← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

61

"ရန်ကော ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်က ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော့်ကိုလည်း ပြပါဦး”

ဘေးနားတွင်ရပ်နေသည့် လီတာဝေက မနာလိုစိတ်အနည်းငယ်ဖြင့် ကိုယ်ကိုကိုင်းပြီး ကပ်ပြောလာသောအခါ ချင်ရန်က ဘာမှမပြောဘဲ ဆုတံဆိပ်ကို သူ့လက်ထဲသို့အသာ ထည့်ပေးလိုက်သည်။

ထိုအခါ ကျောက်ကျိဝေကလည်း ကြည့်ဖို့ရာအတွက် အပြေးအလွှား ရောက်လာခဲ့သည်။ ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုတံဆိတ်နဲ့အတူ ဆုငွေ ယွမ်တစ်သောင်းကိုလည်း ရခဲ့သည် ဆိုသည်ကို သူကြားလိုက်သည်။

ကျောက်ကျိဝေနှင့် လီတာ‌ဝေတို့သည်ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်နဲ့ လက်မှတ်ကို ကိုင်ထားရင်း လက်ကမချချင်အောင် ဖြစ်နေကြသည်။ ဤဆုကိုသာ သူတို့ကိုယ်တိုင် ရခဲ့မယ်ဆိုရင်

ဘယ်လောက်တောင် ကောင်းလိုက်မလဲဟုလည်း တွေးမိကြသေးသည်။

"တစ်နေ့ကျရင် ငါလည်း ဒီဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုကို ရကိုရစေရမယ်”

လီတာဝေသည် ကြုံးဝါးလိုက်သည်။ ကျောက်ကျီဝေသည်လည်း ထိုနည်းတူစွာပင် စိတ်ထဲကြုံးဝါးလိုက်သည်။

အနီးအနားမှာရှိသည့် ရှကျဲက ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို မြင်သည့်အခါတွင် သူမ၏ အကြည့်များက တစ်စုံတစ်ခုအား သတိရသွားသည့်အလား မျက်လုံးများသည် ထူးထူးခြားခြား လှုပ်ရှားသွားခဲ့သည်။

သူမ ဘေးတွင်ရပ်နေသည့် ချင်ရန်က ဤအရာကိုသတိထားမိပြီး လေသံတိုးတိုးနှင့် မေးလိုက်သည်။

"ရှကျဲ ဘာဖြစ်လို့လဲ”

ရှကျဲက ခေါင်းကို အသာအယာခါယမ်းပြီး တိုးတိုးလေး ပြန်ပြောလာသည်။

"ဘာမှမဟုတ်ပါဘူး၊ အဖေကို သတိရသွားလို့ပါ၊ အဖေ့မှာလည်း အဲလို ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုတစ်ခု ရှိတယ်လေ အဲဒါကို သတီရသွားလို့ပါ”

ထိုစကားကို ကြားလိုက်ရသည့် ချင်ရန်ရဲ့ မျက်လုံးတွေသည် လက်ခနဲ ဖြစ်သွားသည်။

ရှကျဲ၏အဖေက ညွှန်ကြားရေးမှူးဆုန့်ကို ကယ်တင်ရင်း အသက်စွန့်ခဲ့ရသဖြင့် ဤဒုတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်

ချင်ရန်သည် ရှကျဲအား ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိအောင် ဖြစ်သွားသည်။ရှကျဲက မိန်းကလေးကောင်း‌လေး တစ်ယောက်ဖြစ်ပြီး အရမ်းလည်း သန်မာသလို ကိုယ်ပိုင် ဆုံးဖြတ်ချက်လည်း ခိုင်မာသည့် သူဖြစ်သည်။

သို့ပေမယ့် ရဲစခန်းသို့ ရောက်လာသည့်ခါမှာတော့ လူအများက သူမအား နိုင်ငံ့အာဇာနည်တစ်ဦး၏ သမီးဆိုပြီး အထူးတလည် ကာကွယ်ပေးနေကြသဖြင့် သူမအား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ရှကျဲက နိုင်ငံ့အာဇာနည်တစ်ဦး၏ သမီးဆိုသည့် အရိပ်အောက်မှ ရုန်းထွက်ပြီး ရဲစခန်းအတွက် ကောင်းမွန်သည့် အကျိုးဆောင်မှုတွေကို ကိုယ်တိုင်လုပ်ဆောင်ချင်သည့် သူဖြစ်သည်။

"ချင်ရန် ဂုဏ်ယူပါတယ်နော်"

ရှကျဲက ရုတ်တရက်ကြီး ပြောလိုက်လေသည်။

"ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာ ရဖို့ တော်တော်ခက်တာ၊ ဆုတံဆိတ်တိုင်းရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ စွန့်စားမှုတွေ ရှိနေတတ်တယ်။"

"ဟုတ်တယ်”

တကယ်တော့ သူသည် သူ့ပုံစံအတိုင်း ‘ဒါက ဘာမှမဟုတ်ပါဘူး’လို့ ပြောချင်ခဲ့သည်။ သို့သော် ထိုသို့ပြောလိုက်လျှင် ရှကျဲအတွက် စိတ်ထိခိုက်စရာ ဖြစ်သွားနိုင်သည်ကို တွေးမိပြီး ‘ဟုတ်တယ်’ ဟုသာ သူ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ သူမ၏ ဖခင်သည် အသက်နဲ့လဲပြီး ဒီဘွဲ့ကို ရယူခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူတို့အဖွဲ့၏ ခေါင်းဆောင် ချန်ဟောက်က အပြေးအလွှား ရောက်လာပြီး ချင်ရန်နဲ့ ရှကျဲကို အမောတကော ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့ကြ၊ တစ်ယောက်ယောက်က ဖုန်းဆက်တိုင်ထားတယ်၊ လင်လန်တံတားအောက်မှာ ရန်ဖြစ်နေလို့တဲ့”

“ရှကျဲ အလုပ်ရပြီ သွားကြစို့”

