အခန်း (၆၇၃-၆၇၄)
Vol. 68 Ch. 673-674
အခန်း (၆၇၃) သွေးမျိုးဆက်ကျောင်းတော်၏ ကြိုးကိုင်မှု
"တကယ်လို့ နင်သာ ဒုတိယတံခါးကို ရွေးခဲ့မယ်ဆိုရင် နင့်ရဲ့ စတင်မှုက နဂါးတပ်ဖွဲ့ ခေါင်းဆောင်ရဲ့ သားအဖြစ် ဖြစ်လာမှာပါ" ရွှင်းက လုံချန်းကို ပြောလိုက်သည်။
"နဂါးတပ်ဖွဲ့ ဟုတ်လား။ အဲဒါက ရန်သူ့နိုင်ငံမှာရှိတဲ့ ဖီးနစ်အဖွဲ့အစည်းနဲ့ အတူတူပဲ မဟုတ်လား။ အဲဒါက ဆူနိုင်း နိုင်ငံရဲ့ အဓိက အင်အားစုပဲလေ။ အာခ်ရှာ နိုင်ငံမှာ ဖီးနစ်အဖွဲ့အစည်း ရှိသလိုမျိုး ဆူနိုင်းနိုင်ငံမှာလည်း နဂါးတပ်ဖွဲ့က အင်အားအကြီးဆုံးပေါ့။ ဒါဆိုရင် နဂါးတပ်ဖွဲ့ ခေါင်းဆောင်ဆိုတာ ဖီးနစ်အဖွဲ့အစည်းက ဗာမီလီယံနဲ့ အဆင့်အတူတူ ဒါမှမဟုတ် ပိုတောင် အစွမ်းထက်ဦးမှာပဲ" လုံချန်းက အံ့အားသင့်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
"သူ့ရဲ့ သားဖြစ်ရတာက ငါ့အတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အများကြီး ရစေမှာပဲ။ ရုမျိုးနွယ်စုရဲ့ သားဖြစ်ရတာထက်တောင် ပိုပြီး အခွင့်အရေး ကောင်းနိုင်သေးတယ်။ ဒါပေမဲ့ ပြဿနာတွေကလည်း အဲဒီလောက်ပဲ ရှိမှာပေါ့။ တကယ်ပါပဲ... ရန်သူ့နိုင်ငံက နဂါးတပ်ဖွဲ့ ခေါင်းဆောင်ရဲ့ သားဖြစ်နေပြီးတော့ အာခ်ရှာနိုင်ငံရဲ့ ဘုရင် ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ" သူက အတွေးနက်စွာဖြင့် ရေရွတ်နေမိသည်။
"ငါ့မှာရှိမယ့် တစ်ခုတည်းသော ရွေးချယ်မှုက စစ်ပွဲတစ်ပွဲ ဖန်တီးပြီး အဲဒီစစ်ပွဲမှာ အနိုင်ယူရုံပဲ။ ပြီးတော့ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆူနိုင်းနိုင်ငံရဲ့ ဘုရင်က အာခ်ရှာနိုင်ငံကို ငါ့ကို ဆုလာဘ်အဖြစ် ပေးအပ်ဖို့ မျှော်လင့်ရမှာပဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ဆက်ပြောသည်။
"ပန်းတိုင်တစ်ခုကို ရောက်ဖို့ နည်းလမ်းက တစ်ခုထက်မက ရှိတာပဲလေ" ရွှင်းက လုံချန်းကို ကြည့်ကာ ရယ်မောရင်း ပြောသည်။
"အင်း... ဟုတ်သားပဲ။ ဆူနိုင်းနိုင်ငံရဲ့ ဘုရင်အဖြစ် အရင်ဖြစ်အောင် လုပ်လိုက်ရုံပဲ။ ငါသာ နဂါးတပ်ဖွဲ့ ခေါင်းဆောင်ရဲ့ သားဆိုရင် ငါ့အဖေ ဘုရင်ဖြစ်လာအောင် ဘုရင်ကို အကွက်ဆင်လို့ ရတယ်။ ပြီးမှ ငါ့အဖေကိုပါ သတ်ပြီး ငါကိုယ်တိုင် ဘုရင်ဖြစ်လာပေါ့။ အဲဒီနောက်မှ အာခ်ရှာနိုင်ငံကို စစ်ကြေညာပြီး သိမ်းပိုက်လိုက်ရင်လည်း ရတာပဲ။ ဒါက သွယ်ဝိုက်တဲ့ နည်းလမ်း ဖြစ်ပေမဲ့ ပိုပြီး ထိရောက်မှာ သေချာတယ်" လုံချန်းက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွေးတောရင်း ရေရွတ်လိုက်သည်။
