အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
69
ဤခါးပိုက်နှိုက်ဂိုဏ်း၏ တည်ရှိမှုမှာ ဆယ်နှစ်ကျော်သက်တမ်း ရှိနေပြီဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်က စတင် အခြေချလှုပ်ရှားခဲ့ခြင်းပင်။
ယခင် ရာစုနှစ်များတွင် စောင့်ကြည့်ရေးကင်မရာများသည် လုံလောက်မှုမရှိခဲ့ခြင်းကြောင့် တရုတ်ပြည်၌ ခါးပိုက်နှိုက်လုပ်ငန်းများသည် အလွန်ထူပြောလာခဲ့ပြီး ယင်းလုပ်ငန်းဖြင့် အသက်မွေးကြသည့် အုပ်စုများစွာ ပေါ်ပေါက်လာစေခဲ့သည်။
အထူးသဖြင့် ဤဂိုဏ်းသည် ကျွမ်းကျင်မှုအလွန်မြင့်မားသော ကျွမ်းကျင်ခါးပိုက်နှိုက်များကိုသာ အထူးရွေးချယ်စုဆောင်းလေ့ရှိကြသည်။
ချင်ရန်ဖမ်းဆီးလိုက်သော လူတစ်ယောက်ချင်းစီသည် ပျမ်းမျှအားဖြင့် ယွမ်ဆယ်သန်းကျော်ဖိုးခန့်အထိ ခိုးယူထားဖူးကြသည့် ဝါရင့်ခါးပိုက်နှိုက်များဖြစ်ကြသည်။
နှစ်ပေါင်းများစွာအတွင်း ၎င်းတို့သည် မရေမတွက်နိင်သော လူများစွာကို ဒုက္ခပေးခဲ့ရုံသာမကပဲ၊ ကျန်းမာရေးမကောင်းသည့် လူနာများ၏ အာမခံအသက်ကယ်ငွေများကိုပင် ဂရုမစိုက်ပဲ ခိုးယူခဲ့ကြသည့် အောက်တန်းစားများဖြစ်သည်။
ချင်ရန်၏ ရာဇ၀တ်ရှာဖွေရေးရေဒါမှ ရှာဖွေတွေ့ရှိခဲ့သည့် ဤလူများကို ဒုတိယအဆင့် ရာဇ၀တ်ကောင်များအဖြစ်သာ သတ်မှတ်ထားသော်လည်း လီတာဝေနှင့် ယန်ရှုတို့ ဖမ်းဆီးလာသည့်သူမှာမူ ထိုဂိုဏ်း၏ အနိမ့်ဆုံးအဆင့်၌သာရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ပထမဆုံးအကြိမ်အဖြစ် ခိုးယူခြင်းဖြစ်ပြီး ယခင်က ပြစ်မှုမှတ်တမ်းမရှိခဲ့သဖြင့် ပြစ်ဒဏ်ခံရမှုအဆင့် အလွန်နိမ့်ပါးသောကြောင့်ပင်။
သို့သော် ဒုတိယအဆင့်ရှိ ရာဇ၀တ်ကောင်များမှာမူ ထိုသို့မဟုတ်ကြပေ။
၎င်းတို့သည် လူပေါင်းများစွာကို နစ်နာစေခဲ့ပြီး ဖော်ထုတ်ရန်ခက်ခဲသော ခိုးမှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြသူများဖြစ်သည်။ ယခုမူ သူတို့ထဲမှ အများစုကို ချင်ရန်က ဖမ်းဆီးခေါ်ဆောင်လာနိုင်ခဲ့ချေပြီ။
ထိုအချိန်တွင် ချင်ရန်နှင့် သူ၏ အဖွဲ့သားများသည် မြောက်ပိုင်းမီးရထားဘူတာရုံရှိ ရဲစခန်းအတွင်းသို့ ရောက်ရှိနေကြသည်။ ရထားဘူတာရုံ၏ ရဲစခန်းမှူးသည် ချန်ဟောက်ကို အလွန်ပင် ကျေးဇူးတင်နေမိသည်။
"ဒါရိုက်တာချန်၊ ဒီတစ်ခါတော့ ခင်ဗျားကို တကယ်ကျေးဇူးတင်ရမှာပဲဗျာ၊ ဒီလူတွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း ဖမ်းပေးနိုင်ရုံတင်မကဘဲ သူတို့နောက်ကွယ်က ဂိုဏ်းကိုပါ ဖော်ထုတ်ပေးနိုင်ခဲ့လို့ ကျွန်တော်တို့ မြောက်ပိုင်းဘူတာရုံ ရဲစခန်းအစား တကယ်ကို ကျေးဇူးတင်ပါတယ်”
မကြာသေးမီရက်ပိုင်းအတွင်း ဘူတာရုံ၌ ခါးပိုက်နှိုက်ခံရမှုသည် သတင်းပေးပို့ချက်များစွာကို ရရှိနေသဖြင့် စခန်းမှူးမှာ အလွန်ပင်ခေါင်းခဲနေ ရခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုသတင်းပေးပို့ချက်များ အတိုင်း အသည်းအသန် လိုက်လံ စုံစမ်းစစ်ဆေးကြသော်လည်း မည်သည့် သက်သေနှင့် တရားခံများကိုမူ ရှာမတွေ့ခဲ့ကြပေ။
နောက်ဆုံးတွင် အခြားနည်းလမ်း မရှိတော့သဖြင့် အနီးနားရှိ ရဲစခန်းထံမှ အကူအညီတောင်းခံခဲ့ရခြင်းဖြစ်ရာ ယခုကဲ့သို့ အောင်မြင်သွားသဖြင့် စခန်းမှူးလီမှာ အလွန်ပင် ဝမ်းသာနေတော့သည်။
ချန်ဟောက်သည် ဘူတာရုံရဲစခန်းမှူးလီ၏ စကားကြောင့် ပြုံးလိုက်မိသည်။
