အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
🫧 Chapter 113
[ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲခွေးက တံခါးဝမှာ ဝပ်နေမယ်ဆိုရင် သရဲတွေတောင် လန့်ပြေးကုန်ကြမှာ မဟုတ်လား]
[အိမ်စောင့် ငရဲခွေးပေါ့... အဆင်ပြေသားပဲ]
ကြည့်ရှုသူများက ငရဲခွေးအကြောင်းကို ဆွေးနွေးနေကြစဉ်မှာပင်...
ကျန်းလင်သည် ဆေးရုံအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ အမှောင်ထဲမှနေ၍ ဖူကျားနှင့် ကျိယင်တို့နှစ်ဦးကို အကဲခတ်နေ၏။
အရေးပေါ်ခန်းအတွင်း၌ ဆရာဝန်တစ်စုသည် လူနာတစ်ဦးကို အသည်းအသန် ကယ်ဆယ်နေကြသည်။
ထိုလူနာမှာ အသက် ၃၀၊ ၄၀ အရွယ်ခန့်ရှိကာ တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေပြီး ဒဏ်ရာအများအပြား ရရှိထားကာ ကုတင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းနေ၏။
၎င်းမှာ စောစောက အရေးပေါ်လူနာတင်ကားဖြင့် ခေါ်ဆောင်လာခဲ့သော လူနာပင်ဖြစ်သည်။
"လျှပ်စစ်နဲ့ နှလုံးနှိုးစက် အသင့်ပြင်"
အရေးပေါ်ခန်းအတွင်းရှိ လေထုမှာ တင်းမာနေပြီး လိုအပ်သည့် စကားနှင့် လှုပ်ရှားမှုမှတစ်ပါး ပိုလျှံသည်များ မရှိပေ။
ဆရာဝန်၏ လက်များက အကြိမ်ကြိမ် ကျဆင်းလာပြီး အကြိမ်ကြိမ် ပြန်လည် မြင့်တက်သွားသည်။
သူ၏ခန္ဓာကိုယ်တွင် ချွေးများ စီးကျနေသော်လည်း လက်များ၏ လှုပ်ရှားမှုမှာမူ အနည်းငယ်မျှ တုံ့ဆိုင်းခြင်း သို့မဟုတ် တုန်ယင်ခြင်း မရှိပေ။
သို့သော် နှလုံးခုန်နှုန်းတိုင်းစက်တွင် မျဉ်းဖြောင့်ရှည်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားချိန်၌ လူနာမှာ လုံးဝသေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဆရာဝန်၏လှုပ်ရှားမှုများက ဖြည်းဖြည်းချင်း ရပ်တန့်သွားကာ သူ့လက်များက မသိမသာ တုန်ယင်နေ၏။
'ဘာလို့လဲ... ဘာလို့ ကယ်မရခဲ့တာလဲ...'
ထိုတခဏအတွင်း အရေးပေါ်ခန်းအတွင်း၌ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားသည်။
[ဟူး...]
[စိတ်မကောင်းလိုက်တာ၊ ကျွန်တော်လည်း ဆေးကျောင်း သားပဲ ဆေးပညာသင်ရတာ ဒါလေးတစ်ခုပဲ မကောင်းတာ]
[ကယ်တင်နိုင်ခဲ့ရင် အရမ်းပျော်ဖို့ကောင်းပေမယ့်... ကယ် တင်မရခဲ့ရင်တော့ အသက်တစ်ချောင်း ရှေ့တင်တင်လွင့်ပျောက်သွားတာကို ဒီအတိုင်း ငေးကြည့်နေရတာပဲ]
[မနက်ဖြန်နဲ့ မတော်တဆမှု ဘယ်ဟာ အရင်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး]
တိုက်ရိုက်ထုတ်လွှင့်မှုခန်းအတွင်းရှိ ကြည့်ရှုသူများ၏ အာရုံစိုက်မှုမှာ ငရဲခွေးထံမှ ပြန်လည် ရောက်ရှိလာကြသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဆရာဝန်များ၏ကူကယ်ရာမဲ့မှုကို သူတို့ တစ်နည်းတစ်ဖုံ ခံစားမိကြကာ မိမိကိုယ်ကိုယ်နှင့်လည်း နှိုင်းယှဉ်တွေးတောမိကြသည်။
နောက်နေ့တွင် မိမိကို စောင့်ကြိုနေမည်မှာ နံနက်ခင်းနေခြည်လော သို့မဟုတ် သေခြင်းတရားလော ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
အထူးသဖြင့် ဤကဲ့သို့သော ငရဲပြည်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် သေခြင်းနှင့် ရှင်ခြင်းမှာ အမြဲတမ်း မရေရာကြောင်း ပိုခံစားမိလာကြသည်။
Live ထုတ်လွှင့်မှုမြင်ကွင်းထဲတွင်...