"ခြုံကြည့်မယ်ဆိုရင်တော့ နဂါးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သားဖြစ်ရတာကလည်း ရွေးချယ်စရာ ကောင်းတစ်ခုပါပဲ"
"နင် ရွေးလိုက်တဲ့ တံခါးကလည်း နင့်ကို အလားတူ တာဝန်မျိုးပဲ ပေးထားတာပါ။ နင်က ဖီးနစ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ သား ဖြစ်ရမှာလေ။ နင့်ရဲ့ ကံဆိုးမှုက ဖီးနစ်အဖွဲ့အစည်း ခေါင်းဆောင်က ပျောက်ဆုံးနေပြီး လူတိုင်းက သူ့ကို ရှုံးနိမ့်မှုအတွက် အပြစ်တင်နေကြသလို သစ္စာဖောက်တစ်ယောက်လို့ သတ်မှတ်နေကြတာပဲ" ရွှင်းက သက်ပြင်းချရင်း ပြောသည်။
'တကယ်လား၊ နတ်ဆိုးက ဖီးနစ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လား။ ငါက သူက ထိပ်တန်းအဖွဲ့ဝင် တစ်ယောက်ပဲလို့ ထင်ထားတာ။ ဒါဆိုရင် ဗာမီလီယံက နတ်ဆိုး သစ္စာဖောက်သွားတယ်လို့ အပြောခံရပြီးမှ ဖီးနစ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်လာတာပေါ့။ စိတ်ဝင်စားစရာပဲ။ ဒီဗာမီလီယံဆိုတဲ့ လူကတော့ နတ်ဆိုး သစ္စာဖောက်သွားတာကြောင့် အကျိုးအမြတ်တွေ အများကြီး ရသွားတာပဲ။ သူကလည်း သံသယဖြစ်စရာ လူတစ်ယောက် ဖြစ်နိုင်တယ်။ တစ်ခုတည်းသော ပြဿနာက အဲဒီအချိန်တုန်းက သူက အနောက်ဘက်မှာ ခုခံနေခဲ့တယ်ဆိုတဲ့ သက်သေရှိနေတာပဲ။ သူသာ တကယ်လုပ်ခဲ့တာဆိုရင် သေချာပေါက် စီမံကိန်းချပြီး လုပ်ခဲ့တာ ဖြစ်မှာ' လုံချန်းက ပိုမိုတွေးတောရင်း သက်ပြင်းချလိုက်သည်။
"နင့်အတွက် အလုပ်တွေကတော့ ပုံနေတာပဲ။ အခုချိန်မှာ နင်က ဘာမှမဟုတ်တဲ့ လူတစ်ယောက်ပဲ ရှိသေးတယ်။ အကောင်းဆုံး ခန္ဓာကိုယ်ကို ရထားတယ်ဆိုပေမဲ့ ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူး။ အခြေအနေတွေက မြင်တွေ့နေရတာထက် ပိုပြီး ရှုပ်ထွေးနိုင်တယ်" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
