အခန်း (၁၅၁၅-၁၅၁၆)
Vol. 152 Ch. 1515-1516
အခန်း (၁၅၁၅) - မော်ထျန်းတီကျန့်
"ယင်မသေမျိုးတဲ့လား... ဘယ်လိုလမ်းစဉ်မျိုးလဲ။ အရင်တုန်းက ယင်လောကမှာ ယင်မသေမျိူးဆိုတဲ့ အခေါ်အဝေါ်မရှိဘူး၊ နတ်ဘုရားဝိညာဥ် ပဲ ရှိတာ"
ရွှေချင်းဟယ်၏ မျက်နှာထား လှုပ်ရှားသွားပြီး သူမ၏ မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ပေါ်လာသည်။
ဖန့်ချန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နတ်ဘုရားဝိညာဉ်နန်းတော် အတွင်း သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို ရွှေချင်းဟယ်အား အသေးစိတ် ပြောပြလိုက်သည်။
"သေခြင်းရှင်ခြင်း ရဲ့ စာမျက်နှာအပိုင်းစလား... ဒီကျွယ်မင်ယင်လောက က ဒါတင်မကဘဲ တခြား ဘာတွေကိုများ လက်ဝါးကြီးအုပ်ထားသေးတာလဲ"
ရွှေချင်းဟယ်၏ မျက်ဝန်းအစုံ တည်ကြည်လေးနက်သွားသည်။
"ရှန်းယန့်မီးဖိုတော် ကိုလည်း ပိုင်ဆိုင်ထားနိုင်တယ်။ ကျွယ်မင်ယင်လောကမှာ မိစ္ဆာသန့်စင်ခြင်းမျှော်စင် တစ်ခုရှိတယ်၊ အသိဉာဏ်မဲ့နေတဲ့ ယင်မိစ္ဆာတွေကို အဲ့ဒီထဲထည့်ပြီး ယင်သက်တမ်းအဖြစ် အရည်ကျိုပစ်လို့ရတယ်"
ဖန့်ချန်က ဆိုသည်။
"သံသရာဌာန က ဌာနမှူးရဲ့ ရှန်းယန့်မီးဖိုးတော်ဟုတ်လား... ဒါမဖြစ်နိုင်တာ။ အဲ့ဒီပစ္စည်းက အရင်တုန်းက တိုက်ပွဲမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့တာ၊ ဒါကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာပါ။ အဲ့ဒီမီးဖိုက ယင်လောက စတင်ဖြစ်ပေါ်လာကတည်းက ရှိခဲ့တဲ့ မူလရတနာ ပဲ၊ လူသားစွမ်းအားနဲ့ ပြုပြင်လို့မရဘူး။ ပျက်စီးသွားပြီဆိုရင် ပျက်စီးသွားတာပဲ"
ရွှေချင်းဟယ်က အသံပြတ်ပြတ်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ခဏအကြာတွင် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ကြည့်ရတာ ဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်အချို့ကို အခု လူ့လောက နယ်မြေကိုးခုက ထိပ်တန်းအင်အားစုတွေ စုပေါင်းခွဲဝေယူလိုက်ကြပြီ ထင်တယ်။ ဒီယင်လောကက အမည်ခံသက်သက်ပဲ ကျန်တော့တာပဲ။ ငရဲမင်းဖြစ်တဲ့ ရှင့်မှာတော့ ဘာအာဏာမှမရှိဘဲ အကုန်လုံး အဖယ်ကျဥ်းခံထားရပြီပေါ့"
"ကျွန်တော် အမွေအနှစ်ကို ရခဲ့ချိန်မှာ ဒီနေရာက ဒီလိုပုံစံ ဖြစ်နေပြီးသားပါ။ အဖယ်ကျဥ်းခံရတယ်လို့ ပြောလို့မရပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်သာ ရှန်းယန့်မီးဖိုတော်ကို လိုအပ်လာရင် ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြန်ယူမှာပါ"
ဟု ဖန့်ချန်က ဆိုသည်။
"ရှန်းယန့်မီးဖိုရဲ့ အပိုင်းအစ ပါ"
ရွှေချင်းဟယ်က ပြင်ပေးလိုက်ပြီးနောက် ဆက်ပြောသည်။
"ရှင် ခုနကပြောတဲ့ ယင်မသေမျိုးဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ တစ်ခု သတိရလိုက်တယ် "
"အရင်မျိုးဆက် ငရဲမင်း ရာထူးစလက်ခံခါစမှာ ယင်မိစ္ဆာကြီးတစ်ပါးက အမိန့်ကို မနာခံဘဲ ယင်လောကကို အသစ်ပြန်လည် တည်ထောင်ပြီး ငရဲမင်းနေရာကို အစားထိုးဖို့ ကြိုးစားခဲ့ဖူးတယ် "
