← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 16 Ch. 185-186

အခန်း (၁၈၅) - စိတ်စွမ်းအားလုံး

ဘာသာပြန် - အားသစ်

လေနက်ချောက်ကမ်းပါး အမည်ကို ကြားလိုက်ရုံနှင့် သူတော်စင်များအားလုံး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတွင် အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းလဲထားသော သူတော်စင်များ ပေါ်ထွန်းလာပြီးကတည်းက လူသားများသည် နယ်မြေများကို ချဲ့ထွင်လာခဲ့ကြပြီး ပတ်ဝန်းကျင်ရှိ သားရဲဆိုးများကို ထိုးစစ်ဆင်နိုင်ခဲ့ကြသည်။ သူတော်စင် ကိုးပါးသည် လူသိများသော နတ်ဆိုးဧကရာဇ်အချို့ကိုပင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိကြသည်။

သို့သော်လည်း လေနက်ချောက်ကမ်းပါး၊ အသူတရာ သေမင်းပင်လယ်၊ တာရှာကာ သဲကန္တာရနှင့် ၁၈မျိုးနဂါးခေါင်းဂူ တို့ကိုမူ သူတော်စင် ကိုးပါးက 'တားမြစ်မြေ ၄ ခု' အဖြစ် သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများ၏ အနက်ရှိုင်းဆုံးအပိုင်းအထိ သူတို့ မသွားလာနိုင်ကြဘဲ ထိုနေရာများတွင် ကြီးမားလှသော လျှို့ဝှက်ချက်များ ရှိနေပုံရသောကြောင့် ဖြစ်သည်။

ထိုနေရာများထဲမှ လေနက်ချောက်ကမ်းပါးကို သူတော်စင်ခန်းနှင့် အခြားသူတော်စင် သုံးပါးတို့ ပူးပေါင်း၍ တစ်ကြိမ် သွားရောက်စူးစမ်းခဲ့ဖူးသည်။ အဆုံးတွင် နတ်ဆိုးဧကရာဇ် အချို့၏ တားဆီးမှုကို ခံခဲ့ရသော်လည်း သူတော်စင်ခန်းတို့သည် လေနက်ချောက်အတွင်းမှ ထွက်ပေါ်လာသော အလွန်သေးငယ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါတစ်ခုကို ခံစားခဲ့ရသည်။ ထိုအရှိန်အဝါတစ်ခုတည်းကပင် သူတို့ကို ရင်ထဲအသည်းထဲအထိ တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။

လေနက်ချောက်ကမ်းပါးထဲတွင် နတ်ဆိုးဧကရာဇ်များထက် များစွာသာလွန်သော ကြောက်မက်ဖွယ် နတ်ဆိုးကြီးတစ်ကောင် ရှိနေသည်မှာ ထင်ရှားလှသည်။ သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် ထိုနတ်ဆိုးကြီး နှစ်ခြိုက်စွာ အိပ်ပျော်နေပုံရသည်။

သူတော်စင်ခန်းသည် လေနက်ချောက်ကမ်းပါးအနီးတွင် စခန်းချနေထိုင်ပြီး ထိုနေရာမှ လှုပ်ရှားမှုမှန်သမျှကို အထူးစောင့်ကြည့်နေသူ ဖြစ်သည်။

အကယ်၍ သူတော်စင်များ ထင်ထားသည့်အတိုင်း ထိုကြောက်မက်ဖွယ် နတ်ဆိုးကြီးသာ နိုးထလာပါက သူတော်စင် ၉ ပါး ပူးပေါင်းလျှင်ပင် တားဆီးနိုင်မည် မဟုတ်ပေ။ ထိုအခါ လူသားမျိုးနွယ်တစ်ခုလုံးမှာ ပျက်စီးခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထို့ကြောင့် လေနက်ချောက်ကမ်းပါးတွင် လှုပ်ရှားမှုများ ရှိနေကြောင်း ကြားလိုက်ရချိန်တွင် သူတော်စင်များအားလုံး တည်ငြိမ်မှု မရှိတော့ခြင်း ဖြစ်သည်။

သူတော်စင်ခန်းက ခေါင်းခါကာ ပြောလိုက်သည်။ "အဲဒီနတ်ဆိုးကြီး နိုးလာပြီလားဆိုတာကိုတော့ ငါ မသေချာသေးဘူး။ ဒါပေမဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကိုတော့ တိုးမြှင့်ထားတယ်။ တစ်ခုခု ထူးခြားတာနဲ့ ငါ မင်းတို့ကို ချက်ချင်း အသိပေးပါ့မယ်"

