← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

🫧 Chapter 111

ကျန်းလင်သည် သူ့ ရှေ့မှ အသင်းသား ၂၀ ကို အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားကာပြောလိုက်သည်။

"တပ်ဖွဲ့ ၁၈ မှာ ငါ မင်းတို့ဆီက တောင်းဆိုချင်တာ အချက်နှစ်ချက်ပဲ ရှိတယ်"

"တစ် - ကိုယ့်အလုပ်အပေါ် တာဝန်ကျေပါ ၊ မင်းတို့ ခေါ်ယူရမယ့် ဝိညာဉ်တွေအပေါ်မှာ တာဝန်ယူပါ"

"နှစ် - မင်းတို့ရဲ့ ကိုယ်ပိုင်အသက်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ယူပါ"

ဝိညာဉ်အတော်များများဟာ ဝိညာဉ်တမန်တော်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ တစ်ခုခုကိုမျှော်လင့်ချက်ထားခဲ့ကြတာချည်းပါပဲ။

တစ်ခုခုကို ကာကွယ်ချင်တာ၊ တစ်ခုခုကို ပြောင်းလဲချင်တာ ဒါမှမဟုတ် တစ်ခုခုကိုပိုင်ဆိုင်ချင်တာမျိုးပေါ့။

ဒီမျှော်လင့်ချက်တွေဟာ နောက်ဆုံးမှာ ဆန္ဒတစ်ခုချင်းစီ ဖြစ်လာတတ်ပါတယ်။

အကယ်၍ အသက်မရှိတော့ဘူးဆိုရင် အဲဒီမျှော်လင့်ချက်တွေဟာ ရေပူဖောင်းလေးတွေလို ပျောက်ကွယ်သွားပါလိမ့်မယ်။

ဆက်ပြီး အကောင်အထည်ဖော်လို့ မရတော့သလို၊ အဲဒီဆန္ဒတွေ ပြည့်ဝလာမယ့် အချိန်ကိုလည်း မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါချေ။

ကျန်းလင် ဝိညာဉ်တမန်တော် စဖြစ်ချင်တုန်းကတော့ ဒီရာ ထူးရဲ့ ခံစားခွင့်တွေကို သဘောကျလို့ ဖြစ်ပါလိမ့်မယ်။

ဝိညာဉ်ဈေးကွက်ရဲ့ ရှုပ်ထွေးမှုတွေနဲ့ယှဉ်ရင် ဝိညာဉ်တမန်တော်ဆိုတဲ့ အစိုးရဝန်ထမ်း ရာထူးဟာ ခံစားခွင့်ရော ပတ်ဝန်းကျင်ပါ အတော်လေးကောင်းမွန်သည််ကိုး။

ဝိညာဉ်ဘုရင်အဆင့်ကို ရောက်ရှိပြီး အတိတ်မေ့နေတာတွေ ပြန်သတိရလာတဲ့အခါမှာတော့ ကျန်းလင် ပြန်စဉ်းစားမိတာ ရှိပါတယ်။

သူ ဝိညာဉ်တမန်တော်ဖြစ်ဖို့ ရွေးချယ်ခဲ့တာဟာ သူ အသက်ရှင်စဉ်က အလေ့အထတွေကြောင့်လည်း ပါနိုင်ပါတယ်။

အတိတ်မှတ်ဉာဏ်တွေ မရှိတော့ပေမဲ့ ခန္ဓာကိုယ်ရဲ့ အလေ့ အထနဲ့ ဗီဇတွေကတော့ ကျန်ရှိနေခဲ့တာပါ။

သူဟာ အချက်အလက်တွေ စုဆောင်းရတာကို အသားကျနေသလို၊ ဟိုဟိုဒီဒီ လွင့်ပါးမနေရဘဲ အတည်တကျနေထိုင်အလုပ်လုပ်ရတာကိုလည်း ပိုနှစ်သက်ပါတယ်။

ဒါပေမဲ့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဒီအလုပ်ကို ရွေးချယ်လိုက်ပြီဆိုမှတော့ ကျန်းလင် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။

အရင်ကတော့ အလုပ်နဲ့ ကိုယ့်အသက်အတွက်ပဲ တာဝန်ယူခဲ့ရပေမဲ့ အခုတော့ နောက်ထပ်တစ်ခု ထပ်တိုးလာပါပြီ။

အဲဒါကတော့ သူ့ရဲ့ အသင်းသားတွေအပေါ် တာဝန်ယူဖို့ ပါပဲ။

"..."

ဒီတောင်းဆိုချက် နှစ်ချက်ကို ကြားလိုက်ရတဲ့အခါ အသင့်အနေအထား ပြင်ထားကြတဲ့ အသင်းသားတွေက

ကြောင်အသွားကြသည်။

သူတို့ ထင်ထားတာက တပ်ဖွဲ့ခေါင်းဆောင်အသစ်က တင်း ကျပ်တဲ့ တားမြစ်ချက်တွေထုတ်ပြန်တာမျိုး၊ ဒါမှမဟုတ် အာဏာပြတာမျိုး လုပ်လိမ့်မယ်လို့ပါ။

ဝိညာဉ်တမန်တော်တွေရဲ့ အသက်ဟာ တန်ဖိုးမရှိလှပါဘူး။

တစ်ခါတုန်းက ဝိညာဉ်ဘုရင်အဆင့်ရှိတဲ့ လူကြီးမင်းတစ်ယောက်က လူပုံအလယ်မှာ ဒီလို ပြောခဲ့ဖူးသည်။

