← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 16 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 16 Ch. 183-184

အခန်း (၁၈၃) - စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်

ဘာသာပြန် - အားသစ်

စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ဆိုသည်မှာ တကယ်တော့ စိတ်စွမ်းအားကို ကျင့်ကြံရန်အတွက် အထူးပြုသော ကျင့်စဉ်တစ်ခု ဖြစ်သည်။

ယခုအချိန်အထိ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများဖြစ်စေ၊ နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်စေ၊ သူတော်စင် ၉ ပါးပင်ဖြစ်စေ သူတို့အားလုံးတွင် စိတ်စွမ်းအားကို ကျင့်ကြံရန်အတွက် မည်သည့်နည်းလမ်းမှ မရှိသလောက်ပင်။

သို့သော် စိတ်စွမ်းအားမှာ အလွန်တရာ အရေးကြီးလှသည်။ ဥပမာအားဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းနှင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းများမှာ အဓိကအားဖြင့် စိတ်စွမ်းအား၏ အကျိုးသက်ရောက်မှုများပင် ဖြစ်သည်။ ထို့ပြင် ပိုမိုကြီးကျယ်ခမ်းနားသော စွမ်းအားများကို ထုတ်ဖော်ရန် ကြီးမားသော စိတ်စွမ်းအား လိုအပ်သည့် ကြယ်တာရာ သိုင်းပညာများလည်း ရှိသေးသည်။

စိတ်စွမ်းအားသည် သိုင်းသမားများအတွက်ရော စကြဝဠာကျင့်စဉ်စနစ်မှ ကျင့်ကြံသူများအတွက်ပါ အလွန်ပင် အရေးပါလှသည်။ တစ်နည်းအားဖြင့် ပြောရလျှင် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ထက် များစွာ ပို၍ အဖိုးတန်လှပေသည်။

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ ယေဘုယျအားဖြင့် လျှို့ဝှက်ထားလေ့ရှိပြီး အလွယ်တကူ သင်ကြားပေးလေ့ မရှိပေ။ သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ကိုမူ တန်ဖိုးတစ်ခု ပေးဆပ်နိုင်သရွေ့ ရရှိနိုင်ပေသည်။

လင်းဖုန်းသည် ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ထဲသို့ အပြည့်အဝ နစ်မျောနေခဲ့သည်။ အမှန်တကယ်တော့ ဤသည်မှာ သူ ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ပထမဆုံးအကြိမ် လေ့လာခြင်းပင်။ ကြီးမြတ်လှသော ဂလက်ဆီအဆင့် သက်ရှိတစ်ဦး တီထွင်ခဲ့သည့် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ် ဖြစ်သည့်အားလျော်စွာ ၎င်းမှာ သဘာဝကျကျပင် သာမန်ထက် ထူးကဲနေပေသည်။

လင်းဖုန်းသည် သူ၏ မှတ်ဉာဏ်ထဲသို့ အလုံးစုံ နစ်မျောသွားပြီးနောက် သူ၏ အသိစိတ်မှာလည်း စကြဝဠာထဲသို့ မျောလွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်မှာ အမှောင်အတိပြီးသော စကြဝဠာကြီးဖြစ်ပြီး အရာအားလုံးဗလာနတ္ထိဖြစ်နေကာ အဆုံးမရှိ ကျယ်ပြောလှသည်။

အထီးကျန်ခြင်း၊ အေးစက်ခြင်း၊ ထာဝရဖြစ်တည်ခြင်းနှင့် အဆုံးမဲ့အမှောင်ထု။ ဤအရာများမှာ စကြဝဠာ၏ ထာဝရဖြစ်တည်ရာများ ဖြစ်ကောင်း ဖြစ်နိုင်သည်။ စကြဝဠာကြီးထဲတွင် သက်ရှိများသည် အလွန် သေးငယ်ကာ မပြောပလောက်သော်လည်း တစ်ချိန်တည်းမှာပင် သက်ရှိဆိုသည်မှာ အကြီးမြတ်ဆုံးသော ဖြစ်တည်မှုလည်း ဖြစ်ပေသည်။

ဘုန်း...

လင်းဖုန်း မည်သည်ကို မြင်လိုက်ရသနည်း။

စကြဝဠာ ကြယ်တာရာ ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ထင်ရသော ပေါက်ကွဲမှုကြီးတစ်ခုကို သူ မြင်လိုက်ရသည်။ လက်ရှိ လူသားတို့၏ နားလည်မှုအရ စကြဝဠာသည် မဟာပေါက်ကွဲမှုကြီး(Big Bang)မှ စတင်ဖြစ်ပေါ်လာသည်ဟူသော အမြင်တစ်ခု ရှိသည်။ အဆက်မပြတ် ပေါက်ကွဲမှုများမှတစ်ဆင့် ရုပ်ဝတ္ထု အမြောက်အမြား ဖြစ်ပေါ်လာပြီး စကြဝဠာကြီးမှာ အဆုံးမဲ့သည်အထိ ဆက်လက် ကျယ်ပြန့်လာခဲ့သည်။