"ဟင်း... ငါ သိပါတယ်။ ငါက အခက်ခဲဆုံး တံခါးကို ရွေးခဲ့တာပဲလေ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး။ အခုထိလည်း မကျရှုံးခဲ့ဖူးသလို အနာဂတ်မှာလည်း ကျရှုံးဖို့ မမျှော်လင့်ထားဘူး။ ဒီစမ်းသပ်မှုကို ငါ သေချာပေါက် အောင်မြင်အောင် လုပ်မယ်၊ အများဆုံး တစ်လ၊ နှစ်လအတွင်းမှာ အပြီးသတ်ပြမယ်" လုံချန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ဒါနဲ့ ကျန်တဲ့ တံခါးတွေမှာကော ဘာတွေ ရှိသေးလဲ။ ကျန်တာတွေကိုလည်း ငါ့ကို ပြောပြပါဦး" သူက ထပ်မေးလိုက်သည်။
"နောက်ထပ် တံခါးတစ်ခုကတော့ သာမန်အခြေအနေမှာ ဘုရင်ဖြစ်ဖို့ အကောင်းဆုံး လမ်းကြောင်းပဲ၊ ဒါပေမဲ့ ဒီအခြေအနေမှာတော့ ဒုတိယမြောက် အခက်ခဲဆုံး တံခါးပေါ့။ တကယ်လို့ နင်သာ တတိယတံခါးကို ရွေးခဲ့မယ်ဆိုရင် နင်က အာခ်ရှာနိုင်ငံ ဘုရင်ရဲ့ အကြီးဆုံးသား ဖြစ်လာမှာ" ရွှင်းက လျှို့ဝှက်မထားဘဲ ပြောပြလိုက်သည်။
"ဘာကြီး၊ အဲဒါ... အဲဒါက ဒီတတိယစမ်းသပ်မှုရဲ့ အောင်ပွဲကို လင်ပန်းနဲ့ အပ်လိုက်သလိုမျိုးပဲ မဟုတ်လား။ ငါသာ ဘုရင်ရဲ့ သားဖြစ်နေရင် ဘယ်လောက်တောင် လွယ်လိုက်မလဲ။ တခြား မင်းသားတွေကို အကုန်သတ်၊ ပြီးရင် ဘုရင်ကိုပါ သတ်လိုက်ရုံနဲ့ စမ်းသပ်မှုက ပြီးသွားပြီလေ။ နင်ပြောတုန်းက တခြားတံခါးတွေအကြောင်း သိရင် ငါ မနာလိုဖြစ်လိမ့်မယ်ဆိုတာ ဒီလောက်ထိ ဆိုးလိမ့်မယ်လို့ မထင်ထားဘူး။ ငါသာ အဲဒီတံခါးကို ရွေးခဲ့ရင် ဒီစမ်းသပ်မှုကို နှစ်ပတ်အတွင်းမှာတင် အပြီးသတ်နိုင်မှာ" လုံချန်းက ရွှင်း၏ အဖြေကို ကြားပြီး မှင်တက်သွားရသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လွဲချော်ခဲ့သည်ဆိုသည်မှာ သူ မယုံနိုင်အောင် ဖြစ်နေရသည်။
"နင် ငါဆိုလိုတာကို လွဲနေပြီ။ အဲဒါက နင်ရနိုင်မယ့် ဒုတိယမြောက် အခက်ခဲဆုံး တံခါးလို့ ငါပြောတာ မကြားလိုက်ဘူးလား။ ဘယ်လောက်မြန်မြန် ပြီးသွားမလဲဆိုတာကို ကိုယ့်ဘာသာ အရင် မတွေးလိုက်ခင် ဘာလို့ အခက်ခဲဆုံး ဖြစ်နေရသလဲဆိုတာ အရင် မသိချင်ဘူးလား" ရွှင်းက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
"ဟမ်... ဘာက ခက်နေလို့လဲ။ အဲဒီမင်းသားကလည်း ဖီးနစ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ သားလိုပဲ ဒုက္ခတွေနဲ့ ရှင်သန်နေရတာလို့တော့ မပြောနဲ့ဦးနော်" လုံချန်းက သံသယစိတ်ဖြင့် မေးလိုက်သည်။
"ဟင်း... ဆင်တူပါတယ်။ ဘုရင်ရဲ့ အကြီးဆုံးသားက မယားငယ်ကနေ မွေးဖွားလာတာလေ။ ဒီနိုင်ငံမှာတော့ မိဖုရားကြီးက မွေးတဲ့သားမှသာ ထီးနန်းဆက်ခံပိုင်ခွင့် ရှိတာ"
