အခန်း (၂၉၅-၂၉၆)
Vol. 19 Ch. 295-296
အခန်း ၂၉၅ ။ အကြံပေးခြင်း
ယဲ့ယွင် ရောက်လာချိန်တွင် နင်ချန်သည် အမတ်များနှင့် တွေ့ဆုံပြီးကာစပင် ရှိသေးသည်။
စစ်အသုံးစရိတ်ကိစ္စများကြောင့် စိုးရိမ်နေရသဖြင့် ခုနတင်ကပင် ဆွေးနွေးငြင်းခုံခဲ့ကြပြီး အသီးသီး နည်းလမ်းရှာရန် ပြန်သွားကြပြီဖြစ်သည်။
ယဲ့ယွင် ရောက်လာကြောင်း ကြားသောအခါ နင်ချန်က မျက်မှောင်ကြုတ်လိုက်ပြီးငြင်းပယ်ရန်ကြိုးစားလိုက်သည်။
"မင်ရှိုးရီကို ပြောလိုက်ပါ၊ ကျန်းအနေနဲ့ စစ်ရိက္ခာတွေ ပို့နိုင်အောင် နည်းလမ်းရှာပေးမှာမို့လို့ ယဲ့စစ်သူကြီးရဲ့ ဘေးကင်းရေးအတွက် စိတ်မပူဖို့ ပြောလိုက်။”
နင်ချန်သည်လောလောဆယ် ယဲ့ယွင်နဲ့တွေ့ဖို့မဖြစ်နိုင်သေးပေ။ ရိက္ခာကိစ္စသည်အလွန်အရေးကြီးလှပြီး ဧကရာဇ်တစ်ယောက်အနေနဲ့ဖြေရှင်းရပေမည်။ ထို့အပြင်နောက်ထပ် အမတ်အုပ်စုတစ်စုနှင့်လည်းထပ်တွေ့ရန်ရှိသေးသည်။
သို့သော် သတင်းပို့ပေးသော ဟွိုက်အန်းက
ရင်တထိတ်ထိတ်ဖြင့်လျှောက်တင်ခဲ့သည်။
"မင်ရှိုးရီက ပြောပါတယ်၊ သူမက ယဲ့စစ်သူကြီးရဲ့ အခြေအနေကို လာမေးတာမဟုတ်ဘဲ၊ စစ်ရိက္ခာကိစ္စနဲ့ ပတ်သက်ပြီး အကြံဉာဏ်အချို့ကို အရှင်မင်းကြီးကို တင်ပြချင်လို့ပါတဲ့"
ဤစကားကို ပြောရချိန်တွင် ဟွိုက်အန်းမှာ ရင်တထိတ်ထိတ် ဖြစ်နေရသည်။ ကိုယ်လုပ်တော်များ နိုင်ငံရေးတွင် စွက်ဖက်ခြင်းမှာ ဘိုးဘွားစဉ်ဆက် တားမြစ်ထားသော စည်းကမ်းဖြစ်သော်လည်း၊ မင်ရှိုးရီက တောင်းဆိုလာသည့်အပြင် သူကိုယ်တိုင်လည်း နှစ်ရှည်လများ သူမ၏ စောင့်ရှောက်မှုကို ခံခဲ့ရဖူးသဖြင့် နှုတ်ဆိတ်နေရန် ခက်ခဲလှသည်။
နင်ချန်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "သူမကို ဝင်ခိုင်းလိုက်" ဟု မိန့်ကြားလိုက်သည်။
ဟွိုက်အန်းမှာ မိမိနားကြားမှားသလားဟုပင် ထင်မှတ်သွားပြီး ခဏမျှ ကြောင်အသွားမှ သတိဝင်ကာ အပြင်သို့ အပြေးထွက်၍ ဖိတ်ခေါ်လိုက်တော့သည်။
ယဲ့ယွင် ဝင်လာသောအခါ အခန်းထဲရှိ အစေခံများအားလုံး သိတတ်စွာဖြင့် အပြင်သို့ ထွက်သွားကြသည်။ အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"ချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ဒီစကားတွေကို ချန်းချဲ့က ပြောခွင့်မရှိဘူးဆိုတာ သိပေမဲ့၊ တစ်ဖက်ကလည်း အရှင်မင်းကြီးရဲ့ သောကကို မျှဝေပေးချင်သလို၊ တစ်ဖက်ကလည်း အစ်ကိုဖြစ်သူအတွက် စိုးရိမ်မိတာကြောင့် အသက်ကိုစွန့်လို့ ချန်းချဲ့သတ္တိမွေးပြီး ပြောပါရစေ"
"ထပါ" နင်ချန်က သူမကို တစ်ချက်ကြည့်ကာ လက်ကာပြလိုက်သည်။
ယဲ့ယွင် မတ်တတ်ရပ်ပြီးနောက် သူက လေသံတိုးတိုးဖြင့် ဆက်ပြောသည်။
"ကျန်းကို အဲဒီလောက်အထိ ရှေးရိုးစွဲဆန်တဲ့သူလို့ မင်း ထင်နေတာလား? မင်းမှာ ကောင်းတဲ့အကြံဉာဏ်ရှိရင် ကျန်း အရင်ကလည်း လက်ခံခဲ့ဖူးတာပဲ။ အခုလို အခြေအနေမျိုးမှာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ တကယ်လို့ အသုံးဝင်ရင် ဒါက မင်းရဲ့အရည်အချင်းပဲ။”
