← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

အခန်း (၁၈၉) - ဝင်ရိုးစွန်းမြို့တော်

ဘာသာပြန် - အားသစ်

လေယာဉ်မှာ အလွန်ပင် မြန်ဆန်လှသည်။ လင်းဖုန်း မူးနေသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရာ ပြန်နိုးလာချိန်တွင် ရှေ့၌ ဧရာမ မြို့ကြီးတစ်မြို့ကို လှမ်းမြင်နေရပြီ ဖြစ်သည်။

"ညီကို လင်းဖုန်း... ဘယ်လိုလဲ၊ ကောင်းကောင်း အိပ်ပျော်ရဲ့လား"

မိုလေ့က ပြုံးစစဖြင့် မေးလိုက်သည်။ မိုလေ့၏ အပြုံးမှာ တစ်ခုခု ထူးခြားနေသကဲ့သို့ လင်းဖုန်း ခံစားလိုက်ရသည်။

"ဒီလောက်ထိ ကောင်းကောင်းမအိပ်ရတာ ကြာပြီပဲ။ ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီကို ရောက်ပြီလား"

"ဟိုမှာကြည့်... ရှေ့မှာ မြင်နေရတာ ဝင်ရိုးစွန်းမြို့ကြီးပဲ။ သင်တန်းကျောင်းက အဲဒီမြို့ထဲမှာ ရှိတာ။ အခုတလော နေရာအနှံ့အပြားက လူတွေ အများကြီး ရောက်နေကြတယ်"

လင်းဖုန်း ကြည့်လိုက်သောအခါ သူတို့လေယာဉ်၏ အပြင်ဘက်တွင် အခြားသော လေယာဉ်အမြောက်အမြားမှာ ပျားပန်းခတ်မျှ ကူးလူးသွားလာ နေကြပြီး ဝင်ရိုးစွန်းမြို့ကြီးဆီသို့ ဦးတည်ပျံသန်းနေကြသည်ကို တွေ့လိုက်ရသည်။

ယခင်က သူတော်စင်ပင်းယွီသည် ဝင်ရိုးစွန်းအကယ်ဒမီကို တည်ထောင်ခဲ့စဉ် သိုင်းသမားတချို့ကို ပြုစုပျိုးထောင်ပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အကယ်ဒမီကျောင်းကို ကြမ်းကြုတ်သားရဲများ၏ ခြိမ်းခြောက်မှုနှင့် မကြာခဏ ရင်ဆိုင်ရလေ့ရှိသော ရှေ့တန်းစစ်မျက်နှာတွင် တည်ဆောက်ခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာလာသောအခါ အကယ်ဒမီကျောင်းပတ်ဝန်းကျင်ရှိ ကြမ်းကြုတ်သားရဲများကို အကယ်ဒမီမှ သိုင်းသမားများက အပြီးတိုင် မောင်းထုတ်ပစ်ခဲ့ကြသည်။ လက်ရှိတွင် ဤနေရာမှာ ရှေ့တန်းစစ်မြေပြင် မဟုတ်တော့ဘဲ စည်ကားဝပြောသော မြို့ကြီးတစ်မြို့ ဖြစ်လာသည်။

ဝင်ရိုးစွန်းအကယ်ဒမီ၏ ပတ်ဝန်းကျင်တွင် စီးပွားရေး ထွန်းကားပြီး လူဦးရေ ထူထပ်သော မြို့ပြအစုအဝေးများပင် ရှိနေပြီ ဖြစ်သည်။

လင်းဖုန်းသည် သူတော်စင်ပင်းယွီကို စိတ်ထဲမှ တိတ်တဆိတ် လေးစားမိသွားသည်။ သူတော်စင်ကိပါးထဲတွင် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် သူမ၏ တိုးတက်လာမှုမှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်။

ပို၍ ထူးခြားသည်မှာ သူတော်စင်ပင်းယွီသည် သူတော်စင်တစ်ပါး ဖြစ်လာပြီးနောက် အကယ်ဒမီကို ရှေ့တန်းတွင် တည်ထောင်ခဲ့သည်။ ထိုအကြောင်းကြောင့် အကယ်ဒမီမှ သိုင်းသမားများမှာ ကြမ်းကြုတ်သားရဲများနှင့် အမြဲတစေ ရင်ဆိုင်ခဲ့ရသည်။ အဆုံးတွင် သူမသည် လူသားမျိုးနွယ်အတွက် ကျယ်ပြောလှသော နယ်မြေသစ်များကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။

