← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

Chapter 121+122

~

အခန်း ၁၂၁+၁၂၂ : လရောင်အောက်က တံတားနှစ်ဆယ့်လေးစင်းနှင့် လင်းယဲ့၏ စိုးရိမ်ပူပန်မှု

~

​နှင်းတောထဲတွင် လဲကျနေသည့် လင်းပေ့မှာ စက်ရုပ်တစ်ရုပ်အလား ပထမဆုံး သူ၏ ကိုယ်အောက်ပိုင်းကို ဆန့်ထုတ်လိုက်ပြီးနောက် ကိုယ်အပေါ်ပိုင်းကို မတ်တပ်ရပ်နိုင်ရန် ဆွဲတင်လိုက်သည်။ နောက်ဆုံးတွင် သူ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့် ဦးခေါင်းခွံကြားရှိ အသားစလေးဖြင့်သာ ဆက်နေပြီး ဘေးသို့ စောင်းငဲ့ကာ ကြောက်မက်ဖွယ်ကောင်းအောင် ယိမ်းထိုးနေ၏ ။ ကံကောင်းသည်မှာ သူ အလွန်အမင်း အရိုက်ခံထားရခြင်း မဟုတ်သဖြင့် အသုံးပြု၍ ရနိုင်သေးသည်။

ဂူချန်သည် သူ၏ နောက်ကွယ်ရှိ နှင်းဖုံးနေသော သစ်ပင်ကြီးကို တိတ်ဆိတ်စွာ မှီထားပြီး သူ၏ အနက်ရောင် ဝတ်စုံမှာ အေးစက်သော လေထဲတွင် လွင့်ပျံနေကာ အေးစက်စွာ မေးလိုက်သည် ။

​"မင်း ဘာလို့ သိုင်းစာမေးပွဲကို ဝင်ဖြေတာလဲ.."

​လင်းပေ့သည် ပျက်စီးနေသော ပါးစပ်ကို ချက်ချင်း ဖွင့်လိုက်ပြီး အက်ကွဲကွဲ အသံဖြင့်..

​"ကျွန်တော့် ဆရာ လင်းယဲ့က ပြန်ရောက်လာပြီးနောက်မှာ ဂူချန်ကို အရမ်း ချီးကျူးခဲ့လို့ပါ.. ကျွန်တော်ရော တခြားမဟာမိတ်အဖွဲ့တွေက ပါရမီရှင်တွေရော ..ဘယ်သူမှ ဂူချန်လောက် ပါရမီမရှိဘူးလို့ သူက လူသိရှင်ကြား ကြေညာခဲ့ပါတယ်.. သူက ကျွန်တော့်ကိုတောင် ဂူချန်ကို အစ်ကိုကြီးလို့ ခေါ်ရမယ်တဲ့.."

​"ဒါကြောင့် ကျွန်တော် အရမ်း မနာလိုဖြစ်သွားတယ်.. သိုင်းစာမေးပွဲထဲကို ဝင်နိုင်မယ့် နည်းလမ်းကို ရှာပြီး ဂူချန်ကို ပညာပေးဖို့နဲ့ သူ့ကို အစ်ကိုကြီးလို့ ပြန်ခေါ်ခိုင်းဖို့ လာခဲ့တာပါ.."

​လင်းပေ့၏ ခံစားချက်ကင်းမဲ့သော စကားများကို ကြားရသည့်အခါ ဂူချန်သည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ လင်းပေ့၏ ဘဝမှာ အလွန်ပင် ချောမွေ့လွန်းခဲ့ပုံရပေ၏။ သူသည် အသက် ၁၂ နှစ်အရွယ်မှာပင် သန်းနှင့်ချီမှ တစ်ယောက်သာရှိသည့် SSS-အဆင့် ပါရမီကို နိုးထစေခဲ့ပြီး နောက်ပိုင်းတွင် တောင်ပိုင်းမဟာမိတ်အဖွဲ့၏ ထိပ်တန်းပညာရှင် လင်းယဲ့၏ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသည်။ သူ၏ ဘဝတွင် မည်သည့် အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ဖူးချေ။

​ဤအချက်ကပင် အစ်ကိုကြီး ဆိုသည့် အဓိပ္ပာယ်မရှိသော ဘွဲ့အမည်တစ်ခုအတွက် သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေထဲသို့ အန္တရာယ်ကြားမှ ဝင်ရောက်လာသည်အထိ ဖြစ်စေခဲ့သည်။ တကယ့်ကို မိုက်မဲလွန်းလှ၏။

​"မင်းဆီမှာ ပါတဲ့ အကောင်းဆုံးရတနာပစ္စည်းက ဘာလဲ.."