"အကယ်၍ မင်းတို့ရဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်၊ မင်းတို့ရဲ့ တန်ဖိုးကို အကောင်အထည် မဖော်နိုင်ဘူးဆိုရင်... မင်းတို့ရဲ့ အသက်တွေဟာ ငါ့အသက် အပါအ ဝင်တန်ဖိုးမရှိဘူး။ ဒါကြောင့် မင်းတို့ သေသွားရင်တောင် အလုပ်ကိုတော့ အနှောင့်အယှက်မဖြစ်စေနဲ့"

တခြားလူကြီးမင်းအချို့ကတော့ ဆန့်ကျင်ဘက် အယူအဆ ရှိကြပါတယ်။

ဝိညာဉ်တမန်တော်ရဲ့ အသက်ဟာလည်း အသက်ပဲလို့ ယူဆကြတာပါ။

သူတစ်ပါးကို ကာကွယ်ချင်ရင် အရင်ဆုံးကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်လို့ ဆိုကြပါတယ်။

ငရဲပြည်က ဒီအယူအဆ နှစ်ခုအပေါ်မှာ တခြားဝိညာဉ်တွေကတော့ ဟာသတစ်ခုလိုပဲ သဘောထားကြပါတယ်။

"ဝိညာဉ်တမန်တော် ဖြစ်တာတောင် ကိုယ့်အသက်ကို ကိုယ်မပိုင်ဘူးလား၊ ငါတို့လို ဗရမ်းဗတာ နေတာကမှ ပိုကောင်းဦးမယ်" လို့ လှောင်သေးကြသည်။

ဝိညာဉ်တမန်တော်တွေ ဘေးဒုက္ခနဲ့ ကြုံရတဲ့အခါ ကြီးမားတဲ့ အခက်အခဲတစ်ခုရှိပါတယ်။

အဲဒါကတော့ ကိုယ့်အသက်ကို အရင်ကာကွယ်မလား၊ ဒါမှမဟုတ် ဝိညာဉ်နဲ့ လူသားတွေကို အရင်ကာကွယ်မလား ဆိုတာပါပဲ။

သူတစ်ပါးကို ကာကွယ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့သလို၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင်လည်း သူတစ်ပါးကို ကာကွယ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

"..."

အသင်းသားများက သူတို့၏တပ်ဖွဲ့ခေါင်းဆောင်အသစ်ကို ကြည့်လိုက်ကြသည်။

'သူတို့ခေါင်းဆောင်က... နှစ်ခုလုံးကို တောင်းဆိုနေတာလား'

'သူတို့လည်း အဲဒီလိုဖြစ်ချင်ကြတာမှန်ပေမဲ့ ဒါက နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်လွန်းရာ မရောက်ဘူးလား'

'ဒါမှမဟုတ် ကလေးဆန်တဲ့ အတွေးအခေါ်မျိုးလား'

ထိုသို့ တွေးနေစဉ်မှာပင် ဝိညာဉ်တမန်တော် အုပ်စုထဲမှ ဟိန်းထွက်နေသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"အမိန့်အတိုင်းပါ၊ တပ်ဖွဲ့ခေါင်းဆောင်"

ဒီအသံ၊ ဒီအဖြေက တကယ်ကိုလေးနက်ပြတ်သားလှကာ ယုံကြည်ချက်ရှိရှိနဲ့ ခိုင်မာလှသည်။

ကျန်တဲ့ အသင်းသားတွေ လှည့်ကြည့်လိုက်တဲ့အခါ နောက် ဆုံးမှ ရောက်လာပြီး ဗြောင်ကျကျစကားပြောတတ်တဲ့ ဝိညာဉ်တမန်တော် ဖြစ်နေတာတွေ့ရသည်။

သူဟာ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး အလွန်တည်ကြည်တဲ့ မျက်နှာထားနဲ့ ရှိနေ၏။

'ဒါပေမဲ့ ကြည့်ရတာတော့... သိပ်အားကိုးလို့ရမယ့်ပုံ မပေါ်ဘူး'

'နျဲ့ကျို လို့ခေါ်တာ မဟုတ်လား'

"..."

စကားပြောပြီးမှ နျဲ့ကျိုဟာ သူ့အသံက အရမ်းကျယ်သွားတာကို သတိထားမိသွားသည်။

ထို့ကြောင့် သူသည် ဘေးနားက အသင်းသားတွေကို မျက်လုံးထောင့်ကနေ ခိုးကြည့်လိုက်သော်လည်း ကျန်တဲ့သူတွေက အကြည့်တွေကို ချက်ချင်းပြန်လွှဲသွားကြသည်။

နျဲ့ကျို: "..." (အလုပ်ရော အသက်ရော နှစ်ခုလုံးကို တာဝန်ယူတာက ဖြစ်သင့်တာပဲ မဟုတ်လား)

"ကောင်းတယ်၊ မင်းတို့အားလုံးမှာ နျဲ့ကျိုရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုမျိုး ရှိစေချင်တယ်"