လင်းဖုန်းအနေဖြင့် ဤအရာမှာ မှန်၊ မမှန် မသိပေ။ သူသည် နက္ခတ္တဗေဒပညာရှင် မဟုတ်ပေ။ သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ သူ ယခု စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံနေခြင်းဖြစ်ပြီး ဤမြင်ကွင်းမှာ ထိုကျင့်စဉ်မှ လာသော မှတ်ဉာဏ်ပုံရိပ်တစ်ခု ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။

အလွန်တရာကြီးမားကျယ်ပြန့်လှသော ပေါက်ကွဲမှုကြီး ငြိမ်သက်သွားသည်နှင့်အမျှ လေဟာနယ်ထဲတွင် ဥက္ကာခဲအပိုင်းအစများစွာ တဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ ထို့နောက် ထိုဥက္ကာခဲ အပိုင်းအစများသည် သတ်မှတ်ထားသော လမ်းကြောင်းများတွင် ဖြည်းဖြည်းချင်း ပေါင်းစပ်ကြီးထွားလာပြီး နောက်ဆုံးတွင် ဂြိုဟ်တစ်လုံး ဖြစ်တည်လာခဲ့သည်။

အချို့မှာမူ ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် စကြဝဠာဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ လုံးဝ ပျောက်ကွယ်သွားကြသည်။

"ဒါက ဘာလဲ"

လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုမြင်ကွင်း ပျောက်ကွယ်သွားပြီး ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်၏ တိကျသော မန္တန်များ ပေါ်လာသည်။

"ဘာ... ပေါက်ကွဲမှုလား"

လင်းဖုန်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ အလွန် အံ့အားသင့်သွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် မဟာပေါက်ကွဲမှု မြင်ကွင်းကို အဘယ်ကြောင့် မြင်ခဲ့ရသလဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ ဤဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ တကယ်တော့ စကြဝဠာထဲရှိ မဟာပေါက်ကွဲမှုကြီးကို စံနမူနာယူ၍ ဖန်တီးထားခြင်းပင် ဖြစ်သည်။

"စိတ်စွမ်းအားက တကယ်ပဲ ပေါက်ကွဲနိုင်တာလား"

အမှန်တကယ်တော့ လင်းဖုန်းသည် စိတ်စွမ်းအားဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် မသိပေ။ သူသည် စိတ်စွမ်းအားကို စိတ်ဓာတ်ခွန်အားနှင့်ပင် ရောထွေးနေသည်။ သို့သော် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်အပေါ် သူ၏ နားလည်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ စိတ်စွမ်းအားနှင့် စိတ်ဓာတ်ခွန်အားမှာ လုံးဝ မတူညီကြောင်း သူ တဖြည်းဖြည်း နားလည်လာသည်။

သာမန်အားဖြင့် စိတ်စွမ်းအားကို လေ့ကျင့်ရန်မှာ အလွန် ရှုပ်ထွေးပြီး သိပ်အကျိုးသက်ရောက်မှု မရှိပေ။ ဥပမာအားဖြင့် နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို ကန့်သတ်ချက်အထိ လေ့ကျင့်ခြင်းက စိတ်စွမ်းအားကို ကုန်ခမ်းစေပြီး နေ့စဉ်နှင့်အမျှ အလွန်အမင်း ပင်ပန်းနွမ်းနယ်ကာ ခေါင်းရှုပ်စေသည်။ ထို့ပြင် ရလဒ်များမှာလည်း သိပ်မကောင်းလှပေ။

သို့သော် ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ ထိုသို့မဟုတ်ပေ။ ထိုကျင့်စဉ်သည် ကျင့်ကြံသူများကို သူတို့၏ စိတ်စွမ်းအားကို ဦးစွာ ခံစားသိရှိစေပြီးနောက် ထိုစိတ်စွမ်းအားကို ပေါက်ကွဲထွက်စေရန် လမ်းညွှန်ပေးသည်။ ထို့နောက် အထူးနည်းလမ်းများဖြင့် ပေါက်ကွဲမှုကြောင့် ပြန့်ကျဲသွားသော စိတ်စွမ်းအားများကို ပြန်လည် စုစည်းစေသည်။

ဤသို့ ထပ်ခါတလဲလဲ လေ့ကျင့်ခြင်းဖြင့် စိတ်စွမ်းအားကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။

သေချာပေါက် အတိုင်းအတာတစ်ခုအထိ အန္တရာယ်လည်း ရှိပေသည်။ အန္တရာယ်အများဆုံး အပိုင်းမှာ စိတ်စွမ်းအား ပေါက်ကွဲပြီးနောက်ပိုင်းပင် ဖြစ်သည်။ အကယ်၍ ပြန့်ကျဲသွားသော စိတ်စွမ်းအားကို ပြန်လည် မစုစည်းနိုင်ပါက စိတ်ပိုင်းဆိုင်ရာ သေဆုံးမှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ထိုသူတို့သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခြင်း သို့မဟုတ် အသိစိတ်မဲ့နေသူတစ်ယောက်ပင် ဖြစ်သွားနိုင်သည်။ အတိုင်းအတာတစ်ခုအထိ ပြောရလျှင် စိတ်စွမ်းအားဆိုသည်မှာ အသိစိတ်ပင် ဖြစ်သည်။ သိပ်ကွာခြားမှု မရှိပေ။