ဤစကားကို ကြားသော်လည်း ယဲ့ယွင်မှာ စိတ်မလျှော့ဘဲ ထပ်မံ၍ တည်ကြည်စွာ ဂါရဝပြုလိုက်ပြန်သည်။
"အရင်ကဆိုရင် အရှင်မင်းကြီးက အရင်မေးမှ ချန်းချဲ့က ဖြေခဲ့တာပါ။ ဒီတစ်ခေါက်ကတော့ ချန်းချဲ့ကိုယ်တိုင်က စတင်ပြောဆိုတာမို့လို့ အခြေအနေချင်း မတူပါဘူး။ ဒါပေမဲ့အရေးကြီးတဲ့ကိစ္စဖြစ်နေလို့ အရှင်မင်းကြီးက အပြစ်ပေးမယ်ဆိုရင်တောင် ချန်းချဲ့ စမ်းကြည့်ရမှာပါပဲ"
"လျှောက်မလုပ်ပါနဲ့" နင်ချန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီး ရှေ့သို့ တိုးလာကာ သူမ၏ လက်ကို ဆွဲကိုင်လိုက်သည်။
"မင်းကတော့ ကလေးအမေ ဖြစ်နေပြီကို သေမယ့်အကြောင်းတွေကိုပဲ ပါးစပ်က မချတမ်း ပြောနေတုန်းလား။ ပြောသာပြောပါ၊ ကျန်း မင်းကို အပြစ်မပေးပါဘူး။”
နင်ချန်မှာ ခုနက အနည်းငယ် စိတ်ခုနေသော်လည်း ယခုမူ လုံးဝ စိတ်လျှော့လိုက်ပြီ ဖြစ်သည်။
နင်ချန်၏အာမခံမှုကြောင့် ယဲ့ယွင်က စတင်ပြောကြားသည်။
"ချန်းချဲ့ရဲ့ အမြင်အရဆိုရင် မြို့တော်က ရိက္ခာတွေ ရှေ့တန်းရောက်ဖို့ကိုဒီအတိုင်းစောင့်နေတာလုံးဝ အဆင်မပြေနိုင်ပါဘူး။ အမြန်ဆုံးနည်းလမ်းကတော့ လင်ကျိုးနဲ့ နီးစပ်တဲ့ ပြည်နယ်တွေကနေ ရိက္ခာတွေကို လွှဲပြောင်းယူဖို့ပါပဲ"
"ဒကျန်းလည်း အဲ့ဒါကိုစဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုက ၇လပိုင်း၊ ၈လပိုင်းဆိုတော့ မြောက်ဘက်မှာ စပါး၊ ဂျုံနဲ့ ပဲတွေက မမှည့်သေးတဲ့အပြင် လယ်ကွင်းထဲမှာပဲ ရှိနေကြအုံးမှာ။ ပြီးတော့ဒေသအသီးသီးက ရိက္ခာတိုက်တွေက အစိုးရကို တစ်နှစ်တစ်ခါပဲ ရိက္ခာသွင်းရတာလေ။ အခုဆို ခြောက်လလောက် စားပြီးပြီဆိုတော့ အများကြီး မကျန်တော့ဘူး၊ နောက်ဆောင်းဦးရိတ်သိမ်းချိန်အထိ စောင့်ရဦးမှာ"
နင်ချန်၏ မျက်နှာတွင် ခက်ခဲနေဟန် ပေါ်နေကာ တစ်ကိုယ်လုံးတွင်လည်း အားကိုးရာမဲ့နေသည့် အရိပ်အယောင်များ ရှိနေသည်။ သို့သော် ယဲ့ယွင်၏ နောက်ထပ်စကားလုံးကြောင့် သူ ချက်ချင်း စိတ်ဝင်စားသွားရသည်။
"အစိုးရဆီမှာ ရိက္ခာမရှိရင်တောင် ပြည်သူတွေနဲ့ ကုန်သည်တွေဆီမှာတော့ သိုလှောင်ထားတဲ့ ရိက္ခာတွေရှိမှာ အသေအချာပါပဲ။ အရှင်မင်းကြီးအနေနဲ့ အရေးပေါ်အခြေအနေအတွက် ပြည်သူတွေဆီကနေ ရိက္ခာ ခနချေးယူလို့ ရပါတယ်။ နောက်မှ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်း တိုးပြီး ပြန်ဆပ်ပေးလို့ ရပါတယ်။ အခုလို တိုင်းပြည် အကျပ်အတည်းဖြစ်နေချိန်မှာ ပြည်သူတွေက ချေးပေးကြမှာပါ။ တကယ်လို့ လင်ကျိုးသာ ရိက္ခာပြတ်လို့ ကျရှုံးသွားရင် လျောင်စစ်တပ်က နန်ချီထဲကို ဝင်လာမှာလေ၊ အဲဒီအခါကျရင် ဘယ်သူကများ ဘေးကင်းနိုင်ပါ့မလဲ။”
"ရိက္ခာချေးယူတဲ့ကိစ္စက မဆိုးဘူးပဲ။ အထူးသဖြင့်အနီးအနားက ပြည်နယ်တွေကဆိုရင် တစ်ရက်နှစ်ရက်အတွင်းမှာတင် အများကြီး စုဆောင်းနိုင်ပြီး သယ်ယူပို့ဆောင်ရတာလည်း မြန်လိမ့်မယ်" နင်ချန်၏ မျက်လုံးများ လင်းလက်သွားသည်။
