အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
Chapter 129+130
~
အခန်း ၁၂၉+၁၃၀
~
ငါ ထရပ်မယ်၊ ငါ ထရပ်မယ်၊ ငါ... ပြန်တိုက်မယ်
[အိမ်ရှင်သည် ကောင်းကင်ဘုံကိုယ်စား ဆောင်ရွက်ပြီး သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေအတွင်းရှိ ဖြေဆိုသူများ၏ တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် တရားမဝင် အုပ်စုဖွဲ့ခြင်းတို့ကို နှိမ်နင်းကာ ပြင်းထန်စွာ အပြစ်ပေးခြင်းဖြင့် သိုင်းစာမေးပွဲ၏ စည်းစနစ်ကို ပြန်လည်ထိန်းသိမ်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၂၅၀၀]
[အိမ်ရှင်သည် ကြာပန်းစိမ်းကျွန်း၏ မြေဆီလွှာကို ပြုပြင်ပေးခြင်း၊ မြေဩဇာ ကျွေးခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် မြေသားဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်အောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၁၀၀၀]
[လက်ရှိ စေတနာတန်ဖိုး - ၉၅၆၄]
'လမ်းတစ်လျှောက်မှာ ငါ ဒုက္ခပေးခဲ့တဲ့ ဖြေဆိုသူတွေဆီက ရတဲ့ စေတနာတန်ဖိုးတွေနဲ့ ပေါင်းလိုက်ရင် ငါ့ရဲ့ စုစုပေါင်းတန်ဖိုးက တစ်သိန်းနား ကပ်နေပြီပဲ..'
ဂူချန်သည် စိတ်ကျေနပ်သွားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထပ်ပြီး မြှင့်တင်နိုင်တော့မည်ဟု သူ ခံစားရသည်။ သူ အဆင့် ၄ ထိပ်ဆုံးအဆင့်သို့ တက်လှမ်းခဲ့သည်မှာ တစ်ပတ်နီးပါး ရှိခဲ့ပြီဖြစ်ရာ တကယ့်ကို အချိန်အတော်ကြာခဲ့ပြီဟု ဆိုရမည်။
ဂူချန်သည် ကျင်းထဲတွင် တွန့်လိမ်နေသော ရဲ့ဖန်နှင့် အဝေးသို့ လွင့်စင်သွားကြသော ရဲ့ထျန်း၊ ရဲ့ချန်တို့ကို တစ်ချက်ကြည့်ကာ ရယ်မောရင်း ခေါင်းခါလိုက်သည်။ မဟာမိတ်အဖွဲ့၏ ဤထိပ်တန်းပါရမီရှင်များမှာ အမှန်တကယ်ပင် ခွန်အားအနည်းငယ် ရှိကြသည်။ တစ်ယောက်ချင်းစီမှာ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသည့် ပါရမီရှင်များ ဖြစ်ကြသည်။ အကယ်၍ အခြားတစ်နေရာတွင်သာ ဆိုလျှင် သူတို့သည် အနှိုင်းမဲ့ ပုဂ္ဂိုလ်များ ဖြစ်နေကြပေလိမ့်မည်။
သို့သော်လည်း ကံဆိုးစွာဖြင့် သူတို့သည် ရွှေလက်ချောင်းပိုင်ရှင်ဖြစ်သော သုံးထားသော သူနှင့် လာတွေ့နေလေ၏။ S-အဆင့် အသက်ရှူကျင့်စဉ်ဖြစ်သော နေမင်းစကြာယန်ကျင့်စဥ်၏ အဆင့်၈ ပြီးပြည့်စုံခြင်းမှ ရရှိသော အစစ်အမှန်ယန်ချီ၊ S-အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ဖြစ်သော ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ် ၏ အဆင့် ၈ ပြီးပြည့်စုံခြင်းမှ ရရှိသော ခန္ဓာကိုယ်ခွန်အား၊ ထို့ပြင် ရွယ်တူတန်းတူများကြားတွင် ပြိုင်ဘက်ကင်းသည့် ရွှေခန္ဓာ ၊ အမျိုးမျိုးသော အထူးနည်းပညာများ၊ ဒုတိယမြောက် နှလုံးသားတစ်ခု၊ SSS-အဆင့် သိုင်းပါရမီ နှစ်ခု...