စိတ်စွမ်းအားဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မဟုတ်ပေ။ အကယ်၍ ခန္ဓာကိုယ်သာဆိုလျှင် လင်းဖုန်းတွင် ချက်ချင်း ပြန်လည်ကောင်းမွန်စေနိုင်သော မသေနိုင်သော အစွမ်းသတ္တိရှိသည်။ သို့သော် သူ၏ စိတ်စွမ်းအားသာ တစ်ခုခု မှားယွင်းသွားပါက မည်သူမျှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

သို့သော် စိတ်စွမ်းအား ပေါက်ကွဲသောအခါတွင် ပြန်လည် မစုစည်းနိုင်ခြင်းကို ရှောင်ရှားရန် ဘီမွန် လမ်းညွှန်ကျင့်စဉ်တွင် သဘာဝကျကျပင် နည်းလမ်းတစ်ခု ရှိသည်။ သို့တိုင်အောင် တောင့်ခံနိုင်ရန်အတွက် ခိုင်မာသော စိတ်ဓာတ်ခွန်အား လိုအပ်သည်။ စိတ်ဓာတ်ခွန်အားမှာ စိတ်စွမ်းအားနှင့် မတူပေ။ စိတ်ဓာတ်ခွန်အားမှာ သက်ရှိတစ်ဦးချင်းစီနှင့် သက်ဆိုင်ပြီး အလွန် အဇ္ဈတ္တိကဆန်သည်။

ဥပမာအားဖြင့် သာမန်လူတစ်ယောက်၏ စိတ်စွမ်းအားမှာ သူတော်စင်တစ်ဦးနှင့် ကောင်းကင်နှင့် မြေကြီးလို ကွာခြားနိုင်သော်လည်း သူတို့၏ စိတ်ဓာတ်ခွန်အားမှာမူ တူညီနိုင်ပေသည်။ အမှန်စင်စစ် သာမန်လူတစ်ယောက်၏ စိတ်ဓာတ်ခွန်အားမှာ သူတော်စင်တစ်ဦးထက်ပင် ညံ့ဖျင်းမည် မဟုတ်ပေ။

စိတ်ဓာတ်ခွန်အား၏ တည်ရှိမှုမှာ နက်နဲဆန်းကြယ်လှသည်။ ကြီးမြတ်သော ဂလက်ဆီအဆင့် သက်ရှိများပင်လျှင် ၎င်းကို မထိန်းချုပ်နိုင်ပေ။

စိတ်စွမ်းအား ပေါက်ကွဲပြီးနောက် ပြန့်ကျဲသွားသော စိတ်စွမ်းအားကို ပြန်လည်စုစည်းရန်အတွက် အစွမ်းထက်သော စိတ်ဓာတ်ခွန်အား လိုအပ်သည်။ ထိုအခါမှသာ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။

လင်းဖုန်းသည် သူ၏ ကိုယ်ပိုင် စိတ်ဓာတ်ခွန်အားအပေါ် အတော်လေး ယုံကြည်မှု ရှိသည်။ သူသည် ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပြီး သူ၏ ခိုင်မာသော စိတ်ဓာတ်ကို အားကိုး၍ အန္တရာယ်များကို အကြိမ်ကြိမ် ကျော်လွှားနိုင်ခဲ့သည်။

ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ အနည်းငယ် အန္တရာယ်များသော်လည်း စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ အလွန် အရေးကြီးလှသည်။ ယင်းမှာ စကြဝဠာကျင့်စဉ်စနစ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အန္တရာယ်အနည်းငယ် ရှိရုံဖြင့် သူ လက်လျှော့၍ မဖြစ်ပေ။

ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ရာ လင်းဖုန်း တွန့်ဆုတ်မနေတော့ပေ။ သူသည် စိတ်စွမ်းအားကို တဖြည်းဖြည်းချင်း စတင် ရှာဖွေလိုက်သည်။ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ နည်းလမ်းအရ သူ၏ စိတ်ထဲတွင် ရှိနေသော စိတ်စွမ်းအားကို သူ တကယ်ပင် ခံစားသိရှိနိုင်ခဲ့သည်။

မသိလိုက်မသိဘာသာနှင့် လင်းဖုန်းသည် သူ၏ စိတ်ထဲတွင် မြူထုတစ်ခုကို ခပ်ဝါးဝါး မြင်လိုက်ရသည်။ ထိုမြူထုသည် ကျယ်ပြောလှသော အဖြူရောင်ပြင်ကျယ်ကြီးဖြစ်ပြီး သူ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထိုမြူခိုးကဲ့သို့သော အရာမှာ တကယ်တော့ စိတ်စွမ်းအားပင် ဖြစ်သည်။

"ဒါက စိတ်စွမ်းအားလား။ အံ့ဩစရာပဲ"

လင်းဖုန်းသည် ထိုစိတ်စွမ်းအားကို ထိန်းချုပ်ရန် ကြိုးစားကြည့်သော်လည်း အလွန် ခက်ခဲကြောင်း တွေ့ရသည်။ သူ၏ စိတ်စွမ်းအားမှာ သူ့ကိုယ်ပိုင် ထိန်းချုပ်မှုအောက်တွင် မရှိပေ။ ဤသည်မှာ ပုံမှန်ပင်။ သူ ဖြည်းဖြည်းချင်း လေ့ကျင့်ရန် လိုအပ်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်...

