသပ်သင့်တယ်...”
“???”
ထို့နောက် တွမ့်မူရှန်းသည် နယ်ရှင်လှံကို ကိုင်ဆောင်လျက် ခြံဝန်းငယ်လေးဆီသို့ ဆက်လက် လျှောက်သွားတော့သည်။ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် သူက အော်ပြောလိုက်သည်။
“လုဝူ... မင်းက အဲဒီမှာ ဘာလုပ်နေတာလဲ။ ငါ့နောက် လိုက်ခဲ့”
လုဝူသည် အစောပိုင်းက ခံ့ညားထည်ဝါစွာ ထိုင်နေသော်လည်း တွမ့်မူရှန်း အော်လိုက်သည်နှင့် ချက်ချင်း ကျုံ့ဝင်သွားသည်။ ထို့နောက် ကြောင်ပေါက်လေးတစ်ကောင်ပမာ တွမ့်မူရှန်း၏ နောက်သို့ ပြေးလိုက်သွားတော့သည်။
တွမ့်မူထျန်း “...”
'ဒါက လူတိုင်းရဲ့ စွန့်ပစ်ခြင်း ခံလိုက်ရတဲ့ ခံစားချက်လား။'
ခြံဝန်းငယ်လေးသို့ ပြန်ရောက်ပြီးနောက်။
လုကျိုးသည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လျက် မျက်လုံးမှိတ်ထားလိုက်သည်။
ထိုအချိန်တွင် ယွီကျန့်ဟိုင်က ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။
“ရှစ်စွင်း... ကျွန်တော်တို့အားလုံး ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပါပြီ။ အခု ကျွန်တော်တို့ ကျင့်ကြံဖို့ နေရာကောင်းတစ်ခု ရွေးချယ်သင့်ပါတယ်။ ကျွန်တော်တို့အားလုံး နှစ် ၁၀၀ အတွင်းမှာ သူတော်စင်တွေ ဖြစ်လာနိုင်မှာပါ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ “အဲဒါ ငါ့အစီအစဉ်ပဲ”
ယခုအချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်း လုပ်ဆောင်ရမည့်အရာမှာ မိမိတို့၏ အင်အားကို ဖုံးကွယ်ထားပြီး အချိန်ကောင်းကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။
“ရှစ်စွင်း... မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ဖို့အတွက် နေရာကောင်းတစ်ခု ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းက ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်” ယွီကျန့်ဟိုင်က ဆက်ပြောလိုက်သည်။
“မင်းအမြင်အရဆိုရင် ငါတို့ ဘယ်ကို သွားသင့်လဲ” လုကျိုးလည်း ဤကိစ္စကို စဉ်းစားနေခြင်း ဖြစ်သည်။
ယခင်က သူတို့သည် ခရမ်းရောင်တောက်ပသံကျောက်ကို အားကိုးပြီး ကနဦး မွေးဖွားစမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဆရာသခင်များ၊ သို့မဟုတ် သူတော်စင်များ ဖြစ်လာပြီးနောက် မွေးဖွားစမ်းသပ်မှုများကို ကျော်ဖြတ်ရန် လိုအပ်သော ပတ်ဝန်းကျင်သည် ပိုမို ကြမ်းတမ်းရန် လိုအပ်သည်။ ခရမ်းရောင်တောက်ပသံကျောက်က မလုံလောက်တော့ပေ။
“ချင်မျိုးနွယ်စုရဲ့ တောင်ပိုင်း လေ့ကျင့်ရေးကွင်းက နေရာကောင်းတစ်ခုပါ” ယွီကျန့်ဟိုင်က အကြံပြုလိုက်သည်။
လုကျိုးသည် ယွီကျန့်ဟိုင် ဘာကိုဆိုလိုမှန်း သဘာဝကျစွာပင် သိလိုက်သည်။ သူ ခေါင်းခါပြီး ပြောလိုက်သည်။
“ကောင်းကင်ကြိုးတန်းက မဆိုးဘူး ဆိုပေမဲ့ မင်းတို့ကို သူတော်စင်ဖြစ်အောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး”
လူတိုင်း ခေါင်းခါလိုက်ကြပြီး သူတို့လည်း မည်သည့်နေရာသို့ သွားရမည်ကို မသိကြောင်း ပြသလိုက်ကြသည်။
ခဏကြာသောအခါ လုကျိုးက ပြောလိုက်သည်။
“ချန်ဖု ဆိုရင် အကြံတစ်ခုခု ရှိလောက်တယ်”
“ချန်ဖုလား”
