← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

🫧 Chapter 119

[မေးပါရစေ၊ အဲဒီလို နည်းပညာအသစ်နဲ့ အိမ်မွေးတိရစ္ဆာန်လေးကို ဘယ်မှာ ဝယ်လို့ရမလဲ Link ရှိလားခင်ဗျ]

[ကျွန်တော်လည်း သိချင်တယ်၊ ဈေးကြီးသလား ဈေးကြီးလည်း ဝယ်မယ် ပိုက်ဆံရှိတယ်]

ဤမေးခွန်းများကို မြင်သောအခါ Live ခန်းထဲတွင် အမြဲရှိနေသည့် ပရိသတ်ဟောင်းများမှာ သဘောကျသွားကြသည်။

စောစောကမှ အပြင်းအထန် ငြင်းဆိုနေကြတာ မဟုတ်လား.....

အခုမှ ဝယ်ချင်ကြတာလား....

ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူးဟ....

[ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီအကောင်လေးက သန့်ရှင်းရေးလုပ်ပေးနိုင်ရုံတင်မကဘူး၊ အပြင်ကိုလည်း အလွယ်တကူ ထွက်မသွားဘူး၊ အိမ်ထဲမှာပဲနေတာ အရမ်းအဆင်ပြေတယ်]

[အိမ်လည်း မဖျက်ဆီးဘူး၊ အမှိုက်လည်း ထပ်မဖန်တီးဘူး အစာကျွေးဖို့ မေ့သွားမှာလည်း စိုးရိမ်စရာမလိုဘူး၊ မွေးရတာ တကယ့်ကို လွယ်ကူတယ်]

[ဒီအကောင်လေးက အရာရာအဆင်ပြေပေမယ့် အားနည်း ချက် တစ်ခုပဲ ရှိတယ်]

[ဘာအားနည်းချက်လဲ]

[ပစ္စည်းပြတ်နေတာ၊ ဒီအိမ်မွေးတိရစ္ဆာန်က ပိုက်ဆံရှိရင် တောင် ဝယ်လို့မရဘူး]

ဤစကားကို ပြောလိုက်သည့် ပရိသတ်ဟောင်းများမှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြသည်။

လူသစ်များကို ကြည့်ရသည်မှာလည်း အတော်ပင် အမြင် ကတ်စရာ ကောင်းလှ၏။

သူတို့၏စိတ်ထဲတွင်လည်း အလွန်ကျေနပ်နေကြသည်။

'မယုံကြဘူးဆိုရင် အခုလည်း ရှာမရဘူးလေ၊ ဟုတ်တယ်မလား'

'ဟဲဟဲ....'

...

ကျန်းလင်ကမူ

Live ခန်းအတွင်းရှိ ကြည့်ရှုသူများသည် သန့်ရှင်းရေး ဝိညာဉ်များကို အလွန်နှစ်သက်နေကြသည်ဟု သူ ထင်မြင်မိသဖြင့် ကင်မရာကို သန့်ရှင်းရေး ဝိညာဉ်များဘက်သို့ လှည့်ပေးထားလိုက်သည်။

မိမိကိုယ်တိုင်ကမူ စက္ကူဖြူတစ်ရွက်ကို ထုတ်ကာ တစ်စုံ တစ်ခုကို ရေးသားနေ၏။

ထို့နောက်သူစာမျက်နှာဝက်ခန့် ရေးပြီးနောက်တွင် စာရွက်ကို ပြန်သိမ်းကာ အနားယူရာနေရာသို့ ပြန်ခဲ့‌လေသည်။

နန်းဆောင် ၁၈ အတွင်းရှိ ကုတင်ပေါ်တွင် ထိုင်ရင်း ကျန်းလင်သည် စနစ်ဈေးဆိုင်ကို ဖွင့်လိုက်၏။

ထို့နောက်သူယခင်က 'ဝိညာဉ်ဘုရင်' အဆင့်သို့ တက်လှမ်းစဉ်က ရရှိခဲ့သော ရမှတ် ၁၀,၀၀၀ ကို အသုံးပြုကာ 'ဝိညာဉ်စွမ်းအားလုံး' များ လဲလှယ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် မဝယ်ယူမီ...

ကျန်းလင်သည် စိတ်ကူးတစ်ခု ရသွားကာ 'လျှော့စျေးကတ်' ကို ထုတ်ယူလိုက်သည်။

ထိုလျှော့စျေးကတ်၏အသုံးဝင်ပုံကို သိရှိပြီးကတည်းက သူ စမ်းသပ်ကြည့်ချင်နေခဲ့ခြင်း ဖြစ်သည်။

ဤနှစ်ရက်အတွင်း အလုပ်များနေသဖြင့် ဤသို့ အသုံးပြုရန် အခွင့်အရေး မရခဲ့ပေ။

ကျန်းလင် : "လျှော့စျေးကတ် အသုံးပြုမယ်"

ဝယ်ယူခြင်းနှင့် ပတ်သက်လျှင် လက်ရှိတွင် သူ အမြဲတစေ ဝယ်ယူနေရသည်မှာ ဝိညာဉ်စွမ်းအားလုံး မဟုတ်ပါလော။