လင်းဖုန်းသည် နောက်ဆုံးတွင် သူ၏ စိတ်ထဲရှိ စိတ်စွမ်းအားကို ခက်ခက်ခဲခဲ ထိန်းချုပ်နိုင်ခဲ့သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် သူသည် မရေမတွက်နိုင်သော အသွင်ပြောင်းနယ်ပယ်နှင့် နတ်ဘုရားနယ်ပယ် သိုင်းသမားများထက် ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။

သို့သော် ဤသည်မှာ ကနဦီးအဆင့်သာ ရှိသေးသည်။ ထို့နောက် လင်းဖုန်းသည် ဘီမွန်စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို တကယ်တမ်း စတင် ကျင့်ကြံတော့မည် ဖြစ်ပေသည်။ သူသည် စိတ်ထဲရှိ ထူထပ်သည့် မြူခိုးများကဲ့သို့သော စိတ်စွမ်းအားကို ထိန်းချုပ်လိုက်သည်။

ဘုန်း...

တွန့်ဆုတ်မနေဘဲ လင်းဖုန်းသည် သူ့ စိတ်ထဲရှိ စိတ်စွမ်းအားအားလုံးကို ထိန်းချုပ်လိုက်ပြီး လျှပ်စီးလက်သည့်အလား ပေါက်ကွဲထွက်စေလိုက်သည်။ ထိုအချိန်တွင် သူ့စိတ်အစဥ်မှာ ကွဲထွက်သွားမတတ် ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင် တစ်ခုခု ပေါက်ကွဲသွားသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်အစဥ်မှာ တဖြည်းဖြည်း ဗလာဖြစ်သွားသည်။

သူ၏ အသိစိတ်များပင် ဝေဝါးနေသော်လည်း လင်းဖုန်း၏ စိတ်ဓာတ်ခွန်အားမှာ အမှန်တကယ်ပင် အလွန် ခိုင်မာလှသည်။ သူသည် ပေါက်ကွဲထွက်သွားသော စိတ်စွမ်းအား အမြောက်အမြားကို ထိန်းချုပ်ရန်အတွက် သူ၏ အလွန်တရာ ခိုင်မာသော စိတ်ဓာတ်ခွန်အားကို အသုံးပြုလိုက်သည်။

"စုစည်းစမ်း"

လင်းဖုန်း စိတ်ထဲရှိ ပြန့်ကျဲနေသော စိတ်စွမ်းအားများမှာ စိတ်ဓာတ်ခွန်အား၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်စွာ စတင် စုစည်းလာသည်။ မကြာမီမှာပင် သူ၏ စိတ်စွမ်းအားမှာ ထူထပ်သိပ်သည်းသော မြူထုကဲ့သို့ ပြန်ဖြစ်သွားသည်။ ထို့ပြင် ထူထပ်လှသည့် မြူထုမှာ လက်ရှိတွင် လှိုင်းထန်နေသည်။ သေသေချာချာ မကြည့်ဘဲနှင့်ပင် သူ၏ စိတ်စွမ်းအား တိုးတက်လာကြောင်းကို လင်းဖုန်း အထင်အရှား ခံစားနေရသည်။

"တကယ် အလုပ်ဖြစ်တာပဲ... ဒါပေမဲ့ တော်တော် နာတယ်"

လင်းဖုန်း ပြန်လည်ကောင်းမွန်လာရန် နောက်ထပ် သုံးရက်မျှ ကြာခဲ့သည်။ သူ့ စိတ်ထဲရှိ စိတ်စွမ်းအားမှာ အမှန်တကယ်ပင် တိုးလာသော်လည်း စိတ်စွမ်းအား ပေါက်ကွဲသည့် လုပ်ငန်းစဉ်မှာ အလွန် နာကျင်ရလွန်းလှသည်။

ထိုကဲ့သို့သော နာကျင်မှုကို တစ်ကြိမ် ခံစားဖူးသူတိုင်း နောက်တစ်ကြိမ် လုံးဝ ထပ်မခံစားချင်တော့ပေ။ ထိုမျှ ခိုင်မာသော စိတ်ဓာတ်ရှိသည့် လင်းဖုန်းပင်လျှင် အနည်းငယ် တောင့်ခံရ ခက်နေခဲ့သည်။

ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံရန် ဤမျှ ခက်ခဲနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ စိတ်ဓာတ်ခွန်အား အနည်းငယ် အားနည်းသူတိုင်း ၎င်းကို အောင်မြင်စွာ ကျင့်ကြံနိုင်မည် မဟုတ်ရုံသာမက သူတို့၏ စိတ်စွမ်းအား ပေါက်ကွဲမှုကြောင့် ပြန်လည် မစုစည်းနိုင်ဘဲ ထိုဖြစ်စဉ်အတွင်း စိတ်ဖရိုဖရဲဖြစ်ကာ လူစဉ်မမီ ဖြစ်သွားနိုင်ပေသည်။