ချင်ရန်က မတ်တပ်ရပ်လိုက်ပြီး ရှကျဲအားပြောလိုက်သည်။ ထိုနောက် သူက လီတာ‌ဝေနှင့်ကျောက်ကျိဝေ ဘက်ကို လှည့်ကာထပ်မံ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့ရဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ပျောက်အောင်မလုပ်ကြနဲ့ဦး‌နော်၊

ငါ အမှုကိစ္စသွားရှင်းလိုက်ဦးမယ်”

"စိတ်ချပါ ရန်ကော”

လီတာဝေက သွားအဖြဲသားဖြင့် ပြန်ဖြေလိုက်သည်။ သူသည် ဤဆုတံဆိပ်အား ကြည့်မဝ ဖြစ်နေသည်။ ချင်ရန်နှင့် ရှကျဲတို့သည် ချန်ဟောက်၏ ကားပေါ် တက်လိုက်ကြကာ ရန်ဖြစ်ရာ နေရာသို့ ထွက်လာခဲ့ကြသည်။

ကားပေါ်သို့ရောက်သည်နှင့် ချင်ရန်က မည်သည့်တိုင်ကြားချက်လဲဆိုသည်ကို မေးလိုက်သည်။

"ဆရာ... ဘာကိစ္စဖြစ်တာတဲ့လဲ”

"အရပ်ဘက် အငြင်းပွားမှု‌လေးတစ်ခုပါ၊ တိုင်တဲ့သူပြောတာကတော့ အဘိုးကြီးတစ်ယောက်က ခွေးကို ကြိုးမပါဘဲ လမ်းလျှောက်ခေါ်လာရင်း အဲ့ဒီခွေးက သူ့ကလေးကို ဝင်တိုက်မိလို့ ကလေးက လန့်သွားတာတဲ့၊ အဲဒါကို အဘိုးကြီးက ကလေးက ခွေးကို အရင် လန့်အောင်လုပ်တယ်ဆိုပြီး အပြစ်ပြန်ပုံချပြီး ငွေညှစ်နေတာတဲ့”

ဤစကားအား ကြားလိုက်ရတဲ့အခါ ရှကျဲက ဝင်မေးလိုက်သည်။

"ခွေးပိုင်ရှင် အဘိုးကြီးကကော ထိခိုက်မိသွားသေးလား”

"ဘယ်သူသိမှာလဲ၊ တိုင်တဲ့သူပြောတာကတော့ အဲ့ဒီအဘိုးကြီးက တမင်တကာ မြေကြီးပေါ်လဲချပြီး အခုထိ ပြန်မထသေးဘူးတဲ့၊ သူ့မိသားစုကိုလည်း ဖုန်းဆက်ခေါ်ထားလို့ အခု လူဆယ်ယောက်ကျော်လောက်က တိုင်တဲ့သူတို့ မိသားစုကို ဝိုင်းထားကြပြီလို့ ပြောတယ်”

"ဒါတွေက တိုင်တဲ့သူဘက်က ပြောစကားတွေပဲ ရှိသေးတာ၊ တကယ့်အခြေအနေကို သိဖို့တော့ အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်သွားကြည့်ရဦးမှာပဲ"

ချင်ရန်က ထိုစကားကို ကြားတော့ မျက်မှောင်ကြုတ်သွား၏။ဤကဲ့သို့သောဖြစ်ရပ်မျိုးကို တစ်နေရာရာမှာ ကြားဖူးနားဝ ရှိနေသလိုလို၊ ရင်းနှီးနေသလိုလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

'ဒီအဘိုးကြီးကတော့ အတော်လေး မောက်မာပြီးအကျိုးအကြောင်းမရှိတဲ့သူပဲ ဖြစ်ရမယ်၊ သူ့မိသားစုဝင်တွေကလည်း အုပ်စုဖွဲ့ ဒုစရိုက်တွေ၊ အကြွေးတောင်းတဲ့ အလုပ်တွေနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်၊ ဒီလင်မယားနှစ်ယောက်တော့ အဲ့ဒီအဘိုးကြီးနဲ့ တိုးမိတာ တော်တော်လေး ကံဆိုးတာပဲ’

စိတ်ထဲမှာတွေးနေရင်းဖြင့်

ချင်ရန်က ရုတ်တရက် ပြောလိုက်သည်။

"အသက်ကြီးတာကို အခွင့်ကောင်းယူပြီး သူများဆီက ငွေညှစ်တဲ့သူတွေကို ကျွန်တော် အမုန်းဆုံးပဲ၊ ဆရာ... တကယ်လို့ အဲဒီအဘိုးကြီးသာ တမင်တကာ ငွေညှစ်ဖို့ လုပ်တာဆိုရင် ကျွန်တော်တို့ သူတို့ကို တစ်ပြားတစ်ချပ်မှ မရစေရဘူး”

ဤအရာကို ကြားတော့ ချန်ဟောက်က ခေါင်းကိုအသာခါယမ်းပြီး ပြောလိုက်သည်။

"ချင်ရန်... အလုပ်က အဲ့ဒီလို လုပ်လို့မရဘူးကွ၊ ဟန်ဆောင် ငွေညှစ်တာပဲဖြစ်ဖြစ်၊ သူက လူကြီးဖြစ်နေတော့ ငါတို့က ညှိနှိုင်းပေးရုံပဲ တတ်နိုင်တယ်၊ တစ်ဖက်က အေးအေးဆေးဆေး ပြီးသွားအောင်လို့ ငွေနည်းနည်းပါးပါး ပေးလိုက်ရတာမျိုးလည်း ရှိနိုင်တယ်”

ချင်ရန်က စကားဆက်မပြောတော့ပေ။ချန်ဟောက်က အတွေ့အကြုံရှိတဲ့ ရဲတစ်ယောက်ဖြစ်ပြီး တည်ငြိမ်မှုကိုပဲ အဓိကထားသည့် သူဖြစ်တာကြောင့် အားနည်းသည့်ဘက်က မတရားခံရရင်တောင် ကိစ္စပြေလည်သွားဖို့ပဲ ဦးတည်ကာ သူက ညှိနှိုင်းချင်တာဖြစ်သည်။ သို့ပေမယ့် ချင်ရန်ကတော့ ဤကဲ့သို့ မတွေးပေ။

