← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း (၁၈၇) - တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ

ဘာသာပြန် - အားသစ်

"တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ဟုတ်လား"

လင်းဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။ သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အပြင်လောက၌ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သလားဟု သူ တွေးမိလိုက်သည်။

ထို့ကြောင့် လင်းဖုန်းသည် သိုင်းနယ်မြေကွန်ရက်ထဲသို့ အမြန်ဝင်ရောက်ပြီး သိုင်းနယ်မြေဖိုရမ်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် ဖိုရမ်တစ်ခုလုံးမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ သတင်းများဖြင့် ဖုံးလွှမ်းနေသည်။ ပို့စ်တိုင်းလိုလိုမှာ ထိုအကြောင်းအရာများသာ ဖြစ်သည်။

အမှန်တကယ်တော့ ဤသည်မှာ အလွန်ကြီးမားလှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အဖွဲ့အစည်းကြီး ငါးခုက ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ဝင်ရိုးစွန်းအကယ်ဒမီတွင် ကျင်းပမည်ဖြစ်ကြောင်း ပူးတွဲကြေညာခဲ့သည်။ နောင်တွင်လည်း ဆက်လက်၍ ဆယ်နှစ်တစ်ကြိမ် ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲဝင်ရန်အတွက် သတ်မှတ်ချက်မှာ တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ အသွင်ပြောင်းနယ်ပယ်သိုင်းသမား ဖြစ်ရမည်ဟူ၍ပင်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာလျှင် ဤပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီကြသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို လမ်းကြောင်းပေါင်းစုံမှ ကြော်ငြာထားခဲ့သည်ဖြစ်ရာ ယခုအခါ လူတိုင်းနီးပါး သိရှိနေကြလေပြီ။

ပြိုင်ပွဲတွင် ထိပ်တန်းဆယ်ဦး စာရင်းဝင်သူတိုင်းမှာ အလွန်တရာ ရက်ရောသော ဆုလာဘ်များကို ရရှိကြမည် ဖြစ်သည်။ ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်းမှသည် ကျော်ကြားမှုအထိ အရာအားလုံးကို ချီးမြှင့်မည် ဖြစ်သည်။

သိုင်းသမားများ အလေးအနက်ထားသည့် အကျိုးပြုတန်ဖိုး ဆုလာဘ်မှာလည်း အပါအဝင် ဖြစ်ပေသည်။ ပထမဆုအတွက် အကျိုးပြုတန်ဖိုး ၁၀၀၀၀ အထိပင် ပေးအပ်မည် ဖြစ်သည်။ အဖွဲ့အစည်းကြီးငါးခုက ပူးပေါင်းပေးအပ်မည့် အကျိုးပြုတန်ဖိုး ၁၀၀၀၀ ဆိုသည်မှာ မည်သူ့ကိုမဆို ရူးသွပ်သွားစေနိုင်လောက်သော ပမာဏပင်။

လင်းဖုန်းအနေဖြင့် နဂါးကျောက်တုံးမြို့တော်တွင် တိုက်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပြီး လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ် ရရှိခဲ့ကာ ပညာရေးအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့စဉ်ကပင် အကျိုးပြုတန်ဖိုး ၁၀၀၀ သာ ရရှိခဲ့သည်ကို သတိချပ်ရပေမည်။

တစ်ကြိမ်တည်းနှင့် အကျိုးပြုတန်ဖိုး ၁၀၀၀၀ ပေးအပ်ခြင်းမှာ အလွန်ပင် ရက်ရောလှပေသည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဤမျှ များပြားသော အမှတ်များရရန် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းရပေလိမ့်ည်။

ဤကိစ္စ၏ နောက်ကွယ်တွင် တစ်ခုခု ဖုံးကွယ်ထားပုံ ရသည်။ ထို့ပြင် အဖွဲ့အစည်းကြီး ငါးခုက ထိုပြိုင်ပွဲကို ခမ်းခမ်းနားနား ကျင်းပပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတော်စင် ၉ ပါးစလုံး၏ ပုံရိပ်ယောင်များ ကိုယ်တိုင် လာရောက်ကြည့်ရှုပေလိမ့်မည်။ ထိုသတင်းက ဤပြိုင်ပွဲ၏ အဆင့်အတန်းကို များစွာ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ လုပ်ရသနည်း။

၎င်းမှာ အရှိန်အဟုန် မြှင့်တင်ရန် ဖြစ်သည်။ သံသယဖြစ်စရာမလိုဘဲ ဤသည်မှာ အရှိန်အဟုန်တစ်ခု တည်ဆောက်ရန်အတွက်သာပင်။ သို့သော် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတစ်ခုတွင် အရှိန်အဟုန် မြှင့်တင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