"ထပ်လုပ်မယ်။ ငါ ပထမအဆင့်ကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရမယ်"

လင်းဖုန်း အံတင်းတင်းကြိတ်လိုက်သည်။ နာကျင်မှုမှာ တွေးကြည့်ရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းလှသော်လည်း သူ အံကိုကြိတ်ကာ သေသည်ထက် ဆိုးသော နာကျင်မှုကို ဆက်လက် တောင့်ခံရမည်သာ။

အကယ်၍ သူ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံလိုပါက ဤကဲ့သို့သော နာကျင်မှုကို မည်သည့်နည်းနှင့်မဆို တောင့်ခံရပေမည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၈၄) - သူတော်စင်များ စုဝေးကြခြင်း

ဘာသာပြန် - အားသစ်

စစ်သေနာပတိချုပ်ဌာန၏ အစည်းအဝေးခန်းမအတွင်း၌ ယခုတစ်ကြိမ်တွင် သူတော်စင်များညီလာခံ ကျင်းပခြင်းမျိုး မဟုတ်သော်လည်း သူတော်စင် သုံးပါး၏ ပုံရိပ်ယောင်လွှင့်ထုတ်မှုများ ရှိနေသည်။ ထိုပုံရိပ်တို့မှာ အနန္တလမ်းစဉ်အကယ်ဒမီမှ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ ဝင်ရိုးစွန်းအကယ်ဒမီမှ သူတော်စင် ပင်းယွီနှင့် သူတော်စင်အကယ်ဒမီမှ သူတော်စင် ကတ်တို့ ဖြစ်ကြသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က စတင်၍ စကားဆိုလိုက်သည်။

"သိုင်းသမားတွေအတွက် မူဝါဒအသစ်ကို အကောင်အထည်ဖော်လိုက်တာ အကျိုးသက်ရောက်မှု မဆိုးဘူးမလား။ အနည်းဆုံးတော့ ငါ့ရဲ့ အနန္တလမ်းစဉ်အကယ်ဒမီမှာ ရှေ့တန်းစစ်မြေပြင်ကို သွားဖို့ လျှောက်ထားတဲ့ သိုင်းသမားတွေ ပိုများလာတယ်"

"ဒါပေါ့... ရှေ့တန်းက သိုင်းသမားတွေရဲ့ အဆင့်အတန်းက အရမ်းမြင့်တာကိုး။ တိုက်ပွဲမှာ ကျဆုံးသွားရင်တောင် နောက်ရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးလေ။ သိုင်းသမားတွေက သဘာဝကျကျပဲ တက်တက်ကြွကြွ ပါဝင်ချင်ကြတာပေါ့။ မကြာသေးခင်က ရှေ့တန်းအခြေစိုက်စခန်းတွေလည်း ဖိအားတော်တော်လေး လျော့သွားတယ်။ ဒီမူဝါဒအသစ်ကို ဒီထက်စောပြီး အကောင်အထည်ဖော်ခဲ့သင့်တာ" သူတော်စင် ကပ်စ်ကလည်း သက်ပြင်းချကာ ပြောသည်။

"ပြောရရင်တော့ အဲဒီကောင်လေးကို ကျေးဇူးတင်ရမယ်။ ကျောက်တုံးမြို့မှာ ပြဿနာရှာခဲ့တဲ့ အဲဒီကောင်လေးသာ မရှိရင် ဒီမူဝါဒအသစ်က ဒီလောက် မြန်မြန်ဆန်ဆန် ပေါ်လာမှာ မဟုတ်ဘူး"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူတော်စင်နှစ်ပါးသည် သိုင်းသမားအတွက် မူဝါဒအသစ်အကြောင်း ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် အဓိကကိစ္စသို့ ပြောင်းလိုက်ကြသည်။

"သူတော်စင် ပင်းယွီ... ငါတို့ သိုင်းပညာအကယ်ဒမီကြီး သုံးခုရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ သိုင်းပြိုင်ပွဲကာလ ရောက်ပြီနော်။ ဒီနှစ်က မင်းတို့ရဲ့ ဝင်ရိုးစွန်းအကယ်ဒမီက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့် အလှည့် မဟုတ်လား"

ပင်းယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အမှန်ပဲ...ဒီတစ်ခါ ဝင်ရိုးစွန်းအကယ်ဒမီ အလှည့်ရောက်ပီ။ ဆုလာဘ်တွေကိုတော့ အရင်အတိုင်းပဲ ထားရမလား"

"မထားနဲ့... ငါ့အမြင်အရတော့ လျှော့ချသင့်တယ်။ မင်းတို့ ဝင်ရိုးစွန်းအကယ်ဒမီက လူတွေကပဲ အမြဲတမ်း ပထမရနေတာ။ ဒီသိုင်းပြိုင်ပွဲက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပျင်းစရာကောင်းလာပြီ" သူတော်စင် ကတ်က အနည်းငယ် မကျေမနပ် ပြောလိုက်သည်။

