အခန်း (၁၈၁-၁၈၂)
Vol. 16 Ch. 181-182
အခန်း (၁၈၁) - ကံကောင်းခြင်း
ဘာသာပြန် - အားသစ်
တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နှင့် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တို့ကို မြင်တွေ့ပြီးနောက် လင်းဖုန်း နားလည်သွားသည်။ သူတို့ လမ်းမှားလျှောက်နေခဲ့ကြသည်။ အရာရာအားလုံး မှားယွင်းနေခဲ့သည်။ လူသားတို့၏ လက်ရှိ သိုင်းပညာလမ်းစဉ်မှာ အခြေခံအားဖြင့် အမှားအယွင်းများချည်းသာ ဖြစ်ပေသည်။
အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို အဓိကထားသည်က မှန်ကန်သော်လည်း အသွင်ပြောင်းလဲမှု ပြီးနောက် သိုင်းသမားအများစုက ကြယ်တာရာစွမ်းအားကိုသာ အခြေခံအဖြစ် ကျင့်ကြံကြခြင်းမှာ ကြီးမားသော အမှားကြီးတစ်ခုပင် ဖြစ်သည်။
အစပိုင်းတွင် လင်းဖုန်းသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အသုံးဝင်ပြီး ကြယ်တာရာစွမ်းအား ကျင့်ကြံသကဲ့သို့ ပြုလုပ်သင့်သည်ဟု ထင်ခဲ့သည်။ ယခု ပြန်စဉ်းစားကြည့်သောအခါ ၎င်းမှာလည်း ရယ်စရာကောင်းလှသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းကလည်း ကြီးမားသော အမှားကြီးတစ်ခုသာ ဖြစ်သည်။
"မင်း နားလည်ပြီလား... ဒါက မင်းရဲ့ အခွင့်အရေးပဲ။ ကံကောင်းတဲ့ လူငယ်လေး"
လောင်ဘီသမ်၏ မျက်လုံးများထဲရှိ အနီရောင်အလင်းမှာ တဖျတ်ဖျတ် လက်နေပြီး လင်းဖုန်းကိုပင် အားကျနေသကဲ့သို့ ရှိသည်။ ဤအခွင့်အရေးကို ပေးအပ်ရန် နှစ်ပေါင်း ၃ ဘီလီယံကျော် စောင့်ဆိုင်းခဲ့ရသော်လည်း လင်းဖုန်း တစ်ဦးတည်းသာ ၎င်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။ "ကျွန်တော် တစ်ယောက်တည်း ရတာ ဟုတ်လား။ ခင်ဗျား အရင်က ပြောခဲ့တာက မျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေ အများကြီး ဖြန့်ထားတယ်ဆို၊ ပြီးတော့ ရတဲ့သူတွေလည်း မနည်းဘူးဆို။ တကယ်လို့ နောက်နောင်မှာ တစ်ယောက်ယောက်ကများ ထပ်ရသွားရင်ရော ဘယ်လိုလုပ်မလဲ"
"နောက်တစ်ယောက် ထပ်ရသွားရင်တောင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာက အသက်ဝင်တော့မှာ မဟုတ်ဘူး။ မင်း ဒီကို ရောက်လာပြီး ဒီအခွင့်အရေးကို ရသွားပြီဆိုတော့ တခြားမျိုးရိုးဗီဇကိရိယာတွေ အကုန်လုံးကို ပိတ်လိုက်ပြီ။ မင်း မသေမချင်း နောက်ထပ်ဘယ်သူမှ ဒီနေရာကို ဝင်လာနိုင်မှာ မဟုတ်တော့ဘူး"
လင်းဖုန်း၏ မျက်လုံးများ လင်းလက်သွားသည်။ ဤသို့ဆိုလျှင် သူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လျှို့ဝှက်ချက်ကို ဆက်လက် သိမ်းဆည်းထားနိုင်မည် မဟုတ်ပါလား။ သို့သော် ယင်းမှာ အနည်းငယ် တရားမျှတမှု မရှိသလို ခံစားရသည်။
"ဘာဖြစ်လို့ ဒီလိုနည်းလမ်းကို သုံးရတာလဲ။ မျိုးရိုးဗီဇကိရိယာတွေ အများကြီး ပစ်လွှတ်ထားပြီးပြီပဲဟာကို၊ ဘာလို့ လူများများကို မျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေ ထပ်ရခွင့် မပေးတာလဲ။ အဲဒီအထဲကနေ ထူးချွန်တဲ့သူတစ်ယောက်ယောက်များ ပေါ်လာရင်ရော"
ပုံမှန်အခြေအနေအရဆိုလျှင် ဤသည်မှာ ကိုယ်စားလှယ်လောင်းများ ပိုမိုရှာဖွေရန် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်သည်။
