အခန်း (၂၉၃-၂၉၄)
Vol. 19 Ch. 293-294
အခန်း ၂၉၃ ။ အားထုတ်ကြိုးပမ်းခြင်း (သို့မဟုတ်) လုယူခြင်း
"မျိုးရိုးနိမ့်တဲ့ မိသားစုက လာတဲ့သူတွေကဘယ်လောက်ပဲ ထက်မြက်ပါစေ၊ သင်ပေးမယ့်သူမရှိရင် အလကားပါပဲ။”
နန်ကျစ်ကလည်း ခေါင်းညိမ့်ကာ "ကျွန်တော်မျိုးမ ကြားတာတော့ ဝမ်ဝမ်ရုန်ရဲ့ အိမ်မှာ သူ့အဖေကကိုယ်လုပ်တော် သုံးယောက်တောင် ယူထားတာတဲ့။ ဦးကြီးတွေ၊ ဦးလေးတွေရဲ့ မိသားစုတွေနဲ့ဆိုတော့ အိမ်ထောင်စုကြီးက တော်တော် ရှုပ်ထွေးနေမှာ။ သူမရဲ့ ပျိုဖော်ဝင်အရွယ် ဘဝက နန်းတွင်းထဲက ဘဝနဲ့တောင် တူနေမလားပဲ"
သူမ ထိုသို့ပြောလိုက်မှ ယဲ့ယွင် တွေးကြည့်မိရာ တကယ်ပင် မှန်နေသည်။ ဒီတစ်ခေါက် လူသစ်တွေထဲမှာ ချီဝမ်ရုန်က ပိုပြီး မျက်နှာသာပေးခံရတယ်ဆိုပေမဲ့ ဝမ်ရှီက နန်းတွင်းဘဝနဲ့ ပိုပြီး အသားကျနေသလိုပဲ။ စကားပြောဆို ပြုမူပုံတွေက ကျွမ်းကျင်ပိုင်နိုင်လှသည်။
"ဒီလို တွေးကြည့်ရင် ကျန်းရှီက တော်တော်လေး ကြိုးစားရှာတာပဲ။ အခုဆို ဟန်ရှီတောင် အမှုတော်သိပ်မထမ်းရတော့ဘူး၊ ကျန်းရှီကတော့ မိဖုရားခေါင်ကြီးနားမှာပဲ ကပ်နေတော့တာ၊ ဟန်ရှီ ထက်တောင် အခြေအနေ ကောင်းနေသေးတယ်"
ယဲ့ယွင်က ပြုံးလိုက်သည်။
ဟန်ဆောင်တတ်သော ကြာပန်းဖြူများကို သူမ မနှစ်သက်သော်လည်း ကျန်းရှီ ၏ မလျှော့သော ဇွဲလုံ့လကိုတော့ အနည်းငယ် အထင်ကြီးမိသည်။
"ဒါပေမဲ့ ကျွန်တော်မျိုးမ ကြားတာတော့ အခုတလော မိဖုရားခေါင်ကြီးက ဟန်ချိုက်နွီကို အသေအချာ ပျိုးထောင်ပေးနေတာတဲ့။ စည်းကမ်းတွေကို အသစ်ကပြန်သင်ဖို့ နန်းတွင်းထိန်းတော်ကြီးတွေကိုတောင် စီစဉ်ပေးထားတယ်၊ အဲ့တာကြောင့်ကျန်းဝမ်ရုန်ကို ဂရုစိုက်တာ နည်းနည်း လျော့သွားတယ်လို့ ပြောကြတယ်"
ယဲ့ယွင်က ဂရုမစိုက်ဟန်ဖြင့် မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး - "ကျန်းရှီ က စိတ်ကူးနက်နဲတော့ လူသစ်တွေလောက် ခိုင်းရမလွယ်ဘူးလေ။ ဟန်ချိုက်နွီကလည်း တစ်နှစ်လောက် အပယ်ခံထားရတဲ့သူဆိုတော့ ကျန်းရှီ ထက် ပိုပြီး စကားနားထောင်မှာပေါ့။ ပိုပြီးတော့လည်း ငယ်ရွယ်ချောမောသေးတယ်။ ငါသာဆိုရင်လည်း ဟန်ရှီ ပေါ်မှာပဲ အချိန်ကုန်ခံမှာပဲ"
နန်ကျစ်က နားထောင်ရင်း မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ အဲဒီလိုဆိုရင် ကျန်းဝမ်ရုန်က မကျေမနပ် ဖြစ်ဦးမှာပဲ။ အရင်က ရှူးဖေးတောင် ခွဲထွက်သွားသေးတာဆိုတော့..."