"သူတော်စင် ကတ်... မင်းတို့ရဲ့ သူတော်စင်အကယ်ဒမီမှာက ထိပ်သီးလူရည်ချွန်တွေချည်းပဲလေ။ ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီကတော့ သာမန်သိုင်းသမားတွေပဲ ရှိတာ။ သူတို့တွေ ညံ့ဖျင်းနေတာ ဘယ်သူ့ကို သွားအပြစ်တင်မလဲ။ ဆုလာဘ်တွေကို မလျှော့သင့်တဲ့အပြင် ပိုတောင် တိုးပေးသင့်တယ်လို့ ငါထင်တယ်"

သူတော်စင်နှစ်ပါးမှာ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ ပြောဆိုနေကြသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ခေါင်းခါကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ရန်ဖြစ်မနေကြစမ်းပါနဲ့။ အရာအားလုံးကို အရင်အတိုင်းပဲ ဆက်လုပ်သွားလို့ ရပါတယ်။ မင်းတို့ပဲ ငြင်းနေကြတာ။ ငါ့ရဲ့ အနန္တလမ်းစဉ်အကယ်ဒမီက ပြိုင်ပွဲတိုင်းမှာ အမြဲတမ်း နောက်ဆုံးကပဲ။ မင်းတို့အကယ်ဒမီကျောင်း နှစ်ကျောင်းကပဲ အကျိုးအမြတ်တွေ အကုန်ယူနေတာကို ငါတောင် ဘာမှ မညည်းညူဘူးလေ"

အမှန်စင်စစ် ထိပ်သီးသိုင်းပညာအကယ်ဒမီသုံးခု၏ စုစုပေါင်း အင်အားမှာ ညီမျှသော်လည်း ထိပ်တန်းကျွမ်းကျင်သူ အရေအတွက်တွင်မူ ဝင်ရိုးစွန်းအကယ်ဒမီက ပိုများသည်။

ဝင်ရိုးစွန်းအကယ်ဒမီသည် ပါရမီရှိသော အစစ်အမှန်လူရည်ချွန်များကိုသာ ရွေးချယ်လက်ခံသည်။ သာမန်လူတန်းစားဖြစ်စေ ချမ်းသာသော မိသားစု သို့မဟုတ် သိုင်းပညာမျိုးနွယ်စုမှဖြစ်စေ ပါရမီရှိလျှင် ဝင်ခွင့်ရသည်။ သူတော်စင်အကယ်ဒမီနှင့် အနန္တလမ်းစဉ်အကယ်ဒမီတို့တွင်မူ ကန့်သတ်ချက်အချို့ ရှိနေတတ်သည်။ ခြုံငုံကြည့်လျှင် ဝင်ရိုးစွန်းအကယ်ဒမီ၏ ကျောင်းသားအရည်အသွေးမှာ အခြားအကယ်ဒမီနှစ်ခုထက် သဘာဝကျကျ သာလွန်နေပေသည်။

"ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ"

သူတော်စင် ပင်းယွီနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့က သဘောတူလိုက်ကြသဖြင့် သူတော်စင် ကတ်လည်း ဘာမှ မတတ်နိုင်တော့ပေ။ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ဤသိုင်းပညာပြိုင်ပွဲသည် စတင်ကျင်းပခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ကာ ထိပ်တန်းဝင်သူ ၈၀ ရာခိုင်နှုန်းကျော်သည် နောက်ဆုံးတွင် ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ဤပြိုင်ပွဲကို ဆက်လက်ကျင်းပရသည်က အလွန် အနှစ်သာရ ရှိလှသည်။

ဝူး...

ရုတ်တရက် အစည်းအဝေးခန်းမအတွင်းသို့ နောက်ထပ် ပုံရိပ်ယောင်တချို့ ပေါ်လာသည်။ ထိုပုံရိပ်တို့မှာ ကျန်ရှိနေသော သူတော်စင်ခြောက်ပါး၏ ပုံရိပ်ယောင်များ ဖြစ်ကြသည်။

"မင်းတို့ ဘာလို့ ရောက်လာကြတာလဲ။ သူတော်စင်များညီလာခံ ကျင်းပဖို့ မရှိဘူး မဟုတ်လား"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ အနည်းငယ် ထူးဆန်းသွားသည်။ သူတော်စင်များညီလာခံ ကျင်းပချိန်မှလွဲ၍ သူတော်စင် ၉ ပါးစလုံး ပုံရိပ်ယောင်များ တပြိုင်တည်း ပို့လွှတ်ခြင်းမှာ အလွန် ရှားပါးလှသည်။

အသက်အကြီးဆုံးဖြစ်သော သူတော်စင်ခန်းက ပြုံးကာ ပြောလိုက်သည်။

"သိုင်းသမား မူဝါဒအသစ်ရဲ့ တုံ့ပြန်မှုက အရမ်းကောင်းပါတယ်။ လူသားမျိုးနွယ် တစ်ခုလုံးက ခေတ်သစ်တစ်ခုထဲကို ဝင်ရောက်လာပြီ။ သိုင်းပညာခေတ်လို့ ခေါ်ဖို့ အနည်းငယ် စောနေသေးပေမဲ့ ငါတို့က သိုင်းပညာရှင်တွေဖြစ်တဲ့အတွက် သိုင်းပညာနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးရှိတာတစ်ခုခု လုပ်ရမယ်။ မင်းတို့ အကယ်ဒမီကျောင်းသုံးကျောင်းက ဆယ်နှစ်တစ်ကြိမ် သိုင်းပြိုင်ပွဲ ကျင်းပတာက အရမ်းကောင်းတယ်လို့ ငါတို့ ခံစားရတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ငါတို့လည်း ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်"

