အခန်း (၁၅၁၃-၁၅၁၄)
Vol. 152 Ch. 1513-1514
အခန်း (၁၅၁၃) - ဖေဖေ
ရက်အနည်းငယ် ကြာပြီးနောက် ရှဲ့အာမန်သည် သူမ၏ ပုတီးစေ့ကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ထူးဆန်းသော မျက်နှာထားဖြင့် ဆိုသည်။
"ဗုဒ္ဓသံစဉ်တွေ ပျောက်သွားပြီ"
"ကြည့်ရတာ ဟွာကျိသိုက် ဝိညာဉ်မယ်တော်က ဗုဒ္ဓတိုင်းပြည်ကို ဖျက်သိမ်းလိုက်ပြီ ထင်တယ်"
ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး ယင်လောက သို့ သွားရောက်ကြည့်ရှုရန် အခွင့်အရေး ရှာလိုက်သည်။
ထို့နောက် သူသည် မရဏလမ်း ပေါ်တွင် စိမ်းနေသော မျက်နှာသစ်များနှင့် ရင်းနှီးပြီးသား မျက်နှာများကို များစွာ တွေ့လိုက်ရသည်။
"ဟိုဟာ ကျွယ်မင်ရဲ့ အမာခံတပည့် ဖန့်ချန် မဟုတ်လား "
"ဖန့်ချန်လည်း ယင်လောကဆီ ဆင်းလာတာပဲ"
"အမာခံတပည့်ဆိုတော့လည်း လာမှာပေါ့၊ တာ့လေးယင်းက ရုတ်တရက်ကြီး ယင်လောကနဲ့ ဆက်သွယ်လို့ ရသွားတာဆိုတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေမှာ သေချာတယ်၊ သေချာ လေ့လာဖို့ လိုတာပေါ့"
လူအများအပြားက ဖန့်ချန်ကို မှတ်မိသွားကြပြီး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
"ဖန့်မိတ်ဆွေ လည်း သတိထားမိတာပဲလား ဒီနေရာက ရုတ်တရက်ကြီး ယင်လောကထဲ ရောက်သွားတယ်ဆိုတာ"
ကြာနီနတ်မိမယ်က ဖန့်ချန်၏ အနားသို့ လျှောက်လာသည်။
ဖန့်ချန်သည် ကြာနီနတ်မိမယ်၏ မျက်နှာထက်တွင် အလွန် တည်ကြည်လေးနက်နေမှုကို တွေ့လိုက်ရသည်။
တကယ်လို့ သူမ၏ အရင်ဘဝ နောက်ခံကသာ သာမန်မဟုတ်ခဲ့လျှင် ဤနေရာသည် အဘယ်ကြောင့် ယင်လောကသို့ ဆင်း၍ မရခဲ့ရသနည်းဟူသော တကယ့်အကြောင်းရင်းကို သူမ သိရှိနေပေလိမ့်မည်။
ထို့ပြင် အရင်ဘဝ မှတ်ဉာဏ်များ နိုးထလာသူဖြစ်ရာ ဝမ်ချုံစန်း ကဲ့သို့ပင် လက်ရှိ အသိတရားများဖြင့် လွှမ်းမိုးခံရခြင်း ရှိတော့မည်မဟုတ်ပေ။
"ဒီမှာ ယင်လောကထဲ ဆင်းလို့ရသွားတာဟာ ဟွာကျိသိုက် ဝိညာဉ်မယ်တော်နဲ့ ပတ်သက်နေနိုင်တယ်"
ဖန့်ချန်က ဆိုသည်။
ကြာနီနတ်မိမယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက် လုပ်ပြီးနောက် နောက်ဆုံးတွင် ဘာမျှ ထပ်မပြောတော့ဘဲ ဖန့်ချန်နှင့်အတူ ရှေ့သို့ လျှောက်လှမ်းသွားတော့သည်။
သိပ်မဝေးသော နေရာတွင် ချန်အင်းရွှယ်နှင့် အခြားသူများလည်း မရဏလမ်းမပေါ်တွင် ပေါ်လာကြသည်။
"နည်းနည်းတော့ ထူးဆန်းနေတယ်၊ ဘာလို့ တာ့လေးယင်းက ရုတ်တရက်ကြီး ယင်လောကထဲ ရောက်သွားတာလဲ ငါမှတ်မိသလောက် ရှေးဟောင်းတားမြစ်နယ်မြေတွေဆိုတာ ယင်လောကထဲ ဆင်းလို့မရဘူး မဟုတ်လား"
ချန်အင်းရွှယ်က ထူးဆန်းသော မျက်နှာထားဖြင့် နံပါတ်လေးတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"အဲ့ဒီ ဗုဒ္ဓတိုင်းပြည်နဲ့တော့ ပတ်သက်နေမှာ သေချာတယ်။ ဒါလည်း ကောင်းတာပဲ၊ ဒီက ယင်လောကက တခြားနေရာတွေနဲ့ ဘာထူးခြားလဲဆိုတာ ငါတို့ သွားကြည့်ကြတာပေါ့"
နံပါတ်လေးက ရယ်မောရင်း ဆိုသည်။
နန်မင်ရုယွဲ့ကမူ မျက်နှာထား တည်ကြည်နေသည်
"ဒီမှာ အဆင့်မြင့် ယင်မိစ္ဆာ တွေ ရှိနေနိုင်တယ်။ တကယ်လို့ ကျင့်ကြံခြင်းက အဆင့် ၇ ထက် ကျော်နေရင် ငါတို့အတွက် အန္တရာယ် ရှိနိုင်တယ်"
"မကြောက်ပါနဲ့၊ အဆင့် ၇ ဆိုရင်တောင် ငါတို့ လူအင်အားနဲ့ ဝိုင်းသတ်လို့ ရပါတယ်။ ဒါ့အပြင် စီနီယာအစ်မကြီးလည်း သတိထားမိလောက်မှာပါ၊ သူမလည်း ဝိညာဉ်ခေါ်မီးအိမ် တွေ ပြင်ဆင်နေလောက်ပြီ"