ငရဲသုံးငွေကြေး ကို Live ခန်းမှတစ်ဆင့် ရရှိနိုင်သော်လည်း ရမှတ်များမှာမူ တာဝန်များ ပြီးမြောက်မှသာ ရရှိနိုင်ခြင်း ဖြစ်သည်။

ထိုအရာကမှ လျှော့စျေးကတ်၏ အကြီးမားဆုံး အသုံးဝင်ပုံ ဖြစ်ပေသည်။

[ဒင် လျှော့စျေးကတ် အသုံးပြုခြင်း အောင်မြင်ပါသည်]

ဝိညာဉ်စွမ်းအားလုံး အကြီးတစ်လုံးမှာ မူလက ရမှတ် ၅၀၀ လိုအပ်ကာ ရမှတ် ၁၀,၀၀၀ ဆိုလျှင် အလုံး ၂၀ သာ ဝယ်ယူနိုင်သည်။

သို့သော် လျှော့စျေးကတ် အသုံးပြုပြီးနောက်တွင်မူ ဝိညာဉ်စွမ်းအားလုံး အကြီးတစ်လုံးလျှင် ရမှတ် ၄၀၀ သာ ကျသင့်တော့သည်။

ထို့ကြောင့် ရမှတ် ၁၀,၀၀၀ ဖြင့် ၂၅ လုံးအထိ ဝယ်ယူနိုင်သဖြင့် ၅ လုံး ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

ယင်စွမ်းအင်လုံး ၅ လုံးဆိုလျှင် ရမှတ် ၂,၅၀၀ တန်ဖိုးရှိသည်။

ကျန်းလင်အနေဖြင့် နေ့စဉ်တာဝန်တစ်ခု ပြီးမြောက်လျှင် ရမှတ် ၅၀၀ ရရှိသည်ဆိုသော်လည်း ၅ ကြိမ်တိုင်တိုင် လုပ်ဆောင်မှသာ ရမှတ် ၂,၅၀၀ ရရှိမည် ဖြစ်သည်။

ကျန်းလင်သည် လဲလှယ်လိုက်သော ဝိညာဉ်စွမ်းအားလုံး ၂၅ လုံးကို ကြည့်ရင်း စိတ်အကြီးအကျယ်ကျေနပ်မိနေ၏။

ဤနည်းလမ်းက တကယ်ကို ထိရောက်ပေသည်။

...

နန်းဆောင် ၁၈ အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ အလွန်သိပ် သည်းလှပြီး 'အခြေခံ ကျင့်ကြံခြင်းခန်းမ' နှင့် မခြားနားပေ။

ဤနေရာတွင်ပင် ကျင့်ကြံ၍ရနိုင်၏။

ထို့ကြောင့်ကျန်းလင်သည်လည်း ဝိညာဉ်စွမ်းအားလုံး တစ်လုံးကိုယူကာ ကျင့်ကြံရန် ပြင်လိုက်သည်။

ရုတ်တရက် မေးခွန်းတစ်ခုကို သတိရသွားသည်...

သူသည် ဤအခန်းကြီးကို ကြည့်လိုက်ကာတွေးတောလိုက်၏။

'ကျင့်ကြံနေရင်း ပျက်စီးသွားတာမျိုးတော့ မဖြစ်နိုင်ပါဘူးနော်'

'ဒီအိမ်က သုံးရတာ တစ်ရက်ပဲ ရှိသေးတာ...'

ကျန်းလင် အချိန်တစ်ခုခန့် အစမ်းသဘောဖြင့် ကျင့်ကြံကြည့်ရာ နံရံနှင့် မျက်နှာကြက်တို့တွင် ထူးခြားသော တုန်ခါမှုမျိုး မရှိသည်ကိုတွေ့ရသည်။

ထို့နောက်မှ သူသည် အလေးအနက် စတင် ကျင့်ကြံလေတော့သည်။

...

နောက်တစ်နေ့

ကျန်းလင် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် ပထမဆုံးအနေဖြင့် တစ်ခုလုံးကို အာရုံခံကြည့်လိုက်သည်။

'အင်း... အက်ကြောင်းတွေလည်း မရှိဘူး၊ ပြိုကျတာလည်း မရှိဘူး၊ အဆင်ပြေတယ်'

သို့သော် အဆင့်တက်ချိန် တွင်မူ 'အဆင့်မြင့် ကျင့်ကြံခြင်းခန်းမ' သို့ သွားသင့်သည်ဟု ကျန်းလင် ခန့်မှန်းမိသည်။

မတော်တဆ နန်းဆောင် ၁၈ ကို ဖျက်ဆီးမိသွားလျှင် အခက်တွေ့ပေလိမ့်မည်။

ထိုအခါကျလျှင် အဖွဲ့ဝင်များရောက်လာပါက အပျက်အစီးပုံပေါ်မှာ အစည်းအဝေးထိုင်နေကြရမည် မဟုတ်ပါလော။

နားနေခန်းမှ ထွက်လာပြီးနောက်တွင်မှ Live ကင်မရာကို နန်းဆောင်အတွင်းမှာပင် ဖွင့်ထားခဲ့သည်ကို သူ သတိရသွားကာ သူ တစ်ချက်ကြည့်မိလိုက်၏။

