အခန်း (၂၉၁-၂၉၂)
Vol. 19 Ch. 291-292
အခန်း ၂၉၁ ။ အကွေ့အကောက်များ
မီးတွင်းကာလ ပြီးဆုံးသွားပြီဖြစ်၍ မိဖုရားခေါင်ကြီးထံသို့ နေ့စဉ်ဂါရဝပြုခြင်းကို ပြန်လည်စတင်ရတော့မည်ဖြစ်သည်။
မနေ့ကမှ တစ်လပြည့်ပွဲကို ကျင်းပပြီးစီးခဲ့ကာ တစ်ရက်မျှပင် အနားမယူလိုက်ရဘဲ နောက်တစ်နေ့ နံနက်စောစောတွင် အိပ်ရာမှ အနှိုးခံလိုက်ရသည်။
ယဲ့ယွင်မှာ လုံးဝအသားမကျသေးပေ။
မီးတွင်းထဲတွင်ရှိနေစဉ်က သူမအိပ်စက်ခြင်းကို မည်သူမှ မတားဆီးခဲ့သဖြင့် လူက ပျင်းရိနေပြီဖြစ်သည်။
ယခုအခါ ပုံမှန်အတိုင်း ပြန်လည်နိုးထရမည်ဆိုတော့ တကယ်ကို ခက်ခဲလှသည်။
သို့သော် ယခုအချိန်တွင် သူမသည် နာမည်ကျော်ကြားနေချိန်ဖြစ်ရာ စည်းကမ်းနှင့်မညီသည်များကို လုပ်ဆောင်ရန် မသင့်တော်ပေ။ သို့မဟုတ်ပါက အခြားသူများ၏ အပြစ်တင်ကဲ့ရဲ့ခြင်းကို ခံရပေမည်။ ထို့ကြောင့် မည်မျှပင် အိပ်ချင်နေပါစေ စောစောထ၍ ဂါရဝပြုရန် သွားရတော့သည်။
ယခု ကျောက်ချွန်းနန်းဆောင်သည် ယခင်ယွီရှို့အဆောင်ထက် ဖုန်းရှီးနန်းဆောင်နှင့် ပိုနီးသဖြင့် သွားလာရသည်မှာ အနည်းငယ် သက်သာသွားသည်။
သူမ ရောက်သွားချိန်တွင် အနည်းငယ် စောသေးသဖြင့် လူအနည်းငယ်သာ ထိုင်နေကြသေးသည်။
ကျင်းသယ့်ဖေး၊ ဟွေ့ရွှင်ရီ၊ ကျန်းဝမ်ရုန်၊ ဟိုချိုက်ရန်နှင့် ချင်ပေါင်လင်တို့ ဖြစ်သည်။
ယဲ့ယွင် ရောက်ရှိလာသောအခါ အဆင့်ဍမြင့်သောသူနှစ်ဦးကို အရင် ဂါရဝပြုလိုက်ပြီး ကျန်သုံးဦး၏ ဂါရဝပြုမှုကို ပြန်လည်လက်ခံကာ နေရာတွင် ထိုင်လိုက်သည်။
"မနေ့က တစ်လပြည့်ပွဲတုန်းက ကျွန်မ ဒုတိယမင်းသမီးလေးကို မခေါ်လာခဲ့ဘူး။ အိုး... အဲဒီကလေးမလေးက ပြန်ရောက်တာနဲ့ ကျွန်မကို လာဂျီကျနေတော့တာပဲ၊ မောင်လေးနဲ့ ညီမလေးကို ကြည့်ချင်လို့တဲ့လေ။ အရှင်မင်းကြီးက ညီမလေးဆီမှာ ရှိနေတော့ အဆင်မပြေမှာစိုးလို့ မခေါ်လာခဲ့တာ။ ညီမလေး ဘယ်အချိန် အားမလဲမသိဘူး၊ အစ်မလည်း ဒုတိယမင်းသမီးကို ခေါ်ပြီး ညီမလေးဆီ လာလည်ချင်လို့ပါ"
ဟွေ့ရွှင်ရီက ရင်းနှီးဖော်ရွေစွာ ပြုံးရင်း စကားစမြည် ပြောလာသည်။
ယဲ့ယွင်ကလည်း ငြင်းပယ်ခြင်းမရှိဘဲ ချက်ချင်းပင် ခေါင်းငြိမ့်သဘောတူလိုက်သည်။
"ကျွန်မလည်း ပုံမှန်ဆို ဘာမှ အလုပ်မရှိပါဘူး။ မင်းသမီးလေးက လာကစားချင်တယ်ဆိုတော့ ဒီနေ့ နေ့လည်ပဲ ဖြစ်ဖြစ် လာခဲ့ပါလား။ ကျွန်မ မုန့်တွေ ပြင်ဆင်ထားလိုက်မယ်၊ အစ်မနဲ့ မင်းသမီးလေးကို စောင့်နေပါ့မယ်"
"ကောင်းပြီလေ၊ ဒါဆို ဒီနေ့တော့ ညီမလေးကို အနှောင့်အယှက် ပေးရတော့မယ်" ဟွေ့ရွှင်ရီက ပြုံး၍ ပြောသည်။
သူမတို့နှစ်ဦး စကားပြောနေစဉ် ဘေးကလူများက ဝင်မပြောကြပေ။
သူမတို့ စကားရပ်သွားမှ ကျင်းသယ့်ဖေးက ဆိုသည်။
"ဟွေ့ရွှင်ရီနဲ့ မင်ရှိုးရီတို့ရဲ့ ဆက်ဆံရေးက တကယ့်ကို ကောင်းတာပဲနော်။ နန်းဆောင်တိုင်းကသာ ဒီလို သဟဇာတဖြစ်နေရင် ပိုကောင်းမှာပဲ"
ယဲ့ယွင်က ပြုံးလိုက်ကာ အလိုက်သင့်ပြောလိုက်သည်။
"သယ့်ဖေးမယ်မယ်က စိတ်သဘောထား နူးညံ့ပြီး ပေါင်းသင်းရလွယ်ကူတာပဲ။ နန်းတွင်းတစ်ခုလုံးမှာ သယ့်ဖေးနဲ့ မတည့်တဲ့သူ ရှိမှာမဟုတ်လောက်ဘူး။”