ချန်အင်းရွှယ်က သာသာယာယာ ပြုံးလိုက်သည်။
မကြာမီ လူတိုင်းသည် ဝမ်ချွမ်းမြစ် ရှေ့သို့ ရောက်ရှိလာကြသည်။
လာရောက်ကြိုဆိုမည့်သူ မရှိသလို၊ သူတို့လက်ထဲတွင်လည်း ပိုလျှံသော ယင်သက်တမ်းဒင်္ဂါး များ မရှိသဖြင့် ဤဝမ်ချွမ်းမြစ်က သူတို့၏ လမ်းကို ပိတ်ဆို့ထားကာ ရှေ့ဆက်သွား၍ မရဖြစ်နေကြသည်။
"ဟိုမှာ နံပါတ်ကိုးနဲ့ ညီမလေး ကြာနီပဲ"
နံပါတ်လေးက ရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။
သူတို့သည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို မြင်သောအခါ ဝိုင်းအုံသွားကြသည်။
"နံပါတ်ကိုး... နင်နဲ့ ညီမလေး ကြာနီက တကယ့်ကို ခွဲလို့မရတဲ့ အရိပ်လိုပဲနော်"
ချန်အင်းရွှယ်က ခနဲ့သလိုလို ပြုံးလျက် ဆိုသည်။
ကြာနီနတ်မိမယ်က သူမသည် တမင်တကာ လုပ်နေခြင်းဖြစ်ကြောင်း သိသဖြင့် အဖက်မလုပ်ဘဲ ရှေ့မှ ဝမ်ချွမ်းမြစ်ကိုသာ ငြိမ်သက်စွာ ငေးကြည့်နေမိသည်။
"တတိယစီနီယာအစ်မ... ဘယ်လိုလုပ်ကြမလဲ ဟိုဘက်ကို ကူးကြည့်မလား၊ ဒါမှမဟုတ် စီနီယာအစ်မကြီးကို ဒီမှာပဲ စောင့်မလား "
နံပါတ်လေးက မေးသည်။
"မစောင့်နဲ့တော့၊ သူမက ယင်မသေမျိုးလမ်းစဉ် ကို စိတ်ဝင်စားတာ မဟုတ်ဘူး၊ ဒီကို လာချင်မှ လာမှာ။ ငါတို့ဘာသာ ငါတို့ သွားကြည့်ကြမယ်"
ချန်အင်းရွှယ်က ပြောပြောဆိုဆို လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်အချို့ ထွက်ပေါ်လာပြီး လှေငယ်တစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။
သူမသည် ယင်သက်တမ်းကို အသုံးပြု၍ လှေဖန်တီးနိုင်သည်ကို မြင်သောအခါ ကမ်းစပ်တွင် ပိတ်မိနေသော ကျင့်ကြံသူများ၏ မျက်ဝန်းထဲ၌ မနာလိုမှုများ ပြည့်နှက်သွားသည်။
ယင်မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသူများသာ ယင်လောကတွင် ထိုစွမ်းအားကို အသုံးချနိုင်ခြင်း ဖြစ်သည်။
သာမန် ယင်လောကသို့ ဆင်းလာသူများအဖို့မူ ယင်လောကထဲတွင် ယင်သက်တမ်းဒင်္ဂါးများ မရရှိပါက ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ရန် လှေဖန်တီးနိုင်မည် မဟုတ်ပေ။
မကြာမီ ဝမ်ချွမ်းမြစ်ပေါ်တွင် မသေမျိုးလှေများစွာ ပေါ်ထွက်လာပြီး ရှေ့သို့ ဦးတည်သွားကြသည်။
အမာခံတပည့် တစ်ဦးချင်းစီသည် သူတို့၏ ယုံကြည်ရသော လက်ရုံးများကို ခေါ်ဆောင်သွားကြသည်။
ဖန့်ချန်သည် ကျိထျန်းကျွင်းက ကျိရှန့်၏ နောက်ကွယ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
ကျိထျန်းကျွင်း၏ မျက်လုံးများက သူ့ဆီသို့ ခဏခဏ ဝေ့ကြည့်နေ၏။ တစ်ဖက်လူက သူ့ကို ကြည့်နေခြင်းမဟုတ်ဘဲ ကြာနီနတ်မိမယ်ကို ကြည့်နေခြင်းဖြစ်သော်လည်း ကြာနီနတ်မိမယ်ကမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။
"ရောက်တော့မယ်"
ချန်အင်းရွှယ်က ရုတ်တရက် ဆိုသည်။
ရှေ့မှ မြူခိုးများနောက်တွင် တံတားတစ်စင်းမှာ ဝေဝါးစွာ ပေါ်ထွက်လာသည်။
၎င်းက ဤနေရာတွင် ယင်မြို့တော် တစ်ခု ရှိနေကြောင်း သက်သေပင်။ လူတိုင်း စိတ်ဝင်တစား ဖြစ်သွားကြ၏။
မသေမျိုးလှေသည် တံတားဘေးသို့ မကြာမီ ဆိုက်ကပ်သွားပြီး ချန်အင်းရွှယ်က ခေတ္တမျှ အကဲခတ်ပြီးနောက် တံတားပေါ်သို့ အရင်ဆုံး တက်လှမ်းလိုက်သည်။
ဖန့်ချန်သည် ထိုနေရာ၏ ထူးခြားမှုကို သတိထားမိလိုက်သည်။
ပြီးခဲ့သည့်အကြိမ် သူလာစဉ်က ဤနေရာမှာ ပျက်စီးယိုယွင်းနေသော အဆောက်အဦးဟောင်းများသာ ဖြစ်ပြီး ဤတံတားပေါ်တွင်ပင် တိုက်ပွဲရာထူးများ ပြည့်နှက်နေခဲ့သည်။
