အခန်း (၃၂၃၁-၃၂၃၅)
Vol. 141 Ch. 3231-3235
အပိုင်း (၃၂၃၁)
ဘာသာပြန်သူ_တိမ်တိုက်
သီချင်းဆိုသံများ၊ ကခုန်သံများမှာ အာကာယံကောင်းကင်ဂိုဏ်း၏ ခန်းမထဲ ပျံ့နှံ့နေခဲ့လေသည်။ မပေါ့်တပေါ်ဝတ်စားထားကြသော ကချေသည်လေးများသည် တီးလုံးသံနှင့်အတူ စည်းချက်ညီညီ လိုက်ပါကခုန်နေကြလေ၏။ ထိုအချိန်အတောအတွင်း ဧကရာဇ်အဆင့်ပညာရှင်များမှာမူ ဘယ်ဘက်နှင့် ညာဘက်ဆီ၌ အတန်းနှစ်တန်းခွဲကာ ထိုင်နေခဲ့ကြလေသည်။ လူတိုင်း၏ရှေ့တွင် စားပွဲတစ်လုံးစီ ရှိနေကြသည်။ ခန်းမ၏ထိပ်ဆုံးနေရာတွင်တော့ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော မီချီ ထိုင်နေခဲ့သည်။ မီချီ၏ဘေးနားတွင်မူ မီချီကိုယ်တိုင်မှ အားတက်သရောဖြင့် ဧည့်ခံပေးနေသော ဆံဖြူလူအိုကြီးတစ်ဦး ရှိနေခဲ့လေ၏။
ထိုလူအိုကြီးမှာ အတော်လေး အသက်ကြီးနေပြီဖြစ်သလို သားသားနားနားလည်း ဝတ်စားထားခြင်း မရှိသည့်အတွက်ကြောင့် လူအုပ်ကြီးထဲတွင်သာ သွားရပ်နေလိုက်မည်ဆိုပါက သာမန်လူတစ်ဦးနှင့် သိပ်ကွာခြားလိမ့်မည်မဟုတ်ပေ။ ထိုလူအိုကြီးနှင့်ပတ်သက်၍ သိသာထင်ရှားသည့်အချက်မှာ ထိုလူအိုကြီး၏ခါးထက်တွင် ချိတ်ဆွဲထားသော အိတ်များသာလျှင် ဖြစ်လေသည်။ အိတ်အားလုံးမှာ ဖောင်းတစ်နေပါသော်ငြား ထိုအိတ်များထဲ ဘာတွေရှိလို့ရှိနေမှန်းကို မသိရပေ။ ထိုသို့ပင်ဖြစ်လင့်ကစား မီချီနှင့် အခြားသောဧကရာဇ်အဆင့်ပညာရှင်များကပင်လျှင် အားတက်သရော ဧည့်ခံနေရသလို ထိုလူအိုကြီးကိုယ်တိုင်ကလည်း မီချီဘေးနားတွင် ထိုင်နေသည်ကို ကြည့်ရသလောက် ထိုလူအိုကြီးအား မီချီမှ မည်မျှအလေးထားကြောင်းကို မြင်တွေ့နိုင်ပေသည်။
အောက်ဘက်တွင်ရှိနေသော အာကာယံကောင်းကင်ဂိုဏ်း၏ အကြီးအကဲများနှင့် ကာကွယ်သူများသည် လူအိုကြီးအား အရက်ခွက်မြှောက်၍ လှမ်းကာ ဂုဏ်ပြုကြလေသည်။ လူအိုကြီးမှာလည်း မည်သူ့ကိုမှ မငြင်းဘဲ ဒိုင်ခံသောက်နေခဲ့ပေသည်။ လူအိုကြီး၏ နှုတ်ခမ်းမွေးတစ်လျှောက် စီးကျနေသည့် အရက်များကိုကြည့်ရင်း အကြီးအကဲများ၏ရင်ထဲ အတော်လေးကိုမှ နာကျင်နေရလေသည်။ သူတို့အနေဖြင့် ထိုအရက်များကို ရရန်အတွက် အချိန်ကို ရင်းနှီးခဲ့ရသလို အရင်းအမြစ်ကျောက်များစွာကိုလည်း အသုံးပြုခဲ့ရသည်။ သူတို့ကိုယ်တိုင်သည်ပင်လျှင် ထိုအရက်များကို အမြဲတမ်းမသောက်ရဲကြပေ။ ဤဧည့်သည်လာသည့်အခါမှသာလျှင် နှမြောတသဖြင့် ထုတ်ပေးလာခဲ့ခြင်း ဖြစ်ကာ ထိုဧည့်သည်မှ သူတို့၏အရက်အား သာမန်အရက်တစ်ခွက်ပမာ သောက်သုံးနေသည်ကိုကြည့်ရင်း အကြီးအကဲများ၏ရင်ထဲ အတော်လေးကိုမှ နာကျင်နေမိလေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုလူအိုကြီးသည် သူတို့ရန်စ၍ရသည့် လူတစ်ဦး မဟုတ်သည့်အတွက်ကြောင့် စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်ငြီးတွားနေခဲ့ပါသော်ငြား မျက်နှာကိုမူ အတတ်နိုင်ဆုံး ပြုံးထားခဲ့လေသည်။
သောက်စားနေရင်းမှ လူအိုကြီးသည် အောက်ဘက်တွင် ကခုန်နေကြသော ကချေသည်မလေးများကို လှမ်းလှမ်း၍ အော်ဟစ်အားပေးလေသည်။ တစ်ချိန်တည်းတွင် သူ့ရှေ့၌ ရှိနေသော ဘယ်ရီသီးကဲ့သို့ အသီးများကို လက်အပြည့်ဆုပ်ကိုင်လျက် ပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံး ပစ်ထည့်နေခဲ့လေသည်။ ထိုဘယ်ရီသီးလေးများမှာ အလွန်ကိုမှ အရသာရှိမည့်ပုံမျိုး ပေါက်ပေသည်။ အရောင်လေးမှာ မိုးပြာရောင်တောက်နေပြီး ကျောက်မျက်ရတနာလုံးလေးများပမာ အရောင်ရွှန်းစိုနေပေသည်။ သို့သော်ငြား ထိုအသီးအကြောင်းကို သိထားသည့်လူမှာမူ ထိုအသီးပုံစံမှာ အလွန်ကိုမှ နှစ်လိုဖွယ်ကောင်းပါသော်ငြား ၎င်း၏အရသာမှာ အတော်လေးကိုမှ ဆိုးရွားလှကြောင်း သိပေလိမ့်မည်။
ကျောက်စိမ်းပြာအသီးသည် အချို့သောဆေးလုံးများကို ဖော်စပ်ရာတွင် အသုံးပြုသည့် အသီးတစ်မျိုး ဖြစ်ပေသည်။ သို့သော်ငြား ထိုအသီးများမှာ သိပ်၍ အဖိုးမတန်ကြပေ။ ထိုအသီးများကို ဤအတိုင်းစားလိုက်မည်ဆိုလျှင်လည်း အသီးအရသာမှာ ချဉ်လည်းချဉ် မျိုချဖို့ခက်သည့်အပြင် ထိုအသီးများကို စိုက်ပျိုးဖို့ရာလည်း မလွယ်ကူလှ။ ထိုအကြောင်းကြောင့် ဤအသီးများကို ကြယ်တာရာအစုအဝေးထဲ အလွန်ကိုမှ တွေ့ရခက်လှသည်။ တကယ်တော့ ဤအသီးသည် သိပ်၍လည်းအသုံးမဝင် အရသာလည်းမကောင်း စိုက်ဖို့ကလည်း ခက်သည်မဟုတ်ပေလော။ ထိုအကြောင်းကြောင့် လူများမှာ ဤကဲ့သို့သောအသီးမျိုးကို အချိန်ကုန်ခံ လူပင်ပန်းခံကာ မစိုက်ပျိုးကြသည်မှာ အဆန်းတော့မဟုတ်ပေ။
သို့သော်ငြား အာကာယံကောင်းကင်ဂိုဏ်းမှာမူ ကျောက်စိမ်းပြာသစ်သီးများကို သေသေချာချာကို စိုက်ပျိုးထားပေသည်။ ထိုသို့စိုက်ပျိုးထားရသည့် အကြောင်းအရင်းမှာတော့ ရှင်းပေသည်။ လူအိုကြီးတောက်ဟု ခေါ်သည့် ဤလူအိုကြီးသည် ကျောက်စိမ်းပြာအသီးများကို အလွန်ကိုမှ နှစ်ခြိုက်သည့် အတွက်ကြောင့်ပင်။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် အကြိုက်မတူကြပေ။ ထိုအကြောင်းကြောင့် အခြားသောသူများအတွက် ကျောက်စိမ်းပြာအသီးမှာ စားရခက်သည့်အသီးမျိုး ဖြစ်နေသလို အရသာဆိုးရွားသည့်အသီးမျိုး ဖြစ်နေမည်ဆိုသည်တိုင် လူအိုကြီးတောက်အတွက်မူ ဤလောကကြီးတွင် အရသာအရှိဆုံး အစားအစာတစ်မျိုး ဖြစ်နေခဲ့သည်။ လူအိုကြီးတောက်၏အကြိုက် ဘာကြောင့် ဤမျှထူးဆန်းနေရသလဲဆိုသည်ကိုတော့ မည်သူမျှမသိကြပေ။
လူအိုကြီးတောက်၏နောက်ခံမှာလည်း သာမန်မဟုတ်။ မီချီမှ လူအိုကြီးတောက်ကို သိကျွမ်းခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။ လူအိုကြီးတောက်ကို သူ၏ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ ဖိတ်ခေါ်စဉ် လူအိုကြီးတောက်မှာ ကျောက်စိမ်းပြာအသီးများကို နှစ်သက်ကြောင်း သိခဲ့ရသည်။ ထိုကြောင့် လူအိုကြီးတောက်၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးရန်အလို့ငှာ မီချီသည် ဂိုဏ်း၏ ဆေးဥယျာဉ်ထဲတွင် ကျောက်စိမ်းပြာအသီးများကို စတင်စိုက်ပျိုးတော့လေသည်။
ကျောက်စိမ်းပြာအသီးများ ရင့်မှည့်လာတိုင်း လူအိုကြီးတောက်ကို အာကာယံကောင်းကင်ဂိုဏ်းသို့ ဖိတ်ခေါ်၍ ကျွေးမွေးလေသည်။ ထို့နောက်တွင် ပိုလျှံသော ကျောက်စိမ်းပြာအသီးများကို လူအိုကြီးတောက်နှင့်အတူ ထည့်ပေးလိုက်လေ၏။ လွန်ခဲ့သည့်နှစ်များအတွင်း လူအိုကြီးတောက်မှာ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ နှစ်တိုင်းလိုလို လာကာ ကျောက်စိမ်းပြာအသီးများကို လာစားလေ့ရှိပေသည်။ ထိုသို့ဖြင့် မီချီနှင့် လူအိုကြီးတောက်မှာ တဖြည်းဖြည်းနှင့် စတင်ရင်းနှီးလာကြတော့လေသည်။
လီကျောက်လာပို့သည့် ရန်ကိုင်၏သတင်းစကားကို ကြားပြီးသည့်နောက် မီချီသည် ကျောက်စိမ်းပြာအသီးများ မှည့်နေပြီဟုဆိုကာ လူအိုကြီးတောက်ကို ဖိတ်ခေါ်လိုက်သည်။ လူအိုကြီးတောက်မှာလည်း တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းဆိုသလို ပြေးလာခဲ့လေ၏။ ထို့နောက်တွင် အာကာယံကောင်းကင်ဂိုဏ်းသည် လူအိုကြီးတောက်အတွက် စားသောက်စရာများနှင့် အရက်များကို စတင်တည်ခင်းပေးတော့လေသည်။
ရန်ကိုင်၏လက်အောက်တွင် မွန်းစတားဘုရင်သုံးပါး ရှိနေသည့်အတွက်ကြောင့် အာကာယံဂိုဏ်းတစ်ခုတည်းသာဆိုလျှင် ရန်ကိုင်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း မီချီသိနေခဲ့လေသည်။ ရန်ကိုင်မှ သူနှင့် လီကျောက်အား သူ့အပေါ် အကြွေးကြီးကြီးမားမားတင်သွားအောင် လုပ်ခဲ့စဉ်ကတည်းက မီချီမှာ ရန်ကိုင်အပေါ် အခဲမကြေဖြစ်နေခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် လူအိုကြီးတောက်၏ခွန်အားကို အသုံးချ၍ ထက်ကောင်းကင်နန်းတော်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်နိုင်မည်ဆိုလျှင်တော့ မီချီမှာ ဘာကုန်ကုန် ဂရုစိုက်တော့လိမ့်မည်မဟုတ်ပေ။ မွန်းစတားဘုရင်သုံးပါးမှာ အားကောင်းပါသော်ငြား ထိုမွန်းစတားဘုရင်သုံးပါးတည်းဖြင့် လူအိုကြီးတောက်ကို လာပြိုင်၍မရပေ။
ထိုအကြောင်းကြောင့်ပင်လျှင် မီချီမှာ လူအိုကြီးတောက်အား အားတက်သရောဖြင့် ဧည့်ခံနေရင်းမှ စိတ်ထဲမှကြိတ်ကာ လှောင်ပြောင်နေခဲ့လေသည်။ (လာစမ်းပါ ရန်ကိုင်… ငါ့ရဲ့အာကာယံကောင်းကင်ဂိုဏ်းက မင်း အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်လို့ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူးဆိုတာ ပြပေးလိုက်မယ်…)
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးသည် ခန်းမထဲသို့ ဝင်လာပြီး မီချီအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးလေးပြောသွားခဲ့သည်။ ထိုလူပြောသည့်စကားကို ကြားပြီးသည့်နောက် မီချီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သောက်လက်စဝိုင်ခွက်ကို ချက်ချင်းချ၍ စိတ်ညစ်နေသည့်အမူအယာမျိုးဖြင့် ပြောလိုက်လေသည်။ “လူအိုကြီးတောက်… ကျေးဇူးပြုပြီး ငါ့ကို ခဏလောက်အချိန်ပေးဦးနော်… ငါ အခုချက်ချင်း ပြန်လာခဲ့မယ်…”
ထိုစကားကိုကြားသော် လူအိုကြီးသည် မီချီကိုကြည့်၍ ပြောလိုက်လေသည်။ “ဘာကိစ္စမို့လို့လဲ…”
မီချီက အားတင်းပြုံး၍ “ဘာမှမဟုတ်ပါဘူး… လူအိုကြီးတောက် အလုပ်ရှုပ်ခံနေစရာမလိုဘူး… ငါ့ဘာသာငါပဲ ကိုင်တွယ်လိုက်မယ်…”
လူအိုကြီးတောက်သည် သူ့ပါးစပ်ထဲသို့ ကျောက်စိမ်းပြာအသီးတစ်လုံးကို ပစ်ထည့်ရင်းမှ အဓိပ္ပာယ်ပါပါပြုံး၍ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းမီ… မင်း ဒီလူအိုကြီးကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာလား…”
“အာ… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဟုတ်ပါ့မလဲ…” မီချီသည် သူ့လက်ကို အလျင်အမြန်ဝှေ့ယမ်း၍ “လူအိုကြီးတောက်… မင်း ငါတို့အာကာယံကောင်းကင်ဂိုဏ်းမှာ အခုလိုမျိုးရှိနေတာ ငါတို့ဂိုဏ်းအတွက် တကယ်ကို ဂုဏ်တက်စရာပဲ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး မင်းကို အပြင်လူတစ်ယောက်လို ဆက်ဆံရမှာလဲ…”
လူအိုကြီးတောက်က ပြန်ပြောလိုက်လေသည်။ “အာကာယံကောင်းကင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေဆိုရင်တော့ ပြောပြစရာမလိုပါဘူး ရောင်းရင်းမီ… ဒါပေမယ့် မင်းပြဿနာဖြစ်နေတယ်ဆိုရင် ငါ့ကို ဖုံးကွယ်ထားစရာမလိုဘူးလေ… ငါ့ခွန်အားက အဲ့လောက်တော့မဟုတ်တော့ပေမယ့် ငါ နည်းနည်းပါးပါးတော့ စကားဝင်ပြောပေးလို့ရသေးတယ်… ဘယ်သူသိမှာလဲ… ငါ စကားဝင်ပြောပေးလိုက်လို့ မင်းရဲ့ပြဿနာ ပြေလည်ကောင်း ပြေလည်သွားနိုင်တယ်လေ ရောင်းရင်းမီရဲ့…”
မီချီ၏အမူအယာကို ကြည့်လိုက်ရုံဖြင့်ပင်လျှင် တစ်ခုခုမှားယွင်းနေမှန်း လူအိုကြီးတောက် ပြောနိုင်ပေသည်။
မီချီသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အဆုံး၌ သက်ပြင်းချ၍ ပြောလိုက်လေ၏။ “လူအိုကြီးတောက်… မင်း ငါ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံမှတော့ ဒီရှက်စရာကိစ္စကို ပြောလိုက်လည်း ဘာကိစ္စမှမရှိလောက်တော့ပါဘူး…” ပြောနေရင်းမှ မီချီသည် အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်လေသည်။
“ရှက်စရာကိစ္စ… ဘာကိစ္စမို့လို့လဲ…” လူအိုကြီးတောက် သိချင်မိသွားခဲ့လေသည်။
မီချီက သက်ပြင်းချလျက် “ဟိုအစုတ်အပြတ်ထက်ကောင်းကင်နန်းတော်လေ…”
လူအိုကြီးတောက် ကြောင်သွားခဲ့ပြီး အနည်းငယ်ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “မကြာသေးခင်တုန်းက ပေါ်လာတဲ့ ထက်ကောင်းကင်နန်းတော်ကို ပြောတာလား… အဲ့တုန်းက မင်းငါ့ကို တစ်ခါပြောဖူးပါတယ်… ဘာပါလိမ့်… အော်… ထက်ကောင်းကင်နန်းတော်သခင်က သူ့အပေါ် မင်း အကြွေးတွေအများကြီးတင်သွားအောင် မင်းကို မလှိမ့်တပတ်လုပ်သွားတယ်ဆိုလားပဲ… ဟုတ်တယ်မလား…”
မီချီသည် လူအိုကြီးတောက်အား ထိုအကြောင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက ပြောခဲ့လေသည်။ ထိုစဉ်က မီချီ၏အစီအစဉ်မှာတော့ လူအိုကြီးတောက်ကို ထက်ကောင်းကင်နန်းတော်ဆီသို့ သွားစေကာ ရန်ကိုင်အပေါ် တင်နေသည့် သူ့အကြွေးများကို ကြေသွားအောင် လုပ်ပေးစေလိုခြင်း ဖြစ်ပေသည်။ သို့သော်ငြား လူအိုကြီးတောက်မှာ အခြားသူများ၏ကိစ္စများထဲ မည်ကဲ့သို့များ အလွယ်တကူ ဝင်ပါနိုင်ပါမည်နည်း။ လူအိုကြီးတောက်သည် ကျောက်စိမ်းပြာအသီးများကို အာကာယံကောင်းကင်ဂိုဏ်း၌ နှစ်စဉ်နှစ်တိုင်း လာစားလေ့ရှိသလို မီချီသည်လည်း သူ့အပေါ် အလွန်ကိုမှ ဖော်ဖော်ရွေရွေဖြင့် ဧည့်ခံပေးသည်မှာ ဘာမှကိစ္စမရှိပေ။ ထိုမျှဖော်ရွေပေးသည်မှာ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို သွားပြဿနာရှာရလောက်သည်အထိ မကြီးမားသေးပေ။
လူအိုကြီးတောက်၏နောက်ခံမှာ သာမန်ဟုတ်လိမ့်မည်မဟုတ်ပါသော်ငြား သူ့အနေဖြင့် ပြဿနာကို မီးထွန်း၍ လိုက်ရှာနိုင်သည်တော့ မဟုတ်ပေ။ ထို့အပြင် မီချီ ရန်ကိုင်အပေါ် တင်နေသည်မှာ လောင်းကစားအကြွေးဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် မဆင်မခြင် သွားဝင်ပတ်သက်၍မရ။ ရန်ကိုင်မှ မီချီ၏ပိုက်ဆံများကို အကြမ်းနည်းသုံး၍ လုယူခဲ့သည်မှ မဟုတ်လေပဲ။
“ဟုတ်တယ်… အဲ့အစုတ်အပြတ်ဂိုဏ်းပဲ… ငါ့ဘဝက တကယ်ကို ရှက်ဖို့ကောင်းနေပြီကွာ…” မီချီမှာ အတိတ်အကြောင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေသည့်ပုံစံမျိုး လုပ်ပြနေခဲ့လေသည်။
“ထက်ကောင်းကင်နန်းတော်ကလူတွေ ဘာလို့ ဒီကိုရောက်လာတာလဲ…” လူအိုကြီးတောက်၏မျက်နှာ မဲ့သွားခဲ့လေသည်။ “သူတို့အပေါ်တင်နေတဲ့ အရင်းအမြစ်ကျောက်တွေကို လာတောင်းတာလား… အဲ့ဒါဆိုရင်တော့ မင်း သူတို့ကို မြန်မြန်ပေးလိုက်ရင် ကောင်းလိမ့်မယ်နော်…”
