အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
63
ချန်ဟောက်သည် ခဏတာမျှ တိတ်ဆိတ်သွားသည်။
"ချင်ရန် မင်းဆိုလိုတာကို ငါသိပါတယ်၊ ဒါပေမဲ့ ငါတို့က သာမန်ရဲဝန်ထမ်းတွေလေ၊ ပြဿနာတစ်ခုခုနဲ့ ကြုံလာရရင် ငါတို့ရဲ့ အဓိကတာဝန်က ဖျန်ဖြေပေးဖို့ပဲ၊ အခုမင်းလုပ်သလိုမျိုး ပြဿနာကို ပိုကြီးထွားအောင်လုပ်တာက တကယ်တော့ သိပ်ပြီး မကောင်းလှဘူး”
ချန်ဟောက်က မတတ်သာသည့်လေသံဖြင့် ပြောလာ၏။
ထိုစကားကို ကြားသောအခါ ရှကျဲက စိတ်ထဲတွင် မတင်မကျဖြစ်ကာ ကြားဖြတ် ဝင်ပြောလိုက်၏။
“ဆရာ အဲဒီလိုလူမျိုးတွေကို
ဘယ်လိုလုပ်ပြီး ဖျန်ဖြေပေးလို့ရမှာလဲ၊ အဲလိုသာ လိုက်ပြီးဖျန်ဖြေပေးနေရင် လူကောင်းတွေအတွက် ဘယ်တရားပါ့မလဲ”
ရှကျဲ၏စကားကြောင့် ချန်ဟောက်မှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချရင်း သူ့ခံယူချက်အားပြောပြလေ၏။
"ငါလည်း အရင်က မင်းတို့လိုပဲ၊ မတရားမှုကိုတွေ့ရင် အမြစ်ပြက်အောင် တိုက်ထုတ်မယ် ဆိုပြီး တက်ကြွနေတာ၊ ဒါပေမဲ့ အတွေ့အကြုံတွေရလာတော့ ပြဿနာကို အေးအေးချမ်းချမ်း ပြီးသွားအောင် လုပ်တာက အကောင်းဆုံးပဲဆိုတာ ငါသိလာရတယ်"
ချင်ရန်သည် လက်သင့်မခံနိုင်ပဲ ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော်ကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ပြဿနာကို ရှောင်ဖို့ကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး၊ တစ်ခုခုဖြစ်လာရင်တော့ တရားမျှတမှုအတိုင်းပဲ ပြက်ပြက်သားသား ကိုင်တွယ်ဖြေရှင်းမယ်”
ချန်ရန်၏ ခိုင်မာပြက်သားသည့် ခံယူချက်ကြောင့် ချန်ဟောက်မှာ အံ့အားသင့်သွားသည်။ ချင်ရန်၏ ခိုင်မာလှသော စိတ်ဓာတ်မှာ သူ့ကိုယ်သူပင် နည်းဗျူဟာပိုင်းမှာ အမြင်ကျဉ်းမြောင်းလှသည်ဟု ထင်မှတ်သွားစေသည်။
"ငါဆိုလိုတာက အဲလိုမဟုတ်ပါဘူးကွာ၊ မင်းမှာက အရည်အချင်းရှိတယ်၊ မင်းရဲ့ အနာဂတ်လမ်းကြောင်းက ငါတို့ရဲစခန်းရဲ့ သာမန်ရဲအရာရှိဘဝမှာတင် ရပ်တန့်နေမှာမဟုတ်ဘူး"
ချင်ရန်က သဘောကျသွားကာ ချန်ဟောက်ကို ပြောလိုက်၏။
"အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ဆရာရယ်”
ချင်ရန်က သက်ကြီးရွယ်အိုတစ်ဦးသည် ထိခိုက်နစ်နာကြေးဟု အကြောင်းပြကာ ငွေလိမ်လည် တောင်းခံမှု နှင့် ကြုံခဲ့ရသလို၊ လီတာဝေနှင့် အခြားသူများလည်း ဤကဲ့သို့သော အမှုမျိုးနှင့် ကြုံခဲ့ရသည်။
ထိုသို့ ငွေညှစ်နေသည့် အဘိုးကြီးအမည်မှာ ဝမ်ကျန့်ကော် ဖြစ်သည်။ သူသည် ဘတ်စ်ကားပေါ်တွင် အမျိုးသမီးတစ်ဦးကို သွားရောက် ရန်စရာမှ မျက်နှာတွင် ကုတ်ခြစ်ရာ ရသွားသည့် လူမိုက်ကြီးတစ်ဦးဖြစ်သည်။
ထိုသူသည် မိမိ၏အသက် ၇၀ ကျော်အရွယ်ကို အခွင့်ကောင်းယူကာ အလွန်အမင်း ရမ်းကားနေပြီး ထိုအမျိုးသမီးထံမှ လျော်ကြေးပေးရန် အတင်းအကျပ် တောင်းဆိုနေခြင်း ဖြစ်သည်။
ထို့နောက်တွင် သူသည် သတိမေ့ချင်ယောင်ဆောင်ကာ ဆေးရုံတက်ခဲ့ရာတွင် ဝမ်ကျန့်ကော်၌ ကာလရှည်ကြာ ခံစားနေရသော အသည်းခြောက်ရောဂါရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။ ဤသည်ကိုပင် သူက အလွန်အရှက်မရှိလှစွာဖြင့် သူ၏ဆေးကုသစရိတ်များကိုပါ ထိုအမျိုးသမီးအား ပေးခိုင်းနေတော့သည်။
