အခန်း (၁၅၁၉-၁၅၂၀)
Vol. 152 Ch. 1519-1520
အခန်း (၁၅၁၉) - ဘာ... ယွမ်သံလိုက် ဓာတ်ငါးပါးတောင်လား
"တခြား ဝိညာဉ်လက်နက်တွေ လူသားအသွင် ပြောင်းနိုင်၊ မပြောင်းနိုင်တော့ ငါမသိဘူး၊ ဒါပေမဲ့ ရှောင်ချန်ကတော့ ပြောင်းနိုင်တယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ပြီးခဲ့သည့်အကြိမ် ရှဲ့အာမန်နှင့် ရှောက်ကွမ်းယင်တို့ တိုက်ခိုက်စဉ်က ရှောက်ကွမ်းယင်သည်လည်း အဆင့်စာရင်းဝင် ဝိညာဉ်လက်နက်တစ်ခုကို ထုတ်သုံးခဲ့ဖူးသည်။
သို့သော ထိုလက်နက်မှာ လူသားအသွင် မပြောင်းခဲ့ပေ။
၎င်းမှာ ပြောင်းလဲနိုင်စွမ်း မရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် ထိုစဉ်က အသွင်မပြောင်းဘဲ ထားခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
တစ်ခုတည်းသော အသေအချာ သိနိုင်သည်မှာ ရှောင်ချန်၏ အခြေခံအုတ်မြစ် မှာ သာမန်ဝိညာဉ်လက်နက်များထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်။
၎င်းမှာ မှန်လေး ပြောခဲ့သည့် စကားဖြစ်ပြီး ဖန့်ချန်လည်း ထိုကောက်ချက်ကို ယုံကြည်သည်။
ယခုအခါ ရှောင်ချန်သည် သူနှင့်အတူ ဓားမသေမျိုးလမ်းစဉ် ကို လျှောက်လှမ်းနေခြင်း ဖြစ်ရာ၊ သူ အဆင့်တက်တိုင်း ရှောင်ချန်သည်လည်း လိုက်ပါအဆင့်မြင့်လာမည် ဖြစ်သည်။
ဝိညာဉ်လက်နက် အဆင့်စာရင်းတွင်လည်း သူမ၏ အဆင့်မှာ ရှေ့သို့ တရစပ် တိုးတက်နေဦးမည်သာ ဖြစ်သည်။
"ခုနက နင် ငါ့ကို အစ်မနီလို့ ခေါ်တယ်နော်... ဒါဆို နင် ငါ့ကို သိနေတာပေါ့ "
ကြာနီနတ်မိမယ်က ရုတ်တရက် မေးလိုက်သည်။
ရှောင်ချန်က ပြုံးရွှင်စွာဖြင့်
"အစ်မနီနဲ့ ဖန့်ချန် အတူတူရှိနေတာ ဒီလောက်တောင် ကြာနေပြီပဲ၊ ကျွန်မက ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ဒါပေမဲ့ အရင်တုန်းက ကျွန်မ ပုံစံက အခုလို မဟုတ်ဘူးလေ။ ပြီးတော့ ဖန့်ချန်ကလည်း ကျွန်မကို သူများတွေ သိသွားရင် ဒုက္ခရောက်မှာ စိုးလို့ ဖုံးထားတာ"
ကြာနီနတ်မိမယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။
"ဟုတ်တာပေါ့၊ နင့်အကြောင်းသာ သူများတွေ သိသွားရင် ဒုက္ခရောက်မှာ အသေအချာပဲ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ဖန့်မိတ်ဆွေက အစီရင် မသေမျိုးအတတ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတော့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေထဲမှာ အဆင့်အတန်း အတော်လေး မြင့်သွားပြီ။ ဒီလို အဆင့်အတန်းမျိုးနဲ့ အဆင့် ၃၀၀ ဝင် ဝိညာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ထားတာက သိပ်ပြီး လူအာရုံစိုက်မခံရသလို၊ ဘယ်သူမှလည်း လုယူဖို့ မဝံ့ရဲတော့ဘူး"
အစီရင် မသေမျိုးအတတ် တစ်မျိုးကိုပင် အသုံးပြုနိုင်လျှင် ရှေးဟောင်းမသေမျိုး တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု မှတ်ယူနိုင်သည်။
အရေးကြီးဆုံးမှာ ထိုအဆင့်အတန်းသည် ကျွယ်မင်နန်းတော်၏ ကိုယ်စားလှယ်ဖြစ်သလို၊ ကျွယ်မင်နန်းတော် နောက်ကွယ်က ရှဲ့အာမန်၊ အကြီးကဲကောင်စီ နှင့် ဂိုဏ်းချုပ်ကြီးတို့၏ မျက်နှာကို ကိုယ်စားပြုနေခြင်းပင်။
မည်သည့် လူမိုက်မှ အဆင့် ၃၀၀ ဝင် ဝိညာဉ်လက်နက်တစ်ခုအတွက်နှင့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သွားရောက် စော်ကားမည် မဟုတ်ပေ။
"နင်က ငါ့ကို အစ်မလို့ ခေါ်မှတော့ နင့်ကို ငါ့ညီမလေးအဖြစ် အသိအမှတ်ပြုတယ်။ နင် ဘာကို ကြိုက်သလဲ တွေ့စုံလက်ဆောင်အဖြစ် တစ်ခုခု ပေးချင်လို့"
ကြာနီနတ်မိမယ်က ပြုံးလျက် ဆိုသည်။
ရှောင်ချန်၏ မျက်လုံးများ တောက်ပသွားကာ
"ကျွန်မက ဝိညာဉ်ကိရိယာတွေကို ကြိုက်တာ။ ဝိညာဉ်ကိရိယာတွေရဲ့ အရသာက အရမ်းကောင်းတာပဲ၊ အထူးသဖြင့် အဲ့ဒီပေါ်က မသေမျိုးတံဆိပ်တွေကို စားရတာ အကြိုက်ဆုံးပဲ"
"ဝိညာဉ်ကိရိယာတွေကို ကြိုက်တယ် ဝိညာဉ်ကိရိယာတွေကို ဝါးမျိုနိုင်တာလား..."