ဟွေယွဲ့က ဖြတ်ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ သူမသာ မိဖုရားခေါင်ကြီးဆီကနေ ခွဲထွက်သွားရင် နန်းတွင်းထဲမှာ သူမကို လက်မခံနိုင်တဲ့သူ နှစ်ယောက် ဖြစ်သွားလိမ့်မယ်"
ယဲ့ယွင်က သူမ၏ အစေခံနှစ်ဦးကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ "ကောင်းပြီ။ အခုဆို ဟွေယွဲ့က ပိုပြီး စိတ်ကူးနက်နဲလာသလို နန်ကျစ်ကလည်း ပြဿနာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးတတ်လာပြီ"
အစေခံနှစ်ဦးမှာ ချီးကျူးခံရသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း အလွန် ဝမ်းသာသွားကြသည်။ အရှင်သခင်မ၏ အသိအမှတ်ပြုခြင်းကို ခံရသည်မှာ အစေခံတစ်ဦးအတွက် အလွန်မင်္ဂလာရှိသော ကိစ္စဖြစ်သည်။
ဝမ်းသာစရာကိစ္စများမှာ ဤနေရာတစ်ခုတည်းတွင် ဖြစ်ပျက်နေသည်မဟုတ်ပေ။
ဖုန်းရှီးနန်းဆောင်တွင် လက်ဖက်ရည် ဖျော်ရာ၌ အလွန်တော်သော ချူယွမ်အမည်ရှိ အစေခံမလေးသည်လည်း မကြာသေးမီက မိဖုရားခေါင်ကြီး၏ မျက်နှာသာပေးမှုကို ခံခဲ့ရသည်။ သူမသည် လက်ဖက်ရည်ဖျော်ရုံသာမက စာလည်းတတ်သဖြင့် မိဖုရားခေါင်ကြီးက သူမကို အနားသို့ခေါ်ကာ ဒုတိယတန်းစား အစေခံအဖြစ် ရာထူးတိုးပေးလိုက်သည်။
ကျောက်ချွန်းနန်းဆောင်
ယဲ့ယွင်တို့ သခင်နှင့် အစေခံများ ပြန်ရောက်လာသောအခါ သူမသည် ကလေးကို အရင်သွားကြည့်သည်။ စတုတ္ထမင်းသားလေးမှာ နို့စို့ပြီးကာစဖြစ်၍ နို့အန်မည်စိုးသဖြင့် နို့ထိန်းက ပွေ့ချီကာ ကျောကို ပုတ်ပေးနေသည်။ ယဲ့ယွင် ရောက်လာသောအခါ ကလေးကို လွှဲပြောင်းယူလိုက်ပြီး စိတ်ရွှင်မြူးစွာဖြင့် တစ်ချက် နမ်းလိုက်သည်။
အမေနှင့်သား သွေးသားရင်းချာမို့လားမသိ၊ အနမ်းခံရသော စတုတ္ထမင်းသားလေးမှာ ပါးစပ်လေးဖြဲကာ ရယ်မောနေတော့သည်။ အသံမထွက်နိုင်သေးသော်လည်း ရယ်ပြတတ်နေပြီဖြစ်ရာ ကြည့်ရသည်မှာ အလွန် ချစ်စရာကောင်းလှသည်။
ကလေးနှင့် ခဏကစားပြီးနောက် ယနေ့ ကလေး၏ အခြေအနေကို မေးမြန်းရာ နို့ထိန်းများက အသေးစိတ် ပြန်လည်ဖြေကြားကြသည်။ မင်ရှိုးရီသည် မျက်နှာသာပေးခံရသူဖြစ်ရာ နန်းတွင်းရေးရာဌာနက စေလွှတ်လိုက်သော နို့ထိန်းများမှာ အသေအချာ ရွေးချယ်ထားသူများဖြစ်သဖြင့် မပေါ့ဆရဲကြပေ။
"ရှင်တို့က ဒီအလုပ်ကို လုပ်လာတာဆိုတော့ ကလေးထိန်းတာမှာ ပထမဆုံးမွေးတဲ့ ကျွန်မထက် ပိုသိမှာ သေချာပါတယ်။ စတုတ္ထမင်းသားကို ရှင်တို့လက်ထဲ အပ်ထားရတာ ကျွန်မ စိတ်ချပါတယ်။ ဒါပေမဲ့ ရှင်တို့ရဲ့ အတွေ့အကြုံတစ်ခုတည်းနဲ့တော့ ကလေးကို မထိန်းပါနဲ့။ သမားတော်ကြီးရဲ့ စကားကိုလည်း နားထောင်ရမယ်၊ ကျွန်မရဲ့ စကားကိုလည်း နားထောင်ရမယ်။ စတုတ္ထမင်းသားကို ကောင်းကောင်းစောင့်ရှောက်ရင် ဆုလာဘ်တွေ ရမှာပါ။ ကျွန်မက ဘက်လိုက်တဲ့လူ မဟုတ်ဘူးဆိုတာ ရှင်တို့လည်း သိမှာပါ"
ယဲ့ယွင်က ကလေးကို ပွေ့ချီထားရင်း နို့ထိန်းလေးဦးကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ ၎င်းမှာ သတိပေးလိုက်ခြင်းပင်။ သူတို့အားလုံးလည်း နားလည်ကြသဖြင့် သစ္စာရှိပါမည်ဟု အပြိုင်အဆိုင် ကတိပေးကြသည်။
ယဲ့ယွင်က ကျေနပ်သွားသဖြင့် ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ရှင်တို့လည်း ပုံမှန်ဆို ပင်ပန်းကြတာပဲ၊ သိပ်ပြီး စိုးရိမ်မနေကြပါနဲ့။ ဒီနေ့ ဟွေ့ရွှင်ရီက ဒုတိယမင်းသမီးကို ခေါ်ပြီး စတုတ္ထမင်းသားကို လာကြည့်လိမ့်မယ်။ အခုတော့ ကလေးကို အရင်သိပ်ထားလိုက်ဦး၊ ခဏနေရင် ကျွန်မ လူလွှတ်ပြီး လာခေါ်ခိုင်းမယ်"
