← Chapters

အခန်း (၃၂၂၆-၃၂၃၀)

Vol. 141 Ch. 3226-3230

အခန်း (၃၂၂၆-၃၂၃၀)

Vol. 141 Ch. 3226-3230

အပိုင်း (၃၂၂၆)

ဘာသာပြန်သူ_တိမ်တိုက်

“သွားရအောင်…” တံဆိပ်ပြားကို သိမ်းပြီးသည့်နောက် ကောင်းရွှယ်ထင်းသည် ရန်ကိုင်ကိုကျောပေး၍ လှည့်ထွက်သွားလေသည်။ သူမမျက်နှာထက်တွင်တော့ အပြုံးရေးရေးလေး ရှိနေခဲ့လေသည်။

ရန်ကိုင်မှာမူ သက်ပြင်းအမောကြီးချ၍ အတန်ကြာအောင် ရပ်နေပြီးသည့်နောက် ကောင်းရွှယ်ထင်းနောက်သို့ လိုက်သွားခဲ့လေသည်။

ဟင်းလင်းပြင်အစီအရင်ကို သူခင်းကျင်းထားသည်ကို ဝန်ခံခဲ့ရခြင်းမှာ တစ်ဖက်လူမှ ဤဟင်းလင်းပြင်အစီအရင်အား အစောကြီးတည်းက ရှာတွေ့ထားပြီးသား ဖြစ်သည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဆက်၍ မသိချင်ယောင်ဆောင်နေ၍လည်း အပိုသာဖြစ်ပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် ဤနေရာသို့ လူငှားရန် လာခဲ့ခြင်းဖြစ်လေရာ ဤဟင်းလင်းပြင်အစီအရင်ရှိနေသည့်အကြောင်းသည် အနှေးနှင့်အမြန်ဆိုသလို ပေါ်သွားပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဆက်၍ဖုံးကွယ်ရန် ကြိုးစားမနေတော့ဘဲ ချက်ချင်း ထုတ်ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။

ကောင်းရွှယ်ထင်း မြောက်ဘက်နယ်မြေသို့လာပြီး သူ့အား ဆေးလုံးများ ဖော်စပ်ခိုင်းမလား မဖော်စပ်ခိုင်းဘူးလား ဆိုသည်မှာတော့ ရန်ကိုင်စဉ်းစားနေစရာပင်မလိုပေ။ ဆေးလုံးဖော်စပ်ရမည့်တာဝန်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သော သူ့တာဝန်သာ ဖြစ်သည့်အလျောက် ကောင်းရွှယ်ထင်းမှ သူ့အား ဆေးလုံးများဖော်စပ်ပေးရန် တောင်းဆိုလာပါက ကျိယင်အား အားကိုးလိုက်ရုံသာ ရှိပေလိမ့်မည်။

ကျောက်စိမ်းတောင်သည် နေမင်းပြာကျောင်းတော်၏ ဒုကျောင်းသခင်ချိုရန် နေသည့်နေရာဖြစ်ပေသည်။ ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့ ရောက်လာသည့်အခါ ချိုရန်မှာ တရားထိုင်နေခဲ့သည်။ ရန်ကိုင်တို့နှစ်ဦး ရောက်နေကြောင်း ကြားပြီးသည့်နောက် သူ့အခန်းထဲမှ ထွက်လာပြီး ရန်ကိုင်တို့နှင့် ခန်းမထဲ၌ လာတွေ့လေသည်။

ရန်ကိုင်က ထရပ်၍ ဦးညွှတ်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာအစ်ကိုချို…”

“အို… ရှားပါးလှတဲ့ ဧည့်သည်လေးပါလား… ဂျူနီယာညီလေးရန်… မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ…” ချိုရန်သည် ရန်ကိုင်အား မျက်နှာသေဖြင့် ကြည့်လျက် ခန်းမထဲရှိ အဓိကထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အခုလေးတင်မှ ပြန်ရောက်တာ… စီနီယာအစ်ကိုချိုကို ချက်ချင်းလာတွေ့လိုက်တာ… မတွေ့ရတာကြာသွားတာတောင် စီနီယာအစ်ကိုက အရင်အတိုင်းပဲနော်…” ပြောနေရင်းမှ ရန်ကိုင်လည်း ထိုင်ချလိုက်လေသည်။

ချိုရန်က မျက်ခုံးပင့်၍ ပြန်ပြောလိုက်သည်။ “အခုလိုမျိုးတွေပြောနေစရာမလိုပါဘူး ဂျူနီယာညီလေးရန်ရယ်… မင်းက သာမန်လူမှမဟုတ်တာ… ဒါပေမယ့် ငါ မင်းကို သိပ်မမြင်ရဘူးနော်… မင်းသာ အခုလိုမျိုး ပြန်မလာတော့ရင် မင်း ဒီနေမင်းပြာကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို ငါ မေ့ရင်မေ့သွားတော့မှာ…”

(သူ့စကားတွေက ဘာဖြစ်လို့ ကောင်းရွှယ်ထင်းပြောတာနဲ့ တူနေရတာလဲ…) ရန်ကိုင် ချိုရန်အား မျက်စောင်းထိုးလိုက်လေသည်။ သို့တိုင် ရန်ကိုင်မှာမူ အပြုံးကြီးပြုံး၍ “တောင်းပန်ပါတယ် စီနီယာအစ်ကိုရန်ရယ်… ကျုပ် နေမင်းပြာကျောင်းတော်ကို အကြွေးအများကြီးတင်နေပြီ… စီနီယာအစ်ကိုတို့ စီနီယာအစ်မတို့ကိုလည်း လုံးဝမမေ့ပါဘူး…”

ချိုရန်ကမူ ဘာမျှပြန်မပြောခဲ့။ ကောင်းရွှယ်ထင်းကိုသာ လှမ်း၍ကြည့်လိုက်လေသည်။ နှစ်ဦးသားမှာ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် အချင်းချင်း စကားပြောဆိုဆက်ဆံနေကြသည့်အလား ကောင်းရွှယ်ထင်း မသိမသာလေး ခေါင်းညိတ်ပြလိုက်လေသည်။

မကြာမီ ချိုရန်၏အမူအယာ တောက်ပသွားတော့လေသည်။ ခေါင်းတညိတ်ညိတ်လုပ်လျက် ပြန်ပြောလိုက်လေ၏။ “ငါတို့ကို မင်းစိတ်ထဲမှာ ရှိနေသေးတာ တကယ်ကောင်းတယ် ဂျူနီယာညီလေး… အပြင်သွားရင်လည်း မင်းရဲ့ လုံခြုံရေးတွေဘာတွေကိုလည်း သတိထားဦး… ပြီးတော့ ဘာတွေပဲဖြစ်ဖြစ် မင်းက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်တယ်ဆိုတာကို မေ့မထားနဲ့… မင်းက ငါတို့ကျောင်းတော်ကို ကိုယ်စားပြုနေတယ်… ဒီတော့ ငါတို့ နေမင်းပြာကျောင်းတော်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမယ့် ဘယ်လိုအလုပ်မျိုးကိုမှ လုပ်လို့မဖြစ်ဘူး….”

“ကျုပ်မှတ်ထားပါမယ်…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချိုရန်က ပြန်ပြောလိုက်သည်။ “ကောင်းပြီ… အခြား ဘာမှမရှိတော့ရင် မင်းသွားလို့ရပြီ… ငါ့မှာ အခြားလုပ်စရာကိစ္စလေးတွေရှိသေးတယ်…”

(ဘာလဲဟ… ပြောတောင် မပြောရသေးဘူး ငါ့ကို မောင်းထုတ်နေတာလား…) ရန်ကိုင် ကြောင်သွားခဲ့ပြီး ကောင်းရွှယ်ထင်းဘက်သို့လှည့်ကာ မျက်စလှမ်းပစ်ပြလိုက်လေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်းကမူ ရန်ကိုင်အား မမြင်ချင်ယောင်ဆောင်လျက် အေးအေးဆေးဆေးသာ ထိုင်နေလေ၏။

(အသည်းမာလိုက်တာ… မလိုတာနဲ့ ချက်ချင်းကို လွှင့်ပစ်လိုက်တော့တာပဲ… ငါ အဲ့တံဆိပ်ပြားကို တကယ်မပေးလိုက်သင့်ဘူး…) ကောင်းရွှယ်ထင်းမှ သူ့အား မကူညီပေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း သူ့ကိုယ်သူ အားကိုးရုံသာ ရှိတော့လေသည်။ ထိုအကြောင်းကြောင့် ရင်ဘတ်ပေါ်လက်တင်၍ ဦးညွှတ်ကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကို… ဒီဂျူနီယာ တင်ပြစရာတစ်ခုရှိပါတယ်…”

“ဘာကိစ္စလဲ…” ချိုရန်က ရန်ကိုင်အား မျက်ခုံးပင့်ကာ ကြည့်လိုက်လေသည်။

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “ကျုပ်ထွက်သွားတုန်းက နေမင်းပြာကျောင်းတော်က ဆေးပင်တွေအများကြီး ယူသွားတယ်လေ… စီနီယာအစ်မကောင်းက အဲ့ဆေးပင်တွေနဲ့ ကျုပ်ကို ဆေးဖော်စပ်ခိုင်းလိုက်တာ… ကံကောင်းစွာနဲ့ပဲ ကျုပ်တာဝန်ကို အောင်မြင်စွာလုပ်နိုင်ခဲ့တယ်…”

“အိုး…” ချိုရန် မျက်ခုံးပင့်သွားခဲ့လေသည်။ “ဒီတော့ မင်းမှာ ဆေးလုံးတွေပါလာတယ်ပေါ့…”

“ပါလာပါတယ်…”

“ငါ့ကိုပြ…”

ထိုအခါမှသာလျှင် ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်လေသည်။ “ဆေးလုံးတွေအကုန်လုံးက ကျွန်မဆီမှာ…” ထိုသို့ပြောပြီးသည့်နောက်တွင် သူမလက်ထဲတွင် ဝတ်ထားသော သိုလှောင်လက်စွပ်ကိုချွတ်၍ ချိုရန်ဆီသို့ ပေးလိုက်လေသည်။ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ချိုရန်မှာတော့ အံ့အားသင့်သွားတော့လေသည်။ (အများကြီးပဲ… အကုန်လုံးက ဧကရာဇ်အဆင့်ဆေးလုံးတွေချည်းပဲ… ပြီးတော့ အရည်အသွေးကလည်း ထိပ်တန်းပဲ…)

ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးမှန်း သိထားသည့်အတွက်ကြောင့် ရန်ကိုင်အား ထိုဆေးပင်များကို ဆေးဖော်စပ်ရန် စေခိုင်းခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် ဆယ်နှစ်ကြာပြီးသည့်နောက် သူနှင့်အတူ ဤမျှများပြားလှသော ဧကရာဇ်အဆင့်ဆေးလုံးများကို ပြန်သယ်လာလိမ့်မည်ဟု ချိုရန် မထင်ထားခဲ့ပေ။

(ကိုယ်ပိုင်ဆေးပညာရှင်ရှိတာ တကယ်ကို ကောင်းတာပဲ…) ချိုရန်မှာ ရန်ကိုင်အား နောက်ထပ် ဧကရာဇ်အဆင့်ဆေးလုံးများ ထပ်ဖော်စပ်ခိုင်းလျှင် ကောင်းမလားဟုပင် စတင်စဉ်းစားနေတော့လေသည်။ ရန်ကိုင်သည်သာ ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်ပေးနိုင်မည်ဆိုပါက ဆယ်နှစ်စောင့်ရလျှင်ရော ဘာအရေးနည်း။

“အင်း… မဆိုးပါဘူး…” ချိုရန်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ (အရမ်း သွားချီးကျူးလို့ မဖြစ်သေးဘူး… မဟုတ်ရင် ဒီကောင်ကို ဆေးဖော်စပ်ခိုင်းရတာ ခက်သွားဦးမယ်…)

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျောင်းတော်အတွက် အကျိုးဆောင်ဖို့က ကျုပ်ရဲ့တာဝန်ပဲလေ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်သည် နှာခေါင်းကို လက်ဖြင့်ပွတ်ရင်းမှ မေးလိုက်လေသည်။ “စီနီယာအစ်ကိုချို… ဒီဆေးလုံးတွေနဲ့ အကြီးအကဲအကျိုးဆောင်အမှတ် ဘယ်လောက်လောက်ရမလဲ…”

ချိုရန်က ပြန်ပြောလိုက်လေသည်။ “အတိအကျမပြောခင် တွက်ကြည့်ဖို့လိုဦးမယ်…”

“အဲ့ဒါဆို စီနီယာအစ်ကို မြန်မြန်လေး တွက်ပေးလို့ရမလား…”

ချိုရန်သည် ရန်ကိုင်ကိုကြည့်၍ “မင်း အလျင်လိုနေလို့လား…”

“မလိုပါဘူး…” ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ချောင်းဟန့်လျက် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် မြန်မြန်လေးရနိုင်ရင်တော့ ပိုကောင်းတာပေါ့ စီနီယာအစ်ကိုရယ်…”

ချိုရန် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာကြံလို့ကြံနေမှန်း သူမသိ။ သို့သော်ငြား နောက်ပိုင်း ရန်ကိုင်အား ဧကရာဇ်အဆင့်ဆေးလုံးများကို ထပ်မံဖော်စပ်ခိုင်းရဦးမည်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား စိတ်ဓာတ်တက်ကြွသွားအောင် လုပ်ပေးဖို့ရာ လိုအပ်ပေသည်။ ထိုအကြောင်းကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကောင်းပြီလေ… ငါ မင်းအတွက် ချက်ချင်းပဲ တွက်ပေးမယ်…”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကို…” ရန်ကိုင် စိတ်အားတက်သွားတော့သည်။

ထို့နောက်တွင် ချိုရန်သည် ဘာမျှပြောမနေတော့ဘဲ သိုလှောင်လက်စွပ်ထဲမှ ဧကရာဇ်အဆင့်ဆေးလုံးအားလုံးကို ထုတ်၍ စားပွဲခုံပေါ်တွင် ချလိုက်လေသည်။ ဧကရာဇ်အဆင့်ဆေးလုံးများကို သာမန်ဆေးပုလင်းများထဲ ထည့်သိမ်းဖို့ရာ မဖြစ်နိုင်ပေ။ ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးချင်းစီတိုင်းသည် ခန္ဓာကိုယ်မှ အဖိုးတန်သည့်အလျောက် ဆေးအာနိသင် လျင်မြန်စွာ လျော့ကျမသွားစေရန်အလို့ငှာ ဧကရာဇ်အဆင့်ဆေးလုံးများကို သက်ဆိုင်ရာ ဓာတ်သဘာဝများ ရှိကြသော သေတ္တာများထဲတွင် ထည့်သိမ်းသိုလှောင်ထားပေသည်။ လက်ရှိအချိန်၌ စားပွဲခုံပေါ်တွင် ကျောက်စိမ်းသေတ္တာများ၊ ရွှေရောင်သေတ္တာများ၊ ငွေရောင်သေတ္တာများ၊ သစ်သားသေတ္တာများ စသဖြင့် အမျိုးမျိုးသော သေတ္တာများ ရှိနေကြသည်။ မကြာမီ စားပွဲခုံတစ်ခုလုံး အနည်းဆုံး နှစ်ရာမှ သုံးရာကြားရှိသော သေတ္တာများဖြင့် ပြည့်နှက်သွားတော့လေသည်။

ကောင်းရွှယ်ထင်းသည်လည်း စိတ်ဝင်တစားဖြင့် လာကြည့်နေလေသည်။ သူမဘဝတွင် ဤမျှများပြားလှသော ဧကရာဇ်အဆင့်ဆေးလုံးများကို တစ်နေရာထဲ၌ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူမတို့သည်သာ ဧကရာဇ်အဆင့်ဆေးလုံးများကို လိုချင်ပါက ဧကရာဇ်အဆင့်ဆေးပညာရှင်များဆီ သွားရောက်အကူအညီတောင်းရပေမည်။ ထို့အပြင် ဆေးဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်များကို ကိုယ်တိုင်စုဆောင်းရသလို ဆေးပညာရှင်ဆီ အကူအညီတောင်းခံရန်အတွက်လည်း ထိုဆေးပညာရှင်အား အခကြေးငွေ ကြီးကြီးမားမားပေးရသည်။ ထိုဆေးပညာရှင် အလုပ်ရှုပ်နေပါက တန်းစီရသည့်အခါမျိုးပင် ရှိပေသေးသည်။

ရှင်းရှင်းပြောရသော် ရန်ကိုင်ယူလာသည့် ဧကရာဇ်အဆင့်ဆေးလုံးအရေအတွက်သည် နေမင်းပြာကျောင်းတော်မှ လွန်ခဲ့သည့်နှစ်ငါးရာအတွင်း ရှာနိုင်ခဲ့သည့် ဧကရာဇ်အဆင့်ဆေးလုံးပမာဏနှင့် တူလုနီးပါး ဖြစ်နေခဲ့လေသည်။ ထိုအကြောင်းကြောင့် ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့မှာ အလွန်ကိုမှ ပျော်ရွှင်နေမိသလို ထိတ်လည်း ထိတ်လန့်တုန်လှုပ်နေမိလေ၏။ သို့သော်ငြား စိတ်ခံစားချက်များကို မျက်နှာထက် လုံးဝမပေါ်စေခဲ့ပဲ မျက်နှာကို မျက်နှာသေသာ ထားထားကြလေသည်။

“အရင်တုန်းက တစ်ခါမှ ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ဖူးဘူး… ဒါပေမယ့် ဧကရာဇ်အဆင့်ဆေးလုံးတွေက ရှားတာဆိုတော့ ငါ မင်းအတွက် အခုချက်ချင်းပဲ ဒါတွေအကုန်လုံးကို အကြီးအကဲအကျိုးဆောင်မှတ်အဖြစ် ပြောင်းပေးမယ်…” ပြောရင်းမှ ချိုရန်သည် သစ်သားသေတ္တာတစ်လုံးကို ဖွင့်ပြီး အထဲရှိဆေးလုံးကို သေသေချာချာလေ့လာကြည့်သည်။ ထို့နောက် ခေါင်းညိတ်လျက် “ဒီဆေးလုံးက အလယ်အလတ်အဆင့်ပဲ… ဆေးအမယ်တွေရဲ့တန်ဖိုးကို နှုတ်လိုက်မယ်ဆိုရင် ဒါကို အကြီးအကဲအကျိုးဆောင်အမှတ် ရှစ်ရာပေးမယ်… ဘယ်လိုနေလဲ…”

ရန်ကိုင်သည် သူ့ခေါင်းထဲမှနေ၍ တွက်ကြည့်လိုက်သည်။ အကြီးအကဲအကျိုးဆောင်အမှတ်များကို ရဖို့ရာ မလွယ်ကူမှန်း ကောင်းရွှယ်ထင်းနှင့် အခြားသောအကြီးအကဲများ ပြောသည်ကို ရန်ကိုင်ကြားခဲ့ဖူးပေသည်။ သာမန်အကြီးအကဲဆိုလျှင် အကြီးအကဲအကျိုးဆောင်အမှတ် ငါးထောင်မှခြောက်ထောင်လောက်သာ ရနိုင်ကြသည်။ သို့သော်ငြား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ရန်အတွက်မူ အကြီးအကဲအကျိုးဆောင်အမှတ် ၂၀၀၀ လိုအပ်ပေသည်။

အကြီးအကဲအကျိုးဆောင်အမှတ်များကို အရင်းအမြစ်ကျောက်များဖြင့်လည်း လဲ၍ရပေသည်။ သို့သော်ငြား တစ်နှစ်လျှင် အများဆုံး အကြီးအကဲအကျိုးဆောင်အမှတ် နှစ်ထောင်ခန့်အထိသာ လဲလှယ်နိုင်ပေသည်။ ထိုသို့လဲဖို့ရာလည်း မလွယ်ကူလှ။ လဲလှယ်သည့်နှုန်းမှာ တစ်ထောင်ဆတစ်ဆ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အကြီးအကဲအကျိုးဆောင်အမှတ် တစ်မှတ်ရရန်အတွက် အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်ထောင် လိုအပ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် တစ်နှစ်လျှင် အကြီးအကဲအကျိုးဆောင်အမှတ် တစ်ထောင်ထက် ပိုများများရလိုပါက နေမင်းပြာကျောင်းတော်၏ အကြီးအကဲများအနေဖြင့် အမျိုးမျိုးသောတာဝန်မျိုးကို ထမ်းဆောင်၍ နေမင်းပြာကျောင်းတော်အတွက် အကျိုးဆောင်ပေးရန် လိုအပ်ပေသည်။ ဥပမာပြရသော် ကောင်းရွှယ်ထင်းမှာ နေမင်းပြာကျောင်းတော်၏ တပည့်များကို ဥတုလေးမျိုးနယ်မြေထဲသို့ လိုက်လံပို့ဆောင်ပေးခြင်းအားဖြင့် အကြီးအကဲအကျိုးဆောင်အမှတ်အချို့ကို ရရှိခဲ့ပေသည်။

