← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 16 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 16 Ch. 191-192

အခန်း (၁၉၁) - အစစ်အမှန် ပါရမီရှင်

ဘာသာပြန် - အားသစ်

"ကောင်းတယ်... သိပ်ကောင်းတယ်"

ရှလောင်ကွေ့၏ မျက်လုံးများမှာ အရောင်လက်သွားပြီး လင်းဖုန်းကို စူးစိုက်ကြည့်နေသည်။ ယခုမူ သူသည် လက်ရည်စမ်းစေမည့် အကြောင်းကို လုံးဝ မဟတော့ပေ။ ဤသည်မှာ နောက်စရာ မဟုတ်ပေ။ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်ရှိ ယူမိုကို တတိယအဆင့်ရှိ လင်းဖုန်းနှင့် ယှဉ်ပြိုင်ခိုင်းခြင်းမှာ မိမိကိုယ်ကို အရှက်ခွဲရန် တောင်းဆိုနေခြင်းသာ မဟုတ်ပါလား။

ယူမိုမှာလည်း နှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏ မျက်နှာအမူအရာမှာ အတော်လေး ရှုပ်ထွေးနေသည်။ လင်းဖုန်းမှာ သူမထက် များစွာ ငယ်ရွယ်သော်လည်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ လုံးဝ မယုံနိုင်စရာပင်။

"လူငယ်လေး... မင်းမှာ ချစ်သူရှိပြီလား"

"အဲ..."

"ရှလောင်ကွေ့... ထွက်သွားစမ်း"

ဟောက်ရှီရီသည် လင်းဖုန်းရှေ့သို့ အမြန်ရောက်လာပြီး တည်ကြည်သော မျက်နှာထားဖြင့် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"လင်းဖုန်း... မင်း ငါ့ကို လိမ်ပြောနေတာ မဟုတ်ဘူးမလား။ မင်း တကယ်ပဲ အသွင်ပြောင်းနယ်ပယ် တတိယအဆင့်ကို တက်လှမ်းသွားပြီလား"

လင်းဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ ကြမ်းကြုတ်သားရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ သေရေးရှင်ရေး အခြေအနေမှာ ကံကောင်းထောက်မစွာနဲ့ အဆင့်တက်သွားခဲ့တာပါ။ အခု ကျွန်တော် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်မှာ တကယ် ရောက်နေပါပြီ"

အမှန်တကယ်တော့ အသွင်ပြောင်းနယ်ပယ်တွင် အရေးအကြီးဆုံးမှာ စိတ်စွမ်းအားသာ ဖြစ်သည်။ အကယ်၍ စိတ်စွမ်းအား မကောင်းပါက ကြယ်တာရာစွမ်းအားကို ဖိသိပ်နိုင်မည် မဟုတ်ဘဲ အဆင့်တက်နိုင်မည်လည်း မဟုတ်ပေ။ လင်းဖုန်းအနေဖြင့် တိုက်ပွဲအတွင်း သူ၏ စိတ်ဓာတ်ခွန်အား များစွာ တိုးတက်လာသောကြောင့် အဆင့်တက်သွားခြင်းဖြစ်သည်ဟု တစ်ပါးသူတို့ အထင်ရောက်စေရန် ဤအကြောင်းပြချက်ကိုသာ အသုံးပြုနိုင်တော့သည်။

ကိုးလအတွင်း အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ အနည်းငယ် ချဲ့ကားလွန်းရာ ကျသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ အသွင်ပြောင်းနယ်ပယ်အတွင်းရှိ အဆင့်ငယ် သုံးဆင့်ကို ကျော်ဖြတ်ခြင်းမှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းထက် များစွာ ပို၍ လွယ်ကူလှသည်။

"ဟားဟား... ကောင်းတယ်။ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ ကိုးလတောင် မပြည့်သေးဘူးဆိုတာ ငါ မှတ်မိတယ်။ ကိုးလအတွင်းမှာ မင်းက အဆင့်သုံးဆင့် ဆက်တိုက်ကျော်ဖြတ်ပြီး တတိယအဆင့်ကို ရောက်သွားခဲ့တာပဲ။ မင်းက တုန်ဖန်းရှန်ရဲ့ စံချိန်ကိုတောင် ချိုးဖျက်ပြီးတော့ ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီရဲ့ သိုင်းသမားတွေထဲမှာ အမြန်ဆုံး အဆင့်တက်နိုင်တဲ့ သိုင်းသမား ဖြစ်သွားပြီပဲ"

"အော်... အနန္တလမ်းစဉ်အကယ်ဒမီရဲ့ နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကို ပြောတာလား"