သန့်ရှင်းရေး ဝိညာဉ်လေးများသည် သန့်ရှင်းရေးလုပ်ပြီးနောက် အိမ်ထဲတွင် ပြန်လည်ပုန်းကွယ်နေကြပြီ ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ Live ခန်းအတွင်းရှိ ကြည့်ရှုသူဦးရေမှာ လျော့မသွားခြင်းပင်။

အချို့သော ကြည့်ရှုသူများမှာ မှတ်ချက်များထဲတွင် စကား ပြောနေကြသည်။

[ငါက Live ကြည့်ရင်းနဲ့ ညလုံးပေါက် အလုပ်လုပ်နေတာ၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာနဲ့ မတူဘူးလား]

[ကြည့်ရင်း ကြည့်ရင်းနဲ့ Live ထဲမှာ ကိုယ့်ပုံရိပ်ကိုယ် ပြန်မြင်လာရလိမ့်မယ်]

[ဟေ့ မခြောက်နဲ့လေ၊ ငါက အဲဒါကို ကြောက်လို့ပဲ စောင့်ကြည့်နေတာ]

[...မင်း ကြည့်တာ၊ မကြည့်တာနဲ့ မဆိုင်ပါဘူး၊ ညလုံးပေါက်ရင် ရုတ်တရက် နှလုံးရပ်ပြီးသေနိုင်တယ်]

[ဒါဆို မေးစရာရှိတာက၊ အပေါ်ကလူ မင်းကော ညမအိပ်တာ မဟုတ်ဘူးလား]

[ငါက မတူဘူးလေ၊ ငါက ပျင်းလို့]

[...]

ကျန်းလင် Live ကင်မရာရှေ့သို့ ထွက်လာသောအခါ ပုန်းနေသော ကြည့်ရှုသူ အမြောက်အမြားမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

သူတို့သည် ဤအချိန်ကိုပင် စောင့်မျှော်နေကြဟန် တူသည်။

[Host မင်္ဂလာနံနက်ခင်းပါ]

[တစ်ရက်နဲ့ တစ်ညတောင်ရှိသွားပြီ၊ နောက်ထပ် နေ့သစ်တစ်ခု ရောက်လာပြန်ပြီ၊ Host ကတော့ တကယ့်ကို အားကျစရာပဲ]

[Host ရေ... ဟို သန့်ရှင်းရေး ဝိညာဉ်လေးက အရမ်းကောင်းတာပဲ ကျွန်တော် မနေ့ညက အိပ်မက်တောင် မက်တယ်]

[ဝိုး အပေါ်ကလူ... ဒါက ငရဲပြည်က သတ္တဝါလေ၊ မင်းရဲ့ အိပ်မက်က အိပ်မက်သက်သက် မဟုတ်နိုင်ဘူးနော် ]

[မနေ့ညက အဲဒါလေးတွေကို ပုံဆွဲပြီးမှ အိပ်လိုက်တယ်၊ ဟဲဟဲ...]

Live ခန်း၏ လူကြိုက်များမှုမှာ မူလကတည်းက မြင့်မားနေခြင်း ဖြစ်သည်။

ယခုမူကြည့်ရှုသူ အမြောက်အမြား၏အားပေးမှုကြောင့် 'သန့်ရှင်းရေး ဝိညာဉ်' ဆိုသည့် စကားလုံးမှာ ရှာဖွေမှု အများဆုံး စာရင်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

#အိမ်ရှင်မတို့အတွက် အဖော်မွန်ကောင်းကို သင်ပိုင်ဆိုင်ထိုက်သည်

#ဒီလောက် အူကြောင်ကြောင်နဲ့ အလုပ်ကြိုးစားတဲ့ အိမ်မွေးတိရစ္ဆာန်မျိုး မြင်ဖူးလား

#အား ကောင်ရေတစ်ဒါဇင်လောက် မွေးချင်စရာအကောင်းဆုံး တိရစ္ဆာန်က ဒါပဲ

...

'အလုပ်ကြိုးစားတဲ့ အိမ်မွေးတိရစ္ဆာန်..'

ဤခေါင်းစဉ်က အမှန်တကယ်ကို လှည့်စားလွန်းသည်။

ကြည့်ရှုသူ အမြောက်အမြားမှာ 'အိမ်ရှင်မတို့အတွက် အဖော်မွန်ကောင်း' နှင့် 'အိမ်မွေးတိရစ္ဆာန်' ဆိုသည့် စကားလုံးများကြောင့် လိမ်လည် ခေါ်ယူခြင်း ခံလိုက်ရ၏။

'ရလဒ်အနေဖြင့် ဝင်ကြည့်လိုက်သောအခါ... ဒါက လူ့လောကမှာ ပိုင်ဆိုင်လို့ရတဲ့ အရာလား...'

'လုံးဝ မဟုတ်ဘူးလေ....'

...