အလွန်ဆုံးဆိုလျှင် ထူးချွန်သော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတချို့ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ သို့သော် ထိုသိုင်းသမားများအားလုံး ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်လာလျှင်ပင် သူတော်စင် ၉ ပါးနှင့် အဖွဲ့အစည်းကြီး ၅ ခုအတွက် ဤမျှကြီးမားသော အာရုံစိုက်မှုကို ရရှိရန်မှာ မထိုက်တန်သေးပေ။

ဖိုရမ်ပေါ်တွင် လူများစွာက ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်နေကြသော်လည်း လင်းဖုန်း၏ အမြင်အရ ထိုအရာများမှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။ အကြောင်းရင်း အတိအကျ မည်သူမျှ အချက်ကျကျ မပြောနိုင်ကြပေ။

"အကျိုးပြုတန်ဖိုး ၁၀၀၀၀ က အများကြီးဆိုပေမဲ့ ငါ့အတွက်တော့ သိပ်အသုံးဝင်ပုံ မရဘူး"

လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်ပြီး ဖိုရမ်ထဲမှ ထွက်လိုက်သည်။

အကျိုးပြုတန်ဖိုး ၁၀၀၀၀ ဆိုသည်မှာ အမှန်တကယ်ပင် ကြီးမားသော ပမာဏဖြစ်ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် မက်မောကြသည်။ အကယ်၍ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက ဤမျှ များပြားသော မှတ်များကို ရရှိပါက အချိန်တိုအတွင်း ကြီးကျယ်သော အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ကာ သူလိုချင်သော မည်သည့် အရင်းအမြစ်ကိုမဆို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် လင်းဖုန်းမှာမူ စိတ်ဝင်စားခြင်း မရှိပေ။ သူသည် စကြဝဠာကျင့်စဉ်စနစ်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူသည် ကြယ်တာရာ သိုင်းပညာများ၊ ကြယ်တာရာစွမ်းအားကို လေ့လာသည့် ပစ္စည်းများ သို့မဟုတ် ကြယ်တာရာစွမ်းအားနှင့် ပတ်သက်သော အရင်းအမြစ်များကို သိပ်ပြီး မလိုအပ်တော့ပေ။

သိုင်းနယ်မြေကွန်ရက်ရှိ အွန်လိုင်းအရောင်းဆိုင်မှ ပစ္စည်းအများစုမှာ ကြယ်တာရာစွမ်းအား ကျင့်စဉ်များ၊ သိုင်းပညာများ သို့မဟုတ် ကာကွယ်ရေးဝတ်စုံများ၊ လက်နက်များ စသည်တို့သာ ဖြစ်သည်။ အတိတ်ကဆိုလျှင် လင်းဖုန်း အားကျမိနိုင်သော်လည်း သူ၏ လက်ရှိ ခွန်အားအရ ၎င်းတို့ကို လုံးဝ မလိုအပ်တော့ပေ။

အကယ်၍ နောင်တွင် သူ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ပါက သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ကြယ်တာရာ သိုင်းပညာများကို သူ မည်သည့်အတွက် လိုအပ်တော့မည်နည်း။

ထို့ကြောင့် ထိုအကျိုးပြုတန်ဖိုး ၁၀၀၀၀ မှာ လင်းဖုန်းအတွက် ဆွဲဆောင်မှု မရှိခြင်း ဖြစ်သည်။

အမှန်တကယ်တော့ အဖွဲ့အစည်းကြီး ငါးခုက ဤပြိုင်ပွဲကို ဤမျှအထိ ကြိုးစားအားထုတ်ကာ မြှင့်တင်နေခြင်း၏ နောက်ကွယ်တွင် မည်သည့် လျှို့ဝှက်အစီအစဉ်များ ရှိနေသလဲဆိုတာကို မည်သူက သိနိုင်လိမ့်မည်နည်း။

ထို့ကြောင့် လင်းဖုန်း၏ ပြိုင်ပွဲဝင်လိုသော စိတ်ဆန္ဒမှာ သဘာဝကျကျပင် ပျောက်ကွယ်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ ဤပြိုင်ပွဲကို ဝင်ရိုးစွန်းအကယ်ဒမီတွင် ကျင်းပမည် ဖြစ်ခြင်းကသာ လင်းဖုန်း၏ စိတ်ကို အနည်းငယ် လှုပ်ခတ်စေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကယ်ဒမီတွင် လင်းဖုန်း မေ့မရနိုင်သူတစ်ယောက် ရှိနေသေးသောကြောင့် ဖြစ်သည်။