သို့သော် လောင်ဘီသမ်က ခေါင်းခါကာ ပြောလိုက်သည်။ "ဒါက သခင်ကြီးရဲ့ စည်းမျဉ်းပဲ။ သခင်ကြီး တစ်ခါက ပြောဖူးတယ်... ကျယ်ပြောလှတဲ့ စကြဝဠာကြီးက အရမ်းကို အန္တရာယ်များတယ်။ အဲဒီစကြဝဠာကြီးထဲမှာ အသက်ရှင်ရပ်တည်ပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ဆိုရင် ခွန်အားအပြင် ကံကောင်းခြင်းကလည်း အရမ်းကို အရေးကြီးတယ်။ တစ်ခါတလေမှာ ကံကောင်းခြင်းက ခွန်အားထက်တောင် ပိုအရေးကြီးတတ်တယ်။ ဒါကြောင့် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို မရခဲ့ပေမဲ့ ကံကောင်းတဲ့သူ ဒါမှမဟုတ် မျိုးရိုးဗီဇကိရိယာကို ရပေမဲ့ မင်းလိုပဲ အသက်ဝိညာဥ်အသွင်ပြောင်းလဲမှုလေးကြိမ်အထိ မရောက်သေးတဲ့သူတွေဆိုရင် အခွင့်အရေးတွေနဲ့ ဆုချီးမြှင့်ခံရလိမ့်မယ်"
"ဒါက မင်းရဲ့ ကံကောင်းခြင်းပဲ"
လင်းဖုန်း စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ မှန်ပေသည်။ တစ်ခါတစ်ရံတွင် ကံကောင်းခြင်းမှာ အမှန်တကယ် အရေးကြီးလှသည်။ သူသည်လည်း မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ကံကောင်း၍ ရခဲ့ခြင်း ဖြစ်ပုံရသည်။ တစ်စုံတစ်ယောက်က ဗဟိုပင်လယ်တက္ကသိုလ်၏ စာကြည့်တိုက်တွင် ဤသတ္တုဘောလုံးလေးကို သတိထားမိခဲ့ကောင်း ထားမိနိုင်သည် သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းကို ကစားစရာဟုထင်ကာ ထိုနေရာတွင် တမင်တကာ ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် လင်းဖုန်းက တိုက်တိုက်ဆိုင်ဆိုင် ရရှိသွားခဲ့သည်။ အဆုံးတွင် သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်လည်း ထိုနည်းတူပင်။ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ကူညီရင်း မြေအောက်ဂူထဲသို့ မတော်တဆ ရောက်ရှိလာခြင်း ဖြစ်သည်။ အဆုံးတွင် လောင်ဘီသမ်နှင့် တွေ့ဆုံခဲ့ရသည်။ ဤသည်မှာ ကံကောင်းခြင်းပင်။
"ကျွန်တော် တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နဲ့ ဘီမွန်စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တို့ကို ရပြီးသွားပြီ။ ဒါက အမွေအနှစ်လား"
"အမွေအနှစ်... ဟုတ်လား။ မင်း အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါက မင်းအတွက် အခွင့်အရေးတစ်ခု သက်သက်ပဲ။ အသက်ဝိညာဉ် လေးကြိမ်ပြောင်းလဲမှု မရှိဘဲနဲ့ မင်း တကယ့်အမွေအနှစ်ကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး။ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာတောင် အဆင့်လေးဆင့်ပဲ ရှိတာ။ မင်း အသက်ဝိညာဉ် လေးကြိမ်ပြောင်းလဲပြီးမှသာ တကယ့်အမွေအနှစ်ကို လက်ခံဖို့ ဒီနေရာကို ပြန်လာရမယ်။ အဲဒီအခါကျမှ မင်းက သခင်ကြီးရဲ့ တကယ့်တရားဝင် တပည့်တစ်ယောက်အဖြစ် သတ်မှတ်ခံရမှာ"
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ့မှတ်ဉာဏ်ထဲရှိ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နှင့် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တို့မှာ အလွန်ပင် အစွမ်းထက်နေပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုကျင့်စဉ်တို့မှာ တကယ့်အမွေအနှစ် မဟုတ်သေးပေ။ ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဘီမွန်ဆိုသူမှာ မည်မျှအထိ အစွမ်းထက်ပါသနည်း။
"ခင်ဗျားရဲ့ သခင်ကြီးက ဂြိုဟ်အဆင့် သက်ရှိလား"
လောင်ဘီသမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။ "ငါ့ရဲ့ သခင်ကြီး၊ ကြီးမြတ်လှတဲ့ သခင်ကြီးဘီမွန်က အစွမ်းထက်လှတဲ့ ဂလက်ဆီအဆင့် သက်ရှိတစ်ဦးပဲကွ"
"ဂလက်ဆီအဆင့် သက်ရှိ ဟုတ်လား... စကြဝဠာအဆင့် သက်ရှိ မဟုတ်ဘူးပေါ့..."