အကြီးအကဲအကျိုးဆောင်အမှတ်ရှစ်ရာကို အဆင့်မြင့်အရင်းအမြစ်ကျောက်အဖြစ်သို့ ပြောင်းလဲလိုက်မည်ဆိုလျှင် အဆင့်မြင့်အရင်းအမြစ်ကျောက် ရှစ်သိန်း ဖြစ်သွားပေလိမ့်မည်။ ရန်ကိုင်မှာ ထိုရှစ်သိန်းကို အသားတင်ရလိုက်ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ဆေးဖော်စပ်ရန်အတွက် လိုအပ်သည့်ဆေးအမယ်များကိုမှ စိုက်ထုတ်စရာမလိုလေပဲ။ သို့သော်ငြား အကြီးအကဲချိုရန်ပေးသည့်နှုန်းမှာ သာမန်ဈေးကွက်အောက်တော့ အနည်းငယ်နိမ့်ကျနေပေသေးသည်။

ရန်ကိုင်မှာ ထိုပမာဏကို လက်ခံနိုင်ပါသော်ငြား ရလို့ရငြား ထပ်၍မေးလိုက်ပေသေးသည်။ “နည်းနည်းလောက် ပိုပေးလို့ မရဘူးလား…”

ချိုရန်က ပြန်ပြောလိုက်သည်။ “နေမင်းပြာကျောင်းတော်ရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ငါက နေမင်းပြာကျောင်းတော်တစ်ခုလုံးရဲ့ ဘဏ္ဍာရေးကို စီမံကိုင်တွယ်နေတာ… ဒီတော့ အကုန်လုံးကို ငါ မျှမျှတတပဲလုပ်တယ်… မင်း နည်းတယ်ထင်နေလို့ရှိရင် ဂျူနီယာညီမကောင်းကို မေးကြည့်လိုက်…”

အခြေအနေကို သိပြီးသားဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သွားမေးနေစရာပင်မလိုခဲ့။ သို့ပင်ဖြစ်လင့်ကစား ပြန်တော့ပြောလိုက်ပေသေးသည်။ “တစ်ထောင်ထားလိုက်လို့ မရဘူးလား…”

“ရှစ်ရာပဲ…” ချိုရန်ကမူ ရန်ကိုင်၏ပြောစကားကို လျစ်လျူရှုထားခဲ့သည်။ ထိုသို့ပြောပြီးသည့်နောက် ကျောက်စိမ်းသေတ္တာကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေ၏။

“မိန်းမမရတာ နည်းတောင်နည်းသေးတယ်…” ရန်ကိုင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။

“မင်းဘာပြောလိုက်တာ…” ချိုရန်သည် ရန်ကိုင်အား မော့ကြည့်လာခဲ့လေသည်။

“ဘာမှမပြောပါဘူး ဘာမှမပြောပါဘူး စီနီယာအစ်ကိုချို… ကျေးဇူးပြုပြီး ဆက်ရေပါ…”

ချိုရန်သည် နှာခေါင်းရှုံ့လျက် နောက်ထပ် ကျောက်စိမ်းသေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်လေသည်။ ထို့နောက်တွင် ပြုံး၍ ခေါင်းညိတ်လျက် “ဒီဆေးလုံးက ဧကရာဇ်အဆင့်မြင့်ဆေးလုံးပဲ… ဒီတော့ အကြီးအကဲအကျိုးဆောင်မှတ် တစ်ထောင်ပေးမယ်…” ထိုသို့ပြောပြီးသည့်နောက် ထိုကျောက်စိမ်းသေတ္တာကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းပြီး နောက်တစ်လုံးကို ထပ်ဖွင့်လေသည်။

ချိုရန်ပြောသွားသည့်နှုန်းအရ ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံးလျှင် အကြီးအကဲအကျိုးဆောင်အမှတ်တစ်ထောင်ရ၍ အလယ်အလတ်အဆင့်ဆိုလျှင် ရှစ်ရာရကာ အဆင့်နိမ့်ဆေးလုံးဆိုလျှင်တော့ ငါးရာသာ ရလေသည်။ တဖြည်းဖြည်း တိုးလာနေသည့် အကြီးအကဲအကျိုးဆောင်မှတ်များကို ကြည့်ရင်း ရန်ကိုင်ရင်ထဲ အလွန်ကိုမှ ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။ တစ်ခါတစ်ရံ အမျိုးမျိုးသောဆေးလုံးများ၏ ဆေးအာနိသင်များ၊ ထိုဆေးလုံးများကို ဖော်စပ်ရန် မည်မျှခက်ခဲကြောင်း၊ မည်မျှအချိန်ကုန်ကြောင်းကိုလည်း ရှင်းပြတတ်ပေသေးသည်။ ရန်ကိုင်အနေဖြင့် ထိုသို့လုပ်ရခြင်းမှာ ချိုရန်မှ ဆေးလုံး၏တန်ကြေးကို တိုးမြှင့်ပေးစေလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သို့ပင်ဖြစ်လင့်ကစား ချိုရန်မှာမူ စာအုပ်ကြီးအတိုင်း ရန်ကိုင်၏ရှင်းပြချက်များကို လျစ်လျူရှုကာ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းသာ ပေးလေသည်။

“ကျေးဇူးပြုပြီး ခဏစောင့်ပါဦး စီနီယာအစ်ကို… ဒီဆေးလုံးက အလယ်အလတ်အဆင့်ဆိုပေမယ့် ဆေးလုံးရဲ့ ဆေးရနံ့က အရမ်းအားကောင်းတယ်… သွေးကြောလေးတွေကလည်း ထင်းနေတာပဲ… တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အဆင့်မြင့်ဆေးလုံးဖြစ်ခါနီးမှန်း အလွယ်တကူ ပြောလို့ရတယ်… ဒီဟာကို ရှစ်ရာပဲပေးတာ သိပ်ပြီးတော့ မမျှတဘူးလို့ စီနီယာအစ်ကိုချို မထင်ဘူးလား…” ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။

ချိုရန်က ပြန်ပြောလိုက်သည်။ “ဒါဆို ငါ ဒါကို ဘယ်လောက်ပေးသင့်တယ်လို့ မင်းထင်လဲ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီဆေးလုံးက အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်ကြားကို ရောက်နေတာဆိုတော့ နည်းနည်းလောက်တိုးပြီးတော့ ကိုးရာလောက်ထားလိုက်လေ… ဒါ နှစ်ဖက်စလုံးအတွက် မျှတတာပဲဟာကို…”

ချိုရန်က ရယ်သွမ်းသွေးလျက် ကျောက်စိမ်းသေတ္တာကို ရန်ကိုင်ရှေ့သို့ တွန်းပို့ကာ “ဂျူနီယာညီလေး… မင်းပြောတာ ယုတ္တိရှိတယ်ကွ… မင်းဘာဖြစ်လို့ ငါ့အစား လာပြီးတော့ ကူတွက်မပေးတာလဲ… အဲ့ဒါဆို ငါလည်း နားလို့ရတယ်လေ…”

(ငါကိုယ်တိုင် လာစစ်ဆေးချင်တာပေါ့… ဒါပေမယ့် ငါ့ဘာသာငါတွက်ပြီးလဲ စီနီယာအစ်ကိုချိုထောက်ခံပေးမှ ရဦးမှာပဲဟာကို…) သူ့စိတ်ထဲ ထိုကဲ့သို့တွေးနေလင့်ကစား ရန်ကိုင်မှာမူ ပြုံး၍ ပြန်ပြောလိုက်ပေသေးသည်။ “စီနီယာအစ်ကို ဘာတွေပြောနေတာလဲ… ကျုပ် ဒီတိုင်းပဲ နည်းနည်းပါးပါး ရှင်းပြရုံလေးပါ… ကျုပ် စည်းကျော်တာမဟုတ်ပါဘူး…”

“ဟမ့်…” ချိုရန်၏မျက်နှာ အေးစက်သွားခဲ့ပြီး ကျောက်စိမ်းပြားကိုသိမ်း၍ ပြောလိုက်လေသည်။ “ခုနှစ်ရာ…”

“နေပါဦး…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ “ဘယ်လိုလုပ်ပြီး ခုနှစ်ရာဖြစ်သွားတာလဲ… ခုနလေးတင် ရှစ်ရာလို့ ပြောလိုက်တာ မဟုတ်ဘူးလား…”

“ခြောက်ရာ…”

ရန်ကိုင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ပြီး အကူအညီရလို့ရငြား ကောင်းရွှယ်ထင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်းကမူ ရန်ကိုင်ကို မမြင်ချင်ယောင်ဆောင်လျက် မျက်နှာကျက်ကိုသာ မော့ကြည့်နေခဲ့သည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး အံကြိတ်၍ စိတ်ထဲမှကြိတ်ကာ ငြီးတွားလိုက်လေသည်။ (နှစ်ယောက်စလုံး တစ်ယောက်မှ အကျင့်မကောင်းကြဘူး… ဒါနဲ့များ မျှမျှတတတဲ့… အလိမ်အညာတွေ… အာဏာသုံးပြီး အနိုင်ကျင့်နေတာ…)

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်ယူလာပေးသည့် ပစ္စည်းအားလုံးကို ချိုရန် ရေတွက်လို့ ပြီးသွားခဲ့လေသည်။ “စုပေါင်း အကြီးအကဲအကျိုးဆောင်မှတ် တစ်သိန်းငါးသောင်းခြောက်ထောင့်သုံးရာရမယ်… ငါတွက်တာ မှားတာရှိလား…”

“မရှိပါဘူး…” ရန်ကိုင်က ခေါင်းငုံ့၍ ပြန်ပြောလိုက်သည်။ ထိုအရေအတွက်သည် သူ့စိတ်ထဲ တွက်ထားသည့် အရေအတွက်နှင့် အတူတူသာလျှင် ဖြစ်ပေသည်။

ကောင်းရွှယ်ထင်းက မျက်နှာသေအမူအယာဖြင့် ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေး…”

ရန်ကိုင်ကမူ နှာခေါင်းသာရှုံ့လိုက်လေသည်။ (ဒီလောက်ဈေးနှိမ်ပြီးတော့ ယူထားခံရတာကို ဘာတွေများ ဂုဏ်ယူစရာရှိသေးလို့လဲ…)

သို့ပင်ဖြစ်လင့်ကစား ထိုအကြီးအကဲအကျိုးဆောင်အမှတ် တစ်သိန်းခွဲကိုသာ အဆင့်မြင့်အရင်းအမြစ်ကျောက်များအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်ဘီလီလံခွဲအထိ ရသွားပေလိမ့်မည်။ ဤသည်မှာ အလွန်တရာကိုမှ များပြားလွန်းလှသည့် ပမာဏဖြစ်သည်။ ကျောင်းတော်ထဲ၌ အကြီးအကဲများစွာ ရှိပါသော်ငြား မည်သည့်အကြီးအကဲမှ အကြီးအကဲအကျိုးဆောင်မှတ် တစ်သောင်းကျော်အထိ မစုဆောင်းနိုင်ခဲ့ကြဖူးပေ။ ထိုလူများနှင့်ယှဉ်လိုက်သော် ရန်ကိုင်မှာ ညတွင်းချင်း အလွန်တရာကိုမှ ချမ်းသာသွားသည်ဟု ပြော၍ရပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၂၇)

ဘာသာပြန်သူ_တိမ်တိုက်

ဧကရာဇ်အဆင့် ဆေးလုံးအားလုံးကို ပြန်သိမ်းပြီးသည့်နောက်တွင် ချိုရန်သည် သူ့ မုတ်ဆိတ်မွေးကြီးကို ထိုင်ပွတ်ရင်းမှ တစ်ခဏမျှ စဉ်းစားနေလိုက်သည်။ ထို့နောက် မေးလိုက်လေ၏။ "ဂျူနီယာညီလေး၊ မင်း ဒီအကြီးအကဲအကျိုးဆောင်မှတ်တွေကို ဘယ်လိုသုံးဖို့ စဉ်းစားထားလဲ"

အကြီးအကဲအကျိုးဆောင်မှတ်များစွာ ရှိခြင်းမှာ ကောင်းသည့် အရာတစ်ခုတော့ မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများအရ အကြီးအကဲအကျိုးဆောင်မှတ်ကို နေမင်းပြာကျောင်းတော်ထဲရှိ မည်သည့်အရာနှင့်မဆို လဲနိုင်ပေသည်။ ဥပမာပြောရသော် အမျိုးမျိုးသော ကျင့်ကြံရေးအရင်းအမြစ်များ၊ အဆင့်မြင့်သိုင်းပညာရပ်များနှင့် ကျင့်စဉ်များ။ သို့သော်ငြား ရန်ကိုင်တွင် အကြီးအကဲအကျိုးဆောင်မှတ်များစွာ ရှိနေခဲ့သည်။ သူ့တွင် ရှိနေသော ပမာဏသည် ချိုရန်ကိုပင်လျှင် ကြောက်ရွံ့တုန်လှုပ်စေမိသည်အထိပင်။ ရန်ကိုင်သည်သာ ထိုအကြီးအကဲအကျိုးဆောင်မှတ်အားလုံးကို ကျင့်ကြံရေးအရင်းအမြစ်များနှင့် လဲလှယ်လိုက်မည်ဆိုပါက နေမင်းပြာကျောင်းတော်၏ ရတနာဂိုဒေါင်ထဲတွင် ရှိနေသည့် အဖိုးတန်ရတနာ တော်တော်များများ ကုန်စင်သွားရပေလိမ့်မည်။

ထိုအရာသည် နေမင်းပြာကျောင်းတော် မြင်ချင်သည့် အရာမျိုး မဟုတ်ပေ။ ထိုသို့သာ ဖြစ်သွားခဲ့မည်ဆိုလျှင် အခြားသော တပည့်များ ကျင့်ကြံဖို့ရာ အခက်တွေ့သွားရပေလိမ့်မည်။

ရန်ကိုင်မှာ အစီအစဉ်တစ်ခု စဉ်းစားထားပြီးသားဖြစ်သည့်အတွက်ကြောင့် မေးခွန်းကို ကြားသည့်အခါ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ "စီနီယာအစ်ကို သိတဲ့အတိုင်းပဲ ကျုပ်မြောက်ဘက်နယ်မြေမှာ အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတယ်လေ၊ မကြာသေးခင်တုန်းက ကျုပ်တပည့်အချို့ကို ဂိုဏ်းထဲကို ခေါ်လိုက်တယ်၊ ဒါပေမဲ့ အထက်ကောင်းကင်နန်းတော်ရဲ့ အုတ်မြစ်က အခြားအင်အားစုတွေလို မနက်ရှိုင်းသေးတော့ အဲဒီတပည့်တွေအတွက်က နည်းနည်းအခက်တွေ့နေရတယ်၊ ဒါကြောင့် ကျောင်းတော်ဆီကနေပြီးတော့ သိုင်းပညာရပ်နဲ့ ကျင့်စဉ်အချို့ နည်းနည်းပါးပါးလောက် ကူးယူသွားချင်တယ်၊ အဲဒါကို ခွင့်ပြုလားတော့ မသိဘူး၊ အကြီးအကဲအကျိုးဆောင်မှတ်တွေကို အသုံးပြုရမယ်ဆိုရင်လည်း ရတယ်"

ချိုရန်က ပြန်ပြောလိုက်သည်။ "မင်းက အကြီးအကဲတစ်ယောက်ဖြစ်နေပြီဆိုတော့ သိုင်းပညာရပ်နဲ့ ကျင့်စဉ်တွေ နည်းနည်းပါးပါးကူးယူတာတော့ ကိစ္စမရှိဘူး၊ အရမ်းကြီး အရေးမပါတဲ့ဟာ မဟုတ်သရွေ့ အကြီးအကဲအကျိုးဆောင်မှတ်ကို သုံးစရာမလိုဘူး"

[အနည်းဆုံး ကောင်းတာလေး ဘာလေးတော့ ရှိသေးတာပဲ] ရန်ကိုင် ဝမ်းသာသွားလေသည်။ [ချိုရန် ဒီလောက် ကပ်စေးနှဲနေတာကိုကြည့်ရတာ ငါ့ကို တမင်သက်သက် ပစ်မှတ်ထားနေတယ်လို့ထင်တာ၊ ကြည့်ရတာ မဟုတ်တဲ့ပုံဘဲ]

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ "ကျင့်စဉ်တွေ သိုင်းပညာရပ်တွေ ပိုပြီးတော့ များများရနိုင်လေ ပိုကောင်းလေပေါ့၊ အဖိုးတန်တဲ့ဟာ နည်းနည်းပါးပါးလောက်ကိုလည်း လိုချင်သေးတယ်"

ချိုရန်က ပြန်ပြောလိုက်လေသည်။ "ဒီကိစ္စကိုတော့ ဂျူနီယာညီလေးတိနဲ့ သွားပြော၊ သူက သိုင်းကျမ်းဆောင်ကို ဦးစီးနေတာ၊ ဘယ်ကျင့်စဉ်တွေ သိုင်းပညာရပ်တွေက အကြီးအကဲအကျိုးဆောင်မှတ် လိုလဲဆိုတာကို သူအသိဆုံးပဲ"

ချိုရန် ပြောနေသည့် ဂျူနီယာညီလေးတိဆိုသည်မှာ တိရုန်မှ လွဲ၍ အခြားမဟုတ်ပေ။ ရန်ကိုင်မှာ တိရုန်နှင့် သိပ်မရင်းနှီးပါသော်ငြား သူ့တောင်ပေါ်တွင် အတူတကွ အရက်သောက်ကာ အတူတကွ အပြစ်ပေးခံခဲ့ရသူများ ဖြစ်ကြသည့်အလျောက် တိရုန်နှင့် ရန်ကိုင်မှာ သူစိမ်းများတော့ မဟုတ်ကြပေ။

"ကောင်းပြီ" ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

"အခြားပြောချင်တာ ရှိသေးလား" ချိုရန်က ရန်ကိုင်ကို ကြည့်၍ ထပ်မေးလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဲဒီအပြင် ကျုပ်ကျောင်းတော်ကနေ လူအင်အား နည်းနည်းလောက်လည်း ငှားချင်တယ်"

"လူအင်အားငှားဖို့" ချိုရန် မျက်မှောင်ကြုတ်သွားလေသည်။ " မင်း ဘယ်လောက်လိုချင်တာလဲ"

ရန်ကိုင်က ရှင်းပြလိုက်သည်။ "ကျုပ် အထက်ကောင်းကင်နန်းတော်ထဲကို ခေါ်သွင်းလာတဲ့ တပည့်တွေက ကျင့်ကြံခြင်းအဆင့် အဲဒီလောက် မမြင့်ဘူးလေ၊ ဒီတော့ သူတို့ကျင့်ကြံခြင်းကို လမ်းပြပေးပြီးတော့ သူတို့မေးတာတွေကို ဖြေပေးမဲ့ ဆရာတွေ လိုအပ်နေတယ်၊ အဲဒီအကြောင်းကြောင့်ပဲ နေမင်းပြာကျောင်းတော်ဆီကနေ လူနည်းနည်းလောက်ငှားချင်လို့၊ ရတာပေါ့၊ ကျုပ်အလကားတော့ မငှားပါဘူး၊ ကျုပ်ရဲ့ အကြီးအကဲအကျိုးဆောင်မှတ်တွေကို သုံးပြီးတော့ပဲ ငှားပါ့မယ်" ဤသည်မှာ ရန်ကိုင် ဤနေရာသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်ပေသည်။ မီးနဂါးနန်းတော်မှ ရောက်လာသည့် ဆရာ အယောက်တစ်ရာမှာ နေ့စဉ်နှင့်အမျှကို အထွန့်တက်နေကြသဖြင့် ရန်ကိုင်အနေဖြင့် နောက်ထပ် လူများများကို မြန်နိုင်သမျှ မြန်မြန် ရှာဖွေရပေလိမ့်မည်။

"ဒီလိုကိစ္စမျိုး မရှိဖူးဘူးဆိုပေမဲ့ ပြဿနာတော့မရှိပါဘူး၊ ဂျူနီယာ ညီမကောင်း နင်ရောဘယ်လိုထင်လဲ" ချိုရန်သည် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်သည်။

ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်လေသည်။ "မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ သူက အပြင်လူတစ်ယောက်မှ မဟုတ်တာ၊ ဒါပေမဲ့ သူဘယ်လောက် လိုချင်တာလဲ၊ အဲဒီလူတွေရဲ့ ကျင့်ကြံခြင်းကရော ဘယ်အဆင့်မှာရှိနေဖို့ လိုသေးလဲဆိုတာ ရှိသေးတယ်"

"လူနှစ်ရာလိုတာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။

"အင်း"

"တာအိုအဆင့်က လူတွေကို ပြောတာ"

"ဖူး" ရန်ကိုင် စကားကို ကြားပြီးသည့်နောက် ချိုရန် သောက်လက်စ ရေနွေးများကို ပြန်ထွေးထုတ်မိသွားခဲ့လေသည်။ ရေနွေးကြမ်းကို အမြန်ချ၍ ရေစိုသွားသည့် သူ့အင်္ကျီကို အမြန်သုတ်ရင်းမှ ရန်ကိုင်အား အံ့သြတကြီးဖြင့် ကြည့်၍ မေးလိုက်လေသည်။ "ဂျူနီယာညီလေး၊ မင်း တာအိုသခင်အဆင့်ကျင့်ကြံသူ အယောက်နှစ်ရာကိုတောင် ငှားချင်နေတာလား"