ကြာနီနတ်မိမယ်၏ စိတ်ထဲ လှုပ်ရှားသွားပြီး၊ သူမ၏ လက်ထဲမှ ကောင်းကင်အဆင့် အနိမ့်စား ဝိညာဉ်ကိရိယာတစ်ခုကို ထုတ်ယူကာ ရှောင်ချန်အား ကမ်းပေးလိုက်သည်။
"ဒါက နည်းနည်း တန်ဖိုးကြီးလွန်းနေပြီ"
ဟု ဖန့်ချန်က ဆိုသည်။
"မကြီးပါဘူး၊ ဒီတစ်ခေါက် ငါရမယ့် ဂုဏ်ထူးမှတ်တွေနဲ့ဆိုရင် ကျွယ်မင်နန်းတော်မှာ ဝိညာဉ်လက်နက် တစ်ခုတောင် လဲလို့ရနိုင်တယ်။ ဒါကြောင့် ဒီကောင်းကင်အဆင့် ဝိညာဉ်ကိရိယာက ငါ့အတွက် အသုံးမဝင်တော့ဘူး"
ကြာနီနတ်မိမယ်က ပြုံးလျက် လက်ဝေ့ယမ်းလိုက်ပြီး ဝိညာဉ်ကိရိယာကို ရှောင်ချန်လက်ထဲ ထည့်ပေးလိုက်သည်။
ရှောင်ချန်သည် အလွန်ဝမ်းသာသွားကာ ချက်ချင်းပင် တစ်ချက် ကိုက်ချလိုက်ရာ သူမ၏ ကိုယ်ပေါ်မှ အရှိန်အဝါများ လှုပ်ခတ်သွားတော့သည်။
ယခင်က နက်မှောင်သော ဆံနွယ်ရှည်များမှာ ငါးရောင်ခြည် အလင်းတန်းများ စတင်တောက်ပလာပြီး ခေတ်သစ်ကောင်မလေးတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
"ဒါက... သိပ်ကို သန့်စင်တဲ့ ဓာတ်ငါးပါး စွမ်းအင်တွေပဲ..."
ကြာနီနတ်မိမယ် အံ့အားသင့်သွားသည်။
"ယွမ်သံလိုက် ဓာတ်ငါးပါးတောင်လား "
အားလုံး၏ မျက်စိရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ရှဲ့အာမန်သည် ခါးထောက်လျက် မလှမ်းမကမ်းတွင် ရပ်နေပြီး ရှောင်ချန်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
"စီနီယာအစ်မကြီး"
ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ အလျင်အမြန် လက်အုပ်ချီ နှုတ်ဆက်လိုက်ကြသည်။
အဝေး၌ မသေမျိုးစွမ်းအင်များ ဖြည့်တင်းနေသော ကျိကန်း တို့ အုပ်စုသည်လည်း ရှဲ့အာမန် ရောက်ရှိလာသည်ကို မြင်သော်လည်း အလုပ်ရှုပ်နေကြသဖြင့် လာရောက် နှုတ်ဆက်ရန် အချိန်မရကြပေ။
"ယွမ်သံလိုက် ဓာတ်ငါးပါးတောင် မဟုတ်ဘူးလား"
ရှဲ့အာမန်က ထပ်မံ၍ သေချာကြည့်လိုက်ပြီး မျက်နှာထားမှာ ထူးဆန်းသွားသည်။
"ဒါက လူသားအသွင်ပြောင်းထားတဲ့ ဝိညာဉ်ကိရိယာတစ်ခုနဲ့ တူနေတာပဲ "
"စီနီယာအစ်မကြီး... သူမက ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓား ပါ၊ နာမည်ပြောင်ကတော့ ရှောင်ချန်ပါ"
ဖန့်ချန်က လက်အုပ်ချီလျက် ဆိုသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ဝိညာဉ်လက်နက် အဆင့်စာရင်းမှာ အဆင့် ၃၀၀ ချိတ်ခဲ့တဲ့ ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓားလား နင့်ရဲ့ ဝိညာဉ်လက်နက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး၊ တော်တော်လေး လျှို့ဝှက်ထားတာပဲ"
"ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်မှာ ဝှက်ဖဲ တွေ ရှိသင့်တာပေါ့။ အဲ့ဒီအချိန်တုန်းက နင့်ရဲ့ အဆင့်အတန်းနဲ့သာ ဒီလိုလက်နက်မျိုး ပိုင်ဆိုင်ထားမှန်း သူများတွေ သိသွားရင်၊ အမာခံတပည့် ဖြစ်နေရင်တောင် ဟိုအဖိုးကြီးတွေရဲ့ လောဘတက်တာကို ခံရနိုင်တယ်။ အခုတော့ ကြောက်စရာ မလိုတော့ပါဘူး"
ရှဲ့အာမန်က ခေါင်းညိတ်ပြပြီးနောက် အနည်းငယ် သံသယရှိဟန်ဖြင့် မေးလိုက်သည်။
"ငါ အရင်က ဝူရှန့်ငရဲ မှာတုန်းက ယွမ်သံလိုက် ဓာတ်ငါးပါးတောင် တစ်ခုကို တွေ့လိုက်သလိုပဲ၊ အဲ့ဒါက သူမနဲ့ မပတ်သက်ဘူးလား "
"ဘာ... ယွမ်သံလိုက် ဓာတ်ငါးပါးတောင် ဟုတ်လား "
ဖန့်ချန်က ဘာမှမသိနားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