လင်းဖုန်းမှာ ခေါင်းခါလိုက်မိသည်။ သို့သော် လောင်ဘီသမ်က သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ဟမ့်... ဂြိုဟ်အဆင့် သက်ရှိတွေက ဘယ်လောက်တောင် ကြီးမြတ်လိုက်သလဲဆိုတာ မင်းသိလား။ မင်းတို့ဂြိုဟ်ကို ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်က အလွယ်လေး ဖျက်ဆီးပစ်နိုင်တယ်။ ဂလက်ဆီအဆင့် သက်ရှိတွေကိုတော့ ပြောမနေနဲ့တော့။ ကြီးမြတ်လှတဲ့ သခင်ကြီးက မင်းတို့ဂြိုဟ်ကို လေတစ်ချက်မှုတ်ရုံနဲ့တင် ဖျက်ဆီးပစ်နိုင်တယ်"
"လေတစ်ချက်မှုတ်ရုံနဲ့ ဂြိုဟ်ကို ဖျက်ဆီးပစ်နိုင်တယ် ဟုတ်လား"
လင်းဖုန်း သိပ်မယုံကြည်သော်လည်း ကြည့်ရသည်မှာ လောင်ဘီသမ် လိမ်ပြောနေပုံ မရပေ။ သို့သော် သူသည် ထိုကဲ့သို့ အစွမ်းထက်သော သက်ရှိမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် သူ၏ စိတ်ထဲတွင် ထိုသဘောတရားကို နားမလည်နိုင်ပေ။
သို့သော် လောင်ဘီသမ်၏ သခင်ကြီးမှာ စကြဝဠာထဲတွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်မှာ သေချာပေသည်။
"မင်း အခု စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ဒီနေရာမှာ ကျင့်လို့ ရပြီ။ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ကိုတော့ လောလောဆယ် ကျင့်လို့ မရသေးဘူး။ မင်းက အသက်ဝိညာဉ်တစ်ကြိမ် အသွင်ပြောင်းပြီးသွားပြီ၊ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကလည်း ပြီးဆုံးသွားပြီဆိုတော့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ အခွင့်အရေး လွတ်သွားပြီ။ ကံကောင်းတာက ဒါက ပထမဆုံးအကြိမ် အသွင်ပြောင်းလဲမှုပဲ ရှိသေးတာ။ ဆိုတော့က ဒီတစိခါ လွတ်သွားတာက သိပ်ကိစ္စမရှိပါဘူး။ နောင်လာမယ့် ဒုတိယ၊ တတိယနဲ့ အထူးသဖြင့် စတုတ္ထအကြိမ် အသွင်ပြောင်းလဲမှုတွေမှာ မလွတ်စေဖို့ပဲ လိုတယ်"
လင်းဖုန်း အချိန်ကို ကြည့်လိုက်သည်။ သူ မြေအောက်သို့ ရောက်လာခဲ့သည်မှာ ၃ ရက်နီးပါး ရှိနေပြီ ဖြစ်သည်။ တစ်နာရီ၊ နှစ်နာရီခန့်သာ လိုတော့သည်။
ထို့ကြောင့် သူက ခေါင်းခါကာ ပြောလိုက်သည်။ "ကျွန်တော် မြေပြင်ပေါ်ကို အမြန်ဆုံး ပြန်သွားမှ ဖြစ်မယ်။ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ဘယ်နေရာမှာမဆို ကျင့်လို့ရတာပဲ... လောစရာမလိုပါဘူး။ ဒါနဲ့... ကျွန်တော် ထွက်သွားရင် ဒီအာကာသယာဉ်က ဘယ်လိုလုပ်မလဲ။ တခြားလူတွေ တွေ့သွားနိုင်မလား"
"ဘယ်သူမှ တွေ့မှာ မဟုတ်ပါဘူး။ ငါ အဲဒီအဆင့်နိမ့်သက်ရှိကို ထိန်းချုပ်ထားပြီးပြီ။ သူက ဒီနေရာကို စောင့်ကြပ်ပေးလိမ့်မယ်။ မင်း သွားချင်ရင် သွားလို့ရတယ်... ဒါပေမဲ့ ငါ့ကို မင်းနဲ့အတူ ခေါ်သွားရမယ်"
"ခင်ဗျားကို ခေါ်သွားရမယ် ဟုတ်လား"
လင်းဖုန်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ လောင်ဘီသမ်၏ အရွယ်အစားမှာ အလွန် သိသာလွန်းလှသည်။ အကယ်၍ သူသာ လောင်ဘီသမ်ကို အပြင်သို့ ခေါ်သွားပါက တခြားသူတွေ သေချာပေါက် တွေ့သွားပေလိမ့်မည်။
"ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြောတာ မဟုတ်ဘူး... ငါ့ရဲ့ အသိစိတ် တစ်စိတ်တစ်ပိုင်းကို ပြောတာ။ အင်း... ပြောပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး။ မင်းရဲ့ ဆက်သွယ်ရေးစက်ကို ဒီပေး"
လင်းဖုန်းက ဆက်သွယ်ရေးစက်ကို လောင်ဘီသမ်ထံ ပေးလိုက်ပြီးနောက် လောင်ဘီသမ်၏ လျှပ်စစ်မျက်လုံးများမှ အနီရောင်အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး ဆက်သွယ်ရေးစက်ကို လွှမ်းခြုံသွားသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် လောင်ဘီသမ်က ဆက်သွယ်ရေးစက်ကို လင်းဖုန်းထံ ပြန်ပေးလိုက်သည်။
"ဒါပဲလား"
"ဒါပေါ့... ငါ မင်းရဲ့ ဆက်သွယ်ရေးစက်ထဲ ရောက်နေပြီလေ"
"ဘာ..."