နန်ချီနိုင်ငံ၏ ဘဏ္ဍာတိုက်မှာ ကြွယ်ဝသဖြင့် ရိက္ခာမရှားပေ။ ထို့ကြောင့် လူတိုင်းက မြို့တော်က ရိက္ခာကို လင်ကျိုးသို့ အမြန်ရောက်အောင် ဘယ်လိုပို့မလဲဆိုတာကိုပဲ စဉ်းစားနေကြပြီး၊ အရင်ချေးယူပြီးမှ ပြန်ဆပ်ဖို့ကို မတွေးမိခဲ့ကြပေ။
"ဒီကိစ္စကို ကျန်း အမတ်တွေနဲ့ ထပ်ပြီး ဆွေးနွေးလိုက်မယ်။ မင်း အရင်ပြန်နှင့်တော့၊ အပြင်က ကိစ္စတွေကို သိပ်ပြီး စိုးရိမ်မနေနဲ့၊ မင်းရဲ့အစ်ကို ဘေးကင်းမှာပါ။”
နင်ချန်က ယဲ့ယွင်၏ လက်ကို ဆုပ်ကိုင်ရင်း သူမ၏ အကြံဉာဏ်ကို စတင်စဉ်းစားနေပြီ ဖြစ်သည်။
"ချန်းချဲ့မှာ အရှင်မင်းကြီးကို တင်ပြစရာ နောက်ထပ်ကိစ္စတစ်ခု ကျန်ပါသေးတယ်"
ယဲ့ယွင်က ရုတ်တရက် ဆက်ပြောသည်။
သူမ၏ တည်ကြည်လေးနက်နေသော မျက်နှာကို ကြည့်ပြီး နင်ချန်က မျက်မှောင်ကြုတ်လိုက်ကာ "ပြော" ဟု ဆိုသည်။
ဤတစ်ကြိမ်တွင် ယဲ့ယွင်က အရင်ဆုံး ဒူးထောက်လိုက်သည်။ နင်ချန် သူမကို လာမဆွဲခင်မှာပင် ဦးတစ်ချက်ချလိုက်ပြီးမှ လေးလေးနက်နက် ဆိုလာသည်။
"ချန်းချဲ့ရဲ့ ဖခင်က စစ်မြေပြင်မှာ ဆုံးပါးခဲ့တာပါ၊ ချန်းချဲ့မှာ ဒီအစ်ကိုတစ်ယောက်ပဲ ကျန်ပါတော့တာကြောက့်ဘစစ်ပွဲစတင်ကတည်းက ချန်းချဲ့ အလွန်ပူပန်ခဲ့ရပါတယ်။ စစ်မြေပြင်မှာ ဓားမူးလှံမူးဆိုတာ ရှိတော့ ဒဏ်ရာရတာက ရှောင်လွှဲရခက်တဲ့ ကိစ္စမို့ ချန်းချဲ့ မထိန်းချုပ်နိုင်ပေမဲ့၊ နောက်တန်းက ထောက်ပံ့ရေးအတွက်တော့ ချန်းချဲ့ တတ်နိုင်သလောက် အားထုတ်ချင်ပါတယ်"
"ချန်းချဲ့က အရှင်မင်းကြီးကို ယုံကြည်ပါတယ်၊ ဒါပေမဲ့ ယောင်မိသားစုကိုတော့ မယုံကြည်ပါဘူး။ အဲ့ကိစ္စအတွက်ကြောင့်အစောကြီးကတည်းက အဘိုးအိမ်ကို စာရေးပြီး အိမ်က သိုလှောင်ထားတဲ့ ရိက္ခာတွေကို နည်းလမ်းရှာပြီး လင်ကျိုးနယ်စပ်ဆီ ပို့ခိုင်းထားပါတယ်။ တကယ်လို့ စစ်ရိက္ခာ ပြတ်လပ်တဲ့အချိန်မျိုးဆိုရင် တစ်ရက်နှစ်ရက်စာတော့အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။ မလိုအပ်တာကတော့ အကောင်းဆုံးပေါ့"
"ဒီကိစ္စကို ချန်းချဲ့က အရှင်မင်းကြီးကို တစ်သက်လုံး ဖုံးကွယ်မထားချင်ပါဘူး။ ချန်းချဲ့က အရှင်မင်းကြီးကို ယုံကြည်သလို၊ အရှင်မင်းကြီးကလည်း ချန်းချဲ့ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ်"
စစ်တပ်ကို တိတ်တဆိတ် ရိက္ခာထောက်ပံ့ခြင်းမှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။ ပထမအချက်မှာ ချူမိသားစုသည် ဧကရာဇ်ခွင့်ပြုချက်ရ ကုန်သည်များဖြစ်သဖြင့် ချူမိသားစုက နိုင်ငံတော်ရိက္ခာကို ခိုးယူပြီး ယဲ့ကျယ်ကို ကိုယ်ပိုင်ထောက်ပံ့နေသည်ဟု သံသယဝင်ခံရနိုင်သည်။ ဒုတိယအချက်မှာ လူတွေရဲ့ စိတ်ကူးထဲမှာ - ချူမိသားစုက အခု ရိက္ခာကို တိတ်တဆိတ် ထောက်ပံ့နိုင်ရင် နောင်ကျရင် တခြားအရာတွေကိုပါ ထောက်ပံ့နိုင်မှာလား၊ အဲဒီအခါကျရင် ယဲ့ကျယ်ရဲ့ လက်ထဲက စစ်အာဏာကော အန္တရာယ်ကင်းပါဦးမလား အစရှိသည့်အတွေးမျိုး