စဉ်းစားကြည့်လျှင် အနန္တလမ်းစဉ်အကယ်ဒမီနှင့် သူတော်စင်အကယ်ဒမီတို့မှာ အစည်ကားဆုံးသော နေရာများတွင် တည်ရှိကြသည်။ ဝင်ရိုးစွန်းအကယ်ဒမီသည် အကယ်ဒမီကျောင်းကြီး သုံးခုထဲတွင် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရခြင်းမှာ သူတော်စင်ပင်းယွီက အစွမ်းထက်ဆုံးဖြစ်၍ မဟုတ်ပေ။ ဝင်ရိုးစွန်းအကယ်ဒမီ၏ စုပေါင်းခွန်အားမှာ ကျန်သင်တန်းကျောင်း နှစ်ခုထက် ပိုမိုသာလွန်သောကြောင့် ဖြစ်သည်။

"ရောက်ပြီ"

လေယာဉ်မှာ ဝင်ရိုးစွန်းမြို့ကြအတွင်းသို့ ဖြည်းဖြည်းချင်း ပျံသန်းဝင်ရောက်သွားသည်။ လေယာဉ်ဆင်းသက်ရန် လမ်းညွှန်ပေးသည့် ဝန်ထမ်းများလည်း အသင့်ရှိနေကြသည်။

လင်းဖုန်းနှင့် မိုလေ့တို့ လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ဤနေရာ၌ ဆိုက်ကပ်ထားသော လေယာဉ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး လမ်းမကြီးပေါ်သို့ ထွက်လာသောအခါ သိုင်းသမားများမှာ နေရာအနှံ့တွင် ပြည့်နှက်နေသည်။

ထို့ပြင် မြောက်မြားစွာသောသာမန်လူများကိုလည်း တွေ့ရပြီး အထူးသဖြင့် သတင်းထောက်အချို့မှာ သိုင်းသမားများကို ထိုနေရာတွင်ပင် အင်တာဗျူးနေကြသည်။

ထိုသိုင်းသမားများထဲမှ အချို့မှာ နှိမ့်ချစွာ နေထိုင်ကြသော်လည်း အချို့မှာမူ ယုံကြည်ချက်အပြည့်ဖြင့် ဤတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် သူတို့၏ စွမ်းရည်များကို ပြသရန် တက်ကြွနေကြသည်။

ထို့ပြင် ငွေအမြောက်အမြားကို ကိုင်ဆောင်ထားပြီး သိုင်းသမားများကို ကုန်ပစ္စည်းကြော်ငြာပေးရန် ကမ်းလှမ်းနေသော ကုန်သည်များကိုလည်း တွေ့ရသည်။ ပြိုင်ပွဲဝင်ချိန်တွင် သူတို့၏ အဝတ်အစားများကို ဝတ်ဆင်ပေးခြင်း သို့မဟုတ် ကြော်ငြာစာသားများ ကပ်ပေးခြင်းဖြင့် ငွေအမြောက်အမြား ရရှိနိုင်မည် ဖြစ်သည်။

ဤစီးပွားရေးသမားများမှာ အလွန်ပင် လည်လည်ဝယ်ဝယ်ရှိကြသည်။ ဤကဲ့သို့သော ပြိုင်ပွဲမျိုး ကျင်းပခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သလို အဖွဲ့အစည်းကြီးငါးခုကလည်း ငွေအမြောက်အမြား အသုံးပြု၍ တစ်ကမ္ဘာလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာထားခဲ့သည်။ ပြိုင်ပွဲစတင်ချိန်တွင် ရုပ်မြင်သံကြားနှင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ရာ ၎င်းမှာ မည်မျှကြီးမားသော စီးပွားရေးအခွင့်အလမ်း ဖြစ်လာမည်နည်း။

သို့သော် ကမ်းလှမ်းမှုကို လက်ခံသည့် သိုင်းသမားမှာ အလွန်နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ပွဲတွင် ပါဝင်နိုင်သူများမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဖြစ်ကြသည်။ မည်သူက ကြော်ငြာခ အနည်းငယ်ကို ဂရုစိုက်ပါမည်နည်း။

သူတို့ လိုချင်သည်မှာ အကျိုးပြုတန်ဖိုးများသာ ဖြစ်သော်လည်း ဤကုန်သည်များတွင် ထိုတန်ကြေးကို ပေးချေနိုင်စွမ်း မရှိကြပေ။ အဖွဲ့အစည်းကြီးငါးခုသာလျှင် အကျိုးပြုတန်ဖိုးများကို ခွဲဝေပေးရန် အရည်အချင်း ရှိကြသည်။

"တကယ့်ကို စည်ကားတာပဲ"

