အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
Chapter 123+124
~
အခန်း ၁၂၃+၁၂၄ : ကျွမ်းကျင်သူများ စုဝေးခြင်း
~
အရပ်လေးမျက်နှာ လျှို့ဝှက်နယ်မြေ၏ ဆုံမှတ်ဖြစ်သော ကြာပန်းစိမ်းကျွန်း..
ကျွန်း၏ အလယ်ဗဟိုတည့်တည့်တွင် ကြီးမားလှသော ကြာပန်းစိမ်းကြီးတစ်ပွင့်မှာ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ကာ လေထဲတွင် ဝဲပျံနေပြီး အလွန်တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ဤအရင်းအမြစ်နေရာမှာ မြေပုံပေါ်တွင် မပေါ်သေးသော်လည်း၊ ဤကြာပန်းစိမ်းကြီးကို မြင်တွေ့ရသူတိုင်းမှာ ယင်းကို ရယူနိုင်ပါက ဤသိုင်းစာမေးပွဲတွင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် သေချာသလောက် ရှိနေသည်ကို သိကြ၏။
သို့သော် ထိုကြာပန်းစိမ်းကြီးမှာ မည်မျှပင် ကြီးမားပြီး သိသာထင်ရှားနေပါစေ၊ လူအများအပြား မြင်တွေ့နေရပါစေ၊ ယင်းကို သွားရောက်ယူဆောင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးချေ။ ကြာပန်း၏ မီတာတစ်ထောင် ပတ်ဝန်းကျင်အတွင်းတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အနီးအနားရှိ ဖြေဆိုသူများသည် ကြာပန်းစိမ်းကြီးကို ကြည့်ကာ သွားရည်ကျနေကြသော်လည်း ထိုသတ်မှတ်စည်းကို ကျော်ဖြတ်ရန် တစ်လှမ်းမျှပင် မလှမ်းရဲကြချေ။
"ဒီလူတွေက ဘယ်သူတွေလဲ၊ အရမ်းသန်မာကြတာပဲ။ ငါတို့ပြည်နယ်မှာ အတော်ဆုံး ပါရမီရှင်က စစ်မှန်သိုင်းအဆင့် ရှိတာတောင်၊ သူတို့နား ကပ်သွားတာနဲ့ လျှို့ဝှက်နယ်မြေထဲကနေ ကန်ထုတ်ခံလိုက်ရတယ်.."
"မင်းက သိုင်းလောကသားမှ ဟုတ်ရဲ့လား၊ သူတို့က ဘယ်သူတွေလဲဆိုတာ မသိဘူးလား.."
"ဟိုတစ်ယောက်က အရှေ့ပိုင်းမဟာမိတ်အဖွဲ့ရဲ့ မျိုးဆက်သစ်တွေကို အလဲထိုးခဲ့တဲ့ လုံအောက် ၊ ဟိုသုံးယောက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အသန်မာဆုံး ရဲ့ညီအစ်ကို သုံးဖော်ဖြစ်တဲ့ ရဲ့ဖန် ၊ ရဲ့ချန် နဲ့ ရဲ့ထျန်း ၊ ပြီးတော့ ဟိုတစ်ယောက်က အလှရော ပါရမီပါ ပြည့်စုံတဲ့ အနောက်ပိုင်းမဟာမိတ်အဖွဲ့က သိုင်းပါရမီ နှစ်မျိုးပိုင်ရှင် ပိုင်နင်ပင်း ပဲ"
"အမ်... SSS-အဆင့် သိုင်းပါရမီရှင် တစ်ယောက်၊ SS-အဆင့် သိုင်းပါရမီရှင် သုံးယောက်နဲ့ S-အဆင့် နှစ်မျိုးပိုင်ရှင် တစ်ယောက်လား။ ချီး.. ပါရမီတွေက ကြောက်စရာ ကောင်းလိုက်တာ.."
"သူတို့က မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းပါရမီရှင်တွေ မဟုတ်လား၊ သူတို့ဆိုရင် တက္ကသိုလ်တွေကို တန်းတက်လို့ ရနေပြီပဲ။ ဘာလို့ သိုင်းစာမေးပွဲမှာ လာပြီး အဆင့်နိမ့်ပွဲတွေ လာကစားနေရတာလဲ.."
"ကြည့်ရတာ သူတို့က တစ်စုံတစ်ယောက်ကို စောင့်နေကြပုံပဲ.."