"ဟုတ်ပါ့၊ ချန်းချဲ့တို့လည်း ဒီရက်ပိုင်း ချင်ပေါင်လင်က သယ့်ဖေးမယ်မယ်ရဲ့ ရှဲ့ဖန်းနန်းဆောင်ကို ခဏခဏ သွားတာ တွေ့နေရတယ်။ မယ်မယ်က စိတ်သဘောထားကောင်းတော့ လူသစ်ရော လူဟောင်းရော သယ့်ဖေးနဲ့ စကားပြောရတာကို နှစ်သက်ကြတာပေါ့"
ဟွေ့ရွှင်ရီကလည်း ဝင်ပြောသည်။
ဤစကားမှာ ရိုးရိုးပြောခြင်းမဟုတ်ဘဲ ချင်ပေါင်လင်သည် ယခုအခါ ကျင်းသယ့်ဖေးဘက်သို့ ကူးပြောင်းသွားပြီဖြစ်ကြောင်း ယဲ့ယွင်ကို အသိပေးလိုက်ခြင်းဖြစ်သည်။
ယဲ့ယွင်လည်း ချက်ချင်းပင် နားလည်သွားသည်။
သူမ မီးတွင်းထဲတွင် ရှိနေစဉ် အပြင်လောကကို မထွက်နိုင်သော်လည်း အပြင်က အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။
ချင်ပေါင်လင်သည် မကြာသေးမီက သယ့်ဖေးနှင့် အဝင်အထွက်များနေကြောင်း ကြားသိခဲ့ရသော်လည်း အတည်မပြုနိုင်သေးပေ။ ယခု ဟွေ့ရွှင်ရီက ထုတ်ပြောလာပြီဆိုလျှင် အမှန်ဖြစ်နိုင်ပေသည်။
နန်းတွင်း၌ ယခုအခါ မိမိအစွမ်းနှင့် တက်လမ်းရှာရန် မလွယ်ကူတော့ပေ။ ချင်မျိုးရိုးသည် နန်းတွင်းသို့ စတင်ဝင်ရောက်စဉ်က ထင်ပေါ်ကျော်ကြားခဲ့သော်လည်း တစ်နှစ်ကျော် ကြာသည်အထိ တိုးတက်မှု မရှိခဲ့ပေ။ ယခုအခါ အခြားသူများကဲ့သို့ပင် အဆင့်မြင့်သည့် ကြင်ယာတော်များကို မှီခိုပြီး အကူအညီတောင်းခံရန် ကြိုးစားနေရပြီဖြစ်သည်။
အကယ်၍ ယခင်ကဆိုလျှင် ကျင်းသယ့်ဖေးကဲ့သို့ ဩဇာမရှိသူကို မည်သူမှ ကပ်ကြမည်မဟုတ်သော်လည်း ယခုအခါ မတူတော့ပေ။ ကျင်းသယ့်ဖေးတွင် ဒုတိယမင်းသား ရှိနေသည်။
ကလေးရှိသဖြင့် အရှင်မင်းကြီးသည် သူမထံသို့ သွားရောက်ကြည့်ရှုပေမည်။ အကြိမ်အရေအတွက် မည်မျှပင်ဖြစ်စေ အရှင်မင်းကြီးနှင့် တွေ့ဆုံနိုင်ခွင့် ရှိနေခြင်းကပင် အားကိုးထိုက်သည့် အကြောင်းပြချက် ဖြစ်နေပေသည်။
"သယ့်ဖေးမယ်မယ်က စိတ်သဘောထား ပွင့်လင်းပါတယ်။ ချန်းချဲ့လည်း အားနေတာနဲ့ မယ်မယ်ဆီ သွားပြီး စကားစမြည် ပြောဖော်လုပ်ပေးတာပါ" ချင်ပေါင်လင်က လေသံတိုးတိုးဖြင့် ပြောသည်။
ကျန်းဝမ်ရုန်ကမူ ထိုအချိန်တွင် ဟန်ဆောင်ပန်ဆောင် ရိုးသားဟန်ဖြင့် စကားထဲ ဝင်ပါလာသည်။
"ကျွန်မ မှတ်မိသလောက်ဆိုရင် ချီဝမ်ရုန်က ယိခွန်းနန်းဆောင်မှာ နေတာလေ။ အဲဒီနေရာက ရှဲ့ဖန်းနန်းဆောင်ထက်စာရင် ချင်ညီမလေးရဲ့ ရှို့ရှီဆောင်နဲ့ ပိုနီးတာပဲ။ ဒါပေမဲ့ ချင်ညီမလေးက ချီဝမ်ရုန်ဆီ သွားပြီး စကားပြောတာ မတွေ့မိပါလား။ ညီမလေးတို့က နန်းတွင်းကို အတူတူ ဝင်လာကြတာဆိုတော့ သံယောဇဉ်လည်း မဆိုးလောက်ဘူး မဟုတ်လား"
ဤကဲ့သို့ ကြာပန်းဖြူပုံစံမျိုးက နှစ်ပေါင်းများစွာကြာသော်လည်း ပြောင်းလဲခြင်း မရှိပေ။ ယဲ့ယွင်မှာ ကြည့်ရင်းနှင့်ပင် စကားမပြောချင်တော့ပေ။
ချင်ပေါင်လင်၏ မျက်နှာသည်လည်း အေးစက်သွားကာ ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"ချီဝမ်ရုန်က အေးအေးဆေးဆေး နေချင်တာလေ၊ အနှောင့်အယှက် မခံချင်ဘူး။ ကျန်းအစ်မတော်လို မဟုတ်ဘူးပေါ့၊ အစ်မတော်ရဲ့ပါးစပ်ကတော့ဘယ်တော့မှ မနားဘူးပဲ"
