← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

67

ထိုလယ်သမားအဘိုးအိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ တစ်ယောက်ကိုတစ်ယောက် သိနေကြပုံရသည်။

လူလတ်ပိုင်းအမျိုးသားသည်လည်း အဘိုးအိုကို မြင်သွားပြီးနောက် သူ၏မျက်လုံးများတွင် အလားတူ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။

၎င်းတို့နှစ်ယောက်သည် တစ်ယောက်၏ပညာကို တစ်ယောက်က ကောင်းကောင်းသိကြ၏။

ထို့ကြောင့် စောင့်ကြည့်ကင်မရာများအောက်တွင် ခိုးယူခြင်းမှာ သူတို့အတွက် အထူးအဆန်းမဟုတ်‌တော့ပေ။ သို့သော် ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်နှစ်ဦးစလုံး အဖမ်းခံလိုက်ရသည်မှာ‌တော့ မယုံကြည်နိုင်စရာ ကောင်းလှသည်။

ချန်ဟောက်၊ ရှကျဲနှင့် သူမ မိခင်တို့ လှမ်းကြည့်လိုက်ကြရာတွင် မြင်လိုက်ရသည်မှာ ချင်ရန်က လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ဖမ်းချုပ်ထားခြင်းပင် ဖြစ်သည်။

ချင်ရန်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ထိုင်စမ်း၊ မတ်တပ်ရပ် မနေနဲ့”

ထို့နောက် သူသည် လက်ဆွဲအိတ်ထဲမှ ပိုက်ဆံအိတ်အားလုံးကို ဆွဲထုတ်လိုက်သည်။

ရှဲကျဲ၏ မိခင်သည် ထိုအိတ်များကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ပင် ရပ်မိသွားသည်။ အကြောင်းမှာ ထိုအိတ်များစွာထဲကမှ သူမအိတ်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

“ဒါ အန်တီ့အိတ်ပဲ”

ရှကျဲမိခင်က အိတ်တစ်လုံးကို ချက်ချင်းလက်ညှိုးထိုးပြပြီး အပြေးအလွှား သွားယူလေ၏။ ထို့နောက် သူမသည် အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ ရာတန် ယွမ်ငွေစက္ကူအချို့နှင့်အတူ ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်တစ်ခုတို့ကို တွေ့လိုက်ရသည်။

ရှကျဲ၏ မိခင်သည် ထိုဓာတ်ပုံကို ထုတ်ယူကြည့်လိုက်သောအခါ ၎င်းမှာ သူမနှင့် သူမခင်ပွန်း ရှကျွင်းရှု၊ သမီးရှကျဲတို့ မိသားစုဓာတ်ပုံ ဖြစ်နေသည်။ ထိုစဉ်က ရှကျဲမှာ အလွန်ငယ်သေး၏။

သူမသည်လည်း ထိုဓာတ်ပုံကို မြင်လိုက်ရာတွင် အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။

“တွေ့ပြီ ဒီဓာတ်ပုံလေးပဲ၊ တော်သေးတယ် ပြန်ရလို့”

ရှကျဲသည်လည်း အနားသို့ ရောက်လာပြီး ဓာတ်ပုံကိုကြည့်ကာ စိတ်လှုပ်ရှားသွား‌တော့သည်။

“ပြန်တွေ့သွားတာ ကောင်းတာပေါ့”

ချင်ယန်က ခေါင်းငြိမ့်ပြလိုက်သည်။ ချန်ဟောက်မှာမူ အံ့အားသင့်လျက် ရှိနေ၏။

‘ချင်ရန်က နတ်ဘုရားများလား၊ ဒါကို ဘယ်လိုများ ဒီ‌လောက်မြန်မြန် ရှာတွေ့သွားတာလဲ’

ထိုအခါ ရုတ်တရက် ချန်ဟောက် တစ်ခုခုကို သတိရသွားသည်။

စောင့်ကြည့်ကင်မရာမှတ်တမ်းထဲတွင် ဤလူလတ်ပိုင်းအမျိုးသားကို သူ မြင်ဖူးသလိုရှိသည်။ ထို့‌ကြောင့် စောင့်ကြည့် ကင်မရာကို ပြန်ဖွင့်ပြီး ပြန်စစ်ဆေးလိုက်ရာ ထိုအမျိုးသားသည် ရှကျဲမိခင်၏ဘေးမှ ဖြတ်လျှောက်သွားသည်ကို အမှန်တကယ် မြင်လိုက်ရ၏။

ချန်ဟောက် အလွန်တုန်လှုပ်သွားသည်။

“ဒီလူကတော့ တကယ့်ကို မယုံနိုင်စရာပဲ၊ ဖြတ်လျှောက်သွားရုံလေးနဲ့တောင် ခိုးယူနိုင်တယ်၊ ဒါ ဘယ်လိုပညာမျိုးလဲ”

သို့သော် ပို၍အထင်ကြီးစရာကောင်းသည်မှာ ဤမျှ ကျွမ်းကျင်သောသူသည်ပင် ချင်ရန်၏လက်ထဲ၌ အဖမ်းခံလိုက်ရခြင်းပင်။