"ပါရမီရှင်တွေကြားက ကမ္ဘာတုန်မယ့် တိုက်ပွဲကြီး ဖြစ်လာတော့မှာလား.."
ပတ်ဝန်းကျင်ရှိ ဖြေဆိုသူများသည် ဤမြင်ကွင်းကို စူးစမ်းလိုစိတ်နှင့် ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ တစ်မဟာမိတ်အဖွဲ့လုံးရှိ ဤမျိုးဆက်၏ ထိပ်တန်းပါရမီရှင်များ စုဝေးခြင်းမှာ သာမန်အားဖြင့် မမြင်တွေ့နိုင်သော ခမ်းနားသည့် အဖြစ်အပျက်တစ်ခုပင်။
အဖိုးတန်အရင်းအမြစ်များ သို့မဟုတ် လျှို့ဝှက်နယ်မြေ အမွေအနှစ်များကို ရရှိထားပြီးသူများနှင့် လက်လျှော့လိုက်သူများသည် နယ်မြေစူးစမ်းမှုကို ရပ်တန့်ကာ အမြင့်ပိုင်းနေရာများတွင် နေရာယူထားကြ၏။ ခဏနေလျှင် တိုက်ပွဲဖြစ်ပွားပါက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ဖြစ်သည်။
သိုင်းစာမေးပွဲ မတိုင်မီက သူတို့သည် S-အဆင့် သိုင်းပါရမီရှိသူတစ်ဦးကိုပင် မမြင်ဖူးခဲ့ကြချေ။ ယခုအခါ S-အဆင့်ထက်ပင် ပိုမိုသာလွန်သည့် ပါရမီရှင်များမှာ သူတို့ရှေ့တွင် ရှိနေသဖြင့် မည်သို့လျှင် စူးစမ်းလိုစိတ် မရှိဘဲ နေနိုင်ပါမည်နည်း။ ဤသည်မှာ တီဗွီထဲမှာသာ မြင်ဖူးသည့် သိုင်းရုပ်ရှင်မင်းသားများက မိမိတို့ တိုက်အောက်တွင် လာရောက် ရုပ်ရှင်ရိုက်ကူးနေသကဲ့သို့ပင် ဖြစ်ရာ၊ မိမိတို့အပေါ် ထိခိုက်မှု မရှိသရွေ့ လူအများစုမှာ စူးစမ်းစွာ ကြည့်ရှုကြမည်သာ ဖြစ်သည်။
သို့သော် ကြာပန်းစိမ်းကြီး ဘေးရှိ လူငါးဦးမှာမူ အလွန်တိတ်ဆိတ်နေပြီး ၎င်းတို့၏ မျက်နှာတွင် ပျင်းရိသည့် အရိပ်အယောင်များ ပေါ်နေသည်။ အတော်ကြာပြီးနောက် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်နေသည့် လုံအောက်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည် ။
"လင်းပေ့က အစစ်အမှန်ချီအဆင့် သိုင်းသမား တစ်ယောက်ကို ရှင်းထုတ်ဖို့ ဒီလောက်တောင် အချိန်ယူနေတာလား။ ဒါနဲ့ဆို သုံးရက်ရှိပြီ သူ ရောက်မလာသေးဘူး။ ငါတော့ ပျင်းလို့ သေတော့မယ်.."
သူက ပြောရင်းနှင့် အောက်ဘက်တွင် မျက်လုံးမှိတ် တရားထိုင်နေသည့် ဆံပင်ဖြူမလေးနှင့် အတူထိုင်ကာ ရိက္ခာခြောက်များ စားနေသည့် ရဲ့ညီအစ်ကို သုံးဖော်ကို ကြည့်လိုက်သည်။ ၎င်းတို့က သူ့ကို လျစ်လျူရှုထားသဖြင့် သူ ပို၍ စိတ်တိုလာ၏ ။
"ဟေး... မင်းတို့ မစိုးရိမ်ကြဘူးလား။ လင်းပေ့က ဟို ဂူချန် ဆိုတဲ့ကောင် လက်ချက်နဲ့ အပြင်ဘက်ကို ပြန်အပို့ခံလိုက်ရတာများလား.."
"ဒါဆိုရင်တော့ လင်းပေ့ကလည်း သောက်သုံးမကျဘူး။ အဲဒီတုန်းက သူက ငါနဲ့ ဘယ်လိုလုပ် သရေကျခဲ့တာလဲ.."
"ဟေး... ညီအစ်ကိုတို့နဲ့ ညီမလေး၊ အဲဒါတွေ စားမနေဘဲ တစ်ခုခု ပြောကြစမ်းပါဦး.."