သန့်ရှင်းရေး ဝိညာဉ်၏ပုံရိပ်မှာ အလွန်ပင် အူကြောင်ကြောင် ဖြစ်ပြီး ပုံဆွဲရသည်မှာလည်း ရိုးရှင်းလှပေသည်။

ထို့ကြောင့် ပန်းချီပညာ မတတ်သူရော၊ ကျွမ်းကျင်သူပါ အကုန်လုံးက ဝိုင်းပြီးဆွဲကြည့်ကြတော့သည်။

သို့သော် ရလဒ်ထွက်လာသောအခါတွင်မူ နှိုင်းယှဉ်ချက်က ထွက်ပေါ်လာသည်။

ပညာရှင်များ ဆွဲထားသည့်ပုံမှာ တကယ့်ကို အသက်ဝင်လှသည်။

နောက်ခံပုံရိပ်များနှင့် (၁၈) ခုမြောက် နန်းဆောင်အတွင်းရှိ အသုံးအဆောင်များကိုပါ ထည့်သွင်းဆွဲထားကြခြင်း ဖြစ် သည်။

တကယ့်ကို အပြင်မှာ ရှိနေသကဲ့သို့ပင် ရေစက်တစ်စက်ကိုပင် နည်းပညာအမျိုးမျိုးဖြင့် အလှဆုံးဖြစ်အောင် ဆွဲနိုင်ကြသည်။

"..."

ပန်းချီမဆွဲတတ်သူများမှာ ပညာရှင်များ၏ပုံကို ကြည့်လိုက်၊ မိမိပုံကို ပြန်ကြည့်လိုက်နှင့်စိတ်ညစ်နေရ၏။

' အကုန်လုံးကပြန့်ကားနေတဲ့ သန့်ရှင်းရေး ဝိညာဉ်လေးတွေပါပဲ၊ ဒါပေမဲ့ သူတို့ဆွဲထားတာကျတော့ ကြည့်ရင်း ကြည့်ရင်းနဲ့...

ဘာလို့ မုန့်ပြားကြီးနဲ့ တူနေရတာလဲ'

'ပြီးတော့ ကြက်ဥနှစ်ခုပါတဲ့ ကြက်ဥမုန့်ပြားနဲ့တောင် ဆင်နေသေးတယ်'

...

Live ခန်းအတွင်း တက်လာသော မှတ်ချက်များကို ကြည့်ရင်း...

ကျန်းလင် နှုတ်ဆက်လိုက်ကာ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြောပြလိုက်သည်။

"မင်္ဂလာပါ....ဒီနေ့က အဖွဲ့ ၁၈ အလုပ်စတင်တဲ့ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်"

"အဖွဲ့က အခုမှ စတင်တာဖြစ်တဲ့အတွက် ဒီရက်ပိုင်း Live တွေက မနေ့ကနဲ့ သိပ်ထူးမှာ မဟုတ်ပါဘူး"

သူသည်အဖွဲ့ဝင်များ၏အလုပ်လုပ်ပုံကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ကျန်းလင် ထင်ထားသည်မှာ ဤအစီအစဉ်ကိုကြားပြီးနောက် ကြည့်ရှုသူ အချို့ ထွက်သွားကြလိမ့်မည် ဟူ၍ဖြစ်၏။

သို့သော် ထူးဆန်းသည်မှာ လူဦးရေလျော့မသွားဘဲ ပိုမိုတိုး တက်လာခြင်းပင်။

ထို့ပြင်လက်ဆောင်များကလည်း တသီတတန်းကြီး တက်လာသည်။

ကျန်းလင် : '......'

ကြည့်ရှုသူများ :

[Host ကြိုးစားပါ Host ဘာပဲလွှင့်လွှင့် ကျွန်တော် ကြည့်မှာပါ]

[အခြားအကြောင်းကြောင့် မဟုတ်ဘူး၊ ရင်းနှီးနေလို့ပဲ]

[ဒါမျိုး ရှိသင့်တယ်၊ အဖွဲ့ဝင်တွေ အကုန်လုံးက စိတ်ဝင်စားဖို့ ကောင်းတယ်]

[ဒီနေ့ကော လမ်းပျောက်တတ်တဲ့ နျဲ့ကျူနဲ့ ထပ်တွေ့ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့လာတာပါ ƪ⁠(⁠˘⁠⌣⁠˘⁠)⁠ʃ ]

🫧 Chapter 120

နောက်ရက်အနည်းငယ်အတွင်း ကျန်းလင်သည် ထိုအဖွဲ့ဝင် အယောက်နှစ်ဆယ်ကို စောင့်ကြည့်နေခဲ့သည်။

သူတို့၏ကိုယ်ပိုင်အလုပ်လုပ်ဟန်ပေါ် မူတည်၍ အလုပ်တာ ဝန်အချို့ကို သင့်တော်သလို ညှိနှိုင်းပေးခဲ့၏။

သို့သော်လည်း...

နျဲ့ကျူကမူ လမ်းပျောက်နေဆဲပင်။

လမ်းပျောက်သည့် အချိန်ကြာမြင့်မှု အနည်းအများသာ ကွာခြားတော့သည်။

ဟုန်ယာကမူ...

