အခန်း (၁၄၉၂-၁၄၉၄)
Vol. 100 Ch. 1492-1494
အခန်း (၁၄၉၂) သေအံ့ဆဲဆဲ သူတော်စင်
ဟွားယင်နှင့် အခြားသူများသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို တွေ့လိုက်ရသည်။
လုကျိုးသည် အခြားသူများကို ဦးဆောင်လျက် ဆောင်းဦးနှင်းစက်တောင်ခန်းမဆောင်သို့ ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် ဝင်ရောက်လာသည်။
ချန်ဖု၏ တပည့်အချို့မှာ အံ့အားသင့်သွားကြပြီး အချို့မှာမူ မျက်မှောင်ကျုံ့လိုက်ကြသည်။
အစိမ်းရောင်ဝတ် အစေခံလူငယ်က နှစ်ဖက်အဖွဲ့ကြားတွင် ရပ်ကာ ပြောလိုက်သည်။
“သူတော်စင်ချန် ကိုယ်တိုင် မျှော်နန်းသခင်လုကို ဖိတ်ခေါ်လိုက်တာ အမှန်ပါပဲ။ သခင်လေးတို့ အထင်မလွဲကြပါနဲ့”
ပဉ္စမတပည့် ကျန်းရှောင်ရော့က ပြောလိုက်သည်။
“သာမန် အစေခံတစ်ယောက်ကများ အဓိပ္ပာယ်မရှိတာတွေ လာပြောနေရဲသေးတယ်။ ဆရာက တစ်ခုခု လုပ်စေချင်တယ်ဆိုရင်တောင် ငါတို့ကို မခိုင်းဘဲ မင်းလိုလူကို ခိုင်းပါ့မလား”
“ဒါ... ဒါက...” အစေခံလူငယ် စကားထစ်သွားသည်။
ကျန်းရှောင်ရော့က ဆက်ပြောလိုက်သည်။ “မင်းက ပိုပိုပြီး ရဲတင်းလာပါလား”
လုကျိုးသည် လူအုပ်ကြီးကို အကဲခတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းတို့က ချန်ဖုရဲ့ တပည့်ဆယ်ယောက်လား”
ဟွားယင်သည် လုကျိုးနှင့် တွေ့ဖူးပြီးသားဖြစ်၍ လုကျိုး၏ ကျင့်ကြံမှုမှာ နက်နဲလှကြောင်း သိထားသည်။ သူက ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဟွားယင်က လုချန်ပေ့ကို ဂါရဝပြုပါတယ်”
လျန်ယွီဖုန်းနှင့် ယွမ်ထုန်းရှောင်တို့သည်လည်း ပြုံးလျက် လုကျိုးကို လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်ကြသည်။
ကျန်းရှောင်ရော့နှင့် အခြားသူများသည် သူတို့၏ ရှစ်ရှိုးများ အရိုအသေ ပြုလိုက်ပြီဖြစ်၍ ရွေးချယ်စရာမရှိဘဲ မိတ်ဆက်ကာ ဂါရဝပြုလိုက်ရသည်။ သူတို့က တစ်ဖက်လူများလည်း ပြန်လည် မိတ်ဆက်ကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူတို့ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်... လုကျိုးသည် လက်နောက်ပစ်လျက် ခေါင်းအနည်းငယ်ခါကာ ပြောလိုက်သည်။
“မဟာသူတော်စင်တစ်ပါးအနေနဲ့ ချန်ဖုရဲ့ တပည့်တွေက ထူးချွန်ပြီး ပါရမီပါမယ်လို့ ငါ ထင်ထားခဲ့တာ။ သူက ဒီလောက် အမြော်အမြင်နည်းလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ကျန်းရှောင်ရော့သည် မူလကတည်းက စိတ်ဆတ်သူဖြစ်ပြီး ဝေဖန်မှုကို နားမခံနိုင်ပေ။ သူ ပြန်ပြောရန် ပြင်လိုက်စဉ် ဟွားယင်က လက်ကာပြကာ တားလိုက်သည်။
ထို့နောက် ဟွားယင်က လုကျိုးကို လက်သီးဆုပ် အရိုအသေပြုလျက် ပြောလိုက်သည်။
“ချန်ပေ့ ပြောတာ မှန်ပါတယ်”
လုကျိုးသည် ပိတ်ထားသော တံခါးကို ကြည့်ပြီး ပြောလိုက်သည်။ “လမ်းပြစမ်း”
အစေခံလူငယ်က ဦးညွှတ်လျက် ပြောလိုက်သည်။ “ဟုတ်ကဲ့”
ကျန်းရှောင်ရော့သည် ချက်ချင်း ရှေ့တိုးလာပြီး ပြောလိုက်သည်။
“ချန်ပေ့... ကျွန်တော့်ဆရာ နေမကောင်းပါဘူး။ ချန်ပေ့ကို တွေ့နိုင်မှာ မဟုတ်ဘူး”
လုကျိုးသည် ကျန်းရှောင်ရော့ကို လျစ်လျူရှုပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။
ကျန်းရှောင်ရော့ “???”