ဂူချန်သည် လင်းပေ့၏ ခါးဆီသို့ ငုံ့ကြည့်လိုက်သည်။

​ထိုနေရာတွင် အနက်ရောင် ခါးပတ်တစ်ခု ရှိနေပြီး နို့နှစ်ရောင် ကျောက်စိမ်းပြား ၂၄ ပြားကို ညီညာစွာ စီခြယ်ထားရာ အလွန်ပင် လက်ရာမြောက်လှသည်။

​လင်းပေ့၏ အသံမှာ ခံစားချက် ကင်းမဲ့နေဆဲပင် ။

"ကျွန်တော့်ရဲ့ ဟင်းလင်းပြင် မှော်လက်နက်ဖြစ်တဲ့ လရောင်အောက်က တံတားနှစ်ဆယ့်လေးစင်း ပါ။ ဒီထဲမှာ သီးခြား အာကာသ ၂၄ ခု ရှိပြီး တစ်ခုချင်းစီမှာ ကုဗမီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းပါတယ်။ သက်မဲ့ပစ္စည်းတွေကိုပဲ သိမ်းဆည်းလို့ ရပါတယ်.."

​"အိုး... ကုဗမီတာ ဒါဇင်ပေါင်းများစွာ ကျယ်တဲ့ သီးခြား အာကာသ ၂၄ ခုလား.."

​ဂူချန်သည် သူ၏ စွမ်းအင်များကို အသုံးပြုကာ လင်းပေ့၏ ခါးမှ ခါးပတ်ကို လှမ်းယူလိုက်စဉ်မှာပင် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် လက်စွပ်မှာ ကုဗမီတာ တစ်ရာသာ ဆံ့ပြီး ၎င်းမှာပင် အလွန်တန်ဖိုးရှိသည်ဟု သတ်မှတ်ထားခြင်း ဖြစ်၏။

​ဤ လရောင်အောက်က တံတားနှစ်ဆယ့်လေးစင်း ၏ သိုလှောင်မှု ပမာဏမှာ သိသိသာသာ ပိုမိုကြီးမားရာ ၎င်း၏ တန်ဖိုးမှာလည်း ပိုမိုမြင့်မားမည်မှာ အသေအချာပင်။ တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အလင်းရောင်ဖြစ်သည့်အလျောက် မဟာမိတ်ဌာနများနှင့် လင်းယဲ့တို့မှာ ၎င်းတို့၏ ပါရမီရှင်များအပေါ် အတော်ပင် ရက်ရောကြပေသည်။

​သို့သော် သိုင်းစာမေးပွဲ၏ ရတနာများ သယ်ဆောင်မှု ကန့်သတ်ချက်များကြောင့် လင်းပေ့၏ လက်ဝယ်တွင် ဤဟင်းလင်းပြင် လက်နက်မှလွဲ၍ အခြား အကောင်းစားရတနာ ပစ္စည်းများ မရှိတော့ချေ။ သူ၏ လှံမှာပင် အဆင့် ၄ မျှသာ ရှိသည်။

​ထို့နောက် ဂူချန်က အေးစက်စွာဖြင့် မေးမြန်းလိုက်သည် ။

"ဒီသိုင်းစာမေးပွဲမှာ မင်းအပြင် တခြား မဟာမိတ်အဖွဲ့တွေက ပါရမီရှင်တွေ ဝင်လာတာရှိသေးလား.."

​သူသည် လျှို့ဝှက်နယ်မြေအတွင်းရှိ ရတနာများနှင့် အမွေအနှစ်များကို စိတ်မဝင်စားပေ။ မဟာမိတ်အဖွဲ့၏ အထက်လူကြီးများက ၎င်းတို့ကို မထိမခိုက်ဘဲ ထားခဲ့သည်ဟု ဆိုသော်လည်း မည်သူက အမှန်တကယ် သိနိုင်မည်နည်း။ ယင်းအစား ပါရမီရှင်များနှင့် ရင်းနှီးစွာ ဆွေးနွေးရသည်ကိုသာ သူ ပို၍ နှစ်သက်၏။

​"ရှိပါတယ်..."

လင်းပေ့က တောင့်တောင့်ကြီး ပြန်ဖြေသည်။

​"အိုး... တကယ်ပဲ ရှိတာလား.."

ဂူချန်က စိတ်ဝင်စားသွားပြီး ဆက်မေးလိုက်သည် ။

"ဘယ်နှစ်ယောက်လဲ၊ ဘယ်မဟာမိတ်အဖွဲ့တွေကလဲ.."