"ဒါကြောင့်မို့ အချိန်က အရမ်းအရေးကြီးနေပြီလို့ ငါ ခံစားနေရတာ။ လူသားမျိုးနွယ်ကို တစ်ဆင့်ချင်းစီ ဖွံ့ဖြိုးစေဖို့ အချိန်အများကြီး မရှိတော့ဘူး။ ငါတို့မှာ ပေါက်ကွဲအားကောင်းကောင်းနဲ့ တိုးတက်ဖို့ လိုနေပြီ။ ပိုပြီး အစွမ်းထက်တဲ့ သိုင်းသမားတွေ၊ သူတော်စင်တွေတောင် ထပ်ပေါ်လာဖို့ လိုတယ်။ အခု ကျင်းပမယ့် သိုင်းပညာပြိုင်ပွဲကို အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေပဲ ကန့်သတ်ထားတာက လူ့အဖွဲ့အစည်းရဲ့ အာရုံစိုက်မှုကို ရဖို့တင် မဟုတ်ဘူး၊ နောက်ထပ် အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ အစွမ်းထက်ဆုံး သိုင်းသမားကို ရွေးချယ်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေထဲကို လွှတ်ဖို့ပဲ"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ရင်ခုန်သံမှာ မြန်ဆန်သွားသည်။ သူက အသံတိုးတက်ဖြင့် မေးလိုက်သည်။

"သူတော်စင်ခန်း... ခင်ဗျား ဆိုလိုတာက ပြိုင်ပွဲမှာ နိုင်တဲ့သူကို အဲဒီ သင်္ဘောထဲကို ဝင်ခွင့်ပေးမယ်လို့ ပြောတာလား။ အဲဒီသင်္ဘောက ရှေးဟောင်းယဉ်ကျေးမှုရဲ့ စစ်လက်နက်တစ်ခုဆိုတာ ငါတို့ သိထားပြီးသားပဲ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေပဲ တိုက်ခိုက်မှုမခံရဘဲ ဝင်လို့ရတာ။ ဒါပေမဲ့ အရင်တုန်းက လူတွေအများကြီး လွှတ်ခဲ့ပြီးပြီ၊ အကုန်လုံးလည်း ရှုံးနိမ့်ခဲ့ကြတာပဲ။ ဒါက အရမ်း အန္တရာယ်မများလွန်းဘူးလား"

သူတော်စင်ခန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ "ငါတို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ။ အဲဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးက ချန်ထားခဲ့တဲ့ စစ်လက်နက်ကိုသာ ငါတို့ ရခဲ့ရင် သူတော်စင်တစ်ပါး ထပ်တိုးလာသလိုမျိုး အစွမ်းထက်သွားမှာ။ ဒါက စွန့်စားရကျိုး နပ်ပါတယ်"

အခြားသူတော်စင်များလည်း တိတ်ဆိတ်သွားကြသည်။ လူ့အဖွဲ့အစည်းသည် ထွန်းကားစည်ပင်နေသည်ဟု ထင်ရသော်လည်း လူသားမျိုးနွယ်မှာ အကျပ်အတည်းများစွာနှင့် ကြုံတွေ့နေရသည်ကို မည်သူက သိနိုင်မည်နည်း။

ဤကမ္ဘာကြီးတွင် လူသားဆိုသည်မှာ အလွန်ပင် သေးငယ်သိမ်ဖျင်းလှပေသည်။

"ဒါဆိုရင်တော့ သူတော်စင်ခန်း ပြောသလိုပဲ လုပ်ကြတာပေါ့"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ပင်းယွီနှင့် သူတော်စင်ကတ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အမှန်စင်စစ် သူတော်စင်ခန်းနှင့် အခြားသူတော်စင် သုံးပါးတို့မှာ ကြိုတင်တိုင်ပင်ထားကြပြီး ဖြစ်ကာ သူတို့ သုံးဦး၏ သဘောတူညီချက်ကို စောင့်နေခြင်းသာ ဖြစ်သည်။

သူတို့ သုံးဦးမှာ ဤသို့ မလုပ်လိုကြသော်လည်း အခြေအနေအရ မလွဲသာမရှောင်သာ ဖြစ်ရပေသည်။ သူတော်စင် ခန်း ပြောသကဲ့သို့ပင် လူသားများအတွက် တစ်ဆင့်ချင်းစီ ဖွံ့ဖြိုးတိုးတက်ရန် အချိန်သိပ်မကျန်တော့ပေ။

"ကောင်းပြီ... ဒါဆိုရင် ပြိုင်ပွဲကျင်းပမယ့်ရက်ကို အရင်ဆုံး သတ်မှတ်ကြရအောင်။ အဲဒီနောက် အဖွဲ့အစည်းကြီး ငါးခုလုံးက လမ်းကြောင်းပေါင်းစုံကနေ အရင်ကြိုပြီးတော့ ကြော်ငြာကြတာပေါ့။ လူသားမျိုးနွယ်တစ်ခုလုံး သိရှိသွားပြီး ဒါ လူသားအားလုံးအတွက် အကြီးကျယ်ဆုံး အခမ်းအနားတစ်ခု ဖြစ်လာရမယ်"