ရှဲ့အာမန် ခဏမျှ ဆွံ့အသွားပြီးနောက်
"ဘာမှမဟုတ်ပါဘူး၊ ငါကြည့်ရသလောက်တော့ နင့်ရဲ့ ဒီယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓားက ဝိညာဉ်ကိရိယာ စားရတာ ကြိုက်ပုံပဲနော် "
သူမသည် ကောင်းကင်အဆင့် ဝိညာဉ်ကိရိယာ အနည်းငယ်ကို ထုတ်ယူကာ ရှောင်ချန်ထံသို့ ပစ်ပေးလိုက်သည်။
"တွေ့စုံလက်ဆောင်ပေါ့"
ထိုဝိညာဉ်ကိရိယာ တစ်ခုချင်းစီမှာ ကောင်းကင်အဆင့်များ ဖြစ်ကြသည်။
ဤပစ္စည်းမျိုးသည် ယခင်က မြေဝက်ဝံကြယ် ၌ဆိုလျှင် မသေမျိုးဘုရင် တစ်ပါးစီတိုင်း မျက်လုံးနီရလောက်အောင် လိုချင်တပ်မက်ရမည့် အရာများပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး"
ရှောင်ချန်က ပျော်ရွှင်စွာဖြင့် လက်ခံလိုက်ပြီး ဤအရသာရှိသော အစားအစာများကို နောက်မှ မြိန်ယှက်စွာ စားသုံးရန် ပြင်လိုက်သည်။
"နင်တို့ နှစ်ယောက်ကတော့ နေ့တိုင်း အမြဲတတွဲတွဲပဲ။ ကျွယ်မင်နန်းတော် ပြန်ရောက်ရင် နင်တို့အတွက် မင်္ဂလာပွဲလေးတစ်ခု ကျင်းပပေးရင် ဘယ်လိုလဲ "
ရှဲ့အာမန်က ကြာနီနတ်မိမယ်နှင့် ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။
"ဒါမှလည်း နံပါတ် ၃ က နံပါတ် ၉ ကို နေ့တိုင်း လိုက်ချောင်းနေတာ ရပ်သွားမှာ။ ခုနတင် ငါကြားလိုက်သေးတယ်၊ သူမက နံပါတ် ၄ နဲ့ပေါင်းပြီး နံပါတ် ၉ ကို ဘယ်လို လက်ရဖမ်းမလဲဆိုတာ တိုင်ပင်နေကြတယ်လေ"
ကြာနီနတ်မိမယ် ဆွံ့အသွားပြီး ချန်အင်းရွှယ် ရှိနေသော နဂါးနက်လှေအစီရင်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်္ဂလာပွဲကတော့ မလောသေးပါဘူး"
"ဟုတ်ပါတယ်၊ မလောသေးပါဘူး"
ဖန့်ချန်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ငါကတော့ အဲ့ဒီလောက်ကြီး ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ညီမလေး နီ... နင့်ကို ငါသတိပေးချင်တာ တစ်ခုရှိတယ်။ တကယ်လို့ ဖန့်မောင်လေးက မဆိုးဘူးလို့ ထင်ရင် လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားရမယ်။ တစ်နေ့နေ့ သူသာ ထွက်ပြေးသွားရင် နင် ဘယ်တော့မှ ပြန်ဖမ်းမိမှာ မဟုတ်တော့ဘူး"
ရှဲ့အာမန်က အဓိပ္ပာယ်ပါပါဖြင့် ဖန့်ချန်ကို လက်ညှိုးလေးနှင့် ညွှန်ပြလိုက်သည်။
(နင် ဝမ်ချုံစန်းနဲ့ အတူနေပြီး လမ်းမှားမလိုက်နဲ့ဦး)
သူမက စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်ခြင်း ဖြစ်သည်။
စကားပြောပြီးသည်နှင့် ရှဲ့အာမန်သည် လှည့်ထွက်သွားပြီး သူမ၏ ကိုယ်ပိုင် နဂါးနက်လှေအစီရင်သို့ ပြန်သွားတော့သည်။
ကြာနီနတ်မိမယ်မှာ တစ်ခုခုကို စဉ်းစားနေပြီး ဖန့်ချန်က သူ့ဆီ ဘာကိစ္စရှိလို့ လာသလဲဟု မေးမှသာ သတိပြန်ဝင်လာသည်။
"ဘာမှမဟုတ်ပါဘူး၊ ဖန့်မိတ်ဆွေကို အစီရင်ဗဟိုချက်နဲ့ ဘယ်လိုမျိုး လူနဲ့ အစီရင် တစ်သားတည်းဖြစ်ခြင်း ကို ရအောင်လုပ်သလဲဆိုတာ မေးကြည့်ချင်လို့ပါ"
ကြာနီနတ်မိမယ်က တိုးတိုးလေး ဆိုသည်။
"ငါ့ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တချို့ကိုတော့ မျှဝေပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းအတွက် အသုံးဝင်၊ မဝင်တော့ မသိဘူးပေါ့။ နီမိတ်ဆွေ ဒီမှာ ခဏလောက် နေခဲ့ပါလား၊ ငါတို့ အချင်းချင်း ဖလှယ်ကြတာပေါ့"