သိပ်မကြာခင်မှာပဲ ကားက ရပ်သွားခဲ့ပြီး၊ အခင်းဖြစ်ရာ လင်လန်တံတားအောက်သို့ သူတို့တွေ ရောက်ရှိလာခဲ့သည်။

ကားထဲကနေမဆင်းခင် ချင်ရန်က လှမ်းကြည့်လိုက်ရာ လူဆယ်‌ယောက်ကျော်က လင်မယားနှစ်ယောက်နှင့် ကလေးတစ်ယောက်ကို ဝိုင်းထားပြီး ရန်လိုသည့်ပုံစံတွေနှင့် တွန်းထိုးခြိမ်းခြောက်နေကြသည်ကို မြင်လိုက်ရ၏။

ဤမြင်ကွင်းအား မြင်လိုက်ရသော ချင်ရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကားတံခါးဖွင့်ကာ အရင်ဆုံး ပြေးထွက်သွားသည်။

ချန်‌ဟောက်နှင့် ရှကျဲတို့မှာလည်း ချင်ရန်နောက်သို့ အမြန်လိုက်ရန် ကားပေါ်ကနေ ကမန်းကတန်းဖြင့် ဆင်းလိုက်လာကြသည်။ ထိုအခါ ချန်ဟောက်က ချင်ရန်အား လှမ်းအော်ကာ သတိပေးလိုက်ရ၏။

"ချင်ရန်... စိတ်မလောနဲ့ဦး”

အခြားတစ်ဖက်တွင်လည်း လူဆယ်ယောက်ကျော်၏ ဝိုင်းထားခြင်းကို ခံနေရသည့် မိသားစုမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ထိုလူအုပ်မှာ လူကောင်းပုံစံမပေါက်ဘဲ လက်ညှိုးထိုးကာ အော်ဟစ်ရင်း တွန်းထိုးနေကြသည်မှာ ဥပဒေဆိုသည်ကို ဂရုမစိုက်သည့် အလားပင်။

"ငါပြောမယ်. မင်းတို့ ဒီနေ့ နစ်နာကြေး ယွမ်တစ်သိန်း ပေးရင်ပေး မပေးရင် ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”

"ဟုတ်တယ် မင်းတို့က ငါတို့အဘိုးကို ဒဏ်ရာရအောင် လုပ်ထားတာ မင်းတို့မှာ အသိစိတ်မရှိဘူးလား၊လူကြီးတစ်ယောက်ကို ဘယ်လိုများ လက်ပါရဲတာလဲ၊ မင်းတို့ မိသားစုက မသင်ပြထားဘူးလား”

ထိုလူ‌တွေသည် စတင်၍ ဆဲဆိုကြိမ်းမောင်းလာကြ၏။

အဝိုင်းထားခံရတဲ့ မိသားစုရဲ့ အလယ်တွင် ကလေးငယ်လေးသည် ကြောက်လန့်တကြားဖြင့် ငိုနေပြီး လူကြီးနှစ်ယောက်ကတော့ ဒေါသတကြီး ဖြစ်နေကြ၏။

"ခင်ဗျားတို့ ဘယ်လိုလုပ်နိုင်ရတာလဲ၊ ခင်ဗျားတို့ဘက်က လူကြီးက ခွေးကို ကြိုးမကိုင်ဘဲ လွှတ်ထားလို့ ကျွန်တော့်ကလေးကို ဝင်တိုက်တာလေ၊ အခုကျတော့ ဘာမဟုတ်တာတွေနဲ့ လာပြီး အပြစ်ပုံချနေတာလဲ၊ ခင်ဗျားတို့မှာ လူစိတ်ရော ရှိကြသေးရဲ့လား”

"ငါတို့ ရဲခေါ်ထားပြီးပြီ ရဲရောက်လာတဲ့အထိ စောင့်နေလိုက် အဲ့ဒီကျမှ ခင်ဗျားတို့ ဒီလောက် မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

လင်မယားနှစ်ယောက်က ပြန်အော်ကြသည်။

"ရဲ”

"ရဲတွေက နတ်ဘုရားတွေလို့ မင်းတို့ ထင်နေတာလား ရဲဆိုတာနဲ့ပဲ ငါတို့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေလား တောက်၊ မင်းတို့ အသက်မရှင်ချင်ကြတော့ဘူးနဲ့ တူတယ်”

ထိုလူဆယ်ယောက်ကျော်ထဲတွင် ခေါင်းကြီးကြီး နားရွက်ကြီးကြီးနဲ့ အနည်းဆုံး ပေါင် ၂၀၀ လောက် ရှိသည့် လူဝကြီးတစ်ယောက်လည်း ပါလာသည်။သူ့လက်မောင်းပေါ်တွင်တက်တူးများအပြည့်နဲ့ဖြစ်ပြီး ထိုမိသားစုကို အခွင့်ကောင်းယူကာ လက်ပါတော့မယ့် ပုံစံမျိုး ရှိနေသည်။

ထိုအချိန်မှာပဲ. အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“အား‌ကောင်းမောင်းသန် လူဆယ်ယောက်က အုပ်စုဖွဲ့ပြီး လူနှစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေကြတာလား၊ ခင်ဗျားတို့မှာ ရှက်စိတ်ရော ရှိကြသေးရဲ့လား”

ထိုအသံကြောင့် လူအများရဲ့ အာရုံက အသံပိုင်ရှင်ဆီသို့ ရောက်သွားသည်။ လူအုပ်ကြီးမှာလည်း အသံလာရာကို လှည့်ကြည့်လိုက်ရာ ရဲယူနီဖောင်း ဝတ်ထားသည့် ချင်ရန်အား မြင်လိုက်ကြသည်။