ဝင်လာနိုင်သည်။ ဧကရာဇ်၏စိတ်သည် ရေသေမဟုတ်ပေ။ အချိန်တိုင်းပြောင်းလဲနေသည့် မုန်တိုင်းပင်ဖြစ်သည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယဲ့ယွင်ကိုကြည့်ရင်း နင်ချန်၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူသည် ယဲ့ယွင်ကို ချစ်ခင်မြတ်နိုးသည်မှာ အမှန်ပင်။ သို့သော် သူသည် ဧကရာဇ်တစ်ဦး ဖြစ်သဖြင့် နင်မျိုးနွယ်၏ ထီးနန်းအရေးကို ဦးစွာထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
သို့သော် ယဲ့ယွင်က ဤမျှ ပွင့်လင်းစွာ ပြောပြလာခြင်းကလည်း သူ့စိတ်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။ အသက်ကို စွန့်ပြီး ယုံကြည်မှုထားရသည့် ခံစားချက်မျိုး၊ တစ်ဦးကိုတစ်ဦး အကြွင်းမဲ့ ယုံကြည်ခြင်းမျိုးပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် နင်ချန်သည် ခွင့်လွှတ်သည်၊ မလွှတ်သည်ကို တစ်ခွန်းမှ မပြောသေးပေ။ သူ့စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသည်။
"ကျန်း သိပြီ။ မင်း အရင်ပြန်နှင့်တော့။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ မင်းလည်း ထပ်ပြီး လျှောက်မလုပ်နဲ့တော့။ အရာအားလုံးကို ကျန်း စီစဉ်ပါ့မယ်"
"ချန်းချဲ့ အမိန့်အတိုင်းနာခံပါ့မယ်။ အရှင်မင်းကြီး အလုပ်များနေပေမဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပါဦး" ယဲ့ယွင်က မတ်တတ်ရပ်၍ ဂါရဝပြုကာ လေသံတိုးတိုးဖြင့် ဆိုသည်။
စကားပြောနေစဉ်တွင် သူမက မျက်လုံးပင့်ကြည့်ကာ နင်ချန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် မျက်လွှာပြန်ချလိုက်သည်။ သို့သော်လည်း နင်ချန်သည် ထိုမိန်းကလေး၏ မျက်ဝန်းထဲရှိ ဝမ်းနည်းရိပ်နှင့် စိုးရိမ်စိတ်အချို့ကို ဖမ်းဆီးမိလိုက်သည်။
ယဲ့ယွင်က နန်းဆောင်တံခါးဝသို့ ရောက်၍ တံခါးခုံကို ကျော်ရန် ပြင်လိုက်ချိန်တွင် နင်ချန်မှာ နောက်ဆုံးတော့ မရက်စက်နိုင်တော့ပေ။ သူက အေးစက်သော လေသံဖြင့်နားချလိုက်သည်။
"ပြန်ပြီး ကောင်းကောင်း အနားယူတော့၊ လျှောက်ပြီး လျှောက်တွေးမနေနဲ့"
အသံမှာ အေးစက်မာကြောနေသော်လည်း ယဲ့ယွင်၏ စိတ်ထဲတွင်တော့ အနည်းငယ် ပေါ့ပါးသွားသည်။ သူမက လှည့်ကြည့်ကာ နင်ချန်ကို အနည်းငယ် ပြုံးပြလိုက်သည်။ ထိုလှပသော မျက်ဝန်းအစုံမှာ သမင်ငယ်လေးကဲ့သို့ တောက်ပနေသည်။ အတွင်းဘက်သို့ ဦးညွှတ်ဂါရဝပြုကာ အကြည့်ချင်း ဆုံလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
အပြင်ဘက်တွင် စောင့်နေသော အစေခံများမှာ သူမ မျက်နှာအေးချမ်းစွာဖြင့် ထွက်လာသည်ကို မြင်သောအခါ အားလုံး သက်ပြင်းချနိုင်တော့သည်။ ယခုအချိန်တွင် အရှင်မင်းကြီးမှာ စိတ်တိုနေချိန်ဖြစ်ရာ မည်သူမှ မပေါ့ဆရဲကြပေ။
ပြန်လမ်းတွင် နန်ကျစ်က လေသံနှိမ့်၍ မေးသည် - "ရှိုးရီ၊ အရှင်မင်းကြီးက ရှိုးရီရဲ့အကြံကို နားထောင်ရဲ့လားဟင်?"