"ဟုတ်တယ် စီနီယာအစ်ကို၊ ကျုပ် တာအိုသခင်အဆင့်ကျင့်ကြံသူ အယောက်နှစ်ရာကို ငှားချင်တာ"

ကောင်းရွှယ်ထင်းက အံ့အားသင့်နေသည့် လေသံဖြင့်... "နင် ဘာဖြစ်လို့ ဒီလောက်တောင် တာအိုသခင်အဆင့်ကျင့်ကြံသူတွေ အများကြီးလိုနေတာလဲ"

ရန်ကိုင်မှ ထိုလူများကို လိုအပ်နေရခြင်းမှာ သူ့ဂိုဏ်းထဲရှိ တပည့်များကို သင်ကြားပြသပေးရန်အတွက်သာ ဖြစ်ပေသည်။ ထိုလူများသည် ဆရာဖြစ်မည့်အလျောက် ဆရာတစ်ယောက်နှင့် တပည့်အချို့သာ ဖြစ်ရပေလိမ့်မည်။ ဆရာတစ်ယောက်သည်သာ တပည့်နှစ်ယောက်ကို သင်ကြားပေးရမည်ဆိုလျှင် ဆရာအယောက်နှစ်ရာဆိုပါက တပည့်လေးသောင်းဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ [အထက်ကောင်းကင်နန်းတော်မှာ တပည့်တွေ အဲဒီလောက်တောင် များတာလား]

"ကျုပ် အခုပဲ ပြောလိုက်တယ်လေ၊ သူတို့ကို ကျုပ်တပည့်တွေကို သင်ကြားပေးစေချင်လို့လို့"

ကောင်းရွှယ်ထင်းက မျက်မှောင်ကြုတ်၍... " နင့်အထက်ကောင်းကင်နန်းတော်က တပည့်ဘယ်လောက်တောင် ခေါ်ထားတာလဲ"

ရန်ကိုင်က ချောင်းဟန့်လျက်... " တစ်သိန်းကျော်ကျော်လေး"

ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့ နှစ်ဦးစလုံး ကြောင်သွားကြလေသည်။ သူတို့ နားကြားမှားသလားဟုပင် အထင်ရောက်လျက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက်တွင် ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့မှာ ကောင်းကင်စိတ်အာရုံဖြင့် တစ်ဦးကိုတစ်ဦး ဆက်သွယ်ကြတော့လေ၏။ "သူဘယ်လောက်လို့ ပြောလိုက်တာ"

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်သည်။ "တစ်သိန်းကျော်လို့တော့ ပြောလိုက်တယ် ထင်တာပဲ၊ စီနီယာအစ်ကိုရော ဘာကြားလိုက်လဲ"

[ဒီတော့ တကယ်ကြီး တစ်သိန်းကျော်ပေါ့၊ ငါတို့နားကြားမှားတာမဟုတ်ဘူးပေါ့] ချိုရန်သည် မျက်မှောင်ကြီးကြုတ်လျက်... "မင်းဘာဖြစ်လို့ တပည့်တွေ အဲဒီလောက်အများကြီးတောင် ခေါ်လိုက်ရတာလဲ"

ရန်ကိုင် ပြောလိုက်သည့် စကားအနက် အဓိကအချက်မှာ ထိုတပည့်များ၏ ကျင့်ကြံခြင်းမှာ မမြင့်မားသေးဘူးဟူသော အချက်ပင်။ ဂိုဏ်းတစ်ဂိုဏ်း၏ ခွန်အားသည် တပည့်အရေအတွက်အပေါ် မူတည်မနေဘဲ ထိုဂိုဏ်းထဲတွင် အားကောင်းလှသည့် ပညာရှင် မည်မျှ အများအပြားရှိနေသလဲဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။

နေမင်းပြာကျောင်းတော်သည် တပည့်ရှစ်ထောင်လောက်သာ ရှိနေလင့်ကစား တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေခဲ့သည်။ သို့သော်ငြား အထက်ကောင်းကင်နန်းတော်တွင်တော့ တပည့်ပေါင်းတစ်သိန်းကျော်မက ရှိနေခဲ့လေသည်။ [တပည့်တစ်သိန်းကျော်၊ ဒီကောင် အဲဒီလူတစ်သိန်းကျော်ကို ဘယ်လို ကျွေးမွေးထားမှာလဲ၊ သူတို့ကျင့်ကြံဖို့အတွက်ရော ဘယ်လိုထောက်ပံ့ပေးမှာလဲ]

"ရွေးစရာမှမရှိတာ" ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့် ပြုံးကာ ပြန်ပြောလိုက်လေသည်။ ရန်ကိုင်အနေဖြင့် လက်ရှိအခြေအနေကို ရှင်းပြဖို့ရာ မလွယ်ကူပေ။ သူ့လူများသာ သိထားလျှင်တော့ ကိစ္စမရှိ။ နေမင်းပြာကျောင်းတော်မှ လူများသည်သာ ရန်ကိုင် ခေါ်သွင်းလာသည့် တပည့်များသည် အဆင့်နိမ့်ကြယ်စီရင်စုမှ လာကြောင်း သိသွားခဲ့လျှင် သူ့ဆီမှ သူ့တပည့်များကိုလာလုရန် ကြိုးစားပေလိမ့်မည်။

[တပည့်တစ်သိန်းကျော်နဲ့ဆိုတော့ ဆရာ အယောက်နှစ်ရာလောက်က ဘာမှမပြောပလောက်တော့ဘူး] ချိုရန်သည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရင်းမှ ပြန်မေးလိုက်သည်။ "ဂျူနီယာညီလေး၊ နေမင်းပြာကျောင်းတော်ထဲမှာ တာအိုသခင်အဆင့်ကျင့်ကြံသူ ဘယ်နှယောက်ရှိလဲဆိုတာကို မင်းသိလား"

"မသိဘူး"

"သုံးရာငါးဆယ့်နှစ်ယောက်ပဲ" ချိုရန်က ပြန်ပြောလိုက်လေသည်။ "သက်ဆိုင်ရာနေရာတွေမှာ တာဝန်ကျနေတဲ့ တာအိုသခင်အဆင့်တပည့်တွေကို ဖယ်လိုက်မယ်ဆိုရင် စုစုပေါင်း နှစ်ရာရှစ်ဆယ့်ကိုးယောက်ပဲ ကျန်တော့တယ်" ချိုရန် ပြောချင်သည်မှာတော့ ရှင်းပေသည်။ 'မင်း ဒီတာအိုသခင်အဆင့် အယောက်နှစ်ရာကို ယူသွားရင် ငါတို့ကျောင်းတော်က ကျန်တဲ့လူတွေ ဘာဆက်လုပ်ရတော့မှာလဲ'ဟု ပြောလိုနေခြင်းပင် ဖြစ်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "နှစ်ရာရှစ်ဆယ့်ကိုး၊ နေမင်းပြာကျောင်းတော်ရဲ့ အုတ်မြစ်က တကယ်ကို နက်ရှိုင်းတာပဲ၊ ကျုပ်လိုအပ်ချက်တွေကို လုံးဝဖြည့်ဆည်းဖို့ ကွက်တိပဲ၊ စီနီယာ အစ်ကိုချို ကျုပ်တောင်းဆိုတာကို ဖြည့်ဆည်းပေးပါနော်"

ထိုစကားကို ကြားပြီးသည့်နောက် ချိုရန်မှာ ထအော်ဆဲလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်များ တမင်သက်သက် လုပ်နေသလားဟုပင် သူ့စိတ်ထဲ တွေးမိလာလေသည်။ ထိုလူ နှစ်ရာရှစ်ဆယ့်ကိုးယောက်တွင် လုပ်စရာကိစ္စများလည်း ရှိနေပေသေးသည်။ ထိုလူများသည် ဤအတိုင်း ထိုင်နေကြခြင်းသာ မဟုတ်။ လူအချို့ ပေးလိုက်၍ ကိစ္စမရှိပါသော်ငြား နှစ်ရာလုံးလုံးကို ပေးလိုက်ဖို့ရာမှာမူ အလွန်ကိုမှ များလွန်းပေသည်။ ထိုအပြင် ရန်ကိုင်သည် ထိုအချက်ကို သတိထားမိသည့်တိုင် မသိချင်ယောင်ဆောင်နေခြင်း ဖြစ်သည်ဟု ချိုရန် ယုံကြည်နေလေသည်။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ပြန်ပြောလိုက်သည်။ "အရောက်နှစ်ရာတော့ မရဘူး၊ အများဆုံး သုံးဆယ်ပဲရမယ်"

ရန်ကိုင်က မျက်လုံးကြီးပြူးလျက်... "သုံးဆယ်၊ သုံးဆယ်နဲ့ ကျုပ်က ဘာလုပ်ရမှာလဲ" [သုံးဆယ်က သွားကြားတောင် မညှပ်ဘူး]

"ယူမလား ထွက်သွားမလား၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်" ထိုသို့ပြောပြီးသည့်နောက် ချိုရန်သည် သူ့ရေနွေးကြမ်းခွက်ကို ပြန်ကောက်ကိုင်လိုက်လေသည်။ ရေနွေးကြမ်းတစ်ငုံ သောက်တော့မည်အပြု အစောပိုင်းက ရေနွေးကြမ်းထဲ သူ့တံတွေးများ ထွေးထည့်မိသည်ကို သတိရသွားခဲ့ပြီး ရေနွေးကြမ်းခွက်ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ပြန်ချလိုက်လေသည်။

"အဲဒီလိုမလုပ်ပါနဲ့ စီနီယာအကိုရယ်၊ ကျုပ်တို့အားလုံးက တစ်မိသားစုတည်းပဲလေ၊ စီနီယာအစ်ကို ဒီကိစ္စကို မဆုံးဖြတ်နိုင်ဘူးဆိုရင်လည်း ကျုပ်ကျောင်းသခင်နဲ့ သွားဆွေးနွေးကြည့်လိုက်မယ်လေ"

ချိုရန်က ခေါင်းခါလျက်... "မင်းဒီကိစ္စအတွက်နဲ့ ကျောင်းသခင်ဆီ အပူသွားကပ်မယ်ဆိုရင်တောင် ဘာမှထူးမှာ မဟုတ်ဘူး"

"ကောင်းပြီ ဒါဆို ကျုပ်အရေအတွက်ကို လျှော့ပေးမယ်၊ တစ်ရာ့ရှစ်ဆယ်ပဲပေး" ရန်ကိုင်က လက်လျှော့ပေးလိုက်သည်။

ချိုရန်ကမူ မျက်နှာသေဖြင့်... "လေးဆယ်"

"တစ်ရာ့ခုနစ်ဆယ်"

"ငါးဆယ်"

"တစ်ရာ့ခြောက်ဆယ်၊ အဲဒီလောက်ဆို အဆင်ပြေတယ်မလား စီနီယာအစ်ကို၊ အရမ်းကြီးလည်း ကပ်စေးနှဲမနေပါနဲ့၊ ကျုပ်က သူတို့ကို ဆရာလုပ်ခိုင်းချင်ရုံပဲ၊ ဒီအတိုင်း အလကားလည်း ခိုင်းမှာမဟုတ်ဘူး၊ လစာပေးပြီးတော့ကို ခိုင်းမှာ"

"ခြောက်ဆယ်" ချိုရန် ရန်ကိုင်အား စောင့်ကြည့်လိုက်လေသည်။ "ကြည့်ရတာ အထက်ကောင်းကင်နန်းတော်က တော်တော်အဆင်ပြေနေတဲ့ပုံပဲနော် ဂျူနီယာညီလေး၊ လူတစ်သိန်းကျော်ကိုတောင် ကျွေးမွေးထားနိုင်ရုံတင် မဟုတ်သေးဘူး၊ တာအိုသခင်အဆင့် အယောက်နှစ်ရာရဲ့ လစာတွေကိုရော ပေးနိုင်သေးတယ်ဆိုတော့ ဂျူနီယာညီလေးရေ မင်းက တကယ်ကို တော်တာပဲကွ"

"ကျုပ် အခုလောလောဆယ် ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ကြုံနေရတာ၊ စီနီယာအစ်ကိုလည်း ဂိုဏ်းတစ်ဂိုဏ်းကို ကိုင်တွယ်နေတဲ့လူပဲလေ၊ ဒီတော့ ကျုပ်ဘယ်လိုခံစားနေရမလဲ သိမှာပေါ့၊ တစ်ရာ့ငါးဆယ် အဲဒီထက်တော့ ထပ်လျှော့လို့မရတော့ဘူး"

"မင်းအခြေအနေကို နားလည်လို့ပဲ ငါဒီလောက်အထိ လိုက်လျောပေးနေတာ၊ ခုနစ်ဆယ်၊ အဲဒီထက်တော့ ပိုသွားလို့မရတော့ဘူး"

နှစ်ဦးစလုံးမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းဆိုနေလေရာ မသိလျှင် ဈေးထဲ စျေးဝယ်သူနှင့် ဈေးရောင်းသူတို့ အပြန်အလှန်ဈေးဆစ်နေသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကောင်းရွှယ်ထင်းမှာတော့ ဆွံ့အနေတော့လေ၏။

[နင်တို့နှစ်ယောက်ပြောနေတာ တာအိုသခင်အဆင့်ကျင့်ကြံသူ အယောက်နှစ်ရာနော်၊ လမ်းဘေးက ဂေါ်ဖီထုပ်တွေ မဟုတ်ဘူး၊ နည်းနည်းပါးပါးလောက် လေးလေးနက်နက်နဲ့ ပိုပြီးထားပြောလို့မရဘူးလား]

အပြန်အလှန် ငြင်းခုံနေပြီးသည့်နောက်တွင် ချိုရန်မှာ ရှစ်ဆယ်ထက် ပို၍ မပေးတော့ကြောင်း ပြောလာခဲ့လေသည်။

ရန်ကိုင်က စားပွဲခုံကို ဒေါမာန်တကြီးဖြင့် ထရိုက်လျက်... "စီနီယာအစ်ကို၊ ကျုပ်ကို တွန်းအားပေးမလာနဲ့နော်"

ချိုရန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "စိတ်လျှော့ ဂျူနီယာညီလေး၊ မင်းကို အယောက်ရှစ်ဆယ် ပေးတယ်ဆိုတာ ကျောင်းတော်ရဲ့ အကန့်အသတ်ပဲ၊ ငါမင်းကို ဘယ်လိုလုပ်ပြီး တွန်းအားပေးနေလို့လဲ"

"ထပ်ပေးလို့ တကယ် မရတော့တာလား" ရန်ကိုင်က ချိုရန်အပေါ် ရန်ငြိုးရှိသည့် ပုံစံမျိုးဖြင့် ပြောလိုက်လေသည်။

ချိုရန် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

"ကောင်းပြီလေ" ရန်ကိုင်က ချိုရန်ကို လက်ညှိုးထိုး၍... "အဲဒီလိုဆိုမှတော့ ကျုပ် ဆရာတစ်ယောက်မှ မလိုချင်တော့ဘူး"

ရန်ကိုင်၏ စကားကြောင့် ချိုရန် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့တော့ ချက်ချင်း ရလာခဲ့လေ၏။

ထို့နောက်တွင် ရန်ကိုင်က ဆက်ပြောလိုက်သည်။ "စီနီယာအစ်ကို၊ ကျုပ်ရဲ့ အကြီးအကဲအကျိုးဆောင်မှတ်တွေ အကုန်လုံးကို အဆင့်မြင့်အရင်းအမြစ်ကျောက်အဖြစ် ပြောင်းပေးလိုက်၊ အခုလောလောဆယ် တပည့်တစ်သိန်းကျော်ကို ကျွေးမွေးဖို့လိုအပ်နေတာ၊ အရင်းအမြစ်ကျောက်တွေ အများကြီးလိုတယ်၊ ဒီတစ်ခုတော့ အဆင်ပြေတယ်မလား"

ထိုစကားကို ကြားသော် ချိုရန်၏ မျက်နှာကြီး သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား ထအော်ဆဲလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ သူအထိတ်လန့်ဆုံးအရာမှာ အမှန်တကယ်ကြီးကို ဖြစ်လာခဲ့သည်။ ရန်ကိုင်၏ အကျိုးဆောင်မှတ်ကို မြင်ပြီးသည့်နောက် ရန်ကိုင်တွင် ရှိနေသည့် အကျိုးဆောင်မှတ်များမှာ အလွန်ကိုမှ များလွန်းသွားသည့်အတွက်ကြောင့် ဤနေရာတွင် နည်းနည်းပါးပါး သုံးဖြုန်းသွားစေလိုခဲ့လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှ ယခုကဲ့သို့ လုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြီးအကဲအကျိုးဆောင်မှတ်အားလုံးကို အဆင့်မြင့်အရင်းအမြစ်ကျောက်အဖြစ် ပြောင်း၍ ရန်ကိုင်ဆီသို့ ပေးလိုက်ရမည်ကို နေမင်းပြာကျောင်းတော် မလုပ်နိုင်သည်တော့ မဟုတ်။ သို့သော်ငြား ထိုသို့သာ လုပ်ပြီးသွားလျှင် နောက်တစ်ခါတွင်ရော မည်ကဲ့သို့များ ဆက်ဖြစ်ပါဦးမည်နည်း။ ကျောင်းတော်သည် ရန်ကိုင်အား ဧကရာဇ်အဆင့်ဆေးလုံးများကို ထပ်မံ ဖော်စပ်ခိုင်းရန် လိုအပ်နေပေသေးသည်။ သူသည်သာ ယခုကဲ့သို့ ခေါင်းမာနေမည်ဆိုလျှင် ရန်ကိုင်အား ဒေါသထွက်အောင် လုပ်ကာ နောက်ပိုင်းအခြေအနေကို ပိုမိုခက်ခဲသွားအောင် လုပ်မိရုံသာ ဖြစ်ပေလိမ့်မည်။

"အဟွတ် အဟွတ်" ချိုရန်မှာ ချောင်းတဟွတ်ဟွတ် ဆိုးရင်းမှ... "ဂျူနီယာညီလေး၊ အဲဒီလောက်ကြီးလည်း ဒေါသမထွက်စမ်းပါနဲ့ကွာ၊ ငါတို့ နည်းနည်းပါးပါး ဆွေးနွေးလို့ရပါသေးတယ်"

ရန်ကိုင်က ရယ်မောလျက် ထိုင်ခုံပေါ်ပြန်ထိုင်ရင်းမှ ပြောလိုက်လေသည်။ "တစ်ရာ့လေးဆယ်၊ အဲဒီထက်တော့ လျှော့လို့မရတော့ဘူး"

ချိုရန်က ငိုမဲ့မဲ့ မျက်နှာကြီးဖြင့်... "အဲဒါက အရမ်းများလွန်းတယ်"

"အဲဒီလောက်များလို့လား ကျုပ်ကတော့ အဲဒီလောက်များတယ် မထင်ဘူးနော်" ရန်ကိုင် သူ့ဘာသာသူ တွေးလိုက်လေသည်။ [လီ‌ကျောက်က တကယ်ကို ပြောရဆိုရလွယ်တာပါလား၊ ငါ လူတစ်ရာလောက် ပို့ခိုင်းလိုက်ရုံနဲ့ ချက်ချင်းကိုပို့ပေးတယ်၊ နေမင်းပြာကျောင်းတော်ကတော့ လူနည်းနည်းလေးကို အပိုတွေလုပ်လွန်းနေတယ်၊ မသိရင် ငါကပဲ သူတို့လူတွေကို ပြန်ပေးဆွဲသွားတဲ့ပုံစံမျိုးနဲ့]

"နည်းနည်းလောက် ထပ်လျှော့ပေးဦး"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "စီနီယာအစ်ကို၊ ကျုပ်ရဲ့အကြီးအကဲအကျိုးဆောင်မှတ်တွေ အကုန်လုံးကို အဆင့်မြင့်အရင်းအမြစ်ကျောက်အဖြစ်သာ ပြောင်းပေးပေတော့"

ချိုရန်၏ မျက်နှာကြီး ပို၍ကို သုန်မှုန်သွားခဲ့လေသည်။

ဆက်၍ မကြည့်နိုင်တော့သည့်အဆုံး ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်သည်။ "ဒီလိုလုပ်ကြရအောင် ဂျူနီယာမောင်လေးရန်၊ တာအိုသခင်အဆင့် အယောက်တစ်ရာယူသွားလိုက်၊ ပြီးတော့ တန်ခိုးရှင်ဘုရင်အဆင့် အယောက်သုံးရာ ယူသွားလိုက်၊ နင့်တပည့်တွေရဲ့ ကျင့်ကြံခြင်းက အဲဒီလောက် မမြင့်သေးဘူးဆိုတော့ တန်ခိုးရှင်အဆင့်တွေလည်း သူတို့ကို သင်ပေးလို့ရလောက်တယ်၊ လူတိုင်းက တာအိုသခင်အဆင့် ပညာရှင်တစ်ယောက်ကိုယ်တိုင် သင်ပေးဖို့လိုတာမှ မဟုတ်တာ"