ယခုမူ တံတားပေါ်တွင် တိုက်ပွဲရာတစ်ချက်မျှ မရှိတော့ဘဲ စွမ်းအားတစ်ခုခုဖြင့် ပြုပြင်မွမ်းမံထားသကဲ့သို့ ဖြစ်နေသည်။
"ငါ့နောက်ကနေ လိုက်ခဲ့ကြ"
ချန်အင်းရွှယ်က မှာကြားပြီးနောက် လူတိုင်းအတွက် လမ်းဖွင့်ပေးကာ အရှေ့ဆုံးမှ လျှောက်သွားသည်။
တံတား၏ အဆုံးသို့ ရောက်သောအခါ အလွန် စည်ကားလှသော မြို့တော်တစ်ခု မြင်ကွင်းထဲသို့ တိုးဝင်လာသည်။
မြို့တော်အတွင်း၌ လူနေအိမ်ခြေ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်များစွာမှာလည်း ပြတ်တောက်မှုမရှိဘဲ သွားလာနေကြ၏။
ဖန့်ချန် စိတ်ထဲမှ ချီးကျူးမိသွားသည်။
ဤဟွာကျိသိုက် ဝိညာဉ်မယ်တော်၏ အစွမ်းမှာ တကယ့်ကို မသေးလှပေ။
အချိန်တိုလေးအတွင်းမှာပင် ဝိညာဉ်နယ်မြေ တစ်ခုလုံးကို ယင်လောကထဲသို့ အတင်းအကျပ် ပြောင်းရွှေ့နိုင်ခဲ့သည် မဟုတ်ပါလား။
"အတွင်းထဲရောက်ရင် စိတ်မလောကြနဲ့ဦး၊ ငါတို့ ဒီတစ်ခေါက်က အကဲခတ်ဖို့ပဲ၊ သိလား "
ချန်အင်းရွှယ်က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ"
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး မျက်လုံးများထဲတွင် သတိထားရိပ်များ ပါဝင်လာသည်။
ကျွယ်မင်နန်းတော်သည် စိတ်ဝိညာဥ်နယ်မြေ တွင် ထိပ်တန်းအင်အားစု ဖြစ်သော်လည်း ယင်လောက၏ အခြေခံအင်အားမှာ မသေးလှကြောင်း သူတို့ သိကြသည်။
ယင်လောကတွင် ကျွယ်မင်နန်းတော်ကို ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုများစွာ ရှိနေပြီး ထိုပုဂ္ဂိုလ်များ၏ မျက်စိထဲတွင် ကျွယ်မင်နန်းတော်၏ အမာခံတပည့်ဆိုသည့် အဆင့်အတန်းမှာ ဘာမှမဟုတ်ပေ။
လူတိုင်း ယင်မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
မည်သည့် တားဆီးမှုမျှ မကြုံရဘဲ လူအုပ်နှင့်အတူ အတွင်းဘက်သို့ လျှောက်လှမ်းသွားကြသည်။
လမ်းခုလတ်တွင် ဖြူဖြူဖွေးဖွေးနှင့် ဝဝတုတ်တုတ် ပုံရိပ်တစ်ခုက လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဖန့်ချန်၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချန်အင်းရွှယ်နှင့် အခြားသူများ အံ့အားသင့်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားကြသည်။
ကြာနီနတ်မိမယ်က ဝိညာဉ်ကလေးငယ် ကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်သည်။
"ဖန့်မိတ်ဆွေ... ကြည့်ရတာ ဒီကလေးက ရှင့်ကို သဘောကျနေပုံပဲ"
ဝိညာဉ်ကလေးငယ်က အလွန် ချစ်ခင်ဟန် ပြနေသည်။
သို့သော် ကြာနီနတ်မိမယ်က လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားသောအခါ သူမ၏ လက်ကို ဗြန်းခနဲ ပုတ်ထုတ်လိုက်တော့သည်။
"ညီမလေး ကြာနီ... ဒီကလေးက နင်ကိုတော့ မချစ်ဘူးနဲ့ တူတယ်၊ ဟားဟား"
ချန်အင်းရွှယ်က မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီးနောက် ဖန့်ချန်ရှေ့သို့ လျှောက်လာကာ ဝိညာဉ်ကလေးငယ်ကို လက်ကမ်းလိုက်သည်။
"လာပါဦး၊ အစ်မ ချီပေးမယ်"
ဝိညာဉ်ကလေးငယ်က ချန်အင်းရွှယ်ကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်ပြန်သည်။
"တတိယစီနီယာအစ်မ... ကြည့်ရတာ သူက အစ်မကိုလည်း မချစ်ဘူးထင်တယ်"
နံပါတ်လေးက မအောင့်နိုင်ဘဲ ဝင်ရယ်သည်။
ချန်အင်းရွှယ် မျက်နှာ ပျက်သွားပြီး အတင်းအကျပ် ချီယူရန် ကြိုးစားမည်အပြုတွင် ဝိညာဉ်ကလေးငယ်က ဖန့်ချန်ကို ကြည့်ကာ ကလေးသံလေးဖြင့် အော်ဟစ်လိုက်သည်။
"ဖေဖေ... ဖေဖေ..."