လီတာဝေ၊ ချန်ရှင်းချန်၊ ယန်ရှုနှင့် အခြားသူများမှာ ဝမ်ကျန့်ကော်သည် ငွေညှစ်ရန် ကြံစည်နေသော လူယုတ်မာအဘိုးကြီး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိကြသည်။
ထို့ကြောင့် လီတာဝေက ဤအဘိုးကြီးကို လျစ်လျူရှုထားရန် အကြံပြုသော်လည်း ချန်ရှင်းချန်ကမူ ထိုကဲ့သို့သော အဘိုးကြီးမျိုးမှာ ကိုင်တွယ်ရ အလွန်ခက်ခဲကြောင်း၊ အကယ်၍ လျစ်လျူရှုထားပါက ရဲစခန်းသို့ နေ့တိုင်းလာ၍ ပြဿနာရှာနေမည်ဖြစ်ရာ ၎င်းမှာ သည်းခံနိုင်စရာ မဟုတ်ကြောင်း ပြောဆိုလေသည်။
ထို့ကြောင့် လီတာဝေတို့အဖွဲ့မှာ အဘိုးကြီးကို နှစ်သိမ့်ချော့မော့ ပေးရင်း သူ၏သားသမီးများထံသို့ ဆက်သွယ်ခဲ့ရသည်။ ဝမ်ကျန့်ကော်၏ ကိစ္စမှာ ပြီးပြတ်ရန် သုံးရက်၊ လေးရက်ခန့် အချိန်ယူခဲ့ရသည်။အကြောင်းမှာ သူ၏သားဖြစ်သူသည် ဖခင်ဖြစ်သူ ဝမ်ကျန့်ကော်ကို အလွန်မုန်းတီးနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ချန်ရှင်းချန်နှင့် လီတာဝေတို့၏အကြိမ်ကြိမ် တိုက်တွန်းဖျောင်းဖျမှုကြောင့် နောက်ဆုံးတွင် သားဖြစ်သူမှာ သားသမီးဝတ္တရားအရ ဖခင်၏ဆေးကုသစရိတ်ကို ကျခံကာ ဆေးကုသပေးခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် ပါလီမြစ်ရဲစခန်းသို့ တိုင်ကြားစာများ ရောက်ရှိလာမှုမှာ ယခင်ကထက် ငါးဆခန့် သိသိသာသာ မြင့်တက်လာခဲ့သည်။ ဤတိုင်ကြားချက်များအားလုံးမှာ ခိုးမှု သို့မဟုတ် ပစ္စည်းပျောက်ဆုံးမှုများ ဖြစ်နေခြင်းဖြစ်သည်။
ရပ်ကွက်အတွင်းရှိ လျှပ်စစ်စက်ဘီး ဘက်ထရီများ၊ မီးရထားဘူတာနှင့် ဘတ်စ်ကားများပေါ်တွင် ပစ္စည်းအနှိုက်ခံရခြင်း သာမကပဲ အိမ်ဖောက်ထွင်းမှုများပါ ဖြစ်ပွားခဲ့၏။ ဤကဲ့သို့ ခိုးမှုပေါင်းစုံ အဆမတန် များပြားလာခြင်းမှာ ယခင်ကထက် ငါးဆခန့်အထိ ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင်...
ပါလီမြစ်ရဲစခန်း၏ စခန်းမှူးဝမ်ရှောင်ရီသည် ရဲစခန်း၌ အထွေထွေအစည်းအဝေးကို ကျင်းပနေသည်။ သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်
လက်တလော အဖြစ်အပျက်များကို ဆွေးနွေးနေ၏။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတင် ခိုးမှုတွေက သိသိသာသာကို များလာတယ်၊ တစ်ရက်ကို ဆယ်ယောက်ထက်မက လာတိုင်နေကြတာ၊ ဒါက ပါလီမြစ်ရဲစခန်းရဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ အခြေအနေပဲ”
“ဒါက ငါတို့ ပါလီမြစ်စခန်းတစ်ခုတည်းတင် မဟုတ်ဘူး၊ တခြားရပ်ကွက်က စခန်းတွေမှာလည်း ခိုးမှုတိုင်ကြားချက်တွေ အများကြီးပဲ၊ အခုဆိုရင် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ဆို လူပေါင်း ရာနဲ့ချီပြီး နစ်နာနေကြပြီ"
"နစ်နာမှု စုစုပေါင်းက ယွမ် (၁၀) သန်းကျော်သွားပြီ ဒါက သာမန်ခိုးမှုမျိုးမဟုတ်ဘဲ အကြီးစား ခိုးမှုကြီးပဲ၊ ငါတို့မြို့က ခိုးမှုဖြစ်တာ အရမ်းနည်းတဲ့မြို့ပါ၊ အခုလို ရုတ်တရက်ကြီး အမှုတွေ များလာတာက သူခိုးဂိုဏ်းတွေ အုပ်စုလိုက် လှုပ်ရှားလာတာကြောင့် ဖြစ်ဖို့များတယ်လို့ ငါတို့ယူဆရတယ်”
ထိုစကားကြောင့် ရဲအရာရှိများအားလုံးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ထိုအခါ ဒုစခန်မှူးကောင်းချောင်က ဝင်ရောက်ပြောဆိုလေသည်။
