အခန်း (၆၇၁-၆၇၂)
Vol. 68 Ch. 671-672
အခန်း (၆၇၁) အဆင့်တက်လှမ်းခြင်း
"ဟင်း... ဒီကောင်ကတော့ ငါ့ရဲ့ ဂုဏ်သိက္ခာတွေကို အဖတ်မတင်အောင် ဖျက်ဆီးတော့မှာပဲ။ ငါ့ရဲ့ ဒီအရူးသားကို သာမန်လူတစ်ယောက်လက်ထဲကနေ ကယ်ထုတ်ရမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ဒီအရူးကတော့ ရုမျိုးနွယ်စုတစ်ခုလုံးရဲ့ သိက္ခာကို ငတုံးပုံစံနဲ့ လဲလိုက်တာပဲ" ရုဝမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သော်လည်း တစ်ခုခုကို တွေးမိကာ ပြန်ရပ်လိုက်သည်။
"နောက်မှ ပြန်စဉ်းစားကြည့်တော့လည်း ဒီအရူးကောင်ကို ဒီအတိုင်းပဲ ထားလိုက်တာ ပိုကောင်းမယ်။ သူ့ရဲ့ ဝိညာဉ်စစ်သည်တော် စွမ်းအားကို သုံးပြီး ဒီအမှိုက်ကောင်ကို သတ်ပစ်ပါစေ။ သူရမယ့် အပြစ်ဒဏ်ကိုတော့ ငါပဲ တာဝန်ယူပေးလိုက်မယ်။ ရုလီက အဲဒီကောင်လေးကို သတ်ပြီးသွားလို့ ဗာမီလီယံက တစ်ခုခု လုပ်လာခဲ့ရင်တောင် ငါ့သားကို ငါ ကာကွယ်ပေးနိုင်မှာပါ" သူက ဝင်မကူညီရန် ဆုံးဖြတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုနေရာတွင် ဝိညာဉ်စစ်သည်တော် အများအပြား ရှိနေသော်လည်း လုံချန်းနှင့် ရုလီ၏ တိုက်ပွဲကြားထဲသို့ မည်သူမျှ ဝင်မစွက်ဖက်ကြပေ။ သူတို့အားလုံးက စိတ်ဝင်တစားနှင့် ကြည့်နေကြရုံသာ ဖြစ်သည်။ယနေ့ပွဲကတော့ လုံချန်း သေဆုံးခြင်းနှင့်သာ အဆုံးသတ်လိမ့်မည်ဟု သူတို့ ထင်ထားကြသည်။
အကယ်၍ လုံချန်းက ရုလီကို သတ်လိုက်လျှင် ဝိညာဉ်စစ်သည်တော်အား သတ်မှုနှင့် နိုင်ငံတော်က သူ့ကို သေဒဏ်ပေးမည်ဖြစ်ပြီး ရုလီကို မသတ်နိုင်လျှင်လည်း ရုလီက ဝိညာဉ်စွမ်းအားသုံးကာ သူ့အား သတ်လိမ့်မည် ဖြစ်ကြောင်း သူတို့ သိထားကြသည်။ ထို့ကြောင့် ဤပွဲ မည်သို့ အဆုံးသတ်မည်ကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။
ရုလီက ဓားဖြင့် လုံချန်းကို တိုက်ခိုက်လိုက်သည်။ သူက လုံချန်း၏ ရင်ဘတ်ကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သော်လည်း လုံချန်းက ကိုယ်ကို တိမ်းစောင်းကာ ရှောင်လိုက်သည်။ ဓားချက် မထိမှီမှာပင် လုံချန်းက သူ၏ ဓားမြှောင်ကို ထုတ်လိုက်ပြီး ပြန်လည် ပိုင်းဖြတ်လိုက်သည်။
လုံချန်းတွင်လည်း လက်နက်ပါလာလိမ့်မည်ဟု ရုလီ မထင်ထားခဲ့ပေ။ သူ၏ ဓားဖြင့် လုံချန်းကို ပိုင်းဖြတ်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း လုံချန်း၏ ဓားမြှောင်က သူ၏ ဓားကို ထိမှန်သွားသောအခါ ဓားမှာ လက်ထဲမှ လွတ်ထွက်သွားပြီး မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားတော့သည်။
ရုလီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဓားနောက်သို့ ပြေးလိုက်ရန် ကြိုးစားသော်လည်း မရောက်မီမှာပင် လုံချန်းက သူ၏ လည်ပင်းကို နောက်မှ ဖမ်းဆွဲလိုက်သည်။
လုံချန်းက ရုလီ၏ လည်ပင်းကို ဆွဲကာ အနောက်သို့ ဆွဲလှဲလိုက်သည်။ ထို့နောက် ရုလီကို မြေပြင်ပေါ် လဲကျစေကာ သူ၏ ဒူးဖြင့် ရုလီ၏ ရင်ဘတ်အား ဖိထားလိုက်တော့သည်။
လုံချန်းသည် ဓားမြှောင်ကို ရုလီ၏ လည်ပင်းတွင် တေ့ထားလိုက်ပြီး...