ရဲယူနီဖောင်းကို မြင်လိုက်တာနှင့် ထိုလူအုပ်ရဲ့ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း၊ တက်တူးနဲ့ လူဝကြီးကတော့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လင်မယားနှစ်ယောက်ကိုသာ ခြိမ်းခြောက်သည့် အကြည့်နဲ့ ကြည့်နေဆဲဖြစ်သည်။

"ဆရာ... နောက်ဆုံးတော့ ရောက်လာပြီပဲ”

ချင်ရန် ရောက်လာသည်ကို မြင်သည်နှင့် ထိုလင်မယားနှစ်ယောက်သည် သူ့ဘေးနားသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ ချန်ဟောက်နှင့် ရှကျဲတို့လည်း ချင်ရန်အနားသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ အနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချန်ဟောက်က ထိုလင်မယားအား တိုက်ရိုက်ပဲ မေးလိုက်သည်။

"ဘာဖြစ်တာလဲ၊ အသေးစိတ် ပြောပြပါ”

"ဆရာ သူတို့ရဲ့ ကလေးက ကျွန်တော့်ခွေးကို အရင်စလုပ်တာပါ”

လဲကျနေသည့် အဘိုးအိုကြီးက ချန်ဟောက်ကို ချက်ချင်းပင် နစ်နာသူကဲ့သို့ တိုင်တန်းတော့သည်။

"ဟုတ်တယ်၊ အဲ့ဒီကလေးက ဆိုဆုံးမမှုမရှိဘူး၊ အခု ကျွန်တော့်ရဲ့ အဖိုးက ဒဏ်ရာရပြီး လဲနေပြီ ဆရာ၊ အဲဒါ ကျွန်တော်တို့က နစ်နာကြေး တောင်းတာကို သူတို့က မပေးဘူးဆိုပြီး တင်းခံနေတယ် ဆရာ”

ထိုလူ့ စကားကို ကြားသည်နှင့် ချန်‌ဟောက်သည် မျက်မှောင်ကြုတ်သွားသည်။

သူ့အကြည့်က ဘေးတွင်လှဲနေသော အဖိုးကြီးဆီ ရောက်သွားသည်။အဖိုးကြီး၏ တံတောင်ဆစ်မှာ သွေးတွေ ထွက်နေပြီး တကယ်ပဲ ဒဏ်ရာရနေတဲ့ ပုံစံမျိုးဖြစ်သည်။ ချန်ဟောက်က အခက်တွေ့နေတဲ့ ပုံစံနဲ့ လင်မယားနှစ်ယောက်နားကို သွားကာ ပြောလိုက်သည်။

"သူတို့က လူကြီးတွေပဲလေ၊ အခက်အခဲ မဖြစ်ရအောင် လူမှုရေးအရ နစ်နာကြေး ယွမ်ငါးထောင်လောက်ပဲ ပေးလိုက်ပါလား”

သူ့အကျင့်အတိုင်း ပြဿနာပြေလည်ရေးကိုသာ ချန်ဟောက်က အာရုံရှိနေသည်။

ဤသည်ကို ကြားလိုက်ရသည့်အခါတွင် လင်မယားနှစ်ယောက်သည် ချက်ချင်းပဲ မတရားခံရသည့်အလား ခံစားလိုက်ရတော့သည်။

'ဒါက ဘယ်လို ဘက်လိုက်မှုကြီးလဲ’

‌ထိုအခါ ကလေးရဲ့ အမေဖြစ်သူက သူမကလေး၏ မျက်နှာပေါ်က သွေးစွန်းနေတဲ့ ဒဏ်ရာကိုလက်ညှိုးထိုးပြပြီး ဒေါသတကြီး အော်ပြောတော့သည်။

"ဆရာ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဘက်လိုက်နေရတာလဲ ကျွန်မကလေးကိုလည်း ကြည့်ပါဦး၊ သူတို့ခွေးကြောင့် ကြောက်လန့်တကြား ပြေးရင်းနဲ့ ဒဏ်ရာတွေ ရကုန်တာလေ၊ အခုကျတော့ ဘာလို့ ကျွန်မတို့ကိုပဲ နစ်နာကြေး ပေးခိုင်းနေရတာလဲ၊ ခွေးကြောင့် တကယ်ထိခိုက်တာက ကျွန်မတို့ပါ၊ ကျွန်မတို့ဘက်က အဲ့ဒီအဘိုးကြီးကို ပြန်ပြီး လျော်ကြေးမတောင်းတာပဲ ကျေးဇူးတင်ရဦးမှာ၊ အခုတော့ ပြောင်းပြန်ကြီး ဖြစ်နေပြီ ခံရတဲ့သူဘက်ကပဲ လျော်ကြေးပေးပြီး ပြန်တောင်းပန်ရတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလေ”

62

ကလေးအမေ၏ စကားကို ကြားသောအခါ ဟိုဘက်မှ အဘိုးကြီး၏ မိသားစုဝင်များမှာ ဒေါသချောင်းချောင်း ထွက်သွားကြသည်။

"ဒီမိန်းမယုတ်၊ နင် ဘယ်သူ့ကိုပြောနေတာလဲ၊ နင့်မှာ လူကြီးသူမ မရှိဘူးလား၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ယွမ်တစ်သောင်း မပေးဘဲနဲ့တော့ ဒီကနေ ထွက်သွားဖို့မစဉ်းစားနဲ့၊ ငါတို့ အဘိုးကို ဒီလောက်အထိ လန့်သွားအောင် လုပ်ထားပြီးတော့ တာဝန်မယူဘဲ ရှောင်ပြေးဖို့မကြိုးစားနဲ့”