မိုလေ့လည်း သက်ပြင်းချလိုက်မိသည်။ သူသည် သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာသည့် နှစ်များအတွင်း ဤမျှကြီးကျယ်ခမ်းနားသော သိုင်းပညာပြိုင်ပွဲမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ ဤသည်မှာ တစ်ကမ္ဘာလုံး ပါဝင်သည့် ပြိုင်ပွဲဟုပင် ဆိုနိုင်သည်။

"ညီလေး လင်းဖုန်း... သွားကြစို့။ ငါ့ရဲ့ သူငယ်ချင်းတချို့လည်း ရောက်နေကြပြီ။ သူတို့တွေက အခြေစိုက်စခန်းတချို့ရဲ့ စစ်သေနာပတိချုပ်တွေပဲ။ ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးမယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူသည် ဝင်ရိုးစွန်းအကယ်ဒမီတွင် အသိမိတ်ဆွေသိပ်မရှိသဖြင့် မိုလေ့နှင့်အတူ အခြားသော သိုင်းသမားများနှင့် သွားရောက်တွေ့ဆုံခြင်းမှာ ပိုကောင်းပေလိမ့်မည်။ အဆက်အသွယ်ပိုင်းအရဆိုလျှင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ ရှစ်လကျော်သာ ရှိသေးသည်။ ဆယ်စုနှစ်ပေါင်းများစွာ သာလွန်လူသားကျွမ်းကျင်သူ ဖြစ်ခဲ့သော မိုလေ့နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သူသည် မိုလေ့နောက်မှ လိုက်၍ ဟိုတယ်တစ်ခုသို့ ရောက်သွားသည်။ အတွင်းရှိ နားနေခန်းထဲတွင် သိုင်းသမား ဆယ်ဦးကျော် စုဝေးကာ စကားပြောရင်း ရယ်မောနေကြသည်။

မိုလေ့ ဝင်သွားသောအခါ ထိုသိုင်းသမားများက သူ့ကို နှုတ်ဆက်ကြသည်။

"လာကြ... ငါ အားလုံးနဲ့ မိတ်ဆက်ပေးမယ်။ ဒါက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းက ညီကို လင်းဖုန်းပဲ။ သူလည်း တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ဖို့ လာတာပဲ"

အခြားသော သိုင်းသမားများမှာ လင်းဖုန်းကို မြင်ကတည်းက သတိထားမိကြပြီး ဖြစ်သည်။ သူတို့ မြင်ဖူးသလို ရှိသော်လည်း မမေးခဲ့ကြပေ။

မိုလေ့၏ မိတ်ဆက်မှုကို ကြားလိုက်ရချိန်တွင် သိုင်းသမားအချို့က အံ့အားသင့်စွာ မေးလိုက်ကြသည်။

"ဒါ... လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတံဆိပ်ကို ရထားတဲ့ လင်းဖုန်းလား"

"ဟုတ်တယ်... ညီကို လင်းဖုန်းပဲ"

မိုလေ့က ရယ်မောကာ ထိုသိုင်းသမားများကို လင်းဖုန်းနှင့် မိတ်ဆက်ပေးလိုက်သည်။

"ညီလေး လင်းဖုန်း... ဒါကတော့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂရဲ့ နင်ဘတ်အခြေစိုက်စခန်းက စစ်သေနာပတိချုပ်ပဲ"

"ဒါကတော့ ဆည်းဆာချိန်အခြေစိုက်စခန်း စစ်သေနာပတိချုပ်..."

"ဒါကတော့..."

လင်းဖုန်းလည်း သူတို့တစ်ဦးချင်းစီနှင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ထိုသိုင်းသမားများမှာ လင်းဖုန်းသည် အလွန်ပင် ငယ်ရွယ်သည်ဟု ခံစားရသော်လည်း မိုလေ့၏ မိတ်ဆက်မှုနှင့် လင်းဖုန်း၏ သူရဲကောင်းတံဆိပ်ကြောင့် လင်းဖုန်းအပေါ် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြသည်။

"လင်းဖုန်း... မင်း ကျောက်တုံးမြို့တော်မှာ ပြဿနာရှာခဲ့လို့ သိုင်းသမားတွေအတွက် မူဝါဒအသစ်က ဒီလောက် မြန်မြန်ဆန်ဆန် ထွက်လာတာလို့ ငါ ကြားတယ်။ ရှေ့တန်းက သိုင်းသမားအားလုံး မင်းကို ကျေးဇူးတင်ရမှာပဲ"

"ဟုတ်တယ်... အဲဒီ အစိုးရအဖွဲ့အစည်းက လူကြောက်တွေကို ရှေ့တန်းမှာ ကြမ်းကြုတ်သားရဲတွေနဲ့ အသေအကြေ တိုက်ပွဲဝင်တာ ဘယ်လိုလဲဆိုတဲ့ အရသာကို ပေးလိုက်ရမယ်၊ ဟားဟားဟား"