မလှုပ်မယှက်ဖြစ်နေသော ထိုလူလတ်ပိုင်းအမျိုးသား၏ ကိုယ်ပေါ်မှ ဝိညာဉ်တစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။
ထိုအမျိုးသားသည် ရပ်နေသော်လည်း အောက်တွင်လဲလျောင်းနေသော 'မိမိကိုယ်ကိုယ်' ကို ငုံ့မကြည့်ဖြစ်ပေ။
သူ့မျက်နှာမှာ မိန်းမောတွေဝေနေပြီး မျက်ဝန်းများမှာလည်း အာရုံစိုက်မှု ကင်းမဲ့နေ၏။
ဖူကျားနှင့် ကျိယင်တို့ရှေ့သို့ လျှောက်သွားသည့်တိုင်အောင်ပင် သူသည်မိန်းမောတွေဝေနေ၏။
ထိုတခဏတွင် ဖူကျား၏အရိပ်အယောင်ပြချက်အရ ကျိယင်းက စတင်၍ စကားပြောလိုက်သည်
"...သွားရမယ့်အချိန် ရောက်ပြီ"
လူလတ်ပိုင်းအမျိုးသားက သူတို့ကို ကြည့်ကာမေးလိုက်၏ "သွားရမယ်... ဘယ်ကိုလဲ"
"အာ... ဟုတ်သားပဲ၊ ငါ သတိရပြီ၊ ငါ့သားအတွက် ကိတ်မုန့်သွားဝယ်ရမယ်"
သူသည် ယောင်ယောင်နန်းနန်းဖြင့် လှည့်ကြည့်ကာ ဤစိမ်းသက်သောနေရာတွင် တစ်စုံတစ်ခုကို ရှာဖွေနေ၏။
သို့သော် သူရှာမတွေ့သွားပေ...
"ကိတ်မုန့်... ဒီမှာ ကိတ်မုန့်မရှိဘူး"
ထို့အခါ သူသည် အသိစိတ်မရှိဘဲ အပြင်ဘက်သို့ လွင့်ပါသွားတော့သည်။
သူသည် ကိတ်မုန့်သွားရှာရမည်...သား ကျောင်းက ပြန်လာသည်နှင့် ကိတ်မုန့်ကို မြင်စေရမည်ဟု... သားဖြစ်သူနှင့် ကတိပေးထားသည်လေ။
ဟုတ်သည်၊ သူသည် သားဖြစ်သူ အကြိုက်ဆုံး 'လင်းနို့လူသား' ပုံစံ ကိတ်မုန့်ကို မှာယူရဦးမည်။
ထိုအခါ ကျိယင်သည်လည်း အလိုအလျောက်ပင် နောက်မှ လိုက်သွားခဲ့၏။
နောက်တစ်စက္ကန့်တွင် အဘွားအို ဖူကျားက ရုတ်တရက် လက်ကမ်းလိုက်ကာ ထိုအမျိုးသား၏ကော်လာနောက်မှ ဆွဲမလိုက်ပြီး ဘေးရှိ ဝိညာဉ်သိမ်းအိတ်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
ဤလုပ်ဆောင်ချက်များ ပြီးဆုံးပြီးနောက်မှ ဘေးရှိ ကျိယင်ကို ကြည့်ကာမေးလိုက်သည်။
"မင်း ဘာကို စောင့်နေတာလဲ"
"ရုပ်ကလာပ်နဲ့ အရမ်းဝေးသွားပြီး တစ်ခုခုနဲ့ ထိတွေ့မိသွားတဲ့အခါ သူ့အတွက်ရော မင်းအတွက်ရော ဘာမှကောင်းမှာ မဟုတ်ဘူး"
ကျိယင် ခေါင်းငုံ့လိုက်မိပြီး "ကျွန်တော် သိပါတယ်၊ ကျွန်တော်က... ဒီအတိုင်း..."
သူသည် ဝေးကွာသောနေရာရှိ ကိတ်မုန့်ဆိုင်ကို ကြည့်ကာ စကားစရန် ပြင်သော်လည်း နောက်ဆုံးတွင် "တောင်းပန်ပါတယ် အဘွား" ဟုသာ ဆိုလိုက်သည်။
သူ သေဆုံးစဉ်က အသက် ၁၈ နှစ်ပင် မပြည့်သေးပေ။
ငရဲပြည်တွင် နှစ်ပေါင်းတစ်ရာခန့် အလုပ်သင်လုပ်ခဲ့သော် လည်း အလုပ်သင် ဝိညာဉ်တမန်တော်တိုင်းမှာ လူ့ပြည်သို့ လာခွင့်ရကြသည် မဟုတ်ပေ။
လူ့လောကကိုပြန်လည် မြင်တွေ့ရချိန်တွင် သူသည် အရာရာကို ပြန်လည် သတိရမိနေဆဲပင်။
" လွန်ခဲ့သော အချိန်များ၊ နေရာများ... ထို့ပြင် ထိုအိမ်ကလေးကိုပေါ့...'
"ဟူး..."
ဖူကျား သက်ပြင်းတစ်ချက် ချလိုက်သော်လည်း အပြစ်မဆိုပေ။
ထိုအရာက ဝိညာဉ်တမန်တော် အသစ်တွေကို ဘာကြောင့် အတွေ့အကြုံရှိတဲ့ စီနီယာတွေနဲ့ တွဲပေးရသလဲဆိုတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပင်။
ဝိညာဉ်များနှင့် လူ့လောကကို ရင်ဆိုင်ရတဲ့အခါ သူတို့၏ အတွေးအခေါ်များက ရင့်ကျက်မှု မရှိသေးဘဲ ဝိညာဉ်တွေရဲ့ ဆွဲဆောင်ရာနောက်ကို ပါသွားတတ်ကြသည်။
ထိုသို့ဆုံးမပြီးနောက် သူမသည် သူမ၏တောင်ဝှေးကို ထောက်ကာ နောက်ထပ် ဝိညာဉ်ခေါ်ယူမည့် နေရာသို့ လျှောက်လှမ်းသွားတော့သည်။
ကျိယင်လည်း တိတ်ဆိတ်စွာ နောက်မှ လိုက်လာရင်း လူ့ပြည်၏ ကောင်းကင်ယံကို မော့ကြည့်နေ၏။
"အဘွား... လူ့ဘဝက တိုတောင်းလွန်းတယ်နော်"
ပြန်လည်တမ်းတဖို့ အချိန်ရရုံမျှသာ...