ထိုမိသားစုမှာ လုံးဝ အလျှော့မပေးဘဲ တွယ်ကပ်နေကြသည်။

ချန်ဟောက်မှာ ရုတ်တရက် ခေါင်းခဲစရာ ကိစ္စနှင့် တိုးနေပြီဟု ခံစားလိုက်ရသည်။ ဘေးတွင် ရပ်နေသော ရှကျဲမှာလည်း ဆက်ပြီး သည်းမခံနိုင်တော့ပေ။ မြေပြင်ပေါ်တွင် လှဲနေသော အဘိုးကြီးမှာ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သူမ ကောင်းစွာ မြင်နေရသည်။ သူကလက်မောင်းပွန်းပဲ့ရုံသာ ရှိသော်လည်း နေရာမှာပင် လှဲနေပြီး မထတော့ပေ။

ရှကျဲသည် ထိုမိသားစုအားကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။

"ရှင်တို့ စကားကို ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား”

"ကောင်းကောင်းပြောရမယ်၊ ဟုတ်လား”

"ရဲအရာရှိကြီး ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ကောင်းကောင်းပြောနိုင်မှာလဲ၊ ကျွန်တော်တို့ အဘိုးက ဒီလောက်ထိ ဒဏ်ရာရသွားတာကို ဒီကလေးရဲ့ မိဘတွေက လျော်ကြေးမပေးချင်ဘူးလေ။ ဒါကို ကျွန်တော်တို့က ဘယ်လိုလုပ် စကားကောင်းပြောရမှာလဲ”

အဘိုးကြီး၏ မိသားစုဝင်များမှာ အတော်ပင် ကျိုးကြောင်းဆင်ခြင်ဉာဏ် ကင်းမဲ့လွန်းလှသည်။

ထိုစဉ်မှာပင် ချင်ရန်က ဘေးဘက် တံတားအနီးရှိ စီစီတီဗွီအား တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် ။

“ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ၊ ဟိုမှာ စီစီတီဗွီ ရှိနေတာပဲ မဟုတ်လား၊ အဲဒါကိုပဲ စစ်လိုက်ရင် မပြီးဘူးလား”

ထိုစကားကို ကြားလိုက်ရသောအခါ

ထိုအဘိုးကြီး မိသားစုဝင်များ၏ မျက်နှာအမူအရာများ အနည်းငယ်ပျက်သွားပြီးနောက် အဘိုးကြီးအား လှမ်းကြည့်လိုက်ကြသည်။

‘ငါတို့ ဒီစီစီတီဗွီ ရှိတာကို ဘယ်လိုများ မေ့သွားရတာလဲ’

မိသားစုဝင်များသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထိတ်လန့်သွားသည်။

ထို့နောက် အဘိုးကြီးအား လှမ်းကြည့်လိုက်ရာ အားလုံး အဆင်ပြေသည်ဟူသော သဘောဖြင့် အဘိုးကြီးက မျက်စိတစ်ဖက် မှိတ်ပြ‌လေ၏။

ထိုအခါ အဘိုးကြီး၏ မိသားစုဝင်များမှာ ချက်ချင်းပင် ပြန်၍ ရဲတင်းလာကြသည်။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း စီစီတီဗွီကိုပဲ စစ်ကြည့်လိုက်ကြတာပေါ့”

“ကြည့်ဆိုတော့လည်း ကြည့်ကြတာပေါ့၊ ဟမ့် ဘာအရေးလဲ”

ချန်ဟောက်မှာ အလွန်အမင်းကို အားကိုးရာမဲ့ဖြစ်‌နေကာ ခေါင်းခဲနေရသည်။ ဘယ်ဘက်ကမှ အလျှော့မပေးကြသဖြင့် သူလည်း အခြေအနေကို ဆက်လက် စုံစမ်းစစ်ဆေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

‌ဤသို့ဖြင့် ချန်ဟောက်က ချင်ရန်အား နှစ်ဖက်လုံး၏ အထောက်အထားများကို စစ်ဆေးရန် ညွှန်ကြားလိုက်သည်။

အဘိုးကြီး၏ မျိုးရိုးအမည်မှာ 'စွန်း' ဖြစ်ပြီး ကျန်သူများမှာ သူ၏ သားသမီး၊ မြေးမြစ်များ ဖြစ်ကြသည်။ ကလေးရှိသော မိသားစုမှ အမျိုးသား၏ မျိုးရိုးအမည်မှာမူ 'လျို'ဖြစ်သည်။

ခဏအကြာတွင် ချန်ဟောက်သည် စီစီတီဗွီ မှတ်တမ်းအား ယူဆောင်လာပြီး သေသေချာချာ စစ်ဆေးကြည့်ရာ အဘိုးကြီးမှာ လမ်းလျှောက်နေရင်း တမင်သက်သက် လဲချလိုက်သည်ကို တွေ့လိုက်ရ၏။ အမှန်တကယ်ပင် အဘိုးကြီး၏ လုပ်ကြံဖန်တီးမှုသာဖြစ်သည်။

စီစီတီဗွီကို စစ်ဆေးကြည့်နေသော ချန်ဟောက်၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားသည်။

'တောက်စ်၊ လူလိမ်တွေ’

"အဘိုးကြီး၊ စီစီတီဗွီထဲမှာ ခင်ဗျားဘာသာ ခင်ဗျား တမင်လဲကျသွားတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်နော်၊ ဒါကိုတောင် ခင်ဗျားက အရှက်မရှိ ‌ဆေးဖိုး လိုချင်‌နေသေးတယ်ပေါ့”

စွန်းမိသားစုဝင်များက ဤစကားကို ကြားလျှင် အလွန်ကို မကျေမနပ် ဖြစ်သွားကြသည်။

"သူ့ဘာသာလဲတာ ဟုတ်လား၊ အရာရှိကြီး ပြောတာ မဟုတ်သေးဘူးနော်၊ ကျွန်တော့်အဘိုးက ဒီလူတွေကို ရှင်းပြဖို့ ကြိုးစားတာ၊ ဒါကို သူတို့က ဒေါသထွက်အောင်လုပ်လို့ ငါတို့အဘိုးက စိတ်တိုပြီးလဲသွားတာလေ၊ အဲဒါကို သူ့ဘာသာလဲတာလို့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ အရာရှိကြီးရဲ့”

ဤကဲ့သို့ အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းဆင်ခြင်မှု မရှိသော စကားများကြောင့် ချန်ဟောက်မှာ တကယ်ပင် ခေါင်းခဲသွားရသည်။

သူသိထားသ‌လောက်တော့ အကယ်၍ ယနေ့ စွန်းမိသားစုကို ကျေနပ်လောက်အောင် မဖြေရှင်းပေးပါက သူတို့သည်ဆက်လက်၍ ပြဿနာရှာနေဦးမည်ပင်။ ရဲစခန်းများအနေဖြင့် ဤကဲ့သို့ ဖျန်ဖြေ၍မရသော ကိစ္စရပ်များသည် အလွန်ပင် ခေါင်းခဲရသည်။

ချန်ဟောက် တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ချင်ရန်က အရင်စပြီး စကားပြောလိုက်သည်။

‘ဒီလူတွေ တကယ်ကို လွန်လွန်းနေပြီ၊ လူမဆန်လိုက်တာ၊ အဘိုးကြီးက သူ့ဘာသာလဲကျသွားပြီးတော့ တစ်ဖက်က ကလေးကိုစွပ်စွဲပြီး ငွေလိမ်တောင်းနေတာ ဒီလောက်သိသာနေတာကို အရှက်ကို မရှိကြဘူး’

ချင်ရန်က အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့က လျော်ကြေးလိုချင်တယ်မလား၊ ကောင်းပြီ ဒါဆိုရင် ဥပဒေအတိုင်း အရင်သွားကြတာပေါ့၊ ပထမဆုံးအနေနဲ့ ဆေးစစ်ချက်ယူဖို့က‌တော့ အခက်အခဲမရှိပါဘူးနော်၊ အဲဒီနောက်မှ ပုံမှန်လုပ်ထုံးလုပ်နည်းတွေအတိုင်း လျော်ကြေးကိစ္စကို ဆက်ပြောကြတာပေါ့”

ချင်ရန်က စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဘာ”

ထိုစကားကို ကြားသောအခါ စွန်းမိသားစုဝင်များမှာ ချက်ချင်းပင် ဒေါသတကြီး ကန့်ကွက်လာကြသည်။ငွေညှစ်ဖို့အတွက် အချိန်အကြာကြီး စောင့်ရမည်ဆိုလျှင် ဘယ်သူက စိတ်ရှည်နိုင်မည်လော။

"စည်းမျဉ်းစည်းကမ်းတွေကလည်း များလိုက်တာ၊ အရာရှိက ကျွန်တော်တို့ကို တမင်သက်သက် ပညာပြဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”

စွန်းမိသားစုဝင်အားလုံးက ချင်ရန်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ချင်ရန်က ထိုအကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ စွန်းမိသားစုဆီသို့ တည်ငြိမ်စွာ လျှောက်သွားပြီး စကားလုံး တစ်လုံးချင်းစီကို အလေးအနက်ထား ပြောလိုက်၏။

"ခင်ဗျားတို့မှာ ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ဥပဒေအတိုင်းပဲ သွားရမယ်၊ ဒီဗီဒီယိုကို မြင်ပြီးရင် တရားသူကြီးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျွန်တော် သိချင်မိတယ်၊ ခင်ဗျားတို့တွေကော မသိချင်ကြဘူးလား”

"မင်း”

စွန်းမိသားစုဝင် ဆယ်ယောက်ကျော်မှာ အလွန်အမင်း ဒေါသထွက်နေပြီး ချင်ရန်ကိုပင် လက်ပါချင်နေကြသည်။

သို့သော် ချင်ရန်မှာ ရဲယူနီဖောင်း ဝတ်ထားသဖြင့် သူ့ကို တိုက်ခိုက်ခြင်းမှာ ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ပြစ်မှုမြောက်ပေလိမ့်မည်။ ထို့ကြောင့် သူတို့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းနေကြရသည်။

"အရာရှိကြီးက ဒီလိုမျိုး ဘက်လိုက်တာက မတရားဘူးနော်"

စွန်းမိသားစုဝင် တစ်ယောက်က ရန်လိုသော အကြည့်များဖြင့် ပြောလိုက်သည်။

"အကယ်၍ မင်းက ဒီလောက်တောင် ဘက်လိုက်နေမယ်ဆိုရင်တော့ ငါတို့က တခြားနည်းလမ်းတွေနဲ့ ငါတို့ဘာသာငါတို့ တရားမျှတမှုကို ရှာရလိမ့်မယ်"

သူက ထိုသို့ပြောရင်း လူငယ်ဇနီးမောင်နှံကို လှမ်းကြည့်လိုက်သည်။ထိုလူငယ်ဇနီးမောင်နှံမှာ လန့်သွားကြသည်။

‘ဒီလူတွေက သူတို့ကို တစ်ခုခု လုပ်ဖို့များ ကြံစည်နေကြတာလား’

လူငယ်ဇနီးမောင်နှံမှာ နယ်ကတက်လာသည့် အလုပ်သမားများဖြစ်ပြီး ဤဒေသအကြောင်းကို မသိသလို ခင်မင်ရင်းနှီးသူမှာလည်း အလွန်နည်းသည်။

စွန်းမိသားစုဝင် ဆယ်ယောက်ကျော်မှာမူ ကြည့်ရသည်မှာ ပြဿနာရှာရသည်ကို ကြိုက်သည့် သူများ ဖြစ်ပုံရသည်။

အကယ်၍ သူတို့နှင့် ငြိစွန်းသွားပါက ဘယ်တော့မှ အေးအေးလူလူ နေရတော့မှာမဟုတ်ပေ။

ထိုစဉ်မှာပင်...ချင်ရန်က သူ့အား ခြိမ်းခြောက်စကား ပြောလိုက်သော စွန်းမိသားစုဝင်ကို စိုက်ကြည့်ရင်း အနားသို့ တိုးသွားကာ တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။

