← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 19 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 19 Ch. 297-298

အခန်း ၂၉၇ ။ အချစ်

ကိစ္စရပ်များ တိုးတက်မှုရှိလာပြီးနောက် ဒေသခံအရာရှိများမှာလည်း တွန့်ဆုတ်မနေကြတော့ပေ။

ရိက္ခာအားလုံးစုဆောင်းပြီးမှ ပို့ရန် စောင့်မနေတော့ဘဲ ရရှိသမျှ လှည်းတစ်စီးချင်းစီကို ရှေ့တန်းစစ်မျက်နှာသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့ကြသည်။

မူလက နောက်ထပ် တစ်ရက်နှစ်ရက်အတွင်း ရိက္ခာပြတ်တော့မည်ဟု သိထားသဖြင့် စစ်သည်များမှာ စိုးရိမ်ထိတ်လန့်နေခဲ့ကြသော်လည်း၊ ယခုအခါ စစ်ရိက္ခာလှည်းများ တစ်စီးပြီးတစ်စီး အဆက်မပြတ်ရောက်ရှိလာသဖြင့် စစ်သည်ထု၏စိတ်ဓာတ်မှာ ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားတော့သည်။

ထိုအချိန်မှာပင် ယဲ့ကျယ်သည် စစ်တပ်ကိုဦးဆောင်၍ မြို့ပြင်သို့ထွက်ကာ လျောင်စစ်တပ်မှ ဝါရင့်စစ်သူကြီးတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ သူသည် အန္တရာယ်ကြားမှ တစ်ချက်တည်းဖြင့် အနိုင်ယူကာ ရန်သူ့စစ်သူကြီးကို မြင်းပေါ်မှ ခုတ်လှဲနိုင်ခဲ့သဖြင့် စစ်သည်တို့၏ ဇွဲစိတ်ကို ပိုမိုတက်ကြွစေခဲ့သည်။

ဤတိုက်ပွဲကြောင့်ပင် လျောင်စစ်တပ်သည် လူငယ်စစ်သူကြီးလေး ယဲ့ကျယ်ကို နောက်ဆုံးတွင် အလေးအနက်ထား၍ သတိပြုလာကြတော့သည်။

သို့သော်တိုက်ပွဲတွင် ယဲ့ကျယ်လည်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှာ အတော်လေးပြင်းထန်လှသည်။

သူ၏ ညာဘက်ပုခုံး၊ ဘယ်ဘက်ခါးနောက်ခြမ်းနှင့် ဘယ်ဘက်ပေါင်တို့တွင် လျောင်လူမျိုးတို့၏ လခြမ်းပုံဓားကောက်ဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်သည်။

အထူးသဖြင့် ညာဘက်ပုခုံးမှ ဒဏ်ရာမှာ အရိုးပေါ်သည်အထိ နက်ရှိုင်းလှသည်။

ယဲ့ကျယ်သည် ညာလက်ဖြင့် လက်နက်ကိုင်စွဲသူဖြစ်ရာ ဤဒဏ်ရာကြောင့် တိုက်ခိုက်နိုင်စွမ်း သိသိသာသာလျော့ကျသွားပြီး ခဏတာ အနားမယူဘဲနှင့် စစ်မြေပြင်သို့ ကိုယ်တိုင် ပြန်မဆင်းနိုင်တော့ပေ။

သို့သော် ကံကောင်းသည်မှာ ဟိုဖျင်ပေသည်လည်း တော်ရုံလူမဟုတ်ဘဲ သိုင်းပညာနှင့် စစ်ဗျူဟာတွင် ယဲ့ကျယ်ထက် မနိမ့်ကျလှပေ။ သူက အခြေအနေကို ထိန်းထားနိုင်ခဲ့သည်။

ထိုစဉ် မြို့တော်မှလာသော အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ယောင်ရွှိမှာမူ စိတ်လေးလံပြီး စိတ်တိုနေရသည်။

အခြားကြောင့်မဟုတ်ပဲ အနီးအနားမှ စုဆောင်းထားသော ရိက္ခာများစွာ ရောက်ရှိနေပြီဖြစ်သော်လည်း ညီဖြစ်သူ ယောင်ရှင်း ဦးဆောင်သော တရားဝင်ရိက္ခာတပ်မှာ ယခုအထိ ရောက်မလာသေးသောကြောင့်ဖြစ်သည်။

ညီမဖြစ်သူ ယောင်ရှန်း၏ ညွှန်ကြားချက်အရ လမ်းခရီးတွင် အနှောင့်အယှက်အချို့ ပြုလုပ်ခဲ့သော်လည်း ယောင်ရှင်းသည် အလွန်အကျွံ လုပ်ဆောင်မိပုံရသည်။

ရာသီဥတုကြောင့် ရိက္ခာပို့ဆောင်မှု ၁၀ ရက် နောက်ကျခြင်းမှာ အကြောင်းပြချက် ခိုင်လုံနိုင်သော်လည်း၊ တစ်နိုင်ငံလုံးက ရိက္ခာအတွက် ဝိုင်းဝန်းအားထုတ်နေချိန်မှာပင် သူ့တပ်ဖွဲ့က အရှိန်မြှင့်တင်ရန် ကြိုးစားနေသည့် သတင်းကို ဘာကြောင့် မကြားရသေးတာလဲ။