"တော်တော့.."
ပိုင်နင်ပင်းသည် သူမ၏ အပြာရင့်ရောင် မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် ။
"ဗာဂျရာ အဆင့် ၇ ရှိတဲ့ SSS-အဆင့် ပါရမီရှင် လင်းပေ့က အစစ်အမှန်သိုင်းအဆင့် တစ်ယောက်လက်ထဲမှာ ဒီလောက် အလွယ်တကူ ရှုံးနိမ့်သွားပါ့မလား.."
"သိုင်းစာမေးပွဲရဲ့ တယ်လီပို့တဲ့ နေရာတွေက ကျပန်းဖြစ်နေတာ၊ ပြီးတော့ လျှို့ဝှက်နယ်မြေကလည်း အကျယ်ကြီးပဲ။ အချိန်တိုအတွင်း လူတစ်ယောက်ကို ရှာမတွေ့တာက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ရက်အနည်းငယ်လောက် စောင့်ရတာ ဘာအရေးလဲ.."
သူမ ပြောလိုက်သည့်အခါ သူမ၏ အဖြူရောင် ဝတ်စုံမှာ လေထဲတွင် လွင့်ပျံသွားပြီး ငွေရောင်ဆံနွယ်များမှာ နေရောင်အောက်တွင် တောက်ပနေသည်။ သူမ၏ အရေပြားမှာ နှင်းကဲ့သို့ ဖြူစင်နေပြီး အေးစက်သော အမူအရာ ရှိသော်လည်း သူမ၏ လှပမှုကို ဖုံးကွယ်မထားနိုင်ချေ။ သူမ၏ လှည့်ကြည့်လိုက်သော အကြည့်တစ်ချက်မှာပင် ကြည့်ရှုနေသော ဖြေဆိုသူများကို ရင်ခုန်သွားစေသည်။
"ဟုတ်တယ် လုံအောက်၊ မလောပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ မင်းက အဆင့်တက်သွားမှာလည်း မဟုတ်ဘူး။ ဒီတော့ ခဏစောင့်ပြီးမှ ကိစ္စတွေကို ရှင်းကြတာပေါ့.."
ထိုအချိန်တွင် ဖျင်ကြမ်းအဝတ်ကို ဝတ်ဆင်ကာ ရိက္ခာခြောက်စားနေသည့် ရဲ့ဖန်ကလည်း ဝင်ရောက် ဖျောင်းဖျလိုက်သည်။ သူတို့သည် မဟာမိတ်အဖွဲ့ မတူညီကြသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က တစ်ကြိမ်သာ အတူတိုက်ခိုက်ဖူးကြသည်။ သို့သော် သူတို့အားလုံးမှာ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး မည်သူကမျှ အရှုံးမပေးလိုကြသဖြင့် အချင်းချင်း သူငယ်ချင်းအဖြစ် အဆက်အသွယ်လုပ်ကာ နောင်တစ်ချိန်တွင် ယှဉ်ပြိုင်ရန် အစီအစဉ် ရှိခဲ့ကြသည်။
ဤစောင့်ဆိုင်းမှုမှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ လင်းပေ့က သိုင်းစာမေးပွဲတွင် ရုတ်တရက် ပါဝင်လာခြင်းကို လင်းပေ့နောက်သို့ လိုက်နေသော လုံအောက်က သိရှိသွားခဲ့သည်။ လွန်ခဲ့သော နှစ်များက သူတို့နှစ်ဦးကြား အနိုင်အရှုံး မပေါ်ခဲ့သဖြင့် ယခုအခွင့်အရေးကို သူ အဆုံးရှုံးမခံလိုဘဲ သိုင်းစာမေးပွဲကို ဝင်ဖြေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပိုင်နင်ပင်းနှင့် ရဲ့ညီအစ်ကို သုံးဖော်တို့ကလည်း ထိုသတင်းကို ကြားသဖြင့် လိုက်လာကြပြီး လင်းပေ့၊ လုံအောက်တို့နှင့်အတူ ကြာပန်းစိမ်းကျွန်းတွင် ယှဉ်ပြိုင်ရန် တိုင်ပင်ခဲ့ကြ၏။
လင်းပေ့က သူတို့ငါးဦးကို ကြိုတင်ပြောထားသည်မှာ သူသည် အရင်ဆုံး တက်သစ်စလူငယ်ပါရမီရှင်တစ်ဦးကို ရှင်းထုတ်ပြီးမှ သူတို့နှင့် လာရောက်ပူးပေါင်းမည်ဟု ဆိုထားသည်။ လင်းပေ့ မရောက်လာသေးသဖြင့် သူတို့မှာ စိတ်ရှည်လက်ရှည်နှင့်သာ ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်နေကြရသည်။
သူတို့အားလုံး တည်ငြိမ်နေကြသည်ကို မြင်ရသည့်အခါ လုံအောက်မှာ ဒေါသကြောင့် မျက်နှာနီရဲလာ၏။ သူ တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ဘာပြောရမှန်း မသိသဖြင့် သစ်ပင်ပေါ်တွင် တစ်ယောက်တည်း ဒေါသတကြီး ထိုင်နေတော့သည်။ ဤမျှလောက် စောင့်ပြီးမှတော့ လမ်းတစ်ဝက်တွင် လက်မလျှော့နိုင်တော့ချေ။
'ငါ့ကို ဒီလောက်ကြာအောင် စောင့်ခိုင်းရဲတယ်၊ ခဏနေကျရင်တော့ ငါ့ရဲ့ ဒေါသတွေ ပြေသွားအောင် လင်းပေ့ သွေးအန်တဲ့အထိ ငါ ရိုက်ရမယ်..'