ဖန့်ချန်က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
ထို့နောက် ဆယ်စုနှစ်များစွာအတွင်း ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့သည် တရားဓမ္မများ အကြောင်း ဆွေးနွေးရင်း၊ အစီရင်ဗဟိုချက်အပေါ် သူ၏ ထိုးထွင်းသိမြင်မှုများကို မျှဝေပေးခဲ့သည်။
နောက်ဆုံးတွင် အဖွဲ့ကြီးသည် ကျွေ့ယွမ်ကြယ်သို့ ဆိုက်ရောက်လာတော့သည်။
"ဖန့်အမာခံတပည့်က ဘာလို့ ဒီနေရာကို ခဏခဏ လာနေရတာလဲ "
အမာခံတပည့် အတော်များများက ဖန့်ချန်၏ နဂါးနက်လှေသည် ကျွေ့ယွမ်ကြယ်ထဲသို့ ဦးတည်သွားသည်ကို မြင်သဖြင့် သံသယဝင်နေကြသည်။
"ဒီမှာ ရက်အနည်းငယ်လောက် နားနားနေနေ နေကြမယ်"
ရှဲ့အာမန်၏ အသံသည် အမာခံတပည့်များ၏ နားထဲသို့ ရောက်ရှိလာသည်။
ထို့နောက် သူမသည် လီရှမ်းဇီကို သွားရှာလိုက်သည်။
"သတင်းရပြီ၊ ထိုက်ရွှီမသေမျိုးရဲ့ သက်စောင့်ဆီမီးခွက် က မငြိမ်းသေးဘူး။ ဒါက သူ့ရဲ့ ပျောက်ဆုံးမှုဟာ ယာယီပဲ ဖြစ်ပြီး အသက်အန္တရာယ် မရှိဘူးဆိုတာကို ပြနေတာပဲ"
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
လီရှမ်းဇီ စိတ်သက်သာရာ ရသွားသည်။
အကြောင်းမူကား ဤထိုက်ရွှီမသေမျိုးသည် သူနှင့် အတော်လေး ပတ်သက်မှု ရှိသောကြောင့် ဖြစ်သည်။
နောင်တွင် ထိုသူမှာ အကြီးကဲကောင်စီသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိနေသေးသဖြင့် အမာခံတပည့် မဟုတ်သော်ငြား ကျွယ်မင်နန်းတော်အတွင်း၌ သူ့ကို အထောက်အကူ ပေးနိုင်မည့်သူ ဖြစ်ရာ ထိုသူ ဘေးဒုက္ခရောက်မည်ကို သူ မလိုလားပေ။
"အစ်ကို... ဒီလို လူစုလူဝေး ပွဲလမ်းသဘင်တွေက ကျွန်မတို့နဲ့ မလိုက်ဖက်ပါဘူး။ အိမ်မှာပဲ ကျင့်ကြံနေတာ ပိုကောင်းမယ်။ ကျွန်မလည်း ကျင့်ကြံမှုမှာ အဟန့်အတား နဲ့ တိုးနေလို့၊ အစ်မ ဝူရှီး ကို မေးကြည့်ချင်သေးတယ်"
ဖန့်ရှောင်ပန်းသည် ဖန့်ရှောင်ထျန်း၏ ဘေးတွင် ရပ်နေသည်။
သူတို့နှစ်ဦး၏ အနားတွင် တာ့ရှန့် အင်ပါယာ မြို့တော်ရှိ ထိပ်တန်း အထက်တန်းလွှာ မျိုးနွယ်စုဝင် လူငယ်များ ဝိုင်းရံနေကြသည်။
သူတို့နှစ်ဦးမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရုတ်တရက် ထင်ပေါ်လာသည့် လူငယ်ကြယ်ပွင့်များ ဖြစ်ကြသည်။
နှစ်ပေါင်း ၂၀၀ ခန့်အတွင်းမှာပင် ကျင့်ကြံမှု လုံးဝမရှိရာမှ အလယ်အဆင့်ဖြစ်သော ပေါင်းစပ်ခြင်းအဆင့် သို့ ရောက်ရှိသွားခဲ့ကြသည်။
၎င်းမှာ သူတို့နှင့် သက်တူရွယ်တူများထဲတွင် ထိပ်ဆုံးမှ အနည်းငယ်သော လူစုထဲ၌ ပါဝင်နေခြင်း ဖြစ်သည်။
နာမည်ကျော်ကြားလာသည်နှင့်အမျှ သူတို့၏ ဘေးနားရှိ မိတ်ဆွေများ၏ အဆင့်အတန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို မြင့်မားလာခဲ့သည်။
သို့သော် ထိုသူများမှာ ထိုလူငယ်နှစ်ဦး၏ အိမ်ထဲတွင် မည်ကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ပုန်းအောင်းနေကြသည်ကို လုံးဝ မသိရှိကြပေ။
သူတို့နှစ်ဦးမှာလည်း ဟွမ်ဝူကျိတို့ကဲ့သို့သော သူများ ရှိနေခြင်းကို အသုံးချ၍ မာန်တက်ခြင်း၊ ကြွားဝါခြင်း လုံးဝမရှိဘဲ လွန်ခဲ့သော နှစ်များအတွင်း အလွန်ပင် ခပ်အေးအေးသာ နေထိုင်ခဲ့ကြလေသည်။
အခန်း (၁၅၂၀) - ကမ္ဘာကျော်ဓားချက်
ဖန့်ရှောင်ထျန်းသည် ရှောင်ပန်း၏ ထိုကဲ့သို့ ငြီးငြူမှုကို ကြားရသောအခါ မရည်ရွယ်ဘဲ ပြုံးမိသွားပြီး၊ အခမ်းအနားတွင် ရှိနေကြသော လူငယ်ပါရမီရှင်များဘက်သို့ အကြည့်တစ်ချက် ဝေ့ယမ်းလိုက်သည်။