ဤသို့သာ ဆက်သွားနေလျှင် အလုပ်သေချာမလုပ်နိုင်သည့် အပြစ်ကြောင့် အရှင်မင်းကြီး၏ ပြင်းထန်သော ပြစ်တင်မှုကို ခံရပေလိမ့်မည်။

သို့သော် သူမည်မျှပင် စိုးရိမ်နေပါစေ တတ်နိုင်သမျှမှာ ညီဖြစ်သူထံသို့ အမြန်လာရန် လျှို့ဝှက်စာပို့၍ တိုက်တွန်းရုံသာရှိသည်။

အမှန်စင်စစ် ပူပန်နေရသူမှာ သူတစ်ဦးတည်းသာဖြစ်ပြီး၊ သူ၏ ညီဖြစ်သူမှာမူ ယခုအချိန်တွင် အလွန်သာယာနေလေသည်။

ဒုတိယသားဖြစ်သော ယောင်ရှင်းသည် အမွေဆက်ခံရန် မလိုအပ်သဖြင့် မိသားစုက သူ့အား အသေအချာ ပြုစုပျိုးထောင်ခြင်း မရှိခဲ့ပေ။ သူသည် ထက်မြက်သော်လည်း ယောင်ရွှိကိုတော့ မယှဉ်နိုင်ပေ။

သူသည် ရိက္ခာပို့ဆောင်မှုကို နှောင့်နှေးအောင်လုပ်ရန် မှာကြားချက်ကို ကောင်းကောင်းလုပ်ဆောင်ခဲ့သော်လည်း အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲရန်တော့ မသိပေ။

အခြားနေရာမှ ရိက္ခာများ ရောက်နေပြီဖြစ်ရာ သူ့ရိက္ခာမှာ အလျင်မလိုတော့ဟု သူက တွေးနေမိသည်။ ရက်အနည်းငယ် ထပ်နောက်ကျမှသာ ရိက္ခာပို့ရခြင်းက မည်မျှ ခက်ခဲကြောင်းနှင့် သူသည် မည်မျှပင် ပင်ပန်းကြီးစွာ ဆောင်ရွက်ခဲ့ကြောင်းကို လူအများက ချီးကျူးကြလိမ့်မည်ဟု သူက ထင်နေသည်။

ထိုအခါမှ မိမိကိုယ်မိမိ သနားစရာကောင်းအောင် ပြင်ဆင်ပြီး၊ ပင်ပန်းနွမ်းနယ်ဟန် ဆောင်လိုက်လျှင် အားလုံးက သူ့ကို အထင်ကြီးကြပေလိမ့်မည်။

ယောင်ရွှိနှင့် ယောင်ရှန်းတို့သာ သူ၏ ဤကဲ့သို့သော အတွေးကို သိလျှင် ဒေါသထွက်၍ သေသွားကြပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ပို့လိုက်သောစာမှာ အချိန်မီ ရောက်ရှိသွားသဖြင့် မူလက ၂၅ ရက်မှ ရောက်မည့်ရိက္ခာမှာ ၂၀ ရက်မြောက်နေ့တွင် ရောက်ရှိသွားခဲ့ပြီးကြီးမားသော ဘေးဒုက္ခမဖြစ်ပွားခဲ့ပေ။

....

နန်းတွင်းသို့ ပြန်ကြည့်လျှင် -

ရိက္ခာပြဿနာ နောက်ဆုံးတွင် ပြေလည်သွားပြီး ယဲ့ကျယ်ကလည်း တိုက်ပွဲတစ်ခုတွင် အနိုင်ရကာ အလှည့်အပြောင်းကို ဖော်ဆောင်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြား စစ်သူကြီး နှစ်ဦးထံမှလည်း တိုးတက်မှု သတင်းအချို့ ရရှိလာသဖြင့် နင်ချန်၏ စိတ်ထဲတွင် တင်းမာနေသော ကြိုးမှာ အနည်းငယ် လျော့ကျသွားခဲ့သည်။

ယခုဆိုလျှင် ယဲ့ယွင်နှင့် မတွေ့ရသည်မှာ ၁၀ ရက်ကျော် ရှိသွားပြီဖြစ်သည်။

နင်ချန်သည် ကျိုချန်နန်းဆောင်မှ ထွက်လာပြီး အပြင်ဘက်ရှိ စူးရှသော နေရောင်ခြည်ကို ကြည့်မှ ၈လပိုင်းသို့ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။

"နောက်ထပ် ၅ ရက် ၆ ရက်ဆိုရင် လမုန့်ပွဲတော်ရောက်တော့မယ်ပေါ့၊ ကျန်းကတော့ ရာသီဥတု ဒီလောက် ပူနေတာကို သတိမထားမိလိုက်ဘူး"

"စစ်ပွဲစကတည်းက အရှင်မင်းကြီးက ကျိုချန်နန်းဆောင်ကနေ မထွက်သလောက်ပါပဲ။ အခန်းထဲမှာလည်း ရေခဲတွေ သုံးထားတော့ အပြင်ထက် အေးနေတာကြောင့် အရှင်မင်းကြီး သတိမထားမိတာပါ" ဟု ယွမ်ကျိုက ဆိုသည်။

နင်ချန်၏ မျက်လုံးမှာ နေရောင်ကြောင့် အနည်းငယ် နေရခက်သဖြင့် မျက်တောင်ခတ်လိုက်ကာ လက်ဖြင့် မျက်ခုံးအစပ်ကို ပွတ်သပ်လိုက်သည်။