လင်းဖုန်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူသည် ပုံရိပ်ယောင်တိုက်ပွဲအခန်းတွင် တုန်ဖန်းရှန်ကို အနိုင်ယူခဲ့ဖူးသော်လည်း တုန်ဖန်းရှန်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူ သိသည်။ အနန္တလမ်းစဉ်အကယ်ဒမီ သမိုင်းတစ်လျှောက် ပါရမီအရှိဆုံး ကျောင်းသားအဖြစ် တုန်ဖန်းရှန်သည် အကယ်ဒမီ၏ ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်ပိုင်း တုန်ဖန်းရှန်အကြောင်း သိပ်မကြားရတော့ခြင်းပင်။

"ဟုတ်တယ်... တုန်ဖန်းရှန်က ပါရမီရှိသလို ကြိုးလည်း ကြိုးစားတယ်။ သူက အမြဲတမ်း ပြင်းပြင်းထန်ထန် ကျင့်ကြံနေတတ်တယ်။ သာမန်လူတွေကတော့ ဒါကို မသိကြပါဘူး။ ဒါပေမဲ့ တုန်ဖန်းရှန်လို ပါရမီရှင်တစ်ယောက်တောင် အသွင်ပြောင်းနယ်ပယ် ပထမအဆင့်ကနေ တတိယအဆင့်ကို တက်ဖို့ ၁ နှစ်နဲ့ ၃ လ အချိန်ယူခဲ့ရတာ။ မင်းက သူ့ထက်တောင် ၆ လလောက် ပိုမြန်နေသေးတယ်"

လင်းဖုန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။ မူလက တုန်ဖန်းရှန်မှာ ပရော်ဖက်ရှင်နယ် သိုင်းသမားအဆင့်တွင်သာ အလွန် အစွမ်းထက်သည်ဟု သူ ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုအဆင့်တွင် အစွမ်းထက်သော မွေးရာပါစွမ်းရည်များ ရှိပါက ကြီးမားသော အားသာချက်ကို ရရှိမည် မဟုတ်ပါလား။

သို့သော် တုန်ဖန်းရှန်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်တွင်လည်း ဤမျှ အစွမ်းထက်နေသေးမည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် တတိယအဆင့်သို့ တက်လှမ်းရန် တစ်နှစ်ကျော်သာ အချိန်ယူခဲ့ရသည်။

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း စိတ်သက်သာရာ ရသွားသည်။ သူသည် တတိယအဆင့်သို့ ရောက်ရန် ကိုးလ အချိန်ယူခဲ့ရသည်။ ထနုအဖြစ်မှာ အနည်းငယ် အံ့ဩစရာ ကောင်းသော်လည်း တုန်ဖန်းရှန်၏ ဥပမာ ရှိနေသဖြင့် မယုံနိုင်စရာတော့ မဟုတ်ပေ။ အလွန်ဆုံး သူသည် တုန်ဖန်းရှန်ထက် ပို၍ ပါရမီရှိသည်ဟုသာ သတ်မှတ်ခံရမည် ဖြစ်သည်။

အနည်းဆုံးတော့ သူ၏ ထူးခြားမှုကို ယာယီ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။

"သခင် ဟောက်ရှီရီ... တုန်ဖန်းရှန်ရော ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပါမှာလား"

ယခုအခါ လင်းဖုန်းသည် တုန်ဖန်းရှန်ကို အနည်းငယ် စိတ်ဝင်စားလာသည်။

"တုန်ဖန်းရှန် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲမှာ ပါမှာလား ဟုတ်လား"

လူတိုင်း၏ အကြည့်များမှာ အနည်းငယ် ထူးဆန်းသွားကြသည်။ နောက်ဆုံးတွင် ရှလောင်ကွေ့ကပင် ဝင်ပြောလိုက်သည်။

"လူငယ်လေး... တုန်ဖန်းရှန်က သိုင်းပညာပြိုင်ပွဲမှာ ပါမှာ မဟုတ်ဘူး။ သူ လာရင်တောင် ပြိုင်ပွဲဝင်အနေနဲ့ မဟုတ်ဘဲ ဖိတ်ကြားခံရတဲ့ ဧည့်သည်အနေနဲ့ပဲ လာလိမ့်မယ်။ တုန်ဖန်းရှန်က အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ဘယ်နှစ်ကြိမ် ပြုလုပ်ထားလဲဆိုတာ မင်း သိလား"

လင်းဖုန်း မျက်မှောင်ကြုတ်သွားသည်။ တုန်ဖန်းရှန်အကြောင်း သူ လေ့လာဖူးသည်။ တုန်ဖန်းရှန်မှာ လင်းဖုန်းထက် အသက် ၂၀ သို့မဟုတ် ၃၀ ခန့်သာ ကြီးပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သိုင်းသမားများထဲတွင် အလွန် ငယ်ရွယ်သူဟု ဆိုနိုင်သည်။

ဤမျှ ငယ်ရွယ်သော သိုင်းသမားတစ်ဦးက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်နေပြီလော။

"တုန်ဖန်းရှန်က ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်နေပြီလား"

ရှလောင်ကွေ့က ရယ်မောကာ ပြောလိုက်သည်။ "သူက နတ်ဘုရားနယ်ပယ် သိုင်းသမား မဟုတ်တာတော့ သေချာတယ်..."

"လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက တုန်ဖန်းရှန် မီးတောင်ချော်ရည်တွေထဲအထိ ဆင်းပြီး ကျင့်ကြံခဲ့တယ်။ သူက အသက် ၅၀ မတိုင်ခင်မှာတင် တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ပြီး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်သွားခဲ့ပြီကွ"

"ဘာ... တတိယအကြိမ် အသွင်ပြောင်းလဲမှု ဟုတ်လား"

လင်းဖုန်းပင် မှင်သက်သွားသည်။ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမှာ မည်မျှ ခက်ခဲသည်ကို သူ သိသည်။ တတိယအကြိမ် မဆိုထားနှင့် ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်သော သိုင်းသမားများပင်လျှင် အလွန် ရှားပါးလှသည်။

ပုံမှန်အားဖြင့် လူတစ်ဦးသည် အသက် ၇၀ သို့မဟုတ် ၈၀ အရွယ်ရောက်မှသာ ဒုတိယအကြိမ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ကြသည်။ တတိယအကြိမ် အသွင်ပြောင်းလဲမှုမှာမူ အသက် ၁၀၀ ကျော်မှသာ ဖြစ်နိုင်ပေသည်။

သို့သော် တုန်ဖန်းရှန် တစ်ဦးတည်းသာ အသက် ၅၀ မတိုင်မီ တတိယအကြိမ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အသွင်ပြောင်းနယ်ပယ်အတွင်းရှိ အဆင့်ငယ် သုံးဆင့်ကို ကျော်ဖြတ်ခြင်း မဟုတ်ဘဲ တကယ့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဖြစ်သော အဆင့်ကြီးကို ကျော်ဖြတ်ခြင်းပင် ဖြစ်သည်။

မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ရရှိခဲ့လျှင်ပင် ၎င်းမှာ အထောက်အကူတစ်ခုသာ ဖြစ်သည်။ သိုင်းသမားများ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်ရန် တိုက်ရိုက် မကူညီနိုင်ပေ။

ဟောက်ရှီရီကလည်း သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။ "သူတော်စင်ကိုးပါးကလွဲရင် တခြားဘယ်သူ့ကိုမှ ငါ လေးစားမိမယ်လို့ မထင်ခဲ့ဘူး။ အဲဒီ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကိုတောင် တစ်နေ့နေ့ကျရင် ငါ ကျော်လွှားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားတာ"

"ဒါပေမဲ့ ဒီတုန်ဖန်းရှန်က ငါ့ရဲ့ ဂျူနီယာဖြစ်ပြီး သူက ငါ့ကိုတောင် ကျော်လွန်သွားပြီ။ သိုင်းသမားအများစုက တုန်ဖန်းရှန်ဟာ ၁၀ ယောက်မြောက် သူတော်စင် ဖြစ်လာဖို့ အခွင့်အရေးများတယ်လို့တောင် အခိုင်အမာ ပြောနေကြပြီ"

သိုင်းပညာအသိုင်းအဝိုင်းတွင် တုန်ဖန်းရှန်အပေါ် ဤမျှအထိ အထင်ကြီးလေးစားကြလိမ့်မည်ဟု လင်းဖုန်း မထင်ထားခဲ့ပေ။ သူက တကယ့်ကို သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နေပြီကိုး။

"ဒီတုန်ဖန်းရှန်က အရမ်းတော်တာပဲ။ တကယ်လို့ သူသာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ရခဲ့ရင် သခင်ကြီးရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီးတော့ သခင်ကြီးရဲ့ အစစ်အမှန် အမွေအနှစ်ကိုတောင် ရကောင်းရနိုင်တယ်"

လင်းဖုန်း၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ လောင်ဘီသမ်၏ အသံပင် ဖြစ်သည်။ လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ သူ၏ စိတ်ထဲတွင်သာ ကြားရပြီး အပြင်လူများ လုံးဝ မကြားရအောင် လောင်ဘီသမ် မည်သို့ လုပ်လိုက်သနည်းဆိုသည်ကို သူ မသိပေ။

သို့သော် လင်းဖုန်း ယခု ပြန်လည် မတုံ့ပြန်နိုင်သေးပေ။ ထို့ပြင် ဤတုန်ဖန်းရှန်မှာ တကယ့် ပါရမီရှင်စစ်စစ် ဖြစ်ကြောင်းကိုလည်း သူ ခံစားလိုက်ရသည်။

ဤအချိန်တွင် ဟောက်ရှီရီ၏ အကြည့်မှာ များစွာ နူးညံ့သွားသည်။ သူက ပြုံးကာ ပြောလိုက်သည်။