" ဒီလောက် ခိုးမှုတွေများနေတာကို ကျွန်တော်တို့ ဘယ်လိုစုံစမ်းရမှာလဲ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတင် တိုင်တန်းချက်က တစ်ရာနီးပါးရှိနေပြီ"
ဤအခါတွင် ဝမ်ရှောင်ရီက မတတ်သာသလိုဖြင့် ခေါင်းညိမ့်ကာ ပြောလေသည်။
"ပါလီမြစ်မှာက လူအင်အား ဒီလောက်ပဲရှိတာ၊ တစ်ခုချင်းစီ လိုက်စုံစမ်းဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ် ဆိုတာငါသိတယ်၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ခိုးမှုတွေအားလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါ ပါလီမြစ်နဲ့ အနီးဆုံး မြောက်ပိုင်းမီးရထားဘူတာမှာ ခိုးယူမှုမှတ်တမ်းက အများဆုံးဖြစ်နေတာကို သွားတွေ့တယ်”
"အဲဒီတော့ ငါက လူအချို့ကို အရပ်ဝတ်နဲ့ အဲဒီမှာ ကင်းပုန်းဝပ်ဖို့ တာဝန်ပေးချင်တယ်၊ မိသမျ ဖမ်းမယ်၊ ဖြစ်နိုင်ရင် အဲဒီနောက်ကွယ်က လက်မဲကြီးကိုလည်း
ဖော်ထုတ်ချင်တာ”
စခန်းမှူးဝမ်ရှောင်ရီ၏ စကားကိုကြားပြီး ကောင်းချောင်က ခေါင်းညိတ်လိုက်သည်။ ဤနည်းလမ်းမှာ လောလောဆယ်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ဝမ်ရှောင်ရီသည် ချင်ရန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ချန်ဟောက်အား တစ်ဖန်လှည့်၍ အမိန့်ပေးလိုက်သည်။
"ချန်ဟောက် မင်းက ချင်ရန်၊ ရှကျဲနဲ့ လီတာဝေတို့လို လူသစ်တွေကို ခေါ်ပြီး ဘူတာရုံမှာ သွားစောင့်ကြည့်စုံစမ်းဖို့ တာဝန်ယူရမယ်”
"ချောင်ကျန့်ကျွင်းကတော့ သူ့ယောက္ခမ ဆေးရုံတက်နေလို့ လက်တလော ပြန်မလာနိုင်သေးဘူး၊ သူက ခိုးမှုဖမ်းတာမှာ အတော်ဆုံးပဲ၊ ဒါပေမဲ့ အခုတော့ မင်းတို့ပဲ ကိုင်တွယ်ရတော့မယ်”
"ဟုတ်ကဲ့ပါ စခန်းမှူး”
ချန်ဟောင်က ခေါင်းညိတ်လိုက်သည်။
ချင်ရန်သည် ထိုအခြေအနေကို ဘာမှမထူးခြားသကဲ့သို့သာ သဘောထားသည်။
သူခိုးအနည်းငယ်ကို ဖမ်းရသည်မှာ သူ့အတွက် ကိစ္စကြီးမဟုတ်ပေ။
အဓိကအချက်မှာ ထိုသူခိုးများသည် အလွန်လက်သွက်ကြပြီး လူကို ဝင်တိုက်လိုက်ရုံဖြင့် (၂) စက္ကန့်အတွင်း အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ယူသွားနိုင်ကြခြင်း ဖြစ်သည်။
ဤကဲ့သို့သော အဆင့်နိမ့်သူခိုးလေးများကို လိုက်ဖမ်းနေရခြင်းမှာ အတော်လေး အလုပ်ရှုပ်စရာကောင်းလှသည်ဟု သူ ယူဆသောကြောင့်ဖြစ်သည်။
ထိုစဉ် ချင်ယန်၏စိတ်ထဲတွင် စနစ်အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
- "ဒင် ။
ပိုင်ရှင်အတွက် မစ်ရှင်တစ်ခု ပေါ်လာပါပြီ။ ဖိန်လင်မြို့ မြောက်ပိုင်းမီးရထားဘူတာသို့ သွားရောက်ပါ။ ဆုလာဘ်- အခြေခံ ရာဇဝတ်သားရှာဖွေရေးရေဒါ= (အကွာအဝေး ၁၀ မီတာ)”
ဤစကားကို ကြားလိုက်ရသောအခါ ချင်ရန်၏မျက်လုံးများ အရောင်တောက်သွားသည်။
'အို ဟိုး ရာဇဝတ်သားရှာဖွေတဲ့ ရေဒါတဲ့လား၊ ကောင်းလှချည်လား၊ စနစ်ရဲ့ ဖော်ပြချက်အရဆိုရင် ၁၀ မီတာ ပတ်လည်အတွင်းမှာရှိတဲ့ ရာဇဝတ်သားမှန်သမျှကို ငါ အကုန်ရှာတွေ့နိုင်တော့မှာပေါ့’
ဤစွမ်းရည်သာရှိလျှင် ခိုးမှုလေးများကို ဖြေရှင်းရသည်မှာ အလွန်လွယ်ကူ သွားပေလိမ့်မည်။
