← Chapters

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း (၁၄၉၈-၁၅၀၀)

Vol. 100 Ch. 1498-1500

အခန်း (၁၄၉၈) အားအနည်းဆုံး (၁)

လျန်ယွီဖုန်းသည် ဟိုဘက်ဒီဘက် ပျံသန်းနေသော စွမ်းအင်ဓားများကို ကြည့်ကာ လက်လျှော့လိုက်သည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။ သူ အရှက်မရှိဘဲ မိုင် ၁၀၀၀ အထိ ပျံသန်းသွားနိုင်သော်လည်း အနိုင်ရမည်ဟု အာမခံချက် မရှိပေ။ သူသည် ဆောင်းဦးနှင်းစက်တောင်၏ ဒုတိယတပည့် ဖြစ်သည်။ တာ့ဟန်တွင် မငြင်းသာသော ဂုဏ်ပုဒ်နှင့် ကြီးမားသော ထောက်ခံမှုများကို ရရှိထားသူ ဖြစ်သည်။ သူသည် တာ့ဟန်ရှိ ဆရာသခင် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။ မရေမတွက်နိုင်သော မျက်လုံးများသည် သူ့ကို ကြည့်ရှုနေကြပြီး သူ၏ လှုပ်ရှားမှုတိုင်းကို အကျယ်ချဲ့ကြည့်နေကြသည်။ သူ၏ဆရာ အမိန့်ပေးလာသည့်အတွက် သူ ပြန်လာရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ လူများသည် ပြန်လည်ပျံသန်းလာသော လျန်ယွီဖုန်းကို ကြည့်နေကြသည်။

လျန်ယွီဖုန်းက ကွင်းထဲသို့ ဆင်းသက်လိုက်ပြီး ယွီရှန်းရုန်ကို ကြည့်လိုက်သည်။

ယွီရှန်းရုန်သည် သူ၏ စွမ်းအင်ဓားများကို ရုပ်သိမ်းထားပြီးဖြစ်ကာ မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ အလွန် တည်ငြိမ်အေးဆေးနေသည်။

လျန်ယွီဖုန်းက ပြောလိုက်သည်။ “ကျုပ် ရှုံးသွားပါပြီ”

ယွီရှန်းရုန်သည် တကယ့်တိုက်ပွဲ မရှိခဲ့သော်လည်း ယှဉ်ပြိုင်မှုကို အပြည့်အဝ လွှမ်းမိုးထားနိုင်ခဲ့သည်။ ဤအချက်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

လျန်ယွီဖုန်းသည် အရူးတစ်ယောက် မဟုတ်ပေ။ အကယ်၍ သူ ဆက်လက်ခေါင်းမာနေပါက ဤယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ရုံသာမက သူ၏ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးရပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်” ဟု ယွီရှန်းရုန်က ပြောလိုက်သည်။

လျန်ယွီဖုန်းသည် ချန်ဖု ရှိရာဘက်သို့ လှည့်လိုက်ပြီး ဒူးတစ်ဖက်ထောက် ချလိုက်သည်။

“တပည့် မကျွမ်းကျင်ခဲ့လို့ ဆောင်းဦးနှင်းစက်တောင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့မိပါတယ်။ ကျေးဇူးပြုပြီး တပည့်ကို အပြစ်ပေးပါ ဆရာ”

ချန်ဖုက ပြောလိုက်သည်။

“စစ်ပွဲမှာ အနိုင်နဲ့အရှုံးဆိုတာ သာမန်ပါပဲ။ သတ္တိရှိဖို့နဲ့ ကိုယ်မှားနေတဲ့အချိန်ကို သိဖို့က အရေးအကြီးဆုံးပဲ။ နားလည်လား”

“နားလည်ပါပြီ ဆရာ” လျန်ယွီဖုန်းက ပြန်ဖြေလိုက်သည်။

ချန်ဖုက မေးလိုက်သည်။ “ငါ မင်းကို ပထမဆုံး သင်ပေးခဲ့တာကို မှတ်မိသေးလား”

ထိုစကားကို ကြားသောအခါ ဆောင်းဦးနှင်းစက်တောင်၏ တပည့်ဆယ်ဦး နားစွင့်လိုက်ကြသည်။ တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့ ရှုံးနိမ့်သွားပြီးနောက် အခြားတပည့်များ၏ မောက်မာမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့၏ဆရာသာလျှင် ကောင်းကင်ကို ထောက်မ ထားနိုင်တော့မည်ဟု ခံစားနေရသည်။ ဆရာရှိနေသမျှ ကာလပတ်လုံး ဆောင်းဦးနှင်းစက်တောင် ပြိုလဲမည် မဟုတ်ပေ။ ချန်ဖုသည် ဆောင်းဦးနှင်းစက်တောင်နှင့် တာ့ဟန်အတွက် ကြီးမားသော ယုံကြည်ချက်နှင့် ထောက်ခံမှုကို ပေးစွမ်းထားသူ ဖြစ်သည်။

“ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားတယ်။ မင်းထက် တော်တဲ့လူက အမြဲတမ်း ရှိနေတယ်ဆိုတာ အမြဲတမ်း သတိရပါ” ချန်ဖုက ပြောလိုက်သည်။

ချန်ဖုသည် တာ့ဟန်၏ တစ်ဦးတည်းသော သူတော်စင် ဖြစ်သည်။ သူသည် မဟာလေဟာနယ်ကို ရင်ဆိုင်ပြီး လောကကြီးကို နားလည်သဘောပေါက်ထားသည်။ သို့သော် မဟာလေဟာနယ်၏ မျက်လုံးထဲတွင်မူ သူသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

ပုရွက်ဆိတ်အချင်းချင်း တိုက်ခိုက်ခြင်းကို ကောင်းကင်ဘုံက မမြင်ရတာမျိုး မရှိသလို သူတို့အဖို့ စိတ်ဝင်စားစရာလည်း မဟုတ်ပေ။ ကောင်းကင်ပြိုကျလျှင်ပင် ပုရွက်ဆိတ်များ သိလိုက်ရမည် မဟုတ်ဘဲ လောကကြီးထဲမှ ပျောက်ကွယ်သွားရုံသာ ရှိသည်။

လျန်ယွီဖုန်းက ရိုးသားစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

“ကောင်းပြီ... ထတော့” ချန်ဖုက ပြောလိုက်သည်။

“ဟုတ်ကဲ့” လျန်ယွီဖုန်းက ဘေးသို့ ဆုတ်သွားသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်ပြီးနောက် တွမ့်မူရှန်းသည် ဆက်လက် မထိန်းထားနိုင်တော့ပေ။ သူ၏ အာ့ရှစ်ရှိုးနှင့် မတူဘဲ ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် နယ်ရှင်လှံဖြင့် ချိန်ရွယ်လိုက်ပြီး တောက်လောင်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“မင်း... ထွက်ခဲ့စမ်း”

တွမ့်မူရှန်းသည် ဆောင်းဦးနှင်းစက်တောင်၏ တတိယတပည့် ကျိုးကွမ်းကို ညွှန်ပြလိုက်ခြင်း ဖြစ်သည်။

ကျိုးကွမ်း ကြောင်အသွားသည်။

တွမ့်မူရှန်းကို ထိုင်းမှိုင်းသည်ဟု ထင်မှတ်ခဲ့သူများသည် ရုတ်တရက် တွမ့်မူရှန်း၏ ကိုယ်မှ ထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။