လုကျိုးက ဆက်လက် လျှောက်လှမ်းနေသည်။
ယင်းကို မြင်သောအခါ ကျန်းရှောင်ရော့သည် အလျင်စလို အသက်စွမ်းအင်နှစ်ခုကို ထုတ်လွှတ်ပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို တားဆီးလိုက်သည်။
လုကျိုးသည် ယင်းကို မမြင်သကဲ့သို့ ပြုမူလျက် လက်နောက်ပစ်ကာ အေးဆေးတည်ငြိမ်စွာ ဆက်လက် လျှောက်လှမ်းနေသည်။
ထို့နောက် ထူးခြားသော စွမ်းအင်တစ်ခုက ကျန်းရှောင်ရော့ကို တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရှောင်ရော့အနီး ရပ်နေသော ကျင့်ကြံသူအချို့လည်း နောက်သို့ လွင့်စဉ်သွားကြသည်။ ဟွားယင်က စိတ်ထဲတွင် အံ့အားသင့်သွားသည်။ သူက ပြုံးရုံသာ ပြုံးနေပြီး တားဆီးရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် သူလည်း ကင်းလွတ်ခွင့် မရလိုက်ပေ။ မကြာမီ သူလည်း တွန်းထုတ်ခံလိုက်ရသည်။
လျန်ယွီဖုန်းနှင့် ယွမ်ထုန်းရှောင်တို့သည် မသက်မသာ ခံစားလိုက်ရပြီး အလျင်စလို နောက်ဆုတ်လိုက်ကြသည်။
နောက်ဆုံးတွင် ဆောင်းဦးနှင်းစက်တောင်၏ တပည့်ဆယ်ယောက်လုံးသည် ၁၀ မီတာကျော်အကွာသို့ တွန်းထုတ်ခံလိုက်ရပြီး ကျယ်ပြောသော လမ်းကြောင်းတစ်ခု ပွင့်သွားတော့သည်။
ဟွားယင်သည် မလှုပ်ရှားပေ။ သူသည် ခန်းမထဲသို့ ဝင်သွားသော လုကျိုးနှင့် အခြားသူများကို ကြည့်နေလိုက်သည်။
လုကျိုးသည် ခန်းမအဝင်ဝတွင် ရပ်တန့်လိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လှည့်ပြောလိုက်သည်။ “ဒီမှာ စောင့်နေကြ”
“နားလည်ပါပြီ”
လုကျိုး တစ်ယောက်တည်း ခန်းမထဲသို့ ဝင်သွားသည်။
အစေခံလူငယ်သည် ဘယ်ညာကြည့်ကာ ကျုံ့ဝင်သွားပြီး တစ်စုံတစ်ရာ ပြောချင်သကဲ့သို့ ဖြစ်နေသော်လည်း နောက်ဆုံးတွင် ခန်းမထဲသို့ အလျင်စလို ဝင်သွားလိုက်သည်။
ထိုအချိန်၌ ရှောင်ယွမ်အာသည် ဆံပင်ကို သပ်တင်လိုက်ပြီး ဟွားယင်၏ အနားသို့ လျှောက်သွားကာ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မဆရာက အမြဲတမ်း ဒီလိုပါပဲ။ စိတ်မဆိုးပါနဲ့”
ကျူးဟုန်ကုန်း ခေါင်းကုတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ 'ဒီ ဘိုးဘေးလေးက ဘာတွေ ကြံစည်နေပြန်ပြီလဲ။ ဆောင်းဦးနှင်းစက်တောင်ရဲ့ ပထမတပည့်တော့ ကံဆိုးမိုးမှောင် ကျတော့မယ် ထင်တယ်... ငါ သူ့အတွက် ဆုတောင်းပေးရုံပဲ တတ်နိုင်တော့မယ်'
ရှောင်ယွမ်အာ၏ အလွန်အမင်း ယဉ်ကျေးနေသော အပြုအမူသည် ပုံမှန်မဟုတ်ဘဲ သူမကို သိကျွမ်းသူများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဟွားယင်၏ မျက်လုံးများ တောက်ပလာသည်။ သူ့ရှေ့မှ မိန်းကလေးသည် မျက်လုံးတောက်တောက် သွားဖြူဖြူလေးဖြင့် ကြည့်လိုက်သူတိုင်းကို လန်းဆန်းသက်သာစေသည်။ သူက ချက်ချင်း ပြောလိုက်သည်။
“ရပါတယ်... ရပါတယ်။ မင်းဆရာရဲ့ ကျင့်ကြံမှုက နက်နဲလွန်းတော့ တကယ် လေးစားစရာပါပဲ”
ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ ကြည့်နေတာ ကြာပြီ။ လူတိုင်းထဲမှာ ရှင်က အယဉ်ကျေးဆုံးပဲ”
ဟွားယင်က နှိမ့်ချစွာ ပြောလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ လူတစ်ယောက်က အမြဲတမ်း ယဉ်ကျေးသင့်တာပဲလေ”
ရှောင်ယွမ်အာက ကျန်းရှောင်ရော့ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“ဒါဆို သူက ဘာလို့ အဲဒီလောက် ရိုင်းစိုင်းနေရတာလဲ”
ဟွားယင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ ၀ူရှစ်တိက စိတ်ဆတ်ပေမဲ့ သူက ရိုးသားပြီး ကြင်နာတတ်ပါတယ်။ မင်း ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျန်းရှောင်ရော့က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။
“ကျွန်တော်က အမှန်တရားကို ပြောနေတာပဲ။ ဘာလို့ မပြောရမှာလဲ”
ဖြောင်း
ဟွားယင်က လက်ကို ဝှေ့ယမ်းလိုက်သည်။
ကျန်းရှောင်ရော့၏ ပါးပေါ်သို့ ပါးရိုက်ချက်တစ်ခု ကျရောက်သွားသည်။ သူ ကြောင်အသွားသည်။
“တာ့ရှစ်ရှိုး?”
ဟွားယင်သည် ကျန်းရှောင်ရော့ကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည်။
“လူတိုင်းရှေ့မှာ အရှက်ကွဲစေမိတာ တောင်းပန်ပါတယ်။ ဆရာ့ကိုယ်စား သူ့ကို ကျွန်တော် သင်ခန်းစာ ပေးလိုက်ပါ့မယ်”
ရှောင်ယွမ်အာက ချီးကျူးလိုက်သည်။ “ရှင်က တော်တော် အလိုက်သိတာပဲ”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ” ဟွားယင်က ပြုံးလျက် ပြောလိုက်သည်။ သို့သော် ကျန်းရှောင်ရော့ဘက်သို့ လှည့်လိုက်သောအခါ သူ၏ အပြုံး ပျောက်ကွယ်သွားပြီး ပြောလိုက်သည်။