“ငါက သူတော်စင်တစ်ပါး ဖြစ်ပေမဲ့ ငါ့ရဲ့ အတွေ့အကြုံက မင်းတို့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ချန်ဖုက သူတော်စင်ဖြစ်တာ ကြာပြီ။ သူက ဂုဏ်သတင်းကျော်ကြားတဲ့ မဟာသူတော်စင် တစ်ပါးပဲ။ မွေးဖွားစမ်းသပ်မှု ကျော်ဖြတ်ဖို့ နေရာကောင်းတွေကို သူ သိသင့်တယ်။ အကယ်၍ မင်းတို့ ကောင်းကင်ကြိုးတန်းကို တကယ်သွားချင်တယ်ဆိုရင် နောက်မှ သွားလို့ရတာပဲ”
ထိုအချိန်တွင် ကျူးဟုန်ကုန်းက လက်ခုပ်ကျယ်လောင်စွာ တီးလျက် ပြောလိုက်သည်။
“ရှစ်စွင်းက ဉာဏ်ပညာ ကြီးမားလိုက်တာဗျာ။ နှစ်ဖက်စလုံး အကျိုးရှိမဲ့ နည်းလမ်းကိုတောင် တွေးမိတယ်”
…
အခန်း (၁၄၉၁) သူတော်စင်၏ သက်တမ်းကုန်ဆုံးချိန်
လုကျိုး မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။ ဤမြှောက်ပင့်စကားများသည် လှောင်ပြောင်နေသကဲ့သို့ ခံစားရသည်။ ယခင်က ကျူးဟုန်ကုန်းသည် သူ့ကို အသုံးမကျဘူးဟု ထင်ခဲ့ဖူးသလား။
ကျူးဟုန်ကုန်းသည် သူ၏ဆရာ မျက်နှာပျက်သွားသည်ကို သတိပြုမိလိုက်သဖြင့် အလျင်စလို ပြောလိုက်သည်။
“ရှစ်စွင်း... ကျွန်တော် ပြောတာ နားထောင်ပါဦး”
“ပြော”
“နှစ်မြွှာကြာနယ်မြေမှာ သွားကျင့်ကြံမယ်ဆိုတာကို ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ရှစ်စွင်းက နယ်မြေကိုးခုလုံးမှာ ခြေရာတွေ ချန်ထားခဲ့ပြီးပြီလေ။ ရှစ်စွင်းက ကျော်ကြားပြီး လေးစားအားကျသူတွေလည်း အများကြီး ရှိတာကိုး။ အဲဒီတော့ ကျွန်တော်တို့ တည်နေရာကို ဖော်ထုတ်ခံရဖို့ လွယ်ကူတယ်။ ရှစ်စွင်း... ကျွန်တော့်မှာ ပိုကောင်းတဲ့ အကြံရှိတယ်”
လူတိုင်း “...”
“မင်းက ရှစ်စွင်းရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား” မင်ရှစ်ရင်က မေးလိုက်သည်။
“မလုပ်ရဲပါဘူး” ကျူးဟုန်ကုန်းက အလျင်စလို လက်ကာပြလိုက်သည်။
“ဒါဆို ပြောလေ” မင်ရှစ်ရင်က လက်ပိုက်လျက် ပွဲကောင်းကြည့်ရန် စောင့်နေသကဲ့သို့ ပြောလိုက်သည်။ ကျူးဟုန်ကုန်း မည်သို့ ဆက်ပြောမည်ကို သူ သိချင်နေသည်။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“အဝါရောင်ကြာနယ်မြေက တခြားနယ်မြေတွေနဲ့ ယှဉ်ရင် ခေါင်တယ်။ ရွှေကြာနယ်မြေလိုပဲ ကျင့်ကြံခြင်းကန့်သတ်ချက် နိမ့်ပေမဲ့ အရင်းအမြစ်တွေ ပေါကြွယ်ဝတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော် အရည်အသွေးမြင့် အသက်နှလုံးသားတွေ အများကြီး စုဆောင်းထားတယ်။ အဲဒါတွေက လူတိုင်းသုံးဖို့ လုံလောက်ပါတယ်။ ကျွန်တော်တို့ ကျင့်ကြံဖို့အတွက် အဝါရောင်ကြာနယ်မြေက အကောင်းဆုံး နေရာလို့ ကျွန်တော် ထင်ပါတယ်”
လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။
“မင်း ပြောတာ မမှားပေမဲ့ အဝါရောင်ကြာနယ်မြေမှာ မဟာသူတော်စင် မရှိဘူး။ အဝါရောင်ကြာနယ်မြေမှာ နှစ်ပေါင်း ၁ သောင်း ကျင့်ကြံတာက မဟာသူတော်စင်တစ်ပါးရဲ့ စကားတစ်ခွန်းလောက်တောင် အကျိုးမရှိဘူး။ အစိမ်းရောင်ကြာနယ်မြေနှစ်ခုကြားက သင်္ကေတလမ်းကြောင်းတွေလည်း တည်ဆောက်ပြီးပြီဆိုတော့ ငါတို့ ဟိုဘက်ဒီဘက် ကူးသန်းရတာ လွယ်ကူတယ်။ အသက်နှလုံးသားတွေနဲ့ ပတ်သက်ရင် အဲဒီမှာ ငါတို့ သတ်လို့ရတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီး ရှိတယ်”
ကျူးဟုန်ကုန်းက နဖူးကို ရိုက်လျက် ပြောလိုက်သည်။
“ရှစ်စွင်း ပြောတာ မှန်လိုက်တာ! ကျွန်တော် ဘာလို့ ဒါကို မတွေးမိပါလိမ့်”
မင်ရှစ်ရင် “...”