ထိုစကားကိုကြားသော် မီချီ စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။ (ငါ့ဆီကနေ ကျောက်စိမ်းပြာအသီးတွေကို နှစ်တိုင်းလာစားနေပြီးတော့ ထက်ကောင်းကင်နန်းတော်နာမည်ကို ကြားလိုက်တာနဲ့ ပိုက်ဆံနဲ့ဖြေရှင်းခိုင်းချည်းပဲ လုပ်နေတယ်… တကယ်ကို အားမကိုးရတဲ့လူ… ဘာပဲဖြစ်ဖြစ် မင်း ငါ့ဆီကို ရောက်နေပြီဆိုမှတော့ မင်းနာမည်ကို ဒိုင်းကာအဖြစ် အသုံးချရသေးတာပေါ့…)
သူ့စိတ်ထဲ ကြိတ်ကာ ကျိန်ဆဲနေလင့်ကစား မီချီကမူ ဝမ်းနည်းနေသည့်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းပြောတာအမှန်ပဲ လူအိုကြီးတောက်ရေ… ငါလည်း အကြွေးတင်နေတာကို ဘယ်လိုလုပ်ပြီး မပေးဘဲနေမှာလဲ… ငါ့အရှုံးကို လိုလိုလားလားနဲ့ လက်ခံပြီးတော့ သူတို့ကို နှစ်စဉ်နှစ်တိုင်း အကြွေးတွေပေးနေတာ… အဲ့လိုပေးဖို့အတွက်ကို ငါတို့ရဲ့အသုံးစရိတ်ကို လုံးဝလျှော့ချပစ်လိုက်ရသေးတယ်… ဒါပေမယ့် အဲ့ခွေးသူတောင်းစားရန်ကိုင်က ဒီလောက်နဲ့တင်မကျေနပ်ဘူးကွ… လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ့ဆီ လူတစ်ယောက်လွှတ်ပြီးတော့ ငါတို့အာကာယံကောင်းကင်ဂိုဏ်းကို ထက်ကောင်းကင်နန်းတော်လက်အောက်ထဲ ခိုဝင်ဖို့ ပြောလာတယ်… မဟုတ်ရင် ငါတို့အာကာယံကောင်းကင်ဂိုဏ်းကို ရှင်းပစ်မယ်တဲ့…”
လီကျောက်မှာ အာကာယံကောင်းကင်ဂိုဏ်းကို ထက်ကောင်းကင်နန်းတော်လက်အောက်သို့ အညံ့ခံရန်သာ ပြောခဲ့ပါသော်ငြား မီချီကမူ သူ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရှင်းပစ်မည်ဟူသော စကားကိုပါ ထပ်တိုးပြောခဲ့လေသည်။
ထိုစကားကိုကြားသော် လူအိုကြီးတောက်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “ထက်ကောင်းကင်နန်းတော်က တကယ်ကို မောက်မာလွန်းနေတာပဲ…”
“ဟုတ်တယ်မလား… ငါကိုယ်တိုင်က အဲ့လောက်မဟုတ်ဘူးဆိုပေမယ့် ဂိုဏ်းချုပ်တစ်ယောက်တော့ ဖြစ်နေတုန်းပဲလေ… ငါ့လက်အောက်မှာ တပည့်တွေ ထောင်နဲ့ချီပြီးရှိနေတာ… ဘယ်လိုလုပ်ပြီး ငါ့ဂိုဏ်းကိုရောင်းစားပြီး အခြားတစ်ယောက်လက်အောက်ထဲကို ခိုဝင်လို့ဖြစ်ပါ့မလဲ… ဒါကြောင့်ပဲ သူပြောတာကို ချက်ချင်းငြင်းပစ်လိုက်တယ်… ငါတို့အာကာယံကောင်းကင်ဂိုဏ်းကိုတော့ နည်းနည်းပါးပါး သနားပေးဖို့တော့ ပြောလိုက်တာပေါ့…”
“ပြီးတော့ရော…” လူအိုကြီးတောက်က ထပ်မေးလိုက်သည်။
မီချီက မှုန်ကုပ်ကုပ်အမူအယာဖြင့် “အခုလေးတင် တပည့်တစ်ယောက်က ပြောလာတယ်… ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ရန်ကိုင်က ဧကရာဇ်အဆင့်ပညာရှင်တွေကို ဦးဆောင်ပြီးတော့ ငါတို့အာကာယံဂိုဏ်းဆီ လာနေတယ်တဲ့… ပြီးတော့ သူနဲ့အတူ တာအိုသခင်အဆင့်ကျင့်ကြံသူ အယောက်နှစ်ရာကျော်လည်း ပါလာသေးတယ်တဲ့… သူတို့ပုံကိုကြည့်ရတာတော့ ငါတို့အာကာယံကောင်းကင်ဂိုဏ်းကို တိုက်ခိုက်တော့မယ့်ပုံပဲ…”
ထိုစကားကိုကြားသော် လူအိုကြီးတောက်၏မျက်နှာ မဲ့သွားခဲ့လေသည်။ “တကယ်ကြီးလား…”
လူအိုကြီးတောက်မှာ ကျောက်စိမ်းပြာအသီးများကို ဆက်စားလိုစိတ် မရှိတော့ပေ။ သူ့စိတ်ထဲ သူအကွက်ချခံလိုက်ရသည်ဟုသာ ခံစားနေရတော့လေသည်။ လူအိုကြီးတောက်မှာ အသက်ကြီးနေလိမ့်မည်ဖြစ်ပါသော်ငြား အရူးတစ်ယောက်တော့မဟုတ်ပေ။ (ဒီကောင် ငါ့ကို အားတက်သရောနဲ့ လာပြီးဖိတ်ခေါ်တယ်… ပြီးတော့ သူဖိတ်ခေါ်ပြီးပြီးချင်းမှာပဲ ထက်ကောင်းကင်နန်းတော်က လူအုပ်လိုက်ကြီးနဲ့ ရောက်လာတယ်… မီချီ ဒါကို ကြိုတင်ကြံစည်ထားတာ လုံးဝသေချာတယ်… သူ ငါ့ခွန်အားကိုသုံးပြီးတော့ ဒီပြဿနာကို ဖြေရှင်းချင်နေတာ…)
လူအိုကြီးတောက်၏စိတ်ထဲ မီချီအပေါ်လည်း သိပ်၍ မကျေမနပ်ဖြစ်သွားခဲ့လေသည်။ (ငါ နှစ်စဉ်နှစ်တိုင်း အသီးလေးနည်းနည်းပါးပါးပဲ လာစားတာပါကွာ… မင်း ငါ့ကို အခုလိုမျိုး အကွက်ချကြံစည်စရာ လိုလို့လားကွ…)
မည်သို့ပင်ဖြစ်လင့်ကစား လူအိုကြီးတောက်မှာတော့ သူ့ဟန်အမူအယာကို ထိန်းရင်းမှ ပြန်မေးလိုက်လေသည်။ “ဂိုဏ်းချုပ်မီ... မင်း အတွေးလွန်နေတာများ မဖြစ်နိုင်ဘူးလား… ဒီကိစ္စက နားလည်မှုလွဲသွားတာလည်း ဖြစ်နိုင်တယ်လေ…”
မီချီက ချက်ချင်းပဲ ပြန်ငြင်းလိုက်သည်။ “အဲ့မျိုးရိုးနာမည်ရန်နဲ့ကောင်က သူ့လူတွေကို ဒီမှာ ချထားပြီးသွားပြီ… ဘယ်လိုလုပ်ပြီး နားလည်မှုလွဲတာဖြစ်ပါ့မလဲ..”
လူအိုကြီးတောက်သည် သူ့လက်ထဲတွင်ရှိနေသော ကျောက်စိမ်းပြာအသီးများကို ချက်ချင်း ပန်းကန်ထဲသို့ ပြန်ပစ်ထည့်လိုက်လေသည်။ လက်ရှိအချိန်တွင် ထိုအသီးများမှာ သူ့အတွက် အရသာရှိလှသည့် စားစရာများ မဟုတ်တော့ဘဲ မီးဘောလုံးများပမာ ဖြစ်နေလေပြီ။ ထို့နောက် ချောင်းဟန့်ရင်းမှ လူအိုကြီးတောက်က ဆက်ပြောလိုက်သည်။ “ရောင်းရင်းမီ… မင်း သူတို့ကို မျက်နှာချင်းဆိုင်ရသေးတာမှမဟုတ်တာ… ဘယ်လိုလုပ်ပြီး ဒီကိစ္စက နားလည်မှုလွဲတာမဟုတ်မှန်း ဒီလောက် သေချာနေရတာလဲ… ဒီကိစ္စက စကားနည်းနည်းပါးပါးနဲ့ ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်သွားနိုင်တာပဲလေ…”
(ဖြေရှင်းလို့ရမယ်… ငါ့လခွမ်းပဲ…) လူအိုကြီးတောက်သည် ယခုကိစ္စမှ ဤမျှ ခေါင်းရှောင်နေချင်လိမ့်မည်ဟု မီချီ မည်ကဲ့သို့များ သိခဲ့ပါမည်နည်း။ သို့ပင်ဖြစ်လင့်ကစား လူအိုကြီးတောက်ကို သွားတွန်းအားပေးနေ၍လည်းမရပေ။ လူအိုကြီးတောက်အား ‘မင်း ငါတို့ဆီက ကျောက်စိမ်းပြာအသီးတွေကို နှစ်တိုင်းစားထားတာ… အခု ငါတို့ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးသင့်တယ်မဟုတ်လား…’ ဟု သွားပြော၍လည်း မဖြစ်။
လူအိုကြီးတောက်က ဆက်ပြောလိုက်သည်။ “ပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်လည်း ရှိနေတာပဲ… ဒီတော့ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ရန် တိုက်ခိုက်လာမယ်ဆိုရင်တောင် မင်း ဘာမှစိတ်ပူနေစရာမလိုဘူးလေ…”
မီချီက အားတင်းပြုံး၍ ခေါင်းညိတ်ရင်းမှ “အင်း… လူအိုကြီးတောက်ပြောတာ ယုတ္တိရှိတယ်… အဲ့လိုဆိုမှတော့ ငါ အခြေအနေကို တစ်ချက် သွားစစ်ဆေးကြည့်လိုက်ဦးမယ်… လူအိုကြီးတောက်ပြောတဲ့အတိုင်းပဲ… နားလည်မှုလွဲတာလေးပဲဖြစ်ဖို့ မျှော်လင့်ရမယ်…”
လူအိုကြီးတောက်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းမီ… ကျေးဇူးပြုပြီး မြန်မြန်ပြန်လာခဲ့နော်…”
ထိုစကားကိုကြားလိုက်သော် မီချီ၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ လူအိုကြီးတောက်မှ ရောက်ရှိလာသည့် ရန်သူများအား မတွန်းလှန်ပေးချင်သည်ကိုမြင်သော် သူတို့ကြားရှိဆက်ဆံရေးမှာ ဘာဆိုဘာမှမဟုတ်မှန်း မီချီသိသွားခဲ့သည်။ ထိုအကြောင်းကြောင့် သူ့စိတ်ထဲ ယူကျုံးမရဖြစ်မိသလို ဒေါသလည်း ထွက်မိပေသည်။ သို့ပင်ဖြစ်လင့်ကစား ယခုကဲ့သို့အချိန်မျိုးတွင် စိတ်လွတ်သွား၍ မဖြစ်သည့်အတွက်ကြောင့် ပြန်၍သာ ပြောလိုက်ရသည်။ “ကောင်းပြီ… ခဏလောက်သွားခွင့်ပေးဦးနော် လူအိုကြီးတောက်… ငါ အခု အခြေအနေကို တစ်ချက်သွားကြည့်လိုက်ဦးမယ်…”
ပြောနေရင်းမှ မီချီသည် အပြင်သို့ ထွက်သွားလေသည်။ တစ်ချိန်တည်းတွင် ခန်းမထဲ၌ ထိုင်နေကြသော အကြီးအကဲများနှင့် ကာကွယ်သူများကို လှမ်း၍ မျက်စပစ်ပြလိုက်သည်။ အကုန်လုံးမှာ ချက်ချင်း ထိုင်ရာမှထ၍ မီချီနောက်သို့ လိုက်သွားကြလေ၏။
တစ်ခဏအကြာ၌ ခန်းမထဲတွင် လူအိုကြီးတောက်တစ်ဦးတည်းသာ ကျန်ရစ်တော့လေသည်။ လက်ရှိအဖြစ်အပျက်ကြောင့် လူအိုကြီးတောက်မှာ သူ့ရှေ့တွင်ကခုန်နေသော ကချေသည်မလေးများနှင့် ပန်းကန်လုံးထဲ၌ ရှိနေသော ကျောက်စိမ်းပြာအသီးများအပေါ် လုံးဝ စိတ်မဝင်စားတော့နိုင် ဖြစ်နေရလေသည်။
အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်အပြင်ဘက်တွင် ရန်ကိုင်သည် လက်နောက်ပစ်ကာ ရပ်နေခဲ့လေသည်။ လီကျောက်မှာ သူ့ဘေး၌ ရပ်နေပြီး မွန်းစတားဘုရင်သုံးပါးမှာမူ ရန်ကိုင်၏နောက်ဘက်၌ ရပ်နေခဲ့သည်။
မွန်းစတားဘုရင်သုံးပါး၏နောက်တွင်တော့ မီးနဂါးနန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်များနှင့် တာအိုသခင်အဆင့်ပညာရှင်များ ရှိနေကြလေသည်။ သို့သော်ငြား သူတို့၏အမူအယာမှာတော့ သိပ်မကောင်းလှပေ။ သူတို့၏နန်းတော်သခင်နှင့်အတူ ထွက်လာရခြင်းမှာ အာကာယံကောင်းကင်ဂိုဏ်းအား တိုက်ခိုက်ရန်အတွက် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်းမရှိကြပေ။
(နန်းတော်သခင်ရန် ဘာလုပ်ချင်နေတာလဲ… ငါတို့ရဲ့နန်းတော်သခင်ကလည်း အရမ်းထူးဆန်းနေတယ်… ဘာဖြစ်လို့ နန်းတော်သခင်ရန်နဲ့ သွားပြီး ပူးပေါင်းနေရတာလဲ…)
အစီအရင်ထဲ၌ ရှိနေကြသော ကျင့်ကြံခြင်းသိပ်မမြင့်လှသည့် အာကာယံကောင်းကင်ဂိုဏ်း၏ တပည့်များမှာ ရှေ့တွင်ရပ်နေကြသည့် လူအဖွဲ့ကြီးကိုကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြလေသည်။ နှစ်ဖက်အဖွဲ့များသည် အစီအရင်ကိုဖြတ်၍ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။ မွန်းစတားဘုရင်သုံးပါးနှင့် အကြည့်ချင်းဆုံသွားလိုက်တိုင်း အာကာယံကောင်းကင်ဂိုဏ်း၏ တပည့်များမှာ ကြောက်ရွံ့မှုကြောင့် ဇောချွေးပြန်သွားကုန်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် အေးစက်စက်အမူအရာဖြင့် ပြောလိုက်လေသည်။ "ငါနဲ့ ဂိုဏ်းချုပ်မီက အသိအကျွမ်းတွေပဲ၊ အရေးတကြီးကိစ္စတွေ ရှိနေလို့ အဝေးကနေ အမြန်လာခဲ့တာ၊ မင်းတို့ ဘာဖြစ်လို့ ငါ့ကိုအပြင်မှာ ရပ်စောင့်ခိုင်းနေတာလဲ၊ အစီအရင်ကို မြန်မြန်ဖွင့်ပေးစမ်း၊ မင်းတို့လုပ်ရပ်ကြောင့် ဂိုဏ်းချုပ်မီနဲ့ ငါ့အကြားက ဆက်ဆံရေးပျက်စီးသွားခဲ့ရရင် မင်းတို့တာဝန်ယူမှာလား"
အာကာယံကောင်းကင်ဂိုဏ်းမှ တပည့်များမှာမူ ရန်ကိုင်ပြောသည်ကို ယုံလိမ့်မည် မဟုတ်ပေ။ အာကာယံကောင်းကင်ဂိုဏ်းနှင့် ထက်ကောင်းကင်နန်းတော်ကြားရှိ ဆက်ဆံရေးကို သူတို့ သိပြီးသားပင်။ လွန်ခဲ့သည့် နှစ်များအတွင်း သူတို့၏ အသုံးစရိတ် သိသိသာသာ လျော့ကျသွားရခြင်းမှာ ထက်ကောင်းကင်နန်းတော်ကြောင့်သာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထက်ကောင်းကင်နန်းတော်နှင့် ရန်ကိုင်အပေါ် မကျေမနပ် ဖြစ်မိကြသည်။ ထက်ကောင်းကင်နန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းမှာ ရန်သူများပင် မဟုတ်ကြလင့်ကစား ယခုဆိုလျှင်တော့ ရန်သူများနှင့် မခြားတော့ပေ။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည် မည်ကဲ့သို့များ သူတို့ ဂိုဏ်းချုပ်အား အထူးတလည် လာရောက်လည်ပတ်ရပါမည်နည်း။ ရန်ကိုင်ဆိုသည့် လူမှာ ရည်ရွယ်ချက်ကောင်းနှင့် ဤနေရာသို့ ရောက်လာခြင်း မဟုတ်သည်မှာ အသိသာကြီးပင်။ ထိုအပြင် အစီအရင်အား သူ့ခွင့်ပြုချက်မရဘဲ လုံးဝ ဖွင့်မပေးရန် ဂိုဏ်းချုပ်မှ အမိန့်ပေးထားပြီးသားပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ ခြိမ်းခြောက်စကားအပေါ် ကြောက်ရွံ့နေခြင်းမရှိပေ။
အရှေ့ဆုံးမှ ရပ်နေသည့် တာအိုသခင်အဆင့်ပညာရှင်သည် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "နန်းတော်သခင်ရန်၊ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ဦး၊ ဂိုဏ်းချုပ် အခုပဲလာနေပါပြီ၊ မကြာခင်ရောက်ပါတော့မယ်၊ ဒါကြောင့် ကျေးဇူးပြုပြီးတော့ နည်းနည်းလေးပဲ ထပ်စောင့်ပေးပါ၊ ဂိုဏ်းချုပ်ရန် ပြောစရာကိစ္စတစ်ခုခုရှိတယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ဂိုဏ်းချုပ်ရောက်လာတဲ့အထိ စောင့်ပေးပါနော်၊ အဲဒီအချိန်ကျရင်တော့ ဂိုဏ်းချုပ်ရန် ကျုပ်တို့ဂိုဏ်းချုပ်နဲ့ ကိုယ်တိုင် စကားပြောလို့ရပါပြီ"
ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "လက်အောက်ငယ်သားတွေက ခေါင်းဆောင်ထက် ပိုပြီးတော့ ကိုင်တွယ်ရခက်တယ်ဆိုတာ အမှန်ပါပဲလား၊ မင်းနာမည် ဘယ်လိုခေါ်လဲ"
တာအိုသခင်အဆင့်ပညာရှင်၏ အမူအရာ မဲ့သွားခဲ့လေသည်။ [ဘာလဲ ဒီလူ ငါ့ကို တိုက်ခိုက်ဖို့လုပ်ချင်နေတာလား] တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ထိုလူသည် သူ့နာမည်ကို ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ တာအိုသခင်အဆင့်ပညာရှင်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ "နောက်ကျမှ မင်းနဲ့ ငါနဲ့တွေ့မယ်"
ထိုလူမှာ ငိုချင်ပါသော်ငြား မျက်ရည်များ ကျမလာခဲ့ပေ။ "နန်းတော်သခင်ရန်၊ ကျုပ်က အမိန့်ပေးထားတဲ့အတိုင်းပဲ လုပ်နေရတာပါ၊ ဘာဖြစ်လို့ ကျုပ်ကို အကျပ်ရိုက်အောင်လုပ်နေရတာလဲ"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "မင်းကို အကျပ်ရိုက်အောင် မလုပ်စေချင်ရင် အစီအရင်ကို မြန်မြန်ဖွင့်ပေးလိုက်၊ ငါ့အချိန်ကို လာဖြုန်းမနေနဲ့"
မည်သို့ပင်ဖြစ်လင့်ကစား တာအိုသခင်အဆင့်ပညာရှင်မှာတော့ အစီအရင်ကို လုံးဝ ဖွင့်မပေးရဲခဲ့ပေ။ သူ့စိတ်ထဲတွင်တော့ စတင် ထိတ်လန့်ကြောက်ရွံ့လာမိတော့သည်။
ထိုအခိုက်အတန့်မှာပင် အသံတစ်သံ သူ့အနောက်ဘက်ဆီမှ ထွက်လာခဲ့လေ၏။ "ဘယ်သူ ဒီလောက် မောက်မာနေတာလဲလို့ကြည့်နေတာ၊ လတ်စသတ်တော့ နန်းတော်သခင်ရန် ဖြစ်နေတာကိုး၊ နန်းတော်သခင်ရန်ကို ကြိုဆိုတဲ့နေရာမှာ ပေါ့လျော့မိသွားလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် နန်းတော်သခင်ရန်"
"ဂိုဏ်းချုပ်" ထိုတပည့်သည် ဝမ်းသာအားရအမူအရာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လေသည်။ ထိုလူ လှည့်ကြည့်လိုက်သည့်အခိုက်မှာပင် ဧကရာဇ်အဆင့် ဆယ်ဦးကျော် ပျံသန်းလာခဲ့လေသည်။ အကြီးအကဲများ ကာကွယ်သူများသည် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အတူ ရောက်ရှိလာခဲ့လေပြီ။