"မင်း တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို သေချာပေါက် သွားရမယ်"

ရုတ်တရက် လင်းဖုန်း၏ နားထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"လောင်ဘီသမ်လား"

လင်းဖုန်း သူ၏ ဆက်သွယ်ရေးကိရိယာကို ကိုင်လိုက်သည်။ ၎င်းမှာ လောင်ဘီသမ် ဖြစ်သည်။ ဤကာလအတွင်း လောင်ဘီသမ်သည် အင်တာနက်ပေါ်တွင် လှည့်လည်သွားလာနေခဲ့သည်။ လောင်ဘီသမ် တစ်ခုခု ပြဿနာရှာခဲ့သလားဆိုသည်ကိုပင် လင်းဖုန်း မသိပေ။

"ငါ ဘာလို့ သွားရမှာလဲ" လင်းဖုန်းက ပြန်မေးလိုက်သည်။

လောင်ဘီသမ်က ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပုံရိပ်ယောင်တစ်ခု ထုတ်လွှတ်လိုက်သည်။ သူ မည်သို့လုပ်လိုက်သည်ကို မသိရပေ၊ အကြောင်းမှာ ဆက်သွယ်ရေးကိရိယာ၏ မျက်နှာပြင်ပေါ်တွင် ပုံရိပ်ယောင် ထုတ်လွှတ်နိုင်သော စနစ် မပါရှိသောကြောင့် ဖြစ်သည်။

"မင်း စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ် ပထမအဆင့်ကို ကျွမ်းကျင်ပြီး စိတ်စွမ်းအားလုံးကို အချိန်တိုအတွင်း စုစည်းနိုင်တာ တော်တော်လေး ကောင်းပါတယ်။ မင်း နောင်မှာ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ချင်သေးတယ် မဟုတ်လား"

"ဒါပေါ့... ငါ ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု မလုပ်နိုင်ရင် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို ဒီလောက်ကြိုးစားပြီး ဘာလို့ ကျင့်ကြံနေပါ့မလဲ"

လင်းဖုန်း မိမိကိုယ်ကို နှိမ့်ချနေမည် မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် ဒုတိယအကြိမ် အသွင်ပြောင်းလဲမှုကို အောင်မြင်ရမည် ဖြစ်သည်။ အမှန်စင်စစ် သူ၏ ရည်မှန်းချက်မှာ ထိုနေရာတွင် ရပ်တန့်မနေပေ။ သူသည် သုံးကြိမ်၊ လေးကြိမ် သို့မဟုတ် ငါးကြိမ်အထိ အသွင်ပြောင်းလဲမှု ပြုလုပ်လိုသည်။

ကျယ်ပြောလှသော စကြဝဠာကြီးနှင့် အံ့ဩစရာကောင်းသော စကြဝဠာကျင့်စဉ်စနစ်အကြောင်း သူ သိထားပြီးဖြစ်ရာ တစ်နေ့တွင် စကြဝဠာထဲ၌ လွတ်လပ်စွာ သွားလာနိုင်မည့် အချိန်ကို သူ အဘယ်ကြောင့် မမျှော်လင့်ဘဲ နေပါမည်နည်း။

လောင်ဘီသမ်၏ မျက်နှာမှာ ပို၍ သက်ဝင်လှုပ်ရှားလာပုံ ရသည်။ သူ၏ ပုံရိပ်ယောင်က ခေါင်းခါကာ ပြောလိုက်သည်။

"မင်းက ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု ပြုလုပ်ချင်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုတောင် ကျင့်ကြံချင်တယ်ဆိုရင်တော့ ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ မင်း သေချာပေါက် ပါဝင်ရမယ်။ မင်းကအခု ဒုတိယအကြိမ် အသွင်ပြောင်းလဲဖို့ အလှမ်းဝေးသေးတယ်ဆိုပေမဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် စွမ်းအင်ဘယ်လောက် လိုအပ်သလဲဆိုတာ မင်း သိလား"

"မင်းရဲ့ လက်ရှိ ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းအရ ဒီလောက်များပြားတဲ့ စွမ်းအင်တွေကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ အင်တာနက်ပေါ်ကနေ မင်းတို့ လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ် ခွဲဝေမှုတွေအကြောင်း လေ့လာထားတယ်။ သံသယဖြစ်စရာမလိုဘဲ အရင်းအမြစ် အမြောက်အမြားဟာ မင်းတို့လို သိုင်းသမားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ မင်း ဒီအရင်းအမြစ်တွေကို လိုချင်ရင် အကျိုးပြုတန်ဖိုးတွေနဲ့ ဝယ်ရလိမ့်မယ်"