'ဒီကောင်က ဖားဖို့လောက်ပဲ တတ်တယ်'
ခြံဝန်းငယ်လေးသို့ ပြန်ရောက်လာသော တွမ့်မူထျန်းက မေးလိုက်သည်။
“လောင်လု... မဟာလေဟာနယ်က မင်းတံခါး လာခေါက်မှာကို မကြောက်ဘူးလား”
မင်ရှစ်ရင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“မဟာလေဟာနယ်က စွမ်းအားကြီးပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းကလည်း လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရတာမှ မဟုတ်တာ။ ပြီးတော့ ငါတို့က သူတို့ကို ထိပ်တိုက်ရင်ဆိုင်မှာမှ မဟုတ်တာ”
တွမ့်မူထျန်း သက်ပြင်းချလိုက်သည်။
“မင်းတို့အားလုံး မဟာအသူရာမြေကနေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်တာ အဖြူရောင်ဧကရာဇ်ကို ကျေးဇူးတင်သင့်တယ်။ အဖြူရောင်ဧကရာဇ်ရဲ့ တံဆိပ်ပြားသာ မပါရင် အထွတ်အထိပ်သက်ရှိတောင် အဲဒီနေရာကနေ လွယ်လွယ်နဲ့ ထွက်လာနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ လုကျိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“မဟာအသူရာမြေက လူတွေက အဲဒီလောက် စွမ်းအားကြီးတယ်ဆိုရင် ဘာလို့ မဟာလေဟာနယ်ရဲ့ လက်အောက်ခံအဖြစ် နေချင်ကြတာလဲ”
“သူတို့က အပြန်အလှန် အသုံးချနေကြတာပါ။ မဟာအသူရာမြေ ဖျက်ဆီးခြင်းတိုင်လုံးသာ ပျက်စီးသွားရင် မဟာလေဟာနယ်လည်း ထိခိုက်မှာပဲ။ မဟာအသူရာမြေနဲ့ တခြား ဖျက်ဆီးခြင်းတိုင်လုံးတွေက လူတွေက မဟာလေဟာနယ်က လူသားတွေနဲ့ သဘောတူညီချက် ရယူထားကြတယ်။ မဟာလေဟာနယ်က ကြီးမားတဲ့ လိုက်လျောမှုတွေ ပေးပြီး ဖျက်ဆီးခြင်းတိုင်လုံးတွေကို စောင့်ကြပ်ခိုင်းထားတာ။ အဲဒါကြောင့် မဟာအသူရာမြေမှာ နေရောင်ခြည် ရှိနေတာကို ငါ မအံ့ဩဘူး” တွမ့်မူထျန်းက ရှင်းပြလိုက်သည်။
“မဟာလေဟာနယ်ရဲ့ အင်အားနဲ့ဆိုရင် သူတို့ဘာသာ ဖျက်ဆီးခြင်းတိုင်လုံးတွေကို သိမ်းပိုက်ပြီး စောင့်ကြပ်လို့ ရတာပဲ။ ဘာလို့ အဲဒီလို မလုပ်တာလဲ” လုကျိုးက ထပ်မေးလိုက်သည်။
“တကယ်တော့ မဟာလေဟာနယ်က ဒီကိစ္စကို ကြိုးစားနေတာ ကြာပြီ။ ယန်မော့ဟွေ့နဲ့ ငါက တိုင်လုံးတွေမှာ ရှိတဲ့သူတွေကို အစားထိုးမဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမဲ့ လူတိုင်းကို အစားထိုးဖို့က မလွယ်ဘူး။ ဥပမာ မုန့်ကျန်းနဲ့ တောင်ပံမျိုးနွယ်ရဲ့ ဧကရာဇ်ယွီတို့ဆိုတာ နတ်ဘုရားတွေပဲ”
ထိုစကားကို ကြားသောအခါ လူတိုင်း သက်ပြင်းချလိုက်မိသည်။ ယခင်က သူတို့သည် မိမိတို့ကိုယ်ကို အလွန်စွမ်းအားကြီးသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ရေတွင်းထဲမှ ထွက်လာသောအခါမှသာ လောကကြီး မည်မျှ ကျယ်ပြောကြောင်း သိလိုက်ရသည်။