"အိုး... ကျွန်မ လာတာ နောက်ကျသွားပြီလား၊ ဘာတွေ ပြောနေကြတာလဲ" တံခါးဝမှ ယိရွှင်ရုန်၏ အသံ ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်သောအခါ ယိရွှင်ရုန်သည် နှင်းပန်းပုံ ရှစ်မြောင့်ယပ်တောင်ကို ကိုင်ကာ ပြုံးရွှင်သော မျက်နှာဖြင့် ဝင်လာသည်ကို တွေ့ရသည်။
သူမ နေရာတွင် ထိုင်ပြီးနောက် ထပ်ပြောလိုက်သည်။
"ခုနကပဲ ချင်ပေါင်လင်က ကျန်းဝမ်ရုန်ကို ပါးစပ်မနားဘူးလို့ ပြောသံကြားလိုက်သလိုပဲ။ ကြည့်ရတာ ကျန်းဝမ်ရုန်က ဒီရက်ပိုင်းတွေမှာ တကယ်ပဲ အလုပ်တွေ အများကြီး လုပ်နေပုံရတယ်နော်။ နန်းတွင်းဝင်တာ တစ်နှစ်ပဲ ရှိသေးတဲ့ လူသစ်တောင် နင့်ရဲ့ အကျင့်ကို သိနေပြီဆိုတော့။ လူဆိုတာ ကံကောင်းတဲ့သူမှ အပင်ပန်းခံရတာ နည်းတာ။ ကျန်းဝမ်ရုန်လည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အပင်ပန်းမခံပါနဲ့ဦး၊ မဟုတ်ရင် နင်က ကံမကောင်းတဲ့ လူစားမျိုးလို့ တခြားသူတွေ ထင်ကုန်ပါဦးမယ်"
ယဲ့ယွင်နှင့် ယောင်ရှန်းတို့ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း မိဖုရားခေါင်ကြီးသည် ကျန်ရှိနေသော မျက်နှာသာပေးခံရသူများကို အငြိုးဖြင့် နှိပ်ကွပ်ခဲ့သည်။ လူသစ်များထဲတွင် ချီဝမ်ရုန်၊ ဝမ်ဝမ်ရုန်တို့အပြင် ယိရွှင်ရုန်လည်း ပါဝင်သည်။
ကျန်းမျိုးနွယ်သည် မိဖုရားခေါင်ကြီးကို ဖားယားပြီး မြှောက်ထိုးပင့်ကော် လုပ်ခဲ့သဖြင့် ယခုအခါ ယိရွှင်ရုန်သည် ကျန်းမျိုးနွယ်ကို အလွန်အမင်း ရွံရှာမုန်းတီးနေခြင်းဖြစ်သည်။
"ရွှင်ရုန်ရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်။ ချန်းချဲ့ သိပါပြီ" ကျန်းရှီ သည် အံကြိတ်ကာ ခေါင်းငုံ့လိုက်ရသည်။
ယခုအချိန်တွင် မိဖုရားခေါင်ကြီး ရှိမနေသဖြင့် သူမကို ကူညီမည့်သူ မရှိပေ။ မိမိဘာသာ သိတတ်ပြီး အရှုံးပေးလိုက်မှသာ နည်းနည်း သက်သာပေမည်။
ယိရွှင်ရုန်သည်လည်း တော်ရုံနှင့် ရပ်တန့်လိုက်သည်။
မကြာမီ ကြင်ယာတော်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
လူစုံသွားသောအခါမှ မိဖုရားခေါင်ကြီးသည် အတွင်းခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
"အခုလိုလူစုံတက်စုံမဖြစ်တာကြာပြီ။ မင်ရှိုးရီနဲ့ ဖန်းရှိုးရုန်၊ မင်းတို့နှစ်ယောက် မီးတွင်းက ထွက်ပြီဆိုပေမဲ့ ကလေးမွေးထားတာ မကြာသေးတော့ ခန္ဓာကိုယ်ကို ပိုပြီး ဂရုစိုက်ရဦးမယ်။ အမှုတော်ထမ်းဖို့ကို အရမ်းကြီး မလောကြပါနဲ့ဦး"
ဤစကားကို ပြောသောအခါ မိဖုရားခေါင်ကြီး၏ အကြည့်သည် ယဲ့ယွင်ထံသို့သာ ကျရောက်နေသည်။
အခြားကြောင့်မဟုတ်ပေ။ နင်ချန်သည် မနေ့ညက ကျောက်ချွန်းနန်းဆောင်တွင် ညအိပ်ခဲ့သည်။
မနေ့က နေ့လည်စာစားပြီး တစ်နာရီခန့် အိပ်စက်ခဲ့ကာ၊ ညနေပိုင်းတွင် ကျိုချန်နန်းဆောင်သို့ ပြန်၍ အုပ်ချုပ်ရေးကိစ္စများကို စီမံပြီးနောက်၊ ညဉ့်နက်မှ မီးအိမ်ကိုင်ကာ ကျောက်ချွန်းနန်းဆောင်သို့ တစ်ခေါက် ပြန်သွားပြီး ထိုနေရာတွင်ပင် အိပ်စက်ခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ် အတူအိပ်စက်ခြင်း (လိင်ဆက်ဆံခြင်း) မပြုခဲ့သော်လည်း ယခုကဲ့သို့ ကိစ္စမျိုးကို ဘယ်အမျိုးသမီးက အတိအကျရှင်းပြရဲမှာလဲ။