ကျန်းလင်က နျဲ့ကျိုရဲ့နာမည်ကို တိတိကျကျ ခေါ်ကာ အေးအေးဆေးဆေးပြောလိုက်၏။

ဒီနေရာက ဝိညာဉ်တမန်တော် တစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ အချက်အလက်တွေကို သူ အလွတ်မှတ်ထားပြီးသားပါ။

သူတို့တွေ ကျန်းလင်ရဲ့ လက်အောက်ကို ရောက်လာတဲ့ အချိန်ကစပြီး သူတို့ဟာ ကျန်းလင်ရဲ့ လူတွေ ဖြစ်သွားပါပြီ။

"မင်းတို့မှာ ဒီလောက်စိတ်ဓာတ်နဲ့ ယုံကြည်မှုတောင် မရှိဘူးဆိုရင် သူတစ်ပါးက မင်းတို့ရဲ့စွမ်းဆောင်ရည်ကို ဘယ်လို ယုံကြည်မလဲ မင်းတို့ အလုပ်ကိုကောင်းကောင်းပြီးမြောက်နိုင်မယ်လို့ ဘယ်လိုယုံကြည်မှာလဲ"

ကျန်းလင်ရဲ့အမူအရာက တည်ငြိမ်ပြီး လေသံကလည်း အေးဆေးလှပေမဲ့ အသင်းသားတွေအတွက်တော့ အေးစိမ့်စိမ့် ခံစားချက်တစ်ခု းပေးစွမ်းနေပါတယ်။

အဲဒီခံစားချက်နဲ့အတူ ထူးဆန်းတဲ့ တက်ကြွမှုတစ်ခုလည်း ပေါ်ပေါက်လာပါတယ်။

'ဟုတ်တာပေါ့၊ ကိုယ့်မှာ ဒီလောက် စိတ်ဓာတ်နဲ့ ယုံကြည်မှုတောင် မရှိဘူးဆိုရင်... မကောင်းဆိုးဝါးတွေကြားမှာ ဝိညာဉ်တွေကို ဘယ်လို ကာကွယ်ပေးနိုင်မှာလဲ'

'တပ်ဖွဲ့ခေါင်းဆောင် ပြောတာက ကလေးဆန်တဲ့ အတွေးမဟုတ်ဘူး'

'တစ်ကိုယ်ကောင်းဆန်တာလည်း မဟုတ်ဘူး'

' တပ်ဖွဲ့ခေါင်းဆောင်နောက်ကို လိုက်ရင် သူတို့တွေ တကယ်ပဲ အဲဒီလိုလုပ်နိုင်မှာပါ'

"ဟုတ်ကဲ့ပါ၊ တပ်ဖွဲ့ခေါင်းဆောင်"

"အမိန့်အတိုင်းပါ၊ တပ်ဖွဲ့ခေါင်းဆောင်"

ထိုအခါမှသာ အသင်းသားများက တစ်ယောက်ပြီးတစ်ယောက် ပြန်ထူးကြတော့ကာ အသံများက ခန်းမတစ်ခုလုံးကို ဟိန်းသွားစေတော့သည်။

အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ နောက်ပိုင်းမှာတော့ တကယ်ကို မျှော်လင့်ချက်အသစ်တွေ ရှိလာတော့မှာပါ။

"...."

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် Live လွှင့်ခန်းက Viewer တွေလည်း တက်ကြွသွားကြသည်။

[ဟုတ်တယ် အဲဒီလိုပဲဖြစ်ရမယ် စောစောက စိတ်ဓာတ်တွေက အရမ်းနိမ့်ကျနေတာ]

[ခေါင်းပြတ်ရင် ပြတ်ပါစေ၊ သွေးထွက်ရင် ထွက်ပါစေ၊ အရင်ဆုံး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရန်သူကို နှိမ်ထားရမယ်]

[သရဲပွဲတော်တုန်းက ယန်လော် ပြောသလိုပဲ၊ အားတင်းထားကြစမ်း]

[အလုပ်က အရေးကြီးပေမဲ့ အသက်က ပိုတန်ဖိုးရှိတယ်၊ ယုံကြည်မှုရှိရင် နှစ်ခုလုံးကို ရနိုင်တယ် (^▽^)]

Viewer တွေ စိတ်လှုပ်ရှားနေစဉ်မှာပဲ 'တရုတ်ဘသာစကားခေါင်းဆောင်' လို့ အမည်ပေးထားတဲ့ Viewer တစ်ယောက်က Keyboard ကို တဖြောင်းဖြောင်း ရိုက်လိုက်သည်။

[တရုတ်ဘာသာစကား ခေါင်းဆောင်: စကားအရှည်ကြီးတွေ မပြောဘဲ စာသားအနည်းငယ်နဲ့တင် Host က တပ်ဖွဲ့ ၁၈ ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြသွားတယ် အသင်းသားတွေကို အလုပ်ကြိုးစားဖို့ အားပေးသလို၊ သူတို့ရဲ့ အနာဂတ်အပေါ်မှာလည်း မျှော်လင့်ချက်တွေ ပေးလိုက်နိုင်တယ်]

[ အရာရှိသစ် အလုပ်စဝင်ရင် မီးသုံးပုံ စတင်မွှေးရတယ်လို့ လူပြောများကြတယ်၊ ပထမမီးပုံကတော့ ရှုပ်ထွေးနေတာတွေကို ရှင်းထုတ်ပစ်တာ၊ ဒုတိယမီးပုံကတော့ လက်အောက် ငယ်သားတွေရဲ့ နိမ့်ကျနေတဲ့ စိတ်ဓာတ်ကို မီးမွှေးပေးတာ၊ တတိယမီးပုံကတော့ လူတိုင်းရဲ့ ရင်ထဲမှာ တောက်လောင်နေစေဖို့ ထည့်ပေးလိုက်တာပဲ၊ ဒါက အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို နိုးကြားစေသလို၊ သွေးတွေကိုလည်း ဆူပွက်စေခဲ့ပြီ...]