"ပြဿနာ မရှိပါဘူး။ ငါတို့ စီးပွားရေးအဖွဲ့အစည်းက မီဒီယာတွေကို အသုံးချပြီး ကြော်ငြာပေးမယ်"

"ငါတို့ စစ်တပ်အဖွဲ့အစည်းကလည်း စစ်တပ်အတွင်းမှာ ကြော်ငြာပေးမယ်"

"ငါတို့ ပညာရေးအဖွဲ့အစည်းကလည်း လက်အောက်မှာရှိတဲ့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားအားလုံးကို ချက်ချင်း အသိပေးလိုက်မယ်"

သူတော်စင် ၉ ပါးစလုံး သဘောတူညီမှု ရရှိသွားကြသည်။ ကျန်ရှိသော အပိုင်းများကို အဖွဲ့အစည်းကြီး ငါးခုက ဆက်လက်ဆောင်ရွက်သွားကြမည် ဖြစ်သည်။

...

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လျှို့ဝှက်ခန်းအတွင်း...

လင်းဖုန်းသည် သူ၏ စိတ်စွမ်းအား ပေါက်ကွဲစေခြင်း ပြန်လည်စုစည်းခြင်းတို့ကို ထိပ်ခါတလဲလဲ ပြုလုပ်နေခဲ့သည်။ သူ၏ စိတ်စွမ်းအားမှာ အလျင်အမြန် တိုးတက်လာသော်လည်း နာကျင်မှုများကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမှာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ စိတ်ဓာတ်ခွန်အားနှင့် မဆိုင်ပေ။ စိတ်ဓာတ်ခွန်အား မည်မျှပင် ခိုင်မာပါစေ၊ နာကျင်မှုကို မည်မျှပင် တောင့်ခံနိုင်ပါစေ၊ စိတ်ကို အချိန်ကြာမြင့်စွာ တင်းကျပ်ထားပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရပါက ခန္ဓာကိုယ်မှာ တောင့်ခံနိုင်မည် မဟုတ်ပေ။

"အချိန်တန်ပြီ... အခုဆိုရင် စိတ်စွမ်းအားစက်လုံးတစ်ခုကို ငါ စုစည်းနိုင်ပြီ"

လင်းဖုန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်ထဲရှိ စိတ်စွမ်းအား အားလုံးကို အရှိန်အဟုန်ဖြင့် လည်ပတ်စေလိုက်သည်။

ဝူး...

လင်းဖုန်း၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။ စိတ်စွမ်းအား အမြောက်အမြားမှာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ လည်ပတ်ကာ ဖိသိပ်ခံလိုက်ရသည်။ အဆုံးတွင် အဆက်မပြတ် လည်ပတ်ဖိသိပ်မှုများကြောင့် ဖြည်းဖြည်းချင်း ဖြူဖွေးတောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည့် လုံးဝန်းသော အလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"အောင်မြင်ပြီ။ ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ရဲ့ ပထမအဆင့်ကို ငါ နောက်ဆုံးတော့ ကျွမ်းကျင်သွားပြီ"

လင်းဖုန်း အလွန် ဝမ်းသာပီတိ ဖြစ်သွားသည်။ အချိန်အတော်ကြာအောင် သေသည်ထက်ဆိုးသော နာကျင်မှုကို အကြိမ်ကြိမ် ခံစားခဲ့ရပြီးနောက် သူ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သူ့ စိတ်ထဲတွင် လက်မဝက်ခန့် အရွယ်အစားရှိသော ဖြူဖွေးသည့် အလုံးလေးမှာ စိတ်စွမ်းအားစက်လုံးပင် ဖြစ်သည်။

ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်၏ ပထမအဆင့် အောင်မြင်ခြင်းအမှတ်သင်္ကေတမှာ စိတ်စွမ်းအားလုံး တစ်ခုကို စုစည်းနိုင်ခြင်းပင် ဖြစ်သည်။

စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် မည်သို့ ခံစားရသနည်း။

လင်းဖုန်းသည် ယခုအခါ သူ၏ စိတ်မှာ အလွန်ပင် ကြည်လင်နေပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အပိုမျက်လုံးတစ်လုံး ရှိနေသကဲ့သို့ ခံစားရသည်။ သူ၏ စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သောအခါ အဝေးမှ မြင်ကွင်းများကိုပင် အလွန်တရာ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ပို၍ အရေးကြီးသည်မှာ လင်းဖုန်းသည် ယခုအခါ သူ၏ စိတ်စွမ်းအားကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံးသော အချက်ပင်။ ထိုအဖြစ်က ဘာကို ဆိုလိုသနည်း။ နောင်တွင် လင်းဖုန်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ထပ်မံပြုလုပ်ချိန်၌ သူ၏ မျိုးရိုးဗီဇများကို တိုက်ပွဲဝင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲရန် လမ်းညွှန်ပေးနိုင်ပေသည်။ ထိုမျှသာ မဟုတ်ပေ။