“၀ူရှစ်တိ... မင်းက ဂုဏ်သရေရှိ ဧည့်သည်တွေကို ဘယ်လိုလုပ် ရိုင်းစိုင်းရတာလဲ။ ဆရာ မရှိတဲ့အချိန် ငါက မင်းရဲ့ တာ့ရှစ်ရှိုးအနေနဲ့ အမိန့်ပေးမယ်... ဧည့်သည်တွေကို တောင်းပန်လိုက်”
“တောင်းပန်ရမယ်တဲ့လား”
ကျန်းရှောင်ရော့သည် ပါးကိုကိုင်လျက် ဟွားယင်ကို ကြောင်တောင်တောင် ကြည့်နေသည်။ သူ မလိုလားသော်လည်း စည်းမျဉ်းများ ရှိသည်။ ဆရာ မရှိလျှင် တာ့ရှစ်ရှိုးက အကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် သူသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ်”
“ဒါမှ ဟုတ်တာပေါ့” ဟွားယင်က ပြောလိုက်သည်။ ထို့နောက် သူက နောက်လှည့်ပြီး အပြုံးဖြင့် မေးလိုက်သည်။ “မိန်းကလေး... နာမည်လေး သိခွင့်ရှိမလား”
“ကျွန်မလား”
ရှောင်ယွမ်အာ အနည်းငယ် အံ့ဩသွားသည်။ သူမ၏ နာမည်ကို မေးဖူးသူ သိပ်မရှိ၍ ဖြစ်သည်။ ထို့အပြင် သူမရှေ့မှ လူသည် စာပေပညာရှင်ပုံစံ ပေါက်နေသည်။
ရှောင်ယွမ်အာ၏ ထူးဆန်းသော မျက်နှာထားကို မြင်သောအခါ ဟွားယင်က မေးလိုက်သည်။
“ဒီအပြစ်ပေးမှုနဲ့ ကျေနပ်ရဲ့လား”
ရှောင်ယွမ်အာက နောက်လှည့်ကြည့်ပြီး မေးလိုက်သည်။ “တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး”
ယွီကျန့်ဟိုင်သည် အစမှအဆုံး အခြားသူများကို ကြည့်ခြင်းမရှိပေ။ သူက ပြီးပြီးရောသဘောဖြင့် ပြောလိုက်သည်။
“ရပါတယ်။ ငါတို့ စိတ်ထဲ မထားပါဘူး”
ယွီရှန်းရုန်က ပြုံးလျက် ပြောလိုက်သည်။
“ရှစ်မေ့ ပြောသလိုပဲ ခင်ဗျားက တကယ် ယဉ်ကျေးပါတယ်။ ဒါပေမဲ့ ဒီလူနဲ့ ပတ်သက်လို့တော့... သူက အမှန်တရားကို ပြောခွင့်ရှိတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူတော်စင်ချန်က ငါ့ဆရာကို ဖိတ်ဖို့ အစေခံလွှတ်ခဲ့တယ်ဆိုတာလည်း အမှန်တရားပဲ။ ငါ့ဆရာက ခင်ဗျားဆရာကို တွေ့ဖို့ ဆောင်းဦးနှင်းစက်တောင်အထိ လာခဲ့ရတယ်ဆိုတာလည်း အမှန်တရားပဲ။ အမှန်တရားတွေ ဖြစ်နေမှတော့ ခင်ဗျားတို့အားလုံးက ငါ့ဆရာကို တားဆီးဦးမယ်လို့တော့ မပြောနဲ့နော်”
ကျန်းရှောင်ရော့ “...”
ရှောင်ယွမ်အာ၏ အခေါ်အဝေါ်များကြောင့် မိစ္ဆာဝေဟင်မျှော်နန်းတွင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အဆင့်အတန်းကို ဟွားယင် ခန့်မှန်းမိလိုက်သည်။ သူက ရှေ့တိုးပြီး ပြောလိုက်သည်။
“ကျွန်တော်က ဆောင်းဦးနှင်းစက်တောင်က ဟွားယင်ပါ။ သူတော်စင်ချန်ရဲ့ ပထမတပည့်ပါ။ မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ပြုပါ”
ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။
“ကျုပ်က ယွီရှန်းရုန်... မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယတပည့်ပါ”
“ပထမတပည့်က ဘယ်သူများလဲ သိခွင့်ရှိမလား” ဟွားယင်က မေးလိုက်သည်။
ယွီကျန့်ဟိုင်က လည်ချောင်းရှင်းလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ 'အကြီးဆုံးဖြစ်ရတာ အကောင်းဆုံးပဲ။ ဒုတိယညီလေး... မင်း ဘယ်လောက်ပဲ တော်တော် အရေးကြီးတဲ့ အချိန်ကျရင် လူတိုင်းက အကြီးဆုံးကိုပဲ အာရုံစိုက်ကြတာ'
ယွီကျန့်ဟိုင်သည် ပထမတပည့်ဖြစ်ရခြင်း၏ ပီတိကို ခံစားရင်း စကားပြောရန် ပြင်လိုက်စဉ် ယွီရှန်းရုန်က ပြောလိုက်သည်။
“အသေးအဖွဲ ကိစ္စတွေအတွက် တာ့ရှစ်ရှိုးကို ဒုက္ခပေးစရာ မလိုပါဘူး။ ခင်ဗျားမှာ မေးစရာရှိရင် ကျုပ်ကို မေးလို့ ရပါတယ်”
ယွီကျန့်ဟိုင် “...”
ဟွားယင်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ”
ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ဆောင်းဦးနှင်းစက်တောင်မှ လူများသည် စကားစမြည် ပြောဆိုကြတော့သည်။
လေ့ကျင့်ရေး ခန်းမဆောင်အတွင်း၌
လုကျိုးသည် ဆံပင်ဖြူဖြူ၊ ပိန်လှီပြီး အားအင်ကုန်ခမ်းနေသော ချန်ဖုကို ကြည့်လိုက်သည်။
ချန်ဖု မျက်လုံးဖွင့်လိုက်ပြီး နှစ်ချက်ခန့် ချောင်းဆိုးလိုက်သည်။ သူ့ရှေ့မှ လူကို မြင်လိုက်ရသောအခါ ဝမ်းသာရိပ်များ မျက်နှာပေါ်တွင် ပေါ်လာပြီး ပြောလိုက်သည်။
“ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ”
လုကျိုးသည် သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျား အချိန်ကုန်လုနီးပါး ဖြစ်နေပြီ။ ကျုပ် ဘယ်လိုလုပ် မလာဘဲ နေမလဲ”
ထိုစကားကို ကြားသောအခါ ချန်ဖု၏ စိတ်နှလုံး အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူက သက်ပြင်းချပြီး ပြောလိုက်သည်။
“အခု ကျုပ်ကို ကူညီနိုင်တာ ခင်ဗျားတစ်ယောက်ပဲ ရှိတော့တယ်...”