"အကျိုးပြုတန်ဖိုး ၁၀၀၀၀ နဲ့ဆိုရင် မင်း လိုအပ်တဲ့စွမ်းအင်တွေ အများကြီး ဝယ်လို့ရတယ်။ မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံဖို့အတွက် လုံလောက်ဦးမှာ မဟုတ်ပေမဲ့ နောင်မှာ မင်း နောက်ထပ် စွမ်းအင်တွေ စုဆောင်းနိုင်ဖို့အတွက်တော့ အခြေခံအဖြစ် လုံလောက်သွားလိမ့်မယ်။ ဒါကြောင့် မင်း တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ပြီးတော့ အကျိုးပြုတန်ဖိုး ၁၀၀၀၀ ရအောင် ပထမဆုကို ယူရမယ်"

လင်းဖုန်း လောင်ဘီသမ်ကို သေသေချာချာ ကြည့်လိုက်သည်။ သူလည်း စဉ်းစားနေမိသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံရန်အတွက် စွမ်းအင် အမြောက်အမြား လိုအပ်သည်လား။

သေသေချာချာ စဉ်းစားကြည့်လျှင် မှန်ပေသည်။ အကယ်၍ ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ မီတာ ၁၀၀ ကျော်အထိ ရှိနိုင်သည်ဆိုပါက ထိုမျှ ကြီးမားလှသော ခန္ဓာကိုယ်ကြီးအတွက် စွမ်းအင် အမြောက်အမြား လိုအပ်မည်မှာ သေချာလှသည်။

ယင်းမှာ လင်းဖုန်း ကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇများကို ပေါင်းစပ်စဉ်က ခန္ဓာကိုယ်အရည်အသွေးများ လျင်မြန်စွာ တိုးတက်လာစေရန် အာဟာရဖျော်ရည် အမြောက်အမြား လိုအပ်ခဲ့ခြင်းနှင့် နည်းတူပင်ဖြစ်သည်။ ထိုအာဟာရရည်များမှာလည်း တကယ်တော့ စွမ်းအင်အရင်းအမြစ်များပင် ဖြစ်သည်။

မီတာ ၁၀၀ ကျော်သော တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စွမ်းအင် မည်မျှလိုအပ်မည်ကို လင်းဖုန်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ အာဟာရရည်နှင့် တိုင်းတာမည်ဆိုပါက ပုလင်းအနည်းငယ် သို့မဟုတ် ဒါဇင်အနည်းငယ်ထက် များစွာ သာလွန်ပေလိမ့်မည်။

"နောက်ပြီးတော့ လောင်ဘီသမ်... မင်းက အင်တာနက်ပေါ်မှာ ဒီလောက် လုပ်နိုင်စွမ်းရှိနေတာဆိုတော့ ဒီပြိုင်ပွဲရဲ့ နောက်ကွယ်က တကယ့် အကြောင်းရင်းကိုကော ရှာတွေ့လား"

လင်းဖုန်း ရုတ်တရက် အတွေးတစ်ခု ရလိုက်သည်။ လောင်ဘီသမ်သည် အင်တာနက်ပေါ်တွင် အရာရာကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်ရာ ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်တချို့ကို သူ သိနိုင်ကောင်း သိနိုင်ပေလိမ့်မည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၈၈) - ထွက်ခွာခြင်း

ဘာသာပြန် - အားသစ်

"ယုတ္တိမရှိတဲ့ လျှို့ဝှက်ချက်တွေလား... မင်းတောင် ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲရဲ့ ထူးခြားချက်ကို ခံစားမိတယ်ပေါ့။ မင်းလည်း သိပ်တော့ မညံ့ပါဘူး"

လောင်ဘီသမ်သည် သူ၏ သာလွန်သော ဉာဏ်ရည်ဥာဏ်သွေးကို အမြဲတမ်း ကြွားဝါလေ့ရှိသည်။ လင်းဖုန်းမှာ ခေါင်းခါရုံသာ တတ်နိုင်တော့၏။ စက်ရုပ်သက်ရှိပုံစံတစ်ခုနှင့် ဉာဏ်ရည်အကြောင်း ဆွေးနွေးနေခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။ သူတို့သည် ငယ်စဉ်ကတည်းက ဒေတာနှင့် အချက်အလက်များကြားတွင် ရှင်သန်လာခဲ့ကြသူများ ဖြစ်သည်။ အချက်အလက်များကို ဆုပ်ကိုင်နိုင်စွမ်းတွင် လူသားများအတွက် စက်ရုပ်သက်ရှိများကို ကျော်လွန်နိုင်ရန် မဖြစ်နိုင်သလောက် ခက်ခဲလှပေသည်။

"ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို အဖွဲ့အစည်းကြီးငါးခုက ပူးပေါင်းပြီး မြှင့်တင်နေတာ။ ရထားတဲ့ အချက်အလက်တွေအရတော့ သူတို့က မင်းတို့လူ့အဖွဲ့အစည်းကို သိုင်းပညာခေတ်ထဲရောက်အောင် တွန်းပို့ချင်နေတာပဲ"

"သိုင်းပညာခေတ် ဟုတ်လား... သိုင်းပညာကို အဓိကထားပြီး နည်းပညာကို အထောက်အကူအနေနဲ့ သုံးမယ့်ခေတ်ပေါ့"

လင်းဖုန်း အနည်းငယ် မှင်သက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အငြင်းပွားမှုမျိုးမှာ အတိတ်ကတည်းက ရှိခဲ့သော်လည်း အဖြေတစ်ခု မထွက်ခဲ့ပေ။ နှစ်ဖက်စလုံးတွင် ကိုယ်ပိုင်ထောက်ခံသူများ ရှိနေကြပြီး တစ်ဦးကိုတစ်ဦး နားချနိုင်ခြင်း မရှိခဲ့ကြချေ။

အတိတ်က အဖွဲ့အစည်းကြီးငါးခုမှာ တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ နှစ်ဖက်စလုံးကို အငြင်းပွားခွင့် ပြုထားခဲ့သည်။ လူ့အဖွဲ့အစည်းကို တစ်ဆင့်ချင်းစီ သဘာဝအတိုင်း ဖွံ့ဖြိုးစေချင်ပုံရသည်။ ယခုမူ အဘယ်ကြောင့် ဤကဲ့သို့သော လူမှုရေးအပြောင်းအလဲကို တိုက်ရိုက်စွက်ဖက်ရန် အလောတကြီး ဖြစ်နေကြသနည်း။

"ငါ ဆက်ပြီး စုံစမ်းကြည့်တော့ ဒီကိစ္စရဲ့ အရင်းအမြစ်က သူတော်စင်ကိုးပါး ဖြစ်နေတာကို တွေ့ရတယ်။ မင်းတို့ လူသားလူ့အဖွဲ့အစည်းရဲ့ သူတော်စင်ကိုးပါးက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့က ပုံမှန်ဆိုရင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ဝင်မပါတတ်ကြဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ချွင်းချက်ပဲ။ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခု ရှိရမယ်။ ဒါပေမဲ့ ကွန်ရက်ပေါ်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ အချက်အလက်က အရမ်းနည်းလွန်းတော့ ငါလည်း ဘာမှ အတိအကျ မသိရသေးဘူး"

"ဒါပေမဲ့ ဒီပြိုင်ပွဲက အခွင့်အရေးတစ်ခုပဲ။ ဖြစ်နိုင်တာကတော့ သူတော်စင်ကိုးပါးက အဲဒီအချိန်ကျရင် တစ်ခုခု ထုတ်ပြောလာနိုင်တယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူတော်စင်ကိုးပါးနှင့် ပတ်သက်နေမှတော့ ထပ်မံစုံစမ်းရန် နည်းလမ်းမရှိတော့ပေ။

မူလက လင်းဖုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် လောင်ဘီသမ်က တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံရန်အတွက် စွမ်းအင်အမြောက်အမြား လိုအပ်သည်ဟု ပြောခဲ့သဖြင့် သူ ပါဝင်ရတော့မည် ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်းသည် သိုင်းနယ်မြေကွန်ရက်ထဲသို့ တစ်ကြိမ်ထပ်မံဝင်ရောက်ပြီး ပညာရေးအဖွဲ့အစည်း၏ ကဏ္ဍထဲတွင် တိုက်ရိုက်လျှောက်ထားနိုင်သည့် နေရာကို ရှာဖွေလိုက်သည်။

"စာရင်းသွင်းမယ်"

လင်းဖုန်းသည် သူ၏ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်လိုက်သည်။ ကျင့်ကြံမှုအဆင့်အတွက်မူ သူသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ဟု တိုက်ရိုက်ဖြည့်စွက်လိုက်သည်။

သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ အမှန်တကယ်တော့ နှစ်ဝက်ခန့်သာ ရှိသေးသည်။

ခြောက်လအတွင်း အသွင်ပြောင်းနယ်ပယ် ပထမအဆင့်မှ တတိယအဆင့်အထိ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ယခင်က မရှိခဲ့ဖူးသလို နောင်တွင်လည်း ရှိလာရန် ခဲယဉ်းလှသည်။ ဤသည်မှာ အာရုံစိုက်မှုကို ခံရနိုင်သော်လည်း လင်းဖုန်းအတွက် တခြားနည်းလမ်း မရှိပေ။

အကယ်၍ သူသည် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် အနေနှင့်သာ ပြိုင်ပွဲဝင်မည်ဆိုပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား မည်မျှပင် ကောင်းပါစေ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပထမဆုရရန်မှာ မဖြစ်နိုင်ပေ။ လင်းဖုန်းအတွက် တစ်ခုတည်းသော ပန်းတိုင်မှာ ပထမဆုပင် ဖြစ်သည်။ ပထမဆု မရရှိပါက ၎င်းမှာ ရှုံးနိမ့်မှုသာ ဖြစ်လိမ့်မည်။

လင်းဖုန်း အချိန်ကို ကြည့်လိုက်သောအခါ နှစ်လ သို့မဟုတ် သုံးလခန့် လိုသေးသဖြင့် အချိန်လုံလောက်မှု ရှိသည်။ ဤကာလအတွင်း သူသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် လိုအပ်သည်များကို စီစဉ်ထားနိုင်သည်။

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လူတိုင်းမှာလည်း လင်းဖုန်း တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်မည်ကို ကြားသိကြသဖြင့် အလွန်ပင် ထောက်ခံအားပေးကြသည်။ လင်းဖုန်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်း အခြေစိုက်စခန်းများရှိ စွမ်းဆောင်ရည်များကြောင့် လူတိုင်းက သူ့ကို အသိအမှတ်ပြုထားကြပြီး ဖြစ်သည်။ လင်းဖုန်းတွင် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အား ရှိနေကြောင်း သူတို့ သိကြသည်။

ထို့နောက် ကျန်ရှိသော နှစ်လ၊ သုံးလအတွင်း လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တို့ကို ကျွမ်းကျင်အောင် ကြိုးစားလေ့ကျင့်ခဲ့သည်။

သို့သော် ဆဋ္ဌမအဆင့်မှာ လောလောဆယ် လင်းဖုန်းအတွက် အကန့်အသတ်ပင် ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဆက်လက်၍ ကြံ့ခိုင်သန်မာလာခြင်း မရှိသရွေ့ ဆဋ္ဌမအဆင့်က အဆုံးစွန်ပင် ဖြစ်သည်။ ကိုးဆင့်မြောက်အထိ ကျင့်ကြံရန်အတွက် လက်ရှတွငိ မဖြစ်နိုင်သေးပေ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ဤသိုင်းပညာကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သည်ဆိုသည်ကိုပင် လင်းဖုန်း သံသယဖြစ်မိသည်။

ဤမျှ အစွမ်းထက်သော ခန္ဓာကိုယ်ရှိသည့် လင်းဖုန်းပင်လျှင် ဆဋ္ဌမအဆင့်အထိသာ ကျင့်ကြံနိုင်သည်ဆိုလျှင် ကိုးဆင့်မြောက်အထိ ကျင့်ကြံရန်အတွက် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အရင်ဖွဲ့စည်းရမည်လား။ သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသာ အမှန်တကယ် ဖွဲ့စည်းနိုင်ခဲ့လျှင် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်မှာ အသုံးမဝင်တော့ပေ။

သို့သော် ဆဋ္ဌမအဆင့်မှာလည်း မဆိုးလှပေ။ ယင်းက ဝဲကယက်စွမ်းအား ခြောက်ခုကို ပေးစွမ်းနိုင်သည်။ အကယ်၍ အားကုန် ထုတ်ဖော်လိုက်ပါက တန်ချိန် ၃၆၀၀ ခန့်သော ခွန်အားကို ရရှိမည် ဖြစ်သည်။ ရှိရငိးစွဲ တန်ချိန် ၆၀၀ နှင့် ပေါင်းလိုက်ပါက စုစုပေါင်း တန်ချိန် ၄၀၀၀ ကျော်သော ခွန်အားကို ရရှိမည် ဖြစ်သည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သက်သက်မှ ထွက်ပေါ်လာသော ခွန်အားသာ ဖြစ်သည်။ လက်တွေ့တွင် တန်ချိန် ၄၀၀၀ ခန့်သော ခွန်အားကို ရုပ်ခန္ဓာမှ ထုတ်ဖော်နိုင်ခြင်းသည် တစ်ခါမှ မကြားဖူးလောက်အောင် အစွမ်းထက်လှပေသည်။