"ဒါက ဘာမှမဟုတ်ပါဘူး စခန်းမှူးလီရာ၊ ကျွန်တော်တို့တွေ အားလုံးက ရဲအရာရှိတွေပဲလေ၊ အခုလို အမှုတွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့တာ ကောင်းပါတယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ခါးပိုက်နှိုက်မှုတွေကြောင့် ခင်ဗျားတို့ မြောက်ပိုင်းဘူတာရုံရဲ့ ပြည်သူ့ကျေနပ်မှုအဆင့်ကတော့ တစ်မြို့လုံးမှာ အနိမ့်ဆုံးဖြစ်သွားနိုင်တယ်နော်"
ထိုစကားကို ကြားသောအခါ စခန်းမှူးလီမှာ ခေါင်းကုတ်လိုက်မိပြီး အားနာနေဟန်ရသော လေသံဖြင့် ပြန်ပြောတော့သည်။
"ဟူး. ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူးဗျာ၊ ညွှန်ကြားရေးမှူးဆုန့်ရဲ့ အဆူခံရရုံပဲ ရှိတော့တာပေါ့၊ ဒီတစ်ခါတော့ ကျွန်တော့်တို့ ရဲစခန်းရဲ့ အရည်အချင်းတွေ မပြည့်ဝမှုကြောင့်ပါ၊ ဒါကြောင့်လည်း ကျွန်တော်တို့ကပဲ မျက်နှာပူပူနဲ့ပဲ ဆက်ပြီး ခင်ဗျားတို့ကို ဆက်ပြီး အကူအညီ တောင်းရအုန်းမှာပဲ ၊ ကျွန်တော်တို့ကို ကူညီပေးကြပါဦးဗျာ”
ချန်ဟောက်က ရယ်မောလိုက်ပြီး သူ၏နောက်မှ ချင်ရန်ကို ညွှန်ပြလိုက်၏။
"စခန်းမှူးလီ၊ အမှန်အတိုင်းပြောရရင် အခုဖမ်းမိတဲ့ ခါးပိုက်နှိုက် ရှစ်ဆယ်ရာခိုင်နှုန်းကို ဟိုလူငယ်လေးကပဲ ဖမ်းပေးခဲ့တာပါ၊ ကျွန်တော်ကတော့ ဘာမှ သိပ်မလုပ်လိုက်ရဘူး သူကပဲ အကုန်လုံးကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းလာတာပါ”
ချန်ဟောက်က ရိုးသားစွာဖြင့် ပြောပြလိုက်သည်။
ချင်ရန်သည် ယခုတစ်ခေါက် မြောက်ပိုင်းဘူတာရုံ၏ ခါးပိုက်နှိုက်အမှုတွင် အမှန်တကယ်ပင် အကျိုးပြုခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့ကို ထိုက်ထိုက်တန်တန် အသိအမှတ်မပြုဘဲနေပါက စိတ်ဓာတ်ကျသွားမည်ကို ချန်ဟောက်က စိုးရိမ်နေမိ၏။
ချန်ဟောက်၏ ညွှန်ပြချက်အတိုင်း ကြည့်လိုက်ရာ စခန်းမှူးလီမှာ ခဏတာမျှ မှင်တက်သွားသည်။သူသည် ချင်ရန်ကို သေချာကြည့်လိုက်ရင်း ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် လူငယ်လေးတစ်ဦးသည် အမှန်တကယ်ပဲ အရည်အချင်း ရှိနေသည်လောဟု မိမိနားကိုပင် မယုံနိုင်အောင်ဖြစ်သွားသည်။
သို့သော် ချန်ဟောက်ဆိုသည့်လူမှာ မဟုတ်တာကို လိမ်ညာလီဆယ်၍ ပြောတက်သူမဟုတ်ကြောင်းကို ကောင်းစွာသိထားသဖြင့် သူသည် ထိုလူငယ်၏အရည်အချင်းကို လက်ခံလိုက်ရသည်။
"ဒီလူငယ်လေးကတော့ တကယ်ကို အလားအလာရှိတဲ့ ပါရမီရှင်ပဲ၊ ဒီလိုအရည်အချင်းရှိတဲ့ လူငယ်လေးရှိနေတာဟာ
ရာဇ၀တ်ကောင်တွေရဲ့ ကံကြမ္မာဆိုးပဲပေါ့”
"ဒါနဲ့ စခန်းမှူးလီ၊ ကျွန်တော် ဒီလူတွေကို ပါလီမြစ်ရဲစခန်းကိုပဲ ခေါ်လိုက်မယ်၊ ဘာလို့လဲဆိုတော့ လူတော်တော်များများကလည်း ဒီအမှုကိုပဲ တိုင်ချက်ဖွင့်ထားကြတာဆိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်လို့ပါ”
"ဒါပေါ့၊ ဒါပေါ့၊ စုံစမ်းရမှာပေါ့ လုပ်ပါ၊
ခင်ဗျား အဆင်ပြေသလိုသာလုပ်ပါ၊ ဒီလူတွေကိုလည်း ခင်ဗျားတို့ပဲ တစ်ပါတည်းခေါ်သွားလိုက်”
စခန်းမှူးလီကလည်း ထိုစကားကိုပင် ထပ်ခါတလဲလဲ အတည်ပြု ပြောလိုက်သည်။
ချန်ဟောက်လည်း ဘာမှမတတ်နိုင်တော့ပေ။
ဤတရားခံများကို သူတို့ကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ အမှုပိတ်သိမ်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းရယူခြင်းတို့မှာလည်း သူတို့နှင့်သာ သက်ဆိုင်ပေသည်။
ချန်ဟောက်က ခေါင်းငြိမ့်ကာ စခန်းမှူးလီကို ကတိတစ်ခုပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် စခန်းမှူးလီ၊ ဒီဂိုဏ်းရဲ့