"အဲ့ဒီ ယင်မိစ္ဆာကြီးရဲ့ ကျင့်ကြံမှုအဆင့်အတန်းက လူ့လောကရဲ့ ကောင်းကင်ဘုံ နဲ့ အလွန်နီးစပ်နေပြီ။ ငရဲမင်းရဲ့ အမွေအနှစ်ကနေ ရလာတဲ့ စွမ်းအားမြှင့်တင်မှုတွေကို ထည့်မတွက်ဘူးဆိုရင် အဲ့ဒီ ငရဲမင်းကိုယ်တိုင်တောင် ထိပ်တိုက်တွေ့ရင် ဒီမိစ္ဆာကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"အဲ့ဒီမိစ္ဆာက သူ့ရဲ့ တစ်ဦးတည်းသော စွမ်းအား၊ ပါရမီတွေနဲ့ နတ်ဘုရားဝိညာဥ်လမ်းစဉ်နဲ့ အလွန်ဆင်တူတဲ့ လမ်းစဉ်သစ်တစ်ခုကို တီထွင်ခဲ့တယ် "
"ဒီလမ်းစဉ်ကို လျှောက်တဲ့ ယင်မိစ္ဆာတွေဟာလည်း ဒီလောကရဲ့ ကံတရားစွမ်းအားကို စုပ်ယူနိုင်ခွင့်ရှိပြီး လူ့လောကမှာ ကိုယ်ထင်ပြနိုင်စွမ်း ရှိလာကြတယ် "
"အဲ့ဒီတုန်းက တစ်ချို့လူတွေက ဒီလမ်းစဉ်ကို ယင်မသေမျိုးလမ်းစဉ် လို့ ခေါ်ကြတယ်၊ လူ့လောကရဲ့ မသေမျိုးလမ်းစဉ်နဲ့တောင် တော်တော်လေး ဆင်တူတာမျိုးပေါ့ "
"အခုကြည့်ရတာ အဲ့ဒီ ယင်မသေမျိုးလမ်းစဉ်ဆိုတာ သေခြင်းရှင်ခြင်းစာအုပ် နဲ့ အကြီးအကျယ် ပတ်သက်နေပုံရတယ်"
ရွှေချင်းဟယ်၏ စကားကြောင့် ဖန့်ချန် အလွန်အံ့အားသင့်သွားရသည်။
ယင်လောကတွင် ဤမျှ ကြီးကျယ်သော ပုဂ္ဂိုလ်မျိုး ရှိခဲ့ဖူးသလား။
အရင်မျိုးဆက် ငရဲမင်းတောင် အမွေအနှစ်စွမ်းအားမပါလျှင် မယှဉ်နိုင်သော ပြိုင်ဘက်ပေါ့။
"အခုထိ ဒီလမ်းစဉ်ကို လျှောက်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုတာက အဲ့ဒီပုဂ္ဂိုလ်ဟာ အခုထိ အသက်ရှင်နေနိုင်သေးတယ်လို့ ဆိုလိုတာပဲ "
"အရင်တုန်းက တိုက်ပွဲမှာ သူ တစ်ခါမှ မျက်နှာမပြခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်ရင် သူက ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ရှောင်နေခဲ့တာ ဖြစ်ရမယ် "
ရွှေချင်းဟယ်က ရုတ်တရက် မေးလိုက်သည်။
"အခု ယင်လောကထဲမှာ ကိုယ့်ကိုယ်ကိုယ် ငရဲမင်းအဖြစ် ဘွဲ့နှင်းအပ်နှံဖို့ ကြိုးစားနေတဲ့သူ ရှိသလား "
"မကြားဖူးပါဘူး"
"ဒါဆိုရင်တော့ ထူးဆန်းနေပြီ။ တကယ်လို့ သူသာ အစွမ်းအစတွေကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အရင်မျိုးဆက် ငရဲမင်း ရှုံးနိမ့်သွားပြီးနောက်မှာ ဆက်ပြီး ပုန်းအောင်းနေစရာ အကြောင်းမရှိဘူး "
ရွှေချင်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဖြစ်နိုင်တာက သူ လွတ်မြောက်လို့မရတဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံနေရတာ ဖြစ်မယ်။"
"စီနီယာ... စောစောက ပြောတဲ့သူကို ဘယ်လိုခေါ်လဲဗျ သူ့ရဲ့ အစွမ်းက အရင်ငရဲမင်းထက်တောင် သာခဲ့ရင် အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုရင် ပိုတောင် အစွမ်းထက်နေလောက်ပြီ"
"အဲ့ဒီတုန်းက သူက ကိုယ့်ကိုယ်ကိုယ် မော်ထျန်းတီကျန့် လို့ ခေါ်ခဲ့တယ်။ တကယ်လို့ သူ အသက်ရှင်နေသေးရင် ရှင် ဟိုဟိုဒီဒီ သွားလာကြည့်တဲ့အခါ သဲလွန်စအချို့ တွေ့နိုင်ကောင်းပါရဲ့။ ဒါပေမဲ့... တကယ်လို့ ရှင့်အနေနဲ့ သူ့ကို တကယ်တွေ့ခဲ့ရင် မတွန့်ဆုတ်ပါနဲ့၊ ပြေးသာပြေးပေတော့။ ရှင်က အခုခေတ် ငရဲမင်းဆိုတာကို သူ သိသွားရင် ရှင့်ကို တစ်လုပ်တည်း ဝါးစားပစ်လိမ့်မယ်"
ရွှေချင်းဟယ်က ပြုံးလျက် ဆိုသည်။
စကားပြောရင်း သူမ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"ရှင် ခုနကပြောတဲ့ ကျွယ်မင်ယင်လောကမှာ မိစ္ဆာ သန့်စင်ခြင်းမျှော်စင် ရှိတယ်ဆိုတော့... သူတို့ဆီမှာ သံသရာဌာနရော ရှိသလား "
"ရှိပါတယ်"
"..."