ရန်ကိုင် ကောင်းရွှယ်ထင်းအား ကြည့်လိုက်လေသည်။ ကောင်းရွှယ်ထင်း ပြောသည်မှာ အမှန်ကန်ဆုံးဖြစ်မှန်း သူသိနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တာအိုသခင်အဆင့် အယောက်တစ်ရာမှာ ရန်ကိုင်၏ တွက်ခြေနှင့် သိပ်မကိုက်ပေ။ ရန်ကိုင်မှ အယောက်နှစ်ရာ တောင်းခဲ့ရခြင်းမှာ ချိုရန်နှင့် စျေးဆစ်နိုင်ရန်သာ ဖြစ်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် အယောက်သုံးရာမှာ အတော်လေးများသည့် ပမာဏ ဖြစ်ပေသည်။ ရန်ကိုင်သည်သာ ထိုလူများကို လူခွဲလိုက်မည်ဆိုလျှင် တောင်နှစ်လုံး သုံးလုံးစီခန့် ပို၍ ရပေသည်။ ကြယ်စီရင်စုများဆီမှ ရောက်လာသည့် လူများတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ပါနေကြပါသော်ငြား ထိုကျင့်ကြံသူများမှာ ကျင့်ကြံခြင်းဖြင့် အလုပ်ရှုပ်နေလေရာ အခြားသူများကို သင်ကြားပေးနေရန် အချိန်မရှိပေ။ ထိုအကြောင်းကြောင့် ထိုတန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ အယောက်သုံးရာသာ ရောက်လာမည်ဆိုလျှင် အထက်ကောင်းကင်နန်းတော်၏ အခြေအနေမှာ အတော်လေးကိုမှ အဆင်ပြေသွားပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကမူ အတန်ကြာအောင် ထိုင်စဉ်းစားနေသည့်ပုံစံမျိုး လုပ်ပြပြီးမှသာ ပြောလိုက်လေသည်။ "စီနီယာအစ်မကောင်း ကိုယ်တိုင် ဝင်ပြောလာတယ်ဆိုမှတော့ ကျုပ်ကလည်း တလေးတစားနဲ့ လက်လျှော့ပေးရသေးတာပေါ့၊ ဒါပေမဲ့ တန်ခိုးရှင်ဘုရင်အဆင့် အရေအတွက်ကတော့ နည်းနည်းလေး နည်းနေသေးတယ်၊ လေးရာလောက် ထားလိုက်" ပြောပြီးသည့်နောက် ချိုရန်အား လှမ်းကြည့်လိုက်လေသည်။

ချိုရန်သည် အံကို တင်းတင်းကြိတ်၍ ပြန်ပြောလိုက်သည်။ "ကောင်းပြီ" [ဂျူနီယာညီမကောင်းကို လေးစားလို့၊ ဟုတ်လား၊ ငါ့ကျတော့ မလေးစားဘူးပေါ့၊ ဒီကောင်ကွာ]

ရန်ကိုင်က ချက်ချင်းပဲ ပြုံး၍ လက်သီးဆုပ်ကာ... "ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကိုချို"

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၂၈)

ဘာသာပြန်သူ_တိမ်တိုက်

ဤနေရာရှိ ကိစ္စမှာ ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဆက်၍ အချိန်မဆွဲချင်တော့ပေ။ ထို့ကြောင့် အလျင်စလို တိုက်တွန်းလိုက်လေသည်။ "ဒီကိစ္စက အလျင်လိုနေတာဆိုတော့ ကျေးဇူးပြုပြီးတော့ သင့်တော်မဲ့ လူလေးတွေ မြန်မြန်လေး ရွေးပေးလို့ရမလား"

ချိုရန်က လက်မြှောက်၍ ပြန်ပြောလိုက်သည်။ "အလျင်မလိုနဲ့ဦး"

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ "စီနီယာအစ်ကို၊ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းချင်နေတာတော့ မဟုတ်ပါဘူးနော်"

ချိုရန်က နှာခေါင်းရှုံ့လိုက်လေသည်။ "အခုလိုမျိုး ကတိထားပြီးမှတော့ ဘယ်လိုလုပ်ပြီး ငါစကားကို ပြန်ရုပ်သိမ်းလို့ ရတော့မှာလဲ၊ ဒါပေမဲ့ ငါပြောခဲ့သလိုပဲ အခုလိုကိစ္စမျိုး တစ်ခါမှမဖြစ်ဖူးဘူး၊ ငါမင်းကို မေးဦးမယ်၊ မင်းအခုငှားထားတဲ့ တာအိုသခင်အဆင့်ပညာရှင်တွေအတွက် တစ်လတစ်လကို အကြီးအကဲအကျိုးဆောင်မှတ် ဘယ်လောက်အထိ သုံးချင်လဲ"

ရန်ကိုင်သည် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့လေသည်။ "စီနီယာအစ်ကို၊ လိုတာထက်တော့ ပိုပြီးတော့ မတောင်းနဲ့နော်"

ချိုရန်က ပြန်ပြောလိုက်သည်။ "ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး၊ ကျောင်းတော်က အကြီးအကဲတွေအကုန်လုံး စုဝေးပြီး အချင်းချင်း တိုင်ပင်ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမယ်၊ ပြီးရင် ကျောင်းသခင်ကိုလည်း အကြောင်းကြားရဦးမယ်"

[ဟုတ်တော့လည်း ဟုတ်တာပဲ] ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ "အဲဒါဆိုရင်တော့ ကိစ္စမရှိပါဘူး"

ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့မှာ ဆက်သွယ်ရေးမှော်ရတနာအသီးသီးကို ထုတ်၍ နေမင်းပြာကျောင်းတော်၏ အကြီးအကဲများကို အကြောင်းကြားလိုက်လေသည်။ မကြာမီ လူပေါင်းများစွာ အပြင်ဘက်ဆီမှ ရောက်ရှိလာကြလေသည်။ အကုန်လုံးမှာ ရန်ကိုင် ရင်းနှီးနေသည့် လူများသာ ဖြစ်ကြသည်။ ထိုလူများသည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများဖြစ်ကြကာ ထိုလူများထဲ မကြာသေးခင်ကမှ အကြီးအကဲများ ဖြစ်လာသော ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့လည်း ပါဝင်နေကြလေသည်။

နေမင်းပြာကျောင်းတော်၏ တပည့်များသည် ဧကရာဇ်အဆင့်သို့ ရောက်ရုံဖြင့် အကြီးအကဲတစ်ဦး ဖြစ်လာနိုင်ပေသည်။ အကြီးအကဲဟူသည့် ဂုဏ်ပုဒ်မှာ ဂုဏ်ပုဒ်သက်သက်သာ ဖြစ်ပါသော်ငြား အကြီးအကဲမှာ အကြီးအကဲဖြစ်နေဆဲ။ အကြီးအကဲများ ရရှိထားသည့် အဆင့်အတန်းနှင့် အခွင့်ထူးခံများမှာ သာမန်တပည့်များ ရရှိနိုင်သည့် အရာမျိုး မဟုတ်ကြပေ။

ရန်ကိုင်သည် အကြီးအကဲတစ်ဦးချင်းစီတိုင်းကို လိုက်လံ နှုတ်ဆက်လေသည်။ ရှောင်ပိုင်ယီမှာမူ ယခင်ကအတိုင်း ရန်ကိုင်အပေါ် အေးစက်စက်နှင့်သာ ရှိနေဆဲ။ မုရုန်ရှောင်ရှောင်ကမူ ရန်ကိုင်ကို မြင်သည့်နောက် ပြုံးရွှင်စွာဖြင့် ရန်ကိုင်နှင့် တရင်းတနှီး စကားလာပြောလေသည်။

ရန်ကိုင်မှာ ရှရှန်း အကြောင်းကို မေးကြည့်သည်။ ရှရှန်းမှာမူ စိတ်ဝိညာဉ်ရေခဲနန်းတော်ကို စောင့်ကြပ်နေရဆဲဖြစ်သည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်ဆီသို့ တစ်ခါတလေမှသာ ပြန်လာသည်ဟု ပြောလေသည်။

"စီနီယာအစ်ကိုရှ ပြောတာတော့ အရင်တစ်ကြိမ်က ကိစ္စကြောင့် စီနီယာအကိုရန်အပေါ် အကြွေးကြီးကြီး တင်သွားတယ်တဲ့၊ ဒါကြောင့် အခွင့်အရေးရရင် စိတ်ဝိညာဉ်ရေကန်နန်းတော်ဆီ ခေါ်ပြီးတော့ တစ်ခွက်တစ်ဖလားလောက် သောက်ချင်တယ်တဲ့"

"အရင်ကကိစ္စ" ရန်ကိုင် တစ်ခဏမျှ အတွေးနက်သွားခဲ့သည်။ ချက်ချင်းဆိုသလို မုရုန်ရှောင်ရှောင် မည်သည့်ကိစ္စကို ပြောနေခြင်းမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ မုရုန်ရှောင်ရှောင် ပြောသည့် ကိစ္စမှာ နတ်ဆိုးလိုဏ်ဂူကို ရှာတွေ့ခဲ့သည့် တောင်ပိုင်းနွံအိုင်ကိစ္စသာ ဖြစ်လေသည်။

ရွက်တစ်ရာနန်းတော်၏ နန်းတော်သခင် ဟွာယုလုမှာ ရှရှန်း၏ မိတ်ဆွေတစ်ယောက်ဖြစ်သည်။ ထိုစဉ်က ရှရှန်းမှာ ဟွာယုလုကို ရန်ကိုင် လက်ထဲသို့ အပ်ခဲ့လေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်သည်လည်း ရှရှန်း၏ မျှော်လင့်ချက်အတိုင်း ဟွာယုလုကို ဘာဆိုဘာမျှမဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့လေ၏။

ရန်ကိုင်က ပြုံး၍ လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ သူ့ကိုယ်သူ ငါ့အပေါ် အကြွေးတင်နေတယ်လို့ ခံစားမနေနဲ့လို့"

ထိုစဥ် ချိုရန်က ထရပ်လိုက်လေသည်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း ချိုရန် ဘက်သို့ လှည့်ကြည့်လာကြသည်။ ထို့နောက်တွင် ချိုရန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။ "ကျောင်းသခင်က သူမလာနိုင်လို့ ဒီကိစ္စကို ငါတို့ဘာသာငါတို့ ဆွေးနွေးဖို့ ပြောလိုက်တယ်"

ရှင်းရှင်းပြောရသော် ယခုကဲ့သို့ တာအိုသခင်အဆင့်ကျင့်ကြံသူ ရာပေါင်းများစွာ ပါဝင်ပတ်သက်နေသည့် ကိစ္စမျိုးကို ဆွေးနွေးသည့် အခါမျိုးတွင် ကျောင်းသခင် ရှိနေသင့်ပေသည်။ သို့သော်ငြား ဝမ်ကျိရှန်းမှာ အလွန်ကိုမှ ပျင်းရိပြီး ဂိုဏ်း၏ အရေးကိစ္စများကို ဂရုစိုက်လေ့မရှိပေ။ အကုန်လုံးကို ချိုရန် လက်ထဲတွင်သာ ပုံအပ်ထားခဲ့သည်။ ထိုအတွက်ကြောင့် ယနေ့ကိစ္စသို့ သူ ရောက်မလာနိုင်သည်မှာလည်း အဆန်းတော့ မဟုတ်ပေ။

လူတိုင်းမှာ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အလား ယုခုံးက ပြောလိုက်လေသည်။ "ကျောင်းသခင် လာလာမလာလာ ဘယ်သူက ဂရုစိုက်နေမှာလဲ၊ သူလာလည်း ထူးသွားတာမှ မဟုတ်တာ၊ ကိုယ့်ဘာသာကိုယ်ပဲ ဆွေးနွေးကြတာပေါ့"

မည်သည့်ဂိုဏ်း၏ အကြီးအကဲမှ သူတို့၏ ကျောင်းသခင်ကို ယခုကဲ့သို့ ပြောကြလိမ့်မည် မဟုတ်ပေ။ နေမင်းပြာကျောင်းတော် တစ်ကျောင်းတည်းသည်သာ ခြွင်းချက်ဖြစ်နေခြင်း ဖြစ်လေသည်။ ပန်းသီးသည် သစ်ပင်နှင့် ဝေးရာသို့ ပြုတ်မကျဟူသော ဆောင်ပုဒ်မှာ နေမင်းပြာကျောင်းတော်ကို ညွှန်ပြနေခြင်းသာ ဖြစ်လေသည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြလေသည်။ ချိုရန်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ကွဲပက်လက်ဖြစ်ကာ စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလေ၏။ [ဒါမျိုး မင်းတို့လုပ်ရမှာ မဟုတ်ဘူးလေ]

အခြားမည်သည့်စကားမျှ ပြောစရာမရှိတော့သည့်အတွက်ကြောင့် လူတိုင်းသည် သက်ဆိုင်ရာ ထိုင်ခုံအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။ ရန်ကိုင်ကမူ လက်သီးဆုပ်၍ ထွက်သွားရန် လုပ်လိုက်လေ၏။ "ဒါဆို ကျုပ်သွားလိုက်ပါဦးမယ်"

ချိုရန်က ပြန်ပြောလိုက်သည်။ "ဒီကိစ္စက မင်းနဲ့ပက်သက်နေတာ၊ ထွက်သွားစရာမလိုဘူး၊ ထိုင်ပြီးတော့ နားထောင်"

[ဟမ် ငါထွက်သွားလို့ မရဘူးလား] ရန်ကိုင်လည်း ပြန်ထိုင်ချလိုက်လေသည်။ ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်ကဲ့သို့ပင် တကယ်အာဏာမရှိသော အမည်ခံ အကြီးအကဲများသာ ဖြစ်ကြသည်။ သို့သော်ငြား မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့မှာ နေမင်းပြာကျောင်းတော်၏ တကယ့်အကြီးအကဲများဖြစ်ကြပြီး ရန်ကိုင်ကမူ အဆင့်မြင့်အကြီးအကဲတစ်ဦးသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ ထိုင်ခုံမှာ ဟိုးနောက်ဆုံးသို့ ရောက်နေကာ မုရုန်ရှောင်ရှောင်၏ ထိုင်ခုံဘေးနားတွင် ရှိနေခဲ့လေသည်။

သာမန်အခြေအနေမျိုးတွင် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာ ယခုကဲ့သို့သော ဆွေးနွေးပွဲမျိုး၌ တက်ခွင့်မရှိပေ။ သို့သော်ငြား သူတို့မှာ အတွေ့အကြုံမရှိသေးသလို နောက်ပိုင်းတွင်လည်း နေမင်းပြာကျောင်းတော်၏ ကိစ္စအဝဝကို စီမံကွပ်ကဲလာရလိမ့်မည်ဖြစ်သည့်အတွက်ကြောင့် အတွေ့အကြုံ ရရှိစေရန်အလို့ငှာ ကျောင်းတော်မှ သူတို့ကိုပါ ဖိတ်ခေါ်လိုက်ရခြင်း ဖြစ်ပေသည်။

ပထမဦးစွာ ချိုရန်သည် လည်ချောင်းကို ရှင်းလိုက်သည်။ ထို့နောက် ရန်ကိုင်မှ ဧကရာဇ်အဆင့်ဆေးလုံးများစွာကို ယူလာကြောင်းနှင့် ထိုဧကရာဇ်အဆင့်ဆေးလုံးများအတွက် အကြီးအကဲအကျိုးဆောင်မှတ်များစွာကို ရရှိခဲ့ကြောင်း ပြောပြလိုက်လေသည်။ ချိုရန် ပြောပြသည်ကို ကြားပြီးသည့်နောက် အကြီးအကဲအားလုံး ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လာခဲ့သည်။

[အကြီးအကဲအကျိုးဆောင်မှတ် တစ်သိန်းခွဲတောင်]

ဤပမာဏသည် သူတို့ တစ်ခါမျှပင် မမြင်ဖူးသည့် ပမာဏ ဖြစ်လေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ရန်အတွက် အကြီးအကဲအကျိုးဆောင်မှတ် နှစ်ထောင်သာ လိုပေသည်။ ရန်ကိုင်၏ အကြီးအကဲအကျိုးဆောင်မှတ်မှာ တစ်သိန်းခွဲဖြစ်လေရာ ရန်ကိုင်အနေဖြင့် နှစ်‌ခြောက်ဆယ် ခုနစ်ဆယ်လောက် ဘာမျှမလုပ်ဘဲ နှစ်တိုင်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်နေ၍ ရပေသည်။

သို့သော်ငြား ရန်ကိုင်အား သွားမနာလိုအားကျနေ၍လည်း ဘာမျှမထူးပေ။ ဧကရာဇ်အဆင့်ဆေးလုံးများသည် လူတိုင်း ဖော်စပ်နိုင်သည့် အရာများမှ မဟုတ်ကြလေဘဲ။ ထိုအကြောင်းကြောင့် ဧကရာဇ်အဆင့်ဆေးပညာရှင်များမှာ အလွန်ကိုမှ ချမ်းသာကြွယ်ဝသည့် လူများ ဖြစ်ကြသည်ဟု သူတို့စိတ်ထဲ ပိုလို့ပင် ထင်သွားတော့လေသည်။ [အဲဒီရထားတဲ့ အကြီးအကဲအကျိုးဆောင်မှတ် တစ်သိန်းခွဲကို သူဘယ်လိုတွေသုံးမှာလဲ]

ထိုအချိန်အတောအတွင်း ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ် ထူးမခြားနားဟန်ဖြင့် ထိုင်နေခဲ့လေ၏။ အခြားသူများ မသိသည်မှာတော့ လက်ရှိအချိန်တွင် ရန်ကိုင်သည် မုရုန်ရှောင်ရှောင်နှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် စကားပြောနေခြင်းပင်။

ရန်ကိုင်၏ အကြီးအကဲအကျိုးဆောင်မှတ်နှင့် ပတ်သက်၍ အံ့သြတကြီး ဖြစ်နေပြီးသည့်နောက် တစ်စုံတစ်ဦးသည် ချိုရန် စိတ်ပူနေသည့် ကိစ္စကို ထုတ်ပြောလာခဲ့လေသည်။

ချိုရန်ကမူ ရန်ကိုင်သည် ကျောင်းတော်ဆီမှ တာအိုသခင်အဆင့်ကျင့်ကြံသူ အယောက်တစ်ရာနှင့် တန်ခိုးရှင်ဘုရင်အဆင့် အယောက်လေးရာကို ငှားရမ်းချင်ကြောင်း ပြောခဲ့သည်။ ထိုကိစ္စကို ရန်ကိုင်နှင့် ဆွေးနွေးပြီးသွားပြီဖြစ်သလို သဘောတူညီချက်လည်း လုပ်ပြီးသွားလေပြီ။ ချိုရန် ကိုယ်တိုင်က သဘောတူညီချက် လုပ်ပြီးသွားသည့်အတွက်ကြောင့် အခြားသူများလည်း ဘာမျှ ထပ်မပြောနေတော့ပေ။ လက်ရှိ သူတို့ဆွေးနွေးရမည်မှာ ရန်ကိုင် ငှားသွားသော လူများအတွက် တစ်လလျှင် အကြီးအကဲအကျိုးဆောင်မှတ် ဘယ်လောက်တောင်းမလဲဆိုသည်ကိုပင်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ အပြင်လူတစ်ဦး မဟုတ်သည့်အလျောက် အကုန်လုံးမှာ ရန်ကိုင်အပေါ် မျှမျှတတသာ စဉ်းစားပေးလေသည်။ ထိုသို့ဖြင့် တစ်နာရီအတွင်းမှာပင် နောက်ဆုံးသဘောတူညီချက် ရသွားတော့သည်။

ရန်ကိုင်အနေဖြင့် တာအိုသခင်အဆင့် ကျင့်ကြံသူများအတွက် တစ်လလျှင် အကြီးအကဲအကျိုးဆောင်မှတ် ဆယ်မှတ်ပေးရန် လိုအပ်ကာ တန်ခိုးရှင်ဘုရင်အဆင့်များအတွက်မူ တစ်လလျှင် သုံးမှတ်ပေးရန် လိုအပ်ပေသည်။ ရန်ကိုင်၏ တစ်လလျှင် စုစုပေါင်း ကုန်ကျမည့် အမှတ်မှာ အကြီးအကဲအကျိုးဆောင်မှတ် နှစ်ထောင့်နှစ်ရာခန့် ရှိနေခဲ့သည်။ တစ်နည်းဆိုရသော် တစ်နှစ်လျှင် ရန်ကိုင်အနေဖြင့် အကြီးအကဲအကျိုးဆောင်မှတ် နှစ်သောင်းခြောက်ထောင့်လေးရာကို ပေးဆောင်ရပေလိမ့်မည်။ ရန်ကိုင်တွင် အကြီးအကဲအကျိုးဆောင်မှတ် တစ်သိန်းကျော် ရှိနေသည့်အတွက်ကြောင့် သူ့အနေဖြင့် အနည်းဆုံး ခြောက်လလောက်တော့ ဤအတိုင်းသွား၍ ရပေသည်။ ဤသည်မှာ ရန်ကိုင် လက်သင့်ခံနိုင်သည့် ဘောင်အတွင်းတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ငြင်းမနေခဲ့ပေ။ ထိုသို့ဖြင့် နှစ်ဦးသားမှာ သဘောတူညီချက် ရသွားတော့လေသည်။