"သိုင်းသမား မူဝါဒအသစ် ထွက်လာပြီးကတည်းက အစိုးရအဖွဲ့က သာလွန်လူသားကျွမ်းကျင်သူတွေ ရှေ့တန်းကို သွားရတယ်။ အကျအဆုံးတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ တော်တော်လေးကို ကျေနပ်စရာပဲ"

"အဲဒီလူကြောက်တွေက အရင်ကဆို ရှေ့တန်းကို မသွားရဲကြဘူး။ အခုတော့ သူတို့လည်း ခံစားရမယ့်အချိန် ရောက်ပြီ"

ဤသိုင်းသမားအများစုမှာ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ ဖြစ်ကြသည်။ မိုလေ့ကိုယ်တိုင်မှာလည်း ထိုအဖွဲ့အစည်းမှပင် ဖြစ်သည်။ သူတို့အားလုံးမှာ အစိုးရအဖွဲ့အစည်းမှ သိုင်းသမားများအပေါ် တူညီသော သဘောထားရှိကြပြီး အထင်သေးကြသူများ ဖြစ်သည်။

ထို့နောက် ထိုသိုင်းသမားများသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲအကြောင်း ဆွေးနွေးကြသည်။ သူတို့အားလုံးမှာ ပြိုင်ပွဲဝင်ရန် စာရင်းသွင်းထားကြသော်လည်း လက်တွေ့တွင်မူ သူတို့၏ အကန့်အသတ်ကို သူတို့ သိကြသည်။ ထိပ်တန်း ဆယ်ဦးစာရင်းထဲ ဝင်နိုင်လိမ့်မည်ဟု မည်သူမျှ မောက်မာစွာ မတွေးဝံ့ကြပေ။

ဤသည်မှာ ကမ္ဘာတစ်ဝန်းရှိ အသွင်ပြောင်းနယ်ပယ် သိုင်းသမားအများစု စုဝေးရာ ဖြစ်သည်။ မည်သူက ထိပ်တန်း ဆယ်ဦးစာရင်းဝင်မည်ဟု အတိအလင်း အာမခံနိုင်ပါမည်နည်း။

သူတို့သည် ဤကဲ့သို့သော စင်မြင့်ကြီးပေါ်တွင် အနည်းငယ်မျှ ပြသနိုင်ရန်သာ ရည်ရွယ်ကြသည်။ မည်သို့ပင်ဆိုစေ ဤမျှကြီးကျယ်သော အခမ်းအနားတွင် ကိုယ်တိုင် ပါဝင်ခွင့်မရပါက နှမြောစရာ ဖြစ်လိမ့်မည် မဟုတ်ပေလော။

မိုလေ့က အားလုံးနှင့် မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောနေသော်လည်း လင်းဖုန်းမှာမူ စိတ်ဝင်စားမှု သိပ်မရှိလှပေ။ ဤလူများမှာ မိုလေ့၏ အသ်မိတ်ဆွေများသာ ဖြစ်ပြီး သူ၏ သူငယ်ချင်းများ မဟုတ်ကြပေ။

ထိုအချိန်တွင် လင်းဖုန်းသည် ယွီရှန်းကို သတိရလိုက်သည်။ မူလက လင်းဖုန်းသည် ယွီရှန်းကို အတူလိုက်ခဲ့ရန် ခေါ်ခဲ့သော်လည်း ယွီရှန်းက သူကဲ့သို့ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်လေးနှင့် ဤပြိုင်ပွဲကြီးတွင် ပါဝင်ရန်မှာ ရှက်စရာကောင်းသည်ဟု ဆိုကာ မလိုက်လာခဲ့ပေ။

အခုတော့ လင်းဖုန်းမှာ ဝင်ရိုးစွန်းမြို့ကြီးတွင် တစ်ဦးတည်း ဖြစ်နေရလေပြီ။

လင်းဖုန်း အနေရခက်နေသည်ကို သတိထားမိသွားပုံရသော မိုလေ့က တိုးတိုးလေး မေးလိုက်သည်။

"ညီလေး လင်းဖုန်း... ငါတို့ ဟိုတယ်ကို အရင်ပြန်ကြမလား"

လင်းဖုန်းက ခေါင်းခါကာ ပြောလိုက်သည်။

"အကိုကြီးက သူငယ်ချင်းတွေနဲ့ မတွေ့ရတာ ကြာပြီပဲ၊ ဒီလောက် မြန်မြန် ပြန်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်ပဲ ဟိုတယ်ကို အရင်ပြန်နှင့်လိုက်ပါ့မယ်"