"ကိုယ်လုပ်တော်တွေက နိုင်ငံရေးမှာ စွက်ဖက်ခွင့်မရှိဘူးလေ။ ငါက ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ဘာအကြံပေးနိုင်မှာလဲ၊ အရာအားလုံးက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ" ယဲ့ယွင်က အေးအေးဆေးဆေးပင် ဆိုသည်။
နန်ကျစ်မှာ မျက်နှာပျက်သွားပြီး အမြန် ခေါင်းငုံ့လိုက်သည် "ကျွန်တော်မျိုးမ စကားမှားသွားပါတယ်"
ယဲ့ယွင်က လက်ကာပြလိုက်သည် "ရပါပြီ၊ မင်းကို အပြစ်မတင်ပါဘူး။ မြန်မြန်ပြန်ရအောင်၊ ဒီကိစ္စကို ကျိုချန်နန်းဆောင်ကနေ ထွက်လိုက်တာနဲ့ တစ်လုံးမှ ထပ်မဟနဲ့တော့"
ကိုယ်လုပ်တော် နိုင်ငံရေးစွက်ဖက်မှုဟူသောခေါင်းစဉ်နှင့် ပျံ့နှံ့သွားပါက အလွန်စိုးရိမ်ရပြီး နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ပေ။
ဤဘက်တွင် ယဲ့ယွင် လုပ်ဆောင်သင့်သမျှကို အကုန်လုပ်ဆောင်ပြီးပြီဖြစ်ရာ ကျန်တာကတော့ နင်ချန်၏ဆုံးဖြတ်ချက်တွင်သာမူတည်သည်။ သို့သော် အမတ်များနှင့် ဆွေးနွေးညှိနှိုင်းရခြင်းမှာ မည်သည့်အခါမှ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
အမတ်များက ပြည်သူများထံမှ ရိက္ခာချေးယူမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကန့်ကွက်သံများ ထွက်ပေါ်လာတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -296
အခန်း ၂၉၆ ။ ရိက္ခာချေးယူခြင်း
"နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ရိက္ခာတွေ အပြည့်ရှိပါရက်နဲ့ ပြည်သူတွေဆီကနေ ချေးယူမယ်ဆိုရင်၊ ဧကရာဇ်မှာ ရိက္ခာမရှိတော့ဘူးလို့ ပြည်သူတွေ ထင်သွားနိုင်ပါတယ်။ အဲ့ဒါဆိုရင် ပြည်သူတွေရဲ့ စိတ်ဓာတ်ကို တုန်လှုပ်စေပြီး အခုလို နယ်စပ်စစ်ရေး တင်းမာနေချိန်မှာ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်ရပါတယ်။”
အမတ်ကြီးတစ်ဦးက ချက်ချင်းပင် ထရပ်၍ သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။
သို့သော် တားမြစ်တပ်ဖွဲ့၏တပ်မှူးလုချင်းယွင်က သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ပြည်တွင်းရေး မငြိမ်မသက်ဖြစ်တာကို ရုံးတော်က ပြန်ပြီး ထိန်းသိမ်းလို့ ရပါတယ်။ ဒါပေမဲ့ နယ်စပ်မှာ ရိက္ခာပြတ်သွားရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဘယ်သူက တာဝန်ယူမှာလဲ? ခင်ဗျားကတော့ မြို့တော်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာပေါ့၊ နယ်စပ်က စစ်သည်တွေကတော့ ခင်ဗျားတို့ရဲ့ အေးချမ်းသာယာမှုအတွက် အခုချိန်မှာသူတို့ရဲ့ အသက်တွေနဲ့ လဲနေရတာ။”
ဟူယွိကြားစခန်းက လုစစ်သူကြီးမှာ လုချင်းယွင်၏ ဖခင်ဖြစ်ပြီး၊ လုချင်းယွင်သည် လုမိသားစု၏ တရားဝင်ဇနီးကြီးမှ မွေးဖွားသော ဒုတိယသားဖြစ်သည်။
စစ်သူကြီးများ အပြင်တွင် စစ်တိုက်နေချိန်၌ သူတို့၏ မိသားစုဝင်များကို မြို့တော်တွင် ထားရှိရခြင်းမှာ ဧကရာဇ်က ဓားစာခံအဖြစ် ဆုပ်ကိုင်ထားသည့် သဘောဖြစ်ကာ ခေတ်အဆက်ဆက် ထိုသို့ပင် လုပ်ဆောင်လေ့ရှိကြသည်။