များလွန်းလှသည်။ တကယ်ပင် များလွန်းလှသည်။ အမျိုးမျိုးသော အစွမ်းမြှင့်တင်မှု များကြောင့် ဂူချန်သည် သူကိုယ်သူ အဆင့် ၆ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ပညာရှင်တစ်ဦးကိုပင် စိန်ခေါ်နိုင်သည်ဟု ခံစားနေရသည်။ ယခုအချိန်တွင် ယွင်ယန် ကဲ့သို့သော အဆင့် ၅ နိဗ္ဗာနအဆင့် သိုင်းသမားတစ်ဦးကို သူ စိတ်ကြိုက် ချေမှုန်းနိုင်ပြီး ၎င်းတို့မှာ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ချေ။
ဂူချန်သည် သူ၏ လက်ထဲတွင် တင်းကျပ်စွာ ဖမ်းဆုပ်ထားသော လုံအောက်ထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ တည်ငြိမ်သော အမူအရာဖြင့် သူ၏ လက်ဖဝါးမှ ဖိအားကို ဖြည်းဖြည်းချင်း တိုးလိုက်တော့သည်။
တောက်...
လုံအောက်၏ မျက်နှာပေါက် ခြောက်ပေါက်မှ သွေးများ ထွက်လာပြီး သူ၏ အမြင်အာရုံမှာ နီရဲကာ ဝေဝါးလာသည်။ သူ၏ ခန္ဓာကိုယ်မှာ အင်အားကုန်ခမ်းနေပြီး သူ၏ သတိတရားမှာလည်း မှောင်မိုက်ခြင်းထဲသို့ တဖြည်းဖြည်း နစ်ဝင်နေပြီ ဖြစ်သည်။
' ငါ.. ဒီမှာတင်ပဲ ပြီးဆုံးတော့မှာလား။ ငါ... သေတော့မှာလား..'
သူ၏ အသက်စွမ်းအားများ ပျောက်ကွယ်နေသည်ကို သူ ခံစားနေရသည်။ အသက်ဓာတ် အစိပ်အပိုင်းလေးများမှာ ကြယ်စင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး လောကကြီးထဲသို့ ပျောက်ကွယ်နေကြသည်။ သေခြင်းတရားမှာ သူ့အနားသို့ ဤမျှလောက် နီးကပ်လာသည်ကို သူ တစ်ခါမျှ မခံစားဖူးချေ။
ဤအချိန်တွင် သူသည် သူ၏ မိသားစုကို ရုတ်တရက် သတိရလိုက်သည်။ သူ၏ မိဘများနှင့် ဆရာ၏ မျက်နှာများမှာ သူ၏ စိတ်ထဲတွင် ပေါ်လာပြီး ရင်းနှီးနွေးထွေးသော ပုံရိပ်များမှာ သူ၏ မျက်စိရှေ့တွင် လျှပ်ခနဲ ဖြတ်ပြေးသွားကြသည်။
"သား... အမေတို့လို ပြင်ပလူမျိုးစုတွေက လူသားမဟာမိတ်အဖွဲ့ထဲမှာ ကြိုဆိုခြင်း မခံရပေမဲ့၊ အဲဒါကြောင့်နဲ့တော့ စိတ်ဓာတ်မကျရဘူး။ နောက်ကျရင် သန်မာတဲ့ ယောကျ်ားတစ်ယောက် ဖြစ်လာပါ့မယ်လို့ မေမေ့ကို ကတိပေးနော်.."
"အစ်ကိုကြီးက အရမ်းတော်တာပဲ။ မိသားစုရဲ့ နဂါးသွေး လျှို့ဝှက်နည်းစနစ် အခြေခံကို တစ်ရက်တည်းနဲ့ တတ်မြောက်သွားတာပဲ။ ညီမလေးကိုလည်း သင်ပေးပါဦးနော်၊ အစ်ကိုကြီး... နော်လို့.."
"ဟားဟားဟား... ငါ့သားတဲ့ကွ။ SSS-အဆင့် ပါရမီကို နိုးထစေနိုင်ခဲ့တာပဲ။ မင်းက ပြင်ပလူမျိုးစု ဖြစ်နေရင်တောင် လူသားမဟာမိတ်အဖွဲ့က မင်းကို ဝိုင်းလုနေကြမှာပဲ ။ ဟားဟားဟား... မင်းက နောက်ကျရင် မင်းအဖေထက်တောင် သေချာပေါက် ပိုသန်မာလာမှာ.."