"မင်းက ဒါကိုတောင် ငါ့ကို ဖုံးကွယ်ထားသေးတယ်ပေါ့။ မင်းက အစွမ်းကုန် မပြဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကျမှ တောက်ပလာဖို့ ပြင်ဆင်နေတာလား"

လင်းဖုန်း မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။ အခြားသော နတ်ဘုရားနယ်ပယ် သိုင်းသမားများအားလုံးမှာလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"ကောင်းပြီ... မင်းက ဒီလောက် ပါရမီပါနေမှတော့ ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲက မင်း အောင်မြင်မှုရဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်။ သူတော်စင်ကိုးပါးက ဒီပြိုင်ပွဲရဲ့ ထိပ်တန်း ၁၀ ယောက်အတွက် ကောင်းတဲ့အရာတချို့ ပြင်ဆင်ထားတယ်လို့ ငါ ကြားတယ်။ မင်း အဲဒီအခွင့်အရေးကို အရယူရမယ်"

"ကောင်းတဲ့အရာတွေ ဟုတ်လား။ အကျိုးပြုတန်ဖိုးတွေအပြင် တခြားဆုလာဘ်တွေ ရှိသေးလို့လား"

"ဒါပေါ့... မင်းတို့ကို အကျိုးပြုတန်ဖိုးလေး နည်းနည်း ပေးဖို့အတွက်လောက်နဲ့ သူတော်စင်ကိုးပါးက ကိုယ်တိုင် ပုံရိပ်ယောင်တွေ လွှတ်မယ်လို့ မင်း ထင်နေတာလား။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာကိုတော့ ငါလည်း သေချာ မသိဘူး။ ဒီတစ်ခါ သူတော်စင်ကိုးပါးရဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းမှုက အရမ်းကောင်းတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အချက်တစ်ချက်တော့ ပြောပြခဲ့တယ်။ အဲဒါက ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီက အစွမ်းထက်ဆုံး အဖွဲ့ကို စေလွှတ်ပြီး ထိပ်တန်း ၁၀ ယောက်စာရင်းဝင်အောင် ကြိုးစားရမယ်တဲ့။ ဒီအခွင့်အရေးကို လွတ်သွားရင် နောက်တစ်ကြိမ် ရှိမှာ မဟုတ်တော့ဘူးတဲ့"

လင်းဖုန်းသည် နက်နက်နဲနဲ တွေးတောရင်း ခေါင်းညိတ်လိုက်သည်။ လောင်ဘီသမ်ပင်လျှင် ပြိုင်ပွဲတွင် အခြား မည်သည့်ဆုလာဘ်များ ရှိနေသနည်းဆိုသည်ကို ရှာမတွေ့ခဲ့ပေ။ ဟောက်ရှီရီမှာလည်း သတင်းအနည်းငယ်သာ ရရှိခဲ့သည်။

သူတော်စင်ကိုးပါး ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ သေချာပေါက် ရိုးရှင်းပုံမရပေ။

သို့သော် မည်သို့ပင်ဖြစ်စေ လင်းဖုန်း၏ ပန်းတိုင်မှာ ပထမဆု ရရှိရေးပင်။ အချိန်တန်လျှင် သဘာဝကျကျ ရှင်းလင်းသွားမည်သာ ဖြစ်သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၉၂) - ဖုန်းခေါ်ဆိုမှု

ဘာသာပြန် - အားသစ်

"လင်းဖုန်း... မင်း ဝင်ရိုးစွန်းမြို့ကြီးကို ကောင်းကောင်း မလည်ရသေးဘူး မဟုတ်လား။ ငါ နေရာကောင်းလေးတချို့ သိတယ်။ ငါနဲ့ အတူလိုက်ခဲ့မလား"

ရှလောင်ကွေ့က ယူမိုကို ဘာပြောလိုက်မှန်း မသိသော်လည်း လင်းဖုန်း ဟိုတယ်မှ ထွက်လာပြီးနောက် ယူမိုလည်း သူ့နောက်မှ လိုက်ထွက်လာသည်။

လင်းဖုန်းသည် အမျိုးသမီး သိုင်းသမားများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်သူမှာ အမှန်တကယ်ပင် ရှားပါးလှသည်။ ထို့ပြင် ယူမိုမှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်တွင် ရှိနေသဖြင့် သူမ၏ ခွန်အားမှာ အတော်လေး ကောင်းမွန်ပေလိမ့်မည်။

လင်းဖုန်းမှာ ယူမို၏ နွေးထွေးပျူငှာမှုကြောင့် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

"နောက်ရက်အနည်းငယ်နေရင် ပြိုင်ပွဲအတွက် ပြင်ဆင်ရမှာဆိုတော့..."