လင်းဖုန်း အသေအချာ နားထောင်ကြည့်လိုက်ရာ အသံမှာ သူ၏ ဆက်သွယ်ရေးစက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူ ဆက်သွယ်ရေးစက်ကို ကိုင်ကြည့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် လောင်ဘီသမ်၏ စက်ရုပ်ခေါင်းသဏ္ဍာန်ကို ပြသနေသည်။
"ငါတို့ စက်မှုယဉ်ကျေးမှုမှာ အရေးကြီးဆုံးက အသိစိတ်ပဲ။ ငါက မင်းရဲ့ ဆက်သွယ်ရေးစက်ကတစ်ဆင့် ကွန်ရက်ထဲကို ငါ့ရဲ့အသိစိတ် တစ်စိတ်တစ်ပိုင်း လွှဲပြောင်းပေးလိုက်ရုံတင်ပါ။ အရမ်းကြီးစိတ်လှုပ်ရှားနေစရာ မလိုပါဘူး"
"ခင်ဗျား ကွန်ရက်ထဲကို ရောက်သွားရင် ဘယ်သူမှ မတွေ့နိုင်ဘူးလား"
"မင်းတို့ရဲ့ လက်ရှိ နည်းပညာအဆင့်နဲ့ဆိုရင် နောက်နှစ်တစ်ထောင်လောက် ထပ်တိုးတက်ရင်တောင် ငါ့ကို တွေ့မှာ မဟုတ်ဘူး"
လင်းဖုန်းသည် လောင်ဘီသမ်ကဲ့သို့ သက်ရှိမျိုးကို အမှန်တကယ်ပင် နားမလည်နိုင်ပေ။ စက်မှုသက်ရှိဆိုတာ ဘာလဲ၊ ပြီးတော့ ခန္ဓာကိုယ်ကနေတောင် ခွဲထွက်နိုင်တယ် ဟုတ်လား။ တကယ့်ကို မယုံနိုင်စရာပဲ။ အကယ်၍ လူသားမျိုးနွယ်မှ သိပ္ပံပညာရှင်များသာ လောင်ဘီသမ်ကို လေ့လာခွင့်ရမည်ဆိုပါက တစ်ခုခုကို နားလည်လာနိုင်ပေလိမ့်မည်။
နားမလည်နိုင်သဖြင့် လင်းဖုန်း ဆက်မတွေးတော့ပေ။ သူသည် ဆက်သွယ်ရေးစက်ကို ယူကာ အာကာသယာဉ်ပေါ်မှ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။
တံခါးမှ ထွက်လျှင်ထွက်ချင်း ဧရာမသတ္တုဂိတ်တံခါးကြီး ဖြည်းဖြည်းချင်း ပိတ်သွားသည်ကို လင်းဖုန်း တွေ့လိုက်ရသည်။ လောင်ဘီသမ်၏ အမိန့်မရှိဘဲ အာကာသယာဉ်၏ တံခါးကို မည်သူမျှ ပြန်ဖွင့်နိုင်မည် မဟုတ်တော့ပေ။
ဧရာမသင်းခွေချပ်နတ်ဆိုးကြီးမှာ တံခါးအပြင်ဘက်တွင် ရှိနေဆဲပင်။ သို့သော် ထိုနတ်ဆိုးသည် အစောင့်အရှောက် ဖြစ်သွားပြီဖြစ်ကာ လောင်ဘီသမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ လက်ရှိအချိန်တွင် ထိုနတ်ဆိုးကြီးသည် မြေပြင်ပေါ်တွင် ဝပ်ဆင်းနေပြီး အညံ့ခံကာ ဟိန်းဟောက်နေသည်။
"ဒါနဲ့... လောင်ဘီသမ်... ဒီနေရာက နဂိုတုန်းက မြေပုရွက်ဆိတ်တွေရဲ့ နယ်မြေလေ။ အခု မြေပုရွက်ဆိတ်ဘုရင်မကလည်း ဒီသင်းခွေချပ်သားရဲ သတ်လို့ သေသွားပြီဆိုတော့ ငါတို့ သိုင်းသမားတွေက ဒီနေရာကို ဝင်လာပြီး အာကာသယာဉ်ကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
"အရမ်းလွယ်ပါတယ်။ မြေပုရွက်ဆိတ်တွေထဲကနေ နောက်ထပ် ပုရွက်ဆိတ်ဘုရင်မ တစ်ကောင် ထပ်ရွေးပေးလိုက်မယ်"
မကြာမီမှာပင် လောင်ဘီသမ်က မြေပုရွက်ဆိတ်များထဲမှ သာမန်နတ်ဆိုးအဆင့်သာရှိသော မြေပုရွက်ဆိတ် တစ်ကောင်ကို ဘုရင်မအဖြစ် ရွေးချယ်လိုက်သည်။ လောင်ဘီသမ်က မြေပုရွက်ဆိတ်များနှင့် မည်သို့ ဆက်သွယ်သည်ကို လင်းဖုန်း မသိသော်လည်း အဆုံးတွင် မြေပုရွက်ဆိတ်အားလုံးက လောင်ဘီသမ်၏ အမိန့်ကို နာခံကြသည်။
ပုရွက်ဆိတ်ဘုရင်မ ရှိလာပြီဖြစ်ရာ မြေပုရွက်ဆိတ်များ၏ ကြောက်မက်ဖွယ်ကောင်းသော အရေအတွက်ဖြင့် ဤနေရာကို ကာကွယ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင် ဖြစ်သွားတော့သည်။
ကိစ္စရပ်အားလုံး ပြီးစီးသွားပြီးနောက် လင်းဖုန်း ဆက်မနေတော့ပေ။ သူသည် ယခင်လာခဲ့ရာ မြေအောက်လိုဏ်ခေါင်းမှတစ်ဆင့် မြေပြင်ပေါ်သို့ ပြန်လည် ထွက်လာခဲ့တော့သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၈၂) - အကျိုးအမြတ်များ
ဘာသာပြန် - အားသစ်