"ဒီမိတ်ဆွေတွေရဲ့ ပါရမီက ငါတို့နှစ်ယောက်ထက်တောင် သာရင်သာနေမှာ၊ သူတို့နဲ့ စကားပြောကြည့်ရင် တစ်ခါတလေ မမျှော်လင့်ထားတဲ့ အတွေ့အကြုံသစ်တွေ ရတတ်တယ်"
သူက စကားကို ခဏရပ်လိုက်ပြီး ပြုံးစစ မျက်နှာထားဖြင့် ဆက်ပြောသည်။
"မင်း ပြန်ချင်တယ်ဆိုတာ... ဟင်းရည်ကြည်ခေါက်ဆွဲ သွားစားချင်လို့ မဟုတ်လား ပေါင်းစပ်ခြင်းအဆင့် တောင် ရောက်နေပြီပဲ၊ အစားအသောက် အာသီသကို အခုထိ မထိန်းချုပ်နိုင်သေးဘူးလား"
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်ကနှင့် မတူတော့ဘဲ သူတို့နှစ်ဦးလုံး အရွယ်ရောက်လာကြပြီ ဖြစ်သည်။
ဖန့်ရှောင်ထျန်း၏ မျက်နှာသွင်ပြင်မှာ အလွန်အမင်း ပြောင်းလဲသွားခြင်း မရှိသော်လည်း၊ သူ၏ ကိုယ်ပေါ်တွင် အမြဲတစေ ရင့်ကျက်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။
အပြုအမူ တိုင်း၊ အပြောအဆို တိုင်းမှာလည်း ဖန့်ချန်နှင့် အလွန်ပင် ဆင်တူနေတော့သည်။
ဖန့်ရှောင်ပန်းမှာမူ ငယ်စဉ်ကကဲ့သို့ပင် ပါးဖောင်းဖောင်းလေးနှင့် ရှိနေဆဲ ဖြစ်သော်လည်း ရုပ်ရည်မှာ သိသိသာသာ ရင့်ကျက်လာခဲ့သည်။
သို့သော် သူမ၏ ကိုယ်ပေါ်တွင် ကလေးဆန်သော အရိပ်အယောင်များ နေရာအနှံ့ တွေ့နေရဆဲဖြစ်ရာ၊ လောကဓံ၏ အတွေ့အကြုံ သိပ်မရှိသေးကြောင်း သိသာလှသည်။
ထိုသို့သာ မဟုတ်လျှင် သူမသည် ထိုနေရာ၌ နာရီဝက်ခန့်သာ နေရသေးသော်လည်း တိတ်တဆိတ် ခိုးထွက်ရန် ဤမျှ လောနေမည် မဟုတ်ပေ။
"ဒီနေရာက တစ်စက်ကလေးမှ မပျော်ဖို့ကောင်းဘူး၊ ဟိုလူတွေ စကားပြောရင်လည်း အမြဲတမ်း နက်နက်နဲနဲတွေနဲ့ ဟန်လုပ်နေကြတာ... စိတ်ညစ်ဖို့ကောင်းတယ်"
ဖန့်ရှောင်ပန်းက နှုတ်ခမ်းလေး စူလျက် ပြောလိုက်သည်။
ဖန့်ရှောင်ထျန်း ဘာမှပြန်မပြောရသေးခင်မှာပင် သူမက ရုတ်တရက် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
"နှစ်တွေတောင် အများကြီး ကြာသွားပြီ... အစ်ကိုကြီး ဘာလို့ ကျွန်မတို့ကို လာမခေါ်သေးတာလဲ မသိဘူး။ ဖေဖေနဲ့ မေမေ ကိုလည်း လွမ်းလိုက်တာ"
ဖန့်ရှောင်ထျန်း၏ အကြည့်များ နူးညံ့သွားပြီး တိုးညှင်းသော အသံဖြင့် ဆိုသည်။
"အစ်ကိုကြီးက ငါတို့ကို လာခေါ်မှာ သေချာပါတယ်။ ငါတို့ကို ကာကွယ်ပေးဖို့ ဒီမှာ ဆရာတွေ အများကြီး စီစဉ်ပေးခဲ့တာကပဲ အဲ့ဒါရဲ့ သက်သေပေါ့"
"ရှောင်ထျန်းအစ်ကို... အစ်ကို ဒီမှာ ရှိနေတာကိုး၊ ကျွန်မ အစ်ကို့ကို ရှာနေတာ တော်တော်ကြာသွားပြီ။ အစ်ကို ကျွန်မရဲ့ ဖိတ်စာကို မရဘူးများ ထင်နေတာ"
လှပကျော့ရှင်းသော ပုံရိပ်လေးတစ်ခု ပြေးလာပြီး ဖန့်ရှောင်ထျန်းကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
သူမသည် ရွှေအမြုတေအဆင့် သာ ရှိသေးသော်လည်း၊ ကိုယ်ပေါ်တွင် အဆင့်မြင့် ဝတ်ရုံကို ဆင်မြန်းထားပြီး တစ်ကိုယ်လုံးမှ မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဝတ်ရုံ၏ လည်ပင်းနားတွင် ထူးဆန်းသော သားရဲတစ်ကောင်ကို ပန်းထိုးထားသည်။
၎င်းမှာ တာ့ရှန့် အင်ပါယာ၏ တော်ဝင်မျိုးနွယ်စုဝင်များသာ ဝတ်ဆင်ခွင့်ရှိသော သားရဲပုံ ဖြစ်သည်။
"ညီမလေး ရှောင်ဝူ"
ဖန့်ရှောင်ပန်းက မျက်လုံးများ တောက်ပသွားပြီး ဖန့်ရှောင်ထျန်းထက် ဦးအောင် စကားဖြတ်ပြောကာ မိန်းကလေး၏ လက်ကို ဆွဲလိုက်သည်။