ဂိုဏ်းချုပ် ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် တာအိုသခင်အဆင့်ပညာရှင်မှာ ယခုကိစ္စသည် သူနှင့် မပတ်သက်တော့ဟု စိတ်ထဲ မှတ်ယူ၍ အလျင်စလို ဧကရာဇ်အဆင့်ပညာရှင်များ၏ အနောက်တွင် သွားရပ်နေလိုက်လေသည်။
"ဂိုဏ်းချုပ်မီ" ရန်ကိုင်သည် မီချီကို ပြုံးကြည့်၍... "မတွေ့ရတာကြာသွားပြီနော် ဂိုဏ်းချုပ်မီ၊ အဆင်ပြေရဲ့လား"
မီချီက ရင်ဘတ်ပေါ် လက်တင်၍... "ဂိုဏ်းချုပ်ရန်ရဲ့ ပုံစံကတော့ အရင်အတိုင်း ကြီးကျယ်မြင့်မြတ်နေတုန်းပါလား၊ ဂုဏ်သတင်းကလည်း နည်းနည်းလေးမှတောင် လျော့မသွားဘူး" မီချီ၏ စကားမှာ ချီးကျူးနေသည့်ပုံစံ ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ သူ့လေသံတွင် လှောင်ပြောင်ရိပ်တို့ ပြည့်နေသည်ကို သတိထားမိနိုင်ပေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ [ဒီကောင် ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေရတာလဲ]
ရန်ကိုင်သည် မီချီ အနောက်တွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များကို လှမ်းကြည့်လိုက်ပြီးသည့်နောက် သူ့အနောက်ဘက်ရှိ လူအုပ်ကြီးကို ပြန်လှည့်ကြည့်လိုက်လေသည်။ [လူအင်အားက လုံးဝ တူတာမဟုတ်ဘူး၊ အဲဒါကို ဘယ်လိုလုပ်ပြီး ဒီကောင် ငါ့ကို ဒီလိုပြောရဲနေရတာလဲ၊ ဘာလဲ၊ သူ့ရဲ့ဂိုဏ်းအကာအကွယ်အစီအရင်ကြောင့်လား]
မီချီက ဆက်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ရန်၊ ဘာဖြစ်လို့ ထက်ကောင်းကင်နန်းတော်မှာပဲ အေးအေးဆေးဆေးမနေဘဲ ဒီလို ချောင်ကျတဲ့ နေရာအထိကို လာလည်နေရတာလဲ"
ရန်ကိုင်က အကျယ်ကြီး အော်ရယ်မောလျက်... "လုပ်စရာကိစ္စလေးရှိလို့ ဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ ဝင်လာလိုက်တာလေ"
မီချီက လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "အဲဒီလိုမျိုး စဉ်းစားပေးတဲ့အတွက် နန်းတော်သခင်ရန်ကို ကျေးဇူးပါပဲ၊ ဒီမှာတော့ အကုန်လုံးက အဆင်ပြေနေပါတယ်"
ရန်ကိုင်က မေးလိုက်သည်။ "နန်းတော်သခင်မီ၊ ကျုပ်တို့အခုအတိုင်းပဲ စကားဆက်ပြောကြတော့မှာလား၊ ကျုပ်ကို အထဲလေးဘာလေး ဖိတ်မခေါ်ချင်ဘူးလား၊ ရှင်းရှင်းပြောရရင် အခုမှ ကျုပ် အာကာယံကောင်းကင်ဂိုဏ်းကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာ၊ ထက်ကောင်းကင်နန်းတော်နဲ့ ယှဉ်လိုက်ရင် ဘယ်လိုနေမလဲ ကျုပ်တကယ်သိချင်နေပြီ"
မီချီက ခေါင်းခါ၍... "ထက်ကောင်းကင်နန်းတော်က လှပတဲ့နေရာတစ်ခုပဲလေ၊ အာကာယံကောင်းကင်ဂိုဏ်းက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ" [မင်းကို အထဲခေါ်လိုက်ရင် ငါရူးနေလို့ ဖြစ်မှာပေါ့]
ထို့နောက်တွင် မီချီက ခေါင်းစဉ်ပြောင်းလိုက်လေသည်။ "ကံမကောင်းစွာနဲ့ ဂိုဏ်းချုပ်ရန် ရောက်လာတာ အချိန်ဆိုးသွားတယ်၊ အခုလောလောဆယ် ကျုပ်က ဧည့်သည်တစ်ယောက်ကို ဧည့်ခံနေရလို့ ဂိုဏ်းချုပ်ရန်ကို ဧည့်ခံလို့ အဆင်မပြေသေးဘူး၊ ဒါကြောင့် နောက်တစ်နေ့မှ ပြန်လာခဲ့ပါလား ဂိုဏ်းချုပ်ရန်၊ အဲဒီအခါကျရင် ကျုပ်ကိုယ်တိုင် ဂိုဏ်းချုပ်ရန်ကို ဧည့်ခံပေးမယ်"
ရန်ကိုင်သည် မီချီအား စိုက်ကြည့်၍ ပြန်ပြောလိုက်လေသည်။ "ကျုပ်အဝေးကြီးကနေ လာလိုက်တာ၊ ဂိုဏ်းချုပ်မီရဲ့ အခုလုပ်ပုံက ဧည့်သည်အပေါ် နည်းနည်းလွန်သလို ဖြစ်မနေဘူးလား"
မီချီက ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ကျုပ်ကို ခွင့်လွှတ်ပေးပါ နန်းတော်သခင်ရန်၊ အခုအချိန်က တကယ်ကို အဆင်မပြေလို့ပါ၊ အခု ကျုပ်ဧည့်ခံနေရတဲ့ ဧည့်သည်အပေါ် ရိုင်းမိသွားရင် သိပ်ပြီးတော့ အဆင်မပြေဘူးလေ"
"ဧည့်သည်က ဘယ်သူလဲ ကျုပ်တို့ကို ဘာလို့ တွေ့ခွင့်မပေးတာလဲ"
မီချီက ခေါင်းခါလျက်... "အဲဒီလူက သူစိမ်းတွေကို မကြိုက်ဘူး၊ နန်းတော်သခင်ရန် ကျုပ်တကယ်ကို အားနာပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ဒီနေ့တော့ ပြန်သွားလိုက်ပါနော်"
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်မေးလိုက်သည်။ "ကျုပ်မသွားဘဲနဲ့ အထဲဝင်ကြည့်ချင်တယ်ဆိုရင်ရော"
မီချီက မျက်လုံးမှေးစင်းလျက်... "နန်းတော်သခင်ရန်၊ ကျေးဇူးပြုပြီး ကိုယ့်အပြုအမူကိုယ် သတိထားပေးနော်၊ ဒီနေရာက အာကာယံကောင်းကင်ဂိုဏ်း၊ ထက်ကောင်းကင်ဂိုဏ်းမဟုတ်ဘူး၊ ဒီနေရာမှာ နန်းတော်သခင်ရန် ဘာမှပြောခွင့်မရှိဘူး၊ နန်းတော်သခင်ရန် လုပ်ချင်တာလုပ် ပြောချင်တာပြောမယ်ဆိုရင် ကျေးဇူးပြုပြီး ထက်ကောင်းကင်နန်းတော်ဆီကိုပဲ ပြန်သွားလိုက်ပါ"
ထိုစကားကို ကြားသော် တပည့်များ အလွန်ကိုမှ စိတ်လှုပ်ရှားသွားကုန်ကြလေသည်။ လက်ရှိ သူတို့ ဂိုဏ်းချုပ်၏ လေသံမှာ အလွန်ကိုမှ အထက်စီးဆန်လှပေသည်။ ထိုကဲ့သို့ လေသံမျိုးကိုကြားရသည်မှာ အလွန်ကိုမှ နားဝင်ချိုသာလှပေ၏။
ရန်ကိုင်သည် မီချီအား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လျက်... "ကြည့်ရတာ ဂိုဏ်းချုပ်မီမှာ အားကိုးစရာတစ်ခုခု ရှိနေတယ်နဲ့ တူတယ်၊ ဒါကြောင့် ကျုပ်ဒေါသထွက်ထွက်နဲ့ အာကာယံကောင်းကင်ဂိုဏ်းကို ဖျက်ဆီးပစ်မှာကို မကြောက်တာ"
မီချီက မောက်မာဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။ "ကောင်းကင်က ဒီလောကကြီးတစ်ခုလုံးကို စောင့်ကြည့်ပေးနေတာ၊ တရားမျှတမှုဆိုတာလည်း လူတိုင်းရဲ့ နှလုံးသားထဲမှာ ရှိပြီးသား"
ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြန်ပြောလိုက်လေသည်။ "တရားမျှတမှုဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ရှိနေတာ မဟုတ်ဘူး၊ ကျုပ်လက်ထဲမှာ ရှိနေတာ"
[ဒီလူနဲ့ စကားဆက်ပြောနေလို့လည်း အပိုပဲ၊ လိုရင်းကို တန်းသွားမှပဲ ရတော့မယ်]
"မီချီ၊ ဒီနေ့ ကျုပ်ခင်ဗျားကို ရွေးစရာနှစ်ခုပေးဖို့ လာခဲ့တာ"
မီချီက အပြုံးကြီးပြုံးလျက်... "နန်းတော်သခင်ရန်ရဲ့ ရွေးစရာနှစ်ခုက ဘာများလဲ၊ နန်းတော်သခင်ရန် သေသေချာချာလေးတော့ ပြောနော်၊ တော်ကြာ အရှက်ကွဲနေဦးမှ အစားမတော်တစ်လုတ် ဖြစ်နေလိမ့်မယ်"
ရန်ကိုင်က မျက်နှာသေအမူအရာဖြင့် ပြောလိုက်သည်။ "ထက်ကောင်းကင်နန်းတော်ရဲ့ လက်အောက်ထဲကို ဝင်လိုက်၊ ပြီးရင် တစ်နှစ်စာဝင်ငွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ဆက်ကြေးအဖြစ်ပေး၊ ဒါမှမဟုတ်ရင်တော့ ကျုပ် အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ထက်ကောင်းကင်နန်းတော်ရဲ့ တကယ့်လက်အောက်ခံဖြစ်လာအောင် သွင်းပစ်မယ်"
မီချီကမူ ရန်ကိုင်အား မျက်နှာသေအမူအရာဖြင့်သာ ပြန်ကြည့်နေခဲ့လေသည်။ ရန်ကိုင် ဆက်ပြောမည်ကို စောင့်နေသည့်ပုံပင်။ တစ်ခဏအကြာ၌ မီချီက မေးလိုက်လေ၏။ "အဲဒါပဲလား"
ရန်ကိုင်က လက်နောက်ပစ်၍ ပြန်ပြောလိုက်သည်။ "ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ ခင်ဗျားအပေါ်ပဲ မူတည်လိမ့်မယ်"
မီချီက ရယ်သွမ်းသွေးလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ... "နန်းတော်သခင်ရန်က တကယ်ကို ဟာသပြောတတ်တယ်နော်၊ မင်းတို့ သူပြောတာကို နည်းနည်းပါးပါး ရယ်ပေးလိုက်ကြပါဦးလေ"
ထိုအခါ မီချီ၏ အနားတစ်ဝိုက်တွင် ရပ်နေကြသော အကြီးအကဲများနှင့် ကာကွယ်သူများ ထအော်ရယ်မောကြတော့လေသည်။ တပည့်အချို့သည်ပင်လျှင် ဝင်ရောက် ရယ်မောလိုက်ကြသည်။
ရန်ကိုင်ကမူ ထိုမြင်ကွင်းကို အေးစက်စက်အမူအရာဖြင့်သာ စိုက်ကြည့်နေလေ၏။ မွန်းစတားဘုရင်သုံးပါး၏ မျက်နှာများမှာလည်း လေးနက်တည်ကြည်နေကြလေသည်။
တစ်ခဏအကြာ၌ မီချီမှ သူ့လက်ကို မြှောက်လိုက်ရာ ရယ်သံများ တန့်သွားခဲ့သည်။ ထို့နောက်တွင် မီချီသည် ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်၍ ပြောလိုက်လေ၏။ "အကုန်လုံးက အေးအေးချမ်းချမ်းရှိနေပေမဲ့ လူတွေက ပြဿနာရှာချင်ကြတယ်၊ နန်းတော်သခင်ရန်၊ အခုပြန်ဆုတ်ရင် နောက်မကျသေးဘူးနော်၊ အဲဒါဆို ကိုယ့်ဂုဏ်သတင်းကို ထိန်းထားလို့ရသေးတယ်၊ မဟုတ်ရင်တော့ နန်းတော်သခင်ရန် အရှက်ကွဲသွားရနိုင်တယ်နော်" ထိုကဲ့သို့ပင် ပြောနေလင့်ကစား မီချီမှာတော့ ရန်ကိုင် သူ့အား တိုက်ခိုက်လာမည်ကို မျှော်လင့်နေခဲ့လေသည်။ ရှင်းရှင်းပြောရလျှင် သူနှင့် ရန်ကိုင်အကြားရှိ ကိစ္စအရပ်ရပ်အားလုံးကို ယနေ့တွင် တစ်ခါတည်း ရှင်းပစ်လိုပေသည်။ သို့မှသာလျှင် နောက်နောင် ထက်ကောင်းကင်နန်းတော်အား အရင်းအမြစ်ကျောက်များ ထပ်ပေးစရာ လိုတော့လိမ့်မည် မဟုတ်ပေ။
"ဂိုဏ်းချုပ်မီက တကယ်ကို ယုံကြည်ချက်ရှိနေတာပဲ" ရန်ကိုင်က ခေါင်းညိတ်၍... "ဂိုဏ်းချုပ်မီ နောင်တမရဖို့ မျှော်လင့်တယ်"
မီချီက အော်ပြောလိုက်သည်။ "ငါဘာမှ အမှားလုပ်ထားတာ မဟုတ်ဘူး၊ ငါ့မှာလည်း ဘာမှ နောင်တရစရာမရှိဘူး"
"ကောင်းပြီလေ" ရန်ကိုင်က အော်ပြောလိုက်လေသည်။ "အလွယ်လမ်းကို မရွေးဘဲ ခက်တဲ့လမ်းကို ရွေးချင်တယ်ဆိုမှတော့ ကျုပ်တို့ကြားက ခင်မင်ရင်းနှီးမှုကို မထောက်ထားဘဲနဲ့ အာကာယံကောင်းကင်ဂိုဏ်းကို ဖျက်ဆီးလို့ဆိုပြီး ဒီနန်းတော်သခင်ကို လာအပြစ်မတင်နဲ့ပေါ့"
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် အနောက်တွင် ရှိနေသော မွန်းစတားဘုရင်သုံးပါးစလုံး ပြေးထွက်သွားခဲ့ကြလေသည်။ မွန်းစတားဘုရင်သုံးပါးစလုံး ဂိုဏ်းကာကွယ်ရေးအစီအရင် အရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခြင်း ဖြစ်ကာ အကုန်လုံးမှာ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကိုပင် သေချာ မမြင်လိုက်ရပေ။ သူတို့ ခံစားမိလိုက်ရသည်မှာတော့ အားကောင်းသည့် စွမ်းအင်လှိုင်းများ ပြန့်ထွက်လာခဲ့ပြီး ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာလည်း ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ၎င်း၏ မျက်နှာပြင်အထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။
မွန်းစတားဘုရင်သုံးပါး၏ တိုက်ခိုက်မှုမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုအပြင် ၎င်းတို့၏ မှော်ရတနာများကိုပါ ထုတ်ကာ တိုက်ခိုက်ခြင်းဖြစ်သည့်အတွက်ကြောင့် သူတို့၏ တိုက်ခိုက်မှုမှာ သာမန်တိုက်ခိုက်မှုများထက် ပိုမို အားကောင်းနေခဲ့သည်။
ထိုကဲ့သို့သော အားကောင်းသည့် တိုက်ခိုက်မှုများကို ရင်ဆိုင်နေရလင့်ကစား မီချီကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ ရန်ကိုင်ကို ပြုံးကာ ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ "အာကာယံကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်က အားအကောင်းဆုံး မဟုတ်ပေမဲ့ အလွယ်တကူတော့ ပျက်စီးမှာမဟုတ်ဘူး၊ နန်းတော်သခင်ရန် အားကုန်ခံမနေပါတော့နဲ့လား"
ထိုသို့ ပြောပြီးသည့်နောက် အစီအရင်ချပ်ပြားတစ်ခု သူ့လက်ထဲတွင် ပေါ်လာခဲ့လေသည်။ မီချီမှ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ထိုအစီအရင်ချပ်ပြားမှတစ်ဆင့် စတင်ထိန်းချုပ်လိုက်သည့် နောက်တွင် တုန်ခါနေသည့် ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ရုတ်ချည်းဆိုသလို တည်ငြိမ်သွားခဲ့သည်။ အစီအရင်၏ မျက်နှာပြင်အထက် လှိုင်းတွန့်လေးများလည်း ထွက်ပေါ်လာခြင်း မရှိတော့ချေ။ မွန်းစတားဘုရင်သုံးပါး မည်သို့ပင် တိုက်ခိုက်နေစေကာမူ အစီအရင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။
အစီအရင် ထိုမျှ အားကောင်းနေခြင်းတော့ မဟုတ်ပေ။ ထိုအစား တိုက်ခိုက်လာသည့် စွမ်းအားအားလုံးကို အခြားတစ်နေရာဆီသို့ ကူးပြောင်းပေးလိုက်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ဤသည်မှာ ဂိုဏ်းကာကွယ်ရေးအစီအရင်၏ စွမ်းအားသာ ဖြစ်လေသည်။ အစီအရင်ကိုသာ အသက်သွင်းထားသရွေ့ မွန်းစတားဘုရင်သုံးပါးသည်ပင်လျှင် အစီအရင်အား အချိန်တိုအတွင်း ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်။ ရမ္မက်လျှာဂိုဏ်းမှ ကျင့်ကြံသူများသည်သာ ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် ပုန်းအောင်းနေခဲ့လိမ့်မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် သူတို့ ဂိုဏ်းအား အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူတို့၏ အကြီးဆုံးအမှားမှာ လူအင်အားအကုန်အစင်ကို ခေါ်၍ ရေခဲနှလုံးသားတောင်ကြားအား သွားတိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ သူတို့အား တိုက်ခိုက်ခွင့်ရခဲ့ခြင်း ဖြစ်လေသည်။
မွန်းစတားဘုရင်သုံးပါးမှာ ၎င်းတို့၏ ခွန်အားကို အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိဘဲ အားကုန်သုံးကာ တိုက်ခိုက်နေခဲ့လေသည်။ အတန်ကြာအောင် တိုက်ခိုက်နေပြီးသည့်နောက် ဂိုဏ်းကာကွယ်ရေးအစီအရင်အား ဖျက်ဆီး၍ မရတော့သည့်အဆုံး ရန်ကိုင် ဘေးနားသို့ ပြန်လာခဲ့ကြလေ၏။
ထိုအချင်းအရာကို မြင်လိုက်သော် အာကာယံကောင်းကင်ဂိုဏ်းမှ လူများ ဝါးလုံးကွဲ အော်ရယ်မောကြတော့လေသည်။
မီချီက ပြောလိုက်သည်။ "နန်းတော်သခင်ရန်၊ လက်လျှော့တော့မှာလား၊ ဆက်သွားနေရင် ပိုပြီး ရှက်စရာဖြစ်နေမှာနော်"
မီချီမှာ မွန်းစတားဘုရင်သုံးပါးမှ ဂိုဏ်းကာကွယ်ရေးအစီအရင်အား ဖျက်ဆီးပစ်မည်ကို စိတ်ပူနေဆဲဖြစ်လေသည်။ သို့သော်ငြား အစီအရင်မှာ ယခုအချိန်အထိ အကောင်းအတိုင်း ရှိနေသေးသဖြင့် မီချီမှာ ရုတ်ချည်းဆိုသလို တည်ငြိမ်သွားတော့သည်။ [ကြည့်ရတာ လူအိုကြီး…ကိုတောင် မလိုဘူးနဲ့ တူတယ်၊ ဒီအစီအရင်သာရှိနေသရွေ့ ထက်ကောင်းကင်နန်းတော် ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အဲဒီလိုမှန်းသာသိခဲ့ရင် အရင်းအမြစ်ကျောက်တွေကို နှစ်တိုင်း ပေးမနေပါဘူး၊ ငါ့ဘာသာငါပဲ သိမ်းထားလိုက်ပါတယ်]
ရန်ကိုင်သည် မီချီကို ကြည့်၍... "ဒါ ခင်ဗျားအားကိုးနေတဲ့ အရာလား၊ အဲဒါဆိုရင်တော့ ကျုပ်တကယ် စိတ်ပျက်သွားပြီ"