မှာကြားပြီးနောက် ကလေးကို နို့ထိန်းထံ ပြန်ပေးကာ အရှေ့ဆောင်သို့ ပြန်လာခဲ့သည်။ မနက်က ဂါရဝပြုသွားစဉ်က ခမ်းနားသော နန်းတွင်းဝတ်စုံကို ဝတ်သွားခဲ့သဖြင့် ပြန်ရောက်သောအခါချက်ချင်းပင် လဲလှယ်လိုက်သည်။ နန်းတွင်းဝတ်စုံမှာလေးလံလွန်းသဖြင့် လူကို ပင်ပန်းစေသည်၊ ပေါ့ပေါ့ပါးပါး အဝတ်အစားကမှ ပို၍စိတ်လွတ်ကိုယ်လွတ် ရှိသည်။
မုန့်အချို့နှင့် လက်ဖက်ရည်ပူပူကို ပြင်ဆင်ခိုင်းပြီးနောက် မကြာမီမှာပင် ဟွေ့ရွှင်ရီသည် ဒုတိယမင်းသမီးကို ခေါ်ဆောင်၍ ရောက်ရှိလာသည်။
အသက်သုံးနှစ်အရွယ်သာ ရှိသေးသော ဒုတိယမင်းသမီးလေးမှာ အလွန် ချစ်စရာကောင်းလှသည့်အပြင် ဆန်မုန့်လုံးလေး လိုပင်အသားပြည့်နေသည်။ ဝင်လာသည်နှင့် ညာန်ကောင်းက သူမအနားတွင် ဝဲလည်ဝဲလည် လုပ်နေတော့သည်။ ညာန်ကောင်းမှာ ခန္ဓာကိုယ် ထွားကျိုင်းသော ခွေးဖြစ်ရာ သုံးနှစ်အရွယ် မင်းသမီးလေးနှင့် အရပ်ချင်း မတိမ်းမယိမ်းပင်။
နို့ထိန်းသည်ခွေးကြီးက ကလေးကို လန့်အောင်လုပ်မှာစိုးသဖြင့် မင်းသမီးလေးကို ပွေ့ချီရန် ပြင်လိုက်သည်။ သို့သော် နို့ထိန်းမကုန်းရသေးခင်မှာပင် ဒုတိယမင်းသမီးလေးက သတ္တိရှိရှိဖြင့် ညာန်ကောင်းကို ဖက်လိုက်သည်။
"မယ်မယ်... ခွေးကြီးက အရမ်းကြီးတာပဲ၊ ပုံထဲကထက်တောင် ကြီးသေးတယ်!"
"အိုး... အသည်းကျော်လေးရယ်၊ ညာန်
ကောင်းကို နာအောင် မဆွဲပါနဲ့ဦး"
ဟွေ့ရွှင်ရီက အလန့်တကြား အော်လိုက်ရသည်။ သူမက အမြန်ကုန်းလိုက်ပြီး သမီးဖြစ်သူကို ဆွဲခေါ်လိုက်သည်။
"ညာန်ကောင်း?" မင်းသမီးလေးက နားမလည်စွာ မေးသည် "စားတဲ့ မုန့်လုံးရေပေါ်လားဟင်?"
"စားတဲ့ မုန့်လုံးရေပေါ် မဟုတ်ပါဘူးကွယ်၊ ဒီခွေးကြီးရဲ့ နာမည်က ညာန်ကောင်း လို့ ခေါ်တာပါ" ယဲ့ယွင်က အခန်းထဲမှ ထွက်လာရင်း ပြုံး၍ ရှင်းပြလိုက်သည်။
ဒုတိယမင်းသမီးလေးက သူမကို ကြည့်ပြီး ယဉ်ကျေးစွာဖြင့် ဂါရဝပြုလိုက်သည်။ "သမီးတော်က မင်မယ်မယ်ကို ဂါရဝပြုပါတယ်" ဟု အသံချိုချိုလေးဖြင့် ဆိုသည်။
ထိုပုံစံလေးက အလွန်ချစ်စရာကောင်းလှသဖြင့် မိခင်ဘဝရောက်နေသော ယဲ့ယွင်မှာ ဒုတိယမင်းသမီးလေး၏ ပန်းငုံပုံစံဆံပင်လေးကို ပွတ်သပ်ပေးချင်စိတ် ပေါက်သွားရသည်။
"ဂါရဝပြုတာ ရပါပြီ၊ အခန်းထဲဝင်ပြီး စကားပြောရအောင်။ ကျွန်မ မုန့်တွေနဲ့ အစ်မတော်ဟွေ့ နှစ်သက်တဲ့ လက်ဖက်ရည်ကို ပြင်ထားပါတယ်" ယဲ့ယွင်က ပြုံးကာ ဖိတ်ခေါ်လိုက်သည်။
အားလုံး အခန်းထဲတွင် ထိုင်လိုက်ကြသည်။ စတုတ္ထမင်းသားလေးမှာ အိပ်ပျော်နေသေးသဖြင့် ချီလာရန် မသင့်သေးရာ ဟွေ့ရွှင်ရီက မင်းသမီးလေးကို လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်သည်။ ကလေးကို ခဏဖယ်လိုက်ခြင်းက ပြောစရာရှိသည်မှာ သေချာနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဟွေ့ရွှင်ရီက ပွင့်ပွင့်လင်းလင်း စကားစလာသည်။ "ညီမလေး ဒီတစ်ခေါက် မွေးတာက မင်းသားလေးဆိုတော့ နန်းတွင်းမှာ အခုဆို မင်းသား လေးပါး ရှိသွားပြီ။ နောင်မှာလည်း ထပ်တိုးဦးမလား မပြောနိုင်ဘူး။ ကလေးတွေ ကြီးလာရင်တော့ တိုက်ပွဲတွေ (နန်းလုပွဲ) ရှိလာမှာပဲ။ ညီမလေး ဘယ်လို စီစဉ်ထားသလဲ?"