‘အိပ်ချင်နေတုန်း ခေါင်းအုံးလက်ဆောင်ရသလိုပါပဲလား၊ အခု ဒီစွမ်းရည်ရှိသွားပြီဆိုမှတော့ ဘူတာရုံထဲရောက်တာနဲ့ အဲဒီသူခိုးတွေ ငါ့လက်က ဘယ်လိုမှ ပြေးမလွတ်နိုင်တော့ပါဘူး ဟဲဟဲ’
ချင်ရန်သည် တစ်ကိုယ်တည်း ကျိတ်၍ပြုံးလိုက်သည်။
ထိုအချိန်တွင် ဝမ်ရှောင်ရီက သက်ပြင်းချကာ ပြောလေ၏။
"ဟူး... ဘူတာရုံက ခါးပိုက်နှိုက်တွေကို အမြစ်ပြတ်အောင် နှိမ်နှင်းဖို့က တကယ်ကို ခက်ခဲနေတုန်းပဲ၊ အရင်က နှိမ်နင်းခဲ့ဖူးပေမဲ့ တစ်နှစ်အတွင်းမှာပဲ ပြန်များလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ အဲဒီ ခါးပိုက်နှိုက်တွေက ကိုင်တွယ်ရအခက်ဆုံးပဲ၊ သူတို့က စောင့်ကြည့်ကင်မရာတွေရဲ့ အောက်ကနေတောင် လွတ်အောင်ပြေးနိုင်ကြတာ၊ ၊ ဒီတစ်ခါ ခါးပိုက်နှိုက်တွေကိုဖမ်းမိဖို့ ငါတော့သိပ်ပြီး ယုံကြည်ချက်မရှိဘူး"
စကားအများကြီး ပြောလိုက်ရသည့် ဝမ်ရှောင်ရီသည် ခဏတာမျှ နားပြီးနောက်ဆက်၍ မေးလိုက်၏။
"ဒီခိုးမှုတွေကို တားဆီးဖို့ တခြားနည်းလမ်းများ ရှိဦးမလား၊ ဝိုင်းပြီးစဉ်းစားပေးကြပါဦး”
ထိုအခါ ယန်ရှုက သူ၏ထင်မြင်ချက်အား
ဝင်ရောက်အကြံပြုလေသည်။
"စခန်းမှူး..ကျွန်တော် ထင်တာကတော့ အခုပျောက်ဆုံးနေတဲ့ လျှပ်စစ်စက်ဘီးတွေရဲ့ ဘက်ထရီမှာ ခြေရာခံစနစ်တစ်ခု တပ်ဆင်ထားသင့်တယ်လို့ ထင်တယ်၊ အကယ်၍ တစ်ယောက်ယောက်ရဲ့ ဘက်ထရီ အခိုးခံရရင် အဲဒီစနစ်ကို သုံးပြီး သူခိုးကို အလွယ်တကူရှာနိုင်တာပေါ့”
ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ယီက ခဏစဉ်းစားပြီးနောက် ယန်ရှုအား ပြန်ပြောလေသည်။
"အဲဒီလိုလုပ်တာက ပြည်သူတွေဘက်က သိပ်ပြီး လက်ခံနိုင်မဟုတ်ဘူး၊ ထားပါတော့... ဘာပဲဖြစ်ဖြစ် အခုတော့ ဘူတာရုံကိုသွားပြီး အခြေအနေကို အရင်ဆုံးစောင့်ကြည့်ကြတာပေါ့"
ထိုဘူတာရုံရှိ ရဲအရာရှိများသည် စောင့်ကြည့်ကင်မရာမှတ်တမ်းများကို အကြိမ်ကြိမ်အခါခါ ပြန်လည်စစ်ဆေးသော်လည်း တရားခံကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေကြသည်။
ကင်မရာထဲမှာပင် ရှာမတွေ့သည်ကို သာမန်မျက်စိနှင့် မည်သို့ ရှာတွေ့နိုင်မည်နည်။
"ချန်ဟောက်၊ မင်းက ဒီဘူတာရုံခိုးမှုကိစ္စကို အဓိကကိုင်တွယ်လိုက် တစ်ခုခု ထူးခြားလာမလားဆိုတာ စောင့်ကြည့်ရအောင်၊ ကျန်တဲ့လူတွေကတော့ အိမ်ဖောက်ထွင်းမှုနဲ့ ဘက်ထရီခိုးမှုတွေကို စုံစမ်းစစ်ဆေးကြရမယ်”
ချန်ဟောက်က ခေါင်းညိတ်လိုက်ပြီး ချင်ရန်၊ ရှကျဲ၊ လီတာ့ဝေနှင့် အခြားသူများကို ရုံးခန်း အလွတ်တစ်ခုထဲသို့ ခေါ်ကာ ထိုခါးပိုက်နှိုက်များကို ဖမ်းဆီးရေးအတွက် အစီအစဉ်များ စတင်ဆွေးနွေးကြတော့သည်။
ချင်ရန်သည် အလွန်ပင် တည်ငြိမ်နေသည်။ သူ့အတွက်က မည်သည့် အစီအစဉ်ကိုမှ ဆွေးနွေးနေစရာ မလိုအပ်ပေ။ သူသည် ဘူတာရုံသို့ ရောက်သည်နှင့် စနစ်က သူ့အား ရာဇဝတ်သားရှာဖွေရေး ရေဒါ ပေးအပ်တော့မည် ဖြစ်သည်။
ထိုအခါတွင် ခါးပိုက်နှိုက်များမှာ ချင်ရန်၏လက်ခုပ်ထဲမှ ရေကဲ့သို့ ဖြစ်သွားပြီး မည်သို့မျှ လွတ်နိုင်တော့မည် မဟုတ်ပေ။
64
ချန်ဟောက်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့ ဘယ်လိုထင်ကြလဲ”
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း မည်သူမျှ ဘာမှမပြောကြပေ။ ရထားဘူတာရုံမှာ ပထမဆုံးအကြိမ် ခါးပိုက်နှိုက်ကို