“ဆရာ၊ ရှကျဲ၊ ဒီလူနှစ်ယောက်ကို သေချာစောင့်ကြည့်ထားပေးပါဦး၊ ကျွန်တော် နောက်ထပ်ခါးပိုက်နှိုက်တွေ ရှိသေးလား သွားကြည့်လိုက်ဦးမယ်”

ဤဘူတာရုံကြီးထဲတွင် ခါးပိုက်နှိုက်များမှာ ဤတစ်ယောက်တည်းသာ ရှိသည်ဆိုသည်မှာ မဖြစ်နိုင်ချေ။

“မင်းက ထပ်ဖမ်းဦးမလို့လား”

ချန်ဟောက်တစ်‌ယောက် မည်သို့ပြောရမည်မှန်းပင် မသိတော့ပေ။

ထိုစဉ် ရှကျဲ၏မိခင်က အနားသို့ လျှောက်လာပြီး ချင်ယန်ကို ကျေးဇူးတင်စွာဖြင့် စကားဆိုလေသည်။

“တူလေး၊ တူလေးကအန်တီ့ကို အများကြီး ကူညီ‌ပေးလိုက်တာပဲ၊ ခါးပိုက်နှိုက်ကိုလည်း ဖမ်းပေးတယ်၊ အန်တီတို့ရဲ့မိသားစုဓာတ်ပုံကိုလည်း ရှာပေးတယ်”

“အန်တီ ဒါက ကျွန်တော်တို့တာဝန်တွေပါ၊ ဘာမှ အားနာစရာမလိုပါဘူး”

ချင်ရန်က ရှကျဲအ‌မေကို ပြုံးပြပြီး ဘူတာရုံဘက်သို့ ပြန်လည်ထွက်ခွာသွားတော့သည်။ ဤမျှကြီးမားသော ဘူတာရုံထဲတွင် ခါးပိုက်နှိုက်များ မည်မျှ ပုန်းအောင်းနေဦးမည်ကို မည်သူသိနိုင်ပါမည်လော။

အဘိုးအိုရော၊ လူလတ်ပိုင်းအမျိုးသား တို့နှစ်‌ယောက်စလုံးမျာ အလွန်သဘောကောင်းသည့် လူများဟု ထင်မှတ်ရသော်လည်း အမှန်တကယ်တော့ သူတို့သည် ခါးပိုက်နှိုက်များဖြစ်နေလိမ့်မည်ဟု မည်သူကများ ထင်မည်နည်း။

“ဒီကောင်လေးကတော့ တကယ်ကို အံ့သြစရာကောင်းတာပဲ”

ရှကျဲမိခင်က ထွက်ခွာသွားသော ချင်ယန်၏ကျောပြင်ကို ကြည့်ရင်း ပြောလိုက်သည်။

“ရှကျဲ၊ သမီးလေး၊ သူက သမီးရဲ့ လုပ်ဖော်ကိုင်ဖက်လား၊ ဒီနေ့ သူ မေမေတို့ကို အများကြီးကူညီခဲ့တာ၊ သူ့ကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးရင်ကောင်းမလား”

သူမပိုက်ဆံအိတ်ထဲတွင် ယွမ်ငွေနှစ်သောင်းအပြင် မိမိ၏ မိသားစုဓာတ်ပုံလည်း ပါဝင်သောကြောင့် အလွန်အရေးကြီးလှ‌ပေသည်။ ချင်ရန်က ကူညီပေးခဲ့ခြင်း‌ကြောင့်သာ သူမပစ္စည်းများကို ပြန်ရလိုက်ခြင်းပင်။

ထို့ကြောင့် သူမသည် အလွန်ကျေးဇူးတင်နေမိပြီး ထမင်းဖိတ်ကျွေးကာ ကျေးဇူးဆပ်ချင်နေခြင်းဖြစ်သည်။

ချင်ရန် ဘူတာရုံထဲသို့ ပြန်လည်ရောက်လာခဲ့ပြန်သည်။ သူသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း သူ၏ ‘ရာဇ၀တ်ကောငရှာဖွေရေး ရေဒါ’ကို အသုံးပြုကာ လူများအား စောင့်ကြည့်စစ်ဆေးနေ၏။

“ဒင်.. B-အဆင့် ရာဇ၀တ်ကောင်ကို တွေ့ရှိပါသည်။ ပစ်မှတ်အား သတ်မှတ်ပြီးပါပြီ”

စနစ်၏ အကြောင်းကြားသံသည် ထပ်မံထွက်ပေါ်လာခဲ့သဖြင့် ဆက်လက်စစ်ဆေးကြည့်ရာတွင် ချင်ရန်သည် ချက်ချင်းပင် ကြောင်အသွားရတော့သည်။

အကြောင်းမှာ ထိုသံသယရှိသူမှာ ဗိုက်ကြီးနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။