ဝှစ်

တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြှောက်လိုက်ပြီး ပခုံးပေါ်တွင် တင်လိုက်သည်။ ယခုအချိန်တွင် သူသည် ခံ့ညားထည်ဝါနေသည်။

မူလက ကျိုးကွမ်းသည် တွမ့်မူရှန်းကို အနိုင်ယူရန် အလွန်ယုံကြည်မှု ရှိခဲ့သည်။ မည်သို့ပင် ကြည့်ကြည့် တွမ့်မူရှန်းတွင် ပညာရှင်တစ်ဦး၏ ဟန်ပန်၊ အသွင်အပြင် ရှိသည်ဟု သူ မထင်ပေ။ သို့သော် ယခု သူ အနည်းငယ် မရေရာ ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ သူ ထုတ်ပြ၍ မဖြစ်ပေ။ ထိုသို့ ထုတ်ပြလိုက်ခြင်းသည် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များအတွက် အရှက်ရစရာ ဖြစ်လိမ့်မည်။

“ငါ စောင့်နေတာ ကြာပြီနော်” တွမ့်မူရှန်းက သတိပေးလိုက်သည်။ အကယ်၍ ကျိုးကွမ်းသာ အခု မထွက်လာလျှင် ပန်းတွေတောင် ညှိုးကုန်တော့မည်။

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် အလွန် အရှက်ရနေကြသည်။ သို့သော် သူတို့သည် ယခုအချိန်တွင် ဤကဲ့သို့ ရက်စက်သော လှောင်ပြောင်မှုကို သည်းခံရုံသာ တတ်နိုင်တော့သည်။

ကြွက်သားအဖုအထစ်များနှင့် တက်ကြွမှုများ ဖြာထွက်နေသော တွမ့်မူရှန်းကို ကြည့်ပြီး ကျိုးကွမ်း ပိုမို သေချာသွားသည်။ တွမ့်မူရှန်းသည် အလွန်သန်မာပြီး ရိုးရှင်းသူ မဟုတ်ပေ။ နောက်ဆုံးတွင် လူတိုင်း၏ အကြည့်အောက်၌ သူ ကွင်းထဲသို့ ဝင်ရောက်လာပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ကျုပ်က ဆောင်းဦးနှင်းစက်တောင်ရဲ့ တတိယတပည့် ဖြစ်ပေမဲ့ ကျုပ်ရဲ့ ပါရမီက မမြင့်ပါဘူး။ စစ်ရှစ်တိနဲ့ ၀ူရှစ်တိလောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးမပေးဖို့ ဆရာက သင်ပေးထားတယ်။ ရှုံးသွားရင်တောင် အတွေ့အကြုံနဲ့ သင်ယူစရာ အခွင့်အရေးတစ်ခုလို့ပဲ သတ်မှတ်ပါမယ်။ မိတ်ဆွေ လမ်းညွှန်ပေးမယ်လို့ မျှော်လင့်ပါတယ်”

တိုက်ပွဲမစမီကပင် ကျိုးကွမ်းသည် ဤစကားများကို စဉ်းစားထားပြီး ဖြစ်သည်။ ဤစကားများကြောင့် သူ ရှုံးနိမ့်သွားလျှင်ပင် သိပ်အရုပ်ဆိုးမည် မဟုတ်ပေ။

ထိုစကားများကို ကြားသောအခါ တွမ့်မူရှန်း မကျေမနပ် ဖြစ်သွားသည်။ ထို့နောက် သူက နယ်ရှင်လှံဖြင့် ဆောင်းဦးနှင်းစက်တောင်၏ စတုတ္ထတပည့် ယွင်ထုန်းရှောင်ကို ချိန်ရွယ်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်။ ဝါစဉ်က အရေးကြီးပေမဲ့ အင်အားက ပိုအရေးကြီးတယ်။ လူတစ်ယောက်က အားနည်းသူကို အနိုင်မကျင့်သင့်ဘူး။ ပြီးတော့ ဒါက...”

မင်ရှစ်ရင်က ဖြတ်ပြောလိုက်သည်။

“ရပ်လိုက်ပါတော့။ စန်းရှစ်ရှိုး... လူတိုင်းအတွက်ဆိုပြီး မျက်စိမှိတ် မပြောပါနဲ့။ ကျုပ်ကတော့ အားနည်းသူကို အနိုင်ကျင့်ရတာ ကြိုက်တယ်။ ရှေးခေတ်ကတည်းက ကျင့်ကြံခြင်းလောကမှာ တရားမျှတမှု ရှိလို့လား။ ရှုံးနိမ့်သူ အားလုံးက အားနည်းသူလို့ သတ်မှတ်ခံရတာပဲ”

မင်ရှစ်ရင်၏ စကားကို မကြားသကဲ့သို့ တွမ့်မူရှန်းသည် ယွင်ထုန်းရှောင်ကို ကြည့်ပြီး ပြောလိုက်သည်။

“အတိုချုပ်ပြောရရင် ငါက အားနည်းသူကို အနိုင်ကျင့်ရတာ မကြိုက်ဘူး။ ဒါပေမဲ့ မင်းက ဇွတ်အတင်း တောင်းဆိုနေမှတော့ ငါ မင်းသဘောအတိုင်း လိုက်လျောပေးလိုက်မယ်”

ယွင်ထုန်းရှောင် “??”

'ငါ ဘယ်တုန်းက ဇွတ်အတင်း တောင်းဆိုလိုက်လို့လဲ။ ဘယ်သူက တောင်းဆိုတာလဲ။ ဒီကောင်က အရူးလား'

ယွင်ထုန်းရှောင် တကယ် ပြောစရာ စကားမရှိ ဖြစ်သွားသည်။ နောက်ဆုံးတွင် သူ လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။

“ကောင်းပါပြီ။ ကျုပ် မိတ်ဆွေရဲ့ တိုက်ကွက် သုံးကွက်လောက်ကို ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်”

ဤစကားများသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ခြင်းနှင့် တူညီသည်။ ကျိုးကွမ်း၏ စကားများနှင့် မထူးမခြားနားပင်။

နားထောင်လေလေ တွမ့်မူရှန်း ပိုဒေါသထွက်လေလေ ဖြစ်သည်။ 'ဒါက လုံးဝ စိတ်ကျေနပ်စရာ မကောင်းဘူး တိုက်ကွက် သုံးကွက်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အချီ ၁၀၀ ကျော်လောက် မတိုက်ရရင် တိုက်ပွဲလို့တောင် ခေါ်လို့ရမလား။'

တွမ့်မူရှန်းသည် နယ်ရှင်လှံကို ကန့်လန့်ဖြတ် ကိုင်လိုက်ပြီး ပြောလိုက်သည်။

“ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်။ မင်း မိစ္ဆာဝေဟင်မျှော်နန်းက ကြိုက်တဲ့သူကို ရွေးလို့ ရတယ်”

ထိုစကားကို ကြားသောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်ထဲတွင် ညည်းတွားလိုက်ကြသည်။

တစ်ဖက်တွင်မူ ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် တစ်ဖက်လူ ဘာလုပ်ချင်နေသလဲဟု တွေးတောကာ အချင်းချင်း ဆွေးနွေးနေကြသည်။

ချန်ဖုက ပြုံးလျက် ပြောလိုက်သည်။

“အစ်ကိုလု... ခင်ဗျားရဲ့ တပည့်က တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ”