ယဲ့ယွင်က မျက်တောင်ခတ်လိုက်ပြီး တည်ငြိမ်စွာပင် - "ဒါကတော့ လုယူရမှာပဲလေ။ ကျွန်မ မျက်နှာသာပေးခံရတဲ့ အချိန်တစ်လျှောက်လုံးမှာ ရန်သူတွေလည်း နည်းတာမဟုတ်ဘူး။ အကယ်၍ နောက်ဆုံးအထိ တိုက်ပွဲမဝင်နိုင်ရင် (မအောင်မြင်ရင်) အိုမင်းတဲ့အခါ အေးအေးဆေးဆေး နေရမယ့် ကံပါမှာ မဟုတ်တော့ဘူး"
ထိုက်ကွေ့ဖေးကိုပဲဥပမာ ထားကြည့်ပါကမည်မျှခက်ခဲမှန်းသိနိုင်ပေသည်။
အရင်က အချစ်ခံကိုယ်လုပ်တော်ဖြစ်ခဲ့ပြီဍမိဖုရားခေါင်ကြီးကို ယှဉ်နိုင်ခဲ့တဲ့ ဂုဏ်
သတင်းတွေက ပုံပြင်လ်ိုပင်ဖြစ်နေသည်။
ယဲ့ယွင်ကတော့ မိမိကိုယ်မိမိ ဒီလို နှိမ့်ချပြီး မနေနိုင်ဘူးဟု တွေးမိသည်။ သူမအခုလိုမျက်နှာသာပေးခံရအောင် ကြိုးစားခဲ့တာက အိုမင်းတဲ့အခါ အရာအားလုံး လက်လွှတ်ရဖို့အတွက် မဟုတ်ပေ။
"ညီမလေးက ဒီလိုပဲ တွေးမယ်ဆိုတာ အစ်မ သိသားပဲ" ဟု ဟွေ့ရွှင်ရီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
ယဲ့ယွင်က သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ကာ - "တကယ်တော့ အစ်မတော် မွေးထားတာက မင်းသမီးလေးပဲလေ။ ဘယ်
မင်းသားပဲ နန်းတက်နန်းတက်ဒုတိယမင်းသမီးကိုတော့ နှိမ်မှာမဟုတ်ပါဘူး။ အစ်မတော်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက် ဘေးကနေ အေးအေးဆေးဆေး စောင့်ကြည့်နေရုံပဲ မဟုတ်လား။”
"ညီမလေး အစ်မကို လာစမ်းမနေပါနဲ့" ဟု ဟွေ့ရွှင်ရီက သူမကို စိုက်ကြည့်လိုက်သည်။
"ဒီနှစ်တွေတစ်လျှောက်လုံး ဒုတိယမင်းသမီးက မနေ့ကမှ ဗုန်းကနဲ ပေါ်လာတာလား? အစ်မမှာသာ ဘေးလွတ်ရာ ရှောင်ချင်တဲ့စိတ်ရှိရင် ညီမလေးနဲ့ ဒီလောက်အကြာကြီး အတူတူ ရှိနေမှာ မဟုတ်ဘူး"
ယဲ့ယွင်က ခုနက စကားကို စမ်းသပ်သည့်အနေဖြင့် နောက်ပြောင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခုမူ ရယ်မောလိုက်ပြီး - "အိုး... အစ်မတော်ဟွေ့ကလည်း ဘာလို့ စိတ်တိုနေတာလဲ။ ကျွန်မ မှားသွားပါတယ်၊ မနောက်တော့ဘူးနော်။ ကျွန်မတို့ နန်းတွင်းထဲ ဝင်လာတာကနေ အခုဆိုရင် ငါးနှစ်တောင် ရှိသွားပြီပဲ"
ဟွေ့ရွှင်ရီက သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ တည်တည်တံ့တံ့ ပြောလိုက်သည်။
"အစ်မ အရင်က ညီမလေးနဲ့ ပေါင်းခဲ့တာက ညီမလေးက သာမန်လူ မဟုတ်ဘူးလို့ ထင်လို့ပဲ။ နောက်ပိုင်းကျတော့ ပိုပြီးတော့တောင် အားကိုးထိုက်တယ်လို့ ခံစားရတယ်။ အစ်မက အကြီးအကျယ် ချမ်းသာချင်တာ မဟုတ်ပါဘူး၊ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေချင်ပြီး ဒုတိယမင်းသမီးလေးကိုလည်း ကောင်းကောင်းနေစေချင်ရုံပဲ။ ဘယ်မင်းသားပဲ နန်းတက်တက် မင်းသမီးလေးရဲ့ အိမ်ထောင်ရေးကို မထိခိုက်စေနိုင်ပေမဲ့၊ နန်းပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူနဲ့ တကယ် ရင်းနှီးမှသာ သူမရဲ့ဘဝက တကယ်ကောင်းမှာ မဟုတ်လား"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-294
အခန်း ၂၉၄ ။ ရိက္ခာပြတ်လပ်ခြင်း
ယခင်က ဟွေ့ရွှင်ရီသည်ယခုကဲ့သို့စကားများကို ပြောခဲ့ဖူးသော်လည်း ထိုစဉ်က ယဲ့ယွင်သည် အဓိပ္ပာယ်ကို နားလည်ရုံသာရှိပြီး