အမှုတွေအေးသွားရင် ခင်ဗျားတို့ မြောက်ပိုင်းဘူတာရုံရဲစခန်းကလည်း ဝိုင်းဝန်းကူညီခဲ့တယ်ဆိုတာကို ညွှန်ကြားရေးမှူးဆုန်းကို ကျွန်တော်ကိုယ်တိုင် အသေအချာ တင်ပြပေးပါ့မယ်”
စခန်းမှူးလီကတော့ ခပ်နွမ်းနွမ်းလေးသာ ပြုံးနိုင်တော့သည်။ ချန်ဟောက်သည် တဖက်လူမနစ်နာစေရန် စကားကိုလှပအောင် ပြောဆိုနေခြင်း ဖြစ်ကြောင်း သူနားလည်၏။ သို့သော် တကယ်တန်းမှာမူ မိမိတို့ မြောက်ပိုင်းဘူတာရုံရဲစခန်းက မည်သည့်အကူအညီမျှ မပေးခဲ့ရသည်ကို စခန်းမှူးလီတို့ ကိယ်တိုင် အသိဆုံးပင်။
‘ငါတို့ ဘာများကူညီခဲ့လို့လဲ’
တီ….တီ…..။
ရုတ်တရက် ချန်ဟောက်၏ဖုန်းမှ ဖုန်းသံ မြည်လာခဲ့သည်။ ဖုန်းဆက်သူကို ကြည့်လိုက်ရာတွင် ပါလီမြစ်ရဲစခန်း၏ ဒုစခန်းမှူးကောင်းချောင် ဖြစ်နေသည်။
"ဟေး လူအိုကြီးကောင်း၊ ခင်ဗျားရောက်ပြီလား”
ဖုန်းတစ်ဖက်မှ ကောင်းချောင်သည်လည်း
ချန်ဟောက်၏စကားကို ချက်ချင်း ပြန်ဖြေလေ၏။
"ငါ မြောက်ပိုင်းဘူတာရုံရဲ့ အပေါက်ဝကို ရောက်နေပြီ၊ ဘာလို့ ထွက်မလာသေးတာလဲ၊ မင်းတို့ တရားခံကို ဖမ်းမိပြီလို့ ပြောတယ်မဟုတ်ဘူးလား”
ချန်ဟောက်သည် တရားခံများကို ဖမ်းဆီးပြီးနောက် ပါလီမြစ်၏ ဒုတိယစခန်းမှူးကောင်းချောင်ထံသို့ ဖုန်းဆက်ကာ ရာဇ၀တ်ကောင်များကိုတင်ဆောင်ဖို့ရာ ဗန်ကားတစ်စီးလွှတ်ပေးပါရန် အကူအညီ တောင်းထားခြင်းဖြစ်သည်။
“လူအိုကြီးကောင်း မင်းနဲ့အတူ လူဘယ်နှစ်ယောက်ပါလာလဲ
“လေးယောက်တော့ ပါလာတယ်၊ လုံလောက်တယ်မလား၊ ဒါဆို မြန်မြန်လုပ်ဗျာ၊ ငါတို့ ဒီဘက်မှာ ဘက်ထရီခိုးမှုတစ်ခုကို သွားစုံစမ်းရဦးမယ်"
ချန်ဟောက်က ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်၏။
"ဒီမှာ တရားခံက ဆယ့်တစ်ယောက်ရှိတယ်၊ ခင်ဗျားတို့လူငါးယောက်လုံး အထဲဝင်လာပြီး တရားခံတွေ ထွက်မပြေးအောင် ဝိုင်းကူထိန်းပေးကြဦး”
ဖုန်းတစ်ဖက်မှ ကောင်းချောင်သည် ချန်ယောက်ပြောလိုက်သည့် တရားခံအရေအတွက်ကြောင့် ဆွံ့အသွားရ၏။
"ဘာ၊ ချန်ဟောက် မင်းဘာပြောလိုက်တယ်၊ တရားခံ ဆယ့်တစ်ယောက်၊ ဟုတ်လား မင်း ငါ့ကို နောက်နေတာတော့မဟုတ်ပါဘူးနော်”
ထိုအခါချန်ဟောက်သည် ဖုန်းတစ်ဖက်မှ မယုံနိုင်အောင်ဖြစ်နေမည့် ကောင်းချောင်၏ မျက်နှာအား မျက်လုံးထဲတွင် မြင်ယောင်မိရင်း ရယ်မောစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်က နောက်တတ်တဲ့လူစားမျိုးလို့ စခန်းမှူးကောင်းက ထင်နေလို့လားဗျ၊ ဟားဟား”
ပုံမှန်ဆိုလျှင် ကောင်းချောင်ကို ရာထူးတပ်၍ ခေါ်လေ့မရှိသည့် ချန်ဟောက်က ယခုကဲ့သို့ ရာထူးကိုပါ တပ်ပြီးခေါ်လိုက်ခြင်းမှာ သူပြောနေသည်မှာ အမှန်ဖြစ်ကြောင်းကို သက်သေပြလိုက်ချင်းပင်ဖြစ်သည်။ ကောင်းချောင်မှာလည်း လက်မခံချင်သော်ငြား လက်ခံလိုက်ရ၏။
မကြာမီမှာပင် ကောင်းချောင်သည် ရဲအရာရှိလေးဦးနှင့်အတူ မြောက်ပိုင်းဘူတာရုံ ရဲစခန်းသို့ ရောက်ရှိလာခဲ့သည်။ ခတာဝန်ကျရဲကင်းအခန်းသို့ ရောက်ရှိသွားချိန်တွင် ဖုန်တောထဲမှ ဖမ်းဆီးလာသကဲ့သို့ ခေါင်းမဖော်ဝံ့ဘဲ ထိုင်နေကြသော တရားခံဆယ့်တစ်ဦးကို တွေ့လိုက်ရသဖြင့် မှင်သက်သွား၏။
"ဒီလူတွေ အကုန်လုံးက မင်း ဖုန်းထဲကပြောလိုက်တဲ့ တရားခံတွေလား”
ကောင်းချောင်မှာ လူအုပ်ကြီးကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဒါပေါ့၊ ချင်ရန်က သူတို့ကို လက်ပူးလက်ကြပ်ကိုယ်တိုင်ဖမ်းခဲ့တာ၊ သူတို့အားလုံးက တစ်ဂိုဏ်းတည်းကပဲ၊ ပြီးတော့ သူတို့ရဲ့ ဂိုဏ်း ဘယ်မှာရှိတယ်ဆိုတာကိုလည်း သူတို့တွေအကုန် ဝန်ခံပြောဆိုပြီးပြီ”