"ဒါဆို ဘာဖြစ်လဲ။ တခြား မင်းသားတွေကို အကုန်သတ်ပစ်မယ်လို့ ငါပြောပြီးပြီပဲ။ ဆက်ခံမယ့်သူ မရှိတော့ရင် အလိုအလျောက်ပဲ ငါက သရဖူကို ရမှာပေါ့" လုံချန်းက မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ဟက်... တကယ့်လက်တွေ့မှာလည်း အဲဒီအတိုင်းပဲ ဖြစ်ခဲ့တာလေ"
"ဘာကို ဆိုလိုတာလဲ။ အကြီးဆုံးမင်းသားက သူ့ညီတွေကို သတ်လိုက်လို့ နန်းချခံလိုက်ရတာလို့တော့ မပြောနဲ့နော်" လုံချန်းက သူမ၏ ဆိုလိုရင်းကို ရိပ်မိသွားကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"မဟုတ်ဘူး။ အကြီးဆုံးမင်းသားက ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး၊ ဒါပေမဲ့ သူက အိမ်ရှေ့မင်းသားကို သတ်ဖို့ ကြံစည်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာ။ ဘုရင်က ဒေါသထွက်ပြီး အကြီးဆုံးမင်းသားကို ပြည်နှင်ဒဏ် ပေးလိုက်တာလေ။ အခုဆို အကြီးဆုံးမင်းသားက နိုင်ငံရဲ့ အစွန်အဖျားမှာ သာမန်စစ်သူကြီးတစ်ယောက်အနေနဲ့ နယ်ခြားကို စောင့်ရှောက်နေရတယ်"
"ဒါဆို သူလည်း သေသွားပြီပေါ့၊ ဒါမှမဟုတ် ငါသာ အဲဒီတံခါးကို ရွေးခဲ့ရင် သူ သေသွားမှာပေါ့ ဟုတ်လား"
"သူက အခုထိ အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ နင်သာ အဲဒီတံခါးကို ရွေးခဲ့ရင်တော့ သူ သေမှာပေါ့။ နင့်ရဲ့ စတင်မှုက အခုလိုပဲ ဖြစ်မှာပါ။ အဲဒီလူရဲ့ အလောင်းဘေးမှာ နင် နိုးထလာမှာ" ရွှင်းက ရှင်းပြသည်။
"စိတ်ဝင်စားစရာပဲ။ နင့်စကားအရဆိုရင် ဒီစမ်းသပ်မှု ဖြစ်လာဖို့အတွက် သွေးမျိုးဆက်ကျောင်းတော်က သူတို့ရဲ့ သေဆုံးမှုတွေမှာ တာဝန်ရှိနေသလိုပဲ။ ငါ အခု တံခါးကို ရွေးလိုက်လို့ ဖူချန်း သေသွားရတာလား" လုံချန်းက အချက်အလက်များကို ဆက်စပ်ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်တယ်။ သွေးမျိုးဆက်ကျောင်းတော်က အဖြစ်အပျက်တွေမှာ တိုက်ရိုက်တော့ ဝင်မစွက်ဖက်ပါဘူး။ အဲဒီလူကို သတ်ဖို့ သူ ဘာမှ မလုပ်ခဲ့ပေမဲ့ ဖူချန်းရဲ့ သေဆုံးမှုမှာ သူ လက်ပါခဲ့တယ်လို့တော့ ပြောလို့ရတာပေါ့။ တကယ်လို့ နင်သာ တခြားတံခါးကို ရွေးခဲ့ရင် သူ အခုထိ အသက်ရှင်နေဦးမှာပါ" ရွှင်းက လုံချန်းကို ပြောပြလိုက်တော့သည်။
မှတ်ချက်- ဆူနာအာကို ဆူနိုင်းလို့ ပြောင်းဖတ်ပေးပါ။ ဒီအမှားက ဘာသာပြန်သူရဲ့ အမှား ဖြစ်ပါတယ်။
အခန်း (၆၇၄) သူလည်း ဒီကို ရောက်ခဲ့တာလား