စောင့်ကြည့်ရမည်ဖြစ်သဖြင့် မည်သည့်အရာများ ပြင်ဆင်နိုင်အုံးမည်နည်း။ မျက်လုံးကိုသာ အတတ်နိုင်ဆုံး ဖွင့်ထားကြဖို့ပဲ ရှိသည်။
"ခေါင်းဆောင်ချန်၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
"ပြောကြည့်လေ”
လီတာဝေက သူ့အကြံအား ပြောလာလေ၏။
"ကျွန်တော် အထင် ဒီခါးပိုက်နှိုက်တွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို မျှားထုတ်ဖို့ပဲ၊ ကျွန်တော်တို့ နည်းနည်းလောက် ပိုပြီး ပြင်ဆင်လိုက်ကြရင်ရော၊ ဥပမာ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေကိုပေါ့”
"ဟင်း. နဲနဲတော့ ဖြစ်နိုင်ချေရှိတယ်”
ချန်ဟောက်က ဤသည်ကို ဆုံးဖြတ်ချက်ကောင်းတစ်ခုဟု ယူဆလိုက်သည်။ ခါးပိုက်နှိုက်များ၏ အာရုံကို ဖမ်းစားနိုင်အောင် ချမ်းသာသည့်ပုံစံမျိုး ပေါက်နေဖို့ လိုအပ်သည်။ ထိုမှသာ ၎င်းတို့ကို လက်ရဖမ်းဆီးဖို့ အခွင့်အရေးရမှာ ဖြစ်သည်။
ချန်ဟောက်က ရုတ်တရက် ပြုံးလိုက်ပြီး လီတာဝေကိုကြည့်ကာ သဘောတူလိုက်သည်။
"ကောင်းပြီ၊ ဒါဆို လီတာဝေ မင်းပဲ ချမ်းသာတဲ့ပုံစံမျိုးဖြစ်အောင် ပြင်ဆင်လိုက်၊ သားရေဂျာကင်တွေ၊ နေကာမျက်မှန်တွေ ဘာတွေ တပ်လိုက်ပေါ့ကွာ”
"ဟုတ်ကဲ့”
လီတာဝေက ခေါင်းညိမ့်ကာ ပြုံးလိုက်သည်။
ဤအကြံသည် သူကိုယ်တိုင် ပေးခဲ့တာဖြစ်သည့်အတွက် သူကိုယ်တိုင် 'ငါးစာ' အဖြစ် လုပ်ဆောင်ရမည်ကို လုံးဝသဘောတူလိုက်သည်။
"ချင်ရန်၊ မင်းရော ဘယ်လိုထင်လဲ”
ချန်ဟောက်က မေးလိုက်သည်။ ချင်ရန်သည် ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိလာကတည်းက အံ့ဖွယ်ရာများကို လုပ်ဆောင်ပြနေခဲ့သူ ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင်လည်း ချန်ဟောက်က သူ့အား မျှော်လင့်တကြီး ကြည့်နေသည်။
မြောက်ပိုင်းရထားဘူတာမှာ ခါးပိုက်နှိုက်သမားမျကို စောင့်ဖမ်းရမည့်ကိစ္စမှာ ကိစ္စအသေးအမွှားလေး ဖြစ်သော်လည်း ချင်ရန်၏ အမြင်ကို သူကြားချင်နေသေးသည်။ ချင်ရန်က သူ၏အမြင်တွင် အလွန်အားကိုးထိုက်သူ ဖြစ်သောကြောင့် ဖြစ်သည်။
ချင်ရန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော် တာဝေရဲ့အကြံကို သဘောတူပါတယ်၊ ကျွန်တော် အာမခံနိုင်တာကတော့ မျက်စိကို သေသေချာချာဖွင့်ထားပြီး ခါးပိုက်နှိုက်သမားကို မိအောင်ဖမ်းဆီး ကြိုးစားဖို့ပါပဲ"
"ဪ... ဟုတ်လား"
ချန်ဟောက်က ခေါင်းငြိမ့်လိုက်သည်။ ထိုကဲ့သို့ အသေးအမွှားကိစ္စမျိုးအပေါ် ချင်ရန်အနေနှင့် အထူးတလည် မှတ်ချက်ပေးစရာမရှိဟု သူထင်လိုက်သည်။
သို့သော် မြောက်ပိုင်းရထားဘူတာသို့ ရောက်ရှိသည်နှင့် ချင်ရန်သည် မယုံနိုင်စရာစွမ်းရည်တစ်ခု ရရှိတော့မည်ကိုတော့ ချန်ဟောက် တစ်ယောက် မသိခဲ့ပေ။
ထိုစဉ်မှာပင် ရှကျဲ၏ဖုန်းသံ ရုတ်တရက်မြည်လာသည်။ ရှကျဲက ဖုန်းကို အမြန်ကိုင်လိုက်ရာ သူမ၏အမေ ဖုန်းဆက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဖုန်းဆက်သွယ်မိသည်နှင့် တစ်ဖက်မှ ရှကျဲ အမေ၏ ငိုရှိုက်သံ ထွက်ပေါ်လာ၏။
"ရှောင်ကျဲ၊ သမီး ဘယ်မှာလဲ အမေ့ ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီ၊ ခရီးသွားဖို့စုထားတဲ့ ငွေနှစ်သောင်းလုံး ပါသွားပြီ၊ ဘယ်လိုလုပ်ရမလဲ သမီးလေးရယ်
“အဟင့်ဟင့်..”