ချန်ဟောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြလေသည်။
ကောင်းချောင်မှာ မိမိဘဝ၏ အဓိပ္ပာယ်ကိုပါ ပြန်လည်စဉ်းစားရတော့မည့် အခြေအနေဖြစ်သွားရသည်။ ၎င်းတို့ ပါလီမြစ်ရဲစခန်းမှ ထွက်ခွာသွားသည်မှာ နေ့တပိုင်းမျှသာ ရှိသေးသော်လည်း ဤအချိန်တိုလေးအတွင်းမှာ တရားခံခါးပိုက်နှိုက်ဆယ့်တစ်ယောက်အား ဖမ်းနိုင်ရုံတင်မကပဲ ၎င်းတို့၏ အခြေစိုက်စခန်း ဂိုဏ်းတည်နေရာကိုပါ ဖော်ထုတ်နိုင်ခဲ့ကြ၏။
ကောင်းချောင်သည် ချန်ဟောက်၏ကံကောင်းမှုကို မနာလိုဖြစ်သွားရသလို၊ ဤကြောက်မက်ဖွယ် ကောင်းလှသော စွမ်းဆောင်ရည်ကြောင့်လည်း အံ့အားသင့်နေရသည်။
သို့သော် ဤလူအားလုံးကို ချင်ရန်တစ်ယောက်တည်းက
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ကောင်းချောင်၏အကြည့်သည် ချင်ရန်ထံသို့ ထပ်မံရောက်ရှိသွားပြန်သည်။
"ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်တာလား၊ ရောက်ရောက်ချင်း တရားခံ ဆယ့်တစ်ယောက်တောင် ဖမ်းနိုင်တယ်ပေါ့လေ”
ကောင်းချောင်သည် အစောပိုင်းက ချင်ရန်မှာ အမှတ်ရရန်အတွက် မဆိုင်သူများကို လျှောက်ဖမ်းသည်ဟု ထင်ခဲ့သော်လည်း ဖမ်းဆီးခံထားရသူများ၏ပုံစံကို ကြည့်ရုံနှင့်ပင် ၎င်းတို့မှာ တကယ့် သူခိုးစစ်စစ်များဖြစ်နေကြောင်း သိလိုက်ရသဖြင့် ဘာမျှမပြောနိုင်ပဲ မှင်သက်သွားရပြန်သည်။
"ကံကောင်းလို့ပါ... ကံကောင်းလို့ပါ"
ချင်ရန်က ပြုံးလျက်ပြောလိုက်၏။
အနီးတွင်ရှိနေသော လီတာဝေနှင့် ယန်ရှုတို့မှာမူ ထိုစကားကိုကြားပြီး ခေါင်းမူးချင်သလိုလို ဖြစ်သွားရသည်။ သူတို့သည် နေ့တစ်ပိုင်းလုံး အပင်ပန်းခံ စောင့်ကြည့်ခဲ့ရသော်လည်း တရားခံတစ်ယောက်တည်းသာ ဖမ်းမိခဲ့သဖြင့် ချင်ရန် ဖမ်းဆီးရမိသည့် တရားခံဆယ့်တစ်ယောက်နှင့် နှိုင်းယှဉ်ပါက သူတို့ကြားမှ ကွာခြားချက်မှာ အလွန်ကို ကြီးမားလွန်းလှပေသည်။
"ကဲပါ ကားပေါ်တက်ကြတော့၊ အချိန်လည်း မနည်းတော့ဘူး၊ စခန်းကို ပြန်ကြစို့”
ချန်ဟောက်က လက်ဝေ့ယမ်းကာ အချက်ပေးလိုက်သည်။ ကောင်းချောင်နှင့် အခြားသူများ၏ အကူအညီဖြင့် ခါးပိုက်နှိုက် ဆယ့်တစ်ယောက်ကို ဗန်ကားပေါ်သို့ တင်လိုက်ကြ၏။
သူတို့တတွေ ကားပေါ်သို့မတက်မီ ရှကျဲ၏မိခင်က ချင်ရန်အနီးသို့ ချဉ်းကပ်လာပြီး ခပ်တိုးတိုးမေးလေသည်။
"တူလေး ... မင်းနာမည်ဘယ်လိုခေါ်လဲ”
"ချင်ရန်ပါ"
ချင်ရန်က ရပ်တန့်ကာပြန်လည် ဖြေကြားလိုက်သည်။
"အေးအေး၊ ဒါဆိုအားတဲ့အခါ အိမ်ကို ထမင်းစားလာခဲ့ဦးနော်၊ ဒီတစ်ခါ မင်းက အန်တီ့ကို အများကြီးကူညီပေးခဲ့တာဆိုတော့၊
အန်တီက ကျေးဇူးဆပ်ချင်လို့ပါ"
သူမသည် ကျေးဇူးသိတတ်သူဖြစ်ပြီး ချင်ရန်ကြောင့်သာ သူမ၏အိတ်ကို ပြန်ရခဲ့ခြင်းဖြစ်မှန်း ကောင်းကောင်းသိထားသည်။
"ဟုတ်ကဲ့ပါ အန်တီ.. အချိန်ရရင် လာခဲ့ပါ့မယ်"
ချင်ရန်က ပြုံးလျက် ဆိုလိုက်၏။
ထို့နောက် ချင်ရန်နှင့် ရှကျဲတို့မှာ ကားပေါ်သို့ အတူတူ တက်သွားကြသည်။ ကားလေး ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှကျဲ၏မိခင်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"အဲ့ဒီကောင်လေးက အပြုံးလေးကလည်း ချိုတယ်၊ ချောလည်းချောသလို အရည်အချင်းလည်း ရှိတယ်၊ လူအိုကြီးချန် ပြောတာတော့ သူ ရဲစခန်းရောက်တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ လူသတ်သမားတွေနဲ့ မူးယစ်ဆေးကုန်သည်တွေကိုတောင် ဖမ်းပြီးပြီတဲ့၊ အင်း... ငါ့သမီးလေးနဲ့လည်း တော်တော်လိုက်ဖက်မှာပဲ"