အချိန်မြစ်ရေအလျဉ်ထဲတွင် ကျွမ်းကျင်ပညာရှင်များ များပြားလွန်းလှသည်။ အချို့သော ပညာရှင်များသည် မြုပ်နှံခံလိုက်ရပြီး အချို့မှာ ရှေးခေတ်ကတည်းက တည်ရှိနေကြဆဲဖြစ်သည်။ ပိုးစာမင်းသမီး၊ အရှင်ကျန်းနန်နှင့် ဖုတ်ကောင်ဘုရင်များကဲ့သို့ မသေနိုင်သော အစွမ်းသတ္တိရှိသူများလည်း ရှိကြသည်။ သို့သော် ထိုအရာကို ထာဝရအသက်ရှင်ခြင်းဟု အမှန်တကယ် သတ်မှတ်နိုင်ပါမည်လော။
လုကျိုးသည် တွမ့်မူထျန်းကို ကြည့်ကာ မေးလိုက်သည်။
“မင်း သွင့်ကျန်းမှာပဲ တစ်သက်လုံး နေဖို့ စိတ်ကူးထားလား”
တွမ့်မူထျန်းက ကြောင်အသွားသည်။ ဤမေးခွန်းကို မည်သို့ ဖြေရမည်မသိ။ မဟာအသူရာမြေမှ လူများ အပါအဝင် မည်သူမျှ မဟာလေဟာနယ်၏ နေရာကို လှုပ်ခတ်နိုင်မည်ဟု သူ မထင်ပေ။
“မင်းက အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲ မဟာသူတော်စင် ဖြစ်နေပြီ။ တစ်နေ့နေ့မှာ မိစ္ဆာဝေဟင်မျှော်နန်းက မင်းကို လိုအပ်လာရင် မင်း ရှေ့ထွက်ပေးမှာလား” လုကျိုးက ပြတ်ပြတ်သားသား မေးလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည် တွမ့်မူထျန်းကို ကြည့်ကာ အဖြေကို စောင့်မျှော်နေကြသည်။
တွမ့်မူထျန်းက တိုက်ရိုက် ပြန်မဖြေပေ။ ထိုအစား သူက သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းကို သိရတာ ငါ တကယ် ကံဆိုးတာပဲ။ ရှစ်ဘဝစာလောက် အကြွေးတင်နေသလို ခံစားရတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း ရယ်မောလိုက်ကြသည်။ ဤစကားသည် သဘောတူညီချက်နှင့် အတူတူပင် ဖြစ်သည်။
“မင်းတို့ တကယ်ပဲ နှစ်မြွှာကြာနယ်မြေမှာ တံခါးပိတ်ကျင့်ကြံဖို့ ရည်ရွယ်ထားတာလား” တွမ့်မူထျန်းက မေးလိုက်သည်။
“သူတို့က တိုင်လုံးတွေရဲ့ အသိအမှတ်ပြုမှုကို ရထားပြီးပြီ။ နှစ် ၁၀၀၀ အတွင်းမှာ သူတို့အားလုံး ထိပ်တန်းပညာရှင်တွေ ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်” လုကျိုးက ပြန်ဖြေလိုက်သည်။
“နှစ် ၁၀၀၀...” တွမ့်မူထျန်း ဆွံ့အသွားသည်။ “မျှခြေမညီမျှမှု ပြီးသွားတာနဲ့ တရားမျှတမှုချိန်ခွင်က မင်းတို့ကို သေချာပေါက် အာရုံခံမိလိမ့်မယ်”
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “လာမဲ့ဘေး ပြေးတွေ့ရမှာပေါ့”
“ထားလိုက်ပါတော့။ ငါတို့နှစ်ယောက်လုံး ဘေးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြသလို အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေကိုလည်း အတူတူ ရင်ဆိုင်ခဲ့ကြဖူးတာပဲ။ ဒါကလည်း အဲဒီလို အခြေအနေတွေထဲက တစ်ခုပဲပေါ့။ ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ငါ့အသက်ကို စွန့်ရမဲ့ ကိစ္စမျိုးတော့ ငါ လုပ်မှာ မဟုတ်ဘူး” တွမ့်မူထျန်းက ပြောလိုက်သည်။
လူတိုင်းက ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
“ငါက မင်းအမြင်မှာ အဲဒီလောက် မိုက်မဲတဲ့လူပုံ ပေါက်နေလို့လား” လုကျိုးက မေးလိုက်သည်။