“ဟမ်၊ သူခိုးတွေက ဒီလောက်တောင် အစွမ်းကုန်ကြိုးစားကြတာလား၊ ကိုယ်ဝန်ဆောင်သည်လို ဟန်ဆောင်ပြီးပုန်းကွယ်နေတာတဲ့လား၊ တော်တော်ပါးနပ်တာပဲ”

ချင်ယန် ဘာပြောရမှန်းပင် မသိတော့ပေ။တကယ်တမ်း ပစ္စည်းတစ်ခုခု အခိုးခံရလျှင် မည်သူကမှ ကိုယ်ဝန်ဆောင်သည်ကို သံသယဝင်ကြမည် မဟုတ်ချေ။ ထိုအမျိုးသမီးက အိတ်ပင်မပါဘဲ ကိုယ်ဝန်ဆောင်အင်္ကျီ ဝတ်စုံပွပွကြီးကိုသာ ဝတ်ဆင်ထား‌လေသည်။

သူမ ခိုးယူထားသည့် ပစ္စည်းများသည် ထိုဗိုက်အတုထဲတွင် ရှိနေမလားဟု ချင်ယန် တွေးမိသွားသည်။ ထို့နောက် သူသည် ပင်ပန်းနွမ်းနယ်နေသည့် ပုံစံဖြင့် ထိုင်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးအနားသို့ ခပ်အေးအေးပင် ချဉ်းကပ်သွားလိုက်၏။

“ဗိုက်ထဲမှာလည်း တကယ်ဘာမှမရှိဘဲနဲ့ ဘာလို့ ဒီလောက် ပင်ပန်းနေတဲ့ ပုံစံဖြစ်နေတာလဲ၊ ဘာလဲ ဒီနေ့ ခိုးထားတာတွေများသွားလို့လား ဟမ်”

ချင်ယန်က ပြုံးလျက် မေးလိုက်သော်ငြား ထိုအပြုံးက အမျိုးသမီးအတွက်တော့ ထိတ်လန့်တုန်လှုပ်သွားရသည်။

အမျိုးသမီး၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွား၏။ သူမ ချင်ရန်ကို မော့ကြည့်လိုက်ပြီး ခေတ္တမျှ စကားမထွက်နိုင်ဘဲ ဆွံ့အသွားရသည်။

ချင်ရန်က လက်ထိပ်ကို ထုတ်ပြလိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

“ဘာပြောချင်သေးလဲ၊ ကိုယ်ဝန်ကို အသုံးချပြီး ပြဿနာရှာမလို့ကြံနေတာလား၊ မင်းကိုယ်ဝန်က အတုကြီးဆိုတာ ကြည့်ရုံနဲ့သိတာမို့လို့ ဆူညံဆူညံ လာလုပ်မနေနဲ့၊ ငါက လက်ထိပ်ခတ်ရမှာပျင်းလို့၊ ဒါကြောင့် လိမ်လိမ်မာမာနဲ့ ငါ့နောက်ကိုလိုက်ခဲ့စမ်း”

ချင်ရန်၏လေသံမှာ ပြတ်သားသွား၏။

ထို ‘ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လုံးဝ ဆွံ့အသွားရသည်။ ဤလူမှာ မည်သူနည်း၊ သူမ၏ ဗိုက်အတုကို မြင်ရုံတင်မက သူမ၏ ရည်ရွယ်ချက်ကိုပါ ကောင်းကောင်းသိနေသည် မဟုတ်ပါလော။

လက်ထိပ်ကို မြင်လိုက်ရသောအခါ ချင်ရန်မှာ ရဲဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ မူလက သူမ ပြဿနာရှာရန် ကြံစည်ထားသော်လည်း ချင်ရန်၏ ခန့်မှန်းရခက်သောအရှိန်အဝါကြောင့် ထိုအကြံကို ချက်ချင်း ဖျက်သိမ်းလိုက်ရ‌လေသည်။

“ရှင်၊ ရှင်ဘာတွေပြောနေတာလဲ၊ ကျွန်မနားမလည်ဘူး”

အမျိုးသမီးက အတင်းအကြပ်ပြုံး၍ ပြောလိုက်သော်လည်း သူမ၏လေသံမှာ တုန်လှုပ်နေခဲ့သည်။

“ကဲ... လူပုံအလယ်မှာ မင်းကိုအရှက်မခွဲချင်ဘူး၊ မင်းရဲ့ အပေါင်းအပါနှစ်ယောက်ကိုလည်း ငါ ဖမ်းထားပြီးပြီ၊ တစ်ယောက်က လယ်သမားလိုဝတ်ထားပြီး နောက်တစ်ယောက်က အမှုဆောင်ဒါရိုက်တာ တစ်ယောက်လို ဝတ်ထားတဲ့သူ၊ ဟုတ်တယ်မလား ဟမ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် အမျိုးသမီး၏မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား‌တော့၏။ ထိုလူနှစ်ယောက်ကို သူမ ကောင်းကောင်း သိ‌နေသည်မှာ သေချာလှသည်။ ထိုသူတို့လို ကျွမ်းကျင်သူများပင် အဖမ်းခံလိုက်ရလေပြီလော။