လုမိသားစု၏ အမျိုးသားများထဲတွင် အမျိုးသမီးများမှလွဲ၍ လုချင်းယွင် တစ်ဦးတည်းသာ မြို့တော်တွင် ရှိနေခြင်းဖြစ်သည်။ သူသည် ယခင်က နင်ချန်၏ အတူစာသင်ဖက်ဖြစ်ခဲ့ပြီး၊ နင်ချန် နန်းတက်သောအခါ တားမြစ်တပ်ဖွဲ့ တပ်မှူးဖြစ်လာခဲ့သည့် လူငယ်လူရည်ချွန်တစ်ဦး ဖြစ်သည်။
သို့သော် ယခုအခါ ဖခင်နှင့် အစ်ကိုဖြစ်သူမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်ဖြစ်ရာ မည်မျှပင် ထူးချွန်သူဖြစ်ပါစေ တည်ငြိမ်စွာ မနေနိုင်တော့ပေ။
"ချင်းယွင်၊ စိတ်အေးအေးထား။”
ပြည်ထဲရေးဝန်ကြီး ရွှီကျန်းပိုင်က သူ၏ အင်္ကျီလက်ကို ဆွဲ၍ တားလိုက်သည်။
လုချင်းယွင်က ထိုအမတ်ကြီးကို ဒေါသတကြီး ကြည့်လိုက်ပြီးမှ စိတ်ကို ပြန်ထိန်းလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးအနေနဲ့ ဒီအကြံက ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ တကယ်လို့ မြို့တော်က ရိက္ခာကိုပဲ စောင့်နေမယ်ဆိုရင် ရေလမ်းက သယ်ရင်တောင် ၄ ရက် ၅ ရက်လောက်ပဲ ပိုမြန်မှာပါ။ ရိက္ခာပြတ်နေတဲ့ ၅ ရက် ၆ ရက်အတွင်းမှာ စစ်သည် ကိုးသောင်းက ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ"
ရွှီကျန်းပိုင်က ရှေ့သို့တိုး၍ တင်ပြသည်။
လုချင်းယွင်နှင့် ယှဉ်လျှင် သူက ပို၍ တည်ငြိမ်ပြီး အခြေအနေကို ပိုမိုကျိုးကြောင်းဆီလျော်စွာ တွေးတောနိုင်သည်။
"ဒါက ပြောရတာ လွယ်ပေမဲ့ လုပ်ရတာ ခက်တယ်။ ခုနက လျိုအမတ်ကြီးရဲ့ စိုးရိမ်မှုကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး။ တကယ်လို့ ပြည်သူတွေက အစိုးရက ရိက္ခာပြန်မဆပ်နိုင်ဘူးလို့ ထင်ပြီး မချေးရင် ဘယ်လိုလုပ်မလဲ"
နောက်ထပ် အမတ်ကြီးတစ်ဦးကလည်း အခြေအနေကို ညှိနှိုင်းသည့်အနေဖြင့် ဆိုလာသည်။
ထိုစဉ် စစ်ဘက်ဆိုင်ရာဝန်ကြီး ဟန်အမတ်ကြီးကလည်း ရှေ့ထွက်လာသည်။
"ကျွန်တော်မျိုးရဲ့ အမြင်ကတော့ ပြည်သူတွေက အစိုးရ ပြန်မဆပ်နိုင်မှာကို စိုးရိမ်တယ်ဆိုရင် နောက်ထပ် စည်းကမ်းချက်တစ်ခု ထပ်တိုးလိုက်ရင် ရပါတယ်။ ရိက္ခာပြန်ဆပ်တဲ့အခါ ၂၀ ရာခိုင်နှုန်း တိုးပေးရုံတင်မကဘဲ နောက်နှစ်အတွက် အခွန် ၁၀ ရာခိုင်နှုန်းကိုလည်း လျှော့ပေါ့ပေးလိုက်မယ်ဆိုရင်၊ ပြည်သူတွေအတွက်ကတော့ ရိက္ခာ ၃၀ ရာခိုင်နှုန်းလောက် အမြတ်ရသလို ဖြစ်သွားမှာပါ"
ဟန်ဖုမာ (မင်းသမီးကြင်ယာတော်) ကလည်း ထိုအကြံကို ထောက်ခံသည်။
"တိုင်းပြည်အတွက် အားထုတ်ခွင့်ရတာကလည်း ဂုဏ်ယူစရာတစ်ခုပါပဲ။ အရှင်မင်းကြီးအနေနဲ့ နောက်ပိုင်းမှာ ကုသိုလ်မှတ်တမ်းကျောက်စာတိုင်တစ်ခု စိုက်ထူပေးပြီး ရိက္ခာချေးပေးတဲ့သူတွေရဲ့ နာမည်ကို ရေးထိုးပေးမယ်ဆိုရင်၊ ချမ်းသာတဲ့ မိသားစုတွေက ဂုဏ်သတင်းကောင်း ရဖို့အတွက် ချေးပေးကြမှာ သေချာပါတယ်"
ဤစကားမှာ အဓိကအချက်ကို ထိမှန်သွားသည်။ ဤခေတ်တွင် ကုန်သည်များကို လူအများက နှိမ့်ချကြည့်လေ့ရှိကြသည်။ ထို့ကြောင့် ပိုက်ဆံရှိသော သူဌေးများမှာ အစိုးရက ပေးအပ်သည့် ဂုဏ်သတင်းနှင့် ချီးကျူးမှုကိုသာ အလိုရှိကြခြင်းဖြစ်သည်။
သဘောတူထောက်ခံသူများ များပြားလာသဖြင့် နင်ချန်၏ မျက်နှာမှာ အနည်းငယ် ပေါ့ပါးသွားသည်။ နင်ချန်သည်အောက်တွင် ထိုင်နေသောသူများကို ဝေ့ကြည့်လိုက်ရာ နန်းရင်းဝန်ကြီးဆီတွင် အကြည့်ရပ်သွားသည်။
"ဒီကိစ္စကို ဦးလေး ဘယ်လို ထင်သလဲ?"