မိဖုရားခေါင်ကြီးသည် ယဲ့ယွင်က မီးတွင်းကထွက်သည်နှင့် အရှင်မင်းကြီးကို အမှုတော်ထမ်းရန် လောနေသည်ဟု သွယ်ဝိုက်၍ ရွဲ့ပြောနေခြင်းဖြစ်သည်။
ယဲ့ယွင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြုံးလိုက်သည်။
"မယ်မယ် စိတ်ချပါ။ ချန်းချဲ့က နားမလည်ရင်တောင် အရှင်မင်းကြီးက စည်းကမ်းကို အလေးထားဆုံးပါ။ သမားတော်ကြီးကလည်း အစောကြီးကတည်းက မှာကြားထားပြီးသားပါ။ အရှင်မင်းကြီးက ချန်းချဲ့ရဲ့ ခန္ဓာကိုယ်ကို ငဲ့ညှာတဲ့အတွက် ဧကရာဇ်အိပ်ဆောင်ရေးရာဌာနကိုလည်း အထူးမှာကြားထားပြီးပါပြီ။ မယ်မယ်အနေနဲ့ လုံးဝ စိတ်အေးအေးထားနိုင်ပါတယ်"
"အခုဆို နယ်စပ်မှာ စစ်မီးတောက်နေတော့ လူတိုင်းရဲ့ စိတ်က အရှင်မင်းကြီးအတွက် ဘယ်လို ဝန်ထုပ်ဝန်ပိုး လျှော့ချပေးရမလဲဆိုတာပေါ်မှာပဲ ရှိနေကြတာပါ။ မိဖုရားခေါင်ကြီးက နိုင်ငံရဲ့ မိခင်ဖြစ်တဲ့အလျောက် ပိုပြီးတော့တောင် စိတ်ပူနေမှာပေါ့။ ဒီလိုအချိန်မျိုးမှာတောင် ချန်းချဲ့တို့ရဲ့ ခန္ဓာကိုယ်အရေးကို ဂရုတစိုက်အချိန်ပေးပြီး မေးမြန်းနေတာကို တွေ့ရတော့ ချန်းချဲ့ တကယ်ကို စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်"
ယဲ့ယွင်က စိတ်လှုပ်ရှားသယောင်နှင့် ပြောဆိုလိုက်သဖြင့် မိဖုရားခေါင်ကြီးမှာ မျက်လုံးများ မှေးစင်းသွားကာ စကားပြောမထွက်နိုင်အောင် ဆွံ့အသွားရသည်။
အရှင်မင်းကြီးမှာ နယ်စပ်စစ်ရေးကြောင့် ခေါင်းမီးတောက်နေချိန်တွင် မိဖုရားခေါင်ကြီးဖြစ်သူက မည်သည့်ကိုယ်လုပ်တော်က အမှုတော်ထမ်းသင့်သည် မထမ်းသင့်သည်ကိုသာ စောင့်ကြည့်နေခြင်းက နိုင်ငံမိခင်တစ်ဦး၏ ဂုဏ်သိက္ခာ မရှိရုံသာမက အရှင်မင်းကြီးကိုပါ ကာမဂုဏ် မက်မောသူကဲ့သို့ ဖြစ်အောင် ပြောဆိုရာရောက်နေသည်။
မိဖုရားခေါင်ကြီးသည် စိတ်မချမ်းမြေ့စွာဖြင့် ယဲ့ယွင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မတတ်နိုင်ပေ။
သူမသည် စကားလမ်းကြောင်းလွှဲရန် အပြုံးဖြင့် ပြောလိုက်သည်။
"အိုး... ပန်ကုန်းလည်း သတိမထားမိလိုက်ဘူး၊ စူးကျယ်ယွီလည်း ဒီနေ့ ထွက်လာတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကော သက်သာရဲ့လား"
သူမ ပြောလိုက်သည်နှင့် လူတိုင်း၏ အကြည့်များသည် ထိုနေရာသို့ စုပြုံရောက်ရှိသွားသည်။
ထိုအခါမှ စူးကျယ်ယွီသည် နောက်ဆုံးတန်းတွင် ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ ဝတ်ဆင်ထားသည်မှာ အရောင်မှိန်နေပြီဖြစ်သော အစိမ်းနုရောင် နန်းတွင်းဝတ်စုံပင် ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-292
အခန်း ၂၉၂ ။ အရည်အချင်း မပြည့်မီကြသူများ
လူအပေါင်း၏ အမျိုးမျိုးသော အကြည့်များအောက်တွင် စူးကျယ်ယွီသည် မတ်တတ်ရပ်လိုက်သည်။