“သူက အမြဲတမ်း ဒီလိုပါပဲ။ သူက အရမ်း တဲ့တိုးဆန်တယ်” လုကျိုးက ပြောလိုက်သည်။

“ဒါဆို သူတို့ကို လွှတ်ထားပေးလိုက်မလား”

“လွှတ်ထားပေးလိုက်ပါ” လုကျိုး ခေါင်းညိတ်လိုက်သည်။

လုကျိုးနှင့် ချန်ဖုတို့သည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိကြဘဲ သူတို့၏ တပည့်များကို စိတ်ကြိုက် လုပ်ခွင့်ပေးထားလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းသည် ပွဲစဉ်နှစ်ခု အနိုင်ရထားပြီး ဖြစ်သည်။ တတိယပွဲစဉ် ရှုံးနိမ့်သွားလျှင်ပင် အရှက်ရစရာ မဟုတ်ပေ။ ထို့အပြင် တပည့်များသာမက မိစ္ဆာဝေဟင်မျှော်နန်း၏ စုစုပေါင်း အင်အားမှာလည်း မသေးငယ်ပေ။ ဆောင်းဦးနှင်းစက်တောင်၏ တပည့်များ မည်မျှပင် အနိုင်ရလိုစိတ် ပြင်းပြနေစေကာမူ ဆရာသခင်အဆင့် ရောက်နေသူများ အနေဖြင့် မိမိတို့ထက် အားနည်းသူများကို ရွေးချယ်လောက်အောင်တော့ အရှက်မမဲ့သင့်ပေ။ ထို့အပြင် အကယ်၍ သူတို့ ထိုသို့ လုပ်ဆောင်ခဲ့ပါက အားနည်းသော ပြိုင်ဘက်များကို ရွေးချယ်ခြင်းဖြင့် ဆောင်းဦးနှင်းစက်တောင်၏ အင်အားကို သက်သေပြနိုင်မည် မဟုတ်ပေ။

…

အခန်း (၁၄၉၉) အားအနည်းဆုံး (၂)

တွမ့်မူရှန်း၏ စကားကို ကြားပြီးနောက် ယွင်ထုန်းရှောင်သည် အားနည်းသော ပြိုင်ဘက်ကို အမှန်တကယ် ရွေးချယ်ချင်နေသည်။ သူ၏ မျက်လုံးများသည် သူ့ရှေ့ရှိ လူအုပ်ကြီးကို အလျင်အမြန် စကင်ဖတ်လိုက်ပြီး မည်သူက အားအနည်းဆုံးလဲဆိုတာ ခွဲခြားရန် ကြိုးစားလိုက်သည်။ သူသည် ပြိုင်ဘက်၏ အင်အားကို အတည်ပြုရန် နည်းလမ်းမရှိပေ။ သူတို့ အနိုင်ရလျှင် သူတို့ဘက်မှ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

'ဒါဆိုရင်... ဘယ်သူက အားအနည်းဆုံးလဲ။'

ယွင်ထုန်းရှောင်၏ အကြည့်သည် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးအပေါ် ကျရောက်သွားသည်။

လန်လော့သည် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ သူသည် လက်ပိုက်ထားပြီး ခါးကို မတ်မတ်ထားကာ အေးစက်ပြီး ခံ့ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ဟန်ပန်အမူအရာအရ သူသည် ပညာရှင်တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှသည်။ ထို့ကြောင့် ယွင်ထုန်းရှောင်သည် သူ့ကို ပြိုင်ဘက်စာရင်းထဲမှ ဖယ်ထုတ်လိုက်တော့သည်။

ကျော့ယွီရှုသည် ဖျော့တော့စွာ လင်းလက်နေသော နဂါးရစ်ခွေတောင်ဝှေးကို ကိုင်ထားသည်။ သူမ၏ လှုပ်ရှားမှုပုံစံသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ယွင်ထုန်းရှောင်သည် သူမကိုလည်း ပြိုင်ဘက်စာရင်းထဲမှ ဖယ်ထုတ်လိုက်သည်။

ဖန်လီထန်း၏ ခါးသည် အနည်းငယ် ကုန်းနေသည်။ ဖျော့တော့စွာ လင်းလက်နေသော ရွှေရောင်ဘူးသီးခြောက်တစ်ခု သူ၏ ခါးတွင် ချိတ်ဆွဲထားသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးနုနုတစ်ခုကို မြင်တွေ့နိုင်သည်။ ထိုကဲ့သို့ အချိန်မျိုးတွင် သူသည် အသက်အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံတွေ့ခဲ့ရဖူးသူပီပီ တည်ငြိမ်အေးဆေးနေသည်။ ယွင်ထုန်းရှောင်သည် သူ့နာမည်ကိုလည်း စာရင်းထဲမှ ပယ်ဖျက်လိုက်ပြန်သည်။

ဟွား၀ူတောက်သည် အနည်းငယ် သီးသန့်ဆန်ပုံပေါ်သည်။ သူ၏ အရှိန်အဝါကိုလည်း ဖိနှိပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူသည် သတိကြီးသောသူ ဖြစ်ကြောင်း တွေ့ရသည်။ ထိုအကြောင်းပြချက်ကြောင့် ယွင်ထုန်းရှောင်သည် သူ့ကိုလည်း စာရင်းထဲမှ ပယ်ဖျက်လိုက်ပြန်သည်။

ယွင်ထုန်းရှောင်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူငယ်နှစ်ဦးဆီသို့ အကြည့်လွှဲလိုက်သည်။ ထိုနှစ်ဦးသည် နောက်လိုက်များ ပုံစံပေါက်နေသဖြင့် အတော်လေး အားနည်းလောက်မည်။ သို့သော် နောက်လိုက်တစ်ယောက်ကို ရွေးချယ်ပြီး ယှဉ်ပြိုင်ခြင်းက မသင့်လျော်ဟု ထင်ရသည်။

မူလက ယွင်ထုန်းရှောင်သည် မျက်နှာပေါ်တွင် အပြုံးနုနုရှိပြီး ပိန်ပါးသော လူငယ်ကို ရွေးချယ်ချင်ခဲ့သည်။ သို့သော် ထိုသူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ စတုတ္ထတပည့်အဖြစ် မိတ်ဆက်ခဲ့ကြောင်း ပြန်သတိရသွားသည်။ အရေးအကြီးဆုံးမှာ ထိုပိန်ပါးသော လူငယ်သည် သူ့စန်းရှစ်ရှိုး၏ စကားကိုပင် ဖြတ်ပြောရဲသေးသည်။ ထို့ကြောင့် သူသည် ကောက်ကျစ်စဉ်းလဲမည့်ပုံပေါက်သော လူငယ်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

နောက်ဆုံးတွင် ယွင်ထုန်းရှောင်၏ အကြည့်သည် ပုပုဝဝနှင့် တုံးအပုံပေါက်နေသော ကျူးဟုန်ကုန်းဆီသို့ ကျရောက်သွားသည်။ ခဏကြာသောအခါ သူက ပြောလိုက်သည်။

“ကျုပ် ဒီအစ်ကိုနဲ့ ယှဉ်ပြိုင်လို့ ရမလား”

လူတိုင်းက ကျူးဟုန်ကုန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

တွမ့်မူရှန်းလည်း လှမ်းကြည့်လိုက်သည်။ “ပါးရှစ်တိ”

ကျူးဟုန်ကုန်းလည်း ရွေးချယ်ခံရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ “ကျွန်တော်လား”