"ကျွန်မကို လိုက်ပို့ပေးပါဦး၊ ဒီမှာနေရတာ ပျင်းလို့ သေတော့မယ်"
"ရှောင်ပန်းအစ်မ... ကျွန်မ ရှောင်ထျန်းအစ်ကိုနဲ့ စကားမပြောရသေးဘူးလေ"
မိန်းကလေးက ဖန့်ရှောင်ထျန်းကို ခိုးကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ရှက်သွေးဖြာဟန်များ လှုပ်ခတ်သွားသည်။
"ညီမလေး ရှောင်ဝူ... ရှောင်ပန်းကို လိုက်ပို့ပေးလိုက်ပါဦး၊ ငါလည်း ဒီက မိတ်ဆွေအချို့နဲ့ စကားပြောရင်း ကျင့်ကြံမှုမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မလား ကြည့်ချင်လို့ပါ"
ဖန့်ရှောင်ထျန်းက အေးဆေးစွာ ပြုံးလျက် ဆိုသည်။
သူသိထားသည်မှာ ဤမိန်းကလေးသည် တာ့ရှန့် တော်ဝင်မျိုးနွယ်ဖြစ်သော်လည်း မင်းသမီးတစ်ပါး မဟုတ်ပေ။
သူမသည် ဒဏ္ဍာရီလာ တတိယဘိုးဘေး မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး၊ အိမ်တွင် ပဉ္စမမြောက် သမီးဖြစ်ကာ အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။
သူတို့ သုံးဦးမှာ လွန်ခဲ့သော နှစ်များစွာကတည်းက သိကျွမ်းခဲ့ကြပြီး ပတ်သက်မှုလည်း နက်ရှိုင်းလှသည်။
"ဒါက..."
မိန်းကလေးသည် မထွက်ခွာချင်သေးဘဲ ဝေခွဲမရဖြစ်နေသည်။
"ရှန့်ဝူ မိန်းကလေး... မင်း ဒီမှာ ရှိနေတာကိုး"
လူငယ်အချို့ လျှောက်လာကြသည်။
ရှေ့ဆုံးမှ လူငယ်မှာ အရပ်ရှည်ပြီး ရုပ်ရည်ချောမောကာ ခန့်ညားထည်ဝါလှသည်။
အဆင့်မြင့် ဝတ်ရုံကို ဆင်မြန်းထားပြီး လမ်းလျှောက်လိုက်တိုင်း သူ၏ ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအားများ ဝဲပျံနေသကဲ့သို့ ခံစားရသည်။
"သခင်လေး တန့် "
ရှန့်ဝူက ရောက်လာသူကို မြင်သောအခါ ပုံမှန်အတိုင်းပင် နှုတ်ဆက်လိုက်ပြီး၊ ထို့နောက် ဖန့်မောင်နှမကို လှည့်ပြောသည်။
"ရှောင်ထျန်းအစ်ကို၊ ရှောင်ပန်းအစ်မ... ကျွန်မ အစ်ကိုတို့နဲ့ပဲ အတူလိုက်ခဲ့ပါ့မယ်"
သခင်လေးတန့်သည် မိန်းကလေးက သူ့အပေါ် အေးစက်စက် ဆက်ဆံသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲ၌ ပြုံးယောင်သန်းသွားသည်။
ထို့နောက် ဖန့်ရှောင်ထျန်းကို ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ဖန့်မိတ်ဆွေ... နာမည်ကြားနေရတာ ကြာပါပြီ"
"သခင်လေးတန့်ဆိုတာ တန့်မျိုးနွယ်စုရဲ့ ကမ္ဘာကျော်ဓားချက် တန့်လင်ခုန့် လား "
ဖန့်ရှောင်ထျန်းက ပြုံးလျက် လက်အုပ်ချီ ပြန်နှုတ်ဆက်သည်။
"ဖန့်မိတ်ဆွေကလည်း နောက်နေပြန်ပြီ၊ အဲ့ဒီ ကမ္ဘာကျော်ဓားချက် ဆိုတဲ့ နာမည်က လူတွေ နောက်ပြောင်ပြီး ခေါ်ကြတာပါ၊ အတည်ယူလို့ မရပါဘူး"
တန့်လင်ခုန့်က နှိမ့်ချစွာ လက်ကာပြလိုက်သည်။
"ကျွန်တော် မှတ်မိသလောက်တော့ အဲ့ဒီနှစ်က တန့်မိတ်ဆွေဟာ ပေါင်းစပ်ခြင်းအဆင့်ကို စတင်ဝင်ရောက်ကာစပဲ ရှိသေးတာ၊ ဒါပေမဲ့ ပေါင်းစပ်ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရချိန်မှာ ဓားတစ်ချက်တည်းနဲ့ အဲ့ဒီလူကို ဒဏ်ရာအပြင်းအထန် ရစေပြီး ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့တာလေ"
ဖန့်ရှောင်ထျန်းက ပြုံးလျက် ဆက်ပြောသည်။
"အဲ့ဒီ ဓားချက်ကို အခင်းဖြစ်နေရာမှာ ရှိနေတဲ့ မိတ်ဆွေတွေက ကမ္ဘာကျော်ဓားချက် လို့ ခေါ်ကြတာ။ အစောပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်ကို ရင်ဆိုင်နိုင်ခဲ့တာဆိုတော့ ဒီနာမည်က ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်၊ ဘာလို့ အတည်ယူလို့ မရရမှာလဲ"