ယခုပင်လျှင် လင်းဖုန်းသည် အရာတစ်ခုကို အလွယ်တကူ လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ ထိုအရာမှာ ကြယ်တာရာစွမ်းအားများကို ဖိသိပ်ခြင်းပင် ဖြစ်သည်။

"ကြယ်တာရာစွမ်းအား အမျှင်တန်း ၈၀၀၆ ခု။ အရင်တုန်းကတော့ ကြယ်တာရာစွမ်းအားတွေကို ဖိသိပ်ပြီး အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ကို တက်လှမ်းဖို့ အချိန်အများကြီး လိုမယ်လို့ ငါ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု စိတ်စွမ်းအားစက်လုံးကို စုစည်းပြီးတဲ့နောက်မှာတော့ ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀ ကျော်ဆိုတာ ဘာမှ မဟုတ်တော့ဘူး"

လင်းဖုန်းတွင် ယုံကြည်ချက်အပြည့် ရှိနေသည်။ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ် ပထမအဆင့်ကို ကျွမ်းကျင်ပြီးနောက် သူ ပထမဆုံး လုပ်ရမည့်အရာမှာ ကြယ်တာရာစွမ်းအားများကို ဖိသိပ်ကာ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

"ကြယ်တာရာစွမ်းအား ဖိသိပ်ခြင်း"

လင်းဖုန်းသည် သူ၏ ကြယ်တာရာစွမ်းအားအားလုံးကို လှုံ့ဆော်လိုက်သည်။ ၈၀၀၀ ကျော်သော ကြယ်တာရာစွမ်းအားများမှာ အလွန်ပင် များပြားလှသည်။ အတိတ်ကဆိုလျှင် လင်းဖုန်းသည် ဤမျှ များပြားသော ကြယ်တာရာစွမ်းအားများကို အလွယ်တကူ ဖိသိပ်ရန် ဝံ့ရဲမည် မဟုတ်ပေ။

သို့သော် ယခုမူ...

၈၀၀၀ မဆိုထားနှင့်၊ ဤထက် အဆပေါင်းများစွာ ပိုများလျှင်ပင် လင်းဖုန်း အလွယ်တကူ ဖိသိပ်နိုင်စွမ်း ရှိသည်။

ဝူး...

လင်းဖုန်း၏ စိတ်ထဲရှိ စိတ်စွမ်းအားလုံးမှာ အနည်းငယ် တုန်ခါကာ လည်ပတ်သွားသည်။ သူသည် စိတ်စွမ်းအား အစိတ်အပိုင်း အနည်းငယ်ကိုသာ အသုံးပြုလိုက်သည်။ ချက်ချင်းပင် အစွမ်းထက်လှသော စိတ်စွမ်းအားမှာ လက်ဝါးကြီးတစ်ခုအလား ပြောင်းလဲသွားပြီး ဆူပွက်နေသော ကြယ်တာရာစွမ်းအားများကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။

၈၀၀၀ ကျော်သော ကြယ်တာရာစွမ်းအားများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖိသိပ်ခံလိုက်ရသည်။ ထို့ပြင် ၎င်းတို့မှာ မည်မျှပင် ရုန်းကန်ပါစေ စိတ်စွမ်းအား၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။

"ကြယ်တာရာ ဝါးမျိုခြင်း"

ထိုအခွင့်အရေးကို အသုံးချကာ လင်းဖုန်းသည် ကြယ်တာရာ ဝါးမျိုခြင်းကျင့်စဉ်ကို လျင်မြန်စွာ လည်ပတ်စေပြီး စကြဝဠာအတွင်းမှ ကြယ်တာရာစွမ်းအား အမြောက်အမြားကို ဆွဲယူလိုက်သည်။ ခဏချင်းမှာပင် ထိုစွမ်းအားများ လျှို့ဝှက်ခန်းအတွင်းသို့ ဆင်းသက်လာသည်။ အေးစိမ့်လှသော ကြယ်တာရာစွမ်းအားများမှာ လှိုင်းလုံးကြီးများကဲ့သို့ လင်းဖုန်းထံသို့ စီးဝင်လာပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်သိပ်သည်းစွာ ဝန်းရံကာ စွမ်းအားများကို အဆက်မပြတ် ပို့လွှတ်ပေးနေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၈၆) - နောက်ထပ် အောင်မြင်မှုတစ်ခု

ဘာသာပြန် - အားသစ်

ဘုန်း...

လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ကြယ်စွမ်းအား အမြောက်အမြား စီးဝင်လာပြီး ကြယ်တာရာစွမ်းအားများအဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ လင်းဖုန်း၏ ခန္ဓာကိုယ်သည်လည်း ပွက်ပွက်ဆူလာသည်။

သူ့တွင် မူလကပင် ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀ ကျော် ရှိနေပြီး ယခုအခါ ထိုစွမ်းအားများအားလုံး ဆူပွက်တိုးပွားနေခြင်း ဖြစ်သည်။

တတိယအဆင့်... အသွင်ပြောင်းနယ်ပယ် တတိယအဆင့်

လင်းဖုန်း နောက်ထပ်တစ်ကြိမ် အဆင့်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအရှိန်မှာ လင်းဖုန်းကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ သူ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ တစ်လသာ ရှိသေးသည်။

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သူ ရောက်ရှိလာခဲ့သည်မှာ သုံးလသာ ရှိသေးသော်လည်း ယခုအခါ သူ အသွင်ပြောင်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်ဖြစ်သော တတိယအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်သည်။

လက်တွေ့တွင်မူ စကြဝဠာကျင့်စဉ်စနစ်အရ ပထမနှင့် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကြားတွင် အဆင့်ငယ်လေးများစွာ ခွဲခြားထားခြင်း မရှိပေ။

ကြယ်တာရာစွမ်းအားဆိုသည်မှာ သိုင်းသမားများ လမ်းမှားလိုက်မိခြင်း၏ ရလဒ်သာ ဖြစ်သည်။ ကြယ်တာရာစွမ်းအားအပေါ် မူတည်၍ အဆင့်ငယ်များ ခွဲခြားထားခြင်းမှာ ရယ်စရာပင် ကောင်းလှသည်။ လင်းဖုန်းသည် စိတ်စွမ်းအားစက်လုံးကို စုစည်းနိုင်ခဲ့ပြီဖြစ်ရာ အဆင့်ငယ်တစ်ခုကို ကျော်ဖြတ်ရန်မှာ သူ့အတွက် ထမင်းစားရေသောက်သလိုပင် လွယ်ကူလှပေသည်။

ခန္ဓာကိုယ်အတွင်းရှိ ၈၀၀၀ ကျော်သော ကြယ်တာရာစွမ်းအားများ ဆူပွက်လာသည်နှင့်အမျှ လင်းဖုန်း၏ စွမ်းအားပြောင်းလဲနိုင်စွမ်းမှာလည်း သိသိသာသာ မြန်ဆန်လာသည်။ ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းသည် သင်းခွေချပ်နတ်ဆိုးသားရဲ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ထားသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း များစွာ တိုးတက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကြယ်တာရာစွမ်းအားများကို စုစည်းပြောင်းလဲနိုင်စွမ်းမှာလည်း အဆမတန် မြင့်တက်လာခဲ့သည်။

တစ်ရက်လျှင် ကြယ်တာရာစွမ်းအား ၁၀၀၀ ခန့် စုစည်းရန်မှာ သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။

လင်းဖုန်း၏ စွမ်းအားများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ တစ်ရက်လျှင် ၁၀၀၀ နှုန်းဖြင့်ဆိုပါက ၁၀ ရက်အတွင်း ၁၀၀၀၀ ရရှိမည်ဖြစ်ကာ ဆက်လက်၍လည်း လျင်မြန်စွာ တိုးပွားနေသည်။

တစ်လ... နှစ်လ...

လင်းဖုန်း၏ တံခါးပိတ်ကျင့်ကြံချိန်မှာ အလွန်ပင် ကြာမြင့်နေလေပြီ။ သုံးလနီးပါး ရှိလာခဲ့သော်လည်း သူသည် လျှို့ဝှက်ခန်းအတွင်းမှ တစ်ခါမျှ ထွက်မလာခဲ့ပေ။

စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံသည့် အချိန်နှင့်ပါ ပေါင်းလိုက်ပါက လင်းဖုန်း လျှို့ဝှက်ခန်းထဲတွင် နေခဲ့သည်မှာ လေးလနီးပါး ရှိပြီ ဖြစ်သည်။ ဤသည်မှာ လင်းဖုန်းအတွက် အကြာဆုံး တံခါးပိတ်ကျင့်ကြံမှုလည်း ဖြစ်သည်။

နောက်ဆုံးတွင် လင်းဖုန်း၏ ကြယ်တာရာစွမ်းအားမှာ အမျှင်တန်း ၈၀၀၀၀ အထိ ရောက်ရှိသွားသည်။ ထိုအခါတွင် စုစည်းမှု အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားပြီး ကြယ်တာရာစွမ်းအားမျှင် ၈၀,၀၀၉ ခုတွင် ရပ်တန့်သွားသည်။

ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင် ၈၀၀၀၉ခု... ယင်းမှာ မည်မျှထိပင် ကြီးမားလှသော စွမ်းအား ဖြစ်ပေသနည်း။

အနည်းဆုံးတော့ ယခုအချိန်တွင် လင်းဖုန်းသည် သူ၏ လှုပ်ရှားမှုတိုင်းတွင် မတွေးဝံ့စရာကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်ဟု ခံစားနေရသည်။ ဤမျှ များပြားသော စွမ်းအားများ ရှိနေခြင်းက လင်းဖုန်းကို လုံခြုံမှုအပြည့် ပေးစွမ်းနိုင်ပေသည်။

အကယ်၍ ၈၀၀၀၀ သော ကြယ်တာရာစွမ်းအားအားလုံးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ပါက လင်းဖုန်း၏ ခွန်အားမှာ မည်မျှအထိ ရှိသွားမည်နည်း။ လင်းဖုန်းကိုယ်တိုင်ပင် ခန့်မှန်းရခက်လှပေသည်။

သို့သော် ကြယ်တာရာစွမ်းအားကို ဒီအတိုင်း ထုတ်ဖော်ခြင်းမှာ ဖြုန်းတီးရာ ရောက်သည်။ ကြယ်တာရာ သိုင်းပညာများဖြင့်သာ ထိုစွမ်းအားများကို အပြည့်အဝ အလေအလွင့်မရှိ အသုံးချနိုင်မည် ဖြစ်သည်။

လင်းဖုန်းသည် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ လှပသော ဟင်းလင်းပြင်ပူပေါင်းမှာ လက်ရှိ လင်းဖုန်း၏ အစွမ်းထက်ဆုံးသော နည်းစနစ်ဖြစ်သည်။ သို့သော် ယခင်က သူသည် ကြယ်တာရာစွမ်းအား ၄၀၀၀ ထက် ပို၍ ထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ ထိုထက် ပိုထည့်ပါက ပူပေါင်း၏ တည်ငြိမ်မှုကို သူ မထိန်းချုပ်နိုင်တော့ပေ။

အမှန်စင်စစ် ဤသည်မှာ လင်းဖုန်း၏ စိတ်စွမ်းအား မလုံလောက်ခြင်းကြောင့်သာ ဖြစ်သည်။ ယခုအခါ လင်းဖုန်း၏ စိတ်စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်ရာ ထိန်းချုပ်နိုင်စွမ်းမှာလည်း များစွာ သာလွန်သွားပြီ ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်းသည် ယခုအခါ ဟင်းလင်းပြင်ပူပေါင်းထဲသို့ စွမ်းအား မည်မျှအထိ ထည့်သွင်းနိုင်မည်ကို သိလိုစိတ် ပြင်းပြနေသည်။

သူသည် ခမ်းနားလှသော ကြယ်တာရာပူပေါင်းထဲသို့ ကြယ်တာရာစွမ်းအားများကို စတင် ထည့်သွင်းလိုက်သည်။

၄၀၀၀... ၅၀၀၀... ၆၀၀၀... ၁၀၀၀၀

ခဏအတွင်းမှာပင် ကြယ်တာရာစွမ်းအား ၁၀၀၀၀ ပြည့်သွားသော်လည်း လင်းဖုန်းမှာ မည်သည့် ဖိအားမှ မခံစားရဘဲ အလွန်ပင် သက်သောင့်သက်သာ ရှိနေသည်။

"ဆက်ထည့်မယ်"

၂၀၀၀၀... ၃၀၀၀၀... ၄၀၀၀၀...

လင်းဖုန်း၏ ကြယ်တာရာစွမ်းအားများ ပူပေါင်းထဲသို့ ရူးသွပ်စွာ စီးဝင်သွားသည်။ လျှို့ဝှက်ခန်းထဲရှိ ပူပေါင်းမှာ အချင်း ၁ မီတာခန့်သာ ရှိသည်။ မူလက မှုန်ဝါးဝါး အရောင်သာ ရှိသော်လည်း ယခုအခါ သက်တန့်ရောင်စဥ်များကဲ့သို့ လှပစွာ တောက်ပလာပြီး ပို၍ပင် ဆွဲဆောင်မှု ရှိလာသည်။

ထိုမျှ များပြားသော စွမ်းအားများကို ထည့်သွင်းနေခြင်း ဖြစ်ရာ လင်းဖုန်းသည်လည်း သတိထားလာရသည်။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ အကယ်၍ ပူပေါင်းသာ ပေါက်ကွဲသွားပါက မည်မျှ ကြောက်စရာကောင်းမည်ကို သူ သိသည်။