စောစောကကဲ့သို့ အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုရက် ပိုင်းတွင် များစွာထိန်းသိမ်းလာသည်။

ဝိညာဉ်သတင်းအချက်အလက် ထွက်ပေါ်လာသည်နှင့် သူမသည် ချက်ချင်းပင်ရောက်ရှိသွားတတ်သည်။

ခေါ်ယူရမည့် ဝိညာဉ်ဘေးတွင်လည်း အမြဲစောင့်ကြပ်နေ၏။

သို့သော်လည်း ရုပ်သံဇာတ်လမ်းတွဲ ကြည့်နေသူ သို့မဟုတ် ဝတ္ထုရေးနေသူများနှင့် တွေ့သည့်အခါတွင်မူ... သူမ၏ မျက်လုံးများက မသိမသာ ခိုးကြည့်မိသွားတတ်မြဲပင်။

သို့မဟုတ်လျှင်လည်း မတော်တဆ ဖြတ်သွားသလိုမျိုး သို့မဟုတ် ကင်းလှည့်နေသလိုမျိုးဖြင့် အပေါ်ယံတွင် ဝေ့ဝဲနေတတ်သည်။

...

ဤရက်ပိုင်းအတွင်း တွေ့ရှိချက်များ သို့မဟုတ် ထူးခြားသော ပြောင်းလဲမှုများထဲတွင် အမြဲတမ်းဝန်ထမ်းသစ်အဖြစ် ခန့်အပ်ခံရသော ဝိညာဉ်တမန်တော် အနည်းငယ်မှာ အထင်ရှားဆုံးဖြစ်သည်။

ဥပမာအားဖြင့် အဘွားအို ဖူကျားနောက်သို့ လိုက်ပါနေသော ကျိယင်ဖြစ်၏။

ဖူကျားနှင့်အတူ ရက်အနည်းငယ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ကျိယင်သည် 'ဝိညာဉ်တမန်တော်' တစ်ဦး၏အလုပ်ကို တဖြည်းဖြည်း အသားကျလာခဲ့သည်။

ဝိညာဉ်ခေါ်ယူသည့်အခါတွင် စိတ်မကောင်းဖြစ်ရဆဲဆိုသော် လည်း ယခင်ကကဲ့သို့ ဝိညာဉ်၏ဆွဲဆောင်ရာနောက်သို့ အလွယ်တကူ ပါမသွားတော့ပေ။

ကျန်းလင်သည် မလှမ်းမကမ်းတွင် ရပ်ရင်း ဖူကျားနှင့် ကျိယင်တို့ကို တိတ်ဆိတ်စွာစောင့်ကြည့်နေမိသည်။

ယခုတစ်ကြိမ်မှာမူ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင်ဖြစ်သည်။

ဆယ်နှစ်အရွယ် မိန်းကလေးငယ်လေးမှာ ဆေးရုံကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။

သူမ မျက်နှာလေးမှာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလှသော်လည်း ကိုယ်ခန္ဓာလေးမှာ သေးငယ်လှသည်။

သို့သော် ကုတင်ပေါ်ရှိ ထိုကလေးငယ်လေးမှာ အသက်ရှူခြင်း မရှိတော့ပေ။

ကိုယ်ခန္ဓာလေးမှာလည်း လှုပ်ရှားမှုကင်းမဲ့နေသည်။

ကုတင်ဘေးတွင် အမျိုးသမီးတစ်ဦး ရှိနေပြီး သူမသည် ငြိမ်သက်စွာ ကြည့်နေ၏။

သူမသည် သမီးဖြစ်သူ၏ ဆံပင်မရှိသော ဦးခေါင်းလေးကို ပွတ်သပ်ပေးကာ သမီးငယ်၏ လက်ကလေးကိုလည်း ကြင်နာစွာ နမ်းရှိုက်ပေးနေသည်။

"အိပ်တော့နော်... အိပ်တော့..."

"အိပ်ပျော်သွားရင် မနာတော့ဘူးလေ"

ထိုအမျိုးသမီးသည် ထိုနေရာတွင် ဒူးထောက်ရင်း သူမ၏ နဖူးဖြင့် သမီးငယ်၏ လက်ကလေးကို အသာအယာ ဖိကပ် ထားသည်။

သူမသည် တစ်စုံတစ်ခုကို နှောင့်ယှက်မိမှာ စိုးရိမ်နေသည့်အလားနူးနူးညံ့ညံ့လုပ်‌ ဆောင်နေသော်လည်းမျက်ရည်များမှာမူ ကြမ်းပြင်ပေါ်သို့ အသံတိတ် စီးကျနေတော့သည်။

...

လူသားတို့ မမြင်နိုင်သော အခြားရှုထောင့်တစ်ခုတွင်မူ...

မိန်းကလေးငယ်လေးသည် ကုတင်ပေါ်မှ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး သူမ၏ တဖြည်းဖြည်း ကြည်လင်လာသော လက်ကလေးများကို အံ့သြစွာကြည့်နေမိသည်။

"တကယ်ကြီး မနာတော့ဘူး"

ထို့နောက်ကုတင်ဘေးတွင် ဒူးထောက်နေဆဲဖြစ်သော အမျိုးသမီးကို ကြည့်လိုက်သည့်အခါတွင်မူ သူမ တိတ်ဆိတ်သွားတော့သည်။

သူမသည် မိမိကိုယ်တိုင်သေဆုံးတော့မည်ကို ကြိုတင်သိရှိထားပြီး သေခြင်းတရား ရောက်ရှိလာမည့် အချိန်ကိုလည်း စိတ်ကူးကြည့်ဖူးသည်။

သူမ ထင်ထားသည်မှာ...