ရွှေချင်းဟယ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျွယ်မင်ယင်လောက သံသရာဌာန၏ အသေးစိတ် အခြေအနေများကို မေးမြန်းသည်။
အတန်ကြာမှ သူမက စဉ်းစားဆင်ခြင်ဟန်ဖြင့်
"ဒီလိုဆိုရင်တော့ ကျွန်မ စောင့်ရှောက်ထားတဲ့ ဒီဝိညာဉ်တွေအတွက် သွားစရာ နေရာရှိသွားပြီ၊ ဒါဟာ သတင်းကောင်းပဲ "
"အချိန်တန်ရင် ဒီဝိညာဉ်တွေလည်း သံသရာဌာနထဲ ဝင်လို့ရမှာပါ။ သူတို့တွေက လူသားမျိုးနွယ်ရဲ့ မျိုးစေ့တွေပဲ၊ လူ့လောကကို ပြန်သွားရမယ် "
"စီနီယာ... ဒီကိစ္စကို ကျွန်တော် ပြောပြဖို့ လုပ်နေတာပါ။ ဟိုဘက်မှာ အခြေအနေ အဆင်သင့်ဖြစ်တာနဲ့ ကျွန်တော် ဒီကိုလာပြီး ဝိညာဉ်တွေကို ခေါ်သွားပါ့မယ်"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုသည်။
"အကူအညီ လိုတာရှိရင် ပြောပါ။ ကျွန်မရဲ့ ကျင့်ကြံမှုတွေ အခုထိ ပြန်မရသေးဘူး ဆိုပေမဲ့ ဒီကလေးကတော့ အစွမ်းအစ အနည်းငယ် ရှိပါတယ်"
ရွှေချင်းဟယ်က ဝိညာဉ်ကလေးငယ်ကို ညွှန်ပြသည်။
ဝိညာဉ်ကလေးငယ်က သူမ သူ့ကို ချီးကျူးနေသည်ကို သိဟန်ဖြင့် တဟဲဟဲနှင့် ပြန်လည်ရယ်မောပြပြန်သည်။
"ကဲ... ရှင့်လက်ထဲမှာ ယင်သက်တမ်း ဘယ်လောက် ကျန်သေးလဲ အဆင့်မြင့် ဝိညာဉ်သားရဲ ဆက်သွယ်ခြင်း အမိန့်တော်စာ တစ်ခု ရေးဖို့ လောက်ပါ့မလား "
ရွှေချင်းဟယ်က တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ဖန့်ချန်ကို ကြည့်ကာ မေးသည်။
"စီနီယာရဲ့ ဆိုလိုရင်းက..."
ဖန့်ချန်က ဝိညာဉ်ကလေးငယ်ကို တစ်ချက် ကြည့်လိုက်သည်။
"ဟုတ်တယ်၊ သူက နည်းနည်း ထူးခြားတယ်။ နတ်ဘုရားဝိညာဥ်အဖြစ် ဘွဲ့နှင်းလို့ မရပေမဲ့ အဆင့်မြင့် ဝိညာဉ်သားရဲ ဆက်သွယ်ခြင်း အမိန့်တော်စာနဲ့ဆိုရင်တော့ ဆက်သွယ်မှု တစ်ခု တည်ဆောက်လို့ ရတယ်။နောင်တစ်ချိန် လူ့လောကမှာ ရှင် အန္တရာယ်ကြုံလာရင် သူ့ရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်ကောင်းပါရဲ့ "
ရွှေချင်းဟယ်က ဆက်ပြောသည်
"သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် ရှင့်မှာ ယင်သက်တမ်း နှစ်ပေါင်း ၂ သန်းလောက် ရှိရင် လုံလောက်ပါလိမ့်မယ် "
"နှစ် ၂ သန်း... တော်တော်လေး လိုနေသေးတယ်ဗျ"
ဖန့်ချန်က ခါးသီးစွာ ပြုံးလိုက်သော်လည်း ဝိညာဉ်ကလေးငယ်ကို အမိန့်တော်စာဖြင့် ပိုင်ဆိုင်ခွင့်ရပါက သူ့အတွက် အကျိုးကျေးဇူး အလွန်ကြီးမားမည်ကို သိသဖြင့် လက်မလွှတ်လိုပေ။
"စီနီယာ... ကျွန်တော် ယင်လောကငယ်ကို ခဏ ပြန်သွားပါရစေ။ ယင်သက်တမ်း ၂ သန်း ရအောင် စုကြည့်ပါ့မယ်။ တကယ်လို့ မလောက်ရင်တော့ ခဏ ထပ်စောင့်ရမှာပေါ့"
ဟု ဖန့်ချန်က ဆိုသည်။
"ရပါတယ်၊ ကျွန်မတို့က ဒီမှာပဲ အမြဲရှိနေမှာပါ"