ခြောက်နှစ်ဟူသော အချိန်ကာလသည် ကြယ်စီရင်စုမှ ရောက်လာသော ကျင့်ကြံသူများ ကြယ်တာရာအစုအဝေးနှင့် အသားကျသွားဖို့ရာ လုံလောက်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူအချို့ တာအိုသခင်အဆင့်သို့ ရောက်သွားဖို့ရာလည်း လုံလောက်ပေသေးသည်။ အတွေ့အကြုံရှိသော တာအိုသခင်အဆင့်ကျင့်ကြံသူများ ထပ်မံ ပေါ်ထွန်းလာလိမ့်မည် ဖြစ်သည့်အတွက်ကြောင့် သူ့တွင် လူများ ပြတ်လပ်မည်ကို ရန်ကိုင်အနေဖြင့် စိတ်ပူစရာ မလိုတော့ပေ။ တာအိုသခင်အဆင့်သို့ အသစ်ရောက်လာသည့် လူများသည် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများကို ပြန်လည်ညွှန်ကြားသင်ပြပေးနိုင်ပေသည်။

အကယ်၍ သူ့၌ အကြီးအကဲအကျိုးဆောင်မှတ် မလုံလောက်သေး၍ အခြေအနေမှာလည်း အဆင်မပြေသေးလျှင် ကျိယင်အား ဧကရာဇ်အဆင့်ဆေးလုံးများ ထပ်မံ ဖော်စပ်ခိုင်းလိုက်ရုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘာမျှ စိတ်ပူနေစရာ မလိုပေ။

"ငါတို့ အခုလိုမျိုး လူစုံ ဖို့ခက်တာဆိုတော့ နောက်လကျရင် ကျင်းပတော့မဲ့ တောင်ဘက်နယ်မြေက သိုင်းပညာရှင်စုဝေးပွဲအကြောင်းကို ဆွေးနွေးကြတာပေါ့" ချိုရန်သည် ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ရင်းမှ ပြောလိုက်လေသည်။ "ပုံမှန်ဆိုရင်တော့ တောင်ဘက်နယ်မြေက သိုင်းပညာရှင်စုဝေးပွဲကို ငါးနှစ်တိုင်း ငါးနှစ်တိုင်း ကျင်းပတာ၊ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်းပဲ လတ်တလောက ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကြောင့် နတ်ဆိုးဝိညာဉ်တွေ အများကြီး ပေါ်လာပြီး အဲဒီနတ်ဆိုးဝိညာဉ်တွေကို လိုက်ရှင်းပစ်နေရလို့ ဘယ်သူမှ အချိန်ရှိမနေတဲ့အတွက် သိုင်းပညာရှင်စုဝေးပွဲကို နောက်ဆုတ်ထားရတယ်၊ အခု အဲဒီကိစ္စတွေ ပြီးသွားပြီဆိုတော့ နောက်လကျရင် လာတော့မဲ့ သိုင်းပညာရှင်စုဝေးပွဲကို ငါတို့ သေသေချာချာ အာရုံစိုက်ရတော့မယ်"

"သိုင်းပညာရှင်စုဝေးပွဲ၊ ဘာသိုင်းပညာရှင်စုဝေးပွဲလဲ" ရန်ကိုင်သည် မုရုန်ရှောင်ရှောင်ကို ကြည့်၍ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းမေးလိုက်သည်။

မုရုန်ရှောင်ရှောင်က ပြန်၍ ရှင်းပြလိုက်လေသည်။ "အဲဒါက တောင်ဘက်နယ်မြေမှာ ငါးနှစ်တိုင်း ငါးနှစ်တိုင်း ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ၊ အဲဒီပြိုင်ပွဲကို နေမင်းပြာကျောင်းတော်၊ ရှေးဟောင်းကျောင်းတော်နဲ့ ကောင်းကင်တိုက်ပွဲကျောင်းတော်တို့က ဦးစီးပြီး ကျင်းပပေးတာ၊ အဲဒီဂိုဏ်းသုံးဂိုဏ်းက သိုင်းပြိုင်ပွဲမှာ လိုအပ်မဲ့ ဆုတွေကို ထည့်ပေးတယ်၊ ကြယ်ဝိညာဉ်နန်းတော်ကလည်း ဆုအချို့ ထည့်ပေးတယ်၊ တောင်ဘက်နယ်မြေထဲမှာရှိတဲ့ ဧကရာဇ်အဆင့်ကို မရောက်သေးတဲ့ ဘယ်သူမဆို အဲဒီသိုင်းပြိုင်ပွဲမှာ ဝင်ပါဖို့ အရည်အချင်းရှိတယ်၊ ကြားတာတော့ အဲဒီသိုင်းပြိုင်ပွဲကို အဆင့်သုံးဆင့် ခွဲထားတယ်တဲ့၊ တာအိုသခင်အဆင့်ရယ်၊ တန်ခိုးရှင်ဘုရင်အဆင့်ရယ်၊ တန်ခိုးရှင်အဆင့်ဆိုပြီးတော့ရယ်၊ တစ်ဦးချင်းအဆင့်ရယ်၊ ဂိုဏ်းရဲ့အဆင့်ရယ်ဆိုပြီးတော့ ရှိတယ်၊ ဆုတွေကိုတော့ သူတို့ရတဲ့အဆင့်ပေါ် မူတည်ပြီး ခွဲပေးတာ၊ အဲဒီပြိုင်ပွဲက ဂိုဏ်းအသီးသီးနဲ့ မိသားစုတွေက သူတို့ရဲ့တပည့်တွေရဲ့ ကျင့်ကြံခြင်းကို စမ်းသပ်ဖို့ အခွင့်အရေးလည်း ဟုတ်တာဆိုတော့ အကုန်လုံးက အရမ်းအရေးစိုက်ကြတယ်"

"ဝိုး၊ အဲဒီလို ပြိုင်ပွဲမျိုးလည်း ရှိသေးတာလား" ရန်ကိုင် အံ့အားသင့်သွားလေသည်။

မုရုန်ရှောင်ရှောင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည်။ "စီနီယာအစ်ကိုက တောင်ဘက်နယ်မြေမှာ ဒီလောက်ကြာကြာ ရှိတာမှမဟုတ်တာ၊ အဲဒါကြောင့် မကြားဖူးတာ၊ အရင်တစ်ကြိမ် သိုင်းပညာရှင်ပြိုင်ပွဲကို နေမင်းပြာကျောင်းတော်မှာ ကျင်းပသွားတာ၊ အဲဒီတုန်းက စီနီယာအစ်ကိုရှနဲ့ စီနီယာအစ်ကိုရှောင်တို့ နှစ်ယောက်စလုံး ဝင်ပြိုင်လိုက်ကြသေးတယ်"

"အခြေအနေဘယ်လိုနေလဲ" ရန်ကိုင်က မေးလိုက်သည်။

မုရုန်ရှောင်ရှောင်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။ "အမ်၊ ဂိုဏ်းအဆင့်မှာဆိုရင်တော့ နေမင်းပြာကျောင်းတော်က အခြားဂိုဏ်းနှစ်ဂိုဏ်းထက် နည်းနည်းလေး ပိုသာတယ်၊ ဒါပေမဲ့ တစ်ဦးချင်းအဆင့်မှာတော့ စီနီယာအစ်ကိုရှက ဝူချန်းကို နည်းနည်းလေး ကပ်ရှုံးသွားတယ်၊ ကျွန်မကတော့ အဆင့်တစ်ဆယ်အထိပဲ ဝင်နိုင်တယ်"

ရန်ကိုင်က နှစ်သိမ့်ပေးလိုက်လေသည်။ "အနိုင်အရှုံးဆိုတာ သဘာဝပဲလေ၊ စိတ်ထဲထားမနေနဲ့ ဂျူနီယာညီမ"

"အရင်တစ်ကြိမ်က ကျွန်မတို့ လက်ခံပြီး ကျင်းပပေးခဲ့တာဆိုတော့ အခုတစ်ကြိမ်ကတော့ ရှေးဟောင်းကျောင်းတော်က လက်ခံပြီး ကျင်းပပေးရမဲ့ အလှည့်နဲ့ တူတယ်"

"ဒါနဲ့ တောင်ဘက်နယ်မြေက နတ်ဆိုးဝိညာဉ်တွေကို လိုက်ပြီးတော့ အမဲလိုက်နေတဲ့အကြောင်းကို စီနီယာအစ်ကိုချို ပြောသွားတယ်နော် ဟုတ်တယ်မလား၊ အခု အဲဒီအခြေအနေ ဘယ်လိုရှိလဲ" ရန်ကိုင်သည် နတ်ဆိုးဝိညာဉ်များနှင့် အလွန်ကိုမှ ရင်းနှီးပေသည်။ ရန်ကိုင်၊ ဟွာယုလုတို့နှင့် အခြားသူများမှာ နတ်ဆိုးဝိညာဉ်တို့၏ ပစ်မှတ် ဖြစ်ခဲ့ရသည်ဟု ပြော၍ ရသည်။ တောင်ပိုင်းသို့ ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်တို့မှာ နတ်ဆိုးလိုဏ်ဂူတစ်ခုနှင့် ကြုံခဲ့ရလေသည်။ ကုံးမိသားစု၏ ယခင်မိသားစုခေါင်းဆောင် ဖြစ်ခဲ့သော ကုံးယွမ်မှာ ဝိညာဉ်၏ ဝင်စီးခြင်းခံရပြီး နေမင်းပြာကျောင်းတော်ထဲသို့ ဝင်ကာ နောက်ထပ် နတ်ဆိုးလိုဏ်ဂူတစ်ခုကို ဖွင့်၍ ထောင်နှင့်ချီသော နတ်ဆိုးဝိညာဉ်များကို လွှတ်ပေးခဲ့သည်။

ထိုစဉ်က ရန်ကိုင်မှာ ကျုချင်းကို ရှာဖို့ရာ အလွန်ကိုမှ စိတ်လောနေသည့်အတွက်ကြောင့် ရေခဲနယ်မြေထဲသို့ ထွက်သွားခဲ့လေသည်။ ရန်ကိုင်မှ ထိုနေရာသို့ ထွက်သွားပြီးသည့်နောက် ဆယ်နှစ်ကျော်လောက် တောင်ဘက်နယ်မြေဆီသို့ ပြန်မရောက်လာခဲ့လေရာ ထိုအချိန်အတောအတွင်း ဤနေရာရှိ ကိစ္စ မည်ကဲ့သို့ ဖြစ်သွားသလဲဆိုသည်ကို မသိခဲ့ပေ။ ထိုအပြင် ကြယ်ဝိညာဉ်နန်းတော်ကိုယ်တိုင်က ဦးဆောင်၍ နတ်ဆိုးဝိညာဉ်များကို လိုက်လံရှင်းပစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အဖို့ စိတ်ပူနေစရာ ဘာမျှ မရှိ။

ရန်ကိုင်၏ အမေးကို ကြားသော် မုရုန်ရှောင်ရှောင်၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "လူတွေအများကြီး သေသွားတယ်"

နတ်ဆိုးဝိညာဉ်များကို ခုခံဖို့ရာ ခက်လှသည်။ ထိုနတ်ဆိုးဝိညာဉ်များကို မမြင်နိုင်သလို ထောက်လှမ်းမိဖို့ရာလည်း အလွန်ကိုမှ ခက်ခဲလှပေသည်။ ထိုအရာသည် ရန်ကိုင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့် အရာတစ်ခုလည်း ဖြစ်သည်။ ကုံးယွမ်၏ ကျင့်ကြံခြင်းမှာ အားမနည်းလှပါသော်ငြား နတ်ဆိုးဝိညာဉ်တစ်ကောင်သည် ကုံးယွမ်ပင် မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်ကို ဝင်စီးကာ သူ့စိတ်အစုံကို ထွေပြားအောင် လုပ်နိုင်ခဲ့သည်။ နတ်ဆိုးဝိညာဉ်သည် ကုံးယွမ်၏ ယုံကြည်ချက်ကို ပြောင်းလဲပစ်ပြီး သူ့အား ထောင်နှင့်ချီသော နတ်ဆိုးဝိညာဉ်များကို လွှတ်ပေးအောင် လုပ်ခဲ့လေသည်။

မုရုန်ရှောင်ရှောင်မှ လူအများကြီး သေသွားသည်ဟု ပြောလာခဲ့သည်ကို ကြည့်ရသလောက် သေသွားသည့် လူအရေအတွက်မှာ မနည်းသည့်ပုံပင်။

ထိုစဉ် ချိုရန်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ "ကဲ၊ အဲဒါဆို ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီနော်၊ ငါဒီမှာကျန်နေခဲ့ပြီး ကျောင်းတော်ကို စောင့်ရှောက်ထားမယ်၊ မင်းတို့သွားမဲ့ ခရီးကိုတော့ ကျောင်းသခင်က ဦးဆောင်ပေးလိမ့်မယ်၊ ကျောင်းသခင်နဲ့အတူ လိုက်သွားရမဲ့ အကြီးအကဲတွေကတော့ လော့ချန်"

အသားဖြူဖြူ ကလေးမျက်နှာနှင့် လူတစ်ဦး ထရပ်လာခဲ့လေသည်။ "ရှိပါတယ်"

ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ရေရွတ်လိုက်သည်။ "ကျောင်းသခင်ကိုယ်တိုင် သွားမှာလား၊ အဲဒါက ရှေးဟောင်းကျောင်းတော်ကို နည်းနည်း ဂုဏ်ပြုပေးသလို ဖြစ်မနေဘူးလား"

သိုင်းပညာရှင်စုဝေးပွဲမှာ မသေးလှပါသော်ငြား ဧကရာဇ်အဆင့်ကျင့်ကြံသူများအောက်သာ ပါဝင်သည့် သိုင်းပညာရှင်စုဝေးပွဲတစ်ခုသာ ဖြစ်လေသည်။ ရန်ကိုင် ထင်ထားသည်မှာတော့ ထိုသိုင်းပညာရှင်စုဝေးပွဲသို့ အကြီးအကဲအချို့သာ သွားလိမ့်မည်ဟူ၍ပင်။ ဝမ်ကျိရှန်း ကိုယ်တိုင်ပင် သွားလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။

မုရုန်ရှောင်ရှောင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ "အဲဒီသိုင်းပညာရှင်စုဝေးပွဲ ကျင်းပတိုင်း ကြယ်ဝိညာဉ်နန်းတော်က လူတစ်ယောက်လွှတ်တယ်လေ၊ ဒီတော့ ကျောင်းသခင်က ကြယ်ဝိညာဉ်နန်းတော်ကို လေးစားတဲ့သဘောမျိုးနဲ့ သွားတက်ရောက်ပေးတာ"

"ငါသိပြီ" ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ [ဒီတော့ ရှေးဟောင်းကျောင်းတော်ကြောင့် မဟုတ်ဘဲနဲ့ ကြယ်ဝိညာဉ်နန်းတော်ကြောင့်ပေါ့၊ ဟင်း ဟုတ်တော့ ဟုတ်တာပဲ၊ ကြယ်ဝိညာဉ်နန်းတော်က လူတွေတောင်တက်တာ၊ ဝမ်ကျိရှန်းလည်း သွားမတက်ရင် နည်းနည်း ရိုင်းရာရောက်သွားမှာပေါ့]

ချိုရန်က ထပ်၍ အော်ခေါ်လိုက်သည်။ "ကောင်းရွှယ်ထင်း"

"ရှိပါတယ်" ကောင်းရွှယ်ထင်း ထရပ်လိုက်ပြီး ရင်ဘတ်ပေါ်လက်တင်၍ ဦးညွှတ်လိုက်သည်။

"ရှောင်ပိုင်ယီ"

"ရှိပါတယ်”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၂၉)

ဘာသာပြန်သူ_တိမ်တိုက်

"မုရုန်ရှောင်ရှောင်"

"ရှိပါတယ်"

"ရန်ကိုင်" ချိုရန်သည် ရန်ကိုင်အား ကြည့်လိုက်သည်။ အခြားသူများသည်လည်း ရန်ကိုင်အား လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင် ကိုယ်တိုင်ကမူ ငေးကြောင်ကြောင်အမူအရာဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြန်မေးလိုက်လေ၏။ "ကျုပ်လည်း သွားရမှာလား"

ချိုရန်၏ မျက်နှာကြီး သုန်မှုန်သွားတော့လေသည်။ "ငါတို့ဆွေးနွေးနေတုန်းက မင်း နားထောင်မနေဘူးလား"

ရန်ကိုင်သည် မုရုန်ရှောင်ရှောင်နှင့် စကားပြောနေခြင်း ဖြစ်လေရာ သူတို့ ဆွေးနွေးနေသည်ကို ရန်ကိုင် မည်ကဲ့သို့များ သိပါမည်နည်း။ နေမင်းပြာကျောင်းတော်သည် မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့အား အတွေ့အကြုံရရန် စေလွှတ်ခဲ့သည်။ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့မှာ သိုင်းပညာရှင်စုဝေးပွဲသို့ တက်ရောက်ဖူးပါသော်ငြား တပည့်များအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးခြင်းသာ ဖြစ်လေသည်။ ယခု အကြီးအကဲများဖြစ်သွားပြီ ဖြစ်သည့်အလျောက် အခြေအနေမှာ မတူတော့ပေ။ သူတို့အား ထိုနေရာဆီသို့ စေလွှတ်လိုက်ခြင်းအားဖြင့် အတွေ့အကြုံရသွားလိမ့်မည် ဖြစ်ကာ နောက်နောင် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံလာရသော် သူတို့ဘာသာသူတို့ ဦးဆောင်တတ်သွားပေလိမ့်မည်။

[ဒါပေမဲ့ ငါကဘာဖြစ်လို့ သူတို့နဲ့ လိုက်သွားရမှာလဲ] ရန်ကိုင်အပါအဝင် ချိုရန်သည် စုစုပေါင်း လူငါးဦး၏ နာမည်ကို ခေါ်ခဲ့လေသည်။ [ဧကရာဇ်အဆင့်ပညာရှင်အောက်က လူတွေ ပြိုင်တဲ့ပြိုင်ပွဲပဲကို ဘာဖြစ်လို့ ဧကရာဇ်အဆင့်ကို ရောက်နေတဲ့ အကြီးအကဲငါးဦးတောင် သွားဖို့လိုတာလဲ၊ သူတို့တွေ ပုံကြီးချဲ့လွန်းနေတာလား]

ရန်ကိုင်တွင် ထက်ကောင်းကင်နန်းတော်၌ လုပ်စရာ ကိစ္စများစွာ ရှိနေပေသေးသည်။ တပည့်များမှာလည်း အပြည့်အဝ အခြေမကျသေး။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲသို့ တက်ရောက်ရန် တုံ့ဆိုင်းနေမိလေသည်။ ထိုအကြောင်းကြောင့် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေ၏။ "စီနီယာအစ်ကို၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါနော်၊ ကျုပ်မှာ အခြားလုပ်စရာ ကိစ္စလေးတစ်ခု…"

ကောင်းရွှယ်ထင်းက ဖြတ်ပြောလိုက်သည်။ "နင်က နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်း မေ့မထားနဲ့ဦး၊ ဒီနေရာမှာ နှစ်နဲ့ချီပြီး မျက်နှာလာမပြတာတောင် ငါတို့ ဘာမှမပြောဘူး၊ အခု ဒီခရီးကိုတောင် မသွားချင်ဘူးပေါ့ ဟုတ်လား၊ နင် အဲဒီလိုမျိုးဆက်လုပ်နေရင် ငါတို့ နေမင်းပြာကျောင်းတော်မှာ နင့်လို အကြီးအကဲတစ်ဦး ရှိနေတယ်ဆိုတာကို အခြားသူတွေ မေ့သွားတော့မယ်ဟဲ့"

ဧကရာဇ်အဆင့်ပညာရှင်များသည် ဂိုဏ်းတစ်ဂိုဏ်း၏ အမာခံထောက်တိုင်များ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော် ထိုဂိုဏ်း၏ ခွန်အားကို ကိုယ်စားပြုနေသူများလည်း ဖြစ်ကြသည်။ ဧကရာဇ်အဆင့်ပညာရှင် အရေအတွက်သည် ဂိုဏ်းတစ်ဂိုဏ်း၏ လွှမ်းမိုးနိုင်စွမ်းနှင့် ခွန်အားကို အတိအကျ သက်သေခံနေလေရာ ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးလျော့ တစ်ဦးတိုးလာခြင်းသည် ထိုဂိုဏ်း၏ လွှမ်းမိုးနိုင်စွမ်းနှင့် ခွန်အားအပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိပေသည်။

နေမင်းပြာကျောင်းတော်ထဲတွင် ရန်ကိုင်ကဲ့သို့သော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိနေသေးကြောင်းကို အခြားသူများ သိနေစေရန်အလို့ငှာ ရန်ကိုင် မကြာခဏ မျက်နှာပြသင့်သည်ဟု ကောင်းရွှယ်ထင်းမှ ပြောလိုခြင်း ဖြစ်ပေသည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း သဘောတူရုံသာ တတ်နိုင်တော့လေသည်။ "ကောင်းပြီလေ၊ ကျုပ်လိုက်ခဲ့မယ်"