ရှကျဲ၏မိခင်သည် ငယ်စဉ်ကတည်းက ရဲနှင့် စစ်သားများကို အလွန်အလေးထားသူ ဖြစ်သဖြင့် ရှကျွင်းရှုံနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။
ယခု ချင်ရန်က သူမကိုပေးလိုက်သော စွဲမက်မှုမှာ ငယ်စဉ်က သူမခင်ပွန်း ရှကျွင်းရှုံထက်ပင် ပို၍ ထူးကဲသာလွန်နေ၏။ ရှကျဲ၏မိခင်၏ စိတ်ထဲတွင် ချင်ရန်နှင့်ပက်သက်သည့် အစီအစဉ်သစ်များပင် စတင်ရေးဆွဲနေတော့သည်။
အမှန်စင်စစ် ချင်ရန်နှင့ ရှကျဲတို့မှာမူ ဤအကြောင်းကို ဘာမှမသိကြပေ။ အထူးသဖြင့် ရှကျဲမှာ သူမ၏မိခင်က သူမနှင့် ချင်ရန်တို့ နှစ်ဦးအား ချိတ်ဆက်ပေးရန်ကြိုးစားနေသည်ကို အိမ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်ပေ။
မကြာမီ သူတို့အားလုံးသည် ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာကြ၏။ အချုပ်ခန်းထဲတွင် တရားခံဆယ့်တစ်ယောက် ထပ်တိုးလာသဖြင့် အချုပ်ခန်းမှာ ပြန်လည် ပြည့်နှက်သွားပြန်တော့သည်။
ထိုအခါ စခန်းမှူးဝမ်ရှောင်ရီသည် ဖမ်းဆီးလာသော လူအုပ်ကြီးကို မြင်သောအခါ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
"ဟမ်၊ ဒီလောက်တောင် လူတွေကိုဖမ်းလာတာလား၊ တန်းစီနေတာပဲ”
70
ဝမ်ရှောင်ရီနှင့် အခြားသူများသည် ဘက်ထရီခိုးမှုနှင့် အိမ်ဖောက်ထွင်းမှုများကို ဖမ်းဆီးနိုင်ရန် အစည်းအဝေးပြုလုပ်နေကြပြီး တန်ပြန်စီမံချက်များကို ချမှတ်ပြီးကာစပင် ရှိသေးသည်။
သို့သော် ယခုမူ ချန်ဟောက်နှင့် သူ့အဖွဲ့သည် တရားခံလူအုပ်ကြီးကို တန်းစီကာ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။
ချန်ဟောက်သည် ကားပေါ်မှဆင်းကာ ဝမ်ရှောင်ရီအား အခြေအနေများကို ရှင်းပြလိုက်ရာ နားထောင်ပြီးနောက် ဝမ်ရှောင်ရီမှာ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိအောင်ပင် မှင်သက်သွားရတော့၏။
အထူးသဖြင့် ဤလူအားလုံးကို ချင်ရန်တစ်ယောက်တည်း ဖမ်းဆီးလာခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဝမ်ရှောင်ရီမှာ ချင်ရန်အား ထူးဆန်းသောအကြည့်ဖြင့် အကဲခက်သလို နှစ်ကြိမ်ခန့် ကြည့်လိုက်မိတော့သည်။
‘ဒီကောင်လေးက ရာဇ၀တ်ကောင်ကြီးတွေကို ဖမ်းရုံတင်မကဘူး၊ သူခိုးသေးသေးလေးတွေကို ဖမ်းတဲ့နေရာမှာလည်း ဒီလောက်တောင် ကျွမ်းကျင်တာလားဟ’
အစကတော့ ချင်ရန်လို လူတော်တစ်ယောက်ကို ဘူတာရုံ၌ ခါးပိုက်နှိုက်ဖမ်းခိုင်းခြင်းမှာ သူ့အရည်အချင်းကို ဖြုန်းတီးရာရောက်သည်ဟု သူထင်ခဲ့မိသေးသည်။ သို့သော် ယခုကြည့်ရသည်မှာ ချင်ရန်သည် သူ၏စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်စွမ်းရှိနေခြင်းပင်။
ဝမ်ရှောင်ရီမသိသည်မှာ ချင်ရန်ဖမ်းလာသူများသည် သာမန်သူခိုးလေးများမဟုတ်ဘဲ နာမည်ကျော် ခါးပိုက်နှိုက်ဂိုဏ်းဝင်များဖြစ်ကြသည်။ ၎င်းတို့ ခိုးယူထားသော ပမာဏမှာ ယွမ်ငွေ ဆယ်သန်းကျော်ရှိသဖြင့် ထိုလူများမှာ လုံးဝ သာမန်သူခိုးများမဟုတ်ကြပေ။
ဝမ်ရှောင်ရီသည် ချန်ဟောက်အား ထိုတရားခံများကို စစ်ဆေးမေးမြန်းရေးအခန်းသို့ ခေါ်သွားရန် အလျင်အမြန်ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်ပင် စိတ်အားထက်သန်စွာဖြင့် စစ်ဆေးမေးမြန်းလေတော့သည်။
နာရီဝက်ခန့်အကြာတွင်...