သူမ၏ခံစားချက်ကိုနားမလည်ပေးနိုင်ခဲ့ပေ။
ယခုမူ မိမိကိုယ်တိုင် မိခင်တစ်ဦး ဖြစ်လာချိန်တွင် ထိုစကားများကို ကြားရသည်မှာ မိမိနှင့် ထပ်တူကျနေသလို ခံစားလိုက်ရသည်။ ယဲ့ယွင်ကိုယ်တိုင်လည်း ထို့အတူပင်။
သားဖြစ်သူကို ဧကရာဇ်ဖြစ်အောင် အတင်းအကျပ် တွန်းအားပေးချင်၍မဟုတ်ဘဲ၊ အကယ်၍ နောင်တစ်ချိန်တွင် ဧကရာဇ်သည် သူမ၏သား မဟုတ်ခဲ့ပါက၊ သူမအနာဂတ်ကဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိပေမဲ့ သူမကဲ့သို့ နောက်ခံအင်အား မသေးလှသော မိခင်မျိုးရှိသည့် စတုတ္ထမင်းသားကို ဘယ်သူက လက်ခံနိုင်မှာလဲ။
ထို့ကြောင့် မလုယူဘဲ (မတိုက်ပွဲဝင်ဘဲ) မနေနိုင်တော့ပေ။
တော်ဝင်မိသားစုတွင် မွေးဖွားလာခြင်းသည် အသက်ရှင်သန်နိုင်ရေးအတွက်သာ ဖြစ်သည်။
ဟွေ့ရွှင်ရီ၏ ဤတစ်ခေါက် လာရောက်
ချိန်တွင်ယဲ့ယွင်နှင့်စိတ်ထဲကအကြောင်းအရာများကိုရင်ဖွင့်တိုင်ပင်
လိုက်နိုင်သောကြောင့်သူမတို့၏ မဟာမိတ်သည် အလွန်ခိုင်မာသွားခဲ့ပြီဖြစ်သည်။
ယဲ့ယွင်က သူမတို့ သားအမိကို ကျောက်ချွန်းနန်းဆောင်တွင် နေ့လည်စာ ကျွေးမွေးပြီးမှ ပြန်လွှတ်လိုက်သည်။
နေခင်းပိုင်းတွင် ကျန့်ချိုက်ရန်၏ အစေခံမလေး ဖေချွေ့သည် ကျောက်ချွန်းနန်းဆောင်သို့ အထူးလာရောက်၍ ကျေးဇူးတင်စကား ဆိုသည်။
ယဲ့ယွင်က သူမကို စကားနည်းနည်းပါးပါးပြော၍မှာကြားလိုက်သည်။
"မိဖုရားခေါင်ကြီးက ကျန့်ချိုက်ရန်ကို အကျပ်ကိုင်တာက ကျန့်ချိုက်ရန်က ငါနဲ့ တစ်ဖွဲ့တည်းလို့ ထင်နေလို့ပဲ။ ပြီးတော့ငါက ကျန့်ချိုက်ရန်ဘက်ကနေ စကားပြောပေးတာကလည်း ကျန့်ချိုက်ရန်က ငါနဲ့ တစ်ဖွဲ့တည်းလို့ ငါသတ်မှတ်ထားလို့ပဲ"
"ကျွန်တော်မျိုးမ ရှိုးရီရဲ့ အဓိပ္ပာယ်ကို နားလည်သလို ကျွန်တော်မျိုးမရဲ့ သခင်ကလည်း နားလည်ပါတယ်။ သခင်က ကျွန်တော်မျိုးမကို ရှိုးရီဆီ စကားပါးလိုက်ပါတယ်၊ နောင်ကျရင် ရှိုးရီရဲ့ အမိန့်ကိုပဲ ဦးထိပ်ထားပြီး နာခံပါမယ်တဲ့" ဖေချွေ့က ဒူးထောက်၍ ဆိုသည်။
ထိုစကားမှာ သစ္စာခံလိုက်ခြင်းပင်။ အရင်က ဆက်ဆံရေး ရှိခဲ့ဖူးသော်လည်း တရားဝင် သစ္စာခံခဲ့ခြင်း မရှိသေးပေ။ ယနေ့မှသာ အတည်ဖြစ်သွားခြင်း ဖြစ်သည်။
ယဲ့ယွင်ကလည်း မဆိုင်းမတွပင် ကျန့်ချိုက်ရန်နှင့် ကျိုးဝမ်ရုန်တို့ နှစ်ဦးလုံးထံသို့ လက်ဆောင်ပစ္စည်းများ ပို့ပေးလိုက်သည်။ သူမတို့နှစ်ဦးမှာ အဆင့်အတန်း မတူသော်လည်း ပေးလိုက်သည့် ပစ္စည်းများမှာမူ အတူတူပင် ဖြစ်သည်။ ထိုသို့လုပ်ရပ်မှာယဲ့ယွင်သည် မိမိလူနှစ်ယောက်ကိုခွဲခြားဆက်ဆံမည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။ ကျိုးရှီအနေဖြင့်လည်း စိတ်ခုစရာ မရှိတော့ပေ။
ယခုအခါ ယဲ့ယွင် မြင်နေရသည်မှာ ကျိုးဝမ်ရုန်သည် ထက်မြက်သော်လည်း ဦးနှောက်သုံးရသည်ကို မနှစ်သက်သူ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယဲ့ယွင်၏ နောက်ကွယ်မှာပဲ တစ်သက်လုံး အေးအေးဆေးဆေး နေချင်သူဖြစ်ပြီး ကျန်သည့်ကိစ္စများကို စိတ်မပူချင်သူ ဖြစ်သည်။
.....