သို့သော် ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀၀အထိ ရောက်သည့်တိုင် လင်းဖုန်းမှာ ဖိအား မရှိသေးပေ။ သူ၏ စိတ်စွမ်းအားစက်လုံးတွင် စိတ်စွမ်းအား အမြောက်အမြား ရှိနေသေးသဖြင့် သူ ဆက်လက်၍ ထည့်သွင်းနေလိုက်သည်။

၅၀၀၀၀... ၆၀၀၀၀... ၇၀၀၀၀... ၈၀၀၀၀။

နောက်ဆုံးတွင် လင်းဖုန်းသည် ရှိသမျှကြယ်တာရာစွမ်းအား ၈၀၀၀၀ စလုံးကို ပူပေါင်းထဲသို့ ထည့်သွင်းလိုက်သည်။ သို့သော် သူ၏ စိတ်စွမ်းအားမှာ လွယ်လင့်တကူပင် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကာ ဖိအား အနည်းငယ်မျှပင် မရှိပေ။

လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက သူ၏ စိတ်စွမ်းအားထိန်းချုပ်နိုင်စွမ်းသည် များစွာ သာလွန်သွားခဲ့လေပြီ။

စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို မကျင့်ကြံမီက လင်းဖုန်းသည် သူ၏ စိတ်စွမ်းအားကိုပင် မမြင်နိုင်ခဲ့ပေ။

ယခုမူ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကြောင့် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ လွယ်လွယ်ကူကူ တက်လှမ်းနိုင်ခဲ့ရုံသာမက ပူပေါင်း၏ တည်ငြိမ်မှုကိုလည်း အလွယ်တကူ ထိန်းချုပ်နိုင်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မဖွဲ့စည်းရသေးသော်လည်း ဤစိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်မှာ လင်းဖုန်းအတွက် ကြီးမားသော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးခဲ့သည်။

"မယုံနိုင်စရာပဲ... စကြဝဠာကျင့်စဉ်စနစ်မှာ ပထမနဲ့ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုတွေကြားမှာ ခွဲခြားထားတဲ့ အဆင့်ငယ်တွေမရှိတာ ပုံမှန်ပါပဲ။ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကြောင့် စိတ်စွမ်းအားကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တဲ့အတွက် အသွင်ပြောင်းနယ်ပယ်ရဲ့ အဆင့်ငယ် သုံးဆင့်လုံးကို တက်လှမ်းဖို့ဆိုတာ ဘာမှ မခက်ခဲတော့ဘူးပဲ"

သို့သော် လင်းဖုန်းကို ပို၍ အံ့အားသင့်စေသည်မှာ စိတ်စွမ်းအားက ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို မည်သို့ မြှင့်တင်ပေးနိုင်သည်ဆိုသည့် အချက်ပင်။ ဟင်းလင်းပြင်ပူပေါင်းကို တီထွင်ခဲ့သော သိုင်းသမားမှာ ကြယ်တာရာများ ပြိုကွဲခြင်းကို ပုံဖော်ကာ ပူပေါင်း၏ စွမ်းအားကို အဆမတန် မြှင့်တင်လိုခဲ့ခြင်း ဖြစ်သည်။

သို့သော် စိတ်စွမ်းအား ကန့်သတ်ချက်ကြောင့် ထိုသိုင်းသမားမှာ ပူပေါင်းကို မထိန်းချုပ်နိုင်ခဲ့ဘဲ စွမ်းအားမှာလည်း ကန့်သတ်ခံခဲ့ရသည်။

ယခုမူ လင်းဖုန်းသည် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် စိတ်စွမ်းအားကို လိုသလို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ကြယ်တာရာစွမ်းအား လုံလုံလောက်လောက် ရှိနေသရွေ့ ဟင်းလင်းပြင်ပူပေါင်း၏ အစွမ်းထက်ဆုံးသော စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာပူပေါင်းမှာ မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။ လင်းဖုန်းကိုယ်တိုင်ပင် မခန့်မှန်းနိုင်ပေ။ ပူပေါင်းထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပြီး ပေါက်ကွဲထွက်သွားပါက မည်မျှထိ ပြင်းထန်အားကောင်းလိမ့်မည်ကို မည်သို့မျှ စဉ်းစားတွေးတောနိုင်မည် မဟုတ်ကြောင်းကိုသာ သူ ခံစားမိသည်။

"ဟူး..."