ဝမ်ရှောင်ရီနှင့် သူ့အဖွဲ့သားများ၏ ကျွမ်းကျင်လှသော စစ်ဆေးမှုများအောက်တွင် ခါးပိုက်နှိုက်များအားလုံး ဝန်ခံလာကြသည်။ ထိုမျှမကသေးဘဲ မကြာသေးမီက ဖိန်လင်မြို့တွင် ဖြစ်ပွားခဲ့သော အိမ်ဖောက်ထွင်းမှုနှင့် ဘက်ထရီခိုးမှု အမြောက်အများမှာလည်း ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ဤဂိုဏ်းသည် အလွန်အဆင့်မြင့်သော နည်းစနစ်များကို အသုံးပြုပြီး ဘူတာရုံနှင့် ဈေးဝယ်စင်တာများကဲ့သို့ လူစည်ကားရာနေရာများကို ပစ်မှတ်ထားလေ့ရှိကြ၏။
အထူးသဖြင့် အိမ်ဖောက်ထွင်းသူများနှင့် ဘက်ထရီခိုးသူများမှာမူ စောင့်ကြည့်ရေးကင်မရာများကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွားနိုင်ရုံသာမကပဲ သော့ဖွင့်သည့်စွမ်းရည်တွင် အလွန်ထူးချွန်ကြသူများဖြစ်သည်။
ဤအချက်များကို ကြားသောအခါ ဝမ်ရှောင်ရီမှာ အံ့အားသင့်သွားရသည်။ ခါးပိုက်နှိုက်ဂိုဏ်းတစ်ခုက ဤမျှအထိ အဆင့်မြင့်လာနိုင်သည်လော။ ဤအရာက တကယ်ကို မယုံနိုင်စရာ တစ်ခုပင်။ သို့သော် ဝမ်ရှောင်ရီမှာ အံ့သြမှုနှင့်အတူ အလွန်လည်း ဝမ်းသာသွားရသည်။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းဘူတာရုံရှိ ခိုးမှုကြီးကို ဖော်ထုတ်နိုင်ရုံတင်မကဘဲ မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ဖောက်မှုပေါင်းများစွာကိုပါ တစ်ခါတည်း ဖြေရှင်းနိုင်ခဲ့သောကြောင့်ပင်။
ဤသခိုးဂိုဏ်းသည် အပြင်ပန်းတွင် “ချန်ရှန့်ကုမ္ပဏီ” ဟူသောအမည်ဖြင့် ကုမ္ပဏီတစ်ခုကဲ့သို့ ဟန်ပြထားသော်လည်း၊ နောက်ကွယ်တွင်မူ အဖွဲ့ဝင်အားလုံးမှာ ဝါရင့်ရာဇဝတ်ကောင်များသာ ဖြစ်ကြလေသည်။
၎င်းတို့သည် အစောပိုင်းနှစ်များက အနောက်တောင်ဘက် နယ်စပ်တစ်လျှောက်တွင် လှည့်လည်လှုပ်ရှားခဲ့ကြပြီး နိုင်ငံတကာ ခါးပိုက်နှိုက်လောကတွင်ပင် နာမည်ကျော်ခဲ့ကြသူများ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မောက်မာ ဝင့်ကြွားစွာဖြင့် တရုတ်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ ဖွံ့ဖြိုးချမ်းသာသော ဖိန်လင်မြို့ကို ပစ်မှတ်ထား ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
အခြားနေရာများတွင် တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးသော်လည်းယခု ဖိန်လင်မြို့တွင်မူ သူတို့မှာ လုံးဝမထင်မှတ်ထားဘဲ ခြေချော်လက်ချော် ဖြစ်သွားရလေတော့သည်။
ဝမ်ရှောင်ရီသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ချန်ဟောက်၊ ချင်ရန်နှင့် အခြားသူများကို ခေါ်ဆောင်ပြီး ချန်ရှန့်ကုမ္ပဏီသို့ တိုက်ရိုက် သွားရောက်စီးနင်းရန် အမိန့်ပေးလိုက်သည်။
တစ်ဆက်ထဲမှာလည်း သတင်းပေးသူများကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးမည်ဟုလည်း ဝမ်ရှောင်ရီက ကတိပေးလိုက်သေးသည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှောင်ရီက ကောင်းချောင်ကိုပါ တိုက်ရိုက်ညွှန်ကြားလိုက်၏။
“လူအိုကြီးကောင်း ပါလီမြစ်မှာ အမှုလာတိုင်ထားတဲ့သူတွေကို မြန်မြန်ဖုန်းဆက်လိုက်၊ ဒီတစ်ခါ တရားခံဆယ့်တစ်ယောက် ဖမ်းမိတာတင်မကဘဲ အခိုးခံရတဲ့ ပစ္စည်း အမြောက်အများကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီ၊ သူတို့ကိုလာပြီး ပစ္စည်းတွေကို ပြန်လာထုတ်ခိုင်းလိုက်”
“ဟုတ်ကဲ့စခန်းမှူး”
ချက်ချင်းပင် ကောင်းချောင်က ခေါင်းငြိမ့်ကာ ထွက်သွားတော့သည်။
ယခုကဲ့သို့ တရားခံများအား လက်ရဖမ်းဆီးနိုင်ရုံသာမကပဲ အခြားပက်သက်သည့် အမှုများကိုပါ ဖော်ထုတ်နိုင်သည့် အခြေအနေမျိုးတွင် ဝမ်ရှော်ရီမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