မီချီက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "အရှက်မရှိ ကြွားမနေပါနဲ့ နန်းတော်သခင်ရန်"
"ဒီအစီအရင်လောက်ကို ကျုပ်က စာဖွဲ့နေစရာလား၊ ကျုပ်ဒါကို ဘယ်လိုဖျက်ဆီးမလဲ ခင်ဗျားကြည့်ထားလိုက်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်ထုတ်လိုက်သည်။ ရန်ကိုင် အနောက်တွင် ရှိနေသော လူအားလုံး ချက်ချင်း နောက်တစ်မိုင်ခန့်အကွာသို့ ဆုတ်သွားခဲ့ကြလေသည်။
ရန်ကိုင် ဘာကြံလို့ ကြံနေမှန်း မသိသည့်အလျောက် မီချီမှာ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင် အားမနည်းကြောင်း မီချီ သိပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ မကြာသေးခင်ကမှ တက်ရောက်ထားလေရာ မွန်းစတားဘုရင်သုံးပါးသည်ပင်လျှင် မလုပ်နိုင်သည့် အရာမျိုးကို သူက မည်ကဲ့သို့များ လုပ်နိုင်ပါမည်နည်း။
မီချီ စိတ်ထဲ မယုံသင်္ကာဖြစ်နေစဉ်မှာပင် ရန်ကိုင်မှ ဟင်းလင်းပြင်ထဲသို့ သူ့လက်ကို ထိုးနှိက်၍ တစ်ခုခုအား လှမ်းဆွဲလိုက်သည်ကို တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ကျောက်တုံးလူသားတစ်ဦး ထူးဆန်းစွာ ပေါ်လာခဲ့လေသည်။ ကျောက်တုံးလူသားကို မြင်လိုက်သည့်အခိုက် လူတိုင်း မျက်လုံးပြူးသွားခဲ့ကြလေသည်။ ကျောက်တုံးလူသား မည်ကဲ့သို့ပေါ်လာသလဲ၊ မည်သည့်နေရာမှ ပေါ်လာသလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ သူတို့ မြင်လိုက်သည့် အရာမှာတော့ ရန်ကိုင်မှ ဟင်းလင်းပြင်ထဲသို့ လက်တစ်ဖက်ကို ထိုးစိုက်ပြီး ထိုလက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ထဲတွင် ရှိနေသည့် အရာကို ဆွဲထုတ်လိုက်သည်ဟူ၍သာ။
ကျောက်တုံးလူသားမှာ လူ့အရပ် တစ်ဝက်စာလောက်သာ ရှိပေသည်။ ကျောက်တုံးလူသားသည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို မျက်နှာမူ၍ သားရဲတစ်ကောင်ပမာ ဟိန်းဟောက်ရင်း ၎င်း၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ထုရိုက်လိုက်သည်။
အောက်မှ ကြည့်နေသည့် လူများမှာတော့ မှင်တက်နေကုန်ကြလေသည်။ [ဘာကြီးလဲဟ၊ ဒီကောင် ဘာတွေ ရူးကြောင်ကြောင်နဲ့ ကိုယ့်ရင်ဘတ်ကိုယ် ပြန်ထုနေရတာလဲ]
သို့သော်ငြား သူတို့၏ အံ့အားသင့်မှုများမှာ မကြာမီတွင် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရလေသည်။ သူတို့၏ အကြည့်များမှာလည်း တဖြည်းဖြည်းနှင့် အပေါ်သို့ မြင့်တက်လာကုန်ကြလေ၏။ လူ့အရပ် တစ်ဝက်စာခန့်သာ ရှိသော ကျောက်တုံးလူသားမှာ အလွန်ကိုမှ လျင်မြန်သည့် နှုန်းဖြင့် အရွယ်အစား ကြီးမားလာခဲ့လေသည်။
သုံးမီတာ၊ တစ်ဆယ့်ငါးမီတာ၊ မီတာသုံးဆယ်၊ မီတာခြောက်ဆယ်၊ မီတာတစ်ရာ။ နောက်ဆုံး မီတာတစ်ရာ့ခြောက်ဆယ်လောက် ရောက်သည့် အခါမှသာလျှင် ကျောက်တုံးလူသား၏ အရွယ်အစား ကြီးမားနေခြင်း ရပ်တန့်သွားခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ကျောက်တုံးလူသားမှာ တောင်တစ်လုံးပမာ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်အရှေ့ ထီးထီးကြီး ရပ်နေခဲ့လေပြီ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၃)
ဘာသာပြန်သူ_တိမ်တိုက်
မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လွန်းလှသည့် ဖိအားတစ်ရပ်သည် အကုန်လုံးအပေါ်သို့ ပြိုဆင်းကျလာခဲ့လေသည်။ အကြည့်သက်သက်နှင့်ပင်လျှင် လူတိုင်းမှာ မိမိ၏ရင်ပေါ်သို့ တောင်တစ်လုံး ပြိုဆင်းလာသည့်ပမာ ကြီးစွာသည့်ဖိအားကို ခံစားနေခဲ့ကြရကာ အသက်ရှူရပင် ခက်ခဲလာတော့လေ၏။ သူတို့အား ပို၍ ထိတ်လန့်တုန်လှုပ်သွားစေသည့်အချက်မှာ ထိုကျောက်တုံးလူသား၏ ကိုယ်ထက်တွင် ရှိနေသော ဘယ်အချိန်တည်းကမှန်းမသိ ပေါ်လာသည့် ကျောက်ဆူးချွန်များပင် ဖြစ်လေသည်။ ထို့အပြင် ထိုကျောက်တုံးလူသားတစ်ကိုယ်လုံးကိုလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော မီးတောက်များဖြင့် လွှမ်းခြုံထားလေ၏။
“ရှီဟွော့…” မီချီ၏မျက်လုံးများ ကျုံ့ဝင်သွားခဲ့သည်။ မီချီမှာ အတော်လေး အတွေ့အကြုံကြွယ်ဝသူတစ်ဦးပီပီ ကျောက်တုံးကိုယ်ပွား၏ပုံစံကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှီဟွော့မှန်း တန်းသိလိုက်လေသည်။ သို့သော်ငြား ရှီဟွော့သည် ဘာကြောင့်များ ဤနေရာတွင် ပေါ်လာရလေသနည်း။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လိပ်နက်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သော နတ်သားရဲရှီဟွော့သည် အရှေ့ဘက်နယ်မြေ၏ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိကြောင်းကို မီချီကြားဖူးပေသည်။ လက်ရှိ သူရှေ့တွင်ရှိနေသည့်ရှီဟွော့သည် ထိုရှေးဟောင်းတောအုပ်ကြီးထဲ၌ ရှိနေသည့် ရှီဟွော့ဟုတ်မဟုတ်ကိုတော့ မီချီ မသေချာပါသော်ငြား လက်ရှိအချိန်တွင်တော့ သူ့စိတ်ထဲ ဤရှီဟွော့၏ အရွယ်အစားနှင့်ပတ်သက်၍ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ (ရှီဟွော့ ဘယ်တုန်းကများ ဒီလောက်အထိ ကြီးနိုင်သွားရတာလဲ…)
နတ်သားရဲများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သိလိုလျှင် စုံစမ်းဖို့ရာ သိပ်မခက်လှပေ။ ထိုအကြောင်းကြောင့် မီချီမှာ ရှီဟွော့အကြောင်းကို သိထားပေသည်။ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှမမြင်ဖူးခြင်းသာ ရှိ၏။ သူသိသလောက် ရှီဟွော့သည် သူ့ခန္ဓာကိုယ်အရွယ်အစားကို ပုံမှန်ထက် ပိုမိုကြီးမားနိုင်သည့် နည်းလမ်းတစ်ခုခုကို ပိုင်ဆိုင်ထားနိုင်မည်ဆိုလျှင်ပင် ၎င်း၏ခန္ဓာကိုယ်အရွယ်အစားကို ဤအရွယ်အစားထိတော့ ကြီးမားလာအောင် မလုပ်နိုင်ပေ။
မီချီမသိသည်မှာတော့ သူ့ရှေ့တွင် ရှိနေသည့် ရှီဟွော့သည် လွင့်မျောတိုက်ကြီးတစ်ခုလုံးကို ဝါးမျိုပစ်ခဲ့သော ကျောက်တုံးဝိဉာဉ်ဖြစ်သည်ဟူသော အချက်ပင်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို သုံး၍ အညစ်အကြေးများကို သန့်စင်ထားလင့်ကစား ကျောက်တုံးကိုယ်ပွားသည်သာ ဆန္ဒရှိပါက ယခုထက်ပင် ပိုမိုကြီးထွားနိုင်ပေသေးသည်။ မီတာလေးငါးရာအမြင့်သည် ဘာမျှမပြောပလောက်ပေ။ ရန်ကိုင်၏ မီတာနှစ်ရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းခန္ဓာကိုယ်သည်ပင်လျှင် ကျောက်တုံးကိုယ်ပွားရှေ့၌ ဘာဆိုဘာမျှမပြောပလောက်တော့။
ဟိန်းသံ ရုတ်ချည်း ရပ်တန့်သွားသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားသည် ၎င်း၏မျက်လုံးကြီးများကို ဖွင့်လျက် အောက်ဘက်ရှိ မီချီတို့အဖွဲ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ၎င်း၏လက်သီးကြီးကို တင်းတင်းဆုပ်၍ ဂိုဏ်းကာကွယ်ရေးအစီအရင်ပေါ်သို့ ထိုးချလိုက်လေ၏။
လက်သီးချက် မရောက်သေးခင်မှာပင် နားကွဲမတတ် လေခွင်းသံတို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုလက်သီးချက်ကို မြင်သည့်အခိုက် မီချီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ သူ့ခမျာ ယခင်ကကဲ့သို့ လုံးဝ တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း မရှိတော့ချေ။ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အတော်လေးကိုမှ အားကောင်းသလို သူကိုယ်တိုင်ကလည်း အစီအရင်ကို ထိန်းချုပ်နေခြင်း ဖြစ်သည့်အလျောက် ဤအစီအရင်သည် မွန်းစတားဘုရင်သုံးပါး၏ တိုက်ခိုက်မှုကိုပင်လျှင် မည်သည့်ထိခိုက်မှုမှ မရှိဘဲ ခုခံနိုင်ခဲ့ပါသော်ငြား လက်ရှိ သူ့ရှေ့သို့ တိုးဝင်လာနေသည့် လက်သီးချက်ကြီးကိုတော့ ခုခံနိုင်လိမ့်မည်ဟု မီချီ ယုံကြည်ချက်မရှိပေ။ တကယ်တော့ အစီအရင်အများစုကို အကြမ်းနည်းသုံး၍ ဖျက်ဆီးပစ်လို့ ရပေသည်။ ထိုသို့မဖျက်ဆီးနိုင်ပါက တိုက်ခိုက်လိုက်သည့်လူတွင် လုံလောက်သည့်ခွန်အား မပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ထိုလက်သီးချက်ကြီးထဲ မည်မျှများပြားလှသော စွမ်းအားများ ကိန်းအောင်းနေသလဲဆိုသည်ကို မီချီမသိ။ ခန့်လည်း မခန့်မှန်းရဲခဲ့။ အထိတ်ထိတ်အလန့်လန့်ဖြင့်သာ လက်ကွက်များကိုထုတ်ဖော်၍ ဧကရာဇ်ချီကို အစီအရင်ပြားထဲသို့ ထည့်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို အစီအရင်ပြားဆီမှ အလင်းစက်ကလေးများ ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ဆီသို့ တိုးဝင်သွားခဲ့ရာ ဂိုဏ်းကာကွယ်ရေးအစီအရင်၏ မျက်နှာပြင်မှာလည်း ယခင်ကထက်ပို၍ တောက်ပလာခဲ့လေသည်။
“ဘုန်း…”
ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကြီးသည် ဂိုဏ်းကာကွယ်ရေးအစီအရင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံးမှာလည်း တသိမ့်သိမ့်တုန်ကို တုန်ခါသွားခဲ့လေသည်။ ထိုလက်သီးချက်၏ လက်ကျန်အားကြောင့် မရေမတွက်နိုင်သော အဆောက်အဦးများ ပြိုကျသွားကုန်ကြပြီး လူပေါင်းများစွာတို့မှာ ပြိုကျသွားသော အဆောက်အဦးများကြားမှ ပျံသန်းထွက်လာကာ ဘေးပတ်ဝန်းကျင်ကို ငေးကြောင်ကြောင်အမူအယာများဖြင့် လှည့်ပတ်ကြည့်လိုက်ကြလေသည်။ အဝေးတစ်နေရာတွင် ရှိနေသော မိုးထိမတတ် မြင့်မားလွန်းလှသည့် ဧရာမပုံရိပ်ကြီးကို မြင်လိုက်သော် အကုန်လုံး မင်သက်သွားကုန်ကြလေသည်။
ဂိုဏ်းကာကွယ်ရေးအစီအရင်သာ ရှိနေသရွေ့ မည်သူမျှ အာကာယံကောင်းကင်ဂိုဏ်းထဲသို့ ဝင်ရောက်လာနိုင်ခြင်းမရှိပေ။ ထို့အတူ အာကာယံကောင်းကင်ဂိုဏ်းကိုလည်း ထိခိုက်အောင်မလုပ်နိုင်ပေ။ သို့သော်ငြား ကျောက်တုံးကိုယ်ပွား၏လက်သီးချက်မှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည့်အတွက်ကြောင့် ဂိုဏ်းကာကွယ်ရေးအစီအရင်သည်ပင်လျှင် လက်သီးချက်ထဲရှိ စွမ်းအင်အပြည့်အဝကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ လက်ကျန်စွမ်းအင်များမှာ အာကာယံကောင်းကင်ဂိုဏ်းအနှံ့ ပျံ့နှံ့သွားခဲ့လေရာ အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်ကုန်ကြရလေသည်။
မီချီနှင့် သူ့အဖွဲ့သားများ ရှိနေသည့်နေရာမှာတော့ အခြားနေရာများထက်ပင် ပို၍ အခြေအနေဆိုးနေခဲ့သည်။ လက်သီးချက်ကြီးကျရောက်လာသည့်အချိန်တွင် အားနည်းသည့်ကျင့်ကြံသူများမှာ ရေပူပေါင်းများနှယ် တဖုန်းဖုန်း ပေါက်ကွဲထွက်ကုန်ကြလေသည်။ တာအိုသခင်အဆင့်နှင့်အထက် ကျင့်ကြံသူများသည်သာ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား သူတို့၏မျက်နှာများမှာတော့ သွေးဆုတ်ဖြူလျော်နေခဲ့ကြပြီး မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေကြလေသည်။
မီချီမှာတော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် မီချီခမျာ သေဆုံးသွားသော တပည့်များကို ဂရုမစိုက်နိုင်။ သူအာရုံစိုက်နေသည့်နေရာမှာ ကျောက်တုံးကိုယ်ပွား၏လက်သီးချက် ထိမှန်သွားသော ဂိုဏ်းကာကွယ်ရေးအစီအရင်၏ မျက်နှာပြင်သာ ဖြစ်လေသည်။ လက်ရှိအချိန်၌ ထိုနေရာတွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများစွာ ရှိနေခဲ့ပြီး ထိုအက်ကြောင်းများမှာ ဘေးပတ်ဝန်းကျင်သို့ တဖြည်းဖြည်းနှင့် ပျံ့နှံ့လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် မီချီမှာ အမှန်တကယ်ကို အံ့အားသင့်သွားရတော့သည်။ ဤမွန်းစတားကောင်ကြီး၏ လက်သီးချက်မှာ အထင်သေး၍မရမှန်း သိထားခဲ့ပါသော်ငြား ဤမျှ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ (ဒါ ရှီဟွော့ရဲ့ တကယ့်စွမ်းအားလား… ဒါပေမယ့် ငါသိသလောက်ဆိုရင် ရှီဟွော့ရဲ့ တကယ့်စွမ်းအားက အခုလိုမျိုး ရုပ်ခွန်အားမဟုတ်ပါဘူး…)
ထိုမွန်းစတားကောင်ကြီး ၎င်း၏လက်သီးအား နောက်တစ်ကြိမ် ထပ်မြှောက်လိုက်သည်ကိုမြင်သော် မီချီမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ အစီအရင်ပြားထဲသို့ ထည့်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို ပိုမိုများပြားသော အလင်းစက်များ အစီအရင်ပြားဆီမှ ထွက်ပေါ်လာခဲ့ပြီး အက်ရာထင်နေသော အစီအရင်မျက်နှာပြင်ဆီသို့ ပျံသန်းသွားခဲ့ကြလေသည်။ ထိုအလင်းစက်လေးများ ရောက်ရှိလာပြီးသည့်နောက်တွင် အက်ကြောင်းများမှာ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။
သို့သော်ငြား မီချီ အသက်ပင် ကောင်းကောင်းမရှူရသေးခင်မှာပင် ဒုတိယလက်သီးချက် ကျဆင်းလာခဲ့လေသည်။
လက်ရှိအချိန်တွင်တော့ ထိုလက်သီးချက်မှာ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ပေါ်သို့ ကျရောက်လာသလိုမဟုတ်တော့ဘဲ မီချီ၏ရင်ဘတ်တည့်တည့်ပေါ်သို့ ကျရောက်လာသည့်အလား။ မီချီမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သေခြင်းတရားအငွေ့အသက်တို့ကိုလည်း သူ့ရင်ထဲ ခံစားမိလိုက်လေသည်။
အစောပိုင်းက ဖြစ်ပျက်ခဲ့သော အလားတူအဖြစ်အပျက် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့လေသည်။ အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီး အဆောက်အဦးများ ထပ်မံပြိုကျကုန်လေသည်။ ကံကောင်းစွာဖြင့် ဧကရာဇ်အဆင့်ပညာရှင်များမှာ အခြေအနေဆိုးတော့မည်မှန်း သိလိုက်သည်နှင့်တစ်ပြိုင်နက် အကာအကွယ်ပညာရပ်များကို ထုတ်သုံးလိုက်ကြလေသည်။ ထို့အတွက်ကြောင့် လက်သီးချက်ကြီးဆီမှ ဖြာထွက်လာသော လက်ကျန်စွမ်းအားများကို ကံကောင်းထောက်မစွာဖြင့် တားဆီးနိုင်ခဲ့သလို အားနည်းသည့်တပည့်များ ဆိုးဆိုးရွားရွား ထိခိုက်သွားခြင်းမရှိအောင်လည်း ကာကွယ်ပေးနိုင်ခဲ့လေသည်။
“ခရက်…”