"ဒီစစ်ပွဲက တိုက်လာတာ ၄ လနီးပါး ရှိသွားပြီ"

ဤ ၄ လအတွင်း ချင်းချန်းကြားစခန်းက မိုင် ၃၀ ခန့် ဆုတ်ပေးခဲ့ရပြီး၊ ဟူယွိကြားစခန်းက ၁၀ မိုင်ခန့် ဆုတ်ပေးခဲ့ရသည်။ ပေလင်ကြားစခန်း တစ်ခုတည်းသာ ယခုအချိန်အထိ အခိုင်အမာ တောင့်ခံထားနိုင်သည်။

လျောင်စစ်တပ်နှင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး အနိုင်အရှုံး မကွဲပြားသေးသော်လည်း ယေဘုယျအားဖြင့် အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်သည်။

"ကျောက်ချွန်းနန်းဆောင်ကို သွားမယ်၊ ကျန်း မင်ရှိုးရီကို သွားကြည့်ရမယ်"

နင်ချန်က လက်ကို နောက်ပစ်ကာ လှေကားထစ်များမှ ဆင်းလာခဲ့သည်။

ဒီရက်ပိုင်းအတွင်း ယဲ့ယွင်၏ ထိုနေ့က ပုံစံမှာ သူ၏ ဦးနှောက်ထဲတွင် ဖျောက်ဖျက်မရဘဲ ရှိနေခဲ့သည်။

ကိစ္စတွေ ပြေလည်သွားပြီဖြစ်သလို၊ သူလည်း ဒီရက်တွေမှာ အသေအချာ စဉ်းစားခဲ့ပြီးပြီဖြစ်သည် နောက်ဆုံးတော့ သူသည် ထိုမိန်းကလေးကို အသည်းမာစွာအပြစ်မတင်နိုင်ခဲ့ပေ။

အခုလို ကိစ္စရပ်တွေအာလုံးပြီးဆုံးသွားပြီးစိတ်တင်းကျပ်မှုတွေ လျော့ကျသွားချိန်တွင် သူ ပထမဆုံးအတွေ့ချင်ဆုံးက ယဲ့ယွင်ပင် ဖြစ်သည်။

ယခု နင်ချန်မှာ နန်းတက်စ အခါကကဲ့သို့ ရှေ့နောက်တွေးပြီး ဝေခွဲမရဖြစ်နေတတ်သည့် အရွယ်မဟုတ်တော့ပေ။ သူသည် နန်းတွင်းအခြေအနေကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ရာ အခြေအနေပေးလျှင် မိမိ၏ စိတ်အလိုအတိုင်း လုပ်ဆောင်ရန် ပို၍ နှစ်သက်သည်။

သို့သော် အချိန်အတော်ကြာမှ အနောက်ဆောင်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ပထမဆုံး ကျောက်ချွန်းနန်းဆောင်သို့ သွားခြင်းက အနောက်ဆောင်တွင် မနာလိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ကာယကံရှင် နှစ်ဦးစလုံးကတော့ ဂရုမစိုက်ကြပေ။

....

နင်ချန် လာနေကြောင်း ကြားသည်နှင့် ယဲ့ယွင်သည် အမြန်ထ၍ အပြင်သို့ ထွက်ကြိုသည်။

ဤရက်ပိုင်းအတွင်း အစ်ကိုဖြစ်သူအတွက် စိုးရိမ်နေရသဖြင့် သူမတွင် အလှပြင်ရန် စိတ်ကူးမရှိဘဲ ယခုလည်း အပြာနုရောင် အနားဖြူဝတ်စုံတစ်ထည်ကိုသာ ဝတ်ထားသည်။

လက်မောင်းစနှင့် ကော်လာတွင် ပန်းပွင့်လေးအချို့ ချည်ထိုးထားသည်မှလွဲ၍ အခြား အလှဆင်ထားခြင်း မရှိပေ။

ဆံပင်ကိုလည်း ရိုးရှင်းသော ယန်းလိုဆံထုံး တစ်ခုသာ ထုံးထားပြီး ငွေရိုးရိုးဆံထိုး သုံးချောင်းဖြင့် ထိန်းထားကာ နားကပ်ပင် ဝတ်မထားပေ။

နင်ချန်သည် ခြံထဲသို့ ဝင်လာသည်နှင့် သူမ၏ ရိုးရှင်းလှသော ပုံစံကို မြင်လိုက်ရသည်။

ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် စိတ်အေးလက်အေး ရှိနေသည့်ပုံစံ မဟုတ်ဘဲ အနည်းငယ် စိုးရိမ်ပူပန်နေဟန် ပေါ်နေသည်။

အနားသို့ ရောက်သောအခါမှ ယဲ့ယွင်သည် မီးတွင်းထဲတွင် ရလာခဲ့သော အသားလေးများမှာ လုံးဝ ပျောက်ကွယ်သွားပြီး ပိန်ကျသွားသည်ကို တွေ့လိုက်ရသည်။

"လျှောက်မတွေးပါနဲ့လို့ ကျန်း ပြောထားရဲ့သားနဲ့ ဘာလို့ ဒီလောက်တောင် ပိန်သွားတာလဲ?"

