← Chapters

အခန်း (၁၄၉၅-၁၄၉၇)

Vol. 100 Ch. 1495-1497

အခန်း (၁၄၉၅-၁၄၉၇)

Vol. 100 Ch. 1495-1497

အခန်း (၁၄၉၅) ခေတ်ကာလတွေ ပြောင်းလဲသွားပြီ (၃)

လုကျိုးက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“မင်းတို့ထဲက ဘယ်သူတွေက ဆရာသခင် အဆင့် ရောက်နေကြပြီလဲ”

“ဝမ်ပေဟွားယင်ပါ... ဆောင်းဦးနှင်းစက်တောင်ရဲ့ ပထမတပည့်ပါ” [မှတ်ချက်။ ။ ဝမ်ပေက ဒီဂျူနီယာကဆိုပြီး ပြောတာပါ၊ ဂျူနီယာကို မသုံးချင်လို့ပါ]

“ဝမ်ပေ လျန်ယွီဖုန်း... ဆောင်းဦးနှင်းစက်တောင်ရဲ့ ဒုတိယတပည့်ပါ”

“ဝမ်ပေ ကျိုးကွမ်း... ဆောင်းဦးနှင်းစက်တောင်ရဲ့ တတိယတပည့်ပါ”

“ဝမ်ပေ ယွင်ထုန်းရှောင်... ဆောင်းဦးနှင်းစက်တောင်ရဲ့ စတုတ္ထတပည့်ပါ”

“ဝမ်ပေ ကျန်းရှောင်ရော့… ဆောင်းဦးနှင်းစက်တောင်ရဲ့ ပဉ္စမတပည့်ပါ” ကျန်းရှောင်ရော့က မိတ်ဆက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာ ထပ်ဖြည့်ပြောလိုက်သည်။

“ဒါ့အပြင် ကျွန်တော်က ဒီရာစုနှစ်ရဲ့ အသစ်စက်စက် ဆရာသခင်တစ်ပါးလည်း ဖြစ်ပါတယ်”

သူတို့သည် ချန်ဖု၏ အကြီးဆုံးတပည့် ငါးဦးဖြစ်ပြီး အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။

လုကျိုး၏ အကြည့်သည် ထိုငါးဦးကို ဖြတ်ကျော်ကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မဆိုးပါဘူး” ထို့နောက် သူ ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “ငါ့မှာလည်း အသုံးမကျတဲ့ တပည့်ဆယ်ယောက် ရှိတယ်။ သူတို့က ပညာရှင်တွေနဲ့ ယှဉ်ပြိုင်ရတာကို အရမ်းနှစ်သက်ကြတယ်”

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် လုကျိုး၏ ဆိုလိုရင်းကို နားမလည်ဘဲ နေပါမည်လော။ သူတို့သည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မိမိတို့၏ စွမ်းရည်များကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြသည်။ ထို့အပြင် ယှဉ်ပြိုင်ခြင်းကို အကြောင်းပြလျက် ဆောင်းဦးနှင်းစက်တောင်၏ ကြီးမြတ်မှုကို ပြသနိုင်ပေသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များသည် ချန်ဖုကို မိတ်ဆက်ပြီးဖြစ်၍ သူတို့က တစ်ဖက်လူများသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးသားဖြစ်သည်။

ထိုအချိန်၌ အပြင်ဘက်တွင် ရပ်နေသော အခြားဂိုဏ်းသားများသည် အချင်းချင်း အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်။

“ဟိုလူကို ကြည့်စမ်း ဝလိုက်တာမှ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကြည့်ရတာ တော်တော် တုံးအပုံရတယ်” တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။

“ဟို ပိန်ပိန်ပါးပါး လူကကော... တစ်ချက်ကြည့်လိုက်တာနဲ့ ကောက်ကျစ်စဉ်းလဲမဲ့လူမှန်း သိသာတယ်”

“ကျွန်တော့်အမြင်တော့ လှံကိုင်ထားတဲ့လူက ပိုတောင် တုံးအပုံရသေးတယ်။ ကြည့်ရတာ ထိုင်းမှိုင်းပြီး မျက်လုံးတွေကလည်း ဗလာဖြစ်နေသလိုပဲ။ အိပ်ရေးမဝလို့များလား”

“သူတို့မှာ အမျိုးသမီးတပည့်တွေ အတော်များများ ပါလာလိမ့်မယ်လို့ မထင်ထားဘူး။ ရုပ်ရည်ချင်းသာ ယှဉ်မယ်ဆိုရင်တော့ သူတို့ နိုင်မှာ သေချာတယ်။ ဒါပေမဲ့ သူတို့က ကြည့်လို့ကောင်းရုံ သက်သက်ပဲရှိတဲ့ အလှပြပန်းအိုးတွေ ဖြစ်နေမှာကိုတော့ စိုးရိမ်မိသား”

“ပထမတပည့်နဲ့ ဒုတိယတပည့်ကတော့ ပညာရှင်ပုံ ပေါက်တယ်လို့ ပြောရမယ်။ သူတို့ကတော့ သာမန်မဟုတ်လောက်ဘူး”

ပြောစရာတောင် မလိုပေ။ ဤလူများ၏ ထင်မြင်ယူဆချက်များသည် သူတို့၏ လိုရာစွဲ အကဲဖြတ်မှုများဖြင့် ပြည့်နှက်နေပြီး အပေါ်ယံအသွင်အပြင်ကို ကြည့်ကာ ဆုံးဖြတ်နေခြင်းသာ ဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကတော့ သူတို့ကို အာရုံစိုက်ရန် စိတ်မဝင်စားကြပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဆယ်ဦးသည် စီးတော်ယာဉ်များ အားလုံး အလွန်ကြီးမားသောကြောင့် အတွင်းသို့ ခေါ်မလာခဲ့ကြပေ။ အကယ်၍ လုဝူနှင့် ချန်ဟွမ်တို့ကိုသာ အတွင်းသို့ ခေါ်ဆောင်လာခဲ့ပါက ဤလူများသည် လူကို အကဲခတ်ရာတွင် ဤမျှ အလျင်စလို ဆုံးဖြတ်ရဲကြမည် မဟုတ်ပေ။

ထိုအချိန်တွင် ဟွားယင်သည် အပြင်ဘက်ရှိ လူများကို လှည့်ကြည့်ကာ စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ရိုင်းစိုင်းမနေကြနဲ့”