နန်းတွင်းကြီးမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီ ဖြစ်သည်။ ကလေးနှစ်ယောက် တိုးလာသည်မှလွဲ၍ ကျန်တာတွေမှာ အရင်အတိုင်းပင်။ ထူးခြားသည်မှာ နင်ချန်က အလုပ်များလွန်းသဖြင့် နန်းတွင်းသို့ မလာနိုင်တော့ခြင်းပင် ဖြစ်သည်။
လျောင်နိုင်ငံသားများ စစ်တိုက်ရန် အကောင်းဆုံးအချိန်မှာ နွေရာသီ ဖြစ်သည်။ ဇွန်လမှ ၇လပိုင်းလအထိ တစ်လအတွင်း လျောင်စစ်တပ်၏ ထိုးစစ်ဆင်မှုမှာ အလွန်ပြင်းထန်လှသည်။
ယဲ့ကျယ်နှင့် ဟိုဖျင်ပေတို့ လက်တွဲတိုက်ခိုက်သော်လည်း အကြိမ်အနည်းငယ် ရှုံးနိမ့်ခဲ့ရသည်။
ဤတစ်ခေါက်တွင် လျောင်စစ်တပ်သည် ကျားစခ်ကို ဦးတည်ခြင်း မဟုတ်ဘဲ လင်ကျိုးကိုသာ အဓိက ထိုးစစ်ဆင်လာသည်။ ရှန်းစစ်သူကြီးနှင့် လုစစ်သူကြီးတို့မှာ အိုမင်းနေပြီဖြစ်ကာ၊ စစ်ကူရောက်လာသော ရန်စစ်သူကြီးမှာလည်း စစ်တိုက်ဖူးသောအတွေ့အကြုံမရှိသေးပေ။ ဟိုဖျင်ပေနှင့် ယဲ့ကျယ်မှာလည်း အသက်ငယ်သေးသဖြင့် ကြမ်းတမ်းသော ကျားစခ်လူမျိုးများထက်စာလျှင် တိုက်ရခက်ပေလိမ့်မည်။
လျောင်လူမျိုးများမှာလည်း ပါးနပ်လှသည်။ သူတို့သည် စစ်တပ်ကို နှစ်လမ်းခွဲလိုက်ကာ အဓိကတပ်မကြီးကို လင်ကျိုးတွင် ထားရှိပြီး၊ ကျားစခ်တွင်လည်း တပ်အချို့ ထားရှိကာ ကျားစခ်လူမျိုးများ စစ်ကူမပေးနိုင်အောင် ဟန့်တားထားသည်။ လျောင်စစ်တပ်မှာ မြင်းစီးတပ်များ ဖြစ်သောကြောင့် နေရာအနှံ့ အလွန်မြန်မြန် ရွှေ့လျားနိုင်သဖြင့် မည်သည့်ဘက်ကိုမျှ ပေါ့ဆ၍ မရပေ။
စစ်ပွဲ ပြင်းထန်လာသည်နှင့်အမျှ စစ်သည်အင်အား ပြုန်းတီးမှုနှင့် ရိက္ခာသုံးစွဲမှုမှာလည်း မြန်ဆန်လာသည်။ စစ်သည်များကို အနီးအနားမှ ခေါ်ယူနိုင်သော်လည်း ရိက္ခာကိုမူ မြို့တော်မှ သယ်ယူပို့ဆောင်ရသဖြင့် အလွန်နှေးကွေးလှသည်။ နေ့ရောညပါ သယ်လျှင်ပင် ၁၅ ရက် ကြာမြင့်သည်။
ရိက္ခာ ပို့ဆောင်ပေးရသူမှာ ယောင်ရှင်း (ယောင်ရှန်း၏ အစ်ကို) ဖြစ်သည်။ သူတို့၏ အစ်ကိုကြီး ယောင်ရွှိမှာ ပထမဆုံး စစ်ကူတပ်နှင့်အတူ လင်ကျိုးသို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုတစ်ခေါက် ရိက္ခာမှာ အလွန်အရေးကြီးပြီး ပမာဏလည်း များပြားလှသည်။ သို့သော် ကံမကောင်းစွာဖြင့် လမ်းခရီးတွင် နွေရာသီ မိုးသက်မုန်တိုင်းနှင့် တိုးလေသည်။ လမ်းများသည်ကျောက်စရစ်လမ်းသာ ဖြစ်သဖြင့် မိုးရွာလျှင် ရွှံ့နွံများ ထူထပ်ကာ လှည်းများ သွားလာရန် အလွန်ခက်ခဲလှသည်။
လမ်းအခြေအနေကြောင့်ယောင်ရှင်းသည်မြို့တော်သို့ သတင်းပို့လိုက်ပြီးမူလက ၁၅ ရက်နှင့် ရောက်မည့်ခရီးမှာ ရာသီဥတုကြောင့် ၂၅ ရက်ခန့် ကြာမြင့်မည်ဟု ဆိုသည်။
သို့သော် လင်ကျိုးမှ သတင်းအရ ယဲ့ကျယ်စောင့်ကြပ်နေသော ပေလင်ကြားစခန်းတွင် ရိက္ခာမှာ ၁၀ ရက်စာသာ ကျန်တော့သည်။ ချင်းချန်းကြားစခန်းနှင့် ဟူယွိကြားစခန်းတို့က ရိက္ခာအချို့ ခွဲဝေပေးသော်လည်း စုစုပေါင်း ၁၄ ရက်စာသာ ခံပေမည်။