ရှကျဲအမေ၏ ငိုသံမှာ အလွန်ပင် စိတ်မကောင်းစရာ ကောင်းလှသည်။ ပျော်ရွှင်စွာဖြင့် ခရီးထွက်ရန် ပြင်ဆင်ခဲ့သော်ငြ ယခုအခါ ပိုက်ဆံအားလုံး ဆုံးရှုံးသွားရချေပြီ။
နှစ်သောင်းတိတိပင်။
ရှကျဲတို့ မိသားစုမှာ ငွေကြေးပြည့်စုံသော်လည်း နှစ်သောင်းဆိုသည်မှာ နည်းသောပမာဏ မဟုတ်ပေ။
ဤစကားကို ကြားလိုက်ရသောအခါ ရှကျဲမှာ အလွန်စိုးရိမ်သွားပြီး မိခင်ဖြစ်သူကို အမြန်ပင် ချော့မော့လိုက်ရသည်။
"မေမေ၊ မငိုပါနဲ့တော့၊ အခု မေမေဘယ်မှာလဲ၊ ဘယ်လိုဖြစ်ပြီး ခါးပိုက်နှိုက်ခံလိုက်ရတာလဲဟင်”
"အမေက အခု မြောက်ပိုင်းရထားဘူတာမှာ ရောက်နေတာ”
ရှကျဲ၏အမေက ရှိုက်ကြီးတငင်ဖြင့် ပြန်ပြောလေသည်။
"ဟင်”
ရှကျဲအံ့သြသွားသည်။ သူတို့ကိုယ်တိုင်လည်း တာဝန်အရ မြောက်ပိုင်းရထားဘူတာသို့ သွားနေကြခြင်းပင်။ မိခင်ဖြစ်သူ ခရီးမထွက်ခင်မှာပင် ယခုကဲ့သို့ ကံဆိုးမိုးမှောင်ကျကာ ပိုက်ဆံအိတ်ခိုးခံရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ရှောင်ကျဲ၊ ဘာဖြစ်လို့လဲ”
ရှကျဲ မျက်နှာပျက်သွားသည်ကို ချန်ဟောက် သတိပြုမိသွားပြီး ချက်ချင်းမေးမြန်းလိုက်သည်။
ရှကျဲသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာမှာလည်း အလွန်ကို စိတ်မကောင်းသည့်ပုံ ဖြစ်နေသည်။
"ဆရာ... ကျွန်မအမေ အခု ရထားဘူတာမှာရှိနေတာ။ သူ့အိတ် အခိုးခံလိုက်ရတယ်၊ ငွေ ၂ သောင်းလည်း ပါသွားတယ်တဲ့"
ဖုန်းတစ်ဖက်မှ ရှကျဲ၏အမေမှာလည်း စိတ်ဓာတ်ကျလုနီးပါး ဆက်လက်ငိုယိုရင်း ပြောနေဆဲဖြစ်သည်။
"ရှောင်ကျဲ၊ အိတ်ထဲမှာ ပိုက်ဆံတင်ပါတာမဟုတ်ဘူး၊ နင့်အဖေရယ်၊ ငါရယ်၊ နင်ရယ် ရိုက်ထားတဲ့ မိသားစုဓာတ်ပုံလည်း ပါသွားတယ်၊ မေမေက အဲဒီဓာတ်ပုံကို သွားလေရာ ဆောင်ထားတာ၊ အဲဒီပုံလေးက အရမ်းကြည်ပြီး လှတာ၊ အခုတော့ အိတ်လည်း မရှိတော့ဘူး ပုံလည်းပါသွားပြီ သမီးရယ်၊ အဟင့်ဟင့်…”
ရှကျဲ၏ အမေမှာ စိတ်ဓာတ်ကျလုနီးပါးဖြစ်ကာ ဆက်လက်ငိုယိုနေဆဲ ဖြစ်သည်။
"မေမေ၊ ဘယ်မှမသွားနဲ့ဦးနော်၊ သမီးတို့ အခုချက်ချင်းလာခဲ့မယ်"
ရှကျဲက စိတ်ပူစွာဖြင့် အလျင်အမြန် ပြောလိုက်သည်။
"အေးအေး ရှောင်ကျဲ.. မေမေစောင့်နေမယ်၊ မြန်မြန်လာခဲ့နော်၊ အဲဒီ အစုတ်ပလုတ်သူခိုးကို မိအောင်ဖမ်းပေးရမယ်နော်”
ရှကျဲ၏ အမေက ငိုရှိုက်ရင်း ပြောဆိုကာ ဖုန်းချသွားသည်။
ရှကျဲ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ သူမ၏မိခင်အတွက် စိတ်မကောင်းဖြစ်ရသလို သူမကိုယ်တိုင်လဲ ရင်ထဲမှာလည်း နာကျင်နေရသည်။
"ဆရာ၊ ကျွန်မတို့ မြန်မြန်သွားကြရအောင်"
ချန်ဟောက်က လေးလေးနက်နက်ဖြင့် ခေါင်းငြိမ့်ပြကာ အမိန့်ပေးလိုက်သည်။
"ကောင်းပြီ၊ မြန်မြန်သွားကြစို့”
မကြာခင်မှာပင် ချန်ဟောက်၊ ချင်ရန်၊ ရှကျဲနှင့် ကျန်သူများသည် ရဲကားပေါ်သို့ တက်လိုက်ကြ၏။ ကားမောင်းနေစဉ်တစ်လျှောက်လုံး ရှကျဲမှာ သူမ၏မိခင် အကြောင်းကိုတွေးပြီး အလွန်ကို စိုးရိမ်ပူပန်နေရသည်။
ခါးပိုက်နှိုက်ခံလိုက်ရသည့် အိတ်ထဲတွင် မိသားစုဓာတ်ပုံ ပါသွားသည်ဆိုသောကြောင့် သူမ ပို၍ စိတ်မကောင်း ဖြစ်နေရသည်။