"ဟက်... ဒါဆို မီလျာယီ သူ့သားကို ဆုံးရှုံးရတာ ငါ့ကြောင့်ပေါ့။ ငါသာ အဲဒီတံခါးကို မရွေးခဲ့ရင် သူ့ရဲ့သားက အသက်ရှင်နေဦးမှာပဲ။ အဲဒီလိုပဲ တစ္ဆေကျွန်းမှာတုန်းကလည်း မူယွမ်ရဲ့သားကို ငါ ကယ်လို့ရရက်နဲ့ ငါ့ရဲ့ အကျိုးစီးပွားအတွက်၊ အခြေအနေကို အသုံးချနိုင်ဖို့အတွက် သူ သေတာကို ဒီအတိုင်း ထိုင်ကြည့်နေခဲ့တာ။ ငါကတော့ ဘယ်ကိုပဲသွားသွား တခြားလူတွေအတွက် အမြဲတမ်း ကြေကွဲစရာတွေပဲ ယူဆောင်လာပေးနေသလိုပဲ" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သူ့မျက်နှာမှာ ဝမ်းနည်းရိပ် မရှိသော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားပုံရသည်။ သူ၏ လုပ်ရပ်များက တခြားလူများကို နာကျင်မှု ပေးခဲ့သည်အား မြင်နေရသော်လည်း သူ၏ အသက်ရှင်သန်မှုကသာ အရေးအကြီးဆုံးဖြစ်ကြောင်း သူသိသည်။ တစ်ဖက်တွင် သူ့ပတ်ဝန်းကျင်က လူများ၏ ဘဝကို ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့လျှင် ကောင်းမည်ဟု တွေးမိနေသလို နောက်တစ်ဖက်တွင်လည်း သူနှင့် မည်သို့မှ မပတ်သက်ဘဲ သူစိမ်းများအတွက် သူ အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်းဟု တွေးနေမိသည်။ သူတို့က သူ့အတွက် ဘာမှမဟုတ်သော လူများသာ ဖြစ်သည်။
"မူယွမ်က ငါ့ရဲ့ ဒေါ်လေး ဖြစ်နေတာကို သူ့ရဲ့သား သေတာကို ကြည့်နေတုန်းက ငါမသိခဲ့ဘူး။ အဲဒါအတွက် ငါ့မှာ အပြစ်မရှိဘူးဆိုပေမဲ့ သူစိမ်းတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ ငါ့ရဲ့ စိတ်ဓာတ်သာ မရှိခဲ့ရင် ငါ့ရဲ့ ညီအစ်ကိုတစ်ယောက်ကို ငါ ကယ်တင်နိုင်ခဲ့မှာပဲ" သူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
"အဲဒါတွေကို မတွေးပါနဲ့။ အဲဒီကောင်လေးက နင့်ရဲ့ ဆွေမျိုးဖြစ်နေဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်သလောက်ပါပဲ။ သူစိမ်းတစ်ယောက် သေတာကို ကြည့်နေခဲ့တာ နင့်အပြစ် မဟုတ်ပါဘူး။ နင် သတ်ခဲ့တာလည်း မဟုတ်ဘူးလေ။ အဲဒါတွေက အတိတ်ဖြစ်သွားပြီ၊ အခုပဲ မေ့လိုက်ပါတော့" ရွှင်းက လုံချန်းအနားကို ပျံဝဲလာပြီး သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့။ ငါ အဆင်ပြေပါတယ်။ အနာဂတ်မှာ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်နေတာပါ။ ငါက သူစိမ်းတွေကို ဂရုမစိုက်နိုင်ဘူးဆိုတာ ငါသိပါတယ်။ ဘာလို့ ဂရုစိုက်နေရမှာလဲ။ ဒါက သူတို့ မဟုတ်ရင် ငါ့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ပဲ ရှိတာလေ။ ငါ့အသက်ကို သူစိမ်းတွေအတွက် အန္တရာယ်ထဲ မထည့်နိုင်ဘူးဆိုတာ ငါသိပြီးသားပါ။ ငါ တစ်ခုခုကို တွေးနေရုံသက်သက်ပါ၊ ဘာမှမဟုတ်ပါဘူး" လုံချန်းက ခေါင်းခါရင်း ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
"ဒါနဲ့ နင်က ဒီကမ္ဘာအကြောင်းကို ဘယ်လိုလုပ် ဒီလောက်တောင် သိနေရတာလဲ။ သွေးမျိုးဆက်ကျောင်းတော်က နင့်ကို ဒီကမ္ဘာရဲ့ ဗဟုသုတတွေ ပေးထားတာလား" လုံချန်းက ရွှင်းကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သွေးမျိုးဆက်ကျောင်းတော်က နင့်အတွက် အရေးကြီးမယ့် ဒီနေရာအကြောင်းတွေကို ငါ့ကို ပြောပြထားတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါတင် မဟုတ်ဘူး။ ကျောင်းတော်က ပေးထားတဲ့ ဗဟုသုတတွေအပြင် ငါ့ဘာသာ သိထားတဲ့ အပိုဆောင်း အချက်အလက်တွေလည်း ရှိသေးတယ်" ရွှင်းက ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြန်ဖြေသည်။
"ဘယ်လိုဖြစ်လို့လဲ။ နင်က ဒီကို ရောက်ဖူးတာမှ မဟုတ်တာ" လုံချန်းက နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ဤကမ္ဘာက ချိတ်ပိတ်ခံထားရသည် မဟုတ်လော။ သူမ မည်သို့ ရောက်ဖူးမည်နည်း။
"ငါ အရင်က ဒီကို ရောက်ဖူးလို့ သိတာပေါ့" ရွှင်း၏ အဖြေက လုံချန်း၏ ထင်မြင်ချက်အားလုံးကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင် ပြောပြချက်အရဆိုရင် ကောင်းကင်ဘုံ ဧကရာဇ် ကိုယ်တိုင်က ဒီကမ္ဘာကို ချိတ်ပိတ်ထားတာလေ။ နင် ဘယ်လိုလုပ် ဒီကို လာနိုင်မှာလဲ။ နေဦး... နင်က သွေးမျိုးဆက် ပိုင်ရှင်နဲ့အတူ လာခဲ့တာလား။ သူက ကောင်းကင်ဘုံ ဧကရာဇ်ထက်တောင် ပိုစွမ်းမှာပဲ၊ ကံကြမ္မာတွေကိုတောင် ပြောင်းလဲနိုင်တဲ့ အံ့ဩစရာ သွေးမျိုးဆက်ကျောင်းတော်ကို တည်ဆောက်နိုင်တာပဲလေ" လုံချန်းက နားမလည်နိုင်သဖြင့် သူ့ဘာသာ ကျိုးကြောင်းဆင်ခြင်ကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။
ရွှင်းက သူ့ကို ကြည့်ကာ ခေါင်းခါပြလိုက်ပြီး သူ၏ ထင်မြင်ချက်ကို ငြင်းပယ်လိုက်သည်။
"မဟုတ်ဘူး၊ ငါက ထျန်းရှန်နဲ့အတူ လာခဲ့တာ" သူမက ပြောသည်။