"ခင်ဗျားတို့သာ လုပ်ရဲရင် ထောင်ကျဖို့ ပြင်ထားလိုက်။ အကယ်၍ ဒီမိသားစုကို တစ်ခုခု ဖြစ်ခဲ့ရင် ခင်ဗျားတို့ကိုပဲ အဓိက တာဝန်ရှိသူအဖြစ် သက်မှတ်မှာ၊ ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ အိမ်နားမှာ နေ့တိုင်းလာပြီး စောင့်ကြည့်နေမှာ ဘယ်သူက ရာဇဝတ်မှုကျူးလွန်မလဲဆိုတာကို မျက်ခြေမပြက်စောင့်ကြည့်နေမှာဗျ”

ချင်ရန်၏ စကားများတွင် ခြိမ်းခြောက်သံများ သိသိသာသာ ပါဝင်နေသည်။ ချန်ဟောက်က အမြန်လျှောက်လာပြီး တိုးတိုးလေး သတိပေးလိုက်သည်။

"ချင်ရန်၊ မင်းဘာတွေပြောနေတာလဲ၊ မင်းက ရဲတစ်ယောက်လေ၊ ဒီစကားမျိုးပြောဖို့ မသင့်တော်ဘူး”

ထိုအခါ ချင်ရန်က လေးနက်သော အသံဖြင့် ပြော‌လေ၏။

-”အဲလိုလူမျိုးတွေကို ကောင်းကောင်းပြောနေလို့မရဘူး ဆရာ"

ချန်ဟောက်၏ မျက်နှာမှာ သိသိသာသာကို ပျက်သွားသည်။ ချင်ရန်မှာ အတော်လေး လွန်သွားပြီဖြစ်သည်။ ဤသည်မှာ ပြဿနာကို ပိုမိုကြီးထွားလာအောင် လုပ်နေခြင်း မဟုတ်ပါလော။

ယခင်က ချန်ဟောက်၏ အစီအစဉ်မှာ လူငယ်ဇနီးမောင်နှံအား ငွေအနည်းငယ် ပေးခိုင်းလိုက်လျှင် အဘိုးကြီး၏ မိသားစုဝင်များကလည်း ရန်ဖြစ်တာ ရပ်သွားလိမ့်မည်ဟု တွေးထားခြင်းဖြစ်သည်။ ယခုတွင်မူ ချင်ရန်က ပြင်းထန်ပြက်သားသော စကားများကို အတိအလင်း ပြောလိုက်ပြီဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း...

စွန်းမိသားစုဝင်များမှာ မျက်နှာပျက်နေကြသည်။ သူတို့ တကယ့် ကျောက်ဆောင်နှင့် တိုးနေပြီ ဖြစ်သည်။ ယခင်က ရဲများ ဖျန်ဖြေပေးလျှင် လူကြီးသူမ တွေဘက်က အမြဲရပ်တည်ပေးလေ့ရှိပြီးလျော်ကြေးငွေ ထောင်ဂဏန်း သို့မဟုတ် သောင်းချီ၍ ရရှိလေ့ရှိသည်။

သို့သော် ယခုမူ ခေါင်းမာလွန်းသော အရိုးမာသည့်လူနှင့် တွေ့လိုက်သဖြင့် ကိုင်ရတွယ်ရ အလွန်ခက်ခဲသွားသည်။

"အား..."

အဘိုးကြီးသည် လူတိုင်း မယုံနိုင်အောင် ချက်ချင်း ထရပ်လိုက်သည်။

"ကဲ၊ တော်ပြီ၊ တော်ပြီ၊ အသက်ကြီးတဲ့ ငါတို့ဘက်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်‌ပေးလိုက်မယ်၊ ဒီလူတွေနဲ့ ဆက်ပြီး ပြဿန မတက်ချင်တော့ဘူး”

ထိုရဲအရာရှိသည် ဤကိစ္စကို အဆုံးအထိ အလျှော့ပေးမည့် သူမျိုး မဟုတ်ကြောင်း သူနားလည်သွားပြီဖြစ်သည်။

အကယ်၍ တရားရုံးအထိ ရောက်သွားပြီး တရားသူကြီးက စီစီတီဗွီမှတ်တမ်းကို မြင်သွားလျှင် ငွေရရှိရန် အခွင့်အလမ်းမှာ မရှိသလောက်ပင်။

ထို့အပြင် ချင်ရန်၏ စကားများက တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူ၏ အမူအရာနှင့် အကြည့်များကို ကြည့်ရသည်မှာ စွန်းမိသားစုအိမ်ရှေ့တွင် တကယ်ပင် နေ့တိုင်းလာကာ စောင့်ကြည့်နေမည့် ပုံမျိုးဖြစ်၏။

ဤကဲ့သို့သော လူမျိုးနှင့် သူတို့ မပတ်သက်သည်မှာ အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင် အဆုံးမရှိသော ဒုက္ခများ ရောက်ပေလိမ့်မည်။

စွန်းမိသားစုမှာ ငွေတိုးပေးစားသည့် လုပ်ငန်းကို လုပ်ကိုင်နေသူများ ဖြစ်သဖြင့် ရဲနှင့်ပတ်သက်မိပါက သူတို့အတွက် အတော်ပင် အခက်တွေ့နိုင်သည်ကိုလည်း သိထားကြသည်။

"အဘိုး၊ ဒါက..."