သူမ မသိသည်မှာ ချင်ရန်က သူမနှင့် ထိုလူနှစ်ဦး ပတ်သက်မှု ရှိ၊ မရှိကို သေချာစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

ယခုမူ ချင်ယန် ကျေနပ်လောက်သောရလဒ်ကို ရရှိသွားပြီဖြစ်သည်။ ဤအမျိုးသမီးက ထိုသူများကို သိနေသည်ဆိုပါက သူတို့သည် ကြီးမားသော ရာဇ၀တ်ဂိုဏ်းတစ်ခုမှ ဖြစ်‌ပေလိမ့်မည်။

ချင်ရန်၏ ဖိအားပေးခြိမ်းခြောက်မှုအောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် တာဝန်ကျစခန်းသို့ လိုက်လာခဲ့ရ၏။

တာဝန်ကျခန်းထဲ၌ ရှိနေသော ချန်ဟောက်နှင့် ရှကျဲတို့သည် ဗိုက်ပူကြီးနှင့် ကိုယ်ဝန်ဆောင်သည် တစ်ဦးကို ချင်ရန် ခေါ်လာသည်ကို မြင်သောအခါ ကြောင်အသွားကြသည်။

“သူခိုးဖမ်းရင်းနဲ့ ကိုယ်ဝန်ဆောင်ကိုပါမချန် ဖမ်းလာရသလား”

သို့သော် ချင်ရန်က ‘ကိုယ်ဝန်ဆောင်သည်၏ ဗိုက်ထဲမှ ပစ္စည်းများကို နှိုက်ထုတ်ပြလိုက်သည့်အခါတွင် လက်ကိုင်ဖုန်းများ၊ ပိုက်ဆံအိတ်များနှင့် နှုတ်ခမ်းနီတစ်ချောင်းပင် ထွက်ကျလာ‌လေသည်။

“ဒီကိုယ်ဝန်ဆောင်သည်က အတုကြီးလား”

“ဟယ်တော်”

ရှကျဲ၏ လောကအမြင်များ အကြီးအကျယ် ပျက်စီးသွားရ၏။ ဤသည်မှာ တကယ့်ကို အံ့သြဖို့ကောင်းလှသည်။ သူခိုးတစ်ယောက်က ဤမျှအထိ ဗျူဟာခင်းပြီး ကိုယ်ဝန်ဆောင်သည်လို ဟန်ဆောင်ကာ ခိုးယူလိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

“ဆရာ၊ ရှကျဲ၊ သူ့ကို သေချာကြည့်ထားပေးဦး၊ ကျွန်တော် နောက်တစ်ခေါက်လောက်သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်”

ချင်ရန်က ပြောပြောဆိုဆိုဖြင့် ချက်ချင်းပင် ပြန်ထွက်သွား‌လေသည်။

တာဝန်ကျရဲကင်းအခန်းအတွင်းရှိ အဘိုးအိုနှင့် လူလတ်ပိုင်းအမျိုးသားတို့သည်လည်း ချင်ရန်က ဤတိုတောင်းလှသော အချိန်အတွင်း အခြားသော ကျွမ်းကျင်ခါးပိုက်နှိုက်တစ်ဦးအား ထပ်မံဖမ်းဆီးနိုင်ခဲ့သည်ကို မြင်ပြီး အံ့သြတုန်လှုပ်နေကြသည်။

“အဲဒီရဲမှာ နတ်မျက်စိတွေ ဘာတွေများ ရှိနေတာလား၊ သူက ဘယ်လိုဖြစ်လို့ အားလုံးကို ဒီလောက်အလွယ်တကူ ဖမ်းနိုင်နေရတာလဲ”

ချင်ရန်၏ လူဖမ်းရာတွင် ကျွမ်းကျင်ပိုင်နိုင်လှမှုတို့ကြောင့် လူလတ်ပိုင်းအမျိုးသားနှင့် အဘိုးအိုတို့မှာ စိတ်ဓာတ်မျာအကြီးအကျယ် ကျဆင်းနေကြပြီဖြစ်သည်။

ကိုယ်ဝန်ဆောင်အတုမှာလည်း ဂိုဏ်းထဲမှ ထိပ်တန်းခါးပိုက်နှိုက်သမားများကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေရှာ၏။

ဤလူနှစ်ဦးမှာ အလွန်ကျွမ်းကျင်သည့် ခါးပိုက်နှိုက်သမားများ ဖြစ်ကြသော်လည်း မည်သို့‌သော အခြေအနေများကြောင့် ဤသို့ လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရသည်ကို သူမ နားမလည်နိုင် ဖြစ်နေတော့သည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် သူ၏ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သူ၏ရေဒါဖြင့် စစ်ဆေးနေစဉ်အတွင်းမှာ ပို၍ပင် ဆွံ့အသွားစေသည့် အရာတစ်ခုကို မြင်လိုက်ရပြန်သည်။