ရွှေချင်းဟယ်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။
"မိတ်ဆွေ ကြာနီကို စီနီယာ ခဏလောက် စောင့်ရှောက်ပေးထားပါဦး"
ဖန့်ချန်က ကြာနီနတ်မိမယ်ကို တစ်ချက် ကြည့်လိုက်သည်။
ထိုနေရာမှ ယင်လောကငယ်သို့ ပြန်ရန်မှာ အချိန်သိပ်မကြာပေ။
အသွားအပြန်ကို အမြန်သွားပါက နာရီဝက် ခန့်နှင့် လုံလောက်သည်။
"သွားလေ"
ဖန့်ချန်သည် ဝမ်ချွမ်းမြစ်၏ စွမ်းအားကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း ကျန်းကွမ်မြို့ ( သို့ ပြန်ရောက်လာသည်။
သူသည် ရှင်းရှန်း ကို ရှာတွေ့ပြီး စာရင်းဇယားများကို စစ်ဆေးကာ ယင်လောကငယ်၏ ကျန်ရှိသော ယင်သက်တမ်းများကို ယူဆောင်ရန် ပြင်ဆင်သည်။
သူ နောက်ဆုံးထွက်ခွာသွားပြီးကတည်းက နှစ်ပေါင်း ၂၀၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်း ရှင်းရှန်းက ကျန်းကွမ်မြို့ကို အလွန် ကောင်းမွန်စွာ စီမံခန့်ခွဲထားခဲ့သည်။
သို့သော် ဤမျှသော အချိန်အတိုင်းအတာသည် ကြီးမားလှသော ကျန်းကွမ်မြို့အတွက်မူ အဆင့်အတန်း သိသိသာသာ တိုးတက်လာရန် မလုံလောက်သေးပေ။
နှစ်စဉ် ပိုလျှံသော ယင်သက်တမ်းမှာ တစ်ခါတစ်ရံ များပြီး တစ်ခါတစ်ရံ နည်းပါးကာ တစ်ခါတစ်ရံတွင်မူ အရှုံးကို ပြန်ဖာနေရတတ်သည်။
အသွားအပြန် လုပ်ရင်း ရရှိသော အမြတ်မှာ ၂ သန်း ၄ သိန်းကျော်သာ ရှိပြီး ၎င်းတို့ကို ငရဲမင်းအမိန့်တော် က စုပ်ယူလိုက်သည်။
ကျန်းကွမ်မြို့မှတစ်ဆင့် ယင်လောကငယ်သို့ သွားသောအခါ နှစ်စဉ်ပိုလျှံမှုမှာ ပို၍ပင် နည်းပါးလှသည်။
ယင်လောကငယ်၏ ဌာနဆိုင်ရာများ များပြားလာပြီး လူအင်အား တိုးလာသည်နှင့်အမျှ နှစ်စဉ်အသုံးစရိတ်မှာလည်း အရင်ကထက် ပိုများလာသည်။
နှစ်ပေါင်း ၂၀၀ နီးပါး ပိုလျှံမှုမှာ ၃ သန်းကျော်သာ ရှိသဖြင့် အရေးပေါ်အသုံးပြုရန် အချို့ကို ချန်ထားခဲ့ပြီး ဖန့်ချန်က ယင်သက်တမ်း ၂ သန်းခန့်ကိုသာ ယူဆောင်သွားခဲ့သည်။
ငရဲမင်းအမိန့်တော်အတွင်းရှိ ယင်သက်တမ်းမှာ ရုတ်တရက် ၄ သန်း ၈ သိန်းကျော်အထိ တိုးပွားသွားတော့သည်။
ငရဲမင်းနန်းဆောင်
ဖန့်ချန်သည် လောကနှစ်ခု၏ အတားအဆီးရှေ့တွင် ရပ်နေသည်။
ယခုအချိန်တွင် အတားအဆီးမှာ အလွန် ပါးလွှာနေပြီဖြစ်ပြီး တစ်ဖက်မှ ပုံရိပ်ကို ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဤနေရာတွင် ယွမ်ဟယ် ချန်ထားခဲ့သော စာတစ်စောင် ရှိနေ၏။
စာထဲတွင် သူက လောကနှစ်ခု အတားအဆီးကို တစ်ကြိမ် ခိုင်ခံ့အောင် ကူညီပေးထားကြောင်းနှင့် ဖန့်ချန်အနေဖြင့် ဤနေရာကို အထင်မသေးဘဲ ယင်သက်တမ်းများကို အချိန်မီ ဖြည့်တင်းထားရန် သတိပေးထားသည်။