"ခင်ဗျားတို့လည်း ပါချင်တယ် ဟုတ်လား"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင် ပင်းယွီနှင့် သူတော်စင်ကတ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတော်စင်ခန်းနှင့် အခြားသူများ၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားကြသည်။

"ဘယ်လိုပုံစံမျိုးနဲ့ ပါမှာလဲ"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က မေးလိုက်သည်။

"ငါတို့ရဲ့ အဖွဲ့အစည်းကြီး ငါးခု ပူးပေါင်းပြီးတော့ ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ကျင်းပမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားအားလုံးကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲဝင်စေမယ်။ သိုင်းသမားတွေ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ လူတိုင်း မြင်နိုင်အောင် ကမ္ဘာတစ်ဝန်းကို တိုက်ရိုက်ထုတ်လွှင့်ပြသမယ်။ ဒါက သိုင်းပညာကို မြှင့်တင်ဖို့နဲ့ သိုင်းသမားတွေကို မီးမောင်းထိုးပေးနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ မူဝါဒအသစ်နဲ့အတူ လူတိုင်းကို သိုင်းပညာကို လေ့လာလိုက်စားချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်လိမ့်မယ်"

"ဒါ့အပြင် ဆုလာဘ်တွေကိုလည်း ရက်ရက်ရောရော ပေးရမယ်။ ငွေကြေး၊ အကျိုးပြုတန်ဖိုး၊ အဆင့်အတန်းနဲ့ ကျော်ကြားမှု အကုန်ပေးရမယ်။ တကယ်တော့ ငါတို့ သူတော်စင် ၉ ပါးစလုံး ပုံရိပ်ယောင်တွေနဲ့ ကိုယ်တိုင် ပါဝင်ပြသမယ်။ အတိုချုပ်ပြောရရင် အဖွဲ့အစည်းကြီး ငါးခု ပူးပေါင်းကျင်းပတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲက သိုင်းပညာရဲ့ အမှတ်သင်္ကေတ ဖြစ်လာရမယ်။ ဒါက လူ့အဖွဲ့အစည်း တစ်ခုလုံးကို သိုင်းပညာခေတ်ထဲကို တိုက်ရိုက် ရောက်သွားအောင် ဆွဲခေါ်သွားနိုင်လိမ့်မယ်"

သူတော်စင်ခန်း၏ ရည်မှန်းချက်မှာ ကြီးမားလွန်းလှသည်။ အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းလဲမှုကို ပထမဆုံး ပြုလုပ်နိုင်ခဲ့သူအဖြစ် သူတော်စင်ခန်းသည် သိုင်းသမားအားလုံးအတွက် လမ်းသစ်ဖောက်ပေးခဲ့ပြီး သိုင်းလောက၏ ဂန္ထဝင်တစ်ဦး ဖြစ်လာခဲ့သည်။ အဆင့်အတန်းအရ သူတော်စင်ခန်းမှာ သူတော်စင်အားလုံးထဲတွင် ဩဇာတိက္ကမအရှိဆုံးဖြစ်ပြီး နတ်ဘုရားတစ်ပါးအလား အထွက်အမြတ် ထားခံရသူ ဖြစ်သည်။

ယခု သူတော်စင်ခန်း အဆိုပြုသည့် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ လူသားမျိုးနွယ် တစ်ခုလုံးကို သိုင်းပညာခေတ်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိရန် ကူညီပေးပေလိမ့်မည်။ ဤသည်မှာ နည်းပညာကို စွန့်လွှတ်ရန် မဟုတ်ဘဲ သိုင်းပညာကို အဓိကထားပြီး နည်းပညာကို အထောက်အကူအဖြစ် အသုံးပြုရန် ဖြစ်သည်။

အတိတ်ကာလတွင် သိုင်းပညာနှင့် နည်းပညာအကြား အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများစွာ ရှိခဲ့သည်။ မည်သူမျှ အသာစီးမရနိုင်ဘဲ အရင်းအမြစ်အချို့ကိုသာ ဖြုန်းတီးမိသကဲ့သို့ ဖြစ်ခဲ့သည်။

လက်ရှိတွင် လူသားမျိုးနွယ် လူ့အဖွဲ့အစည်းမှာ တစ်နေ့တစ်ခြား ရှင်သန်ကြီးထွားနေသည်။ အကယ်၍ သိုင်းပညာ၏ အဆင့်အတန်းကို တည်ဆောက်နိုင်ပါက လူ့အဖွဲ့အစည်းအတွင်း အငြင်းပွားမှုများ လျော့နည်းသွားပြီး သိုင်းပညာခေတ်သို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်သည်။ အရင်းအမြစ်များကို မဖြုန်းတီးတော့ဘဲ သိုင်းပညာနှင့် နည်းပညာ နှစ်မျိုးစလုံးမှာ အရည်အသွေးပိုင်းအရ သိသိသာသာ တိုးတက်လာပေလိမ့်မည်။