“အင်း... ငါ ဘာမှတ်ချက်မှ မပေးလိုဘူး” တွမ့်မူထျန်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် သူက မေးလိုက်သည်။ “ဪ... ဒါနဲ့ လောင်လု... မင်း အဖြူရောင်ဧကရာဇ်နဲ့ ဘယ်လို ပတ်သက်မှု ရှိခဲ့တာလဲ။ သူက သာမန်လူ မဟုတ်ဘူးနော်”
လုကျိုးလည်း ဤကိစ္စကို စဉ်းစားမရ ဖြစ်နေသည်။ ကျော့အယ်ဖျက်ဆီးခြင်းတိုင်လုံးတွင် အဖြူရောင်ဝတ် ကျင့်ကြံသူများကို တွေ့ပြီးနောက် အဖြူရောင်ဧကရာဇ်သည် ရိုးရှင်းသူ မဟုတ်ကြောင်း သူ သိလိုက်ရသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်က သူ့ဆီမှ ဘာလိုချင်နေတာလဲ။ သေချာ စဉ်းစားကြည့်ပြီးနောက် အဖြူရောင်ဧကရာဇ်သည် သူ၏ ပါရမီရှင် တပည့်များကို သဘောကျပြီး သူ့အတွက် အသုံးပြုချင်နေခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ လန်ရှီးဟယ်က ယဲ့ထျန်းရှင်းကို သဘောကျခဲ့သကဲ့သို့ပင်။ သို့သော် အဖြူရောင်ဧကရာဇ်က မိစ္ဆာဝေဟင်မျှော်နန်း၏ အခြေအနေကို မည်သို့ ဤမျှအသေးစိတ် သိရှိနေရသနည်း။ သူတို့၏ ခရီးစဉ်လမ်းကြောင်းကိုပင် တိကျစွာ ခန့်မှန်းနိုင်ပြီး ကျော့အယ်ဖျက်ဆီးခြင်းတိုင်လုံးတွင် လူလွှတ်ကာ စောင့်ဆိုင်းစေခဲ့သည်။
နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။
“သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် တိုင်လုံးတွေရဲ့ အသိအမှတ်ပြုခံရတဲ့သူတွေက အနာဂတ်မှာ သတိထားရမယ်။ မရင်းနှီးတဲ့ ပညာရှင်တွေနဲ့ တွေ့ရင် တတ်နိုင်သမျှ ရှောင်ပါ။ လွယ်လွယ်နဲ့ မယုံကြနဲ့”
“နားလည်ပါပြီ” လုကျိုး၏ တပည့်များအားလုံး ဦးညွှတ်လိုက်ကြသည်။
သုံးရက်ကြာပြီးနောက်။
မိစ္ဆာဝေဟင်မျှော်နန်းတွင်။
ရွှေနန်းဥယျာဉ်တောင်တွင် ပြောင်းလဲမှု သိပ်မရှိပေ။ အရံအတား ရှိနေဆဲဖြစ်ပြီး သစ်ပင်များသည် စိမ်းလန်းစိုပြေနေကာ တောင်နောက်ဘက်ရှိ ရှုခင်းသည် သာယာလှပနေသည်။ ပြန်လည်သုံးသပ်ခြင်းဂူနှင့် လေ့ကျင့်ရေးကွင်းသည်လည်း အတူတူပင် ဖြစ်သည်။
လုကျိုးသည် နှစ်မြွှာကြာနယ်မြေသို့ ချက်ချင်း မသွားသေးဘဲ မိစ္ဆာဝေဟင်မျှော်နန်းသို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ တွမ့်မူထျန်း၏ အထောက်အထားမှာ ထူးခြားသောကြောင့် သူသည် သွင့်ကျန်းတွင် ဆက်လက် နေထိုင်ခဲ့သည်။
သန့်ရှင်းသပ်ရပ်နေသော မြေပြင်၊ ပင်မခန်းမဆောင်၊ အရှေ့၊ တောင်၊ အနောက်နှင့် မြောက်ဘက် မျှော်နန်းဆောင်များကို ကြည့်ရင်း မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် စိတ်လှုပ်ရှားနေကြသည်။ အတိတ်က အမှတ်တရများသည် သူတို့၏ စိတ်ထဲတွင် ပြန်လည်ပေါ်လာသည်။
“ရှစ်စွင်း... မိစ္ဆာဝေဟင်မျှော်နန်းကို တစ်ယောက်ယောက်က မကြာခဏ လာသန့်ရှင်းရေး လုပ်ပေးနေပုံရတယ်” ကျူးဟုန်ကုန်းနှင့်အတူ တစ်ပတ် လှည့်ကြည့်ပြီးနောက် မင်ရှစ်ရင်က ပြောလိုက်သည်။