ယုခုန်းက အော်ရယ်မောလျက်... "အဲဒီလောက်ကြီးလည်း စိတ်ဓာတ်ကျမနေစမ်းပါနဲ့ ဂျူနီယာညီလေးရာ၊ သိုင်းပညာရှင်စုဝေးပွဲက ဂိုဏ်းအသီးသီးက ဧကရာဇ်အဆင့်ပညာရှင်တွေ စုဝေးတဲ့ပွဲလေ၊ ဒီတော့ ဒါက ရိုးရိုးသိုင်းပြိုင်ပွဲတင် မဟုတ်ဘူး၊ အဲဒီမှာ လေလံပွဲတွေဘာတွေပါ ကျင်းပရင် ကျင်းပဦးမှာ၊ မင်းလိုချင်နေတဲ့ ပစ္စည်းတစ်ခုကို စျေးပေါပေါနဲ့ ရရင်လည်း ရလာနိုင်တယ်၊ မဟုတ်ရင် ကျောင်းတော်က ဒီလောက် လူအများကြီး ပို့လိုက်မှာ မဟုတ်ဘူး"

ထိုအချက်မှာ ထည့်စဉ်းစားရမည့်အချက် ဖြစ်ပါသော်ငြား ရန်ကိုင်သည် လူပေါင်းတစ်သိန်းကျော်ကို ထောက်ပံ့ကျွေးမွေးနိုင်လောက်အောင် ချမ်းသာသည့် လူတစ်ဦး ဖြစ်နေလေရာ ဘာကြောင့်များ ထိုကဲ့သို့သော စျေးပေါပေါပစ္စည်းများကို လိုက်လံ စဉ်းစားနေရပါဦးမည်နည်း။ သို့ပင်ဖြစ်လေရာ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။ "ကောင်းပြီလေ၊ စီနီယာအစ်ကို ပြောတဲ့အတိုင်းပေါ့"

"အဲဒါဆို ဒီကိစ္စကို ဆုံးဖြတ်လိုက်ပြီနော်၊ ကဲ ပြင်ဆင်စရာရှိတာတွေ သွားပြင်ဆင်ပေတော့၊ တစ်လအတွင်း ထွက်မယ်"

နောက်ဆုံး အပြီးသတ်ပြီးသည့်နောက် လူတိုင်း အခန်းထဲမှ ထွက်သွားကြတော့လေသည်။

ထိုစဉ် ရန်ကိုင်သည် တိရုန်အား သိုင်းပညာရပ်များနှင့် ကျင့်စဉ်များကို ကူးယူလိုကြောင်းပြောကာ တိရုန်နှင့်အတူ သိုင်းကျမ်းဆောင်ဆီသို့ လိုက်သွားခဲ့လေသည်။

တစ်နေကုန် ကြိုးစားပြီးသည့်နောက် အကြီးအကဲအကျိုးဆောင်မှတ်အချို့ကို အသုံးချ၍ ရန်ကိုင်မှာ သိုင်းကျမ်းဆောင်မှ သိုင်းပညာရပ်များနှင့် ကျင့်စဉ်များကို ပွားယူလာနိုင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ ထွက်သွားရန် အလျင်မလိုသေးဘဲ ပိုရင်းနှီးသည့် အကြီးအကဲအချို့ကို ခေါ်ကာ ဓားတောင်ပေါ်တွင် စားသောက်ပွဲတစ်ခု ကျင်းပခဲ့လေသည်။

ကောင်းရွှယ်ထင်းကိုတော့ မခေါ်ခဲ့ပေ။ ကောင်းရွှယ်ထင်းအပေါ် မလေးမစား လုပ်လိုခြင်းတော့ မဟုတ်။ ကောင်းရွှယ်ထင်းအကြောင်း ကောင်းကောင်းသိသွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ယခင်တစ်ကြိမ် ကောင်းရွှယ်ထင်းအား စားသောက်ပွဲသို့ ဖိတ်ခေါ်စဉ်က ကောင်းရွှယ်ထင်းမှာ လုံးဝကို မူးမူးရူးရူး ဖြစ်ခဲ့သည်။ ပုံမှန်အားဖြင့် အိန္ဒြေကြီးမားကာ အေးစက်စက် မျက်နှာထားဖြင့် ရှိတတ်သော ကောင်းရွှယ်ထင်းမှာတော့ ပါးစပ်ထဲ အရက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် အခြားလူတစ်ဦးအဖြစ်သို့ လုံးဝကို ပြောင်းလဲသွားတော့သည်။

ထိုစဉ်က ကောင်းရွှယ်ထင်းကြောင့်ပင်လျှင် ချိုရန်မှာ အကြီးအကဲများကို အကျိုးဆောင်မှတ်များစွာ နှုတ်ကာ အပြစ်ပေးခဲ့လေသည်။ ရန်ကိုင် တစ်ဦးတည်းသည်သာ ပထမဦးဆုံးအကြိမ် ဖြစ်သည့်အတွက်ကြောင့်ဟုဆိုကာ အပြစ်လွတ်သွားခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ကောင်းရွှယ်ထင်းအား မည်ကဲ့သို့များ ထပ်မံ၍ ဖိတ်ခေါ်ရဲပါဦးမည်နည်း။ သို့သော်ငြား အကြောင်းအရင်းအချို့ကြောင့် ကောင်းရွှယ်ထင်းသည် စားသောက်ပွဲတွင် လူလုံးပြလာပြီး စားပွဲဝိုင်းထဲတွင် ဝင်ထိုင်လေသည်။ လူတိုင်းမှာတော့ အလိုက်တသိနှင့် အရက်ခွက်များကို အလိုလို သိမ်းထားလိုက်ကြလေသည်။

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်တွင် နောက်ထပ် နှစ်ရက်ကြာအောင် နေနေခဲ့သည်။ သုံးရက်မြောက်နေ့တွင်တော့ တာအိုသခင်အဆင့် အယောက်တစ်ရာနှင့် တန်ခိုးရှင်ဘုရင်အဆင့် အယောက်လေးရာတို့ ဓားတောင်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ရန်ကိုင် ထိုလူများ အရှေ့တွင် ပေါ်လာသည့်အခါ တပည့်အုပ်ကြီးသည် ပြိုင်တူဦးညွှတ်၍ တလေးတစားဖြင့် နှုတ်ဆက်လိုက်ကြလေသည်။ "မင်္ဂလာပါ အကြီးအကဲရန်"

ရန်ကိုင်သည် တပည့်များကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ ဤလူငါးရာစလုံးသည် အလွန်ကိုမှ စိတ်အားတက်ကြွနေကြလေသည်။ ကျင့်ကြံခြင်းအရဆိုလျှင်လည်း ကျောင်းတော်သည် အကောင်းဆုံးများကိုသာ သေချာ စိစစ်ရွေးထည့်ထားပေသည်။ ဤလူများသည် လက်ရွေးစင်များ ဖြစ်သည်ဟုပင် ပြော၍ ရသည်။ ထိုသို့ ပြောရမည့်အစား နေမင်းပြာကျောင်းတော်ထဲသို့ ဝင်လာသည့် လူတိုင်းလိုလိုက ပါရမီရှိကြသည့် လူများဖြစ်သည်ဟု ပြောလျှင် ပို၍ မှန်ပေလိမ့်မည်။

ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့ကမူ ဘေးတွင် ရပ်နေကြလေသည်။ ရန်ကိုင်မှ ထိုနှစ်ဦးအား သွားရောက် နှုတ်ဆက်ပြီးသည့်နောက်တွင် တပည့် အယောက်ငါးရာဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ဒုကျောင်းသခင်ဆီက ကြားပြီးလောက်ပြီပေါ့၊ ငါက မင်းတို့ကို မြောက်ဘက်နယ်မြေမှာရှိတဲ့ ထက်ကောင်းကင်နန်းတော်ဆီ ဆရာလုပ်ဖို့ ဖိတ်ခေါ်ထားတာ၊ မင်းတို့ အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ငါမျှော်လင့်တယ်၊ မင်းတို့ ကောင်းကောင်းကြိုးစားမယ်ဆိုရင် မင်းတို့အတွက် ဆုတွေက ရှိနေမှာပဲ"

"ဟုတ်ကဲ့ပါ အကြီးအကဲရန်" လူတိုင်း သံပြိုင် အော်ဟစ်လိုက်ကြသည်။

ထို့နောက်တွင် ရန်ကိုင်သည် ဘေးဘက်သို့ လှည့်၍... "စီနီယာအစ်ကိုချိုနဲ့ စီနီယာအစ်မကောင်းတို့ရော ပြောစရာရှိသေးလား"

ချိုရန်က ရှေ့တက်၍ ပြောလိုက်လေသည်။ "အခုကနေစပြီးတော့ မင်းတို့နောက် ဘာကိုပဲမြင်မြင် ကိုယ့်စိတ်ထဲမှာပဲထား၊ တခြားသူတွေကို လျှောက်ပြောဖို့ မစဉ်းစားနဲ့၊ မင်းတို့ လျှောက်ပြောမယ်ဆိုရင်တော့ ငါမင်းတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်"

"ဟုတ်ကဲ့ပါ" တပည့်များမှာ ချိုရန်၏ စကားနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေကြလေသည်။ ချိုရန်မှာ ဘာကြောင့်များ သူတို့အား ယခုကဲ့သို့ သတိပေးချက်မျိုး ပေးရလေသနည်း။

ရန်ကိုင်ကမူ ချိုရန် ဤကဲ့သို့ပြောရခြင်းမှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်နှင့် ပတ်သက်နေလိမ့်မည်မှန်းတော့ ခန့်မှန်းမိလေသည်။ ကြည့်ရသလောက် ကျောင်းတော်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို သူ ထင်ထားသည်ထက်ပင် ပို၍ တန်ဖိုးထားသည့်ပုံပင်။ ရန်ကိုင်ကမူ ဤဟင်းလင်းပြင်အစီအရင်ကို ဂရုစိုက်မနေခဲ့ပေ။ ဟင်းလင်းပြင်အစီအရင်အကြောင်းကို ကျောင်းတော်မှ သိသွားပြီ ဖြစ်လေရာ ဘာမျှလည်း ဂရုစိုက်နေစရာ မလိုတော့။ ထိုအပြင် ဤဟင်းလင်းပြင်အစီအရင်ကို သူကိုယ်တိုင် အသက်သွင်းလျှင်သွင်း မသွင်းလျှင် သူဖန်တီးထားသော တံဆိပ်ပြားများကို ကိုင်စွဲထားမှသာလျှင် အသက်သွင်းနိုင်မည် ဖြစ်သည့်အတွက်ကြောင့် သူ့ခွင့်ပြုချက်မရလျှင် မည်သူမျှ ဤအရာကို လာအသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

"သွားကြရအောင်" ချိုရန်က လက်ဝှေ့ယမ်း၍ အရှေ့မှ ဦးဆောင်သွားလေသည်။ အခြားလူများမှာတော့ သူ့ အနောက်မှ လိုက်သွားကြလေ၏။

မကြာမီ တောင်နောက်ဘက်တွင် ရှိနေသော လိုဏ်ဂူဆီသို့ ရောက်ရှိလာကြလေသည်။ ရန်ကိုင်သည် တပည့်အယောက်ငါးရာကို ဆယ်ယောက်တစ်ဖွဲ့စီ ဖွဲ့၍ ဟင်းလင်းပြင်အစီအရင်ပေါ်တွင် သွားရပ်စေလေသည်။ လိုဏ်ဂူမှာ သိပ်မကျယ်လှသည့်အတွက်ကြောင့် ရန်ကိုင် ခင်းကျင်းနိုင်သည့် ဟင်းလင်းပြင်အစီအရင် အရွယ်အစားမှာလည်း သိပ်မကြီးမားလှပေ။ ထိုအတွက်ကြောင့် တစ်ခါတစ်ခါ ပို့ဆောင်လျှင် လူဆယ်ဦးလောက်ကိုသာ ပို့ဆောင်နိုင်ပေသည်။

ချိုရန်နှင့် ကောင်းရွှယ်ထင်းတို့မှာတော့ စိတ်ဝင်တစားဖြင့် ဘေးမှ ကြည့်နေကြလေသည်။ ကြည့်ရသလောက် ဟင်းလင်းပြင်အစီအရင် မည်ကဲ့သို့ အလုပ်လုပ်သလဲဆိုသည်ကို နှစ်ဦးစလုံး သိချင်နေကြသည့်ပုံပင်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့ရလေသည်။ သို့တိုင် ဖုံးကွယ်နေခြင်း မရှိဘဲ သေသေချာချာကို ပြသပေးခဲ့လေသည်။ ကောင်းရွှယ်ထင်းကိုလည်း သူပေးထားသည့် တံဆိပ်ပြားကို ထုတ်ခိုင်းကာ ဟင်းလင်းပြင်အစီအရင်အား မည်ကဲ့သို့ အသက်သွင်းရမလဲဆိုသည်ကို သင်ပေးလိုက်လေသည်။

တပည့်ငါးရာမှာ များလည်းမများ နည်းလည်းမနည်းပေ။ ထိုအကြောင်းကြောင့် တစ်နာရီအတွင်းမှာပင် တပည့်ငါးရာစလုံးကို ထက်ကောင်းကင်နန်းတော်ဆီသို့ ပို့ဆောင်လို့ ပြီးသွားခဲ့လေပြီ။ နောက်ဆုံးအသုတ်နှင့်အတူ ရန်ကိုင် ထက်ကောင်းကင်နန်းတော်ထဲ ပေါ်လာသည့်အခါတွင်တော့ ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နေခဲ့လေပြီ။ ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင်နှင့်အတူ လိုက်လာခဲ့သည်။ လူတိုင်းသည် တောင်ဘက်နယ်မြေမှ မြောက်ဘက်နယ်မြေသို့ ချက်ချင်းဆိုသလို တည်နေရာ ခုန်ကူးနိုင်ကြသည် မဟုတ်။ ထိုအပြင် ရန်ကိုင် တည်ထောင်ထားသော ထက်ကောင်းကင်နန်းတော်ကိုလည်း ကောင်းရွှယ်ထင်းမှာ အတော်လေးကိုမှ စိတ်ဝင်စားနေမိလေသည်။ ထိုအကြောင်းကြောင့် လူကိုယ်တိုင် လာကြည့်ခြင်းလည်း ဖြစ်၏။

ရန်ကိုင် ပြန်ရောက်နေကြောင်း သတင်းရလိုက်ပြီးသည့် နောက်တွင် ဟွာချင်းစီသည် ပိယန်ယုချင်းနှင့်အတူ ကောင်းရွှယ်ထင်းအား လာရောက်နှုတ်ဆက်လေသည်။ နှစ်ဦးသား စကားစမြည် နည်းနည်းပါးပါး ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် တပည့်ငါးရာကို ဦးဆောင်ခေါ်သွားလေ၏။

ထိုအချိန်အတောအတွင်း ကောင်းရွှယ်ထင်းမှာတော့ ချက်ချင်း ထွက်မသွားခဲ့ပေ။ ဤနေရာသို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် အနည်းဆုံးတော့ လှည့်ပတ်ကြည့်ရပေလိမ့်မည်။ ရန်ကိုင်သည်လည်း ကောင်းရွှယ်ထင်းအား အဖော်ပြုပေးကာ ထက်ကောင်းကင်နန်းတော်အား လိုက်လံပြသပေးခဲ့သည်။ ကောင်းရွှယ်ထင်းမှာ အပေါ်ယံပိုင်းတွင် တည်ငြိမ်နေပါသော်ငြား စိတ်ထဲတွင်တော့ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ သူမ ထိတ်လန့်တုန်လှုပ်ရသည့် အဓိက အကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမအချက်မှာ ထက်ကောင်းကင်နန်းတော်ထဲရှိ တပည့်အရေအတွက်မှာ ရန်ကိုင် ပြောသကဲ့သို့ပင် တစ်သိန်းကျော်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ တောင်တိုင်းလိုလိုသည် လူများဖြင့် ပြည့်ကျပ်နေလေရာ ဤမျှ များပြားလှသော လူများကို ရန်ကိုင် မည်ကဲ့သို့ ခေါ်သွင်းခဲ့သလဲဆိုသည်မှာ စိတ်ဝင်စားစရာပင်။

ဒုတိယအချက်မှာတော့ ထက်ကောင်းကင်နန်းတော်တွင် ရှိနေသည့် ပညာရှင်အရေအတွက်ကြောင့်ပင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်လေသည်။ ထက်ကောင်းကင်နန်းတော်ထဲ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ၏ အရှိန်အဝါကို ကောင်းရွှယ်ထင်း ခံစားမိနေလေသည်။ ထိုအရှိန်အဝါများထဲ နှစ်ခု သုံးခုလောက်မှာ တတိယအဆင့်သို့ ရောက်နေခဲ့သည်။ သို့သော်ငြား ထိုလူများ၏ အရှိန်အဝါများမှာ သာမန်လူသားများနှင့် မတူကြ။ သူတို့၏ မွန်းစတားချီမှာ အလွန်ကိုမှ သိပ်သည်းလေရာ ထိုလူများသည် မွန်းစတားဘုရင်များ ဖြစ်ကြသည်မှာ သိသာလှသည်။

ရန်ကိုင်၏ လက်အောက်တွင် မွန်းစတားဘုရင်များ ရှိကြောင်းကို ကောင်းရွှယ်ထင်း သိပေသည်။ သို့သော်ငြား မွန်းစတားဘုရင် သုံးပါးတိတိ ရှိနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ အစောပိုင်းက သူမ တွေ့ခဲ့သော မန်နေဂျာမှူးနှင့် ဒုမန်နေဂျာတို့မှာလည်း ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။ ထိုအပြင် အခြားသော တောင်များတွင် တည်ရှိနေကြသော ဧကရာဇ်အဆင့်ပညာရှင်များကိုလည်း သူမ အာရုံခံမိပေသေးသည်။

အထက်ကောင်းကင်ဂိုဏ်းသည် မကြာသေးခင်ကမှ တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းနှင့် လုံးဝမတူပေ။ ထက်ကောင်းကင်နန်းတော်သည်သာ ၎င်း၏ တပည့်အားလုံးကို သေသေချာချာ ပျိုးထောင်ပေးလိုက်နိုင်မည်ဆိုပါက မဟာဧကရာဇ်ဂိုဏ်းမှ လွဲ၍ အခြားမည်သည့်ဂိုဏ်းမျှ သူတို့အား ယှဉ်ပြိုင်နိုင်တော့လိမ့်မည် မဟုတ်ပေ။

ထိုအပြင် ဤနေရာ၌ အစီအရင်များစွာလည်း ရှိနေပေသေးသည်။ ကောင်းရွှယ်ထင်းမှာ အစီအရင်ပညာအပေါ် မကျွမ်းကျင်ပါသော်ငြား အစီအရင်များကိုတော့ အနည်းဆုံး အမျိုးအစား ခွဲနိုင်ပေသေးသည်။ တောင်တိုင်းကို လွှမ်းခြုံထားသော အစီအရင်များမှာ အလွန်ကိုမှ ထူးခြားလှလေကာ ထိပ်တန်း အစီအရင်ပညာရှင်တစ်ပါးမှသာလျှင် ထိုကဲ့သို့သော အစီအရင်မျိုးကို ခင်းကျင်းနိုင်ပေလိမ့်မည်။

ထိုအကြောင်းကြောင့် ကောင်းရွှယ်ထင်းမှာ စိတ်ဝင်တစားဖြင့် မေးကြည့်လိုက်လေရာ ထက်ကောင်းကင်နန်းတော်ထဲတွင် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ယောက် ရှိနေကြောင်းကို ထပ်မံ သိသွားခဲ့ရလေသည်။ ထိုအကြောင်းကို ကြားလိုက်ရပြီးသည့်နောက် ကောင်းရွှယ်ထင်းမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားတော့သည်။ ထက်ကောင်းကင်နန်းတော်ထဲ ဧကရာဇ်အဆင့် ပန်းပဲပညာရှင်နှင့် ဆေးပညာရှင်တစ်ဦးပါ ရှိနေကြောင်းကို ကြားလိုက်ရလျှင်တော့ ကောင်းရွှယ်ထင်း မည်ကဲ့သို့ပင် ဖြစ်သွားလိမ့်မည်နည်း။ ထိုဆေးပညာရှင်မှာ သာမန်ဆေးပညာရှင်ပင် မဟုတ်ဘဲ မဟာဆေးဧကရာဇ်၏ အမွေခံတပည့်ဖြစ်သော ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးပင် ဖြစ်နေပေသေးသည်။

ကောင်းရွှယ်ထင်းသည် ထက်ကောင်းကင်နန်းတော်တွင် နှစ်ရက်ကြာအောင် နေပြီးမှသာလျှင် ထွက်သွားခဲ့လေသည်။ ထိုနှစ်ရက်အတောအတွင်း သူမ ကြုံခဲ့ရသည့် အရာများသည် ကောင်းရွှယ်ထင်းအား အကြီးအကျယ်ကို တုန်လှုပ်စေခဲ့လေသည်။ မူလကတော့ ရန်ကိုင်အနေဖြင့် သူ့ဘာသာသူ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်သည်မှာ အချိန်ဖြုန်းနေခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား သူ့ဂိုဏ်းကို မတည်ထောင်တော့ဘဲ ကျောင်းတော်ထဲတွင်သာ လာနေရန်ပင် ပြောခဲ့ပေသေးသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် သူမ အမှန်တကယ်ကို ဘာဆိုဘာမျှ မသိသည့်ပုံပင်။ ထက်ကောင်းကင်နန်းတော်သည် နေမင်းပြာကျောင်းတော်အောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိချေ။ ထိုအပြင် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်ရသည်နှင့် ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်ရသည်မှာ လုံးဝမတူပေ။