မိုလေ့ ခဏတာမျှ စဉ်းစားပြီးနောက် အတင်းမတားတော့ပေ။ မည်သို့ပင်ဆိုစေ သူတို့အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းများ ရှိထားကြပြီး ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်းသည် နှုတ်ဆက်၍ ထွက်လာခဲ့သည်။ သို့သော် သူ ဟိုတယ်သို့ တန်းမပြန်ဘဲ လမ်းမပေါ်တွင် တစ်ဦးတည်း လမ်းလျှောက်နေခဲ့သည်။

ရုတ်တရက် သူ၏ ဆက်သွယ်ရေးကိရိယာ တုန်ခါလာသည်။

လင်းဖုန်း ထုတ်ကြည့်လိုက်သောအခါ နဂါးစီးသူရဲ ဟောက်ရှီရီထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"လင်းဖုန်း... မင်း ဝင်ရိုးစွန်းမြို့ကို ရောက်ပြီလား"

"သခင် ဟောက်ရှီရီ... ကျွန်တော် ခုလေးတင် ရောက်တာပါ"

"ကောင်းပြီ... ဒါဆိုရင် ဝင်ရိုးစွန်းဟိုတယ်ကို အမြန်ဆုံး လာခဲ့ပါ"

ဟောက်ရှီရီသည် လင်းဖုန်း၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ ဖုန်းချသွားသည်။

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ဝင်ရိုးစွန်းဟိုတယ်သို့သာ အမြန်ဆုံး သွားလိုက်ရတော့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၀) - ဖွင့်ဟဝန်ခံခြင်း

ဘာသာပြန် - အားသစ်

ဝင်ရိုးစွန်းဟိုတယ်သည် ဝင်ရိုးစွန်းမြို့ကြီးတွင် အခမ်းနားဆုံး ဟိုတယ်ဖြစ်သည်။ ပုံမှန်အားဖြင့် စီးပွားရေးအရ ဖွင့်လှစ်ထားသော်လည်း ယခု ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ကျင်းပနေချိန်တွင်မူ ပြိုင်ပွဲဝင်များနှင့် ပတ်သက်သူများကိုသာ လက်ခံထားသည်။ ထို့ကြောင့် နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများသာ ဤဟိုတယ်တွင် တည်းခိုခွင့်ရှိသည်။

လင်းဖုန်းသည် ဟိုတယ်ဝင်ပေါက်တွင် တားဆီးခံလိုက်ရသဖြင့် ဟောက်ရှီရီကိုသာ ဆက်သွယ်လိုက်ရသည်။ ဟောက်ရှီရီ၏ အတည်ပြုချက်ရရှိပြီးနောက်မှသာ ဟိုတယ်ဝန်ထမ်းများက လင်းဖုန်းကို အတွင်းသို့ ပေးဝင်ကြသည်။

ဟိုတယ်အတွင်းရှိ အသုံးအဆောင်များမှာ ထိပ်တန်းအဆင့်များသာ ဖြစ်သည်။ မဟုတ်ပါလျှင်လည်း ဂုဏ်သရေရှိ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို မည်သို့ ဧည့်ခံနိုင်ပါမည်နည်း။

ဟောက်ရှီရီ၏ ညွှန်ကြားချက်အရ အစည်းအဝေးခန်းမသို့ ရောက်ရှိသွားချိန်တွင် အတွင်း၌ သိုင်းသမား ၁၀ ဦးကျော် ရှိနေသည်ကို လင်းဖုန်း တွေ့လိုက်ရသည်။ သူတို့အားလုံးထံမှ ဖိနှိပ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

နတ်ဘုရားနယ်ပယ်

လင်းဖုန်း အသက်ရှူမှား သွားရသည်။ ဤသည်မှာ သူ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ဒုတိယအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အတိတ်က သူတွေ့ဖူးသည့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများမှာ ကျန်းဇီဖုန်းနှင့် ဟောက်ရှီရီတို့သာ ရှိသည်။ ထိုစဉ်က သူတို့နှစ်ဦးစလုံးက လင်းဖုန်းကို အလွန်ပင် ဖိအားပေးနိုင်ခဲ့သည်။ ယင်းမှာ အသက်ဝိညာဉ်အဆင့်အတန်း ကွာခြားမှုကြောင့် ခံစားရသော ဖိအားပင်။