တန့်လင်ခုန့်သည် ဖန့်ရှောင်ထျန်းကို သေချာ စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူ၏ စကားမှာ ကဲ့ရဲ့လှောင်ပြောင်ခြင်း မဟုတ်ကြောင်း အသေအချာ သိလိုက်ရသောအခါ သူ၏ စိတ်ထဲ၌ လှုပ်ရှားသွားမိသည်။
ကောလာဟလတွေက အမှန်မဟုတ်ပုံရဘူး... ဒီဖန့်ရှောင်ထျန်းက သူများတွေ ပြောသလို မာနကြီးတဲ့သူ မဟုတ်ပါလား။
ထိုသို့ တွေးမိပြီးနောက် တန့်လင်ခုန့်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်ကာ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ၊ ဖန့်မောင်နှမကို ကျင့်ကြံခြင်းကိစ္စများ ဆွေးနွေးရင်း အတူလမ်းလျှောက်ရန် ဖိတ်ခေါ်လိုက်သည်။
သို့သော် ခဏအကြာတွင် တန့်လင်ခုန့်သည် ရှန့်ဝူမိန်းကလေးက ဖန့်ရှောင်ထျန်းကိုသာ စိုက်ကြည့်ပြီး စကားပြောနေသည်ကို သတိပြုမိသွားသည်။ သူမ၏ အမူအရာမှာ မျက်စိမမြင်သောသူပင် သိနိုင်လောက်အောင် သိသာလှသည်။
"တန့်မိတ်ဆွေ... ရှန့်ဝူမိန်းကလေးက ဒီဖန့်မိတ်ဆွေအပေါ် အတော်လေး သဘောကျနေပုံပဲ"
တန့်လင်ခုန့်၏ ဘေးမှ ကျင့်ကြံသူအချို့က စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်ကြသည်။
"အင်း..."
တန့်လင်ခုန့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သူ့အိမ်က သူ့ကို ရှန့်ဝူနှင့် အဖော်ပြုရန် အမြဲ တိုက်တွန်းနေခဲ့သည်။
သူ့ဘက်ကလည်း ဤမိန်းကလေးကို အတော်လေး သဘောကျသဖြင့် ငြင်းဆန်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုအခါ ရှန့်ဝူ၏ စိတ်ထဲတွင် လူတစ်ယောက် ရှိနေပြီဖြစ်ရာ၊ သူက ကြားထဲက ဝင်ရှုပ်လျှင်လည်း အဓိပ္ပာယ် မရှိတော့ပေ။
ထို့ပြင် ရှန့်ဝူ သဘောကျနေသည့် ဤဖန့်ရှောင်ထျန်းမှာလည်း သူ့အပေါ် အထင်အမြင် ကောင်းစေသူ ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက် တန့်လင်ခုန့်သည် အားတင်းကာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အောင်မြင်လျှင် အောင်မြင်၊ မအောင်မြင်လျှင်လည်း လက်လျှော့လိုက်ရုံသာ။
"ရှန့်ဝူ မိန်းကလေး"
တန့်လင်ခုန့်က ရုတ်တရက် စကားစလိုက်သည်။
"သခင်လေးတန့်... ဘာကိစ္စရှိလို့လဲ"
ရှန့်ဝူက ပုံမှန်အတိုင်းပင် ပြန်ထူးလိုက်သည်။
"ကျွန်တော် ရှန့်ဝူမိန်းကလေးနဲ့ လက်တွဲဖော် အဖြစ် ပေါင်းဖက်ခွင့် ရှိမလား"
တန့်လင်ခုန့်က မေးလိုက်သည်။
အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
ရှန့်ဝူမှာ ကြောင်တောင်တောင်ဖြင့် သူ့ကို စိုက်ကြည့်နေပြီး၊ သူမ၏ မျက်နှာလေးမှာ ရုတ်တရက် နီရဲလာကာ ဒေါသတဝက်၊ ရှက်စိတ်တဝက်ဖြင့် ပြောလိုက်သည်။
"သခင်လေးတန့်... ဘာတွေ ပြောနေတာလဲ"
သူမသည် ဖန့်ရှောင်ထျန်းဘက်သို့ အကြိမ်ကြိမ် လှည့်ကြည့်လိုက်သည်။
ဖန့်ရှောင်ထျန်း၏ မျက်နှာတွင် မည်သည့် ထူးခြားမှုမှ မရှိသည်ကို မြင်ရသောအခါမှ စိတ်သက်သာရာ ရသွားသော်လည်း၊ ချက်ချင်းပင် စိတ်ထဲ ပြန်လေးလံသွားပြန်သည်။
ဘာလို့ ရှောင်ထျန်းအစ်ကိုက နည်းနည်းလေးတောင် စိတ်မဆိုးတာလဲ။
ဒါဆို ရှောင်ထျန်းအစ်ကိုက ငါ့ကို မချစ်ဘူးလား။
ရှန့်ဝူ၏ စိတ်ထဲ၌ ရုတ်တရက် ရှုပ်ထွေးသွားတော့သည်။
"ငါ သိသားပဲ"