“လျို့ရှစ်မေ့ရဲ့ လူတွေလား” ရှောင်ယွမ်အာက မေးလိုက်သည်။
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ မသေချာဘူး” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“ရှစ်စွင်းရဲ့ ဂုဏ်သတင်းက တာ့ယန်မှာ ကျော်ကြားနေတာ ကြာပြီပဲ။ ရှစ်စွင်းကို လေးစားအားကျတဲ့သူတွေကို ရေတွက်လို့တောင် မကုန်နိုင်ဘူး။ နန်းတော်ကို လာပြီး သန့်ရှင်းရေး လုပ်ပေးကြတာ မထူးဆန်းပါဘူး”
ကျူးဟုန်ကုန်း၏ အသံဆုံးသည်နှင့် ကျင့်ကြံသူတစ်ဦးသည် တောင်စောင်းမှ ပြေးတက်လာသည်။
“ဘယ်သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ ကျူးကျော်ရဲတာလဲ” ယွီကျန့်ဟိုင်က ဟိန်းဟောက်သံဖြင့် မေးလိုက်သည်။
ကျင့်ကြံသူလူငယ်သည် လူတိုင်း၏ရှေ့သို့ ဆင်းသက်လိုက်ပြီး အကဲခတ်ကြည့်လိုက်ကာ မေးလိုက်သည်။
“ချန်ပေ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လုလား”
လုကျိုးသည် လူငယ်ကို ကြည့်ပြီး မေးလိုက်သည်။
“မင်းက ဘာကိစ္စနဲ့ ငါ့ကို ရှာနေတာလဲ”
လူငယ်သည် ဘာမှမပြောဘဲ ဒူးထောက်လိုက်သည်။ ထို့နောက် မျက်ရည်များ စီးကျလျက် ပြောလိုက်သည်။
“မျှော်နန်းသခင်လု... နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်တော် နောက်ဆုံးတော့ တွေ့ခွင့်ရပြီ”
လူတိုင်းက ဇဝေဇဝါ ဖြစ်သွားကြသည်။ သို့သော် မည်သူမျှ စကားမပြောကြပေ။ လုကျိုး မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ပြော”
လူငယ်သည် ခဏမျှ ငိုကြွေးပြီးနောက် ပြောလိုက်သည်။
“မျှော်နန်းသခင်လု... ကျွန်တော့်ကို မမှတ်မိဘူးလား”
လုကျိုး ခေါင်းခါလိုက်သည်။ သူ့ဘဝတွင် လူများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ တွေ့ဖူးသမျှ လူတိုင်းကို မှတ်မိနေရန် မဖြစ်နိုင်ပေ။
“ကျွန်တော်လေ။ သူတော်စင်ချန်ရဲ့ ဘေးနားက ကျင့်ကြံသူလေ” လူငယ်က ပြောလိုက်သည်။
“မင်းလား”
လုကျိုးသည် ယခုမှ ထိုလူငယ်ကို အနည်းငယ် သတိရသွားသည်။ သူ ချန်ဖုနှင့် တွေ့ဆုံစဉ်က ချန်ဖု၏ ဘေးတွင် ကျင့်ကြံသူလူငယ်တစ်ဦး ရှိနေခဲ့ပေသည်။ သို့သော် ထိုစဉ်က သူသည် လူငယ်ကို အာရုံမစိုက်ခဲ့မိပေ။
လူငယ်က ပြောလိုက်သည်။
“ကျွန်တော် ဒီနေရာမှာ မျှော်နန်းသခင်လုကို စောင့်နေတာ နှစ် ၃၀ ရှိပါပြီ။ သူတော်စင်ချန်က မျှော်နန်းသခင်လုကို ရှာဖို့ ကျွန်တော့်ကို အမိန့်ပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးဆန္ဒက မျှော်နန်းသခင်လုကို တစ်ခေါက်လောက် ထပ်တွေ့ချင်တာပါတဲ့”
ဘုန်း ဘုန်း ဘုန်း
လူငယ်သည် လေးလေးနက်နက် သုံးကြိမ် ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး သူတော်စင်ချန်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ မျှော်နန်းသခင်လု”