သူတို့သည် ချက်ချင်း တိတ်ဆိတ်သွားကြပြီး ဆက်လက် ပြောဆိုရဲခြင်း မရှိတော့ပေ။

ထို့နောက် ဟွားယင်က လက်သီးဆုပ် အရိုအသေပြုကာ မေးလိုက်သည်။

“ချန်ပေ့... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လမ်းညွှန်ပေးပါ”

ချန်ဖုက ဦးအောင် ဝင်ပြောလိုက်သည်။

“လူငယ်တွေအချင်းချင်း တစ်ယောက်ဆီကနေ တစ်ယောက် သင်ယူပြီး စွမ်းရည်တိုးတက်အောင် လုပ်သင့်တယ်။ ဟွားယင်... မင်းက ပထမတပည့်ဆိုတော့ မင်းက စံပြအနေနဲ့ လုပ်ပြသင့်တယ်”

“ဟုတ်ကဲ့ပါ ဆရာ” ဟွားယင် ခေါင်းညိတ်လိုက်သည်။

ကျန်းရှောင်ရော့က ကြားဖြတ် ပြောလိုက်သည်။

“ဆရာက ပြောလာမှတော့ ကျွန်တော် အရင်ဆုံး စတင်ပါရစေ။ မိစ္ဆာဝေဟင်မျှော်နန်းက မိတ်ဆွေတို့... ဘယ်သူကများ ကျွန်တော်နဲ့ ယှဉ်ပြိုင်ချင်ပါသလဲ”

လုကျိုးက ဝင်ပြောလိုက်သည်။

“ဆောင်းဦးနှင်းစက်တောင်က သိပ်မကျယ်ဝန်းဘူး။ မစခင်မှာ နယ်နိမိတ်တွေနဲ့ စည်းမျဉ်းတွေကို အရင် သတ်မှတ်သင့်တယ်”

ချန်ဖု ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်။ ဒါက လေ့ကျင့်ယှဉ်ပြိုင်တဲ့ပွဲ သက်သက်မို့လို့ အလွန်အကျွံ မလုပ်မိစေနဲ့။ ကိုယ့်အတိုင်းအတာကို ကိုယ်သိပါ။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် မလုပ်ရုံတင်မကဘူး၊ အပင်တွေကိုလည်း မပျက်စီးစေရဘူး။ နားလည်လား”

ဆရာသခင်အဆင့် နယ်ပယ်တွင် တိုက်ကွက်တစ်ခုစီတိုင်းသည် တောင်များကို လှုပ်ခတ်စေပြီး ပင်လယ်များကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။

တောင်များကို ဖျက်ဆီးနိုင်ခြင်းက လူတစ်ယောက် ပိုမိုသန်မာကြောင်း သက်သေပြခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပျက်စီးမှု နည်းပါးလေလေ ထိုလူ၏ စွမ်းပကားကို ပိုမို သက်သေပြနိုင်လေလေ ဖြစ်သည်။ ဆိုရလျှင် ၎င်းသည် မိမိ၏ မူလချီနှင့် စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကို ပြသနေခြင်း ဖြစ်သည်။

ကျန်းရှောင်ရော့က ပြောလိုက်သည်။ “ဆရာ့စကားကို ကျွန်တော် သဘောတူပါတယ်”

မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ဆောင်းဦးနှင်းစက်တောင် ဖြစ်သည်။ ကျန်းရှောင်ရော့သည် ဆောင်းဦးနှင်းစက်တောင်ကို မည်သို့ ဖျက်ဆီးလိုပါမည်နည်း။

လုကျိုး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ဘယ်သူ အရင် ယှဉ်ပြိုင်ချင်လဲ”

ရှောင်ယွမ်အာသည် လုပ်လက်စ အလုပ်ကို ရပ်တန့်လိုက်ပြီး လက်ကို အလျင်စလို မြှောက်လိုက်သည်။

“ရှစ်စွင်း တပည့်… တပည့် ယှဉ်ပြိုင်မယ်”

“န၀မမိန်းကလေး”

ဟွားယင် ပြုံးလိုက်သည်။

“နဝမမိန်းကလေး... ဒီလိုလုပ်ဖို့ မလိုပါဘူး။ တခြားလူနဲ့ ယှဉ်ပြိုင်ရင် ပိုမကောင်းဘူးလား”

သူတို့ထဲမှ မည်သူမျှ မိန်းကလေးတစ်ဦးနှင့် မယှဉ်ပြိုင်လိုကြပေ။ အနိုင်ရလျှင်ပင် သူတို့အတွက် အောင်နိုင်သူတစ်ယောက်လို ခံစားရမည် မဟုတ်ပေ။

ရှောင်ယွမ်အာသည် ခါးထောက်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။ ရှစ်စွင်း... တပည့်မှာ အခု မွေးဖွားဇယားချပ် ၂၀ ရှိနေပြီလေ။ တပည့် တိုက်ခိုက်နိုင်တယ်”

…

အခန်း (၁၄၉၆) ကွာဟချက် (၁)

'မွေးဖွားဇယားချပ် ၂၀တဲ့လား'

ဟွားယင်နှင့် ဆောင်းဦးနှင်းစက်တောင်၏ အခြားတပည့်များသည် ရှောင်ယွမ်အာကို ထိတ်လန့်တကြားနှင့် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ခန်းမအပြင်ဘက်၌ ဆူညံသံများ ထပ်မံ ထွက်ပေါ်လာပြီး ဂိုဏ်းသားများ အချင်းချင်း အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြပြန်သည်။

ချန်ဖုသည် ရှောင်ယွမ်အာကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဒီမိန်းကလေးက ဉာဏ်ကောင်းပုံပဲ။ သူ့မှာ တကယ် မွေးဖွားဇယားချပ် ၂၀ ရှိနေတာလား”

မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယအငယ်ဆုံးတပည့်၌ပင် မွေးဖွားဇယားချပ် ၂၀ ရှိနေလျှင် အခြားတပည့်များသည် မည်မျှ စွမ်းအားကြီးမားကြမည်နည်း။

ရှောင်ယွမ်အာသည် သူမ၏ စကားများ မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို ယခုမှ သဘောပေါက်သွားပုံရသည်။ သူမဆရာ၏ ပြစ်တင်ဝေဖန်သော အကြည့်ကိုလည်း သတိထားမိလိုက်သည်။ လူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူမ၏ ကျင့်ကြံမှုကို ပေါ့ပေါ့တန်တန် ထုတ်ပြောခြင်းက မသင့်လျော်ပေ။ ထို့ကြောင့် သူမ ပြုံးလျက် ပြောလိုက်သည်။

“သူတော်စင်ချန်... တပည့်... တပည့်က ကြွားလိုက်တာပါ”