ယဲ့ယွင် ဂါရဝမပြုရသေးခင်မှာပင် နင်ချန်က စတင်၍ မေးလိုက်သည်။

ယဲ့ယွင်က မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်စများ ဝိုင်းနေသလိုပင်။ သူမက အနည်းငယ် ပြုံးပြလိုက်ကာ -

"အရှင်မင်းကြီးက လျှောက်မတွေးနဲ့လို့ မိန့်ထားတာဆိုတော့ ချန်းချဲ့လည်း နားထောင်ပါတယ်၊ ဒါပေမဲ့ နွေရာသီက အရမ်းပူတော့ ခံတွင်းမကောင်းလို့ပါပဲ။ အရှင်မင်းကြီးကသာ ဒီရက်ပိုင်းအတွင်းမှာ တော်တော်လေး ပိန်သွားတာပါ"

ပြောရင်းနှင့် ယဲ့ယွင်က ခြေဖျားထောက်၍ အနားသို့ တိုးကြည့်ကာ ပြုံး၍ ဆိုသည် - "ဒါပေမဲ့ အရှင်မင်းကြီးကတော့ ခန့်ညားမြဲပါပဲ၊ ပိန်သွားတော့ မေးရိုးလေးက ပိုပြီး ကြည့်ကောင်းလာတယ်"

ဤသည်ကိုထောင့်ချိုးကျကျ ခန့်ညားသည်ဟု ခေါ်ရပေမည်။

သို့သော် ယဲ့ယွင်က ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ပြောလေ၊ နင်ချန်၏ စိတ်ထဲတွင် ပို၍ မချမ်းမြေ့ဖြစ်ရလေသည်။

သူမက သူ့ကို အခန်းထဲသို့ ဆွဲခေါ်သွားစဉ် သူက ယွမ်ကျိုကို မျက်ရိပ်ပြလိုက်ရာ အခန်းတံခါးကို ပိတ်လိုက်ကြသည်။

တံခါးပိတ်သံကြားသောကြောင့်ယဲ့ယွင်လှည့်ကြည့်လိုက်ပြီးအခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်တော့သည်ကို တွေ့ရသည်။

"အရှင်မင်းကြီး ဘာလို့ လူတွေကို အထဲဝင်ခိုင်းပြီး အမှုတော်မထမ်းခိုင်းတာလဲ..."

"ယဲ့ရှီ"

နင်ချန်က အေးစက်သော လေသံဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေသည်။

မိမိ ဘာကို ထုတ်ဖော်ပြောပြချင်မှန်း သူမသိဘဲ၊ ဦးနှောက်ထဲတွင် ရှုပ်ထွေးနေကာ ရှေ့က မိန်းမပျိုလေးကို စိုက်ကြည့်ရင်း ဘာပြောရမှန်း မသိဖြစ်နေသည်။

"အရှင်မင်းကြီး ဘာလို့ ချန်းချဲ့ကို ရုတ်တရက် အဲ့လိုမျိုး ခေါ်တာလဲ၊ နားထောင်လို့ မကောင်းဘူး"

ယဲ့ယွင်က ခေါင်းငုံ့၍ဝမ်းနည်းစွာပြောလိုက်သည်။

သို့သော် ထိုအသံထဲတွင် ငိုသံပါနေသလိုရှိကာ ပုခုံးလေးများလည်း အနည်းငယ် တုန်ရီနေသည်။

နင်ချန်သည် မိမိ၏ ရှုပ်ထွေးနေသော စိတ်အခြေအနေကို မည်သို့ ဖော်ပြရမှန်း မသိပေ။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ သူမကို ရုတ်တရက် ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်သည်။ ဤသို့လုပ်လိုက်မှသာ သူ၏ ပိတ်လှောင်နေသော စိတ်များ အသက်ရှူချောင်သွားသလို ခံစားရသည်။

"ကျန်း မှားသွားပါတယ်။ ကျန်း... ကျန်း မင်းကို လန့်အောင် လုပ်မိသွားပြီ၊ ကျန်း မင်းကို အဲဒီလို မခေါ်သင့်ဘူး"

နင်ချန်၏ စကားများမှာ အနည်းငယ် ထစ်ငေါ့နေကာ ဘာလုပ်ရမှန်း မသိဖြစ်နေသော ကလေးငယ်တစ်ဦးနှင့် တူလှသည်။

ထိုအချိန်တွင် သူ၏ ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံထားရသော ယဲ့ယွင်မှာ ပုခုံးလေးများ တုန်ရီနေမှုမှာ ပိုမိုကြီးမားလာကာ တစ်ကိုယ်လုံးပါ သိသိသာသာ တုန်ယင်လာတော့သည်။

တစ်ခုခု မှားနေပြီဟု သတိထားမိလိုက်သော နင်ချန်က သူမကို အမြန်ပင် အနည်းငယ် လွှတ်ပေးလိုက်ကာ လက်နှစ်ဖက်ဖြင့် ယဲ့ယွင်၏ မျက်နှာကို ပင့်လိုက်သည်။

ထိုအခါမှ ဖြူဝင်းသော မျက်နှာပေါ်တွင် မျက်ရည်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးအိမ်နှင့် နှာခေါင်းထိပ်လေးမှာ ပါးနီဆိုးထားသလို နီမြန်းနေကာ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းမှာ သွေးရောင်လွှမ်းနေပြီး အလွန်ချစ်စရာကောင်းလှကာ ပေါက်ထွက်တော့မလိုပင်။

"ချင်းချင်း... ဘာဖြစ်လို့လဲ?"