"ရှောင်အောက်... ဒီတစ်ခါ လူသားမဟာမိတ်အဖွဲ့ဆီ ပညာသင်သွားရင် အစားကောင်းကောင်းစားပြီး ကျင့်ကြံခြင်းကို ကြိုးစားလုပ်ရမယ်နော်။ ဦးလေးက မင်းပြန်လာမှာကို အမြဲစောင့်နေမယ်.."
"လုံအောက်... မင်းက မျိုးမစစ်ပဲ။ မင်းက လူတွေကို မပြောအောင် တားနိုင်မှာလား။ မျိုးမစစ်... မျိုးမစစ်... မျိုးမစစ်..."
"လုံအောက်... ဒီနေ့ ကျင့်ကြံခြင်းမှာ ဘာလို့ ထပ်ပျင်းနေရတာလဲ။ ဆရာက မင်းကို အနားမယူခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်ပလူမျိုးစု တစ်ယောက်အနေနဲ့ တစ်မဟာမိတ်အဖွဲ့လုံးက မင်းကို ရယ်စရာအဖြစ် မြင်ဖို့ စောင့်နေကြတာ။ မင်းက ပြင်ပလူမျိုးစုတွေကို လူတွေက အမြဲတမ်း အထင်သေးနေတာကို တကယ်ပဲ သည်းခံနိုင်လား.."
"လုံအောက်... လုံအောက်... လုံအောက်.."
ခေါ်သံများမှာ လုံအောက်၏ နားထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းစွာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားအစိတ်အပိုင်းတစ်ခုမှာ ဤအချိန်တွင် အံ့ဩဖွယ်ရာ ပေါ်ထွက်လာသည်။
'မဖြစ်ဘူး... မဖြစ်ဘူး... မဖြစ်ဘူး... ငါ သေလို့ မဖြစ်ဘူး..'
'ငါ့မိဘတွေက ငါ အိမ်ပြန်လာမှာကို စောင့်နေကြတုန်းပဲ..'
'ငါ့ညီမလေးကလည်း သူ့အတွက် ငါယူလာပေးမယ့် လက်ဆောင်ကို စောင့်နေတုန်းပဲ..'
'လီယောင် ကလည်း ငါ့ကို စောင့်နေတုန်းပဲ..'
'မျိုးနွယ်စုတစ်ခုလုံးရဲ့ မျှော်လင့်ချက်က ငါ့အပေါ်မှာ ရှိနေတာ။ နောက်ကျရင် ပြင်ပလူမျိုးစုတွေကို ပြန်လည် ထူထောင်ပေးဖို့ ငါ့ကို စောင့်နေကြတာ..'
'ငါ ဘယ်လိုလုပ် လဲကျလို့ ဖြစ်မှာလဲ။ ငါ လဲကျလို့ မဖြစ်ဘူး..'
'ငါ သေချာပေါက် လဲကျလို့ မဖြစ်ဘူး..'
'ငါ ထရပ်မယ်... ငါ ထရပ်မယ်... ငါ...'
'ပြန်တိုက်မယ်... အား..'
ဝူး.....
အားနည်းစွာ မှိတ်ထားသော လုံအောက်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်လာသည်။ သွေးစွန်းနေသော သူ၏ မျက်လုံးအိမ်များမှ ဖော်ပြ၍မရနိုင်သော တောက်ပမှုများ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ဖြူဖွေးသော စွမ်းအင်စီးကြောင်းများမှာ အရပ်မျက်နှာ အနှံ့မှ မုန်တိုင်းလှိုင်းများအလား တိုးဝင်လာပြီး လုံအောက်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားတော့သည်။
မမြင်နိုင်သော တုန်ခါမှုလှိုင်းတစ်ခုမှာ ပြန့်နှံ့သွားသည်။ လုံအောက်၏ လည်ပင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ထားသော ဂူချန်၏ လက်ဖဝါးမှာ အားတစ်ခုကြောင့် ဖယ်ထုတ်ခြင်း ခံလိုက်ရပြီး လေထဲတွင် ပြည့်နှက်နေသော ဖြူဖွေးသည့် မြူထုများကြောင့် သူသည်လည်း နောက်သို့ လွင့်ထွက်သွားရသည်။
"အို... သူက ခွန်အားတွေ ထပ်တိုးနိုင်သေးတာလား.."