မူလက နောက်ထပ် တစ်ရက်လောက် ထပ်အောင့်ထားလျှင် ရိက္ခာရောက်လာမည် ဖြစ်သော်လည်း ယခုအခါ နောက်ထပ် ၁၀ ရက် ထပ်စောင့်ရမည်ဟု ဆိုလာသည်။ ပေလင်ကြားစခန်းရှိ ယဲ့မိသားစုစစ်တပ်နှင့် ဟိုမိသားစုစစ်တပ် ပေါင်းလျှင်စုစုပေါင်း စစ်သည် ကိုးသောင်းနီးပါး ရှိသည်။ ဤမျှများပြားသော စစ်သည်များမှာ ၁၁ ရက်
တိုင်တိုင် အစာမစားဘဲ စစ်မြေမြင်မှာဘယ်လိုလုပ် ကြံ့ကြံ့ခံနိုင်ပါ့မလဲ။
ယဲ့ယွင်သည် နန်းတွင်းထဲတွင်ဤသတင်းကို ကြားလိုက်ရချိန်တွင် ခြေထောက်များ ပျော့ခွေသွားကာ မတ်တတ်ပင် မရပ်နိုင်တော့ပေ။
"မြန်မြန်... ဦးလေးဆီ စာရေးပါ။ အရင်က ငါ သူတို့ကို ပြောထားတဲ့ကိစ္စကို အခု ချက်ချင်း လုပ်ခိုင်းလိုက်တော့ မြန်မြန်သွား၊ ပိုင်ရှု... နင်ကိုယ်တိုင် သွား!"
"ရှိုးရီ စိတ်မပူပါနဲ့၊ နယ်စားကြီး အဆင်ပြေပြေနဲ့ကံကောင်းနိုင်မှာပါ၊ ဘာမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်မျိုး အခုပဲ နန်းပြင်ကို သတင်းသွားပို့လိုက်ပါ့မယ်" ပိုင်ရှုက ဦးချကာ အမြန် ပြေးထွက်သွားသည်။
ယဲ့ယွင်က ရေခွက်ကို ကိုင်၍ သောက်ရန် ကြိုးစားသော်လည်း စိတ်လှုပ်ရှားနေသဖြင့် လက်များ တုန်ရီကာ ရေအားလုံး ဖိတ်စင်သွားသည်။ သူမ မသောက်နိုင်တော့ဘဲ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ စိတ်အေးအေးထားနိုင်ရန် အသက်ကို ခပ်ပြင်းပြင်း ရှူနေရသည်။
ထိုအချိန်ယဲ့ယွင်သည်ရုတ်တရက် လူတစ်ယောက်ကို သတိရသွားပြီးစိတ်ထဲတွင်ဆုံးဖြတ်ချက်ချလိုက်သည်။
"သွားစို့၊ ငါ ဟိုချိုက်ရန်ဆီ သွားရမယ်၊ ဝေါယာဉ် အမြန်ပြင်လိုက်။”
ဟွေယွဲ့က ခေါင်းညိမ့်ကာ ချက်ချင်းပင် စီစဉ်ပေးသည်။ ခဏအကြာတွင် ယဲ့ယွင်သည် ချန်ရှင်းနန်းဆောင်သို့ ရောက်ရှိသွားသည်။ ဟိုချိုက်ရန်သည်လည်း သူမကဲ့သို့ပင် ပူပန်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ယဲ့ယွင် ရောက်လာသည်ကို သိသောအခါ အံ့ဩသွားသော်လည်း နယ်စပ်စစ်ရေးနှင့် ပတ်သက်နိုင်သည်ဟု တွေးမိကာ အမြန်ပင် ကြိုဆိုလိုက်သည်။ ဟိုချိုက်ရန်က ဂါရဝပြုရန် ပြင်သော်လည်း ယဲ့ယွင်က ဆွဲထားလိုက်သည်။
"အခုလို အချိန်မျိုးမှာ ဒါတွေ လုပ်မနေပါနဲ့တော့။ အခု မင်းနဲ့ ငါ့ရဲ့ အစ်ကိုတွေရဲ့ အသက်က တစ်ကြိုးတည်း ချည်ထားသလိုပဲ။ ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်၊ အမှန်အတိုင်း ဖြေပေးပါ"
"ရှိုးရီ မေးပါ၊ ချန်းချဲ့ သိသမျှ အကုန်ဖြေပါ့မယ်" ဟု ဟိုချိုက်ရန်က ဆိုသည်။
ယဲ့ယွင်က တည်ကြည်လေးနက်သော မျက်နှာဖြင့် တိုက်ရိုက်သာမေးလိုက်သည်။
"မင်းရဲ့ အစ်ကိုက ယွိကျိုးမှာ စစ်အာဏာကို ဒီလောက်အကြာကြီး ဆုပ်ကိုင်ထားတာ၊ ရိက္ခာတွေ တိတ်တဆိတ် သိုလှောင်ထားတာရှိသလား?"