ကျူးဟုန်ကုန်း စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ 'ငါ ဘယ်ကောင်ကိုများ စော်ကားမိလို့လဲကွ။ ငါက ပွဲကောင်းကြည့်ချင်ရုံပဲ ရှိတာ။ ယှဉ်ပြိုင်ချင်တာ မဟုတ်ဘူး'

ယွင်ထုန်းရှောင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး”

ကျူးဟုန်ကုန်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။ “ဒါ သိပ်မသင့်တော်ဘူး ထင်တယ်နော်”

“ဒါက ယှဉ်ပြိုင်ရုံ သက်သက်ပါပဲ။ ငါတို့အသက် အန္တရာယ်ရှိတာမှ မဟုတ်တာ” ယွင်ထုန်းရှောင်က ပြောပြီး ဖိတ်ခေါ်သော လက်ဟန်ပြလိုက်သည်။

“ကျွန်တော့် ကျင့်ကြံမှုက အရမ်းနိမ့်တာ။ ရှုံးသွားရင် ရှက်စရာကြီးဗျာ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

အခြားစကားဖြင့် ဆိုရလျှင် အားနည်းသော ပြိုင်ဘက်ကို နိုင်ခြင်းသည် နိုင်သည်ဟု မသတ်မှတ်နိုင်ပေ။

'ဒီကောင် တော်တော်လည်တာပဲ။ ငါ့ဆီကနေတောင် သင်ထားသေးတယ်။ သူ့ကို ရှောင်ထွက်ဖို့ အခွင့်အရေး ပေးလို့မဖြစ်ဘူး။'

ယွင်ထုန်းရှောင် စိတ်ထဲတွင် တွေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ အကယ်၍ ကျုပ် ကံကောင်းလို့ ခင်ဗျားကို နိုင်သွားရင် တခြားပြိုင်ဘက်တစ်ယောက်ကို ထပ်ရွေးလိုက်မယ်လေ။ ဘယ်လိုသဘောရလဲ”

တွမ့်မူရှန်း ထိုစကားများကို သိပ်မစဉ်းစားပေ။ သူက ကျူးဟုန်ကုန်းကို တိုက်တွန်းလိုက်သည်။

“လောင်ပါး… လေ့ကျင့်ဖို့ အခွင့်အရေးကောင်းကို လက်လွတ်မခံနဲ့”

“အို... ကောင်းပါပြီ” ကျူးဟုန်ကုန်းသည် စိတ်မပါသော ပုံစံဖြင့် ကွင်းထဲသို့ ဝင်သွားလိုက်သည်။

ကျူးဟုန်ကုန်း၏ မျက်နှာထားနှင့် လမ်းလျှောက်ပုံကို မြင်သောအခါ ဆောင်းဦးနှင်းစက်တောင်၏ တပည့်အချို့ ရယ်မောလိုက်ကြသည်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းတွင် အားအနည်းဆုံး ဖြစ်မည်မှာ သေချာသလောက် ရှိသည်။

ဝှစ်

ကျူးဟုန်ကုန်းက ကွင်းလယ်သို့ ရောက်သောအခါ လက်များကို မြှောက်လိုက်သည်။ လက်အိတ်တစ်စုံ ချက်ချင်း သူ့လက်များတွင် ပေါ်လာသည်။

ယွင်ထုန်းရှောင်က ချီးကျူးလိုက်သည်။ “ထူးခြားတဲ့ လက်နက်ပဲ။ လက်အိတ်ကို အသုံးပြုတဲ့သူ သိပ်မရှိဘူး”

ကျူးဟုန်ကုန်းက တသောသော ရယ်မောလိုက်သည်။ “ကျွန်တော်က လက်သီးကိုပဲ အားကိုးတတ်လို့ပါ”

ထို့နောက် ကျူးဟုန်ကုန်း ပြေးဝင်သွားသည်။

ကျူးဟုန်ကုန်းသည် မိစ္ဆာဝေဟင်မျှော်နန်းတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သော်လည်း ကျိထျန်းတောက်က သူ့ကို မိုးကြိုးဝဋ်ကြွေးကိုးသွယ်ကိုသာ သင်ပေးခဲ့သည်။ ယခင်က သူသည် တိုက်ခိုက်ရေးစွမ်းရည်များကို မျက်စိစုံမှိတ် လေ့ကျင့်ခဲ့ရသည်။ နောက်ပိုင်းမှသာ လုကျိုးက သူ့ကို ပြီးပြည့်စုံသောအဆင့်ကို သင်ပေးခဲ့ခြင်း ဖြစ်သည်။

ကျူးဟုန်ကုန်း ပြေးဝင်သွားသောအခါ မည်သည့် လှည့်ကွက် သို့မဟုတ် နည်းစနစ်ကိုမျှ အသုံးမပြုပေ။

ယွင်ထုန်းရှောင် သတိထားနေသည်။ သူ၏ ပုံရိပ်သည် လှစ်ခနဲ ဖြစ်သွားပြီး လေဟာနယ် အနည်းငယ် ဂယက်ထသွားသည်။

ယင်းကို မြင်သောအခါ ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “တာအိုစွမ်းအား”

တာအိုစွမ်းအားကို အသုံးပြုရန် အနည်းဆုံး ဆရာသခင် ဖြစ်ရမည်။ ဤအချက်သည် ဆရာသခင်များနှင့် ၎င်းအောက်အဆင့် ကျင့်ကြံသူများကို ကွဲပြားသွားစေသည့် အကြီးမားဆုံး အချက်ဖြစ်သည်။

ယွင်ထုန်းရှောင်က ချက်ချင်း တာအိုစွမ်းအားကို အသုံးပြုလိမ့်မည်ဟု ယွီကျန့်ဟိုင် မထင်ထားခဲ့ပေ။ ဆရာသခင်များသည် အချင်းချင်း၏ တာအိုစွမ်းအားများကို ပျက်ပြယ်စေနိုင်သော်လည်း သူ၏ ပါးရှစ်တိမှာ ဆရာသခင်အဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် သူ၏ ပါးရှစ်တိက မည်သို့ တာအိုစွမ်းအားကို အသုံးပြုနိုင်ပါမည်နည်း။

ဘန်း

ကျူးဟုန်ကုန်း လွင့်ထွက်သွားချိန်တွင် ယွင်ထုန်းရှောင်သည် သူ့နောက်၌ ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။

ရလဒ်က ထင်ထားသည့်အတိုင်းပင်။

ကျူးဟုန်ကုန်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သူသည် အရှိန်ကို အသုံးပြုကာ တစ်ပတ်လည်လိုက်ပြီး မြေကြီးပေါ်သို့ အားဖြင့် ဆင်းသက်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“တာအိုစွမ်းအား... မဆိုးဘူးပဲ”

ယွင်ထုန်းရှောင်က ပြုံးပြီး မေးလိုက်သည်။

“အစ်ကို့မှာ မွေးဖွားဇယားချပ် ဘယ်နှစ်ခု ရှိလဲ”

မူလက ကျူးဟုန်ကုန်းသည် အပြင်းအထန် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် ထိုလက်ဝါးရိုက်ချက်ကို ခံရပြီးနောက် လူအများက သူ့ကို ရယ်မောနေကြသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် ခိုင်မာလာသည်။ သူ ထပ်မံ ပြေးဝင်သွားရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော့်မှာ မွေးဖွားဇယားချပ် မရှိဘူး”