လုကျိုးက ပြောလိုက်သည်။
“ခင်ဗျားက မဟာသူတော်စင်တစ်ပါးပဲလေ။ ဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားရတာလဲ”
ချန်ဖု၏ အရှိန်အဝါ အတော်လေး အားနည်းနေကြောင်း လုကျိုး အာရုံခံမိသည်။ ချန်ဖု၏ အသက်စွမ်းအင်သည်လည်း ဖရိုဖရဲ ဖြစ်နေသည်။ ချန်ဖုသည် နေဝင်ချိန်ကို စောင့်ဆိုင်းနေသော ဖျားနာနေသည့် အဘိုးအိုတစ်ဦးနှင့် တူနေသည်။
ချန်ဖု သက်ပြင်းချလိုက်သည်။
“ကျုပ်က မဟာသူတော်စင်တစ်ပါး ဖြစ်နေရင်တောင် မဟာလေဟာနယ်ရဲ့ ဒုက္ခပေးတာကို တားဆီးဖို့ ခက်ခဲပါတယ်”
“မဟာလေဟာနယ်လား” လုကျိုး မျက်ခုံးပင့်လိုက်သည်။
…
အခန်း (၁၄၉၃) ခေတ်ကာလတွေ ပြောင်းလဲသွားပြီ (၁)
ချန်ဖုက ခေါင်းမခါသလို ခေါင်းလည်း မညိတ်ပေ။ သူက နောက်တစ်ကြိမ် သက်ပြင်းချပြီးမှ ပြောလိုက်သည်။
“မဟာဧကရာဇ် ရောက်လာခဲ့တယ်...”
“မဟာဧကရာဇ်...” လုကျိုး မျက်မှောင်ကျုံ့လိုက်သည်။ ထိုဘွဲ့နာမက သူ့ကို မသက်မသာ ဖြစ်စေသည်။
ချန်ဖုက ဆက်ပြောလိုက်သည်။
“အထွတ်အထိပ်သက်ရှိအငယ်တွေက သခင်တွေဖြစ်ပြီး အထွတ်အထိပ်သက်ရှိအကြီးတွေကတော့ ဧကရာဇ်တွေပေါ့။ မဟာလေဟာနယ်က ကျယ်ပြောလှပြီး အရပ်မျက်နှာငါးဖက်က နတ်ဘုရားတွေ အုပ်စိုးကြတယ်။ သူတို့နဲ့ မဟာလေဟာနယ်တစ်ခုလုံးကို အုပ်စိုးသူကတော့ မဟာလေဟာနယ်ဧကရာဇ်လို့လည်း ခေါ်တဲ့ မဟာဧကရာဇ်ပဲ။ သူက မိုးနဲ့မြေကြားက တရားမျှတမှုကို တာဝန်ယူထားသူလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားတယ်”
လုကျိုးသည် အဖြူရောင်ဧကရာဇ်၊ ဧကရာဇ်ယွီနှင့် ယခင်က ပြောဖူးသော ဧကရာဇ်ရှန်ကျန်းတို့ကို ပြန်တွေးမိလိုက်သည်။ ချန်ဖု၏ စကားအရဆိုလျှင် အထွတ်အထိပ်သက်ရှိအကြီးစားများကို ဧကရာဇ်ဟု ခေါ်ဆိုပါက မဟာလေဟာနယ်တွင် အထွတ်အထိပ်သက်ရှိများစွာ ရှိနေကြောင်း သိသာထင်ရှားလှသည်။
“သူ့နာမည်က ဘယ်သူလဲ” လုကျိုးက မေးလိုက်သည်။
ချန်ဖု ခေါင်းခါလိုက်သည်။ “ဘယ်သူမှ သူ့နာမည်ကို မခေါ်နိုင်ကြဘူး။ အားကောင်းတဲ့သူတွေကို ဂုဏ်ပုဒ်တွေနဲ့ပဲ ခေါ်ဝေါ်လို့ ရတာလေ”
လုကျိုးက ပြောလိုက်သည်။
“အဲဒီလို ပုဂ္ဂိုလ်မျိုးက ခင်ဗျားဆီ လာလည်တယ်ဆိုတော့ မဟာလေဟာနယ်က ခင်ဗျားကို တော်တော်လေး အထင်ကြီးသားပဲ”
“သူတို့ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး” ချန်ဖုက ပြောလိုက်သည်။
လုကျိုးသည် ချန်ဖုကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကျုပ် သိချင်တာတစ်ခု ရှိတယ်။ မဟာလေဟာနယ်က ခင်ဗျားကို ဖြေရှင်းဖို့ လွယ်ကူနေမှတော့ ခင်ဗျားက ဘယ်လိုလုပ် သူတို့ကို ခြိမ်းခြောက်နိုင်ခဲ့တာလဲ”
ချန်ဖုက ပြောလိုက်သည်။
“မဟာလေဟာနယ်က နှစ်မြွှာကြာနယ်မြေကို သိမ်းသွင်းချင်နေတာ။ သူတို့ကလောကကြီးကို ငြိမ်းချမ်းစေချင်ကြတာလေ။ အဲဒါက သူတို့ကို ဂုဏ်တက်စေတယ်လေ။ မဟာလေဟာနယ်က ဒီနေရာရဲ့ မျှခြေကို ထိန်းသိမ်းဖို့ ကျုပ်လက်ကို ငှားချင်ခဲ့တာ။ ကျုပ်က မျှခြေထိန်းညှိသူ နေရာကနေ ပါဝင်ခဲ့တယ်။ ဒါ့အပြင် ကျုပ်က မြေအောက်မှာ အမည်မသိကုန်းမြေနဲ့ ဆက်သွယ်ထားတဲ့ ကြီးမားတဲ့ ဝင်္ကပါတစ်ခုကို တည်ဆောက်ခဲ့တယ်။ ကျုပ်သာ သေသွားရင် ကုန်းမြေကွဲအက်သွားလိမ့်မယ်”
“ကံဆိုးတာက မဟာလေဟာနယ်က ခင်ဗျားကို ဖြေရှင်းလိုက်ပြီ။ သူတို့က ခင်ဗျားရဲ့ ခြိမ်းခြောက်မှုကို ဂရုမစိုက်တော့ပုံပဲ” လုကျိုးက ပြောလိုက်သည်။
ချန်ဖုက လက်လျှော့လိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။
“သူတို့က ကျုပ်ကို အစကတည်းက အလေးအနက် မထားခဲ့တာ ဖြစ်နိုင်တယ်”
“ ‘ဖြစ်နိုင်တယ်’ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်လို့ ရပြီ” လုကျိုးက ပြောလိုက်သည်။
ချန်ဖုသည် လုကျိုးကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူးဆိုတော့ မှာစရာစကားများ ရှိသေးလား”
ဒါက ချန်ဖု သူ့ကို ခေါ်လိုက်ရခြင်း၏ အဓိက အကြောင်းရင်းပင်။ သူ သေဆုံးပြီးနောက် အကျိုးဆက်များကို လုံလောက်သော အင်အားရှိသူတစ်ဦးက ကိုင်တွယ်ဖြေရှင်းရမည် မဟုတ်ပါလော။ နယ်မြေကိုးခုထဲတွင် သင့်တော်သော ကိုယ်စားလှယ်လောင်းကို ရှာဖွေရန် ချန်ဖုအတွက် အမှန်တကယ် ခက်ခဲလှသည်။
ချန်ဖုက ပြောလိုက်သည်။
“ကျုပ် သေပြီးတဲ့နောက် နှစ်မြွှာကြာနယ်မြေနဲ့ လူတိုင်း ငြိမ်းချမ်းနေဖို့ မျှော်လင့်ပါတယ်”
“မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ခင်ဗျားရဲ့ တပည့်တွေ အပါအဝင်လား” လုကျိုးက မေးလိုက်သည်။