အက်သံတစ်သံနှင့်အတူ အစောပိုင်းက ပြန်ကောင်းသွားခဲ့သော ဂိုဏ်းကာကွယ်ရေးအစီအရင်မျက်နှာပြင်ထက်တွင် အက်ရာများစွာ ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ် အက်ကြောင်းအရေအတွက်မှာတော့ ယခင်ကထက်ပင် ပိုများနေခဲ့သလို အက်ကြောင်းများမှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ လျင်မြန်စွာ ပျံ့နှံ့နေခဲ့လေသည်။ ထိုအချင်းအရာကိုမြင်လိုက်သော် မီချီမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး လက်ကွက်များကို အရူးအမူးထုတ်ဖော်ရင်းမှ အက်နေသောအစီအရင်ကို ပြန်ပြင်ရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား ကျောက်တုံးကိုယ်ပွားမှ ၎င်း၏လက်သီးအား နောက်တစ်ကြိမ် ထပ်မြှောက်လိုက်သည်ကိုမြင်သော် မီချီရင်ထဲ ထိတ်လန့်တုန်လှုပ်မှုတို့ စတင်ကြီးစိုးလာခဲ့လေသည်။ သူ အလွန်ကိုမှ ဂုဏ်ယူရသော ဂိုဏ်းကာကွယ်ရေးအစီအရင်သည် သူ့အား အန္တရာယ်မှ ကာကွယ်မပေးနိုင်တော့ပေ။ ရှင်းရှင်းပြောရသော် ဤလောကကြီးထဲရှိ ကိုးဆယ်ရာခိုင်နှုန်းသော ဂိုဏ်းကာကွယ်ရေးအစီအရင်များမှာ ဤမွန်းစတားကောင်ကြီး၏ တိုက်ခိုက်မှုများကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့် မီချီမှာ လှမ်း၍အကူအညီတောင်းတော့လေ၏။ “အကြီးအကဲတို့… ငါ့ကိုကူညီပေးဦး…”
မီချီ၏အသံ ထွက်ပေါ်လာသည့် အခါမှသာလျှင် ဧကရာဇ်အဆင့်ပညာရှင်များမှာ ပြန်လည်အသိဝင်လာကြပြီး ၎င်းတို့၏ သက်ဆိုင်ရာအစီအရင်ပြားများကို အလျင်စလို ထုတ်လိုက်ကြလေသည်။ သူတို့တွင်ရှိနေသော အစီအရင်ပြားများမှာ မီချီတွင်ရှိနေသော အစီအရင်ပြား၏ အခွဲလေးများသာ ဖြစ်ကြလေသည်။
လက်ရှိအချိန်တွင်တော့ ဧကရာဇ်အဆင့်ပညာရှင်များအားလုံး၏ အမူအယာမှာ မဖြစ်စဖူး ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့လေ၏။ အကုန်လုံးမှာ ဧကရာဇ်ချီကို အစီအရင်ပြားထဲသို့ တတ်စွမ်းသလောက် ထည့်သွင်း၍ အက်ရာများကို ပြန်ပြင်ရန် ကြိုးစားနေခဲ့လေသည်။
ကျောက်တုံးကိုယ်ပွားကမူ ခေါင်းခါလိုက်လေသည်။ လက်သီးနှစ်ချက်ဖြင့် ဤအစီအရင်အား မဖျက်ဆီးနိုင်ခဲ့သည့်အပေါ် သူ့စိတ်ထဲ အနည်းငယ် စိတ်ညစ်နေမိလေသည်။ ထိုအကြောင်းကြောင့် ယခုတစ်ကြိမ်တွင်တော့ တစ်ချက်ချင်းစီ ထိုးမနေတော့ဘဲ လက်နှစ်ဖက်ကို အတူပူး၍ အားပြင်းပြင်းဖြင့် ထိုးချလိုက်တော့လေ၏။
(ဒါကြီးကိုတော့ ငါတို့ တားလို့မရတော့ဘူး… ငါတို့ တကယ်တားနိုင်မှာမဟုတ်ဘူး…)
ကျောက်တုံးကိုယ်ပွား၏လုပ်ပုံကိုမြင်သော် မီချီနှင့် ဧကရာဇ်အဆင့်ပညာရှင်များ၏စိတ်ထဲ ထိုကဲ့သို့သောအတွေးမျိုး တစ်ပြိုင်နက်တည်း ပေါ်လာခဲ့လေသည်။ တိုက်ခိုက်မှုမှာ မရောက်သေးသည့်တိုင် ထိုတိုက်ခိုက်မှုကို သူတို့ လုံးဝ တားဆီးနိုင်ခြင်း ရှိလိမ့်မည်မဟုတ်ဟု အကုန်လုံး ခံစားနေကြရလေသည်။
သူတို့ထင်ထားသကဲ့သို့ အမှန်တကယ်ဖြစ်လာခဲ့လေသည်။ ကျောက်တုံးကိုယ်ပွား၏ တတိယမြောက်တိုက်ခိုက်မှု ရောက်ရှိလာချိန်တွင်တော့ မတည်မငြိမ်ဖြစ်နေသော ဂိုဏ်းကာကွယ်ရေးအစီအရင်ထက် အက်ရာပေါင်းများစွာ ထွက်ပေါ်လာတော့၏။ အာကာယံကောင်းကင်ဂိုဏ်းသားများ၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်အောက်တွင်ပင် ဂိုဏ်းကာကွယ်ရေးအစီအရင် တစ်စစီ ပျက်စီးသွားခဲ့လေသည်။
ဂိုဏ်းကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်ကို မြင်သည့်အခါ မီတာထောင်ပေါင်းများစွာအကွာတွင် ရှိနေသော မွန်းစတားဘုရင်သုံးပါးစလုံး လျှပ်စီးတန်းများပမာ ပြေးထွက်လာကုန်ကြလေသည်။ သုံးဦးစလုံးသည် အာကာယံကောင်းကင်ဂိုဏ်း၏ ဧကရာဇ်အဆင့်ပညာရှင်များဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်သွားလေ၏။ ယင်ဖေးမှာ ကျန်နှစ်ဦးထက် ပိုမြန်နေလေရာ ရှေ့ဆုံးမှ ရောက်ရှိလာခဲ့လေသည်။ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့မှာတော့ ယင်ဖေးနောက်မှ အမြန်လိုက်လာခဲ့ကြလေသည်။
လက်သည်းချက်များ ကောင်းကင်ထက်ဆီမှ ကျဆင်းလာခဲ့ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင် ပျက်စီးသွားသည့်အပေါ် ယူကျုံးမရဖြစ်နေသော ဧကရာဇ်အဆင့်ပညာရှင်များမှာ အပြည့်အဝ အသိပြန်မဝင်လာနိုင်ကြသေးလေရာ ထိုတိုက်ခိုက်မှုများကို အသည်းအသန် ကမန်းကတန်း ခုခံလိုက်ကြရလေသည်။
ကျင့်ကြံခြင်းကွာဟချက်မှာလည်း စတင်၍ သိသာလာတော့သည်။ အာကာယံကောင်းကင်ဂိုဏ်းဘက်တွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသူဆို၍ မီချီတစ်ဦးတည်းသာ ရှိပေသည်။ မီချီသည်ပင်လျှင် တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ယင်ဖေး၏ပြိုင်ဘက် မဖြစ်နိုင်လောက်ပေ။ ထို့အတွက်ကြောင့် အခြားသောအကြီးအကဲများနှင့် ကာကွယ်သူများအဖို့ ယင်ဖေး၏တိုက်ခိုက်မှုများကို ခုခံဖို့ရာ မဖြစ်နိုင်တော့ပေ။
ရှီလဲ့သည် သူ့ခန္ဓာကိုယ်အား မိုးပြာရောင်လျှပ်စီးတို့ဖြင့် လွှမ်းခြုံ၍ မီချီဆီသို့ ပြေးဝင်သွားရင်းမှ ကြမ်းကြုတ်စွာပြုံးလျက် ပြောလိုက်လေသည်။ “အကောင်းပြောနေတုန်း နားမထောင်မှတော့ သေလိုက်ပေတော့…” ထို့နောက် သူ့လက်ဝါးချက်ဖြင့် မီချီ၏ခေါင်းကို ရိုက်ချလိုက်လေသည်။
မီချီသည် သူ့လက်ထဲရှိ အစီအရင်ပြားကို သိမ်းလိုက်ပြီး သံကွင်းကဲ့သို့သော မှော်ရတနာတစ်ခုကို အလျင်စလို ထုတ်ယူလိုက်လေသည်။
ရှဲ့ဝူဝေကမူ ရှီလော့ကိုဖြတ်ကျော်၍ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များဆီသို့ တိုးဝင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ဧရာမကင်းမြီးကောက်ပုံရိပ်ကြီးသည် ရှဲ့ဝူဝေနောက်၌ ပေါ်လာခဲ့လေသည်။ ကင်းမြီးကောက်၏ အမြီးဖျားမှာတော့ အစိမ်းရောင်တလက်လက် တောက်ပနေလေရာ အလွန်ကိုမှ အဆိပ်ပြင်းလှကြောင်း သိသာလှပေသည်။ ကင်းမြီးကောက်ပုံရိပ်ကြီးသည် တစ်ခဏမျှ ပေါ်လာပြီးသည့်နောက်တွင် အစိမ်းရောင်မြူခိုးများ ပေါက်ကွဲထွက်လာကာ ဧကရာဇ်အဆင့်ပညာရှင်လေးငါးဦးကို လွှမ်းခြုံသွားခဲ့လေသည်။ ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများသည်သာ အစိမ်းရောင်မြူခိုးထဲမှ ထွက်ပေါ်လာနေတော့သည်။ အထဲတွင် ဘာတွေဖြစ်လို့ဖြစ်နေမှန်း မည်သူမှ မပြောနိုင်ကြတော့ပေ။
မွန်းစတားဘုရင်သုံးပါး လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အာကာယံကောင်းကင်ဂိုဏ်း၏ အားကောင်းလှသော ပညာရှင်အားလုံး ခြေချုပ်မိသွားကုန်ကြတော့လေသည်။
လီကျောက်က သူ့လက်ကိုမြှောက်၍ အော်ပြောလိုက်သည်။ “တိုက်ကြ…”
မူလကမူ ရန်ကိုင်အား နောက်ဘက်မှနေ၍ အော်ဟစ်အားပေးမည်ဟုသာ လုပ်ထားခဲ့ပါသော်ငြား လက်ရှိအခြေအနေကို မြင်ပြီးသည့်နောက် သူကိုယ်တိုင်ပါ ဝင်ပါလျှင် ပိုကောင်းလိမ့်မည်မှန်း လီကျောက် သိသွားခဲ့လေသည်။
ထိုအချိန်အတောအတွင်း မီးနဂါးနန်းတော်မှ အကြီးအကဲများမှာတော့ ငေးကြောင်ကြောင်ဖြစ်နေကြလေသည်။ အကြောင်းမှာ လက်ရှိ သူတို့ရှေ့ရှိမြင်ကွင်းသည် လက်ခံနိုင်ဖို့ရာ အလွန်ကိုမှ ခက်ခဲလွန်းလှသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့မှာ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြသည်။ ထိုဂိုဏ်းနှစ်ဂိုဏ်း မြောက်ဘက်နယ်မြေ၌ တည်ရှိနေသည်မှာ နှစ်ပေါင်းတစ်သောင်းကျော်မကတော့ပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို မည်ကဲ့သို့များ ဤမျှအလွယ်တကူ ဖျက်ဆီးပစ်နိုင်ရလေသနည်း။ ရန်ကိုင်မှ ရမ္မက်ရှာဂိုဏ်းအား ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့်အတွက်ကြောင့်သာ ဖြစ်သည်ဟု သူတို့ အမြဲတစေ ထင်ခဲ့ကြလေသည်။ တကယ်တော့ ရမ္မက်ရှာဂိုဏ်းသည် သူတို့၏ဂိုဏ်းထဲမှထွက်၍ ရေခဲနှလုံးသားတောင်ကြားကို သွားရောက်တိုက်ခိုက်ခဲ့ကြသည်မဟုတ်ပေလော။ ကံမကောင်းစွာဖြင့် လက်ရှိအဖြစ်အပျက်ကို မြင်ပြီးသည့်နောက် သူတို့ထင်နေသည်မှာ စိတ်ကူးယဉ်အတွေးသက်သက်သာဖြစ်မှန်း နားလည်သွားခဲ့ကြလေသည်။ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည်ပင်လျှင် ယခုကဲ့သို့ ပျက်စီးသွားခဲ့လေရာ မီးနဂါးနန်းတော်နှင့် ထက်ကောင်းကင်နန်းတော်သည်သာ ရန်သူဖြစ်သွားခဲ့မည်ဆိုပါက သူတို့သည်လည်း အသက်ရှင်နိုင်ကြလိမ့်မည်မဟုတ်ပေ။ မူလက လီကျောက်၏လုပ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်လိုခဲ့ကြပါသော်ငြား လက်ရှိအဖြစ်အပျက်ကို မြင်ပြီးသည့်နောက်တွင် မည်သူမျှ လီကျောက်အား သွားရောက်ကန့်ကွက်လိုစိတ် မရှိကြတော့ချေ။
လီကျောက်၏အော်သံကို ကြားသည့်အခါ အကုန်လုံး အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း သူတို့၏နန်းတော်သခင်နောက်သို့ ပြေးလိုက်သွားကြလေသည်။ သူတို့အနေဖြင့် အာကာယံကောင်းကင်ဂိုဏ်းသားများကို မတိုက်ခိုက်လိုပါသော်ငြား အနာပေါ်ဆားဖြူးပေးရုံလောက်နှင့်တော့ ပြဿနာမရှိလောက်ပေ။
အာကာယံကောင်းကင်ဂိုဏ်းသားများမှာတော့ အလွန်ကိုမှ ဒုက္ခရောက်သွားကြရတော့လေသည်။ မွန်းစတားဘုရင်သုံးပါးနှင့်ပင်လျှင် ဒုက္ခရောက်နေကြရလေရာ ယခု လီကျောက်မှ ဧကရာဇ်အဆင့်ပညာရှင်များကို ဦးဆောင်၍ တိုက်ခိုက်လာသည့်အခါတွင်တော့ အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များမှာ မရှုမလှအဖြစ်နှင့် ကြုံကြရတော့လေသည်။ အမျိုးမျိုးသောအော်ဟစ်သံများနှင့် သွေးအပွက်ပွက်ထွက်သံများ ထွက်ပေါ်လာကုန်ကြလေသည်။
ထိုစဉ် မီချီက ယူကျုံးမရဖြစ်နေသည့်လေသံဖြင့် ထအော်လေ၏။ “လီကျောက်… ဒီတစ်သက် မင်းနဲ့ငါ မကြေဘူးကွ…”
ရန်ကိုင် သူ့အား ပြဿနာရှာလာသည်မှာ ကိစ္စတစ်ရပ်ဖြစ်ပေသည်။ တကယ်တော့ ရန်ကိုင်သည် သူထင်ထားသကဲ့သို့ပင် လောဘကြီးကာ အကျင့်မကောင်းသည့်လူတစ်ဦးပင် မဟုတ်ပေလော။ သို့သော်ငြား လီကျောက် ယခုကိစ္စတွင် ပါဝင်လာသည့်အပေါ် မီချီမှာ လက်ခံနိုင်ဖို့ရာ အလွန်ကိုမှ ခက်ခဲနေခဲ့သည်။
လီကျောက်သည် အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်ရင်းမှ အော်ပြောလိုက်လေသည်။ “မီချီ… လူတော်တစ်ဦးဆိုတ အခြေအနေအချိန်အခါကို လိုက်ပြီး ပြုမူတတ်ရတယ်… အခုနေ နန်းတော်သခင်ရန်လက်အောက်ကို ခိုဝင်လိုက်လို့ နောက်မကျသေးဘူးနော်… မဟုတ်ရင် မင်းတို့အကုန်လုံး နောင်တရသွားလိမ့်မယ်…”
“အိပ်မက်သာ မက်နေလိုက်…” မီချီက အံကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။ လက်ရှိအချိန်တွင်ပင် မီချီမှာ ထူးထူးခြားခြားကို သတ္တိရှိနေရသည့် အကြောင်းအရင်းမှာလည်း သူ့၌ ထုတ်မသုံးရသေးသော ဝှက်ဖဲတစ်ခု ရှိနေသေးသည့် အတွက်ကြောင့်ပင်။ ရှီလဲ့ သူ့အား တိုက်ခိုက်လာနေသည်ကိုမြင်သော် မီချီသည် အတတ်နိုင်ဆုံးခုခံရင်းမှ နောက်သို့ပြန်ဆုတ်၍ အော်ပြောလိုက်လေသည်။ “လူအိုကြီးတောက်… ကျုပ်ကိုကယ်ပါဦး…”
အဝေးတစ်နေရာရှိ တောင်ပေါ်တွင်ရှိနေသော လူအိုကြီးတောက်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဆွံ့အနေခဲ့လေသည်။ သူ့ခမျာ အသီးလေးစား အရက်ကလေးသောက်ချင်ရုံသက်သက်ဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်လေရာ ဘာကြောင့်များ ယခုကဲ့သို့သော အခြေအနေဆိုးကြီးနှင့် ကြုံလိုက်ရပါလေသနည်း။
လက်ရှိအခြေအနေကို မြင်ပြီးသည့်နောက် မီချီမှာ သူ့အား အသုံးချရန်အတွက်နှင့် ဤနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ကို မသိလျှင် လူအိုကြီးတောက် လုံးဝ ရူးမိုက်ရာ ကျသွားလေပြီ။ လွန်ခဲ့သည့်နှစ်များအတွင်း မီချီမှာ သူ့အပေါ် အလွန်ကိုမှ ဖော်ရွေခဲ့သည်။ ကျောက်စိမ်းပြာအသီးများ ရင့်မှည့်လာတိုင်း သူ့အား ဖိတ်ခေါ်ပြီး ကျွေးပေသည်။ ထို့အတွက်ကြောင့် မီချီ ယခုကဲ့သို့ ဒုက္ခရောက်နေသည့်အခါတွင် သူ့အဖို့ ဘေးမှရပ်ကြည့်နေဖို့ရာ အဆင်မပြေလှပေ။ ထို့အပြင် မီချီမှာ သူ့ဆီမှ လှမ်း၍ အကူအညီတောင်းနေပြီဖြစ်လေရာ လူအိုကြီးတောက်အနေဖြင့် မသိချင်ယောင်ဆောင်နေ၍လည်းမရတော့။ ထို့အတွက်ကြောင့် သက်ပြင်းရှည်ကြီးချလျက် မီချီဆီသို့ ပျံသန်းသွားလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၄)
ဘာသာပြန်သူ_တိမ်တိုက်
လူအိုကြီးတောက်၏ ပုံစံမှာ ဘာမျှ သိပ်မဟုတ်ပါသော်ငြား ဂုရုကြီးတစ်ပါး၏ အရှိန်အဝါမျိုးကိုတော့ ပေးစွမ်းနေခဲ့လေသည်။ ထိုအပြင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါကိုလည်း ထုတ်လွှတ်နေပေသေးသည်။
ယင်ဖေးသည် လူအိုကြီးတောက်ကို လှမ်းကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။ သူ ရင်ဆိုင်နေသော အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲများကို လက်ဝါးတစ်ချက် ရိုက်ထုတ်၍ ကျင့်ကြံခြင်း ချိတ်ပိတ်ပစ်လိုက်ပြီးသည့်နောက် လူအိုကြီးတောက်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။
ရှေးဟောင်းတောအုပ်ကြီးထဲရှိ မွန်းစတားဘုရင်သုံးပါးအနက် ယင်ဖေးမှာ ခွန်အားအရ၌ ထိပ်တန်း နှစ်ဦးထဲ ဝင်လိမ့်မည် မဟုတ်ပါသော်ငြား သူ့အမြန်နှုန်းမှာတော့ ပြိုင်ဘက်ကင်းပေသည်။ အမြန်နှုန်းအရတော့ နတ်အရှင်သုံးပါးသည်ပင်လျှင် ယင်ဖေးအား အသိအမှတ်ပြုရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့ဆီသို့ ချဉ်းကပ်လာနေသော လူအိုကြီးတောက်ဆီသို့ ယင်ဖေးမှာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့လေသည်။
သို့ပင်ဖြစ်လင့်ကစား လူအိုကြီးတောက်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။
ယင်ဖေး သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သော် သူ့ခါးအထက်တွင် ချိတ်ဆွဲထားသော အဝတ်အိတ်တစ်အိတ်ကို ဆွဲဖြုတ်၍ ယင်ဖေး ရှိရာဆီသို့ လှမ်းပစ်လိုက်သည်။ အဝတ်အိတ်သည် ယင်ဖေး ရှိရာအား မျက်နှာမူရင်းမှ တဖြည်းဖြည်းချင်း အပေါက်ပွင့်သွားခဲ့လေသည်။ အပေါက်ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အားကောင်းလှသည့် ဆွဲငင်အားတစ်ရပ် အဝတ်အိတ်အတွင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး ယင်ဖေးအား စတင် ဆွဲယူတော့လေသည်။