"..."
"နံပါတ်ကိုး... နင် တကယ်ပဲ..."
လူတိုင်းက ဖန့်ချန်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။
ကြာနီနတ်မိမယ်မှာလည်း ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဖန့်မိတ်ဆွေ... အထင်လွဲစရာတွေ မဖြစ်အောင် သူ့ကို ပြန်ချထားလိုက်တာ ကောင်းလိမ့်မယ်"
"နံပါတ်ကိုး... နင် ဘယ်တုန်းက ဒီမှာ ဝဝတုတ်တုတ် သားလေး တစ်ယောက် ရထားတာလဲ၊ ငါတို့ ဘာလို့ မသိရတာလဲ လွန်ခဲ့တဲ့ ရက်ပိုင်းက နင် ဒီကို ခိုးဆင်းလာတာလား"
ချန်အင်းရွှယ်က မချိုမချဉ် ပြုံးလျက် မေးသည်။
"တတိယစီနီယာအစ်မ... ဒါက ဟိုပုဂ္ဂိုလ် ရဲ့ ကလေးပါ"
ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက် ပြုံးလျက် သတိပေးလိုက်သည်။
"ဟိုပုဂ္ဂိုလ် ဘယ်သူလဲ ... အော်..."
ချန်အင်းရွှယ် သဘောပေါက်သွားပြီး မျက်နှာပျက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
နန်မင်ရုယွဲ့နှင့် အခြားသူများလည်း သတိဝင်လာကြပြီး မျက်လုံးထဲတွင် အံ့ဩရိပ်များ ပေါ်လာသည်။
ထိုပုဂ္ဂိုလ်မှာ အဆင့် ၉ မသေမျိုး မဟုတ်ပါလား။
ယခု အခြေအနေ မကောင်းလှသော်လည်း အဆင့် ၉ ဆိုသည်မှာ အဆင့် ၉ ပင်။
သာမန်ကျင့်ကြံသူများ၏ မျက်စိတွင် လောက၏ အရှင်သခင်ပင် ဖြစ်သည်။
အဆင့် ၉ ၏ ကလေးဆိုသည်မှာလည်း သာမန် ဇာတ်ကောင် မဖြစ်နိုင်သည်မှာ သေချာသည်။
"ဖန့်သခင်လေး... ကျွန်မဆီမှာ ခဏလာထိုင်ပါဦးလား"
လူအုပ်ထဲမှ ပုံရိပ်တစ်ခု တိုးထွက်လာပြီး လူတိုင်းရှေ့သို့ ရောက်လာကာ ဖန့်ချန်ကို ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
"မေမေ... မေမေ"
ဝိညာဉ်ကလေးငယ်မှာ ရွှေချင်းဟယ်၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ရွှေချင်းဟယ်က ကလေးကို မြတ်နိုးစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
"ဒီကလေးက သူမကို မေမေလို့ ခေါ်ပြီး နင်ကို ဖေဖေလို့ ခေါ်တယ်... နင်တော့ ဒီဝိညာဉ်မယ်တော်ရဲ့ မျက်စိကျခြင်းကို ခံလိုက်ရပြီ ထင်တယ်..."
ချန်အင်းရွှယ်က ထူးဆန်းသော မျက်နှာထားဖြင့် ဆိုပြီးနောက် ချက်ချင်းပင် တိုက်တွန်းလိုက်သည်။
"မြန်မြန် လိုက်သွားလေ၊ သူမက နင်ကို အဲ့ဒီမှာ လာထိုင်ဖို့ ပြောနေတာ မဟုတ်လား"
အခန်း (၁၅၁၄) - သရဲမျက်စိအုပ်ခြင်း
ဖန့်ချန်က နောက်မှလိုက်သွားရန် ပြင်လိုက်သော်လည်း ကြာနီနတ်မိမယ်က သတိဝင်လာပြီး မသိစိတ်ဖြင့် တားလိုက်သည်။
"မသွားနဲ့ဦး"
ရှူး... ရှူး... ရှူး...