ဖန့်ချန် ခါးသီးစွာ ပြုံးလိုက်ပြီး ငရဲမင်းအမိန့်တော်အတွင်းရှိ ယင်သက်တမ်းများကို လောကနှစ်ခု အတားအဆီးပေါ်သို့ ချက်ချင်း လောင်းထည့်လိုက်သည်။
ယင်သက်တမ်း ၂ သန်းခန့်သာ ကျန်ရှိတော့သည့် အချိန်အထိ သူ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
လောကနှစ်ခု အတားအဆီးမှာ ထူးထူးခြားခြား ပြန်လည် ထူထဲလာပြီး တစ်ဖက်မှ ပုံရိပ်မှာမူ ဒေါသထွက်လွန်း၍ ခုန်ပေါက်နေဟန် တူပေသည်။
အခန်း (၁၅၁၆) - ဝိညာဉ်ကလေးငယ်ကို ဘွဲ့နှင်းအပ်ခြင်း
ယင်လောကငယ်၊ လျှို့ဝှက်အစောင့်အရှောက်ဌာန
နှစ်အတော်ကြာ မတွေ့ဖြစ်ကြသော်လည်း ရှကျီ၏ ကျင့်ကြံမှုမှာ အတော်ပင် တိုးတက်နေပြီ ဖြစ်သည်။
အထက်သုံးဆင့် ကျင့်ကြံသူများအတွက်မူ နှစ်ပေါင်း ၂၀၀ ဆိုသည်မှာ ဘာမျှမဟုတ်သော်လည်း ရှကျီ၏ ယခင်ကျင့်ကြံမှု အခြေအနေအရဆိုလျှင် ဤနှစ်ပေါင်း ၂၀၀ ကျော်အတွင်း ရရှိသော ရလဒ်မှာ မသေးလှပေ။
ဖန့်ချန် မထွက်ခွာမီက ရှကျီကို တာအိုသုံးထောင်ကျင့်စဉ်ကို သင်ကြားပေးခဲ့သည်။
ထိုအထောက်အပံ့ကြောင့် ယခုအခါ ရှကျီ၏ ကျင့်ကြံမှုမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ သိသိသာသာ ရောက်ရှိနေပြီ ဖြစ်သည်။
"နောက်ထပ် သိပ်မကြာခင်မှာပဲ မင်းက တက်လှမ်းခြင်းအဆင့် ကို တက်လှမ်းနိုင်တော့မယ်လို့ ငါထင်တယ်"
ဖန့်ချန်က ရှကျီကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြုံးလျက် ဆိုသည်။
"တာအိုသုံးထောင် ကျင့်စဉ်နဲ့ ဒီနေရာက ယင်သက်တမ်းတွေရဲ့ ပံ့ပိုးမှုသာ မပါရင် ငါ့ရဲ့ ကျင့်ကြံမှုက ဒီလောက် မြန်မှာ မဟုတ်ပါဘူး"
ရှကျီက ပြုံးလျက် ခေါင်းခါလိုက်ပြီး
"ငါ တွက်ကြည့်ဖူးတယ်၊ ပုံမှန်ကျင့်ကြံမှု နှုန်းနဲ့ဆိုရင် ငါ့ရဲ့ ပါရမီအရ အခုချိန်မှာ အလယ်သုံးဆင့်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေဦးမှာပါ"
"ကျင့်ကြံခြင်းဆိုတာ အတွင်းပိုင်းရော အပြင်ပိုင်းပါ ကျင့်ကြံရတာပဲ၊ အပြင်ပိုင်းဆိုတာက အရင်းအမြစ်တွေကို ပြောတာ"
ဖန့်ချန်က ဆိုသည်
"ကျွယ်မင်နန်းတော်ဘက်က အမာခံတပည့်တွေ ဘယ်လို အရင်းအမြစ်မျိုးတွေ ရနေလဲဆိုတာ မင်းမသိဘူး၊ အမာခံတပည့် ဖြစ်သွားပြီဆိုရင် နည်းနည်းလေး ကြိုးစားလိုက်တာနဲ့ လောကရဲ့ ထိပ်တန်း အတတ်ပညာတွေကို ပိုင်ဆိုင်နိုင်တယ်"
သူတို့နှစ်ဦး အတန်ကြာ စကားပြောဖြစ်ကြပြီး လွန်ခဲ့သည့် နှစ်များအတွင်း သူတို့၏ အခြေအနေများကို အပြန်အလှန် ဖလှယ်ကြသည်။
"မင်း ချင်းဟယ်မယ်သီလရှင်လေးကို မှတ်မိသေးလား "
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
"မှတ်မိတာပေါ့၊ ဘာလို့ ရုတ်တရက် သူ့အကြောင်း မေးတာလဲ ဒါမှမဟုတ်..."