စနစ်၏ ရှာဖွေရေးရေဒါတွင် ရာဇ၀တ်ကောင်တစ်ဦး၏ တည်နေရာကို ထပ်မံ၍ ညွှန်ပြနေပြန်သည်။ ထိုရာဇ၀တ်ကောင်မှာ နွမ်းနွမ်းဖက်ဖက်နှင့် တရားကျင့်ကြံသူဘုန်းကြီးတစ်ပါးအသွင် ယူထားသော ခါးပိုက်နှိုက်တစ်ဦးပင်ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ။ ဒီလူတွေက တကယ်ကို မလွယ်ကြဘူးပဲ၊ အခုတော့ ဘုန်းကြီးတွေတောင်ပါလာပြီပေါ့၊ အဟက်”

ချင်ယန် ရယ်ချင်ပတ်ကျိဖြစ်သွား၏။ ထို့‌နောက် သူသည် တရားကျင့်ကြံသူ ဘုန်းကြီးအသွင်ယူထားသူထံသို့ အေးအေးဆေးဆေးပင် လျှောက်သွားလေတော့သည်။

68

ထိုအယောင်ဆောင်ထားသည့် တရားကျင့်ကြံသူရဟန်းသည် ၁၀ ရက်၊ ၁၅ ရက်ခန့် အစာငတ်ခံထားသည့်အလား ပိန်ချုံးကာ အင်အားချည့်နဲ့နေပုံရသည်။

သူ၏လက်ထဲတွင် ကွဲအက်နေသော သပိတ်တစ်လုံးကို ကိုင်ထားပြီး လမ်းသွားလမ်းလာလူများကို ဆွမ်းခံနေသည့်ဟန်ဖြင့် လမ်းမေးနေလေ၏။

"ဆရာကြီး အဲဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ”

ချင်ရန်က ပြုံးလျက် ရဟန်းထံသို့ ခပ်အေးအေးပင် လျှောက်သွားလိုက်သည်။

ထိုအယောင်ဆောင်ရဟန်းသည် တကယ့်တရားကျင့်ကြံသူ တစ်ဦးကဲ့သို့ပင် အလိုရမ္မက်များကင်းပြီး အေး‌ဆေးတည်ငြိမ်နေသော ဥပဓိရုပ်ဖြင့် တည်ကြည်စွာ ပြောလေ၏။

"ဒကာကြီး၊ ဦးဇင်း အခု ဆွမ်းခံနေတာပါ၊ အစာမစားရတာ ၃ ရက်ရှိပါပြီ၊ ဒကာကြီးအနေနဲ့ စေတနာရှိသလောက်လေး လှူဒါန်းပေးလို့ရမလား"

အယောင်ဆောင်ရဟန်းက အေးစက်တည်ငြိမ်စွာ ဆိုသည်။

ဤသို့ စကားပြောနေစဉ်အတွင်းမှာပင် ထိုအ‌ယောင်ဆောင်ရဟန်းသည် ချင်ရန်၏အနီးသို့ တိုးကပ်လာပြီး သပိတ်ကိုင်ထားသည့် ကျန်လက်တစ်ဖက်က တစ္ဆေတစ်ကောင်အလား ချင်ရန်၏အိတ်ကပ်ထဲသို့ လျှောခနဲ နှိုက်လိုက်သည်။

ထိုအယောင်ဆောင်ရဟန်း၏ လက်အမြန်နှုန်းမှာ လျှပ်စီးလက်ကဲ့သို့ မြန်ဆန်လှပြီး သူ၏ နေရာယူပုံမှာလည်း သာမန်လူများမမြင်နိုင်အောင် အကွက်ကျကျ ဖုံးကွယ်ထားနိုင်လေသည်။ ထိုရဟန်းသည် စိတ်ထဲတွင် ခိုးပြုံးနေမိ၏။

ချင်ရန်၏ဖုန်းမှာ အိတ်ကပ်ထဲတွင် ရှိနေပြီး သူကိုယ်တိုင်ကလည်း အနားသို့ လာရောက်စကားပြောနေခြင်းဖြစ်ရာ ထိုရဟန်းအတွက်ဖို့‌တော့ သားကောင်က သားသတ်ရုံထဲ သူကိုယ်တိုင်ဝင်လာသကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။

ထိုစဉ် ရုတ်တရက်ဖျတ်ခနဲ အသံတစ်သံနှင့်အတူ... ချင်ရန်သည် ထိုအ‌ယောင်ဆောင်ရဟန်း၏လက်ကို အားဖြင့် ဖမ်းချုပ်လိုက်၏။

ချင်ရန်က ပြုံးကာ ထိုအ‌ယောင်ဆောင်ရဟန်းအား မျက်ခုံးတစ်ဖက်ပင့်ပြရင်း ပြောလိုက်သည်။

"ဆရာကြီး ဆရာကြီးရဲ့လက်မြန်ပုံက တော်တော်လေး အထင်ကြီးဖို့ကောင်းတာပဲ"

အမှန်အတိုင်းဆိုရလျှင် ဤအယောင်ဆောင် ရဟန်း၏ လက်မှာ မျက်စိတစ်မှိတ်အတွင်း ရိပ်ခနဲဖြစ်သွားသည် အထိ မြန်ဆမ်လွန်းလှသည်။