လင်းဖုန်းက သွယ်ဝိုက်၍ ငြင်းဆိုလိုက်သည်။ ယူမိုလည်း သဘာဝကျကျပင် နားလည်သွားသည်။ သူမ၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသော်လည်း အတင်းပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ... နောက်မှပဲ စကားပြောကြတာပေါ့။ သိုင်းပညာပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရပါစေလို့ ကြိုပြီး ဆုတောင်းပေးပါတယ်"

ထိုသို့ပြောပြီးနောက် ယူမိုသည် နောက်လှည့်၍ ဟိုတယ်အတွင်းသို့ ပြန်ဝင်သွားသည်။

လင်းဖုန်း ခေါင်းခါလိုက်သည်။ သူသည် ဟိုတယ်မှ ထွက်လာပြီး လမ်းမများပေါ်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေခဲ့သည်။ ပြိုင်ပွဲအတွက် ပြင်ဆင်ရန် အမြန်ပြန်သွားစရာ မလိုသေးပေ။ ၎င်းမှာ ယူမိုအတွက် ဆင်ခြေတစ်ခုသာ ဖြစ်သည်။

"တုန်ဖန်းရှန်က မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကိုများ ရခဲ့တာလား"

လင်းဖုန်းသည် တုန်ဖန်းရှန်အကြောင်းကို တွေးနေမိဆဲ ဖြစ်သည်။

"မဖြစ်နိုင်ဘူး။ ငါချထားတဲ့ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေအကြောင်း ငါ အသိဆုံးပဲ။ မင်းတို့ လူသားတွေရဲ့ အခေါ်အဝေါ်အရဆိုရင်တော့ ဒီတုန်ဖန်းရှန်က ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲ"

လောင်ဘီသမ်လည်း တုန်ဖန်းရှန်နှင့် ပတ်သက်သော အချက်အလက်တချို့ကို ရှာတွေ့ထားပုံ ရသည်။

"ငါလည်း အသက် ၅၀ မတိုင်ခင်မှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု သုံးကြိမ် ပြုလုပ်နိုင်ပါတယ်"

လင်းဖုန်း လုံးဝ စိတ်မပျက်ပေ။ သူသည် ယခု အသက် ၂၁ နှစ်သာ ရှိသေးပြီး အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒုတိယအကြိမ် အသွင်ပြောင်းလဲမှု ပြုလုပ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် ထိုခြေတစ်လှမ်းတည်းကပင် လူပေါင်းများစွာကို အခက်တွေ့စေခဲ့သည်။

အမှန်တကယ်တော့ လောင်ဘီသမ်၏ အဆိုအရ လင်းဖုန်း၏ စိတ်စွမ်းအား ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မှသာ သူ၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမှာ အောင်မြင်ရန် သေချာမည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူ့စိတ်စွမ်းအားက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းရန် လမ်းညွှန်ပေးနိုင်စွမ်း မရှိလျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အောင်မြင်ခဲ့လျှင်တောင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ပုံမှန်အားဖြင့် စကြဝဠာကျင့်စဉ်စနစ်မှ ကျင့်ကြံသူများသည် စိတ်စွမ်းအား ကျင့်ကြံခြင်းကိုသာ အဓိကထားပြီး သူတို့၏ စိတ်စွမ်းအား အဆင့်တက်စေရန် နည်းလမ်းမျိုးစုံကို စဉ်းစားကြသည်။

အခြားတစ်ဖက်တွင်မူ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက် စကြဝဠာထဲတွင် အံ့ဩဖွယ်ရာ အရာများစွာ ရှိနေသည်။ အချို့သော ထူးဆန်းသည့် ပစ္စည်းများက ကျင့်ကြံသူများကို အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုလုပ်နိုင်ရန် ကူညီပေးနိုင်သော်လည်း ထိုကဲ့သို့သော အရာများမှာ အလွန် ရှားပါးလှသည်။ အနည်းဆုံးတော့ ယခုလောလောဆယ်တွင် ဤဂြိုဟ်ပေါ်၌ ထိုသို့သော အံ့ဩဖွယ်ရာ ပစ္စည်းမျိုး မရှိပေ။

ထို့ကြောင့် တစ်နည်းအားဖြင့် ပြောရလျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် စိတ်စွမ်းအား အဆင့်တက်ခြင်းမှာ တန်းတူပင် ခက်ခဲလှသည်။

လင်းဖုန်းသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုသာမက စိတ်စွမ်းအား အဆင့်တက်မှုကိုပါ အလိုရှိသည်။

ဤကာလအတွင်း လင်းဖုန်းသည် ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ကို အားသွန်ခွန်စိုက် မရပ်မနား ကျင့်ကြံနေခဲ့သည်။ သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးသည် စင်စစ်ပင် နှစ်ဆခန့် ကြီးထွားလာခဲ့ပြီ ဖြစ်ရာ ဤကာလအတွင်း သူ၏ စိတ်စွမ်းအားမှာ အမှန်တကယ်ပင် များစွာ တိုးတက်လာခဲ့ကြောင်း ပြသနေပေသည်။