တွေ့ကြုံခံစားဖို့နှင့် နားလည်ဖို့အတွက်ပင် အချိန်ကမလောက်ငလိုက်သည်မဟုတ်ပါလော...
"လူ့ဘဝဆိုတာ တကယ့်ကို တိုတောင်းပါတယ်"
ဖူကျား၏အိုမင်းရင့်ရော်လှသော အသံမှာ ရှေ့မှ ထွက်ပေါ် လာသည်။
"ဒါပေမယ့် အများကြီးလည်း တွေ့ကြုံရတတ်တယ်၊ လှပတဲ့ အမှတ်တရတွေ၊ ကျန်ရစ်နေတဲ့ နောင်တတွေ၊ ဘာကြောင့် ဝမ်းနည်းမှန်း မသိတဲ့ အခိုက်အတန့်တွေ..."
"သူတို့အားလုံးဟာ ပြည့်နှက်နေတဲ့ အရာတွေနဲ့ ထွက်ခွာသွားကြတာပါပဲ"
ဤအတွေ့အကြုံများမှာ ရှည်လျားလှသော နှစ်ကာလများအတွင်း ပြန်လည်တမ်းတရန်လုံလောက်လှပါသည်။
ကျိယင်က သူမ၏ စကားများကို တွေးတောနေစဉ်...
ရုတ်တရက် ရှေ့မှ အဘွားအိုမှာ ခေတ္တရပ်တန့်သွားကာ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ပြီး ဘာကို ကြည့်နေမှန်း မသိပေ။
"တကယ်တော့ ငါ့အရွယ် ရောက်လာတဲ့အခါ လူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ်..."
"အရေးကြီးတာက ဘယ်လောက်ကြာကြာ ရှင်သန်ခဲ့သလဲဆိုတဲ့ 'ဘဝလမ်းရှည်' မဟုတ်တော့ဘူး၊ ဘယ်လောက်အထိ အနှစ်သာရ ရှိခဲ့သလဲဆိုတဲ့ 'ဘဝရဲ့ထုထည်' ပဲ"
'တိတ်ဆိတ်စွာလာပြီး တိတ်ဆိတ်စွာ ပြန်သွားမလား...'
'ဒါမှမဟုတ် ရဲရဲဝံ့ဝံ့ လာပြီး လှပစွာရှင်သန်ပြီးမှ ထွက်ခွာမလား...'
ပြီးနေညကိဖူကျားသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး နောက်ထပ် ဝိညာဉ်ခေါ်ယူမည့် နေရာသို့ မရောက်မီအထိ စကားမပြောတော့ပေ။
"..."
ကျိယင်သည်လည်း အဘွားအို၏ကျောပြင်ကို ကြည့်ကာ တွေးတောနေမိသည်။
အဘွားအို၏ကြွယ်ဝသော အတွေ့အကြုံများ ရှေ့မှောက်တွင် သူ လေ့လာရမည့်အရာများစွာ ရှိနေသေးပုံရသည်။
[အဘွားအိုမှာလည်း ဇာတ်လမ်းတွေ အများကြီးရှိပုံရတယ်...]
[ဟူး... ကျွန်တော်လည်း ကိတ်မုန့် စားချင်လာပြီ]
[အသက် ၁၀ နှစ် နောက်ပိုင်းကစပြီး ကျွန်တော့် မွေးနေ့တွေမှာ ကိတ်မုန့် မဝယ်ဖြစ်တော့ဘူး]
တိုက်ရိုက်ထုတ်လွှင့်မှုခန်းမှ ကြည့်ရှုသူများက လည်းရင်ဖွင့်နေကြ၏။
ငယ်ရွယ်သော ဝိညာဉ်တမန်တော် ဘာလုပ်ချင်နေသည်ကို သူတို့ ခန့်မှန်းမိကြသော်လည်း အဘွားအို၏လုပ်ဆောင် ချက်မှာ ပိုမှန်ကန်ကြောင်းလည်း သိကြသည်။
အဘွားအို၏နောက်ဆုံး စကားများကို လူငယ်ကြည့်ရှုသူ အများစု နားလည်ကြသော်လည်း ထိုအရွယ်သို့ မရောက်သေးသဖြင့် အပြည့်အဝတော့ သဘောမပေါက်နိုင်ကြသေးပေ။
[ဘဝရဲ့ အနှစ်သာရ 'ထုထည်' ကို ဘယ်လို တိုင်းတာရမလဲလို့ မေးချင်ပါတယ်]
[အချို့သောသူတွေက ရှင်နေပေမယ့် သေနေသလိုပဲ၊ အချို့သောသူတွေက သေသွားပေမယ့် ရှင်နေဆဲပဲ]
[ဒီမေးခွန်းက အရမ်းကို နက်နဲလွန်းတာကြောင့်စာညံ့တဲ့ ကျနော့်ကို ကျော်သွားခွင့်ပြုပါ]
[...]