[တရုတ်ဘာသာစကားခေါင်းဆောင်: ငါတော့ တက်ကြွနေပြီ၊ မင်းတို့ရောပဲလား]

ဒီ Comment ကို ဖတ်လိုက်ရတဲ့ Viewer တွေဟာ "ဝါး... မိုက်လိုက်တာ" လို့ ရေရွတ်မိကြပြီး ကြက်သီးတောင် ထသွားကြပါတယ်။

[ငါ လက်ခုပ်တောင် ထတီးမိတယ်၊ ပညာရှင်ကြီးရေ လာပြီး ဆုလာဘ်ယူလိုက်ပါဦး]

[မင်းပြောတာ အရမ်းမှန်လွန်းလို့ ငါတောင် ယုံသွားပြီ]

[တက်ကြွမတက်ကြွကတော့ မင်းပြောတာပေါ်မှာပဲ မူတည်နေပြီ]

...

ကျန်းလင်ရဲ့ အသင်းသား ၂၀ စလုံး သတင်းပို့ပြီးတဲ့ အချိန်မှာပဲ...

နယ်မြေအသီးသီးက ဝိညာဉ်စာရင်းပြုစုရတဲ့ ဝိညာဉ်တမန်တော်တွေရဲ့ မှတ်တမ်းစာအုပ်ထဲမှာ အချက်အလက်အသစ်တစ်ခု တိုးလာပါတယ်။

"အဖွဲ့ ၁၈ လား ပိုင်ဝူချန် အဖွဲ့ခွဲတစ်ခု ထပ်တိုးလာပြန်ပြီလား"

မှောင်မည်းပိတ်လှောင်နေတဲ့ ဟင်းလင်းပြင်တစ်ခုထဲမှာ နားရွက်ချွန်ချွန်နဲ့ ဝိညာဉ်တမန်တော်တစ်ဦးဟာ လေထဲမှာ တရားထိုင်နေကာ သူ့ ပေါင်ပေါ်တွင် အလင်းရောင်ထွက်နေသော အလုပ်မှတ်တမ်းစာအုပ် တစ်အုပ်ရှိနေ၏။

သူ့ ပတ်ဝန်းကျင်မှာတော့ အလင်းလုံးလေးတွေ ဝေ့ဝဲနေကြသည်။

ဒီအလင်းလုံး တစ်လုံးချင်းစီမှာ သေဆုံးတော့မယ့်သူတွေရဲ့ အချက်အလက်တွေ ရှိနေတာပါ။

သူ့ တာဝန်ကတော့ ဒီအချက်အလက်တွေကို ကောင်းမှု၊ မကောင်းမှုအပေါ် မူတည်ပြီး ပိုင်ဝူချန်နဲ့ ဟေးဝူချန်း တပ်ဖွဲ့ခေါင်းဆောင်တွေဆီကို ခွဲဝေပေးဖို့ဖြစ်သည်။

အဲဒီကမှတစ်ဆင့် အဖွဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ အသင်း သားတွေကို အလုပ်ခွဲဝေပေးရမှာပါ။

"မကြာသေးခင်ကမှ ဟေးဝူချန်း တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက် တိုးလာသေးတယ်၊ ဒီနေ့တော့ ပိုင်ဝူချန် ခေါင်း ဆောင် တစ်ယောက်ထပ်တိုးပြန်ပြီ"

"ဒီတစ်ခေါက် အမြဲတမ်း ဝိညာဉ်တမန်တော် ဖြစ်လာတဲ့သူတွေ ဒီလောက်တောင်များနေတာလား"

နားရွက်ချွန် ဝိညာဉ်တမန်တော်က ခေါင်းကိုကုပ်ရင်း စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာသည်။

"ဒါ တပ်ဖွဲ့ခေါင်းဆောင်တွေ အရမ်းအလုပ်များနေလို့ ယမမင်းကြီးက ခေါင်းဆောင်သစ်တွေခန့်ပြီး အလုပ်သက်သာအောင် လုပ်ပေးတာများလား"

သူ တွေးလေလေ၊ ဖြစ်နိုင်ခြေ ရှိလေလေပါပဲ။

ထိုအချိန်မှာပဲ မှောင်မည်းနေတဲ့ ဟင်းလင်းပြင်ရဲ့ ထောင့်တစ်နေရာကနေ အလင်းလုံးအသစ် တစ်လုံးဝင်လာသည်။

မကြာမီမှာပဲ နောက်ထပ် အလင်းလုံး နှစ်လုံး ဆက်တိုက် ဝင်လာပြန်သည်။

လေထဲမှာ ခွဲဝေပေးဖို့ စောင့်နေတဲ့ အလင်းလုံးတွေကို ကြည့်ပြီး နားရွက်ချွန် ဝိညာဉ်တမန်တော်ဟာ ခေါင်းခဲသွားတော့ သည်။

"အား... ငါ့နယ်မြေကိုလည်း ဝိညာဉ်တမန်တော် တစ်ယောက်လောက် ပိုခွဲပေးကြပါဦးဟ"

...