"ချန်းချဲ့ ဒီတစ်နှစ်လုံး ဆေးကုသမှု ခံယူနေခဲ့ပြီး အခုခန္ဓာကိုယ်က တော်တော်လေး ပြန်ကောင်းလာတာကြောင့် ဒီနေ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုဖို့အားယူပြီးထွက်လာခဲ့တာပါ၊ ဒါပေမဲ့ အားသိပ်မရှိသေးလို့ လမ်းလျှောက်တာ နှေးသွားတဲ့အတွက် နောက်ကျပြီး နောက်ဆုံးတန်းမှာ ထိုင်လိုက်ရပါတယ်။ မိဖုရားခေါင်ကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”
ကိုယ်ဝန်ပျက်ကျပြီးကတည်းက စူးရှီသည် အိပ်ရာထဲမှ မထနိုင်ဖြစ်ခဲ့ရသည်။ ငါးလခြောက်လအရွယ်မှ ကိုယ်ဝန်ပျက်သွားခြင်းဖြစ်၍ ခန္ဓာကိုယ်မှာ အလွန်ထိခိုက်သွားခဲ့သည်။
ယနေ့ သူမ၏ မျက်နှာသည်ယခင်ကကဲ့သို့ ကြည့်ကောင်းမနေတော့ပေ။
သူမတွင် ကျားစခ် သွေးအနည်းငယ်ပါရှိသဖြင့် မူလက မြက်ခင်းပြင်မိန်းမပျိုတို့၏ ရဲရင့်သော အသွင်အပြင် ရှိခဲ့သော်လည်း ယခုမူ ပိန်ချောင်နေသည်ဟုသာ ပြောနိုင်တော့သည်။
အသိသာဆုံးမှာ သူမ၏ ထူထဲသော ဆံနွယ်များပင် ဖြစ်သည်။ ယခုအခါ ခြောက်သွေ့ဝါကျင်နေပြီး ယခင်ကလောက်လည်း များပြားခြင်း မရှိတော့ပေ။
မိဖုရားခေါင်ကြီးက လက်ကာပြလိုက်သည်။
"ပန်ကုန်းက ဘာလို့ မင်းကို အပြစ်တင်ရမှာလဲ။ မြန်မြန်ထိုင်ပါ၊ မင်းလည်း အတော်လေး ဒုက္ခခံလိုက်ရမှာတကယ်ကို စိတ်မကောင်းစရာပါပဲ"
စူးကျယ်ယွီက ဂါရဝပြုပြီးနောက် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။
သို့သော် ထိုင်လိုက်ပြီးနောက် တစ်စုံတစ်ဦး၏ အကြည့်က မိမိထံသို့ ကျရောက်နေသည်ကို ခံစားလိုက်ရသည်။
မော့ကြည့်လိုက်သောအခါ ယောင်ရှန်းနှင့် မျက်လုံးချင်း ဆုံသွားလေသည်။
ယောင်ရှန်းသည် စူးစမ်းသံသယရှိသော အကြည့်များကို ပြန်မရုပ်သိမ်းနိုင်ခင်မှာပင် စူးရှီ နှင့် အကြည့်ချင်း တည့်တည့်ဆုံသွားသဖြင့် အနည်းငယ် မလုံမလဲဖြစ်ကာ မျက်လုံးလွှဲ၍ လက်ဖက်ရည်ကိုသာ ငုံ့သောက်နေလိုက်သည်။
စူးကျယ်ယွီက သူမကို နှစ်ချက်မျှ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားသည်။
သို့သော်လည်း သူမတို့နှစ်ဦး၏ စိတ်အခြေအနေမှာ လုံးဝ ကွဲပြားခြားနားနေသည်။
ထိုစဉ်က ယောင်ရှန်းသည် နင်ချန်၏ ပြတ်သားသော အမိန့်ဖြင့် အကျဉ်းချခံထားရသဖြင့် အချိန်မှာ အလွန်ကျပ်တည်းနေပြီး မိမိကိုယ်ကိုယ်ပင် မနည်းလွတ်အောင် ကြိုးစားနေရချိန်ဖြစ်သည်။ စူးရှီကို စီစဉ်ပေးရန် လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။
အကျဉ်းချခံရသည့်ကာလ ကြာမြင့်လာပြီး နောက်ဆုံးတွင် ပြန်ထွက်လာနိုင်သောအခါတွင်လည်း အသုံးမဝင်တော့သည့် နယ်
ရုပ်လေးဖြစ်သော စူးရှီကို ဂရုမစိုက်ချင်တော့ပေ။
နောက်ပိုင်း ကိုယ်ဝန်ရလာသောအခါတွင်မူ ထိုလူကို သတိပင် မရတော့ပေ။
နောက်ကွယ်မှ ကာကွယ်ပေးမည့်သူ မရှိတော့သဖြင့် စူးရှီသည် မျက်နှာသာပေးမခံရသည့်အပြင် ကိုယ်ဝန်ပါ ပျက်ကျခဲ့ရာ ဤရက်ပိုင်းအတွင်း သူမ၏ ဘဝသည် ခါးသီးနေမည်မှာ သေချာသည်။
ထိုကဲ့သို့ အခြေအနေမျိုးမှ သူမ ကြံ့ကြံ့ခံနိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