ရှကျီက ဖန့်ချန်ကို ထူးခြားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သူ့ရဲ့ နောက်ခံက နည်းနည်း ထူးခြားတယ်၊ ဒီနှစ်တွေထဲမှာ သူ့ကို ရှာပေးပါဦး။ တွေ့ပြီဆိုရင်လည်း သူ့ကို တစ်ယောက်ယောက် လွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါ၊ ဘာအန္တရာယ်မှ မဖြစ်စေနဲ့ဦး"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"နောက်ခံ ထူးခြားတယ် ဟုတ်လား အင်း...လျှိုဝှက်စောင့်ရှောက်ရေးဌာနက လူတွေကို သေချာ သတိထားခိုင်းလိုက်ပါ့မယ်၊ သိပ်မကြာခင်မှာ ရှာတွေ့မှာပါ။မြေဝက်ဝံကြယ် က ဘယ်လောက်မှ ကျယ်တာ မဟုတ်ဘူးလေ"
ရှကျီက ပြုံးလျက် ပြန်ပြောသည်။
"ဒါလည်း ဟုတ်တာပါပဲ"
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ငါ့ရဲ့ ဝမ်းကွဲညီမလေး အခု ဘယ်လိုနေလဲ "
"ယွမ်ရှင်းလား... သူ အဆင်ပြေပါတယ်၊ ဒီနှစ်တွေထဲမှာ တော်တော်လေး ကြိုးစားရှာတယ်၊ အရင်ကထက်လည်း ပိုပြီး ရင့်ကျက်လာပြီ"
ဟု ရှကျီက ဆိုသည်။
သူသည် လျှိုဝှက်စောင့်ရှောက်ရေးဌာန၏ ဌာနမှူး ဖြစ်သည်နှင့်အညီ မိမိအာဏာကို အသုံးပြု၍ ဘေးနားက လူများကို အရင် ကာကွယ်ထားရသည်။
နန်ချင်းကြယ်တာရာဘက်က ဖန့်ကျစ်ရွှယ်တို့ အုပ်စုကိုသာ သူ လက်လှမ်းမမီသော်လည်း ကျန်ရှိသည့်သူများမှာမူ သူ၏ မျက်စိအောက်တွင် ရှိနေသဖြင့် ထိုနှစ်များအတွင်း အန္တရာယ်များစွာကို ရှောင်လွှဲပေးနိုင်ခဲ့သည်။
"ဒါနဲ့... ဒီနှစ်တွေထဲမှာ လျှိုဝှက်စောင့်ရှောက်ရေးဌာန (ကျွယ်မင်နန်းတော်ဘက်မှ လျှိုဝှက်စောင့်ရှောက်ရေးဌာန) ရယ်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း ရယ်၊ ပြီးတော့ နတ်ရိုသေနန်းတော် တို့က ဒီယင်လောကငယ်ထဲကို ထိုးဖောက်ဖို့ ကြိုးစားနေတုန်းပဲ၊ ငါတို့ လူအတော်များများကို ဖမ်းမိထားတယ်။ လျှိုဝှက်စောင့်ရှောက်ရေးဌာနက လူတွေကိုတော့ ဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်၊ နတ်ရိုသေနန်းတော်ဘက်ကတော့ တန်ဖိုးတစ်ခုခု ပေးဆပ်ရတယ်။ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူတွေကိုတော့ တရားသူကြီးဌာနကို ပို့ပြီး စီရင်ခိုင်းတာ ဒါမှမဟုတ် ဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တယ်"
ရှကျီက ဆိုသည်။
"ကောင်းတယ်"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် ရှကျီကို မသေမျိုးလမ်းစဉ် များနှင့် ပတ်သက်သော အချက်အလက်အချို့ကို ပြောပြလိုက်သည်။
"မင်း တက်လှမ်းခြင်းအဆင့် ရောက်ပြီဆိုရင်တော့ စောစောစီးစီး မသေမျိူး ဖြစ်ဖို့ မလောနဲ့ဦး။ အောက်နယ်မြေခြောက်ခု မှာ အရင်းအမြစ် နည်းပါးလွန်းလို့ ဒီက ကျင့်ကြံသူတွေက သုံးကြိမ်မြောက် အသွင်ပြောင်းပြီးမှ အဆင့် ၄ မသေမျိုးလမ်းစဉ်အတွက် နတ်ဆေးပင်တွေကို ရှာကြတာ"
ဖန့်ချန်က ဆက်ပြောသည်
"ဒါပေမဲ့ ငါ့အမြင်အရဆိုရင် အဲ့ဒါက အခြေခံကို အားနည်းစေလိမ့်မယ်။ မသေမျိုးလမ်းစဉ် တစ်ခုချင်းစီမှာ ထူးခြားတဲ့ အချက်တွေ ရှိတယ်။ ဆေးဝါးသုံးမျိုး လျော့သွားရင် အခြေခံစွမ်းအား သုံးပုံတစ်ပုံ လျော့သွားတာနဲ့ အတူတူပဲ"
"ငါလည်း အဲ့ဒါကို နည်းနည်းတော့ ကြားဖူးတယ်၊ ဒါပေမဲ့ လျှိုဝှက်စောင့်ရှောက်ရေးဌာနရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒီလောက် အသေးစိတ်အထိ မစုံစမ်းနိုင်သေးဘူး။ မင်း ဒီနေ့ ပြောပြတဲ့ သတင်းတွေရဲ့ တစ်ဆယ်ပုံ တစ်ပုံတောင် ငါမသိဘူး"
ရှကျီက ပြုံးလျက်