"ကြည့်စမ်း၊ ငါ့မှာ မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ မင်းကပဲ ငါ့နောက်ကို တောက်လျှောက် လိုက်နေတာ။ ငါ သတိပေးထားမယ်... ငါ့လမ်းထဲကို ဘယ်တော့မှ ဝင်မလာနဲ့။ ငါသာ အလိုရှိရင် မင်းကို အကြိမ်နှစ်ဆယ်မက သတ်လို့ရတယ်" လုံချန်းက ရုလီကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
"ခွေးကောင်၊ မင်းက ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့လေ။ မင်းကို သေချာပေါက် သတ်မယ်လို့ ငါ ကျိန်ဆိုတယ်" ရုလီက ဟိန်းဟောက်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို စတင် အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးမားလာတော့သည်။
"အေး... ကောင်းပြီလေ။ ဆက်လုပ်စမ်းပါ။ မင်းရဲ့ ဝိညာဉ်အသွင်ကို ပြောင်းလိုက်စမ်း။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထား... ငါ့ဓားမြှောင်က အရင်နေရာမှာပဲ ရှိနေတုန်းပဲ။ ငါက မင်းလည်ပင်းကို ဓားနဲ့ ထိုးနေတာ မဟုတ်ဘူး၊ မင်းရဲ့ လည်ပင်းက ကြီးလာပြီး ငါ့ဓားမြှောင်ဆီကို လာတိုးနေတာ။ မင်း သေသွားရင်တော့ ငါ့တာဝန် မဟုတ်ဘူးနော်" လုံချန်းက နောက်သို့ မဆုတ်ဘဲ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
အစတုန်းက သူ၏ ဓားမြှောင်မှာ ရုလီ၏ လည်ပင်းနှင့် လက်မအနည်းငယ်သာ ကွာဝေးပြီး လည်ပင်းကို တည့်တည့် ချိန်ထားခြင်း ဖြစ်သည်။ ၎င်းမှာ တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ရုလီသည် သူ၏ ဝိညာဉ်စွမ်းအားကို သုံးလာနိုင်ကြောင်း လုံချန်းက ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
ရုလီ၏ ခန္ဓာကိုယ် ကြီးမားလာသည်နှင့်အမျှ သူ၏ လည်ပင်းမှာ ဓားမြှောင်နှင့် စတင် ထိမိလာသည်။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေသော်လည်း အသိတရားတော့ ရှိနေသေးသည်။ အကယ်၍ သူ ဆက်ပြီး အသွင်ပြောင်းနေပါက ဓားမြှောင်က လည်ပင်းကို ဖောက်ဝင်သွားပြီး သူ သေဆုံးမည်အား သိသဖြင့် အသွင်ပြောင်းလဲခြင်းကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ကြီးမားလာသော သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် သေးငယ်သွားတော့သည်။
"ဟင်း... ဒီကောင်လေးက တော်တော်လေး ပါးနပ်တာပဲ။ မင်းရဲ့ သားကို အသွင်ပြောင်းတာ ရပ်သွားအောင် ဖိအားပေးနိုင်ခဲ့တယ်။ ဟက်... အရင်တုန်းက ပြိုင်ပွဲမှာ နတ်ဆိုးက မင်းကို လှည့်စားခဲ့တာကို သွားသတိရမိတယ်" အဖိုးအိုက ရုဝမ်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။