အားလုံး၏ အကြည့်များက ကြာနီနတ်မိမယ်ထံသို့ စုပြုံကျရောက်သွားကြသည်။
ချန်အင်းရွှယ်က ရယ်မောလျက်
"ညီမလေး ကြာနီ... နင်က နင့်ရဲ့ကျင့်ကြံဖော်ကို တစ်ယောက်ယောက်က လုသွားမှာ စိုးရိမ်နေတာလား "
ထိုလူများက သူမနှင့် ဖန့်ချန်ကို တကယ့်ကျင့်ကြံဖော်အစစ်အမှန်များဟု ထင်နေကြကြောင်း ကြာနီနတ်မိမယ် သိသည်။
သို့သော် အမှန်တရားမှာ ထိုသို့မဟုတ်ကြောင်း သူမကိုယ်တိုင် သိနေသဖြင့် ချန်အင်းရွှယ်၏ စနောက်မှုကို ခံရသောအခါ သူမ၏ ပါးပြင်ထက်တွင် ရှက်သွေးဖြန်းသွားတော့သည်။
သူမသည် စိတ်လှုပ်ရှားမှုကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး၊ ဒီနေရာက ထူးဆန်းနေသလို ဟိုပုဂ္ဂိုလ် ရဲ့ နောက်ခံကလည်း အရမ်းကြီးလွန်းလို့ ဖန့်မိတ်ဆွေ တစ်ယောက်တည်း သွားရင် အန္တရာယ်ရှိမှာ စိုးလို့ပါ"
ပြောပြောဆိုဆိုနှင့်ပင် သူမသည် ဖန့်ချန်၏ လက်မောင်းကို တွဲလိုက်ပြီးပြောလိုက်သည်။
"ကျွန်မ ရှင့်နဲ့အတူ လိုက်ခဲ့မယ်"
သူတို့နှစ်ဦးသည် လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
အမာခံတပည့်အချို့က ဖန့်ချန်၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် နောက်မှ လိုက်သွားရမလားဟု ချန်အင်းရွှယ်ကို မေးကြသော်လည်း သူမက ငြင်းပယ်လိုက်သည်။
"အဲ့ဒီအမျိုးသမီးရဲ့ အစွမ်းက မသေးဘူး၊ ငါတို့ ဒီလိုမျိုး လိုက်သွားတာက ရိုင်းရာကျလိမ့်မယ်။ အန္တရာယ်ဆိုရင်တော့... သူမမှာ တကယ်သာ မကောင်းတဲ့စိတ် ရှိရင် အစကတည်းက ဒုက္ခပေးမှာပေါ့၊ ဒီနေ့အထိ စောင့်နေစရာ မလိုပါဘူး"
ချန်အင်းရွှယ်က လက်ကာပြလိုက်သည်
"ငါတို့ တခြားနေရာတွေ လျှောက်ကြည့်ကြမယ်၊ တစ်ခုခု ထူးထူးခြားခြား တွေ့ရင် ပြန်ဆုံကြတာပေါ့"
ဤနေရာတွင် အန္တရာယ်မရှိကြောင်း သူမ အတည့်အလင်း သိနေသဖြင့် လူစုခွဲကာ လေ့လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဖွဲ့၏ နောက်ဆုံးတွင် ကျိရှန့်က မအောင့်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဒီဖန့်အမာခံတပည့်က ငါတို့ထက် နောက်ကျမှ ဂိုဏ်းထဲဝင်တာ၊ အခုတော့ တတိယစီနီယာအစ်မတို့နဲ့ တန်းတူ ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ။ အစ်ကိုကြီး... ဒီလောကကြီးက တကယ့်ကို ပြောင်းလဲမြန်တယ်လို့ မထင်ဘူးလား "
ကျိထျန်းကျွင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
ကြာနီနတ်မိမယ်က ဖန့်ချန်၏ လက်မောင်းကို တွဲကာ ထွက်ခွာသွားသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် မီးတောက်တစ်ခု လောင်မြွက်နေသကဲ့သို့ ရှိနေ၏။ သူသည် စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ညီလေး... မင်းသာ ငါတို့ကျိမိသားစုရဲ့ ကျင့်စဉ်ကို သေချာကျင့်မယ်ဆိုရင် မကြာခင်မှာ အစီရင်မသေမျိုးအတတ် ကို နားလည်လာမှာပါ။ အကြာဆုံး နှစ် ၃၀၊ အမြန်ဆုံးဆိုရင် ၃ နှစ်ကနေ ၅ နှစ်ပဲ ကြာလိမ့်မယ်"
