← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

Chapter 125+126

~

အခန်း ၁၂၅+၁၂၆ : ထိပ်တန်းပါရမီရှင်များ vs လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်လူငယ်

~

​ရောက်လာသောသူမှာ လင်းပေ့ မဟုတ်သည်ကို မြင်လိုက်ရသောအခါ လုံအောက်က ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် လက်ဝှေ့ယမ်းကာ မောင်းထုတ်လိုက်သည်။

​"အခုချက်ချင်း ထွက်သွားစမ်း၊ အလကား အသားနာပြီး ပြိုင်ပွဲကနေ မထွက်ချင်စမ်းနဲ့.."

​ပြောပြီးနောက် သူသည် လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ နှလုံးသားထဲ၌ အေးစက်သော အငွေ့အသက်တစ်ခု ရုတ်တရက် တိုးဝင်လာသည်။ လုံအောက်၏ ပတ်ဝန်းကျင်တွင် ဖြူဖွေးသော ချီစွမ်းအင် များ ရုတ်တရက် ထွက်ပေါ်လာပြီး သူသည် သစ်ကိုင်းပေါ်မှ တစ်ခဏချင်း ခုန်ဆင်းကာ မီတာ ဒါဇင်နှင့်ချီသော နေရာသို့ အမြန်ရှောင်တိမ်းလိုက်ရသည်။

​ဝုန်း...

​နောက်တစ်စက္ကန့်တွင် သူထိုင်ခဲ့သော ထူထဲသည့် သစ်ကိုင်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး သစ်သားစများမှာ လေထဲတွင် လွင့်စင်ကုန်သည်။ လုံအောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ တစ်ဖက်လူ၏ ခွန်အားမှာ သာမန်မဟုတ်သည်ကို သူ သတိပြုမိသွားသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လေသံနှိမ့်ကာ မေးလိုက်သည် ။

​"မင်းက ဘယ်သူလဲ၊ ငါတို့ သိကြလို့လား.."

​ပိုင်နင်ပင်းနှင့် ရဲ့ညီအစ်ကို သုံးဖော်တို့သည်လည်း မတ်တပ်ရပ်လိုက်ကြပြီး ရောက်လာသူကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ လွင့်ပျံနေသော သစ်သားစများကြားမှ ဂူချန်သည် ပြုံးဖြီးဖြီးဖြင့် ဖြည်းညှင်းစွာ ထွက်လာပြီး...

" ငါလား ..ငါက မင်းတို့ရဲ့ အဖေလေ.."

​သူ ပြောလိုက်သည်နှင့် သူ၏ လှုပ်ရှားမှုများကလည်း တစ်ပြိုင်နက်တည်း စတင်လိုက်သည်။ သူ၏ လက်ဖဝါးမှ တောက်ပသော အစစ်အမှန်ယန်ချီ များ ပေါက်ကွဲထွက်လာပြီး မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ လုံအောက်ထံသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ဝါးအောက်တွင် ထိတ်လန့်ဖွယ်ကောင်းသော မျက်လုံးတစ်လုံး ပွင့်လာပြီး သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား များက ထိုနေရာရှိ လူငါးဦးစလုံးကို တစ်ခဏချင်း ရိုက်ခတ်သွားသည်။

​လုံအောက်၊ ပိုင်နင်ပင်းနှင့် ရဲ့ညီအစ်ကို သုံးဖော်တို့မှာ တစ်ခဏမျှ ကြောင်အသွားကြသည်။ သူတို့ သတိပြန်ဝင်လာသည့် အချိန်တွင်မူ ပူပြင်းသည့်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မီးနဂါးမှာ လုံအောက်၏ ရှေ့သို့ ရောက်ရှိနေလေပြီ။

​"စိတ်ဝိညာဉ်ကို ထိခိုက်စေတဲ့ သိုင်းပါရမီလား.."

​လုံအောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ဦးခေါင်းပေါ်ရှိ နဂါးချိုများမှာ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖြူဖွေးသော စွမ်းအင်များ လျင်မြန်စွာ လှည့်ပတ်လာပြီး သူ၏ ရှေ့တွင် အကာအကွယ်အဖြစ် အမြန်အသုံးပြုလိုက်သည်။ ထိုစွမ်းအင် ဒိုင်းမှာ အလွန်ခိုင်မာပြီး မည်သူမျှ မဖျက်ဆီးနိုင်သည့်အလား ထင်မှတ်ရသည်။ လုံအောက်ကလည်း ထိုသို့ပင် ယုံကြည်နေပေ၏။

​ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ ဖွဲ့စည်းထားသော ဤစွမ်းအင်ဒိုင်းကို နိဗ္ဗာနအဆင့် ပညာရှင်တစ်ဦးပင် ဖျက်ဆီးရန် ခဲယဉ်းလှရာ၊ အမည်မသိ ဖြေဆိုသူတစ်ဦးကမူ မည်သို့မျှ မတတ်နိုင်ဟု သူ ထင်နေသည်။ ဤသူမှာ ခွန်အားအတန်ငယ် ရှိနိုင်သော်လည်း ခွန်အားရှိရုံမျှသာ ဖြစ်မည်။ လုံအောက်သည် ဤတိုက်ကွက်ကို အလွယ်တကူ တားဆီးနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။

​သို့သော် နောက်တစ်ခဏတွင် သွေးရောင်လွှမ်းနေသော ပူပြင်းသည့် မီးနဂါးမှာ သူ၏ ရှေ့ရှိ စွမ်းအင်ဒိုင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။

​ဝုန်း..

​စွမ်းအင်ဒိုင်းပေါ်တွင် လိမ္မော်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပူပြင်းလှသော အပူလှိုင်းမှာ အရပ်မျက်နှာ အနှံ့သို့ ချက်ချင်း ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင် လေထုမှာလည်း ပြင်းထန်စွာ တုန်ခါသွား၏။

​"ဘာ..."

လုံအောက်က ထိတ်လန့်တုန်လှုပ်စွာ ဟော်ဟစ်လိုက်သည်။

​စွမ်းအင်ဒိုင်းပေါ်ရှိ လေစီးကြောင်းမှာ အလွန်အမင်း တုန်ခါနေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ကြီးမားသော ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။ ကုလားကာပေါ်တွင် လှိုင်းတွန့်များ ဆက်တိုက် ဖြစ်ပေါ်လာပြီး ၎င်းကို ဖွဲ့စည်းထားသော လေစီးကြောင်းမှာလည်း မတည်မငြိမ် ဖြစ်လာကာ စတင် ပြိုကွဲလာသည်။

​လုံအောက်၊ ပိုင်နင်ပင်းနှင့် အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် စွမ်းအင်ဒိုင်းမှာ တစ်ခဏချင်း ပေါက်ထွက်သွားသည်။ ပူပြင်းလှသော အပူလှိုင်းမှာ အတားအဆီးကို ဖြတ်ကျော်ကာ လုံအောက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။

​ဂျွတ်....

​အရိုးကျိုးသံနှင့်အတူ လုံအောက်၏ ရင်ဘတ်ပေါ်ရှိ အဝတ်အစားများမှာ မြင့်မားသော အပူချိန်ကြောင့် လောင်ကျွမ်းသွားသည်။ သူ၏ ရင်ဘတ်မှာ မည်းနက်သွားပြီး အနည်းငယ် ချိုင့်ဝင်သွား၏။ သူ ပြင်းထန်သော အားကြောင့် လွင့်ထွက်သွားကာ နောက်ကွယ်ရှိ သစ်ပင်ကြီး ဒါဇင်ကျော်ကို ဝင်တိုက်မိပြီးနောက် မြေပြင်ပေါ်တွင် ဆယ်ကြိမ်မက လိမ့်သွားပြီးမှ ရပ်တန့်သွားတော့သည်။