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်လက်သီးများသည် တစ်ခုပြီးတစ်ခု ပျံထွက်လာပြီး နဂါးရှည်ကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။

ယွင်ထုန်းရှောင်သည် သူတို့၏ စွမ်းအားကို အာရုံခံမိသောအခါ ကျူးဟုန်ကုန်း လိမ်ပြောနေသည်ဟု ထင်လိုက်သည်။ ဒီလောက် အားကောင်းနေမှတော့ ကျူးဟုန်ကုန်းမှာ ဘယ်လိုလုပ် မွေးဖွားဇယားချပ် မရှိဘဲ နေမလဲ။ သူသည် လက်ကို တွန်းထုတ်လိုက်ပြီး လက်ဝါးစည်းတံဆိပ်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်များသည် စွမ်းအင်လက်သီးများနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ယခုတစ်ကြိမ်တွင် ယွင်ထုန်းရှောင် တာအိုစွမ်းအားကို အသုံးမပြုတော့ပေ။ သူ၏ ပြိုင်ဘက် အားနည်းနေသည်ကို ထည့်သွင်းစဉ်းစားလျှင် သူသာ တာအိုစွမ်းအားကို အသုံးပြုလိုက်ပါက မတရားရာ ကျလွန်းပေမည်။ ဘာပဲဖြစ်ဖြစ် သူက လှလှပပ အနိုင်ယူရမည် မဟုတ်ပါလော။

ယွင်ထုန်းရှောင်သည် ကျူးဟုန်ကုန်း၏ စွမ်းအင်လက်သီးများကို လျင်မြန်စွာ ဖျက်ဆီးလိုက်သည်။ ထို့နောက် ကြီးမားသော လက်ဝါးစည်းတံဆိပ်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ “သွားစမ်း”

ကျူးဟုန်ကုန်း လွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ရှောင်ယွမ်အာနှင့် ခရုလေးတို့သည် မျက်လုံးများကို မှိတ်ထားပြီး လက်ချောင်းကြားမှတစ်ဆင့် တိုက်ပွဲကို ချောင်းကြည့်နေကြသည်။ တကယ့်ကို သနားစရာ ကောင်းလွန်းသည်။

ဘုန်း

ကျူးဟုန်ကုန်း မြေကြီးပေါ်သို့ ကျသွားချိန်တွင် အော်ဟစ်လိုက်သည်။

လူတိုင်းက ရယ်မောလိုက်ကြသည်။

ယွင်ထုန်းရှောင် မျက်မှောင်ကျုံ့လိုက်သည်။ 'ငါ တကယ်ပဲ အားအနည်းဆုံးတစ်ယောက်ကို ရွေးမိလိုက်တာလား။ ဒါပေမဲ့ ဒါက သိပ်အားနည်းလွန်းမနေဘူးလား။'

ထို့နောက် ယွင်ထုန်းရှောင်သည် သူ၏ဆရာ ချန်ဖုကို ခိုးကြည့်ပြီး မျက်နှာထားကို အကဲခတ်လိုက်သည်။ သူ၏ဆရာ မကျေမနပ် ဖြစ်နေခြင်း ဟုတ်မဟုတ် မပြောတတ်ပေ။

'ထားလိုက်ပါတော့။ ငါက ပိုကြီးမားတဲ့ ပုံရိပ်ကို ကြည့်ရမယ်။ ဆောင်းဦးနှင်းစက်တောင်ရဲ့ ဂုဏ်သိက္ခာကို အနင်းချေခံလို့ မဖြစ်ဘူး။ ငါ ဒီပွဲနိုင်ရင် တခြားတစ်ယောက်ကို ထပ်စိန်ခေါ်လိုက်မယ်...'

ထို့နောက် ယွင်ထုန်းရှောင်သည် ကျူးဟုန်ကုန်းဆီသို့ ပျံသန်းသွားပြီး ပြောလိုက်သည်။

“အစ်ကို... ကျုပ်က ခင်ဗျားရဲ့ လှည့်ကွက်တွေအောက်မှာ အလိမ်ခံမှာ မဟုတ်ဘူး”

ယွင်ထုန်းရှောင်၏ စကားများသည် ကျူးဟုန်ကုန်း ဟန်ဆောင်နေကြောင်း ပြသရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဟုတ်မဟုတ် သူ မသေချာသော်လည်း ထိုစကားများကို ပြောရမည် ဖြစ်သည်။ သူ ကျူးဟုန်ကုန်း၏ ရှေ့သို့ ရောက်သောအခါ သူ၏ ကနဦးချီသည် ကျူးဟုန်ကုန်းဆီသို့ လှိုင်းထသွားပြီး လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။

ကျူးဟုန်ကုန်း၏ ဝဖြိုးသော ခန္ဓာကိုယ်သည် လေပေါ်သို့ မြောက်တက်သွားပြီး တိုက်ခိုက်မှုကို လက်သီးဖြင့် ကာကွယ်လိုက်သည်။

ဘန်း

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဘေးသို့ ရှောင်လိုက်ကြသည်။

“အားပါးပါး”

ကျူးဟုန်ကုန်း နောက်သို့ လွင့်ထွက်သွားရင်း အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်း ပြောစရာစကားမရှိ ဖြစ်သွားကြသည်။ လွင့်ထွက်သွားတာ ကိစ္စမရှိပေမဲ့ အဲဒီလောက်ကြီး အော်နေဖို့ လိုလို့လား။ တကယ်ကို ရှက်စရာကောင်းလိုက်တာ။

ဆန့်ကျင်ဘက်အနေဖြင့် ကျူးဟုန်ကုန်းသည် ထိုအရာများကို ဂရုမစိုက်ပေ။ မြေကြီးပေါ်သို့ ကျရောက်ပြီးနောက် ယွင်ထုန်းရှောင်ဘက်သို့ လှည့်ကြည့်ပြီး မိုးကြိုးဝဋ်ကြွေးကိုးသွယ်ကို အသုံးပြုလိုက်သည်။

ဘန်း

ယွင်ထုန်းရှောင်သည် လက်ဖြင့် တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီး ပြောလိုက်သည်။

“မလုံလောက်သေးဘူး”

“မိုးကြိုးဝဋ်ကြွေးဖြစ်စဉ်”

စွမ်းအင်လက်သီးများသည် နဂါးတစ်ကောင်သဖွယ် ပျံထွက်သွားပြီး ကောင်းကင်ကြီး ပြောင်းလဲသွားစေသည်။

ချန်ဖုက အံ့အားသင့်စွာ မေးလိုက်သည်။ “ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်တာလဲ”

လုကျိုး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဆက်ကြည့်ရအောင်ပါ”

ယွင်ထုန်းရှောင်၏ လက်ဝါးစည်းတံဆိပ် ပိုမိုကြီးမားလာပြီး မိုးကြိုးဝဋ်ကြွေးဖြစ်စဉ်ကို ပိတ်ဆို့လိုက်သည်။

“မလုံလောက်သေးဘူး”

ကျူးဟုန်ကုန်းက အော်ဟစ်လိုက်သည်။ “ပေါင်းစည်းခြင်း”

ပေါင်းစည်းခြင်းသည် မိုးကြိုးဝဋ်ကြွေးကိုးသွယ်၏ နောက်ဆုံးနှင့် အားအကောင်းဆုံး တိုက်ကွက်ဖြစ်သည်။

တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံသွားသောအခါ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားပြီး မိုးကြိုးသွားကိုးခုသည် ကျူးဟုန်ကုန်း၏ လက်သီးပတ်လည်တွင် လက်ခနဲ ဖြစ်သွားသည်။

ယွင်ထုန်းရှောင်သည် သူ၏ ပြိုင်ဘက်မှာ ဆရာသခင် မဟုတ်ကြောင်း သေချာနေသဖြင့် အေးဆေးတည်ငြိမ်စွာ ရွေ့လျားနေသည်။ သူသည် သက်သောင့်သက်သာဖြင့် တိုက်ခိုက်ရင်း နောက်ဆုတ်ကာ ကျူးဟုန်ကုန်း၏ တိုက်ခိုက်မှုများကို ပိတ်ဆို့နေသည်။ သူ ရပ်တန့်လိုက်သောအခါ လက်ဝါးဖြင့် ထပ်မံ ရိုက်လိုက်သည်။

ဘန်း

“မလုံလောက်သေးဘူး”

ကျူးဟုန်ကုန်းက ဇဝေဇဝါ ဖြစ်သွားသည်။ “မလုံလောက်သေးဘူးလား”

ယွင်ထုန်းရှောင်က ပြုံးလျက် ရှင်းပြလိုက်သည်။

“ခင်ဗျား အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်က အင်အားကို အသုံးမပြုရသေးဘူး။ နောက်ထပ် လက်ဝါးရိုက်ချက်ကို သတိထား”

ယွင်ထုန်းရှောင်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ ပြန်ခွာလိုက်သောအခါ လက်ဝါးစည်းတံဆိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်းကို တွန်းထုတ်ရန် ပြင်လိုက်စဉ် သူ့လက်ကို မလှုပ်ရှားနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ ချက်ချင်း မျက်မှောင်ကျုံ့လိုက်သည်။

“ဟမ်”

ဝှစ်

ဝူး

ယွင်ထုန်းရှောင်သည် သူ့ကျောဘက်တွင် စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။ ထို့နောက် ရွှေရောင်လက်ကြီးနှစ်ဖက်သည် သူ့လက်မောင်းများကို ချုပ်ကိုင်လိုက်သည်။

“သံသရာ”

ကျူးဟုန်ကုန်းသည် စွမ်းအင်လက်သီးများဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်လက်သီးများသည် ထောပတ်ကို ဓားပူဖြင့် လှီးဖြတ်လိုက်သကဲ့သို့ လက်ဝါးစည်းတံဆိပ်ကို ဖောက်ထွင်းသွားပြီး ယွင်ထုန်းရှောင်၏ ရင်ဘတ်ကို ရိုက်ခတ်သွားသည်။

“ကရုဏာ”

ဒါက မိုးကြိုးဝဋ်ကြွေးကိုးသွယ်၏ စတုတ္ထမြောက် မိုးကြိုးဝဋ်ကြွေးဖြစ်စဉ် ဖြစ်သည်။

ကျူးဟုန်ကုန်း ခုန်တက်လိုက်ပြီး ကျွမ်းထိုးကာ ကန့်လန့်ဖြတ် ရိုက်ချလိုက်သည်။

မရေမတွက်နိုင်သော စွမ်းအင်လက်သီးများသည် ယွင်ထုန်းရှောင်၏ အကာအကွယ်စွမ်းအင်ကို ရိုက်ခတ်သွားသည်။ သူ၏ ချီနှင့် သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး သူ မလှုပ်ရှားနိုင်သေးပေ။

ထိုအချိန်တွင် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် ပေါ်လာခါစ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား မျက်လုံးပြူးသွားကြသည်။

'ဒါ ဘာသိုင်းကွက်လဲ။'

'ဘာလို့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်နေတာလဲ။'

'ဒါ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ဆိုတာ ယုံမှားသံသယဖြစ်စရာ မလိုဘူး'

သူတို့ ကြောင်အသွားကြသည်။

“လျှပ်စီး”

ဘုန်း

ကျူးဟုန်ကုန်းသည် ယခုအချိန်တွင် အခြားအရာများကို ဂရုမစိုက်တော့ပေ။ သူ့တွင် ရှိသမျှ အကုန်လုံးကို ယွင်ထုန်းရှောင်ဆီသို့ ပစ်လွှတ်လိုက်သည်။

ယွင်ထုန်းရှောင်၏ အကာအကွယ်စွမ်းအင် အက်ကွဲသွားသောအခါ...။

“ပေါက်ကွဲလက်သီး”

ဘန်း

နာကျင်မှုက ယွင်ထုန်းရှောင်ကို ဝင်ရောက်စီးနင်းလိုက်သည်။ သူသည် တာအိုစွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။

လေဟာနယ် အေးခဲသွားပြီး ကျူးဟုန်ကုန်း၏ လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။

ယွင်ထုန်းရှောင်သည် ဤအချိန်ကို အခွင့်ကောင်းယူပြီး သူ့လက်မောင်းများကို ချုပ်ကိုင်ထားသော ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို လှည့်ကြည့်လိုက်သည်။ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်တွင် ကြာပွင့် မရှိသော်လည်း သန်မာသည်။ အရေးအကြီးဆုံးမှာ ၎င်းသည် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်နေသည်။

ယွင်ထုန်းရှောင်သည် တာအိုစွမ်းအားဖြင့် အေးခဲထားခြင်း ခံရသော ကျူးဟုန်ကုန်းကို ပြန်လှည့်ကြည့်လိုက်သည်။ ဒုက္ခမိုင်တစ်ရာရှုကွင်း ကျင့်ကြံသူတစ်ဦးက သူ့ကို ဤအခြေအနေအထိ တွန်းပို့နိုင်လိမ့်မည်ဟု တွေးတောမိလိုက်သည်။ အကယ်၍ သူ အနိုင်ရလျှင်ပင် သူ၏ ဂုဏ်သိက္ခာ ဆုံးရှုံးရပေလိမ့်မည်။

…

အခန်း (၁၅၀၀) သတ်ဖြတ်လိုစိတ် (၁)

သည်အခြေအနေအရ ယွင်ထုန်းရှောင် ရှုံးနိမ့်သွားပြီဆိုတာ ထင်ရှားနေသည်။ သူ လုံးဝ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူသည် ကျူးဟုန်ကုန်းကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိအောင် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် နောက်ဆုံး စွမ်းအင်လက်သီးတွဲများကို ရင်ဆိုင်လိုက်ရချိန်တွင် ဆရာသခင်တစ်ပါးအနေဖြင့် လုံးဝ ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရသည်။

ယွင်ထုန်းရှောင်သည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်၏ ချုပ်ကိုင်မှုမှ ရုန်းထွက်ကာ မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။

တာအိုစွမ်းအားသည် ပိုမိုသန်မာသော ပညာရှင်များနှင့် ရင်ဆိုင်ရပါက အရာမထင်ပေ။ ထို့ကြောင့် လုကျိုးနှင့် ချန်ဖုတို့သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ချန်ဖုက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ သူက လုကျိုးကို လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

“ခင်ဗျားကို ဟာသတစ်ခု လုပ်ပြမိသလို ဖြစ်သွားပြီ”

လုကျိုးက ပြန်ပြောလိုက်သည်။

“လူငယ်တွေက သွေးဆူကြတာပဲ။ သူတို့ ယှဉ်ပြိုင်ချင်စိတ် ပြင်းထန်ကြတာ သဘာဝပါပဲ”