ထိုအဝတ်အိတ်နှင့် ရင်ဆိုင်ရသော် ယင်ဖေးမှာ သတိလက်လွတ် မပြုမူရဲပေ။ ထိုအဝတ်အိတ် မည်ကဲ့သို့သော မှော်ရတနာမျိုးဖြစ်သလဲဆိုသည်ကို မသိပါသော်ငြား ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၏ စွမ်းအားမှာ ပေါ့သေးသေး မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ရှောင်ရှားကာ အဝတ်အိတ်နှင့် မျက်နှာချင်းဆိုင်နေရာမှ ရှောင်ထွက်သွားရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား အဝတ်အိတ်မှာ ရုတ်ချည်းဆိုသလို ဖောင်းကားတက်လာပြီး အိမ်တစ်လုံးအရွယ်အစားအထိသို့ ကြီးမားသွားခဲ့သည်။ ထိုအပြင် အဝတ်အိတ်အတွင်းဆီမှ ဧရာမ အစိမ်းရောင်လက်ကြီးတစ်ဖက် ထွက်လာခဲ့ပြီး ယင်ဖေးအား လှမ်းဖမ်းကိုင်လိုက်လေ၏။
ယင်ဖေးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ထိုလက်ကြီးကို ရှောင်တိမ်းရန် ကြိုးစားလိုက်ပါသော်ငြား ထိုအခိုက်အတန့်မှာပင် သူ၏ မွန်းစတားချီကို ကောင်းကောင်း ထိန်းချုပ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ သူ့မွန်းစတားချီအား တစ်ခုခုမှ နှောင့်ယှက်နေသည့်အလား ယင်ဖေးမှာ သူ့မွန်းစတားချီအား ထိန်းချုပ်၍ မရတော့ချေ။ ထိုအခိုက်အတန့်မှာပင်လျှင် အစိမ်းရောင်လက်ကြီးသည် ယင်ဖေးအား ဖမ်းမိသွားခဲ့လေ၏။
အစိမ်းရောင်လက်ကြီး၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အစိမ်းရောင်လက်ကြီးသည် အဝတ်အိတ်ထဲသို့ တဖြည်းဖြည်း ပြန်ဝင်သွားခဲ့သည်။ ယင်ဖေးသည်လည်း အစိမ်းရောင်လက်ကြီးနှင့်အတူ အဝတ်အိတ်ထဲသို့ ပါသွားခဲ့လေသည်။ ထို့နောက်တွင် လူအိုကြီးသည် သူ့လက်ကို မြှောက်၍ အဝတ်အိတ်ကို ပြန်ဖမ်းယူလိုက်လေ၏။
"လူအိုကြီးယင်" ထိုအချင်းအရာကို မြင်လိုက်သော် ရှီလဲ့၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး အဝတ်အိတ်အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်ရင်းမှ ကြောက်လန့်တကြား ထအော်လိုက်လေသည်။ မွန်းစတားဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ ယင်ဖေးနှင့် ရင်ဆိုင်ရန် မည်မျှ ခက်ခဲကြောင်းကို ရှီလဲ့ သိပေသည်။ သို့ပင်ဖြစ်လင့်ကစား အလွန်တရာကိုမှ လျင်မြန်လွန်းလှသော မွန်းစတားဘုရင်တစ်ပါးသည် အဝတ်အိတ်တစ်အိတ်၏ အလွယ်တကူဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။ ကိုယ်တိုင်သာ မမြင်လိုက်ရလျှင် ရှီလဲ့အနေဖြင့် လုံးဝယုံနိုင်လိမ့်မည် မဟုတ်ပေ။ ယင်ဖေးကို ဖမ်းဆီးသွားသည့် အရာမှာ လူအိုကြီး၏ စွမ်းအားမဟုတ်ဘဲ အဝတ်အိတ် စွမ်းအားသာ ဖြစ်ကြောင်းကို ရှီလဲ့ သိပေသည်။ သို့သော်ငြား ထိုအဝတ်အိတ်သည် မည်ကဲ့သို့သော မှော်ရတနာမျိုးဖြစ်သလဲ ထိုအဝတ်အိတ်မှ ယင်ဖေးအား မည်ကဲ့သို့ အလွယ်တကူ ဖမ်းဆီးလိုက်နိုင်သလဲဆိုသည်ကိုတော့ ရှီလဲ့ မသိပေ။
တစ်ချိန်တည်းတွင် ရှဲ့ဝူဝေမှ ထုတ်လွှတ်ထားသော အဆိပ်မြူခိုးထုမှာလည်း စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရှဲ့ဝူဝေ၏ စိတ်ခံစားချက် မတည်မငြိမ်ဖြစ်နေကြောင်းကို အထင်သား မြင်တွေ့နိုင်ပေသည်။
ထိုအချိန်အတောအတွင်း ရှီလဲ့ကြောင့် လွင့်ထွက်သွားသော မီချီမှာတော့ ဝါးလုံးကွဲ အော်ရယ်မောလိုက်လေသည်။ "ကျေးဇူးပဲ လူအိုကြီးတောက်" သူ၏ အားစိုက်ထုတ်မှုများမှာ ယနေ့တွင် အမှန်တကယ်ကို အကျိုးရှိလာခဲ့လေပြီ။
အခြားသော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသာဆိုလျှင် လူအိုကြီးတောက်အနေဖြင့် ဤမျှ အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား လူအိုကြီးတောက် ရင်ဆိုင်နေရသည်မှာ မွန်းစတားဘုရင်တစ်ပါး ဖြစ်နေခဲ့လေသည်။
ရှီလဲ့ အာရုံလွင့်ပြယ်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မီချီသည် ရှီလဲ့နှင့် ဝေးရာဆီသို့ အလျင်စလိုဆုတ်ခွာသွားခဲ့လေသည်။ ထို့နောက်တွင် လူအိုကြီးတောက် ဘေးနား၌ သွားရပ်၍ ပြောလိုက်လေ၏။ "လူအိုကြီးတောက်၊ ဒီသူခိုးတွေက အရမ်းလွန်လွန်းတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို ကူပြီးတော့ သူတို့ကို ဖိနှိပ်ပေးပါဦး"
လူအိုကြီးတောက်က မျက်နှာသေအမူအရာဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ကိစ္စမရှိဘူး"
ဤအခြေအနေအထိ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် လူအိုကြီးတောက်မှလည်း ကူညီလျှင် အဆုံးထိတိုင် ကူညီရပေတော့မည်။ ထိုအပြင် ဤနေရာ၌ မွန်းစတားဘုရင်သုံးပါးအား မြင်တွေ့လိုက်ရခြင်းသည် လူအိုကြီးတောက်ကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့လေသည်။ ဤမွန်းစတားဘုရင်သုံးပါးကိုသာ ဖမ်းဆီးပြီးသွားခဲ့လျှင် သူတာဝန်ကိုလည်း ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်ဖြစ်သည့်အတွက်ကြောင့် မီချီမှ အကူအညီမတောင်းလျှင်ပင် လူအိုကြီးတောက်သည် သူ့ဘာသာသူ လှုပ်ရှားပေလိမ့်မည်။
"ခွေးအိုကြီး သေလိုက်ပေတော့" ရှီလဲ့သည် သူ့ကိုယ်သူ လျှပ်စီးအဖြစ် လွှမ်းခြုံ၍ လူအိုကြီးတောက်အား ထိုးချလိုက်လေသည်။ သူ မည်မျှ ဒေါသထွက်နေသလဲဆိုလျှင် သူ့နောက်ဘက်၌ ထွက်ပေါ်လာသည့် သားရဲပုံရိပ်ကို ကြည့်ရုံဖြင့်ပင်လျှင် သိနိုင်ပေသည်။ မူလကမူ အာကာယံကောင်းကင်ဂိုဏ်းကို အလွယ်တကူအနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့ပေသည်။ သို့သော်ငြား ဤလူအိုကြီး ပေါ်လာသည့် အချိန်မှစ၍ အခြေအနေမှာ ပြောင်းလဲသွားခဲ့ရသည်။ ယင်ဖေး ဤမျှ အလွယ်တကူ အနိုင်ယူခံလိုက်ရခြင်းသည် ရှေးဟောင်းတောအုပ်ကြီးအတွက်တော့ ရှက်စရာပင်။ ထိုသို့ဖြစ်လေရာ ရှီလဲ့အနေဖြင့် မည်ကဲ့သို့များ အေးအေးဆေးဆေး ရပ်ကြည့်နေနိုင်ပါမည်နည်း။
ရှီလဲ့၏ လက်သီးချက်နှင့် ရင်ဆိုင်နေရသည့်တိုင် လူအိုကြီးတောက်မှာတော့ မျက်နှာတစ်ချက်ပင် ပျက်မသွားခဲ့။ ထိုအစား သူ့ခါးအထက်တွင် ချိတ်ဆွဲထားသော အဝတ်အိတ်တစ်အိတ်ကိုသာ ပစ်ထုတ်လိုက်လေသည်။
လူအိုကြီးတောက်ဆီသို့ ပြေးဝင်သွားနေသော ရှီလဲ့၏ ခြေလက်များ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ အဝတ်အိတ်သည် သူခေါင်းတည့်တည့်ပေါ်တွင် ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ အားကောင်းလှသည့် စွမ်းအားတစ်ရပ်မှာ အဝတ်အိတ်အတွင်းဆီမှ ထွက်ပေါ်လာနေခဲ့လေ၏။ ထိုမျှသာလျှင် မဟုတ်သေး။ သူ့အနေဖြင့် ထိုဆွဲအားလောက်ကိုတော့ အလွယ်တကူ ခုခံနိုင်ပေသည်။ ပြဿနာမှာ အစောပိုင်းက ပေါ်လာခဲ့သော အစိမ်းရောင်လက်ကြီး ပြန်ပေါ်လာခြင်းပင်။
ထိုလက်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ မွန်းစတားချီကို ကောင်းကောင်းလှည့်ပတ်၍ မရတော့ကြောင်း ရှီလဲ့ တွေ့ရှိသွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ယင်ဖေး ဘာကြောင့် ထိုမျှအလွယ်တကူ ဖမ်းဆီးခံလိုက်ရသလဲဆိုသည်ကိုလည်း နားလည်သွားတော့လေသည်။
ရှီလဲ့ မတုံ့ပြန်နိုင်သေးခင်မှာပင် အစိမ်းရောင်လက်ကြီးသည် ရှီလဲ့ကို ဖမ်း၍ အဝတ်အိတ်ထဲ ပြန်ဆုတ်သွားခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ လူအိုကြီးတောက်မှာ အဝတ်အိတ်ကို ပြန်မသိမ်းသေးဘဲ လက်ကွက်များကို ထုတ်ဖော်၍ အဝတ်အိတ်အား အဆိပ်မြူခိုးထု ရှိရာဆီသို့ ညွှန်လိုက်လေသည်။
အဆိပ်မြူခိုးထုသည် ရှဲ့ဝူဝေမှ ဖန်တီးထားခြင်းဖြစ်လေသည်။ ထိုအဆိပ်မြူခိုးထုထဲ ရှဲ့ဝူဝေနှင့်အတူ အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေကြလေသည်။ အဆိပ်မြူခိုးထုတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပါသော်ငြား အော်ဟစ်သံများကို ကြားရသလောက် ရှဲ့ဝူဝေ အသာရနေမှန်း သိသာလှပေသည်။
အစိမ်းရောင်လက် နောက်တစ်ကြိမ် ပြန်ထွက်လာခဲ့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ အစိမ်းရောင်လက်မှာ အတော်လေးကိုမှ အရောင်မှိန်နေခဲ့လေပြီ။ ကြည့်ရသလောက် အစိမ်းရောင်လက်သည် တစ်ကြိမ်တစ်ကြိမ် သုံးလိုက်တိုင်း စွမ်းအားကုန်သွားသည့်ပုံပင်။ မည်သို့ပင်ဖြစ်လင့်ကစား ရှဲ့ဝူဝေမှာတော့ ထိုအစိမ်းရောင်လက်ကို ပေါ့သေးသေး မမှတ်ရဲခဲ့ပေ။ အဆိပ်မြူခိုးထုကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီးသည့်နောက်တွင် ရှဲ့ဝူဝေ၏ ပုံရိပ်သည် အဆိပ်မြူခိုးထုအတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ဝူဝေသည် ရန်ကိုင်ဆီသို့ အလျင်စလို ပြေးထွက်သွားတော့လေ၏။ ကံမကောင်းစွာဖြင့် အစိမ်းရောင်လက်မှာ အသားပေါ်တက်နေသည့် လောက်များပမာ ရှဲ့ဝူဝေ အနောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့လေသည်။ ထိုအပြင် ၎င်း၏ အမြန်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လှလေရာ ရှဲ့ဝူဝေမှာ ခပ်လှမ်းလှမ်းသို့ပင် မပြေးနိုင်သေးဘဲ အစိမ်းရောင်လက်ကြီး၏ ဖမ်းဆီးခြင်းခံရပြီး အဝတ်အိတ်ထဲသို့ ဆွဲယူခြင်းခံလိုက်ရလေသည်။
ရှဲ့ဝူဝေအား အဝတ်အိတ်ထဲသို့ ထည့်ပြီးသည့် အခါမှသာလျှင် လူအိုကြီးသည် သိုင်းပညာရပ်တစ်ခုကို သုံး၍ အဝတ်အိတ်၏ အပေါက်ဝကို တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ပစ်လိုက်သည်။ ထို့နောက် အဝတ်အိတ်ကို သူ့ဆီသို့ ပြန်ဆွဲယူ၍ ခါးအထက်တွင် ချိတ်ဆွဲလိုက်လေ၏။
အကုန်လုံးမှာ တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့လေရာ လူတိုင်းမှာ ငေးကြောင်ကြောင် ဖြစ်နေကုန်ကြလေသည်။ အာကာယံကောင်းကင်ဂိုဏ်းရှိ မည်သူမျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်း မရှိသော အားကောင်းလွန်းလှသည့် မွန်းစတားဘုရင်သုံးပါးမှာ ဤဆံဖြူလူအိုကြီး၏ အလွယ်တကူဖမ်းဆီးခြင်း ခံလိုက်ရလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ မအံ့ဩဘဲ မနေနိုင်အောင်ကို ဖြစ်နေကုန်ကြလေသည်။
မီးနဂါးနန်းတော်မှ လီကျောက်နှင့် ဧကရာဇ်အဆင့်ပညာရှင်များသည်ပင်လျှင် ရှေ့သို့ ပြေးတက်မသွားရဲကြတော့ပေ။ အကုန်လုံးမှာ တိုက်ခိုက်ရန် လုပ်နေလင့်ကစား ကြောက်ရွံ့မှုကြောင့် ချက်ချင်း ပြန်ဆုတ်သွားကြရသည်။ မွန်းစတားဘုရင်သုံးပါးသည်ပင်လျှင် ထိုလူအိုကြီး၏ ပြိုင်ဘက် မဖြစ်နိုင်လေရာ သူတို့ကရော ထိုလူအိုကြီးကို မည်ကဲ့သို့များ သွားရောက်တိုက်ခိုက်နိုင်ပါမည်နည်း။
အခြေအနေမှာ ဤမျှ လွယ်ကူနေလိမ့်မည်ဟု မီချီ မထင်ထားခဲ့ပေ။ ထိုအတွက်ကြောင့် တစ်ခဏမျှ ကြောင်တောင်တောင် ဖြစ်နေပြီးသည့်နောက် မီချီမှာ ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ လူအိုကြီးတောက် ဘေးနားတွင် ရပ်နေရင်းမှ ရန်ကိုင်အား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ပြောလိုက်လေသည်။ "သူခိုးကောင်လေး၊ မင်းက ငါ့အာကာယံကောင်းကင်ဂိုဏ်းကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား၊ ဒီနေ့က မင်းသေရမဲ့ နေ့ပဲကွ"
လူအိုကြီးတောက်သည် အရက်ပုလင်းကို ကိုင်၍ သူ့ပါးစပ်ထဲ မော့ချလိုက်လေသည်။ မီချီ၏ စကားကို ကြားသော် မီချီအား စောင့်ကြည့်လိုက်သည်။ သို့သော်ငြား ဘာမျှတော့ မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ယခုတစ်ကြိမ် ခရီးမှ အကျိုးအမြတ် မြိုးမြိုးမြက်မြက် ရရှိခဲ့သည့်အတွက်ကြောင့် မီချီ သူ့ဂုဏ်သတင်းအား ငှားသုံးလျှင်လည်း ငှားသုံးပါစေတော့ဟု တွေးလျက် လွှတ်ထားပေးလိုက်လေသည်။
ရန်ကိုင်ကမူ မီချီ ပြောသည်ကို မကြားသည့်အလား ဆံဖြူလူအိုကြီးကိုသာ စိုက်ကြည့်နေခဲ့လေသည်။ [ငါ့ဂုဏ်သတင်းကို တည်ဆောက်ဖို့ ရောက်လာတာလေ၊ အခု မွန်းစတားဘုရင်သုံးပါးစလုံး ဒီလောက်အလွယ်တကူနဲ့ အဖမ်းခံလိုက်ရတော့ ငါကဘာဆက်လုပ်ရတော့မှာလဲ၊ ပြီးရင် ဒီလူအိုကြီးကရော ဘယ်သူကြီးလဲ]
ရန်ကိုင်မှာ မွန်းစတားဘုရင်သုံးပါး အဖမ်းခံလိုက်ရသည်ကို ဤအတိုင်း လွှတ်ထားပေးလိုက်ခြင်း မဟုတ်။ ဖြစ်ပျက်သွားသည့် ကိစ္စအားလုံးမှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသည့်အတွက်ကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခြင်းသာ ဖြစ်လေသည်။ ရှဲ့ဝူဝေ သူ့ဆီသို့ ပြေးလာစဉ်က ရန်ကိုင်မှာ သွားကူညီပေးလိုက်ချင်ပါသော်ငြား လျို့ယန်မှာ သူ့အား လှမ်းတားထားခဲ့လေသည်။ ထိုအတွက်ကြောင့် ရှဲ့ဝူဝေ အဖမ်းခံလိုက်ရသည်ကို ဤအတိုင်း ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေ၏။
[ငါ့ လေဟာနယ်စွမ်းအင်နဲ့ဆိုရင် ရှဲ့ဝူဝေကို ကယ်ဖို့က မခက်ဘူး၊ ဒါပေမဲ့ ဒီလူအိုကြီးက ဘယ်သူကြီးလဲ၊ အဲဒီအဝတ်အိတ်ကြီးကရော ဘာကြီးလဲ] ရန်ကိုင်စိတ်ထဲ မယုံသင်္ကာဖြစ်နေစဉ်မှာပင် လျို့ယန်သည် လူအိုကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က လှမ်းသတိပေးလိုက်လေ၏။ "သတိထားဦးနော်"
လျို့ယန်မှာ အားမနည်းပါသော်ငြား အဝတ်အိတ်သည် အလွန်ကိုမှ ထူးဆန်းလှလေကာ လျို့ယန်မှ ထိုအဝတ်အိတ်အား ခုခံနိုင်မလားဆိုသည်ကို သူ မပြောတတ်ပေ။
မည်သို့ပင်ဖြစ်လင့်ကစား လျို့ယန်မှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။
အေးအေးလူလူ အရက်သောက်နေသော လူအိုကြီးမှာ လျို့ယန်အား စောင်း၍ ကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလို မျက်လုံးပြူးကျယ်သွားတော့လေသည်။ အရက်များသည်ပင်လျှင် သူ့ပါးစပ်မှ ဖိတ်ကျကုန်လေရာ သူ၏ အဝတ်အစားများ စိုရွှဲကုန်လေ၏။ ထိုအခါမှသာလျှင် လူအိုကြီးမှာ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း သူ့အဝတ်အစားများကို ခါ၍ လျို့ယန်အား သေသေချာချာ ထပ်ကြည့်လိုက်လေသည်။ [ဒီကောင်မလေးက ဘာဖြစ်လို့ အဲဒီတစ်ယောက်နဲ့ တော်တော်လေး တူနေရတာလဲ]