"တကယ်သာ အဲ့လိုဖြစ်ရင် ကောင်းမှာပဲ။ ကြားဖူးတာတော့ အဲ့ဒီမသေမျိုးအတတ်က ငါတို့ကျိမိသားစုရဲ့ ပင်မမျိုးနွယ်စု နတ်ဘုရားလောကမှာ ထိပ်တန်းရောက်နေတဲ့ အချိန်တုန်းက ပါရမီအရှိဆုံးနဲ့ လောကရဲ့ အထွတ်အထိပ်မှာ ရှိခဲ့တဲ့ ဘိုးဘေးတစ်ယောက် တီထွင်ခဲ့တာ ဆိုပဲ ဒီတစ်ခေါက် အစ်ကိုကြီးက သဘောထားကြီးကြီးနဲ့ ဒီအတတ်ကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော် နားလည်ဖို့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာဦးမှာ။ ဒီနောက်ပိုင်းမှာ ကျွန်တော်နဲ့ အစီရင်ဗဟိုချက်က တစ်သားတည်း ဖြစ်တော့မလို ခံစားနေရပြီ၊ အဲ့ဒီနေ့ရောက်ရင် အစ်ကိုကြီး အမာခံတပည့် ဖြစ်လာဖို့ အခွင့်အရေးကို ကျွန်တော် ရှာပေးပါ့မယ်"
ကျိရှန့်က ပြုံးလျက် ဆိုသည်။
ကျိထျန်းကျွင်း၏ မျက်နှာတွင် နှိမ့်ချသော အရိပ်အယောင် ပေါ်လာသည်။
"မင်းက ငါတို့ကျိမိသားစု မျိုးနွယ်စုအားလုံးထဲမှာ အထူးချွန်ဆုံး ပါရမီရှင်ပဲ၊ ကျိမိသားစုတစ်ခုလုံးရဲ့ မျှော်လင့်ချက်လည်း ဟုတ်တယ်။ ဒီအတတ်ကို ငါရခဲ့တာ မှန်ပေမဲ့ မင်းကို ကူညီပံ့ပိုးပေးဖို့ ငါအမြဲ အသင့်ရှိပါတယ်"
"တစ်နေ့ ညီအစ်ကို၊ ထာဝရ ညီအစ်ကိုပဲ"
ကျိရှန့်က ကျိထျန်းကျွင်း၏ ပခုံးကို ပုတ်ကာ
"သွားကြစို့၊ ငါတို့လည်း လျှောက်ကြည့်ရင်း ဒီမှာ ဘာထူးခြားတာတွေ ရှိမလဲ ရှာကြည့်ကြတာပေါ့"
ရိုးရှင်းသော အိမ်ရာငယ်လေးတစ်ခု။
ဤနေရာ၏ ပုံစံမှာ ဗုဒ္ဓတိုင်းပြည်အတွင်းက ရွှေချင်းဟယ် ယခင်နေထိုင်ခဲ့သော အိမ်ရာနှင့် တစ်ပုံစံတည်းပင်။
ရွှေချင်းဟယ်သည် ကြာနီနတ်မိမယ်က ဖန့်ချန်၏ လက်မောင်းကို တွဲကာ ဝင်လာသည်ကို မြင်သော်လည်း သာသာယာယာ ပြုံးပြရုံသာပြုံးပြ လိုက်သည်။
"ဒီနေရာက နည်းနည်း ကျဉ်းတယ်၊ စိတ်ကြိုက်သာ ထိုင်ကြပါ"
အိမ်ရာထဲတွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများ ရှိသည်။
သူတို့နှစ်ဦး ထိုင်လိုက်သည်နှင့် ဝိညာဉ်ကလေးငယ်က ဖန့်ချန်၏ ကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီး ကြာနီနတ်မိမယ်၏ လက်ကို ဖန့်ချန်၏ လက်မောင်းပေါ်မှ စနစ်တကျ ဖယ်ရှားလိုက်သည်။
သူသည် ဖန့်ချန်ကို လက်ညှိုးထိုးပြကာ "ဖေဖေ"
ရွှေချင်းဟယ်ကို လက်ညှိုးထိုးပြကာ "မေမေ"
ထို့နောက် ကြာနီနတ်မိမယ်ကို ကြည့်ကာ စိတ်ဆိုးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"သွား "
"ကလေးက အရမ်းဆိုးနေတယ်၊ မိန်းကလေး စိတ်မရှိပါနဲ့ဦး"
ရွှေချင်းဟယ်က လက်ဖက်ရည်များ ယူဆောင်လာရင်း အားနာဟန်ဖြင့် ပြုံးလျက် ဆိုသည်။
ကြာနီနတ်မိမယ်က ဝိညာဉ်ကလေးငယ်ကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ရွှေချင်းဟယ်ကို ပြုံးပြလိုက်သည်။
"ကိစ္စမရှိပါဘူး"
"မင်းရဲ့ ကိုယ်ပေါ်မှာ ငရဲမင်း ရဲ့ အငွေ့အသက် ပါနေလို့ ဒီကလေးက မင်းကို ရင်းနှီးနေတာ။ ဘာပဲဖြစ်ဖြစ် ဒီယင်လောကမှာ ဘယ်ဝိညာဉ်မဆို ငရဲမင်းကိုပဲ အထွတ်အထား ထားကြတာကိုး"
ရွှေချင်းဟယ်က ပွင့်ပွင့်လင်းလင်း ဆိုလိုက်သည်။
ဖန့်ချန်က မသိစိတ်ဖြင့် ကြာနီနတ်မိမယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဝိညာဉ်ကလေးငယ်မှာ သူမ၏ ကျောပေါ်တွင် မှီတွယ်လျက် သေးငယ်သော လက်ကလေးနှစ်ဖက်ဖြင့် သူမ၏ မျက်လုံးများကို အုပ်ထားသည်ကို တွေ့လိုက်ရသည်။