ချန်ဖု တိတ်ဆိတ်သွားသည်။
ချန်ဖု၏ မျက်နှာထားကို ကြည့်ရုံဖြင့် လုကျိုး အဖြေကို သိလိုက်သည်။ ခဏကြာသောအခါ သူက ပြောလိုက်သည်။
“ခင်ဗျား ချက်ချင်းကြီးတော့ မသေလောက်သေးပါဘူး”
ထို့နောက် လုကျိုးသည် လက်မြှောက်ကာ ကုသခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
စွမ်းအင်များ ချန်ဖု၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီးနောက်တွင်လည်း သူသည် အားအင်ကုန်ခမ်းနေဆဲပင်။
ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။
“ကြိုးစားနေဖို့ မလိုပါဘူး။ မဟာဧကရာဇ်ရဲ့ နည်းလမ်းက ခင်ဗျား ဖြေရှင်းနိုင်တဲ့အရာ မဟုတ်ဘူး။ ခင်ဗျား လုပ်နိုင်ရင်တောင် သူ သိသွားလိမ့်မယ်”
လုကျိုးက ပြောလိုက်သည်။ “ပုရွက်ဆိတ်တွေတောင် အသက်ရှင်ချင်ကြသေးတာ။ ခင်ဗျားက တကယ်ပဲ အရှုံးပေးလိုက်တော့မလို့လား”
“ဘယ်သူက မရှင်သန်ချင်ဘဲ နေမလဲ။ ဒါပေမဲ့ ကောင်းကင်ဘုံက ခွင့်မပြုတဲ့အခါ ကျုပ် ဘာလုပ်နိုင်မှာလဲ” ချန်ဖုက မေးလိုက်သည်။
“ကောင်းကင်ဘုံက ခင်ဗျားရဲ့ လမ်းစအားလုံးကို ဖြတ်တောက်မှာ မဟုတ်ပါဘူး” လုကျိုးက ပြောလိုက်သည်။
လုကျိုး မတ်တတ်ရပ်လိုက်ပြီး လက်စွပ်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သက္ကတကျမ်းတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
သက္ကတကျမ်းသည် မထူသလို မလေးလံပေ။ သို့သော် စာမျက်နှာ အနည်းငယ်သာ ရှိသော်လည်း လူများကို လေးလံသည်ဟု ခံစားရစေသည်။ နှစ်ကာလများစွာ ကြာပြီးနောက် ၎င်းသည် ပြင်းထန်သော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
“ဒါက...” ချန်ဖု ဇဝေဇဝါ ဖြစ်သွားသည်။
“ပြန်လည်ရှင်သန်ခြင်း စာလိပ်” လုကျိုးက ပြန်ဖြေလိုက်သည်။
“ပြန်လည်ရှင်သန်ခြင်း စာလိပ်”
ချန်ဖုသည် လုကျိုးကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ဆောင်းဦးနှင်းစက်တောင်တွင် လုကျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကို ပြန်ပြောင်းသတိရသွားပြီး မေးလိုက်သည်။ “ခင်ဗျား ရှာတွေ့သွားပြီလား”
လုကျိုးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားနဲ့ တွေ့တုန်းက ကျုပ် ရှာတွေ့ထားပြီးပြီ”
“ပြန်လည်ရှင်သန်ခြင်း စာလိပ်ရဲ့ စွမ်းအားကို ကျုပ် မထိန်းချုပ်နိုင်ခဲ့တာ နှမြောစရာပဲ။ ကျုပ်တပည့်က ကံဆိုးပြီး ဆုံးပါးသွားခဲ့တယ်” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူးဗျာ” ချန်ဖုက ပြောလိုက်သည်။
လုကျိုးက ဆက်ပြောလိုက်သည်။ “ခင်ဗျား သေသွားရင် ကျုပ် ပြန်လည်ရှင်သန်ခြင်း စာလိပ်ကို နောက်တစ်ခေါက် ထပ်စမ်းကြည့်လို့ ရတာပေါ့”
မူလက ချန်ဖု စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ဤစကားကို ကြားလိုက်ရသောအခါ သူသည် စမ်းသပ်ခံကြွက်တစ်ကောင်လို ခံစားလိုက်ရသည်။ ခဏကြာသောအခါ သူခေါင်းခါပြီး ပြောလိုက်သည်။
“သေလူကို ပြန်ရှင်အောင် လုပ်တာက ကောင်းကင်ဘုံကို အာခံတာပဲ။ အောင်မြင်ဖို့ မလွယ်ကူတာ သဘာဝကျပါတယ်။ ပြန်လည်ရှင်သန်ခြင်း စာလိပ်ရဲ့ စွမ်းအားက ကမ္ဘာမြေရဲ့ ဗဟိုချက်ကနေ မြစ်ဖျားခံတယ်လို့ ဆိုကြတယ်။ ကမ္ဘာမြေက သက်ရှိအားလုံးကို မွေးဖွားပေးပြီး လောကကြီးရဲ့ မိခင်ပဲ။ သေလူကို ရှင်ပြန်ထမြောက်စေနိုင်တဲ့ စွမ်းရည်ရှိတာ မထူးဆန်းပါဘူး။ ဒါပေမဲ့...” သူ့လေသံ အနည်းငယ် ပြောင်းလဲသွားပြီး ဆက်ပြောလိုက်သည်။ “ကျုပ် အသက်ရှင်ဖို့ မဖြစ်နိုင်တော့မှာကို စိုးရိမ်မိတယ်”
“ဘာလို့လဲ”
“မဟာလေဟာနယ်က ကျုပ်ကို သေစေချင်နေတာ။ သူတို့က ကျုပ်ကို အသက်ရှင်ခွင့်ပေးမယ် ထင်လို့လား။ ကြည့်ကြည့်ပါဦး” ချန်ဖုက ပြောပြီးနောက် လုကျိုး၏ ရှေ့သို့ လက်ကမ်းပေးလိုက်သည်။
လုကျိုးသည် လက်လှမ်းလိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် ချန်ဖု၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ချန်ဖု၏ အရှိန်အဝါသည် အားနည်းပြီး ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲတွင်လည်း ကမောက်ကမ ဖြစ်နေသည်။ အကယ်၍ သူ၏ စွမ်းအားကြီးမားသော ကျင့်ကြံမှုသာ မရှိခဲ့လျှင် သူ သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။
“ရက်စက်လိုက်တဲ့ နည်းလမ်းပဲ” လုကျိုး အံ့အားသင့်စွာ ပြောလိုက်သည်။