ကျန်းလင်သည် ဖူကျားနှင့် ကျိယင်တို့၏ မလှမ်းမကမ်းမှ အမြဲလိုက်ပါနေခဲ့ပြီး သူတို့ ဒုတိယမြောက် ဝိညာဉ်ကိုအောင် မြင်စွာ ခေါ်ယူပြီးနောက်မှ ထွက်ခွာခဲ့သည်။
လောလောဆယ်တွင် ဖူကျားက ကျိယင်ကိုသင်ကြားပြသပေးနေခြင်းမှာ သင့်တော်လှပေသည်။
အချိန်တိုအတွင်း လူစားလဲရန် မလိုတော့ပေ။
ဝိညာဉ်ခေါ်ယူခြင်းမှတ်တမ်းရှိ အချက်အလက်များကို ကြည့်ပြီး ကျန်းလင်သည် နောက်ထပ် တိုက်ခန်းတွဲတစ်ခု အနီးသို့ ရောက်ရှိလာသည်။
ထိုနေရာမှနေ၍ တစ်ဖက်တိုက်ခန်း၏ ပြတင်းပေါက် ပွင့်နေသော ဧည့်ခန်းကို မြင်နေရ၏။
ဧည့်ခန်းထဲတွင် အသက် ၂၀ ကျော်ခန့်သာရှိဦးမည့် မိန်းကလေးတစ်ဦးမှာ ဆံပင်များ ဖရိုဖရဲနှင့် အိပ်ဝတ်စုံ ဝတ်ဆင်ထားကာ တီဗီကြည့်ရင်း အပြင်မှ မှာထားသော အစားအစာများကို စားနေသည်။
ယခုတစ်ကြိမ်တွင် ဤဝိညာဉ်ကို လာရောက် ခေါ်ယူရမည့်သူမှာလည်း အမျိုးသမီးဝိညာဉ်တမန်တော် တစ်ဦးဖြစ်သည်။
'ဟုန်ယာ...' သူမမှာ ဝိညာဉ်တမန်တော်အဖြစ် အမြဲတမ်း ဝန်ထမ်းဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
သူမ၏စွမ်းဆောင်ရည်မှာ သာမန်မျှသာဖြစ်ပြီး ကျင့်စဉ်မှာလည်း သာမန်ဖြစ်ကာ လောလောဆယ်တွင် တစ္ဆေတပ်သား အလယ်အလတ်အဆင့်မှာသာ ရှိသေးသည်။
...
ကျန်းလင် ရောက်ရှိပြီးမကြာမီမှာပင် အမျိုးသမီး ဝိညာဉ်တမန်တော် တစ်ဦး၏ပုံရိပ် ထွက်ပေါ်လာကာ သူမသည် လက်ထဲမှ အလုပ်စာအုပ်ကို ကြည့်လိုက်၊ ရှေ့မှ တိုက်ခန်းကို ကြည့်လိုက်နှင့် ပြတင်းပေါက်မှတစ်ဆင့် လွင့်မျောဝင်ရောက်သွားသည်။
[ဝါး... ဒါ.. နန်းဆောင် ၁၈ မှာတုန်းက အရမ်း စိတ်လှုပ်ရှားနေတဲ့ ဝိညာဉ်တမန်တော်မမလေး မဟုတ်လား]
[ကျွန်တော်လည်း အလုပ်ပိတ်ရက်မှာ အိမ်မှာလှဲပြီး တီဗီကြည့်ရင်း အစားအသောက်တွေ စားချင်လိုက်တာ...]
[အပေါ်ကလူ ရင်မခုန်ပါနဲ့ဦး]
[နို့သကြားလုံးလေးမှ host ကို ပြိုင်ကား ၁စီး လက်ဆောင်ပေးလိုက်ပါသည်]
ငယ်ရွယ်သော အမျိုးသမီးဝိညာဉ်တမန်တော် ပေါ်လာသည်ကို မြင်သောအခါ ကြည့်ရှုသူများမှာ စိတ်ဝင်တစားရှိလာကြသည်။
အလွန်နှာဘူးထ၍မဟုတ်သော်လည်း ထူးဆန်းနေသဖြင့် သူတို့ စောင့်ကြည့်နေကြခြင်းဖြစ်သည်။
သို့သော် ကြည့်ရှုရင်းနှင့် ကြည့်ရှုသူများမှာ ရုတ်တရက် ကြောင်သွားကြတော့သည်။
[အမ် သူ ဘာလုပ်နေတာလဲ]
[အပေါ်ကလူ... 'သူတို့' ဘာလုပ်နေကြတာလဲလို့ မေးရမှာ]
[Host ရေ... ကျွန်တော်လည်း သူတို့ ဘာလုပ်နေလဲဆိုတာ သိချင်တယ်]
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်...
ထိုအမျိုးသမီး ဝိညာဉ်တမန်တော်သည် အထဲသို့ ရောက်သွားပြီးနောက် ဦးစွာခေါ်ယူရမည့်သူကို အတည်ပြုလိုက်သည်။
ထို့နောက် အခန်းအလယ်ရှိ တီဗီဖန်သားပြင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
ပြီးနောက် နောက်တစ်ကြိမ် ထပ်ကြည့်ပြန်သည်။
ဘယ်ညာ ဝေ့ဝဲကြည့်ပြီးနောက် သူမသည် စိတ်အေးလက်အေးပင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာအထဲရှိ မိန်းကလေးနှင့်အတူ တီဗီအတူတူကြည့်နေတော့သည်....