"သူနဲ့လား။ ဪ... ဒါဆို သူလည်း ငါ့လိုပဲ သွေးမျိုးဆက် စမ်းသပ်မှု လုပ်ခဲ့တာပေါ့။ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ သူက တော်တော်လေး သန်မာတာပဲ၊ တတိယစမ်းသပ်မှုကို အောင်မြင်ခဲ့မှာ သေချာပါတယ်။ သူ့ရဲ့ စမ်းသပ်မှုကရော ငါ့လိုပဲလား။ သူက ဘယ်နိုင်ငံကို အုပ်ချုပ်ခဲ့တာလဲ" လုံချန်းက သူမကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဟက်... မဟုတ်ပါဘူး။ သူက ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ သွေးမျိုးဆက် စမ်းသပ်မှုမျိုး မရခဲ့ပါဘူး" ရွှင်းက ပြုံးလျက် ခေါင်းခါပြပြန်သည်။
"စမ်းသပ်မှု မဟုတ်ဘဲနဲ့ သူနဲ့အတူ ဒီကို ဘယ်လိုရောက်လာတာလဲ။ သူက ဒီကမ္ဘာထဲ ဝင်ဖို့အတွက် ကောင်းကင်ဘုံ အုပ်ချုပ်သူရဲ့ အတားအဆီးကို ဖျက်ဆီးခဲ့တာလို့တော့ မပြောနဲ့နော်" လုံချန်းက သူမစကားကို မယုံနိုင်သဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
"သူ အတားအဆီးကို မဖျက်ဆီးခဲ့ပါဘူး။ အဲဒါကို ဖျက်ဆီးခဲ့ရင် ဒီနေရာက အခြေအနေတွေ အများကြီး ကွာခြားသွားမှာပေါ့၊ ပြီးတော့ ကောင်းကင်ဘုံ ဧကရာဇ်အသစ်ကလည်း ငါတို့နောက်ကို လိုက်လံ ဖမ်းဆီးနေမှာပေါ့။ သူ ဒီကို ဘယ်လိုရောက်လာလဲဆိုတာကတော့ အခုလောလောဆယ် အရေးမကြီးသေးဘူး။ ဒါနဲ့ ငါ့ကို စကားပြောတာ ရပ်လိုက်တော့။ လူတွေက နင့်ကို အရူးတစ်ယောက်လို ကြည့်နေကြပြီ" ရွှင်းက သတိပေးလိုက်သည်။
လုံချန်းက ဘေးကို ဝေ့ကြည့်လိုက်ရာ လူအနည်းငယ်က သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က ရွှင်းကို မမြင်ရသဖြင့် လုံချန်းက လေထဲ စကားပြောနေသည့်အတွက် သူ့ဘာသာ စကားပြောနေသည့် အရူးဟု ထင်နေကြခြင်း ဖြစ်သည်။
"အင်း... ငါတို့က လူစည်ကားတဲ့ နေရာကို ရောက်နေတာပဲ။ အဲဒီလျှို့ဝှက်ချက်ကိုတော့ နင့်ဘာသာပဲ သိမ်းထားလိုက်ပါတော့" သူက ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် သူမကို စကားဆက်မပြောတော့ဘဲ မြို့လယ်ရှိ ဈေးရုံဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် သူသည် မြို့လယ်ခေါင်သို့ ရောက်ရှိလာခဲ့သည်။
မြို့လယ်ဧရိယာကို အတားအဆီးများဖြင့် ကာရံထားပြီး လူထောင်ပေါင်းများစွာက အတားအဆီးများ၏ ပတ်ပတ်လည်တွင် ရပ်နေကြသည်။ အလယ်တွင် လမ်းတစ်လမ်း ချန်ထားပြီး လုံခြုံရေးစစ်သည်များက တန်းစီကာ ပါဝင်ယှဉ်ပြိုင်သူများ၏ ဝင်ခွင့်လက်မှတ်များကို စစ်ဆေးပြီးမှ အတွင်းသို့ ဝင်ခွင့်ပြုနေကြသည်။