"အဲဒီသစ္စာဖောက်ရဲ့ နာမည်ကို မပြောနဲ့။ သူက အဲဒီတိုက်ပွဲမှာ လိမ်ခဲ့တာ။ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံတစ်ခုလုံးကို လိမ်ခဲ့တာ။ လိမ်ညာတာက အဲဒီအမှိုက်ကောင်ရဲ့ သွေးထဲမှာ ပါပြီးသားပဲ။ သူ့သားက အဲဒီလို လုပ်တာ မဆန်းပါဘူး" ရုဝမ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ဟက်... စိတ်ဝင်စားစရာပဲ။ ဒါနဲ့ မင်းရဲ့ သားက အသွင်ပြောင်းလဲမှုကို အတင်းအကျပ် ရပ်လိုက်ရတဲ့အတွက် နောက်ဆက်တွဲ ဝေဒနာ ခံစားရလိမ့်မယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအား အားနည်းသွားလိမ့်မယ်၊ ပြီးတော့ တော်တော်လေးလည်း နာကျင်နေလိမ့်မယ်။ အိမ်ပြန်ရောက်ရင် သူ့ကို တုံရှီးဆေးမှုန့်နဲ့ ရေချိုးပေးလိုက်ဦး။ ဒါဆိုရင်တော့ နာကျင်မှု သက်သာသွားလိမ့်မယ်" အဖိုးအိုက ရုဝမ်ကို အကြံပေးလိုက်သည်။
ရုလီမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသော်လည်း မျက်နှာမှာ ဖြူဖျော့နေသည်။ နှလုံးခုန်သံများ မြန်လာကာ သွေးတစ်လုပ်ကိုပါ အန်ထုတ်လိုက်ရသည်။
"ဟက်... ကြည့်ရတာ မင်း တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူးပဲ။ အစကတည်းက ဒီလိုပဲ နေသင့်တာ။ နောက်တစ်ခါ ငါ့လမ်းကို ပိတ်မရပ်နဲ့" လုံချန်းက မတ်တတ်ရပ်လိုက်ရင်း ရေရွတ်ကာ ထွက်ခွာလာခဲ့သည်။
အရာအားလုံး အလွယ်တကူ ပြီးဆုံးသွားသဖြင့် သူကိုယ်တိုင်ပင် အံ့သြမိသည်။ ရုလီနှင့်အတူ ပါလာသော လူလတ်ပိုင်း အမျိုးသားက သူ့ကို တိုက်ခိုက်လာမည်အား သူ စိုးရိမ်နေခဲ့ပြီး အချိန်မရွေး နေရာပြောင်းရန် အသင့်ပြင်ထားခဲ့သော်လည်း အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ လုံချန်းသည် ထိုနေရာမှ အေးအေးဆေးဆေး ထွက်လာခဲ့ပြီး မည်သူမျှ သူ့ကို တားဆီးခြင်း မပြုခဲ့ပေ။
"ဟက်... မင်း သူတို့တိုက်ပွဲမှာ ဘာမှ ဝင်မလုပ်ခဲ့ဘူးပဲ။ ငါ တော်တော်လေး အံ့သြမိတယ်။ မင်းမှာ သည်းခံနိုင်စွမ်း တော်တော်ရှိတာပဲ" လုံချန်း ထွက်သွားပြီးနောက် အဖိုးအိုက ရုဝမ်ကို ပြောလိုက်သည်။
"ဟွန်း... ကျွန်တော့်သားက အရှက်မရှိပေမဲ့၊ ရုမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို သူ ဂရုမစိုက်ပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မဟုတ်ဘူး။ ကျွန်တော်က မျိုးနွယ်စုခေါင်းဆောင်ပဲ။ ကျွန်တော်ပါ ဝင်ပါပြီး ဝိညာဉ်စစ်သည်တော် တစ်ယောက်နဲ့ တရားသဖြင့် တိုက်ခိုက်နေတဲ့ သာမန်လူတစ်ယောက်ကို သွားတိုက်ခိုက်ရင် ကျွန်တော်မျိုးနွယ်စုရဲ့ သိက္ခာက ရေစုန်မျောသွားလိမ့်မယ်။ ဒါပေမဲ့... သူ့ကိုတော့ အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ဘာမှ မလုပ်ဘူးဆိုတာက ကျွန်တော် ဘာမှ လုပ်လို့ မရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး" ရုဝမ်က ခက်ထန်သော လေသံဖြင့် ရေရွတ်ရင်း ရုလီရှိရာသို့ လျှောက်သွားလိုက်သည်။