"ဝေါင်းးးး "

ထိုအချိန်တွင်

လူ့ပြည်က လမ်းမတစ်ခုပေါ်တွင်...

သေဆုံးတော့မယ့်သူတွေရဲ့ အနံ့ကို ရှာဖွေရတဲ့ ငရဲခွေးတစ်ကောင်က ကြောင်တောင်တောင်နဲ့ ခေါင်းမော့ကြည့်လိုက်လေတော့သည်။

🫧 Chapter 112

"ဝေါင်း "

လူ့ပြည်က လမ်းမတစ်ခုပေါ်တွင်...

သေဆုံးတော့မယ့်သူတွေရဲ့ အချက်အလက်ကို ရှာဖွေရန် တာဝန်ပေးအပ်ခြင်းခံရသည့် ငရဲခွေးများက ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။

ပြီးမှ သူတို့ရဲ့အနံ့ခံခြင်းအလုပ်ကို ဆက်လုပ်ကြပြန်သည်။

ငရဲပြည်ရဲ့ လည်ပတ်ပုံ စနစ်ဟာ အဆင့်ဆင့် ခွဲခြားထားတာပါ။

ဒီငရဲခွေးများ၏အလုပ်ကတော့ လူ့ပြည်မှာ သေမင်းအငွေ့ အသက်ရှိနေတဲ့ သေခါနီး လူသားတွေကို ရှာဖွေဖော်ထုတ်ဖို့ ဖြစ်သည်။

သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိပါတယ်။

အနံ့ခံမိတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ ဦးနှောက်ထဲမှာ ပုံရိပ်တွေ ပေါ်လာတတ်တာပါ။

ထို့နောက် အဲဒီအချက်အလက်တွေဟာ အလင်းလုံးလေးတွေအဖြစ်ပြောင်းလဲသွားပြီး အနီးနားက တာဝန်ကျဝိညာဉ်တမန်တော်ဆီကို အလိုအလျောက်ရောက်ရှိသွားခြင်းပင်။

သို့သော် တစ်ခါတလေမှာတော့ ယင်စွမ်းအား အရမ်းများတဲ့သူတွေ ဒါမှမဟုတ် တစ်ခုခုကြောင့် သေမင်းအငွေ့အသက်တွေ စွဲကပ်နေသူတွေကိုလည်း ငရဲခွေးတွေက သေခါနီးလူတွေလို့ မှားယွင်းသတ်မှတ်မိတာမျိုးရှိတတ်၏။

ဤသို့ဖြစ်သော်ငြား အဲဒီအချက်အလက်တွေကို ဝိညာဉ်စာရင်းစစ်ဆေးတဲ့ ဝိညာဉ်တမန်တော်တွေက ထပ်မံစိစစ်ပြီးမှသာ ပိုင်ဝူချန် နဲ့ ဟေးဝူချန်တို့ရဲ့ အလုပ်မှတ်တမ်းစာအုပ်ထဲကိုရောက်ရှိလာခြင်းဖြစ်သည်။

"..."

ထိုအချိန််တွင် တစ်ခုခုကိုအနံ့ခံမိသွားပုံရသည့် ငရဲခွေးတစ်ကောင်က အလျင်အမြန်ပြေးလိုက်သွားသည်။

သို့သော် နေရာတစ်ခုထဲကို အဝင်မှာတင် ဝိညာဉ်စွမ်းအား တစ်ခုနဲ့ ရိုက်ထုတ်ခြင်းခံလိုက်ရသည်။

"အီး... အီး..."

ထိုအခါ ငရဲခွေးက သူ့ရှေ့က ထူးဆန်းတဲ့အရိပ်ကို သွားဖြဲပြရင်း တစ်ဖက်ကလည်း အချက်အလက်ကို တိတ်တဆိတ် ပို့လွှတ်လိုက်သည်။

မကြာမီမှာပင် အနီရောင် အလင်းသန်းနေတဲ့ အလင်းလုံးလေးတစ်ခုဟာ နားရွက်ချွန်ဝိညာဉ်တမန်တော်ရဲ့ ဟင်းလင်း ပြင်ထဲကို ပျံဝင်လာပြန်သည်။

ထိုအရာက သာမန်သေခါနီးလူရဲ့ အချက်အလက် မဟုတ်ဘဲ ဝိညာဉ်တွေ၊ မိစ္ဆာတွေနဲ့ ပတ်သက်နေတဲ့ ထူးခြားအချက်အ လက် ဖြစ်ကြောင်းသိသာလှသည်။

နားရွက်ချွန် ဝိညာဉ်တမန်တော်: "..."