အကယ်၍ ချင်ရန်၌ သာမန်ထက် ၄ ဆမျှ သာလွန်သော တုံ့ပြန်မှုစွမ်းရည်သာ မရှိခဲ့ပါက သူပင်လျှင် အချိန်မီတားဆီးနိုင်မည်မဟုတ်ပေ။

"ကဲ... ကျုပ်နဲ့လိုက်ခဲ့တော့"

ချင်ရန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထိုအယောင်ဆောင်ရဟန်း၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများ အထင်သား ပေါ်လွင်နေ၏။ သူသည် "သူခိုးနတ်ဘုရား၏လက်" ဟု လူသိများသူဖြစ်ပြီး ဤအမြန်နှုန်းကိုရရန် ၁၀ နှစ်ကျော်မျှ ကြာအောင် ကြိုးကြုးစားစား လေ့ကျင့်ထားသူဖြစ်သည်။

မိမိကိုယ်ကို ကမ္ဘာပေါ်တွင် အမြန်ဆုံးဟုပင် ယုံကြည်ထားသူလည်းဖြစ်သည်။

သူ ခိုးယူလိုသည့် မည်သူ့ထံမှမဆို မအောင်မြင်ဖူးဆိုတာ မရှိပေ။ သို့သော် ယနေ့တွင်မူ သူသည် အရှုံးကြီး ရှုံးနိမ့်သွားခဲ့လေပြီ။ သူ့ထက် ပိုမြန်‌နေသောသူ ရှိနေပါလားဟု တွေးမိရတဲ့အထိပင်။

"ခင်ဗျားရဲ့ အပေါင်းအဖော်တွေလည်း ဟိုမှာစောင့်နေကြပြီ၊ အချိန်မဖြုန်းပါနဲ့တော့"

ချင်ရန်က အေးအေးဆေးဆေးပင် ပြောလိုက်ရင်း အစောပိုင်းက သူဖမ်းဆီးထားသည့် လူသုံးယောက်အကြောင်းကိုပါ ထည့်သွင်း ပြောပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုအယောင်ဆောင်ရဟန်းမှာ ဆွံ့အသွားရတော့သည်။ ထိုသုံးယောက်မှာ သူ့လောက်လက်မမြန်ကြသော်လည်း ထိပ်တန်းအဆင့် ခါးပိုက်နှိုက်များ ဖြစ်ကြ၏။

သူတို့ကိုပင် ဖမ်းဆီးနိုင်ခဲ့သည်ဆိုလျှင်...။

အယောင်ဆောင်ရဟန်းသည် ရှုပ်ထွေးနေသော မျက်နှာပေးဖြင့် ‌စိုက်ကြည့်လိုက်သည်။

"မင်းက တကယ်ပဲဘယ်သူလဲ၊ မင်းလည်း ငါတို့လို လုပ်ငန်းတူ လူဟောင်းတစ်ယောက်များလား”

ချင်ရန်သည် တစ်ချိန်က ခါးပိုက်နှိုက်တစ်ဦး ဖြစ်ခဲ့လိမ့်မည်ဟု သူ အခိုင်အမာယုံကြည်သွားသည်။ မဟုတ်လျှင် ဤမျှအထိ စွမ်းရည်ရှိစရာအကြောင်း လုံးဝမရှိပေ။ ခါးပိုက်နှိုက်တစ်ဦးကို ခါးပိုက်နှိုက်ချင်းသာ အမှန်တကယ် နားလည်နိုင်သည် မဟုတ်ပါလော။

"စကားမများဘဲ မြန်မြန်သာလာခဲ့စမ်းပါ၊ ကျုပ်ကို အင်အားသုံးရအောင်မလုပ်ပါနဲ့၊ မလိုအပ်ပဲ တိုက်တာခိုက်တာတွေ မဖြစ်ချင်ဘူး"

ဤသို့ အေးဆေးစွာ ဆိုလိုက်ရာ နောက်ဆုံး၌ အယောင်ဆောင်ရဟန်းလည်း ချင်ရန်၏အနောက်သို့ ငြိမ်သက်စွာနှင့် လိုက်ပါသွားရတော့သည်။ အစောပိုင်းက ချင်ရန်သည် မိမိ၏လက်ကို ဖမ်းချုပ်စဉ်က အားအင်မှာ အလွန်ကြီးမားလှသဖြင့် မည်သို့မျှ ခုခံနိုင်စွမ်းမရှိမှန်း သူ ရိပ်မိလိုက်သောကြောင့်ပင်။

ချင်ရန်နှင့် အယောင်ဆောင်ရဟန်းတို့ တာဝန်ကျရာ ရဲကင်းအခန်းသို့ ရောက်ရှိလာကြသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် အစောပိုင်းက အဖမ်းခံထားရသော လူသုံးယောက်မှာ ထိုအယောင်ဆောင်ရဟန်းကို မြင်ပြီး မျက်လုံးအပြူးသား ဖြစ်သွားကြ‌တော့သည်။