“တိုက်ကွက် တစ်ကွက်တည်းပဲ” ချန်ဖုက ပြောလိုက်သည်။
“တစ်ကွက်တည်း ဟုတ်လား”
“မဟာဧကရာဇ်နဲ့ တိုက်ကွက်တစ်ကွက်လောက် ယှဉ်နိုင်ခဲ့တာတောင် တော်တော်လေး အထင်ကြီးစရာ ကောင်းနေပါပြီ” ချန်ဖုက တခစ်ခစ် ရယ်မောလိုက်သည်။
လုကျိုး မျက်မှောင်ကျုံ့လိုက်သည်။ “မဟာလေဟာနယ်က တကယ်ပဲ အဲဒီလောက် ကြမ်းတာလား”
ချန်ဖု သက်ပြင်းချလိုက်သည်။ “အခု ဒါတွေ ပြောနေလို့လည်း အပိုပါပဲ”
လုကျိုးလည်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ထားလိုက်ပါတော့။ ခင်ဗျားမှာ မှာစရာစကားများ ရှိသေးလား”
ဒါက ချန်ဖု သူ့ကို ခေါ်လိုက်ရခြင်း၏ အဓိက အကြောင်းရင်းပင်။
ချန်ဖုသည် ခန်းမအပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကျုပ်က တာ့ဟန်ကို နှစ်ပေါင်း ၁ သိန်း လွှမ်းမိုးခဲ့တယ်။ ကျုပ်က ကစဉ့်ကလျားဖြစ်နေတဲ့ လောကကြီးကို ငြိမ်းချမ်းစေခဲ့တယ်။ အခု လူတွေက အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်နေကြပြီး ကျင့်ကြံခြင်းလောကလည်း မျှခြေရှိပြီး ငြိမ်းချမ်းနေတယ်။ ကျုပ် သေပြီးတဲ့နောက် လောကကြီးက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ တာ့ဟန်နဲ့ လော့ယန်မှာ စစ်ပွဲတွေ ဖြစ်လာလိမ့်မယ်။ ကျင့်ကြံခြင်းလောကမှာလည်း စစ်ပွဲတွေ ဖြစ်လာလိမ့်မယ်။ ကျုပ်က မဟာလေဟာနယ်ရဲ့ အဖွဲ့ဝင် မဟုတ်သလို သူတို့ရဲ့ လုပ်ရပ်တွေကို ရွံရှာပေမဲ့ လောကကြီး ဖရိုဖရဲဖြစ်သွားတာကိုတော့ မမြင်ချင်ဘူး။ ကျယ်ပြောလှတဲ့ နယ်မြေကိုးခုမှာ ခင်ဗျားကလွဲရင် ဘယ်သူကမှ ဒီလောက် ကြီးလေးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ဘူး”
ထိုစကားကို ကြားသောအခါ ဒီကိစ္စက မသေးငယ်ကြောင်း လုကျိုး သိလိုက်သည်။ 'ဒီအဘိုးကြီးက တကယ် စိတ်ဝင်စားစရာပဲ။ လောကကြီးကို ကယ်တင်ဖို့နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ တာဝန်ကို ငါ့လက်ထဲ လွယ်လွယ်လေး ထည့်ပေးလိုက်တာပဲ...'
…
အခန်း (၁၄၉၄) ခေတ်ကာလတွေ ပြောင်းလဲသွားပြီ (၂)
'ငါ့မှာ အဲဒီလောက် အားနေတဲ့အချိန် မရှိဘူး...'
လုကျိုးက မေးလိုက်သည်။ “ဒါ အကုန်ပဲလား”
“ဒါကလွဲရင် ကျုပ် ဘာမှ မလိုချင်တော့ပါဘူး” ချန်ဖုက ပြောလိုက်သည်။
“ခင်ဗျားက တကယ်ပဲ သူတော်စင်တစ်ပါးရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်” လုကျိုးက ‘သူတော်စင်’ ဟူသော စကားလုံးကို အလေးပေးလျက် ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ခင်ဗျားမှာ အားကိုးရမဲ့ တပည့်ဆယ်ယောက် ရှိသေးတယ်လေ”
ချန်ဖုက သက်ပြင်းချလိုက်သည်။
“ကျုပ်ရဲ့ တပည့်ဆိုးတွေက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ တိုက်ခိုက်တတ်ကြတာ။ သူတို့ရဲ့ မျှော်မှန်းချက်တွေက ကျုပ်နဲ့ မတူဘူး။ ကျုပ်သာ သူတို့ကို လွှတ်ပေးလိုက်ရင် လောကကြီးက ပိုပြီး ကစဉ့်ကလျား ဖြစ်လာလိမ့်မယ်”
“ကစဉ့်ကလျား မဖြစ်ရင် ဘယ်လိုလုပ် ငြိမ်းချမ်းရေး ရနိုင်မလဲ” လုကျိုးက ပြောလိုက်သည်။
“လောကမှာ ရှိတဲ့ အရာရာတိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။ ခင်ဗျား သေပြီးနောက် လောကကြီးက သဘာဝကျကျ ပြောင်းလဲသွားပြီး ခင်ဗျား မရှိတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြန်လည် ဖွဲ့စည်းသွားလိမ့်မယ်။ ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်ဆယ်ယောက်ကို အမာခံထားပြီး မျှခြေအသစ်တစ်ခု ပေါ်ထွက်လာလိမ့်မယ်။ အတင်းအကျပ် လုပ်ယူထားတဲ့ ငြိမ်းချမ်းရေးက ငြိမ်းချမ်းရေး အစစ်အမှန် မဟုတ်ဘူး။ တစ်နေ့ကျရင် အဲဒါက ပျက်စီးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ပိုပြီးတောင် ကစဉ့်ကလျား ဖြစ်သွားနိုင်တယ်”
ချန်ဖု တိတ်ဆိတ်နေသည်။
လုကျိုးက ဆက်ပြောလိုက်သည်။
“အနာဂတ်မှာ သူတို့ ကောင်းမလား၊ ဆိုးမလားဆိုတာ သူတို့ရဲ့ ရွေးချယ်မှုပဲ။ သူတို့က ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ နောက်ဆုံးကျရင် ငြိမ်းချမ်းတဲ့ လောကသစ်တစ်ခုကို တည်ဆောက်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်အုပ်ချုပ်သူကမှ သူတို့ရဲ့ နယ်မြေ ဖရိုဖရဲ ဖြစ်နေတာကို မလိုလားကြဘူးလေ။ ခင်ဗျား ဘယ်လို ထင်လဲ”
ချန်ဖုက ပြန်ဖြေလိုက်သည်။
“ခင်ဗျား ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့...”