လင်းဖုန်း မြေပြင်ပေါ်သို့ ပြန်တက်လာသောအခါ သင်းခွေချပ်သားရဲများနှင့် မြေပုရွက်ဆိတ် အမြောက်အမြားကို တွေ့ခဲ့ရသည်။ သို့သော် သင်းခွေချပ်သားရဲများဖြစ်စေ၊ မြေပုရွက်ဆိတ်များဖြစ်စေ လင်းဖုန်းကို လုံးဝ မမြင်သကဲ့သို့ပင် လျစ်လျူရှုထားကြသည်။
ထို့ကြောင့် လင်းဖုန်း၏ အပြန်လမ်းမှာ အလွန် ချောမွေ့သည်။ သူသည် လိုဏ်ခေါင်းများစွာကို အမြန်ဆုံး ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဟိုမှာ"
"ညီလေး လင်းဖုန်း... အဆင်ပြေရဲ့လား"
လင်းဖုန်း မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် လူရိပ်အချို့ကို တွေ့လိုက်ရသည်။ ထိုသူတို့မှာ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် မိုလေ့နှင့် အခြားသော တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားသုံးဦး ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့ စောင့်နေသည်မှာ အတန်ကြာပြီ ဖြစ်ပုံရသည်။
လင်းဖုန်း ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး အန္တရာယ်များခဲ့ပေမဲ့ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး"
"ဒါနဲ့ ညီကိုလင်း... မြေအောက်ထဲမှာ ဘာတွေ တွေ့ခဲ့လဲ။ မြေပြင်ပေါ်မှာရှိတဲ့ မြေပုရွက်ဆိတ်တွေ အကုန်လုံး ပျောက်သွားပြီး အစီအစဉ်တကျ ပြန်ဆုတ်သွားကြတယ်။ အစ်ကို့အတွေ့အကြုံအရဆိုရင် ဒါက မြေပုရွက်ဆိတ်ဘုရင်မရဲ့ အမိန့်ဖြစ်ရမယ်။ ဒါကြောင့် ငါတို့ ညီကိုလင်းအတွက် စိတ်ပူပြီး ဒီကို စောစောလာစောင့်နေတာ။ တကယ်လို့ ညီကိုလင်းသာ ပြန်မရောက်လာသေးရင် ငါတို့တွေ မြေအောက်ထဲ ဆင်းပြီး ကူညီဖို့ ပြင်ထားတာ"
မိုလေ့မှာ အနည်းငယ် မောက်မာတတ်သော်လည်း လူကောင်းတစ်ယောက် ဖြစ်သည်။ သူက ၃ ရက်စောင့်မည်ဟု ကတိပေးခဲ့လျှင် ၃ ရက်ပြည့်သည်နှင့် လင်းဖုန်းကို ရှာဖွေရန် မြေအောက်သို့ ဆင်းမည်မှာ သေချာပေသည်။
မိုလေ့၏ ခန့်မှန်းချက်အရ မြေအောက်ထဲတွင် မြေပုရွက်ဆိတ်ဘုရင်မ ရှိနေသည်။ မြေပုရွက်ဆိတ် များစွာမှာ ပုရွက်ဆိတိဘုရင်မ၏ အမိန့်အောက်တွင် စည်းကမ်းတကျ ဖြစ်သွားပါက တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးဦး မဆိုထားနှင့် အယောက် ၄၀ ဆိုလျှင်ပင် အသာစီးရရန် မလွယ်ကူပေ။
အထူးသဖြင့် ဤမြေအောက်လှိုဏ်ခေါင်းသည် မြေပုရွက်ဆိတ်များ၏ အသိုက်ဖြစ်နေသောကြောင့် ပို၍ပင် အန္တရာယ်များလှသည်။
လင်းဖုန်း အဖြေတစ်ခုကို ကြိုတင် စဉ်းစားထားပြီးဖြစ်သည်။ သူက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မြေအောက်ထဲမှာ ထူးထူးခြားခြားတော့ မရှိပါဘူး။ ပုရွက်ဆိတ်ဘုရင်မကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဘုရင်မက တစ်ခုခု ဖြစ်နေပုံရတယ်။ သူ ပြန်ကောင်းလာတာ မကြာသေးတဲ့ပုံပဲ။ မြေအောက်ထဲမှာ မြေပုရွက်ဆိတ်တွေ အရမ်းများနေပြီး မြေပုရွက်ဆိတ်ဘုရင်မကလည်း ပြန်ကောင်းလာပြီဆိုတော့ တစ်ခုခု မှားယွင်းသွားမှာ စိုးလို့ ကျွန်တော် မြေပြင်ပေါ်ကို ပြန်တက်လာခဲ့တာပါ"
"ထင်တဲ့အတိုင်းပဲ... မြေပုရွက်ဆိတ်ဘုရင်မက ပြဿနာတစ်ခုခု ရှိနေတာပဲ။ ဒါပေမဲ့ ပြဿနာကြီးတော့ မဖြစ်နိုင်ဘူး။ မြေအောက်ထဲမှာ ဆက်နေရင် အရမ်းအန္တရာယ်များလိမ့်မယ်"
ဝုန်း... ဝုန်း...
မိုလေ့ စကားပြောပြီးသည်နှင့် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လင်းဖုန်း ထွက်လာခဲ့သော မြေအောက်လိုဏ်ခေါင်းမှာ ပြိုကျသွားပြီး လုံးဝ ပိတ်ဆို့သွားတော့သည်။
ပြိုကျသွားသော လိုဏ်ခေါင်းကို ကြည့်ကာ မိုလေ့က ကြောက်လန့်တကြား ပြောလိုက်သည်။