ရန်ကိုင်မှ ကောင်းရွှယ်ထင်းအား ဟင်းလင်းပြင်အစီအရင်သို့ လိုက်ပို့ပေးပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်အနားသို့ ရောက်သည့်အခါတွင် ကောင်းရွှယ်ထင်းသည် ရုတ်တရက် နောက်သို့ လှည့်၍ ပြန်ပြောလိုက်လေသည်။ "ဂျူနီယာမောင်လေး၊ ငါ သေချာစဉ်းစားပြီးသွားပြီ၊ အခု ထက်ကောင်းကင်နန်းတော်နဲ့ နေမင်းပြာကျောင်းတော်ကို ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားတာဆိုတော့ အသွားအပြန်လုပ်လို့က အဆင်ပြေသွားပြီ၊ ဒီတော့ ငါတို့ ကုန်ပစ္စည်းတွေနဲ့ ဒေသထွက်ပစ္စည်းတွေကို ဘာဖြစ်လို့ မလဲလှယ်တာလဲ၊ အဲဒါဆိုရင် မြောက်ဘက်နယ်မြေက ဒေသထွက်ပစ္စည်းတွေကို တောင်ဘက်ပို့ပြီးတော့ တောင်ဘက်နယ်မြေက ဒေသထွက်ပစ္စည်းတွေကို မြောက်ဘက်ပို့လို့ရတယ်လေ၊ အဲဒီလိုမျိုးဆိုရင် ငါတို့အတွက် အရမ်းအကျိုးရှိမှာ"

ရန်ကိုင်က စိတ်ထဲမှ ကြိတ်ကာ လှောင်ပြောင်လိုက်လေသည်။ [ကျုပ်အဲဒီလိုမျိုးလုပ်နေတာ ကြာပြီ၊ ဟွန့်]

သို့ပင်ဖြစ်လင့်ကစား နေမင်းပြာကျောင်းတော်နှင့်အတူ ပူးပေါင်းလိုက်၍လည်း ကိစ္စမရှိပေ။ ခရမ်းကြယ်ကုန်သွယ်ရေးအဖွဲ့အစည်းမှာ ကောင်းပါသော်ငြား နေမင်းပြာကျောင်းတော်သည်လည်း အားမနည်းပေ။ နေမင်းပြာကျောင်းတော်၏ အဖိုးတန်ဒေသထွက် ပစ္စည်းများအား စုဆောင်းနိုင်သည့် စွမ်းရည်မှာ ခရမ်းကြယ်ကုန်သွယ်ရေးအဖွဲ့အစည်းအောက် အများကြီး နိမ့်ကျနေလိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့် ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "ကျုပ် ဒီကိစ္စကို စီနီယာအစ်ကိုချိုနဲ့ တိုင်ပင်ဖို့စဉ်းစားနေတာ၊ ပြန်ရောက်ရင်လည်း သူ့ကိုတစ်ချက်ပြောကြည့်လိုက်ပေါ့၊ ကျောင်းတော်က စိတ်ဝင်စားရင် ကျုပ်ပူးပေါင်းပေးမယ်လေ"

"စီနီယာအစ်ကိုချို ဒီလိုကိစ္စမျိုးကို ကျိန်းသေ သဘောတူမှာ" ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်သည်။ ချိုရန်အနေဖြင့် ယခုကဲ့သို့သော သူတို့အတွက် အကျိုးရှိမည့် ကိစ္စမျိုးကို မည်ကဲ့သို့များ ငြင်းနေပါမည်နည်း။ "နင် ကျောင်းတော်ကိုလည်း မြန်မြန်ပြန်လာဦးနော်၊ ပြီးရင် စီနီယာအစ်ကိုချိုနဲ့ နင့်ဘာသာနင် သွားဆွေးနွေးလိုက်"

"သိပြီ"

ကောင်းရွှယ်ထင်းက ထပ်၍ သတိပေးလိုက်သည်။ "နောက်ကျမနေနဲ့နော်၊ သိုင်းပညာရှင်စုဝေးပွဲကိုလည်း မမေ့နဲ့ဦး"

"ကျုပ်သိတယ်"

ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းကာ ပြန်ထွက်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်း ထွက်သွားပြီးသည့်နောက် ရန်ကိုင် ချက်ချင်း ပြန်လှည့်လာခဲ့သည်။ သို့သော်ငြား လှည့်ပြီးပြီးချင်းမှာပင် သူ့အနောက်ဘက်ရှိ ဟင်းလင်းပြင်အစီအရင်မှာ တလက်လက်တောက်ပလာသည့်အတွက်ကြောင့် ပြန်လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်အစီအရင်ပေါ်၌ လူတစ်ဦး ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

"ရောင်းရင်းလီ" ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ လက်ရှိ သူ့အနောက်တွင် ရပ်နေသည့် လူမှာ မီးနဂါးနန်းတော်မှ ဤနေရာသို့ ရောက်လာသော လီကျောက်မှ လွဲ၍ အခြားမဟုတ်ပေ။ ဂိုဏ်းနှစ်ဂိုဏ်းမှာ သိပ်မဝေးလှသည့်အတွက်ကြောင့် တည်နေရာခုန်ကူးရသည်နှင့် ပတ်သက်၍ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ ရှိမနေခဲ့။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ ခေါ်သံကိုကြားသော် လီကျောက်မှာ ချက်ချင်း ပြန်ထူးနိုင်ခဲ့လေ၏။ "ရောင်းရင်းရန်လား"

"ဘယ်လိုနေလဲ" ရန်ကိုင်က မေးလိုက်သည်။

လီကျောက်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။ "ပြောတဲ့အတိုင်းတော့ ပြောပေးလိုက်တာပဲ၊ ဒါပေမဲ့ မီချီက လက်မခံချင်ဘူး"

ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ "လက်မခံတာလား ကောင်းတယ်၊ အဲဒါဆို ပိုကောင်းတယ်"

လီကျောက် ခါးသက်သက်အမူအရာဖြင့် ပြုံးလိုက်လေသည်။ ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို သူ မသိဘဲ နေပါမည်နည်း။ ရန်ကိုင် သူတို့အား ပြဿနာရှာဖို့ရာအတွက် အကြောင်းပြချက် မရစေရန် လီကျောက်မှာ မီချီအား အတတ်နိုင်ဆုံး ဖျောင်းဖျခဲ့ပါသော်ငြား မီချီကမူ လုံးဝကို လက်မခံခဲ့ပေ။ သူ့ကိုပင်လျှင် ဒေါမာန်တကြီးနှင့် ပြန်လည်နှင်ထုတ်ခဲ့ပေသေးသည်။ ထို့အတွက်ကြောင့် စိတ်ထဲမှသာ ကြိတ်၍ သက်ပြင်းချလိုက်တော့သည်။ [မီချီကတော့ ဒုက္ခတော့ ရောက်တော့မှာပဲ၊ ရန်ကိုင် နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ဖို့တော့ မျှော်လင့်ရတာပဲ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၃၀)

ဘာသာပြန်သူ_တိမ်တိုက်

"ရောင်းရင်းလီ၊ အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပေါ့၊ မီးနဂါးနန်းတော်ဆီ သွားပြန်နားနေလိုက်လေ၊ ကျန်တဲ့ကိစ္စကို ငါ့ဘာသာငါပဲ ဆက်ပြီး တာဝန်ယူလိုက်မယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ လီကျောက် စိတ်ထဲ ဝမ်းသာမိသွားလေသည်။ ရန်ကိုင်သည် သူနှင့် မီချီ အကြားရှိ ဆက်ဆံရေးကို ထောက်ထား၍ သူ့အား အာကာယံကောင်းကင်ဂိုဏ်းဆီသို့ မခေါ်သွားလိုမှန်း လီကျောက် သိပေသည်။ ရန်ကိုင်သည်သာ သူ့အား ခေါ်သွားခဲ့မည်ဆိုလျှင် လီကျောက်အနေဖြင့် ဤအတိုင်း ရပ်ကြည့်နေ၍ မရဘဲ ရန်ကိုင်နှင့်အတူ ပူးပေါင်းကာ အာကာယံကောင်းကင်ဂိုဏ်းကို တိုက်ခိုက်ရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား သေသေချာချာ စဉ်းစားပြီးသည့်နောက်တွင် လီကျောက်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်၊ ဒါပေမဲ့ ငါမင်းနဲ့ လိုက်ချင်သေးတယ်"

သူနှင့် မီချီအကြားရှိ ဆက်ဆံရေးမှာ ထိုမျှနက်ရှိုင်းသည် မဟုတ်။ ယခင်တစ်ခေါက်အဖြစ်အပျက် ပြီးသည့်နောက်ပိုင်း သူတို့အကြားရှိ ဆက်ဆံရေးမှာ လုံးဝကို ပျက်စီးသွားခဲ့ရသည်။ ထိုအပြင် မီးနဂါးနန်းတော်အနေဖြင့် နောက်နောင်တွင် မြောက်ဘက်နယ်မြေထဲ ခြေကုပ်ယူလိုပါက ထက်ကောင်းကင်နန်းတော်ကို အားကိုးရပေလိမ့်မည်။ ထိုအကြောင်းကြောင့် လက်ရှိအချိန်ကတည်းက မည်သည့်ဘက်မှ ရပ်တည်ရမလဲဆိုသည်ကို သေသေချာချာ စဉ်းစားထားလိုက်ခြင်းသည် အကောင်းဆုံးသာလျှင် ဖြစ်ပေသည်။ ထိုအပြင် သူနှင့် မီချီအကြားရှိ သာမန်ကာလျှံကာ ဆက်ဆံရေးမှာ ရန်ကိုင်နှင့် သူ့အကြားရှိ ဆက်ဆံရေးကို မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ မည်သည့်အရာသည် ပို၍အရေးကြီးသလဲ။ မည်သည့်အရာသည် ပို၍ အဓိပ္ပါယ်ရှိသလဲဆိုသည်ကို ဆုံးဖြတ်ရန်မှာ အလွန်ကိုမှ လွယ်ကူလှပေသည်။

ရန်ကိုင်သည် လီကျောက်ကို ကြည့်၍ ပြောလိုက်လေ၏။ "မင်းက လိုက်ချင်တယ်ဆိုမှတော့ ငါ့ဘက်က ငြင်းနေရင်လည်း ဘယ်ကောင်းပါ့မလဲ၊ ခဏစောင့်ဦး ငါလူနည်းနည်းလောက် သွားစုလိုက်ဦးမယ်၊ ပြီးတာနဲ့ အာကာယံကောင်းကင်ဂိုဏ်းဆီ သွားကြတာပေါ့"

"ကောင်းပြီ" လီကျောက် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် ရန်ကိုင် ထွက်သွားလေ၏။

ထိုနေရာတွင် တစ်ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက် လီကျောက်သည် အနီးအနား၌ ရပ်နေသော ပိရန်ယုချင်းအား တစ်ခုခုသွားပြောလေသည်။ ထို့နောက်တွင် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်၍ ထွက်သွားလေ၏။

တစ်ခဏကြာပြီးသည့်နောက်တွင် လူအချို့နှင့်အတူ ရန်ကိုင် ပြန်ရောက်လာခဲ့လေသည်။ လှည့်ပတ်ကြည့်လိုက်ပါသော်ငြား လီကျောက်ကို မတွေ့သဖြင့် ပိရန်ယုချင်းကို သွားမေးလိုက်လေ၏။ "လီကျောက်ရော"

ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ "နန်းတော်သခင်လီက မီးနဂါးနန်းတော်ဆီ ပြန်သွားပြီးတော့ လူနည်းနည်း သွားခေါ်လိုက်ဦးမယ်လို့ ပြောပါတယ်"

"တကယ်ကို တွေးတတ်တဲ့လူပါလား" ရန်ကိုင်က ပြုံး၍ သူ့အနောက်တွင် ပါလာသည့် လူသုံးဦးကို လှမ်းကြည့်လိုက်သည်။ ထိုလူသုံးဦးမှာ မွန်းစတားဘုရင်သုံးပါးမှ အခြားမဟုတ်ပေ။

ထက်ကောင်းကင်နန်းတော်ထဲတွင် တပည့်ပေါင်းတစ်သိန်းကျော်ရှိပြီး ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာလည်း ရှိပါသော်ငြား တကယ်တမ်း တိုက်ခိုက်နိုင်ကြသည့် လူများမှာ မွန်းစတားဘုရင်သုံးပါးသာ ဖြစ်ကြပေသည်။

ဟွာချင်းဇီသည် မန်နေဂျာမှူး ဖြစ်သည့်အတွက်ကြောင့် တိုက်ခိုက်ဖို့ရာ မသင့်လျော်ပေ။ သူမသည်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် လုံးဝကို ပြဿနာတက်ရပေလိမ့်မည်။ ပိရန်ယုချင်းမှာ ဒုတိယမန်နေဂျာဖြစ်ကာ လက်ရှိအချိန်တွင် ဟင်းလင်းပြင်အစီအရင်ကို ကာကွယ်ပေးနေရသည့်အတွက်ကြောင့် ဤနေရာမှ ထွက်သွား၍ မရပေ။ ကျန်သည့်လူများ ဖြစ်ကြသော ကျိယင်၊ နန်မန်တကျွင်းနှင့် ဟို့ယုတို့မှာလည်း ဧကရာဇ်အဆင့်ပညာရှင်များပင် ဖြစ်လင့်ကစား တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသူများ မဟုတ်ကြ။ ထိုအတွက်ကြောင့် သူတို့ကို ခေါ်လာ၍လည်း မဖြစ်ပေ။ ရီဟန်သည် ဧကရာဇ်ပထမအဆင့်သို့ ချိုးဖျက်သွားလိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင် သူ့အား ခေါ်လာလာ မခေါ်လာလာ ဘာမျှ သိပ်မထူးပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ရီဟန်ကို ခေါ်မလာတော့ဘဲ မွန်းစတားဘုရင်သုံးပါးကိုသာ ခေါ်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်မှ ယင်ဖေးတို့နှင့်အတူ ထွက်သွားတော့မည်အပြု လေတိုးသံများနှင့်အတူ အဝတ်စလှုပ်ခါသံများကို ကြားလိုက်ရလေသည်။ ထို့ကြောင့် နောက်သို့ လှမ်းကြည့်လိုက်ရာ လျို့ယန်သည် တံခါးအပေါက်ဝတွင် ရပ်ရင်း နှုတ်ခမ်းစူကာ သူ့အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။

[ငါဘယ်လိုလုပ်ပြီး သူ့ကို မေ့သွားရတာလဲ] ရန်ကိုင် သူ့ခေါင်းသူ ပြန်ရိုက်လိုက်ပြီးသည့်နောက် လျို့ယန်အား လှမ်းခေါ်လိုက်လေသည်။ ထိုအခါမှသာလျှင် လျို့ယန်လေး ပြုံးနိုင်တော့သည်။ သူမ၏ စကပ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်လျက် ရန်ကိုင်ဆီသို့ ခုန်လာပြီးသည့်နောက် ရန်ကိုင်၏ လက်တစ်ဖက်ကို လှမ်းဖမ်းဆွဲလိုက်သည်။

ထို့နောက်တွင် ရန်ကိုင်တို့ ငါးဦးသည် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်ကာ ပျောက်ကွယ်သွားခဲ့ကြလေ၏။

ထိုအချိန်အတောအတွင်း လီကျောက်မှာတော့ မီးနဂါးနန်းတော်၌ သူ့လူများကို စုဝေးနေခဲ့လေသည်။ လီကျောက်၏ အမိန့်ဖြင့် ဧကရာဇ်အဆင့်ပညာရှင် ရှစ်ဦးနှင့် တာအိုသခင်အဆင့်ပညာရှင် အယောက်နှစ်ရာတို့မှာ ဟင်းလင်းပြင်အစီအရင် အပြင်ဘက်တွင် အတူတကွ စုဝေးကာ ရပ်စောင့်နေကြလေသည်။

မီးနဂါးနန်းတော်၏ ဒုနန်းတော်သခင်ဖြစ်သော ချန်းရှန်၏ ပုံစံမှာတော့ လုံးဝကို ဖိုသီဖတ်သီ ဖြစ်နေခဲ့လေသည်။ အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး ဆံပင်မှာလည်း ဖွာကြဲလန်နေခဲ့သည်။ မသိလျှင် အိပ်ရာထဲမှ ကုန်းရုန်းထလာသည့်အလား။ ချန်းရှန်မှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အလျောက် အိပ်စက်ဖို့ရာ မလိုအပ်ပေ။ သို့သော်ငြား လက်ရှိ သူ့မျက်နှာပေါ်ရှိ အမှတ်အသားများကို ကြည့်ရသလောက် သူဘာလုပ်နေသလဲဆိုသည်ကို ခန့်မှန်းဖို့ရာမှာ မခက်လှပေ။ အဝတ်အစားများကို သပ်ရပ်အောင်လုပ်လိုက်ရင်း ချန်းရှန်က ဇဝေဇဝါအမူအရာဖြင့် မေးလိုက်လေသည်။ "နန်းတော်သခင် ကျုပ်တို့ ဘယ်ကိုသွားမှာလဲ"

[ငါတို့ဘာဖြစ်လို့ ဒီဟင်းလင်းပြင်အစီအရင်အရှေ့မှာ စောင့်နေရတာလဲ၊ ဒီဟင်းလင်းပြင်အစီအရင်က ထက်ကောင်းကင်နန်းတော်နဲ့ ဆက်သွယ်ထားတာ၊ ငါတို့ ထက်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်] ထိုအကြောင်းကို စဉ်းစားမိလိုက်ရုံဖြင့် လူတော်တော်များများ ကြောက်စိတ်ဝင်သွားကြလေသည်။

ထက်ကောင်းကင်နန်းတော်သည် သွားပြဿနာရှာလို့ကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်။ မြောက်ဘက်နယ်မြေတွင် ရှိနေသည့် မည်သူကများ ထက်ကောင်းကင်နန်းတော်၌ မွန်းစတားဘုရင်သုံးပါး ရှိသည်ကို မသိဘဲ နေလို့နည်း။ ထိုအပြင် ထက်ကောင်းကင်နန်းတော်၌ ဧကရာဇ်အဆင့် အစီအရင်ပညာရှင်ဖြစ်သော နန်မန်တကျွင်း ကိုယ်တိုင်မှ ခင်းကျင်းပေးထားသည့် ဂိုဏ်းကာကွယ်ရေးအစီအရင်လည်း ရှိနေခဲ့လေသည်။ လက်ရှိ မီးနဂါးနန်းတော်၏ လူအင်အားဖြင့် ထက်ကောင်းကင်နန်းတော်ကိုသာ သွားရောက်တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသား ဖြစ်ပေသည်။ ရမ္မက်ရှာဂိုဏ်းသည် အကောင်းဆုံးသော ဥပမာတစ်ခု ဖြစ်ပေသည်။ မီးနဂါးနန်းတော်သည် ရမ္မက်ရှာဂိုဏ်းထက် ပိုအားကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်။

"မင်းဘာတွေ ဒီလောက်တောင် မေးနေတာလဲ၊ အချိန်တန်ရင် သိလိမ့်မယ်" လီကျောက်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ လက်ရှိအချိန်တွင်တော့ လီကျောက်မှာ သူ၏ ရည်ရွယ်ချက်ကို မပြောပြသေးပေ။ ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင် အတော်များများမှာ မြောက်ဘက်နယ်မြေရှိ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် အသိအကျွမ်းများ ဖြစ်ကြသည်။ သူတို့ ဂိုဏ်းထဲရှိ အကြီးအကဲအတော်များများသည် အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲများနှင့် ရင်းနှီးကြပေသည်။ ထိုအကြောင်းကြောင့် သူသည်သာ ယခုနေ ပြောပြလိုက်မည်ဆိုလျှင် အာကာယံကောင်းကင်ဂိုဏ်းဆီသို့ သတင်းပျံ့သွားမည်ကို စိတ်ပူ၍ လီကျောက်မှ ဘာမှ မပြောပြသေးခြင်း ဖြစ်သည်။

ထိုကဲ့သို့ အော်ငေါက်ခံလိုက်ရပြီးသည့်နောက် ချန်းရှန် အသံတိတ်သွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်အစီအရင် အလင်းတလက်လက် တောက်ပလာခဲ့ပြီး ဟင်းလင်းပြင်အစီအရင်ပေါ်၌ လူငါးဦး ပေါ်လာခဲ့လေသည်။ အသစ်ရောက်လာသည့် လူများ မည်သူ ဖြစ်သလဲဆိုသည်ကို မသိရသေးခင်မှာပင် အားကောင်းလှသည့် မွန်းစတားချီတို့သည် ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့လေသည်။ ထိုအားကောင်းလှသည့် မွန်းစတားချီများကြောင့် ဟင်းလင်းပြင်အစီအရင် အနီးတစ်ဝိုက်တွင် ရပ်စောင့်နေကြသော မီးနဂါးနန်းတော်မှ အဖွဲ့သားများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ သေသေချာချာ ကြည့်လိုက်သည့်နောက် ပေါ်လာသည့် လူငါးယောက်အနက် တစ်ဦးမှာ ရန်ကိုင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအတွက်ကြောင့် အကုန်လုံး၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ကြိတ်၍လည်း စိတ်သက်သာရာရသွားကုန်ကြလေသည်။ [ကြည့်ရတာ နန်းတော်သခင်က ထက်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ဖို့ လုပ်နေတာ မဟုတ်ဘူးဘဲ၊ တော်သေးတာပေါ့]