ယောင်ရှန်းသည် အပြစ်ရှိသလို မခံစားရသော်လည်း အနည်းငယ်တော့ စိုးရိမ်မိသည်။
စူးရှီက ဤကိစ္စကြောင့် မိမိကို ရန်ငြိုးဖွဲ့ပြီး တစ်ခုခုလုပ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ထိုသို့ တွေးမိသည်နှင့် ယောင်ရှန်းသည် စူးရှီ ကို ဆက်၍ အရှင်ထားရန်မဖြစ်တော့ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ထိုစဉ် မိဖုရားခေါင်ကြီးက ရုတ်တရက် ဆိုလာသည်။
"ဖေးဟုန်းနန်းဆောင်နဲ့ ဖူယွမ်နန်းဆောင်က တစ်ခုနဲ့တစ်ခု နီးနီးလေးပဲ။ ပန်ကုန်း အရင်ရက်က ကြားလိုက်တာ ဝမ်ချိုက်နွီနဲ့ ကျန့်ချိုက်ရန်တို့ရဲ့ စိတ်နေစိတ်ထားက သိပ်မတည့်ကြဘူးတဲ့။ ဒီလိုပဲ ဆက်သွားနေရင် သဟဇာတဖြစ်မှုကို ပျက်ပြားစေလိမ့်မယ်။ အခု စူးကျယ်ယွီကလည်း ကျန်းမာရေး မကောင်းတော့ အဖော်လုပ်ပေးမယ့်သူရှိရင် အပြန်အလှန် စောင့်ရှောက်လို့ ရတာပေါ့။ ကျန့်ချိုက်ရန်ကို ဖေးဟုန်းနန်းဆောင်ဆီပြောင်းပြီး အတူနေခိုင်းလိုက်ရင် မကောင်းဘူးလား။”
ဤစကားကို ကြားသောအခါ ဝမ်ချိုက်နွီက အလွန် ဝမ်းသာသွားသည်။
ယခင်က သူမသည် ယဲ့ယွင်ထံသို့ သွားရောက်ကပ်ဖားခဲ့သော်လည်း အဖတ်မလုပ်ခံရဘဲ ပြန်လာခဲ့ရသည်။ ထို့နောက် ကျန့်ချိုက်ရန်ကလည်း သူမကို အဖတ်မလုပ်တော့သဖြင့် သူမတို့နှစ်ဦးမှာ မျက်နှာပျက်ခဲ့ကြရသည်။
ကျန့်ချိုက်ရန်သည်သူမထက် အဆင့်မြင့်သည့်အပြင် နောက်ခံလည်း ရှိသဖြင့် သူမကို အမြဲတမ်း ဖိနှိပ်ထားနိုင်သည်။
ယခု မိဖုရားခေါင်ကြီးက ကျန့်ချိုက်ရန်ကို ပြောင်းရွှေ့ခိုင်းလိုက်သဖြင့် သူမ အလွန် ပျော်ရွှင်သွားကာ ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"အစ်မတော်ကျန့်က အမြဲတမ်း အသေးစိတ်ကအစ ဂရုစိုက်တတ်သူပါ၊ လူကိုလည်း ကောင်းကောင်း ပြုစုစောင့်ရှောက်တတ်မှာပါ။ မိဖုရားခေါင်ကြီးရဲ့ အစီအစဉ်က တကယ့်ကို အကောင်းဆုံးပါပဲ။”
"ကျန့်ချိုက်ရန်က လူကို ပြုစုတတ်တယ်ဆိုရင် နင်ကျတော့ ဘာလို့ ကောင်းကောင်း မပြုစုနိုင်ရတာလဲ" ဝမ်ဝမ်ရုန်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
ချီဝမ်ရုန်ကလည်း ရှားရှားပါးပါး ဝင်ပါလာပြီး တည်ငြိမ်သော မျက်နှာထားဖြင့်ပြောခဲ့သည်။
“ဝမ်ချိုက်နွီက အလိုလိုက်ခံရတာ များလွန်းလို့ ပြုစုရခက်နေတာ ဖြစ်မှာပေါ့"
ဒါကတော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ။
ဒီ ဝမ်ရှီက ဘယ်လောက်တောင် လူမုန်းများနေသလဲဆိုရင် တစ်ယောက်ပြီးတစ်ယောက် ဝိုင်းနှိမ်နေကြသည်။
သို့သော် ယခုအခါ ယဲ့ယွင်သည် အဆင့်မြင့်ကိုယ်လုပ်တော် ဖြစ်နေပြီဖြစ်ရာ အောက်ခြေမှ ကိုယ်လုပ်တော်လေးများ ရန်ဖြစ်သည်ကို ချက်ချင်း ဝင်မပါသေးဘဲ အခြေအနေကို အသာကြည့်နေလိုက်သည်။
ကျန့်ရှီက ဘာများ ပြောဦးမလဲဆိုသည်ကို အရင်ကြည့်ရမည်။
တွေးနေစဉ်မှာပင် ကျန့်ချိုက်ရန်က မတ်တတ်ရပ်လိုက်သည်။
"မိဖုရားခေါင်ကြီး၊ ချန်းချဲ့က စိတ်တိုတတ်တဲ့သူမို့ လူကို ပြုစုရမယ့် အနုစိတ်အလုပ်မျိုးကို မလုပ်တတ်ပါဘူး။ ဝမ်ချိုက်နွီက ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ သူမရဲ့ လက်မှုပညာ (အပ်ချုပ်ပညာ) က အရမ်းကောင်းတာကို ကြည့်ရင် တကယ့်ကို စိတ်ရှည်လက်ရှည် ရှိမယ့်သူပါ"