ဂူချန်သည် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထူးဆန်းသော ဖြူဖွေးသည့် မြူထုများ ဝန်းရံထားသည့် အဝေးမှ ပုံရိပ်ကို ကြည့်ကာ သူ၏ မျက်ခုံးကို ပင့်လိုက်သည်။ တိုက်ပွဲက ပြီးဆုံးတော့မည်ဟု ထင်မှတ်နေကြသော ကြည့်ရှုနေသူ ဖြေဆိုသူများ၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားကြ၏။ သူတို့သည် သူတို့၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်ကာ ဤမြင်ကွင်းကို အံ့ဩတုန်လှုပ်စွာ စောင့်ကြည့်နေကြတော့သည်။
'မျက်နှာပေါက် ခြောက်ပေါက်ကနေ သွေးထွက်တဲ့အထိ လည်ပင်းညှစ်ခံထားရတာတောင် သူက ရုန်းထွက်နိုင်သေးတာလား..'
'ဒါ..ဒါ ဖြစ်နိုင်ပါ့မလား...'
ဗုန်း.. ဗုန်း.. ဗုန်း...
တောင်ကုန်းငယ်ကို ဖုံးလွှမ်းထားသော ကျောက်တုံးများမှာ လွင့်ထွက်သွားပြီး ဒဏ်ရာများစွာ ရထားသော ပိုင်နင်ပင်းမှာ အထဲမှ တွားသွား၍ ထွက်လာသည်။ သူမသည် ရောင်ကိုင်းနေသော သူမ၏ မျက်နှာကို မော့ကြည့်ကာ လေထဲတွင် ဝဲပျံနေသော လုံအောက်ကို တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်လှသော စိတ်အခြေအနေမှာ ဒုတိယအကြိမ်အဖြစ် တုန်လှုပ်သွားရပြန်သည်။
'ဒါက လုံအောက်လား...'
'ငါ ဝန်ခံပါတယ်၊ ငါ နင့်ကို အရင်က အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ အခုတော့... ငါ နင့်ကို အသိအမှတ်ပြုလိုက်ပြီ..'
မြေကြီးနှင့် ကျောက်တုံးများအောက်တွင် မြုပ်နေသော ရဲ့ဖန်မှာလည်း အံ့ဩဖွယ်ရာ အသက်ရှင်နေသေးသည်။ သူသည် ကျန်ရှိနေသေးသော သူ၏ မျက်လုံးတစ်ဖက်ကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ ၎င်းထဲတွင် မျှော်လင့်ချက် အလင်းတန်းများ ပေါ်နေသည်။
' မင်းတစ်ယောက်ပဲ ဒီအခြေအနေကို ပြောင်းလဲနိုင်တော့မယ်.. '
သစ်ပင်ကြီးကို မှီကာ သွေးများ ထွေးထုတ်နေကြသော ရဲ့ချန်နှင့် ရဲ့ထျန်းတို့သည်လည်း သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ကြပြီး အဝေးကို လှမ်းကြည့်နိုင်ရန် သူတို့၏ ခန္ဓာကိုယ်ကို အားတင်းကာ ထိန်းထားကြသည်။
' လုံအောက်... မင်း သေချာပေါက် အောင်မြင်ရမယ်..မင်း သေချာပေါက် လုပ်နိုင်ရမယ်..'