"ကျွန်တော်မျိုးက အိုပါပြီ၊ လူငယ်အမတ်တွေလောက် အသေးစိတ် မစဉ်းစားနိုင်တော့ပါဘူး။ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ နာခံပါ့မယ်" ဟု နန်းရင်းဝန်ကြီးက ဦးညွှတ်၍ ဆိုသည်။
ဤစကားမှာ အလျှော့ပေးလိုက်သည့် သဘောပင်။ နင်ချန်ဘက်က ထောက်ခံသူ များပြားနေသဖြင့် သူက အတင်းကန့်ကွက်နေလျှင် ပြဿနာတက်နိုင်မှန်း သူသိသည်။
နင်ချန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ပိုမိုတောက်ပြောင်လာပြီး တည်ငြိမ်သော မျက်နှာဖြင့် အမိန့်ချလိုက်သည်။
“ဒါဆို ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်။ အသေးစိတ်အစီအစဉ်ကို ပြည်ထဲရေးနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စီစဉ်ပါ။ ဒီနေ့ပဲ အစီရင်ခံစာ ရေးသားပြီး ကျန်း ဆီ တင်ပြရမယ်။ ဘယ်လောက်ပဲ ညနက်ပါစေ ဒီနေ့ပဲ အပြီးသတ်ရမယ်၊ နှောင့်နှေးလို့ မဖြစ်ဘူး။”
"အမိန့်တော်အတိုင်းပါ!" အမတ်များ အားလုံး တညီတညွတ်တည်း ဆိုကြသည်။
အစည်းအဝေး ပြီးဆုံးသွားသဖြင့် အမတ်များ နန်းပြင်သို့ ထွက်ခွာကြသည်။ နန်းရင်းဝန်ကြီးသည် မိမိအိမ်သို့ ပြန်ရောက်သောအခါ ဒုတိယသားကို ခေါ်၍ စာကြည့်ခန်းထဲတွင် အကြာကြီး ဆွေးနွေးကြသည်။
နောက်ဆုံးတွင် နန်းရင်းဝန်ကြီးက သားဖြစ်သူ၏ ပုခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
"ရှန်ယိ၊ မင်းရဲ့ အစ်ကိုကြီးကတော့ မဖြစ်တော့ဘူး။ ငါ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးက မင်းအပေါ်မှာပဲ ရှိတော့တယ်။ အရှင်မင်းကြီးက အခုဆို အတောင်စုံလာပြီ၊ ချန်မိသားစုကို ပိုပြီးတော့တောင် သတိထားလာလိမ့်မယ်။ ချန်မိသားစုရဲ့ အနာဂတ် ဂုဏ်သိက္ခာအတွက် မင်း တကယ် ကြိုးစားရမယ်"
ဤစကားကြောင့် ချန်ရှန်ယိ၏ ကိုယ်လေး တုန်သွားရသည်။ နန်းရင်းဝန်ကြီးအိမ်တွင် တရားဝင်သားအဖြစ် ချန်ရှန်ဝမ် တစ်ဦးတည်းသာ ရှိသည်။ ယခုအခါ ချန်ရှန်ဝမ်မှာ ရာထူးပြုတ်ကာ နန်းမွေဆက်ခံခွင့် မရှိတော့သဖြင့် ဖခင်ဖြစ်သူ၏ စကားမှာ သူ့ကို ဆက်ခံသူအဖြစ် သတ်မှတ်ချင်သည့် သဘောလားဟု တွေးမိသည်။
မိခင်ဖြစ်သူက သူ့အား အမြဲတမ်း ထူးချွန်အောင် ကြိုးစားရန်နှင့် တရားဝင်ဇနီးကြီး၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် သွန်သင်ခဲ့သော်လည်း အရင်ကတော့ ဒါက မဖြစ်နိုင်ခဲ့ပေ။ ယခုမူ အခြေအနေ ပြောင်းလဲသွားပြီဖြစ်သည်။
ချန်ရှန်ဝမ်က ဆက်ခံခွင့်မရှိတော့သဖြင့် ဖခင်က အစေခံဇနီးမှ မွေးသောသားများထဲမှ အထူးချွန်ဆုံးဖြစ်သည့် သူ့ကို ရွေးချယ်နိုင်ခြေ ရှိနေသည်။ ချန်ရှန်ယိသည် ရည်မှန်းချက် မရှိသူမဟုတ်ပေ။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသဖြင့် သူလည်း ပြန်လက်စားချေချင်စိတ် ရှိနေသည်။
"အဖေ စိတ်ချပါ၊ သား အဖေ့ကို စိတ်မပျက်စေရပါဘူး!" ချန်ရှန်ယိ၏ အသံမှာ တည်ငြိမ်ပြီး စိတ်လှုပ်ရှားမှုအချို့ ပါဝင်နေသည်။