သို့သော် မိဖုရားခေါင်ကြီးသည် သူမ၏ စကားကို နားထောင်ရန် အစီအစဉ်မရှိဘဲ ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။
"လက်မှုပညာ ကောင်းတာက တစ်ကဏ္ဍပေါ့၊ ဒါပေမဲ့ ဝမ်ချိုက်နွီက အသက်ငယ်သေးတယ်လေ။ နင့်လို နန်းတွင်းထဲမှာ နှစ်အတော်ကြာနေလာခဲ့တဲ့ တည်ငြိမ်တဲ့သူကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒီကိစ္စကို ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်"
"မယ်မယ်ရဲ့ အမိန့်ကို ချန်းချဲ့အနေနဲ့ မငြင်းဆန်သင့်ပေမဲ့ ပြောစရာ စကားတော့ ရှိပါသေးတယ်"
ဤအခြေအနေသို့ ရောက်လာလျှင် ယဲ့ယွင်အနေဖြင့် ငြိမ်ကြည့်နေ၍ မရတော့ပေ။ သူမက ခက်ခဲနေဟန်ဖြင့် လေသံတိုးတိုးဖြင့် စကားစလိုက်သည်။
မိဖုရားခေါင်ကြီး၏ မျက်ဝန်းများ မှောင်ကျသွားကာ အသံကလည်း အေးစက်သွားသည် "မင်ရှိုးရီ ဘာပြောစရာ ရှိလို့လဲ"
"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အရင်ရက်က ကျိုးဝမ်ရုန်က ချန်းချဲ့ကို ခဏခဏ လာပြောတယ်၊ တစ်ယောက်တည်း နေရတာ အရမ်းပျင်းဖို့ကောင်းတယ်တဲ့။ ချန်းချဲ့က ကျန့်ချိုက်ရန်နဲ့ ကျိုးဝမ်ရုန်တို့ ဒီရက်ပိုင်း ဆက်ဆံရေး ကောင်းနေတာကို တွေးမိပြီး မနေ့က အရှင်မင်းကြီးကို တောင်းဆိုခဲ့ပါတယ်။ ကျန့်ချိုက်ရန်ကို ဖူယွင်နန်းဆောင်ကို ပြောင်းပြီး ကျိုးဝမ်ရုန်နဲ့ အတူနေခိုင်းဖို့ပါ။ အရှင်မင်းကြီးကလည်း သဘောတူခဲ့ပါတယ်"
ယဲ့ယွင်က တကယ်ပြောခဲ့သလား၊ မပြောခဲ့ဘူးလားဆိုသည်ကို မိဖုရားခေါင်ကြီး မသိနိုင်ပေ။ ထို့ပြင် ဤကဲ့သို့ သေးငယ်သော ကိစ္စအတွက် ဧကရာဇ်ထံ သွားရောက် အတည်ပြုရန်မှာပို၍ မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ယဲ့ယွင်က သူမ ပြောခဲ့သည်၊ အရှင်မင်းကြီးက သဘောတူခဲ့သည်ဟုသာ အတင်းဆုပ်ကိုင်ထားသည်။
မိဖုရားခေါင်ကြီးသည် မဝံ့မရဲ ဖြစ်သွားပြီး အမှားလုပ်မိမှာ စိုးသဖြင့် ထပ်မပြောရဲတော့ပေ။
ခဏအကြာမှ "ဘာလို့ အစောကြီးက မပြောတာလဲ။ အရှင်မင်းကြီးက အစီအစဉ်ရှိပြီးသားဆိုရင်တော့ အရှင်မင်းကြီးရဲ့ အလိုအတိုင်းပဲ လုပ်ရမှာပေါ့။ ကျန့်ချိုက်ရန်၊ မင်း ဒီနှစ်ရက်အတွင်း ပစ္စည်းတွေ သိမ်းဆည်းပြီး ဖူယွင်နန်းဆောင်ကို ပြောင်းသွားလိုက်တော့"
"ဟုတ်ကဲ့ပါ၊ ချန်းချဲ့ အမိန့်အတိုင်း နာခံပါ့မယ်" ကျန့်ရှီ က ဂါရဝပြုပြီး ပြန်ထိုင်လိုက်သည်။
ထို့နောက်တွင် သူမသည် ယဲ့ယွင်ကို ကျေးဇူးတင်သော အပြုံးဖြင့် ကြည့်လိုက်သည်။
ယဲ့ယွင်ကလည်း အနည်းငယ် ပြုံးပြလိုက်သည်။
စူးကျယ်ယွီ ကိုယ်ဝန်ပျက်ကျသွားသည့်ကိစ္စတွင် အရှင်မင်းကြီးက ပေါ်တင် ဘာမှမလုပ်ခဲ့သော်လည်း သိတတ်သူတိုင်းမှာ ယောင်ရှီနှင့် ပတ်သက်နေမှန်း သိကြသည်။
ဖေးဟုန်းနန်းဆောင်သို့ သွားနေပြီး စူးရှီ နှင့် အဖော်လုပ်ရမည်ဆိုလျှင် ရှင်းမပြနိုင်သော ပြဿနာများထဲသို့ ရောက်သွားနိုင်သဖြင့် ထိုနေရာမှာ ကောင်းသောနေရာ မဟုတ်ပေ။