“မဟာသူတော်စင်တစ်ပါးရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်း ၁ သိန်း ၆ သောင်း ရှိတယ်။ ချန်ဖုက ကုန်းမြေမကွဲခင် မွေးဖွားခဲ့တာ ဆိုပေမဲ့ သူ့သက်တမ်းက ဒီလောက် မြန်မြန် မကုန်ဆုံးသင့်ဘူး။ ငါ ထွက်သွားတာ နှစ် ၁၀၀ လောက်ပဲ ရှိသေးတာ။ ဘာဖြစ်လို့လဲ” လုကျိုးက မေးလိုက်သည်။ သူက အလွန် ထူးဆန်းနေသည်ဟု ထင်မှတ်မိသည်။
လူငယ်သည် မျက်ရည်များကို သုတ်ဖယ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“မ-မဟာ... မဟာလေဟာနယ်”
“မဟာလေဟာနယ် လာပြန်ပြီလား” ယွီကျန့်ဟိုင် အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။ မဟာလေဟာနယ်အပေါ် သူ၏ အမြင်မှာ အောက်ဆုံးအဆင့်ထိ ကျဆင်းသွားပြီဖြစ်သည်။
လုကျိုးသည် လူငယ်၏ နဖူးပေါ်မှ သွေးစများကို ကြည့်ပြီး ပြောလိုက်သည်။
“ချန်ဖုနဲ့ ငါက မိတ်ဆွေတွေလို့ ပြောလို့ရတယ်။ သူ့မှာ တစ်ခုခု ဖြစ်နေတယ်ဆိုမှတော့ ငါ လက်ပိုက်ကြည့်မနေနိုင်ပါဘူး”
လူငယ်က ထပ်မံ ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်လု။ ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”
“ထတော့”
လုကျိုး လက်နောက်ပစ်လျက် မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်လိုက်သည်။ မူလက သူသည် နှစ်မြွှာကြာနယ်မြေသို့ နောက်မှ သွားရန် စီစဉ်ထားသော်လည်း ယခုအခြေအနေအရ ကြိုသွားရတော့မည် ဖြစ်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းမှာ ရက်အနည်းငယ် နားမလို့ စီစဉ်ထားပေမဲ့ ဒီကိစ္စကြောင့် ငါတို့ ချက်ချင်း ခရီးဆက်သင့်တယ်”
လူတိုင်း ဦးညွှတ်လိုက်ကြသည်။ “ရှစ်စွင်း အမိန့်အတိုင်းပါပဲ”
နှစ်မြွှာကြာနယ်မြေသည် အခြား နယ်မြေခုနစ်ခုနှင့် မသက်ဆိုင်ဘဲ သီးခြား ရပ်တည်နေသည်။ မဟာလေဟာနယ်နှင့် သဘောတူညီချက် ရယူပြီးနောက် သူတို့သည် လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ပေ။ အကယ်၍ ချန်ဖု တစ်စုံတစ်ရာ ဖြစ်သွားပါက မျှခြေပျက်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။
နေ့ဝက်ခန့် ကြာပြီးနောက်။
တာ့ဟန်၊ လော့ယန်ရှိ ဆောင်းဦးနှင်းစက်တောင်တွင်
ချန်ဖု၏ ပထမတပည့် ဟွားယင်သည် ပူပြင်းသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
“တာ့ရှစ်ရှိုး... ဘယ်နှနှစ် ရှိနေပြီလဲ။ ဆရာက ဘာလို့ ကျွန်တော်တို့ကို တွေ့ခွင့်မပေးတာလဲ။ ကျွန်တော်တို့က သူ့တပည့်တွေလေ။ ကျွန်တော်တို့တောင် တွေ့ခွင့်မရှိဘူးလား” ချန်ဖု၏ ဒုတိယတပည့် လျန်ယွီဖုန်းက မေးလိုက်သည်။
ဟွားယင်က ပြောလိုက်သည်။
“ဆရာက သူ့ရဲ့ တံခါးပိတ်ကျင့်ကြံမှုကို ဘယ်သူမှ မနှောင့်ယှက်ရဘူးလို့ အမိန့်ပေးထားတယ်”
“မြို့ထဲမှာ ကောလာဟလတွေ ပြန့်နေပြီ။ ဆရာက... အိုနေပြီတဲ့... ပြီးတော့ သူက...”