​လုံအောက်သည် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။ သူရပ်ခဲ့သော မြေပြင်မှာလည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပြိုကျသွားပြီး အက်ကြောင်းများစွာ ဖြစ်ပေါ်သွားသည်။

​ဟူး

​ကြည့်ရှုနေသူများအားလုံးမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။ အရှေ့ပိုင်းမဟာမိတ်အဖွဲ့၏ အသန်မာဆုံး ပါရမီရှင်၊ SSS-အဆင့် သိုင်းပါရမီရှင် တစ်ဦးမှာ တစ်ချက်တည်းနှင့် လွင့်ထွက်သွားပြီး သွေးအန်သွားရသည်လော။

' ဒီနေ့ သိုင်းစာမေးပွဲရဲ့ အဆင့်က အရမ်းမြင့်နေတာများလား၊ တစ်ယောက်ပြီးတစ်ယောက် ဘာလို့ ဒီလောက်တောင် သန်မာနေကြတာလဲ..'

​[အိမ်ရှင်သည် အရှေ့ပိုင်းမဟာမိတ်အဖွဲ့မှ ကျောင်းသားတစ်ဦးအား ရင်ဘတ်ကို ပြင်းထန်စွာ နှိပ်နယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းမွန်စေရန်နှင့် ကြွက်သားနာကျင်မှုကို သက်သာစေရန် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၁၀၀]

​ဂူချန်သည် အချိန်မဆွဲတော့ဘဲ တစ်ဖက်လူ၏ အနားသို့ ချက်ချင်း ရောက်ရှိသွားကာ ကြေကွဲ ဝိညာဉ်လက်ဝါး ဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။

​'မြန်လိုက်တာ..'

​လုံအောက်၏ မျက်စိ ကျဉ်းမြောင်းသွားပြီး စွမ်းအင်ဒိုင်းတစ်ခုကို ထပ်မံ အသုံးပြုလိုက်သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ချော်ရည်များကဲ့သို့ ပူပြင်းသော အားတစ်ခု ပေါက်ကွဲထွက်လာသည်။ စွမ်းအင်ကုလားကာမှာ စက္ကူတစ်ချပ်အလား ပျက်စီးသွားပြီး မီးခိုးရောင် လက်ဝါးကြီးမှာ လုံအောက်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

​ချလွမ်...

​ရုတ်တရက် မီတာ ဒါဇင်နှင့်ချီ ကြီးမားသော ဓားကြီးတစ်လက်၏ ပုံရိပ်ယောင်မှာ ကောင်းကင်ယံတွင် ပေါ်လာပြီး မီးခိုးရောင် လက်ဝါးကြီး၏ အလယ်ဗဟိုကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ ဓားဆီမှ အသံများ ထွက်ပေါ်လာပြီး ထူးဆန်းသော သင်္ကေတများစွာမှာ တောက်ပစွာ လက်နေကာ လက်ဝါးကြီးပေါ်ရှိ မီးခိုးရောင် မြူထုများနှင့် တိုက်ခိုက်နေသဖြင့် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

​ဝုန်း ဆိုသည့် အသံနှင့်အတူ ဓားပုံရိပ်ယောင်မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော ရဲ့ညီအစ်ကို သုံးဖော်မှာ ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်ဆုတ်သွားရပြီး ဖုန်မှုန့်များ လွင့်စင်ကုန်ကာ ၎င်းတို့၏ မျက်နှာမှာ အလွန်ပင် လေးနက်နေ၏။ မီးခိုးရောင် လက်ဝါးကြီးမှာလည်း အတော်ပင် ပျက်စီးသွားသဖြင့် လုံအောက်ရှေ့ရှိ စွမ်းအင်ဒိုင်းကို အနည်းငယ် တုန်ခါသွားစေရုံသာ တတ်နိုင်တော့ပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