ဤအချိန်တွင် လုံအောက်သည် ကောင်းကင်ယံ၌ ဟိန်းဟောက်လိုက်ရာ သူ၏ အလျှော့မပေးလိုသော အော်ဟစ်သံမှာ တိမ်တိုက်များကို ဖြတ်ကျော်ကာ ပဲ့တင်ထပ်သွားသည်။ ထိုခဏ၌ လောကကြီးတစ်ခုလုံးမှာ သူ၏ မဆုတ်မနစ်သော ပြင်းထန်သည့် စိတ်ဆန္ဒကို တုံ့ပြန်နေသကဲ့သို့ပင်။
အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်လာသည်။
လုံအောက်၏ သွေးစွန်းနေသော မျက်လုံးများမှာ ကြည်လင်မှုကို ပြန်လည်ရရှိလာပြီး သူ၏ မျက်နှာပေါက် ခြောက်ပေါက်မှ စီးကျနေသော သွေးများမှာလည်း ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည် စီးဝင်သွားသည်။ သူ၏ ဒဏ်ရာအားလုံးမှာ ထူးဆန်းသော နည်းလမ်းဖြင့် ပြန်လည် ကောင်းမွန်လာတော့သည်။
"ငါ့ရဲ့ သိုင်းပါရမီက မျိုးဗီဇပြောင်းလဲသွားပြီ .."
လုံအောက်သည် လက်ရှိ အခြေအနေကို ချက်ချင်း နားလည်သွားသည်။ SSS-အဆင့် သိုင်းပါရမီဖြစ်သော ကောင်းကင်နှင့်မြေကြီး ချီစွမ်းအင်တစ်ခုတည်းသည် သူ၏ အကြီးမားဆုံးသော မျှော်လင့်ချက်မဲ့မှုနှင့် ဝမ်းနည်းမှု အခိုက်အတန့်တွင် နောက်ဆုံးအကြိမ်အဖြစ် တောက်ပလာကာ စွမ်းရည်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ကောင်းကင်၊ မြေကြီးနှင့် လူသားဟူသော ချီစွမ်းအင် သုံးမျိုး၏ ပေါင်းစပ်မှု - SSS-အဆင့် မျိုးဗီဇပြောင်း ပါရမီအသစ်၊ စွမ်းအင်သုံးမျိုး ပြန်လည်ဆုံစည်းခြင်း ...
လုံအောက်သည် လေထဲတွင် ဝဲပျံနေပြီး သူ၏ လက်များကို ဆန့်ထုတ်လိုက်ရာ အတိုင်းအဆမရှိသော ကောင်းကင်၊ မြေကြီးနှင့် လူသားစွမ်းအင်များမှာ သူ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် သူ့ကို အဆုံးမဲ့သော ခွန်အားများ ပေးနေသကဲ့သို့ ထင်ရသည်။ သူသည် မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်ကို ကြည့်ရန် သူ၏ ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ အဝေးကနေ ကြည့်လျှင်ပင် သူ၏ အကြည့်ထဲတွင် အတိုင်းအဆမရှိသော ဒေါသများ ကိန်းအောင်းနေသည်ကို ခံစားရနိုင်သည်။
"သူ... သူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအားလုံး ပျောက်ကွယ်သွားပြီလား.."
ကြည့်ရှုနေသော ဖြေဆိုသူတစ်ဦးက သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ အံ့ဖွယ်အမှုတစ်ခုမှာ သူ၏ ရှေ့တည့်တည့်တွင် ဖြစ်ပျက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ။ မယုံနိုင်စရာပဲ.."
တစ်ယောက်ကမူ တုန်ရီနေသော အသံဖြင့် ပြောလိုက်ပြီး ဤမြင်ကွင်းမှာ အမှန်တကယ် ဟုတ်မဟုတ်ကို မျက်လုံးအပြူးသားဖြင့် အတည်ပြုရန် ကြိုးစားနေသည်။
"ဒါက မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းပါရမီရှင်လား.."
တစ်စုံတစ်ယောက်၏ မျက်လုံးများမှာ တောင့်တမှုများဖြင့် တောက်ပနေသည်။
"ပါရမီ မျိုးဗီဇပြောင်းတာလား။ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ.."
ကောင်းကင်ယံမှ လုံအောက်၏ အနှိုင်းမဲ့သော အရှိန်အဝါကို ကြည့်ကာ ဂူချန်၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ စိတ်ထဲမှသာ ခေါ်လိုက်သည် ။
"စနစ် ... ငါ့ရဲ့ အမှတ်တွေကို ပေါင်းထည့်ချင်တယ်"
'မင်းက ဇာတ်ကောင်ဒိုင်း သုံးတာပဲ မဟုတ်လား။ ငါလည်း သုံးလို့ရတာပဲ..'