လူငယ်လေးများစွာက ထိုလမ်းမှတစ်ဆင့် အတွင်းသို့ ဝင်သွားကြသည်ကို လုံချန်း မြင်တွေ့နေရသည်။ သူတို့လက်ထဲတွင်လည်း စာရင်းသွင်းပေးခဲ့သော အဖိုးအိုက လုံချန်းကို ပေးခဲ့သည့် စာရွက်မျိုး ကိုယ်စီ ရှိနေကြသည်။
သူသည် စစ်သည်များရှိရာသို့ လျှောက်သွားကာ သူ၏ စာရွက်ကို ပြလိုက်သည်။
စစ်သည်များက သူ့ကို နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ အဲဒီသစ္စာဖောက်ရဲ့ သားက ဒီစာမေးပွဲမှာ ပါဝင်ခွင့် ရနေတာလား။ သူ့ကို ဖောင်ထုတ်ပေးလိုက်တဲ့လူက သူ့မျက်နှာကိုတောင် မကြည့်ဘူးလား။ ဒီခွေးမသားကို အတွင်းထဲ ဝင်ခွင့်မပေးနိုင်ဘူး၊ ငါတို့ရဲ့ မြင့်မြတ်တဲ့ ရွေးချယ်ပွဲ စမ်းသပ်မှုတွေ သူကြောင့် ညစ်ညမ်းသွားလိမ့်မယ်" စာရွက်ကို စစ်ဆေးလိုက်သော စစ်သည်က နှာခေါင်းရှုံ့ရင်း လုံချန်းအား စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။
လုံချန်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
'ဒီအရူး၊ ငါက သစ္စာဖောက်ရဲ့ သားဖြစ်နေတာနဲ့ ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။ ငါ့မှာ တရားဝင် ခွင့်ပြုချက် ရှိနေရင် ပါဝင်ခွင့် ရှိရမှာပေါ့။ ဒီအရူးစစ်သည်ကတော့ သူ့ဘောင်ကို ကျော်နေပြီ' လုံချန်းက မဲ့ပြုံးလေးပြုံးရင်း တွေးလိုက်သည်။
ကျန်သော စစ်သည်များကလည်း ဝိုင်းဝန်း ပြောဆိုလာကြသည်။ သူတို့အားလုံးက လုံချန်းကို ထွက်သွားစေချင်နေကြသည်။ စကား တစ်ခွန်းမျှ မပြောဘဲ နေသည့် စစ်သည်မှာ တစ်ဦးသာ ရှိသည်။ သူက ဆံပင်နီနီနှင့်ဖြစ်ပြီး ဤနေရာတွင် အသန်မာဆုံးပုံ ပေါက်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ အားကစားသမားတစ်ဦးလို ထွားကြိုင်းမနေသော်လည်း သူ၏ အရှိန်အဝါအရ သူသည် ဤစစ်သည်များထဲတွင် အစွမ်းထက်ဆုံး ဖြစ်လိမ့်မည်ဟု လုံချန်း ခံစားနေရသည်။
"ဒီမြို့က လူတိုင်းနီးပါး ဒီကောင် ဘယ်သူလဲဆိုတာ သိကြတာပဲ။ သူ့ကို စာရင်းသွင်းဖို့ ဘယ်သူမှ ကူညီမယ်လို့ ငါမထင်ဘူး။ ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲမှာ ပါဝင်ဖို့ သူ့ကို ဘယ်သူက ခွင့်ပြုချက် ပေးလိုက်တာလဲဆိုတာ ငါ ကြည့်ပါရစေဦး" ဆံပင်နီနှင့် စစ်သည်က ပြောရင်း တခြားစစ်သည်၏ လက်ထဲမှ စာရွက်ကို ယူလိုက်တော့သည်။