“ကြွားလိုက်တာ” ဟွားယင် ကြောင်အသွားသည်။

ရှောင်ယွမ်အာ တကယ်ကြွားခြင်း ဖြစ်ပါက ပြဿနာမရှိပေ။ သို့သော် သူမ၏ ယခုကဲ့သို့ နှိမ့်ချသော စကားများက အခြေအနေကို ပိုမို သံသယဝင်စရာ ဖြစ်စေသည်။

ရှောင်ယွမ်အာသည် လူအုပ်ကြီးကို ကြည့်ကာ ပြောင်စပ်စပ် အပြုံးဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်။ တပည့်... တပည့်က တကယ် ကြွားလိုက်တာပါ”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ ဤကဲ့သို့ ကိစ္စမျိုးသည် ရှောင်ယွမ်အာ၌သာ ဖြစ်တတ်သည်။ အကယ်၍ ဆောင်းဦးနှင်းစက်တောင်မှ လူများသာ သူမ၏ စရိုက်အမှန်ကို သိပါက သူမ၏ စကားများသည် တကယ် နှိမ့်ချနေကြောင်း သဘောပေါက်သွားပေလိမ့်မည်။

ချန်ဖုသည် လုကျိုး၏ တပည့်များ မည်မျှ သန်မာကြောင်း မသိသော်လည်း သာမန် တွေးကြည့်မည်ဆိုလျှင် ဂိုဏ်းသို့ စောစောဝင်ရောက်သော တပည့်များသည် အများအားဖြင့် ကျင့်ကြံမှုအဆင့် မနိမ့်ကျတတ်ကြပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ကောင်းပြီ။ ဂိုဏ်းထဲက ဝါစဉ်အလိုက် ယှဉ်ပြိုင်ခိုင်းရင် ဘယ်လိုလဲ”

လုကျိုးက ခေါင်းညိတ်လိုက်ပြီး လက်ဝေ့ယမ်းလိုက်သည်။

ယွီကျန့်ဟိုင်သည် ဘာမှမပြောဘဲ ကွင်းထဲသို့ ဝင်ရောက်လာသည်။

ဟွားယင်သည် ယွီရှန်းရုန်ကို လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအစ်ကိုကြီးကို ပိုလေးစားပေမဲ့... အမိန့်ဆိုတာ အမိန့်ပဲလေ။ နှမြောစရာပဲ”

ယွီရှန်းရုန်က ဖျော့တော့သော အပြုံးဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ဝါစဉ်အလိုက် ယှဉ်ပြိုင်တာက အကြံကောင်းတစ်ခုပါ။ ခင်ဗျားက ကျုပ်ရဲ့ တာ့ရှစ်ရှိုးကိုတောင် မနိုင်ရင် ကျုပ်ကို ဘယ်လိုလုပ် နိုင်မှာလဲ”

“??”

ယွီကျန့်ဟိုင် မျက်မှောင်ကျုံ့လိုက်သည်။ သူ့ဒုတိယညီလေးသည် နောက်ပိုင်း ပိုပိုပြီး မောက်မာလာသည်။

'သူက ၁၃ ခုမြောက် ပွင့်ချပ် ထွက်လာရုံနဲ့ ငါ့ရဲ့ မွေးဖွားဇယားချပ်တွေက တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။'

အကြီးအကဲလေးဦး အပါအဝင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူအများစုသည် ကြာပွင့်ကို ဖြတ်တောက်ပြီး ကျင့်ကြံသူများ ဖြစ်ကြသည်။ ၁၀ ခုမြောက် ပွင့်ချပ်နောက်ပိုင်းတွင် ပွင့်ချပ်တစ်ရွက်စီသည် မွေးဖွားဇယားချပ် ၆ ခုနှင့် ညီမျှသည်။ စွမ်းအား တိုးတက်မှုသည် ရုတ်ခြည်းဖြစ်ပေါ်ပြီး ထိတ်လန့်စရာ ကောင်းသလို မွေးဖွားဇယားချပ်များ အသက်သွင်းခြင်း၏ နာကျင်မှုကို ခံစားရန် မလိုအပ်ပေ။ မွေးဖွားစမ်းသပ်မှုများကို ဖြတ်ကျော်ရန် မလိုအပ်သဖြင့် ထိရောက်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ရွှေရောင်အလင်းကွင်းနှင့် ရွှေရောင်ပွင့်ချပ်များ၏ စွမ်းအားကိုလည်း တိုးမြှင့်နိုင်သည်။ သို့သော် ၎င်းတွင် အသက်သေစေနိုင်သော အားနည်းချက်တစ်ခု ရှိသည်။ မွေးဖွားဇယားချပ်များ မရှိခြင်းက အသက်တစ်ချောင်းသာ ရှိသဖြင့် သေစေနိုင်သော ဒဏ်ရာများကို ခုခံနိုင်စွမ်း မရှိခြင်းပင်။

သေစေနိုင်သော ဒဏ်ရာရရှိပြီးနောက် မွေးဖွားဇယားချပ် ဆုံးရှုံးသွားခြင်းသည် ဆိုးရွားသော အနေအထားကို ဖြစ်ပေါ်စေတတ်သော်လည်း ထိုနှစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ပါက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သောသူသည် အသာစီးရနိုင်ခြေ ရှိသည်။

ဟွားယင်က ပြုံးလိုက်ပြီး ထိုစကားများကို အရေးမလုပ်ပေ။ သူ ကွင်းထဲသို့ ဝင်ရောက်ကာ ယွီကျန့်ဟိုင်ကို လက်သီးဆုပ် အရိုအသေပြုလိုက်သည်။ “ကျေးဇူးပြုပြီး”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ခင်ဗျားလက်ထဲမှာ ဓားမော့တစ်လက် ကိုင်ထားတာ တွေ့တယ်။ တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း ဓားမော့ သုံးရတာ ကျွမ်းကျင်တယ်”

“ကောင်းတာပေါ့။ နှစ်ယောက်လုံး ဓားမော့နဲ့ ယှဉ်ပြိုင်ရတာ ပိုတရားမျှတတာပေါ့”

ဟွားယင်သည် သူ၏ ဓားကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ “စွမ်းအင်ဓားတွေနဲ့ပဲ တိုက်ခိုက်ရင်ကော ဘယ်လိုလဲ”

လက်နက်အစစ်အမှန်ကို အသုံးပြုခြင်းသည် တိကျသော ထိန်းချုပ်မှုကို ထိခိုက်စေနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ပိုမို ဖြစ်ပေါ်စေနိုင်သည်။ စွမ်းအင်ဓားများဖြင့်ဆိုလျှင် ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်သည်။