လူအိုကြီးတောက်၏ အတွေးများသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကဆီသို့ တစ်ခဏမျှ ပြန်လည်ရောက်ရှိသွားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ထိုကျွန်းပေါ်ရှိ လူတစ်ဦးအား သွားရောက်အစီရင်ခံစဉ် မီးတောင်ဝ ဘေးနား တစ်နေရာတွင် စကားပြောနေသည့် လူနှစ်ဦးကို တွေ့ခဲ့ရလေသည်။ ထိုစဉ်က သူနှင့် ထိုမီးတောင်ဝမှာ အတော်လေးကိုမှ လှမ်းပါသော်ငြား မီးတောင်ဝနားတွင် ထိုင်နေသည့် လူနှစ်ဦးအနက် တစ်ဦးမှာ ကလေးမလေးတစ်ဦးဖြစ်ကြောင်းကို လူအိုကြီးတောက် ပြောနိုင်ပေသည်။ ထိုအပြင် ထိုကလေးမလေးသည် အသက်ခုနစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးပြီး လက်ရှိ သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော ကလေးမလေးနှင့် တစ်ထပ်တည်းတူသော အဝတ်အစားကို ဝတ်ဆင်ထားခဲ့လေသည်။ ထိုစဉ်က သူ သွားအစီရင်ခံတင်ပြသည့် လူအား ထိုကလေးမလေး မည်သူမည်ဝါဖြစ်ကြောင်းကို မေးမြန်းကြည့်ခဲ့ပါသော်ငြား ထိုလူကမူ ပြုံးသာပြုံးနေခဲ့ပြီး ဘာမျှ ပြန်မပြောခဲ့ပေ။ ထိုအတွက်ကြောင့် လူအိုကြီးတောက်မှာလည်း ဘာမျှ ထပ်မမေးရဲခဲ့။
ဆယ်နှစ်ကျော် ကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား လူအိုကြီးတောက်ကမူ ထိုကောင်မလေးကို မှတ်မိနေပေသေးသည်။ ယခု ထိုအကြောင်းကို စဉ်းစားပြီးသည့်နောက် သူ့ဆီသို့ လျှောက်လာနေသည့် ကောင်မလေးကို တစ်ဖန် ပြန်ကြည့်လိုက်ရာ သူ့အထင် လုံးဝ သေချာသွားရတော့လေသည်။ [အရမ်းကို ဆင်လွန်းတယ်၊ အရမ်းကို ဆင်လွန်းတယ်]
"ဟေး သူခိုးလေး၊ မင်းမှာ အခြားလက်အောက်ငယ်သားတွေ မရှိတော့ဘူးလား၊ ဘာဖြစ်လို့ ကလေးမလေးတစ်ယောက်ကို လွှတ်လိုက်ရတာလဲကွ" လူအိုကြီးတောက်၏ စွမ်းအားကို မြင်ပြီးသည့်နောက်တွင် မီချီမှာ အလွန်ကိုမှ ယုံကြည်ချက်ရှိလာကာ လူအိုကြီးတောက် ဘေးနားတွင် ရပ်နေရင်းမှ အကြောက်အရွံ့ကင်းကင်းဖြင့် ရန်ကိုင်အား လှမ်း၍ လှောင်ပြောင်ရန်စနေခဲ့လေသည်။ လူအိုကြီးတောက်နှင့် ခပ်လှမ်းလှမ်းတော့ မသွားရဲခဲ့ပေ။ သွားခဲ့ပါက ရန်ကိုင်မှ သူ့အား အလစ်ချောင်းတိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။
"မင်းပါးစပ်ကို ပိတ်ထား" လူအိုကြီးတောက်က ထအော်လေသည်။
မီချီ မှင်တက်သွားခဲ့ပြီး လူအိုကြီးတောက်အား အံ့သြတကြီးဖြင့် ကြည့်လိုက်ရာ လူအိုကြီးတောက်မှာ သူ့ဆီသို့ လမ်းလျှောက်လာနေသည့် ကောင်မလေးအား အလေးအနက်အမူအရာဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအပြင် လူအိုကြီးတောက်၏ နဖူးအထက် ချွေးအေးများလည်း ဝေ့သီနေခဲ့လေသည်။ ထိုအချင်းအရာကို မြင်လိုက်သော် မီချီမှာ အလွန်ကိုမှ ထိတ်လန့်သွားတော့သည်။ [ဒီကောင်မလေးက ငါတို့တောင် သွားရန်မစနိုင်တဲ့ လူတစ်ယောက်လား၊ မဟုတ်ရင် ဘာဖြစ်လို့ လူအိုကြီးတောက် ဒီလိုဖြစ်နေရမှာလဲ]
ထိုအကြောင်းကြောင့် မီချီမှာ မယုံသင်္ကာနှင့် သူတို့ဆီသို့ လျှောက်လာနေသော ကောင်မလေးအား နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်လေသည်။ ထိုကောင်မလေးမှာ အနည်းငယ်မျှပင် ထိတ်လန့်နေသည့် အရိပ်အယောင်မပြ။ ရှေးဟောင်းကန်ရေပြင်ပမာ အကြွင်းမဲ့ကို တည်ငြိမ်နေခဲ့လေသည်။
သူတို့နှစ်ဦးသား အကြားရှိ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာနေပါသော်ငြား ကောင်မလေးမှာ ရပ်တန့်မည့် အရိပ်အယောင်ကို မမြင်သော် မီချီမှာ စတင်၍ စိုးရိမ်လာခဲ့ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူ၏ ဧကရာဇ်ချီကို မသိမသာလေး လှည့်ပတ်ထားလိုက်လေ၏။
လျို့ယန်သည် လူအိုကြီးတောက်နှင့် မီတာတစ်ရာခန့်အကွာတွင် ရပ်သွားခဲ့လေသည်။ သေချာအနီးကပ် ကြည့်ကြည့်လိုက်ပြီးသည့် နောက်တွင် သူ့ခန့်မှန်းချက် မမှားကြောင်း လူအိုကြီးတောက် လုံးဝ သေချာသွားတော့သည်။ ဤကောင်မလေးသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ကျွန်းပေါ်တွင် သူမြင်ခဲ့ရသည့် ကောင်မလေးသာ ဖြစ်ပေသည်။
ထိုအကြောင်းကြောင့် လူအိုကြီးတောက်မှာ ရယ်ရခက်ငိုရခက် ဖြစ်သွားတော့လေသည်။ ဤကောင်မလေးနှင့် ဤနေရာတွင် ယခုကဲ့သို့သော ပုံစံမျိုးနှင့် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူ့စိတ်ထဲ တစ်ရာရာခိုင်နှုန်း သေချာပါသော်ငြား သူ မေးချင်နေသည့် မေးခွန်းများ ရှိနေပေသေးသည်။ ထိုအတွက်ကြောင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် လူအိုကြီးတောက်သည် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ မေးလိုက်လေသည်။
လျို့ယန်သည်လည်း သူမ၏ ကောင်းကင်စိတ်အာရုံကို သုံး၍ ပြန်ပြောလိုက်လေသည်။
ထိုသို့ဖြင့် အခြေအနေမှာ ထူးထူးဆန်းဆန်းကို ဖြစ်လာရတော့သည်။ အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရန်အတွက် အပြန်အလှန် ရန်စောင်နေကြပါသော်ငြား ကလေးမလေးနှင့် လူအိုကြီးမှာတော့ တိုက်ပွဲအလယ်၌ တစ်ဦးနှင့်တစ်ဦး စကားပြောနေကြလေသည်။
မကြာမီတွင် လူအိုကြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ ထို့နောက်တွင် လျို့ယန်သည် ရန်ကိုင်ဆီသို့ ပြန်လျှောက်သွားလေ၏။
"နင် အဲဒီလူအိုကြီးကို သိလား" ရန်ကိုင်သည် လျို့ယန်အား မယုံသင်္ကာအမူအရာဖြင့် မေးလိုက်လေသည်။
"ကျွန်မ သူ့ကိုမသိဘူး၊ ဒါပေမဲ့ သူကတော့ ကျွန်မကို မြင်ဖူးတဲ့ပုံပဲ"
"ဘာကြီးလဲ"
"သူက စိတ်ဝိညာဉ်သားရဲကျွန်းကပဲ"
"စီနီယာသားရဲသခင်ရဲ့ စိတ်ဝိညာဉ်သားရဲကျွန်းလား" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၃၅)
ဘာသာပြန်သူ_တိမ်တိုက်
လျို့ယန်မှာ စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင် ခဏ နေခဲ့ဖူးသည့်အတွက်ကြောင့် သူမ ပြောသည်မှာ အမှန် ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်မှာ ဤဆံဖြူလူအိုကြီးသည် စိတ်ဝိညာဉ်သားရဲကျွန်းမှ. လာသည့် လူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင် ကိုယ်တိုင်သည်လည်း စိတ်ဝိညာဉ်သားရဲကျွန်းမှ လူများနှင့် တွေ့ခဲ့ဖူးပြီး စိတ်ဝိညာဉ်သားရဲကျွန်း၏ ခေါင်းဆောင် သားရဲသခင် မဟာဧကရာဇ်ကိုပင်လျှင် မြင်ခဲ့ဖူးပေသည်။ ပြောစရာမလိုအောင်ပင် စိတ်ဝိညာဉ်သားရဲကျွန်းမှာ အလွန်ကိုမှ အားကောင်းလှသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။ ထိုကျွန်းပေါ်တွင် လူများများစားစား မရှိပါသော်ငြား ကျွန်းပေါ်ရှိ လူတစ်ဦးချင်းစီတိုင်းသည် အထင်သေး၍ မရသည့် လူများ ဖြစ်ကြသည်။ လီဝူရီဖြစ်စေ ကျိုဖုန်းဖြစ်စေ အလွန်တရာကိုမှ အားကောင်းကာ နာမည်ကျော်ကြားလှသည့် လူများ ဖြစ်ကြသည်။
ယခင်ကမူ ရန်ကိုင်သည် လီဝူရီနှင့် ကျိုဖုန်းတို့အား သာမန် ဧကရာဇ်တတိယအဆင့်ပညာရှင်များ ဖြစ်သည်ဟုသာ မှတ်ယူခဲ့လေသည်။ သို့သော်ငြား လျို့ယန်နှင့် တွေ့ပြီးသည့် နောက်ပိုင်း လီဝူရီနှင့် ကျိုဖုန်းတို့မှာ ဧကရာဇ်အဆင့်နှင့် မဟာဧကရာဇ်အဆင့်ကြား ရောက်နေသည့် လူများ ဖြစ်မည်မှန်း ခန့်မှန်းမိသွားတော့သည်။ ဤလောကကြီး၏ ကန့်သတ်ချက်ကြောင့်သာလျှင် မဟာဧကရာဇ်များ ဖြစ်မလာနိုင်ကြခြင်း ဖြစ်သည်။
ပြောစရာမလိုအောင်ပင် ထိုအရာများသည် သူ့စိတ်အထင် သက်သက်သာဖြစ်ပြီး တကယ် ဟုတ်မဟုတ်တော့ အတည်မပြုရသေးပေ။ သို့သော်ငြား ဤဆံဖြူလူအိုကြီး စိတ်ဝိညာဉ်သားရဲကျွန်းမှ လာသည်ဟူသော အချက်မှာတော့ လုံးဝ မှားစရာ အကြောင်းမရှိပေ။
မေးခွန်းနည်းနည်းပါးပါး မေးပြီးသည့်နောက် အခြေအနေကို ရန်ကိုင် နားလည်သွားတော့လေသည်။ ထိုဆံဖြူလူအိုကြီးသည် လျို့ယန်အား အဝေးမှ လှမ်း၍ မြင်ခဲ့ဖူးပေသည်။ သို့သော်ငြား ထိုစဉ်က လျို့ယန်မှာ ဖီးနစ်အမွေကို ဆက်ခံနေဆဲဖြစ်သည့်အတွက်ကြောင့် လူအိုကြီးနှင့် စကားမပြောနိုင်ခဲ့သလို လူအိုကြီးကိုလည်း မတွေ့ခဲ့ရပေ။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်ဖက်လူသည် သူမအား သိနေပြီး သူမကမူ တစ်ဖက်လူအား မသိဟု ပြောလာခဲ့ခြင်း ဖြစ်ပေသည်။
သို့ရာတွင် လူအိုကြီးမှာ စိတ်ဝိညာဉ်သားရဲကျွန်းမှ ဖြစ်သည်ဟု လျို့ယန် ပြောနိုင်ခဲ့ရခြင်းမှာ ထိုလူအိုကြီး အသုံးပြုသွားသော အဝတ်အိတ်ကြောင့်သာ ဖြစ်လေသည်။ ထိုအဝတ်အိတ်ကို ကျိုဖုန်းထံတွင်လည်း လျို့ယန် မြင်ခဲ့ဖူးပေသည်။ စိတ်ဝိညာဉ်သားရဲကျွန်းမှ လူများကမူ ထိုအဝတ်အိတ်ကို စိတ်ဝိညာဉ်သားရဲအိတ်ဟု ခေါ်ဝေါ်ကြပြီး ထိုစိတ်ဝိညာဉ်သားရဲအိတ်မှာ မွန်းစတားသားရဲများကို ဖမ်းဆီးရာတွင် အလွန်ကိုမှ အသုံးဝင်လှသည့် ထူးဆန်းလှသော မှော်ရတနာတစ်ခု ဖြစ်ပေသည်။ မွန်းစတားသားရဲများကို ဖမ်းဆီးရာတွင် အလွန်ကိုမှ အားကောင်းလှပါသော်ငြား အခြားသော မျိုးနွယ်စုများအပေါ်မူ ထိုစိတ်ဝိညာဉ်သားရဲအိတ်များမှာ ဘာဆိုဘာမျှ မလုပ်နိုင်ကြပေ။
စိတ်ဝိညာဉ်သားရဲအိတ်ထဲတွင် မဟာသားရဲဧကရာဇ် ကိုယ်တိုင် ဖန်တီးထားခဲ့သော သားရဲဖမ်း စည်းတံဆိပ်တစ်ခု ရှိပေသည်။ စိတ်ဝိညာဉ်သားရဲအိတ်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် မွန်းစတားမျိုးနွယ်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော မည်သူမဆို စိတ်ဝိညာဉ်သားရဲအိတ်၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် အလွန်ကိုမှ အားကောင်းလှသော မွန်းစတားဘုရင်သုံးပါး အလွယ်တကူ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပေသည်။ စိတ်ဝိညာဉ်သားရဲအိတ်ကိုသာ အသုံးမပြုဘဲ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် ဤဆံဖြူလူအိုကြီးအနေဖြင့် မွန်းစတားဘုရင်သုံးပါး၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား စိတ်ဝိညာဉ်သားရဲအိတ်၏ အကူအညီကြောင့် မွန်းစတားဘုရင်သုံးပါးကို အားမစိုက်ထုတ်ရဘဲ အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေသည်။
"စိတ်ဝိညာဉ်သားရဲကျွန်းက အရှေ့ဘက် နယ်မြေမှာရှိတာလေ၊ ဒီလူအိုကြီးက မြောက်ဘက်နယ်မြေမှာ ဘာလာလုပ်နေတာလဲ" ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ယနေ့တွင် သူ့ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ဤနေရာသို့ လာခဲ့ပါသော်ငြား သူသည်သာ ပြန်အရှက်ကွဲခဲ့ရသည့်အတွက်ကြောင့် ရန်ကိုင်မှာ မကျေမနပ် ဖြစ်နေခဲ့လေသည်။ ဤစိတ်ဝိညာဉ်သားရဲကျွန်းမှ ရောက်လာသော ဆံဖြူလူအိုကြီးကြောင့်သာ မဟုတ်လျှင် သူ့အစီအစဉ်အားလုံး ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားပေလိမ့်မည်။
အခြေအနေမှာ ယခုကဲ့သို့ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤတိုက်ပွဲကို ဆက်သွားနေ၍ မရတော့ပေ။ သို့ပင်ဖြစ်လင့်ကစား ဆံဖြူလူအိုကြီး ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲဆိုသည့်အပေါ် သိချင်စိတ်တော့ ဖြစ်မိပေသည်။
လျို့ယန်က ရှင်းပြလိုက်သည်။ "စိတ်ဝိညာဉ်သားရဲကျွန်းက ဒီလောကကြီးမှာ ရှိနေတဲ့ ရှားပါးသားရဲတွေကို လိုက်ပြီးတော့ ဖမ်းဆီးကြတာ၊ အဲဒီသားရဲတွေကို အတင်းအကျပ်ဖမ်းဆီးပြီးတော့ စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်ခေါ်သွားတာပေါ့၊ အဲဒီလိုတာဝန်ကို အထူးတလည် လိုက်ပြီးတော့ လုပ်နေတဲ့ လူတွေလည်းရှိတယ်၊ အဲဒီလူအိုကြီးက အဲဒီလူတွေထဲက တစ်ယောက်ပဲ၊ သူ့ကြည့်ရတာ မြောက်ဘက်နယ်မြေကို လာပြီးတော့ ရှားပါးသားရဲတွေကို လာရှာတာနဲ့တူတယ်"
"ငါသိပြီ" ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်နှင့် လျို့ယန်တို့ အချင်းချင်း စကားပြောနေစဉ် မီချီမှာတော့ စတင်၍ ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။ အခြေအနေ မည်ကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို မသိပါသော်ငြား လျို့ယန်နှင့် လူအိုကြီးတောက်တို့ တိုးတိုးတိတ်တိတ် ဆက်သွယ်နေသည်ကို မြင်စဉ်ကတည်းက မီချီမှာ စတင်၍ စိတ်ဂနာမငြိမ် ဖြစ်ခဲ့ရလေသည်။ ထပ်မံ၍ မနှောင့်နှေးရဲတော့သည့်အတွက်ကြောင့် မီချီက လက်သီးဆုပ်၍ ပြောလိုက်လေ၏။ "လူအိုကြီးတောက်၊ ခင်ဗျား ကျုပ်ကို ဒီတစ်ကြိမ် ထပ်ပြီးကူညီပေးမယ်ဆိုရင် ကျုပ်တကယ်ကို ကျေးဇူးတင်မှာပါ"
လက်ရှိအခြေအနေအရ မီချီမှာ လူအိုကြီးတောက်၏ ခွန်အားကို ငှားယူ အသုံးချရုံသာ တတ်နိုင်လေသည်။ ထိုသို့သာမဟုတ်ပါက အာကာယံကောင်းကင်ဂိုဏ်းအနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့မျှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
လူအိုကြီးတောက်ကမူ သက်ပြင်းအမောကြီး ချလျက် မီချီ၏ ပခုံးကို နှစ်သိမ့်ပေးဟန်ဖြင့် ပုတ်ပေးလိုက်ရင်းမှ ပြောလိုက်သည်။ "ထားလိုက်တော့၊ သူတို့ လိုချင်တာသာ ပေးလိုက်"
ထိုစကားကို ကြားသော် မီချီ၏ မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့လေသည်။ လူအိုကြီးတောက် ယခုကဲ့သို့ ပြောလာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။
လူအိုကြီးတောက်လည်း လုံးဝကို ကူကယ်ရာမဲ့နေမှန်းကိုတော့ မီချီ မသိခဲ့ပေ။ လူအိုကြီးတောက်သည် ရှားပါးသားရဲများကို ရှာရန်အတွက် မြောက်ဘက်နယ်မြေသို့ လာရန် အမိန့်ပေးခံခဲ့ရသည့် စိတ်ဝိညာဉ်သားရဲကျွန်းမှ လာသော လူတစ်ဦး ဖြစ်ပါသော်ငြား အဆင့်အတန်းအရ ပြောမည်ဆိုလျှင် စိတ်ဝိညာဉ်သားရဲကျွန်းထဲရှိ သူ့အဆင့်အတန်းမှာ သိပ်မမြင့်ပေ။ စီနီယာသားရဲသခင်သည် စိတ်ဝိညာဉ်သားရဲကျွန်း တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်ကာ သူ့အောက်တွင်တော့ လီဝူရီနှင့် ကျိုဖုန်းတို့ ရှိနေကြပေသည်။ ဤကောင်မလေးသည် ကျိုဖုန်းနှင့် အလွန်ကိုမှ ရင်းနှီးသည့် ဆက်ဆံရေးကို ပိုင်ဆိုင်ထားလေရာ လူအိုကြီးတောက်မှာ သူမအား မည်ကဲ့သို့များ သွားရန်စရဲပါမည်နည်း။