ကြယ်တာရာစွမ်းအား ၁၀၀၀ ခန့် ပေါက်ကွဲထွက်ခြင်းက တန်ချိန် ၄၀၀၀ ခန့်သော ခွန်အားနှင့် ညီမျှသော်လည်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမား မည်မျှမှာ ဤမျှများပြားလှသော ကြယ်တာရာစွမ်းအားကို အလွယ်တကူ ထုတ်ဖော်ဝံ့ကြမည်နည်း။ ထုတ်ဖော်နိုင်လျှင်ပင် အကြိမ်မည်မျှ ထုတ်ဖော်နိုင်ပါမည်နည်း။ အလွန်ဆုံး ကိုးကြိမ်သာ ထုတ်ဖော်နိုင်လိမ့်မည်။

သို့သော် လင်းဖုန်း၏ ခန္ဓာကိုယ်ဖြင့်ဆိုပါက ထိုဝဲကယက်စွမ်းအား ခြောက်ခုကို အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ပြဿနာမရှိ ထုတ်ဖော်နိုင်သည်။

ထို့ပြင် လင်းဖုန်းတွင် ကြယ်တာရာစွမ်းအားလည်း ရှိနေသေးသည်။ သူသည် သာမန် တတိယအဆင့် သိုင်းသမားတစ်ဦးကဲ့သို့ ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉၉၉ ခုကိုသာ ပြသမည်ဆိုလျှင်ပင် ထိုစွမ်းအားအားလုံးကို ဟင်းလင်းပြင်ပူပေါင်းထဲသို့ ထည့်သွင်းနိုင်သည်။

ထိုသို့ ထုတ်ဖော်လိုက်သော ဟင်းလင်းပြင်ပူပေါင်းမှာ မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်း။

ထို့ပြင် လင်းဖုန်းတွင် အခြားသော အံ့ဩဖွယ်ရာ မွေးရာပါစွမ်းရည်များလည်း ရှိနေသေးသည်။

ထို့ကြောင့် လင်းဖုန်းသည် ဤတစ်ကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပထမဆုရရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ပြိုင်ပွဲမစတင်မီ ငါးရက်အလိုတွင် လင်းဖုန်းသည် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် မိုလေ့ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ မိုလေ့မှာလည်း တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ရန် စာရင်းသွင်းထားခဲ့သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ဤမျှကြီးကျယ်သော အခမ်းအနားတွင် မိုလေ့ကဲ့သို့ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးမှာ သဘာဝကျကျပင် ပါဝင်ရန် အရည်အချင်း ပြည့်မီနေသည်။

"ညီကို လင်းဖုန်း"

မိုလေ့သည် လေယာဉ်ငယ်လေးတစ်စင်းဖြင့် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ဆင်းသက်လာသည်။

"အကိုကြီး မိုလေ့"

"ညီကို လင်းဖုန်း... လေယာဉ်ပေါ်တက်ပါ။ ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီကို အတူတူ သွားကြစို့"

"ဒါဆိုရင်တော့ အကိုကြီးရဲ့ စေတနာကို ကျွန်တော် လက်ခံပါ့မယ်"

လင်းဖုန်း အားနာမနေတော့ပေ။ အရှိန်အရဆိုလျှင် မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ လေယာဉ်များမှာ ပို၍ မြန်ဆန်ပေသည်။

သူတို့နှစ်ဦး လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။ တောင်ပိုင်းတောင်တန်းရှိ လူများကို နှုတ်ဆက်ပြီးနောက် လေယာဉ်မှာ စတင်ထွက်ခွာသွားသည်။

လေယာဉ်သည် အလွန်တည်ငြိမ်ပြီး အတွင်းပိုင်း အသုံးအဆောင်များသည်လည်း အလွန်ပင် သပ်ရပ်ခမ်းနားလှသည်။

မိုလေ့နှင့် လင်းဖုန်းတို့သည် ထမင်းစားပွဲတွင် ထိုင်လိုက်ကြသည်။ သူတို့သည် ဝိုင်တစ်ပုလင်းကိုပင် ဖွင့်လိုက်ကြသေးသည်။ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများမှ စားချင့်စဖွယ် ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေသည်။