နင်ချန်၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး၊ သူမကို မသိစိတ်ဖြင့် ပြန်လည် ပွေ့ဖက်လိုက်တော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-298

အခန်း ၂၉၈ ။ ပါဝင်ဆင်နွှဲမှုအတွက် ဂုဏ်ပြုဆု

နင်ချန်၏ ပွေ့ဖက်မှုက သူမ၏မျက်ရည်အိုင်ကို ဆည်ကျိုးသလို ပွင့်ထွက်သွားစေသည်။

ယဲ့ယွင်သည် ဝုန်းကနဲ အသံထွက်အောင် ငိုချလိုက်မိသည်။ နဖူးကို နင်ချန်၏ရင်ခွင်ထဲ အပ်ထားပြီး လက်နှစ်ဖက်ကလည်း သူ့အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

ဤငိုပုံမှာ ပန်းပွင့်လေးပေါ် နှင်းစက်ကျသလို အလှအပမျိုး မရှိသော်လည်း ဤမျှကာလပတ်လုံး ဖိနှိပ်ထားရသည့် စိတ်ဖိစီးမှုများကို ဖြေဖျောက်ရန်အတွက်မူငိုချလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

သူမ၏ စိတ်ထဲတွင် အမြဲတမ်း စိုးရိမ်ထိတ်လန့်နေခဲ့ရမှန်း နင်ချန် သိပါသည်။ ခုနကမှ တည်ငြိမ်သယောင် ဟန်ဆောင်နေသည့် ဤမိန်းကလေးကို ကြည့်ပြီး သူ ပို၍ပင် သနားဂရုဏာ သက်မိသွားသည်။

သူမကို ရင်ခွင်ထဲထည့်ကာ အကြာကြီး ချော့မော့ပြီးမှသာ ရှိုက်သံများ တဖြည်းဖြည်း တိတ်သွားသည်။

ယဲ့ယွင်က သူ့ကို မော့ကြည့်လာပြီးပုခုံးလေးများမှာလည်း တသိမ့်သိမ့် တုန်နေဆဲဖြစ်ရာ အနိုင်ကျင့်ခံထားရသည့် ယုန်ကလေးတစ်ကောင်နှင့်ပင် တူနေတော့သည်။

နင်ချန်က မည်သို့ ဆက်လက်နှစ်သိမ့်ရမည်ကို စဉ်းစားနေစဉ်မှာပင် ရှေ့ကလူသားလေးက ရုတ်တရက် ခြေဖျားထောက်ကာ သူ့လည်ပင်းကို သိုင်းဖက်ပြီး နမ်းရှိုက်လိုက်လေသည်။

ဤလုပ်ရပ်သည် စိတ်ချင်းတူစွာ ထိန်းချုပ်ထားရသည့် နင်ချန်အတွက်မူ ယမ်းပုံကို မီးခြစ်လိုက်သကဲ့သို့ပင်။ မိန်းကလေး၏ ခါးပေါ်ရှိိလက်များက ချက်ချင်း တင်းကျပ်သွားပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ ပြန်လည် နမ်းရှိုက်တော့သည်။

ယဲ့ယွင် သတိပြန်ဝင်လာချိန်တွင်မူ အဝတ်အစားများ ဖရိုဖရဲဖြစ်လျက် ခုတင်ပေါ်တွင် ဖိကပ်ခံထားရပြီ ဖြစ်သည်။ သူမ အမြန်ပင် နင်ချန်၏ ပုခုံးကို တွန်းတားလိုက်သည်။ "အရှင်မင်းကြီး... အရှင်မင်းကြီး... နေ့ခင်းကြောင်တောင်ကြီး ရှိပါသေးတယ်"

"ခုနကကျတော့ ဘာလို့ အဲဒီလို မပြောတာလဲ၊ ချင်းချင်း... အခုမှဆိုတော့ နောက်ကျသွားပြီလို့ မထင်ဘူးလား"

အခြေအနေက ဒီအထိရောက်လာမှတော့ ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။ ခုတင်ကုလားကာကို ချည်ထားသည့် ကြိုးကို ဆွဲဖြုတ်လိုက်ရာ အနီရောင် ကုလားကာများ ကျဆင်းလာပြီး အတွင်းမှ ကြည်နူးဖွယ် အလှတရားများကို ဖုံးကွယ်သွားတော့သည်။

ယခင်ကလည်း ရှိခဲ့ဖူးသည်ပင်၊ ဤတစ်ကြိမ် ထပ်တိုးခြင်းကို အဘယ်ကြောင့် စိုးရိမ်နေရဦးမည်နည်း။

...

တစ်နာရီခွဲခန့် ကြာပြီးနောက် ခုတင်ဘေးတွင် ပြန့်ကျဲနေသည့် အဝတ်အစားများကို ကြည့်ပြီး ယဲ့ယွင် တစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ နင်ချန်လည်း ထူးမခြားနားပင်။

ခုနက ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်ခြင်းကြောင့် သူ၏ ဝတ်ရုံမှာ ပြဲသွားသဖြင့် ပြန်ဝတ်၍ မရတော့ပေ။ ထို့ကြောင့် လူလွှတ်ကာ အသစ်တစ်ထည် သွားယူခိုင်းရတော့မည်။

"အရှင်မင်းကြီး... အဲဒီ အဝတ်အစားတွေကို ကောက်ပေးပြီး စင်ပေါ်မှာ တင်ပေးထားပါဦး"