"ကံကောင်းလို့ ညီကိုလင်း မြန်မြန်ထွက်လာတာ... မဟုတ်ရင် လိုဏ်ခေါင်း ပြိုကျသွားတဲ့အခါ မြေအောက်ထဲမှာ လုံးဝ ပိတ်မိသွားလိမ့်မယ်"
မြေအောက်ထဲတွင် ပိတ်မိသွားခြင်းမှာ သေဒဏ်ပေးခံရခြင်းနှင့် အတူတူပင်။
လင်းဖုန်းလည်း အလွန် အံ့အားသင့်သွားသည်။ သို့သော်လည်း ဤသည်မှာ အာကာသယာဉ်၏ လျှို့ဝှက်ချက်ကို မည်သူမျှ မသိစေရန် လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ပစ်လိုက်သော လောင်ဘီသမ်၏ အမိန့်ဖြစ်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။
"ကဲ... ကျွန်တော်တို့ အရင် ပြန်ကြစို့"
လင်းဖုန်းသည် လူရှေ့သူရှေ့တွင် လောင်ဘီသမ်ကို မေးမြန်းခြင်း မပြုရဲသဖြင့် မိုလေ့တို့နှင့်အတူ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။
မြောက်ပိုင်းနှင့် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ လူများက လင်းဖုန်း ပြန်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားကြသည်။ ယခင်က လင်းဖုန်း မြေအောက်သို့ တစ်ယောက်တည်း ဆင်းသွားကြောင်း ကြားရသောအခါ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ သိုင်းသမားများနှင့် မြောက်ပိုင်းတောင်တန်းမှ သိုင်းသမားများ အနည်းငယ် ပွတ်တိုက်မှု ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ လင်းဖုန်း မြေအောက်သို့ တစ်ယောက်တည်း သွားရခြင်းမှာ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ ပူးပေါင်းကြံစည်မှုဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
အဆုံးတွင် သူတို့ အတွေးလွန်သွားခြင်းသာ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သို့သော် ဤသည်မှာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် လင်းဖုန်း၏ လက်ရှိ ဩဇာတိက္ကမ မည်မျှ ကြီးမားနေကြောင်းကို ဖော်ပြနေခြင်းပင်။ အချိန်တိုအတွင်းမှာပင် လင်းဖုန်းသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် မရှိမဖြစ် အရေးပါသော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ညီကို လင်းဖုန်းနဲ့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းက သိုင်းသမားတွေအားလုံးကို ကျွန်တော်တို့ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းက အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီလောက် အဝေးကြီးအထိ လာပြီး ကျွန်တော်တို့ကို ကူညီပေးတဲ့အပြင် အကျပ်အတည်းကိုပါ ဖြေရှင်းပေးခဲ့တယ်။ ကျွန်တော်အပါအဝင် မြောက်ပိုင်တောင်တန်းက သိုင်းသမားတွေအားလုံး ဒီကျေးဇူးကို လုံးဝမမေ့ပါဘူး"
မိုလေ့ အလွန် စိတ်လှုပ်ရှားနေသည်။ ယခုတစ်ကြိမ် လင်းဖုန်းသာ မရှိခဲ့ပါက မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ တကယ်ပဲ အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။ ထို့ကြောင့် လင်းဖုန်းအပေါ် ထားရှိသော သူ၏ ကျေးဇူးတင်မှုမှာ အမှန်တကယ်ပင် ရိုးသားလှသည်။
"အစ်ကိုမိုလေ့... ဒီလို မပြောပါနဲ့။ အစ်ကိုတို့ရဲ့ မြောက်ပိုင်းတောင်တန်းကလည်း အရင်တုန်းက ကျွန်တော်တို့ တောင်ပိုင်းတောင်တန်းကို အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးတာပဲ။ လက်ရှိ တောင်ပိုင်းတောင်တန်းမြို့ အနီးတစ်ဝိုက်မှာ ကျွန်တော်တို့ အခြေစိုက်စခန်း နှစ်ခုပဲ ရှိတော့တာ။ ဒါကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ရိုင်းပင်းကူညီကြရမှာပေါ့"