ရန်ကိုင် အနောက်တွင် ရပ်နေသည့် လူသုံးဦးကို မြင်ပြီးသည့်နောက် မီးနဂါးနန်းတော်အဖွဲ့သားများ အံ့အားသင့်သွားကုန်ကြလေသည်။ သူတို့အနေဖြင့် ထိုလူများကို တစ်ခါမျှ မတွေ့ဖူးပါသော်ငြား ထိုလူများဆီမှ ဖြာထွက်နေသည့် မွန်းစတားချီကို ကြည့်ရသလောက် ထိုလူသုံးဦးမှာ မွန်းစတားဘုရင်သုံးပါးမှ လွဲ၍ အခြားမဟုတ်မှန်း ပြောနိုင်ကြသည်။

သို့သော်ငြား ထိုလူသုံးဦးအပြင် အသက်ခုနစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးသော ကောင်မလေးတစ်ဦးလည်း ဤအဖွဲ့ထဲ ပါလာခဲ့လေသည်။ အတော်များများက ထိုကောင်မလေးအား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။ [ဒီကောင်မလေးက ရန်ကိုင်ရဲ့သမီးလား၊ ဒါပေမဲ့ ရန်ကိုင်မှာ သမီးရှိတဲ့အကြောင်း ငါတစ်ခါမှ မကြားဖူးပါဘူး၊ မဟုတ်ဘူး၊ မဟုတ်မှလွဲရော ဒီတစ်ယောက်က ရန်ကိုင်ရဲ့ တရားမဝင်သမီးများ ဖြစ်နေမလား]

လူပေါင်းများစွာသည် တစ်ဦးကိုတစ်ဦး ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။

"ရောင်းရင်းရန်" လီကျောက်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

အကုန်လုံးမှာလည်း လီကျောက် နည်းတူ လိုက်လံ၍ နှုတ်ဆက်လိုက်ကြလေသည်။ "မင်္ဂလာပါ နန်းတော်သခင်ရန်"

ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ "ကောင်းလိုက်တဲ့ လူအင်အားပါလား"

လီကျောက်အား ဖယ်ထားလိုက်မည်ဆိုလျှင် ဤနေရာ၌ ဧကရာဇ်အဆင့်ပညာရှင် ရှစ်ဦးနှင့် တာအိုသခင်အဆင့်ပညာရှင် အယောက်နှစ်ရာ ရှိနေခဲ့လေသည်။ နေမင်းပြာကျောင်းတော်ရှိ လူအင်အားကို ပြန်စဉ်းစားကြည့်လိုက်မည်ဆိုပါက လီကျောက်သည် မီးနဂါးနန်းတော်ထဲတွင် ရှိနေသော အားကောင်းသည့် ကျင့်ကြံသူ အကုန်လုံးနီးပါးလောက်ကို စုဆောင်းထားခဲ့ခြင်းဖြစ်ကြောင်း ခန့်မှန်းဖို့ရာ မခက်လှပေ။

လီကျောက်က ပြုံး၍... "ရောင်းရင်းရန်၊ မင်းဒီလောက်နဲ့ မလုံလောက်သေးဘူးထင်ရင် ငါ လူထပ်ခေါ်ပေးလို့ရသေးတယ်၊ ဒါပေမဲ့ သူတို့ရဲ့ခွန်အားက…"

"မလိုတော့ဘူး" ရန်ကိုင်သည် အစကတည်းက လူများများ ခေါ်သွားရန် စီစဉ်ထားခြင်း မဟုတ်။ ဤလူပမာဏနှင့်ပင် လုံလောက်နေလေပြီ။ နောက်ထပ် လူများ ထပ်ခေါ်သွား၍လည်း အပိုသာ ဖြစ်ပေလိမ့်မည်။ ထိုအပြင် ရန်ကိုင်သည် အားနည်းသည့် လူများကို ဘာကြောင့်များ သူနှင့်အတူ ခေါ်သွားရပါမည်နည်း။

"ဒါဆို သွားကြတော့မလား" လီကျောက်က မေးလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

"သွားကြမယ်" လီကျောက်က အော်ပြောလိုက်ပြီးသည့်နောက် လေထဲသို့ ပျံတက်သွားလေသည်။ အခြားသူများသည်လည်း သူ့အနောက်မှ လိုက်လာခဲ့ကြသည်။

ဧကရာဇ်အဆင့်ပညာရှင်များနှင့် တာအိုသခင်အဆင့်ပညာရှင်များ ပျံသန်းသည့် နှုန်းမှာ အလွန်ကိုမှ ကွာခြားကြသည်။ ဤအတိုင်းသာ ပျံသန်းနေလျှင် တာအိုသခင်အဆင့်ပညာရှင်များ လိုက်မီနိုင်လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များသည် ၎င်းတို့၏ ပျံသန်းရေးမှော်ရတနာများကို ထုတ်၍ တာအိုသခင်အဆင့်ပညာရှင်များကို ထိုမှော်ရတနာများပေါ်သို့ တက်ခိုင်းလိုက်ကာ သူတို့နှင့်အတူ လိုက်ပါ စီးနင်းစေလေသည်။

ချက်ချင်းဆိုသလို အမျိုးမျိုးသော ပျံသန်းရေးမှော်ရတနာများ ထွက်ပေါ်လာကြပြီး အလင်းတန်းများအသွင်သို့ ပြောင်း၍ ဥက္ကာခဲမိုးများပမာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကုန်ကြလေသည်။ ရန်ကိုင်သည်လည်း သူ၏ ပန်းတိမ်တိုက်လွန်းပျံကို ထုတ်၍ မွန်းစတားဘုရင်သုံးပါးနှင့် လျို့ယန်ကို အထဲသို့ ခေါ်သွင်းလိုက်သည်။ ထို့နောက်တွင် လီကျောက် အနောက်သို့ လိုက်ကာ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ ချီတက်သွားလေ၏။

အာကာယံကောင်းကင်ဂိုဏ်းသည် မီးနဂါးနန်းတော်နှင့် အတော်လေးကိုမှ ဝေးကွာသည့်အတွက်ကြောင့် နှစ်ရက်လုံးလုံး တရစပ် ပျံသန်းနေခဲ့သည့်တိုင် ရန်ကိုင်၏ အဖွဲ့မှာ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ မရောက်နိုင်သေးပေ။ သို့ပင်ဖြစ်လင့်ကစား မီးနဂါးနန်းတော်၏ ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ယခုအချိန်သို့ ရောက်သော် သဲလွန်စအချို့ကို သတိထားမိသွားခဲ့ကြသည်။ သူတို့ မည်သို့ပင် တွေးနေစေကာမူ လက်ရှိ သူတို့သွားနေသည့် လမ်းကြောင်းမှာ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ ဦးတည်နေသည့် လမ်းကြောင်းသာ ဖြစ်ပေသည်။ ဤနေရာတွင် ရှိနေသော လူတော်တော်များများမှာ အာကာယံကောင်းကင်ဂိုဏ်းဆီသို့ ရောက်ခဲ့ဖူးကြသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် အာကာယံကောင်းကင်ဂိုဏ်းဆီသို့ သွားသည့် လမ်းကြောင်းကို သူတို့ အထင်မှားစရာ အကြောင်းမရှိပေ။ တစ်ဦးနှင့်တစ်ဦး ကောင်းကင်စိတ်အာရုံမှတစ်ဆင့် အပြန်အလှန် ပြောဆိုကြပြီးသည့်နောက်တွင် သူတို့ စိတ်ထဲ မယုံကြည်နိုင်စရာ အတွေးတစ်ခုကို စဉ်းစားမိသွားခဲ့သည်။ ထို့ကြောင့် ချန်းရှန်အား သူတို့အစား သွားမေးပေးရန် ပြောလိုက်လေသည်။

ချန်းရှန်မှာလည်း ငြင်းနေ၍ မရပေ။ သူသည် မီးနဂါးနန်းတော်၏ ဒုနန်းတော်သခင်ဖြစ်သည့်အလျောက် ဤကဲ့သို့သော တာဝန်မျိုးသည် သူ့ပခုံးပေါ်သို့သာ ရောက်ရှိလာခဲ့သည်။ ထိုအကြောင်းကြောင့် လီကျောက်၏ ပျံသန်းရေးမှော်ရတနာဆီသို့ ပျံသန်းသွားလိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်၍ မေးလိုက်လေသည်။ "နန်းတော်သခင်၊ ကျုပ်တို့ အာကာယံကောင်းကင်ဂိုဏ်းဆီ သွားမှာလား"

"ဟုတ်တယ်"

ချန်းရှန် အံ့အားသင့်သွားလေသည်။ "နန်းတော်သခင်၊ ကျုပ်တို့ အဲဒီကိုသွားပြီးတော့ ဘာလုပ်မှာလဲ"

လီကျောက်က ပြန်ပြောလိုက်သည်။ "နန်းတော်သခင်ရန် အာကာယံကောင်းကင်ဂိုဏ်းကို အညံ့ခံအောင် လုပ်တဲ့နေရာမှာ ဝင်ကူညီပေးမလို့" ယခုအချိန်သို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ဆက်၍ ဖုံးကွယ်နေစရာ မလိုတော့ပေ။ နောက်ပိုင်းတွင် လီကျောက်မှာ ထိုလူများ၏ ခွန်အားကို လိုအပ်မည်ဖြစ်လေရာ ထိုနေရာရောက်ကာမှ သူ့လူများ ဇဝေဇဝါဖြစ်နေမည်မျိုးကို လီကျောက် မလိုချင်ပေ။

"ဟမ်" ချန်းရှန် ထိတ်လန့်သွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ "နန်းတော်သခင် သေသေချာချာ စဉ်းစားပါဦး၊ ကျုပ်တို့ အခုလိုမျိုးလုပ်လို့ မဖြစ်ဘူးနော်"

"ဘာလို့မဖြစ်တာလဲ" လီကျောက်သည် ချန်းရှန်အား မျက်နှာသေအမူအရာဖြင့် မေးလိုက်လေသည်။

ချန်းရှန်က ရှင်းပြလိုက်သည်။ "ထက်ကောင်းကင်နန်းတော် ခွန်အားတိုးတက်လာတာ အရမ်းမြန်လွန်းတယ်၊ အခု နှစ်အနည်းငယ်လေးပဲ ရှိသေးတယ် ရမ္မက်ရှာဂိုဏ်းကို ဖျက်ဆီးလိုက်လို့ သူတို့ဂုဏ်သတင်းက နာမည်တော်တော်ကျော်နေတာ၊ အရင်နှစ်တွေတုန်းက သူတို့တိတ်နေခဲ့လို့ သူတို့ဂုဏ်သတင်း တဖြည်းဖြည်း ပြန်မှိန်ကျသွားတယ်ဆိုပေမဲ့ ကျုပ်တို့သာ ထက်ကောင်းကင်နန်းတော်ကို ကူပြီး အာကာယံကောင်းကင်ဂိုဏ်းကို တိုက်ခိုက်မယ်ဆိုရင် အထက်ကောင်းကင်ဂိုဏ်းက မြောက်ဘက်နယ်မြေမှာ နံပါတ်တစ် ဖြစ်သွားမှာပေါ့"

"အဲဒီတော့ ဘာဖြစ်လို့လဲ" လီကျောက်က သူ့ဘာသာသူ တွေးလိုက်လေသည်။ [အထက်ကောင်းကင်ဂိုဏ်း အာကာယံကောင်းကင်ဂိုဏ်းကို သူ့ဘာသာသူ သွားမတိုက်ခိုက်ဘူးဆိုရင်တောင် အခုဘယ်ဂိုဏ်းမှ သူ့ကို ယှဉ်နိုင်တာ မဟုတ်ဘူး]

ချန်းရှန်က အလေးအနက်အမူအရာဖြင့်... "နန်းတော်သခင်၊ ကျုပ်တို့ မီးနဂါးနန်းတော်နဲ့ ထက်ကောင်းကင်နန်းတော်ကို ယှဉ်လိုက်ရင် ဘယ်လိုနေလဲ"

"ငါတို့က ပိုနိမ့်တယ်" လီကျောက် အမှန်တိုင်းသာ ပြောလိုက်သည်။ ရန်ကိုင်၏ စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခြင်းဖြစ်လေရာ ရန်ကိုင်တစ်ယောက်တည်းနှင့်ပင် မီးနဂါးနန်းတော်တစ်ခုလုံးကို ရှင်းပစ်နိုင်သည်ဟု လီကျောက် ယုံကြည်နေလေသည်။ ထိုအတွက်ကြောင့် ပြောစရာမလိုအောင်ပင် မီးနဂါးနန်းတော်မှာ အမှန်တကယ်ကို နိမ့်ကျပေသည်။ ထိုအပြင် ရန်ကိုင်၏ လက်အောက်၌ မွန်းစတားဘုရင်သုံးပါးလည်း ရှိနေပေသေးသည်။

"ဟုတ်တယ်၊ ကျုပ်တို့ မီးနဂါးနန်းတော်က ထက်ကောင်းကင်နန်းတော်နဲ့ မယှဉ်နိုင်ဘူး၊ ဒီတော့ ထက်ကောင်းကင်နန်းတော်သာ အာကာယံကောင်းကင်ဂိုဏ်းကို အနိုင်ယူသွားနိုင်မယ်ဆိုရင် ကျုပ်တို့ မီးနဂါးနန်းတော်က မြောက်ဘက်နယ်မြေမှာ ဘယ်လိုဖြစ်သွားမှာလဲ၊ ကျုပ်တို့က သူတို့အပေါ်မှာ အရမ်းမှီခိုနေတာဆိုတော့ မီးနဂါးနန်းတော်က ဆက်ပြီးတော့ လုံခြုံနေတော့မှာ မဟုတ်ဘူးနော်"

လီကျောက်သည် ချန်းရှန်အား ကြည့်၍ အလေးအနက်အမူအရာဖြင့် ပြန်မေးလိုက်သည်။ "မင်း အမြင်အရဆို ငါတို့ဘာလုပ်သင့်တယ်လို့ ထင်လဲ"

ချန်းရှန်က ပြန်ပြောလိုက်သည်။ "အာကာယံကောင်းကင်ဂိုဏ်းနဲ့ ပူးပေါင်းပြီးတော့ ထက်ကောင်းကင်နန်းတော်ကို ခုခံသင့်တယ်လို့ ထင်တယ်၊ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း အတူပူးပေါင်းလိုက်မယ်ဆိုရင် ထက်ကောင်းကင်နန်းတော်ကို ယှဉ်ပြိုင်နိုင်မလား မသိပေမဲ့ အနည်းဆုံးတော့ ထက်ကောင်းကင်နန်းတော် တစ်ခုတည်းကနေ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စိုးမိုးထားတာကို ကာကွယ်လို့ရတယ်"

လီကျောက်သည် ချန်းရှန်ကိုသာ ဘာမျှမပြောဘဲ ပြန်ကြည့်နေခဲ့လေသည်။

လီကျောက်၏ တုံ့ပြန်ပုံကြောင့် ချန်းရှန်မှာ မယုံကြည်နိုင်ဖြစ်သွားလေ၏။ "ကျုပ်မှားသွားလို့လား"

လီကျောက်သည် ချန်းရှန်၏ ပခုံးကို ပုတ်၍ သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းအခုလိုမျိုး တွေးတာ ငါမင်းကို အပြစ်မတင်ဘူး၊ ဒါလူ့သဘာဝပဲဟာကို၊ ဒါပေမဲ့ မင်းနားမလည်တာတွေ အများကြီးရှိသေးတယ်"

ရန်ကိုင်မှ သူ့အသက်အား အကြိမ်ဖန်များစွာ ကယ်ခဲ့သည့် အချက်ကို ထည့်မတွက်လျှင်ပင် လီကျောက်သည် ရန်ကိုင်နှင့် အမှန်တကယ်ကို ရန်သူ မဖြစ်လိုပေ။ [အာကာယံကောင်းကင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ရင် အထက်ကောင်းကင်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်မယ်လို့ ဘယ်သူပြောလဲ၊ ရန်ကိုင်ကို နဂါးကလန်က ကျောထောက်နောက်ခံပေးထားတာကွ၊ ပြီးတော့ သူကိုယ်တိုင်ကလည်း အဆင့်ကိုးနဂါးတစ်ကောင်နဲ့ လက်ထပ်ထားတဲ့လူကွ]

"နန်းတော်သခင်"

"ဟူး မင်းအခု ဘာမှမပြောလိုက်ဘူး၊ ငါလည်း ဘာမှမကြားလိုက်ဘူး၊ ကဲ မင်းဟိုနေရာဆီသာ ပြန်သွားပြီး သူတို့ကို သေချာပြင်ဆင်ဖို့ ပြောထားလိုက် ရှင်းရှင်းပြောရရင် သူတို့ ဘာမှလုပ်စရာမလိုဘူး၊ ဒီအတိုင်းပဲ အသံကျယ်ကျယ်နဲ့ အော်ဟစ်အားပေးရုံပဲ"

ထိုစကားကို ကြားသော် ချန်းရှန်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ "နန်းတော်သခင် ပြောချင်တာက နန်းတော်သခင်ရန်က သူခေါ်လာတဲ့လူလေး နည်းနည်းနဲ့ အာကာယံကောင်းကင်ဂိုဏ်း တစ်ခုလုံးကို ရှင်းပစ်နိုင်တယ်လို့ ပြောနေတာလား"

"သူတို့ မလုပ်နိုင်ဘူးလို့ မင်းထင်လို့လား"

ချန်းရှန်က ခေါင်းခါလျက်... "ကျုပ် နန်းတော်သခင်ရန်နဲ့ သူ့လူတွေကို အထင်သေးနေတာ မဟုတ်ဘူး၊ မွန်းစတားဘုရင်သုံးပါးရဲ့ ကျင့်ကြံခြင်းက အသိအသာကြီးပဲ၊ တစ်ယောက်ချင်းသာ ယှဉ်တိုက်မယ်ဆိုရင် ဘယ်သူမှ သူတို့ ပြိုင်ဘက် မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူတို့ အခုသွားတိုက်မှာက အဖွဲ့အစည်းတစ်ခုလေ၊ အာကာယံကောင်းကင်ဂိုဏ်းမှာ ရှိနေတဲ့ ပညာရှင်တွေကို ထည့်မတွက်ဘူးဆိုရင်တောင် အဲဒီ ဒိုင်းအကာအကွယ်အစီအရင် တစ်ခုတည်းနဲ့တင် အလွယ်တကူ ဖျက်ဆီးလို့ရတဲ့အရာ မဟုတ်တော့ဘူး၊ အစီအရင်သာ အသက်ဝင်သွားမယ်ဆိုရင် မွန်းစတားဘုရင်သုံးပါးတောင် အချိန်အတိုင်းအတာတစ်ခုအထိ ကူကယ်ရာမဲ့သွားလိမ့်မှာ"

"ကူကယ်ရာမဲ့မယ်" လီကျောက်က ရယ်သွမ်းသွေးလျက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။ "စောင့်ကြည့်ကြတာပေါ့"

ချန်းရှန် ကြောင်သွားလေသည်။ လီကျောက် ရန်ကိုင်အပေါ် ဘာကြောင့် ဤမျှ ယုံကြည်နေရသလဲဆိုသည်ကို သူ့အနေဖြင့် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ၎င်း၏ ဒိုင်းကာကွယ်ရေးအစီအရင်မှာလည်း လွယ်လင့်တကူ ဖျက်ဆီး၍ မရသည့် အရာမျိုး ဖြစ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား လီကျောက်က ခေါင်းမာနေသည့်အတွက်ကြောင့် သူလည်း ဘာမျှ ထပ်မပြောနိုင်တော့ပေ။

မည်သို့ပင် ဖြစ်နေစေကာမူ သူတို့ လုပ်ဖို့ရာမှာ ရန်ကိုင်အား အားပေးရုံသာလျှင် မဟုတ်ပေလော။ တကယ်တမ်း အာကာယံကောင်းကင်ဂိုဏ်းအား တိုက်ခိုက်ကြရမည်မှ မဟုတ်လေဘဲ။ ထိုအတွက်ကြောင့် မည်သည့်အန္တရာယ်နှင့်မျှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချန်းရှန်မှာ လီကျောက်အား ဦးညွှတ်လိုက်ပြီး လီကျောက် ပြောခိုင်းသည့် စကားကို အခြားသူများအား သွားပြန်ပြောလေ၏။ လီကျောက်၏ အမိန့်ကို ကြားသော် ဧကရာဇ်အဆင့်ပညာရှင်များမှာ တစ်ဦးကိုတစ်ဦး ဇဝေဇဝါ အမူအရာများဖြင့် ကြည့်လိုက်ကြလေ၏။

All Chapters