ငွေ နှစ်သောင်းဆိုသည်မှာ ပြန်ရှာ၍ ရနိုင်သော်လည်း မိသားစုဓာတ်ပုံမှာမူ အစားထိုးမရနိုင်သော တန်ဖိုးကြီးသည့်အရာ ဖြစ်သည်။
ရှကျဲ အလွန် စိတ်မကောင်းဖြစ်နေသည်ကို မြင်ရသောအခါ ချင်ရန်က စိတ်ထဲကနေ တွေးနေမိ၏။
‘ ဒီအတိုင်းဆိုရင်တော့ တော်တော်လေးအခြေအနေဆိုးတာပဲ၊ ခဏနေရင် ရှကျဲအမေရဲ့အိတ်ကို ပြန်ရှာတွေ့နိုင်မလားဆိုတာ ငါ သေချာကြည့်ရမယ်'
ချင်ရန်သည် ရှကျဲ၏အမေက စည်းကမ်းကြီးလွန်းသောကြောင့်
သိပ်သဘောမကျသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ကူညီသင့်သည်ဟု သူယူဆလိုက်သည်။
"ရှကျဲ သိပ်ပြီးစိတ်မပူပါနဲ့။ အခင်းဖြစ်တဲ့နေရာရောက်တာနဲ့ စောင့်ကြည့်ရေးကင်မရာတွေကို သေသေချာချာ စစ်ဆေးကြတာပေါ့၊ ဒါဆို သူခိုးကို တွေ့နိုင်ကောင်းပါရဲ့
ယန်ရှုက စိုးရိမ်တကြီး နှစ်သိမ့်ပေးသည်။
ရှကျဲက ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
မကြာခင်မှာပင် ကားသည် မြောက်ပိုင်းရထားဘူတာရုံသို့ ဆိုက်ရောက်လာ၏။ လီတာဝေသည် သားရေဂျာကင်၊ နေကာမျက်မှန်တို့နှင့် မြို့ကြီးသားပုံစံဖမ်းကာ ခါးပြိက်နှိုက်များကို ဆွဲဆောင်ရန် ငါးစာအဖြစ် အသင့်ရှိနေသည်။
ချင်ရန်နှင့် အဖွဲ့သားများသည် ကားပေါ်မှဆင်းကာ စောင့်ဆိုင်းခန်းထဲသို့ ဝင်ရန်ပြင်လိုက်ကြသည်။
သို့သော် သူတို့ဝင်လိုက်သည်နှင့် လူအုပ်လိုက်ကြီး တိုးဝှေ့လာသည်ကို မြင်လိုက်ရသည်။ ရထားတစ်စင်း ဆိုက်ရောက်လာပုံရပြီး လူရာနှင့်ချီ၍ ဆင်းလာကြသည်။
မြောက်ပိုင်းဘူတာရုံက သိပ်မကျယ်လှသဖြင့် လူများဖြင့် ပြည့်ကျပ်ညပ်နေခဲ့သည်။
ထိုအချိန်တွင် ချင်ရန်၏စိတ်ထဲမှ စနစ်အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
"ပိုင်ရှင်သည် မြောက်ပိုင်းရထားဘူတာရုံသို့ ရောက်ရှိပြီဖြစ်၍ တာဝန်ပြီးဆုံးပါသည်။ ဆုလာဘ်- ရာဇဝတ်ကောင်ရှာဖွေရေး
ရေဒါစွမ်းရည်”
ထိုအသိပေးချက် ဆုံးသည်နှင့် ချင်ရန်သည် မိမိ၏ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘေးနားမှ ဖြတ်သွားသော လူအများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။
"ဟာ... လူတွေကတော့ အများကြီးပဲဟ”
လီတာဝေမှာ လူအုပ်ကြီးကြားထဲ တိုးဝှေ့နေရသဖြင့် နေရခက်နေပုံရသည်။ လူတိုင်းက အလျင်လိုနေကြပြီး တစ်ယောက်နှင့်တစ်ယောက် တိုက်မိခိုက်မိ ဖြစ်နေကြရာ လီတာဝေသည်လည်း လူပေါင်းများစွာနှင့် တိုက်မိနေခဲ့၏။
သို့သော် ထိုအချိန်တွင်…
"အဆင့် (B) ရာဇဝတ်ကောင်ကို တွေ့ရှိပါသည်၊ တည်နေရာကို ပိုင်ရှင်ထံသို့ ညွှန်ပြထားသည်”
လီတာဝေ၏ဘေးတွင် ရပ်နေသော ချင်ရန်သည် စနစ်အသိပေးချက်ကြောင့် မျက်လုံးများ ဝင်းကနဲဖြစ်သွားပြီး အာရုံစိုက်လိုက်သည်။
"ရာဇဝတ်ကောင်က လွတ်နေတာလား”
ချင်ရန် ချက်ချင်းပင် သတိကပ်သွား၏။
ရှာဖွေရေးရေဒါကို အသုံးပြု၍ လီတာဝေနှင့် မလှမ်းမကမ်းတွင်ရှိနေသော လူတစ်ယောက်ကို သူ ရှာဖွေ တွေ့ရှိလိုက်သည်။
ထိုသူမှာ သာမန်လယ်သမား လူအိုကြီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး ဘ၀အတွက် ရုန်းကန်လှုပ်ရှားခဲ့ရပုံရသော မျက်နှာနှင့် အသက်မဲ့နေသော မျက်လုံးများ ရှိသည်။
"ဟမ်”
ထိုစဉ် ရုတ်တရက်ပင် လီတာဝေက အော်လိုက်သည်။