သို့သော် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်မူ ကွာဟချက်တစ်ခု ရှိနေသေးသည်။

လင်းဖုန်း လမ်းမများပေါ်တွင် ရည်ရွယ်ချက်မဲ့ ခြေဦးတည့်ရာ လျှောက်သွားနေသည်။ ရုတ်တရက် သူ မော့ကြည့်လိုက်သောအခါ ရှေ့တွင် ကြီးမားပြီး လုံခြုံရေး တင်းကျပ်ထားသော အဆောက်အဦးကြီးတစ်ခုကို တွေ့လိုက်ရသည်။

"ဝင်ရိုးစွန်းအကယ်ဒမီ"

လင်းဖုန်း ဧရာမ ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသည်။ ဤသည်မှာ ဝင်ရိုးစွန်းအကယ်ဒမီပင်။ မသိလိုက်မသိဘာသာနှင့်ပင် လင်းဖုန်းသည် ဝင်ရိုးစွန်းအကယ်ဒမီ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို ဝင်ရိုးစွန်းအကယ်ဒမီတွင် ကျင်းပမည် ဖြစ်သော်လည်း ပြိုင်ပွဲ မစတင်သေးသဖြင့် ဝင်ရိုးစွန်းအကယ်ဒမီကို ဖွင့်မထားသေးပေ။ အပြင်လူများကို လုံးဝ ဝင်ခွင့်မပြုပေ။

ဝင်ရိုးစွန်းအကယ်ဒမီ အပြင်ဘက်တွင် သတင်းထောက်များနှင့် ခရီးသွားအများအပြားသာ လှည့်လည်သွားလာနေကြသည်။

လင်းဖုန်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ ဝင်ရိုးစွန်းအကယ်ဒမီသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း အတွင်းထဲတွင် သူ မေ့ဖျောက်၍ မရနိုင်သော သူတစ်ယောက် ရှိနေသည်။ သူ ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ ရင်းနှီးသော နာမည်များကို ရှာဖွေလိုက်သည်။

အမည်တစ်ခုပေါ်တွင် ရပ်တန့်သွားချိန်တွင် လင်းဖုန်း တွန့်ဆုတ်နေမိသည်။

အချိန်အတော်ကြာပြီးနောက် လင်းဖုန်း ရုတ်တရက် ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်သည်။

...

တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ ဝင်ရိုးစွန်းအကယ်ဒမီ၏ လေထုမှာလည်း စည်ကားသိုက်မြိုက်လာသည်။

နေရာတိုင်းတွင် ကူးသန်းသွားလာနေသူများဖြင့် ပြည့်နှက်နေသည်။ အကယ်ဒမီပြင်ပသို့ ထွက်ခွာသွားသော စီနီယာများစွာလည်း ပြန်ရောက်နေကြပြီး အထူးသဖြင့် ကျော်ကြားသော စီနီယာအချို့လည်း ပါဝင်သည်။ သူတို့အားလုံးမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသူများဖြစ်ရာ ဝင်ရိုးစွန်းအကယ်ဒမီသို့ ဝင်ရောက်ခွင့် ရှိကြသည်။

ဤစီနီယာများ သူတို့၏ မိခင်ကျောင်းတော်သို့ ပြန်လာသောအခါ ဂျူနီယာများ၏ နွေးထွေးစွာ ကြိုဆိုမှုကို သဘာဝကျကျပင် ရရှိကြသည်။

ယနေ့ ဝင်ရိုးစွန်းအကယ်ဒမီတွင် အရေးပါသော စီနီယာတစ်ဦးကို ကြိုဆိုနေသည်။ ဝင်ရိုးစွန်းအကယ်ဒမီက သူ့အတွက် ကြိုဆိုပွဲတစ်ခုပင် ကျင်းပပေးခဲ့သည်။

"ချန်းချန်း... စီနီယာ လီရှန်းရဲ့ ကြိုဆိုပွဲက လူတွေ တကယ့်ကို ပြည့်ကျပ်နေတာပဲ။ ဒါပေမဲ့ ဒါကလည်း မဆန်းပါဘူးလေ။ စီနီယာ လီရှန်းက အသက် ၃၀ တောင် မပြည့်သေးဘူး၊ ဒါပေမဲ့ ထိပ်တန်း အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နေပြီလေ။ သူက နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်လာဖို့ အခွင့်အရေးရှိတယ်လို့တောင် ငါ ကြားတယ်။ ဒါ့အပြင် သူက ကျောက်တောင် အခြေစိုက်စခန်းကို ကာကွယ်တဲ့နေရာမှာ ထူးကဲတဲ့ စွမ်းဆောင်မှုတွေ လုပ်ခဲ့လို့ လူသားမျိုးနွယ် ကာကွယ်သူတံဆိပ်တောင် ရထားသေးတယ်။ အခုဆိုရင် စီနီယာ လီရှန်းက ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲရဲ့ ထိပ်တန်း ၁၀ ယောက်စာရင်းဝင်ဖို့ ရေပန်းစားနေတဲ့သူပဲ။ သူ့ရဲ့ ကြိုဆိုပွဲမှာ လူတွေ အရမ်းများလွန်းလို့ ငါ နေရာကောင်းလေး လိုချင်တာတောင် မရဘူး"