ယွီကျန့်ဟိုင် သဘာဝကျစွာပင် သဘောတူလိုက်သည်။ သူသည် နဂါးသွဲ့ကျောက်ဓားမော့ကို ဆွဲထုတ်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ယင်းကို မြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ မျက်နှာရှုံ့မဲ့သွားကြသည်။ နဂါးသွဲ့ကျောက်ဓားမော့သည် လွှမ်းမိုးခြင်းအဆင့် လက်နက် ဖြစ်သည်။ ဘယ်လိုလုပ် အမှိုက်တစ်စလို သဘောထားပြီး ပစ်ချရက်တာလဲ။

ယွီကျန့်ဟိုင်က လက်မြှောက်လိုက်သည်။ “စကြတာပေါ့”

ဟွားယင် လက်ကို တွန်းထုတ်လိုက်ရာ ၁၀ ပေအရှည်ရှိသော စွမ်းအင်ဓားတစ်ချောင်း ထွက်ပေါ်လာသည်။

ယွီကျန့်ဟိုင်သည် ၎င်းကို တစ်ချက်ကြည့်ပြီး ခြေလှမ်းသုံးလှမ်း နောက်ဆုတ်လိုက်သည်။

စွမ်းအင်ဓားသည် လေထုကို ဖြတ်သန်းသွားပြီး မြေကြီးနှင့် ထိလုနီးပါးတွင် ပျောက်ကွယ်သွားသည်။

“ကောင်းမွန်တဲ့ ထိန်းချုပ်မှုပဲ” ယွီကျန့်ဟိုင်က ချီးကျူးလိုက်သည်။

ဟွားယင် ရှေ့တိုးလိုက်ပြီး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီ စောင်းလိုက်ရာ စွမ်းအင်ဓားများစွာ ထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုသဖွယ် တိုက်ခိုက်လာသည်။ သူ၏ တိုက်ခိုက်နှုန်း ရုတ်တရက် မြင့်တက်သွားသည်။

ယွီကျန့်ဟိုင်သည် လက်ကို ဝှေ့ယမ်းပြီး ဘယ်ညာ ရိုက်ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားများသည် လေထဲတွင် ထိပ်တိုက်တွေ့ကာ ပတ်ဝန်းကျင်သို့ စွမ်းအင်ဂယက်များ ထွက်ပေါ်လာသည်။ ခြွင်းချက်မရှိ အရာဝတ္ထုတစ်ခု သို့မဟုတ် မြေပြင်နှင့် ထိတော့မည့် စွမ်းအင်ဓားတိုင်းသည် ပျောက်ကွယ်သွားကြသည်။

ရွှေရောင် စွမ်းအင်ဓားများနှင့် အစိမ်းရောင် စွမ်းအင်ဓားများသည် လေ့ကျင့်ရေးခန်းမဆောင်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

နှစ်ဦးသား အချီပေါင်း ၁၀၀ ကျော် တိုက်ခိုက်ကြပြီး တိုက်ပွဲသည် ပုံမှန်မဟုတ်ဘဲ ပြင်းထန်နေသည်။ သို့သော် အနိုင်အရှုံး မပေါ်ပေ။

ဘန်း

စွမ်းအင်ဓားများ တိုက်မိပြီး အပြန်အလှန် ပျက်ပြယ်သွားကြကာ နှစ်ဦးသား မီတာ ၁၀၀ စီ နောက်ဆုတ်လိုက်ကြပြီး အဝေးမှနေ၍ မျက်နှာချင်းဆိုင်လိုက်ကြသည်။

ဘေးမှ ကြည့်နေသူများအကြားတွင် ဆန်းစစ်မှုများ ဖြစ်ပေါ်နေသည်။

“သူက ပညာရှင်တစ်ယောက်ပဲ”

“တာ့ရှစ်ရှိုးနဲ့ သရေကျအောင် တိုက်နိုင်တယ်ဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်မှာလည်း အရည်အချင်း တကယ်ရှိတာပဲ။ နှမြောစရာက ဒါက ထိန်းချုပ်မှုကို စမ်းသပ်တာဆိုတော့ အံ့မခန်း တိုက်ပွဲကို မမြင်ရတာပဲ”

“အဓိပ္ပာယ်မရှိတာ။ ငါတို့ ဆောင်းဦးနှင်းစက်တောင်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး”

ကွင်းထဲတွင် ဖြစ်သည်။

ယွီကျန့်ဟိုင်သည် ဟွားယင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ထို့နောက် လက်ဝါးဖြန့်လိုက်ရာ သေသပ်လှပသော စွမ်းအင်ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူက ပြုံးလျက် ပြောလိုက်သည်။

“ခင်ဗျားရဲ့ အတိမ်အနက်ကို ကျုပ် သိသွားပြီ”

ဟွားယင်က ပြောလိုက်သည်။ “ကျုပ်လည်း အတူတူပါပဲ”

သူတို့၏ စကားများကို အခြေခံကြည့်လျှင် ပွဲကောင်း စတော့မည်ဟု ထင်ရသည်။

ယွီကျန့်ဟိုင်၏ ပတ်လည်တွင် စွမ်းအင်ဓားများ ပိုမိုများပြားစွာ ပေါ်လာသည်။ နောက်ဆုံးတွင် စွမ်းအင်ဓား ၁၀၀ ကျော် ပေါ်လာပြီး သိပ်သည်းသော ဓားတန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဟွားယင် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။

“ဓားသိုင်းဆိုတာ အရေအတွက်မှာ မူတည်တာ မဟုတ်ဘူး၊ အရည်အသွေးမှာ မူတည်တာ”

ကြီးမားသော စွမ်းအင်ဓားကြီးတစ်ချောင်း လေထဲတွင် ထွက်ပေါ်လာသည်။ ၎င်းသည် တိကျမြန်ဆန်စွာဖြင့် ယွီကျန့်ဟိုင်ဆီသို့ ခုတ်ပိုင်းချလိုက်သည်။

ယွီကျန့်ဟိုင် မရှောင်တိမ်းဘဲ တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ သူ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ ကွဲပြားပြီး သေးငယ်သော စွမ်းအင်ဓားတစ်ချောင်း ပေါ်လာပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုကို ကန့်လန့်ဖြတ် ပိတ်ဆို့လိုက်သည်။

ဘန်း

စွမ်းအင်ဓားများ လေထဲတွင် ပျံဝဲနေသဖြင့် ပွဲကြည့်ပရိသတ်များသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြသည်။