သူသည် ရုလီ၏ လက်ကို ဆွဲကာ ခေါ်ဆောင်သွားတော့သည်။
ညနေစောင်းသောအခါ လုံချန်း အိမ်သို့ ပြန်ရောက်လာသည်။ သူသည် အစားအသောက်အချို့ကိုလည်း ဝယ်ယူလာခဲ့သည်။ မီလျာယီ နှင့်အတူ အစာစားပြီးနောက် သူသည် တဲအိမ်လေးပေါ်သို့ တက်ကာ သီးသန့်နေရာ ရှာလိုက်သည်။
လုံချန်းသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ နောက်ဆုံးတော့ သူ ဘေးကင်းကင်းနှင့် ကျင့်ကြံနိုင်မည့် အချိန်ကို ရောက်ရှိလာပြီ ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို အာရုံခံရင်း အမည်မဲ့ ကျင့်စဉ်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သူ၏ သွေးကြောများမှာ ပွင့်နေပြီဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်များအား အပြည့်အဝ ခံစား သိရှိနိုင်စွမ်း ရှိနေသည်။
သူသည် ထွက်သက်ဝင်သက် တစ်ချက်ချင်းစီတိုင်းတွင် စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူသည် ကျင့်ကြံသူတစ်ဦး မဟုတ်သေးသဖြင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးနှင့် မစုပ်ယူနိုင်သေးသော်လည်း ပါးစပ်မှတစ်ဆင့် စွမ်းအင်များကို ရှူသွင်းကာ ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ကြိုးစားနေခြင်း ဖြစ်သည်။
အဆင့်တက်လှမ်းနိုင်ရန် အချိန်အနည်းငယ် ကြာလိမ့်မည်ဟု လုံချန်း ထင်ထားသော်လည်း သဘာဝစွမ်းအင်များကို ဒုတိယအကြိမ် ရှူသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့တော့သည်။
အခန်း (၆၇၂) သွေးမျိုးဆက်တံခါးများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်
လုံချန်းသည် တဲအိမ်လေး၏ အမိုးပေါ်တွင် ထိုင်နေသည်။ သူသည် ဤခန္ဓာကိုယ်အသစ်ဖြင့် ပထမဆုံးအကြိမ် ကျင့်ကြံခြင်းကို စတင်နေခြင်း ဖြစ်သော်လည်း သူ၏ ဦးနှောက်ထဲတွင်မူ အတိတ်က ကျင့်ကြံခဲ့သည့် အတွေ့အကြုံများစွာ ကိန်းအောင်းနေပြီ ဖြစ်သည်။
ချီစွမ်းအင်ကို မည်သို့စုပ်ယူရမည်၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သန်မာလာစေရန် ထိုစွမ်းအင်များအား မည်သို့ လှည့်ပတ်ရမည်ဆိုသည်ကို သူ ကောင်းကောင်းသိသည်။ သူသည် ဝိညာဉ်အခြေတည်အဆင့်သို့ မရောက်သေးသဖြင့် စွမ်းအင်များကို ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်ခြင်း မရှိသေးပေ။ ကျင့်ကြံသူတစ်ဦး၏ အစပျိုးခြင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ စတင်ခြင်းဖြစ်ပြီး ၎င်းမှာ ခန္ဓာကိုယ်ကို ပိုမိုခိုင်မာ သန်စွမ်းလာစေရန်သာ အဓိကထားခြင်း ဖြစ်သည်။