အဝေးမှကြည့်လျှင် သူတို့နှစ်ဦးမှာ တခါတရံ ပေါင်ကိုပုတ်ကာ တဟားဟားနှင့် ရယ်မောနေကြသည်ကို မြင်တွေ့ရ၏။
ကြည့်ရှုသူများ : "..."
[ဒါ ဘယ်လိုအခြေအနေလဲ]
[ဝိညာဉ်လာခေါ်တာ မဟုတ်ဘူးလား]
[ဘာလို့ ဝင်ထိုင်နေတာလဲ]
[ထိုင်ရုံတင်မကဘူး၊ ဘာလို့ လိုက်ကြည့်နေတာလဲ]
[လိုက်ကြည့်ရုံတင်မကဘူး၊ ဘာလို့ လိုက်ရယ်နေတာလဲ]
[လိုက်ရယ်ရုံတင်မကဘူး၊ ဘာလို့ လှုပ်ရှားမှုတွေပါ တူနေတာလဲ]
[ဘာကောင်းတာတွေ ကြည့်နေလို့လဲ]
[ကျွန်တော်တို့ကိုလည်း ပြလို့မရဘူးလား]
ထိုအရာများကို မြင်တွေ့နေရသောကြည့်ရှုသူများမှာ ပြင်းထန်သော စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
[ဘယ်လို တီဗီအစီအစဉ်မျိုးက ဒီလောက်တောင် ကောင်းနေလို့ ဝိညာဉ်တမန်တော်တောင် ဝင်ထိုင်ကြည့်ပြီး ရယ်မောနေရတာလဲ]
🫧 Chapter 114
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် မိန်းကလေးနှစ်ဦး၏ လှုပ်ရှားမှုများမှာ တစ်ထပ်တည်း ကျနေသည်။
တစ်ခါတစ်ရံ တဟားဟား ရယ်မောလိုက်ကြပြီး၊ တစ်ခါတစ် ရံတွင်မူ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာကို လက်ဖြင့် အုပ်လိုက်ကြ၏ (/ω\)။
တစ်ခါတစ်ရံတွင်လည်း တီဗီထဲမှမြင်ကွင်းကို မကြည့်ရက်သကဲ့သို့ ခေါင်းလွှဲသွားကြပြန်သည်။
ဤအရာက ကြည့်ရှုသူများကို ပိုစူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။
ထိုကိစ္စကြောင့်လူတိုင်း၏စိတ်ထဲတွင် ကြောင်လက်သည်းနှင့် ကုတ်နေသကဲ့သို့ တယားယား ဖြစ်နေကြရသည်။
[ငါတို့လို လူတော်တွေ မကြည့်ရအောင် ဘာတွေများ ဖုံးကွယ်ထားတာလဲ ]
[Host ရေ... ကျွန်တော်တို့လည်း ကလေးတွေ မဟုတ်တော့ပါဘူး၊ လူကြီးတွေရဲ့ ကမ္ဘာကို ပြပေးဖို့ အချိန်တန်ပြီလို့ ထင်တယ်]
[စကားတွေ အများကြီး မပြောတော့ဘူး၊ 'ပညာပေးကား' လေးတွေပဲ တောင်းချင်ပါတယ်]
[စာအုပ်တွေပဲ မဟုတ်လား]
[ဟားဟား... စာအုပ်ဆိုတာ သရဲထက်တောင် ကြောက်ဖို့ကောင်းသေးတယ်]
တိုက်ရိုက်ထုတ်လွှင့်မှုခန်းအတွင်းရှိ မှတ်ချက်များမှာ ပို၍ သက်ဝင်လှုပ်ရှားလာတော့သည်။
ကြည့်ရှုသူများမှာ သူတို့လက်ထဲရှိ အာလူးကြော်များပင် အရသာမရှိတော့သကဲ့သို့ ခံစားနေရ၏။
အချို့သော ကြည့်ရှုသူများမှာ မျက်လုံးကို ပြူးထားကြပြီး နောက်ထပ် ကမ္ဘာတစ်ခုကို မြင်တွေ့ရရန် အသင့်ပြင်နေကြသည်။
အချို့မှာမူ ဤအခွင့်အရေးကို အသုံးချကာ link များ တောင်းနေကြသဖြင့် မျက်နှာပြင်တစ်ခုလုံး emoji ပုံစံများနှင့် ပြည့်နှက်နေတော့သည်။
...
ကျန်းလင်ကိုယ်တိုင်လည်း အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်နေမိသည်။
သူ ဤနေရာသို့ လာရခြင်းမှာ အဖွဲ့ဝင်များကို နားလည်ရန် ဖြစ်သည်။
အဖွဲ့ဝင်များ၏အလုပ်လုပ်ပုံနှင့် ကိုယ်ရည်ကိုယ်သွေးများမှာ သူ သိရှိထားရမည့် အချက်များဖြစ်သည်။
မြင်ကွင်းကို ကြည့်ရင်း...