ယခုအချိန်တွင် ယွီကျန့်ဟိုင်သည် လေပေါ်တွင် ရှိနေပြီး ဟွားယင်သည် မြေကြီးပေါ်တွင် ရှိနေသည်။ နှစ်ဦးသား ထိပ်တိုက်တွေ့နေကြသည်။ ယွီကျန့်ဟိုင်သည် သေးငယ်သော စွမ်းအင်ဓားဖြင့် တိုက်ခိုက်မှုကို ပိတ်ဆို့ထားရင်း သူ၏ ပတ်လည်ရှိ အခြားစွမ်းအင်ဓားများသည် ဟွားယင်ဆီသို့ တစ်ချောင်းပြီးတစ်ချောင်း ပျံသန်းသွားကြတော့သည်။

…

အခန်း (၁၄၉၇) ကွာဟချက် (၂)

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားများသည် ဟွားယင်ထံသို့ တစ်ချောင်းပြီးတစ်ချောင်း ဝင်ရောက်လာသည်။ ဟွားယင်သည် သူ၏ စွမ်းအင်ဓားများကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်သို့ ခုန်ဆုတ်လိုက်ရသည်။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ဒါ ငါစောင့်နေတဲ့ အချိန်ပဲ။ မဟာအမှောင်ကောင်းကင် အောက်မေ့ရာ”

ယွီကျန့်ဟိုင်က မရပ်တန့်ပေ။ သူသည် လက်ကို တွန်းထုတ်လိုက်ပြီး အမှောင်ကောင်းကင်ကြယ်အလင်းကို ထုတ်လွှတ်လိုက်သည်။

စွမ်းအင်ဓားများသည် လေထဲတွင် လှည့်ပတ်သွားသည်။

ဟွားယင်က မျက်မှောင်ကျုံ့လိုက်သည်။ စွမ်းအင်ဓားများဆီမှ အားကောင်းသော စွမ်းအင်ကို သူ အာရုံခံမိသည်။ သူက ရေရွတ်လိုက်သည်။

“သူက အရင်ကထက် အများကြီး ပိုသန်မာလာတာပဲ...”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဟွားယင်သည် ယွီကျန့်ဟိုင်၏ တိုက်ခိုက်မှုများကို ခုခံရန် စွမ်းအင်ဓားများကို အဆက်မပြတ် ထုတ်လွှတ်နေရသည်။

ထိုအချိန်တွင် ယွီကျန့်ဟိုင်သည် အောက်သို့ ထိုးဆင်းလာပြီး ကြီးမားသော စွမ်းအင်ဓားကြီးတစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။

“ခင်ဗျား ပြောတာမှန်တယ်။ ဓားသိုင်း၊ တိတိကျကျ ပြောရရင် စွမ်းအင်ဓားတွေဆိုတာ အရေအတွက်ပေါ် မူတည်တာ မဟုတ်ဘူး၊ အရည်အသွေးပေါ် မူတည်တာ”

“ဒါက...”

“ငါ့ရဲ့ စွမ်းအင်ဓားတစ်ချောင်းချင်းစီက အရေအတွက် ဘယ်လောက်ပဲ ရှိရှိ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ယခုအချိန်၌ ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားများမှ စွမ်းအားသည် မယုံကြည်နိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေကြောင်း ဟွားယင် အာရုံခံမိလိုက်သည်။ သူသည် အသက်ရှူချိန်ပင် မရဘဲ ထိုတိုက်ခိုက်မှုများကို ဆက်လက် ချေဖျက်နေရသည်။ သူ ပြန်လည်တိုက်ခိုက်ရင်း နောက်ဆုတ်လိုက်ရသည်။

ယွီကျန့်ဟိုင်သည် ကောင်းကင်မှ ဒိုင်ဗင်ထိုးဆင်းလာပြီး ကြီးမားသော စွမ်းအင်ဓားကြီးတစ်ချောင်းကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။

ဘန်း

ဟွားယင်သည် အကာအကွယ်စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ စွမ်းအင်ဓားကို ထုတ်လွှတ်လိုက်သည်။

ကံဆိုးစွာဖြင့် ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားသည် တားဆီး၍ မရနိုင်ပေ။ ၎င်းသည် ဟွားယင်၏ စွမ်းအင်ဓားကို ခွဲခြားလိုက်ပြီး အရံအတားကို ဖောက်ထွင်းဝင်ရောက်ကာ ဟွားယင်၏ ပခုံးထက်၊ မျက်နှာဘေးနားတွင် ရပ်တန့်သွားသည်။

ထိုအချိန်၌ စွမ်းအင်ဓားအားလုံး ပျောက်ကွယ်သွားသည်။ ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားတစ်ချောင်းသာ ဟွားယင်၏ မျက်နှာဘေးတွင် ဝဲပျံနေသည်။

ဟွားယင်၏ လက်များ ပြင်းထန်စွာ တုန်ယင်နေသည်။ အနီရောင် သွေးစင်းကြောင်းတစ်ခု သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။

ဆောင်းဦးနှင်းစက်တောင်၏ လေ့ကျင့်ရေးခန်းမဆောင်သည် ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်သွားသည်။

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် သူတို့၏ ရှစ်ရှိုးကို ထိတ်လန့်တကြားနှင့် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူတို့၏ တာ့ရှစ်ရှိုး ရှုံးနိမ့်သွားသည်ကို ယုံကြည်ရန် ခက်ခဲနေကြသည်။

ဟွားယင်ကိုယ်တိုင်လည်း သူ ဤမျှ ရှင်းရှင်းလင်းလင်း ရှုံးနိမ့်သွားသည်ကို ယုံကြည်ရန် ခက်ခဲနေသည်။ ယွီကျန့်ဟိုင်၏ သေသပ်လှပသော ဓားသိုင်းကွက်များကြောင့် သူ ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ပေ။ ယွီကျန့်ဟိုင်၏ ပကတိစွမ်းအားကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အစမှအဆုံး ယွီကျန့်ဟိုင်၏ တိုက်ခိုက်မှုများနှင့် စည်းချက်များသည် လွှမ်းမိုးထားနိုင်ခဲ့သည်။ သူ လက်ခံရန် ခက်ခဲနေသော်လည်း ပြောလိုက်သည်။

“ကျုပ် ရှုံးသွားပြီ”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ရိုးရိုးသားသား ပြောရရင် ကျုပ်က ထိန်းချုပ်မှုအပိုင်းမှာ သိပ်မကောင်းဘူး။ ကျုပ်ရဲ့ ဒုတိယညီလေးက ဒီအပိုင်းမှာ ကျုပ်ထက် အများကြီး သာတယ်။ အကယ်၍ ခင်ဗျားသာ သူနဲ့ ယှဉ်တိုက်ခဲ့ရင် နိုင်ဖို့ အခွင့်အရေး လုံးဝရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့် တိုက်ပွဲသာဆိုရင် ခင်ဗျား ကျုပ်ရဲ့ တိုက်ကွက်သုံးကွက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး”

ဟွားယင် “...”