"ဒီလောက် အလုပ်များနေတာတောင် ပြဿနာရှာတဲ့သူတွေက အများကြီးပါလား"

သူ ခေါင်းကိုကုပ်ရင်း လက်အမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတော့သည်။

အချက်အလက်တွေကို စစ်ဆေးလိုက်၊ အလင်းလုံးတွေကို အဖွဲ့ခေါင်းဆောင်တွေဆီ ခွဲဝေပေးလိုက်နဲ့ သူ့လက်လှုပ်ရှားမှုတွေက ရိပ်ကနဲ ဖြစ်နေတော့သည်။

ဘယ်လောက်ပဲ ခေါင်းခဲစရာ ကောင်းနေပါစေ၊ အလုပ်လုပ်တဲ့အခါမှာတော့ သူဟာ အမှားအယွင်း မရှိပါ‌ချေ။

'ဒီအလုပ်က သူ အသားကျနေပြီကိုး'

အနီရောင် အလင်းလုံးတွေကိုတော့ စစ်ဆေးပြီးသည်နှင့် တာဝန်ပေးအပ်ရေး စင်တာ ဆီသို့ ပို့လွှတ်လိုက်သည်။

ခဏအကြာမှာပင် Mission Board ပေါ်တွင် တာဝန်သစ်တစ်ခု ပေါ်လာတော့၏။

...

ငရဲပြည်၊ နန်းဆောင် ၁၈ အတွင်း၌...

ကျန်းလင်၏ဝိညာဉ်ခေါ်ယူခြင်း မှတ်တမ်းစာအုပ်မှလည်း လင်းလက်လာပြီး ဝိညာဉ်စာရင်းများပေါ်လာတော့သည်။

"အလုပ်စပြီ"

ကျန်းလင် ခေါင်းမော့ပြီး ရှေ့က ဝိညာဉ်တမန်တော် ၂၀ ကို ကြည့်လိုက်သည်။

ဒါက နန်းဆောင် ၁၈ ရဲ့ ပထမဆုံးအလုပ်ဖြစ်ပါလိမ့်မယ်။

ထိုအယောက်၂၀ ထဲတွင် ၅ ယောက်က အခုမှ အမြဲတမ်း ဝန်ထမ်းဖြစ်လာတဲ့သူများပင်။

ပထမဆုံး ရောက်လာသည့် လီရှောင်းကလည်း ထို ၅ ယောက်ထဲက တစ်ယောက်ဖြစ်၏။

ပုံမှန်အားဖြင့်တော့ အခုမှ ဝန်ထမ်းဖြစ်လာတဲ့သူတွေကို အတွေ့အကြုံရှိတဲ့ ဝါရင့်တွေနဲ့ တွဲပေးရတာမျိုး၊ ထိုမျှမဟုတ် တာဝန်အချို့ကို အတူတူလုပ်ခိုင်းရတာမျိုး ရှိသည်။

ကျန်းလင်ဟာ သူတို့ မရောက်လာခင်ကတည်းက ဘယ်လိုခွဲဝေရမလဲဆိုတာ စဉ်းစားထားပြီးသားပင်။

လောလောဆယ် တစ်ယောက်နဲ့တစ်ယောက် သိပ်မသိကြသေးတာမို့ သူတို့ရဲ့ အရင်က စွမ်းဆောင်ရည် မှတ်တမ်းတွေအပေါ်မှာပဲ အခြေခံပြီး ခွဲဝေပေးလိုက်၏။

ကျန်းလင်သည် အတွေ့အကြုံသစ် ၅ ယောက်ကို စွမ်းဆောင်ရည် တည်ငြိမ်တဲ့ ဝါရင့်တွေနဲ့ တွဲပေးလိုက်သည်။

ထိုအထဲတွင် အဘွားအို ဖူကျားကိုလည်း တစ်ယောက်ခွဲပေး လိုက်၏။

အဘယ်ကြောင့်ဆိုသော် ဖူကျားရဲ့ စွမ်းဆောင်ရည်က တည်ငြိမ်မှု အရှိဆုံးမို့ပါ။

နောက်ပိုင်းမှာတော့ ကျန်းလင်လုပ်မယ့် အစီအစဉ်တွေပေါ် မူတည်ပြီး ပြန်လည်ပြုပြင်တာမျိုး လုပ်သွားမှာပင်။

အချက်အလက်တွေ ခွဲဝေပေးပြီးသည်နှင့်အသင်းသား ၂၀ စလုံးက အသီးသီးထွက်ခွာသွားကြသည်။

ကျန်းလင်ကိုယ်တိုင်လည်း ထွက်လာခဲ့လိုက်၏။

[ရေးးး အဖွဲ့ကြီး စတင်လှုပ်ရှားပြီ]

[Host နောက်ထပ် ဘယ်သွားမှာလဲ အောင်ပွဲခံမလို့လား]

[ခန့်မှန်းရရင်တော့ အလုပ်ဆင်းတာကို လိုက်စစ်ဆေးမလို့ ဖြစ်မှာ ]

Live လွှင့်ခန်းထဲက Viewer တွေက ဝိညာဉ်တမန်တော်တွေ လှုပ်ရှားတာကိုမြင်ပြီး တက်ကြွနေကြသည်။

သူတို့က အလုပ်ကြီး တစ်ခုခုကိုစလုပ်တော့မယ့် ခံစားချက်မျိုး ခံစားနေရတာပါ။

[Host ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတုန်းမှာပဲ မေမေက ကျောင်းသွားဖို့ လာနှိုးနေပြီ ဒေါသထွက်လိုက်တာ]

[ဟာ... ဘယ်နှစ်နာရီ ရှိပြီလဲ]

[သူငယ်ချင်းတို့... အခု အချိန်က မနက် ၇:၄၅ ပါ ကျောင်းသွားမယ့်သူတွေ ကျောင်းဝတ်စုံမြန်မြန်ဝတ်၊ ရုံးသွားမယ့်သူတွေ ရုံးဝတ်စုံမြန်မြန်ဝတ်ကြတော့၊ အလုပ်မကြိုးစားချင်တဲ့ နောက်ထပ် နေ့သစ်တစ်ခုပေါ့]

[အပေါ်ကလူ ပြောတာ ကြားပြီး ငါပါ လဲနေချင်စိတ်ပေါက် သွားပြီ]

...