ချန်ဖုသည် ဆက်လက် ခေါင်းခါလျက် ပြောလိုက်သည်။

“သူ မငယ်တော့ပါဘူး။ သူက ကျုပ်နဲ့အတူ နှစ်ပေါင်း ၅၀၀ လောက် ကျင့်ကြံခဲ့ပြီးပြီ။ မူလက သူ ရင့်ကျက်တည်ငြိမ်ပြီလို့ ကျုပ် ထင်ခဲ့တာ။ ဒါပေမဲ့ အခု ပြန်ကြည့်လိုက်တော့ သူ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ”

ဆရာဖြစ်သူ၏ စကားကို ကြားလိုက်ရသော ယွင်ထုန်းရှောင်သည် ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။

အေးခဲစေသော အာနိသင် ပျယ်သွားပြီးနောက် ကျူးဟုန်ကုန်းသည် သူ၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရှက်ရွံ့နေသော ယွင်ထုန်းရှောင်ကို ကြည့်လိုက်သည်။

ယွင်ထုန်းရှောင်က ကျူးဟုန်ကုန်းကို ကြည့်ပြီး ပြောလိုက်သည်။ “ကျုပ် ရှုံးသွားပြီ”

ကျူးဟုန်ကုန်းသည် ခေါင်းကုတ်ရန် လက်ကို မြှောက်လိုက်သော်လည်း လက်အိတ်စွပ်ထားသောကြောင့် မကုတ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူက ဇဝေဇဝါဖြင့် ပြောလိုက်သည်။ “ကျွန်တော် နိုင်သွားတာလား”

'ဒီတိုင်းကြီး နိုင်သွားတာလား။'

တစ်ဖက်လူက သူ့ထက် အများကြီး ပိုသန်မာပြီး သူ နိုင်စရာအကြောင်း မရှိဘူးဟု ကျူးဟုန်ကုန်း ခံစားနေရသည်။ သူ မည်သို့ အနိုင်ရလိုက်သည်ကို နားမလည်နိုင်ပေ။

ယွင်ထုန်းရှောင်သည် စကားတစ်ခွန်းမျှ မပြောဘဲ လိမ္မာစွာဖြင့် ဘေးသို့ ဆုတ်သွားသည်။

ကျူးဟုန်ကုန်းလည်း ကွင်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် ချန်ဖုက လှမ်းပြောလိုက်သည်။

“ခဏနေပါဦး”

“ကျွန်တော့်ကို ပြောတာလား”

ချန်ဖုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်း အဆင့်ဆိုတာ သိသာတယ်။ ဒါပေမဲ့ မင်းပိုင်ဆိုင်ထားတဲ့ အင်အားက ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ယောက်ရဲ့ အင်အား ဖြစ်နေတယ်။ ဘာကြောင့် အဲဒီလို ဖြစ်နေရတာလဲ”

နှစ်မြွှာကြာနယ်မြေက ကြာပွင့်ဖြတ်တောက်ခြင်း နည်းလမ်းကို မသိရှိကြသည်မှာ သဘာဝကျပါသည်။ ဤနေရာမှ ကျင့်ကြံသူများသည် အခြားနယ်မြေများနှင့် အဆက်အသွယ် ရှိခဲသည်။ အနီရောင်ကြာနယ်မြေနှင့် အနက်ရောင်ကြာနယ်မြေတို့က ရွှေကြာနယ်မြေ၏ ကြာပွင့်ဖြတ်တောက်ခြင်း နည်းလမ်းကို သိရှိကြသော်လည်း မည်သူမျှ လိုက်လံတုပခြင်း မရှိကြပေ။ ပထမအချက်မှာ မလိုအပ်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ လတ်တလောတွင် မည်သည့် အကျိုးကျေးဇူးကိုမျှ မမြင်ရသဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေမည် စိုးသောကြောင့် ဖြစ်သည်။ ထို့အပြင် ကြာပွင့်ကို ဖြတ်တောက်လိုက်ပါက အသက်တစ်ချောင်းသာ ရှိတော့မည်။ မွေးဖွားဇယားချပ်များ ပိုင်ဆိုင်ထားခြင်းနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

“ချန်းပေ့... ခင်ဗျားက တကယ် အကဲခတ်တော်တာပဲ” ကျူးဟုန်ကုန်းက ပြောရင်း သူ၏ ခါးအောက်ပိုင်းကို လက်ညှိုးထိုးပြကာ ဖြတ်တောက်သည့် လက်ဟန်ကို လုပ်ပြလိုက်သည်။

“ဒီကျင့်ကြံခြင်းနည်းလမ်းက ခင်ဗျားတို့နဲ့ မသင့်တော်ပါဘူး။ ဓားတစ်ချောင်းကို သုံးပြီးတော့...”

“...”

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် အလိုအလျောက် ခြေလှမ်းတစ်လှမ်းစီ နောက်ဆုတ်လိုက်ကြသည်။

'ဘယ်လို ကျင့်ကြံခြင်းမျိုးက ကိုယ့်ရဲ့... အဲဒါကို ဖြတ်တောက်ဖို့ လိုအပ်တာလဲ။'

ချန်ဖုလည်း ကျူးဟုန်ကုန်း၏ စကားများနှင့် အပြုအမူများကို အထင်လွဲသွားသည်။ သူ ခဏမျှ ချောင်းဆိုးပြီး နင်သွားသကဲ့သို့ ဖြစ်သွားကာ လုကျိုးကို ကြည့်ပြီး ပြောလိုက်သည်။

“ခင်ဗျား တပည့်တွေကို သင်ကြားပေးတဲ့ပုံစံက... အထင်ကြီးစရာပါပဲ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ “မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတစ်ယောက်က တပည့်ကို တင်းတင်းကျပ်ကျပ် မကိုင်တွယ်ရင် သူတို့ကို ဒုက္ခပေးသလို ဖြစ်နေမှာပေါ့”

ချန်ဖုက နားမလည်နိုင်သလို လက်လည်း မခံနိုင်ပေ။ သူ သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့လည်း... ဖြတ်တောက်တဲ့အထိတော့ မဖြစ်သင့်ဘူး ထင်တာပဲ...”

ချန်ဖု စကား ဆက်မပြောနိုင်တော့ပေ။ ဆိုရလျှင် သူသည် မဟာသူတော်စင် တစ်ပါး ဖြစ်သည်။ သူသည် လူသားတို့၏ ဆန္ဒများနှင့် ခံစားချက်များကို စိတ်မဝင်စားသော်လည်း ကျင့်ကြံခြင်းအတွက် မျိုးဆက်ပျံ့ပွားနိုင်မည့် အခွင့်အရေးကို ဖြတ်တောက်လိုက်သည့် အခြေအနေအထိတော့ မရောက်သင့်ပေ။

လုကျိုးက ဆက်ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ခံယူချက်တွေ မတူကြဘူး။ စည်းကမ်းကြီးတဲ့ ဆရာက တပည့်ကောင်းတွေကို မွေးထုတ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ကျုပ်က တပည့်တွေအပေါ် တင်းကျပ်တာပါ။ ဒီနေ့ ယှဉ်ပြိုင်မှုရဲ့ ရလဒ်တွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တွေပါပဲ”

ချန်ဖုက ကျူးဟုန်ကုန်းကို ကြည့်ပြီး မေးလိုက်သည်။ “မင်း ဆရာ့ကို မနာကြည်းဘူးလား”