သူသည် တိုက်ခန်းအတွင်းရှိ တီဗီကိုမြင်ရမည့် ထောင့်တစ်ခုသို့ နေရာရွှေ့လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာလေးကလည်း သူ့နောက်မှ လိုက်ပါကာ မြင်ကွင်းကို ပြောင်းလဲလိုက်၏။
ယခုမှသာ ကြည့်ရှုသူများသည် တီဗီဖန်သားပြင်ကြီးပေါ်မှ အကြောင်းအရာများကို မြင်တွေ့လိုက်ရကာ အားလုံးတိတ် ဆိတ်သွားပြီး မျက်လုံးအစုံကို ပြူးကြည့်နေကြတော့သည်။
တိုက်ခန်းအတွင်းရှိ မိန်းကလေးနှစ်ဦး၏ ရှေ့မှ ဖန်သားပြင်ကြီးပေါ်တွင် ဇာတ်လမ်းတွဲတစ်ခု ပြသနေသည်။
ကင်မရာ ရောက်သွားချိန်တွင် တီဗီထဲ၌မင်းသားနှင့် မင်းသမီးတို့မှာ ရေချိုးခန်းအတွင်း တစ်စုံတစ်ခုကြောင့် တစ်ကိုယ်လုံး ရေစိုရွှဲနေကြ၏။
မင်းသားမှာမူ စောစောက ရေချိုးနေဟန်တူကာ သူသည် အပေါ်ပိုင်းဗလာနှင့် ကြွက်သားအမြောင်းမြောင်းကို ဖော်ပြထားကာ အောက်ပိုင်းတွင်မူ ရေချိုးပုဝါ တစ်ထည်သာ ပတ်ထားသည်။
ထိုစဉ် မင်းသမီးမှာ နံရံကိုမှီထားရပြီး မင်းသားက လက်တစ်ဖက်ဖြင့် နံရံကို ထောက်ကာ ရှေ့မှ မင်းသမီးကို စိုက်ကြည့်နေ၏။ ၎င်းမှာ 'နံရံပိတ်' အကွက် ပုံစံမျိုး ဖြစ်နေ၏။
ရေစက်များမှာ သူတို့နှစ်ဦး၏အရေပြားပေါ်မှ လျှောကျနေပြီး အခန်းတွင်းရှိ အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာဟန်ရှိသည်။
မင်းသားက တစ်စုံတစ်ခု လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်တံခါးဝမှ သော့ဖွင့်သံက ထွက်ပေါ်လာ၏
"သားရေ... အမေ လာကြည့်တာ၊ အမေ ဘာတွေ ဝယ်လာလဲဆိုတာ လာကြည့်ဦး"
"...."
ရေချိုးခန်းအတွင်းရှိ လူနှစ်ဦးမှာ ထိတ်လန့်သွားကြပြီး ခဏချင်းမှာပင် ရုတ်ရုတ်သဲသဲနှင့် ကယောင်ကတမ်း ဖြစ်သွားကြတော့သည်။
...
[အား... ဘာလို့ ဆက်မလုပ်ခိုင်းတာလဲ]
[ဟာ... အရေးကြီးတဲ့ အချိန်ကျမှ]
တိုက်ခန်းအတွင်းရှိ မိန်းကလေးနှစ်ဦးမှာလည်း ဤသည်ကို မြင်သောအခါ အော်ဟစ်လိုက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုခန်းမှ ကြည့်ရှုသူများမှာလည်း နှစ်ဖွဲ့ ကွဲသွား၏။
အချို့က အော်ဟစ်နေကြပြီး အချို့မှာမူ ကြောင်အသွားကြသည်။
[အား... ဒါရိုက်တာကို ဆွဲထုတ်လိုက်စမ်းပါ၊ သူတို့ကို ဆက်လုပ်ခိုင်းလိုက်! ငါ ပိုက်ဆံရှင်းမယ်]
[ငါ ဒေတာဖိုး နှမြောနေတာ မဟုတ်ဘူး! ငါ့မှာ ပိုက်ဆံရှိတယ် မြန်မြန်... မြင်ကွင်းကို ဆက်ပြစမ်း]
[ဒါက 'သူနဲ့သူမရဲ့ xx အချစ်' ကားပဲ ငါ မနေ့ကမှ လိုက်ကြည့်နေတာ]
အမျိုးသမီး ကြည့်ရှုသူ အများအပြားမှာ အော်ဟစ်နေကြပြီး အချို့မှာလည်း နောက်မှလိုက်ကြည့်ရန် ပြင်နေကြသည်။
ဒေတာဖိုး ဘယ်လောက်ကုန်ကုန် သူတို့ ဂရုမစိုက်နိုင်တော့ပေ။
အမျိုးသား ကြည့်ရှုသူ အများစုမှာမူ မှင်တက်နေကြ၏ (ΩДΩ)။
[ဘာတွေလဲ အခုခေတ် အချစ်ကားတွေက ဒီလောက်တောင် အဖွင့်အပိတ် ကြမ်းနေပြီလား]
[အပေါ်ကလူကလည်း... မိန်းကလေးတွေဖတ်တဲ့ အချစ်ဝတ္ထုတွေကို သွားကြည့်လိုက်ဦး၊ အဲဒါတွေကမှ တကယ့်အကြမ်းစား ]
[ယောက်ျားလေးတွေ ကြည့်တဲ့ကားမှာလည်း ဒီလိုမျိုးတွေ ပါဖို့တောင်းဆိုပါတယ်]
[Host ရေ (ပိုက်ဆံထပ်တိုးပေးမယ်) ပိုပြီး ကြမ်းတာမျိုး လိုချင်တယ်]
[...ငါ ဘယ်လိုဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှာ ဇာတ်လမ်းတွဲ လိုက်ကြည့်နေမိတာလဲ]
[...ဗဟုသုတတွေ တိုးလိုက်တာ၊ ဒါက လူကြီးတွေရဲ့ကမ္ဘာလား]
[...]