ချူချန်း၏ ဘေးရှိ အဖော်က ဆက်လက် ညည်းညူနေပြီး အလွန် စိတ်ပျက်နေပုံ ရသည်။

"ငါ့ကို ညည်းပြနေလည်း အလကားပဲ။ ငါမှ စီနီယာ လီရှန်းကို မသိတာ" ဟု ချူချန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ချန်းချန်း... အဲလိုလည်း မဟုတ်ဘူးလေ။ စီနီယာ လီဟန်က နင့်ကို လိုက်နေတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ ဟဲဟဲ... စီနီယာ လီဟန်က စီနီယာ လီရှန်းရဲ့ ညီအရင်းလို့ ငါ ကြားတယ်။ နင်သာ စီနီယာ လီဟန်ကို နေရာကောင်းလေး တစ်နေရာလောက် တောင်းပေးဖို့ ပြောရင် သူ ကူညီမှာ သေချာတယ်"

ချူချန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဘာမှ မပြောပေ။

ဝင်ရိုးစွန်းအကယ်ဒမီသို့ ရောက်ကတည်းက သူမသည် လီဟန်ထံမှ အကူအညီအချို့ကို ရရှိခဲ့ဖူးသည်။ ဤလီဟန်မှာ အဆင့်ကိုးပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ မိသားစု နောက်ခံမှာ ထူးခြားသော်လည်း သူသည် အလွန် ပါရမီရှိပြီး ဝင်ရိုးစွန်းအကယ်ဒမီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မာနမကြီးဘဲ သဘောထားနူးညံ့သူ ဖြစ်သည်။ သူသည် ချူချန်းကို လိုက်နေပြီး ချူချန်းက သဘောမတူသော်လည်း လီဟန်ကဲ့သို့ သဘောရိုးသူမျိုးကို သူမ စိတ်မဆိုးနိုင်သဖြင့် ထိုအတိုင်းသာ လွှတ်ထားခဲ့ရသည်။

ချူချန်း၏ အဖော်အားလုံးက ထိုအကြောင်းကို သိကြသည်။

"ငါ စီနီယာ လီဟန်ကို မပြောဘူး။ နင်ပဲ သွားပြီး ပြန်ရောင်းမယ့် နေရာတွေ ရှိမရှိ သွားကြည့်ပါလား"

"အင်း... အဲဒီနည်းပဲ ရှိတော့ပုံရတယ်"

ချူချန်း၏ အဖော်က အတင်းအကျပ် မလုပ်တော့ပေ။

"ချူချန်း... ငါ့အစ်ကို လီရှန်းရဲ့ ကြိုဆိုပွဲကို သွားမလို့လား။ ငါ့ဆီမှာ နေရာကောင်းလေးတချို့ ရှိတယ်။ အတူတူ သွားကြရအောင်" သူတို့ စကားပြောနေစဉ် လီဟန် ရောက်လာသည်။

"စီနီယာ လီဟန်... မလိုပါဘူး"

ချူချန်း ခေါင်းခါလိုက်သည်။ သူမ ကြိုဆိုပွဲကို တက်ချင်သော်လည်း လီဟန်ကို အနှောင့်အယှက် မပေးလိုပေ။

"ဘယ်သူက မလိုဘူးလို့ ပြောလဲ။ စီနီယာ လီဟန်... ချန်းချန်းက ကြိုဆိုပွဲကို တက်ချင်နေတာ ကြာပြီ။ နေရာကောင်းလေး မရလို့သာ။ ကျေးဇူးတင်ပါတယ် စီနီယာ လီဟန်"

ချူချန်း၏ အဖော်က ချက်ချင်း သဘောတူလိုက်သည်။ ချူချန်း ပါးစပ်ဟလိုက်သော်လည်း မငြင်းဆန်တော့ပေ။

ဒွီ... ဒွီ... ဒွီ...