ပတ်ဝန်းကျင်တွင် ဖြေဆိုသူများ ပိုမိုစုဝေးလာကြပြီး ၎င်းတို့ ယူဆောင်လာသော ရိက္ခာခြောက်နှင့် သောက်စရာများကို အသင့်ပြင်ကာ တိုက်ပွဲကြီးကို ရှေ့ဆုံးကနေ ကြည့်ရှုရန် ပြင်ဆင်နေကြသည်။
ဟူးးး...
ထိုစဉ်မှာပင် ဝေးကွာသော အရပ်ဆီမှ လေထုကို ခွဲထွက်လာသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုမှာ ကြာပန်းစိမ်းကျွန်း၏ အစွန်းပိုင်းမှ လျင်မြန်စွာ ချဉ်းကပ်လာသည်။ ပတ်ဝန်းကျင်ရှိ ဖြေဆိုသူများမှာ ထိုအသံကို ကြားရသည့်အခါ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
ထိုလူမှာ အလွန်ပင် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာရာချီ ဖြတ်ကျော်ကာ ကြာပန်းစိမ်းကျွန်း၏ အလယ်ဗဟိုရှိ တောက်ပနေသော ကြာပန်းစိမ်းကြီးဆီသို့ ဦးတည်နေသည်။ ဖြေဆိုသူ အများစုမှာ ဝေဝါးသော ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရသော်လည်း ၎င်းက သူတို့ကို စိတ်လှုပ်ရှားသွားစေ၏
"ပညာရှင်တစ်ယောက် ရောက်လာပြီ.."
ဤသူသည် သူတို့ စောင့်နေသည့်သူ ဖြစ်နိုင်ပါသလော။
ရောက်လာသူမှာ ထိုလူများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ၏ တည်ငြိမ်သော အကြည့်များမှာ ကြာပန်းစိမ်းကြီး ဘေးရှိ လူငါးဦးထံသို့သာ ကျရောက်နေပြီး သူ၏ အရှိန်အဝါများကိုလည်း လုံးဝ ထိန်းချုပ်မထားချေ။ ကြာပန်းစိမ်းကြီး ဘေးရှိ ငါးဦးမှာလည်း တစ်ခုခုကို ခံစားမိလိုက်သဖြင့် မျက်လုံးများကို ပြိုင်တူဖွင့်ကာ ရောက်လာသူရှိရာ အရပ်သို့ ကြည့်လိုက်ကြသည်။
အနက်ရောင် ဝတ်စုံမှာ လွင့်ပျံနေပြီး ဆံပင်နက်များမှာ လေထဲတွင် ဝဲနေကာ နက်မှောင်သော ခရမ်းရောင် မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည့် လူတစ်ဦးကို သူတို့ မြင်လိုက်ရသည်။ သူ၏ အမူအရာမှာ ရေကဲ့သို့ တည်ငြိမ်နေ၏။
သူသည် အလွန်ပင် ချောမောသော်လည်း လင်းပေ့ မဟုတ်ချေ။
လုံအောက် : ?
ပိုင်နင်ပင်း : ??
ရဲ့ညီအစ်ကို သုံးဖော် : ???