ယခုတစ်ကြိမ် ဟောက်ရှီရီကို ပြန်လည်တွေ့ဆုံချိန်တွင်မူ လင်းဖုန်းသည် ထိုဖိအားကို ခံစားနေရဆဲ ဖြစ်သော်လည်း ယခင်ကနှင့် မတူတော့ပေ။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအား ပမာဏမှာ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတိုင်းထက် များစွာ သာလွန်နေသည်။ လက်တွေ့တွင် သူသည် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း တကယ့်တိုက်ပွဲတွင်မှသာ သိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိနေပြီး သူ၏ အမူအရာမှာလည်း ကြောက်ရွံ့ခြင်း သို့မဟုတ် မောက်မာခြင်း မရှိဘဲ တည်ငြိမ်နေသည်။

"သခင် ဟောက်ရှီရီ" လင်းဖုန်းက တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

"လင်းဖုန်း... အမြန်လာခဲ့။ ရှလောင်ကွေ့... ဒါ ငါပြောနေတဲ့ လူငယ်လေး လင်းဖုန်းပဲ"

ဟောက်ရှီရီက နီမြန်းသော မျက်နှာရှိသည့် အရပ်ရှည်ရှည် လူအိုကြီးတစ်ဦးကို ပြောလိုက်သည်။

ရှလောင်ကွေ့မှာလည်း သဘာဝကျကျပင် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သည်။ သူက မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်ပြီး စကားဆိုလိုက်သည်။

"အော်... မင်းက လင်းဖုန်းလား။ မဆိုးဘူး... တကယ်ကို မဆိုးဘူးပဲ။ နဂါးကျောက်တုံးမြို့မှာ သူရဲကောင်းတံဆိပ် ရခဲ့သလို ကျောက်တုံးမြို့ကြီးမှာလည်း ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့တဲ့သူ။ ဒီကောင်လေးက တကယ်ကို ပြဿနာရှာတဲ့နေရာမှာ တော်တာပဲ။ ဒါပေမဲ့ သူတော်စင်သခင်ကိုယ်တိုင်တောင် မင်းနာမည်ကို မှတ်မိနေတယ်။ သိုင်းသမား မူဝါဒအသစ်ကိုတောင် ကြိုပြီး ထုတ်ပြန်ပေးခဲ့ရသေးတယ်။ တကယ်ကို မဆိုးဘူးပဲ"

ရှလောင်ကွေ့မှာ လင်းဖုန်းကို အလွန်ပင် သဘောကျပုံရပြီး ချီးမွမ်းစကားများ တရစပ် ပြောနေသည်။

"သခင် ဟောက်ရှီရီ... ကျွန်တော့်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲခင်ဗျာ"

လင်းဖုန်းသည် ထိုနေရာရှိ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။ အားလုံးမှာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပုံမှန်အချိန်တွင် ဤမျှ များပြားသော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ စုဝေးနေခြင်းမှာ မယုံနိုင်စရာပင်။

"ဒီက စီနီယာတွေနဲ့ မိတ်ဆက်ပေးရင် ကောင်းမယ်လို့ တွေးလို့ပါ"

ဟောက်ရှီရီ စကားအဆုံးတွင် ရှလောင်ကွေ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟားဟား... ဟောက်ရှီရီ၊ မင်း ဒီကောင်လေးကို မင်းအတွက် မျက်နှာလုပ်ခိုင်းချင်တာ မဟုတ်လား။ အရင်က မင်းလက်ခံခဲ့တဲ့ တပည့်တွေက တစ်ယောက်မှ အသုံးမကျဘူးလေ။ အခုတော့ လင်းဖုန်းလေးကို မင်းရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခိုင်းတော့မလို့လား"

လင်းဖုန်းက ဟောက်ရှီရီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အတိတ်က သူသည် ဟောက်ရှီရီကို အေးစက်ပြီး အထီးကျန်ဆန်သူဟု ထင်ခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရပြီ။

ဟောက်ရှီရီ၏ လေသံမှာ အနည်းငယ် ပြင်းထန်လာသည်။

"ဟမ်း... ဘာလဲ၊ မင်းက မနာလိုဖြစ်နေတာလား။ လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် ပထမအဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်က ဒုတိယအဆင့် သိုင်းသမားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ မင်းရဲ့ တပည့်တွေထဲမှာ အဲဒီလို လုပ်နိုင်တဲ့သူ ရှိလို့လား"

လင်းဖုန်း အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ဟောက်ရှီရီ သူ့ကို ခေါ်ခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။ သို့သော် သူ ပတ်ဝန်းကျင်ရှိ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။ အားလုံးမှာ ဂုဏ်သိက္ခာရှိသော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူကဲ့သို့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးတစ်ဦးက သူတို့အတွက် မျက်နှာလုပ်ပေးရန် လိုအပ်သလော။