ရုတ်တရက် ချူချန်း၏ ဆက်သွယ်ရေးကိရိယာ တုန်ခါလာသည်။ ချူချန်းသည် ဆက်သွယ်ရေးကိရိယာပေါ်ရှိ အမည်ကို မြင်လိုက်ချိန်တွင် သူမ၏ အမူအရာမှာ အနည်းငယ် တောင့်တင်းကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။

"နင်... ဝင်ရိုးစွန်းမြို့ကို ရောက်နေတာလား"

"အင်း... မင်းကို မဆက်သွယ်ရတာ ကြာပြီ။ အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်။ နင်ကတော့ တော်တော်လေး ဩဇာညောင်းတဲ့သူ ဖြစ်နေပြီပဲ။ နင် ဒီကိုလာတာ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ဝင်မလို့ မဟုတ်လား"

"ဟုတ်တယ်။ ဒီလောက် ကြီးကျယ်တဲ့ ပွဲမျိုးကို အလွတ်ခံလို့ ဘယ်ဖြစ်မလဲ"

"ဒါဆိုရင် ရလဒ်ကောင်းတွေ ရပါစေလို့ ငါ ကြိုပြီး ဆုတောင်းပေးပါတယ်"

"ကျေးဇူးပါပဲ"

ရိုးရှင်းသော စကားလုံး အနည်းငယ်သာ ဖြစ်ပြီး တွေ့ဆုံရန်ပင် မပြောခဲ့ကြသော်လည်း ချူချန်း၏ အကြည့်များမှာ အလွန်ပင် နူးညံ့သွားသည်။

လီဟန်သည် ချူချန်းကို အချိန်အတော်ကြာအောင် လိုက်ခဲ့သော်လည်း ဤကဲ့သို့သော အမူအရာမျိုး သူမထံတွင် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ထို့ကြောင့် သူ၏ ရင်ခုန်သံမှာ ရုတ်တရက် မြန်သွားရသည်။ မျက်လုံးထောင့်မှနေ၍ ချူချန၏ ဆက်သွယ်ရေးကိရိယာပေါ်ရှိ အမည်ကို သူ မြင်လိုက်ရသည်။

လင်းဖုန်း

ထိုအမည်မှာ မမှားနိုင်ပေ။

လီဟန်သည် အပြုံးကို ထိန်းထားသော်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူ၏ မိသားစု နောက်ခံမှာ အလွန် ချမ်းသာကြွယ်ဝသည်။ အမှန်တကယ်တော့ သူသည် အနန္တလမ်းစဉ်အကယ်ဒမီ သို့မဟုတ် သူတော်စင်အကယ်ဒမီသို့ သွားနိုင်သော်လည်း ဝင်ရိုးစွန်းအကယ်ဒမီတွင် အောင်မြင်မှုများ ရယူလိုသဖြင့် ဝင်ရိုးစွန်းအကယ်ဒမီကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့အစ်ကိုမှာ သာလွန်လူသားကျွမ်းကျင်သူ ဖြစ်လာခဲ့ပြီး ဝင်ရိုးစွန်းအကယ်ဒမီတွင် ဩဇာတိက္ကမရှိသူ တစ်ဦး ဖြစ်သည်။ သူကိုယ်တိုင်လည်း မဆိုးလှပေ။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ပြီး အောင်မြင်ရန် အခွင့်အလမ်း အလွန်များသည်။

သို့သော် သူ၏ တစ်ခုတည်းသော ရှုံးနိမ့်မှုမှာ ချူချန်းထံမှ ဖြစ်သည်။

သူ့ရှေ့မှ မိန်းကလေးမှာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး လွတ်လပ်ကာ လှပပြီး သဘောထားကောင်းသူ ဖြစ်သည်။ ချူချန်းကို ပထမဆုံးအကြိမ် မြင်ကတည်းက သူ ချစ်မိသွားခဲ့သည်။

သို့သော် သူ ကျရှုံးခဲ့သည်။ ချူချန်းကို အချိန်အတော်ကြာ လိုက်ခဲ့ပြီးနောက် ချူချန်းမှာ သူ့အပေါ် အလွန် အေးစက်သော သဘောထားကိုသာ ထားရှိဆဲ ဖြစ်သည်။

သို့သော် ယခုမူ အမည်မသိ ဖုန်းခေါ်ဆိုမှုတစ်ခုက ချူချန်းကို ပျော်ရွှင်မှုများဖြင့် တောက်ပသွားစေခဲ့သည်။

လင်းဖုန်း...ဤအမည်ကို သူ မှတ်ထားလိုက်သည်။ နောင်တွင် ထိုသူ့အကြောင်းကို သေသေချာချာ စုံစမ်းရမည်။ အနည်းဆုံးတော့ သူ၏ ပြိုင်ဘက်က မည်သူမည်ဝါဖြစ်ကြောင်း သူ သိရမည် ဖြစ်သည်။

"ချူချန်း... သွားကြစို့။ ကြိုဆိုပွဲ စတော့မယ်"

လီဟန် အရှုံးပေးမည် မဟုတ်ပေ။ လင်းဖုန်း ဆိုသည်မှာ မည်သူပင်ဖြစ်ပါစေ ဝင်ရိုးစွန်းအကယ်ဒမီတွင် သူ့အတွက် အခွင့်အရေးများစွာ ရှိနေသေးသည်။ သူ၏ ရိုးသားမှုနှင့် ထူးချွန်မှုတို့ဖြင့် ချူချန်းကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

All Chapters