"ဟားဟား... ညီကိုပြောတာ မှန်တယ်။ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီကြတာပေါ့"
မိုလေ့ ရယ်မောလိုက်ပြီး တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအပေါ် ထားရှိသော အထင်သေးမှုကို အပြီးတိုင် စွန့်လွှတ်လိုက်သည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် လင်းဖုန်း ရှိနေသရွေ့ သူတို့သည် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းထက် နောက်ကျကျန်ရစ်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။
လင်းဖုန်းနှင့် တောင်ပိုင်းတောင်တန်းမှ လူများ မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် ကြာကြာ မနေခဲ့ကြပေ။ လင်းဖုန်းသည် တောင်ပိုင်းတောင်တန်း အမြန်ပြန်ပြီး ယခုတစ်ကြိမ် ရရှိခဲ့သော အကျိုးအမြတ်များ အထူးသဖြင့် မြေအောက်မှ ရရှိခဲ့သော အခွင့်အရေးများကို လေ့လာအသုံးချချင်နေပြီ ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း၏ ဦးဆောင်မှုအောက်တွင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ လူများအားလုံး မြောက်ပိုင်းတောင်တန်းမှ အမြန်ဆုံး နှုတ်ဆက်ထွက်ခွာလာခဲ့ကြသည်။
တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် လင်းဖုန်း ချက်ချင်း တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ လူများမှာ သိပ်မအံ့ဩကြတော့ပေ။ စစ်သေနာပတိချုပ် လင်းဖုန်း မကြာခဏ တံခါးပိတ်ကျင့်ကြံတတ်သည်ကို သူတို့ အသားကျနေပြီ ဖြစ်သည်။
လျှို့ဝှက်အခန်းထဲတွင် လင်းဖုန်းသည် သူရရှိခဲ့သော အကျိုးအမြတ်များကို ဦးစွာ တွက်ချက်လိုက်သည်။
ယခုတစ်ကြိမ် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သွားရောက်ရာတွင် လင်းဖုန်းသည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ မြောက်ပိုင်းတောင်တန်း တိုက်ပွဲတွင် သူတစ်ကိုယ်တည်းပင် မြေပုရွက်ဆိတ်နတ်ဆိုး ၂၁ ကောင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အကျိုးပြုတန်ဖိုး ၁၀၅ မှတ် ရရှိခဲ့သည်။
မူလရှိရင်းစွဲ ၂၄၂ မှတ်နှင့် ပေါင်းလိုက်ပါက လင်းဖုန်းတွင် အကျိုးပြုတန်ဖိုး ၃၄၇ မှတ် ရှိနေပြီ ဖြစ်သည်။ သူ အကျိုးပြုတန်ဖိုး ရှာဖွေနိုင်သည့် အရှိန်မှာ ဒုံးပျံတစ်စင်းကဲ့သို့ပင်။ သာမန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် လင်းဖုန်းလောက် မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မည် မဟုတ်ပေ။
အကျိုးပြုတန်ဖိုးများ ရရှိခြင်းက ဒုတိယအရေးပါသော အရာသာ ဖြစ်သည်။ အစစ်အမှန် အကျိုးအမြတ်မှာ မြေအောက်မှ ရရှိခဲ့သော အခွင့်အရေးပင်။ အထူးသဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နှင့် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တို့မှာ လက်ရှိ သိုင်းသမားများ ကျင့်ကြံနေသော သိုင်းပညာစနစ်တစ်ခုလုံးကို အမြစ်ကပါ လှုပ်ခါသွားစေနိုင်သည့် အရာများပင် ဖြစ်သည်။
ယင်းတို့မှာ စကြဝဠာ၏ အစစ်အမှန် ကျင့်စဉ်စနစ် ဖြစ်သည်။ စကြဝဠာကို စိုးမိုးထားသော အစွမ်းထက်လှသည့် ပုဂ္ဂိုလ်ကြီးက ချန်ထားခဲ့သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ကို လက်ခံရရှိချိန်က မြင်တွေ့ခဲ့ရသော မြင်ကွင်းများမှာ သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။