ဘုန်း

ကျူးဟုန်ကုန်းက ရုတ်တရက် လုကျိုးဘက်သို့ လှည့်ပြီး ဒူးထောက်ချလိုက်သည်။

လူတိုင်း ကြောင်အသွားကြသည်။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ထို့နောက် ကျူးဟုန်ကုန်းသည် လက်အိတ်များကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်ကာ ဝပ်စင်းလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက မျက်နှာလိုမျက်နှာရ လေသံဖြင့် ပြောလိုက်သည်။

“တပည့် ဒီလောက်အထိ အောင်မြင်လာနိုင်တာက ရှစ်စွင်းရဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ပါပဲ။ ရှစ်စွင်းရဲ့ သွန်သင်မှု ကျေးဇူးတရားက မိုးကောင်းကင်ထက်တောင် ကြီးမားပါသေးတယ်။ နေ၊ လ၊ ကောင်းကင်နဲ့ မြေကြီးက ရှစ်စွင်းအပေါ်ထားတဲ့ တပည့်ရဲ့ ကျေးဇူးတရားကို သက်သေတည်ပါစေသား”

ပြောပြီးသည်နှင့် ကျူးဟုန်ကုန်း ဦးခိုက်လိုက်သည်။

ဆောင်းဦးနှင်းစက်တောင်မှ လူများနှင့် မတူဘဲ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ဤကဲ့သို့ ပြကွက်မျိုးကို ရိုးအီနေကြပြီ ဖြစ်သည်။ အစပိုင်းတွင် သူတို့လည်း လွန်လွန်းသည်ဟု ခံစားခဲ့ရသော်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရသွားကြသည်။

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် ကျူးဟုန်ကုန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ကျူးဟုန်ကုန်း၏ ပြကွက်ကြောင့် သူတို့ ဆွံ့အသွားကြသည်။

ဆောင်းဦးနှင်းစက်တောင်၏ တပည့်ဆယ်ဦးဖြစ်ပြီး အလွန် လေးစားကြည်ညိုခံရသော ချန်ဖု၏ တပည့်များ ဖြစ်ကြသည့်အတွက် သူတို့သည် တာ့ဟန်ရှိ လူများထံမှ ဤကဲ့သို့ ဆက်ဆံခံရဖူးသည်။ သို့သော် ကျူးဟုန်ကုန်းကဲ့သို့ အပိုဆန်လွန်းသူမျိုးကို သူတို့ တစ်ခါမျှ မတွေ့ဖူးကြပေ။ ကျူးဟုန်ကုန်းသည် သူ့ဘဝ၏အမြစ်ကို ဆုံးရှုံးလိုက်ရသော်ငြား ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ကျနေဆဲ ဖြစ်သည်။

ယင်းကို မြင်သောအခါ ချန်ဖု လေးစားသွားမိသည်။ သူက လုကျိုးကို လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို တကယ် လေးစားပါတယ်။ ဆရာတစ်ယောက် ဖြစ်ခြင်းနဲ့ ပတ်သက်ရင် ကျုပ်က ခင်ဗျားကို မယှဉ်နိုင်ပါဘူး”

“ပြောလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး” လုကျိုးက ပြောလိုက်သည်။ “ခင်ဗျားက ရွှေကြာနယ်မြေရဲ့ ကျင့်ကြံခြင်း နည်းလမ်းကို တော်တော် စိတ်ဝင်စားနေပုံပဲ။ ပြောရမယ်ဆိုရင် ဒီလမ်းစဉ်ကို ပထမဆုံး စတင်လျှောက်လှမ်းခဲ့တဲ့သူက ရှစ်ယောက်မြောက်တပည့် မဟုတ်ဘဲ ဒုတိယတပည့် ယွီရှန်းရုန်ပါ”

ယွီရှန်းရုန်က ရှေ့တိုးလာပြီး ချန်ဖုကို လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည်။

“ကျင့်ကြံခြင်းလောကမှာ မတူညီတဲ့ လမ်းကြောင်းတွေက နောက်ဆုံးတော့ တူညီတဲ့ ပန်းတိုင်ဆီကိုပဲ ရောက်သွားကြတာပါပဲ။ ချန်းပေ့... ဒါကို အရမ်းကြီး အထင်မကြီးပါနဲ့”

'ဒါ...'

နောက်ဆုံးတွင် ချန်ဖုက ပြောလိုက်သည်။ “ပထမဆုံး လုပ်ဆောင်ရဲတဲ့ သတ္တိက ရှားပါးတဲ့ သတ္တိပါပဲ...”

ထိုအချိန်တွင် လုကျိုးက ပြောလိုက်သည်။ “လေ့လာချင်တဲ့သူ ရှိရင် သူ့ဆီမှာ အကြံဉာဏ် တောင်းလို့ ရပါတယ်”

ချန်ဖုက ဦးအောင် ပြောလိုက်သည်။ “ကျုပ်က သိချင်ရုံ သက်သက်ပါ” ထို့နောက် သူက တပည့်များကို ပြောလိုက်သည်။ “မင်းတို့ထဲက သင်ချင်တဲ့သူ ရှိရင် ငါ မတားဘူး”

ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် တညီတညွတ်တည်း ခေါင်းကို အပြင်းအထန် ခါလိုက်ကြသည်။

ပြောစရာတောင် မလိုပေ။ ချန်ဖုသည် သူ့တပည့်များ ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားမည်ကို မလိုလားပေ။ ထို့အပြင် သူတို့ ထိုသို့ လုပ်ဆောင်ရန်လည်း မလိုအပ်ပေ။ သို့သော် သူ့တပည့်များ ဤမျှ သူရဲဘောကြောင်နေသည်ကို တွေ့ရသောအခါ မကျေမနပ် ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။

လုကျိုးက ပြောလိုက်သည်။ “အတင်းအကျပ် လုပ်တာ မကောင်းပါဘူး။ မင်းတို့ ဆန္ဒမရှိရင်လည်း ထားလိုက်ပါတော့”

ချန်ဖု၏ တပည့်များသည် သက်ပြင်းချလိုက်ကြသည်။ သူတို့၏ အရေးပါသော အင်္ဂါအစိတ်အပိုင်းများ ဘေးကင်းသွားပြီ။ ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ရမယ်ဟုတ်လား။ အဲဒီနည်းလမ်းနဲ့ မွေးဖွားဇယားချပ် ၅ ခုကို တစ်ပြိုင်နက်တည်း ရနိုင်မယ်ဆိုရင်တောင် သူတို့ လိုလားကြမှာ မဟုတ်ဘူး။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချန်းပေ့” ချန်ဖု၏ တပည့်များစွာက လုကျိုးကို ကျေးဇူးတင်လိုက်ကြသည်။

လုကျိုး ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကြာပွင့်ဖြတ်တောက်ခြင်း နည်းလမ်းက တကယ် ခက်ခဲပါတယ်။ လူတိုင်းနဲ့ မသင့်တော်ပါဘူး”

ချန်ဖုက ဇဝေဇဝါ ဖြစ်သွားသည်။ “နေပါဦး။ ကျုပ်တို့ ပြောနေတဲ့ ထူးခြားတဲ့ ကျင့်ကြံခြင်းနည်းလမ်းဆိုတာ ကြာပွင့်ကို ဖြတ်တောက်တာလား”

All Chapters