သို့သော် လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာ စံတစ်ခု ရှိရပေမည်။ အတိတ်ကာလက သူတော်စင် ၉ ပါးတွင် ထိုသို့သော အတွေးမျိုး ရှိခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။ သို့သော် ယခုအခါတွင်မူ စက်မှုနည်းပညာများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးများများ စသဖြင့် ဘက်စုံတိုးတက်လာသည်နှင့်အမျှ သိုင်းပညာကျင့်ကြံခြင်းမှာလည်း ထွန်းကားလာခဲ့ပြီ ဖြစ်သည်။

သူတော်စင် ၉ ပါးသာ ဆုံးဖြတ်ချက်ချပြီး အဖွဲ့အစည်းကြီး ၅ ခုက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လူ့အဖွဲ့အစည်းကို ပြောင်းလဲတိုးတက်အောင် တွန်းအားပေးနိုင်ရန် အခွင့်အလမ်းများစွာ ရှိသည်။ ဥပမာအားဖြင့် လက်ရှိ သိုင်းပညာရှင် မူဝါဒအသစ်မှာ အလွန် အောင်မြင်နေသည်။

သူတော်စင်ခန်း ဆိုလိုသည်မှာ မူဝါဒအသစ်၏ အရှိန်အဟုန်ကို အသုံးချကာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို သိုင်းပညာခေတ်အဖြစ် လုံးလုံးလျာလျား ဖွံ့ဖြိုးလာအောင် ပိုမို တွန်းအားပေးရန်ပင် ဖြစ်သည်။

"သူတော်စင်ခန်း... တကယ်တော့ ကျွန်တော်တို့ တစ်ဆင့်ချင်းစီ သွားလို့ ရပါတယ်။ လက်ရှိ လူ့အဖွဲ့အစည်းရဲ့ အခြေအနေအရ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာရင် သဘာဝအတိုင်း သိုင်းပညာခေတ်ထဲ ရောက်သွားမှာပါ။ ဒီလောက်ကြီး အတင်းအကျပ် လုပ်စရာ မလိုပါဘူး"

ပြိုင်ဘက်ကင်းလက်သီး သူတော်စင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူတော်စင်ခန်းက လူသားမျိုးနွယ်အတွက် စေတနာနှင့် စဉ်းစားပေးနေခြင်း ဖြစ်ကြောင်း သူ သိသည်။ သို့သော် လူ့အဖွဲ့အစည်း၏ တိုးတက်မှုကို ဆန္ဒတစ်ခုတည်းဖြင့် တွန်းအားပေးရန်မှာ အလွန် ခက်ခဲလှသည်။ ထို့ပြင် မဆီလျော်သည့် အရာများ ရှိလာမည်ကိုလည်း မည်သူမျှ အတိအကျ အာမမခံနိုင်ပေ။

သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်အောင် ခွင့်ပြုပေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

သူတော်စင်ခန်းက ခေါင်းခါလိုက်သည်။ သူသည် ရုတ်တရက် ဝေဝါးနေသော ဓာတ်ပုံတစ်ပုံကို ပရိုဂျက်တာဖြင့် ပြသလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။

"အားလုံး ကြည့်လိုက်ကြပါဦး။ ဒါက မကြာသေးခင်ကမှ စစ်တပ်က ရိုက်ယူထားတဲ့ ဓာတ်ပုံပါ"

"ဟင်... နတ်ဆိုးဧကရာဇ် ကိုးပါးစလုံး လေနက်ချောက်ကမ်းပါးမှာ စုဝေးနေကြတာလား။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ"

ဓာတ်ပုံကို မြင်လိုက်ရသောအခါ အခြား သူတော်စင်များ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်တရာ လေးနက်သွားကြသည်။

"နတ်ဆိုးဧကရာဇ် ကိုးပါးစလုံးက နယ်မြေတစ်ခုစီကို အသီးသီး အုပ်ချုပ်နေကြတာ။ ပုံမှန်ဆိုရင် တစ်ဦးနဲ့တစ်ဦး အနားကပ်ရုံနဲ့တင် အသေအကျေ တိုက်ခိုက်ကြမှာ။ ဒါပေမဲ့ အခုတော့ သူတို့အားလုံး လေနက်ချောက်ကမ်းပါးမှာ စုဝေးနေကြပြီးတော့ အချင်းချင်း တိုက်ခိုက်တဲ့ လက္ခဏာလည်း မရှိဘူး။ ငါတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ အဲဒီ လေနက်ချောက်ကမ်းပါးထဲက ကြောက်စရာကောင်းတဲ့ နတ်ဆိုးကြီး နိုးထလာတော့မှာလည်း ဖြစ်နိုင်တယ်"

"ဘာ... အဲဒီနတ်ဆိုးကြီးက တကယ်ပဲ နိုးထလာတော့မှာလား"

သူတော်စင် ကိုးပါးစလုံး၏ မျက်နှာအမူအရာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

All Chapters