ကျန်းလင်ကတော့ ဤနေ့အတွက် သူ့ကိုယ်ပိုင် အလုပ်တွေ ဘာမှ မစီစဉ်ထားပါချေ။

'အရင်ဆုံး အသင်းသားတွေရဲ့ အလုပ်လုပ်ပုံကို လိုက်ကြည့်ဖို့ သူ ဆုံးဖြတ်ထားပါတယ်'

'သူက သူတို့ရဲ့ စရိုက်၊ လူ့ပြည်နဲ့ ဝိညာဉ်တွေအပေါ် ထားရှိတဲ့ သဘောထား၊ ပြီးတော့ အရေးပေါ် အခြေအနေမှာ တုံ့ပြန်ပုံတွေကို လေ့လာချင်တာပါ'

သူဟာ ဝိညာဉ်စာရင်းတွေကို အချိန်ခွဲပြီး ပို့ပေးထားသည်ဖြစ်၍ တစ်ယောက်ချင်းစီကို လိုက်လံလေ့လာဖို့ အချိန် ရခြင်းဖြစ်သည်ပင်။

သူသည် လူ့ပြည်၏ပထမဆုံး မှတ်တိုင်အနေနဲ့ ကျန်းလင်ဟာ အဘွားအိုဖူကျား ဆီသို့ သွားခဲ့သည်။

ဖူကျားနဲ့ တွဲပေးထားသည့် ဝန်ထမ်းသစ်ကတော့ အသက် ၁၇၊ ၁၈ ခန့်သာ ရှိဦးမယ့် လူငယ်လေး ကျိယင်ဖြစ်၏။

သူဟာ အစမ်းခန့်ကာလ ၁၀၃ နှစ်ရှိနေပြီဖြစ်သော်လည်း စွမ်းဆောင်ရည်က သာမန်ပဲရှိပြီး သိပ်ပြီး တက်ကြွမှုမရှိလှချေ။

လက်ရှိကျင့်စဉ်အဆင့်ကတော့ လေလွင့်ဝိညာဉ် အလယ်အ လတ်အဆင့် ဖြစ်သည်။

ဖူကျားက အတွေ့အကြုံ ရင့်ကျက်သူမို့ ကျိယင်းအနေနဲ့ သူမဆီကနေ တစ်ခုခုသင်ယူနိုင်လိမ့်မယ်ဟူ၍ ကျန်းလင် မျှော်လင့်ထား၏။

ဒီတစ်ခေါက် သူတို့ ဝိညာဉ်ခေါ်ယူရမယ့် နေရာကတော့ ဆေးရုံတစ်ခုမှာပင်။

ဖူကျားနဲ့ ကျိယင်းတို့ ဆေးရုံထဲ ဝင်သွားသည်ကို မြင်သော အခါကျန်းလင်လည်း နောက်ကလိုက်သွားသည်။

သို့သော်လည်းသူက လူလုံးမပြဘဲ အရှိန်အဝါကို ဖုံးကွယ်ကာ အမှောင်ထဲကသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

[ဟားဟား၊ Host က အလုပ်ဆင်းတာကို လာစစ်ဆေးနေတာပဲ]

[နေဦး၊ အဲဒါ ဘာကြီးလဲ]

[ဒါ သက်ရှိတစ်ခုခုတော့ မဟုတ်လောက်ဘူး...]

ကျန်းလင် ဆေးရုံထဲ မဝင်ခင်မှာပင် live လွှင့်ခန်းထဲက Viewer များကကြောင်အသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဆေးရုံတံခါးဝတွင် ခွေးတစ်ကောင်လိုပုံစံရှိတဲ့ သတ္တဝါကြီးတစ်ကောင်ဝပ်နေတာကို တွေ့လိုက်ရလို့ပင်ဖြစ်၏။

၎င်း၏မျက်လုံးများမှာ နီရဲနေပြီး သွားတွေကလည်း အပြင်ကို ထွက်နေကာ တစ်ကိုယ်လုံးမှာလည်း အရေခွံမရှိဘဲ အရိုးတွေနဲ့ အသားမျှင်တွေကိုသာ အထင်းသား မြင်နေရ၏။

ထိုအကောင်ကြီးသည် သွားလာနေသော လူများကို ကြည့်ကာ သွားရည်တွေ တစက်စက်ကျနေသည်မှာ ပရိတ်သတ်များအတွက် အင်မတန်ပင်ထိတ်လန့်စရာ ကောင်းလှသည်။

[ဟာ... ဒါ လူ့ပြည်က သတ္တဝါဟုတ်ရဲ့လား]

[ '‌ မော်ဖန်း' က 'မိုးမျှော်တိုက်ကြီး' ၅ ခု လက်ဆောင်ပေးပြီး မေးလာပါတယ် "Host ရေ ဒါက ဘာကြီးလဲ" ]