ကြာနီနတ်မိမယ်မှာမူ ဘာမျှ သတိမထားမိဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေဆဲပင်။
"သူမ အခု ဘာမှ မမြင်ရဘူး၊ ဘာမှ မကြားရဘူး၊ ဘာကိုမှလည်း ခံစားလို့ မရတော့ဘူး"
ရွှေချင်းဟယ်က ပြုံးလျက် ရှင်းပြသည်။
ဝိညာဉ်ကလေးငယ်က ဖန့်ချန်ကိုကြည့်ကာ နောက်ပြောင်သော အပြုံးဖြင့် ခေါင်းလေးကို လှုပ်ခါပြနေ၏။
'သူက ငါ့ကိုယ်ပေါ်က ငရဲမင်းရဲ့ အငွေ့အသက်ကို ခွဲခြားနိုင်တာလား '
ဖန့်ချန်က ဝိညာဉ်ကလေးငယ်ကို စဉ်းစားဟန်ဖြင့် အကဲခတ်နေမိသည်။
တကယ်လို့ သူကသာ ဤစွမ်းရည် ရှိနေလျှင် ဖူထူလောက ထဲက အစွမ်းထက်သော ယင်မိစ္ဆာအချို့မှာလည်း အလားတူ အာရုံခံနိုင်စွမ်း ရှိနေနိုင်ပြီး သူတို့နှင့် တွေ့ဆုံပါက သူ၏ အဆင့်အတန်းမှာ တိုက်ရိုက် ပေါ်သွားနိုင်ပေသည်။
ဖန့်ချန်၏ စိုးရိမ်မှုကို သိနေဟန်ဖြင့် ရွှေချင်းဟယ်က ပြုံးလျက် ပြောလိုက်သည်။
"ရှင်ကိုယ်တိုင် အမိန့်ပြန်တမ်း မထုတ်သရွေ့ တခြား ယင်မိစ္ဆာတွေ ရှင့်ရဲ့ နောက်ခံကို မမြင်နိုင်ပါဘူး။ ကျွန်မရဲ့ သားကတော့ မွေးရာပါ ထူးခြားချက်ကြောင့် အာရုံခံနိုင်စွမ်း အရမ်း မြင့်မားနေတာပါ"
"စီနီယာ... နောင်အတွက် ဘာများ ရည်ရွယ်ထားပါသလဲ "
ဖန့်ချန်က သူယနေ့လာရသည့် ရည်ရွယ်ချက်ကို မေးလိုက်သည်။
"ဘာရည်ရွယ်ချက် ရှိရမှာလဲ၊ ဒီနေရာမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေမှာပေါ့။ ကျွန်မ ယင်လောကကြီး နဲ့ ယင်လောငယ် အကြောင်းတွေကို သိပြီးပါပြီ။ အရင်တုန်းက တိုက်ပွဲကြောင့် ဒီနေရာက ကွဲအက်သွားပြီး အရင်လို စည်ကားမှုမျိုး မရှိတော့ဘူး"
ရွှေချင်းဟယ်က သာသာယာယာ သက်ပြင်းချလိုက်သည်။
"အခု ဒီလောကသုံးပါးက အရမ်းကို ရှုပ်ထွေးနေပြီ။ သူ့ရဲ့ အရှင်သခင် ပြောင်းသွားသလား၊ မပြောင်းဘူးလား ဆိုတာတောင် ကျွန်မ ခွဲခြားဖို့ ခက်နေတယ်။ လူ့လောကမှာ သွားလာနေတဲ့ သက်ရှိတွေဟာလည်း အရင်ကလို မဟုတ်တော့ဘူး"
ဖန့်ချန် အံ့အားသင့်သွားပြီး မျက်နှာထား ပြောင်းလဲသွားသည်။
"စီနီယာက အဲ့ဒီကိစ္စရဲ့ အကြောင်းရင်းကို သိနေတာလား "
"သိတာပေါ့၊ အဲ့ဒီလို တားမြစ်ထားတဲ့ အတတ်က ရှင့်တို့ကို ပိတ်လှောင်ထားနိုင်ပေမဲ့ ကျွန်မတို့လို ပုဂ္ဂိုလ်တွေကို ပိတ်လှောင်ဖို့တော့ နည်းနည်း လိုသေးတယ်။ ကျွန်မနဲ့ ခေတ်ပြိုင် တည်ရှိမှုတွေဟာ အနည်းနဲ့အများတော့ သတိထားမိကြပါတယ်"
ရွှေချင်းဟယ်က တံခါးအပြင်ဘက်သို့ ညွှန်ပြကာ
"အခု ယင်လောကက အပေါက်အပြဲတွေနဲ့ ပြည့်နေပြီး အရင်ကနဲ့ လုံးဝ မတူတော့ဘူး။ ဝိညာဉ်တွေ ဒီထဲရောက်လာရင် ပြန်ထွက်လို့ မရတော့ဘဲ ယင်မိစ္ဆာ ဒါမှမဟုတ် နတ်ဘုရားဝိညာဥ်လမ်းစဉ်ကိုပဲ ကျင့်ကြံရတော့တယ်။ အရင်တုန်းက ကျွန်မတို့ နိုင်ခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တော့ အရမ်းကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရတာ၊ အခုထိ ပြန်မကောင်းနိုင်သေးဘူး"
"အဲ့ဒီကိစ္စကို အတိအလင်း ပြောလို့မရဘူး၊ ဒါကြောင့် ဒီကိစ္စကို ကျွန်မ သိနေတယ်ဆိုတာ ရှင်သိထားရင် ရပါပြီ"