​လင်းပေ့၏ မျက်နှာပေါ်ရှိ အသားစများမှာ တုန်ခါနေ၏ ။

"ကျွန်တော် သိုင်းစာမေးပွဲထဲ ဝင်ဖို့ နည်းလမ်းရှာပြီးတဲ့နောက် တခြားမဟာမိတ်အဖွဲ့တွေက ပါရမီရှင် ၅ ယောက်လည်း ဝင်လာခဲ့ကြပါတယ်။ သူတို့တွေထဲမှာ အနိမ့်ဆုံးက SS-အဆင့် သိုင်းပါရမီ ရှိကြတဲ့သူတွေပါ။ ကျွန်တော် သူတို့နဲ့ သဘောတူညီချက် တစ်ခု လုပ်ခဲ့ပါတယ်။ အရင်ဆုံး ဂူချန်ကို ရှင်းထုတ်မယ်၊ ပြီးမှ ကြာပန်းစိမ်းကျွန်းမှာ ကျွန်တော်တို့ကြားက အနိုင်အရှုံးကို ဆုံးဖြတ်ကြမယ်လို့ပါ.."

​" သြော်..."

​ဂူချန်သည် ထိုစကားကို ကြားရသည့်အခါ ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာနုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လင်းပေ့၏ ပျက်စီးနေသော ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ လိမ်တွန့်နေသော လည်ပင်းမှာ လျင်မြန်စွာ ပြန်လည် ဖြောင့်တန်းလာပြီး သူ၏ အရေပြားများမှာလည်း ပြန်လည် ပြည့်စုံသွားတော့သည်။ သို့သော် ဤခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်မှာမူ သေခြင်းတရား ပုံရိပ်ယောင်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

​ထို့ကြောင့် ဂူချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ခန္ဓာကိုယ်အလွတ်တစ်ခု မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

​"မင်းဘာသာ မင်း ကစားဖို့ နေရာတစ်ခု သွားရှာလိုက်ဦး၊ ငါ မင်းအတွက် သူငယ်ချင်းတွေ သွားရှာပေးဦးမယ်.."

​ဂူချန်သည် သူ့ကို ဂရုမစိုက်တော့ပေ။ ဝိညာဉ်မရှိဘဲ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သော်လည်း အဆင့် ၄ နောက်ဆုံးအဆင့်မှာ လျှို့ဝှက်နယ်မြေအတွင်း လှည့်လည်ရန် လုံလောက်လေသည်။

​သူသည် မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ရာ သူ၏ ပုံရိပ်မှာ မီတာရာချီအကွာသို့ တစ်ခဏချင်း ရောက်ရှိသွားပြီး မြေပုံပေါ်ရှိ ကြာပန်းစိမ်းကျွန်း ရှိရာ အရပ်သို့ ဦးတည်လိုက်တော့သည်။

​'အစစ်အမှန်ယန်ချီရဲ့ ပေါက်ကွဲအားနဲ့ ငါ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်အင်အားကို ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ ပြေးနှုန်းက နိဗ္ဗာနအဆင့် ပညာရှင်တစ်ယောက်ကိုတောင် အလွယ်တကူ ကျော်တက်နိုင်တယ်..'

​ဂူချန်၏ ပုံရိပ်မှာ ဝိညာဉ်တစ်ခုအလား လေထဲတွင် လျင်မြန်စွာ ဖြတ်သန်းနေသည်။ သူ၏ ပြင်းထန်သော လေဖိအားကြောင့် ထူထပ်သော နှင်းပုံကြီးများမှာ မမြင်နိုင်သော ပုဆိန်ကြီးတစ်ခုနှင့် ခွဲလိုက်သကဲ့သို့ ဘေးတစ်ဖက်တစ်ချက်စီသို့ လွင့်စင်သွားပြီး အောက်ခြေရှိ မာကျောအေးစက်သော မြေပြင်မှာ ပေါ်ထွက်လာသည်။

​ယခင်က ဂူချန် ကြုံတွေ့ခဲ့ရသော တိုက်ပွဲများသည် လက်ဝှေ့စင်ပေါ်ရှိ ယှဉ်ပြိုင်မှုများသာ ဖြစ်လေ့ရှိပြီး တစ်ချက်တည်းနှင့် အဆုံးသတ်လေ့ရှိရာ ကိုယ်ဖော့သိုင်းပညာကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။ သို့သော် ယခုအခါ သူ၏ ခွန်အားမှာ တဖြည်းဖြည်း မြင့်တက်လာသဖြင့် ကိုယ်ဖော့သိုင်းပညာ၏ အရေးပါမှုကို သူ သတိပြုမိလာသည်။ အကယ်၍ သူ၏ လက်ထဲတွင် အဆင့်မြင့် ကိုယ်ဖော့သိုင်းပညာတစ်ခုသာ ရှိခဲ့လျှင် ခုနက လင်းပေ့၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရမည် မဟုတ်ချေ။

​' ငါ့ ကြိုးစားအားထုတ်မှု အားနည်းနေသေးတာပဲ..'