မိုလေ့က ပြုံးကာ ပြောလိုက်သည်။

"ကဲ... ညီကို လင်းဖုန်း။ ဒီနေ့တော့ ငါတို့ အဝသောက်ကြတာပေါ့။ မင်းနဲ့ မင်းရဲ့လူတွေ မြောက်ပိုင်းအခြေစိုက်စခန်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ငါ မင်းကို သေသေချာချာ ကျေးဇူးမတင်ရသေးဘူး"

"အကိုကြီး မိုလေ့ကလည်း... အားနာစရာကြီး"

လင်းဖုန်းအတွက်လည်း အပန်းဖြေရန် ရှားပါးသော အခွင့်အရေးဖြစ်သဖြင့် မိုလေ့နှင့်အတူ စတင်သောက်စားလိုက်သည်။ သူတို့နှစ်ဦးမှာ အကြောင်းအရာမျိုးစုံကို ရောက်တက်ရာရာ စကားစမြည် ပြောဆိုခဲ့ကြပြီး စိတ်ချင်းလည်း တိုက်ဆိုင်လှသည်။ တဖြည်းဖြည်းနှင့် သူတို့နှစ်ယောက်မှာ ပို၍ ရင်းနှီးလာကြသည်။

"ညီကို လင်းဖုန်း... မင်းက ငါမြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံး သိုင်းသမားပဲ။ ခြောက်လအတွင်းမှာတင် အသွင်ပြောင်းနယ်ပယ် ပထမအဆင့်ကနေ တတိယအဆင့်အထိ ရောက်သွားတယ်။ မင်း ဒီပြိုင်ပွဲမှာ သေချာပေါက် တောက်ပလာမှာပဲ"

"အကိုကြီးရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးတင်ပါတယ်"

လင်းဖုန်းသည် သူ၏ အဆင့်ကို ဖုံးကွယ်မထားပေ။ မည်သို့ပင်ဆိုစေ ၎င်းမှာ မကြာမီ လူသိရှင်ကြား ဖြစ်လာတော့မည် မဟုတ်လော။ သို့သော် မိုလေ့မှာ အနည်းငယ် အံ့အားသင့်သွားရုံသာ ရှိပြီး အလွန်အမင်း ထိတ်လန့်သွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းတွင် လင်းဖုန်း ပြသခဲ့သော ခွန်အားမှာ တတိယအဆင့် သိုင်းသမားတစ်ဦးထက် မနိမ့်ကျသည့်အပြင် ပို၍ပင် အစွမ်းထက်နိုင်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။

"ညီကို လင်းဖုန်း... ငါတို့လို သိုင်းသမားတွေက နောင်တမရအောင် ရှေ့ကိုပဲ ဆက်လှမ်းဖို့ ဆုံးဖြတ်ထားကြတာ။ မဟုတ်ရင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ဘယ်လို ချိုးဖျက်နိုင်ပါ့မလဲ။ ဒီတစ်ခါ ဝင်ရိုးစွန်းအကယ်ဒမီကို ရောက်တဲ့အခါ ဒီအခွင့်အရေးကို မင်းသေချာပေါက် အရယူရမယ်။ မင်းရဲ့ နှလုံးသားနောက်ကို လိုက်ပါ။ ငါတို့ တိုက်ပွဲဝင်ဖို့ ထိုက်တန်တဲ့သူတွေအတွက် တိုက်ပွဲဝင်ရမယ်။ မင်းရဲ့ ခွန်အားနဲ့ အောင်မြင်မှုတွေအရ မင်း ဘာကိုများ ကြောက်နေစရာ လိုသေးလဲ"

မိုလေ့က တစ်ချက်ပြုံးကာ စကားနာထိုးသကဲ့သို့ ပြောလိုက်သည်။

လင်းဖုန်း အမှန်တကယ် မူးနေသလော သို့မဟုတ် သူ မေ့မရနိုင်သော နှလုံးသားထဲက လူတစ်ယောက်ကြောင့်လား ဆိုသည်ကို မသိပေ။ သူသည် မိုလေ့အား ထိုကဲ့သို့သော ကိစ္စမျိုးကို ပြောပြခဲ့မိသည်။ သို့သော် မိုလေ့၏ စကားများက လင်းဖုန်း၏ နှလုံးသားထဲတွင် ငြိမ်သက်သွားရန် ခက်ခဲလှသော လှိုင်းဂယက်တစ်ခုကို ဖန်တီးပေးလိုက်သည်။

All Chapters