လင်းဖုန်း လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ အတွေးတစ်ချက်နှင့်အတူ ကြယ်တာရာပူပေါင်းမှာ ပျောက်ကွယ်သွားသည်။ လင်းဖုန်းသည် သူ၏ လက်ရှိ ခွန်အားကို အလွန် ကျေနပ်နေပေသည်။ အသွင်ပြောင်းနယ်ပယ်တွင် သူ့ထက် သာမည့်သူ မရှိဟုပင် သူ အပြည့်အဝ ယုံကြည်နေသည်။

မူလက လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ရန် စဉ်းစားခဲ့သည်။ သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရ ကိုးဆင့်မြောက်အထိ မဟုတ်သော်လည်း ငါးဆင့် သို့မဟုတ် ခြောက်ဆင့်အထိ ကျင့်ကြံရန်မှာ ပြဿနာ မဟုတ်ပေ။

သို့သော် မြေအောက်ထဲတွင် ရှိနေစဉ်က လေ့ကျင့်ရန် အချိန်မရခဲ့ပေ။

အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ရန်မှာ လင်းဖုန်းအတွက် သိပ်ပြီး အနှစ်သာရ မရှိတော့ပေ။ ကိုးဆင့်မြောက်အထိ ရောက်လျှင်ပင် ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ဖြင့် ဖွဲ့စည်းထားသည့် ကြယ်တာရာပူပေါင်းနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ လင်းဖုန်း စမ်းသပ်မကြည့်ရသေးသော်လည်း မယှဉ်နိုင်ကြောင်းကိုမူ သူ ကောင်းကောင်း သိသည်။

ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ တစ်ခုတည်းသော အသုံးဝင်ပုံမှာ လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ထူးခြားမှုများကို ဖုံးကွယ်ရန်သာ ဖြစ်သည်။ သူသည် ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ ကို လွယ်လင့်တကူ ထုတ်ပြ၍ မဖြစ်ပေ။

ပုံမှန်အားဖြင့် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉၉၉ ခု အထိသာ ပြသရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ၈၀၀၀၀ သော ကြယ်တာရာစွမ်းအားမျှင်များကို ဖုံးကွယ်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

လင်းဖုန်းက တမင်တကာ ဖုံးကွယ်လို၍ မဟုတ်ချေ။ လူ့သဘာဝမှာ ခန့်မှန်းရခက်သောကြောင့်သာ ဖြစ်သည်။ ကျောက်တုံးမြို့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီးနောက် လင်းဖုန်းသည် လူ့သဘာဝကို ကောင်းကောင်း နားလည်သွားခဲ့ရသည်။ ညီအစ်ကိုအရင်းများပင်ဖြစ်လင့်ကစား တစ်ဦးကိုတစ်ဦး ပြန်လှည့်တိုက်ခိုက်နိုင်ကြသည်။ အကယ်၍ သူ၏ လျှို့ဝှက်ချက်များသာ ပေါက်ကြားသွားပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

ထို့ကြောင့် သူ ဖုံးကွယ်မထားလိုသော်လည်း မိမိကိုယ်ကို ပိုမို ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး ဖုံးကွယ်ထားသည်ကသာ အကောင်းဆုံး ဖြစ်ပေသည်။ သူ့ခွန်အားက မည်သူမျှ ခြိမ်းခြောက်နိုင်စွမ်းမရှိတော့သည့် ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်မှသာ ဤလျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို ဂရုစိုက်စရာမလိုဘဲ နေနိုင်မည်ဖြစ်သည်။

ဒွီ... ဒွီ... ဒွီ...

ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာ မြည်လာသည်။

သူ ကြည့်လိုက်သောအခါ နဂါးစီးသူရဲ ဟောက်ရှီရီထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

လင်းဖုန်း ချက်ချင်း ဖုန်းကိုင်လိုက်သည်။ "သခင် ဟောက်ရှီရီ... ကျွန်တော့်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲခင်ဗျာ"

"လင်းဖုန်း... မင်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ငါ မင်းကို သတင်းတစ်ခု လာပေးတာ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကြီး စတော့မယ်။ မင်းလည်း ပါဝင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ မင်းရဲ့ ခွန်အားက နည်းနည်းလေး လိုနေသေးပေမဲ့ တကယ့် ထိပ်သီးပါရမီရှင်တွေကို မြင်တွေ့ရတာက မင်းရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"

"တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲလား။ အဲဒါက ဘာလဲ"

လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုပြိုင်ပွဲအကြောင်း သူ တစ်ခါမျှ မကြားဖူးပေ။

"မင်း မသိဘူးလား။ တကယ့်အဆန်းပဲကွ။ မသိရင် သိုင်းနယ်မြေကွန်ရက်ထဲမှာ သွားကြည့်လိုက်။ ပြီးရင် အမြန်ဆုံး စာရင်းသွင်းလိုက်"

ထိုသို့ပြောပြီးနောက် ဟောက်ရှီရီ ချက်ချင်း ဖုန်းချသွားရာ လင်းဖုန်းမှာ ကြောင်အမ်းအမ်းဖြင့်သာ ကျန်ရစ်တော့သည်။

All Chapters