လုံချန်းသည် သူ၏စွမ်းအင်များကို အသုံးပြုနိုင်ရန် ဝိညာဉ်အခြေတည်အဆင့်သို့ အမြန်ဆုံး တက်လှမ်းချင်နေသော်လည်း ၎င်းကို တစ်ရက်တည်းနှင့် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း သူသိသည်။ ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲက မနက်ဖြန် ဖြစ်သည်။ ထို့ကြောင့် စာမေးပွဲမတိုင်မီ ဒုတိယအဆင့်ကြီးဖြစ်သည့် ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်ရန် သူ မမျှော်လင့်ထားပေ။ သို့သော်လည်း စာမေးပွဲသွားဖြေသည့် အချိန်တွင် အတတ်နိုင်ဆုံး သန်မာနေရန်သာ သူ ဆုတောင်းနေမိသည်။
သူ့အနေဖြင့် ချီစွမ်းအင် လိုအပ်သလို သန်မာသော ခန္ဓာကိုယ်ရှိရန်မှာလည်း အရေးကြီးသည်ဟု သူယုံကြည်သည်။ ကျန်ရှိသည့် အပိုင်းများကို သူ၏ နိယာမများဖြင့် ကိုင်တွယ်နိုင်သော်လည်း ခန္ဓာကိုယ်က အားနည်းနေပါက ဤတတိယအကြိမ်မြောက် သွေးမျိုးဆက်စမ်းသပ်မှုတွင် ကျဆုံးသွားနိုင်သည့် အခွင့်အရေး အလွန်များနေသည်။
ပထမဆုံးသော အဆင့်တက်လှမ်းမှုမှာ သူထင်ထားသည်ထက် ပိုမြန်ခဲ့သည်။ ကျင့်ကြံခြင်း စတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁ သို့ ရောက်ရှိသွားခဲ့သည်။
နောက်ဆုံးတော့ ကျင့်ကြံသူတစ်ဦး ပြန်ဖြစ်လာပြီဖြစ်သဖြင့် သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ အဆင့်မြင့်လာသည်နှင့်အမျှ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရန် အချိန်ပိုပေးရမည်ကိုလည်း သူ သိထားပြီးသား ဖြစ်သည်။
လုံချန်းသည် ညနေခင်းမှစ၍ တစ်ညလုံး ကျင့်ကြံနေခဲ့သည်။ ထိုအတောအတွင်း မီလျာယီ နှင့်အတူ ညစာစားရန်အတွက် တစ်ကြိမ်သာ ခေတ္တရပ်နားခဲ့သည်။ ညစာစားပြီး၍ မီလျာယီ အိပ်ပျော်သွားသောအခါ သူသည် အိမ်ပြင်သို့ ပြန်ထွက်ကာ လရောင်အောက်တွင် ဆက်လက်ကျင့်ကြံနေခဲ့သည်။
နေဝန်းနီသည် မိုးကုတ်စက်ဝိုင်းဆီမှ စတင်ထွက်ပြေးလာချိန်တွင် လုံချန်း ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။ သူသည် အမိုးပေါ်မှ ခုန်ချလိုက်ပြီး အကြောဆန့်ရင်း ပြုံးလိုက်မိသည်။
"ခန္ဓာကိုယ်ထဲမှာ အင်အားတွေ ပြန်ရှိလာတာ တကယ်ကို နေလို့ကောင်းတာပဲ။ ငါ့ရဲ့ ကျင့်ကြံနှုန်းက ဒီလောက်မြန်လိမ့်မယ်လို့ မထင်ထားဘူး။ တစ်ညတည်းနဲ့တင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၉ ကို ရောက်သွားပြီပဲ။ ဒါက တကယ်ပဲ ဒီလောက် လွယ်ကူနေရမှာလား" လုံချန်းက မဲ့ပြုံးလေးပြုံးရင်း ရေရွတ်လိုက်သည်။