ယဲ့ယွင်က ခြေထောက်ဖြင့် နင်ချန်ကို တို့ကာ စောင်ကိုဆွဲပြီး ကိုယ်ကို ဖုံးထားလိုက်သည်။ အစေခံမလေးများ ဝင်လာပြီး မြင်သွား၍ မဖြစ်ပေ၊ နေ့ခင်းကြောင်တောင်ကြီး ရှက်စရာ ကောင်းလှသည်။

"ကျန်းက ကောက်ရမှာလား" နင်ချန်က သူမကို တစ်ချက်ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ဤမိန်းကလေးက သူ့ကို ခိုင်းစေရာတွင် အလွန်ပင် ကျွမ်းကျင်လွန်းနေပြီဟုခံစားလာမိသည်။

ယဲ့ယွင်က သူ့ကို မျက်မှောင်ကြုတ်ပြကာ ဖြူဖွေးနုနယ်သော ခြေသလုံးလေးကို စောင်ထဲမှ ထုတ်၍ လှုပ်ယမ်းပြလိုက်သည်။ "အဲဒါဆိုရင်လည်း အရှင်မင်းကြီးက အရင်ဆုံး ချန်းချဲ့ ဝတ်ဖို့ အဝတ်အစား ယူပေးလေ၊ ဒါမှ ချန်းချဲ့ ခုတင်ပေါ်က ဆင်းပြီး ကောက်လို့ရမှာပေါ့"

နင်ချန်၏ မျက်ဝန်းများ မှေးစက်သွားပြီး မိန်းကလေး၏ နုနယ်သော ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။

"ချင်းချင်းက ဒီလိုတောင်းဆိုမှတော့ ကျန်းက မဖြည့်ဆည်းပေးလို့ မဖြစ်တော့ဘူးပေါ့"

ပြောပြီးသည်နှင့် သူ တကယ်ပင် ခုတင်ပေါ်မှ ဆင်းကာ ဗီရိုထဲမှ ပယင်းရောင် ဝတ်စုံတစ်ထည်ကို ထုတ်ယူလိုက်သည်။ "လာ... ကျန်းက ချင်းချင်းကို အဝတ်အစား လဲပေးပါ့မယ်"

နင်ချန်၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

"မလိုပါဘူး!" ယဲ့ယွင်က ရှက်ရှက်ဖြင့် မျက်နှာကို စောင်ထဲ မြှုပ်လိုက်သည်။ စောင်နှင့် ကိုယ်ကို ပတ်ကာ ခုတင်အနက်ဆုံး အပိုင်းသို့ လိပ်၍ တိုးဝင်သွားသည်မှာ ပိုးအိမ်ထဲက ပိုးကောင်လေးနှင့်ပင် တူနေတော့သည်။

သူ့ကြင်ယာတော်လေး စိတ်ဆိုးသွားသည်ကို မြင်တော့ နင်ချန်က သဘောကျစွာ ရယ်မောပြီး ဆက်မစတော့ပေ။ အဝတ်အစားကို ခုတင်ပေါ် တင်ပေးထားကာ ကုလားကာကို ပြန်ပိတ်ပြီး ကြမ်းပြင်ပေါ်မှ ပရမ်းပတာ ဖြစ်နေသည်များကို ကိုယ်တိုင် ရှင်းလင်းလိုက်သည်။

ခဏအကြာတွင် ယဲ့ယွင်က အဝတ်အစားလဲပြီး ခုတင်ပေါ်မှ ဆင်းလာသော်လည်း မျက်နှာက နီမြဲနီနေဆဲပင်။ ဤအချိန်တွင် ယွမ်ကျိုကလည်း ဝတ်ရုံအသစ် ယူလာပေးသဖြင့် အစေခံများ ဝင်လာကာ ပြုစုပေးကြသည်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ထားသဖြင့် နေ့လည်စာ စားချိန်ကိုပင် ကျော်လွန်သွားပြီဖြစ်ရာ နှစ်ယောက်စလုံး ဗိုက်ဆာနေကြသည်။ ထို့ကြောင့် စားဖိုဆောင်ကို အစားအသောက်များ အများကြီး ပြင်ဆင်ခိုင်းလိုက်သည်။

အစားအသောက် စောင့်နေသည့် အတောအတွင်း ယဲ့ယွင်က နင်ချန်ကို ကလေးသွားကြည့်ရန် ခေါ်သွားသည်။ စတုတ္ထမင်းသားလေးမှာ ဖခင်မေတ္တာ ကင်းမဲ့၍ မဖြစ်ပေ။ တော်ဝင်မိသားစုတွင် သံယောဇဉ် နည်းပါးတတ်သည် ဆိုသော်လည်း အချိန်ပေး ပျိုးထောင်လျှင် တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပေသည်။

သူတို့ ဝင်လာချိန်တွင် စတုတ္ထမင်းသားလေးက အိပ်ပျော်နေသည်။ ညာန်ကောင်းကလည်း မင်းသားလေး၏ ခုတင်ဘေးတွင် အိပ်နေသည်။ ခြေသံကြားသည်နှင့် ၎င်းက ထရပ်ကာ အမြီးနံ့ပြနေတော့သည်။ နင်ချန်ကို တစ်ချက် နမ်းကြည့်လိုက်၊ ယဲ့ယွင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်နှင့် အလွန် ပျော်ရွှင်နေပုံရသည်။