' ပြန်ရောက်ရင် လေ့ကျင့်ဖို့ ရတနာအဆင့် သိုင်းပညာတစ်ခု ရှာရမယ်..'

​ဂူချန်သည် စိတ်ပိုင်းဖြတ်လိုက်ပြီး ကြာပန်းစိမ်းကျွန်းဆီသို့ ဆက်လက် အရှိန်မြှင့် ပြေးလွှားနေတော့သည်။

​ထိုအချိန်တွင် တောင်ပိုင်းမဟာမိတ်အဖွဲ့၏ စာမေးပွဲကြီးကြပ်ရေးဌာန၌ လူတစ်စုသည် စနစ်ချောမွေ့စွာ လည်ပတ်နိုင်ရန် အကန့်အမျိုးမျိုးနှင့် ကိရိယာများကို အလုပ်ရှုပ်စွာ ချိန်ညှိနေကြသည်။ ရုတ်တရက် အဝတ်အစား နွမ်းပါးသော အဘိုးကြီးတစ်ဦးသည် ဌာနအတွင်းသို့ လျှောက်လှမ်းလာပြီး ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကြီးကြပ်ရေးမှူးတစ်ဦးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

​"အိုး... သခင်ကြီးလင်း၊ ဘာကိစ္စများ ရှိလို့ ဒီကို ကြွလာတာလဲ၊ ဒါ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါ..."

ထိုသူသည် အံ့အားသင့်စွာဖြင့် ပြုံးပြုံးရွှင်ရွှင် အရိုအသေပေးရန် ပြင်လိုက်သည်။

​"ဒီကနေ ဖယ်စမ်း.."

​လင်းယဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလိုက်၏ ။

"ငါ့ရဲ့ တပည့်အသစ် ဂူချန်ရဲ့ အချက်အလက်တွေကို မြန်မြန် ထုတ်ပေးစမ်း၊ ငါ ကြည့်ချင်လို့.."

​လင်းပေ့ဆိုသည့် ကောင်လေးမှာ သူ၏ နောက်ကွယ်တွင် သိုင်းစာမေးပွဲကို ဝင်ဖြေရန် ရဲတင်းနေကြောင်း သတင်းကို သူ ခုလေးတင် ရရှိခဲ့သဖြင့် အလွန်ပင် ဒေါသထွက်နေမိသည်။ လင်းပေ့သည် ဂူချန်က သူ၏ နေရာကို လုယူသွားမည်ကို စိုးရိမ်ခြင်း သို့မဟုတ် မနာလိုဖြစ်ခြင်းကြောင့် ဂူချန်ကို ပညာပေးရန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားသည်မှာ စဉ်းစားနေစရာပင် မလိုအပ်ပေ။

​၎င်းတို့ နှစ်ဦးစလုံးမှာ မောက်မာပြီး ထိန်းရခက်သည့် စိတ်နေစိတ်ထား ရှိကြသည်။ သူသာ ရှိနေလျှင် ၎င်းတို့ကို ထိန်းသိမ်းနိုင်မည် ဖြစ်သော်လည်း လျှို့ဝှက်နယ်မြေထဲတွင် ဆုံတွေ့ကြပါက ကမ္ဘာပျက်မတတ် တိုက်ခိုက်ကြပေလိမ့်မည်။

​အဓိကအချက်မှာ ဂူချန်သည် လက်ရှိတွင် အဆင့် ၃( အစစ်အမှန်ချီ အဆင့်) ထိပ်ဆုံးအဆင့်မှာသာ ရှိသေးပြီး လင်းပေ့မှာမူ အဆင့် ၄( ဗာဂျရာအဆင့်) အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ လင်းပေ့က မထိန်းမသိမ်း တိုက်ခိုက်လိုက်ပါက ဂူချန် တစ်ခုခု ဖြစ်သွားလျှင် ပြဿနာကြီးပေလိမ့်မည်။