"နင်က ဘာကို မျှော်လင့်နေတာလဲ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဆိုတာ ကျင့်ကြံခြင်းရဲ့ အခြေခံအကျဆုံး အဆင့်ပဲလေ။ ပြီးတော့ နင့်မှာ ကျင့်ကြံခြင်း အတွေ့အကြုံတွေလည်း ရှိနေတာကိုး။ အခု ခန္ဓာကိုယ်ကလည်း ကျင့်ကြံရလွယ်အောင် ဖန်တီးထားတာ။ သွေးမျိုးဆက်ကျောင်းတော်က နင့်ကို ခက်ခဲတဲ့ စမ်းသပ်မှုထဲ ထည့်လိုက်ပေမဲ့ အောင်မြင်ဖို့ လိုအပ်တဲ့ ကိရိယာတွေကိုတော့ ပေးထားသားပဲ" ရွှင်းက သူ့ဘေးတွင် ပေါ်လာပြီး ပြောလိုက်သည်။
"ဪ... အဲဒါကြောင့်ကိုး။ ငါ့ရဲ့ အဆင့်က ဘာလို့ ဒီလောက်မြန်မြန် တက်နေတာလဲလို့ စဉ်းစားနေတာ" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။ "ကြည့်ရတာ သွေးမျိုးဆက်ကျောင်းတော်က သိပ်တော့ မဆိုးပါဘူး။ ငါ့ကို ဒီလို ဒုက္ခများတဲ့နေရာထဲ ပစ်ထည့်လိုက်ပေမဲ့ အနည်းဆုံးတော့ ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခု ပေးပြီး ကျေးဇူးပြုထားတာပဲ"
လုံချန်းသည် တဲအိမ်ထဲသို့ လှမ်းဝင်လိုက်ရာ မီလျာယီ မှာ ကောင်းမွန်စွာ အိပ်ပျော်နေသည်ကို တွေ့ရသည်။
လုံချန်းသည် မီလျာယီ နိုးလာသည်အထိ စောင့်ကာ သူမနှင့်အတူ မနက်စာ စားလိုက်သည်။
"အမေ... ကျွန်တော် အပြင်မှာ အရေးကြီးတဲ့ ကိစ္စလေးတစ်ခု သွားလုပ်စရာ ရှိလို့။ အိမ်မှာပဲ နေပါ၊ ဘယ်မှ မသွားပါနဲ့။ ညနေကျရင် ညစာဝယ်ပြီး ပြန်လာခဲ့မယ်နော်" သူက အပြင်ထွက်ရန် ပြင်ဆင်ရင်း မီလျာယီကို ပြောလိုက်သည်။
မီလျာယီက လုံချန်းကို အန္တရာယ်ရှိသည်များအား မည်သည်မျှ မလုပ်ရန် ကတိပေးခိုင်းပြီးမှသာ အပြင်ထွက်ခွင့် ပြုလိုက်တော့သည်။
လုံချန်းလည်း ဝိညာဉ်စစ်သည်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲက မည်သို့သော ပုံစံဖြစ်ကြောင်း မသိသေးသော်လည်း သူ့အတွက်တော့ အန္တရာယ် သိပ်မရှိနိုင်ဟု ယုံကြည်ထားသဖြင့် ကတိပေးလိုက်သည်။
ကတိပေးပြီးနောက် သူသည် တဲအိမ်လေးထဲမှ ထွက်ခွာလာပြီး မြို့လယ်ခေါင်သို့ အရှိန်အဟုန်ဖြင့် လှမ်းလျှောက်လာခဲ့သည်။
လုံချန်းသည် တောအုပ်ထဲမှ ဖြတ်လျှောက်လာစဉ် သွေးမျိုးဆက်ကျောင်းတော်က သူ့ကို မည်သို့ ကူညီနေသနည်းဆိုသည်အား တွေးတောနေမိသည်။ ထိုမှတစ်ဆင့် သူ စမ်းသပ်မှုအား မရွေးချယ်မီက မြင်တွေ့ခဲ့ရသည့် တံခါးများအကြောင်းကိုလည်း သတိရသွားသည်။
"ဟေ့... ရွှင်း" သူ ရုတ်တရက် ခေါ်လိုက်သည်။
"ဘာလဲ"