‘ဘယ်လိုဖြစ်တာလဲ၊ "သူခိုးနတ်ဘုရားလက်” တောင် အဖမ်းခံလိုက်ရတာလား၊ ဒါက တကာ်ကို မယုံနိုင်စရာပဲ’

"ခင်ဗျားတောင် အဖမ်းခံလိုက်ရတာလား၊ ရဲက ခင်ဗျားကို ရိပ်မိသွားတာလား”

အခန်းထဲဝင်လာသည်နှင့် လူလတ်ပိုင်းအမျိုးသားက အလွန်အံ့အားသင့်စွာ မေးသည်။

ဤအ‌ယောင်ဆောင်ရဟန်းမှာ သူတို့ဂိုဏ်းထဲတွင် လက်အမြန်ဆုံး ထိပ်တန်းသုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ချင်ရန်သည် သူတို့တွေအတွက် ကံကြမ္မာဆိုးများဖြစ်နေမလား မသိဘူး။

ချင်ရန်ကတော့ ထိုလူများ၏ အံ့ဩတုန်လှုပ်မှုကို ဂရုမစိုက်ဘဲ ချန်ဟောက်အနားသို့ လျှောက်လာခဲ့လိုက်သည်။

"ဆရာ သူတို့ကို စောင့်ကြည့်ပေးထားပါဦး၊ ကျွန်တော် နောက်ထပ်တစ်‌ခေါက်လောက်သွားရှာဦးမယ်"

ချင်ရန်သည် ဤသို့ ထပ်မံပြောလိုက်ပြန်သည်။

ထိုအချိန်တွင် ချန်ဟောက်နှင့် ရှကျဲတို့မှာ အလွန်တရာကို အံ့အားသင့်နေကြလေပြီ။ ချင်ရန် အပြင်ထွက်သွားလိုက်၊ ခါးပိုက်နှိုက်တစ်ယောက် ဖမ်းလာလိုက်နှင့် ပစ္စည်းသွားဝယ်နေသကဲ့သို့ပင် အေးအေးဆေးဆေး ဖြစ်နေသည်။

မီးရထားဘူတာရုံမှ ရဲများမှာ ရက်ပေါင်းများစွာ စောင့်ကြည့်နေသော်လည်း တစ်ယောက်မှ ဖမ်းမိခဲ့ခြင်း မရှိပေ။ ချင်ရန်ကမူ တခဏအတွင်းမှာပင် လေးယောက်တောင် ဖမ်းလာနိုင်ခဲ့သည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ချင်ရန်သည် ဘူတာရုံသို့ပြန်သွားပြီး ရှာဖွေရေးရေဒါဖြင့် ဆက်လက်ရှာဖွေဆဲဖြစ်၏။

ခြေထောက်မသန်သူအဖြစ်ဟန်ဆောင်သူ၊ လက်တစ်ဖက်မသန်စွမ်းသူအဖြစ် ဟန်‌ဆောင်ကာ ကျွမ်းကျင်စွာဖြင့်ခိုးယူသူ စသည်ဖြင့် လူပေါင်းစုံကို တွေ့ရှိခဲ့သည်။

မွန်းလွဲပိုင် အချိန်လေးအတွင်းမှာပင် ချင်ရန်သည် သူခိုး ၁၀ ယောက်ထက်မနည်း ဖမ်းဆီးနိုင်ခဲ့လေပြီ ဖြစ်သည်။

ထို့နောက် ဘူတာရုံတစ်ဝိုက်ကို ထပ်မံ ပတ်ကြည့်သော်လည်း တရားခံအား ထပ်မတွေ့ရတော့ပေ။ ယခု ကျန်နေသည့် တစ်ခုတည်းသောနေရာမှာ လီတာဝေနှင့် ယန်ရှုတို့ရှိနေသည့် နေရာသာဖြစ်သည်။

ဘူတာရုံအတွင်း ခါးပိုက်နှိုက်များကို ထပ်မတွေ့ရတော့သဖြင့် ချင်ရန်သည် တာဝန်ကျရာ ရဲကင်းစခန်းသို့ ပြန်လာခဲ့လိုက်သည်။

ထိုအချိန်တွင် လီတာဝေနှင့် ယန်ရှု တို့သည်လည်း ဖရိုဖရဲဖြစ်နေသော ခါးပိုက်နှိုက်တစ်ဦးကို ဖမ်းဆီးကာ ပြန်ရောက်လာကြသည်။ သူတို့၏မျက်နှာထက်တွင်လည်း ဂုဏ်ယူနေသည့် အရိပ်အယောင်များ အထင်းသား‌ပေါ်လွင်နေ၏။

ဘူတာရုံမှ ရဲများပင် တစ်ယောက်မှ မဖမ်းဆီးနိုင်ချိန်တွင် သူတို့က တစ်ယောက် ဖမ်းနိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် သူတို့ဖမ်းလာသည့်သူမှာ ယနေ့မှ ပထမဆုံးအကြိမ် စတင်ကာ ခိုးယူဖူးသူဖြစ်သည်။