'မင်း နိုင်သွားတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါ့ကို လှောင်ပြောင်စရာ လိုလို့လား။'

ဟွားယင် နေရခက်သွားသည်။ သူ တကယ် ပြောစရာ စကားမရှိပေ။ အနိုင်ရသူက ဘုရင်ဖြစ်ပြီး အရှုံးသမားကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆင်ခြေရှာရစမြဲပင်။

ဆန့်ကျင်ဘက်အနေဖြင့် ယွီကျန့်ဟိုင် အတော်လေး ပျော်ရွှင်နေသည်။

“ယှဉ်ပြိုင်ပေးတာ ကျေးဇူးတင်ပါတယ်” ပြောပြီးနောက် ဟွားယင်က ဘေးသို့ ဆုတ်သွားသည်။ သို့သော် သူ၏ မျက်နှာထားက သိပ်မကောင်းလှပေ။

ယွီကျန့်ဟိုင်၏ စွမ်းအင်ဓား ပျောက်ကွယ်သွားပြီးနောက် သူက လက်ဝေ့ယမ်းလိုက်ရာ နဂါးသွဲ့ကျောက်ဓားမော့သည် သူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် ယွီရှန်းရုန်သည် ဟွားယင်ကို ကြည့်ကာ ပြောလိုက်သည်။

“စိတ်မကောင်း ဖြစ်စရာ မလိုပါဘူး။ ကျုပ်ရဲ့ တာ့ရှစ်ရှိုးက စကားပြောရင် အမြဲတမ်း ပွင့်လင်းလွန်းပေမဲ့ သူ့စကားတွေက အမြဲတမ်း မျှတပါတယ်”

ယွီရှန်းရုန်၏ လှုပ်ရှားမှုများသည် ကျက်သရေရှိပြီး သွက်လက်ပေါ့ပါးသည်။ သူ လေပေါ်သို့ ပျံတက်ပြီး ကွင်းထဲသို့ ဆင်းသက်လိုက်သည်။ ထို့နောက် ညာလက်ကို အသုံးပြုကာ ကျောပေါ်ရှိ ဓားအိမ်ထဲမှ သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဆောင်းဦးနှင်းစက်တောင်၏ ဒုတိယတပည့် လျန်ယွီဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ရဲ့ဓားကို ကျေနပ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်”

လျန်ယွီဖုန်းက ကွင်းထဲသို့ ခုန်ဝင်လိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး သင်ပြပေးပါ”

လျန်ယွီဖုန်း၏ အသံဆုံးသည်နှင့် ယွီရှန်းရုန်သည် လျှပ်စီးပမာ လျင်မြန်စွာ ရွေ့လျားလိုက်သည်။ သူ၏ ပုံရိပ်သည် သုံးခု ကွဲသွားသည်။

လျန်ယွီဖုန်း၏ အမြင်အာရုံ ခဏမျှ ဝေဝါးသွားသည်။ သူက ပြုံးလျက် ပြောလိုက်သည်။

“ဒီလို ဓားသိုင်းကွက်မျိုးက ကျုပ်ကို ဘာမှ မလုပ်နိုင်ပါဘူး”

ထို့နောက် လျန်ယွီဖုန်းသည် ယွီရှန်းရုန်ကို ရင်ဆိုင်ရန် ပျံထွက်လိုက်သည်။

သူတို့၏ ဓားများ ထိပ်တိုက်တွေ့ဆုံသွားသည်။

ယွီရှန်းရုန်၏ ဓားအရှိန်သည် အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ သူသည် ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် လျန်ယွီဖုန်းကို ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။

လျန်ယွီဖုန်းသည် တိုက်ခိုက်မှုများကို ခုခံရင်း ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေစဉ် တဝီဝီမြည်သံတစ်ခုကို ကြားလိုက်ရသည်။ 'စိတ်ဝိညာဉ်သဏ္ဌာန်'

လျန်ယွီဖုန်းသည် ကျောပြင်တစ်လျှောက် စိမ့်ခနဲ ဖြစ်သွားသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ စွမ်းအင်ဓားတစ်ချောင်း သူ့ထံသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

“ဘာလဲ”

လျန်ယွီဖုန်း ကောင်းကင်ပေါ်သို့ ပိုမြင့်အောင် ပျံတက်လိုက်သည်။ သို့သော် သူ ပြန်လှည့်ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်သဏ္ဌာန်ကို မတွေ့ရတော့ပေ။

ဘေးမှ ကြည့်နေကြသော ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် မျက်လုံးများကို ပွတ်သပ်လိုက်ကြသည်။

“အဲဒါ သူ့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်လား”

“ဟုတ်မယ် ထင်တယ်။ ခဏလေးပဲ ပေါ်လာတာ”

“ပုံရိပ်ယောင်လား”

“မဟုတ်ဘူး။ အဲဒါက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ပဲ၊ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ပိုင်ရှင်က ဘယ်လိုလုပ် အာ့ရှစ်ရှိုးနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ”

အလွန် မြန်ဆန်လွန်းသဖြင့် မည်သူမျှ သေချာ မမြင်လိုက်ကြပေ။

ယွီရှန်းရုန်သည် လေပေါ်ပျံတက်ပြီး လျန်ယွီဖုန်းကို တိုက်ခိုက်လိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် သူ လုံးဝ မလှုပ်ရှားပေ။

ကွင်းထဲတွင်

လျန်ယွီဖုန်း အောက်ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

“ကောင်းပြီ။ အဲဒီမှာပဲ နေတော့”

“ခင်ဗျား စကားပြောတာ ပေါ့ဆလွန်းတယ်”

ထိုအချိန်တွင် ရွှေရောင် စွမ်းအင်ဓားများသည် ကောင်းကင်ယံ၌ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်ဓားများသည် လျန်ယွီဖုန်း၏ ပတ်လည်တွင် လည်ပတ်နေကြသည်။

“ကြောက်စရာကောင်းလိုက်တဲ့ ထိန်းချုပ်မှုပဲ။ ဒီလောက်ဝေးတဲ့ နေရာကနေ သူ ထိန်းချုပ်နိုင်တယ်လား”