မိဖုရားခေါင်ကြီးသည် ယနေ့တွင် မျက်နှာသာပေးမခံရသော ကျန့်ချိုက်ရန်ကိုသာ ပစ်မှတ်ထားနေခြင်းမှာ ကျန့်ချိုက်ရန်သည် ယဲ့ယွင်နှင့် ရင်းနှီးသောကြောင့်သာဖြစ်သည်။
ယဲ့ယွင်သည် ယောင်ရှန်းနှင့် မတူပေ။ သူမသည် မိမိ၏လူများကို မိမိစွမ်းဆောင်နိုင်သမျှ အကာအကွယ်ပေးမည့်သူ ဖြစ်သည်။
သို့မှသာ အခြားသူများက မိမိကို စိတ်ရင်းဖြင့် သစ္စာခံကြပေမည်။
အားနည်းချက်ကို ဆုပ်ကိုင်ပြီး ခြိမ်းခြောက်ခြင်း သို့မဟုတ် အကျိုးအမြတ်ဖြင့် မြှူဆွယ်ခြင်းသည် အခြေခိုင်ဆုံးသော မဟာမိတ်ဖွဲ့ခြင်း မဟုတ်ဟု သူမ အမြဲ ယုံကြည်ထားသည်။
ကျန့်ချိုက်ရန်ကတော့ ဘေးလွတ်ရာသို့ ရောက်သွားပြီဖြစ်သော်လည်း အကာအကွယ်ပေးမည့်သူ မရှိသော ဝမ်ရှီမှာမူ ထိုမျှ ကံမကောင်းပေ။
ဝမ်ဝမ်ရုန်ကဝင်၍အကြံပေလ်ိုက်သည်။
"ကျန့်ချိုက်ရန် ပြောင်းသွားရင် ဝမ်ချိုက်နွီ ပျင်းနေလိမ့်မယ်၊ သူမကိုပါ တစ်ခါတည်း ပြောင်းခိုင်းလိုက်ရင် မကောင်းဘူးလား၊ စူးကျယ်ယွီနဲ့ အဖော်ရတာပေါ့"
ယဲ့ယွင်၏ စကားကြောင့် မျက်နှာပျက်ခဲ့ရသော မိဖုရားခေါင်ကြီးသည် သူမ၏ ဂုဏ်သိက္ခာကို ထပ်မံ အထိခိုက်မခံနိုင်တော့သဖြင့် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
ဝမ်ချိုက်နွီကို စူးကျယ်ယွီနှင့် အတူနေရန် ပြောင်းရွှေ့ခိုင်းပြီး၊ ကျန့်ချိုက်ရန်ကို ကျိုးဝမ်ရုန်နှင့် အတူနေရန် ပြောင်းရွှေ့ခိုင်းလိုက်သည်။
ဖူယွမ်နန်းဆောင်ကို လုံးဝ လွတ်သွားအောင် လုပ်လိုက်ခြင်းဖြင့် စစ်ဖြစ်နေချိန်တွင် ပြုပြင်ထိန်းသိမ်းစရိတ်ကိုပါ သက်သာစေသည်ဟု အကြောင်းပြလိုက်သည်။
ဝမ်ရှီ မှာ မည်မျှပင် မကျေနပ်သော်လည်း ဘာမှ မတတ်နိုင်ပေ။
ဒါကလည်း သူမ ကိုယ်တိုင်က မလိမ္မာဘဲ လူမှုဆက်ဆံရေးကို ဖျက်ဆီးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ယခင်က ယဲ့ယွင်ထံ သစ္စာခံရန် မအောင်မြင်ခဲ့သဖြင့်ဝမ်ရှီ သည် နေရာအနှံ့ လျှောက်ကပ်ကာ၊ ယနေ့ ဒီအိမ်သွား၊ မနက်ဖြန် ဟိုအိမ်သွားလုပ်နေသဖြင့် နန်းတွင်းရှိ မျက်နှာသာပေးခံရသူများနှင့် အဆင့်မြင့်သူများအားလုံးမှာ သူမကို ငြီးငွေ့နေကြပြီဖြစ်သည်။
မူလက မိဖုရားခေါင်ကြီးသည် သူမကို အသုံးချရန် ရည်ရွယ်ခဲ့သော်လည်း သူမက အလွန်တုံးလွန်းသဖြင့် လက်လျှော့လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်အသွင်အပြင် အတော်အသင့်ရှိသော ဟန်ချိုက်နွီကိုသာ မိမိဘက်သို့ ဆွဲဆောင်လိုက်တော့သည်။
ဂါရဝပြုပွဲ ပြီးဆုံးသွားချိန်တွင် လူတိုင်း ကိုယ့်အဆောင်သို့ပြန်ကြသည်။
...
ယဲ့ယွင်သည် ဝေါယာဉ်ငယ်ဖြင့် ပြန်လာစဉ် လမ်းတွင် ဟွေယွဲ့နှင့် စကားပြောလာသည်။
"ဒီတစ်ခေါက် နန်းတွင်းထဲ ဝင်လာတဲ့ လူသစ်တွေက အရည်အချင်း သိပ်မရှိကြဘူးလို့ ငါထင်တယ်။ မျိုးရိုးကောင်းတော့လည်းအဲ့လောက်သွက်တဲ့မပါပါဘူး၊ အောက်က မျိုးရိုးမကောင်းတဲ့ သူတွေဆိုရင်တော့ အားလုံးနီးပါးကို ဖယ်ထုတ်လိုက်လို့ ရနေပြီ။”
***