"မသေမျိုးလမ်းစဉ်တွေက အများကြီးဆိုတော့ အချိန်ရမှ ငါ သေချာ စဉ်းစားပြီး ငါနဲ့ အကိုက်ညီဆုံး လမ်းစဉ်ကို ရွေးရမှာပေါ့"
"လမ်းစဉ်တစ်ခု ရှိတယ်၊ အဲ့ဒါက အစစ်မှန်မသေမျိုးလမ်းစဉ် ပဲ။ ဒီလမ်းစဉ်ကို မသေမျိုးလောကငယ် က သေချာ ထိန်းသိမ်းထားတာ၊ အပြင်ကို သတင်းပေါက်ကြားခဲ့ရင်တောင် အထက်နယ်မြေသုံးခုဘက်က မပြည့်စုံတဲ့ သတင်းတွေကိုပဲ ရကြတာ"
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ဆိုသည်။
"မင်းဆီမှာ အပြည့်အစုံ ရှိတာလား"
ရှကျီက အံ့အားသင့်စွာ မေးသည်။
"အဆင့် ၁ ကနေ အဆင့် ၈ အထိ အကုန်ရှိတယ်။ မင်းကို လိုအပ်တဲ့ ဆေးပင်တွေ ပြောပြထားမယ်၊ နောက်ပိုင်းမှာ ဒီလမ်းစဉ်ကို လျှောက်ဖို့ ဆုံးဖြတ်ရင် လျှိုဝှက်စောင့်ရှောက်ရေးဌာနက လူတွေကို ဒီဆေးပင် တွေအပေါ် သတိထားကြည့်ခိုင်းထားလိုက်"
"ဒါပေမဲ့... လုပ်ဆောင်တဲ့အခါ သတိထားဦး။ မသေမျိုးလောကငယ်ဘက်က လမ်းစဉ် ပေါက်ကြားမှာ စိုးလို့ ဒီဆေးပင်တွေကို အထူးစောင့်ကြည့်နေမှာပဲ။ မင်းလည်း အဲ့ဒီဆေးတွေကို ရှာနေမှန်း သိသွားရင် တစ်ခုခုကို ရိပ်မိသွားပြီး ဒုက္ခရောက်နိုင်တယ်"
ဖန့်ချန်က ဆိုသည်။
ရှကျီ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင် ပေါ်လာပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
"ငါ နားလည်ပါပြီ"
ရှကျီထံမှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် အခြားသော ဌာနအသီးသီးသို့ လှည့်လည်ကြည့်ရှုပြီးမှ ရွှေချင်းဟယ်၏ အိမ်ရာငယ်သို့ အမြန်ပြန်လာခဲ့သည်။
ဝမ်ချွမ်းမြစ်၏ စွမ်းအား၊ လောကကူးတံတားများနှင့် ငရဲမင်းအမိန့်တော်များသာ မရှိပါက ထိုကဲ့သို့သော အသွားအပြန် ခရီးတစ်ခုသည် သာမန်လူတစ်ဦးအတွက် နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ကြာမြင့်နိုင်ပေသည်။
ဖန့်ချန်အတွက်မူ နာရီဝက်ခန့်အတွင်း လက်ဖက်ရည်သောက်ရင်း စကားပြောကာ ကိစ္စရပ်များစွာကိုပါ ဖြေရှင်းနိုင်ခဲ့သည်။
"ပြန်လာပြီလား ယင်သက်တမ်း လောက်ရဲ့လား"
ရွှေချင်းဟယ်က သာသာယာယာ ပြုံးလျက် မေးသည်။
"ယင်သက်တမ်း နှစ်ပေါင်း ၂ သန်း ရှိပါတယ်၊ ဒါပေမဲ့ အဆင့်မြင့် ဝိညာဉ်သားရဲ ဆက်သွယ်ခြင်း အမိန့်တော်စာကို အောင်မြင်အောင် လုပ်ဖို့ လောက်ပါ့မလား မသိဘူး"
ဟု ဖန့်ချန်က ဆိုသည်။
"ရှင့်မှာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိရင် ဒါကို စိုးရိမ်နေမှာ မဟုတ်ဘူး။ ကျွန်မ ပြောတဲ့ ပမာဏက အစိတ်ချရဆုံး ပမာဏပဲ၊ တကယ်တော့ နှစ် ၂ သန်းတောင် ကုန်မှာ မဟုတ်ပါဘူး"
ရွှေချင်းဟယ်က ပြုံးလျက် ထလိုက်ပြီး ဝိညာဉ်ကလေးငယ်၏ ဘေးနားသို့ သွားကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ဝိညာဉ်ကလေးငယ်က တဟဲဟဲနှင့် ရယ်မောလိုက်သော်လည်း သူ၏ လက်ကလေးနှစ်ဖက်မှာမူ ကြာနီနတ်မိမယ်၏ မျက်လုံးများပေါ်မှ ဖယ်ရှားခြင်း မရှိသေးပေ။
"ရပါပြီ၊ ရှင် တိုက်ရိုက် ဘွဲ့နှင်းခြင်းအပ် လိုက်ရုံပါပဲ၊ သူက ပြန်ခုခံမှာ မဟုတ်ဘူး"
ဟု ရွှေချင်းဟယ်က ဆိုသည်။
"ဘာဖြစ်လို့ အရင်မျိုးဆက် ငရဲမင်းက သူ့ကို ဘွဲ့မနှင်းမပေးခဲ့တာလဲဗျ တကယ်လို့ ဘွဲ့နှင်းခဲ့ရင် စီနီယာအနေနဲ့ ကျွတ်လွတ်အောင် လုပ်ပေးနေစရာ မလိုတော့ဘူးလေ"
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အရင်မျိုးဆက် ငရဲမင်းက အရမ်းကို ဝင့်ကြွားလွန်းတယ်၊ သူ့မျက်စိထဲ ဝင်တဲ့သူဆိုတာ ရှားမှရှား..."