“ခင်ဗျားရဲ့ စိတ်ထဲက အတားအဆီးတွေနဲ့ သံသယတွေကို ကျော်လွှားဖို့ ခက်ခဲနေတယ် မဟုတ်လား”
လုကျိုးက မေးလိုက်သည်။ အမှန်တကယ်တွင် သူသည် ချန်ဖု၏ အတွေးများကို စောစောကတည်းက ထွင်းဖောက်မြင်နေခဲ့သည်။
ချန်ဖု၏ စိတ်အခြေအနေ တိုးတက်လာပုံရသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“အစ်ကိုလုက ကျုပ်အကြောင်း ကောင်းကောင်း သိတာပဲ...”
လုကျိုး ခေါင်းညိတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဖြေရှင်းဖို့ လွယ်ပါတယ်”
“အသေးစိတ်ကို နားထောင်ချင်ပါတယ်”
“သွေးကြွေးတွေကို ဖယ်လိုက်ရင် ဂိုဏ်းတူညီနောင်တွေ အချင်းချင်း တိုက်ခိုက် ရန်ဖြစ်ကြတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အားကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ သဘာဝကျကျ စည်းလုံးသွားကြလိမ့်မယ်”
လုကျိုးက ပြုံးလျက် ပြောလိုက်သည်။ “ခင်ဗျား လုပ်ရမှာက သူတို့အတွက် အားကောင်းတဲ့ ရန်သူတစ်ယောက် ရှာပေးဖို့ပဲ”
“သူတို့အတွက် အားကောင်းတဲ့ ရန်သူ ရှာပေးရမယ်?” ချန်ဖု မျက်လုံးအနည်းငယ် ပြူးကျယ်သွားသည်။ သူက လုကျိုး၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။
လုကျိုးက ပြောလိုက်သည်။
“ဒီအချိန်မှာ ခင်ဗျား ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး။ အပြင်ထွက်ပြီး သူတို့ကို တွေ့လိုက်ပါ”
ချန်ဖု အနည်းငယ် တုံ့ဆိုင်းနေသည်။ မတ်တတ်ရပ်လိုက်သော လုကျိုး၏ ကိုယ်မှ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“သူတော်စင်အလင်း”
လုကျိုးနှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က လုကျိုးသည် တာအိုစွမ်းအားအပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိသည့် မဟာဆရာသခင် အဆင့်သာ ရှိသေးကြောင်း ချန်ဖု ပြန်သတိရသွားသည်။ ယခု နှစ် ၁၀၀ ကျော် ကြာပြီးနောက် လုကျိုးသည် သူတော်စင် တစ်ပါး ဖြစ်လာခဲ့လေပြီ။
“ကောင်းတယ်”
ချန်ဖု၏ စိတ်အခြေအနေ ချက်ချင်း တိုးတက်လာပြီး သူ၏ မျက်နှာအဆင်းလည်း ကြည်လင်လာပုံရသည်။ သူ မတ်တတ်ရပ်လိုက်ပြီး လုကျိုးနှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။
လေ့ကျင့်ရေး ခန်းမဆောင် အပြင်ဘက်တွင်။
ဆောင်းဦးနှင်းစက်တောင်၏ ပထမတပည့် ဟွားယင်သည် အခြေအနေကို ထိန်းချုပ်ထားသည်။
လုကျိုးနှင့် ချန်ဖုတို့ ထွက်လာချိန်တွင် သူသည် သူတော်စင်အလင်းကို သိမ်းထားလိုက်ပြီ ဖြစ်သည်။
လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။
ချန်ဖုကို ပထမဆုံး သတိပြုမိသူမှာ ကျန်းရှောင်ရော့ ဖြစ်ပြီး သူက ပြေးလာကာ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ “ဆရာ”
ချန်ဖု၏ အခြားတပည့်များကလည်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ဆရာ့ကို ဂါရဝပြုပါတယ်”
ချန်ဖုသည် သူ၏ တပည့်များကို စိတ်ပျက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါက မျှော်နန်းသခင်လုကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားတာ။ မင်းတို့မှာ ယဉ်ကျေးမှု မရှိကြဘူးလား”
ဟွားယင်က ပြောလိုက်သည်။ “ဆရာ... စိတ်ချပါ”
လုကျိုးက ပြောလိုက်သည်။
“ခင်ဗျားရဲ့ တပည့်တွေက ယဉ်ကျေးမှု ရှိသလို အကျိုးအကြောင်းလည်း နားလည်ကြပါတယ်။ ခင်ဗျား သူတို့ကို ကောင်းကောင်း သင်ပေးထားတာပဲ”
လောကတွင် သူ့တပည့်များအကြောင်း ချန်ဖုထက် ပိုသိသူ ရှိပါဦးမလား။ လုကျိုးက သူ့မျက်နှာကို ထောက်ထားပြီး ပြောပေးနေမှန်း ချန်ဖု မည်ကဲ့သို့ မသိဘဲ နေမည်နည်း။
ဟွားယင်သည် သူ့ဆရာကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။ ဆရာဖြစ်သူ၏ ပိန်လှီသော ပုံစံနှင့် အားနည်းသော အရှိန်အဝါကို မြင်သောအခါ သူက ပြောလိုက်သည်။
“ဆရာ... ဆရာ နေမကောင်းဘူးလေ။ ဘာလို့ ဒီအချိန်ကြီး အပြင်ထွက်လာတာလဲ”
ချန်ဖုက ပြောလိုက်သည်။ “ထိုင်ကြ”
အစေခံလူငယ်က ကုလားထိုင်နှစ်လုံးကို ဘယ်တစ်လုံး ညာတစ်လုံး အလျင်စလို ပြင်ဆင်ပေးလိုက်သည်။
လုကျိုးနှင့် ချန်ဖုတို့သည် တစ်ပြိုင်နက်တည်း ဝင်ထိုင်လိုက်ကြသည်။
ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် စိတ်ဓာတ်တက်ကြွစွာဖြင့် လုကျိုး၏ ဘေးတစ်ဖက်စီတွင် သွားရပ်လိုက်ကြသည်။
“ရှစ်စွင်း... ပခုံးနှိပ်ပေးမယ်နော်” ရှောင်ယွမ်အာက ပြောလိုက်သည်။
ခရုလေးကလည်း ဘေးမှ ကူညီပေးလေသည်။
ချန်ဖု “...”