“ရဲစခန်းပေါင်းများစွာက ရာနဲ့ချီတဲ့ ခိုးမှုတွေကို အခုတော့ ငါတို့ ပါလီမြစ်ရဲစခန်းက အကုန်ဖြေရှင်းပေးနိုင်တော့မှာပဲ၊ ဟားဟား”
ဤခိုးမှုများသည် ရဲဌာနချုပ်အထိပင် အာရုံစိုက်ခြင်း ခံနေရသည့် အမှုကြီးများဖြစ်သည်။ ယခုအခါ ချင်ရန်တို့သည် တရားခံများအားလုံးကို ဖမ်းဆီးခေါ် ဆောင်လာမည့်နေ့ကို ဝမ်ရှောင်ရီက မျှော်လင့်နေပြီး ညွှန်ကြားရေးမှူးဆုန့်ထံ ဖုန်းဆက်ကာ ဂုဏ်ယုဝင့်ကြွားစွာ သတင်းပို့ရန် ၊ပြင်ဆင်နေတော့၏။
ဝမ်ရှောင်ရီ၏ အမိန့်အရ ချင်ရန်၊ ချန်ဟောက်၊ ယန်ရှု၊ ရှကျဲနှင့် အခြားသူများသည် ကားပေါ်တက်ကာ ‘ချန်ရှန့်ကုမ္ပဏီ’ရှိရာသို့ ဦးတည်ကာထွက်ခွာလာကြသည်။
ကားထဲတွင် ချင်ရန်မှာမူ ပုံမှန်အတိုင်းပင် အေးအေးဆေးဆေး ရှိနေသည်။ အမှန်အတိုင်းပြောရလျှင် သူသည် ဤကဲ့သို့သော သူခိုးများအား ဖမ်းရသည်ကို ပို၍ပင် သဘောကျသေးသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ဆောင်ရသည်မှာ ရိုးရှင်းပြီး မိမိအတွက် အသက်အန္တရာယ် မရှိသောကြောင့်ပင်။
အစောပိုင်းက ဝမ်ပါ့နှင့် ချီလုံဝေတို့ကို ဖမ်းစဉ်ကမူ ၎င်းတို့တွင် လက်နက်အစစ်များ ရှိနေကြပြီး၊ အမှားအယွင်း အနည်းငယ်ရှိရုံနှင့် အသက်ဆုံးရှုံးနိုင်သည့် အခြေအနေမျိုးများထိ ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။
“ချင်ရန်... ဒီအမှုသာ အောင်အောင်မြင်မြင် ပြီးသွားရင် မင်း အနည်းဆုံး တတိယအဆင့် ထူးချွန်ဆုရမှာပဲနော်၊ တစ်ခုရှိတာက မင်းက အစမ်းခန့်ရဲဖြစ်နေတော့ နှမြောဖို့ကောင်းတယ်၊ မဟုတ်ရင် ဒုတိယအဆင့်ကတော့ ကျိန်းသေပေါက် ရမှာ”
ချန်ဟောက်က ပြုံးလျက် ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ လီတာဝေနှင့် ယန်ရှုတို့မှာ တိတ်ဆိတ်သွားကြပြီး သူတို့၏ မနာလိုစိတ်မှာ ထုံထိုင်းသွားရသည့်အထိပင် ဖြစ်ပေါ်နေမိ၏။ ဤသည်မှာ နောက်ထပ် အောင်မြင်မှုတစ်ခု ဖြစ်လာဦးမည်ဖြစ်ရာ တတိယအဆင့်ဆုဆိုသည်မှာ သူတို့အတွက် အိပ်မက်ပင် မမက်ရဲသည့်အရာတစ်ခု ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ချင်ရန်ကမူ သိပ်ဂရုမစိုက်ဟန်ဖြင့် ခပ်အေးအေးပင် ဆိုလိုက်သည်။
“တတိယအဆင့်ဆုလား မဆိုးပါဘူး”
ခါးပိုက်နှိုက်အချို့ကို ဖမ်းရုံနှင့် ဤမျှအထိ ဆုချီးမြှင့်ခံရမည်ဟု သူ မထင်ထားခဲ့ပေ။ ထိုသို့ အမှတ်များ ရယူရသည်မှာ သူ့အတွက်တော့ လွယ်ကူလွန်းနေပုံရသည်။
မကြာမီ သူတို့စီးလာသောကားသည် ‘ချန်ရှန့်ကုမ္ပဏီ’ ရှိရာသို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းသည် အထပ်သုံးဆယ်မြင့်သော စီးပွားရေးအဆောက်အအုံ တစ်ခုဖြစ်ပြီး ခါးပိုက်နှိုက်များ၏ ပြောကြားချက်အရဆိုလျှင် ‘ချန်ရှန့်ကုမ္ပဏီ’မှာ ဆယ့်ငါးထပ်တွင် ရှိသည်။
ချင်ရန်နှင့် အဖွဲ့သားများသည် အဆောက်အအုံထဲသို့ တိုက်ရိုက်ပင်ဝင်ရောက်ကာ ဓာတ်လှေကားဖြင့် ဆယ့်ငါးထပ်သို့ တက်လာခဲ့ကြသည်။ ၎င်းတို့ ရောက်ရှိသွားချိန်၌ ကုမ္ပဏီအတွင်းရှိလူများသည် အရပ်ဝတ်ရဲအရာရှိများစွာ အဘယ်ကြောင့် ရောက်လာသနည်းဟု ဇဝေဇဝါဖြင့် ကြည့်နေကြလေတော့၏။
ချန်ရှန့်ကုမ္ပဏီပိုင်ရှင်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။
‘ ရဲတွေက ဘာလို့ ငါတို့ဆီကို ရောက်လာကြတာလဲ၊ ငါ့လက်အောက်ကလူတွေ အဖမ်းခံလိုက်ရလို့လား၊ သူတို့က ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေပဲဟာ၊ ဘယ်လိုလုပ် အဖမ်းခံရမှာလဲ၊ ထိန်းထားစမ်း အမူအရာမပျက်စေနဲ့’
ကုမ္ပဏီပိုင်ရှင်သည် အတင်းပင် ဟန်လုပ်ကာ အပြုံးလိုက်ပြီး ချန်ဟောက်ကို မေးလိုက်သည်။