"ဒါဆို စီနီယာက ကျွန်တော့်ကို နည်းနည်းလောက် လမ်းညွှန်ပေးလို့ ရမလား ဒီလူ့လောက နယ်မြေကိုးခုက ဘယ်လိုမျိုး ပြန်ပြီး တုံ့ပြန်တိုက်ခိုက်ရမလဲ "
ဖန့်ချန်က တည်ကြည်သော မျက်နှာဖြင့် လက်အုပ်ချီ မေးမြန်းလိုက်သည်။
"ဘယ်လို ပြန်တိုက်ရမလဲ... ကျွန်မ ဝိညာဉ်နယ်မြေအဖြစ် ပြောင်းလဲသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ အိပ်ပျော်နေခဲ့တာလည်း ကြာပြီ။ အခု လူ့လောက နယ်မြေကိုးခုက ဘယ်လို အခြေအနေ ရှိနေလဲဆိုတာ ကျွန်မ မမြင်နိုင်တော့ဘူး၊ ဘယ်လိုလုပ်ပြီး လမ်းညွှန်နိုင်မှာလဲ "
ရွှေချင်းဟယ်က ဖြည်းညှင်းစွာ ခေါင်းခါပြသည်။
"ငရဲမင်းဖြစ်တဲ့ ရှင်ကိုယ်တိုင်တောင် ဒီကိစ္စမှာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ"
"ရှင်က အရင်တုန်းက ငရဲမင်းထက် ပိုပြီး အစွမ်းထက်လို့လား "
"မယှဉ်နိုင်တာတော့ သေချာပါတယ်"
"အမှန်တရားက အဲ့ဒါပါပဲ။ အရင်တုန်းက ငရဲမင်းဟာ ဘယ်လောက်တောင် ဂုဏ်ယူဝင့်ကြွားခဲ့လဲ၊ သူက လောကသုံးပါးလုံးမှာ နာမည်ကျော်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ၊ အသက်ပျောက်သွားရတာပဲ မဟုတ်လား။ သူတင်မကဘူး၊ အဲ့ဒီအချိန်တုန်းက သေဆုံးခဲ့တဲ့သူတွေဟာ ရေတွက်လို့တောင် မရဘူး။ ကျွန်မရဲ့ အခြေအနေက အဲ့ဒီထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပေမဲ့ ကျွန်မရဲ့ ကျင့်ကြံမှုကတော့ အဲ့ဒီထဲမှာ စာရင်းတောင် မဝင်ပါဘူး"
ရွှေချင်းဟယ်က အေးအေးဆေးဆေးပင် ဆက်ပြောသည်။
"အခုချိန်မှာ ကျွန်မတို့ရဲ့ အခြေအနေက မကောင်းလှဘူးဆိုပေမဲ့ သူတို့ဘက်ကလည်း အဲ့လောက် မသာလှပါဘူး။ ဒီလိုမျိုး တစ်ဖက်နဲ့တစ်ဖက် အသာမရဘဲ တောင့်ခံထားကြတာဟာ မကောင်းဘူးလို့တော့ ပြောလို့မရပါဘူး"
"တကယ်လို့ သူတို့သာ သော့ ကို ရှာတွေ့သွားရင် လူ့လောက နယ်မြေကိုးခုဟာ ချက်ချင်း ပျက်စီးသွားလိမ့်မယ်"
ဖန့်ချန်က ဆိုသည်။
"အဲ့လောက် မလွယ်ပါဘူး၊ ရှင်လည်း အဲ့ဒီ ယန်နတ်ဘုရား အုပ်စုကို အထင်မသေးပါနဲ့။ ကျွန်မ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ပေမဲ့ အခု လူ့လောက နယ်မြေကိုးခုရဲ့ အခြေအနေက အရမ်းကြီး ဆိုးမသွားသေးပါဘူး။ အခုချိန်မှာတော့ ရှင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး အဆင့်တက်အောင် လုပ်ပါ၊ အခု ရှင့်ရဲ့ ကျင့်ကြံမှုက အရမ်း နိမ့်လွန်းသေးတယ်"
ရွှေချင်းဟယ်က ပြုံးလျက် ဆိုသည်။
"ကျွန်တော် အဲ့ဒီ ယန်နတ်ဘုရားတွေကို တစ်ခါမှ အထင်မသေးခဲ့ပါဘူး။ သူတို့သာ မရှိရင် အခု ဒီနေရာက မိစ္ဆာနယ်မြေကိုးခု ဖြစ်နေလောက်ပြီ"
ဖန့်ချန်က ခါးသီးစွာ ပြုံးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ လက်အုပ်ချီ ဂါရဝပြုလိုက်သည်။
"စီနီယာက ဒီမှာပဲ စိတ်အေးလက်အေး ကျင့်ကြံဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ကျွန်တော် နှုတ်ဆက်ပါတယ်။ နောက်ထပ် အချိန်အတန်ကြာရင် ကျွယ်မင်နန်းတော်က ယင်မသေမျိုးတစ်ယောက် ဒီကို လာပါလိမ့်မယ်။ စီနီယာက မျက်နှာမပြချင်ရင်တော့ သူ့ကို မတွေ့ဘဲ နေလိုက်ရုံပါပဲ"