[ကြည့်ရင်းနဲ့ ကြက်သီးတွေတောင် ထတယ်]

Viewer အချို့ဟာ အဲဒီသတ္တဝါကြီးကိုကြည့်ပြီး ကြောက် လန့်နေသကဲ့သို့ အရေခွံ အခွာခံထားရတဲ့ပုံစံမို့ သနားစိတ်လည်း ဝင်နေကြသည်။

ခဏအကြာတွင် ကျန်းလင် ဆေးရုံထဲ အဝင်မှာ Live လွှင့်ခန်းက Comment တွေကို ဖတ်မိသွားတော့သည်။

"ဆေးရုံတံခါးဝကဟာလား"

သူသည် တံခါးဝက 'သတ္တဝါ' ကို တစ်ချက်လှည့်ကြည့်ပြီး အေးအေးဆေးဆေး ရှင်းပြလိုက်၏။

"ဒါက ငရဲခွေး ပါ၊ ခေါင်းသုံးလုံးပါတဲ့ ငရဲခွေးနဲ့တော့ မတူဘူး၊ သူတို့က အန္တရာယ်သိပ်မရှိပါဘူး"

"ဒီငရဲခွေးတွေရဲ့ အဓိကတာဝန်က လူအုပ်ထဲမှာ သေခါနီးလူရဲ့ အချက်အလက်ကို အနံ့ခံပြီး ဝိညာဉ်တမန်တော်တွေဆီ ပို့ပေးဖို့ပါ"

"မင်းတို့ ပုံမှန်မြင်နေရတဲ့ ဝိညာဉ်ခေါ်ယူတဲ့ စာရင်းတွေက ဒီငရဲခွေးတွေက အရင်ဆုံး ရှာပေးထားတာ လေ"

'နေရာအနှံ့ လိုက်လံရှာဖွေရတာမို့ ဒီငရဲခွေးတွေရဲ့ အလုပ်က သိပ်တော့ မလွယ်ကူလှပါဘူး'

' အန္တရာယ်နဲ့ ကြုံရဖို့ အခွင့်အလမ်းလည်း များပါတယ်'

ထိုသို့တွေးတောရင်း ကျန်းလင်က တံခါးဝက ငရဲခွေးကို ကြည့်ပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ဒီတစ်ကောင်ကတော့ နည်းနည်းတော့ လည်ပုံရတယ်"

[...]

ကျန်းလင်စကားကို viewer များနားမလည်ခင်မှာပင် လူနာတင်ကားသံကို ကြားလိုက်ရ၏။

လူနာတင်ကား တစ်စီးကဆေးရုံရှေ့မှာ ရပ်လိုက်ပြီး ဆရာဝန်တွေက လူနာကို ဆေးရုံထဲ အမြန် သယ်သွားကြသည်။

ထိုလူနာတင်ခုတင်က တံခါးဝကို ဖြတ်သွားတဲ့ အချိန်တွင်မှ ဝပ်နေသည့် ငရဲခွေးက ရုတ်တရက်ထရပ်လိုက်၏။

သူက လေထဲက သေမင်းအငွေ့အသက်ကို အနံ့ခံပြီး တစ်ခုခုကို အတည်ပြုနေပုံရသည်။

ခဏအကြာမှာတော့ အဲဒီငရဲခွေးဟာ အေးအေးဆေးဆေး ပြန်ဝပ်သွားပြန်သည်။

ဆေးရုံဆိုတာ ဒဏ်ရာရသူ၊ ဖျားနာသူတွေ စုဝေးရာနေရာမို့ လူသေတာကတော့ ပုံမှန်ပါပဲ....

ဒါကြောင့် ဒီငရဲခွေးက လိုက်မရှာတော့ဘဲ ဒီတံခါးဝမှာတင် ဝပ်ပြီး အလုပ်စောင့်နေတာပါ...

ဒါပေမဲ့ ဒီလိုလုပ်ရင်တော့ သူ ရှာဖွေနိုင်တဲ့ ဧရိယာက ကန့်သတ်ချက် ရှိသွားပါလိမ့်မယ်...

ငရဲခွေးတိုင်းသာ ဒီလို လိုက်လုပ်နေရင် တခြားနေရာက သေခါနီးလူတွေရဲ့ သတင်းကိုရဖို့ ခက်ခဲသွားမှာပါ.....

ထို့ကြောင့် ကျန်းလင်က ဒီငရဲခွေးကို "အကွက်မြင်တယ် " လို့ ပြောလိုက်သည် ဖြစ်ခြင်းပင်။

[ဟာ... ဒီခေတ်မှာ ငရဲခွေးတွေတောင် ဒီလောက် လည်နေပြီလား]

[ကြည့်ရတာ အရမ်းကြောက်စရာကောင်းလို့ တစ်ခုခုကို ကိုက်စားတော့မယ် ထင်နေတာ၊ အခုတော့ အလုပ်ကိုအချောင်ခို နေတာပါလား]

[ပျင်းပျင်းရိရိလဲနေတဲ့ပုံစံတောင် ဒီလောက်ကြောက်စရာကောင်းနေတာ၊ ငါတို့တော့ အတုယူမှားကုန်ပြီဟေ့ (⁠ ⁠⚈‌‌‌‌‌‌⁠⌢⁠⚈‌‌‌‌‌‌⁠)]

All Chapters