"ဟဲဟဲ... ငါတော့ မယုံဘူး။ ဟောက်ရှီရီ... မင်းက တကယ်ကို အစွမ်းထက်တယ်ဆိုတာ ငါတို့ ဝန်ခံပါတယ်။ လင်းဖုန်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတံဆိပ် ရခဲ့တယ်ဆိုတာကလည်း တိုက်ဆိုင်မှုတစ်ခုပဲ။ ငါမှတ်မိသလောက်ဆိုရင် သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ လပိုင်းပဲ ရှိသေးတယ်၊ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။ သူ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ခိုင်းတာက မင်းအတွက် အရှက်ရစရာ မဖြစ်ဘူးလား"

"ဘာလဲ ရှလောင်ကွေ့... မင်းက မကျေနပ်ဘူးလား။ ဒါဆိုရင်လည်း မင်းရဲ့ တပည့်ကို လင်းဖုန်းနဲ့ ယှဉ်ခိုင်းကြည့်လေ"

ဟောက်ရှီရီက ရှလောင်ကွေ့ကို စိန်ခေါ်လိုက်သည်။ သူသည် လင်းဖုန်းအပေါ် အလွန်ပင် ယုံကြည်မှု ရှိနေသည်။

"ကောင်းပြီ... ယူမို... သွားပြီး လင်းဖုန်းနဲ့ လက်ရည်စမ်းကြည့်လိုက်"

"ဟုတ်ကဲ့ပါ ဆရာ"

ရှလောင်ကွေ့၏ အနောက်မှ အရပ်ရှည်ပြီး လှပသော မိန်းကလေးတစ်ဦး ထွက်လာသည်။ သို့သော် သူမမှာ လှပရုံသက်သက် မဟုတ်ပေ။ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦးလည်း ဖြစ်သည်။ သူမမှာ ရှလောင်ကွေ့ ဂုဏ်ယူရသော တပည့်တစ်ဦးလည်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရှလောင်ကွေ့သည် သူ၏ တပည့်များကို အမြင်ကျယ်စေရန် ဝင်ရိုးစွန်းမြို့ကြီးသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ယူမိုကို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ဝင်မပြိုင်ခိုင်းသော်လည်း သူမအပေါ်တွင်မူ အလွန် ယုံကြည်မှု ရှိနေသည်။

ယူမိုမှာ သာမန် ဒုတိယအဆင့် သိုင်းသမားတစ်ဦး မဟုတ်ပေ။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော ရှလောင်ကွေ့၏ လမ်းညွှန်မှုအောက်တွင် သူမ မည်သို့ ညံ့ဖျင်းနိုင်ပါမည်နည်း။

"လင်းဖုန်း... သွားပြီး စမ်းကြည့်လိုက်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲအတွက် အကြောလျှော့တာလို့ပဲ သဘောထားလိုက်"

ဟောက်ရှီရီကလည်း လင်းဖုန်း၏ ပုခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်သည်။

"အမ်..."

လင်းဖုန်းသည် ယူမိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားနေကြသော နတ်ဘုရားနယ်ပယ် သိုင်းသမားများကို ကြည့်လိုက်သည်။

ဒီလူတွေက တကယ့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ ဟုတ်ရဲ့လား။

သူ အရင်က တွေ့ခဲ့ဖူးသော ကျန်းဇီဖုန်းမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေခဲ့သည်။ ဟောက်ရှီရီမှာလည်း အလွန်ပင် အားကောင်းသန်မာလှပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိသည်။ အခုတော့ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ အများကြီး စုမိတဲ့အခါကျမှ ဘာလို့ ဒီလို ဖြစ်ကုန်ကြတာလဲ။

"အစ်ကိုလင်း... ကျွန်မကို လမ်းညွှန်ပေးပါဦး"

ယူမိုကလည်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

လင်းဖုန်း တွန့်ဆုတ်နေသည်ကို တွေ့သောအခါ ဟောက်ရှီရီက ထပ်မံ လှုံ့ဆော်လိုက်သည်။

"လင်းဖုန်း... မြန်မြန်သွားစမ်းပါ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ ဒီလောက်ကြာကြာ နေခဲ့တာတောင် ဘာမှ မတိုးတက်လာဘူးလို့တော့ ငါ့ကို မပြောနဲ့။ ကျောက်တုံးမြို့မှာတုန်းက မင်း ဒီလောက် မကြောက်တတ်ပါဘူး။ စိတ်မပူနဲ့... ငါ မင်းဘက်မှာ ရှိတယ်။ ရှလောင်ကွေ့က အဲဒီလောက် စိတ်ပုပ်တဲ့သူ မဟုတ်ပါဘူး။ မင်းသာ နိုင်ရင် ရှလောင်ကွေ့က မင်းကို ဆုတစ်ခုခု ပေးမှာ သေချာတယ်။ ဟုတ်တယ်မလား ရှလောင်ကွေ့"