တက်ကြွနေသော မှတ်ချက်များနှင့် တိုက်ခန်းအတွင်း အော်ဟစ်နေသည့် မိန်းကလေးနှစ်ဦးကို ကြည့်ပြီး ကျန်းလင်မှာ (…)
'ဒါ... ဘာလို့ အော်နေကြတာလဲ'
'လူတစ်ယောက်က နောက်တစ်ယောက်ကို နံရံမှာ ပိတ်ထားတာ... ဒါက ရန်ဖြစ်တော့မယ့်ပုံစံ မဟုတ်ဘူးလား'
'ဘာဖြစ်လို့ အချစ်ဇာတ်လမ်း ဖြစ်သွားရတာလဲ'
'ပြောရမယ်ဆိုရင်...
အရင်က တက္ကသိုလ်တစ်ခုမှာ ဝိညာဉ်သွားခေါ်တုန်းက ကြားဖူးသားပဲ'
' လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ 'ဟော်မုန်း' ဆိုတဲ့ အရာတစ်ခု ရှိတယ်တဲ့
' ဒါကြောင့် အဓိကက ပုံစံကို ကြည့်ရမှာ မဟုတ်ဘဲ ဟော်မုန်း ရှိ၊ မရှိကို ကြည့်ရမှာလား'
ကျန်းလင်သည် လက်ပိုက်ကာ တိုက်ခန်းအတွင်းရှိ မြင်ကွင်းကို အဝေးမှ ငေးကြည့်နေမိသည်။
ထိုစဉ်...
တီဗီကြည့်ရင်း အပြင်စာများစားနေသော ညအိပ်ဝတ်စုံနှင့် မိန်းကလေးမှာ စတင်၍ နေထိုင်မကောင်း ဖြစ်လာ၏။
သူမ လက်ဘေးရှိ အစားအစာများမှောက်ကျသွားကာ သူမသည် ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားတော့သည်။
တီဗီမှာ ဆက်လက်ပြသနေဆဲ ဖြစ်သော်လည်း ကြည့်မည့်သူ မရှိတော့ပေ။
သူမသည်လည်းမသေခင် ဝေဝေဝါးဝါးနှင့် မိမိဘေးတွင် အဖြူရောင် ပုံရိပ်တစ်ခုထိုင်နေသည်ကို မြင်လိုက်ရသည်။
ထိုသူသည် ခြေထောက်ကို ချိတ်ထိုင်ထားကာ ဆံပင်ရှည်များ လွင့်မျောနေပြီး နတ်မိမယ်တစ်ပါးကဲ့သို့ အရှိန်အဝါမျိုး ရှိနေ၏။
သူမ၏ ခန္ဓာကိုယ်၏ ဝေဒနာမှာလည်း ပိုပြင်းထန်လာသည်။
'သူမ... သေတော့မှာလား'
ထို့နောက်သူမ မျက်စိရှေ့တွင် မှောင်အတိကျသွားတော့၏။
ခဏမျှသာ ကြာလိုက်ဟန်ရှိသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။
မအီမသာ ဖြစ်နေသော ခံစားချက်များ အားလုံးပျောက်ကွယ်သွားကာ နတ်သက်ကြွေသကဲ့သို့ပင် လွင့်မျောနေတော့သည်။
ပိုထူးဆန်းသည်မှာ သူမသည် အမှန်တကယ် ပျံတက်နေခြင်းပင်။
'သူမ... လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ကျင့်စဉ် အောင်မြင်သွားတာလား'
'မဖြစ်နိုင်တာ၊ သူမ ကျင့်စဉ်လည်း မကျင့်ဖူးပါဘူး'
' ညတိုင်း ညဉ့်နက်မှ အိပ်တာကိုပဲ 'နတ်ဆိုးကျင့်စဉ်' ကျင့်တယ်လို့ ပြောခဲ့ပေမယ့်...'
"ငါ....ငါက ညဉ့်ဦးယံနတ်ဘုရားမ ဖြစ်သွားတာလား"
တစ်ခဏအတွင်း အတွေးပေါင်းများစွာမှာ မိန်းကလေး၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
ဘေးတွင် ဟုန်ယာသည်လည်း အဝတ်အစားများကို ခါလိုက် ကာ မတ်တပ်ရပ်လိုက်သည်။
သို့သော် မပြီးသေးသော ဇာတ်လမ်းတွဲကိုကြည့်ကာ သူမမှာ နှမြောတသ ဖြစ်နေမိ၏။
"ဟူး... မကြည့်လိုက်ရပြန်ဘူး"
"...."