စွန်းမိသားစုဝင်များမှာ ထိုသို့ကြားသဖြင့် မကျေမနပ်ဖြစ်သွားကြသည်။ သူတို့၏ ငွေညှစ်ရန်ကြိုးပမ်းမှုမှာ ချင်ရန်၏ စကားအနည်းငယ်ကြောင့် ပထမဆုံးအကြိမ် ကျရှုံးသွားရခြင်း ဖြစ်သည်။

ချင်ရန်က ရုတ်တရက် ထပ်ပြောလိုက်သည်။

"ဖိန်လင်မြို့က ရာဇဝတ်နှိမ်နင်းရေးဌာနက အခုတလော အတော်လေးအားနေကြတာ၊ အကယ်၍ ခင်ဗျားတို့သာ သူတို့အတွက် လုပ်စရာလေးတွေ ရှာပေးနိုင်ရင် သူတို့ အရမ်းပျော်သွားကြလိမ့်ထင်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ စွန်းမိသားစုဝင် အားလုံးသည် မျက်နှာများ သိသိသာသာပျက်သွားကြသည်။

သူတို့သည် ငွေတိုးပေးစားသူများ ဖြစ်ကြပြီး သူတို့၏လုပ်ရပ်များထဲတွင် အဖွဲ့စည်းအလိုက် ကျူးလွန်သော ပြစ်မှုအချို့ ပါဝင်နေသည်။

အကယ်၍ ရာဇဝတ်နှိမ်နင်းရေးဌာန၏ ပစ်မှတ်ထားခြင်းကို ခံရပါက သူတို့၏လုပ်ငန်းကို ဆက်လုပ်နိုင်တော့မည် မဟုတ်ဘဲ အကြီးအကျယ် ဒုက္ခရောက်ကြမည်ကိုလည်း ကောင်းကောင်း နားလည်ထားကြသည်။

"မင်း နိုင်ပါတယ်ကွာ”

စွန်းမိသားစုဝင်များထဲမှ ဆေးမင်ကြောနှင့် လူဝကြီးက ချင်းယန်ကို စိုက်ကြည့်ရင်း အဘိုးကြီးကို တွဲကာ အနောက်ကို လှည့်မကြည့်ပဲ ခပ်သွက်သွက် ထွက်သွားကြတော့သည်။

အကယ်၍ ဆက်နေလျှင် ချင်ရန် ဘာတွေ ဆက်ပြောဦးမည်ကို မည်သူမျှ မသိနိုင်ပေ။ လူငယ်ဇနီးမောင်နှံမှာမူ ချင်ရန်ကို အလွန်ပင် ကျေးဇူးတင်နေကြသည်။

ချင်ရန်က သူတို့၏ကျေးဇူးတင်စကားကို ငြင်းပယ်လိုက်ပြီး ကလေး၏မျက်နှာပေါ်မှ ဒဏ်ရာနှင့်သွေးစွန်းများကို ကြည့်ကာ ဂရုဏာသက်စွာ ပြောလိုက်သည်။

"ကဲပါ ကျေးဇူးတင်မနေပါနဲ့၊ ကလေးကိုပဲ ဆေးရုံသွားပြီး မြန်မြန်ကုသပေးလိုက်ပါ၊ ဒီတစ်ခါ ခင်ဗျားတို့အတွက် ဆေးကုသစရိတ် လျော်ကြေးပါ ရအောင် မလုပ်ပေးနိုင်ခဲ့ဘူး စိတ်မကောင်းပါဘူးဗျာ၊

ကျွန်တော် သိပ်ပြီး မကူညီနိုင်ခဲ့ဘူး”

"မလိုပါဘူး ရဲအရာရှိကြီးရယ်၊ အခုလို ကူညီပေးတာကိုပဲ ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်”

လျိုမိသားစုမှာ ချင်ရန်ကို အလွန် ကျေးဇူးတင်နေကြသည်။

ချင်ရန်၏ စကားများက စွန်းမိသားစုကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့သဖြင့် ၎င်းတို့သည် သူတို့အား ဆက်ပြီး ရန်မစရဲတော့ပေ။

လျိုမိသားစု၏ ကလေးမှာ မျက်နှာတွင် ဒဏ်ရာရထားသဖြင့် အရေးပေါ် ကုသရန် ဆေးရုံသို့ တိုက်ရိုက် သွားကြတော့သည်။

ဤကိစ္စမှာ ချင်ရန်၏ ပြတ်သားသော ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှုကြောင့် စောစီးစွာ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

ချင်ရန်၊ ရှကျဲ နှင့် ချန်ဟောက်တို့မှာ ရဲကားဆီသို့ ပြန်လာခဲ့ကြသည်။

ကားထဲတွင် ချန်ဟောက်၏ မျက်နှာမှာ သိသာစွာ ညိုနွမ်းနေသည်။ ဤကိစ္စတွင် သူက စကားတစ်လုံးမျှ မပြောရဘဲ ချင်ရန်က အကုန်ဖြေရှင်းသွားသော်လည်း သူ၏စိတ်ထဲတွင် တစ်မျိုးကြီး နေရခက်နေဆဲဖြစ်၏။

ချန်ဟောက်က လေးနက်သော အသံဖြင့် ပြောလိုက်သည် ။

"ချင်ရန်၊ ဒီနေ့ မင်းလုပ်တာ မှားတယ်၊ ငါတို့က တက်နိုင်သမျှ ဖျန်ဖြေပေးရမှာလေ၊ မင်းရဲ့ စကားတွေက အရမ်းကို တင်းမာလွန်းတယ်"

ချင်ရန်က ခေါင်းခါလိုက်ပြီး ခိုင်မာသောအသံဖြင့် ပြန်ပြောသည်။

"ဆရာ၊ ကျွန်တော်လုပ်တာ တစ်ခုမှမှားတယ်လို့ မထင်ဘူး၊ အကယ်၍ ကျွန်တော်တို့က ဒီလိုလူမိုက်တွေကို အလျှော့ပေးနေရင် သာမန်ပြည်သူတွေပဲ အနိုင်ကျင့်ခံရမှာပေါ့၊ ဒီလို ကိစ္စမျိုးမှာ ဖျန်ဖြေနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး၊ အဲဒီ စွန်းမိသားစုဝင်တွေက အကုန် လူမိုက်တွေပဲလေ! သူတို့ကို ဘယ်လောက်ပဲ စကားကောင်းပြောပြော နားဝင်မှာမဟုတ်ဘူး"

"ဒါပေမဲ့ သူတို့က ဟန်ပဲရှိတာပါ၊ ကျွန်တော် စကားနည်းနည်းလောက် ပြက်ပြက်သားသားပြောလိုက်တာနဲ့ သူတို့ကြောက်သွားကြတာပဲမဟုတ်လား”

All Chapters