ကောင်းကောင်းမွန်မွန် မမြင်တွေ့ခဲ့ရသေးသော ဤကမ္ဘာလောကကြီးကို အလွန်တရာ တွယ်တာနေမိလိမ့်မည် ဟူ၍ ဖြစ်သည်။

မိမိကိုယ်မိမိ လွတ်မြောက်သွားပြီဟု ခံစားရလိမ့်မည်ဟုလည်း ထင်ခဲ့ဖူးသည်။

သို့သော် ဤအချိန်သို့ အမှန်တကယ် ရောက်ရှိလာသောအခါတွင်မူ...

မိမိကိုယ်ခန္ဓာမှ တစ်စုံတစ်ခု ကွာကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

လူ့လောကရှိ အရာအားလုံးသည် မိမိနှင့် ဝေးကွာသွားပြီဟုလည်း ခံစားနေရ၏။

ယခုအချိန်တွင် သူမသည် ဤနေရာနှင့် မသက်ဆိုင်တော့ပေ။

အကယ်၍ စွန့်လွှတ်ရခက်နေသည့် အရာတစ်ခုရှိသည်ဆိုလျှင်... ၎င်းမှာ ကုတင်ဘေးရှိ ဤအမျိုးသမီးပင် ဖြစ်ပေလိမ့်မည်။

"..."

ထို့နောက်သူမသည် သူမ၏ရှေ့တွင် ဝတ်စုံဖြူများ ဝတ်ဆင်ထားသော ဖူကျားနှင့် ကျိယင်တို့ကိုကြည့်ရင်း... သူတို့က ဘယ်သူများနည်းဆိုသည်ကိုသူမ မသိသော်လည်း သူတို့နောက်သို့ လိုက်သွားသင့်သည်ဟု ဗီဇအရ သိရှိနေသည်။

သူမသည် ကိုယ်ကို ကိုင်းလိုက်ကာ အသံတိတ်ငိုကြွေးနေသော အမျိုးသမီးကို အသာအယာဖက်လိုက်ကာ တိုးညှင်းစွာ ရေရွတ်လိုက်၏။

"မေမေ... သမီး ထွက်သွားပြီးရင်လည်း မေမေ နေကောင်း အောင်နေရမယ်နော်"

"မေမေ သမီးကို ပြောဖူးတယ်လေ၊ အနာဂတ်မှာ လှပတဲ့ အရာတွေ အများကြီး ရှိဦးမှာမို့လို့ သမီးတို့အားလုံး ရှေ့ကိုပဲ ကြည့်ရမယ်ဆိုတာ... ဟုတ်တယ်မလား"

"သမီး အခု တကယ်ပဲ မနာတော့ဘူးနော် မေမေ၊ မေမေ ပြောတာတွေ အကုန်လုံး အမှန်တွေချည်းပဲ"

"...ကျေးဇူးတင်ပါတယ် မေမေ...."

နောက်ဆုံးနှုတ်ဆက်ခြင်းကို ပြုလုပ်ပြီးနောက် မိန်းကလေးငယ်သည် ထရပ်လိုက်ကာ ဗီဇအတိုင်းဝတ်စုံဖြူဝတ် 'လူ' နှစ်ဦးထံသို့ လျှောက်သွားတော့သည်။

ခြေလှမ်းတိုင်း တိုးကပ်သွားလေလေ လူ့လောကနှင့် ပိုမို ဝေးကွာသွားသည်ဟု ခံစားရလေလေပင်။

ထို့ကြောင့် သူမသည် သူမ ရှေ့ဆက်သွားရမည့် နေရာသည် မည်သို့သော နေရာမျိုးဖြစ်နေမလဲ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ထိတ်လန့်ခြင်း... စသည့် ခံစားချက်မျိုးစုံမှာ စိတ်ထဲသို့ဝင်လာခဲ့တော့၏။

သို့သော်ရုတ်တရက် မိန်းကလေးငယ်၏မျက်လုံးများ ပြူးကျသွားကာ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူမသည် ရှေ့တွင်ရှိနေသော တောင်ဝှေးမပါသည့် ဝတ်စုံဖြူဝတ်သူကို ကြည့်ကာ မှင်တက်သွား၏။

အဘယ်ကြောင့်ဆိုသော် ကျိယင်၏ ဦးထုပ်ရှည်ကြီးပေါ်တွင် ရုတ်တရက်... အမွှေးပွပွနှင့် လှုပ်ရှားနေသော ကြောင်နား ရွက်တစ်စုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းသည်အင်မတန်ချစ်စရာကောင်းလှကာ ချစ်စရာကောင်းသည်နှင့်ပင် မလိုက်ဖက်နိုင်အောင် အလွန်ပင်ကြီးမားလှ၏။

ထို့ကြောင့် မူလက လေးလံမှိုင်းညို့နေသော အခြေအနေမှာ ချက်ချင်းပင် နူးနူးညံ့ညံ့ဖြစ်သွားတော့သည်။

ထိုမိန်းကလေးငယ်သည်လည်း အံ့သြတကြီးဖြင့် ပါးစပ်လေးဟကာ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ဘာဖြစ်သွားမှန်း မသိနိုင်ဘဲ ဖြစ်နေတော့သည်။

...