ထိုလူသည် ဗိုက်ဆာလွန်းလှသဖြင့် ထမင်းဖိုးရလိုရငြား စမ်းသပ်၍ခိုးရာမှ လက်ကျောမတင်းသဖြင့် လီတာဝေတို့ထံ၌ အလွယ်တကူ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

လီတာဝေနှင့် ယန်ရှုတို့ တာဝန်ကျရာ ရဲကင်းအခန်းထဲသို့ ဝင်လာချိန်တွင်မူ အထဲမှ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။ အခန်းထဲတွင် ဖမ်းဆီးထားသည့် ခါးပိုက်နှိုက်များနှင့် ပြည့်နှက်နေပြီး လူ့အဖွဲ့အစည်း အသေးစားလေးတစ်ခုအလား ဖြစ်နေ‌လေတော့သည်။

"ဘာတွေဖြစ်နေကြတာလဲ၊ ဘာလို့ လူတွေ ဒီလောက်တောင်များနေရတာလဲ”

လီတာဝေ ကြောင်အသွားသည်။ ယန်ရှုလည်း ဇဝေဇဝါ ဖြစ်နေ၏။

ထိုစဉ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသော ချန်ဟောက်က သူတို့ကိုမြင်သဖြင့် မေးလိုက်သည်။

"ပြန်လာကြပြီလား၊ မင်းတို့ ဖမ်းလာတဲ့သူကလည်း ခါးပိုက်နှိုက်ပဲလား”

"ဟုတ်ကဲ့. ‌ခေါင်းဆောင်ချန်၊ ဒီလူက တခြားလူရဲ့အိတ်ထဲ နှိုက်နေတာကို လက်ပူးလက်ကြပ်မိလို့ ကျွန်တော်တို့ ကိုယ်တိုင်ဖမ်းလာတာပါ"

လီတာဝေသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ ထို့နောက် ယန်ရှုက အခန်းထဲရှိ လူအုပ်ကြီးကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။

"ခေါင်းဆောင်.. ဒီလူတွေကရော ဘယ်သူတွေလဲ"

"သူတို့အားလုံးကလည်း ခါးပိုက်နှိုက်တွေပဲ၊ ချင်ရန်တစ်ယောက်တည်း ဖမ်းလာတာလေ”

‌ချန်ဟောက်က ထိုသို့ပြောလိုက်ရာ လီတာဝေနှင့် ယန်ရှုတို့မှာ စကားပင်မပြောနိုင်တော့ဘဲ မှင်တက်သွားကြ‌တော့သည်။

လီတာဝေသည် နဖူးမှ ချွေးများကို မသိမသာ သုတ်လိုက်မိသည်။ ချင်ရန်က ဤမျှအထိ တောင် ကြိုးစားနေသည်လော။

ချင်ရန်၏ လက်ထဲ၌ အဖမ်းခံလိုက်ရသည့် သူခိုးများအတွက်တောင် သူ စိတ်မကောင်း ဖြစ်မိသွားရ‌တော့သည်။၊

‘ဒါက ဘယ်လိုအ‌ခြေအနေကြီးလဲ'

သူတို့မှာတော့ တစ်နေကုန် တစ်နေကန်း ပင်ပင်ပန်းပန်း စောင့်ကြည့်ခဲ့ရပြီးမှ တစ်ယောက်တည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လီတာဝေက ပြန်ရောက်လျှင်အားရပါးရ ကြွားမည်ဟု တွေးထားသော်လည်း အခန်းထဲတွင်မူ ချင်ရန်ဖမ်းဆီးလာသည့် တရားခံများမှာ အပြည့် ဖြစ်နေလေ၏။

“ခေါင်းဆောင် အစ်ကိုရန်ဘယ်သွားလဲ”

သူ စိတ်မချသေးဘူးဆိုပြီး ဘူတာရုံထဲ နောက်ထပ်မိမလားလို့ ထပ်ပြီးသွားကြည့်‌နေတယ်"

လီတာဝေ၏ အမေးကို ချန်ဟောက်က လက်ထဲက အလုပ်ကိုပင် မပျက်‌စေပဲ ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။

ထို့နောက် မိနစ် ၁၀ ခန့်အကြာတွင် ချင်ရန်သည် ပြန်ရောက်လာခဲ့သည်။ ယခုတစ်ခေါက်တွင်မူ သူသည် မည်သူ့ကိုမှ ဖမ်းဆီးမလာတော့ချေ။ သို့သော် သူ၏မျက်နှာတွင် နှမြောတသမှုများ အထင်းသားဖြစ်ပေါ်နေ၏။

"ဆရာ... ကျွန်တော် ဘူတာရုံတစ်ခုလုံး အနှံ့ရှာပြီးပြီ၊ ထပ်ပြီးတော့မတွေ့တော့ဘူး"

ထိုအချိန်တွင် ချင်ရန် ဖမ်းဆီးလာသော ခါးပိုက်နှိုက်များမှာလည်း နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပဲ သူတို့အားလုံးသည် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ဌာနချုပ်တစ်ခုပင် ရှိ‌နေသေးကြောင်း ဝန်ခံထွက်ဆိုလိုက်ကြလေတော့သည်။

All Chapters