​တစ်ဖက်လူက ထပ်မံ တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသဖြင့် ရဲ့ညီအစ်ကို သုံးဖော်ထဲမှ အကြီးဆုံးဖြစ်သူ ရဲ့ဖန်က အလျင်အမြန် အော်ဟစ်လိုက်သည် ။

"မင်းက ဘယ်သူ့ဆီမှာ ပညာသင်ခဲ့တာလဲ။ တိုက်ခိုက်ချင်ရင် ပွင့်ပွင့်လင်းလင်း တရားမျှတစွာ တိုက်ခိုက်ပါ။ ဘာလို့ လူယုတ်မာတစ်ယောက်လို ခိုးပြီး အလစ်ဝင်တိုက်တာလဲ.."

​ပိုင်နင်ပင်းသည်လည်း ရှေ့သို့ လှမ်းလာပြီး သူမ၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ချိုးကာ လေသံနှိမ့်၍ ပြောလိုက်သည် ။

"ဒီလူမှာ တစ်ခုခု မှားနေပြီ။ ငါတို့ရဲ့ တယ်လီပို့လက်ပတ်တွေ အခိုးခံလိုက်ရပြီ..."

​ထိုစကားကို ကြားလိုက်ရသည့်အခါ လုံအောက်နှင့် ရဲ့ညီအစ်ကို သုံးဖော်တို့၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့သည် သူတို့၏ လက်ကောက်ဝတ်ကို အမြန်ကြည့်လိုက်ကြသည့်အခါ တယ်လီပို့လက်ပတ်များမှာ တကယ်ပင် မရှိတော့ချေ။

'​ချီး... ဘယ်တုန်းကလဲ..'

​သူတို့အားလုံး ခုနက တစ်ခဏမျှ ကြောင်အသွားခဲ့သည့် အချိန်ကို သတိရလိုက်ကြသည်။

' အဲဒီအချိန်တုန်းကများလား။ ဘယ်လိုလုပ် ဒီလောက်တောင် မြန်နိုင်ရတာလဲ..'

သူတို့ငါးဦးမှာ နေရာသုံးခုတွင် ကွဲပြားစွာ ရပ်နေကြပြီး ကြောင်အသွားသည့် အချိန်မှာလည်း တစ်စက္ကန့်ပင် မပြည့်ချေ။ သူတို့၏ မျက်နှာများ မည်းနက်သွားပြီး ဂူချန်ကို ကြည့်နေသည့် အကြည့်များမှာ အလွန်ပင် ရန်လိုလာတော့သည်။

​' တယ်လီပို့လက်ပတ်ကို ခိုးယူတာ... သူ ငါတို့အားလုံးကို သတ်ချင်နေတာပဲ..'

​"ဟီးဟီးဟီး..."

​ဂူချန်သည် သူ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဖုံးကွယ်မထားတော့ချေ။ သူ၏ သွယ်လျသော လက်ဖဝါးများမှာ တဖြည်းဖြည်း နီရဲကာ ထိတ်လန့်ဖွယ် ကောင်းလာပြီး ဖျက်ဆီးခြင်း အငွေ့အသက်များက သူတို့ထံသို့ တိုးဝင်လာသည်။

​သူ၏ ဗာဂျရာအဆင့် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်း ခွန်အားမှာ ပေါ်ထွက်လာသည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မီတာ တစ်ရာအတွင်းရှိ သစ်ပင်များနှင့် မြက်ခင်းများကို အရည်ပျော်သွားစေသည်။ ထို့နောက် မီတာ တစ်ရာခန့် မြင့်မားသော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အနှံ့သို့ ဆက်တိုက် ပြန့်နှံ့သွားတော့သည်။

​ဤအချိန်တွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် မီတာ တစ်ထောင်ခန့် ဝေးကွာသော နေရာရှိ ကြည့်ရှုနေသူများပင်လျှင် သူတို့၏ နောက်ကျောတွင် လေးလံသော အရာတစ်ခု ရှိနေသကဲ့သို့ ခံစားနေကြရသည်။

​"အဆင့် ၄ ထိပ်ဆုံးအဆင့်လား.."