မိန်းကလေးငယ်လေးသာ ကြောင်အသွားသည် မဟုတ်ဘဲ Live ခန်းအတွင်းရှိ ကြည့်ရှုသူများလည်း ကြောင်အသွားကြသည်။

မူလက Live ခန်းတစ်ခုလုံးတွင် ဝမ်းနည်းမှု အငွေ့အသက်များ ဖုံးလွှမ်းနေခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ထိုဝမ်းနည်းမှုများပင် မှင်တက်သွားရသည်။

နှာခေါင်းထဲတွင်လည်း မချိတင်ကဲ ခံစားနေရဆဲပင်။

[ငါ တစ်ခုခု မှားနေပြီလား၊ ညီအစ်ကိုတို့... ငါ နားရွက်တစ်စုံ မြင်နေရသလိုပဲ ငါ့မျက်စိ ပြဿနာတက်နေတာလား]

[အပေါ်ကလူ မင်းမြင်တာ မမှားပါဘူး၊ ငါ့မျက်စိလည်း ပြဿနာတက်နေပြီ]

[အဲဒီလောက် အကြီးကြီးဖြစ်တဲ့ ကြောင်နားရွက်က ဘယ်အချိန်က ထွက်လာတာလဲ]

[ဒါက တကယ့်ကို အံ့သြစရာပဲ]

Host က အဖွဲ့ဝင်အယောက်နှစ်ဆယ်ကို စောင့်ကြည့်နေသည့် ဤရက်ပိုင်းအတွင်း သူတို့သည် ဝိညာဉ်တမန်တော် အများအပြားကို မြင်တွေ့ခဲ့ရသည်။

စာရေးဆရာတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ခိုးကြည့်တတ်တဲ့ ဝိညာဉ်တမန်တော် ရှိသလို၊ မိမိနောက်က ဝန်ထမ်းသစ်ကို ဖြစ်စေ၊ မိမိကိုမမြင်ရတဲ့ လူသားကိုဖြစ်စေ တစ်နေကုန် စကားပြောနိုင်တဲ့ စကားများတဲ့ ဝိညာဉ်တမန်တော်လည်း ရှိသည်။

ဝိညာဉ်ကို စောင့်ရင်း စောင့်ရင်းနဲ့ အိပ်ပျော်သွားတတ်တဲ့ 'အိပ်စက်ခြင်းနတ်ဘုရား' ဝိညာဉ်တမန်တော်လည်း ရှိသည်။

သို့သော် ကြောင်နားရွက်ပေါက်လာသော ဝိညာဉ်တမန်တော်ကိုမူ သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ယခင်က ကျိယင် အမည်ရသော ဤဝိညာဉ်တမန်တော်သည် ပထမဆုံးအကြိမ် ဝိညာဉ်ခေါ်ယူစဉ်က တွန့်ဆုတ်နေသည်မှအပ ကျန်သည့်အချိန်များတွင် အဘွားအိုနောက်မှတိတ် ဆိတ်စွာ လိုက်ပါ သင်ယူနေသူ ဖြစ်သည်။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ယခုအချိန်တွင် ကြည့်ရှုသူများမှာ ထူးဆန်းသော ခံစားချက်တစ်ခု ရရှိနေကြသည်။

[ ရုတ်တရက် ဝိညာဉ်တမန်တော်ရဲ့ ဝတ်စုံအသစ်ကို Unlock လုပ်လိုက်ရသလိုမျိုး ဘာဖြစ်လို့ ခံစားနေရတာလဲ]

[ဘာတွေ ဖြစ်ကုန်တာလဲ Σ(⊙▽⊙)]

[တကယ့် ကြောင်လေးလား]

[ငါ တစ်ခုခု ခန့်မှန်းမိသလိုပဲ၊ ဒါပေမဲ့ မသေချာသေးဘူး]

ကြည့်ရှုသူများမှာ အမျိုးမျိုးခန့်မှန်းနေကြပြီး စိတ်ကူးများစွာ ဦးနှောက်ထဲတွင် ဖြတ်သန်းသွားကြသည်။

...

Live မြင်ကွင်းတွင်...

မိန်းကလေးငယ်လေးက မိမိကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျိယင်က မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

မိန်းကလေးငယ်မှာ သတိပြန်ဝင်လာကာ ခေါင်းခါပြလိုက်သည်။

"ဘာမှ... မဟုတ်ပါဘူး..."