​တယ်လီပို့လက်ပတ်များ ရှိသဖြင့် သေဆုံးနိုင်ခြေ အလွန်နည်းသော်လည်း ဂူချန်မှာ SSS-အဆင့် သိုင်းပါရမီ နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် ဖြစ်သည်။ အကယ်၍ တစ်သောင်းပုံ တစ်ပုံမျှ အန္တရာယ်ရှိလျှင်ပင် လင်းယဲ့အနေဖြင့် မစိုးရိမ်ဘဲ မနေနိုင်ပေ။ ထို့ကြောင့် သတင်းရရချင်းမှာပင် အခြေအနေကို စစ်ဆေးရန် ကြီးကြပ်ရေးဌာနသို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။

​လင်းယဲ့၏ လေးနက်သော လေသံကို ကြားရသည့်အခါ ကြီးကြပ်ရေးမှူးမှာ ချက်ချင်းပင် အပြုံးကို ရုပ်သိမ်းလိုက်သည်။ သူ အချက်အလက်များကို ရှာဖွေရင်း သတိပေးစကား ပြောလိုက်၏ ။

​" ဆရာ​ကြီးလင်းယဲ့၊ လျှို့ဝှက်ထားရမယ့် စည်းကမ်းတွေအရ ကျွန်တော်တို့က ဖြေဆိုသူတွေရဲ့ အချက်အလက် ဒါမှမဟုတ် ဒေတာတွေကို ထုတ်ဖော်ခွင့် မရှိဘူးဆိုတာ သိတယ်မဟုတ်လား၊ ဒါကြောင့် တိုက်ရိုက် မြင်ကွင်းတွေကိုတော့ ကြည့်လို့မရဘူး.."

​"သူ့ရဲ့ အသက်ရှင်နေတဲ့ လက္ခဏာတွေနဲ့ သူ ဘယ်နားမှာ ရှိနေလဲ ဆိုတာကိုပဲ ပြပေးလို့ ရမယ်.."

​"ငါ သိတာပေါ့၊ အခု သူ့ရဲ့ အခြေအနေကိုပဲ ငါ မြင်ချင်တာ.."

လင်းယဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

' သြော်.. လင်းပေ့.. လင်းပေ့... အပြင်ရောက်လို့ကတော့ ပညာကောင်းကောင်းပေးရမယ်.. '

​"ကောင်းပါပြီ.."

​ကြီးကြပ်ရေးမှူးမှာ ဆက်မပြောတော့ဘဲ မကြာမီမှာပင် အချက်အလက်ပြ ဘောင်တစ်ခု ပေါ်လာပြီး ၎င်းကို ချဲ့လိုက်သည်။ ရွေ့လျားနေသော အစိမ်းရောင် အစက်လေးတစ်ခုသည် နှင်းတောင်နယ်မြေ၏ အစွန်းနားတွင် ပေါ်လာ၏။

​"ဟူး..."

လင်းယဲ့သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

​အစိမ်းရောင်အစက်က လက်ပတ်ရှိနေသေးသည်ဟု အဓိပ္ပာယ်ရပြီး အနီရောင်အစက်မှာမူ လက်ပတ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးသွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

' တော်သေးတယ်..သူတို့နှစ်ယောက် မတွေ့ကြသေးဘူးထင်တယ်.. '

​"ဒီလူကို သေချာ စောင့်ကြည့်ထားပေး၊ တစ်ခုခု ဖြစ်ရင် ငါ့ကို ချက်ချင်း အကြောင်းကြား.."

​လင်းယဲ့သည် ကြီးကြပ်ရေးမှူးကို မှာကြားပြီးနောက် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ လင်းပေ့အနေဖြင့် ပြဿနာ တက်စရာ မရှိသဖြင့် သူ၏ အချက်အလက်များကို ကြည့်ရှုရန် မလိုအပ်ပေ။ အမှန်စင်စစ် ဤသိုင်းစာမေးပွဲတွင် အဆင့် ၃ ထိပ်ဆုံးအဆင့်ရှိ ဂူချန်သည် အဆင့်နိမ့်ပွဲတွင် လာကစားသည့် ကျွမ်းကျင်သူဟု သတ်မှတ်နိုင်ပါက၊ ဗာဂျရာအဆင့် ၇ ရှိသည့် လင်းပေ့မှာမူ ထိုပွဲတွင်ပင် ပိုမိုမြင့်မားသော အဆင့်မှ လာကစားသည့် အထူးကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်သည်။ တယ်လီပို့လက်ပတ်သာ ရှိနေလျှင် သူ သေချင်လျှင်ပင် သေဖို့ မဖြစ်နိုင်ပေ။

All Chapters