ချန်ဖုက အဓိပ္ပာယ်ပါပါ လည်ချောင်းရှင်းလိုက်သည်။
ယင်းကို ကြားသောအခါ ဟွားယင်က မေးလိုက်သည်။
“ဆရာ... လေတိုက်တာ ကြမ်းနေလို့လား”
ချန်ဖုက ဟိန်းဟောက်သံဖြင့် ပြောလိုက်သည်။ “ထွက်သွားစမ်း”
အဆူခံလိုက်ရသော ဟွားယင်သည် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်သည်။
ထိုအချိန်တွင် ရှောင်ယွမ်အာက ပြောလိုက်သည်။ “ရှစ်စွင်း... ပင်ပန်းနေရောပေါ့”
ချန်ဖု “?”
ချန်ဖု နှစ်ချက်ခန့် ထပ်မံ ချောင်းဆိုးလိုက်သည်။
ချန်ဖု၏ တပည့် မည်သူမျှ မလှုပ်ရှားကြပေ။
ချန်ဖုသည် ယခုအချိန်တွင် အမှန်တကယ် မွန်းကြပ်သလို ခံစားနေရသည်။ ထို့နောက် သူသည် သူတော်စင်တစ်ပါး ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်သည်။ ယခု သူ၏ အပြုအမူက မသင့်လျော်ပေ။ စိတ်ကို ပြန်လည် ထိန်းညှိပြီးနောက် သူက ပြုံးလျက် မေးလိုက်သည်။
“ဒါတွေက ခင်ဗျားရဲ့ တပည့်တွေလား”
အခြားအရာများ မလုပ်ဆောင်မီ လုကျိုးက သူ့တပည့်များကို ပြောလိုက်သည်။
“မင်းတို့ ဘာလို့ သူတော်စင်ချန်ကို မနှုတ်ဆက်ကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြ”
ထိုစကားကြောင့် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဆယ်ဦးသည် ချန်ဖုကို ဦးညွှတ်နှုတ်ဆက်ပြီး တစ်ဦးချင်းစီ မိတ်ဆက်လိုက်ကြသည်။
ဆောင်းဦးနှင်းစက်တောင်၏ တပည့်ဆယ်ဦးသည် မိစ္ဆာဝေဟင်မျှော်နန်း တပည့်များ၏ ဝါစဉ်ကို နောက်ဆုံးတွင် သိရှိသွားကြသည်။
ဟွားယင်က ပြုံးလျက် ပြောလိုက်သည်။
“ဒီမိန်းမလှလေးက စီနီယာလုရဲ့ ကိုးယောက်မြောက်တပည့် ဖြစ်နေတာကိုး။ တွေ့ရတာ ဝမ်းသာပါတယ်”
ရှောင်ယွမ်အာသည် ဟွားယင်ကို တချက်ကြည့်ပြီး ပြောလိုက်သည်။
“ရှင် ယဉ်ကျေးမှု မရှိဘူး”
“ယဉ်ကျေးမှု မရှိဘူး ဟုတ်လား”
ရှောင်ယွမ်အာက ရှင်းပြလိုက်သည်။
“ကျွန်မရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုး ဒီမှာ ရှိနေတယ်။ ရှင်က ဆောင်းဦးနှင်းစက်တောင်ရဲ့ ပထမတပည့် ဖြစ်နေမှတော့ သူတို့နဲ့ ပြောဆိုဆက်ဆံသင့်တာပေါ့။ ကျွန်မတစ်ယောက်တည်းကိုပဲ ပြောနေတာက ရှင့်ကို မောက်မာတယ်လို့ ထင်ရစေတယ်။ ရှင်က ကျွန်မရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကို အထင်သေးတာတော့ မဟုတ်ပါဘူးနော်”
ဟွားယင်သည် သူမ၏ စကားကြောင့် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူက လက်ဝေ့ယမ်းပြီး ပြောလိုက်သည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ အဲလို ရည်ရွယ်တာ မဟုတ်ပါဘူး”
ချန်ဖုက ပြုံးလိုက်သည်။ “စကားပြော ထက်မြက်တဲ့ မိန်းကလေးပဲ။ အစ်ကိုလု... ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ”
အစီအစဉ်ဆိုသည်မှာ သူတို့ လေ့ကျင့်ရေးခန်းမဆောင်ထဲတွင် ရှိစဉ်က လုကျိုးပြောခဲ့သည့် ရန်သူရှာပေးခြင်းကိစ္စကို ရည်ညွှန်းခြင်း ဖြစ်သည်။
လုကျိုး ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်ဆယ်ယောက်က ထူးချွန်ပြီး တာ့ဟန်ရဲ့ ထိပ်တန်းပညာရှင်တွေလို့ ကြားဖူးတယ်။ တာ့ဟန်က ဆရာသခင် ခြောက်ယောက်ထဲမှာ လေးယောက်က ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်တွေဆို။ ဟုတ်လား”
ကျန်းရှောင်ရော့က ပြောလိုက်သည်။
“အခုဆိုရင် ဆောင်းဦးနှင်းစက်တောင်မှာ ဆရာသခင် ငါးယောက် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ အသစ်တစ်ယောက် ထပ်တိုးလာတာပါ”
ဤစကားကြောင့် ဆောင်းဦးနှင်းစက်တောင်၏ အခြားတပည့်များ ဂုဏ်ယူဝင့်ကြွားသွားကြသည်။
နယ်မြေကိုးခုတွင် ဤအရာသည် အမှန်တကယ် ဂုဏ်ပြုစရာနှင့် ကြွားဝါစရာ ကိစ္စတစ်ခု ဖြစ်သည်။ နှစ် ၁၀၀ အတွင်း ဆရာသခင်အသစ်တစ်ပါး ထွက်ပေါ်လာခြင်းသည် အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။