အသံကြားသဖြင့် ဝိညာဉ်ဘဝသို့ ရောက်သွားသော မိန်းက လေးမှာထိတ်လန့်သွားကာ သူမ အတွေးများထဲမှ ရုန်းထွက်လိုက်သည်။
သူမသည် ဘေးနားရှိ ပုံရိပ်ကို မျက်လုံးအောင့်မှတစ်ဆင့် ခိုးကြည့်လိုက်ရာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။
သို့သော် သူမ၏ ခန္ဓာကိုယ်မှာ မည်သည့် တုံ့ပြန်မှုမျှ မလုပ်နိုင်ပေ။
သူမ၏ ဦးနှောက်ထဲရှိ ရှင်သန်လိုစိတ်က ဘေးရှိအဖြူရောင် ဝိညာဉ်တမန်တော်၏စကားကို လျင်မြန်စွာ ပြန်လည် သတိရစေသည်။
ချက်ချင်းပင် သူမ စိတ်က လှုပ်ရှားသွားကာဘာမှ မဖြစ်သကဲ့သို့ပင် သူမသည် နေရာတွင်ပြန်ထိုင်လိုက်ကာ တီဗီကြည့်နေသည့် ပုံစံမျိုးကို ဆက်လက်လုပ်ဆောင်နေတော့ သည်။
ဟုတ်သည်၊ တီဗီက အမှန်ပင်ကြည့်၍ကောင်းသည်လေ။
ထိုအချိန်တွင် ဟုန်ယာက အကြောဆန့်လိုက်ကာ နောက်တစ်ကြိမ်ကျမှ ဆက်ကြည့်ရန် အခွင့်အရေးရှာရမည်ဟု တွေးလိုက်သည်။
"သွားရအောင်"
သို့သော် မည်သည့် တုံ့ပြန်မှုမျှမရသဖြင့် ဟုန်ယာ လှည့်ကြည့်လိုက်ရာ...
'အမ်...."
'ဘာလို့ ပြန်ထိုင်နေတာလဲ'
...
[...အဟမ်းာကျွန်တော် တကယ်တော့ ဝမ်းနည်းနေခဲ့တာပါ]
[ကျွန်တော်လည်း အတူတူပဲ]
မိန်းကလေးလဲကျသွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ လေထုမှာ တဖြည်းဖြည်း မှိုင်းညို့လာခဲ့သော်လည်း ဤမြင် ကွင်းကို မြင်လိုက်ရချိန်တွင် ကြည့်ရှုသူများမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကြသည်။
[ညဉ့်ဦးယံနတ်ဘုရားမ ဆိုတာ တကယ်ပဲလား]
[ဒီဘွဲ့နာမည်ကို ကျွန်တော်လည်းယူနိုင်တယ်လို့ ထင်တယ်]
[ငါ အရင်အတိုင်းနေနေရင် ငါ့ဝိညာဉ် ခိုးထွက်သွားတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး]
[မျက်စိမှိတ်ထားရင် မင်း ငါ့ကို မမြင်ရဘူး ~ ကိုယ်ပျောက်အတတ်]
[ငါ တိတ်တိတ်လေး မှတ်ချက်ပေးနေရင် မင်းတို့ အလိုအ လျောက် ကျော်သွားကြမှာပဲ...]
မြင်ကွင်းထဲတွင်...
ဟုန်ယာသည် ဧည့်ခန်းအလယ်တွင် ရပ်နေရင်း သူမကို မမြင်ချင်ဟန် ဆောင်နေသော မိန်းကလေးကိုကြည့်ကာ ရယ်ချင်သွားမိသည်။
"မင်း သေသွားတာတောင် ဇာတ်လမ်းလိုက်ကြည့်နေချင်သေးတာကို ငါ စိတ်မကောင်းဖြစ်မိပေမယ့်... ဒါပေမယ့်..."
"မင်း မလှုပ်ရင် ငါက အရင်လှုပ်လိုက်မှာနော်"
ထို့နောက်သူမသည် ပြုံးလိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ 'ဖြောက် ဖြောက်' ဟု အသံနှစ်ခုက ထွက်ပေါ်လာ၏။
ဤသည်ကို ကြားသောအခါ ထိုမိန်းကလေးမှာ ဆက်မနေနိုင်တော့ပေ။
သူမသည် အားနာပါးနာနှင့် ရယ်ပြကာ မတ်တပ်ရပ်ပြီး ဖျောင်းဖျလိုက်သည်။
"ဝိညာဉ်တမန်တော်ကြီးရှင့်... ကျွန်မ ရှင့်ကို တီဗီကြည့်ဖို့ ဖိတ်ခေါ်ပါရစေ၊ ဒီဇာတ်လမ်းကို ရှင်လည်း မကြည့်ရသေးဘူး မဟုတ်လားဟင်"
ထိုအချိန်တွင် သူမသည် မသေဆုံးမီ နောက်ဆုံးမြင်လိုက်ရသည့် ဆိုဖာပေါ်တွင် ထိုင်နေသော အဖြူရောင် ပုံရိပ်ကို ပြန်လည် မြင်ယောင်နေမိသည်။
မယုံနိုင်စရာ ကောင်းသော်လည်း...
ဤဝိညာဉ်တမန်တော်ကြီးမှာ စောစောကတည်းက ရောက်နေခဲ့ပြီး သူမ ဘေးတွင်ထိုင်ကာ ဇာတ်လမ်းတွဲ အတူတူ ကြည့်နေခဲ့ခြင်း မဟုတ်ပါလား.....