ဤကဲ့သို့သော အစွမ်းထက်သည့် ကျင့်စဉ်ကို စွန့်လွှတ်ပြီး သာမန်သိုင်းပညာများကို ဆက်လက်ကျင့်ကြံရန်မှာ သူ့အတွက် မဖြစ်နိုင်တော့ပေ။
ကံမကောင်းစွာဖြင့် သူသည် ပထမအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်စဉ်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းရန် အခွင့်အရေး လွတ်သွားခဲ့သည်။ ယခုလကိရှိတွင် သူသည် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကိုသာ ကျင့်ကြံနိုင်ပေတော့မည်။ သို့သော် ဤစိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ အရေးအကြီးဆုံးအရာ ဖြစ်နေပုံရသည်။
"လောင်ဘီသမ်... ခင်ဗျား ဘယ်မှာလဲ"
လင်းဖုန်း လက်မောင်းကို မြှောက်ကာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို လှမ်းပြောလိုက်သည်။
ဝူး...
လောင်ဘီသမ်၏ မျက်နှာမှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာပေါ်တွင် ပေါ်လာသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အရေးကြီးကိစ္စ မရှိရင် ငါ့ကို မနှောင့်ယှက်နဲ့။ ငါ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာ။ အခုမှ အပြင်ကို ရောက်ခါစဆိုတော့ အကုန်လုံးကို သေချာ လေ့လာကြည့်ရဦးမယ်"
လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ သူ လောင်ဘီသမ်ကို မထိန်းချုပ်နိုင်ပေ။ တစ်ဖက်လူမှာ စက်မှုသက်ရှိတစ်ယောက်ဖြစ်ပြီး သူ၏ နည်းပညာအဆင့်မှာ လက်ရှိ လူသားမျိုးနွယ်ထက် များစွာ သာလွန်နေသည်။ သူ လောင်ဘီသမ်ကို ဘာမှ လုပ်၍မရပေ။
အနည်းဆုံးတော့ လောင်ဘီသမ် ကွန်ရက်ထဲတွင် မည်သို့ အသက်ရှင်နေသလဲဆိုသည်ကိုပင် လင်းဖုန်း နားမလည်နိုင်ပေ။
"လောင်ဘီသမ်... အခု ကျွန်တော် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ရင် အဆင်ပြေမလား"
လင်းဖုန်းသည် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ရရှိထားသော်လည်း မကျင့်ကြံမီ လောင်ဘီသမ်၏ အကြံပြုချက်ကို တောင်းခံရပေမည်။ မည်သို့ပင်ဆိုစေ စကြဝဠာ၏ ကျင့်စဉ်စနစ်နှင့် ပတ်သက်၍ လင်းဖုန်း လုံးဝ နားမလည်သေးပေ။
"ဒါပေါ့... ဘာပြဿနာမှ မရှိပါဘူး။ မင်းရဲ့ စိတ်စွမ်းအားက တကယ်တော့ မဆိုးပါဘူး။ ပထမအဆင့်ကို ကျွမ်းကျင်ဖို့ဆိုတာ မင်းအတွက် ပြဿနာ မဟုတ်ပါဘူး။ သခင်ကြီး ပေးထားတဲ့ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်အတိုင်း သေချာ ကြိုးစားကျင့်ကြံလိုက်ပါ။ ကဲ... တခြားကိစ္စ မရှိရင် ငါ့ကို မနှောင့်ယှက်နဲ့တော့"
ထိုသို့ပြောပြီးနောက် လောင်ဘီသမ် ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
"စက်မှုသက်ရှိတွေက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"
လင်းဖုန်း ရိုးသားစွာပင် သက်ပြင်းချလိုက်မိသည်။ စက်မှုသက်ရှိများနှင့် ပတ်သက်၍ သူ သိချင်သော မေးခွန်းများစွာ ရှိသော်လည်း လောင်ဘီသမ်မှာ လောလောဆယ် အလွန် အလုပ်များနေသဖြင့် သူ ဘာမှ ဆက်မပြောနိုင်တော့ပေ။
သူ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို အရင် ကျင့်ကြံတာ ပိုကောင်းပေမည်။ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တွင် အဆင့်တက်မှသာ နောင်တွင် ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်စဉ် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းသည် မျက်လုံးများကို မှိတ်ကာ သူ့မှတ်ဉာဏ်ထဲမှ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ထဲသို့ နစ်မျောသွားတော့သည်။