နန်းရင်းဝန်ကြီးက သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အပြင်သို့ ထွက်ခိုင်းလိုက်သည်။
"သခင်ကြီး၊ ဒုတိယသခင်လေးက သခင်ကြီး ငယ်ငယ်တုန်းက ပုံစံနဲ့ ပိုပိုတူလာပြီနော်" အိမ်ထိန်းက ပြုံး၍ ဆိုသည်။
နန်းရင်းဝန်ကြီးက သက်ပြင်းရှည်ကြီး ချလိုက်ကာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက အစေခံဇနီးက မွေးတာ ဖြစ်နေလို့ပဲ"
ထို့နောက် သူက ဆက်၍ - "ရွန့်အာလည်း ၉ နှစ် ရှိပြီ။ မေရှီကို ပြောလိုက်ပါ၊ နောင်ကျရင် ရွန့်အာကို ငါ့အနားမှာပဲ ထားပြီး ငါကိုယ်တိုင် သင်ကြားပေးတော့မယ်လို့"
ဤ မေမျိုးနွယ်မှာ ချန်ရှန်ဝမ်၏ တရားဝင်ဇနီး ဖြစ်သည်။ သူမသည် မျိုးရိုးကြီးမှ လာသူဖြစ်၍ အကျင့်စာရိတ္တကောင်းမွန်သော်လည်း၊ အသုံးမကျသော ချန်ရှန်ဝမ်နှင့် လက်ထပ်လိုက်ရသဖြင့် ကံမကောင်းလှပေ။ သို့သော် ကံတရားက သူမကို သားကောင်းတစ်ယောက် ပေးအပ်ခဲ့သည်။
ချန်မိသားစု၏ တရားဝင် မြေးဦးဖြစ်သော ချန်မင်ရွန့်ကို မိခင်ဖြစ်သူက အလွန်ကောင်းမွန်စွာ သင်ကြားပေးထားသဖြင့် သူ၏ ဖခင်နှင့် လုံးဝ မတူပေ။ ယခု နန်းရင်းဝန်ကြီးက သူ့အား ကိုယ်တိုင် သင်ကြားပေးမည်ဟု ဆိုလာရာ၊ ချန်ရှန်ယိ၏ ကြိုးပမ်းမှုများမှာ နောက်ဆုံးတွင် အလဟဿဖြစ်သွားပေလိမ့်မည်။
.....
နန်းတွင်းသို့ ပြန်ကြည့်လျှင် ညနေပိုင်းတွင် နင်ချန် ထမင်းစားနေစဉ်မှာပင် အစီရင်ခံစာကို ရရှိခဲ့သည်။ သူက အသေးစိတ်အချို့ကို ပြင်ဆင်ပြီးနောက် အတည်ပြုလိုက်သည်။ ထိုညမှာပင် အမိန့်တော်ထုတ်ပြန်ကာ လင်ကျိုးနှင့် နီးစပ်သော ပြည်နယ်များတွင် ကြေညာစေသည်။
စစ်မြေပြင်တွင် ရိက္ခာမှာ ၃ ရက်စာသာ ကျန်တော့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယဲ့ယွင်၏ အဘိုးအိမ်က ကြိုတင်ပြင်ဆင်ထားသော ရိက္ခာနှင့် ဟိုမိသားစုက ပို့ပေးသော ရိက္ခာများကြောင့် နောက်ထပ် ၃ ရက် ထပ်တိုးနိုင်ခဲ့သည်။ ထို့ကြောင့် စုစုပေါင်း ၆ ရက် အချိန်ရသွားသည်။
ပထမဆုံးနှစ်ရက်တွင် ပြည်သူများမှာ ရိက္ခာချေးပေးရန် သိပ်ပြီး စိတ်အားမထက်သန်ကြပေ။ သို့သော် အစိုးရက စိုးရိမ်နေချိန်တွင် ယဲ့ယွင်၏ အဘိုးအိမ် (ချူမိသားစု) က စတင်လှုပ်ရှားလိုက်သည်။
ချူမိသားစုမှာ နန်းတွင်းကုန်သည်ဖြစ်သဖြင့် အဆက်အသွယ် အလွန်များပြားလှသည်။ သူတို့က မိမိတို့၏ ဆိုင်များမှ ရိက္ခာများကို စတင်လှူဒါန်းလိုက်ပြီး၊ အစိုးရဆီမှ ပြန်မတောင်းသည့်အပြင် မိတ်ဆွေကုန်သည်များကိုပါ စည်းရုံးလိုက်ကြသည်။
ထိုသို့ လှုပ်ရှားလိုက်သောအခါမှ ရိက္ခာစုဆောင်းခြင်းမှာ အလွန်လွယ်ကူသွားတော့သည်။ လူအများကလည်ူမိမိဘာသာ စတင်လှူဒါန်းလာကြသည်။
ထိုစည်းလုံးမှုကြောင့်နင်ချန်အလွန်ဝမ်းသာသွားကာ အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။
ယခုနှစ်တွင် ရိက္ခာလှူဒါန်းသူတိုင်းကို အခွန် ၂ နှစ်စာ ကင်းလွတ်ခွင့်ပေးမည် ဟူ၍ဖြစ်သည်။
***