သူတို့အမြင်အရ စွမ်းအင်ဓားများကို ဤမျှဝေးကွာသော နေရာမှ ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ သို့သော် ယွီရှန်းရုန်က လုပ်ပြနိုင်ခဲ့သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ယွီရှန်းရုန် အသာစီးရနေပြီဟု ထင်ရသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားများသည် လျန်ယွီဖုန်းကို အဆက်မပြတ် တိုက်ခိုက်နေသည်။

လျန်ယွီဖုန်းက အံ့အားသင့်သွားသည်။ တိုက်ခိုက်မှုများကို ကာကွယ်ရန် သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ခင်ဗျား ဒီအပေါ် တက်မလာနိုင်ဘူးဆိုတာ ကျုပ် မယုံဘူး”

ထို့နောက် လျန်ယွီဖုန်းသည် ကောင်းကင်ယံသို့ မီတာ ၁၀၀၀ အထိ ပျံတက်သွားသည်။ သာမန်လူများအနေဖြင့် ထိုအမြင့်တွင် သူ့ကို မြင်တွေ့ရန် ခက်ခဲလိမ့်မည်။ သို့သော် သူ့နောက်သို့ လိုက်ပါသွားသော စွမ်းအင်ဓားများကိုမူ သေချာပေါက် မြင်တွေ့ရပေမည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နေရာမှ မရွေ့ဘဲ ကောင်းကင်ကို အာရုံစိုက် ကြည့်နေသော ယွီရှန်းရုန်ကို ကြည့်ပြီး လူတိုင်း ထိတ်လန့်သွားကြသည်။

အကယ်၍ သူတို့နှစ်ဦးသာ ဤအတိုင်း ဆက်တိုက်ခိုက်နေပါက မည်သို့ကြည့်ကြည့် ယွီရှန်းရုန်သည် ရှုံးနိမ့်နိုင်ခြေမရှိသော အနေအထားတွင် ရှိနေသည်။

လျန်ယွီဖုန်း လက်မခံနိုင်ပေ။ သူ အမြင့်ကို ထပ်မြှင့်လိုက်သည်။ “ထပ်စမ်းကြည့်ကြတာပေါ့”

ထိုအချိန်တွင် တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်ရှုနေသော ချန်ဖုက ပြောလိုက်သည်။

“ဒီကလေးရဲ့ ဓားကို ထိန်းချုပ်ပုံက သာမန်မဟုတ်ဘူး။ တကယ့်ကို ထူးခြားတယ်”

“ကျုပ်ရဲ့ ဒီတပည့်က ဓားလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာ ကြာပါပြီ။ ဓားကို ထိန်းချုပ်ပုံက ကြည့်ရတာ အဆင်မပြေဘူးလို့ ထင်ရပေမဲ့ ဒါက သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုပါပဲ” လုကျိုးက ပြောလိုက်သည်။

“သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုလား” ချန်ဖု အံ့အားသင့်သွားသည်။

ဆောင်းဦးနှင်းစက်တောင်၏ အခြားတပည့်များမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။

ထိုအချိန်တွင် ယွီကျန့်ဟိုင် ခေါင်းခါပြီး ပြောလိုက်သည်။

“ကျွန်တော့်မှာလည်း ကိုယ်ပိုင် ဖန်တီးထားတဲ့ ဓားသိုင်းကွက် ရှိတယ်။ ဒါပေမဲ့ စောစောက သုံးရတာ ပျင်းလို့ မသုံးခဲ့တာ”

မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ လူတိုင်း “...”

'နှမြောစရာပဲ အာ့ရှစ်တိက ပုံမှန်ဆို ဒီတိုက်ကွက်ကို သုံးလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့မှ သူ့ပုံစံကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာလား'

ယွီကျန့်ဟိုင်သည် စောစောက သူ၏ ကိုယ်ပိုင်ဖန်တီးမှုကို အသုံးမပြုခဲ့မိသည့်အတွက် အနည်းငယ် နောင်တရသွားသည်။ သူက သန့်သန့်ရှင်းရှင်း အနိုင်ယူချင်ခဲ့ရုံသာ ဖြစ်သည်။ အခုတော့ ဟိတ်ဟန်ထုတ်ခွင့် အားလုံး အလုခံလိုက်ရပြီ။

ကောင်းကင်ယံ၌ စွမ်းအင်ဓား အရေအတွက် ဆက်လက် တိုးပွားလာသည်။

လျန်ယွီဖုန်း မည်မျှ မြင့်မြင့် ပျံသန်းပါစေ ယွီရှန်းရုန်၏ စွမ်းအင်ဓားများသည် သူ့နောက်သို့ လိုက်ပါနိုင်ဆဲ ဖြစ်သည်။

စွမ်းအင်ဓားများသည် တဖြည်းဖြည်း စုပုံလာပြီး ကောင်းကင်ယံ မီတာ ၁ သောင်းအထိ ပျံသန်းသွားသော နဂါးရှည်ကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။

ဓားထိန်းချုပ်မှု နည်းစနစ်သည် လူတိုင်းကို အပြင်းအထန် တုန်လှုပ်သွားစေသည်။

လျန်ယွီဖုန်း အောက်ပြန်ဆင်းရန် စဉ်းစားလိုက်သော်လည်း စောစောက ကျောပြင်တစ်လျှောက် စိမ့်ခနဲ ဖြစ်သွားသည်ကို ပြန်သတိရပြီး အနည်းငယ် စိုးရိမ်သွားသည်။ အကယ်၍ သူတို့ အနီးကပ် တိုက်ခိုက်ပါက သူ ပိုမို ဆိုးရွားစွာ ရှုံးနိမ့်သွားနိုင်သည်ဟု ထင်ရသည်။ နောက်ဆုံးတွင် သူသည် စွမ်းအင်ဓားများကို ဖျက်ဆီးရန် အစွမ်းကုန် ဓားကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ပေ ၁ သောင်း ရှည်လျားသော စွမ်းအင်ဓားကြီးတစ်ချောင်း ပေါ်လာပြီး လေထဲတွင် လှည့်ပတ်ကာ စွမ်းအင်ဓားများကို ပိတ်ဆို့လိုက်သည်။

သို့သော် ယွီရှန်းရုန်၏ စွမ်းအင်ဓားများသည် လျန်ယွီဖုန်း၏ ပြန်လည်တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ရှောင်တိမ်းလိုက်သည်။ ထို့အပြင် ၎င်းတို့သည် လျန်ယွီဖုန်းနှင့် တူညီသော အရှိန်၊ တူညီသော ကြိမ်နှုန်းဖြင့် ရွေ့လျားနေကြသည်။