"ငါ စမ်းသပ်မှုကို ရွေးတုန်းက ငါ့ရှေ့မှာ တံခါးတွေ အများကြီး ရှိခဲ့တာလေ။ နင် ပြောတုန်းကတော့ ဘယ်တံခါးကိုပဲ ရွေးရွေး ငါ့ရဲ့ စမ်းသပ်မှုက အတူတူပဲ၊ ဒါပေမဲ့ ခက်ခဲမှုအဆင့်ပဲ ကွာမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ တကယ်လို့ ငါ တခြားတံခါးတွေကို ဖွင့်ခဲ့ရင် ဘာတွေ ရလာမလဲ။ ပြီးတော့ ငါ အခုရွေးလိုက်တဲ့ တံခါးကော အခက်ခဲဆုံး တံခါးလား" လုံချန်းက ရွှင်း ရှိရာဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟင်း... နင် တကယ်ပဲ တခြားတံခါးတွေရဲ့ အဓိပ္ပာယ်ကို သိချင်တာလား။ ငါ အရှင်းဆုံး ပြောရရင်... နင် ရွေးလိုက်တဲ့ တံခါးက အခက်ခဲဆုံး အဆင့်ပဲ။ တခြားတံခါးတွေကိုသာ ရွေးခဲ့ရင် နင့်အတွက် စမ်းသပ်မှုက သေချာပေါက် ပိုပြီး လွယ်ကူလိမ့်မယ်။ တခြားတံခါးတွေအကြောင်း သိသွားရင် နင် စိတ်ညစ်ရရုံပဲ ရှိမှာပါ။ အဲဒါကို လျှို့ဝှက်ချက်အဖြစ်ပဲ ထားလိုက်ပါတော့" ရွှင်းက သက်ပြင်းချရင်း ပြောသည်။
"မဟုတ်ဘူး၊ ရပါတယ်။ ငါ ဘာတွေ လွဲချော်သွားလဲဆိုတာ သိချင်တယ်" လုံချန်းက ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။
ရွှင်း၏ စကားအရဆိုလျှင် ၎င်းကို သိလိုက်ရခြင်းက သူ့အတွက် မကောင်းနိုင်မှန်း သူ နားလည်သည်။ အကယ်၍သာ တခြားတံခါးအား ရွေးခဲ့လျှင် ပိုကောင်းသည့် ဘဝကို ရနိုင်ခဲ့မည်ဟု သိလိုက်ရခြင်းက စိတ်ပျက်စရာ ကောင်းသည် မဟုတ်လော။ သူ သိလိုက်ရသောအခါ ကျေနပ်မည် မဟုတ်မှန်း သူသိသော်လည်း မည်သည်မျှ မသိဘဲ နေရသည်ထက်စာလျှင် သိထားသည်က ပိုကောင်း၏။
"ကောင်းပြီလေ... ငါ ပြောပြမယ်။ နင် နားလည်လွယ်အောင် နင် ရွေးခဲ့တဲ့ တံခါးကိုတော့ ဖယ်ထားလိုက်မယ်" ရွှင်းက ခေါင်းညိတ်ရင်း ပြောပြတော့သည်။
"တကယ်လို့ နင်သာ ဘယ်ဘက်အစွန်ဆုံးက ပထမတံခါးကို ရွေးခဲ့မယ်ဆိုရင်... နင် အခုလေးတင် ရိုက်နှက်ခဲ့တဲ့ ကောင်ရဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ရမယ့် စမ်းသပ်မှုကို ရမှာ။ နင်က ရုမျိုးနွယ်စုရဲ့ သားကြီး ဖြစ်နေမှာဆိုတော့ နင့်ရဲ့ စတင်မှုက အခုထက် အများကြီး ကွာခြားသွားမှာပေါ့။ ဒါပေမဲ့ စမ်းသပ်မှုရဲ့ ပန်းတိုင်ကတော့ အတူတူပဲ၊ အာခ်ရှာ နိုင်ငံရဲ့ ဘုရင်ဖြစ်ဖို့ပဲ" ရွှင်း၏ စကားကြောင့် လုံချန်းမှာ အနည်းငယ် ချောင်းဆိုးသွားရသည်။
"ဟိုကောင်စုတ်ရဲ့ အစ်ကိုလား။ ဒါဆိုရင်တော့ တော်တော်မိုက်မှာပဲ။ ငါ အခုလုပ်ခဲ့သလိုပဲ သူ့ကို ရိုက်နှက်နိုင်ပြီး သူကလည်း ငါ့ကို ကြည့်ပြီး ပြုံးနေရမှာပေါ့" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"စတင်တဲ့ အနေအထားက ပိုကောင်းမှာပဲ။ ငါ ဒါကို လွဲချော်ခဲ့တာပေါ့၊ ဒါပေမဲ့ ဒီနည်းလမ်းက ပိုပြီး ပြဿနာ နည်းပါတယ်။ တစ်ယောက်တည်းကလွဲလို့ ဘယ်သူမှ မသိတဲ့ ဖူချန်းအဖြစ် ဟန်ဆောင်ရတာက ပိုပြီး လွယ်ကူပါတယ်" သူက အကောင်းမြင်စိတ်ဖြင့် ဆက်ပြောသည်။
"ဒါဆို ဒုတိယတံခါးကရော ဘာလဲ" လုံချန်းက ထပ်မေးလိုက်တော့သည်။