“ပါးစပ်ပိတ်ထား။ ဆရာ အသက်ရှင်နေသေးတယ်။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့” ဟွားယင်က ပြစ်တင်ပြောဆိုလိုက်သည်။
“ကျွန်... ကျွန်တော် ကောလာဟလတွေကို မယုံပါဘူး။ ဒါပေမဲ့ ကျွန်တော် ဆရာ့ကို တွေ့ချင်တယ်”
လျန်ယွီဖုန်းက ပြောလိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင်ဝတ် တပည့်တစ်ဦး အပြင်ဘက်မှ ပြေးဝင်လာသည်။ သူက ဦးညွှတ်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေ ရောက်လာပါပြီ”
“ဂုဏ်သရေရှိ ဧည့်သည်တွေ”
အစိမ်းရောင်ဝတ် တပည့်က ပြန်ဖြေလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက မျှော်နန်းသခင်လု ရောက်နေပါတယ်”
ဟွားယင် မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။
'တိုက်ဆိုင်လိုက်တာ'
လုကျိုးနှင့် တစ်ကြိမ် တိုက်ခိုက်ဖူးသော ယွင်ထုန်းရှောင်က ပြုံးလိုက်သည်။
“သူ့ကို ပြန်လွှတ်လိုက်” ချန်ဖု၏ ပဉ္စမတပည့် ကျန်းရှောင်ရော့က ပြောလိုက်သည်။
အစိမ်းရောင်ဝတ် တပည့်သည် မျက်နှာပျက်လျက် ပြောလိုက်သည်။
“သူတော်စင်ချန်ရဲ့ အစေခံက သူ့ကို ခေါ်လာတာပါ”
“ရိုင်းစိုင်းလိုက်တာ။ ရေနွေးကြမ်းနဲ့ ရေပဲ ဆက်သသင့်တဲ့ အစေခံတစ်ယောက်က ဆောင်းဦးနှင်းစက်တောင်ရဲ့ ကိစ္စတွေကို ဘယ်လိုလုပ် ဝင်ပါရဲတာလဲ” ကျန်းရှောင်ရော့က ဒေါသတကြီး ပြောလိုက်သည်။
ဟွားယင်က လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။
“၀ူရှစ်တိ... ဒီလူကို လျှော့တွက်လို့ မရဘူး။ အရင်တုန်းက ဆရာတောင် သူနဲ့ ယှဉ်တိုက်တုန်းက အသာစီး မရခဲ့ဘူး။ မင်းရဲ့ အပြုအမူက သူ့ကို စော်ကားသလို ဖြစ်သွားလိမ့်မယ်”
လျန်ယွီဖုန်းနှင့် ယွမ်ထုန်းရှောင်တို့သည် လုကျိုး၏ သိမ်မွေ့နက်နဲသော တိုက်ခိုက်မှုများကို ပြန်လည်အမှတ်ရပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
“အဲဒီလူရဲ့ ကျင့်ကြံမှုက တကယ် နက်နဲပြီး ခန့်မှန်းရခက်တယ်...”
ဟွားယင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သူတို့ကို ပြန်လွှတ်ဖို့ ပိုကောင်းတဲ့ အကြောင်းပြချက်တစ်ခု စဉ်းစားရမယ်”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ခံ့ညားထည်ဝါပြီး အနည်းငယ် မကျေမနပ် ဖြစ်နေသော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ချန်ဖု ကိုယ်တိုင် ငါ့ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားတာကို မင်းတို့က ငါ့ကို ပြန်လွှတ်ရဲတယ်ပေါ့”