“ငါ မယုံဘူး”

လျန်ယွီဖုန်းသည် ဝေးကွာသော တောင်ထွတ်ဆီသို့ ကန့်လန့်ဖြတ် ပျံသန်းသွားသည်။ ခဏအတွင်းမှာပင် သူ ဆောင်းဦးနှင်းစက်တောင်မှ လွတ်မြောက်သွားသည်။

“အာ့ရှစ်ရှိုး” ဆောင်းဦးနှင်းစက်တောင်၏ တပည့်များ အော်ဟစ်လိုက်ကြသည်။

လျန်ယွီဖုန်းသည် အနိုင်ရရန် စိတ်အားထက်သန်လွန်းသဖြင့် အခြားအရာများကို ဂရုမစိုက်တော့ပေ။ ခဏအတွင်းမှာပင် သူ မိုင်ဝက်ခန့် ပျံသန်းသွားသည်။

ယွီရှန်းရုန်၏ စွမ်းအင်ဓားများသည် နဂါးတစ်ကောင်ပမာ အနောက်မှ ကပ်လျက် လိုက်ပါသွားသည်။

အကွာအဝေး ဝေးကွာလာသည်နှင့် ယွီရှန်းရုန် မျက်လုံးမှိတ်လိုက်သည်။ သူသည် ကွင်းထဲတွင် မတ်တတ်ရပ်လျက် လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ အာရုံစိုက်ထားသည်။

ဝှစ် ဝှစ် ဝှစ်

ထိုအချိန်၌ ယွီရှန်းရုန်၏ စွမ်းအင်ဓားများ ရွေ့လျားနှုန်းသည် အဆများစွာ မြင့်တက်သွားသည်။

၁၀ မိုင်ခန့် ပျံသန်းပြီးနောက် လျန်ယွီဖုန်း နောက်လှည့်ကြည့်လိုက်သည်။ သူ့နောက်မှ စွမ်းအင်ဓားများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ နောက်ထပ် မိုင် ၅၀ ခန့် ထပ်မံ ပျံသန်းပြီးနောက် နောက်လှည့်ကြည့်လိုက်ပြန်သည်။ သူ အံကြိတ်လျက် ပြောလိုက်သည်။

“သူ့ရဲ့ ကန့်သတ်ချက်က ဘယ်လောက်လဲ”

မိုင် ၁၀၀ အကွာသို့ ရောက်ပြီးနောက် လျန်ယွီဖုန်း၏ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်လာသည်။ သူ၏ မျက်နှာထားလည်း ကြည့်မကောင်းတော့ပေ။ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရလျှင် သူ ဆက်လက် ပျံသန်းပြီး စွမ်းအင်ဓားများ ပျောက်ကွယ်သွားလျှင်ပင် နိုင်မည် မသေချာပေ။ သို့သော် စွမ်းအင်ဓားများ မပျောက်ကွယ်ပါက သူ ပိုမို ဆိုးရွားစွာ ရှုံးနိမ့်သွားပေလိမ့်မည်။ ယခုအချိန်တွင် သူသည် ကျားစီးထားသကဲ့သို့ ဖြစ်နေပြီး ဆင်း၍ မရတော့ပေ။

ထိုအချိန်တွင် ချန်ဖုက လှမ်းပြောလိုက်သည်။ “ပြန်လာခဲ့တော့”

လျန်ယွီဖုန်းက အသံပို့ကာ ပြန်မေးလိုက်သည်။ “ဆရာ”

“ဒီကလေးရဲ့ ထိန်းချုပ်မှုက မိုင် ၁၀၀၀ အထိ ရောက်နိုင်တယ်။ မင်း ဆက်လုပ်ချင်သေးလား” ချန်ဖုက မေးလိုက်သည်။

“မ-မိုင် ၁၀၀၀လား” လျန်ယွီဖုန်း အာမေဋိတ် ပြုလိုက်မိသည်။ အဲဒါက သူ အခုထိ ပျံသန်းခဲ့တဲ့ အကွာအဝေးရဲ့ ၁၀ ဆတောင် ရှိတယ်။

လျန်ယွီဖုန်း မလှုပ်ရှားကြောင်း ချန်ဖု အာရုံခံမိသောအခါ ခါးသီးစွာ ပြောလိုက်သည်။

“မင်း ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အရှက်ခွဲခံချင်နေသေးတာလား”

ထိုအချိန်တွင် လျန်ယွီဖုန်းနောက်သို့ လိုက်နေသော စွမ်းအင်ဓားအားလုံး ကောင်းကင်ပေါ်သို့ ထောင်တက်သွားသည်။ တစ်ချောင်းမှ နှစ်ချောင်း၊ နှစ်ချောင်းမှ လေးချောင်း... မရေမတွက်နိုင်သော စွမ်းအင်ဓားများ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် အောက်သို့ ထိုးဆင်းလာပြီး ဝေးကွာသော တောင်ထွတ်ကို လှည့်ပတ်ကာ တောအုပ်ထဲရှိ သစ်ပင်များကြား တိုးဝင်ပျံသန်းပြီး ဆောင်းဦးနှင်းစက်တောင်သို့ ပြန်လာကြသည်။

လျန်ယွီဖုန်း “...”

ယွီရှန်းရုန်၏ ကန့်သတ်ချက် မိုင် ၁၀၀၀ ရှိသည်ကို လျန်ယွီဖုန်း မယုံကြည်လျှင်ပင် ယခု သရုပ်ပြလိုက်မှု တစ်ခုတည်းက ယွီရှန်းရုန်၏ သေသပ်ပြီး ပြီးပြည့်စုံသော ထိန်းချုပ်မှုကို ပြသရန် လုံလောက်နေပြီ ဖြစ်သည်။ စွမ်းအင်ဓား အရေအတွက် များပြားသော်လည်း သစ်ပင် သို့မဟုတ် သစ်ရွက်တစ်ရွက်မျှ မပျက်စီးကြောင်း တွေ့မြင်နိုင်သည်။ ထို့အပြင် သူ့တွင် စွမ်းအင်များစွာ ကျန်ရှိနေသေးကြောင်းလည်း ပြသနေသည်။

“ဒီကွာဟချက်က... ကြီးလွန်းတယ်”

နောက်ဆုံးတွင် လျန်ယွီဖုန်း ဦးညွှတ်ပြီး ပြောလိုက်ရသည်။ “ဟုတ်ကဲ့”

All Chapters