"ဒီခွေးက အခု မင်းဆီမှာကပ်မနေတော့ဘူးလား၊ အရင်က ကျန်း လာတိုင်း သူ အိမ်ရှေ့ခန်းမှာ ရှိနေတာ"

နင်ချန်က ခွေးကိုကြည့်၍ဆိုသည်။

ယဲ့ယွင်က ခွေးခေါင်းလေးကို ပွတ်ပေးရင်း ပြန်ဖြေလိုက်သည်။

"ဒီပေါက်စလေးကြောင့်ချန်းချဲ့ မျက်နှာသာ မရတော့တာပေါ့၊ ညာန်ကောင်းက အခု စတုတ္ထမင်းသားလေးကို ကြည့်ရတာ အရမ်းဝါသနာပါနေတာလေ အချိန်အများစု ဒီမှာပဲ ရှိနေတယ်"

"ဘာတွေ ပြောနေတာလဲ၊ ကိုယ့်သားနဲ့တောင် အပြိုင်အဆိုင် လုပ်နေသေးတယ်"

နင်ချန်က ရယ်မောကာ ပြောရင်း သားဖြစ်သူကို သွားကြည့်လိုက်သည်။ နို့ထိန်းများက အဝေးသို့ အသာဆုတ်ပေးကြသည်။

နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် သားငယ်လေးကို ကြည့်ပြီး နင်ချန် လက်ယားလာသည်။ ဤကလေးမှာ ဆယ်ရက်၊ တစ်လ စောမွေးခဲ့သည် ဆိုသော်လည်း ကျန်းမာပြီး ဖြူဖွေးဝဖြိုးကာ အလွန် ထွားကျိုင်းသည်။ သုံးလသား ကလေးလေးမှာ အလွန် ချစ်စရာကောင်းအောင် လုံးတစ်နေတော့သည်။

စိတ်ထဲတွင် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ကလေး၏ မေးစေ့လေးကို အသာအယာ ဆိတ်လိုက်မိသည်။ မထင်မှတ်ဘဲ ဤတစ်ချက်နှင့်တင် စတုတ္ထမင်းသားလေး နိုးလာပြီး ပါးစပ်လေး စူကာ ငိုတော့သည်။

စတုတ္ထမင်းသားလေး၏ကိုယ်ခန္ဓာ ထွားကျိုင်းသလို ငိုသံကလည်း အလွန် ကျယ်လောင်လှသည်။ သူ၏ အော်သံကြောင့် ဖခင်ဖြစ်သူမှာ ကြက်သီးတောင် ထသွားရပြီး အစေခံများကို အမြန်ခေါ်ရတော့သည်။

နို့ထိန်းက အမြန်ရှေ့တိုးလာကာ ကလေးကို ပွေ့ချီရင်း ရှင်းပြသည်။ "အရှင်မင်းကြီး မစိုးရိမ်ပါနဲ့၊ စတုတ္ထမင်းသားလေးက နို့စို့ပြီးမှ အိပ်ပျော်သွားတာမို့ အခု ငိုတာက ဗိုက်ဆာလို့ မဟုတ်ပါဘူး၊ အနှီးလဲဖို့ လိုနေတာ ထင်ပါတယ်၊ ကျွန်တော်မျိုးမ အထဲမှာ သွားလဲပေးလိုက်ပါ့မယ်"

နင်ချန်က ကြောင်အမ်းအမ်း ဖြစ်နေဆဲ ဖြစ်သော်လည်း ယဲ့ယွင်ကမူ ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူမက လက်ကို ဝှေ့ယမ်းပြကာ "အမြန်သွားလိုက်တော့" ဟု အမိန့်ပေးလိုက်သည်။

နို့ထိန်းက ဦးညွှတ်ပြီး ကလေးကို အထဲ ခေါ်သွားသည်။ ခဏအကြာတွင် အဝတ်အစား လဲပေးပြီး ပြန်ခေါ်လာသည်။ ယခုတော့ ကလေးမှာ ချက်ချင်း ပြန်အိပ်မည့်ပုံ မပေါ်တော့ပေ။

ယဲ့ယွင်က လက်ကို အရင် ဆေးကြောပြီးမှ ကလေးကို လှမ်းချီလိုက်သည်။ သူမက အမြဲ ပွေ့ချီပေးနေကျ ဖြစ်သလို သားအမိချင်း စိတ်ချင်း ဆက်သွယ်နေ၍လား မသိ၊ စတုတ္ထမင်းသားလေးက သူမကို မြင်သည်နှင့် ပြုံးပြတော့သည်။

"တကယ် လိမ်မာတာပဲ၊ ရှောင်စစ် (စတုတ္ထလေး) က တကယ် ချစ်စရာကောင်းတာပဲ၊ မေမေ နမ်းပါရစေဦး"

ချစ်စရာကောင်းသော သားလေးကို ကြည့်ရင်း ယဲ့ယွင် အလွန် သဘောကျကာ ပါးလေးကို နှစ်ချက်ခန့် နမ်းလိုက်သည်။

နင်ချန်က သားကိုကြည့်လိုက်၊ သူမကို ကြည့်လိုက် လုပ်နေပြီး ခဏအကြာတွင် "ကျန်း ပွေ့ကြည့်ပါရစေဦး" ဟု ဆိုသည်။

ဤသည်မှာ မပေးနိုင်စရာ မရှိသဖြင့် ကလေးကို ကမ်းပေးလိုက်သည်။ မကျွမ်းကျင်သေးသော်လည်း ယဲ့ယွင်၏ လမ်းညွှန်မှုကြောင့် အနေအထား မှန်သွားသည်။