ယဲ့ယွင်က ဤကဲ့သို့ တိုက်ရိုက်မေးလာလိမ့်မည်ဟု သူမ မထင်ထားသဖြင့် ဟိုချိုက်ရန် ခဏမျှ ဆွံ့အသွားသည်။ ရိက္ခာ သိုလှောင်ထားသည်ကို သိသော်လည်း ဤသို့သောကိစ္စမှာ အစိုးရက ခွင့်မပြုထားသည့် အရာဖြစ်သည်။
စစ်အာဏာသည် မိမိလက်ထဲတွင် ရှိသော်လည်း၊ စစ်သည်များမှာ ဧကရာဇ်၏ စစ်သည်များ ဖြစ်သဖြင့် အစိုးရ၏ ရိက္ခာကိုသာ စားသုံးရမည်ဖြစ်ကာ ကိုယ်ပိုင်ရိက္ခာ သိုလှောင်ခွင့်မရှိပေ။ ထိုစည်းမျဉ်းသည်စစ်တပ်အင်အား ကြီးထွားလာပြီး ပုန်ကန်မည်ကို တားဆီးရန်ဖြစ်သည်။ သို့သော် ခေတ်အဆက်ဆက်တွင် စစ်အာဏာရှိသူတိုင်းမှာ မိမိကိုယ်ကို ကာကွယ်ရန် ရိက္ခာအချို့ကို တိတ်တဆိတ် သိုလှောင်လေ့ရှိကြသည်။ လွန်လွန်ကျူးကျူးမဟုတ်လျှင် အစိုးရကလည်း မျက်စိမှိတ်ပေးထားလေ့ ရှိသည်။
စစ်သူကြီးသမီးဖြစ်သော ယဲ့ယွင်ကလည်း ဤအချက်ကို သိထားသည်။ ဟိုချိုက်ရန် မဝံ့မရဲ ဖြစ်နေသည်ကို မြင်သောအခါ သူမကပင် စတင်ပြောလိုက်သည်။
"ငါ့အစ်ကို ရိက္ခာသိုလှောင်ထားသလားဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါက ဘဏ္ဍာရေးဌာနက ယောင်မျိုးရိုးနဲ့ ရန်ငြိုးရှိထားတော့ ဒီလိုကိစ္စမျိုး ဖြစ်လာမှာကို ကြိုတင်ကာကွယ်ဖို့အစီအစဉ်တွေဆွဲထားတယ်။ ငါ့ရဲ့ အဘိုးအိမ်က ကုန်သည်တွေဆိုတော့ ပိုက်ဆံနဲ့ ရိက္ခာအပြည့်ရှိတယ်။ ငါ အစောကြီးကတည်းက ရိက္ခာတွေကို ကျားစခ်နဲ့ လင်ကျိုး နယ်စပ်မှာ သိုလှောင်ထားခိုင်းပြီးသား။ ဒါပေမဲ့ အခုကြည့်ရတာ အဲဒါတွေက မလုံလောက်ဘူး။ ကျန်တဲ့အပိုင်းကတော့ မင်းတို့ ဟိုမိသားစုအပေါ်မှာပဲ မူတည်တော့မယ်။”
သူမက အရင် စတင်ရင်ဖွင့်လိုက်သဖြင့် ဟိုချိုက်ရန်လည်း သံသယများ ပျောက်
ကွယ်သွားသော်လည်း ခက်ခဲနေပြန်သည်။
"ရိက္ခာကတော့ ရှိပါတယ်၊ ဒါပေမဲ့ ဘယ်လို သယ်ရမလဲဆိုတာ ပြဿနာဖြစ်နေတာ၊ ဒီလောက်များတဲ့ ရိက္ခာတွေကို တခြားသူတွေ သံသယမဝင်အောင် သယ်ဖို့က မလွယ်ဘူး။”
"လူတွေကို ကုန်သည်တွေလို ဝတ်ခိုင်းပြီး ရုံးတော်ကို ရိက္ခာလှူဒါန်းတာလို့ အကြောင်းပြပြီး ရှေ့တန်းကို တိုက်ရိုက်ပို့လိုက်။ မင်းမှာ လူအင်အားမရှိရင် ငါ့အဘိုးအိမ်မှာ လူရှိတယ်။ သူတို့က တကယ့်ကုန်သည်စစ်စစ်တွေဆိုတော့ စစ်ဆေးခံရရင်လည်း ကြောက်စရာမလိုဘူး"
ယဲ့ယွင်က အကြံပေးလိုက်သည်။
ဤစကားများကြောင့် ဟိုချိုက်ရန်မှာ နောက်ဆုံးတွင် သဘောတူလိုက်သည်။ ချက်ချင်းပင် လူလွှတ်၍ ယွိကျိုးရှိ မိသားစုထံသို့ သတင်းပို့စေသည်။
ယဲ့ကျယ်ဖြစ်စေ၊ ဟိုဖျင်ပေဖြစ်စေ သူတို့နှစ်ဦးလုံးမှာ မိသားစု၏ ဒေါက်တိုင်များဖြစ်ပြီးလုံးဝ အလဲအကွဲ ခံ၍ မဖြစ်ပေ။ သို့သော် သူမတို့ မိသားစုနှစ်ခု၏ အင်အားသည် ရှေ့တန်းတွင်တိုက်ခိုက်နေသောစစ်သည်တော်များအတွက် ရိက္ခာမလုံလောက်သေးပေ။
ယဲ့ယွင်က အသေအချာ စဉ်းစားပြီးနောက် ကျိုချန်နန်းဆောင်ရှိ နင်ချန်ထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
***