​လှိုင်းလုံးကြီးများအလား ဖိအားများကို ခံစားလိုက်ရသဖြင့် ရဲ့ဖန်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ သူက လေးနက်သော အသံဖြင့် သတိပေးလိုက်သည် ။

​"မင်း သေချာ စဉ်းစားသင့်တယ်နော်။ ငါတို့အားလုံးကလည်း ဗာဂျရာအဆင့် နောက်ဆုံးအဆင့် တွေပဲ။ ငါတို့က မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းပါရမီရှင်တွေ၊ မင်းနဲ့လည်း ဘာရန်ငြိုးမှ မရှိဘူး။သူသေ ကိုသေ တိုက်ခိုက်ဖို့ လိုလို့လား.."

​"ဒါ့အပြင် မင်းက တကယ်ပဲ ငါတို့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေတာလား.."

​သူ ပြောပြီးသည်နှင့် ရဲ့ဖန်၊ ရဲ့ချန်၊ ရဲ့ထျန်း၊ လုံအောက်နှင့် ပိုင်နင်ပင်းတို့၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်လာသည်။ အစစ်အမှန်ချီများ ထွက်ပေါ်လာပြီး ကျွန်းပေါ်ရှိ မီတာ တစ်ထောင်အတွင်း လေပြင်းများ တိုက်ခတ်လာသည်။ သူတို့၏ အငွေ့အသက်များမှာ အလွန်ပင် ခိုင်မာထည်ဝါလှပြီး ပြာလုလု စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲကာ ဂူချန်၏ နီရဲသော စွမ်းအင်လှိုင်းများနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။

​မမြင်နိုင်သော စွမ်းအင်လှိုင်း တစ်ချက်စီတိုင်းမှာ ရှေးဟောင်းသစ်ပင်ကြီး ဒါဇင်ပေါင်းများစွာကို လဲပြိုသွားစေနိုင်သည်။ ကြာပန်းစိမ်းကျွန်း၏ အလယ်ဗဟို ကောင်းကင်ယံတွင် သွေးရောင်လွှမ်းနေသော တိမ်တိုက်များနှင့် ကြည်လင်သော ကောင်းကင်ယံတို့မှာ နယ်မြေလုနေကြသည့်အလား ဖြစ်နေပြီး ၎င်းမှာ မကောင်းမှုနှင့် တရားမျှတမှုတို့၏ တိုက်ပွဲကြီးသဖွယ် ထင်မှတ်ရသည်။

​ကျွန်းပေါ်ရှိ ဖြေဆိုသူများနှင့် ထူးဆန်းသော သားရဲများအားလုံးမှာ သူတို့ လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး ကမ္ဘာတုန်ခါနေသည့် စွမ်းအင်ပေါက်ကွဲမှုကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရကာ တိုက်ပွဲဖြစ်ပွားရာ ဗဟိုချက်ဆီသို့ လှည့်ကြည့်နေကြတော့သည်။

​မဟာမိတ်ငါးဖွဲ့မှ ထိပ်တန်းပါရမီရှင်များ နှင့် ဆန်းကြယ်သောအနက်ရောင်ဝတ်စုံဝတ် လူငယ်။

​ဝုန်း...

​နားကွဲမတတ် ကျယ်လောင်သော အသံကြီးနှင့်အတူ သွေးရောင်တိမ်တိုက်များမှာ လိမ့်ဆင်းလာပြီး ထိုငါးဦးကို အရင်ဆုံး ဖိနှိပ်လိုက်သည်။ တစ်ချက်တည်းနှင့်ပင် အရာအားလုံး စတင်လိုက်တော့သည်။ ထိုနေရာရှိ လူခြောက်ဦးစလုံးမှာ သူတို့ ရပ်နေသည့် နေရာမှ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး အချင်းချင်းထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။ တိုက်ပွဲကြီးမှာ စတင်တော့မည် ဖြစ်သည်။

All Chapters