မီချီ ထိတ်လန့်မှုကြောင့် ငေးကြောင်ကြောင် ဖြစ်နေစဉ် လူအိုကြီးသည် သူ့ခါးအထက်မှ အဝတ်အိတ်ကို ဖြုတ်၍ ဖွင့်ပေးလိုက်လေသည်။
ချက်ချင်းဆိုသလို အဝတ်အိတ်ထဲမှ ပုံရိပ်သုံးခု ပြေးထွက်လာခဲ့လေ၏။ ထိုပုံရိပ်သုံးခုမှာတော့ အစောပိုင်းက အဖမ်းခံလိုက်ရသော ယင်ဖေးတို့ အဖွဲ့မှ လွဲ၍ အခြား မဟုတ်ပေ။
အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဘုရင်သုံးပါးမှာ ဘေးပတ်ဝန်းကျင်ကို အလျင်စလို စစ်ဆေးကြည့်လိုက်လေသည်။ လူအိုကြီးတောက်နှင့် မီချီတို့ သူတို့ အနီးနား၌ အတူတကွရှိနေသည်ကို မြင်သော် သုံးဦးသား အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် လူအိုကြီးတောက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။
အစောပိုင်းက စိတ်ဝိညာဉ်သားရဲအိတ်ကြောင့် သုံးဦးစလုံး မရှုမလှအဖြစ်နှင့် ကြုံခဲ့ရလေသည်။ သို့သော်ငြား အတွေ့အကြုံရှိ ရင့်ကျက်သူများပီပီ မွန်းစတားဘုရင်သုံးပါးမှာ တစ်ခဏလေးအတွင်း တစ်ခုခုအား သဘောပေါက်သွားခဲ့ကြသည်။ စိတ်ဝိညာဉ်သားရဲအိတ်မှာ အားကောင်းလှပါသော်ငြား ထိုစိတ်ဝိညာဉ်သားရဲအိတ်သည် တစ်ကြိမ်လျှင် မွန်းစတားဘုရင်တစ်ကောင်ကိုသာ ရင်ဆိုင်နိုင်ပေသည်။ သူတို့ သုံးဦးသည်သာ အတူတကွ ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက လူအိုကြီးတောက် စိတ်ဝိညာဉ်သားရဲအိတ်ကို အသုံးမပြုနိုင်သေးခင် သတ်ပစ်နိုင်ပေလိမ့်မည်။
ချက်ချင်းဆိုသလို အားကောင်းလှသည့် မွန်းစတားချီနှင့် သတ်ဖြတ်လိုစိတ်တို့မှာ လူအိုကြီးတောက်အား လွှမ်းခြုံလာခဲ့လေရာ လူအိုကြီးတောက်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားတော့လေသည်။ မီချီသည်ပင်လျှင် ကြောက်ရွံ့မှုကြောင့် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။
"ရပ်လိုက်" ရန်ကိုင်က လှမ်းအော်ပြောလိုက်လေသည်။
ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ နှစ်ဦးစလုံး လေထဲ၌ ရပ်လိုက်ကြလေသည်။ ယင်ဖေး၏ ပုံရိပ်မှာတော့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုပုံရိပ်မှာ အခြားမဟုတ်။ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေသည်။ ယင်ဖေး၏ တကယ့်ခန္ဓာကိုယ်မှာ လူအိုကြီး အရှေ့တည့်တည့်သို့ ရောက်နေပြီး ၎င်း၏ သိမ်းငှက်လက်သည်းမှာ လူအိုကြီးတောက်၏ မျက်နှာနှင့် လက်ညှိုးတစ်ချောင်းစာ အကွာခန့်တွင် ရပ်နေလေ၏။
သေဘေးမှ ကပ်သီးလေး လွတ်လာပြီးသည့်နောက် လူအိုကြီးတောက်၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေကုန်လေသည်။ ထို့နောက်တွင် ခေါင်းမော့၍ ကြည့်လိုက်ရာ သူ့အရှေ့တွင် ရပ်နေသည့် ယင်ဖေးမှာ သူ ပထမဦးဆုံး ဖမ်းဆီးခဲ့သည့် မွန်းစတားဘုရင် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လူအိုကြီးသည်လည်း ဤမွန်းစတားဘုရင်အား အရင်ဦးဆုံး ဖမ်းဆီးခဲ့မိသည့်အပေါ် ဝမ်းသာမိသွားခဲ့လေသည်။ သူသည်သာ ဤမွန်းစတားဘုရင်ကို အရင်ဦးဆုံး မဖမ်းခဲ့ပါက ဤမွန်းစတားဘုရင်၏ အမြန်နှုန်းကြောင့် သူ့ခမျာ အခြားသော မွန်းစတားဘုရင်များနှင့် ရင်ဆိုင်နေစဉ် အသက်ထွက်သွားရပေလိမ့်မည်။
"မွန်းစတားဘုရင်တွေ မရိုင်းနဲ့" ရန်ကိုင်၏ အသံ အနောက်ဘက်မှ ထွက်လာခဲ့လေ၏။ ဤလူအိုကြီးသည် စိတ်ဝိညာဉ်သားရဲကျွန်းမှ ဖြစ်သည့်အတွက်ကြောင့် သူ့ရန်သူ မဟုတ်ပေ။ ထိုအပြင် လူအိုကြီးတောက်သည် မွန်းစတားဘုရင်သုံးပါးကို သူဘာသာသူ ပြန်လွှတ်ပေးခဲ့လေရာ ရန်ကိုင်အနေဖြင့် လူအိုကြီးတောက် အသတ်ခံရမည်ကို မည်ကဲ့သို့များ ဤအတိုင်း ရပ်ကြည့်နေနိုင်ပါမည်နည်း။
ယင်ဖေးမှာလည်း သူ၏ သိမ်းငှက်လက်သည်းကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှဲ့ဝူဝေတို့ ဘေးနားတွင် သွားရပ်နေလိုက်လေသည်။ ထိုသို့ဖြင့် မွန်းစတားဘုရင်သုံးပါးမှာ လူအိုကြီးတောက်အား သတိထားကာ သေသေချာချာကို စိုက်ကြည့်နေကြလေသည်။
လူအိုကြီးတောက်၏ လက်စာ မိထားပြီးသူပီပီ ယင်ဖေးတို့မှာ ဤလူအိုကြီးနှင့် အတွေ့တွင် အနည်းငယ်မျှပင် သတိလက်လွတ် မနေရဲခဲ့ပေ။
ယင်ဖေး ပြန်ဆုတ်သွားသည့် အခါမှသာလျှင် မီချီ အသိပြန်ဝင်လာခဲ့သည်။ လူအိုကြီးတောက် ဘာကြောင့်များ ဘက်ပြောင်းသွားပြီး မွန်းစတားဘုရင်သုံးပါးကိုပင်လျှင် ပြန်လွှတ်ပေးလိုက်သလဲဆိုသည်ကို မီချီ မသိပါသော်ငြား လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူလုပ်နိုင်သည့်အရာ ဘာဆိုဘာမျှ မရှိတော့မှန်းတော့ မီချီ သိနေခဲ့သည်။ ထိုအတွက်ကြောင့် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း အာကာယံကောင်းကင်ဂိုဏ်းဆီသို့ ပြန်ပြေးလေသည်။
"ဒီမှာ ခဏလောက် စောင့်နေဦးနော် ဆရာ၊ ကျုပ်အခုပဲ ပြန်လာခဲ့မယ်" ရန်ကိုင်သည် လူအိုကြီးတောက်ကို ပြုံးပြလိုက်ပြီးသည့်နောက် သူ့ပုံရိပ်မှာ လစ်ခနဲ ပျောက်ကွယ်သွားခဲ့လေသည်။
"လေဟာနယ်ပညာရပ်လား" ထိုအချင်းအရာကို မြင်လိုက်သော် လူအိုကြီးတောက်၏ မျက်လုံးများ မှေးစင်းသွားခဲ့သည်။ စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင်လည်း လေဟာနယ်ပညာရပ်ကို နက်နက်နဲနဲ ကျွမ်းကျင်သည့် လူတစ်ဦးရှိပေသည်။ လီဝူရီ လေဟာနယ်ပညာရပ်ကို အသုံးပြု၍ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ တည်နေရာခုန်ကူးသွားသည်ကို လူအိုကြီးတောက် တစ်ကြိမ်မက မြင်ခဲ့ဖူးပေသည်။
သို့သော်ငြား လီဝူရီကဲ့သို့ပင် လေဟာနယ်ပညာရပ်အား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သေးသည့် လူတစ်ဦးကို ဤနေရာ၌ လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤလူငယ်လေး၏ စွမ်းအင်ကို ကြည့်ရသလောက် လေဟာနယ်တာအိုကို ဤလူငယ်လေး၏ နားလည်မှုမှာ လီဝူရီအောက် နိမ့်ကျခြင်း မရှိတော့ပေ။ ထိုအချက်ကို တွေ့ရှိလိုက်သော် လူအိုကြီး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင် မလှုပ်ရှားခဲ့ရခြင်းမှာ ထိုကလေးမလေးကြောင့်မှန်း လူအိုကြီးတောက် သိနေခဲ့လေသည်။ ထိုသို့သာ မဟုတ်လျှင်တော့ သူ့အနေဖြင့် မည်သည့် အချိန်ကတည်းကမှန်းမသိ အသက်ထွက်လို့ ထွက်သွားပေလိမ့်မည်။
လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသည့် လူများသည် ရန်စလို့ ကောင်းသည့် လူများ မဟုတ်ကြပေ။ ဧကရာဇ်တတိယအဆင့်ပညာရှင်အားလုံးမှာ အဆင့်အတူတူသာလျှင် ဖြစ်ကြလင့်ကစား လီဝူရီမှာတော့ မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံး ပညာရှင်ဟူသော ဂုဏ်ပုဒ်ကို ရှိထားခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ လေဟာနယ်တာအိုအပေါ် သူ၏ ကျွမ်းကျင်မှုကြောင့်သာလျှင် ဖြစ်ပေ၏။
ထွက်ပြေးနေရန် ကြိုးစားရင်းမှ သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားသလို မီချီ ခံစားလိုက်ရသည်။ သူ့မြင်ကွင်း ပြန်လည် ကြည်လင်သွားချိန်တွင်တော့ ရန်ကိုင်မှာ အေးစက်စက်မျက်နှာထားဖြင့် သူ့အရှေ့သို့ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။ "အခုမှ ဘယ်ပြေးဖို့လုပ်နေတာလဲ"
မီချီ အံကို တင်းတင်းကြိတ်လိုက်လေသည်။ ထို့နောက်တွင် လှံရှည်အား အားကုန်သုံး၍ ရန်ကိုင် တည့်တည့်သို့ ပစ်ထည့်လိုက်လေ၏။
မည်သို့ပင်ဖြစ်နေစေကာမူ မီချီသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ထိုအတွက်ကြောင့် သူ၏ တိုက်ခိုက်မှုများမှာ လုံးဝ ပေါ့သေးသေးမှတ်၍ မရပေ။ အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော လှံချက်ကိုကြည့်ရင်း မီးနဂါးနန်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်များ ရင်တထိတ်ထိတ် ဖြစ်နေကြလေသည်။ သူတို့သည်သာ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုလျှင် လုံးဝကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ပေ။
သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ရှောင်တိမ်းမည့် အရိပ်အယောင်မပြဘဲ ထိုနေရာတွင်သာ ရပ်နေခဲ့လေသည်။ မီးနဂါးနန်းတော်မှ လူများ သူတို့၏ နန်းတော်သခင်အား လှမ်းကြည့်လိုက်ရာ လီကျောက်မှာလည်း အနည်းငယ်မျှပင် စိုးရိမ်ဟန်မပြဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ဤနေရာ၌ ရှိနေသည့် လူအတော်များများထက် ရန်ကိုင် မည်မျှအားကောင်းသလဲဆိုသည်ကို လီကျောက် ကောင်းကောင်းသိပေသည်။ ရန်ကိုင်သည် နဂါးကျွန်းပေါ်တွင်ပင် သွားပြဿနာရှာရဲသူ ဖြစ်လေရာ မီချီကို ဘာကြောင့်များ အရေးစိုက်နေပါဦးမည်နည်း။ ထိုအကြောင်းကြောင့် သူ့အနေဖြင့် ဘာမျှ စိတ်ပူနေစရာမလို။
ယခုအချိန်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်လာပြီးသည့်နောက် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်လေသည်။ မီချီ၏ တိုက်ခိုက်မှုမှာ အားနည်းခြင်း မရှိလင့်ကစား ရန်ကိုင်အတွက်မူ သိပ်၍ အန္တရာယ်များသည့်ပုံ မပေါက်ခဲ့ပေ။
ရန်ကိုင်မှာ သူ့လက်ကို အသာအယာမြှောက်၍ လှံအရိပ်များကြားမှ တစ်ခုခုအား လှမ်းဖမ်းကိုင်လိုက်လေသည်။
တစ်ချိန်တည်းတွင် လှံအရိပ်အားလုံး တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။ မီချီမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင် လှမ်းဖမ်းဆွဲလိုက်သည့် အရာမှာ လှံအရိပ်များအကြားမှ တကယ့်လှံအစစ်၏ ထိပ်ဖျား ဖြစ်နေသည့်အတွက်ကြောင့်ပင်။
[ငါ့ရဲ့ အသေအသတ်တိုက်ကွက်ကို သူ ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူ တားလိုက်နိုင်ရတာလဲ] မီချီ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့လေသည်။ သို့ပင်ဖြစ်လင့်ကစား မီချီမှာ အနည်းငယ်မျှပင် တွေဝေ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူလှံထဲသို့ အားထပ်သွင်းရင်း လှံတစ်ခုလုံးကို တရစပ် လှည့်ချလိုက်လေသည်။ ထို့နောက် မာန်သွင်း အော်ဟစ်လိုက်လေ၏။ "သွားလိုက်ပေတော့"
မီချီမှာ ထိုနည်းလမ်းကို သုံး၍ လှံကို ရန်ကိုင်၏ လက်ထဲမှ လွတ်ထွက်သွားအောင် လုပ်လိုခြင်း ဖြစ်လေသည်။ ဤကဲ့သို့ လုပ်ရာတွင်လည်း မီချီမှာ အခြားဘာဆိုဘာကိုမျှ မမျှော်လင့်ထားဘဲ ရန်ကိုင်ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်သည်ဟူသော အချက်ကိုသာ အားကိုးထားခဲ့သည်။
လှံမှာ စတင်၍ လည်ပတ်လာလေရာ ရန်ကိုင်၏ လက်မှာလည်း လှံလည်ပတ်ရာ အားအတိုင်း လိမ်ထွက်သွားခဲ့သည်။ သို့သော်ငြား ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့လေ၏။ မီချီမှာ ဆက်၍ ကြိုးစားနေလင့်ကစား လှံအား ထပ်လည်အောင် မလုပ်နိုင်တော့သည်ကို တွေ့ရှိလိုက်ရပြီးသည့်နောက် လှမ်းမော့ကြည့်လိုက်ရာ ရန်ကိုင်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ကျင်ဘက်လားရာအတိုင်း ပြန်ဆွဲလှည့်လိုက်ရာ လှံမှာလည်း ဆန့်ကျင်ဘက်လားရာအတိုင်း လည်ထွက်လာခဲ့လေ၏။ ထို့နောက်တွင် သူ့စွမ်းအားကို သုံး၍ လှံကို ဆန့်ကျင်ဘက်လားရာအတိုင်း တရစပ် လည်လိုက်ရာ မီချီမှာ လှံကို မထိန်းနိုင်တော့ဘဲ တဖြည်းဖြည်း လွှတ်ပေးနေလိုက်ရလေသည်။
နောက်ဆုံးတွင် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ သို့သော်ငြား လှံမှာမူ သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့ပြီး ရန်ကိုင် လက်ထဲသို့ ရောက်သွားခဲ့လေပြီ။ သူ့ခေါင်းတစ်ခုလုံး အလွန်ကိုမှ မူးဝေနေလင့်ကစား လက်ရှိ မီချီ စိတ်ထဲ ခံစားနေရသည်မှာတော့ ကြောက်ရွံ့မှုများသာ ဖြစ်နေတော့သည်။ [ဘယ်လိုတောင်ကြီးလဲဟ၊ ဒီကောင့် ကျင့်ကြံခြင်းက ဧကရာဇ်ဒုတိယအဆင့်ပဲ ရှိသေးတာလေ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ]
လက်ရှိ ရန်ကိုင်၏ ရုပ်ခွန်အား မည်မျှ အားကောင်းသလဲဆိုသည်ကို မီချီ အမှန်တကယ်ကို မသိပေ။ နဂါးတစ်ပိုင်းခန္ဓာကိုယ်သည် လက်ရှိ မီချီ၏ ရုပ်ခွန်အားဖြင့် သွားရောက်တိုက်ခိုက်၍ ရသည့် အရာမျိုး မဟုတ်ပေ။ မီချီ နေရာတွင်သာ လီကျောက်သာဆိုလျှင်တော့ ယခုကဲ့သို့ ရန်ကိုင်နှင့် ရုပ်ခွန်အားချင်း သွားယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။
မီချီမှာတော့ ထိုအကြောင်းများကို ထိုင်စဉ်းစားနေရန် အချိန်မရှိ။ လေခွင်းသံများ တဝီဝီ ထွက်ပေါ်လာနေသည့်အတွက်ကြောင့် အထိတ်တလန့်ဖြင့် ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်မှာ အစောပိုင်းက သူထုတ်သုံးခဲ့သော လှံကို သုံး၍ သူ့ခေါင်းတည့်တည့်သို့ ရိုက်ချလာနေကြောင်းကို တွေ့လိုက်ရလေသည်။
မီချီမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် သူ့လက်နှစ်ဖက်ကို ခေါင်းပေါ်၌ ကောက်ကာလိုက်လေသည်။ တစ်ချိန်တည်း၌ သူ့လက်မောင်းနှစ်ဖက်ပေါ်တွင် လက်ကာနှစ်ခု ပေါ်လာခဲ့လေသည်။
ဘုန်း။
လှံတံသည် မီချီ၏ လက်ကာနှစ်ဖက်အား ရိုက်ချလာခဲ့လေရာ လက်ကာနှစ်ဖက်စလုံး အရောင်တဖျတ်ဖျတ်လက်လာပြီးသည့်နောက် မှိန်ကျသွားခဲ့လေ၏။ ရန်ကိုင်၏ ရိုက်ချက်တစ်ချက်ကို ခံလိုက်ရပြီးသည့် နောက်တွင် ဧကရာဇ်အဆင့်မှော်ရတနာ ဆိုးဆိုးရွားရွားကို ထိခိုက်သွားရတော့လေသည်။ မီချီ ကိုယ်တိုင်မှာမူ ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ အောက်ဘက်သို့ ထိုးကျသွားခဲ့လေ၏။ မီချီ ပြုတ်ကျသွားသည့် နေရာတွင်တော့ ဧရာမ အက်ကြောင်းရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။