“အရာရှိကြီးတို့ ဘာကိစ္စရှိလို့လဲ မသိဘူး၊ ကျွန်တော်က တရားဝင် အရောင်းကိုယ်စားလှယ် လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီပါ။ ကျွန်တော့်ကို စုံစမ်းစစ်ဆေးဖို့ တကယ်ပဲ လိုလို့လား ကျွန်တော်တို့မှာ ဘာအပြစ်ရှိလို့လဲဗျ၊ အခွန်လည်း လစဉ်မပျက် ဆောင်ထားပါတယ်ဗျ”
ချန်ဟောက်က အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။
“အခုအချိန်အထိ ဟန်ဆောင်ကောင်းမနေပါနဲ့တော့၊ ခင်ဗျားလက်အောက်က ခါးပိုက်နှိုက်တွေအကုန်လုံးက ဝန်ခံပြီးသွားပြီ၊ ခင်ဗျားက ချန်ရှန့်ကုမ္ပဏီရဲ့ သူဌေးမလား၊ ကျွန်တော်တို့ လာဖမ်းတာကလည်း ခင်ဗျားကိုပဲ၊ ဖမ်းသွားလိုက်”
ချန်ဟောက်က လက်ဝေ့ယမ်းကာ အချက်ပေးလိုက်သည်နှင့် ချင်ရန်က လက်ထိပ်ထုတ်၍ ကုမ္ပဏီသူဌေးကို ခတ်လိုက်တော့သည်။ ထိုအခါ သူဌေး၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားတော့၏။
သူတို့သည် အနောက်တောင်ဘက် နယ်စပ်တစ်လျှောက်တွင် နှစ်အတန်ကြာ ဥပဒေမဲ့ လှည့်လည်ခဲ့ကြသော်လည်း သဲလွန်စပင် မကျန်ခဲ့ဖူးပေ။ သို့သော် ဖိန်လင်မြို့သို့ ရောက်ရှိသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း အဖမ်းခံလိုက်ရချေပြီ။ ချန်ရှန့်ကုမ္ပဏီအတွင်း ဝန်ထမ်းပေါင်း နှစ်ဆယ်ခန့် ရှိသည်။
ထိုဝန်ထမ်းများသည် အပြင်ပန်းတွင် အွန်လိုင်း ဈေးရောင်းသူများဟု ဟန်ဆောင်ထားကြသော်လည်း၊ အမှန်တကယ်တွင် အားလုံးမှာ ခါးပိုက်နှိုက်သမားများ ဖြစ်ကြသည်။ ၎င်းတို့၏ အရောင်းအဝယ်အလုပ်မှာ တကယ်တမ်းတော့ အယောင်ပြသက်သက်သာ။
ချင်ရန်၏ ရှာဖွေရေးရေဒါတွင် ထိုဝန်ထမ်းအားလုံးမှာ တတိယအဆင့် ရာဇ၀တ်ကောင်များအဖြစ် ပေါ်နေပြီး ကုမ္ပဏီသူဌေးမှာမူ ဘူတာရုံမှ လူများကဲ့သို့ပင် ဒုတိယအဆင့်ရာဇဝတ်ကောင် ဖြစ်သည်။
ချန်ရှန့်ကုမ္ပဏီပိုင်ရှင်မှာ အိမ်မက်မက်နေသကဲ့သို့ မူးနောက်သွားရသည်။
သူ ခါးပိုက်နှိုက်လုပ်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ အဖမ်းမခံရဖူးပေ။ စောင့်ကြည့်ရေးကင်မရာများစွာရှိသည့် ယခုကဲ့သို့ ခေတ်မီအဆောက်အအုံထဲတွင်ပင် လူအများရှေ့၌ သူ၏ မယုံနိုင်စရာကောင်းလှသည့် ခါးပိုက်နှိုက်စွမ်းရည်များကို စိတ်ကြိုက် ပြသနိုင်ခဲ့သူဖြစ်သည်။
သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသဖြင့် သာမန်ကင်မရာများဖြင့် ကြည့်လျှင် မမြင်နိုင်ဘဲ အရှိန်မြင့်ကင်မရာဖြင့် ကြည့်မှသာ မြင်နိုင်လေ၏။
ဤအချိန်အထိ ကုမ္ပဏီပိုင်ရှင်သည် မိမိ အဘယ်ကြောင့် အဖမ်းခံရသည်ကို နားမလည်နိုင်သေးပေ။ သူတို့၏နည်းစနစ်များမှာ ပြိုင်ဘက်ကင်းလောက်အောင် ကျွမ်းကျင်သော်လည်း နောက်ဆုံးတွင် ချင်ရန်၏ ရာဇဝတ်ကောင် ရှာဖွေရေးရေဒါကိုတော့ မယှဉ်နိုင်ခဲ့ပေ။
မကြာမီ...
ချန်ရှန့်ကုမ္ပဏီရှိ လူအားလုံးကို ဖမ်းဆီးကာ ပါလီမြစ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြပြီး ကုမ္ပဏီတံခါးကိုလည်း တရားဝင်ချိတ်ပိတ်လိုက်ကြသည်။
စခန်းသို့ရောက်ရှိသွားချိန်တွင် ချင်ရန် အစောပိုင်းက ဖမ်းဆီးလာခဲ့သည့် ခါးပိုက်နှိုက်များသည် သူတို့၏သူဌေးပါ အဖမ်းခံလာရသည်ကို မြင်ပြီး အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့သွားကြတော့သည်။
သူတို့သည် မိမိတို့၏ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရန်အတွက် သူဌေးကိုပါ ဖော်ထုတ်ခဲ့ကြခြင်းပင်
ဝမ်ရှောင်ရီမှာမူ ချန်ဟောက်တို့အဖွဲ့ တရားခံအားလုံးအား ဖမ်းဆီးခေါ်ဆောင်လာသည်ကို မြင်ပြီး အလွန်အမင်း ဝမ်းသာနေတော့သည်။
ခဏတာမျှ စစ်ဆေးမေးမြန်းပြီးနောက် တရားခံများကို လက်ပူးလက်ကျပ် မိခဲ့ပြီဖြစ်ကြောင်းနှင့် ဘက်ထရီသူခိုးများ၊ အိမ်ဖောက်ထွင်းသူများအားလုံး ပါဝင်နေကြောင်း အတည်ပြုနိုင်ခဲ့လေတော့သည်။