သို့သော်လည်း သူမသည်စကားပြောနေစဉ်မှာပင် တစ်ဖက်လူ၏ ဦးခေါင်းပေါ်မှ ကြောင်နားရွက်ကို မသိမသာ ခိုးကြည့်နေမိပြန်သည်။

"ကြိုက်လား ကြိုက်ရင် မင်းကို ပေးလိုက်မယ်လေ"

ကျိယင် ပြုံးလိုက်ကာ လက်ဖျောက်တီးလိုက်သည်နှင့် နောက်တစ်ခဏတွင် ဦးခေါင်းပေါ်မှ ကြောင်နားရွက်မှာ မိန်းကလေးငယ်၏ ဦးခေါင်းပေါ်သို့ ရောက်ရှိသွားတော့ သည်။

ပေးလိုက်သည်ဟု ပြောခြင်းထက် မူလကတည်းက သူမအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ဤအရာမှာ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်။

"အား... ကျေးဇူးတင်ပါတယ်"

မိန်းကလေးငယ်သည် အံ့သြတကြီးဖြင့် ဦးခေါင်းပေါ်မှ ကြောင်နားရွက်ကို စမ်းကြည့်မိသည်။

ဖျားနာကတည်းက သူမသည် ဤကဲ့သို့သော အရာမျိုးကို ထိတွေ့နိုင်ခဲလှသည်။

ဘေးတွင်မူ အဘွားအိုဖူကျားက ငြိမ်သက်စွာ ကြည့်နေ၏။

သူမ၏နှုတ်ခမ်းထောင့်တွင်အူ မသိမသာ ပြုံးယောင်သန်းနေသည်။

၎င်းမှာ မျိုးဆက်သစ်ကလေး တစ်ယောက်ကြီးပြင်းလာပြီး မိမိ၏ ကိုယ်ပိုင်လမ်းကို ရှာတွေ့သွားသည်ကို မြင်တွေ့လိုက်ရသော လူကြီးတစ်ယောက်၏အပြုံးမျိုး ဖြစ်ပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျိယင်သည် သူမကို ယခင်က တည်းက မေးမြန်းခဲ့ဖူးသည်။

တကယ်တမ်းတွင်မူ အခြေခံမူဝါဒပိုင်းဆိုင်ရာ ပြဿနာများတွင် အမှားအယွင်းမရှိသရွေ့ ကျန်သည့်အရာများမှာ လိုက်လျောညီထွေ လုပ်ဆောင်၍ ရနိုင်ပါသည်။

ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးမှာ ဘာမှ ထိခိုက်မှုမရှိသည့်အပြင် ဝိညာဉ်၏စိတ်ခံစားချက်ကိုလည်း နှစ်သိမ့်ပေးနိုင်ပေသည်။

ထို့ကြောင့် လုပ်ဆောင်ခွင့် ရှိသည်မှာ သဘာဝကျလှပေသည်။

...

ကျိယင်းတို့က မိန်းကလေးငယ်ကို ခေါ်ဆောင်သွားပြီးနောက်...

ဆေးရုံခန်းအတွင်း၌...

ကုတင်ဘေးတွင် ဒူးထောက်နေသော အမျိုးသမီးမှာ ရုတ် တရက် ခေါင်းမော့လာကာ ဘေးဘီဝဲယာကို မှင်တက်စွာ ကြည့်လိုက်မိသည်။

သူမ မျက်နှာတွင် မျက်ရည်စများ ရှိနေဆဲပင်ဖြစ်သော်လည်း စောစောက... တစ်ခုခု ဖြစ်သွားသကဲ့သို့ခံစားမိသဖြင့်မော့ကြည့်လိုက်ခြင်းပင်ဖြစ်၏။

...

"..."

ဖူကျားနှင့် ကျိယင်တို့၏အလုပ်လုပ်ပုံကို ကြည့်ရှုပြီးနောက် ကျန်းလင်သည် နောက်ထပ်နေရာတစ်ခုသို့ ဆက်လက်ထွက်ခွာခဲ့သည်။

ကျိယင်၏စောစောက လုပ်ရပ်အပေါ် သူလည်း အတော်လေး အံ့သြမိသည်။

ကြောင်နားရွက်...

လူ့လောကမှာ အခုနောက်ပိုင်း ဒီလိုအမွှေးပွပွနဲ့ နူးညံ့တဲ့ အရာတွေကို ခေတ်စားနေပုံရသည်။

ယခင်ခေတ်များတွင်မူ ဤကဲ့သို့သော သတ္တဝါများကို မင်းစိုးရာဇာအနွယ်ဝင် အမျိုးသမီးငယ်များကသာ စိတ်ဝင်တစား မွေးမြူတတ်ကြခြင်း ဖြစ်သည်။

Live ခန်းအတွင်းရှိ မှတ်ချက်များမှာ အရှိန်အဟုန်ဖြင့် တက်လာနေပြီး အသုံးများဆုံး စကားလုံး နှစ်လုံးမှာ 'အား' နှင့် 'နွေးထွေးတယ်' ဟူ၍ သာဖြစ်တော့သည်။

[ကလေးမလေးကို ပေးလိုက်တာပဲ၊ တကယ်ကို နွေးထွေးတယ် (灬º‿º灬)♡]

[အား... အဲဒီ ဝိညာဉ်တမန်တော်လေးက ချစ်ဖို့ကောင်းနေသလိုပဲ၊ ဘာဖြစ်တာလဲ...]

[+ 1 ]

All Chapters