"ဟောက်ရှီရီ... မင်းကတော့ ဒီကောင်လေးအတွက် အကျိုးအမြတ်ရှာပေးဖို့ တကယ် သိတာပဲ။ ဒါပေမဲ့ လင်းဖုန်း သေချာပေါက် နိုင်မယ်လို့ မင်း ဘာလို့ ဒီလောက် ယုံကြည်နေတာလဲ" ရှလောင်ကွေ့ကလည်း ပြန်လည် တုံ့ပြန်လိုက်သည်။

လင်းဖုန်း ရှေ့မှ ယူမိုကို ကြည့်လိုက်သည်။ အမှန်တကယ်တော့ ယူမိုမှာ သူ့ထက် အသက်ကြီးသော်လည်း ရုပ်ရည်မှာ ပို၍ ငယ်ရွယ်ပုံရသည်။ ထို့ပြင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကြားတွင် သူမမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံ ရသည်။ သိသာသည်မှာ သူမသည် ထိုကျွမ်းကျင်သူများ၏ ဖိအားကို ခံစားနေရခြင်းပင် ဖြစ်သည်။

လင်းဖုန်းကဲ့သို့ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ ဖိအားအောက်တွင် ဘာမှမဖြစ်ဘဲ နေနိုင်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားမှာ အလွန်ပင် ရှားပါးလှသည်။

"စီနီယာရှ... သခင်ဟောက်ရှီရီ... ကျွန်တော် ထင်တာကတော့ ယှဉ်ပြိုင်ဖို့ မလိုတော့ဘူး ထင်ပါတယ်" လင်းဖုန်း ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

"ဘာလို့လဲ။ မင်းက ယူမိုကို အထင်သေးလို့လား"

ရှလောင်ကွေ့ မျက်နှာပျက်သွားသည်။ သူသည် ဟောက်ရှီရီနှင့် အခြားသူများရှေ့တွင် သဘောကောင်းပုံရသော်လည်း အပြင်တွင်မူ သူသည် အလွန်ပင် တင်းကျပ်လှသူတစ်ဦး ဖြစ်သည်။

"မဟုတ်ပါဘူး... စီနီယာရှ နားလည်မှု လွဲနေပါပြီ" လင်းဖုန်း အမြန် ရှင်းပြလိုက်သည်။

"လင်းဖုန်း... ဝေ့လည်ဝေ့လည် လုပ်မနေနဲ့။ လုပ်စရာရှိတာ လုပ်စမ်းပါ"

ဟောက်ရှီရီလည်း အနည်းငယ် မကျေမနပ် ဖြစ်လာသည်။ လင်းဖုန်းမှာ ပုံမှန်ဆိုလျှင် အလွန်ပင် ထက်မြက်သူ ဖြစ်သော်လည်း ယနေ့မှ ဘာလို့ ဤမျှ တွန့်ဆုတ်နေရသနည်း။

"သခင် ဟောက်ရှီရီ... ကျွန်တော် အမှန်အတိုင်း ပြောပါ့မယ်။ ကျွန်တော် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ကို ရောက်သွားပါပြီ"

လင်းဖုန်း မဖုံးကွယ်တော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်း ဘာပြောလိုက်တယ်... အသွင်ပြောင်းနယ်ပယ် တတိယအဆင့် ဟုတ်လား။ မင်းကလား" ဟောက်ရှီရီမှာ မျက်လုံးပြူးကာ လင်းဖုန်းကို စိုက်ကြည့်နေမိသည်။

"ဟုတ်ပါတယ်"

လင်းဖုန်း အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်ရာ တတိယအဆင့် ခွန်အားကို ပြသရမည်သာ ဖြစ်သည်။ ထို့ကြောင့် ယခု ပြောပြလိုက်ခြင်းနှင့် နောက်မှ သိသွားခြင်းမှာ ထူးမခြားနားလှပေ။

လင်းဖုန်း၏ တည်ကြည်သော အမူအရာနှင့် ခေါင်းညိတ်မှုကို မြင်လိုက်ရချိန်တွင် အစည်းအဝေးခန်းမအတွင်းရှိ နတ်ဘုရားနယ်ပယ် သိုင်းသမားအားလုံးမှာ လင်းဖုန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေကြတော့သည်။ အချိန်သည်လည်း ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမဆိုနိုင်ဘဲ ကြာမြင့်စွာ တိတ်ဆိတ်နေတော့သည်။

All Chapters