ရွှေချင်းဟယ်က စဉ်းစားဟန်ဖြင့် ဆိုသည်။
ဖန့်ချန် နားလည်လိုက်ပါပြီ။
ဆိုလိုသည်မှာ အရင်ငရဲမင်းသည် ထို ဝိညာဥ်ကလေးငယ်ကို မျက်စိထဲ မဝင်ခဲ့ခြင်း ဖြစ်သည်။
ဖန့်ချန်လည်း ဆက်မမေးတော့ဘဲ အဆင့်မြင့် ဝိညာဉ်သားရဲ ဆက်သွယ်ခြင်း အမိန့်တော်စာ ကို စတင် ရေးသားလေသည်။
သူသည် ယခင်က ဝိညာဉ်သားရဲ တစ်ကောင်ကို ဘွဲ့နှင်းဖူးသဖြင့် ယခုမှာ ဒုတိယအကြိမ် ဖြစ်ပြီး အရာအားလုံးက ကျွမ်းကျင်နေပြီ ဖြစ်သည်။
ထိုလုပ်ငန်းစဉ်အတွင်း ရွှေချင်းဟယ်က အိမ်ရှေ့တွင် ရပ်စောင့်ပေးနေပြီး မမြင်နိုင်သော အလင်းတန်း တစ်ခုက ဤနေရာကို လွှမ်းခြုံထားသဖြင့် အတွင်းမှ အငွေ့အသက်များ အပြင်သို့ အနည်းငယ်မျှ ပေါက်ကြားခြင်း မရှိပေ။
တံခါးရှေ့မှ လူများ ဖြတ်သွားလျှင်ပင် အတွင်းမှ အစစ်အမှန် မြင်ကွင်းကို မြင်နိုင်မည် မဟုတ်ပေ။
နာရီဝက်ခန့်အကြာတွင် ရှေးဟောင်း အစီရင်များ မှာ ဝိညာဉ်ကလေးငယ်၏ ကိုယ်ပေါ်တွင် တစ်ချက်ချင်း လက်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။
ဘွဲ့နှင်းအပ်ခြင်း အောင်မြင်သွားပါပြီ။
ဝိညာဉ်ကလေးငယ်သည် ကြာနီနတ်မိမယ်၏ ကျောပေါ်မှ ဖန့်ချန်၏ ကိုယ်ပေါ်သို့ ချက်ချင်း ခုန်ကူးလိုက်ပြီး တဟဲဟဲနှင့် ရယ်မောနေတော့သည်။
သူနှင့် ဖန့်ချန်အကြားတွင် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ဖြစ်တည်သွားပြီ ဖြစ်သဖြင့် အရင်ကထက် ပို၍ ရင်းနှီးလာလေသည်။
ကြာနီနတ်မိမယ်မှာမူ ဘာမျှ သတိမပြုမိဘဲ ခုနက အချိန်များသည် သူမအတွက် ရပ်တန့်နေသကဲ့သို့ပင်။
ရွှေချင်းဟယ်သည် သူတို့နှစ်ဦးနှင့် အတန်ကြာ စကားပြောပြီးနောက် ဧည့်သည်များကို လိုက်လံ ပို့ဆောင်ပေးသည်။
"ဖန့်မိတ်ဆွေ... ဒီစီနီယာ ရွှေက တကယ့်ကို ဝိညာဥ်ကလေးငယ်ရဲ့ မိခင် လား အရင်တုန်းက အဆင့် ၉ မသေမျိုးလား "
သူတို့နှစ်ဦး လမ်းမပေါ်သို့ ရောက်ရှိပြီး အတန်ငယ် ဝေးကွာသွားမှ ကြာနီနတ်မိမယ်က သံသယဖြင့် မေးလိုက်သည်။
"ကြည့်ရတာ မတူဘူး မဟုတ်လား "
ဖန့်ချန်က ပြုံးလိုက်သည်
"စီနီယာက စိတ်ထားကောင်းတယ်၊ ဟို ထူးခြားသူ ပြောသလိုပဲ။ ဒါကြောင့်လည်း အစတုန်းက ငါတို့ကို လွှတ်ပေးလိုက်တာပေါ့"
"ဒါပေမဲ့ ရုတ်တရက် ရှင့်ကို ခေါ်လိုက်တာကတော့ အရင်က အကြောင်းတွေ ပြောဖို့ သက်သက်ပဲ မဟုတ်လောက်ဘူးနော် "
ကြာနီနတ်မိမယ်၏ မျက်ဝန်းထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သည်။
"အရင်က အကြောင်းတွေ ပြောဖို့ပဲ ဖြစ်မှာပါ။ ငါတို့ တတိယစီနီယာအစ်မတို့ကို သွားရှာကြစို့၊ ဒီမှာလည်း ထူးထူးခြားခြား လျှောက်ကြည့်စရာ မရှိတော့ဘူး။ တကယ်လို့ သူတို့တွေ မပြန်သေးဘူးဆိုရင် ငါတို့ အရင်ဆုံး လူ့လောကကို ပြန်ကြတာပေါ့"
ဖန့်ချန်က စကားလမ်းကြောင်း လွှဲလိုက်ပြီး လူအုပ်ကြားထဲတွင် ချန်အင်းရွှယ်တို့ အုပ်စုကို လိုက်လံ ရှာဖွေလေတော့သည်။