တန့်လင်ခုန့်က သက်ပြင်းချလိုက်ပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ရှန့်ဝူမိန်းကလေး... ကျွန်တော်က စိတ်လိုက်မာန်ပါ ပြောမိတာပါ။ အဓိကကတော့ ကျွန်တော့်အိမ်ကလည်း ဒီလိုဆန္ဒ ရှိနေလို့၊ ဒီနေ့မှာပဲ ရှန့်ဝူမိန်းကလေးရဲ့ စိတ်ဆန္ဒကို တဲ့တိုး မေးကြည့်ချင်လို့ပါ။ အခုတော့ ကျွန်တော် သိပါပြီ၊ နောင်ကို ဒါနဲ့ပတ်သက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ပြီးတော့ ရှန့်ဝူမိန်းကလေးနဲ့ ဖန့်မိတ်ဆွေကလည်း ရုပ်ရည်ရော ပါရမီရော လိုက်ဖက်ညီတဲ့အတွက် ပိုပြီး သင့်တော်မယ်လို့ ကျွန်တော် ထင်ပါတယ်"
ရှန့်ဝူသည် အစပိုင်းက တန့်လင်ခုန့် ဤကဲ့သို့ ပြောလိုက်ခြင်းကြောင့် သူမနှင့် ဖန့်ရှောင်ထျန်းကြား စကားဝိုင်းကို ပျက်စီးစေသည်ဟု ထင်ကာ ဒေါသထွက်နေခဲ့သော်လည်း၊ တစ်ဖက်လူက ဤကဲ့သို့ ပြန်ပြောလိုက်သောအခါ စိတ်ထဲ၌ ထိုလူကို အရင်ကလောက် မုန်းတီးခြင်း မရှိတော့ပေ။
သူမသည် စိုးရိမ်စိတ်ဖြင့် ဖန့်ရှောင်ထျန်းကို ကြည့်လိုက်ရာ၊ ဖန့်ရှောင်ထျန်း၏ မျက်နှာတွင် နောက်ဆုံး၌ အပြောင်းအလဲတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ အံ့အားသင့်သွားခြင်း ဖြစ်သည်။
ရှန့်ဝူ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်သိုင်းလာပြီး ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ကာ သူမ၏ ခြေဖျားကိုသာ ကြည့်နေတော့သည်။
"ညီမလေး ရှောင်ဝူ... နင်က ငါ့အစ်ကိုကို ကြိုက်နေတာလား ကြိုက်ရင်လည်း အတူတူနေလိုက်ကြပေါ့၊ နင်က ငါ့မရီး ဖြစ်လာမယ်ဆိုရင် ငါကတော့ ဝမ်းသာပါတယ်၊ ဟီးဟီး"
ဖန့်ရှောင်ပန်းက ရှန့်ဝူ၏လက်ကို ဆွဲကာ အားပေးလိုက်သည်။
ရှန့်ဝူသည် ငုံ့ထားသော ခေါင်းကို ချက်ချင်း ပြန်မော့လိုက်သည်။ သူမ၏ စိတ်ထဲ၌ သတ္တိများ ရှိလာသကဲ့သို့ ခံစားရပြီး ဖန့်ရှောင်ထျန်းကို စိုက်ကြည့်လိုက်သည်။
ဖန့်ရှောင်ထျန်းသည် မရည်ရွယ်ဘဲ မျက်မှောင်ကြုတ်လိုက်ပြီးနောက် တိုးတိုးလေး ဆိုသည်။
"ညီမလေး ရှောင်ဝူ... ငါနဲ့ ရှောင်ပန်းက တာ့ရှန့်အင်ပါယာမှာ အကြာကြီး နေမှာ မဟုတ်ဘူး၊ တစ်နေ့နေ့မှာ ထွက်သွားကြရမှာ..."
"သူ ငါ့ကို ငြင်းလိုက်ပြီ "
ရှန့်ဝူ၏ မျက်ဝန်းထဲမှ မျက်ရည်စများ ဝေ့တက်လာပြီး ဝမ်းနည်းပက်လက်ဖြင့် နှုတ်ခမ်းလေး စူလိုက်တော့သည်။
"တာ့ရှန့်က ဒီလောကမှာ အင်အားအကြီးဆုံး အင်ပါယာပဲ၊ နင်တို့က ဒီမှာ မနေရင် ဘယ်ကို သွားကြဦးမှာလဲ "
အသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံး မော့ကြည့်လိုက်ကြရာ၊ သူတို့၏ ရှေ့မှောက်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော ပုံရိပ်အချို့ ပေါ်လာသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ တန့်လင်ခုန့်နှင့် အတော်လေး ဆင်တူသော်လည်း ပို၍ ရင့်ကျက်ပုံရှိကာ၊ သူ၏ ကျင့်ကြံမှုမှာလည်း တက်လှမ်းခြင်းအဆင့် သို့ ရောက်ရှိရန် လက်တစ်ကမ်းအလို၌ ရှိနေသည်။
ရောက်လာသူ၏ အကြည့်များမှာ အလွန်အေးစက်လှပြီး ဖန့်ရှောင်ထျန်းကို အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။
ထို့နောက် တန့်လင်ခုန့်ကို ကြည့်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ဘာမှသုံးစားလို့မရတဲ့ ကောင်"
တန့်လင်ခုန့်၏ မျက်နှာမှာ ရုတ်တရက် အကြည့်ရ ခက်သွားတော့သည်။