"စတုတ္ထမင်းသားလေးက ကျန်းနဲ့ ပိုပြီး တူလာသလိုပဲ"

သားကို အကြာကြီး စိုက်ကြည့်ပြီးနောက် နင်ချန်က ဤကောက်ချက်ကို ချလိုက်သည်။ အရင်က တခြားသူတွေ ပြောနေကြခြင်း ဖြစ်သော်လည်း အခု သူကိုယ်တိုင် သေချာကြည့်သည့်အခါ တကယ်ပင် တူနေတော့သည်။ ဤကလေးငယ်က နှာခေါင်းကလွဲ၍ ကျန်သည့် နေရာအားလုံးမှာ သူ့ကို အကုန်တူနေသည်။

ယဲ့ယွင်က နှာခေါင်းရှုံ့လိုက်ရင်း ဝင်ပြောလိုက်သည်။

“အဲဒါဆိုရင် ချန်းချဲ့ကတော့ ပါဝင်ဆင်နွှဲမှုအတွက် ဂုဏ်ပြုဆု တစ်ခုပဲ ရတာပေါ့"

"ဘာကိုပြောတာလဲ" နင်ချန်က နားမလည်သလို ကြည့်လာသည်။

သူ့ကို ရှင်းပြရမှာ ပျင်းသဖြင့် ယဲ့ယွင်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"အရှင်မင်းကြီး ကလေးကို နာမည်ပြောင်လေး ပေးပါဦး၊ အမြဲတမ်း စတုတ္ထမင်းသား စတုတ္ထမင်းသားလို့ ခေါ်နေတာ ကြားရတာ သူစိမ်းဆန်လွန်းလို့"

နင်ချန်က ခေတ္တ စဉ်းစားလိုက်သော်လည်း ချက်ချင်းတော့ မစဉ်းစားမိပေ။ ထို့ကြောင့် သူက တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကျန်း အစောကြီးကတည်းက စဉ်းစားထားပြီးသားပါ၊ မင်းသားလေးဆိုရင် ယွိကျင် လို့ ပေးမယ်ပြောထားတာဆိုတော့ နာမည်

ပြောင်သီးသန့်ပေးမနေတော့ပဲ ကျင်အာ လို့ပဲ ခေါ်ကြတာပေါ့၊ သူ တစ်နှစ်ပြည့်တဲ့အခါကျမှ တော်ဝင်မိသားစုမှတ်တမ်း မှာ တရားဝင် စာရင်းသွင်းပေးမယ်"

"ကောင်းပါပြီ၊ ဒါဆို နောက်ဆိုရင် ချန်းချဲ့လည်း အဲဒီလိုပဲ ခေါ်တော့မယ်" ယဲ့ယွင်က ပြုံးလိုက်သည်။

နင်ချန်၏ ဘေးတွင် ကပ်ရပ်ကာ ကလေး၏ ပါးလေးကို လက်ဖြင့် တို့ကြည့်လိုက်သည်။ ဤကဲ့သို့ အေးချမ်းပျော်ရွှင်သော အချိန်လေးမှာ အမြဲတမ်း တိုတောင်းလှသည်။

တစ်အောင့်မျှ မကြာမီမှာပင် ယွမ်ကျိုက ရောက်လာပြီး မြောက်ဘက်မှ စစ်ရေးသတင်းများ ရောက်ရှိလာကြောင်း၊ ဝန်ကြီးအချို့က စာကြည့်ဆောင်တွင် စောင့်ဆိုင်းနေကြောင်း လာရောက် တင်ပြသည်။

တစ်နေ့ခင်းလုံး အနားယူရန် စိတ်ကူးထားသော်လည်း ယခုတော့ အလုပ်များသည့် ကြားမှ ရရှိသည့် အားလပ်ချိန်လေးမှာ စောစီးစွာ ပြီးဆုံးသွားရတော့မည်။

"အရှင်မင်းကြီး အမြန်သွားပါတော့၊ နိုင်ငံ့ရေးရာက ပိုအရေးကြီးပါတယ်"

ယဲ့ယွင်က ကလေးကို ပြန်ယူကာ နို့ထိန်းကို ပေးလိုက်သည်။

"ကျန်း သွားပြီ၊ မင်းလည်း အစားအသောက် ကောင်းကောင်း စားရမယ်၊ နောက်တစ်ခါ လာတဲ့အခါမှာ ဒီလိုပဲ ပိန်နေဦးမယ်ဆိုရင်တော့ ကျန်းက စားဖိုဆောင်နဲ့ ဒီအဆောင်က အစေခံတွေကို အပြစ်ပေးရလိမ့်မယ်" နင်ချန်က ပြောလိုက်သည်။

ယဲ့ယွင်က တောက်ပစွာ ပြုံးပြလိုက်သည်။ "ချန်းချဲ့ သိပါပြီ၊ အရှင်မင်းကြီး စိတ်ချလက်ချ သွားပါ"

ပြောပြီးသည်နှင့် သူ၏ ဝတ်ရုံကို ကိုယ်တိုင် ပြန်လည် ပြင်ဆင်ပေးလိုက်ပြီး နင်ချန် ထွက်ခွာသွားသည်ကို ကြည့်ကာ လိုက်လံ ပို့ဆောင်ပေးလိုက်တော့သည်။

***

All Chapters