- "ငါ့ဖုန်း၊ ငါ့ဖုန်း ဘယ်ရောက်သွားတာလဲ၊ ငါ့ဖုန်းဘယ်မှာလဲ”
လီတာဝေ ကြောင်အသွားရ၏။ သူ၏ ဘောင်းဘီအိတ်ကပ်ကို ငုံ့ကြည့်လိုက်သောအခါ အပေါက်ဖောက်ခံထားရသည်ကို တွေ့လိုက်ရသည်။သူ၏ဖုန်းက ထိုအပေါက်မှတစ်ဆင့် ခိုးယူခံလိုက်ရခြင်းပင်။
"ဘာဖြစ်တာလဲ လီတာဝေ၊ ဘာလို့ အဲဒီလောက် အော်ဟစ်နေတာလဲ”
ချန်ဟောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ လီတာဝေ၏အော်သံကြောင့် လူအများက သူတို့ရှိရာသို့ စပ်စပ်စုစု ဝိုင်းကြည့်လာသောကြောင့်ဖြစ်သည်။
"မဟုတ်ဘူး၊ ခေါင်းဆောင် ကျွန်တော့်ဖုန်းပါသွားပြီ၊ တစ်ယောက်ယောက်က အိတ်ကပ်ကိုဖြတ်ပြီး ဖုန်းနှိုက်သွားပြီဗျ”
လီတာဝေက ချန်ဟောက်ကို အသည်းအသန် ရှင်းပြလိုက်သည်။ ဘူတာရုံထဲ ခြေချရုံရှိသေး၊ ထိုလူအုပ်နှင့် တိုးမိကာမှ ဖုန်းပျောက်သွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
“ ဒါက ကြောက်စရာကြီးပဲ”
ယန်ရှုလည်း လန့်ဖျန့်သွား၏။ ချန်ဟောက်၏ မျက်နှာမှာ တင်းမာနေပြီး ပတ်ဝန်းကျင်ကို အမြန် စစ်ဆေးကြည့်လိုက်သော်လည်း သံသယဖြစ်ဖွယ် မည်သူတစ်ဦးတစ်ယောက်
ကိုမျှ ရှာမတွေ့ခဲ့ပေ။
"ဒီလောက် လူအုပ်ကြီးထဲမှာ ခါးပိုက်နှိုက်ကို ဘယ်လိုရှာရပါ့မလဲ”
ရှကျဲလည်း ထိတ်လန့်သွားပြီး သူမ၏ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူတို့ ဘူတာရုံထဲ ခြေချရုံရှိသေးသော်ငြား ခါးပိုက်နှိုက် က အမိအရ လုပ်သွားနိုင်ခဲ့သည်။
သူတို့အားလုံး စုဝေးနေကြပြီး သတိထားနေကြသည့် ကြားကပင် ခါးပိုက်နှိုက်သမားဟု ယူဆနိုင်သည့်သူ တစ်ယောက်ကိုမျှ မတွေ့လိုက်ရချေ။
လီတာဝေမှာ ပိုပြီးစိတ်ပျက်နေရသည်။ သူကိုယ်တိုင် ငါးစာလုပ်ဖို့ အကြံပေးခဲ့ပြီး အခုတော့ ဘာလက်စလက်နမှ မရလိုက်ပါပဲနှင့် ဖုန်းပါသွားခဲ့ပြီ ဖြစ်သည်။
လီတာဝေနှင့် ၅ မီတာခန့် အကွာတွင် လယ်သမားအဖိုးအိုကြီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ထိုလူသည် ပြုံးစိစိနှင့် နှာခေါင်းရှုံ့လိုက်သည်။
သူသည် မိမိကိုယ်မိမိ အတော်ကို ကျေနပ်နေပုံရ၏။ သူ့အင်္ကျီလက်ဝဲဘက် အတွင်း၌ လေးထောင့်ပုံစံ အဖုလေးတစ်ခု ရှိနေသည်။ ၎င်းမှာ လီတာဝေ၏ဖုန်းပင်။
စက္ကန့်ပိုင်းအတွင်းမှာတင် ထိုသူသည် ဖုန်းကို နှိုက်ယူသွားခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်အမြန်နှုန်းမှာ အံ့မခန်းလှပြီး မျက်လှည့်ပြသကဲ့သို့ပင် မည်သူမျှ မရိပ်မိအောင် လုပ်ဆောင်သွားနိုင်ခဲ့၏။
ထို့နောက် သူ၏အကြည့်သည် ပိုက်ဆံတွေ ပြည့်နေပုံရသော အိတ်ကို ကိုင်ထားသည့် အဘိုးအိုတစ်ဦးထံသို့ တစ်ဖန် ကျရောက်သွားပြန်သည်။ ထိုအခါ လယ်သမားအတု၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။ ဤသည်မှာ သူ့အတွက် အခွင့်အရေးကောင်းတစ်ခုပင်။
ထိုလယ်သမားအတုသည် အဘိုးအိုထံသို့ ခြေလှမ်းစလှမ်းလိုက်စဉ်မှာပင် သူ၏ပုခုံးပေါ်သို့ လက်တစ်ဖက် ရောက်ရှိလာသည်။
"မင်းရဲ့ နည်းစနစ်က တော်တော်လေးကောင်းတာပဲ၊ ငါလည်းသင်ချင်တယ်၊ ငါ့ကို သင်ပေးနိုင်မလား”
ခနဲ့တဲ့တဲ့ စကားသံနှင့်အတူ ချင်ရန်က တရားခံ၏ပုခုံးကို ခိုင်မြဲစွာ ဖမ်းကိုင်ထားလိုက်တော့သည်။